← Chapters

အခန်း (၁၁၅၉-၁၁၆၁)

Vol. 78 Ch. 1159-1161

အခန်း (၁၁၅၉-၁၁၆၁)

Vol. 78 Ch. 1159-1161

အခန်း(၁၁၅၉)

ရှန်းဝူတိုက်သည် အဆင့်နိမ့် ဂြိုဟ်လေးတစ်စင်းမျှသာ ဖြစ်ရာ ထိုအဆင့်နိမ့် ဂြိုဟ်ပေါ်တွင် မွေးဖွားလာသည့် ပါရမီရှင်တစ်ယောက်သည် သူတို့နှင့် မည်ကဲ့သို့ ယှဉ်နိုင်ပါမည်နည်း။

"ရှန်းဝူတိုက်လား.. ညီနောင်ကျန်းလဲ ငါ့လို အဆင့်နိမ့်ဂြိုဟ်ကနေ လာခဲ့တာလား.. ငါ့နာမည်က ကျောက်ယာပါ.. လင်းယွဲ့တိုက်ကနေ ဒီကို လာခဲ့တာ.."

ကျန်းချန်၏ မိတ်ဆက်စကားကို ကြားလျှင် လူငယ်က ပြုံးလိုက်ပြီး မိတ်ဆွေဖွဲ့ရန် ပိုမို၍ စိတ်အားထက်သန်လာခဲ့သည်။

ကျန်းချန်က လူငယ်၏ စကားကို ကြားလျှင် အံ့အားသင့်သွားခဲ့သည်။

"အဆင့်နိမ့်ဂြိုဟ် ဟုတ်လား"

"မင်းနေတဲ့နေရာက အဆင့်နိမ့်ဂြိုဟ် ဆိုတာ မင်းမသိဘူးလား"

ကျောက်ယာက အံ့အားသင့်သွားခဲ့သည်။

ကျန်းချန်က အခြေခံအကျဆုံး အရာကိုပင် သိရှိမည် မဟုတ်ဟု သူ မထင်ထားခဲ့ပေ။

ကျန်းချန်က ကူကယ်ရာမဲ့စွာ ပြန်ဖြေလိုက်သည်။

"ငါတို့ ရှန်းဝူတိုက်မှာ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက အပြောင်းအလဲတွေ ဖြစ်ခဲ့ပြီး အမွေအနှစ်တွေ အများအပြား ပျက်စီးသွားခဲ့ရတယ်.. ဒါ့အပြင် ငါက ဒီကို ဘုမသိဘမသိ မတော်တဆ ရောက်လာတာပါ"

"အဲဒီလိုကိုး.."

ကျောက်ယာက ခေါင်းညိမ့်လိုက်ပြီး ကျန်းချန်ကို စိတ်ရှည်လက်ရှည် ရှင်းပြခဲ့သည်။

"အနန္တစကြာဝဠာထဲမှာ မတူညီတဲ့ ဂြိုဟ်ပေါင်း ထောင်သောင်းချီ ရှိတယ်.. ဒီထောင်သောင်းချီတဲ့ ဂြိုဟ်တွေကို အဆင့်တွေ ခွဲခြားထားတယ်.. အားလုံးထဲမှာ အနိမ့်ဆုံးက အဆင့်နိမ့်ဂြိုဟ်ပဲ.. အဆင့်နိမ့်ဂြိုဟ်ရဲ့ အထက်မှာ အလယ်အလတ်ဂြိုဟ် ရှိတယ်.. ဒီဂြိုဟ်နှစ်ဂြိုဟ်ရဲ့ အထက်မှာတော့ ပင်မဂြိုဟ် ရှိတယ်.. အနန္တစကြာဝဠာထဲမှာ အဆင့်နိမ့်ဂြိုဟ်နဲ့ အလယ်အလတ်ဂြိုဟ်တွေ ရေတွက်လို့မရအောင် များပြားပေမယ့် ပင်မဂြိုဟ်ကတော့ တစ်ခုတည်းပဲ ရှိတယ်"

