အခန်း (၁၁၅၃-၁၁၅၅)
Vol. 77 Ch. 1153-1155
အခန်း(၁၁၅၃)
မပျက်စီးနိုင်သော ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်ကို ဆဋ္ဌမအဆင့်သို့ ထိုးဖောက်ပြီးနောက်တွင် ကျန်းချန်သည် သူ၏ ကျင့်ကြံမှုကို ဆက်လက် ခိုင်မာအောင် လုပ်ဆောင်ရင်း လုံမိသားစု အမွေအနှစ် ဖွင့်လှစ်မည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။
ဤသို့ဖြင့် (၇) ရက်တာ အချိန်ကာလသည် မသိလိုက် မသိဘာသာဖြင့် ကုန်ဆုံးသွားခဲ့သည်။
ယနေ့တွင် လုံလီသည် အဆုံးသတ်၌ လူတစ်ယောက်ကို စေလွှတ်ခဲ့ပြီး လုံမိသားစု အမွေအနှစ်နယ်မြေ ဖွင့်လှစ်ပြီဖြစ်ကြောင်း ကျန်းချန်ကို အကြောင်းကြားခဲ့သည်။
ကျန်းချန်က တုံ့ဆိုင်းမနေဘဲ နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ ချိုင့်ဝှမ်းတစ်ခု ဆီသို့ တိုက်ရိုက် သွားရောက်ခဲ့သည်။
ထိုအချိန်တွင် လုံလီနှင့် နဂါးနက် ကုန်သွယ်ရေးအဖွဲ့မှ အကြီးအကဲများ အပြင် အမွေအနှစ် နယ်မြေထဲ ဝင်ရောက်မည့် လုံမိသားစုမှ တပည့်နှစ်ဦးသည် ချိုင့်ဝှမ်း၏ အရှေ့တွင် ရောက်ရှိနေခဲ့ကြပြီ ဖြစ်၏။
ထိုချိုင့်ဝှမ်းသည် ဟေးလုံမြို့မှ လုံမိသားစု၏ အမွေအနှစ် နယ်မြေ ဖြစ်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်း ကျန်းချန်သည် လုံမိသားစု အမွေအနှစ် နယ်မြေနှင့် ပတ်သက်သည့် အချက်အလက် များစွာကို ရရှိခဲ့သည်။
လုံမိသားစု အမွေဆက်ခံခဲ့သော ရှေးဟောင်း အမွေအနှစ်နယ်မြေသည် ရှေးခေတ်မှ ကျင့်ကြံသူတစ်ဦး ဖန်တီးခဲ့သော လျှို့ဝှက်နယ်မြေ တစ်ခု ဖြစ်သည်။
လုံမိသားစု ဘိုးဘေးများသည် ဤလျှို့ဝှက်နယ်မြေကို ရှာဖွေတွေ့ရှိပြီးနောက် လျှို့ဝှက်နယ်မြေမှ အမွေအနှစ်များကို ရရှိကာ ဤနေရာတွင် ဟေးလုံမြို့ကို တည်ထောင်ခဲ့ခြင်း ဖြစ်၏။
ဤလျှို့ဝှက်နယ်မြေကိုလည်း လုံမိသားစု၏ အမွေအနှစ်နယ်မြေ အဖြစ် သတ်မှတ်ခဲ့သည်။
ဆိုရလျှင် မြောက်ပိုင်း တောရိုင်းဒေသတွင် တစ်ချိန်က အင်အားကြီးမားခဲ့သော နံပါတ်တစ်မိသားစု ဖြစ်သည့် လုံမိသားစုသည် ရှေးဟောင်း အမွေအနှစ်နယ်မြေကို ကာလ အတန်ကြာကတည်းကပင် ရှာဖွေတွေ့ရှိခဲ့ပုံရ၏။
လုံမိသားစု အမွေဆက်ခံခဲ့သော ရှေးဟောင်းအမွေအနှစ်နယ်မြေသည် သမိုင်းကြောင်း ရှည်လျားပြီး ရတနာများ ပေါကြွယ်ဝသည်။
ထို့အပြင် လုံမိသားစုအတွက် အင်အားကြီးမားသော ကျင့်ကြံသူများကို မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် မွေးထုတ်ပေးခဲ့သည်။
