← Chapters

အခန်း (၁၁၄၄-၁၁၄၆)

Vol. 77 Ch. 1144-1146

အခန်း (၁၁၄၄-၁၁၄၆)

Vol. 77 Ch. 1144-1146

အခန်း(၁၁၄၄)

"မုန့်ချင်းရွှယ် ဆိုတဲ့ ကောင်မလေးက သွေးနတ်ဆိုး နန်းတော်ရဲ့ ဌာနချုပ်မှာ ရှိမနေဘူး.. ဒါကြောင့် မင်း ငါ့ကို သတ်လိုက်မယ် ဆိုရင်တောင် သူမကို ငါ မင်းဆီ ပေးလို့ မရဘူး"

ဤအချိန်တွင် ဟန်လီသည် ကျန်းချန်၏ သတ်ဖြတ်လိုသော အကြည့်ကို ခံစားမိခဲ့သည်။

သို့သော်လည်း သူက စိတ်နှလုံးထဲမှ ထိတ်လန့်မှုကို တည်ငြိမ်စွာ ထိန်းချုပ်ရင်း ညှိနှိုင်းကြည့်လိုက်၏။

"မင်း ငါတို့ကို မသတ်ဘူး ဆိုရင်တော့ မင်း သိချင်တဲ့ ကောင်မ‌လေးရဲ့ သတင်းကို ငါ ပြောပြနိုင်တယ်.. ဒီလိုမှ မဟုတ်ရင်တော့ ငါတို့ အားလုံးကို သတ်ဖြတ်လိုက်ရင်တောင် သူမ ဘယ်နေရာကို ရောက်နေလဲဆိုတာ မင်း ဘယ်တော့မှ သိမှာ မဟုတ်ဘူး.."

ထိုစကားသံကို ကြားလျှင် ကျန်းချန်၏ မျက်လုံးများသည် စူးရှသွားခဲ့သည်။

သူ၏ ခန္ဓာကိုယ်မှ လူသတ်ငွေ့များသည် ချက်ချင်း ဆိုသလို ဟန်လီ ထံသို့ ပျံ့နှံ့သွားခဲ့၏။

"မင်းက ငါ့ကို ခြိမ်း‌ခြောက်နေတာလား.."

ကျန်းချန်၏ အရှိန်အဝါနှင့် ရင်ဆိုင်ရလျှင် ဟန်လီက နောက်သို့ အနည်းငယ် ဆုတ်လိုက်ရပြီး ပါးစပ်ကနေ သွေးများကို အန်ထုတ်လိုက်ရသည်။

သူက နှုတ်ခမ်းမှ သွေးများကို လက်ခုံဖြင့် သုတ်လိုက်ရင်း ဖြည်းညင်းစွာ ပြောလိုက်၏။

"ခြိမ်းခြောက်တာ မဟုတ်ပါဘူး.. ငါက အမှန်အတိုင်း ပြောပြနေတာပါ"

ယခုအခါတွင် သွေးနတ်ဆိုး နန်းတော်သည် ကြီးမားသော ကပ်ဘေးကို ကြုံတွေ့နေရပြီ ဖြစ်၏။

ခန်းမသခင် သေဆုံးသွားရုံတင်မကဘဲ မဟာ အုပ်ထိန်းသူ သုံးယောက်ထဲတွင် သူ တစ်ယောက်သာ အသက်ရှင် ကျန်ရစ်တော့သည်။

ဤအခြေအနေက ဂိုဏ်းကြီး သုံးဂိုဏ်းနှင့် တိုက်ပွဲ ဖြစ်ပွားစဉ်ကထက်ပင် များစွာ ပို၍ ဆိုးရွားနေခဲ့၏။

သူသာ သွေးနတ်ဆိုး နန်းတော်၏ နောက်ဆုံး ကျန်ရှိသည့် မီးပွားလေးကို မထိန်းချုပ်နိုင်လျှင် ဤတစ်ကြိမ်တွင် သွေးနတ်ဆိုး နန်းတော်သည် မြောက်ပိုင်း‌ တောရိုင်း ဒေသကနေ အပြီးတိုင် ပျောက်ကွယ်သွားလိမ့်မည် ဖြစ်၏။

"ကောင်းပြီလေ.. ငါ ကျန်းချန်က ငါ့ရဲ့ ဝိညာဉ်ကို တိုင်တည်ပြီး ကျိန်ဆိုတယ်.. မင်းသာ ငါ သိချင်တဲ့ သတင်းကို ပြောပြရင် မင်းတို့ သွေးနတ်ဆိုး နန်းတော်ကို ငါ နောက်ထပ် မတိုက်ခိုက်တော့ဘူးလို့ ငါ ကတိပေးတယ်.."

