အပိုင်း (၄၄၀)
Vol. 30 Ch. 440
“အင်ပါယာပိုင်လီ လှုပ်ရှားပြီပဲ။ သူ မြေအင်မော်တယ်လောကထဲကို တိုက်ရိုက် ၀င်လာခဲ့ပုံ ကြည့်ရတာ နိရယ အင်ပါယာ တစ်ယောက် ကောင်းကင်ဘုံကပ်ဘေး ကျော်ဖြတ်နေတုန်း လှုပ်ရှားဖို့ ရည်ရွယ်ထားပဲ ဖြစ်မယ်”
“နိရယအင်ပါယာက ကောင်းကင်ဘုံကပ်ဘေး ကျော်ဖြတ်တုန်း ရှိသေးတယ်။ သူဘယ်လိုဖြစ်ပြီး ဒီလိုလုပ်ရဲရတာလဲ။ ကောင်းကင်ဘုံကပ်ဘေးရဲ့ သက်ရောက်မှုက သူ့ဆီ ကျရောက်လာမှာကို မကြောက်ဘူးလား။ ပြီးတော့ ထာဝရအစစ်အမှန်အင်မော်တယ် ဝင်လှုပ်ရှားမှာကိုရော မကြောက်ဘူးလား။ ပြောရမယ်ဆိုရင် ဒီနှစ်ခုရဲ့အားအင်က အင်မော်တယ်အခုမှဖြစ်လာတဲ့ လူတစ်ယောက်ကို မပြောနဲ့ နှစ်ပေါင်းများစွာတည်းက အင်မော်တယ်ဖြစ်လာတဲ့ လူတွေတောင်မှ ရင်ဆိုင်နိုင်မဲ့ အရာမျိုး မဟုတ်ဘူး။”
အင်ပါယာ ပိုင်လီ၏ လှုပ်ရှားမှုကို မြင်နေရသော တချို့သူများ၏ မျက်နှာပေါ်တွင် တုန်လှုပ်သည့် အမူအရာများ ဖြစ်တည်လာခဲ့သည်။ တော်တော်များများသည် အင်ပါယာပိုင်လီ၏ သတ္တိကို ချီးကျူးသည်ဆိုသော်လည်း ဦးခေါင်းကို အသာခါယမ်းမိကြသည်။
အစစ်အမှန်အင်မော်တယ်တစ်ယောက် ထပ်မံတိုးလာခြင်းသည် ခရမ်းရောင်နက်နဲလောကကြီး၏ အခြေနေကို ပြန်လည် တည်ငြိမ်လာစေခဲ့၏။ တဖြည်းဖြည်းချင်း ထပ်မံ တိုးတက်လာစေရန် စောင့်ရင်းကြိုးစားရမှာ ဖြစ်သည်။ အချိန်ကာလ တစ်ခုထိ ကြံ့ကြံ့ခံ ခုခံထားနိုင်မည် ဆိုလျှင် ခရမ်းရောင်နက်နဲလောကကြီးမှ ကျန်အင်မော်တယ် များသည်လည်း အင်မော်တယ်အဆင့်ဆီသို့ တက်လှမ်းနိုင်ပေလိမ့်မည်။ ထိုအချိန်သို့ရောက်မှ မြေအင်မော်တယ် လောကကြီးကို စိန် ခေါ်လျှင်လည်း နောက်မကျသေးချေ။
သို့ပေမဲ့ အင်ပါယာပိုင်လီတစ်ယောက် ယခုကဲ့သို့ပြုလုပ်ခြင်းသည် အဆင်ခြင် မဲ့ပြုလုပ်ခြင်းသာဖြစ်၏။ တစ်ဖက် လူသည် ကောင်းကင်ဘုံကပ်ဘေး ကျော်ဖြတ်လျက်ရှိနေသည်။ ထိုသို့သောအချိန်မျိုးတွင် ပိုင်လီသည် နိရယ အင်ပါယာအား ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရန် ကြိုးစားနေ၏။
ထိုအရာသည် အခွင့်ရေးယူခြင်းဖြစ် သည်ဟု ပြောဆိုရမည် ဖြစ်သော်လည်း သေလမ်းရှာခြင်းနှင့်လည်း ဆင်တူလှ၏။ မြေအင်မော်တယ်လောကထဲတွင် ရှိနေသည့် သက်ရှိသတ္တဝါ အားလုံးသည် အင်ပါယာပိုင်လီကို သနားသလိုလှမ်းကာ ကြည့်ရှုနေမိကြသည်။