လုံမိသားစု၏ ရှေးဟောင်း အမွေအနှစ်နယ်မြေသည် လုံမိသားစုမှ ပါရမီရှင်တပည့်များ အတွက် ၎င်းတို့၏ ခွန်အားကို မြှင့်တင်ရန် ကြိုးစားသည့် နေရာတစ်ခုလည်း ဖြစ်၏။
သို့သော် လွန်ခဲ့သည့် ရာစုနှစ်များစွာက ဟေးလုံမြို့ကနေ လုံမိသားစု တစ်ညအတွင်း ပျောက်ကွယ်သွားပြီးနောက်တွင် ရှေးဟောင်း အမွေအနှစ်နယ်မြေသည် လုံးဝ ချိတ်ပိတ်သွားခဲ့သည်။
လွန်ခဲ့သည့် ဆယ်စုနှစ် အနည်းငယ်မှစ၍ လုံမိသားစု အမွေအနှစ်နယ်မြေ၏ စည်းတံဆိပ်သည် အဆုံးသတ်တွင် အပြောင်းအလဲ ဖြစ်လာခဲ့ပြီး (၁၀)နှစ် တစ်ကြိမ် အားပျော့သော ကာလတစ်ခု ရှိလာခဲ့သည်။
ထိုအားပျော့သော ကာလအတွင်း လုံလီနှင့် နဂါးနက် ကုန်သွယ်ရေးအဖွဲ့မှ အကြီးအကဲများသည် အတားအဆီးကို အတင်းအကြပ် ဖြိုခွဲကာ လူငယ်ပါရမီရှင် နှစ်ဦးသုံးဦးခန့်ကို လျှို့ဝှက်နယ်မြေအတွင်းသို့ ပို့နိုင်ခဲ့သည်။
အမွေအနှစ် နယ်မြေထဲကို ဝင်ရောက်ခွင့်ရခဲ့သည် လုံမိသားစုမှ ပါရမီရှင်များသည် ရှေးဟောင်း နယ်မြေထဲတွင် လျှို့ဝှက်ဆန်းကြယ်သည့် စမ်းသပ် နေရာတစ်ခု ပေါ်ထွက်လာသည်ဟူသော သတင်းကို ပြန်လည် သယ်ဆောင်လာခဲ့ကြသည်။
လုံလီ၏ ခန့်မှန်းချက်အရ ဤစမ်းသပ်နေရာသည် လုံမိသားစု ပျောက်ဆုံးသွားသည့် ကိစ္စနှင့် သက်ဆိုင်နိုင်ဖွယ် ရှိသည်။
သို့သော်လည်း ဤလျှို့ဝှက်ဆန်းကြယ်သော နေရာကို ဝင်ရောက်ရန်မှာ အလွန်ခက်ခဲသည်။
ရှေးဟောင်း အမွေအနှစ်နယ်မြေ၏ စည်းတံဆိပ် အားပျော့သော ကာလများတွင် လုံမိသားစုသည် လူငယ်ပါရမီရှင်များကို လျှို့ဝှက်နယ်မြေထဲသို့ ခုနစ်သုတ် ရှစ်သုတ်ခန့် စေလွှတ်ခဲ့သည်။
ကံမကောင်းစွာဖြင့်ပင် ရှေးဟောင်းနယ်မြေထဲကို အသက်နှစ်ဆယ့်ငါးနှစ်အောက် လူများသာ ဝင်ရောက်နိုင်ခဲ့သည်။
မကြာသေးမီနှစ်များ အတွင်း လုံမိသားစုသည် ထူးချွန်သော ပါရမီရှင်များကို မမွေးထုတ်နိုင်ခဲ့ပေ။
သို့ဖြစ်ရာ စမ်းသပ်မှုပြုလုပ်သော အဆောက်အအုံ၏ ဝင်ပေါက်ကို ချိုးဖောက် ဝင်ရောက်နိုင်သူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပေ။
ကျန်းချန် ပေါ်ထွက်လာမှုသည် လုံလီကို မျှော်လင့်ချက် ရောင်ခြည်များ ဖြစ်ပေါ်စေခဲ့သည်။
ထို့ကြောင့် သူက ကျန်းချန်ကို ဖိတ်ခေါ်ရန် မတွန့်ဆုတ်ခဲ့ခြင်းပင် ဖြစ်၏။
"မိတ်ဆွေလေး ကျန်းချန်.. မင်းရောက်လာပြီကိုး.. အခု ရှေးဟောင်း အမွေအနှစ်နယ်မြေရဲ့ စည်းတံဆိပ်က အားပျော့သွားခဲ့ပြီ.. ငါ အပိုစကားတွေ အများကြီး မပြောတော့ဘူး.. ငါနဲ့ အကြီးအကဲတွေ အခုပဲ ဖွင့်လိုက်တော့မယ်.. စည်းတံဆိပ် အားပျော့တဲ့ ကာလက အချိန် သုံးရက်လောက် ကြာတတ်တယ်.. ကျန်တဲ့ ကိစ္စတွေ အကုန်လုံးက မင်းအပေါ်မှာပဲ မူတည်တယ်.."
