အပိုင်း (၄၄၄)
Vol. 30 Ch. 444
“ရှင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ရောက်ဖူးတယ် မဟုတ်လား” နိရယ အင်ပါယာသည် အေးစက်စက်ဖြင့် မေးခွန်းထုုတ်လိုက်၏။ လက်ရှိ အခြေအနေမှတော့ ဖြစ်နိုင်သည့် အကြောင်းအရာသည် ဤတစ်ခုတည်းသာလျှင် ရှိ၏။ ထာဝရ အစစ်အမှန် အင်မော်တယ်သည် သူမ အင်မော်တယ် ဖြစ်လာရန် ကြိုးစားနေချိန်တွင် သတ်ဖြတ်ခြင်း အစီအရင်ကြီးကို အရှက်မဲ့စွာဖြင့် တည်ဆောက်ထားနိုင်ဖို့ ကပ်ဘေးကျော်မည့် အချိန်ကာလကို မည်သို့ သိရှိမည်နည်း။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်က ကောင်းကင်မူလလောကထဲမှာ ရှိတာလေ။ တကယ်လို့ ခင်ဗျားတောင် သွားနိုင်တယ်ဆိုရင် ကျုပ် ဘာလို့ မသွားနိုင်ရမှာလဲ” ထာဝရ အစစ်အမှန် အင်မော်တယ်က တုံ့ပြန်လိုက်၏။ သူ၏ နှုတ်ခမ်းပါးထက်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။ ထိုအပြုံးသည် သတ်ဖြတ်လိုခြင်း ဆန္ဒများ အပြည့်အဝ ပါဝင်နေ၏။
“ကျွန်မ သိပြီ” နိရယအင်ပါယာက နားလည်သွားမိ၏။ သူမသည် တွက်ချက်ခဲ့ပြီးသားဖြစ်၏။ ဤလောကကြီးထဲတွင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည်သာလျှင် အစစ်အမှန် အင်မော်တယ်အဆင့် ဆီသို့ မည်သူ၊ မည်သည့်အချန် တက်လှမ်းမည် ဖြစ်ကြောင်း သိရှိ၏။ ထိုသူ့အပြင် တခြားသူများ၌ ထိုကဲ့သို့သော စွမ်းဆောင်မျိုး မရှိချေ။
သူမအနေနှင့် ထာဝရ အစစ်အမှန် အင်မော်တယ်တစ်ယောက် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ မည်သည့် သတင်းအချက်အလက်များကို ဝယ်ယူခဲ့သည်ဆိုသည့် အကြောင်းများကို တွေးကြည့်ပြီးနောက် ထာဝရ အစစ်အမှန် အင်မော်တယ်သည် တကယ်ပင် သတင်းအချက်များကို ဝယ်ယူနိုင်သည်။
သူမသည် ငရဲလောကကြီး ၏ အကောင်းမွန်ဆုံးသော ခေတ်ကာလအကြောင်းကို သိရှိခဲ့၏။ ငရဲလောကကြီးသည် ရေတွက်လို့ မရအောင် များပြားခဲ့သည့် လောကအသီးသီးကို အုပ်ချုပ်ခဲ့ပြီး အင်မော်တယ် အင်ပါယာတစ်ယောက်က ဦးဆောင်ခဲ့၏။ ထာဝရ အစစ်အမှန် အင်မော်တယ်သည်သာ သူမ သိရှိသကဲ့သို့ သိရှိနေမည်ဆိုပါက ဘာတွေ ဖြစ်နိုင်မည်နည်း။
ဘုန်း
နောက်ထပ် ကျယ်လောင်လှသည့် အသံကြီး ထွက်ပေါ်လာခဲ့၏။ အင်မော်တယ် သုံးယောက်တို့၏ ကြမ်းတမ်း လှသည့် တိုက်ပွဲသည် ဤနေရာတွင် ဖြစ်တည်လျက် ရှိနေပြီး လောကကြီး တစ်ခုလုံးသည် စုတ်ပြတ်သတ်လျက် ရှိနေ၏။ တိုက်ခိုက်မှု၏ အဟုန်များသည် ခရမ်းရောင်နက်နဲလောကကြီးဆီသို့ပါ ရောက်ရှိနေ၏။ တိုက်ပွဲသည် တကယ့်ကို ကြမ်းတမ်းလွန်းလှ၏။
