အပိုင်း (၄၄၆)
Vol. 30 Ch. 446
“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို ဝင်ပြီး လှုပ်ရှားပေးဖို့ ပြောဆိုတယ်ဆိုတာ တကယ်ကို စိန်ခေါ်မှုဖြစ်ပြီး ခက်ခဲလိမ့်မယ်” လွင့်မျောတိမ်တောင်သခင်သည် ခေါင်းကို ခါယမ်းလိုက်၏။ လောကကြီးနှစ်ခုကို ပေါင်းစပ် နိုင်စွမ်းရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ကို လွယ်လွယ်ကူကူ ချဉ်းကပ်နိုင်ဖို့ ဆိုသည်မှာ ဖြစ်နိုင် လိမ့်မည် မဟုတ်ချေ။ ထို့အပြင် ထိုကဲ့သို့သော သူများကို အကူအညီတောင်းခြင်းဆိုသည်မှာ ယုတ္တိတန်လှသည့် ကိစ္စမဟုတ်ချေ။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်အနေနဲ့ ဝင်ရောက်လှုပ်ရှားဖို့ ငြင်းပယ်မယ်ဆိုရင်တောင်မှ သတင်း အချက်အလက်တချို့ကိုတော့ ကျုပ်တို့ ရနိုင်တယ်။ သူ့ရဲ့လမ်းညွှန်မှုနဲ့ မှန်ကန်တဲ့လမ်းစဉ်ကို လျှောက်လှမ်းနိုင် လိမ့်မယ်” အကြီးအကဲတစ်ယောက်သည် ခဏလောက် စဉ်းစားပြီးနောက် တွေးတွေးဆဆ ပြောလိုက်၏။
“ဒီအတောအတွင်း ကျုပ်တို့က ခရမ်းရောင်နက်နဲလောကကြီးနဲ့ ကောင်းကင်မူလလောကကြီးမှာရှိတဲ့ သတင်း အချက်အလက်တွေကို စုဆောင်းထားခဲ့တယ်။ တော်တော်များများ အကြောင်းအရာတွေက ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်နဲ့ ပတ်သက်နေတဲ့ အကြောင်းအရာတွေကြီးပဲ”
“ဪ”
လွင့်မျောတိမ်တောင်သခင်၏ မျက်နှာပေါ်တွင် စိတ်ဝင်စားသည့် အမူအရာများ ပြည့်နှက်လာခဲ့၏။ သူက မေးမြန်းလိုက်သည်။ “ဘယ်လို သတင်းအချက်အလက်တွေလဲ”
“သခင် မေးတာကို ရိုးရိုးသားသား ပြောရမယ်ဆိုရင်”
အကြီးအကဲသည် ဦးညွတ်ပြီးသည့်နောက် အပိုစာသားတွေ မပြောတော့ချေ။ လိုရင်းကိုသာ စတင်ကာ ပြောဆိုလိုက်၏။ “ကျုပ်တို့ ရခဲ့တဲ့ သတင်းအချက်အလက်တွေအရ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ကောင်းကင်မူလလောကကြီးထဲမှာ အရင်ဆုံး ပေါ်လာတယ်။ သူပေါ်လာခဲ့တာက နှစ်အနည်းငယ်ပဲ ရှိသေးတယ်။ ဒါပေမဲ့ ကောင်းကင်မူလလောကကြီးက သိသိသာသာ တိုးတက် ပြောင်းလဲလာခဲ့တယ်။ အချိန်တိုအတွင်းမှာပဲ အင်ပါယာတွေ အများအပြား ပေါ်ပေါက်လာခဲ့တယ်”
“ဒါက”