ကျန်းချန် ရောက်လာသည်ကို မြင်လျှင် လုံလီက အချိန်မဆွဲဘဲ ခပ်သွက်သွက် ပြောလိုက်သည်။
စကားဆုံးသည်နှင့် လုံလီသည် သူ၏ လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး သိုင်းသခင် နယ်ပယ်အဆင့် အကြီးအကဲနှစ်ဦးနှင့်အတူ ဆန်းကြယ်သော လက်ဟန်များကို ပြုလုပ်လိုက်သည်။
တစ်ခဏကြာပြီးနောက်တွင် သူတို့၏ ရှေ့ရှိ လေဟာနယ်သည် လေတိုက်ခတ်သွားသော ရေမျက်နှာပြင်ကဲ့သို့ လှိုင်းထသည့် သဖွယ် ဖြစ်လာခဲ့သည်။
ထို့နောက်တွင် လေထုထဲ၌ အနက်ရောင် လေပွေတစ်ခု ပေါ်လာခဲ့၏။
"အထဲကို ဝင်ကြတော့.. လုံမိသားစုရဲ့ ရှေးဟောင်း အမွေအနှစ်နယ်မြေက အနည်းဆုံး နှစ်ထောင်သောင်းချီ တည်ရှိခဲ့တဲ့ လျှို့ဝှက်နယ်မြေတစ်ခုပဲ.. အထဲမှာ အန္တရာယ်တွေ အများကြီး ရှိတယ်.. အားလုံးပဲ သတိထားကြပါ"
လုံလီက ကျန်းချန်နှင့် လုံမိသားစုမှ လူငယ်ပါရမီရှင် နှစ်ဦးကို မှာကြားလိုက်သည်။
ထို့နောက်တွင် လုံမိသားစုမှ လူငယ်နှစ်ဦးသည် လုံလီကို နှုတ်ဆက်လိုက်ပြီး ချက်ချင်း ဆိုသလို အနက်ရောင် လေပွေထဲသို့ ခုန်ဝင်သွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်လျှင် ကျန်းချန်သည် တွေဝေမနေဘဲ အနက်ရောင် လေပွေထဲသို့ ခုန်ဝင်ကာ ချက်ချင်း ဆိုသလို ပျောက်ကွယ်သွားခဲ့၏။
အခန်း(၁၁၅၃)ပြီး၏။
အခန်း(၁၁၅၄)
နေရာလွတ်ကို ခုန်ကူးသွားသည့် ခံစားမှုကြောင့် ကျန်းချန်သည် အနည်းငယ် ခေါင်းမူးသွားခဲ့သည်။
သူ မျက်လုံးကို ဖွင့်လိုက်သည့်အခါတွင် ဆန်းကြယ်သည့် နယ်မြေတစ်ခုထဲကို ရောက်ရှိနေပြီ ဖြစ်၏။
ဤနယ်မြေသည် ကျန်းချန် တစ်ချိန်က ဝင်ရောက်ခဲ့ဖူးသည့် လေပင်လယ် လျှို့ဝှက်နယ်မြေနှင့် အနည်းငယ် ဆင်တူသည်။
သို့သော်လည်း လုံမိသားစု လျှို့ဝှက်နယ်မြေထဲရှိ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများသည် လေပင်လယ် လျှို့ဝှက်နယ်မြေထက် အဆပေါင်းများစွာ ပိုမိုသိပ်သည်းသည်။
ပတ်ဝန်းကျင်ကို အနည်းငယ် အကဲခတ်ပြီးနောက်တွင် ကျန်းချန်သည် လုံမိသားစုမှ ပါရမီရှင်နှစ်ယောက်ကို လှည့်ကြည့်လိုက်သည်။
"ငါက စမ်းသပ်နေရာကို သွားတော့မယ်.. မင်းတို့က လျှို့ဝှက်နယ်မြေထဲမှာ အခွင့်အလမ်းတွေ လိုက်ရှာမှာလား.. ဒါမှမဟုတ် ငါနဲ့အတူ လိုက်လာခဲ့မှာလား"
ထိုလုံမိသားစုမှ လူငယ်ပါရမီရှင် နှစ်ယောက်သည် လုံရှင်းနှင့် လုံယွိဟု အမည်ရသည့် အမွှာညီနောင်များ ဖြစ်ကြသည်။