"အဲဒီတစ်ခုတည်းသော ပင်မဂြိုဟ်ကို နတ်ဘုရားနယ်မြေ လို့လဲ ခေါ်ကြတယ်.. နတ်ဘုရားနယ်မြေက စကြာဝဠာရဲ့ အလျှို့ဝှက်ဆုံးနဲ့ အမြင့်ဆုံးဂြိုဟ်ဖြစ်ပြီး စကြာဝဠာမှာ နေထိုင်တဲ့ သက်ရှိတွေရဲ့ စိတ်ကူးအိပ်မက် နေရာလည်း ဖြစ်တယ်.. အခု ငါတို့ ရောက်နေတာက နတ်ဘုရားနယ်မြေမှာ နေထိုင်တဲ့ အင်အားကြီးမားတဲ့ ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ စမ်းသပ်နေရာပဲ.. သူတို့ရဲ့ စမ်းသပ်မှုကို အောင်မြင်ရင် နတ်ဘုရားနယ်မြေကို တိုက်ရိုက် ဝင်ရောက်ခွင့်ရမယ်လို့ ပြောကြတယ်"

"ညီနောင် ကျောက်ယာ.. ဒီမှာ ရှိနေတဲ့ လူငယ်ပါရမီရှင်တွေ အားလုံးက စကြာဝဠာ အနှံ့ကနေ လာခဲ့ကြတာလား.. သူတို့တွေ အားလုံးက ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ စမ်းသပ်မှုကနေတစ်ဆင့် နတ်ဘုရားနယ်မြေထဲကို ဝင်ချင်နေကြတာလား"

ကျန်းချန်က ယခုအချိန်တွင် ကမ္ဘာသစ် တစ်ခုထဲကို ရောက်သွားသလို ခံစားနေရပြီး စူးစမ်းလိုစိတ်များ ပြည့်နှက်နေခဲ့သည်။

"နတ်ဘုရားနယ်မြေက ကျယ်ပြောပြီး အဆုံးအစ မရှိဘူး.. ဂြိုဟ်တွေ အားလုံးထဲမှာလည်း အဆင့်မြင့်ဆုံး ဂြိုဟ်ဖြစ်တယ်.. ဒါ့ကြောင့် အဆင့်နိမ့်ဂြိုဟ်မှာ ရှိတဲ့ ကျင့်ကြံသူတွေထက် အဆများစွာ သာလွန်တဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူတွေ နေထိုင်တယ်ဆိုတာ ပြောနေစရာကို မလိုဘူး.. အဆင့်နိမ့်ဂြိုဟ်မှာ နေထိုင်တဲ့ လူတွေရဲ့ သက်တမ်းထက် နတ်ဘုရားနယ်မြေမှာ နေထိုင်တဲ့ လူတွေရဲ့ သက်တမ်းက အဆများစွာ သာလွန်တယ်"

"ပြောရရင် နတ်ဘုရားနယ်မြေမှာ ပြိုင်ဘက်ကင်း မျိုးနွယ်စုတွေ ရှိကြတယ်.. သူတို့တွေက ထူးချွန်မှု မရှိတဲ့ လူတစ်ချို့ကို အဆင့်နိမ့်ဂြိုဟ်တွေမှာ ထားခဲ့ကြတယ်.. အဲဒီလူတွေရဲ့ မျိုးဆက်တွေထဲကနေ သက်ဆိုင်ရာ မျိုးနွယ်စုရဲ့ စမ်းသပ်မှုကို အောင်မြင်တဲ့ ပါရမီရှင်တပည့် တချို့ကပဲ နတ်ဘုရားနယ်မြေကို ပြန်လည် ဝင်ရောက်ဖို့ အရည်အချင်း ပြည့်မီကြတယ်.. ဒီနေရာက ရှေးဟောင်းနဂါးမျိုးနွယ်စုက ဖွင့်လှစ်ထားတဲ့ ရှေးဟောင်းနေရာတစ်ခုပဲ.. ပြောရရင် ဒီကို ရောက်လာတဲ့သူတွေက နတ်ဘုရားနယ်မြေရဲ့ ရှေးဟောင်းနဂါးမျိုးနွယ်စုနဲ့ ပတ်သက်ဆက်နွယ်မှုတွေ ရှိနေတယ်လို့ ဆိုလို့ရတယ်"