လွင့်မျောတိမ်တောင်၏ သခင်သည် ထိုစကားကို ကြားရသည့်အချိန်မှာတော့ ခေါင်းညိတ်ကာ ပြောလိုက်သည်။ “အင်း... အရေးကြီးတဲ့ သတင်းအချက်အလက်ပဲ။ ကျုပ် ဒီကိစ္စကို အနည်းနဲ့ အများတော့ သိပြီးသားပါပဲ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က တခြားသူတွေကို အင်ပါယာ သို့မဟုတ် အင်မော်တယ်ဖြစ်အောင် လမ်းညွှန်ပြသပေးနိုင်တယ်ဆိုတဲ့ သတင်းအချက်အလက်က လျှို့ဝှက်ချက် မဟုတ်ဘူး”
ကောင်းကင်မူလလောကကြီးကို မဆိုနှင့် ခရမ်းရောင်နက်နဲလောကကြီးနှင့် မြေအင်မော်တယ် လောကကြီးတွင် ပင်လျှင် အချိန်အတိုင်းအတာတိုအတွင်း သာမန်ကျင့်ကြံသူမှသည် အစစ်အမှန် အင်မော်တယ်အဆင့် ထိရောက်အောင် ပြုလုပ်နိုင်စွမ်းရှိသည့်အကြောင်း သိရှိပြီးသားဖြစ်သည်။ တော်တော်များများတို့သည် ထိုအခြင်းအရာနှင့် ပတ်သက်၍ ရင်းနှီးနေကြပြီဖြစ်သည်။ ထို့အပြင် တော်ဝင်အင်ပါယာပိုင်လီနှင့် နိရယအင်ပါယာတို့ အင်မော်တယ် ဖြစ်သွားခြင်းသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ ကျေးဇူးတရားကြောင့်ပင်။
“ကျုပ်တို့ လွင့်မျောတိမ်တောင်မှာ အင်ပါယာတော်တော်များများ တည်ရှိတယ်ဆိုပေမဲ့ အင်မော်တယ်အဆင့် စာရင်းထဲ လှမ်းဝင်နိုင်တဲ့လူ တစ်ယောက်မှ မရှိဘူး။ ကျုပ်တို့ထဲမှာ အားအကောင်းဆုံးဖြစ်တဲ့ အင်ပါယာ ရန်မို တောင်မှ အင်မော်တယ်အဆင့်ကို တက်လှမ်းနိုင်ဖို့ လမ်းတော်တော်ဝေးဝေးမှာ ရှိနေသေးတယ်။ တကယ်လို့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီ သွားပြီးတော့ သင့်တော်တဲ့ ပမာဏကိုပေးပြီး အခွင့်အရေးတွေကို ဝယ်ယူလိုက်မယ်ဆိုရင် အင်မော်တယ် ဖြစ်လာနိုင်တယ်”
“အင်ပါယာရန်မိုရဲ့ အခြေခံက လုံလောက်တာ မဟုတ်ဘူး ဆိုရင်တောင်မှ သူ့အနေနဲ့ အင်မော်တယ်ဖြစ်ဖို့ အခွင့်အရေးကို ပိုင်ဆိုင်နိုင်တယ်”
လွင့်မျောတိမ်တောင်၏ သခင်သည် ခေါင်းကို ခါယမ်းကာဖြင့် ပြောဆိုလိုက်သည်။ “ဒါပေမဲ့ သူ့ဆီမှာ လုံလောက်တဲ့ အရည်အချင်း မရှိဘူးဆိုရင် အခွင့်အရေးကို ဖြုန်းတီးတာလည်း ဖြစ်နိုင်တယ်”
ကျင့်ကြံခြင်းလမ်းစဉ်တွင် အားကောင်းသူသည် ပိုမိုကာ အားကောင်းလာမှာဖြစ်၏။ အင်ပါယာအဆင့် စာရင်းဆီသို့ ဝင်နိုင်စွမ်းရှိသည့် လူများသာလျှင် အင်မော်တယ် ဖြစ်လာပေလိမ့်မည်။ ထို့အပြင် အင်မော်တယ်များ၏ အားအင်အဆင့်ဆိုသည်မှာ ကျိန်းသေပေါက် အထင်အမြင်သေး၍ ရနိုင်သည့် အရာမျိုး မဟုတ်ချေ။ အင်ပါယာရန်မို အနေနှင့် အစစ်အမှန် အင်မော်တယ်အဆင့်ဆီသို့ သူ၏ အခြေခံဖြင့် အတင်း တက်လှမ်းနိုင်ရန် ကြိုးစားမည်ဆိုပါက အစစ်အမှန် အင်မော်တယ်များကြားထဲတွင် အားအနည်းဆုံး ဖြစ်ကောင်း ဖြစ်နိုင်၏။
