အပိုင်း (၄၄၇)
Vol. 30 Ch. 447
“တောင်သခင်... ကျုပ် ပြောသင့်ရဲ့လား သေချာမသိတဲ့ အကြောင်းအရာ တစ်ခုက ရှိနေသေးတယ်” အကြီးအကဲ တစ်ယောက်က ပြောဆိုလိုက်၏။ ၎င်း၏မျက်နှာသွင်ပြင်သည် သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့် ထွန်းတောက်လာခဲ့၏။
“ဘာဖြစ်လို့လဲ” လွင့်မျောတိမ်တောင်သခင်က မေးမြန်းလိုက်သည်။
“အရင်တုန်းက”
ထိုအကြီးအကဲသည် ခဏလောက် တွန့်ဆုတ်ပြီးသည့်နောက် ဆက်လက်ကာ ပြောဆိုလိုက်၏။ “ခရမ်းရောင်နက်နဲလောကကြီးနဲ့ မြေအင်မော်တယ်လောကတို့ ပေါင်းစပ်မှု မပြုလုပ်ခင်က ကျုပ်တို့ လွင့်မျောတိမ်တောင်ရဲ့ အင်ပါယာတစ်ယောက်က လောကနှစ်ခုကြား တည်နေရာလမ်းကြောင်းကို အသုံးပြုပြီး အထဲဝင်တဲ့အချိန်မှာ ပြဿနာတစ်ခု တက်ခဲ့တယ်”
“အမှန်ပဲ။ ဒီလိုကိစ္စရပ်မျိုး ရှိခဲ့တာပဲ”
တောင်သခင်က ခေါင်းညိတ်လိုက်၏။ သူ့အနေနှင့် ထိုကိစ္စကို သေသေချာချာ သိရှိပြီးသားဖြစ်၏။ ဖန်းကလန်၏ ဘိုးဘေးချန်ထားခဲ့သည့် အမွေအနှစ်များကို ရယူရန်အတွက် ထွက်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း သူ သိရှိပြီးဖြစ်သည်။
မထင်မှတ်ထားလောက်အောင်ဘဲ ခရမ်းရောင်နက်နဲလောကဆီသို့ ဝင်ရောက်ပြီးသည့်နောက် ထိုတော်ဝင် အင်ပါယာ သည် ရုတ်တရက်သေဆုံးသွားခဲ့၏။ ယနေ့အချိန်ထိ မည်သည့် သတင်းအချက်အလက်ကိုမှ မရရှိ တော့ချေ။ အဆုံးသတ်မှာတော့ ခရမ်းရောင်နက်နဲလောကတွင် ရှိနေသည့် တော်ဝင်အင်ပါယာ တစ်ယောက်ယောက် နှင့် တိုက်ခိုက်ပြီး သေဆုံးသွားခဲ့ဖြစ်ကြောင်းသာ အနှစ်ချုပ် သုံးသပ်နိုင်၏။
မြေအင်မော်တယ်လောကနှင့် ခရမ်းရောင်နက်နဲလောကကြီးအကြား ဖြစ်တည်ခဲ့သည့် တိုက်ပွဲများကို ကြည့်ရှု ရမည်ဆိုလျှင် တော်ဝင်အင်ပါယာ တစ်ယောက်ချင်းစီတိုင်းသည် ခန့်မှန်း၍ မရနိုင်သည့် အားအင်အဆင့်ကို ထုတ်ဖော်ကာ တိုက်ခိုက်ခဲ့ကြခြင်းပင်။ လွင့်မျောတိမ်တောင်၏ တော်ဝင်အင်ပါယာသည်သာ သေဆုံး မသွားသည်ဆိုပါက အမွေအနှစ်များကို ရရှိပြီး ကျိန်းသေပေါက် ပိုမိုအားကောင်းသည့် အခြေအနေဆီသို့ ရောက်ရှိ သွားနိုင်သည်။
“အင်း... ဘာထူးလို့လဲ”
တောင်သခင်က မေးမြန်းလိုက်၏။ “တိုက်ခိုက်ခဲ့တဲ့ တော်ဝင်အင်ပါယာ ဘယ်သူလဲဆိုတာ ရှာဖွေတွေ့ရှိခဲ့ပြီလား”
“အင်း... အရင်ဆုံး သတင်းအချက်အလက်အချို့ ရခဲ့ပါတယ်”
