အပိုင်း (၄၄၃)
Vol. 30 Ch. 443
“နိရယအင်ပါယာ ဘယ်ကို ရောက်သွားတာလဲ” ထိုအချိန်မှာတော့ လူပေါင်းများစွာတို့သည် ရုတ်တရက် စဉ်းစားလိုက်မိကြ၏။ ကောင်းကင်ဘုံကပ်ဘေးသည် အဆုံးသတ်နီးပါးသို့ ရောက်ရှိနေခဲ့ပြီဖြစ်ပြီး ထာဝရ အစစ်အမှန် အင်မော်တယ်၏ တိုက်ခိုက်ချက်ကြောင့် ပျောက်ကွယ်သွားခဲ့သည်။ သို့ပေမဲ့ ကောင်းကင်ဘုံကပ်ဘေး ပျောက်ကွယ် သွားခဲ့သည့် တစ်ချိန်တည်းမှာပဲ နိရယ အင်ပါယာ ဘယ်ရောက်သွားသနည်း။
နိရယအင်ပါယာအနေနှင့် ပြင်းထန်သော ဒဏ်ရာများကို ခံစားရသောကြောင့် အရင်ဆုံး ထွက်ခွာသွားခဲ့လေ သည်လား။ ဤကဲ့သို့သော အရာမျိုးသည် နိရယအင်ပါယာ၏ စိတ်နေစိတ်ထားမျိုး မဟုတ်ချေ။ ပြောရမည်ဆိုလျှင် ကောင်းကင်ဘုံကပ်ဘေး ပျောက်ကွယ်သွားပြီးသည့်နောက် နိရယအင်ပါယာအနေနှင့် အစစ်အမှန် အင်မော်တယ်အဆင့်သို့ အောင်မြင်စွာဖြင့် တက်လှမ်းသွားနိုင်လောက်သည်။ ထိုသို့ဆိုလျှင် လက်ရှိ အခြေအနေသည် လက်စားချေရန်အတွက် အကောင်းဆုံး အခြေအနေ ဖြစ်လို့နေ၏။ သို့ပေမဲ့ နိရယ အင်ပါယာ၏ အရိပ်သင်္ကေတကို မမြင်ရတော့ချေ။
“ဘယ်လိုပဲကြည့်ကြည့် တစ်စုံတစ်ခု မှားယွင်းနေပြီ။ နိရယ အင်ပါယာ သေသွားတာလား”
လူပေါင်းများစွာတို့၏ စိတ်ထဲတွင် ကြောက်မက်ဖွယ်ရာကောင်းသည့် ဤအတွေးတစ်ခုက ပေါ်ပေါက်လာခဲ့၏။ ထိုအစား ထာဝရ အစစ်အမှန် အင်မော်တယ်သည် တော်ဝင်အင်ပါယာပိုင်လီကို ထိခိုက်နာကျင်အောင် ရိုက်နှက်ခဲ့ခြင်း မဟုတ်ဘဲ ငရဲအင်ပါယာ၏ အသက်ကို ယူဆောင်ခဲ့ခြင်း ဖြစ်ပုံပေါ်သည်။ ထိုသို့ဆိုလျှင် ပြဿနာကြီးတက်လေပြီ။
ထိုအချိန်မှာတော့ ဘုန်းဟူသော အသံကြီးနှင့်အတူ လေဟာနယ်ကြီး တစ်ခုလုံးသည် တုန်လှုပ်သွားခဲ့သည်။ သွေးနီရောင် အလင်းတန်းများသည် ကောင်းကင်ယံတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။ အရာအားလုံးသည် သွေးပင်လယ်ကြီး တစ်ခုကဲ့သို့ ဖြစ်တည်လို့နေ၏။ သွေးစွမ်းအင်များသည် ရုတ်တရက် ဖြစ်တည်လာခဲ့ပြီးသည့်နောက် နောက်ဆုံး လူသားတစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုး ပေါ်လာ၏။