နှစ်ယောက်စလုံးသည် သိုင်းသခင်နယ်ပယ် ပထမအဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး လွန်ခဲ့သည့် ဆယ်နှစ်အတွင်း နဂါးနက် ကုန်သွယ်ရေးအဖွဲ့က မွေးထုတ်ခဲ့သည့် ထိပ်တန်း ပါရမီရှင်များ ဖြစ်သည်။
"ငါတို့လည်း စမ်းသပ်နေရာကိုပဲ တစ်ခါတည်း သွားမယ်"
အနည်းငယ် အရပ်ပိုရှည်သော လုံရှင်းက ပြောလိုက်သည်။
ရှေးဟောင်းနယ်မြေ ဖွင့်လှစ်သည့် အချိန်သည် အကန့်အသတ်ရှိသဖြင့် သူတို့သည် လျှို့ဝှက်နယ်မြေတွင် အခွင့်အလမ်း ရှာဖွေရန် အချိန်အများအပြား မရှိပေ။
သူတို့ခရီးစဉ်၏ အဓိက ရည်ရွယ်ချက်သည် စမ်းသပ်သည့်နေရာသို့ ဝင်ရောက်ပြီး လုံမိသားစုဝင်များ ပျောက်ဆုံးသွားသည့် လျှို့ဝှက်ချက်ကို ဖော်ထုတ်ရန် ဖြစ်သည် မဟုတ်လော။
သူတို့၏ ဥက္ကဋ္ဌ လုံလီသည် ကျန်းချန် အပေါ်တွင် အလွန်တရာ အကောင်းမြင်နေသော်လည်း သူတို့နှစ်ယောက်သည် သူတို့၏ မျှော်လင့်ချက်များကို ကျန်းချန် တစ်ယောက်တည်းပေါ်တွင် ပုံချရန် စိတ်ကူးမရှိခဲ့ပေ။
မည်သို့ပင် ဖြစ်စေကာမူ သူတို့နှစ်ယောက်သည် လုံမိသားစု၏ လွန်ခဲ့သည့် နှစ်တစ်ရာအတွင်း အထူးချွန်ဆုံး ပါရမီရှင်ဟု သတ်မှတ်၍ရပြီး နှစ်ယောက်စလုံးသည် သိုင်းသခင်နယ်ပယ် ပထမအဆင့် ကျင့်ကြံခြင်းဖြင့် ဤနေရာကို ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် သူတို့နှစ်ယောက်စလုံးသည် အမွှာညီနောင်များဖြစ်၍ စိတ်ချင်း ဆက်သွယ်မှု ပြင်းထန်သောကြောင့် နှစ်ယောက် ပူးပေါင်းလိုက်လျှင် သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူများကိုပင် တိုက်ခိုက်နိုင်စွမ်း ရှိသည်။
ထို့ကြောင့် ကျန်းချန်၏ အကူအညီ မပါလျှင်ပင် သူတို့နှစ်ယောက်သည် စမ်းသပ်သည့် နေရာသို့ ဝင်ရောက်ပြီး လုံမိသားစု ပျောက်ဆုံးသွားသည့် လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်မည်ဟု ယုံကြည်မှု ရှိခဲ့ကြသည်။
သူတို့သုံးယောက်က လုံလီ ကြိုတင် ညွှန်ပြထားသော လမ်းအတိုင်း သွားခဲ့ကြရာ သိပ်မကြာခင်မှာပင် လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်း ကျောင်းဆောင်တစ်ခု ဆီသို့ ရောက်လာခဲ့ကြသည်။
ထိုရှေးဟောင်း ကျောင်းဆောင်ကို လျှို့ဝှက်ဆန်းကြယ်သည့် နက်မှောင်သော ကျောက်တုံးများဖြင့် ပြုလုပ်ထား၍ ရှေးဟောင်း အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။
"ဒါက စမ်းသပ်တဲ့ နေရာလား.."
