အပိုင်း (၄၄၈)
Vol. 30 Ch. 448
“သခင်လေး” အဒေါ်လန်သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ တည်နေရာဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ သူမ၏ စိတ်ခံစားချက်များသည် ရှုပ်ထွေးလျက်ရှိနေ၏။ သူမသည် တွန့်ဆုတ်နေ၏။ ဆက်ပြောရမလား ဆိုသည်ကို ဝေခွဲမရပုံပင်။
“အဒေါ်လန်... စိတ်ထဲမှာ ပြောစရာရှိတယ်ဆိုရင် ပွင့်ပွင့်လင်းလင်း ပြောပါ” ဖန်းဟန်က ပြောလိုက်သည်။ အဒေါ်လန်သည် ဤလောကကြီးထဲတွင် သူ၏တစ်ဦးတည်းသော မိသားစုဝင် တစ်ယောက်ဖြစ်၏။ အဒေါ်လန်သာ မရှိသည်ဆိုပါက သူသည် အကြိမ်ပေါင်းများစွာ သေဆုံးနှင့်မည်မှာ သေချာ၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ လာရသည့်လမ်းခရီးစဉ်တွင် ဖန်းဟန်သည် အဒေါ်လန်အတွက် အခွင့်အရေးတစ်ခု ရရှိရန်အတွက် သေသေချာချာ စဉ်းစားတွေးတောခဲ့၏။ အနည်းဆုံး သူမသည်လည်း ကွာစီ အင်ပါယာအဆင့်ကို တက်လှမ်းနိုင်ရန်ပင်။ ထိုသို့ဆိုလျှင် အဒေါ်လန်၏ အားအင်အဆင့် တိုးတက်လာသည် နှင့်အမျှ သူ့ကို ကာကွယ်ပေးနိုင်သည့် စွမ်းဆောင်ရည်ကလည်း ပိုမိုကာတိုးတက်လာမှာ ဖြစ်သည်။ ထိုသို့ဆိုလျှင် သူ၏ကိုယ်ပိုင်လုံခြုံမှုကလည်း ပိုမိုကာ တိုးတက်လာမှာ သေချာသည်။
“သခင်လေး.. ဖန်းကလန်ရဲ့နောက်ဆုံးအမွေအနှစ်ကို လဲဖို့အတွက် တကယ့်ကို ရည်ရွယ်ချက်ရှိတာလား” အဒေါ်လန်သည် ဆက်ပြီးတော့ ရှည်ရှည်ဝေးဝေး မစဉ်းစားနေဘဲ တစ်ခါတည်း မေးမြန်းလိုက်၏။
“အဒေါ်လန် စိတ်ပူဖို့ မလိုပါဘူး။ တချို့အရာတွေက ကျုပ်တို့လက်ထဲမှာ ထားမယ်ဆိုရင်တော့ အသုံးမဝင်ဘူး လေ၊ လူပေါင်းများစွာတို့ကို ဆွဲဆောင်သလိုဖြစ်ပြီး အန္တရာယ်တောင် ကျရောက်နိုင်တယ်။ ဒီတော့ အသုံးဝင်တဲ့ သတင်းအချက်အလက်တွေနဲ့ လဲလှယ်လိုက်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်” ဖန်းဟန်သည် ယုံကြည်ချက် ရှိစွာဖြင့် ပြောလိုက်သည်။
သူသည် ထိုအခြေအနေကို သေချာသိရှိ၏။ ဖန်းကလန်၏ ဘိုးဘေးချန်ခဲ့သည့် အမွေအနှစ်များသည် ကျိန်းသေပေါက် သံသယရှိစရာမလိုဘဲ တန်ဖိုးကြီးလှ၏။ သို့ပေမဲ့ လက်ရှိအခြေအနေတွင် သူတို့အသုံးပြု၍ မရနိုင်ချေ။ ဥပမာအားဖြင့် အင်မော်တယ်လက်နက်ဖြစ်၏။ ထိုအရာသည် အားကောင်းလှသည်ဆိုရင်တောင်မှ သူ၏လက်ရှိ အားအင်အဆင့်နှင့် အသက်သွင်း၍ ရနိုင်သည့်အရာမျိုး မဟုတ်ချေ။
ထိုအရာကို တစ်ချက်လောက်ထုတ်ဖော်ကာ အသုံးပြုလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် အစစ်အမှန် သွေးအဆီအနှစ်များ ကုန်ခမ်းကာ သေဆုံးသွားပေလိမ့်မည်။ သူ့အနေနှင့် ရန်သူကို မသတ်ဖြတ်နိုင်သည့်အပြင် ကိုယ့်ကိုယ်ကိုယ် သတ်သေသည်နှင့် ဆင်တူမှာသေချာ၏။
