အပိုင်း (၄၃၉)
Vol. 30 Ch. 439
"နိရယအင်ပါယာလား။"
ခရမ်းရောင်နက်နဲလောကကြီးမှာတော့ ကျောက်စိမ်းကဲ့သို့ သပ်ရပ်လှသော မျက်နှာသွင်ပြင်နှင့် ခန့်ညားလွန်းလှသည့် ဟန်ပန်အမူအရာကို ပိုင်ဆိုင်သော အင်ပါယာပိုင်လီသည် လိုဏ်ဂူထဲတွင် ငြိမ်ငြိမ်သက်သက်နှင့်ထိုင်လျက်ရှိ၏။
ဤနေရာသည် သူအဆင့်ချိုးဖျက်ခဲ့သည့် တည်နေရာဖြစ်သလို ယခင် အစစ်အမှန်အင်မော်တယ်တစ်ယောက် ၎င်း၏ တာအို အသွင်ပြောင်းခြင်းကို ပြုလုပ်ခဲ့သည့်နေရာလည်း ဖြစ်၏။ ထို့ကြောင့် အင်မော်တယ်အော်ရာ များသည် ဤနေရာတွင် ပြည့်နှက် လျှက်ရှိပြီး တကယ့်ကိုထူးခြားသည့် ရတနာ ကုန်းမြေတစ်ခုကဲ့သို့ပင်။
ကောင်းကင်ဘုံကပ်ဘေး၏ အော်ရာအသစ်များကိုအာရုံခံမိသည့်အခါတွင် သူသည် မျက်လုံးကိုဖွင့်ကြည့်လိုက်၏။ ကြောက်မက်ဖွယ်ရာကောင်းစွာပင် ကြယ်စင်စုများ ပြိုလဲလျက်ရှိနေ၏။ ဆန်းကြယ်လှသော သင်္ကတများသည် သူ၏ မျက်စိသူငယ်အိမ်ထဲတွင် ပေါ်ပေါက်လာခဲ့၏။ နတ်ဘုရားအလင်းတန်းတစ်ခု ထွန်းတောက်လာပြီးနောက် ထိုအရာသည် ကောင်းကင်ယံဆီသို့ ထိုးဖောက်သွားသည်။ အသင်္ချေများပြားလှသည့်လောကများကိုထိုးဖောက်ကာဖြင့် ကပ်ဘေးတည်နေရာဆီ ကြည့်ရှုလိုက်၏။
"ခရမ်းရောင်နက်နဲလောကကြီးရဲ့ သွေးကြွေးကို ကျိန်းသေပေါက် ပြန်ပြီး ပေးဆပ်ရမယ်။ ခင်ဗျားက အင်ပါယာအဆင့်မှာ ဒုတိယနေရာရှိတယ် ဆိုပေမဲ့ ဒီနေ့အချိန်မှာ အားအင်အဆင့်အရဆိုရင် ကျုပ်က ပိုသာသွားပြီ။ ခင်ဗျားအသက်ရှင်နိုင်ဖို့ဆိုတာ အခွင့်ရေး နည်းနည်းပဲ ရှိလိမ့်မယ်။" အင်ပါယာပိုင်လီသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ ၎င်းသည် ပြန်လည် မွေးဖွားလာသော နတ်မင်းကြီးတစ်ပါး ကဲ့သို့ပင်။
"တွီ"
အစစ်အမှန်အင်မော်တယ်အဆင့်၏ စွမ်းအင်လှိုင်းများသည် ဒီရေများကဲ့သို့ပင် တည်နေရာအနှံ့သို့ပျံ့နှံ့သွားခဲ့၏။ ချက်ချင်းပင် လူပေါင်းများစွာတို့သည် အံ့အားတသင့်ဖြင့်ထိုနေရာသို့လှမ်းကာကြည့်ရှုလိုက်မိသည်။
"ဒါ ဒါအင်ပါယာပိုင်လီလား။ ဟုတ်တယ် ...မမှားနိုင်ဘူး။ အင်ပါယာပိုင်လီ ဒီနေ့ဒီအချိန်မှာ ထွက်လာလိမ့်မယ် လို့ ငါမထင်ခဲ့မိ ဘူး။"
"တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ နိရယအင်ပါယာတစ်ယောက် အစစ်အမှန် အင်မော်တယ်အဆင့်ကို တက်လှမ်းနေတဲ့အချိန်မှာ ဖြစ်နေတယ်။ သူဘာလုပ်ချင်နေတာလဲ။ ဖြစ်နိုင်တာက ….။"
"အင်ပါယာပိုင်လီတစ်ယောက် နိရယအင်ပါယာတစ်ယောက် အင်မော်တယ်ဖြစ်လာမဲ့အခွင့်အရေးကို တားဆီးချင်တာပဲ ဖြစ်ရမယ်။"
ရေတွက်၍မရနိုင်အောင် များပြားလှသည့် ဆွေးနွေးမှုများသည် ခရမ်းရောင်နက်နဲလောကကြီးတွင် ပြည့်နှက်လျက် ရှိနေ၏။ လူပေါင်းများစွာတို့သည် နားဝေတိမ်တောင်နှင့်ဖြစ်လို့နေ၏။
ကောင်းကင်ကပ်ဘေး၏ အောက်တွင် အရာအားလုံးတို့သည် ပျောက်ကွယ်နိုင်သည်။ ကောင်းကင်ဘုံကပ်ဘေးကိုဖြတ်သန်းချိန်၌ အားနည်းသောသူများသည် အသက်မရှင်နိုင်ချေ။ တစ်စုံတစ်ယောက် ကောင်းကင်ဘုံ ကပ်ဘေး ကျော်ဖြတ်နေသည့်အချိန်၀င်ရောက်ကာ တားဆီးတိုက်ခိုက်မည်ဆိုပါက တိုက်ခိုက်သူသည်လည်း ကျိန်းသေပေါက် ကောင်းကင်ဘုံ ကပ်ဘေးစက်ဝန်းအတွင်းသို့လည်း ရောက်ရှိသွားပေလိမ့်မည်။
ထို့ကြောင့် တခြားသောသူတစ်ယောက်ယောက် ကပ်ဘေးကျော်ဖြတ်နေသည့်အချိန်တွင် လူအနည်းငယ်သည်သာ ၀င်ရောက် တိုက်ခိုက်ခြင်းကို ပြုမူရဲ၏။ သတိမမူဘဲ ပြုလုပ်မိသည်ဆိုပါက ကျိန်းသေပေါက် အသက်ရှင်ရန် အခွင့်ရေးကျန်လိမ့်မည် မဟုတ်ချေ။ ကြီးမားလှသည့် ကပ်ဘေးကြီးထဲသို့ ကိုယ်တိုင်ပင်လျှင် ကျရောက်သွားနိုင်၏။
အဖြူရောင်နေလုံးကြီးတစ်ခု၏ အတွင်းမှာတော့ အင်ပါယာပိုင်လီ၏ ပုံသည် ခပ်ဝါးဝါး အနေအထားနှင့် တည်ရှိနေပြီး ၎င်း၏ ပုံပန်းသွင်ပြင် အစစ်အမှန်ကို မည်သူမှ သေသေချာချာ မမြင်ရပေ။ သို့သော် ၎င်း၏ ခြေလှမ်းတစ်ခုစီ တိုင်းသည် တောင်များ၊ချောင်းများကိုပင် ဖြိုဖျက်ပစ်နိုင်စွမ်းရှိသည့် စွမ်းအင်များပါ၀င်လျက် ရှိနေ၏။ စွမ်းအင်လှိုင်းများသည် လောကအနှံ့သို့ ပျံ့နှံ့သွားခဲ့၏။ ခရမ်းရောင်နက်နဲလောကကြီး၏ တစ်၀က်လောက်ကိုပင် ထိုစွမ်းအင်များက သက်ရောက်နေသည်။
ခြေတစ်လှမ်းလှမ်းလိုက်ပြီးနောက် ၎င်းသည် လောကနှစ်ခု၏အစပ် နယ်စပ် ဆီသို့ရောက်ရှိသွား၏။ ခရမ်းရောင် နက်နဲလောကကြီးထဲသို့ ၀င်ရောက်ခြင်းမရှိဘဲ တည်နေရာမှာပင် ငြိမ်ငြိမ်သက်သက် မတ်မတ်ရပ်လျက်ရှိနေ၏။ ၄င်းအနေနှင့် လှုပ်ရှားတိုက်ခိုက်ခြင်း မရှိသေးသော်လည်း ၎င်း၏ ပြုမူဆောင်ရွက်ပုံနှင့် ဟန်အမူအရာကပင် ကြီးစွာ ကြောက်မက်ဖို့ ကောင်းနေပြီဖြစ်၏။