သူ့ရှေ့မှ ရှေးဟောင်းကျောင်းဆောင်ကို ကြည့်ကာ ကျန်းချန်၏ မျက်လုံးထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။
"ဟုတ်တယ်.. ဒါက စမ်းသပ်တဲ့ နေရာပဲ.. လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး အမွေအနှစ်နယ်မြေရဲ့ ရှေးဟောင်းစည်းတံဆိပ် အားပျော့လာတာကြောင့် ကျွန်တော်တို့ လုံမိသားစုက လူငယ်ပါရမီရှင် သုံးဦးကို ဆယ်နှစ်တစ်ကြိမ် ဒီ ရှေးဟောင်းကျောင်းဆောင်ဆီ စေလွှတ်ခဲ့ကြတယ်.. ဒါပေမဲ့ ဒီ ရှေးဟောင်းကျောင်းဆောင်ဆီ ဝင်ရောက်ဖို့ လိုအပ်ချက်က အရမ်းကို မြင့်မားတယ်.. ဒီနှစ်တွေအတွင်း ကျွန်တော်တို့ လုံမိသားစုက ရှေးဟောင်း ကျောင်းဆောင်ထဲကို ဝင်ဖို့ အနိမ့်ဆုံး လိုအပ်ချက်တောင် မပြည့်မီခဲ့ဘူး"
လုံယွိက ကျန်းချန်ကို ရှင်းပြလိုက်သည်။
"ဒါနဲ့.. ဒီ ရှေးဟောင်းကျောင်းဆောင်ထဲကို ဝင်ဖို့ အနိမ့်ဆုံး လိုအပ်ချက်က ဘာလဲ.."
ကျန်းချန်က တအံ့တသြ ပြန်မေးလိုက်သည်။
"ဒီရှေးဟောင်း ကျောင်းဆောင်ရဲ့ အဝမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အတားအဆီး အလွှာတစ်ခု ရှိတယ်.. အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ အတားအဆီးကို ကျော်ဖြတ်နိုင်မှပဲ အတွင်းထဲကို ဝင်ရောက်နိုင်မှာ ဖြစ်တယ်"
လုံယွိက စကားပြောနေရင်း လုံရှင်းဘက်သို့ လှည့်ကြည့်ကာ အလေးအနက် ပြောလိုက်သည်။
"ငါတို့ စမ်းကြည့်ကြရအောင်"
"ကောင်းပြီ.."
လုံရှင်းက ခေါင်းညိတ်လိုက်ပြီး ချက်ချင်းဆိုသလို လုံယွိနှင့် တစ်ပြိုင်နက်တည်း လက်သီးချက်ကို ထုတ်ဖော်လိုက်သည်။
ထိုအခါ လက်သီးချက်မှ ထွက်ပေါ်လာသည့် လက်သီးစွမ်းအင်သည် ချက်ချင်းဆိုသလို နဂါး ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲသွားခဲ့ပြီး လေထဲတွင် ဟိန်းဟောက်ကာ ရှေးဟောင်းကျောင်းဆောင် ဆီသို့ ပြေးဝင်သွားခဲ့သည်။
"ဝုန်း.."