“အင်း.. ဘိုးဘေးက နောက်ဘဝတစ်ခုကို ရောက်ရှိပြီး ခန္ဓာအသစ်နဲ့ တည်ရှိနေမယ်ဆိုလို့ရှိရင် သူချန်ခဲ့တဲ့အရာဝတ္တုအတွက် နောက်မျိုးဆက်တွေ သေဆုံးသွားတာကို မြင်ချင်မှာမဟုတ်ဘူး”
ဖန်းဟန်က ထပ်ပြောလိုက်သည်။ “အဒေါ်လန်”
အဒေါ်လန်သည် သက်ပြင်းကိုချပြီးသည့်နောက် မည်သည့်စကားကိုမှ ဆက်လက်ကာ မဆိုတော့ချေ။
“ဟူး... သခင်လေးရဲ့စိတ်က ရိုးရှင်းနေပြီဆိုမှတော့ ဒီအဘွားကြီးက ထပ်ပြီးတော့” သူမသည် ပြောဆိုမည့်စကားကို ဆုံးအောင် မပြောလိုက်ရချေ။ ကောင်းကင်၏အဆုံးသတ်တွင် အမဲရောင်နေကြီး တစ်ခုက ထွန်းတောက်လာခဲ့၏။ နေ၏အထဲတွင် အသူရာနဂါးကြီးနှစ်ကောင် ဆွဲထားခဲ့သော အမဲရောင် စစ်ရထားလုံးကြီးတစ်ခုက ပေါ်ပေါက်လာခဲ့၏။ စစ်ရထားလုံး၏ ထိုင်ခုံပေါ်တွင် ဆန်းကြယ်လွန်းလှသော အော်ရာများကို ထုတ်ဖော်လျက် ရှိနေသည့် လူတစ်ယောက် ထိုင်လျက်ရှိနေပြီး ၎င်းသည် ကောင်းကင်အင်ပါယာ တစ်ယောက် ပြန်လည်ကာ အသက်ရှင်နိုးထလာသကဲ့သို့ပင်။
လက်ရှိအခြေအနေမှာတော့ သက်ရှိသတ္တဝါများ အားလုံးသည် တုန်ယင်သွားခဲ့ကြ၏။ လူတစ်ယောက်ချင်း စီတိုင်းသည် နတ်ဘုရားတစ်ပါးနှင့် ရင်ဆိုင်နေရသည်ဆိုသော စိတ်ခံစားချက်များကို ရရှိခဲ့ကြပြီး မြေပေါ်သို့ပင် ဒူးထောက်ထိုင်မိခဲ့ကြ၏။
“အင်ပါယာ”
ဖန်းဟန်က ခေါင်းမော့ကြည့်လိုက်သည်။ သူ၏မျက်လုံးများသည် အံ့အားသင့်မှုများနှင့် ပြည့်နှက်နေသည်။ “ဒီအော်ရာ”
“လွင့်မျောတိမ်တောင်” အဒေါ်လန်ကလည်း ပြောဆိုလိုက်၏။ သူသည် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ အသက်သွင်းလိုက်၏။ ခပ်ဖျော့ဖျော့အပြာရောင်အလင်းတန်း များသည် စတင်ကာဖြစ်တည်လာပြီး ၎င်းတို့ နှစ်ယောက်ကို ကာကွယ်ထားခဲ့လေ၏။ အော်ရာများသည် ချက်ချင်းဆိုသလိုပဲ ပျောက်ကွယ်သွားခဲ့၏။ ဤအရာသည် ဖန်းဟန် ရရှိထားသည့် အသက်ကယ်အဆောင် တစ်ခုဖြစ်ပြီး တကယ့် အရေးအကြောင်းအခြေအနေမျိုးတွင် အသုံးပြု၍ရနိုင်သည့် အရာဖြစ်လာခဲ့၏။
ဘုန်း ဘုန်း ဘုန်း
စစ်ရထားလုံးသည် မြန်မြန်ဆန်ဆန်နှင့် သွားလာလျက်ရှိနေပြီး ချက်ချင်းဆိုသလိုပဲ မိုင်သန်းနှင့်ချီသည့် အကွာအဝေးကို ရွေ့လျားသွားခဲ့၏။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ၎င်းသည် တည်နေရာပတ်ဝန်းကျင် တစ်ခုလုံးကို ဖြတ်သန်းသွားခဲ့သည်။
