အခန်း (၁၁၅၆-၁၁၅၈)
Vol. 78 Ch. 1156-1158
အခန်း(၁၁၅၆)
ရှေးဟောင်းကျောင်းဆောင်ထဲသို့ ဝင်ရောက်ပြီးနောက်တွင် ကျန်းချန်သည် ကျောင်းဆောင်၏ အလယ်ဗဟိုရှိ ကျောက်စင်မြင့်ပေါ်သို့ အကြည့်ရောက်သွားခဲ့သည်။
အချင်း ဆယ်ပေခန့်သာရှိသော ဤစက်ဝိုင်းပုံ ကျောက်စင်မြင့်ပေါ်တွင် အမျိုးမျိုးသော လျှို့ဝှက်ဆန်းကြယ်သည့် ရှေးဟောင်း သင်္ကေတများကို သူတွေ့လိုက်ရသည်။
ဤသင်္ကေတများသည် လက်ရှိအချိန်တွင် အပြည့်အဝ အသက်ဝင်နေခဲ့ပြီး တောက်ပသော အလင်းအမျိုးမျိုးကို ထုတ်လွှတ်နေခဲ့၏။
ထိုနေရာကနေ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်ကို ကျန်းချန် ခံစားလိုက်ရသည်။
"ဒါက တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်များလား.."
ကျန်းချန်က မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့ပြီး သူ၏ အစီအရင် ပညာရပ်က မညံ့ဖျင်း၍ တစ်ချက်ကြည့်လိုက်သည်နှင့် ဤကျောက်တုံးစင်မြင့်သည် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တစ်ခုဖြစ်ကြောင်းကို သိနိုင်ခဲ့သည်။
သို့သော်လည်း ဤတည်နေရာရွှေ့ပြောင်းခြင်း အစီအရင်သည် အလွန်ကို ရှုပ်ယှက်ခက်နေပြီး အစီအရင် သင်္ကေတ အများစုကို သူတစ်ခါမှ မတွေ့ဖူးပေ။
ကျန်းချန်သည် ကျုံးကျိုးကုန်းမြေသို့ ဝင်ရောက်သောအခါတွင် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင် အများအပြားကို တွေ့မြင်ခဲ့ဖူးသည်။
သို့သော် သူ့ဆရာ ရှောင်တုလီ ဖန်တီးခဲ့သည့် အလွန်အလှမ်းဝေးသော နယ်မြေကို ပို့လွှတ်နိုင်သည့် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်သည်ပင် သူ့ရှေ့မှ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်နှင့် ယှဉ်နိုင်ခြင်း မရှိပေ။
ဤကဲ့သို့ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်က မည်သည့်နေရာနှင့် ချိတ်ဆက်ထားမှန်း ကျန်းချန် တကယ်ကို စဉ်းစား၍ မရခဲ့ပေ။
ရှောင်တုလီ တည်ဆောက်ခဲ့သော တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်သည် ဤတည်နေရာရွှေ့ပြောင်းခြင်း အစီအရင်နှင့်ယှဉ်လျှင် (၁)ရာခိုင်နှုန်းအောက်သာ ရှိသည်။
သို့တိုင် သူ့ဆရာ စီရင်ထားသော အစီအရင်သည် မြောက်ပိုင်းတောရိုင်းဒေသနှင့် ကျုံးကျိုးကုန်းမြေကိုပင် ချိတ်ဆက်နိုင်ခဲ့သည်။
ထို့ကြောင့် သူ၏ရှေ့မှ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်သည် ရှန်းဝူတိုက်ကြီး ဆယ်ခုလောက်ကိုပင် တည်နေရာရွှေ့ပြောင်းနိုင်ရန် လုံလောက်သည်ဟု သူ ခန့်မှန်းခဲ့သည်။
"ဒင်.. သင်က ဂြိုဟ်ရွှေ့ပြောင်းခြင်း အစီအရင်ကို ဆယ်မိနစ်ကြာ ကြည့်ရှုပြီး အဆတစ်ရာ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ.."