ထိုနဂါးက ရှေးဟောင်းကျောင်းဆောင်နှင့် သုံးပေအကွာသို့ အရောက်တွင် ရွှေရောင် အတားအဆီးတစ်ခု ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာခဲ့၏။
သို့သော်လည်း နဂါးကြီးသည် ရွှေရောင် အတားအဆီးကို စွမ်းအင်လှိုင်းလုံးများပင် မဖြစ်ပေါ်စေဘဲ လုံးဝ ပျက်စီးသွားခဲ့သည်။
"ဒါ.. ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ"
လုံရှင်းတို့ ညီနောင်နှစ်ယောက်သည် မျက်မှောင်ကြုတ်သွားခဲ့ကြသည်။
သူတို့၏ နှုတ်မှလည်း မယုံကြည်နိုင်စွာ ရေရွတ်သံများ ထွက်ပေါ်လာခဲ့၏။
သိထားရမည်မှာ သူတို့နှစ်ဦး ပူးပေါင်းလိုက်လျှင် သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူကိုပင် ယှဉ်နိုင်၏။
သို့တိုင် သူတို့သည် စမ်းသပ်နေရာကို ဝင်ရောက်ရန် အရည်အချင်း မပြည့်မီသေးပေ။
စမ်းသပ်နေရာကို ဝင်ရောက်ရန် ခက်ခဲသည်ဟု တစ်ကြိမ်ထက်မက ကြားဖူးခဲ့သော်လည်း ဤမျှလောက်အထိ ခက်ခဲလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။
"သိုင်းသခင် နယ်ပယ် နှောင်းပိုင်းအဆင့်က လူငယ်ပါရမီရှင်တွေပဲ စမ်းသပ်နေရာကို ဝင်ရောက်ဖို့ အရည်အချင်း ပြည့်မီတာများလား"
လုံရှင်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ကြည့်ရသည်မှာ ဤစမ်းသပ်နေရာကို ဝင်ရောက်ရန် လိုအပ်သည့် အခြေအနေသည် သာမန် မဟုတ်လောက်ပေ။
အခန်း(၁၁၅၄)ပြီး၏။
အခန်း(၁၁၅၅)
".........."
ထိုစကားကို ကြားလျှင် လုံယွိသည် ခဏမျှ စကားမပြောနိုင်ဘဲ ဆွံ့အသွားခဲ့သည်။
သိုင်းသခင်နယ်ပယ် နှောင်းပိုင်းအဆင့်သည် မြောက်ပိုင်းတောရိုင်း ဒေသတွင် ထိပ်ဆုံး၌ ရပ်တည်နိုင်သည့် အဆင့်ဖြစ်သည်။
ထိုကဲ့သို့ ကျင့်ကြံသူမျိုးသည် မြောက်ပိုင်းတောရိုင်း ဒေသ တစ်ခုလုံးမှာပင် လက်ချိုးရေတွက်၍ ရလောက်သည်အထိ အနည်းငယ်မျှသာ ရှိသည်။
သို့သော်လည်း လုံမိသားစု အမွေအနှစ်နယ်မြေ၏ ဝင်ခွင့်စည်းမျဉ်းအရ အသက်နှစ်ဆယ့်ငါးနှစ်အောက်ကိုသာ ကန့်သတ်ထားခဲ့သည်။
အသက်နှစ်ဆယ့်ငါးနှစ် မတိုင်ခင် သိုင်းသခင်နယ်ပယ် နှောင်းပိုင်းအဆင့်ကို ရောက်ရှိခဲ့သည့် လူငယ်ပါရမီရှင်သည် မြောက်ပိုင်းတောရိုင်းဒေသ၏ နှစ်ထောင်ပေါင်းများစွာ သမိုင်းအတွင်း မပေါ်ပေါက်ခဲ့ဖူးပေ။
ဤစမ်းသပ်နေရာ၏ ဝင်ခွင့်စည်းကမ်းသည် ဤမျှအထိပင် မြင့်မားနေခဲ့သည်။
ယင်းက လူအများကို တမင်တကာ ဝင်ရောက်ခွင့် မရအောင် တားဆီးနေသည်နှင့် ဆင်တူနေသည် မဟုတ်ပါလော။
