← Chapters

အခန်း (၁၁၄၇-၁၁၄၉)

Vol. 77 Ch. 1147-1149

အခန်း (၁၁၄၇-၁၁၄၉)

Vol. 77 Ch. 1147-1149

အခန်း(၁၁၄၇)

"ဟားဟား.. ကျန်းချန်.. မင်းက တကယ်ကို ယုံကြည်ရတဲ့ လူပဲ.. အချိန်မီ ပြန်လာနိုင်ခဲ့တယ်"

လုံလီက ဝမ်းသာအားရ ဖြစ်ကာ ပြုံး၍ ပြောလိုက်သည်။

သူက ကျန်းချန်ကို အကဲခတ်ကြည့်လိုက်ရာ သူ၏ မျက်လုံး သူငယ်အိမ်များပင် ရုတ်တရက် ကျုံ့ဝင် သွားခဲ့သည်။

"တစ်နှစ်ကျော်လေး မတွေ့ရတာနဲ့ ကျန်းချန်က ဒီ အဆင့်ထိ ကြီးထွားလာတာလား.. တကယ်ကို မယုံနိုင်စရာပဲ"

ကျန်းချန်က နတ်ဆိုးဆန်သော ပါရမီ ရှိပြီး ကျုံးကျိုး ကုန်းမြေမှ ကျင့်ကြံသူ၏ ညွှန်ကြား ပြသမှုကို ရရှိထားသောကြောင့် ကျင့်ကြံခြင်း အဆင့် မြန်မြန်ဆန်ဆန် တိုးတက်လာမည်ကို သိသော်လည်း ဤမျှ အထိ ကြောက်စရာ ကောင်းလောက်အောင် တိုးတက်လာမည်ဟု လုံလီ မထင်ထားခဲ့ပေ။

သူ၏ သိုင်းသခင် နယ်ပယ် ဆဋ္ဌမ အဆင့် ကျင့်ကြံခြင်း အဆင့်ဖြင့်ပင် ကျန်းချန်၏ ကျင့်ကြံခြင်း အဆင့်ကို မမြင်နိုင်ခဲ့ချေ။

ကျန်းချန်၏ အရှိန်အဝါက နက်နဲလွန်းလှ၍ ကျန်းချန်၏ ကျင့်ကြံခြင်း အဆင့်သည် အနည်းဆုံး သိုင်းသခင် နယ်ပယ် နဝမ အဆင့်တွင် ရှိနေလောက်သည်ဟု သူ ခန့်မှန်းခဲ့သည်။

[ကျန်းချန်က အသက်နှစ်ဆယ်လေးနဲ့ သိုင်းသခင် နယ်ပယ် အထွတ်အထိပ်ကို ရောက်ရှိနေတဲ့ မွန်းစတား တစ်ကောင်ပဲ.. ဒီလိုလူမျိုး မြောက်ပိုင်း တောရိုင်း ဒေသရဲ့ သမိုင်းမှာတောင် တစ်ခါမှ မရှိခဲ့ဖူးဘူး]

ထိုသို့ တွေးမိလျှင် လုံလီ၏ ရင်ထဲတွင် စိတ်လှုပ်ရှားသော ခံစားချက်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်၏ အကူအညီဖြင့် ဆိုလျှင် ဤတစ်ကြိမ် လုံမိသားစု အမွေအနှစ် နယ်မြေထဲတွင် သူတို့ လုံမိသားစု၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်မည်ဟု သူ အမှန်တကယ် မျှော်လင့်နေခဲ့သည်။

"ကျန်းချန် ရောက်လာတယ်လား"

ကျန်းချန် အစည်းအဝေး ခန်းမထဲ ပေါ်လာသည့် အခိုက်အတန့်တွင် နဂါးနက် ကုန်သွယ်ရေး အဖွဲ့၏ အခြားသော ထိပ်တန်း အဖွဲ့ဝင်များသည် မည်သို့မှ မခံစားရသော်လည်း လုံလင်ကမူ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး မကျေမနပ် အမူအရာ ဖြစ်နေခဲ့သည်။