"ဒင်.. သင်က ဂြိုဟ်ရွှေ့ပြောင်းခြင်း အစီအရင်ရဲ့ အနှစ်သာရကို နားလည်သွားပါပြီ"
ကျန်းချန်က သူ၏ရှေ့မှ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို ကြည့်ရှု၍ အံ့အားသင့်နေစဉ်မှာပင် စနစ်၏ သတိပေးချက်သည် သူ၏စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
စနစ်ထံမှ သတိပေးချက်ကို ကြားပြီး ကျန်းချန်၏ မျက်လုံးများသည် ရုတ်တရက် ကြုတ်သွားခဲ့သည်။
ကျန်းချန်သည် ယန်ဒီမြို့ကို ဝင်ရောက်ပြီးနောက်တွင် သာမန်လူများ ထိတွေ့ရန်ခက်ခဲသည့် လျှို့ဝှက်ချက်များစွာကို သိရှိခဲ့သည်။
ယန်ဒီမြို့၏ ရှေးဟောင်းမှတ်တမ်းများ အရ စကြာဝဠာထဲတွင် ရှန်းဝူတိုက်ကြီးကဲ့သို့ ဆန်းကြယ်သော ဂြိုဟ်ပေါင်းများစွာ ရှိမှန်း သူသိခဲ့သည်။
လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ရှန်းဝူတိုက်ကြီး၌ ကပ်ဘေး ကျရောက်ခဲ့ပြီး အင်ပါယာအဆင့် ကျင့်ကြံသူများသည် တစ်ညအတွင်း လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
တစ်ချို့သော လူများသည် ပကတိ အင်ပါယာများက ရှန်းဝူတိုက်ကြီးကနေ ပိုမို အဆင့်မြင့်သော ဂြိုဟ်တစ်ခုသို့ ထွက်ခွာသွားသည်ဟု သုံးသပ်ခဲ့ကြသည်။
သူ၏ရှေ့မှ ဒဏ္ဍာရီလာ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်သည် အမှန်တကယ်ပင် ဂြိုဟ်ရွှေ့ပြောင်းခြင်း အစီအရင်ဖြစ်နေခဲ့လျှင် ဤအစီအရင်မှ တစ်ဆင့် ရှန်းဝူတိုက်ကြီးကနေ ထွက်ခွာပြီး တခြားသော ဂြိုဟ်များသို့ ဝင်ရောက်နိုင်မည်ဟု ဆိုလိုနေသည် မဟုတ်ပါလော။
ဤအခိုက်အတန့်တွင် ကျန်းချန်၏ မျက်လုံးသည် အနည်းငယ် ထိတ်လန့်သွားခဲ့ပြီး လုံမိသားစုတွင် ဖြစ်ပျက်ခဲ့သည့် အရာအားလုံးနှင့် ပေါင်းစပ်လိုက်သောအခါတွင် ကျန်းချန်သည် ကိစ္စ အတော်များများကို နားလည်လာခဲ့သည်။
သူ၏ ခန့်မှန်းချက်အရ လုံမိသားစု ဘိုးဘေးများ ရှာဖွေတွေ့ရှိခဲ့သည့် ဤလျှို့ဝှက်နယ်မြေသည် အခြားသော အင်အားကြီးမားသည့် ကျင့်ကြံသူများ ချန်ထားရစ်ခဲ့သည့် နယ်မြေ ဖြစ်နိုင်ဖွယ်ရှိသည်။
လုံမိသားစု မြောက်ပိုင်းတောရိုင်း ဒေသကနေ ပျောက်ကွယ်သွားခြင်းသည် ဤနေရာမှတစ်ဆင့် တခြားသော ဂြိုဟ်များသို့ ထွက်ခွာခဲ့ကြသည်မှာ သေချာသလောက် ဖြစ်၏။
ကျန်းချန်သည် ဂြိုဟ်ရွှေ့ပြောင်းခြင်း အစီအရင်ကို သေချာ အကဲခတ်လိုက်သည်။
