အပိုင်း (၄၄၅)
Vol. 30 Ch. 445
“ဒီတစ်ကြိမ်မှာတော့ ခင်ဗျားရဲ့ ကူညီပေးမှုကို ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း”
ထာဝရ အစစ်အမှန် အင်မော်တယ်သည် နတ်ဘုရားလက်နက်ကို အသာသိမ်းဆည်းပြီး ဘေးတစ်ဖက်တွင် ရှိနေသည့် တော်ဝင် အင်ပါယာပိုင်လီကို လှမ်းကာ ပြောဆိုလိုက်၏။
“ကျုပ်က ခင်ဗျားကို ကူညီပေးတာ မဟုတ်ဘူး။ ခရမ်းရောင်နက်နဲလောကကြီးအတွက် လက်စားလာချေတာ” တော်ဝင်အင်ပါယာပိုင်လီသည် ထူးမခြားသလို ပြောလိုက်သည်။
သူ့အနေနှင့် ခရမ်းရောင်နက်နဲလောကကြီးအတွက် တိုက်ရိုက်ဆိုသလို ပြုမူဆောင်ရွက်ခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ မြေအင်မော်တယ်လောကထဲတွင် ရှိနေသည့် ထာဝရ အစစ်အမှန် အင်မော်တယ်သည် သူနှင့်အတူ ပူးပေါင်းကာ လာရောက်တိုက်ခိုက်ခဲ့၏။ ဤကဲ့သို့သော ပူးပေါင်းတိုက်ခိုက်မှုသည် များပြားလှသည့် စိတ်ဝင်စားမှုများ ဖြစ်တည်လာခဲ့စေ၏။ ထိုသို့ဆိုလျှင်တောင်မှ ပူးပေါင်းမှုသည် သေသေချာချာ ပူးပေါင်းခဲ့ခြင်း မဟုတ်ချေ။ ရန်သူတစ်ယောက်ကို နှိမ်နင်းနိုင်ရန်အတွက် ခဏတာ ပူးပေါင်းခဲ့ခြင်းသာလျှင်။
“နိရယ အင်ပါယာက သေဆုံးသွားခဲ့တာ မဟုတ်ဘူး။ ဒီတော့ အနာဂတ်မှာ ကျုပ်တို့ ထပ်ပြီး ပူးပေါင်း တိုက်ခိုက်ရမယ့် အခြေအနေမျိုး ရှိလာနိုင်တယ်။ ဒီအဖြစ်အပျက်တွေ ပြီးတဲ့အချိန်မှာ သူမကလည်း လွယ်လွယ်ကူကူနဲ့ လက်လွှတ် ပေးတော့မှာ မဟုတ်ဘူး။ တစ်နေ့မှာ ကျိန်းသေပေါက် ဒေါသတရားတွေနဲ့ ပြန်လာလိမ့်မယ်” ထာဝရ အစစ်အမှန် အင်မော်တယ်သည် တည်ငြိမ်စွာ ပြောဆိုလိုက်၏။
“တကယ်လို့ သူမကို ဖိနှိပ်ချင်တယ်ဆိုရင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီ သွားလည်ဖို့ စဉ်းစားသင့်တယ်”
တော်ဝင်အင်ပါယာပိုင်လီသည် ဆန်းကြယ်စွာဖြင့် အကြံပြုလိုက်သည်။ “စီနီယာနန်းဆောင်သခင်ရဲ့ စွမ်းဆောင်ရည်အရဆိုရင် ကျိန်းသေပေါက် နိရယ အင်ပါယာ ဘယ်နေရာကို ထွက်ပြေးသွားတယ်ဆိုတာကို သိမှာပဲ။”
“ဟမ်”
ထာဝရ အစစ်အမှန် အင်မော်တယ်သည် မျက်ခုံးကို ပင့်လိုက်မိ၏။ ဤအကြံပြုမှုသည် တကယ်ပင် ကျိုးကြောင်း ဆီလျော်လွန်းလှ၏။ လက်ရှိအချိန်တွင် နိရယ အင်ပါယာသည် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိသွားခဲ့ပြီ ဖြစ်သောကြောင့် တော်ဝင်အင်ပါယာပိုင်လီ၏ ကူညီမှုမရှိလျှင်တောင်မှ သူ့အနေနှင့် လွယ်လွယ်ကူကူ ဖိနှိပ်နိုင်စွမ်း ရှိသည်။