စစ်ရထားလုံးပေါ်ရှိ အမဲရောင်လူသည် ငြိမ်ငြိမ်သက်သက်နှင့် ထိုင်လျက်ရှိနေပြီး တည်နေရာကြီး တစ်ခုလုံးကို ကြမ်းတမ်းသည့် အရှိန်အဟုန်ဖြင့် လှမ်းကာကြည့်ရှုနေ၏။ အင်ပါယာတစ်ယောက်၏ စိတ်ဆန္ဒသည် ဆူဝေလာခဲ့ပြီးသည့်နောက် ဘုံကိုးပါးနှင့် လောကဆယ်ပါးကိုပင် တုန်ခါစေခဲ့၏။
လက်ရှိအခြေအနေတွင် ကောင်းကင်မူလလောကကြီးထဲတွင်ရှိနေသည့် ရေတွက်၍ မရအောင် များပြားသည့် စွမ်းအားမြင့်ကျင့်ကြံသူများသည် အသက်ဝင် နိုးထလာခဲ့ကြ၏။ ၎င်းတို့အားလုံးသည် ကောင်းကင်လျှို့ဝှက်နန်းဆောင် တည်ရှိရာနေရာဆီသို့ လှမ်းမျှော်ကာ ကြည့်ရှုလိုက်၏။ ၎င်းတို့သည် ကောင်းကင်မူလလောကကြီးသို့ ဆန်းကြယ်လှသည့် အင်ပါယာတစ်ယောက် ရောက်ရှိလာသည်နှင့် ပတ်သက်ပြီး ဇဝေဇဝါ ဖြစ်မိနေကြသည်။
ထို့အပြင် ဤအင်ပါယာသည် တကယ်ပင် ကြမ်းတမ်းလွန်းလှချေ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ သူသွားကြောင်းကို အားလုံးသောသူတို့ကို မြင်စေချင်နေသလိုပင်။
အတိတ်တုန်းက အင်ပါယာများ ရောက်ရှိလာသည်ဆိုပါက ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ငြိမ်ငြိမ်သက်သက် တိတ်တိတ်ဆိတ်ဆိတ် နှင့် သွားခဲ့ကြ၏။ ၎င်းတို့ မည်သူဖြစ်သည်ကို မသိရှိအောင် ဖုံးကွယ်ထားခဲ့လေ၏။ သို့ပေမဲ့ ဤလူမှာတော့ ဆန့်ကျင်ဘက် ဖြစ်လို့နေ၏။ အားလုံးသောသူတို့သည် ဤကြမ်းတမ်းလှသည့် အင်ပါယာမှာ မည်သူ ဖြစ်ကြောင်းကို စိတ်ဝင်တစားနှင့် သိချင်နေမိ၏။
“အင်း ကျွန်မ အထင်သာမှန်မယ်ဆိုလို့ရှိရင် ဒီလူက လွင့်မျောတိမ်တောင်ရဲ့ အင်ပါယာရန်မိုပဲ” အဒေါ်လန်က တီးတိုးရေရွတ်လိုက်၏။
“ရန်မို ဟုတ်လား”
ဖန်းဟန်က ပြောဆိုလိုက်၏။ သူ၏အသံတစ်ခုလုံးသည် အေးစက်သွားခဲ့တော့၏။ သတ်ဖြတ်လိုခြင်းဆန္ဒများသည် အဆုံးအစမဲ့ ထွက်ပေါ်လာခဲ့၏။ သူ၏အားအင်အဆင့်သည် မလုံလောက် သောကြောင့်သာ။ မဟုတ်ပါက သူ့အနေနှင့် လှုပ်ရှားတိုက်ခိုက်ခဲ့ပြီးဖြစ်၏။ သူ၏ အသက်ကယ်အဆောင်ကို ထုတ်ဖော်ကာ ချိုးခြေလိုက်မည်ဆိုပါက ချက်ချင်း သူသည် အင်ပါယာ တစ်ယောက်အဖြစ် ဖြစ်တည်သွားမှာ သေချာ၏။ ပြီးလျှင် အင်ပါယာရန်မိုကို တိုက်ခိုက်နိုင်ပေလိမ့်မည်။
သို့ပေမဲ့ ကံဆိုးစွာဖြင့် ဤကဲ့သို့သော အခြေအနေမျိုးတွင် အဒေါ်လန်သည် သူ့ကိုတားဆီးခဲ့သည်။
“သခင်လေး… ဒီဝှက်ဖဲကို အသုံးပြုခွင့်က တစ်ခါပဲ ကျန်တော့တယ်လေ။ ဒီတော့ အမုန်းတရားတွေ ရှိတယ်ဆိုပြီးတော့ အဆင်အခြင်မဲ့ မချိုးလိုက်နဲ့။ ဘိုးဘေးသာ အသက်ရှင်နေသေးတယ်ဆိုရင် ဒီလို အခြေအနေမျိုးကို မြင်ချင်မှာမဟုတ်ဘူး” အဒေါ်လန်သည် သက်ပြင်းချကာဖြင့် ဖြည်းညှင်းစွာ ပြောလိုက်၏။ သူမသည် သူမသခင်လေး၏ ခံစားချက်များကို ကောင်းကောင်းနားလည်၏။