သူ၏ မျက်နှာထက်တွင် တွေဝေသော အမူအရာတစ်ခု ပေါ်ပေါက်လာခဲ့၏။
ဂြိုဟ်ရွှေ့ပြောင်းခြင်း အစီအရင်သည် အခြားတစ်ဖက်ရှိ ဂြိုဟ်ရွှေ့ပြောင်းခြင်း အစီအရင်နှင့် ချိတ်ဆက်ထားသည်မှာ သေချာသလောက် ဖြစ်၏။
သို့သော်လည်း မည်သည့်နေရာနှင့် ချိတ်ဆက်ထားမှန်း အတိအကျ မသိခဲ့ပေ။
ဆိုရလျှင် တည်နေရာရွှေ့ပြောင်းခြင်း လုပ်ဆောင်ပြီးနောက်တွင် အလွယ်တကူ ပြန်လာနိုင်မလား ဆိုသည်ကိုပင် မသိချေ။
ယခုအခါတွင် သူသည် ရှန်းဝူတိုက်ကြီး၌ လုပ်စရာ ကိစ္စအများအပြား ကျန်ရှိနေသေး၏။
သူက ဤကဲ့သို့ အခြေအနေမျိုးဖြင့် ရှန်းဝူတိုက်ကြီးကနေ ထွက်မသွားချင်ခဲ့ပေ။
"ရှန်းဝူတိုက်ကြီးရဲ့ ကိစ္စတွေ ပြီးမှပဲ အခွင့်အရေးရရင် နောက်ထပ် စမ်းသပ်ကြည့်ရမယ်"
ကျန်းချန်က ခေါင်းကို ခါရမ်း၍ ရေရွတ်လိုက်ပြီး ရှေးဟောင်းကျောင်းဆောင်ကနေ အပြင်သို့ ထွက်ရန်အတွက် တံခါးဆီသို့ ရောက်လာခဲ့သည်။
ထိုအခါမှသာ ကျန်းချန်သည် ရှေးဟောင်းကျောင်းဆောင်၏ တံခါးက ဖွင့်လို့မရတော့မှန်း သိလိုက်သည်။
ရှေးဟောင်း ကျောင်းဆောင်တံခါးသည် သူအထဲကို ဝင်စဉ်ကတည်းကပင် အလိုအလျောက် ပိတ်သွားခဲ့ပြီး ပြန်လည်ဖွင့်၍ မရတော့ပေ။
သူ၏ နတ်ဝိညာဉ် ဘုရင်နယ်ပယ်အဆင့် ခွန်အားဖြင့်ပင် ရှေးဟောင်းကျောင်းဆောင်၏ တံခါးကို မဖွင့်နိုင်ခဲ့ချေ။
"အို.. လခွမ်း.. ဒီအတိုင်းဆို အပြင်ထွက်လို့မရတော့ဘူး ထင်တယ်"
ကျန်းချန်က စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့သည်။
"ဝင်ပြီး ပြန်ထွက်လို့မရဘူးတဲ့လား.. ဒီ ရှေးဟောင်းကျောင်းဆောင်က အရမ်းကို လှည့်စားလွန်းတာပဲ"
အခန်း(၁၁၅၆)ပြီး၏။
အခန်း(၁၁၅၇)
ကျန်းချန်က အစွမ်းကုန် ကြိုးစားခဲ့သော်လည်း အဆုံးသတ်တွင် ရှေးဟောင်းကျောင်းဆောင် တံခါးကို ဖွင့်မရခဲ့ပေ။
ကျန်းချန်က စိတ်ပျက်စွာဖြင့် ခန်းမအလယ်ရှိ ဂြိုဟ်ရွှေ့ပြောင်းခြင်း အစီအရင်ကိုသာ ထပ်မံ ကြည့်နေမိခဲ့သည်။
ဤလျှို့ဝှက်ဆန်းကြယ်သည့် ရှေးဟောင်းကျောင်းဆောင်ကြီးကို လုံမိသားစုသည် စမ်းသပ်နေရာဟု ခေါ်ဆိုခဲ့သော်လည်း တကယ်တမ်းတွင် မည်သည့် စမ်းသပ်မှုမှမရှိဘဲ ဂြိုဟ်ရွှေ့ပြောင်းခြင်း အစီအရင်တစ်ခုသာ ရှိနေခဲ့သည်။
သို့ဆိုလျှင် ဂြိုဟ်ရွှေ့ပြောင်းခြင်း အစီအရင်၏ တစ်ဖက်တွင် တကယ့် စမ်းသပ်သည့်နေရာများ ရှိနေနိုင်ပါသလော။