အကြီးအကဲသည် ဦးကိုညွတ်လိုက်၏။ သူသည် ချောင်းဟန့်ကာဖြင့် ဆက်လက်ကာ ပြောဆိုလိုက်သည်။ “အဲတုန်းက ကျုပ်တို့ လွင့်မျောတိမ်တောင်ရဲ့ တော်ဝင်အင်ပါယာကို ယှဉ်ပြိုင်ပြီး တိုက်ခိုက်ခဲ့တဲ့ လူနှစ်ယောက်ရှိခဲ့တယ်။ တစ်ယောက်က တော်ဝင်အင်ပါယာထိပ်ဆုံးအဆင့်မှာ ရှိနေတဲ့ လူတစ်ယောက်ဖြစ်ပြီး ရရှိထားတဲ့ သတင်းအချက်အလက်တွေ အရဆိုရင် သူ့ရဲ့အဆင့်က အင်ပါယာစာရင်း ထဲကို ဝင်ဖို့လုံလောက်တဲ့ အားအင်အဆင့်ကို ပိုင်ဆိုင်တဲ့ပုံပဲ”
“နောက်ထပ် တခြားတစ်ယောက်ကတော့ ကောင်းကင်မူလလောကကြီးထဲက လာတာ။ သူက ငရဲကိုးကောင် နတ်ဆိုးအင်ပါယာပဲ။ အဲဒီငရဲကိုးကောင်နတ်ဆိုးအင်ပါယာက ကျုပ်တို့ လွင့်မျောတိမ်တောင်အင်ပါယာ ထွက်ခွာသွားလာမဲ့လမ်းကို ပိတ်ပြီးတော့ အစီအရင်တစ်ခု ဖန်တီးခဲ့တယ်။ အဲလူကြောင့်သာ မဟုတ်ရင် ကျုပ်တို့ရဲ့ တော်ဝင်အင်ပါယာက လွတ်မြောက်သွားခဲ့ပြီ”
“ဟမ်”
လွင့်မျောတိမ်တောင်၏ တောင်သခင်သည် မျက်မှောင်ကုတ်လိုက်မိ၏။ သူသည် မည်သည့်စကားမှ မဆိုတော့ချေ။ ခရမ်းရောင်နက်နဲလောကကြီး၏ တော်ဝင်အင်ပါယာများ ဝင်ရောက်လှုပ်ရှားခဲ့သည်ဟုသာ သူက ထင်မှတ်ခဲ့၏။ သို့ပေမဲ့ ကောင်းကင်မူလလောကကြီးပါ ပါဝင်ပတ်သက်လျက် ရှိနေလေ၏။
ကောင်းကင်မူလလောကကြီးသည် မည်မျှ နက်ရှိုင်းနေသနည်း။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် မြေအင်မော်တယ်လောကတွင် ရှိနေသည့် လူပေါင်းများစွာတို့၏ မျက်လုံးထဲတွင် ကောင်းကင်မူလ လောကကြီးဆိုသည်မှာ ခရမ်းရောင်နက်နဲလောကကြီးနှင့်ပင် နှိုင်းယှဉ်၍ ရသည့်အရာမျိုး မဟုတ်ချေ။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် တည်ရှိနေသည် ဖြစ်သောကြောင့် အခြေအနေ အနည်းငယ် ပြောင်းလဲနေခြင်းသာလျှင်။
ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကြောင့်သာလျှင် ယနေ့အချိန်ထိ မြေအင်မော်တယ်လောကဆီမှ အင်အားစုများသည် ကောင်းကင်မူလလောကကြီးကို သွားရောက်ကာ မတိုက်ခိုက်ကြခြင်းပင်။
“အင်း... တော်ဝင်အင်ပါယာ ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်၊ ပြီးတော့ ကောင်းကင်မူလ လောကကြီးရဲ့ ကျင့်ကြံသူတစ်ယောက်။ ဒါနည်းနည်း အလှည့်အပြောင်းများတာပဲ” တောင်သခင်က တီးတိုး ရေရွတ်လိုက်သည်။
“ဒါတင်မကသေးဘူး”