ကျန်းချန်ကို ကြည့်နေသည့် သူ၏ မျက်ဝန်းများသည် မီးတောက် လုမတတ်ပင် ဖြစ်နေခဲ့၏။

လုံမိသားစု အမွေအနှစ် နယ်မြေ ဝင်ခွင့်သည် သူ၏ အပိုင် ဖြစ်သည်။

သို့သော်လည်း သူ့အဖေသည် ကျန်းချန်ကို ရှာတွေ့ပြီးနောက်တွင် ဝင်ခွင့် နေရာကို အပိုင်စား ပေးပစ်လိုက်သည်။

ကျန်းချန်က တစ်နှစ်ကျော်ကြာ မြောက်ပိုင်း တောရိုင်း ဒေသကနေ ပျောက်ကွယ်သွားပြီး နောက်ပိုင်း မည်သည့် သတင်းမှ မရရှိခဲ့ပေ။

ထို့ကြောင့် အမွေအနှစ် နယ်မြေ ဖွင့်လှစ်တော့မည့် အချိန်တွင် လုံလင်သည် ကျန်းချန်၏ ကိုယ်စား အမွေအနှစ် နယ်မြေထဲကို ဝင်ရောက်နိုင်ပြီဟု ထင်နေခဲ့၏။

သို့ရာတွင် ကျန်းချန်က ဤကဲ့သို့ အရေးပါသော အချိန်တွင် ပြန်လည် ရောက်ရှိလာမည်ဟု မည်သူက ကြိုသိနိုင်ပါအံ့နည်း။

"မဖြစ်ဘူး.. ဝင်ခွင့်နေရာကို ဒီလောက် လွယ်လွယ်ကူကူနဲ့ ကျန်းချန် ယူသွားတာ ငါ ခွင့်မပြုနိုင်ဘူး"

လုံလီက သူ၏ သွားများကို အန်ကြိတ်လိုက်သည်။

ထိုခဏတွင် သူ၏ မျက်ဝန်းထဲ၌ ထက်ရှသော အလင်းတန်း တစ်ခု လင်းလက် သွားခဲ့၏။

ထိုနေ့က ကျန်းချန်ကို တစ်ကွက်တည်းဖြင့် ရှုံးနိမ့်ပြီးနောက်တွင် လုံလင်သည် အပတ်တကုတ် ကြိုးစား ကျင့်ကြံခဲ့သည်။

တစ်နှစ်ကျော်ကြာ အားထုတ်ခဲ့ပြီးနောက်တွင် သူ၏ ခွန်အားသည် အလျင်အမြန်ပင် တိုးတက်လာခဲ့၏။

ယခုအခါတွင် သူသည် စွမ်းအင် သိပ်သည်းခြင်း နယ်ပယ် နဝမ အဆင့်၏ အထွတ်အထိပ်သို့ပင် ရောက်ရှိနေပြီး သူ၏ ခန္ဓာကိုယ်ထဲမှ အသက် စွမ်းအင်သည်ပင် အသက် စွမ်းအင် ပင်လယ် အဖြစ်သို့ စတင် ပြောင်းလဲနေပြီ ဖြစ်၏။

ဆိုရလျှင် လုံလင်သည် ခြေလှမ်း တစ်ဝက် သိုင်းဘုရင် နယ်ပယ် အဆင့် ကျင့်ကြံသူ၏ ခွန်အား ရှိနေခဲ့ပြီ ဖြစ်သည်။

ယခု အချိန်တွင် ကျန်းချန်နှင့် ထပ်မံ တိုက်ခိုက်မည် ဆိုလျှင် ကျန်းချန်ကို မယှဉ်နိုင်စရာ အကြောင်း မရှိဟု သူ ထင်ခဲ့၏။

ထိုကဲ့သို့ တွေးမိသည်နှင့် လုံလင်သည် တွေဝေ မနေတော့ဘဲ အသက်ကို ခပ်ပြင်းပြင်း ရှူကာ ချက်ချင်းပင် မတ်တပ် ထရပ်လိုက်ပြီး လေသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

"အဖေ.. အမွေအနှစ် နယ်မြေက ဖွင့်လှစ်တော့မယ်.. အခု ကျန်းချန် ပြန်ရောက်လာပြီ ဆိုမှတော့ အမွေအနှစ် နယ်မြေ ဝင်ခွင့်နှင့် ပတ်သက်ပြီး ကျွန်တော်နဲ့ သူက ဘယ်သူ ပိုပြီး ထိုက်တန်လဲ ဆိုတာ ယှဉ်ကြည့်ပါရစေ.."