"အပြင်ကို ထွက်လို့မရဘူးဆိုမှတော့ ဂြိုဟ်ရွှေ့ပြောင်းခြင်း အစီအရင်ကိုပဲ စမ်းကြည့်ရတော့မယ်"
ကျန်းချန်က ခေါင်းကို ခါရမ်း၍ ရေရွတ်လိုက်သည်။
သူ၏ ခန့်မှန်းချက်သာ မမှားလျှင် သူ ရှေးဟောင်းကျောင်းဆောင်ထဲကို ဝင်ရောက်ရန် အရည်အချင်း ပြည့်မီသည့် အခိုက်အတန့်တွင် ကတည်းကပင် ဂြိုဟ်ရွှေ့ပြောင်းခြင်း အစီအရင်သည် အသက်ဝင်နေပြီးသား ဖြစ်ဖို့များသည်။
ဤစမ်းသပ်မှုသည် ကြိုတင် သတ်မှတ်ထားသော အစီအစဉ်တစ်ခု ဖြစ်ပြီး စတင်လိုက်သည်နှင့် နောက်ပြန်လှည့်၍ မရတော့ပေ။
ယခုအခါတွင် သူ့အနေဖြင့် ဂြိုဟ်ရွှေ့ပြောင်းခြင်း အစီအရင်ထဲ ဝင်ရောက်ဖို့ကလွဲပြီး တခြား ရွေးချယ်စရာ မရှိတော့ချေ။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီး ဂြိုဟ်ရွှေ့ပြောင်းခြင်း အစီအရင်ထဲကို ခြေလှမ်းကြဲကြီးဖြင့် ဝင်ရောက်သွားခဲ့သည်။
ကျန်းချန် အစီအရင်ထဲကို ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ဂြိုဟ်ရွှေ့ပြောင်းခြင်း အစီအရင်ကနေ တောက်ပသော ရွှေရောင် အလင်းတန်းများသည် ပေါက်ကွဲ၍ ထွက်လာခဲ့သည်။
နောက်ထပ် တစ်ခဏအတွင်း ကျန်းချန်သည် ကမ္ဘာကြီး ချာချာ လည်နေသကဲ့သို့ ခံစားခဲ့ရသည်။
သူ၏ သန်မာသော ခန္ဓာကိုယ်ပင် ဆွဲဖြဲခံရတော့မတတ် ခံစားခဲ့ရ၏။
တောက်ပသော ရွှေရောင် အလင်းတန်းများသည် ကျန်းချန်၏ ခန္ဓာကိုယ်ကို ဖုံးအုပ်ပြီးနောက်တွင် လျင်မြန်စွာဖြင့် လေဟာနယ်ကို ထိုးဖောက်ကာ မှောင်မိုက်လွန်းသည့် နေရာလွတ် လှိုဏ်ခေါင်း တစ်ခုထဲသို့ ဝင်ရောက်သွားခဲ့သည်။
မည်မျှ ကြာသွားသည် မသိပေ.. ကျန်းချန်သည် သူ၏ ခန္ဓာကိုယ် တုန်ယင်သွားသည်ကို ခံစားလိုက်ရပြီး အဆုံးသတ်တွင် ထိုမှောင်မိုက်သည့် နေရာလွတ် လှိုဏ်ခေါင်း ထဲကနေ ထွက်လာခဲ့သည်။
"ဒါက တကယ့် စမ်းသပ်တဲ့ နေရာများလား"
ကျန်းချန်က သူ၏ရှေ့မှ ပတ်ဝန်းကျင်ကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ကျန်းချန်၏ အရှေ့တွင် ပေါ်လာသည်မှာ အမြင့်ပေ ထောင်ချီရှိသည့် ချောက်ကမ်းပါးကြီးတစ်ခု ဖြစ်သည်။
လက်ရှိ အခြေအနေတွင် ကျန်းချန်သည် ထိုချောက်ကမ်းပါး၏ ထိပ်ဆုံးတွင် ရှိနေခဲ့၏။
သူက ချောက်ကမ်းပါး၏ ထိပ်ဆုံးကနေ အဝေးကို လှမ်းကြည့်လိုက်ရာ မိုင်ပေါင်း ထောင်ချီ ဝေးသည့် နေရာတွင် တိမ်တိုက်များနှင့် မြူခိုးများကို တွေ့မြင်ခဲ့ရသည်။