အကြီးအကဲက ထပ်ပြောလိုက်၏။ “တော်ဝင်အင်ပါယာ ထိပ်ဆုံးအဆင့် ကျင့်ကြံသူက ဖန်းကလန်ရဲ့ နည်းစနစ်ကို ထုတ်ဖော် အသုံးပြုခဲ့တယ်။ အတိအကျ ပြောရရင် ဖန်းကလန်ရဲ့ နတ်ဘုရားနည်းစနစ်ကို သုံးပြီးတော့ တိုက်ခိုက်ခဲ့တာပဲ။ ပြီးတော့ ငရဲကိုးကောင် နတ်ဆိုးအင်ပါယာက ဖန်းဟန်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခုကို ပိုင်ဆိုင်ပုံပဲ။ ကျုပ်တို့ မြေအင်မော်တယ်လောကမှာ ပါရမီရှင်တွေ အများကြီး ရှိတယ်။ ကျုပ်တို့ မြေအင်မော်တယ်လောကဆီက ပါရမီရှင်ပေါင်းများစွာတို့ထက် ပိုပြီးတော့ ပါရမီရှိပါတယ်ဆိုတဲ့ ဖန်းဟန်က ငရဲကိုးကောင်နတ်ဆိုးအင်ပါယာနဲ့ အတူတကွ ပေါ်လာတယ်လေ။ ပြီးတော့ ဖန်းဟန်ရယ်၊ ငရဲကိုးကောင်နတ်ဆိုးအင်ပါယာရယ်၊ နဂါးအင်ပါယာရယ်တို့က ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲ အတူတူ ဝင်သွားခဲ့ကြဖူးတယ်”
ထိုအကြီးအကဲသည် ရရှိခဲ့သည့်သတင်းအချက်အလက်များကို ထပ်မံကာ ပြောဆိုလိုက်၏။ ဤသတင်း အချက်အလက်များကို စုံစမ်းရန်ဆိုသည်မှာ ခက်ခဲလှသည် မဟုတ်ချေ။ ခရမ်းရောင်နက်နဲလောကထဲသို့ ဝင်သွားခဲ့သည့် ပါရမီရှင်များကို လှမ်းကာမေးမြန်းလိုက်သည်နှင့် ထိုအရာကို လွယ်လွယ်ကူကူနှင့် အဖြေရှာ နိုင်၏။ ထို့အပြင် ရန်ကျန့်ကဲ့သို့သော ပါရမီရှင်များသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်ရောက်ဖူးသည် မဟုတ်ပါလား။
“ဒီတော့ ဖန်းဟန်က တစ်စုံတစ်ယောက်ရဲ့နောက်ခံ ရှိနေတာလား”
လွင့်မျောတိမ်တောင်သခင်၏ မျက်လုံး များသည် ကျဉ်းမြောင်းသွားခဲ့၏။ သူ၏မျက်လုံးထဲတွင် အေးစက်သည့် အရိပ်အယောင်များ ပေါ်ပေါက် လာခဲ့၏။ လွင့်မျောတိမ်တောင်၏သခင်သည် ခရမ်းရောင်နက်နဲလောကကြီး နှင့် ကောင်းကင်မူလလောကကြီး တို့၏ ဂုဏ်သိက္ခာကို ဂရုစိုက်လိမ့်မည် မဟုတ်ချေ။ သူတို့အား မည်သူက လာရောက်ကာ ပြဿနာရှာရဲသနည်း။
ငရဲကိုးကောင်နတ်ဆိုးအင်ပါယာနှင့် နဂါးအင်ပါယာတို့သည် ယခုမှ အင်ပါယာအဆင့်သို့ ရောက်ရှိခဲ့သည့် လူများသာလျှင်ဖြစ်၏။ လွင့်မျောတိမ်တောင်သခင်သည်သာ စိတ်ဆန္ဒရှိပါက စွမ်းအားမြင့် အင်ပါယာများကို စေလွှတ်ကာ တစ်ဖက်လူများကို တုံ့ပြန်နိုင်စွမ်းရှိ၏။ သူတို့အနေနှင့် ထိုကဲ့သို့ မလုပ်ရသည့်အကြောင်းအရင်း သည် ကောင်းကင်လျှို့ဝှက်နန်းဆောင် တည်ရှိနေသောကြောင့်ပင်။
“တကယ်ဆိုရင် အင်ပါယာရန်မိုကို ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကိုလွှတ်လိုက်။ တစ်ချိန်တည်းမှာပဲ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ရဲ့ စိတ်နေစိတ်ထားကို စမ်းသပ်ဖို့အတွက် တချို့ဂိုဏ်းတွေကို လှုပ်ရှားခိုင်းလိုက်တော့။ ကောင်းကင်မူလလောကကြီးမှာရှိတဲ့ တွေ့ရာနတ်နယ်မြေတစ်ခုကို ရွေးချယ်ပြီးတော့ ရှင်းပစ်လိုက်” လွင့်မျောတိမ်တောင်သခင်သည် ထူးမခြားနားသလို ပြောလိုက်၏။