ထိုအခိုက်အတန့်တွင် လုံလီသည် သူ၏ သားဖြစ်သူ လုံလင်ကို ပေါ့ပါးစွာ ကြည့်လိုက်ပြီး ခေါင်းခါရမ်း၍ ပြောလိုက်သည်။

"ငါ့သား.. မင်းက ကျန်းချန်ရဲ့ ပြိုင်ဘက် မဟုတ်ဘူး"

ယခုအခါတွင် ကျန်းချန်၏ ခွန်အားသည် အလွန်တရာ နက်ရှိုင်းလွန်း၏။

အနိမ့်ဆုံးအားဖြင့် သိုင်းသခင် နယ်ပယ် သတ္တမ အဆင့်ကို ရောက်ရှိနေလောက်ပြီ ဖြစ်သည်။

သူကိုယ်တိုင် တိုက်ခိုက်လျှင်ပင် ကျန်းချန်၏ ပြိုင်ဘက် ဖြစ်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် သူ၏ သား လုံလင်က ကျန်းချန်ကို စိန်ခေါ်နေသည်မှာ ကိုယ့်သေလမ်း ကိုယ်ရှာနေသည်နှင့် ဘာမှ မခြားပေ။

"အဖေ.. ပြိုင်ဘက် ဟုတ် မဟုတ် ဆိုတာကတော့ တိုက်ပြီးမှပဲ သိရမှာပေ့ါ.."

လုံလင်က နှာခေါင်းရှုံ့၍ အေးစက်စက် ရေရွတ်လိုက်ပြီး ကျန်းချန်ကို မာန တစ်ခွဲသား အမူအရာဖြင့် ကြည့်လိုက်သည်။

"ကျန်းချန်.. လုံမိသားစု အမွေအနှစ် နယ်မြေရဲ့ ဝင်ခွင့် နေရာက အမြဲတစေ ခွန်အား အပေါ်မှာပဲ မူတည်ခဲ့တယ်.. မင်းက တကယ်ပဲ အရည်အချင်း ရှိတယ် ဆိုရင် ငါနဲ့ တိုက်ကြရအောင်"

"မင်းနဲ့ တိုက်ရမယ် ဟုတ်လား"

"စိတ်မကောင်းပါဘူး.. ငါက ငါ့ထက် အားနည်းတဲ့ သူတွေကို အနိုင်ကျင့်ချင်စိတ် မရှိဘူး.. မင်းရဲ့ ခွန်အားက ဒီနှစ်ထဲမှာ အများကြီး တိုးတက်လာပေမဲ့ ငါ့ကို အနိုင်ယူချင်ရင်တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး"

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ပေါ့ပါးစွာ ပြောလိုက်သည်။

သူက နတ်ဝိညာဉ် ဘုရင်အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်ရာ သိုင်းသခင် နယ်ပယ် အဆင့်ကိုပင် မရောက်ရှိသေးသည့် ကောင်လေး တစ်ယောက်နှင့် ရင်ဆိုင်ခြင်းသည် အနိုင်ကျင့်ရာ ရောက်သွားမည် မဟုတ်ပါလား။

အခန်း(၁၁၄၇)ပြီး၏။

အခန်း(၁၁၄၈)

"ဟမ့်.. ကျန်းချန်.. မင်း စော်ကားလှချည်လား.. မင်းက ငါ လုံလင်ကို အရင်က လုံလင်လို့များ ထင်နေလား.. အပိုစကားတွေ ပြောမနေနဲ့.. မင်း တကယ် သတ္တိ ရှိတယ်ဆိုရင် ငါနဲ့ လာရင်ဆိုင်လိုက်.. အနိုင်ရတဲ့ လူက လုံ မိသားစု အမွေအနှစ် နယ်မြေထဲကို ဝင်ဖို့ အရည်အချင်း ပြည့်မီတဲ့သူပဲ"

လုံလင်က မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။

သူက ကျန်းချန်ကို မထီမဲ့မြင် ကြည့်ရင်း ခနဲ့လိုက်၏။

"ဘာလဲ.. မင်း ငါနဲ့ ရင်ဆိုင်ဖို့ ကြောက်နေတာလား"

"ကြောက်တယ် ဟုတ်လား.. ငါ ကျန်းချန်ရဲ့ အဘိဓာန်ထဲမှာ ဘယ်တုန်းကမှ ကြောက်တယ် ဆိုတဲ့ စကားလုံးမျိုး မရှိခဲ့ဖူးဘူး.."