ထိုတိမ်တိုက် မြူခိုးများကြားတွင် အမြင့်ပေ သောင်းချီ ရှိသည့် တောင်ကြီးတစ်တောင်သည် ကောင်းကင်ကို ထောက်ကန်ပေးထားသော တိုင်တစ်တိုင်ကဲ့သို့ ရှိနေခဲ့သည်။
ထိုမြင့်မားသော တောင်ပေါ်တွင် ခန်းနားထည်ဝါသော ရွှေရောင်မြို့ကြီး တစ်မြို့သည် ရှိနေခဲ့သည်။
အဝေးမှ ကြည့်လျှင် ထိုမြင်ကွင်းသည် ရွှေရောင်နဂါး တစ်ကောင် တွားသွားနေသည်နှင့် ဆင်တူ၏။
ထိုမြို့ကြီး၏ နံရံသည် ဆယ်ပေ အမြင့်ခန့်ရှိပြီး ရှေးဟောင်းဆန်သည့် ခမ်းနားသော အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။
"ဘယ်လောက်တောင် ခမ်းနားလိုက်တဲ့ မြို့ကြီးလဲ"
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ရေရွတ်လိုက်သည်။
သူက ထိုရွှေရောင်မြို့ကြီး ဆီသို့ ချက်ချင်းဆိုသလို သွားရောက်ခဲ့သည်။
ဤစမ်းသပ်နေရာသည် သူထင်ထားသည့် အခြေအနေကို လုံးဝ ကျော်လွန်နေခဲ့သည်။
ဤနေရာက မည်သို့သောနေရာလဲ ဆိုသည်ကို သူသိအောင် လုပ်ရပေမည်။
ဆယ့်ငါးမိနစ်ခန့် အကြာတွင် ကျန်းချန်သည် ရွှေရောင်မြို့ဆီသို့ ရောက်လာခဲ့သည်။
ထို့နောက်တွင် သူ၏ အကြည့်သည် ရွှေရောင်မြို့ကြီး၏ ဆယ်ပေကျော်အမြင့်ရှိသည့် မြို့တံခါးဆီသို့ ရောက်ရှိသွားခဲ့သည်။
ထိုမြို့တံခါး၏ ထိပ်ဆုံးတွင် ဧရာမ ရွှေရောင်စာလုံးများဖြင့် ရေးထားသည့် ရွှေနဂါးမြို့တော် ဟူသော စာတန်း ရှိနေခဲ့သည်။
ထိုရွှေနဂါးမြို့တော် ဟူသော ရွှေရောင်စာလုံးကနေ အတိုင်းအဆ မရှိသော ပြင်းထန်သည့် ဖိအားကို ထုတ်လွှတ်နေခဲ့၏။
ကျန်းချန်ကဲ့သို့ နတ်ဝိညာဉ်ဘုရင် နယ်ပယ်အဆင့်ပင် တစ်ချက် ကြည့်လိုက်ရုံဖြင့် နှလုံးတုန် မူးဝေသလို ခံစားချက်ကို ရရှိလိုက်သည်။
ဤရွှေရောင်စာလုံးကိုသာ အချိန်အတော်ကြာ စိုက်ကြည့်နေမိလျှင် သူ၏ ဝိညာဉ်က ပြိုလဲသွားမည်ကို ကျန်းချန် လုံးဝ သံသယမရှိပေ။
"ဒီ ရွှေနဂါးမြို့တော်ရဲ့ ဆိုင်းဘုတ်ကို ဘယ်သူ ဖန်တီးခဲ့တာများလဲ"
ကျန်းချန် အံ့အားသင့်နေခဲ့သည်။
ဆိုရလျှင် ဤရွှေရောင်စာလုံးများသည် နတ်ဝိညာဉ်ဘုရင် နယ်ပယ်အဆင့်ကိုပင် မိုင်ထောင်ချီ အကွာအဝေးကနေ သတ်ဖြတ်နိုင်၏။
ဤဆိုင်းဘုတ်ကို ဖန်တီးသောသူသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသော အဆင့်ကို ရောက်ရှိနေပြီလဲ ဆိုသည်မှာ ခန့်မှန်း၍ပင် မရပေ။