“သတိပေးတဲ့အတွက် ကျေးဇူးပါပဲ တာအိုရောင်းရင်း” ထာဝရ အစစ်အမှန် အင်မော်တယ်က ပြောဆိုလိုက်သည်။
“ခရမ်းရောင်နက်နဲလောကအနေနဲ့ အတိုးယူဖို့ ကျုပ်စဉ်းစားမိနေတယ်” တော်ဝင်အင်ပါယာပိုင်လီက ပြောလိုက်၏။
တိုက်ပွဲပြီးသည့်နောက် ခရမ်းရောင်နက်နဲလောကကြီးသည် ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာ ရရှိခဲ့၏။ နိရယလောကနှင့် ရန်ငြိုးကို ဖြေရှင်းပြီးပြီ ဆိုလျှင်တောင်မှ တခြားသော ဂိုဏ်းဂဏ အသီးသီးတို့နှင့် ပြဿနာ ဖြေရှင်းရန် လိုအပ်နေ၏။ ထို့ကြောင့် တော်ဝင်အင်ပါယာပိုင်လီသည် တွန့်ဆုတ် မနေတော့ချေ။ သူ၏လက်များကို ယမ်းခါကာဖြင့် မြန်မြန်ဆန်ဆန် ထွက်ခွာသွားရန် ပြင်လိုက်သည်။
အစစ်အမှန် အင်မော်တယ်များ၏ တိုက်ပွဲ ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။ တော်ဝင်အင်ပါယာပိုင်လီသည် ခရမ်းရောင်နက်နဲ လောကဆီသို့ ပြန်လာခဲ့ပြီဖြစ်၏။
ခရမ်းရောင်နက်နဲလောကတွင် ရှိနေသည့် သက်ရှိသတ္တဝါပေါင်း များစွာတို့သည် တော်ဝင်အင်ပါယာပိုင်လီ ပြန်လာသည်ကို မြင်နေကြ၏။ မြေအင်မော်တယ်လောကတွင် ရှိနေသော တချို့သောသူများဆိုလျှင် တော်ဝင် အင်ပါယာပိုင်လီ၏ ပုံရိပ်အသွင်ကို ကြည့်ရှုရင်း ကြက်သီးထမိကြ၏။ မည်သူမှသည် နိရယအင်ပါယာ၏ သတင်းနှင့် ပတ်သက်၍ မသိရှိခဲ့ကြချေ။
နိရယအင်ပါယာသည် ဤရက်ပိုင်းအတွင်း တကယ်ပင် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေပြီး လူပေါင်းများစွာတို့သည် နိရယအင်ပါယာနှင့် ငရဲလောကကြီးတို့သည် ဤနေရာ၌ တည်ရှိပါ့မလားကိုပင် မသေချာတော့သည့်အခြေအနေ တစ်ခုဆီသို့ ရောက်ရှိသွားခဲ့၏။ သို့ပေမဲ့ အခြေအနေ တစ်ခုလုံးသည် လူပေါင်းများစွာတို့၏ နှလုံးသားများကို ခဲဆွဲသလို လေးလံနေစေခဲ့သည်။
တော်ဝင်အင်ပါယာပိုင်လီ ပြန်လာခဲ့ပြီးသည့်နောက် ထာဝရ အစစ်အမှန် အင်မော်တယ်သည် ပိုမို အားကောင်းချင်စိတ် ရှိလာမှာ သေချာ၏။ တခြားတစ်ဖက်က ကြည့်ရှုရမည်ဆိုလျှင် နိရယအင်ပါယာသည် ကျိန်းသေပေါက် လက်စားပြန်ချေပေဦးမည်။
“နိရယအင်ပါယာ သေသွားတာ ဟုတ်ပါ့မလား” မြေအင်မော်တယ်လောကထဲမှာတော့ တစ်စုံတစ်ယောက်သည် တီးတိုးရေရွတ်လိုက်၏။ အစစ်အမှန် အင်မော်တယ်တစ်ယောက်၏ သေဆုံးခြင်းဆိုသည်မှာ ကျိန်းသေပေါက် သေးငယ်လှသည့် အရာတစ်ခု မဟုတ်ချေ။