ခရမ်းရောင်နက်နဲလောကကြီး၏ မျှော်လင့်ချက်အားလုံးကို ထမ်းပိုးထားရသည့် အစစ်အမှန်အင်မော်တယ် သည် ရူးကြောင်ကြောင် အလုပ်မျိုးကို ပြုလုပ်လျက်ရှိ၏။
နောက်ခဏအတွင်း လောကကြီးမှ ပျောက်ကွယ်သွားနိုင်သည်ကို သိရှိရဲ့လားမသိပေ။ ၎င်းသေဆုံးခြင်း၏ အကျိုးဆက်အားဖြင့် ခရမ်းရောင်နက်နဲလောကကြီးသည် ဘာတစ်ခုမှ ခုခံနိုင်ခြင်းမရှိဘဲ မြေအင်မော်တယ် လောက၏ ဝါးမျိုခြင်းကို ခံရမှာ သေချာသည်။
“အင်ပါယာပိုင်လီ ကျေးဇူးပြုပြီး ငြိမ်ငြိမ်နေပါ။ “
ခရမ်းရောင်နက်နဲလောက၏ တချို့သော အင်ပါယာများသည် ကျယ်လောင်စွာအော်လိုက်သည်။ အော်လိုက်သည့် အသံသည် တည်နေရာ တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။ သို့ပေမဲ့ အင်ပါယာပိုင်လီသည် ထိုစကားစုများကို မကြားရသည့်အလား ရှေ့ဆီသို့ လှမ်းလျှောက်သွား၏။
“အင်ပါယာ ပိုင်လီ … ခင်ဗျား သေသေချာချာ စဉ်းစားပါအုံး”
တချို့သောအင်ပါယာများသည် ၎င်းတို့၏ ရင်ဘတ်ကို အုပ်ကိုင်ကာ အော်ဟစ်လျက်ရှိ၏။ အင်မော်တယ် ကပ်ဘေးကြီး သည် အစောကြီးတည်းက ကြောက်မက်ဖွယ်ရာကောင်းနေပြီ ဖြစ်၏။ အထဲသို့ တိုး၀င်သွားခဲ့သည် ဆိုပါက ကောင်းကျိုးမရှိနိုင်ချေ။
ထို့အပြင် အင်ပါယာနှင့်ရင်ဆိုင်ရသည့် အခြေအနေတွင် ကောင်းမွန်သည့်ရလဒ်ကို ရရှိမည်ဟု အတပ် မပြောနိုင်ပေ။ နိရယအင်ပါယာကို သတ်ဖြတ်ပစ်နိုင်မည်ဆိုပါက အကောင်းဆုံးဖြစ်သည်။ သို့ပေမဲ့ မြေအင်မော်တယ်လောကမှ စွမ်းအားမြင့်ကျင့်ကြံသူများသည် ထိုအရာကို လက်ပိုက်ကြည့်နေမည် လား ဆိုသည်ကလည်းမသေချာလှပေ။ တဖက်လောကထဲတွင်ရှိနေသည့် အင်ပါယာများသည် ပေါ်ပေါက်လာပြီး ကယ်တင်မလားဆိုတာကို မည်သူမှ အာမ မခံနိုင်ချေ။ အရေးကြီးသော အခြေနေမျိုးတွင် မွန်းစတားအိုကြီး များတစ်ယောက်ပြီးတစ်ယောက် ထွက်လာနိုင်စွမ်း ရှိနေ၏။