ကျောက်ယာက ပြုံးရွှင်စွာဖြင့် ရှင်းပြလိုက်သည်။

ကျောက်ယာ၏ ရှင်းပြချက်ကို ကြားပြီးနောက်တွင် ကျန်းချန်သည် ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

ဟေးလုံမြို့တွင် လုံမိသားစု ဘိုးဘေးများ ရှာဖွေတွေ့ရှိခဲ့သည့် လျှို့ဝှက်နယ်မြေသည် နတ်ဘုရားနယ်မြေက ရှေးဟောင်းနဂါးမျိုးနွယ်စုများ ထားရစ်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။

"အဆင့်နိမ့်ဂြိုဟ်က ကျင့်ကြံသူတွေအနေနဲ့ ဒီနည်းလမ်းအပြင် နတ်ဘုရားနယ်မြေထဲကို ဝင်ဖို့ တခြား နည်းလမ်းတွေရော ရှိသေးလား"

ကျန်းချန်က ခဏမျှ စဉ်းစားလိုက်ပြီးမှ ကျောက်ယာကို ထပ်မေးလိုက်သည်။

"ရှိတယ်.. အဆင့်နိမ့်ဂြိုဟ် အများစုမှာ နတ်ဘုရားနယ်မြေထဲကို ဝင်ရောက်နိုင်တဲ့ ကိုယ်ပိုင် လမ်းကြောင်းတွေ ရှိကြတယ်.. ဒါပေမယ့် အရမ်း ခက်ခဲတယ်.. ငါတို့ လင်းယွဲ့တိုက်ကို ဥပမာ ပေးပြီး ပြောရရင် ပျက်စီးခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူတွေကပဲ နတ်ဘုရားနယ်မြေကို ဝင်ရောက်ဖို့ အရည်အချင်း ပြည့်မီကြတယ်"

ကျောက်ယာက ခေါင်းခါရမ်းလိုက်ပြီး ခါးသီးစွာ ပြောလိုက်သည်။

"အဆင့်နိမ့်ဂြိုဟ်တစ်ခုမှာ ပျက်စီးခြင်းနယ်ပယ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို မွေးထုတ်ဖို့ ဘယ်လောက်တောင် ခက်ခဲသလဲဆိုတာ မင်းသိမှာပါ"

ကျန်းချန် သိထားသလောက် နတ်သန္ဓေ အင်ပါယာအဆင့်၏ နောက်တစ်ဆင့်သည် ပျက်စီးခြင်းနယ်ပယ်အဆင့် ဖြစ်သည်။

ဤအဆင့်ကို ရှန်းဝူတိုက်ကြီးတွင် အင်ပါယာအဆင့်ဟုလည်း ခေါ်ကြသည်။

သို့ဆိုလျှင် အင်ပါယာအဆင့် ကျင့်ကြံသူတွေကသာ နတ်ဘုရားနယ်မြေကို ဝင်ရောက်ရန် အရည်အချင်း ပြည့်မီသည်ဟု ဆိုလိုနေသည် မဟုတ်ပါလော။

အခန်း(၁၁၅၉)ပြီး၏။

အခန်း(၁၁၆၀)