နိရယအင်ပါယာသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပြီး ဖြစ်သော်လည်း သူမ၏ အားအင်အဆင့်သည် ကြည့်ရှုနေသူများ အားလုံးကို အံ့အားတသင့် ဖြစ်စေခဲ့၏။ အသစ်ဖြစ်တည်လာခဲ့သည့် အင်မော်တယ် တစ်ယောက်၏ အခြေခံကိုသာ ပိုင်ဆိုင်သော်လည်း သူမသည် လအတော်ကြာသည်အထိ အစစ်အမှန် အင်မော်တယ် နှစ်ယောက်ကို ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်ကာ တိုက်ခိုက်လျက် ရှိနေသည်။
တိုက်ခိုက်မှု၏ အရှိန်အဟုန်နှင့် လှိုင်းများသည် လောကကြီး သုံးခုလုံးဆီသို့ပင် ပျံ့နှံ့လျက် ရှိနေပြီး လောကကြီးများရှိ သက်ရှိသတ္တဝါအားလုံးသည် ကမ္ဘာပျက်သကဲ့သို့ပင် ခံစားနေမိ၏။
ငရဲလောကကြီး၏ အတွင်းမှာတော့ အလောင်းတစ်ခုသည် ဒေါင်လိုက်ဆိုသလိုပဲ ရွေ့လျားလျက် ရှိနေလေ၏။ ဤအလောင်းကြီးသည် နှစ်သန်းပေါင်းများစွာ ကြာကတည်းက သေဆုံးခဲ့သည့် အရာဖြစ်သည် ဆိုလျှင်တောင်မှ အားကောင်းလှသည့် စွမ်းအင်များက ထွက်ပေါ်လျက် ရှိနေသေးသည်။
ထင်မှတ်မထားလောက်အောင်ဘဲ နိရယအင်ပါယာသည် ၎င်း၏ စိတ်ဝိညာဉ်ရတနာကို ထုတ်ဖော်ကာ အသုံးပြုခဲ့ပြီ ဖြစ်၏။ ထိုအရာသည် သင်္ဂြုဟ်စက်ကြီးကဲ့သို့ပင်။ နတ်ဘုရားလက်နက် အသက်ဝင်သွားပြီးနောက် သေဆုံးခဲ့ပြီးပြီ ဖြစ်သော ငရဲလောကထဲရှိ စစ်သည်များသည် ပြန်လည် အသက်ဝင်လာသလို လှုပ်ရှားလာ၏။
ရေတွက်လို့ မရအောင် များပြားလှသည့် ယင်စစ်သည်များနှင့် ဝိညာဉ်စစ်သူကြီးများသည် လေဟာနယ်ထဲတွင် မတ်မတ်ရပ်လျက် ရှိနေပြီး အဝေးတစ်နေရာမှ လှမ်းကာ ကြည့်ရှုလိုက်မည်ဆိုလျှင် ခြောက်ခြားစရာ အရှိန်အဝါမျိုးကို ပေးအပ်နေသည်။
“ဒါက”
ထိုမြင်ကွင်းကို မြင်ရသည့် အချိန်မှာတော့ ထာဝရ အစစ်အမှန် အင်မော်တယ်၏ မျက်စိသူငယ်အိမ်များက ကျုံ့ဝင်သွား၏။ သူသည် အံ့အားတသင့်လည်း ဖြစ်လို့နေ၏။ “ဒီ.. ဒီအလောင်းက ခင်ဗျားလက်ထဲကို ရောက်နေတာလား။ ဘယ်လို ဖြစ်နိုင်မှာလဲ”
သူ၏ မှတ်ဉာဏ်များအရဆိုလျှင် အလောင်းဆီမှ ရတနာများကို သူ ရရှိခဲ့ပြီးသည့်နောက် ထိုအလောင်းသည် ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့၏။ အလောင်းသည် စိတ်ဝိညာဉ်စွမ်းအင်များ၏ ထိန်းချုပ်မှုကို ခံထားရပြီး တခြားသော တစ်စုံတစ်ယောက်အနေဖြင့် ထိန်းချုပ်၍ မရနိုင်ဟု သူက ယုံကြည်ထားခဲ့မိသည်။
မထင်မှတ်ထားလောက်အောင်ဘဲ နိရယ အင်ပါယာသည် အမွေအနှစ်များကို ရရှိရုံတင်မက အလောင်းကိုပင် ထိန်းချုပ်ကာ ယူဆောင်သွားနိုင်စွမ်း ရှိနေ၏။ အလောင်း၏ တစ်သက်တာလုံး သိမ်းဆည်းထားခဲ့သည့် လက်နက်များပင်လျှင် သူမ၏ ပိုင်ဆိုင်မှုများ ဖြစ်လာခဲ့၏။