ဖန်းကလန်ကို လွင့်မျောတိမ်တောင် ဝင်ရောက် တိုက်ခိုက်စဉ်က အင်ပါယာရန်မိုသည် အကြမ်းတမ်းဆုံး ဖြစ်ခဲ့၏။ ၎င်းသည် ဖန်းကလန်၏ များပြားလှသော အကြီးအကဲများကို ဆက်တိုက်ဆိုသလို သတ်ဖြတ်ခဲ့ပြီး ဖန်းဟန်၏ အဖေကိုလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိအောင် ကိုယ်တိုင် တိုက်ခိုက်ခဲ့သူဖြစ်၏။
ထိုအချိန်တုန်းက ဖန်းဟန်၏အဖေသည် ဖန်းကလန်၏ ခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့ပြီး လွင့်မျောတိမ် တောင်၊ အင်မော်တယ်နန်းတော်နှင့် တခြားများပြားလှသည့် ဂိုဏ်းကဏ္ဍ အသီးသီးတို့ဆီမှ အင်ပါယာ သုံးယောက် တို့၏ တိုက်ခိုက်မှုကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ရ၏။ အဆုံးသတ်တွင် ၎င်းသည် ရှုံးနိမ့်မှုနှင့်သာ ကြုံဆုံခဲ့ရ၏။ ၎င်းသည်သာ ထိုအချိန်က သေဆုံးခဲ့သည် မဟုတ်ပါက အင်ပါယာစာရင်းတွင် ပါဝင်နိုင်ခြင်း မရှိသည်ဆိုလျှင်တောင်မှ ကျိန်းသေပေါက် အင်ပါယာစာရင်း၏ ခပ်ဝေးဝေး တည်နေရာတွင်တော့ တည်ရှိလိမ့်မည် မဟုတ်ချေ။
“ကျုပ် အဒေါ်လန်ရဲ့ ဆိုလိုရင်းကို နားလည်ပါတယ်” ဖန်းဟန်သည် အသက်ကို ပြင်းပြင်းရှူလိုက်၏။ သူ၏ ရင်ဘတ်ကြီးသည် မို့ဖောင်းလျက်တော့ ရှိနေတုန်းပင်။ နှလုံးသားထဲတွင်ရှိနေသည့် ဒေါသတရားများကို ဖိနှိပ်ပြီးလိုက်ရသည်။ လက်ရှိအခြေအနေတွင် အင်ပါယာရန်မိုကို သွားရောက်ကာ ရင်ဆိုင်ခြင်းဆိုသည်မှာ ကျောက်တုံးကို ကြက်ဥနှင့် သွားပေါက်ခြင်းဖြစ်၏။
အဒေါ်လန်နှင့်အတူ ပူးပေါင်း၍ တိုက်ခိုက်မည် ဆိုလျှင်တောင်မှ အင်ပါယာရန်မို၏ လက်တစ်ချောင်းကိုပင် အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။ သူ့၌ များပြားလှသည့် ဝှက်ဖဲများသာ မရှိသည်ဆိုပါက စောဏကလေးတင် သေဆုံးသွားမှာ သေချာ၏။ ထို့ပြင် အင်ပါယာတစ်ယောက် ရောက်ရှိလာခဲ့ပြီဖြစ်သောကြောင့် မိုင်သန်းနှင့် ချီသည့် အကွာအဝေးအတွင်းတွင် ရှိနေသည့် အကြောင်းအရာများ အားလုံးသည် ၎င်း၏ မျက်လုံးအောက်မှ လွတ်မြောက်လိမ့်မည် မဟုတ်ချေ။ ၎င်းသာဆန္ဒရှိသည်ဆိုပါက အတွေးတစ်ချက်နှင့်ပင် ဖန်းဟန်သည် ကြီးမားလှသည့် ကပ်ဘေးကြီးကို ရင်ဆိုင်ရပေလိမ့်မည်။