ကျန်းချန်က ဟန်လီကို မထီတရီ ဟန်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

"ကဲ.. အခု ပြောလို့ရပြီလား.."

"လွန်ခဲ့တဲ့ နှစ်ရက်လောက်က မုန့်ချင်းရွှယ်လို့ ခေါ်တဲ့ ကောင်မလေး တစ်ယောက်ကို ငါတို့ သွေးနတ်ဆိုး နန်းတော်ရဲ့ တတိယ သြဇာ အကြီးဆုံး ပုဂ္ဂိုလ်က သွေးနတ်ဆိုး နန်းတော်ရဲ့ ဌာနချုပ်ဆီ အမှန်တကယ် ပေးပို့ခဲ့တယ်.. ဒီ မိန်းကလေးက ဒဏ္ဍာရီထဲက ရှေးဟောင်း အထူး ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်တဲ့အတွက် ခန်းမသခင်က သူမကို အရမ်း စိတ်ဝင်စားခဲ့တယ်.. သူမရဲ့ သွေးစွမ်းအားကို ထုတ်ယူပြီး သူ့ရဲ့ ခွန်အားကို မြှင့်တင်ဖို့ ကြံရွယ်ခဲ့တယ်.. မမျှော်လင့်ဘဲ သေရေးရှင်ရေး အခိုက်အတန့်မှာ သွေးကြာပန်း သူတော်စင်က ကောင်မလေးကို ကယ်တင်ခဲ့တယ်"

ဟန်လီက ဖြည်းဖြည်းချင်း ပြောပြလိုက်သည်။

"သွေးကြာပန်း သူတော်စင် ဆိုတော့ ချိုးလော်လန်များလား"

ကျန်းချန်က အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

ရှေးဟောင်း နယ်မြေတွင် လျှို့ဝှက် ဆန်းကြယ်သော ဆေးလုံးကို မျိုချခဲ့သည် ချိုးလော်လန်ကို သူ အမှတ်ရသွားမိသည်။

ထိုအချိန်က သွေးနတ်ဆိုး နန်းတော်၏ အစွမ်းထက် ကျင့်ကြံသူသည် ချိုးလော်လန်ကို သွေးကြာပန်း သူတော်စင်ဟု ခေါ်ခဲ့ပုံရ၏။

"ဒါဆို ချင်းရွှယ်ကို ချိုးလော်လန်က ကယ်တင်သွားတာများလား.. အခု သူတို့ ဘယ်နေရာမှာ ရှိနေလဲ ဆိုတာ မင်း သိလား.."

ကျန်းချန်ကို အသက်ကို ခပ်ပြင်းပြင်း ရှုရှိုက်၍ တိုက်ရိုက်ပင် မေးလိုက်သည်။

"သွေးကြာပန်း သူတော်စင်က မုန့်ချင်းရွှယ်ကို ကယ်တင်လိုက်တဲ့နောက်မှာ ခန်းမသခင်က အရမ်း ဒေါသ ထွက်သွားပြီး သူတို့ နှစ်ယောက်ကို လိုက်လံ သတ်ဖြတ်ဖို့အတွက် သွေးမင်းသားကို စေလွှတ်ခဲ့တယ်.. အစပိုင်းမှာတော့ ငါတို့တွေ သွေးမင်းသားနဲ့ အဆက်အသွယ် ရသေးတယ်.. ဒါပေမဲ့ မကြာခင်ကစပြီး သွေးမင်းသားက မြောက်ပိုင်း တောရိုင်း ဒေသကနေ ရုတ်တရက် ပျောက်ကွယ်သွားသလိုပဲ.. ဘယ်လိုမှ ဆက်သွယ်လို့ မရတော့ဘူး.. ဒါပေမဲ့ သေချာတာ တစ်ခုက အခုအချိန်အထိ သွေးမင်းသား အသက်ရှင်နေသေးတယ်.. ဘာလို့လဲဆိုတော့ သွေးနတ်ဆိုး နန်းတော်ရဲ့ ဌာနချုပ်မှာ ရှိနေတဲ့ သူ့ရဲ့ ဝိညာဉ် တံဆိပ်ပြားက အခုအချိန်ထိ ဘာမှ မဖြစ်သေးလို့ပဲ"