အဖြူရောင်နေ၏အတွင်းထဲမှာ ရောင်စဉ်အလင်းတန်းများသည် သန်းနှင့်ချီ ဖြစ်တည်လျက်ရှိ၏။ ကောင်းကင်ယံ တစ်ခုလုံး သည်လည်း ထွန်းလင်းနေ၏။ မည်သူမှသည် ထိုအလင်းတန်းများကို မျက်လုံးနှင့်တည့်တည့် မကြည့်ရှုရဲကြချေ။ ထိုအလင်းတန်းများထဲတွင် အဖြူရောင်မီးတောက်များက အရှိန်တငြီးငြီး နှင့် တောက်လောင် နေသောကြောင့်ပင်။
အင်ပါယာပိုင်လီ၏ အစစ်အမှန်ပုံရိပ်ကို မည်သူမှမမြင်ရသလို သူဘာတွေးနေသည် ဆိုသည်ကိုလည်း မည်သူမှ မသိရှိချေ။ ၄င်း၏ ခပ်ဝါးဝါးပုံရိပ် သည် ခပ်ဝေးဝေးတည်နေရာတွင် မတ်မတ်ရပ်လျက်ရှိနေသည်။
မြေအင်မော်တယ်လောက
"ဘုန်း"
ကောင်းကင်ဘုံကပ်ဘေးသည် လောကကြီးတစ်ခုလုံးကို တုန်ခါသွားစေ၏။ အရာအားလုံးတို့သည် လွှမ်းခြုံခြင်းကို ခံလိုက်ရပြီး ရေတွက်၍မရအောင်များပြားလှသည့် ကြယ်စင်စုများပင်လျှင် လှုပ်ခါနေ၏။ လောကကြီး တစ်ခုလုံးသည် အဆုံးသတ်သို့ ရောက်ရှိနေသလိုပင်။
တော်၀င်တာအို၏ နိယာမများသည် ပြန်လည်ကာ မွမ်းမံဖြစ်တည်လာခဲ့ပြီး ဆက်တိုက်ဆိုသလို ပြောင်းလဲနေ၏။ အဆုံးသတ်၌ များပြားလွန်းသည့် နိယာမများသည် လောကကြီးတစ်ခုလုံးတွင်ရှိနေသည့် သက်ရှိသတ္တဝါ အားလုံးကို ဖိနှိပ်ထား၏။ မိုးခြိမ်းသံများကလည်း ကျယ်လောင်စွာထွက်ပေါ်နေ၏။
ရှုပ်ထွေးလွန်းလှသည့် စွမ်းအင်လှိုင်းများသည် တည်နေရာတစ်ခုလုံး၌ ဖြစ်တည်နေပြီး လျှပ်စီးတန်းများကလည်း တဖြက်ဖြက်နှင့် ကခုန်နေ၏။ မြေအင်မော်တယ်လောကတွင်ရှိနေသည့် သက်ရှိသတ္တဝါပေါင်းများစွာတို့သည် အစစ်အမှန်အင်မော်တယ်အဆင့်ကို တက်လှမ်းခြင်းကို တစ်ကြိမ်ထက်မက မြင်ဖူးကြသူများဖြစ်သည် ဆိုလျှင်တောင်မှ လက်ရှိအချိန်တွင် အလုံးစုံ အံ့အားသင့်မိနေကြသည်။
"ဒါ အင်မော်တယ်အဆင့် ကပ်ဘေးရော ဟုတ်ရဲ့လား။ ကြောက်စရာ ကောင်းလိုက်တာ။ ဒီတစ်ကြိမ် ခရမ်းရောင်နက်နဲလောကရဲ့ အင်ပါယာပိုင်လီကလည်း တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတယ်။ သူဘာလုပ်ချင်တာလဲ။”