“ဒီလိုအချိန်မှာ နိရယ အင်ပါယာကို သတ်ဖြတ်တယ်ဆိုတာ ထာ၀ရအစစ်အမှန် အင်မော်တယ် ပါ၀င်လှုပ်ရှားနိုင်ဖို့ အခွင့်အရေး ပေးတာနဲ့အတူတူပဲ ။ အင်ပါယာပိုင်လီ က အစစ်အမှန်အင်မော်တယ် နှစ်ယောက်နဲ့ ရင်ဆိုင်ရဖို့များတယ်။ တစ်ယောက်က အခုမှ အင်ပါယာ ဖြစ်လာတဲ့တစ်ယောက်၊ တစ်ခြား တစ်ယောက်က ရှေးအစစ်အမှန် အင်မော်တယ်။ အခြေနေကို ကြည့်ရမယ်ဆိုလျှင် တကယ့်ကို ကြီးမားတဲ့တိုက်ပွဲကြီး ဖြစ်လာတော့မှာပဲ။ “
ကောင်းကင်၀မ်းနည်းခြင်းအင်ပါယာ သည် လက်ထဲတွင်ရှိနေသော ဓားရှည် ကြီးကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း ပြောဆိုလျက်ရှိနေ၏။ ၎င်း၏ အသံသည် အလျင်စလိုဖြစ်နေသည်။
အင်ပါယာနှစ်ယောက်ဆိုလျှင် အဆင်ပြေသေး၏။ သို့ပေမဲ့ အရေးအကြောင်း အခြေနေမျိူးတွင် ပိုင်လီသည် အစစ်အမှန် အင်မော်တယ် နှစ်ယောက်နှင့် တိုက်ခိုက်ရန် ပြင်ဆင်နေခဲ့၏။ သူတို့အနေနှင့် ၀င်ရောက် တိုက်ခိုက်၍ ကူညီနိုင်စွမ်းလည်း မရှိကြချေ။ ထို့ကြောင့် အခြေနေကိုလှမ်း၍ ကြည့်ရှုရုံသာ တတ်နိုင်သည်။
“အင်ပါယာပိုင်လီပြန်လာနိုင်ဖို့ ဘယ်လို ကူညီလို့ရလဲ။”
တစ်စုံတစ်ယောက်သည် လှမ်းကာ မေးမြန်းလိုက်၏။
“စွမ်းအားမြင့်ကျင့်ကြံသူတွေမှာ သူတို့ရဲ့ ယုံကြည်ချက်၊ သူတို့ရဲ့စိတ်ထား၊ သူတို့ သွားချင်တဲ့ လမ်းကြောင်း ရှိပြီးသားလေ။ လွယ်လွယ်ကူကူနဲ့ သူတို့ရဲ့ စိတ်ကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။ အင်ပါယာပိုင်လီ ကို တားဆီးဖို့ ကြိုးစားတာ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ “
အင်ပါယာပိုင်လော်သည် ခေါင်းကို အသာခါယမ်းလိုက်၏။ သူ၏ အိုမင်းရင့်ရော်လျက်ရှိနေသည့် ခန္ဓာကိုယ်ကြီးထဲတွင် နောက်ဆုံး အားအင်များပင်မကျန်တော့သလို ခံစားနေမိ၏။ လက်ရှိအခြေနေတွင် အင်ပါယာပိုင်လီ ဘာလုပ်ဖို့ကြိုးစားနေကြောင်း သူကိုယ်တိုင်ပင် မခန့်မှန်းနိုင်ချေ။ တစ်ဖက်လူသည် သေချင်နေလေသည်လား။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ဆိုရင်ရော” ကောင်းကင်၀မ်းနည်းခြင်း အင်ပါယာသည် တစ်စုံတစ်ခုကို တွေးတောပြီးနောက် မြန်မြန်ပြောလိုက်၏။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲကို တစ်စုံတစ်ယောက်၀င်သွားပြီးတော့ အင်ပါယာပိုင်လီကို ကယ်တင်ဖို့ နန်းဆောင်သခင်ဆီက နည်းလမ်းတစ်ခုခု တောင်းရင်ရော ….”
ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ အားအင်အဆင့်ကို အားလုံးသောသူတို့က သိရှိပြီးဖြစ်၏။ ၎င်းတို့သည် နန်းဆောင်သခင်ဆီမှ တိကျရှင်းလင်းသည့် လမ်းညွှန်ချက်ကိုရသည် ဆိုပါက အင်ပါယာပိုင်လီကို ကယ်တင်ဖို့ဆို သည်မှာ ခက်ခဲလိမ့်မည်မဟုတ်ချေ။
လက်ရှိအခြေနေမှာတော့ သူတို့သည် တခြားအရာများကိုဂရုမစိုက်နိုင်ချေ။ ကုန်ကျမှုများပြားမည်ကို သိရှိကြသည် ဆိုလျှင်တောင်မှ ဤအင်ပါယာများသည် အရင်းအမြစ်ကို အတူတကွ ထည့်၀င်ကာဖြင့် ပေးအပ်ရန် အဆင်သင့်ဖြစ်နေသည်။
“အလုပ်မဖြစ်မှာစိုးရတယ်။”
အင်ပါယာတစ်ယောက်သည် သက်ပြင်းချကာဖြင့်ခေါင်းကိုခါယမ်းလိုက်မိ၏။ “ကျုပ် …. ကျုပ်ရဲ့နောက်လိုက်ကို ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီ စေလွှတ်လိုက်တယ်။ ဒါပေမဲ့ နန်းဆောင်မှာ တစ်ခြားသူတွေ ရှိနေတယ်လေ။ ဒါပေမဲ့ ကျုပ်ရဲ့လူက အထဲကို၀င်လို့မရနိုင်ဘူး။”
ဤစကားစုသည် အားလုံးသောသူတို့၏ ခေါင်းကို ရေခဲရေနှင့်လောင်းချလိုက်သလို အေးခဲသွားစေ၏။ ကောင်းကင် လျှို့ဝှက်နန်းဆောင ၏ စည်းမျဉ်းစည်းကမ်းသည် ဘယ်တော့မှ ပြောင်းလဲပေးလိမ့်မည်မဟုတ်ချေ။ အထဲတွင်တစ်စုံတစ်ယောက်ရှိနေသည်ဆိုပါက တခြားသောသူများသည် ၀င်ရောက်၍ မရနိုင်ချေ။ ဤအရာ သည် သေသေချာချာ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ထားခြင်းမရှိသော လိုက်နာရမည့်စည်းကမ်းတစ်ခုဖြစ်သည်။
“ကျုပ်တို့ဘာလုပ်နိုင်မှာလဲ”
ခရမ်းရောင်နက်နဲလောကကြီး၏ အင်ပါယာက ဆွံ့အသွားခဲ့၏။ ၄င်းတို့၏ အမူအရာတစ်ခုလုံးသည်လည်း အေးခဲ လျက်ရှိနေ၏။ အင်ပါယာ ပိုင်လီတစ်ယောက် မြေအင်မော်တယ်လောကထဲသို့ ဖြေးဖြေးချင်းလှမ်းဝင်သွားသည်ကို အားလုံးသောသူတို့က ကြည့်ရှုရန်သာ တတ်နိုင်၏။
“ဖြောင်းဖြောင်းဖြောင်း”
အင်ပါယာပိုင်လီသည် လက်ခုပ်တီးလိုက်၏။ သူ၏ လက်ထဲတွင် ဆန်းကြယ်လှသည့် သင်္ကေတများ ဖြစ်တည်လာခဲ့ပြီး ထိုသင်္ကေတများသည် နတ်ဘုရားအလင်းတန်းများ ထွန်းတောက်ကာ အစစ်အမှန် ဖီးနစ်ကြီးကဲ့သို့ ပြောင်းလဲ သွား၏။
သွေးရောင်ဖီးနစ်ငှက်ကြီး သည် ရှေးနှစ်ပေါင်းများစွာတည်းက လက်ရှိအချိန်အထိ အချိန်၏ မြစ်ရေစီးကြောင်းကို ကျော်ဖြတ်ကာ ရောက်ရှိလာသကဲ့သို့ပင်။