ကျန်းချန်က ပေါ့ပါးစွာ ပြောလိုက်သည်။

"မင်းက ငါနဲ့ ဒီလောက်တောင် ယှဉ်ပြိုင်ချင်နေမှတော့ မင်း ဆန္ဒကို ဖြည့်ဆည်းပေးမယ်.. ငါ ဘာမှ မလှုပ်ရှားဘဲ ရပ်နေမယ်.. မင်း ငါ့ကို ရွေ့လျားအောင် လုပ်နိုင်ရင် ငါ အရှုံးပေးလိုက်မယ်.."

ကျုံးကျိုး ကုန်းမြေကို ဝင်ရောက်ပြီးနောက်တွင် ကျန်းချန်သည် လွန်ခဲ့သည့် တစ်နှစ်အတွင်း ပါရမီရှင်များစွာကို တွေ့ခဲ့ရသည်။

သူက သူတော်စင်မြို့တော် ငါးမြို့၏ ထိပ်တန်း ပါရမီရှင်များနှင့်ပင် ယှဉ်ပြိုင်ခဲ့ရပြီး သူတော်စင်မြို့တော် ငါးမြို့၏ အင်ပါယာ အဆင့် ပါရမီရှင်များပင် သူ၏ လက်ထဲတွင် သေဆုံးခဲ့ရသည်။

မဟာ အင်ပါယာ၏ သွေးစွမ်းအားကို ကြယ်ကိုးပွင့် အဆင့်အထိ ပိုင်ဆိုင်ထားသည့် ဖုန်းချင်းရီလို ထိပ်တန်း အင်ပါယာ အဆင့် ပါရမီရှင်ကိုပင် သူက ချေမှုန်းနိုင်ခဲ့သည်။

သူ့ရှေ့မှ လုံလင်သည် မြောက်ပိုင်း တောရိုင်း ဒေသ၏ ပါရမီရှင် လူငယ် အနည်းငယ်ထဲမှ တစ်ယောက် ဖြစ်သော်လည်း ကြယ်နှစ်ပွင့် အင်အားစုဖြစ်သည့် စန်းလန် အဖွဲ့အစည်း၏ ဘုရင် အဆင့် ပါရမီရှင်နှင့်သာ နှိုင်းယှဉ်နိုင်သည်။

ဤကဲ့သို့သော လူမျိုးကို ယှဉ်ပြိုင်ရန် ကျန်းချန်က အဘယ်ကဲ့သို့ စိတ်ဝင်စားပါမည်နည်း။

"မိတ်ဆွေလေး ကျန်းချန်.. ငါ့ရဲ့ သားမိုက်က မင်းရဲ့ ခွန်အားကို နားမလည်ဘူး ထင်တယ်.. သူ စိတ်ကျေနပ်သွားအောင် မိတ်ဆွေလေး ကျန်းချန်က သင်ခန်းစာ နည်းနည်းပါးပါး ပေးလိုက်ပါ"

လုံလီက အေးစက်စက် ရေရွတ်လိုက်သည်။

သူ၏ သားသည် နမိတ်မမြင်ဘဲ ငိုမဲ့သူမျိုး မဟုတ်ပေ။

ဤကဲ့သို့သော ကလေးကို သင်ခန်းစာ ပေးမှသာ ဖြစ်ပေမည်။

သို့မှသာ ကျန်းချန်နှင့် သူနှင့်ကြားတွင် ကွာဟချက် မည်မျှအထိ ကြီးမားလဲ ဆိုသည်ကို လုံလင် တစ်ယောက် နားလည်သွားမည် ဖြစ်၏။

သူ့အဖေက သူ့ကို ဤမျှအထိ အထင်သေးနေသည်ကို မြင်လျှင် လုံလင်၏ ရင်ထဲတွင် ဒေါသစိတ်များ လှိုင်းထန်လာခဲ့သည်။

"ကျန်းချန်.. မင်း ဘယ်လောက်ထိ အစွမ်းထက်လဲ ဆိုတာ ငါ ကြည့်ချင်တယ်.."