“သူ မြေအင်မော်တယ်လောကကို ကလဲ့စားချေချင်တာလား။ မြေအင်မော်တယ်လောကက လက်ရှိ အခြေနေမှာ အစစ်အမှန်အင်မော်တယ်ကျိရှု နဲ့ တခြား အစစ်အမှန်အင်မော်တယ်တွေ မရှိဘူးဆိုရင်တောင်မှ ကြောက်စရာ အားအင်ကို ပိုင်ဆိုင်သေးတယ်။ ပြီးတော့ ထာ၀ရ အစစ်အမှန်အင်မော်တယ် ရှိနေသေးတယ်။ ဒီအချိန်ကြီး ရောက်လာတယ်ဆိုတာ ဉာဏ်ကောင်းတဲ့ ဆုံးဖြတ်ချက်တော့မဟုတ်ဘူး။" ကွာစီအင်ပါယာတစ်ယောက်က တီးတိုးရေရွတ်လိုက်၏။
အင်ပါယာပိုင်လီနှင့် ပတ်သက်၍ သူ၌ ကောင်းမွန်သည့် အမြင်မျိုးမရှိချေ။ အင်ပါယာ ပိုင်လီသည် အားကောင်းလှသည် ဆိုလျှင်တောင်မှ နိရယအင်ပါယာ သို့မဟုတ် အင်ပါယာကျန်းထျန်တို့ကို အနိုင်ယူ နိုင်မည့်လူ မဟုတ်ပေ။
ထို့ကြောင့် အင်ပါယာပိုင်လီသည် ဘာမှပြုလုပ်နိုင်မည့်လူမျိုး မဟုတ်ဟု သူက သတ်မှတ်ထားသည်။ ထို့အပြင် အင်မော်တယ်အဆင့်ကိုရောက်ရှိလာခဲ့ပြီဖြစ်သော လူများသည် အားနည်းလိမ့်မည် မဟုတ်သည်ကို သူက ကောင်းကောင်းသိ၏။ နှစ်ပေါင်းများစွာတည်းက အင်မော်တယ် ဖြစ်ပေါ်လာခဲ့သူသည် ယခုမှ အင်မော်တယ် ဖြစ်လာသည့် လူတစ်ယောက် သတ်ဖြတ်ဖို့ ခက်ခဲလိမ့်မည် မဟုတ်ချေ။ အနိုင်ယူဖို့ဆိုသည်မှာ ပိုမို၍ လွယ်ကူလွန်း လှ၏။
အင်ပါယာပိုင်လီသည် မြေအင်မော်တယ် လောကထဲသို့ ၀င်ရောက်ပြီးနောက် ထာ၀ရအစစ်အမှန်အင်မော်တယ်နှင့် ရင်ဆိုင်ရလျှင် ဘာဖြစ်သွားမည်နည်း။
နှစ်ပေါင်းများစွာ အင်မော်တယ်ဖြစ်လာခဲ့ပြီးပြီဖြစ်သော တစ်စုံတစ်ယောက်၏ တည်နေရာပိုင်နက်ထဲသို့ ဝင်လာသော နောက်ပေါက် အင်မော်တယ်အား ထာဝရအစစ်အမှန် အင်မော်တယ်က ခွင့်လွှတ်ထားမည်လား။
ထာ၀ရအစစ်အမှန်အင်မော်တယ်သည် ကြောက်ရွံ့ဖွယ်ရာ စွမ်းအင်အဆင့်ကို ပိုင်ဆိုင်ပြီး အနိမကျင့်ကြံသူ အဖြစ်သို့ အချိန်မရွေး တက်လှမ်းသွားနိုင်သည့် လူတစ်ယောက်ဖြစ်၏။ တိုက်ခိုက်နေစဉ်အတွင်း အနိမလမ်းစဉ် ကပ်ဘေးကြီး ကျဆင်းလာပါက မည်သို့လုပ်မည်နည်း။
"အင်ပါယာပိုင်လီက နိရယအင်ပါယာကို လက်စားချေချင်စိတ်ရှိတာ ကျုပ်နားလည်တယ်။ ဒါပေမဲ့ နိရယအင်ပါယာ တစ်ယောက် ကပ်ဘေးကျော်နေချိန်မှာ အဆင်အခြင်မဲ့ တိုက်ခိုက်တယ် ဆိုတာက ဒုက္ခရောက်သွားနိုင်တယ်။” မြေအင်မော်တယ်လောက၏ သူတော်စင်အိုကြီးသည် လက်ကို မြှောက်ပြီး ၎င်း၏ မုတ်ဆိတ်မွေးများကို ပွတ်သပ်ကာ ပြောလိုက်၏။