ဟန်လီက ဘာမှ ဖုံးကွယ်မထားဘဲ သူ သိထားသမျှကို အကုန်အစင် ပြောပြလိုက်သည်။

"ကြည့်ရတာ ချင်းရွှယ်တို့လည်း အသက်ရှင်နေသေးပုံရတယ်.. ဒါပေမဲ့ မြောက်ပိုင်း တောရိုင်း ဒေသမှာတော့ မရှိလောက်တော့ဘူး ထင်တယ်"

ကျန်းချန်က မျက်မှောင်ကြုတ်ကာ တွေးလိုက်သည်။

သွေးကြာပန်း သူတော်စင်သည် ချင်းရွှယ်ကို မြောက်ပိုင်း တောရိုင်း ဒေသကနေ ခေါ်ထုတ်သွားပြီး ကျုံးကျိုးကုန်းမြေဆီသို့ သွားရောက်ခဲ့ခြင်း ဖြစ်နိုင်ပါသလော။

"အကြီးအကဲ ကျီရှ.. ဒီနေရာကို အကြီးအကဲနဲ့ပဲ ထားခဲ့မယ်.. ကျွန်တော် အရင် သွားလိုက်တော့မယ်.."

ဤနေရာတွင် မုန့်ချင်းရွှယ် ရှိမနေသောကြောင့် ကျန်းချန်သည် ဆက်လက် ရှိနေရန် အစီအစဉ် မရှိတော့ပေ။

"မိတ်ဆွေလေး ကျန်းချန်.. စိတ်မပူပါနဲ့.. ဒီနေ့ သွေးနတ်ဆိုး နန်းတော်ကို ငါတို့တွေ အမြစ်ဖြတ် သုတ်သင်လိုက်ပါ့မယ်.."

ကျီရှတို့ အထွတ်အထိပ် အကြီးအကဲ သုံးဦးက ကတိပေးလိုက်ကြသည်။

သွေးနတ်ဆိုး နန်းတော်သည် ယခုအခါတွင် ကျန်းချန်၏ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် လုံးဝ လုံးပါးပါး နေပြီ ဖြစ်သည်။

ဤအခြေအနေသည် သွေးနတ်ဆိုး နန်းတော်ကို ဖျက်ဆီးရန်အတွက် အခွင့်အရေး ကောင်းဖြစ်ရာ သူတို့အနေဖြင့် မည်သည့် နည်းနှင့်မျှ အလွယ်တကူ လက်လွှတ်ခံမည် မဟုတ်ပေ။

"ကျန်းချန်.. မင်း ကတိမတည်ဘူး.."

ထိုအချိန်တွင် ဟန်လီသည် မျက်နှာ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ငါ ကျန်းချန်က ပြောတဲ့အတိုင်း ကတိ တည်ပါတယ်.. ငါ့ရဲ့ ကတိအတိုင်း မင်းတို့ကို ငါ ဘာမှ မလုပ်ဘူးလေ"

ထိုအခိုက်အတန့်တွင် ကျန်းချန်၏ နှုတ်ခမ်းသည် လေးကိုင်း သဏ္ဌာန် ကွေးညွတ်သွားခဲ့သည်။

"ဒါပေမဲ့ ဂိုဏ်းကြီး သုံးဂိုဏ်းအနေက မင်းတို့ကို ဘာမှ မလုပ်ဘူးလို့တော့ ငါ အာမ မခံနိုင်ဘူး.. သူတို့ရဲ့ လက်ထဲမှာ အသက်ရှင်နိုင် မရှင်နိုင် ဆိုတာကတော့ မင်းတို့ရဲ့ ကံကြမ္မာပေါ်မှာပဲ မူတည်တယ်"

စကားဆုံးသည်နှင့် ကျန်းချန်၏ ပုံရိပ်သည် ကောင်းကင်ယံကနေ လျှပ်တစ်ပြက် ပျောက်ကွယ်သွားခဲ့သည်။

ကျန်းချန်၏ စကားကို ကြားလျှင် ဟန်လီ၏ မျက်နှာသည် ချက်ချင်း ဆိုသလို ဖြူဖျော့သွားခဲ့၏။

ယခုအခါတွင် သွေးနတ်ဆိုး နန်းတော်၏ အင်အားကြီးမားသော ကျင့်ကြံသူများသည် သေဆုံး ကုန်ကြပြီ ဖြစ်သည်။

အသက်ရှင်နေသည့် သူများသည်လည်း အတွင်း ဒဏ်ရာ အပြင်းအထန် ရရှိနေသည့် အခြေအနေတွင် ဂိုဏ်းကြီး သုံးဂိုဏ်းမှ ကျင့်ကြံသူများ၏ တိုက်ခိုက်မှုများကို မည်ကဲ့သို့ ခံနိုင်ရည် ရှိပါအံ့နည်း။