ကံဆိုးစွာဖြင့် နိရယ အင်ပါယာနှင့် တခြားသူများ၏ တိုက်ပွဲသည် လောက၏ အထက် တည်နေရာလမ်းကြောင်းတွင် ဖြစ်ပျက်ခဲ့သောကြောင့် တိုက်ပွဲ၏ ဖြစ်စဉ်ကို မည်သူကမှ သေသေချာချာ မတွေ့လိုက်ရချေ။ ထို့အပြင် အစစ်အမှန် အင်မော်တယ်များကြားထဲတွင် မည်သူ အသက်ရှင် ကျန်ရစ်ခဲ့သနည်း ဆိုသည်ကို သွားရောက် မေးမြန်းရန် မည်သူက သတ္တိရှိနေမည်နည်း။
“နိရယ အင်ပါယာက အင်မော်တယ် ဖြစ်လာခဲ့တယ်။ သူမရဲ့ နာမည်က အင်ပါယာစာရင်းမှာ ပျောက်ကွယ်သွားခဲ့ပြီ။ ခန့်မှန်းရမယ်ဆိုရင် သူမက သေသွားတာလား၊ အဆင့်တက်သွားတာလား။ သေသေချာချာ မသိဘူး။ ဘာတွေ ဖြစ်လာမလဲဆိုတာကို သိတဲ့လူက လောကမှာ အနည်းငယ်ပဲ ရှိလိမ့်မယ်” ရှေးအင်ပါယာတစ်ယောက်သည် သက်ပြင်း ချလိုက်၏။
နိရယအင်ပါယာ၏ သာမန်ထက်ပိုကာ ထူးခြားလှသည့် ပါရမီသည် နှစ်ပေါင်းများစွာအတွင်း သူမကို ထိပ်ဆုံးအဆင့်သို့ ရောက်ရှိစေခဲ့၏။ သူမသည် ပြိုင်ဘက်ကင်းသည့် လူတစ်ယောက်အဖြစ် သုံးသပ်၍ရပြီး သူမ၏ အရှေ့တွင် ထိုကဲ့သို့သော စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသနိုင်သူဟူ၍ တစ်ယောက်တည်းသာလျှင် ရှိ၏။ ထို့အပြင် သူမသည် အကန့်အသတ်မဲ့ များပြားလွန်းလှသည့် အောင်မြင်မှုများနှင့် အနာဂတ်ကိုလည်း ပိုင်ဆိုင်၏။ သူမအနေနှင့် ထာဝရ အစစ်အမှန်အင်မော်တယ်ကို ရန်ပြုခဲ့လိမ့်မည်ဟု မည်သူက ထင်မှတ်မိနေမည်နည်း။ လက်ရှိအခြေအနေမှာတော့ ထိုအခြေအနေအတွက် ပြန်လည်ပေးဆပ်ခဲ့ရသည်။
“လောကကြီး ပေါင်းစပ်ပြီးတဲ့နောက်မှာ ရှေးစွမ်းအားမြင့် ကျင့်ကြံသူတွေက လောကထဲကို လာပြီး လှမ်းလျှောက်လိမ့်မယ်။ ဒီတော့ အစစ်အမှန် အင်မော်တယ်အဆင့်ကို တက်လှမ်းနိုင်တယ် ဆိုရင်တောင်မှ သေဆုံးသွားနိုင်တဲ့ အခြေအနေမျိုး ရှိနေသေးတယ်” တခြားသော အင်ပါယာတစ်ယောက်သည် ၎င်း၏ စိုးရိမ် ပူပန်မှုကို ဖွင့်ဟလိုက်၏။
ကုန်ဆုံးခဲ့သည့် နှစ်များအတွင်း အင်မော်တယ် သို့မဟုတ် အင်ပါယာဖြစ်လာရန် ဆိုသည်မှာ တကယ့်ကို ခက်ခဲလွန်းလှချေ၏။ သို့ပေမဲ့ ယနေ့အချိန်မှာတော့ အရာအားလုံးသည် ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ အစစ်အမှန် အင်မော်တယ်များသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး ထိုအရာသည် အရမ်းကြီး ဆန်းကြယ်လှသည့် အရာမျိုးပင် မဟုတ်တော့ချေ။ အစစ်အမှန် အင်မော်တယ်များ သေဆုံးသွားမည် ဆိုလျှင်တောင်မှ မည်သူမှ ဂရုမစိုက်တော့မည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။
……….