"ပြောနေစရာမလိုဘူး။ မြေအင်မော်တယ်လောကမှာရှိတဲ့ အစစ်အမှန် အင်မော်တယ် တစ်ယောက်က နယ်ကျော်ပြီး လာရှုပ်တယ်ဆိုတော့ ထာဝရ အစစ်အမှန် အင်မော်တယ် က နိရယ အင်ပါယာကို ကူညီလိမ့်မယ်”
"အမှန်ပဲ။"
သူတော်စင်အိုကြီး၏ ဘေးတစ်ဖက်တွင်ရှိသော ၎င်း၏ ရောင်းရင်းက အသာပြောလိုက်သည်။ "ထာဝရအစစ်အမှန်အင်မော်တယ်က များပြားလှတဲ့ ဒဏ္ဏာရီလာအကြောင်းအရာ တွေကို ချန်ခဲ့တဲ့သူ တစ်ယောက် မဟုတ်လား။ သူ့ရဲ့အားအင်အဆင့်က တကယ့်ကို ခန့်မှန်းလို့ရတဲ့အရာမျိုး မဟုတ်ဘူး။ နိရယအင်ပါယာကို ကာကွယ်ပေးဖို့အတွက် သူ ဝင်ပြီးလှုပ်ရှားမှာသေချာတယ်။ နိရယအင်ပါယာက ရည်မှန်းချက် ကြီးမားတယ်ဆိုပေမဲ့ ဘာပဲပြောပြော ကျုပ်တို့မြေအင်မော်တယ်လောကရဲ့ အစစ်အမှန် အင်မော်တယ် တစ်ယောက် အဖြစ်တော့ ရှိနေသေးတယ်မဟုတ်လား"
"အင်း ….. ကျုပ်တို့မြေအင်မော်တယ်လောကရဲ့ အစစ်အမှန် အင်မော်တယ် တိုင်းက ကြောက်မက်ဖွယ်ရာ စွမ်းအင်ကို ပိုင်ဆိုင်ကြတယ်။ ပြီးတော့ နိရယအင်ပါယာရဲ့ပါရမီက တခြားသူတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် သာမန်ထက် ပိုတယ်။ ပြီးတော သူမရဲ့ အနာဂတ်က အစစ်အမှန်အင်မော်တယ်အဆင့်နဲ့ ရပ်တန့်နေမှာ မဟုတ်ဘူး။"
အားလုံးသောသူတို့သည် ပါရမီရှင် တစ်ယောက်ကို ချီးကျူးလျက် ရှိနေ၏။ ထိုသူတို့သည် စိတ်ထဲမှာ အသိအမှတ်ပြုထားသလို ပါးစပ်မှလည်း ထုတ်ဖော်ကာ ပြောဆိုနေခဲ့ကြ၏။
လူငယ်ပါရမီတစ်ယောက်ကို တွေ့ကြသည်ဆိုပါက ၄င်းတို့အနေနှင့် တပည့်အဖြစ်သို့ခေါ်ယူရန် ကျိန်းသေပေါက်တွေးကြမှာသေချာ၏။ ထို လူငယ်အင်ပါယာတစ်ယောက်သည် မှန်ကန်သည့်လမ်းစဉ်မှ သွေဖယ်ပြီး တခြားလမ်းစဉ်တစ်ခုကို လှမ်းလျှောက် သွားသည် ဆိုလျှင်တောင်မှ ၄င်းတို့၏ ဂိုဏ်းထဲသို့ ခေါ်ဆောင်ကာဖြင့် လမ်းမှန်ကို ပြသပေးကြပေလိမ့်မည်။ ပါရမီရှင်များကို ဆက်ဆံခြင်းသည် တခြား သာမန်လူများကို ဆက်ဆံခြင်းနှင့် ကျိန်းသေပေါက် ကွဲပြားနေမှာ သေချာသည်။
တကယ့်ကို ဂုဏ်သိက္ခာ ကြီးမားလွန်းလှသည့် ထာ၀ရ အစစ်အမှန်အင်မော်တယ်သည် မြေအင်မော်တယ်လောက ၏ အစစ်အမှန်အင်မော်တယ်များထဲမှ တစ်ယောက်ဖြစ်သောကြောင့် အသစ်ဖြစ်ပေါ်လာမည့် ဂျူနီယာ အင်မော်တယ်များကို စောင့်ရှောက်ပေးရမည့် တာဝန်ရှိသည် မဟုတ်ပါလား။