ထိုလူသားသည် အေးစက်ပြီး ကြည့်၍ကောင်းလွန်းလှသည့် အမျိုးသမီးတစ်ယောက်ပင် ဖြစ်၏။ ကြည့်ကောင်းပြီး ပြိုင်ဘက်ကင်းလွန်းသည့် အလှတရားကို ပိုင်ဆိုင်သည့် အမျိုးသမီးသည် အမဲရောင်မြူများဖြင့် ရစ်သိုင်းခြင်းကို ခံထားရပြီး သူမ၏ အစစ်အမှန် ပုံရိပ်ကို ဖုံးကွယ်ထားခဲ့၏။ သူမ၏ မျက်လုံးနှစ်လုံးသည်သာ ကြောက်မက်ဖွယ် ကောင်းလှသည့် သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့် ပြည့်နှက်စွာ ပေါ်ပေါက်နေသည်။
“အင်း... ချီးကျူးရလောက်တဲ့ ထာဝရ အစစ်အမှန် အင်မော်တယ်ပဲ”
နိရယအင်ပါယာက ပြောဆိုလိုက်၏။ သူမ၏ အသံကို ကြားရသည့် လူပေါင်းများစွာတို့သည် အေးခဲသွားခဲ့၏။ ကျောရိုးမကြီးများပင် စိမ့်တက်သွားခဲ့၏။ “ကျွန်မကို သတ်ချင်တာလား”
ထိုစကားစု ထွက်ပေါ်လာသည့် အချိန်မှာတော့ စကြဝဠာထဲတွင် ရှိနေသည့် သက်ရှိအားလုံးတို့သည် ခန္ဓာကိုယ်များပင်လျှင် တုန်ယင်သွားခဲ့၏။ ဤကိစ္စသည် တကယ့်ကို ကိစ္စကြီးဖြစ်၏။ မြေအင်မော်တယ် လောကကြီး တစ်ခုလုံးသည် မည်သို့မှ မထင်မှတ်ထားသည့် စကားသံကို ကြားလိုက်ရပြီးသည့်နောက် မယုံကြည်နိုင်သလို ပါးစပ်အဟောင်းသား ဖြစ်လို့နေသည်။
ထာဝရ အစစ်အမှန် အင်မော်တယ်သည် တော်ဝင်အင်ပါယာပိုင်လီကို ပစ်မှတ်ထားခြင်း မဟုတ်ဘဲ အဘယ်ကြောင့် နိရယ အင်ပါယာကို ပစ်မှတ်ထားရသနည်း။
လက်ရှိ အခြေအနေမှာတော့ အရာအားလုံးတို့သည် ရှင်းလင်းသွားခဲ့ပြီ ဖြစ်၏။ တော်ဝင်အင်ပါယာပိုင်လီ တစ်ယောက် အားကောင်းလွန်းလှသည့် စွမ်းအားမြင့် တိုက်ခိုက်မှု၏အောက်တွင် ဘာမှမဖြစ်ဘဲ အသက်ရှင် ရပ်တည်နိုင်ခြင်း ဆိုသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ ကြည့်ရသည်မှာ ထာဝရ အစစ်အမှန် အင်မော်တယ်သည် အစကတည်းက တစ်ဖက်လူအား ပစ်မှတ်ထားခဲ့ခြင်း မဟုတ်ဘဲ နိရယအင်ပါယာကို တိုက်ခိုက်ခဲ့သောကြောင့်ပင်။
“ထာဝရ အစစ်အမှန် အင်မော်တယ်နဲ့ နိရယအင်ပါယာရဲ့ ကြားထဲမှာ ဘယ်လို ရန်ငြိုးရန်စတွေ ရှိနေတာလဲ” တစ်စုံတစ်ယောက်က မေးမြန်းလိုက်၏။ ဤနှစ်ယောက်တို့သည် တူညီသည့် ခေတ်ကာလတွင် တည်ရှိနေသည့် လူများ မဟုတ်ချေ။ ထာဝရ အစစ်အမှန် အင်မော်တယ် ထွန်းတောက်လာသည့် အချိန်၌ နိရယအရှင်မ၏ ဘိုးဘေးပင်လျှင် မွေးလိမ့်ဦးမည် မဟုတ်ချေ။