ဤတစ်ကြိမ်တွင်မူ မြောက်ပိုင်းတောရိုင်း ဒေသရှိ သွေးနတ်ဆိုး နန်းတော်သည် လုံးဝ ပြီးဆုံးသွားခဲ့ချေပြီ။

အခန်း(၁၁၄၄)ပြီး၏။

အခန်း(၁၁၄၅)

သွေးမြူ တောင်တန်းကနေ ထွက်ခွာလာပြီးနောက်တွင် ကျန်းချန်သည် မဟာရှား နိုင်ငံကို အလျင်စလို ပြန်မသွားဘဲ သွေးမြူ တောင်တန်း၏ တစ်ခုတည်းသောမြို့ ဖြစ်သော ဟေးလုံမြို့ကို ရောက်ရှိလာခဲ့သည်။

မြောက်ပိုင်း တောရိုင်း ဒေသကနေ မထွက်ခွာခင် ကျန်းချန်သည် နဂါးနက် ကုန်သွယ်ရေး အဖွဲ့အစည်း၏ ဥက္ကဋ္ဌ လုံလီကို (၂)နှစ်အတွင်း ပြန်လာမည်ဟု‌ ပြောဆိုခဲ့သည်။

ယခုအခါတွင် သူတို့ သဘောတူထားသည့် အချိန်က နီးကပ်လာပြီ ဖြစ်၍ သူ့အနေဖြင့် ဟေးလုံမြို့တွင် အခြေစိုက်သည့် နဂါးနက် ကုန်သွယ်‌ရေး အဖွဲ့၏ ဌာနချုပ်ထံ သွားရောက်ရန် စီစဉ်လိုက်သည်။

သွေးမြူ တောင်တန်းနှင့် ဟေးလုံမြို့သည် သိပ်မဝေးပေ။

နာရီဝက်ခန့် အကြာမှာပင် ကျန်းချန်သည် ဟေးလုံမြို့၏ မြို့တံခါးဝသို့ ရောက်ရှိလာပြီး မြို့ထဲကို တိုက်ရိုက် ဝင်ရောက်ရန် ပြင်လိုက်သည်။

"ကောင်လေး.. ရပ်လိုက်စမ်း."

ထိုအချိန်မှာပင် သံချပ်ကာ ဝတ်ရုံ ဝတ်ဆင်ထားသော လုံခြုံရေး နှစ်ယောက်သည် ကျန်းချန်ကို ဟန့်တားလိုက်၏။

ကျန်းချန်က ၎င်းတို့ကို စေ့စေ့ကြည့်၍ မေးခွန်းထုတ်လိုက်သည်။

"မင်းတို့က ဘာဖြစ်လို့ တားရတာလဲ"

လုံခြုံရေး တစ်ယောက်က ကျန်းချန်ကို မဲ့ပြုံးပြုံး၍ ကြည့်ကာ ပြောလိုက်သည်။

"ကောင်လေး.. မင်းကိုကြည့်ရတာ ဟေးလုံမြို့ကို ပထမဆုံး အကြိမ် လာတဲ့ပုံပဲ.. ဟေးလုံမြို့ထဲ ဝင်ချင်ရင် မြို့ဝင်ခွင့် လက်မှတ်အတွက် အဆင့်နိမ့် ခရစ္စတယ် ကျောက်တုံး တစ်ထောင် ပေးရတယ်"

"မြို့ဝင်ခွင့် လက်မှတ် ဝယ်ရမယ် ဟုတ်လား"

ကျန်းချန်က မျက်မှောင်ကြုတ်လိုက်သည်။

"ငါ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ဟေးလုံမြို့ကို လာခဲ့ဖူးတယ်.. အဲဒီအချိန်က မြို့ဝင်ခွင့် လက်မှတ် ဝယ်စရာ မလိုဘူးလို့ ထင်တယ်.."