"ဒီလူက ပကတိ အင်ပါယာအဆင့်လား.. ဒါမှမဟုတ် ပကတိ အင်ပါယာ အထက်က အဆင့်လား"
ကျန်းချန်က သူ၏ စိုးရိမ်မှုကို ထိန်းချုပ်လိုက်ပြီး မြို့တံခါးဆီသို့ ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။
ထိုသို့ လျှောက်လာရင်း လမ်းတစ်လျှောက်တွင် ကျင့်ကြံသူ အနည်းငယ်ကို တွေ့ရှိခဲ့သည်။
ထိုကျင့်ကြံသူများကို မြင်လျှင် ကျန်းချန်၏ မျက်လုံးထဲတွင် အံ့သြထိတ်လန့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ပေါ်လာခဲ့၏။
အခန်း(၁၁၅၇)ပြီး၏။
အခန်း(၁၁၅၈)
ဤလူငယ်ကျင့်ကြံသူများ အားလုံးသည် အသက်နှစ်ဆယ့်ငါးနှစ်အောက်များ ဖြစ်ကြပြီး ၎င်းတို့ အားလုံးနီးပါးသည် နတ်ဝိညာဉ် ဘုရင်နယ်ပယ်အဆင့်ကို ရောက်ရှိနေကြပြီ ဖြစ်သည်။
တစ်ခါတစ်ရံတွင် အသက်နှစ်ဆယ်အောက်သာ ရှိသည့် သိုင်းသခင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူ တစ်ဦးစ နှစ်ဦးစကိုလည်း တွေ့ရှိရသည်။
ဆိုရလျှင် ဤနေရာရှိ လူငယ်တိုင်းသည် သူတော်စင်မြို့တော် ငါးမြို့မှ အင်ပါယာအဆင့် ပါရမီရှင် အများစုထက်ပင် သာလွန်သော စွမ်းရည်များ ရှိကြသည်။
သူတော်စင်မြို့တော် ငါးမြို့ထဲမှ ဖုန်းချင်းရီကဲ့သို့ ထိပ်တန်း ပါရမီရှင်များသာ ဤနေရာရှိ လူငယ်ပါရမီရှင်များနှင့် ယှဉ်နိုင်လိမ့်မည် ဖြစ်၏။
"မင်းရဲ့ နာမည်နဲ့ ဇာတိကို ပြောပါ"
ကျန်းချန်က မြို့တံခါးဝကို လျှောက်လာစဉ်မှာပင် ရွှေရောင် သံချပ်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ဦးသည် ကျန်းချန်ကို လှံဖြင့် ဟန့်တား၍ မေးခွန်းထုတ်လိုက်သည်။
"ကျန်းချန်.. ရှန်းဝူတိုက်ကပါ"
ကျန်းချန်သည် သူ၏ရှေ့မှ ရွှေရောင် သံချပ်ဝတ် အစောင့်ကို ကြည့်ကာ ရင်ထဲတွင် အနည်းငယ် ခါးသီးသလို ခံစားခဲ့ရသည်။
ဤနေရာတွင် နတ်ဝိညာဉ် ဘုရင်နယ်ပယ်အဆင့်သည် မြို့တံခါးဝ အစောင့် အဆင့်သာ ရှိ၏။
သူ၏ရှေ့မှ ရွှေနဂါးမြို့တော်သည် အမှန်တကယ်ပင် လုံးဝ မရိုးရှင်းပေ။
"ရှန်းဝူတိုက်ကလား"
ရွှေရောင် သံချပ်ဝတ် အစောင့်က တအံ့တဩ ကြည့်ကာ ရေရွတ်လိုက်သည်။
"ရှန်းဝူတိုက်ကြီးကနေ ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ စမ်းသပ်နေရာကို ရောက်လာတဲ့သူတွေ ရှိလာလိမ့်မယ်လို့ မထင်ထားမိဘူး.. ဒါနဲ့ ငါတို့ ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ တံဆိပ်ပြားရော ရှိလား"
"ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ တံဆိပ်ပြား ဟုတ်လား"
ကျန်းချန် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ ဥက္ကဋ္ဌ လုံလီနှင့် အခြားသူများသည် စမ်းသပ်နေရာ၏ အခြေအနေများကို သိပ်မသိခဲ့ကြပေ။
သို့ဖြစ်၍ ရှေးဟောင်းနဂါး မျိုးနွယ်စု၏ တံဆိပ်ပြားကို သူ့ထံ မပေးခဲ့ကြချေ။
ခေတ္တမျှ စဉ်းစားပြီးနောက်တွင် ကျန်းချန်သည် နဂါးပုံသဏ္ဌာန် ထွင်းထုထားသည့် ရှေးဟောင်း ကျောက်စိမ်းတံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။
ထိုရှေးဟောင်း ကျောက်စိမ်းတံဆိပ်ပြားသည် လုံလီ သူ့ကိုပေးခဲ့ဖူးသည့် နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ အထူးတံဆိပ်ပြား ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်တွင် ရှေးဟောင်းနဂါး မျိုးနွယ်စုနှင့် ပတ်သက်နိုင်သည့် အရာဟူ၍ ဤရှေးဟောင်း ကျောက်စိမ်းတံဆိပ်ပြားသာ ရှိသည်။
"ဒါက ငါတို့ ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ တံဆိပ်ပြားပါပဲ.. ငါ့နောက်ကနေ လိုက်လာခဲ့ပါ.."
ရွှေရောင် သံချပ်ဝတ်စုံဝတ် အစောင့်က ကျန်းချန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် ရွှေနဂါးမြို့တော်၏ အတွင်းဘက်သို့ ဦးဆောင်၍ ခေါ်သွားခဲ့သည်။
ကျန်းချန်က ရွှေရောင် သံချပ်ဝတ် အစောင့် နောက်ကနေ ရွှေနဂါးမြို့တော် ထဲသို့ ဝင်လိုက်သည်နှင့် ကြောက်မက်ဖွယ် ဖိအားတစ်ခုသည် သူ့ကို လွှမ်းခြုံသွားခဲ့သည်။
သူက မော့ကြည့်လိုက်ရာ ကောင်းကင်ထက်တွင် ရွှေရောင် တိမ်တိုက် အများအပြား ရွေ့လျားနေသည်ကို တွေ့လိုက်ရသည်။
၎င်းတို့က ပုံသဏ္ဌာန်မျိုးစုံကို ဖန်တီးနေသဖြင့် ထူးဆန်းသော စိတ်ခံစားမှုတစ်ခုအား ဖြစ်ပေါ်စေခဲ့သည်။
"ဒီ ရွှေနဂါးမြို့တော်ရဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ အသက်စွမ်းအင်တွေက ယန်ဒီမြို့ထက် ဆယ်ဆကျော် ပိုမိုသိပ်သည်းတယ်.. ဒါ့အပြင် ကျင့်ကြံသူရဲ့ စိတ်ဝိညာဉ် စွမ်းအားကို ပိုမို အားကောင်းစေတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ စိတ်ဆန္ဒစွမ်းအားတွေလည်း ဒီမြို့ထဲမှာ ရှိနေတယ်"
ကျန်းချန်က အံ့အားသင့်သွားခဲ့သည်။