လွင့်မျောတိမ်တောင်၏ ကြီးမားလွန်းလှသည့် ဟောခန်းကြီး တစ်ခုအတွင်းမှာတော့ လွင့်မျောတိမ်တောင် သခင်သည် ဆန်းကြယ်လွန်းလှသည့် အော်ရာများကို ထုတ်ဖော်လျက် ရှိနေပြီး ၎င်းသည် တကယ်ကို သေသပ်လှပလွန်းသော ဝတ်စုံကို ဝတ်ဆင်ထားခဲ့၏။ ဦးခေါင်းထက်တွင်လည်း ကျောက်စိမ်း သရဖူကို ဆင်မြန်းထား၏။ လက်ထဲတွင် ကျောက်စိမ်းပြား တစ်ခုက တည်ရှိနေပြီး သတင်းအချက်အလက် များကို ဖတ်ရှုနေ၏။ ခဏလောက် ကြာပြီးသည့်နောက် သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ လက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းပြားသည် အမှုန့်အဖြစ်သို့ ပြောင်းလဲသွား၏။
“ချီးတဲ့မှ ဘယ်လိုဖြစ်ပြီးတော့ ထာဝရ အစစ်အမှန် အင်မော်တယ်က တော်ဝင်အင်ပါယာပိုင်လီနဲ့ ပူးပေါင်းလိုက်ရ တာလဲ။ မြေအင်မော်တယ်လောကရဲ့ စီနီယာတစ်ယောက်အနေနဲ့ နိရယအင်ပါယာနဲ့ တခြားပြင်ပကလူတွေ တိုက်ခိုက်တဲ့အချိန်မှာ မဟာမိတ်ဖွဲ့ပြီး နိရယအင်ပါယာဘက်ကနေ တိုက်ခိုက်သင့်တယ် မဟုတ်ဘူးလား” လွင့်မျောတိမ်တောင်သခင်သည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
ဤနေရာသည် လွင့်မျောတိမ်တောင်၏ အဓိကဟောခန်းကြီးတစ်ခုဖြစ်ပြီး ၎င်းတို့ဂိုဏ်းသည်လည်း အစစ်အမှန် အင်မော်တယ် တစ်ယောက်ကို မွေးဖွားပေးနိုင်ခဲ့၏။ အစစ်အမှန် အင်မော်တယ် သေဆုံးသွားခဲ့သည် ဆိုလျှင်တောင်မှ ကြောက်မက်ဖွယ်ရာကောင်းလှသည့် အမွေအနှစ်များကို ချန်ရစ်ခဲ့၏။ ထို့ကြောင့်ပင်လျှင် သူတို့သည် အစစ်အမှန် အင်မော်တယ် တစ်ယောက်ကို ထပ်မံထုတ်ဖော်ဖို့ ဆိုသည်ကို စိုးရိမ်ပူပန်မှု မရှိကြချေ။
“သခင်... စိတ်အေးအေးထားပါအုံး။ ဒီကိစ္စက မြေအင်မော်တယ်လောကမှာရှိတဲ့ သက်ရှိသတ္တဝါတွေ အကုန်လုံး မထင်မှတ်ထားခဲ့တဲ့ ကိစ္စလေ” လွင့်မျောတိမ်တောင်သခင်၏ ဘေးဘက်တွင် ရှိနေသည့် အဘိုးအိုသည် သက်ပြင်းကို ချလိုက်၏။ မူလအားဖြင့် တော်ဝင်အင်ပါယာပိုင်လီသည် အသက်ရှင် ကျန်ရစ်လိမ့်မည် မဟုတ်ဟု အားလုံးသောသူတို့က ထင်မှတ်ခဲ့၏။ သို့ပေမဲ့ လက်ရှိအချိန်တွင် သေဆုံးပြီး ပျောက်ကွယ်သွားခဲ့သည့်လူသည် နိရယ အင်ပါယာ ဖြစ်လို့နေခဲ့၏။
လက်ရှိအချိန်မှာတော့ တော်ဝင်အင်ပါယာပိုင်လီသည် ကောင်းကောင်းမွန်မွန် အသက်ရှင်လျက် တည်ရှိနေသည်။ ထို့ကြောင့် သူတို့ လွင့်မျောတိမ်တောင်၏ အင်မော်တယ်လက်နက်သည် မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း။ အင်မော်တယ်လက်နက်သည် ၎င်းတို့၏ ဘိုးဘေးချန်ခဲ့သည့် လက်နက်ဖြစ်၏။ လက်ရှိအချိန်မှာတော့ ထိုလက်နက် သည် တခြားသူ၏ လက်ထဲတွင် တောက်ပစွာ တည်ရှိနေသည်ကို မည်ကဲ့သို့သော မျက်လုံးဖြင့် ကြည့်ရှုရမည်နည်း။