"အဲဒါက လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ကိစ္စလေ.. ငါတို့ ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့ ဟေးလုံမြို့ကို လွန်ခဲ့တဲ့ ခြောက်လက စပြီး တာဝန်ယူကတည်းက မြို့ထဲ ဝင်ချင်ရင် မြို့ဝင်ခွင့် လက်မှတ်ကို ဝယ်ဖို့ စည်းမျဉ်း ထုတ်ထားတယ်.. မြို့ဝင်ခွင့် လက်မှတ်ကို မဝယ်ချင်ရင်တော့ လာရာလမ်းအတိုင်း ပြန်လှည့်လိုက်တော့"

နောက်ထပ် လုံခြုံရေး တစ်ယောက်က မောက်မာစွာ ပြောလိုက်သည်။

ထိုစကားကို ကြားလျှင် ကျန်းချန်၏ မျက်လုံးသည် အနည်းငယ် မှေးကျဉ်းသွားခဲ့သည်။

ဟေးလုံမြို့ကို နဂါးနက် ကုန်သွယ်ရေး အဖွဲ့၏ အဆက်အနွယ် ဖြစ်သည့် လုံမိသားစုက တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး အမြဲတစေ နဂါးနက် ကုန်သွယ်ရေး အဖွဲ့ကသာ တာဝန်ယူခဲ့သည်။

ရှန်းဖုန်း ကြေးစား စစ်သည် အနေဖြင့် မည်သည့်အခါကမှ တာဝန်ယူခဲ့ဖူးခြင်း မရှိပေ။

ကြည့်ရသည်မှာ ဤ တစ်နှစ်ကျော် ကာလအတွင်း ဟေးလုံမြို့သည် အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့ပုံရ၏။

"ဟားဟား.. မင်းတို့ ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့က နိုင်ထက်စီးနင်း လုပ်နေတာကိုး.. ငါ မြို့ဝင်ခွင့် လက်မှတ်ကို မဝယ်ဘူးဆိုရင်‌ရော မင်းတို့တွေ ဘာလုပ်နိုင်မှာမို့လဲ"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။

"ဟားဟား.. ဒီ ကောင်လေးက သူ့ကိုယ်သူ ဘယ်သူလို့ ထင်နေလဲ မသိဘူး.. ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့ကိုတောင် စိန်ခေါ်နေတယ်.. နဂါးနက် ကုန်သွယ်‌ရေး အဖွဲ့ကတောင် ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့ရဲ့ အင်အားကြောင့် နောက်ဆုတ် ပေးလိုက်ရတယ်.. ဒီ ကောင်လေး အနေနဲ့ ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့ကို အန်တုရင် သေဖို့ တစ်လမ်းပဲ ရှိတယ်.."

"........"

ထိုအချိန်တွင် မြို့တံခါးဝ အနီးရှိ လမ်းသွားလမ်းလာ များစွာသည် ကျန်းချန်ကို ကရုဏာ သက်သော မျက်လုံးများဖြင့် ကြည့်ကာ ခေါင်းကို ခါရမ်းလိုက်ကြသည်။

"ကောင်လေး.. နဂါးနက် ကုန်သွယ်ရေး ခန်းမက လူတွေတောင် ငါတို့ ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို လိုက်နာရတယ်.. မင်းက ဘာကောင်မို့လို့ ငါတို့ကို လာပြီး ရိုင်းစိုင်းရဲတာလဲ.."

လုံခြုံရေး နှစ်ယောက် ဒေါသတကြီး အော်ဟစ်လိုက်ပြီး ကျန်းချန်ကို သတ်ဖြတ်ချင်သော အမူအရာဖြင့် စူးစိုက်ကြည့်လိုက်သည်။

"မင်းတို့ ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့ရဲ့ စည်းမျဉ်းတွေက ဘာမို့လို့လဲ.. ငါ ဆန္ဒရှိ သရွေ့ ဘယ်စည်းမျဉ်းကမှ ငါ့ကို တားဆီးနိုင်မှာ မဟုတ်ဘူး.."

ကျန်းချန်က ခနဲ့တဲ့တဲ့ ပြုံးလိုက်ပြီး ဆက်လက် လျှောက်လှမ်းသွားခဲ့သည်။

"သွားသေလိုက်တော့.."

လုံခြုံရေး နှစ်ယောက်က ဒေါသတကြီး ကြုံးဝါးလိုက်သည်။

တစ်ချိန်တည်းမှာပင် သူတို့သည် သူတို့၏ လှံများဖြင့် ပေအနည်းငယ်ရှိသည့် လှံအလင်းကို တိုက်ရိုက် ဖန်တီးလိုက်ပြီး ကျန်းချန်ဆီသို့ ပစ်လွှတ်လိုက်သည်။

"စွမ်းအင် သိပ်သည်းခြင်း အဆင့် ပုရွက်ဆိတ် နှစ်ကောင်ကများ ငါ့ရဲ့ လမ်းကို ပိတ်ဆို့ရဲတယ်.. ထွက်သွားစမ်း.."