ကောင်းကင်ဘုံကပ်ဘေး၏ အတွင်းမှာတော့ အမဲရောင်၀တ်စုံနှင့် နိရယအင်ပါယာသည် မတ်မတ်ရပ်လျက်ရှိ၏။ သူမသည် အင်ပါရီယာလက်နက်ကို ဆင့်ခေါ်ခြင်းမရှိဘဲ သူမ၏ အားအင်အဆင့်နှင့် ကောင်းကင်ဘုံကပ်ဘေးကြီးကို ရင်ဆိုင်ရန် ဆုံးဖြတ်ထား၏။ သူမသည် ကောင်းကင်၏စိတ်ဆန္ဒနှင့် တစ်ပွဲတစ်လမ်း ရင်ဆိုင်တိုက်ခိုက်ရန် စိတ်ဆန္ဒရှိလို့နေ၏။
လက်ရှိအချိန်မှာတော့ နိရယအင်ပါယာ၏ နှလုံးသားတစ်ခုလုံးသည် ရှုပ်ထွေးလျက်ရှိနေ၏။ အခြေနေသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ပြောဆိုခဲ့သည့်တိုင်း ထပ်တူကျနေ၏။ သူမသည် တကယ်ပင် တစ်နှစ်ကြာပြီးမှ အင်မော်တယ်ဖြစ်လာခဲ့သည်။
"ဒါက ကံကြမ္မာလား"
နိရယအင်ပါယာသည် မိုးကြိုးပင်လယ်ထဲတွင် မတ်မတ်ရပ်လျက် ရှိနေပြီး ကောင်းကင်ကို မော့ကာ ကြည့်လိုက်၏။ ကြောက်မက်ဖွယ်ရာကောင်းလှသည့် မိုးကြိုးပင်လယ်များနှင့် ရင်ဆိုင်တွေ့ချိန်မှာတော့ သူမသည် ပြန်လည်မွေးဖွားလာသည့် စစ်နတ်ဘုရားမတစ်ပါးကဲ့သို့ပင်။
လောကနှစ်ခု၏ အစပ် တည်နေရာတွင် ရှိနေသော အင်ပါယာပိုင်လီအား သူမ အစောကြီးတည်းက သတိပြုမိပြီးသားဖြစ်၏။ သို့ပေမဲ့ ဂရုမစိုက်ချေ။
အင်ပါယာအဆင့်သာ ဆိုပါက အနည်းငယ် တွေဝေကောင်း၊ တွေဝေမိပေလိမ့်မည်။ သိုပေမဲ့ သူမသည် လက်ရှိအချိန်၌ အင်မော်တယ် ဖြစ်နေပြီ ဖြစ်သည်။
"ဘုန်း"
ကောင်းကင်ဘုံကပ်ဘေး၏ နောက်ထပ် လှိုင်းတစ်ခုက ဆင်းသက်လာခဲ့၏။ နိရယအင်ပါယာသည် ရှောင်လည်း မရှောင်သလို ထွက်ပြေးခြင်းလည်း မပြုချေ။ သူမ၏၀တ်စုံသည် လေနှင့်အတူ လွင့်မျောလျက် ရှိနေပြီး ကြောက်မက်ဖွယ်ကောင်းလှသည့် စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်၏ စိတ်ဆန္ဒကို ထုတ်ဖော်လျက်ရှိ၏။ သူမသည် ကပ်ဘေးကြီးတစ်ခုလုံးကို မြန်မြန်ဆန်ဆန်နှင့် ဖြေရှင်းလိုက်နေ၏။
တစ်ချိန်တည်းမှာပဲ အင်ပါယာပိုင်လီသည် လှုပ်ရှားမှု တစ်ခုကို ပြုလုပ်လိုက်၏။ ခြေတစ်လှမ်းလှမ်းပြီးနောက် သူသည် မြေအင်မော်တယ်လောကဆီသို့ တိုက်ရိုက် လှမ်းလျှောက် ဝင်လာခြင်းပင်။
ဤမြင်ကွင်းသည် များပြားလှသည့် သက်ရှိသတ္တဝါများကို အံ့အားသင့်စေပြီး လေအေးများ ရှုရှိုက်မိသည့် အခြေနေဆီသို့ပင် ရောက်ရှိစေသည်။