လွင့်မျောတိမ်တောင်သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်နှင့် မျက်နှာချင်းဆိုင်ရမှာဖြစ်၏။ တစ်ဖက်လူ၌ မကောင်းသည့် အတွေးအခေါ်များ တည်ရှိနေသလားဆိုသည်က မသိနိုင်ချေ။ နတ်နယ်မြေ အနည်းငယ်တို့ကို ရင်ဆိုင်ခြင်းဆိုသည်မှာတော့ သူတတ်နိုင်သည့် အကြောင်းအရာတစ်ခုဖြစ်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကသာ သူတို့ကို အပြစ်တင်သည် ဆိုပါက ကျိန်းသေပေါက် သွားရောက်ကာ တောင်းပန်လိုက်ရုံသာရှိ၏။
အများဆုံးအနေနှင့် အရင်းအမြစ်များကို ပေးအပ်ပြီး တောင်းပန်ရပေလိမ့်မည်။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် သည်သာ နတ်နယ်မြေများ၏ပျက်စီးခြင်းကို လှစ်လျူရှုထားသည် ဆိုပါက လွင့်မျောတိမ်တောင်၏အပြစ် မဟုတ်တော့ချေ။ အင်ပါယာစာရင်းတွင်ပင် လှမ်းဝင်နိုင်စွမ်း မရှိသော ငရဲကိုးကောင်နတ်ဆိုးအင်ပါယာနှင့် နဂါးအင်ပါယာတို့ကို သုတ်သင်ပစ်ဖို့ဆိုသည်မှာ သူတို့အတွက် လွယ်ကူလွန်းလှသည်။
“ကောင်းပါပြီ”
အကြီးအကဲသည် ခေါင်းညိတ်ကာပြောလိုက်၏။ “ကျုပ် စီစဉ်စရာရှိတာတွေ သွားပြီးတော့ စီစဉ်လိုက်ပါမယ်”
ထိုအကြီးအကဲထွက်ခွာပြီး မကြာခင် ကောင်းကင်မူလလောကကြီး၏အတွင်း တော်ဝင်သဲကန္တာရမြို့ ထဲမှာတော့ .......
တစ်နှစ်ကျော် ခရီးသွားလာခဲ့ပြီးသည့်နောက် အဒေါ်လန်နှင့် ဖန်းဟန်သည် နောက်ဆုံး၌ တော်ဝင်သဲကန္ဓာရမြို့ဆီသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီဖြစ်၏။ သူတို့သည် လမ်းတစ်လျှောက် အလျင်စလိုနှင့် လာခဲ့ခြင်း မဟုတ်ချေ။ လောကကြီးနှစ်ခုကြား အလွန်တရာ ကျယ်ပြောလှသည်ဖြစ်သောကြောင့် ဖြည်းဖြည်းမှန်မှန်နှင့် သတိအပြည့်ထားကာ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ထို့အပြင် အဒေါ်လန်သည် တော်ဝင်သူတော်စင်အဆင့် ကျင့်ကြံသူတစ်ယောက်သာလျှင် ဖြစ်၏။ လောက နှစ်ခုကို ဖြတ်သန်းသည့်နေရာတွင် တကယ်ပဲ ကြိုးစားပမ်းစားနှင့် ဖြတ်သန်းခဲ့ရ၏။ ကြီးမားသည့် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကြီးကို ဆက်တိုက် အသုံးပြုမည်ဆိုရင်တောင်မှ တော်ဝင် သဲကန္တာရမြို့အနီးအနားကို ရောက်ရန်ပင် မနည်းကြိုးစားရမှာဖြစ်၏။