နိရယအင်ပါယာအနေနှင့် နိရယလောကကြီးကို စတင်တည်ထောင်ခြင်း မရှိသေးခင်တည်းက ထာဝရ အစစ်အမှန် အင်မော်တယ်သည် ကျင့်ကြံခြင်းလောကမှ အနားယူခဲ့ပြီးပြီဖြစ်၏။ ၎င်းတို့ နှစ်ဦးကြားတွင် မည်ကဲ့သို့ ချိတ်ဆက် ပတ်သက်မှုမျိုးများ ရှိနေသနည်း။ တကယ်တော့ ရှိမနေသင့်ပေ။
“ထာဝရ အစစ်အမှန် အင်မော်တယ်က ခရမ်းရောင်နက်နဲလောကရဲ့ အင်မော်တယ်နဲ့တောင် ပေါင်းပြီး တိုက်ခိုက်တယ် ဆိုတော့ သူတို့ကြားမှာရှိနေတဲ့ ရန်ငြိုးက ဘယ်လောက်တောင် နက်ရှိုင်းလို့လဲ”
“ဖြစ်နိုင်တာက ဒီနှစ်ယောက်ကြားထဲမှာ ကြီးမားတဲ့ လျှို့ဝှက်ချက်ကြီး ရှိနေတာနေမယ်။ အဲဒါကို သူတို့ပဲ သိလိမ့်မယ်” အကြီးအကဲပေါင်း များစွာတို့သည် စတင်ကာ တွက်ချက်လိုက်၏။
ထာဝရ အစစ်အမှန် အင်မော်တယ်သည် လက်နှစ်ဖက်ကို နောက်သို့ပစ်ကာဖြင့် မတ်မတ်ရပ်လျက် ရှိနေ၏။ သူ၏ ဆံနွယ်များသည် လေနှင့်အတူ လွင့်မျောလျက်ရှိပြီး ၎င်း၏ဝတ်စုံသည် နှင်းကဲ့သို့ပင် သန့်စင် ကြည့်ကောင်းလွန်းလှ၏။ ၎င်းသည် တင်းမာ ခက်ထန်သည့် မျက်နှာသွင်ပြင်နှင့် တုံ့ပြန်လိုက်သည်။
“နိရယ လောကဆိုတာ လောကအားလုံးရဲ့ အောက်ခြေမှာရှိတဲ့ အရာပဲ။ ပြီးတော့ ဆိုးယုတ်တဲ့လူတွေ။ မြေအင်မော်တယ်လောက၊ တခြား ဘယ်လောကပဲဖြစ်ဖြစ် ကျုပ်တို့လို ကျင့်ကြံသူတွေ အနေနဲ့ ဒီလိုမိစ္ဆာတွေကို နှောင့်နှေးခြင်း တစ်ချက်မရှိဘဲ သုတ်သင်ပစ်သင့်တယ်”
“အမှန်ပဲ”
တော်ဝင်အင်ပါယာပိုင်လီသည် ခေါင်းကိုညိတ်လိုက်၏။ ၎င်း၏ အနောက်ဘက်တွင်တော့ အင်မော်တယ် ကျောက်တိုင်ကြီးက မားမားမတ်မတ် တည်ရှိနေ၏။ “နိရယလောကဆိုတာ လောကမှာ ရှိသင့်တဲ့အရာ မဟုတ်ဘူး”
ဤအစစ်အမှန် အင်မော်တယ်နှစ်ယောက်သည် တူညီသည့် လောကဆီမှ မဟုတ်သော်လည်း လက်ရှိ အခြေအနေမှာတော့ တစ်စုတစ်စည်း တစ်ဖွဲ့တည်း ဖြစ်လို့နေခဲ့၏။ ၎င်းတို့၏ ရည်မှန်းချက်သည် နိရယလောကနှင့် နိရယအင်ပါယာ ကို သုတ်သင်ရှင်းလင်းပစ်ရန်ပင်။