အစပိုင်း တုန်လှုပ်ခြောက်ခြားမိသလို ဖြစ်နေသော်လည်း ထာဝရ အစစ်အမှန် အင်မော်တယ်သည် တဖြည်းဖြည်း ပြန်လည်ကာ တည်ငြိမ်လာခဲ့၏။ ဤအလောင်းသည် သူ့ထက် တစ်ဆင့်မြှင့်ရုံသာရှိ၏။ နိရယ အင်ပါယာ၏ လက်ထဲတွင် ရှိနေသည့် လက်နက်ကလည်း ကျိုးပြတ်ပြီးသား ဖြစ်၏။ တချို့သော အန္တရာယ်များ ကို ရင်ဆိုင်ရမည် ဆိုလျှင်တောင်မှ ကြီးကြီးမားမား ဖြစ်လိမ့်မည် မဟုတ်ချေ။
ငရဲလောကကြီး ထွန်းတောက်နေသည့် အချိန်အခါကဆိုလျှင် တိုက်ခိုက်ရန် လွယ်ကူကောင်း လွယ်ကူလိမ့်မည် မဟုတ်သော်လည်း လက်ရှိအချိန်မှာတော့ နိရယ အင်ပါယာသည် သူ့အတွက် ခြိမ်းခြောက်နိုင်မှု အနည်းငယ်ကိုသာ ပေးအပ်နိုင်၏။
“အင်း... ဒီအရာတွေက ခင်ဗျားရဲ့ အသက်ကို ကယ်နိုင်မယ်လို့ ထင်နေသေးတာလား”
ထာဝရ အစစ်အမှန် အင်မော်တယ်သည် လေဟာနယ်ထဲသို့ လှမ်းတက်လိုက်၏။ သူ၏ လှုပ်ရှားမှုကို မမြင်ရချေ။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့်အော်ရာများသည် ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့ပြီး ဖုံးကွယ်ထားသောကြောင့်ပင်။ တာအို၏ ပန်းများသည် တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာပြီးသည့်နောက် အန္တိမစွမ်းရည် ၏ အော်ရာများ ထွက်ပေါ်လာခဲ့၏။
အားလုံးသောသူတို့၏ နှလုံးသားထဲတွင် အကြောက်အလန့်တရားများ ဖြစ်ပေါ်လာခဲ့သည်။
သူ၏ ဘေးတစ်ဖက်တွင် ရှိနေသည့် တော်ဝင်အင်ပါယာ ပိုင်လီသည် နိရယအင်ပါယာတစ်ယောက် သူမ၏ ဝှက်ဖဲအား ထုတ်ဖော်အသုံးပြုလိုက်သည်ကို မြင်ကတည်းက အနောက်သို့ ဆုတ်ရန် စဉ်းစားထားပြီးသားဖြစ်၏။ သို့ပေမဲ့ ထာဝရ အစစ်အမှန် အင်မော်တယ်တစ်ယောက် လှုပ်ရှားတိုက်ခိုက်သည့် အချိန်မှာတော့ သူ၏ အမူအရာက ပြောင်းလဲသွားခဲ့၏။ သူသည်လည်း အရှေ့ကို တိုးလိုက်မိ၏။
“ဒီနေ့ကို ကျွန်မ မှတ်ထားမယ်” နိရယ အင်ပါယာက တီးတိုးရေရွတ်လိုက်သည်။ သူမ၏ အသံသည် ခပ်ဖျော့ဖျော့ ဖြစ်သည်ဆိုသော်လည်း အားလုံးသောသူတို့၏ နားထဲသို့ ဝင်ရောက်လာခဲ့ကြသည်။ သူမသည် ထာဝရ အစစ်အမှန် အင်မော်တယ်နှင့် တော်ဝင်အင်ပါယာပိုင်လီတို့အား အငြှိုးအတေး ကြီးမားသည့် မျက်လုံးများနှင့် ကြည့်ရှုလိုက်သည်။
“ဒီနေ့ ခင်ဗျားက သေရမယ်လေ။ မှတ်ထားမယ်ဆိုရင်တောင် မှတ်နိုင်မှာ မဟုတ်ဘူး”
“ရှင်က ကျွန်မကို အထင်သေးနေပြီ။ ပြီးတော့ ငရဲလောကကြီးကိုလည်း အထင်သေးခဲ့မိပြီ။ သတ်စမ်း” အေးစက်သည့် အသံတစ်ခုက ထွက်ပေါ်လာခဲ့၏။ နိရယအင်ပါယာသည် အော်ဟစ်လိုက်၏။