“သခင်လေး... ကျွန်မတို့ ကောင်းကင်မူလလောကကြီးထဲကိုရောက်နေပြီ။ တော်ဝင်ရင်နိုင်ငံတော်ရဲ့ ဌာနေထဲပဲ။ နောက်ထပ် မိုင်ဆယ့်ငါးသန်းလောက်အကွာမှာ တော်ဝင်သဲကန္တာရမြို့ရှိတယ်။ အဲအထဲမှာ အင်ပါယာ တစ်ယောက်တောင်မှ အဆင်အခြင်မဲ့ မပြုလုပ်ရဲဘူး” အဒေါ်လန်က ပြောဆိုလိုက်သည်။
လာခဲ့သည့် ခရီးစဉ်တစ်လျှောက်တွင် သူတို့သည် တကယ့်ကို သေသေချာချာ ကြိုးကြိုးစားစားလာခဲ့ခြင်း ဖြစ်သည်ဆိုသော်လည်း လုံခြုံမှုကို မခံစားရသေးချေ။ အကြောင်းအရင်းမှာ ရိုးရှင်းလှချေ၏။ ၎င်းတို့နှစ်ယောက်သည် အလွန်တရာ အားနည်းလွန်းသောကြောင့်ပင်။
လွင့်မျောတိမ်တောင်သည် တကယ်ပင် အားကောင်းလွန်းလှသည်။ အင်ပါယာတစ်ယောက်၏ စိတ်ဆန္ဒသည် ရုတ်တရက် သူတို့ရှေ့တွင် ပေါ်ပေါက်လာမည်ဆိုပါက အကုန်လုံး ဒုက္ခရောက်ပေလိမ့်မည်။ ဖန်းဟန်အနေနှင့် ဝှက်ဖဲတစ်ခုကို ကိုင်ဆောင်ထားခဲ့သည်ဆိုလျှင်တောင်မှ ထိုအရာသည် လုံခြုံမှုကို အပြည့်အဝ ပေးအပ်နိုင်ခြင်း မရှိချေ။
ထို့အပြင် ဝှက်ဖဲသည် တစ်နာရီသာခံ၏။ တစ်နာရီအတောအတွင်း သူ့အနေနှင့် အင်ပါယာ တစ်ယောက်ကို ဖိနှိပ်နိုင်စွမ်း မရှိဘူးဆိုရင် အင်ပါယာ၏ လိုက်လံမှုနောက်မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။ တော်ဝင် သဲကန္တာရမြို့ဆီသို့ သူသည် တစ်နာရီအတွင်း ရောက်ရှိမှာ သေချာသောကြောင့်ပင်။ အခြားတစ်ဖက်က ပြောရမည် ဆိုလျှင်တော့ ဝှက်ဖဲသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက်သာ အသုံးပြုနိုင်သည့် အရာတစ်ခုဖြစ်ပြီး တခြားထူးခြားသည့် အကြောင်းအရာများကို အသုံးပြု၍ မရနိုင်ချေ၊
“အဒေါ်လန်.. ဒီခရီးစဉ်မှာ တော်တော်ကြီး အားစိုက်ခဲ့ရတာပဲ” ဖန်းဟန်က ခေါင်းညိတ်လိုက်၏။ သူသည် ရင်ဆိုင်ခဲ့ရသော စိန်ခေါ်မှုများကို အသိအမှတ်ပြုမိ၏။
“အင်း.. ဒါက ဒီကျေးကျွန်တစ်ယောက် လုပ်ကိုလုပ်သင့်တဲ့ အကြောင်းအရာ တစ်ခုပါပဲ”
အဒေါ်လန်က ခေါင်းညိတ်ကာ ပြောလိုက်၏။ ရောက်ရှိလာစဉ်မှာပဲ သူတို့၏ မျက်နှာထက်တွင် ရှိနေသည့် စိုးရိမ် ပူပန်မှုများသည် အနည်းငယ် လျော့ပါးသွားခဲ့ကြ၏။ ဤတည်နေရာသည် တော်ဝင်သဲကန္တာရမြို့၏ တည်နေရာ ပတ်ဝန်းကျင်အတွင်း ရောက်ရှိနေသေးသည် မဟုတ်သော်လည်း တော်ဝင်ရင်နိုင်ငံနှင့် မနီးမဝေးတွင် ရှိနေ၏။ ထို့ကြောင့် အင်ပါယာတစ်ယောက် ရောက်ရှိလာမယ်ဆိုရင်တောင်မှ ဖန်းဟန်သည် ကြောက်လန့်တော့မည် မဟုတ်ချေ။
အင်ပါယာတစ်ယောက်၏ အားအင်အဆင့်ကို အသက်သွင်းပြီးသည့်နောက် မိုင် ဆယ်သန်းအကွာ အဝေးဆီသို့ တစ်ခါတည်း သွားလာနိုင်၏။