ဤမြင်ကွင်းသည် ကြည့်ရှုနေသည့် လူပေါင်းများစွာတို့၏ ကျောရိုးမကြီးများကို စိမ့်တက်စေခဲ့၏။ တကယ့်ကို ကြောက်မက်ဖွယ်ရာပင်။ နိရယလောက ရှိတော့ ဘာဖြစ်သနည်း။ ထာဝရ အစစ်အမှန် အင်မော်တယ် အနေနှင့် ယခုမှ အင်မော်တယ်ဖြစ်လာသည့် လူတစ်ယောက်ကို အဘယ်ကြောင့် စတင် တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သနည်း။
“နိရယလောကကြီး အကြောင်းကို သိပြီဆိုမှတော့ ရှင်တို့နှစ်ယောက် ကောင်းကောင်းနားလည်သင့်တယ်။ ရှင်တို့ရဲ့ အားအင်အဆင့် သီးသန့်နဲ့ ကျွန်မကို လာပြီးမောက်မာနေလို့ မရဘူး” ငရဲအင်ပါယာသည် အေးစက်သည့်အသံဖြင့် စိန်ခေါ်လိုက်သည်။
“ဟုတ်လား။ ဒီနေရာကို လာရဲတယ်ဆိုမှတော့ ကျုပ်ဆီမှာ အလုံးစုံ ယုံကြည်ချက် ရှိလို့ပေါ့” ထာဝရ အစစ်အမှန် အင်မော်တယ်သည် ထူးမခြားနားသလို ပြန်လည်ကာ တုံ့ပြန်လိုက်၏။
“အချိန်တွေ ဖြုန်းမနေနဲ့တော့။ နိရယအင်ပါယာက အစောကြီးကတည်းက ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိထားတယ်။ အခု သူ့ကို ဆက်ပြီး ဖိနှိပ်ပြီးတော့ ထွက်ပြေးလို့မရအောင် တားဆီးပြီး သတ်ဖြတ်ပစ်ရအောင်” တော်ဝင်အင်ပါယာပိုင်လီသည် အရှေ့ဆီသို့ လှမ်းတက်လိုက်၏။ ၎င်း၏ ခန္ဓာကိုယ်ဆီမှ စွမ်းအားမြင့် အော်ရာများသည် အရှိန်တငြီးငြီးနှင့် ထွက်ပေါ်လာခဲ့သည်။
ဘုန်း
သူသည် လှုပ်ရှားလိုက်၏။ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာခဲ့၏။ ကောင်းကင်ယံ တစ်ခုလုံးရှိ လေဟာနယ်ကြီးသည် ကွဲအက်သွားခဲ့ပြန်၏။ တော်ဝင်အင်ပါယာပိုင်လီ၏ လက်သီးချက်များသည် နဂါးတစ်ကောင်ကဲ့သို့ပင် လားရာကို ခန့်မှန်း၍ မရနိုင်ချေ။
“ဟမ့်”
နိရယအင်ပါယာသည် မျက်ခုံးကို ပင့်လိုက်မိ၏။ သူမ၏ မျက်လုံးထဲမှ အေးစက်သည့် အလင်းတန်းများ ထွက်ပေါ်လာခဲ့၏။ ထိုကဲ့သို့သော မျက်လုံးများသည် အစစ်အမှန် အင်မော်တယ်များပင်လျှင် ကြောက်ဒူးတုန် ရနိုင်သည့် မျက်လုံးအကြည့်မျိုးပင်။ သူမအနေနှင့် ယခုမှ အင်မော်တယ် ဖြစ်လာခဲ့သည်ဆိုသော်လည်း