တောက်ပသည့် အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီးသည့် နတ်ဘုရားရောင်စဉ်တန်းများသည် တည်နေရာ တစ်ခုလုံးကို ဖုံးလွှမ်းကာဖြင့် နှိုင်းယှဉ်၍ မရနိုင်သည့် စွမ်းအင်များအဖြစ် ဖြစ်တည်လာခဲ့၏။ ငရဲလောက၏ ထူးခြားလွန်းလှသည့် နည်းစနစ်ကို ထုတ်ဖော် အသုံးပြုလိုက်သောကြောင့် သက်ရောက်မှုသည် တကယ်ပင် ကြမ်းတမ်းလွန်းလှ၏။ တစ်ချက်တည်း တိုက်ခိုက်မှု၏အောက်တွင် အရာအားလုံးသည် ပျောက်ကွယ်ကုန်သည်။
တချိန်တည်းမှာပဲ သူမ၏ လက်ထဲတွင် ရှိနေသည့် ရတနာသည် ကောင်းကင်ယံဆီသို့ ထိုးတက်သွားပြီး အမဲရောင်မြင်းပျံကြီးအဖြစ် အသွင်ပြောင်းလဲကာဖြင့် လောက၏ အဆုံးဘက်ဆီသို့ ပျံသန်းသွားခဲ့၏။
တည်နေရာ တစ်ခုလုံးသည် သွေးမြူများ အဖြစ်သာ ကျန်ရှိခဲ့၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများသည် ရှိနေသည့် လူပေါင်းများစွာတို့ကို အသက်ရှုကြပ်သည့် အခြေအနေဆီသို့ပင် ရောက်ရှိစေသည်။
ဘုန်း
တော်ဝင်အင်ပါယာပိုင်လီသည် မျက်ခုံးကို အသာပင့်ပြီးနောက် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် မြွေကြီး တစ်ကောင်အဖြစ် အသွင်ပြောင်းပြီး ကောင်းကင်ပေါ်ခုန်တက်လိုက်သည်။ ပြီနောက် နိရယအင်ပါယာ ထွက်ပြေးသွားရာ နေရာဆီသို့ လှမ်းကာ တိုက်ခိုက်လိုက်၏။
ထိုအတောအတွင်း ထာဝရ အစစ်အမှန် အင်မော်တယ်သည်လည်း ငြိမ်ငြိမ်သက်သက် မနေခဲ့ချေ။ သူ၏ အမြန်နှုန်းက အံ့အားသင့်စရာ ကောင်းလှချေ၏။ ၎င်းသည် အမဲရောင်မြင်းပျံကြီးဆီသို့ ချက်ချင်းရောက်ရှိကာ တိုက်ခိုက်လိုက်၏။ တိုက်ပွဲသည် တကယ့်ကို ကြမ်းတမ်းလွန်းလှချေသည်။
ဆန်းကြယ်လှပါသည်ဆိုသော ထာဝရ အစစ်အမှန် အင်မော်တယ်သည် သတိအပြည့်ဖြင့် တိုက်ခိုက်လျက် ရှိနေ၏။
ဝေါ့
အားလုံးသော သူတို့၏ နားထဲတွင် အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ ထာဝရ အစစ်အမှန် အင်မော်တယ်သည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများကို ထုတ်ဖော်လျက် ရှိနေ၏။ တိုက်ခိုက်မှုကို ပြုလုပ်ပြီး သည့်နောက် သူသည် အရင်ဦးဆုံး ဒဏ်ရာရရှိသွားခဲ့၏ နိရယအင်ပါယာ၏ နတ်ဘုရားလက်နက် ဆီမှ ထွက်ပေါ်လာခဲ့သည့် အော်ရာများသည် သူ့ကို သက်ရောက်ခဲ့၏။ ပြောင်းလဲမှုသည် တကယ့်ကို မြန်ဆန်လွန်း လှ၏။ လက်နက်၏ စိတ်ဆန္ဒသည် တကယ့်ကို ခန့်မှန်း၍ မရအောင် အားကောင်းနေသည်။
“ဒီလက်နက်ကို သိမ်းထားလိုက်။ နောက်မှ ပြန်လာယူမယ်” နိရယ အင်ပါယာသည် တိုက်ခိုက်ရေး တည်နေရာကြီးကို လှမ်းကြည့်လိုက်၏။ သူမသည် လေဟာနယ်ထဲသို့ ထိုးခွင်းပြီးသည့်နောက် အမဲရောင်တွင်းကြီး တစ်ခုထဲ ဝင်ရောက်ကာ ပျောက်ကွယ်သွားခဲ့၏။