"ညီနောင် ကျန်းချန်.. ဒီစမ်းသပ်နေရာရဲ့ ဝင်ခွင့် အတားအဆီးက စိတ်ကူးမယဉ်နိုင်လောက်အောင် ခက်ခဲတယ်.. အရာအားလုံးက မင်းအပေါ်ပဲ မူတည်သွားခဲ့ပြီ.. မင်းအနေနဲ့ စမ်းသပ်နေရာကို အောင်မြင်စွာ ဝင်ရောက်နိုင်ပြီး ငါတို့ လုံမိသားစု ပျောက်ဆုံးသွားတဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ပါစေလို့ ငါတို့ ဆုတောင်းပေးပါတယ်"
လုံယွိက ခါးသီးစွာ ပြုံးလိုက်ပြီး ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။
ညီနောင် ကျန်းချန်သည် သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူဖြစ်သည့် လုရှန်းဖုန်းကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။
ထို့ကြောင့် ညီနောင် ကျန်းချန်၏ ခွန်အားသည် သိုင်းသခင်နယ်ပယ် နှောင်းပိုင်းအဆင့် ဖြစ်နိုင်လောက်၏။
အကယ်၍ ညီနောင် ကျန်းချန်ပင် စမ်းသပ်နေရာကို မဝင်ရောက်နိုင်ခဲ့လျှင် ဤစမ်းသပ်နေရာသည် တကယ်ကို မျှော်လင့်ချက် မရှိတော့ပေ။
"ငါ ခန့်မှန်းတာ မမှားရင် နတ်ဝိညာဉ်ဘုရင် နယ်ပယ်အဆင့်ရဲ့ ခွန်အားနဲ့မှပဲ ဒီ ရွှေရောင်အတားအဆီးကို ကျော်ဖြတ်ပြီး ရှေးဟောင်းကျောင်းဆောင်ထဲကို ဝင်ရောက်ခွင့် ရရှိနိုင်မှာ ဖြစ်တယ်"
ကျန်းချန်က ရွှေရောင် အတားအဆီးကို စူးစိုက်၍ ကြည့်နေခဲ့သည်။
သူ၏ မျက်လုံးထဲတွင် အံ့သြတုန်လှုပ်သော အရိပ်အယောင်များ ရှိနေခဲ့သည်။
လုံမိသားစုသည် တစ်ချိန်က မြောက်ပိုင်း တောရိုင်းဒေသ၏ နံပါတ်တစ် မိသားစု ဖြစ်သည်။
သို့သော်လည်း ၎င်းတို့ အထွတ်အထိပ် ရောက်စဉ်က အင်အားသည် ကျုံးကျိုးကုန်းမြေ အပြင်ဘက်နယ်မြေရှိ ကြယ်နှစ်ပွင့် အင်အားစုမျှသာ ရှိသည်။
ကြယ်နှစ်ပွင့် အင်အားစု၏ ရှေးဟောင်း အမွေအနှစ်နယ်မြေတွင် နတ်ဝိညာဉ်ဘုရင် နယ်ပယ်အဆင့်ကိုသာ ဝင်ရောက်ခွင့်ပြုသည့် စမ်းသပ်နေရာတစ်ခု ပေါ်လာခဲ့သည်မှာ အလွန်ပင် အံ့သြစရာ ကောင်းနေခဲ့သည်။
ဒဏ္ဍာရီလာ ကြယ်ငါးပွင့် အင်အားစု၏ အမွေအနှစ် နယ်မြေမှသာ ထိုကဲ့သို့ တောင်းဆိုချက်များသော စမ်းသပ်နေရာကို ဖန်တီးနိုင်မည့် အရည်အချင်းရှိလိမ့်မည်ဟု သူ ထင်ခဲ့သည်။
"လုံမိသားစု အမွေအနှစ်နယ်မြေက လုံမိသားစုရဲ့ ဘိုးဘေးတွေ မတော်တဆ ရှာဖွေတွေ့ရှိခဲ့တဲ့ လျှို့ဝှက်နယ်မြေတစ်ခု ဆိုတော့.. ဒီလျှို့ဝှက်နယ်မြေက ကြယ်ငါးပွင့် အင်အားစုတစ်ခုရဲ့ နယ်မြေများ ဖြစ်နေမလား"
ထိုသို့ တွေးမိပြီးနောက်တွင် ကျန်းချန်သည် အလွန်အမင်း အံ့သြထိတ်လန့်သွားခဲ့သည်။
ကြယ်ငါးပွင့်အဆင့် အင်အားစု၏ ကြွင်းကျန်ရစ်သော လျှို့ဝှက်နယ်မြေ။