ပြိုင်ဘက်ကင်းလှသည့် ချောမောမှုမျိုးနှင့် ပြိုင်ဘက်ကင်းလှသည့် အရှိန်အဝါမျိုး ထုတ်ဖော်ပြသလျက် ရှိနေ၏။ နိရယအင်ပါယာ၏ ခန္ဓာကိုယ်သည် အမဲရောင်ရောင်စဉ်တန်းများနှင့် လွှမ်းခြုံလျက် ရှိနေပြီး ထိုရောင်စဉ်တန်းများ သည် ပြန်လည်မွေးဖွားလာခဲ့သည့် ကမ္ဘာခြားမှ နတ်မိမယ်တစ်ပါးကဲ့သို့ပင် သူမကို ဆန်းကြယ်စေသည်။
“ငရဲလောကကြီးက ပြန်လည်မွေးဖွားလာရမယ်။ ရှင်တို့နှစ်ယောက် ငရဲလောကအကြောင်း သိတာ နည်းနည်းလေးပါပဲ” သူမက ပြောလိုက်၏။
မနီးမဝေးရှိ လေဟာနယ်ကြီး တစ်ခုလုံးသည် ကွဲအက်လာခဲ့ပြီးသည်နောက် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စွမ်းအင်လှိုင်းများ ထွက်ပေါ်လျက် ရှိနေသည့် အမဲရောင်လောကကြီးတစ်ခု ပေါ်ပေါက်လာခဲ့၏။ နတ်ဘုရား အလင်းတန်းများ ထွန်းတောက်လာခဲ့ပြီးသည့်နောက် ထိုနေရာဆီမှ သက်ရှိသတ္တဝါပေါင်း များစွာတို့၏ တောင်းဆိုသံ၊ အော်ငြီးသံ၊ ရွတ်ဖတ်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
အားလုံးသော သူတို့သည် ကြက်သီးထလောက်စရာ၊ ခြောက်ခြားစရာ မြင်ကွင်းကို မြင်နေရ၏။ ပြန်လည် မွေးဖွားခြင်း လမ်းခြောက်သွယ်သည် တစ်ခုပြီးတစ်ခု လိမ်ယှက်လျက် ရှိနေပြီး မြေအင်မော်တယ်လောကကြီး တစ်ခုလုံးဆီသို့ လမ်းညွှန်ကာ ရောက်ရှိလာခဲ့၏။ အရာအားလုံးကို ပြန်လည်မွေးဖွားခြင်း အခြေအနေဆီသို့ ရောက်ရှိအောင် လမ်းညွှန်နေသကဲ့သို့ပင်။
“ငရဲလောကလား”
ထာဝရ အစစ်အမှန် အင်မော်တယ်သည် မျက်မှောင်ကုတ်လိုက်၏။ ၎င်း၏ နှလုံးသားထဲတွင် မကောင်းသည့် ခံစားချက်များ ဖြစ်တည်လာခဲ့၏။ သို့ပေမဲ့ သူသည် ထိုအရာကို မြန်မြန်ဆန်ဆန်ပဲ ဖယ်ရှားလိုက်၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ရောက်ရှိပြီး ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ လမ်းညွှန်ပြသမှုကို ရရှိပြီးသည့်နောက် တကယ့်ကို ကြီးမားလှသည့် အခွင့်အရေးကို သူက သိရှိခဲ့ပြီး ဖြစ်၏။ တစ်ဖက်လူကို ကျိန်းသေပေါက် ဖိနှိပ်နိုင်ရန် အခွင့်အရေး သူ၌ တည်ရှိနေ၏။ ဤအခွင့်အရေးကို ဆုံးရှုံးသွားသည်ဆိုပါက ငရဲအင်ပါယာကို ဖိနှိပ်နိုင်ဖို့ နောက်ထပ် အခွင့်အရေးတစ်ခု ရရှိရန် ဆိုသည်မှာ လွယ်ကူလိမ့်မည် မဟုတ်ချေ။