ကျန်းချန်က လုံခြုံရေး နှစ်ဦးကို မထီမဲ့မြင် ကြည့်လိုက်ပြီး ရေရွတ်လိုက်သည်။

သူ၏ အသံမှ တစ်ဆင့် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်သည် လုံခြုံရေး နှစ်ယောက်ထံသို့ ပျံ့နှံ့သွားခဲ့၏။

"ဖူး.."

ချက်ချင်း ဆိုသလိုပင် လုံခြုံရေး နှစ်ယောက်၏ ပါးစပ်ကနေ သွေးများ အန်ထွက်လာခဲ့ပြီး ခန္ဓာကိုယ် တစ်ကိုယ်လုံးသည် ကြိုးပြတ်သွားသော စွန် တစ်ကောင်နှယ် အနည်းငယ် အလှမ်းဝေးသည့် နေရာသို့ လွင့်စင်သွားခဲ့သည်။

သူတို့ နှစ်ယောက်က ကျန်းချန်ကို ဖြူဖျော့သော မျက်နှာထားဖြင့် ကြည့်ကာ ဒေါသတကြီး ရေရွတ်လိုက်သည်။

"ကောင်လေး.. မင်းက ငါတို့ ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့ရဲ့ ရန်သူ ဖြစ်ချင်လို့လား.."

"မင်းတို့ ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့နဲ့ ရန်သူ ဖြစ်တော့ရော ဘာအရေးလဲ.. ငါ ကျန်းချန်က ဘာကို ဂရုစိုက်ရမှာလဲ.. မင်းတို့တွေ ငါနဲ့ အကြွေးရှင်းချင်ရင် နဂါးနက် ကုန်သွယ်ရေး အဖွဲ့ရဲ့ ဌာနချုပ်ဆီ လာခဲ့ပါ.. ဒါပေမဲ့ မင်းတို့တွေ ငါ့ရဲ့ ရန်သူ ဖြစ်လာမယ်ဆိုရင် ငါ့ရဲ့ ရန်သူ ဖြစ်ရတဲ့ အဖိုးအခကို ပေးဆပ်ဖို့တော့ ပြင်ဆင်ထားကြပါ.."

ကျန်းချန်က ထို နှစ်ဦးကို စေ့စေ့ကြည့်လိုက်ပြီးနောက်တွင် ဟေးလုံမြို့ထဲကို တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။

အခန်း(၁၁၄၅)ပြီး၏။

အခန်း(၁၁၄၆)

နဂါးနက် ကုန်သွယ်ရေး အဖွဲ့အစည်း၏ အစည်းအဝေး ခန်းမ။

နဂါးနက် ကုန်သွယ်ရေး အဖွဲ့အစည်း၏ ဥက္ကဋ္ဌ လုံလီသည် အစည်းအဝေး ခန်းမ၏ ထိပ်ဆုံးတွင် ထိုင်နေခဲ့သည်။

သူ၏ ဘေး တစ်ဖက်တစ်ချက်တွင် အကြီးအကဲများနှင့် နဂါးနက် ကုန်သွယ်ရေး အဖွဲ့အစည်း၏ ထိပ်တန်း ခေါင်းဆောင်များ ရှိနေကြ၏။

ထိုအထဲတွင် သူ၏သား လုံလင်နှင့် အဓိက တပည့်များလည်း ပါဝင်၏။

"အဖေ တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာတာက အချိန်ကောင်းပဲ"

လုံလင်က သူ၏ အဖေကို ကြည့်ကာ အလွန်အမင်း စိတ်လှုပ်ရှားသော အမူအရာဖြင့် ပြောလိုက်သည်။

"ငါ သွေးနတ်ဆိုး နန်းတော်က ကျင့်ကြံသူတွေနဲ့ တိုက်ခိုက်ခဲ့ပြီး အပြင်းအထန် ဒဏ်ရာ ရခဲ့ပေမဲ့ အဲဒါက ငါ့အတွက် ကံကောင်းခြင်းကို ဖြစ်စေခဲ့တယ်.. လွန်ခဲ့တဲ့ ခြောက်လအတွင်း တံခါးပိတ် ကျင့်ကြံနေတဲ့ အချိန်အတွင်းမှာ ငါ့ရဲ့ ကျင့်ကြံခြင်း အဆင့်က အများကြီး တိုးတက်လာခဲ့ပြီ"

လုံလီက ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ချက်ချင်း ဆိုသလို မေးခွန်းထုတ်လိုက်သည်။

"ငါ တံခါးပိတ် ကျင့်ကြံနေတဲ့ အချိန်အတွင်းမှာ အခြေအနေတွေ ဘယ်လို ရှိလဲ.."