“ဒါက ကျုပ်မြင်ချင်တဲ့ အခြေအနေမျိုး မဟုတ်ဘူး” လွင့်မျောတိမ်တောင်၏ သခင်သည် တီးတိုးရေရွတ်လိုက်သည်။
“သခင်... နားလည်မှု လွဲနေပြီ”
အကြီးအကဲသည် ခေါင်းကို ခါယမ်းကာဖြင့် ဖြည်းညှင်းစွာ ပြောလိုက်၏။ “အင်ပါယာရန်မိုကို အင်မော်တယ် ဖြစ်ဖို့အတွက် အကြံပြုနေတာ မဟုတ်ဘူး။ အင်မော်တယ်လက်နက်တစ်ခုကို ရည်ညွှန်းနေတာ”
“ဟမ်”
လွင့်မျောတိမ်တောင်သခင်သည် အသာမျက်မှောင်ကုတ်လိုက်၏။ တစ်စုံတစ်ခုသည် သူ၏စိတ်ထဲတွင် ပေါ်ပေါက်လာ၏။ ထို့နောက် သူက လေးလေးနက်နက်ဖြင့် ပြောလိုက်သည်။ “ဆက်ပြော”
“ကျုပ် သိသလောက်ဆိုရင် ကောင်းကင်မူလလောကကြီးထဲမှာ ဂိုဏ်းဂဏ အသီးသီးရှိတယ်။ အတိတ်တုန်းက သူတို့ဆီမှာ အင်ပါရီယာလက်နက်ဆိုတာတောင် မရှိကြဘူး။ ဒါပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဆီက သတင်းအချက်အလက်တွေကို ဝယ်ယူပြီးတဲ့နောက်မှာ အားလုံးသောသူတို့က အင်ပါရီယာလက်နက်ကို ပိုင်ဆိုင် နေကြပြီလေ”
ကောင်းကင်မူလလောကကြီး၏ တည်နေရာဆီသို့ လှမ်းကြည့်ပြီးသည့်နောက် အကြီးအကဲ၏ မျက်လုံးများသည် စိတ်အားတက်ကြွမှုများ ပြည့်နှက်လာခဲ့၏။ သူက ဆက်လက်ကာ ပြောဆိုလိုက်၏။ “ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်က တခြားသူတွေကို အင်မော်တယ် ဖြစ်ဖို့ လမ်းညွှန်ပေးနိုင်စွမ်း ရှိသလို ခရမ်းရောင်နက်နဲလောကကြီးရဲ့ တော်ဝင်အင်ပါယာ ပိုင်လီကိုလည်း လွင့်မျောတိမ်တောင် ဘိုးဘေးပိုင်ဆိုင်တဲ့ အင်မော်တယ်လက်နက်ကို ရရှိအောင် လမ်းညွှန်ပေးနိုင်စွမ်း ရှိနေသေးတယ်။ ဒါဆိုရင် ကျုပ်တို့ လွင့်မျောတိမ်တောင်အနေနဲ့ တူညီတဲ့ ချဉ်းကပ်မှုမျိုးကို ဘာလို့ မပြုလုပ်နိုင်ရမှာလဲ”
လွင့်မျောတိမ်တောင်သည့် ခန့်မှန်း၍ မရနိုင်အောင် များပြားသည့် အခြေခံများကို ပိုင်ဆိုင်ပြီး တချို့သော စွမ်းအားမြင့် ဂိုဏ်းဂဏများပင်လျှင် အထင်ကြီးရသည့် အမွေအနှစ်များကို ပိုင်ဆိုင်၏။ သူတို့ လိုအပ်နေသည်မှာ ကျောက်စိမ်းလေဟာနယ်နန်းတော်ကဲ့သို့ အစစ်အမှန် အင်မော်တယ်သာလျှင်ဖြစ်၏။ ထို့အပြင် ခြားနားမှုကို ပြောဆိုရမည်ဆိုလျှင် အင်မော်တယ်လက်နက်တစ်ခုကလည်း ခြားနားလို့နေသေးသည်။