ဤရွှေနဂါးမြို့တော်နဲ့ နှိုင်းယှဉ်လျှင် ရှန်းဝူတိုက်ကြီး၏ သူတော်စင်နယ်မြေများသည် အတော်လေး အားနည်းနေခဲ့သည်။
သူ၏ အဆတစ်ရာ ကျင့်ကြံခြင်းစနစ်၏ ကောင်းချီးဖြင့် ဆိုလျှင် ဤနေရာ၌ တစ်နှစ်လောက် ကျင့်ကြံလိုက်လျှင် နတ်ဝိညာဉ် ဘုရင်နယ်ပယ် အထွတ်အထိပ် အဆင့်သို့ပင် တက်လှမ်းနိုင်လိမ့်မည် ဖြစ်၏။
"ဒီနေရာက စမ်းသပ်နေရာပဲ.. မင်း ဝင်လို့ရပြီ"
ရွှေရောင် သံချပ်ဝတ် အစောင့်က ကျန်းချန်ကို ဆယ်ပေကျော် အမြင့်ရှိသည့် ရွှေရောင် အဆောက်အအုံ တစ်ခုဆီသို့ အလျင်အမြန်ပင် ခေါ်လာခဲ့သည်။
ထိုအဆောက်အအုံ၏ အမိုးခုံးပေါ်တွင် လက်သည်း ငါးချောင်း ပါရှိသည့် ဧရာမ ရွှေရောင်နဂါးရုပ်ကြီးသည် အသက်ဝင်သည့်နှယ် တည်ရှိနေခဲ့သည်။
"ကျေးဇူးတင်ပါတယ်"
ကျန်းချန်က ရွှေရောင် သံချပ်ဝတ် အစောင့်ကို ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက်တွင် ရွှေရောင် အဆောက်အအုံထဲကို ဖြည်းညင်းစွာ လျှောက်ဝင်လာခဲ့သည်။
အဆောက်အအုံထဲရှိ ခန်းမထဲကို ဝင်ရောက်လာပြီးနောက်တွင် ကျန်းချန်သည် လူငယ် ဒါဇင်ပေါင်းများစွာ ခန်းမထဲ၌ စုဝေးနေသည်ကို တွေ့လိုက်ရသည်။
ထိုအခိုက်အတန့်တွင် ခန်းမထဲကို ဝင်ရောက်လာသည့် ကျန်းချန်ကို လူငယ်အများအပြားသည် အကဲခတ်၍ ကြည့်နေခဲ့ကြသည်။
"ညီနောင်.. မင်းက အခုမှ ရောက်လာတာလား"
ခန်းမ၏ ဝင်ပေါက်အနားရှိ ရိုးသားဖြောင့်မတ်ပုံရသော လူငယ်တစ်ယောက်သည် ကျန်းချန်ကို ဖော်ရွေစွာဖြင့် နှုတ်ဆက်လိုက်သည်။
ကျန်းချန်သည် လက်ရှိအချိန်ထိ စမ်းသပ်မှုနှင့် ပတ်သက်၍ ဘာဆိုဘာမျှ မသိသေးပေ။
ထို့ကြောင့် အခြေအနေကို နားလည်ရန်အတွက် တစ်စုံတစ်ယောက်၏ အကူအညီကို လိုအပ်ခဲ့သည်။
ယခုအခါတွင် ရိုးသားပုံရသည့် လူငယ်က သူ့ကို နှုတ်ဆက်လိုက်သောကြောင့် ကျန်းချန်က ပြန်လည် ပြုံးပြလိုက်ပြီး သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။
"မင်္ဂလာပါ.. ငါ့ရဲ့ နာမည်က ကျန်းချန်.. ရှန်းဝူတိုက်ကြီးက ရောက်လာတာပါ"
"မင်းက ရှန်းဝူတိုက်ကလား"
ကျန်းချန်၏ စကားကို ကြားလျှင် ခန်းမထဲရှိ လူငယ်အများအပြားသည် ကျန်းချန်ကို စိတ်ဝင်စားမှုများ ရပ်တန့်သွားခဲ့သည်။
ထို့အပြင် သူတို့၏ မျက်ဝန်းထဲ၌ အထင်သေးသော အရိပ်အယောင်များပင် ပေါ်လာခဲ့၏။
အခန်း(၁၁၅၈)ပြီး၏။