လုံလင်က ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး ချက်ချင်း ဆိုသလို လျှပ်စီးလို မြန်ဆန်သော လက်သီးချက်ဖြင့် ကျန်းချန်ကို ထိုးချလိုက်သည်။

ကျန်းချန်က ခေါင်း ခါရမ်းလိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ အေးအေးဆေးဆေးပင် နေရာ၌ ရပ်နေခဲ့သည်။

သူက လှုပ်ရှားရန် စိတ်ကူး လုံးဝ မရှိခဲ့ပေ။

ယခုအခါတွင် သူ၏ ရုပ်ပိုင်းဆိုင်ရာ တာအို ကျင့်ကြံခြင်း အဆင့်သည် ဆဋ္ဌမ အဆင့်ကို ရောက်ရှိနေပြီ ဖြစ်၍ သိုင်းသခင် နယ်ပယ် သတ္တမ အဆင့်ထက် ကျင့်ကြံသူများနှင့်ပင် ယှဉ်နိုင်နေပြီ ဖြစ်သည်။

သို့ဖြစ်ရာ သိုင်းသခင် နယ်ပယ် အဆင့်ကိုပင် မရောက်ရှိသေးသည့် လုံလင်၏ ခွန်အားဖြင့် ဆိုလျှင် သူ၏ ခန္ဓာကိုယ်ကို လုံးဝ ချိုးဖျက်နိုင်မည် မဟုတ်ပေ။

"ဝုန်း"

လုံလင်၏ လက်သီးချက်က ကျန်းချန်ကို ထိမှန် သွားခဲ့သည်။

သူ၏ လက်သီးက ကျန်းချန်ကို ထိမိလိုက်သည့် တစ်ခဏတွင် ကျောက်တုံးကို လက်သီးဖြင့် ထိုးမိသလို ခံစားလိုက်ရ၏။

တစ်ချိန်တည်းမှာပင် အလွန်တရာ အင်အားကြီးမားသော တန်ပြန် အင်အားတစ်ခုသည် လုံလင်၏ လက်မောင်း တစ်လျှောက် သက်ရောက်လာခဲ့သည်။

လုံလင်က တုံ့ပြန်ဖို့ အချိန်မရခင်မှာပင် ထို တန်ပြန် သက်ရောက်လာသော ခွန်အားကြောင့် နောက်ပြန် လွင့်စင်သွားခဲ့ပြီး အဆုံးသတ်တွင် ပေအနည်းငယ် ဝေးသော မြေပြင်ဆီသို့ ပြုတ်ကျသွားခဲ့သည်။

"မင်း.. မင်း.."

လုံလင်က ကျန်းချန်ကို ထိတ်လန့်တကြား ကြည့်လိုက်ပြီးနောက်တွင် ချက်ချင်း ဆိုသလို မေ့လဲ သွားခဲ့၏။

ဤမြင်ကွင်းကြောင့် နဂါးနက် ကုန်သွယ်ရေး အဖွဲ့၏ အကြီးအကဲ များစွာသည် တစ်ခဏမျှ မှင်တက်သွားကြသည်။

ခြေလှမ်း တစ်ဝက် သိုင်းသခင် နယ်ပယ် အဆင့် ကျင့်ကြံသူဖြစ်သည့် နဂါးနက် ကုန်သွယ်ရေး အဖွဲ့၏ သခင်လေး လုံလင်သည် ကျန်းချန်၏ ခုခံမှုကို မထိုးဖောက်နိုင်သည့် အပြင် ဒဏ်ရာပင် ရရှိသွားခဲ့သည်။

မြောက်ပိုင်း တောရိုင်း ဒေသ၏ လူငယ် မျိုးဆက်ထဲတွင် နံပါတ်တစ် နေရာတွင် ရှိသည့် ထိုလူငယ်သည် တကယ်ကို သာမန် မဟုတ်ဘဲ ကြောက်စရာ ကောင်းနေခဲ့၏။

လုံလီက ခေါင်းခါရမ်းလိုက်ပြီး ခါးသီးစွာ ပြုံးလိုက်သည်။

သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် နဂါးနက် ကုန်သွယ်ရေး အဖွဲ့အစည်း၏ အပြင်ဘက်ကနေ မိုးခြိမ်းသံ ကဲ့သို့ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"နဂါးနက် ကုန်သွယ်ရေး အဖွဲ့အစည်းက လူတွေ ထွက်လာခဲ့စမ်း"