"အဖေ တံခါးပိတ် ကျင့်ကြံနေတဲ့ အချိန်အတွင်းမှာ နဂါးနက် ကုန်သွယ်ရေး အဖွဲ့က အင်အား ချည့်နဲ့နေတဲ့အတွက် ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့က ဟေးလုံမြို့ကို သိမ်းပိုက်လိုက်တယ်.. ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့က ဟေးလုံမြို့ကို ထိန်းချုပ်ပြီးနောက်မှာ ပိုပြီးတော့ မောက်မာလာခဲ့တယ်.. အခု အဖေ ဒဏ်ရာ ပြန်လည် ကောင်းမွန်သွားပြီး ကျင့်ကြံခြင်း အဆင့်ကလည်း နောက်တစ်ဆင့်ကို တက်သွားပြီ ဆိုတော့ ဟေးလုံမြို့ကို ကျွန်တော်တို့ ပြန်လည် ထိန်းချုပ်ဖို့ အချိန်ကျပြီ"

လုံလင်က တက်ကြွသော အမူအရာဖြင့် ပြောလိုက်သည်။

"အမှန်ပဲ.. ဒီအတောအတွင်း ရှန်းဖုန်း ကြေးစား စစ်သည်ရဲ့ အနိုင်ကျင့်မှုတွေကို ကျွန်တော်တို့ နဂါးနက် ကုန်သွယ်ရေး အဖွဲ့က အတော်လေး သည်းခံခဲ့ရတယ်.. အခု အချိန်က ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့ကို သင်ခန်းစာ ပေးဖို့ အကောင်းဆုံး အချိန်ပဲ.. ဒီ ဟေးလုံမြို့က ကျွန်တော်တို့ နဂါးနက် ကုန်သွယ်ရေး အဖွဲ့အစည်းက ပိုင်ဆိုင်တဲ့ မြို့ပဲ.. ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့နဲ့ လုံးဝ မထိုက်တန်ဘူး.."

နဂါးနက် ကုန်သွယ်ရေး အဖွဲ့အစည်းမှ လူများသည် တစ်ယောက်ပြီး တစ်ယောက် လုံလင်၏ အဆိုကို ထောက်ခံ ပြောဆိုခဲ့ကြသည်။

၎င်းတို့ အားလုံးသည် တိုက်ပွဲဝင်ရန်အတွက် အဆင်သင့် ဖြစ်နေခဲ့ကြသည် ဆိုလည်း မမှားပေ။

ဤအတောအတွင်း နဂါးနက် ကုန်သွယ်ရေး အဖွဲ့သည် ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။

ထိုကြောင့် လူတိုင်း၏ ရင်ထဲတွင် မကျေနပ်ချက်များ ရှိနေသည်မှာ သံသယ ဖြစ်စရာပင် မလို‌ပေ။

ယခုအခါတွင် သူတို့၏ ခေါင်းဆောင် ဖြစ်သည့် လုံလီက တံခါးပိတ် ကျင့်ကြံရာကနေ အောင်မြင်စွာ ထွက်လာခဲ့ပြီ ဖြစ်ရာ သူတို့ အနေဖြင့် အဘယ်ကဲ့သို့ ဆက်လက် သည်းခံနိုင်ပါအံ့နည်း။

"ဒီကိစ္စက အလျင်စလို လုပ်စရာ မလိုဘူး.. ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့ကို တစ်ခဏလောက် သူတို့ လုပ်ချင်ရာ ပေးလုပ်ထားလိုက်.. သူတို့ ဟေးလုံမြို့ကို ဒီထက်ပိုပြီး ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး.."

လုံလီက သူ၏ လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

"သိပ်မကြာခင် လုံ မိသားစုရဲ့ အမွေအနှစ် နယ်မြေက ဖွင့်တော့မယ်.. ဒီကိစ္စ ပြီးတော့မှပဲ ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့ကို ရှင်းကြတာပေ့ါ.."

လုံလီ၏ နှုတ်မှ ထိုစကားကို ပြောလိုက်သည်နှင့် လုံလင်၏ မျက်လုံးများသည် တောက်ပလာခဲ့သည်။

"အဖေ.. အမွေအနှစ် နယ်မြေက သိပ်မကြာခင်ပဲ ဖွင့်တော့မယ်.. ကျန်းချန်ကလည်း အခုထိ ပေါ်မလာဘူး ဆိုတော့ သူ့အစား အဖေ တစ်ယောက်ယောက်ကို အမွေအနှစ် နယ်မြေထဲ စေလွှတ်သင့်တယ်.."