“ခင်ဗျားအနေနဲ့ ဒီနေ့အချိန်မှာ အသက်ကယ်အဆောင် ရှိနေတယ်ဆိုရင်တောင်မှ အသက်ရှင်နိုင်ဖို့ ခက်လိမ့်မယ်” ထာဝရ အစစ်အမှန် အင်မော်တယ်သည် ထိုစကားကို ရေရွတ်လိုက်၏။ ထိုစကားစု ကျဆင်းလာသည်နှင့် တပြိုင်နက် သူသည် တိုက်ခိုက်ပွဲဆီသို့ ဝင်ရောက်လိုက်၏။ အစစ်အမှန် အင်မော်တယ်များကြား တိုက်ပွဲသည် တားဆီး၍ မရနိုင်အောင်ပင် ဤလောကကြီးထဲ၌ ဖြစ်တည်လာခဲ့လေပြီ။
ဝှစ် ဝှစ် ဝှစ်
များပြားလှသည့် အရာများသည် လောကကြီးတစ်ခုလုံး၌ ဖြစ်တည်လာခဲ့၏။ စကြဝဠာတစ်ခုလုံးသည် နှစ်ခြမ်းကွဲလျက် ရှိနေပြီး အင်မော်တယ်လက်နက်များ၏ အလင်းများသည် ဆက်တိုက်ဆိုသလိုပဲ ကျဆင်းလာခဲ့၏။ ၎င်းတို့ဆီမှ ထွက်ပေါ်နေသည့် အကန့်အသတ်မဲ့ စွမ်းအင်များသည် အားလုံးသော သူတို့ကို အနောက်ဘက်သို့ လွင့်စင်စေခဲ့၏။
နိရယအင်ပါယာမှာတော့ ကျယ်ပြောလှသည့် လောကကြီး၏ အထက်တွင် မတ်မတ်ရပ်တည်လျက် ရှိနေ၏။ သူမသည် လက်တစ်ဖက်ကို အသာမြှောက်တင်ပြီးသည့်နောက် ကောင်းကင်ယံဆီသို့ လက်ဝါးရိုက်ချက်တစ်ခုကို ထုတ်ဖော်လိုက်၏။ အစစ်အမှန် အင်မော်တယ် နှစ်ယောက်၏ လက်နက်များ ပူးပေါင်းမှုသည် ကြောက်မက်ဖွယ်ရာကောင်းလှသည် ဆိုသော်လည်း သူမသည် ကျိန်းသေပေါက် တန်ပြန် တိုက်ခိုက်ရန် ရည်ရွယ်ထားသည်။
အင်ပါယာပိုင်လီသည် စည်းသင်္ကေတ တစ်ခုကို ဖန်တီးပြုလုပ်ပြီးသည့်နောက် အင်မော်တယ်ကျောက်တိုင်ကြီးကို ရွေ့လျားကာ တိုက်ခိုက်ခြင်းကို ပြုမူလေ၏။ ရေတွက်လို့ မရအောင် များပြားလှသည့် နှင်းဆီရောင် အလင်းတန်းများသည် တည်နေရာ တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပြန်၏။ ထိုကျောက်တိုင်ကြီးသည် ငရဲလောကကြီးတွင် ရှိနေသည့် အော်ဟစ်ငိုယိုကြွေးကြော်လျက် ရှိနေသည့် လူပေါင်းများစွာတို့ကို ဝင်ရောက် သုတ်သင်လျက် ရှိနေ၏။