ရုတ်တရက် ကြားလိုက်ရသော အသံကြောင့် လုံလီ၏ အမူအရာသည် အနည်းငယ် ပြောင်းလဲ သွားခဲ့သည်။

"ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်တဲ့ လုရှန်းဖုန်းက ငါတို့ နဂါးနက် ကုန်သွယ်ရေး အဖွဲ့အစည်းရဲ့ ဌာနချုပ်ဆီ ဘာ အကြောင်းကိစ္စနဲ့ ရောက်လာတာများလဲ"

"ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့က လူတွေလား.."

လုံလီ၏ ရေရွတ်သံကို ကြားလျှင် ကျန်းချန်သည် မဲ့ပြုံးပြုံးလိုက်သည်။

ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့သည် ဤနေရာအထိ လိုက်လာလိမ့်မည်ဟု သူ အမှန်တကယ် မထင်ထားခဲ့ပေ။

အခန်း(၁၁၄၈)ပြီး၏။

အခန်း(၁၁၄၉)

"ဒီ ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့က တဖြည်းဖြည်း ပိုပြီး လူပါးဝလာပြီ.. ဟမ့်.. ကျားက အစွယ်ကို ထုတ်မပြသေးတော့ ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့က ငါတို့ နဂါးနက် ကုန်သွယ်ရေး အဖွဲ့အစည်းကို ဖျားနားနေတဲ့ ကြောင်တစ်ကောင်လို သဘောပိုက်နေပုံပဲ"

"ဥက္ကဋ္ဌ.. ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့က ကျွန်တော်တို့ တံခါးဝဆီ ရောက်လာပြီ ဆိုမှတော့ ဒီ ဟေးလုံမြို့ရဲ့ အရှင်သခင်က ဘယ်သူလဲ ဆိုတာ သူတို့ကို အသိပေးဖို့ အချိန်ကျပြီ ထင်တယ်"

"........"

နဂါးနက် ကုန်သွယ်ရေး အဖွဲ့အစည်း၏ ထိပ်တန်း အဖွဲ့ဝင်များ အားလုံးသည် ဒေါသများဖြင့် ပြည့်နှက်နေခဲ့ကြသည်။

"အရင်ကတော့ အမွေအနှစ် နယ်မြေ ကိစ္စ ပြီးစီးတဲ့အခါမှပဲ ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့ကို ရှင်းလင်းဖို့ စဉ်းစားထားခဲ့တယ်.. ဒါပေမဲ့ ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့က ငါတို့ရဲ့ တံခါးဝ အထိ ရောက်လာပြီ ဆိုမှတော့ ငါ သူ့ကို တစ်ခါတည်း ဖြေရှင်းလိုက်တော့မယ်"

လုံလီက လုံလင်၏ ဒဏ်ရာကို ကုသရန် ငယ်သား တချို့ကို ခေါ်သွားခိုင်းလိုက်သည်။

ထို့နောက်တွင် နဂါးနက် ကုန်သွယ်ရေး အဖွဲ့အစည်း၏ အကြီးအကဲများကို ဦးဆောင်ကာ ခြေလှမ်းကျဲကြီးများဖြင့် အပြင်သို့ ထွက်လာခဲ့သည်။

နဂါးနက် ကုန်သွယ်ရေး အဖွဲ့အစည်း၏ အပြင်ဘက်တွင် ငွေရောင် ဝတ်ရုံကို ဝတ်ဆင် ထားသော သာမန် လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦးသည် ကျင့်ကြံသူ ဆယ်ယောက်ကျော်နှင့်အတူ လေထဲတွင် ရပ်နေသည်ကို သူ တွေ့လိုက်ရသည်။

ထို ကျင့်ကြံသူများသည် ငွေရောင် ဝတ်ရုံကို ဝတ်ဆင်ထားကြသည်။

၎င်းတို့၏ ရင်ဘတ်တွင် ရှန်းဖုန်း ဟူသော စကားလုံးက အထူးတလည် ထင်ရှားစွာ ရှိနေခဲ့၏။

လုံလီက ထို လူစုကို ဦးဆောင်လာသော ငွေရောင် ဝတ်ရုံဝတ် အမျိုးသားကို ကြည့်ကာ နှာခေါင်းရှုံ့၍ အေးစက်စက် ပြောလိုက်သည်။

"လုရှန်ဖုန်း.. မင်း ငါ့ရဲ့ နဂါးနက် ကုန်သွယ်ရေး အဖွဲ့အစည်း ဌာနချုပ်ကို ဘာကိစ္စ ရောက်လာတာလဲ.."