၄င်းသည် နိရယအင်ပါယာကပ်ဘေး ကြုံလျက်ရှိနေသော တည်နေရာဆီသို့ တိုက်ရိုက်ပျံသန်း ၀င်ရောက်သွား၏။ အင်ပါယာပိုင်လီသည် တည့်တိုးဆန်လွန်းလှ၏။ မည်သည့် စကားလုံးများကို အပိုပြောဆိုခြင်းမရှိပေ။ ချက်ချင်းပဲ တိုက်ခိုက်လိုက်သည်။
“ဟင်း မြေအင်မော်တယ်လောကထဲကို တခြားအစစ်အမှန်အင်မော်တယ် တစ်ယောက်က လာပြီးတိုက်ခိုက်ချင် တာလား။ “
မြေအင်မော်တယ်လောကတွင် ရှိနေသည့် သက်ရှိသတ္တဝါအားလုံး သည် ဒေါသထွက်သွား၏။ နောက်ဆုံး အကြိမ် အင်မော်တယ်သုံးယောက်တို့ တိုက်ခိုက်ခဲ့စဉ်က ထာ၀ရအစစ်အမှန် အင်မော်တယ်သည် အားလုံးကို အဝေးသို့ ထွက်ခွာသွားရန် ပြုလုပ်နိုင်ခဲ့၏။ သို့ပေမဲ့ ဘာမှ မကြာသေးချေ။ အင်ပါယာ ပိုင်လီဆိုသူကရောက်ရှိလာခဲ့၏။
မြေအင်မော်တယ်လောကကြီးအား ဘာများထင်နေသနည်း။ အစစ်အမှန် အင်မော်တယ်များ၏ တိုက်ခိုက်ရေး တည်နေရာဟု သတ်မှတ်ထားသည်လား။ ဤအတိုင်းဆိုလျှင် မြေအင် မော်တယ်လောကတစ်ခုလုံးသည် ပျက်စီး သွားပေလိမ့်မည်။
“ဟမ် “
ကောင်းကင်ဘုံကပ်ဘေး၏ အောက်မှာတော့ နိရယအင်ပါယာသည် မျက်မှောင်ကုပ်လိုက်၏။ ပြီးနောက်သူမသည် စိတ်ကိုအသာလျှော့ထားလေသည်။ အင်ပါယာပိုင်လီ၏ တိုက်ခိုက်ချက်ကို သူမက အစောကြီးတည်းက မျှော်လင့် ထားပြီးသားဖြစ်၏။ လက်ရှိအခြေနေတွင် အစစ်အမှန်ဖီးနစ်က တိုက်ခိုက်ခဲ့သည်ဆိုသော်လည်း သူမက တည်တည်ငြိမ်ငြိမ်နှင့် ရှိလို့နေသည်။
သူမ၏ ကျောက်စိမ်းကဲ့သို့ သွယ်လျကာ လှပလွန်းလှသည့်လက်ကို အသာဝှေ့ယမ်းပြီးသည့်နောက် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် နှစ်ခြမ်းကွဲ သွားခဲ့၏။
ကောင်းကင်နှင့်မြေပြင်၏ အလင်းတန်း အောက်တွင် အင်မော်တယ် အလင်းတန်းများ ထွန်းတောက်လာခဲ့၏။ နိရယအင်မော်တယ်၏ အရှေ့တည့်တည့်တွင် လူသားပုံစံတစ်ခုက အကောင်အထည်ဖြစ် တည်လာခဲ့၏။ ထိုသူသည် နိရယအင်ပါယာ နှင့် ခုနှစ်ဆယ် ရာခိုင်နှုန်း၊ ရှစ်ဆယ်ရာခိုင်နှုန်းလောက် တူသည့် သူတစ်ယောက် ဖြစ်သည်။ ကြောက်ရွံ့ဖွယ်ကောင်းသည့် အော်ရာများကိုလည်း ထုတ်ဖော်လျက် ရှိနေ၏။ အစစ်အမှန် အင်မော်တယ်တစ်ယောက် ၏ အော်ရာများ မထွက်ပေါ်သေးသည် ဆိုသော်လည်း ထိုအရာနှင့် ဝေးကွာသည့် အဆင့်မျိုးတော့မဟုတ်ပေ။