တခြားတစ်ဖက်ခြမ်းတွင်တော့ ထာဝရ အစစ်အမှန် အင်မော်တယ်သည် လေထုထဲတွင် မတ်မတ်ရပ်လျက်ရှိ၏။ သူသည် လက်တစ်ချက်ကို အသာမြှောက်ပြီးသည့်နောက် ဆန်းကြယ်လွန်းလှသည့် မှော်သင်္ကေတများသည် လက်ထဲ၌ ပေါ်ပေါက်လာခဲ့၏။ ထိုသင်္ကေတများသည် လေထဲ၌ တစ်စုတဝေးတည်း ဖြစ်တည်လာခဲ့ပြီး နေငယ်လေး တစ်ခုကဲ့သို့ပင် တောက်ပလှသည့် အလင်းတန်းများကို ဖြစ်ပေါ်စေသည်။
ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အစီအရင် တစ်ခုက ဖြစ်တည်လာခဲ့ပြီး ထိုအရာသည် အစစ်အမှန် အင်မော်တယ်များကို ချုပ်နှောင်ကာ သတ်ဖြတ်နိုင်၏။ ထိုအစီအရင်ကြီး ဖြစ်တည်လာသည်နှင့်အမျှ လောကတစ်ခုလုံး သည် ကြောက်မက်ဖွယ်ရာကောင်းသည့် သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့် အရှိန်တငြီးငြီး တောက်လောင်နေ၏။
မိုးခြိမ်းသံများ ထွက်ပေါ်လာခဲ့ပြီး နိရယအင်ပါယာ၏ အနီးအနားဆီသို့ အလင်းတန်းများသည် အဆုံးအစမဲ့ ကျဆင်းလာခဲ့သည်။
“ပြင်ဆင်ပြီး လာခဲ့တာလား”
နိရယအင်ပါယာသည် အစီအရင်ကို မြင်ရသည့် အချိန်မှာတော့ စိတ်ထဲတွင် ရွံ့ကနဲ ဖြစ်သွား၏။ ဤအစီအရင်သည် အစောကြီးကတည်းက ကြိုတင်ဖန်တီးခဲ့ပြီးသား ဖြစ်ပုံပေါ်၏။ သို့ပေမဲ့ သူမသည် ထိုနေရာတွင် အစီအရင် ရှိနေသည်ကို ကြိုသတိမပြုမိခဲ့ချေ။ မယုံကြည်နိုင်စရာပင်။
ငရဲလောက၏ အနီးတဝိုက်တွင် အစီအရင်ကြီးတစ်ခု တည်ရှိနေကြောင်း ကြိုတင်သိရှိခဲ့မည်ဆိုပါက သူမသည် ဤမျှ မောက်မာနေလိမ့်မည် မဟုတ်ချေ။ ထို့အပြင် သူမသည် ငရဲလောက၏ အမွေအနှစ်များကို ကိုင်ဆောင်ထားခဲ့၏။ ထို့ကြောင့် တော်ရုံ အစစ်အမှန် အင်မော်တယ်များသည် သူမ ဘာလုပ်ချင်သည်၊ သူမ မည်သည့်နေရာသို့ ရောက်ရှိလာမည်ဆိုသည့် အကြောင်းအရာများကို မည်သို့မှ သိရှိလိမ့်မည် မဟုတ်ချေ။ ဖြစ်နိုင်ချေမှာ တစ်ခုတည်းသာလျှင် ရှိ၏။
ထာဝရ အစစ်အမှန် အင်မော်တယ်သည် ဤအစီအရင်ကြီးကို ဟိုးယခင်တည်းက ကြိုတင် စီစဉ်ထားခဲ့ခြင်း မဟုတ်နိုင်ချေ။ အင်မော်တယ်အဆင့်ဆီသို့ ရောက်ရှိရန် သူမ အဆင့်ချိုးဖြတ်နေသည့် အချိန်အတွင်း ဤသတ်ဖြတ်ခြင်း အစီအရင်ကြီးကို လာရောက် ဖန်တီးထားခဲ့ခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။