ငွေရောင် ဝတ်စုံဝတ် လူလတ်ပိုင်း အရွယ် အမျိုးသားသည် ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့၏ ခေါင်းဆောင် လုရှန်းဖုန်း ဖြစ်ပြီး ဟေးလုံမြို့၏ နဂါးနက် ကုန်သွယ်ရေး အဖွဲ့အစည်း ခေါင်းဆောင် လုံလီနှင့် တန်းတူ နာမည် ကျော်ကြားသော ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။

"လုံလီ.. မင်း တကယ်ပဲ အသက်ရှင်နေသေးတာကိုး.."

ငွေရောင် ဝတ်ရုံဝတ် လူလတ်ပိုင်း အရွယ် အမျိုးသားသည် သူ၏ မျက်စိရှေ့တွင် ပေါ်လာသည့် လုံလီကို မြင်လျှင် မျက်မှောင်ကြုတ်သွားခဲ့သည်။

လွန်ခဲ့သော ခြောက်လခန့်တွင် လုံလီသည် သွေးနတ်ဆိုး နန်းတော်မှ ကျင့်ကြံသူ တစ်ဦးနှင့် တိုက်ခိုက်ပြီးနောက် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

ထို့ကြောင့် လုရှန်းဖုန်းသည် ထို အခွင့်အရေးကို အသုံးချကာ ဟေးလုံမြို့တွင် ရှန်းဖုန်း ကြေးစား အဖွဲ့၏ အင်အားကို တဖြည်းဖြည်း ချဲ့ထွင်ခဲ့ပြီး အဆုံးသတ်၌ ဟေးလုံမြို့ကို ထိန်းချုပ်နိုင်ခဲ့သည်။

သူက နဂါးနက် ကုန်သွယ်ရေး အဖွဲ့အစည်းကို ယခု အချိန်ထိ ဘာမှ မလုပ်ဆောင်ရခြင်းမှာ လုံလီ၏ တည်ရှိမှုကို ကြောက်ရွံ့ခြင်းကြောင့် ဖြစ်သည်။

ယခု တစ်ကြိမ်တွင်မူ လုရှန်းဖုန်းသည် ကျင့်ကြံခြင်း အဆင့် တိုးတက်လာခဲ့သည်။

ထို့ကြောင့် နဂါးနက် ကုန်သွယ်ရေး အဖွဲ့အစည်းကို တိုက်ခိုက်ရန်အတွက် ဆင်ခြေ တစ်ခုကို ရှာဖွေနေခဲ့သည်။

သို့သော်လည်း အိပ်မောကျနေချိန်တွင် ခေါင်းအုံး ပေးမည့်သူ ပေါ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

တစ်စုံ တစ်ဦးသည် သူတို့ ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့မှ ချမှတ်ထားသော စည်းမျဉ်းများကို ချိုးဖောက်ခဲ့ရုံသာမက ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့၏ လူများကိုပါ သတ်သွားခဲ့ပြီး နဂါးနက် ကုန်သွယ်ရေး အဖွဲ့အစည်း ဌာနချုပ်တွင် လာရောက် ရှာဖွေရန် ပြောဆိုခဲ့သည်။

ထို့ကြောင့် လုရှန်းဖုန်းသည် ထို အခြေအနေကို ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့မှ အင်အားကြီးမားသော ကျင့်ကြံသူများကို ဦးဆောင်၍ ရောက်လာခဲ့ခြင်း ဖြစ်၏။

"ဟမ့်.. လုရှန်းဖုန်း.. မင်းတောင် မသေသေးရင် ငါက ဘာလို့ သေရမှာလဲ.."