အင်မော်တယ်လက်နက် တစ်ခုကို ပိုင်ဆိုင်မည်ဆိုပါက ….. သူတို့ဘိုးဘေး ချန်ထားခဲ့သည့် အင်မော်တယ် ကျောက်တိုင်ကြီး မဟုတ်ဘူး ဆိုလျှင်တောင်မှ တခြားသောဂိုဏ်းဂဏ အသီးသီးကို ယှဉ်ပြိုင်နိုင်စွမ်း ရှိလာာလိမ့်မည်။
ပြောရမည်ဆိုလျှင် သူတို့အနေနှင့် သူတို့ဘိုးဘေးချန်ခဲ့သည့်အရာ၊ သူတို့ဘိုးဘေး ချန်ထားခဲ့သည့် လွင့်မျောတိမ်တောင်၏ ကျောက်တိုင်ကြီး ထိုကဲ့သို့သော အရာများကို မျှော်လင့်နေ၍ မဖြစ်ချေ။ အင်မော်တယ် လက်နက်တစ်ခုခုကို ရရှိမည်ဆိုပါက ကျိန်းသေပေါက် တူညီသည့် အခြေအနေမျိုး ဖြစ်ပေလိမ့်မည်။
အင်မော်တယ်လက်နက်နှင့် လွင့်မျောတိမ်တောင်၏ အင်မော်တယ်ကျောက်တိုင်ကြီးသည် ဘာကွာခြားချက် ရှိနေသနည်း။
“ခင်ဗျား ပြောချင်တာ ကျုပ်နည်းနည်းတော့ နားလည်လာပြီ” လွင့်မျောတိမ်တောင်၏ သခင်သည် လက်နှစ်ဖက်ကို နောက်ပစ်ပြီးနောက် စဉ်းစားနေမိ၏။ သူသည် သူ၏အစီအစဉ်ကို မည်ကဲ့သို့ လျှောက်လှမ်းရမည် ဖြစ်ကြောင်း တွေးတောနေခြင်းပင်။
အချိန်အနည်းငယ် ကြာပြီးသည့်နောက် သူက ပြောလိုက်သည်။ “မြေအင်မော်တယ်လောကကြီးထဲမှာ အစစ်အမှန် အင်မော်တယ်တွေ တစ်ယောက်ပြီးတစ်ယောက် ပေါ်ပေါက်လာတယ်ဆိုတာ အားလုံးက သိရှိပြီးဖြစ်တယ်။ သူတို့ ကိုင်ဆောင်ခဲ့တဲ့ လက်နက်တွေက တခြားသူတွေရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ခဲ့တယ်။ ကောင်းကင် လျှို့ဝှက်နန်းဆောင်သခင်သာ ပိုင်ရှင်မဲ့နေတဲ့ လက်နက်တစ်ခုခုကို ရှာဖွေမတွေ့နိုင်ဘူးဆိုရင် ကျုပ်တို့ ဘာလုပ်ကြမလဲ”
ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ကောင်းကင်၏ လျှို့ဝှက်ချက်များကို တွက်ချက်သည့်နေရာတွင် တကယ်ပင် ကျွမ်းကျင်လွန်းလှ၏။ သို့ပေမဲ့ မြေအင်မော်တယ်လောကကြီးမှလွဲလျှင် တခြားသော လောကများတွင် အစစ်အမှန် အင်မော်တယ်ဟူ၍ ပေါ်ပေါက်မလာခဲ့ဖူးချေ။ သူတို့သည်သာ သူတို့၏ အစီအမံအတိုင်း ပြုမူ ဆောင်ရွက်သည်ဆိုပါက သူတို့၏ ကိုယ်ပိုင်လောကထဲတွင် ရှိနေသည့် လက်နက်တစ်ခုကို ပြန်လည် လုယူရမည်နှင့် ဆင်တူနေမည် မဟုတ်ပါလား။
ထို့အပြင် မြေအင်မော်တယ်လောကတွင် ရှိနေသည့် အင်မော်တယ်လက်နက် တော်တော်များများတို့သည် တခြားသောသူများ၏ ထိန်းချုပ်မှုအောက်တွင် မည်မျှ ရောက်ရှိနေသနည်း။ မည်မျှ ကျန်သေးသနည်း ဆိုသည်က မသေချာလှချေ။