ဤလူသည် ပေါ်ပေါ်လာချင်းမှာပဲ အားလုံးသော သူတို့ကို လွှမ်းမိုးထားခဲ့၏။ ကြောက်မက်ဖွယ်ကောင်းသော အော်ရာများကို ထုတ်ဖော်လျက်ရှိနေပြီး လောကကြီးတစ်ခုလုံးကို တုန်ခါစေ၏။
“ဘန်း”
ထိုပုံရိပ်သည် အရှေ့ဆီသို့ ပျံသန်းသွား ပြီးသည့်နောက် အစစ်အမှန် ဖီးနစ်နှင့် ထိပ်တိုက်ဆိုသလို ရင်ဆိုင်တိုက်ခိုက်၏။ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာခဲ့၏။ မြေအင်မော်တယ်လောကကြီး တစ်ခုလုံး တုန်ခါလျက်ရှိနေပြီး မြေပြင်တွင် အက်ကွဲကြောင်းကြီးများပေါ်လာ၏။ ခန့်မှန်း၍မရအောင် ကြီးမားသော ချောက်နက်ကြီးများ ဖြစ်တည်လာခဲ့ပြီး အင်မော်တယ်နှစ်ယောက်တို့၏ တိုက်ခိုက်မှုသည် ကြောက်မက်ဖွယ် သက်ရောက်မှုကို ဖြစ်တည်စေခဲ့သည်။
ရေတွက်၍မရအောင် များပြားသည့် တောင်များ၊ မြစ်များသည် ချက်ချင်းဆိုသလို ပျောက်ကွယ်ကုန်၏။ ရှေးကတည်းက တည်ရှိခဲ့သော သစ်ပင်အိုများသည်လည်း ပျက်စီးသွားခဲ့ပြီး လေဟာနယ်တွင်းတွင်လည်း အခိုးငွေ့များ နှင့်ပြည့်နှက်နေခဲ့၏။
“ဒီစွမ်းအင်လောက်နဲ့ ငါ့ကိုရပ်တန့်လို့မရနိုင်ဘူး”
အင်ပါယာပိုင်လီသည် ခေါင်းကိုခါကာ လက်ကိုဆန့်တန်းလိုက်သည်။ လေကို တစ်ချက်ဖမ်းဆုပ်လိုက်ပြီးနောက် ကောင်းကင်တွင်ရှိနေသော ပုံရိပ်ယောင်ကို သူကဖျက်ဆီးပစ်လိုက်၏။ ထိုအရာသည် ဘာမှမဟုတ်ခဲ့ သလို ပျောက်ကွယ်သွားခဲ့သည်။
နောက်ထပ် ခြေတစ်လှမ်းကိုလှမ်းပြီးနောက် သူ၏နောက်တွင် ကြီးမားသော ကျောက်တိုင်ကြီး တစ်ခုပေါ်လာ၏။ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီးသည့်နောက် သူသည် နိယာမအားလုံး၏သဘော ကိုနားလည်နေသည့်ပုံပင်။ ပိုမို၍ အရေးကြီးသည်မှာ ထိုကျောက်တိုင်ကြီး၏ အပေါ်တွင်အင်မော်တယ်စာတန်းများ ရေးထိုးထားခြင်းပင်။
ဤအရာသည် အစစ်အမှန်အင်မော်တယ်တစ်ယောက် ချန်ခဲ့သည့် အရာဖြစ်ပြီး အလွန်ပင် နက်နဲလွန်းလှသည့် နိယာမများ ပါ၀င်နေ၏။ တစ်ချက်ကြည့်ရှုလိုက်သည်နှင့် လူတိုင်းလိုလိုပင်ဒူးများ ခွေမတတ် ဖြစ်ကုန်၏။
“ဒီနေ့မှာ ခင်ဗျားအစစ်အမှန် အင်မော်တယ်အဆင့်ကို ဘယ်လိုမှ တက်မလှမ်းနိုင်စေရဘူး။”
အင်ပါယာပိုင်လီ၏ အသံသည် အေးစက်ပြီး ကြမ်းတမ်းလျက်ရှိနေ၏။ ငရဲပြည်မှရောက်ရှိလာသကဲ့သို့ပင်။ ထိုစကားစုကို ကြားရသည့် သက်ရှိ သတ္တဝါအားလုံးသည် ကြက်သီးမွေးညှင်းများပင် ထကုန်ကြသည်။