“လွင့်မျောတိမ်တောင်ရဲ့ အင်မော်တယ်ကျောက်တိုင်ကြီးက တကယ့်ကို အရေးကြီးတဲ့ အခြေအနေမှာ ရှိနေတယ်။ ကျုပ်တို့အနေနဲ့ အပြင်လူဆီကနေပြီး ရအောင်ပြန်ယူဖို့ နည်းလမ်းကို စဉ်းစားရမယ်” လွင့်မျောတိမ်တောင် သခင်သည် လေးနက်တည်ကြည်စွာဖြင့် ပြောဆိုလိုက်၏။ သူသည် ခေါင်းကိုမော့ပြီးသည့်နောက် ခရမ်းရောင်နက်နဲ လောကကြီး တည်နေရာဆီသို့ လှမ်းကြည့်လိုက်၏။ သူ၏ မျက်လုံးများသည် အေးစက်မှုများဖြင့် ပြည့်နှက်သွားခဲ့၏။
အင်ပါယာပိုင်လီသည်သာ အင်မော်တယ် မဖြစ်ခဲ့ပါက သူသည် ကျိန်းသေပေါက် လူများကို ခေါ်ယူပြီး သွားရောက်တိုက်ခိုက်မှာ သေချာ၏။ တော်ဝင်အင်ပါယာပိုင်လီသည် အင်ပါယာအဆင့်စာရင်း၏ နံပါတ်ကိုး ချိတ်ပြီး ခန့်မှန်း၍ မရနိုင်သည့် အားအင်အဆင့်ကို ပိုင်ဆိုင်သည် ဆိုလျှင်တောင်မှ များပြားလှသည့် အင်ပါယာများ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
“သခင်... ကျေးဇူးပြုပြီး စိတ်ကို အေးအေးထားပါအုံး။ တော်ဝင်အင်ပါယာပိုင်လီ လက်ထဲက လွင့်မျောတိမ်တောင်ရဲ့ ကျောက်တိုင်ကြီးကို ပြန်လည်ရယူဖို့ဆိုတာ တကယ် ခက်ခဲလိမ့်မယ်” အကြီးအကဲတစ်ယောက် သည် လေးနက် တည်ကြည်စွာ ပြောဆိုလိုက်သည်။
သူတို့၏ လက်ရှိ အားအင်အဆင့်အရဆိုလျှင် တော်ဝင်အင်ပါယာပိုင်လီကို သွားရောက်ကာ ပြဿနာရှာခြင်း ဆိုသည်မှာ ကျောက်တိုင်ကို ကြက်ဥနှင့် သွားရောက်ပစ်ခြင်းသာလျှင် ဖြစ်၏။ မိမိကိုယ်ကို သတ်သေခြင်းဟုလည်း တမျိုးတမည် အဓိပ္ပာယ် ဖော်ဆောင်နေ၏။ မြေအင်မော်တယ်လောကမှ လူများသည် သူတို့ဘက်မှ လိုက်ကာဖြင့် ဝိုင်းဝန်း တိုက်ခိုက်လိမ့်မည် မဟုတ်ချေ။ ထိုအစား သူတို့ သေဆုံးသွားမည်ဆိုပါက လွင့်မျောတိမ်တောင်တွင် ရှိနေသည့် အမွေအနှစ်များကို အညီအမျှနှင့် ခွဲဝေယူဆောင်ရန်သာ စဉ်းစားကြပေမည်။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို သွားပြီးတော့ စမ်းသပ်ကြည့်မယ် ဆိုရင်ကော” လွင့်မျောတိမ်တောင်၏ သခင်သည် အချိန်အတော်ကြာ စဉ်းစားပြီးသည့်နောက် ရုတ်တရက် အကြံပြုလိုက်၏။
“ကောင်းကင်လျှို့ဝှက်နန်းဆောင် ဟုတ်လား”
အကြီးအကဲတစ်ယောက်သည် တွန့်ကနဲ ဖြစ်သွား၏။ သူသည် ခဏလောက် ကြာပြီးသည့်နောက် ပြန်လည်ကာ မေးမြန်းလိုက်သည်။ “ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို နားလည်နေတယ်လို့ ပြောတယ်။ အတိတ်တွေ၊ အနာဂတ်တွေ အကုန်လုံးကို သိရှိတယ်။ မြေအင်မော်တယ်လောက နဲ့ ခရမ်းရောင်နက်နဲလောကတို့ ပေါင်းစပ်သွားတာက သူ့ရဲ့ လှုပ်ရှားမှု လို့တောင် ပြောကြသေးတယ်။ သူသာ ဝင်ပြီး လှုပ်ရှားမယ်ဆိုရင် လွင့်မျောတယ်တောင်ရဲ့ အင်မော်တယ် လက်နက်ကို ပြန်ယူဖို့ ပြဿနာတစ်ခု မဟုတ်နိုင်ဘူး”