“သခင်... တစ်စုံတစ်ယောက်ကို မေ့နေပြီလား” အကြီးအကဲသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ သူသည် တစ်စုံတစ်ခုကို သိရှိသည့် အရိပ်အယောင်မျိုးကို ထုတ်ဖော်နေ၏။
“ဘယ်သူလဲ” လွင့်မျောတိမ်တောင်၏ သခင်က မေးမြန်းလိုက်သည်။
“ဖန်းဟန်လေ” ထိုအကြီးအကဲသည် စကားစုနှစ်ခုကို အသာပင် ရေရွတ်လိုက်၏။
“ဖန်းကလန်ရဲ့ မျိုးဆက်သစ်လား”
လွင့်မျောတိမ်တောင်သခင်သည် တွန့်ကနဲ ဖြစ်သွားခဲ့၏။ ဤစကားစုကို သူက ရင်းနှီးပြီးသားဖြစ်၏။ ဖန်းကလန်၏ အဖွဲ့ဝင်ပေါင်းသိန်းချီတို့သည် တခြားသူများ၏ သုတ်သင်ရှင်းလင်းမှုကို ခံခဲ့ရ၏။ ထွက်ပြေးလွတ်မြောက်နိုင်သူ ဟူ၍ တစ်ယောက်၊ နှစ်ယောက်သာ ရှိခဲ့၏။ တစ်ယောက်သည် ဖန်းကလန်၏ သခင်လေးဖြစ်ပြီး တခြားသောတစ်ယောက်မှာတော့ ကျေးကျွန်အိုကြီးသာလျှင်ဖြစ်သည်။
လွင့်မျောတိမ်တောင်အတွက် ၎င်းတို့သည် ကြီးမားလှသည့် သက်ရောက်မှုမျိုး မဟုတ်ချေ။ ဖန်းကလန်၏ ကျေးကျွန်အိုကြီးသည် တော်ဝင်သူတော်စင်ထိပ်ဆုံးအဆင့်ထက် ပိုသည့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်သည် မဟုတ်ချေ။ ခရမ်းရောင်နက်နဲလောကကြီးနှင့် ကောင်းကင်မူလလောကကြီးတွင် ၎င်းသည် တကယ့်ကို ဂုဏ်သိက္ခာကြီးမား လှသည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ဟု ပြောဆိုရမည်ဖြစ်သော်လည်း လွင့်မျောတိမ်တောင်အတွက် တော့ ပုရွက်ဆိတ်လေးတစ်ကောင်ထက် မပိုလှချေ။ အင်ပါယာတစ်ယောက်ကို စေလွှတ်ကာ တိုက်ခိုက်လိုက်ရုံဖြင့် လွယ်လွယ်ကူကူ အနိုင်ယူနိုင်စွမ်း ရှိနေ၏။
“ဒါက”
အကြီးအကဲသည် ခေါင်းညိတ်လိုက်၏။ ပြီးနောက် ဆက်လက်ကာ ပြောလိုက်သည်။ “ခရမ်းရောင်နက်နဲ လောကကြီးထဲမှာ ဖန်းကလန်ဘိုးဘေး ချန်ခဲ့တဲ့ အမွေအနှစ်တွေ ရှိနေတယ်။ အဲအမွေအနှစ်တွေ ပေါ်ထွက်လာခဲ့ပြီးပြီ ဆိုပေမဲ့ အင်မော်တယ်လက်နက် ပေါ်မလာခဲ့ဘူး။ ပြီးတော့ ကျုပ်တို့ လွင့်မျောတိမ်တောင်က ဖန်းကလန်ကို သွားပြီးတော့ သုတ်သင်ရှင်းလင်းခဲ့ဖူးတယ်”
“သူတို့ ဘိုးဘေးကြီး ချန်ခဲ့တဲ့ အင်မော်တယ် လက်နက်ကို ကျုပ်တို့ ရှာမတွေ့ရှိခဲ့ဘူး မဟုတ်လား။ ဒါကြောင့် ဖန်းကလန်ဘိုးဘေး ချန်ခဲ့တဲ့ အင်မော်တယ် လက်နက်ဆိုတာ ဖန်းဟန်ရဲ့ လက်ထဲမှာပဲ ရှိမယ်လို့ ကျုပ် တွက်ချက်မိတယ်။ ကျုပ်တို့အနေနဲ့ အင်မော်တယ်လက်နက် ဘယ်နေရာမှာရှိတယ်ဆိုတာကို စုံစမ်းစစ်ဆေးနေဖို့ မလိုဘူး။ ဖန်းဟန်ကို ရှာလိုက်ရုံနဲ့တင် လုံလောက်ပြီ”