လုံလင်ထံမှ ထိုစကားကို ကြားလျှင် လုံလီသည် သက်ပြင်းချလိုက်သည်။

ရိုးသားစွာ ဝန်ခံရလျှင် လုံလီသည် လုံ မိသားစု အမွေအနှစ် နယ်မြေ မဖွင့်လှစ်မီ ကျန်းချန် အချိန်မီ လာရောက်မည်ကို မျှော်လင့်နေမိသည်။

သူတို့ လုံမိသားစုမှ ပါရမီရှင်များနှင့် ပတ်သက်၍ လုံလီသည် ကောင်းစွာ သိသည်။

ထိုပါရမီရှင်များ၏ စွမ်းရည်ဖြင့် ဆိုလျှင် အမွေအနှစ် နယ်မြေ၏ စမ်းသပ်မှုကို အောင်မြင်ရန် မဖြစ်နိုင်ပေ။

မြောက်ပိုင်း တောရိုင်း ဒေသတွင် တစ်ချိန်က နာမည်ကြီးခဲ့သည့် ပါရမီရှင် ကျန်းချန် တစ်ယောက်တည်းသာလျှင် ထို စမ်းသပ်မှုကို ကျော်ဖြတ်ရန် မျှော်လင့်ချက် အလင်းရောင် ရှိနိုင်ပေသည်။

သို့သော်လည်း ကျန်းချန်သည် ကျုံးကျိုး ကုန်းမြေကို ထွက်သွားခဲ့သည် ဖြစ်ရာ ပြန်လည် ရောက်ရှိရန် မျှော်လင့်ချက်က အလွန်ပင် နည်းပါးနေခဲ့၏။

"ငါ့ရဲ့ ခန့်မှန်းချက်အရ ဆိုရင် အမွေအနှစ် နယ်မြေက ဆယ်ရက်အတွင်း ဖွင့်လှစ်လိမ့်မယ်.. အကယ်၍ ကျန်းချန် အချိန်မီ ပြန်မလာဘူး ဆိုရင် သူ့အစား မင်းပဲ အမွေအနှစ် နယ်မြေထဲကို ဝင်လိုက်ပါ"

လုံလီက သက်ပြင်းချ၍ ပြောလိုက်သည်။

ဤ အခွင့်အရေးကို လက်လွှတ်ခံလိုက်လျှင် လုံ မိသားစု အမွေအနှစ် နယ်မြေ ဖွင့်လှစ်ရန် နောက်ထပ် ဆယ်နှစ် စောင့်ရဦးမည် မဟုတ်ပါလော။

"ဟားဟား.. ဥက္ကဋ္ဌ လုံ.. ကျွန်တော် ကျန်းချန်က ကတိ မတည်တဲ့သူ မဟုတ်ပါဘူး.. ခင်ဗျားကို ကတိပေးထားပြီ ဆိုမှတော့ ဘယ်လိုလုပ် မလာဘဲ နေနိုင်မှာလဲ"

ထိုအချိန်မှာပင် အစည်းအဝေး ခန်းမထဲကို ရယ်မောသံ တစ်သံ ပျံ့လွင့်လာခဲ့သည်။

ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် လုံလီက အနည်းငယ် အံ့အားသင့်သွားခဲ့၏။

သူက အနည်းငယ် ခေါင်းမော့ပြီး တံခါးဝကို လှမ်းကြည့်လိုက်ရာ အနည်းငယ် ရင်းနှီးသော ပုံရိပ် တစ်ခုသည် ခန်းမထဲသို့ ဖြည်းညင်းစွာ ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။

ထိုပုံရိပ်ကို မြင်လျှင် လုံလီသည် ချက်ချင်း ဆိုသလို ဝမ်းသာ သွားခဲ့၏။

"ကျန်း.. ကျန်းချန်.. မင်း ပြန်ရောက်လာပြီလား.."

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။

"ဥက္ကဋ္ဌ လုံ.. ကျွန်တော် ကျန်းချန်က လုံ မိသားစု လျှို့ဝှက်ချက်ကို ဖြေရှင်းဖို့အတွက် ကူညီ ပေးမယ်လို့ ကတိပေးထားမှတော့ ချိန်းဆိုထားတဲ့အတိုင်း လာရမှာပေ့ါ.. နောက်ကျနေလို့ မဖြစ်ဘူးလေ ဟုတ်တယ်မလား"

အခန်း(၁၁၄၆)ပြီး၏။

All Chapters