“ခင်ဗျား သွားလို့ရမယ်လို့ ထင်နေတာလား” ထာဝရ အစစ်အမှန် အင်မော်တယ်သည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ သူ၏ ခန္ဓာကိုယ်သည် ချဲ့ထွင်လာခဲ့၏။ အကန့်အသတ် တစ်ခုသို့ ရောက်သည့် အချိန်မှာတော့ ကြီးမားလွန်းလှသည့် လူထွားကြီး တစ်ယောက်ကဲ့သို့ ပြောင်းလဲသွားခဲ့၏။ ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးသည် တုန်ခါသွားခဲ့ပြီး သူ၏လက်ထဲတွင် သင်္ကေတများ ဖြစ်တည်လာခဲ့သည်။
ထိုသင်္ကေတများသည် ပျောက်ကွယ်သွားခဲ့သည့် လေဟာနယ်တည်နေရာကို လှမ်းကာ ဖမ်းဆုပ်၏။ စကြဝဠာ၏ တစ်ခုလုံးတွင် ပေါက်ကွဲမှုများ ထပ်တလဲလဲ ဖြစ်တည်လာခဲ့၏။ တည်နေရာတစ်ခုလုံးသည် ရှုပ်ထွေးလျက် ရှိနေ၏။ ၎င်းသည် တည်နေရာလမ်းကြောင်းအားလုံးကို ဖျက်ဆီးလိုက်ခြင်းပင်။ သို့ပေမဲ့ နိရယ အင်ပါယာသည် ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေ၏။
“ချီးတဲ့မှ”
ထာဝရ အစစ်အမှန် အင်မော်တယ်သည် ပြောင်ရှင်းလျက် ရှိနေသည့် လေဟာနယ်ကြီးကိုသာ လှမ်းကာ ကြည့်ရှုနေ၏။ သူသည် မကျေမနပ်ဖြင့် ထကာ အော်ဟစ်လိုက်၏။ တစ်နှစ်နီးပါးခန့် ကြိုတင်ကာ ပြင်ဆင်ခဲ့သည် ဖြစ်သော်လည်း နိရယအင်ပါယာသည် သူ၏ လက်တွင်းမှ လွတ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့၏။ သူသည် လေကို လက်သီးဖြင့် ထိုးခဲ့သကဲ့သို့ပင်။ ရှုံးနိမ့်မှု၏ စိတ်ခံစားချက်များသည် နှလုံးသားထဲ၌ ဖြစ်တည်လာခဲ့သည်။
“အန္တိမအဆင့်”
ထာဝရ အစစ်အမှန် အင်မော်တယ်က တီးတိုးရေရွတ်လိုက်၏။ သူ၏ မျက်လုံးများသည် မနီးမဝေးတွင် တည်ရှိနေသော နတ်ဘုရားလက်နက်ဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ သူ၏မျက်လုံးထဲတွင် မျှော်လင့်ချက် အရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။
နိရယအင်ပါယာ လွတ်မြောက်သွားခဲ့သည် ဆိုလျှင်တောင်မှ ယခုလာရသည့် ခရီးစဉ်သည် ကျိန်းသေပေါက် ဘာမှ မရသည့် အရာမျိုးတော့ မဟုတ်ချေ။ အန္တိမအဆင့်လက်နက်ကို ရရှိခဲ့၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ယူဆောင်သွားသည်ဆိုပါက ကျိန်းသေပေါက် တန်ဖိုးကြီးမားသည့် သတင်းအချက်အလက်ကို ဝယ်ယူရနိုင်သည်။
ထိုသို့ဆိုလျှင် သူ့အနေနှင့် အန္တိမလမ်းစဉ်ဆီသို့ တက်လှမ်းနိုင်မည့် အခွင့်အရေးကောင်းကို ပိုင်ဆိုင်နိုင်မှာဖြစ်သည်။ အန္တိမလမ်းစဉ်ဆီသို့သာ တက်လှမ်းနိုင်သည် ဆိုပါက သူသည် ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော နိရယအင်ပါယာကို ရှာဖွေနိုင်၏။ သူမ၏ လက်ထဲတွင် ဝှက်ဖဲပေါင်းများစွာ တည်ရှိနေသည် ဆိုလျှင်တောင်မှ သူ၏ လက်ထဲမှ လွတ်မြောက်လိမ့်မည် မဟုတ်ချေ။