ပြောနေတုန်းမှာပဲ အကြီးအကဲသည် လက်တစ်ချက်ကို ယမ်းခါပြီး လေဟာနယ်ထဲသို့ အသာလှမ်းဆွဲ လိုက်၏။ “ဖန်းဟန်က ကျုပ်တို့ လက်ထဲကို ဟောသလို ရောက်လာမယ်ဆိုလို့ရှိရင် သူ့ကို စကားပြောလာအောင် လုပ်လို့ရနိုင်တဲ့ နည်းလမ်းပေါင်းများစွာ ကျုပ်တို့ဆီမှာ ရှိတယ်လေ။ ဖန်းကလန်ရဲ့ အင်မော်တယ် လက်နက် ဘယ်နေရာမှာ ရှိတယ်ဆိုတာ ဒီကောင်လေးရဲ့ ပါးစပ်ကနေ ကျိန်းသေပေါက် ထွက်လာရမယ်”
ဖန်းဟန်သည် လူငယ်ပါရမီရှင် အနည်းငယ်တွင် အကောင်းဆုံး စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လေ၏။ သူ၏ ပြိုင်ဘက်များကြားထဲတွင် တကယ့်ကို အထင်သေး၍ မရနိုင်သည့် ကျင့်ကြံသူတစ်ယောက်ဟု ဆိုသော်လည်း လွင့်မျောတိမ်တောင်၏ လက်ထဲသို့ ရောက်ရှိမည်ဆိုပါက မွန်းစတားအိုကြီးများသည် တစ်ဖက်လူ၏ စိတ်တစ်ခုလုံးကို လွယ်လွယ်ကူကူဖြင့် သေသေချာချာ ကြည့်ရှုနိုင်စွမ်း ရှိနေ၏။ ထို့အပြင် တစ်စုံတစ်ယောက်သည်သာ စိတ်ဆန္ဒရှိသည်ဆိုပါက ဖန်းဟန်၏ ခန္ဓာကိုယ်ကိုပင်လျှင် အပိုင်စား ရယူနိုင်စွမ်း ရှိသည်။
ထို့အပြင် ဖန်းဟန်သည် အလားအလာတချို့ ရှိသည်ဟု သတ်မှတ်ရမှာဖြစ်၏။ ၎င်း၏ အဆင့်သည် လောက အသီးသီး၏ ကောင်းကင်ပါရမီရှင်စာရင်းတွင် ဆက်တိုက်ဆိုသလိုပဲ တိုးတက်လျက် ရှိနေ၏။ ထိုကဲ့သို့သော သူမျိုးကို ဖမ်းဆီးနိုင်သည်ဆိုပါက ကျိန်းသေပေါက် အကျိုးကျေးဇူးများမှာ သေချာ၏။
“ကောင်းပြီ”
လွင့်မျောတိမ်တောင် သခင်သည် ဆုံးဖြတ်ချက် ချလိုက်၏။ သူ၏ မျက်နှာထက်တွင် စိတ်ဝင်စားသည့် အမူအရာ များ ပေါ်ပေါက်လာခဲ့၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ သွားရခြင်းသည် အင်မော်တယ်လက်နက် မည်သည့်နေရာတွင် ရှိသည်ဖြစ်ကြောင်းကို စုံစမ်းစစ်ဆေးရမည် ဖြစ်သောကြောင့် အကုန်အကျ များလှ၏။ သို့ပေမဲ့ လူတစ်ယောက်ကို ရှာဖွေခြင်းဆိုသည်မှာတော့ ခြားနားလွန်းလှချေသည်။
ဖန်းဟန်ကဲ့သို့ လူငယ်တစ်ယောက်သည် အနာဂတ်တွင် အလားအလာကောင်းကို ပိုင်ဆိုင်သည်ဆိုလျှင်တောင်မှ ထိုအရာသည် အနာဂတ်မှ ဖြစ်လာမည့်အရာဖြစ်၏။ ထို့ကြောင့် လွင့်မျောတိမ်တောင်အနေနှင့် ထိုလူကို ရှာဖွေရန် အတွက် ငွေကြေးပမာဏ တစ်ခုပေးအပ်ရမည် ဆိုလျှင်တောင် နည်းပါးပေလိမ့်မည်။