လုံလီက နှာခေါင်းရှုံ့၍ အေးစက်စက် ရေရွတ်လိုက်သည်။

"လွန်ခဲ့တဲ့ ခြောက်လကစပြီး ဟေးလုံမြို့မှာ မင်း တော်တော်လေး လှုပ်ရှားခဲ့တယ်လို့ ကြားတယ်.. ဘာလဲ.. ငါ လုံလီ မရှိတော့ဘူးလို့ မင်း တကယ်ပဲ ထင်နေတာလား"

"လုံလီ.. ငါ ဒီနေ့ နဂါးနက် ကုန်သွယ်ရေး အဖွဲ့အစည်းရဲ့ ဌာနချုပ်ကို ရောက်လာတာ မင်းနဲ့ အပိုစကားတွေ ပြောဖို့ မဟုတ်ဘူး.."

လုရှန်းဖုန်းက မထီတရီ ဟန်ဖြင့် ပြောလိုက်သည်။

"တစ်စုံတစ်ယောက်က ငါတို့ ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့ရဲ့ လူတွေကို သတ်ဖြတ်ခဲ့တယ်.. အဲဒီလူက ကျေနပ်မှု မရှိရင် နဂါးနက် ကုန်သွယ်ရေး အဖွဲ့အစည်းရဲ့ ဌာနချုပ်ဆီ လိုက်လာခဲ့လို့ ကြုံးဝါးခဲ့တယ်.. မင်း အဲဒီလူကို ငါတို့ လက်ထဲ လွှဲပြောင်းပေးတာနဲ့ ငါတို့ ဒီကနေ ထွက်သွားမယ်.."

လုံလီ ထွက်ပေါ်လာခြင်းသည် လုရှန်းဖုန်းကို အံ့အားသင့်စေခဲ့သည်။

သို့‌သော်လည်း သူ၏ ကျင့်ကြံခြင်း အဆင့်က တိုးတက်လာသောကြောင့် ကြောက်ရွံ့ခြင်း မရှိတော့ပေ။

လွန်ခဲ့သည့် ခြောက်လက တိုက်ပွဲပြီးနောက်တွင် လုံလီသည် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည်မှာ သေချာသလောက် ဖြစ်၏။

သို့မဟုတ်လျှင် ဟေးလုံမြို့အား ထိန်းချုပ်ရန် သူ့ကို ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် သူ့အနေဖြင့် ဤ အခွင့်အရေးကို ယူကာ လုံလီ၏ ခွန်အားကို စမ်းသပ်ရမည် မဟုတ်ပါလော။

လုံလီက တုံ့ပြန် ပြောဆိုရန် ပြင်နေစဉ်မှာပင် လုံလီ၏ နံဘေးကနေ ပျင်းရိ လေးတွဲ့သော အသံတစ်သံက ထွက်ပေါ်လာခဲ့သည်။

"ငါ့ကို ဒုက္ခ ပေးဖို့ နဂါးနက် ကုန်သွယ်ရေး အဖွဲ့အစည်းရဲ့ ဌာနချုပ်ထိ လိုက်လာရဲတယ် ဆို‌တော့ မင်းတို့ ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့က ဘယ်ဆိုးလို့လဲ.. အခု ငါ ဒီမှာ ရှိနေပြီ.. ဒါပေမဲ့ မင်းမှာ ငါ့ကို ဖမ်းခေါ်သွားဖို့ စွမ်းရည်ရော ရှိရဲ့လား.."

ထိုစကားကို ကြားလျှင် လုရှန်းဖုန်းသည် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူက ကျန်းချန်ကို စူးရှစွာ ကြည့်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။

"ကောင်လေး.. ငါတို့ ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့ရဲ့ လူတွေကို သတ်ခဲ့တာ မင်းလား.. မင်းကို နဂါးနက် ကုန်သွယ်ရေး အဖွဲ့အစည်းက အကူအညီ ပေးနေတာနဲ့ပဲ ငါ မင်းကို ဘာမှ မလုပ်နိုင်တော့ဘူးလို့ မထင်နဲ့"

"မင်း မှားနေပြီ.. ဒီ မြောက်ပိုင်း တောရိုင်း ဒေသမှာ ငါ ကျန်းချန်က ဘယ်သူ့ကိုမှ မှီခိုနေစရာ မလိုဘူး.."

ကျန်းချန်က လေထဲတွင် ဝင့်ကြွားစွာ ရပ်နေရင်း ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

"ငါက ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်တယ်"

အခန်း(၁၁၄၉)ပြီး၏။

All Chapters