ဤသည်မှာ တစ်ချိန်က မြောက်ပိုင်း တောရိုင်းဒေသတွင် ပကတိ အင်ပါယာကဲ့သို့ ကျင့်ကြံသူများ ရှိခဲ့သည်ဟု ဆိုလိုရာ ရောက်နေသည် မဟုတ်ပါလော။
"ဘယ်လို.. ဒီ စမ်းသပ်နေရာကို အနည်းဆုံး နတ်ဝိညာဉ် ဘုရင်နယ်ပယ်အဆင့် ကျင့်ကြံသူမှ ဝင်ရောက်နိုင်မယ် ဟုတ်လား"
လုံမိသားစုမှ ညီနောင်နှစ်ယောက်သည် ကျန်းချန်၏ စကားကို ကြားလျှင် တအံ့တဩဖြစ်ကာ ပါးစပ် အဟောင်းသား ဖြစ်သွားကြသည်။
နတ်ဝိညာဉ်ဘုရင် နယ်ပယ်အဆင့် မြောက်ပိုင်း တောရိုင်းဒေသတွင် မပေါ်ထွက်ခဲ့သည်မှာ နှစ်ပေါင်းမည်မျှ ရှိပြီလဲပင် မသိတော့ပေ။
ထို့အပြင် လုံမိသားစု၏ ရှေးဟောင်းနယ်မြေသည် အသက်နှစ်ဆယ့်ငါးနှစ်အောက် လူငယ်ပါရမီရှင်များကိုသာ ဝင်ရောက်ခွင့်ပြုထားခြင်း ဖြစ်သည်။
"တကယ်ပဲ ညီနောင် ကျန်းချန် ပြောသလိုသာ ဖြစ်နေခဲ့ရင် ငါတို့ လုံမိသားစုအနေနဲ့ ဒီ စမ်းသပ်နေရာကို ဘယ်တော့မှ ဝင်ရောက်နိုင်တော့မှာ မဟုတ်ဘူး"
ကျန်းချန်ထံမှ စကားကို ကြားလျှင် လုံမိသားစု အမွှာညီနောင်နှစ်ယောက်သည် ခါးသီးစွာ ပြုံး၍ ရေရွတ်လိုက်ကြသည်။
ဆိုရလျှင် အသက်နှစ်ဆယ့်ငါးနှစ်အောက် နတ်ဝိညာဉ် ဘုရင်နယ်ပယ်အဆင့် ကျင့်ကြံသူဟူသော ဝင်ခွင့် စည်းမျဉ်းသည် သာမန် မဟုတ်ပေ။
"စိတ်ဓာတ်မကျပါနဲ့.. ဒီ စမ်းသပ်နေရာမှာ ဘယ်လို ထူးခြားချက်တွေ ရှိနေလဲဆိုတာ မင်းတို့ ကိုယ်စား ဝင်ကြည့်ပေးပါမယ်"
စကားဆုံးသည်နှင့် ကျန်းချန်သည် သူ၏ ဘုရင့်စိတ်ဆန္ဒကို ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုအဖြစ် ပြောင်းလဲကာ ရွှေရောင် အတားအဆီးကို တိုက်ခိုက်လိုက်သည်။
"ဝုန်း.."
ရွှေရောင် အတားအဆီးမှ တောက်ပသော ရွှေရောင် အလင်းတန်းများ ပေါက်ကွဲ၍ ထွက်လာခဲ့ပြီး ချက်ချင်းဆိုသလို လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းကျောင်းဆောင်၏ ပိတ်ထားသော တံခါးသည် တကျွီကျွီ မြည်သံနှင့်အတူ ပွင့်လာခဲ့သည်။
သူတို့ရှေ့မှ မြင်ကွင်းကို မြင်လျှင် လုံမိသားစုမှ အမွှာညီနောင်နှစ်ယောက်သည် အသက်ရှူပင် မှားသွားခဲ့ကြသည်။
ဤအခိုက်အတန့်တွင် ကျန်းချန်ကို ကြည့်နေသည့် သူတို့၏ အကြည့်တွင် အံ့သြထိတ်လန့်သော အရိပ်အယောင်များ ရှိနေခဲ့၏။
"ညီနောင် ကျန်းချန်.. မင်း.. မင်း နတ်ဝိညာဉ် ဘုရင်နယ်ပယ်အဆင့်ကို ထိုးဖောက်ပြီးသွားပြီလား"
"မင်းတို့နှစ်ယောက် ငါ့ကို ဒီမှာ စောင့်နေ.. ငါ အထဲ ဝင်ကြည့်လိုက်ဦးမယ်.."
ကျန်းချန်က အမြွှာနှစ်ယောက်ကို လုံးဝ လျစ်လျူရှုလိုက်ပြီး လျင်မြန်စွာပင် ရှေးဟောင်းကျောင်းဆောင်၏ တံခါးဆီသို့ ဝင်ရောက်သွားခဲ့သည်။
အခန်း(၁၁၅၅)ပြီး၏။