“သခင်လေး.... ကျွန်မတို့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို သွားသင့်ရဲ့လား” အဒေါ်လန်က အသာ မေးမြန်းလိုက်၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်သည် အန္တရာယ်များလှသည် မဟုတ်ပေ။ သို့ပေမဲ့ လက်ရှိအခြေအနေ၌ အင်ပါယာရန်မို ဆိုသော တကယ့်ကို ဂြိုဟ်ဆိုးကောင်က ဝင်ရောက်သွားခဲ့ပြီ ဖြစ်သောကြောင့် ခြားနားသွားခဲ့ပြီဖြစ်၏။ လက်ရှိအချိန်၌ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ သွားခြင်းသည် ထောင်ချောက်ထဲသို့ တိုးဝင်သွားခြင်းပင်။
“သွားရအောင်”
ဖန်းဟန်က ပြောလိုက်သည်။ “ဘာလို့ မသွားရမှာလဲ”
“ဒါပေမဲ့ သခင်လေး” အဒေါ်လန်သည် ဖြောင်းဖြရန် ပြင်ဆင်လိုက်၏။ အင်ပါယာတစ်ယောက်နှင့် ရင်ဆိုင်သည့်အချိန်တွင် သူမအနေနှင့် ဖန်းဟန်ကို ကာကွယ်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ချက် မရှိချေ။ သူတို့သည်သာ အမှားအယွင်းပြုလုပ်သည် ဆိုပါက ဖန်းကလန်တစ်ခုလုံးသည် နေဝင်သွားပေလိမ့်မည်။
“အဒေါ်လန်... စိုးရိမ်ပူပန်နေစရာမလိုဘူး။ ရန်မိုက တော်ဝင်သဲကန္တာရမြို့ထဲမှာ အဆင်အခြင်မဲ့ ပြုလုပ်ရဲပါ့မလား” ဖန်းဟန်သည် ယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်၏။
“ဒါက” အဒေါ်လန်သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ အားအင်အဆင့်ကို ပြန်လည်ကာ တွေးတောပြီးသည့်နောက် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်၏။ သို့ပေမဲ့ အင်ပါယာရန်မို ဟူသည့် နာမည်သည် သူတို့အား အလုံးစုံ စိတ်ချမှုရရှိရန်အတွက်တော့ ခက်ခဲစေသည့်အရာပင်ဖြစ်၏။ ထို့ပြင် မည်သူမှသည် အင်ပါယာရန်မိုတစ်ယောက် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်ရောက်ပြီးသည့်နောက် မည်သည့်သတင်း အချက်အလက်များကို ရယူမည်ဆိုသည်ကို မသိနိုင်ချေ။ သူတို့အတွက် မကောင်းသည့် အခြေအနေမျိုး ဖြစ်လာသည်ဆိုပါက ကျိန်းသေပေါက် ပြဿနာပင်။
“အင်း... သခင်လေးအတွက် ကျွန်မက ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေပြီပဲ” အဒေါ်လန်သည် အကူအညီမဲ့သလို ပြောလိုက်သည်။
"အနာဂတ်မှာ ဒီလိုစကားမျိုး မပြောပါနဲ့ အဒေါ်လန်... ခင်ဗျားသာ မရှိဘူးဆိုရင် ကျုပ်ဖန်းဟန်က မြေအင်မော်တယ်လောကကြီးထဲမှာ သေဆုံးသွားခဲ့တာကြာပြီ။ ဘယ်လိုဖြစ်ပြီး ဒီလောက်ထိ ရောက်လာနိုင် မှာလဲ” ဖန်းဟန်က ပြုံးလိုက်၏။ ပြီးနောက် အဒေါ်လန်ကို နှစ်သိမ့်လိုက်၏။
ပြောပြီးသည့်နောက် သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင် တည်ရှိရာနေရာသို့ လှမ်းကာကြည့်ရှုရင်း ပြောလိုက်သည်။ “ကဲ အခု သွားကြရအောင်။ မိုင်တစ်သောင်းဆိုတဲ့ခရီးက အချိန်နည်းနည်းတော့ ကြာလိမ့်မယ်ထင်တယ်”
“ကောင်းပါပြီ” အဒေါ်လန်က ခေါင်းညိတ်လိုက်၏။