ကျန်းချန်သည် ယခုအခါတွင် စဉ်းစားစရာများစွာ ဖြစ်ပေါ်နေခဲ့သည်။

ကျောက်ယာ ရှိနေသည့် လင်းယွဲ့တိုက်သည် ရှန်းဝူတိုက်လိုပင် အဆင့်နိမ့်ဂြိုဟ် ဖြစ်၏။

သို့ဆိုလျှင် ရှန်းဝူတိုက်ကြီးသည် နတ်ဘုရားနယ်မြေ အကြောင်းကို အဘယ်ကြောင့် လုံးဝ မသိရပါသနည်း။

ကျုံးကျိုးကုန်းမြေ၏ သူတော်စင်မြို့တော် ငါးမြို့မှာပင် နတ်ဘုရားနယ်မြေနှင့် ပတ်သက်သည့် မှတ်တမ်းမှတ်ရာများ မရှိဟု သူ ထင်ခဲ့သည်။

ရှန်းဝူတိုက်ကြီးတွင် လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းက မည်သည့် အရာများ ဖြစ်ပျက်ခဲ့ပါသနည်း။

အင်ပါယာအဆင့် ကျင့်ကြံသူတွေက အဘယ်ကြောင့် တစ်ညအတွင်း ပျောက်ကွယ်သွားရပါသနည်း။

၎င်းတို့က ရှန်းဝူတိုက်ကြီးနှင့် နတ်ဘုရားနယ်မြေ ကြားရှိ လမ်းကြောင်းမှတစ်ဆင့် နတ်ဘုရားနယ်မြေကို သွားရောက်ခြင်း ဖြစ်နိုင်ပါသလော။

ရှန်းဝူတိုက်ကြီးတွင် နတ်ဘုရားနယ်မြေနှင့် ချိတ်ဆက်နေသည့် လမ်းကြောင်း အမှန်တကယ် ရှိခဲ့သည်ဆိုလျှင် ယန်ဒီမြို့လို နှစ်ပေါင်း ထောင်သောင်းချီ အမွေဆက်ခံလာသည့် သူတော်စင်နယ်မြေ၌ နတ်ဘုရားနယ်မြေနှင့် ပတ်သက်သည့် မှတ်တမ်း မရှိသည်မှာ မဖြစ်နိုင်ပေ။

[ထားတော့.. လောလောဆယ် ရွှေနဂါးမြို့တော်မှာပဲ ငါ တစ်ခဏလောက် ကျင့်ကြံလိုက်မယ်.. အခွင့်အရေးရတာနဲ့ ရှန်းဝူတိုက်ကြီးကို ရအောင်ပြန်မယ်]

ဤစမ်းသပ်မှု၏ ရလဒ်က မည်သို့ပင် ဖြစ်နေပါစေ.. ကျန်းချန်သည် နတ်ဘုရားနယ်မြေကို ဝင်ရောက်ရန် အစီအစဉ် မရှိပေ။

သူ၏ ပင်ကိုသိစိတ်ကနေ အဆင့်နိမ့်ဂြိုဟ် ဖြစ်သည့် ရှန်းဝူတိုက်ကြီးသည် ထင်သလောက် မရိုးရှင်းဟု ခံစားနေမိသည်။

ကျန်းချန်က သူ အတွေးလွန်နေသည်ကို ရပ်လိုက်ပြီး နံဘေးရှိ ကျောက်ယာနှင့် စကားဆက်ပြောနေခဲ့၏။

"သြော်.. ဒါနဲ့ ညီနောင်ကျန်း.. ငါတို့ စကားကောင်းနေတာနဲ့ ခန်းမထဲက လူငယ်ပါရမီရှင်တွေနဲ့ မင်းကို မိတ်မဆက်ပေးရသေးဘူး"

"ညီနောင်ကျန်း.. ခန်းမအလယ်မှာရှိတဲ့ ဆယ်ယောက်ကျော်ကို မင်းတွေ့လား.. အဲဒီလူတွေက အလယ်အလတ်ဂြိုဟ်ကနေ လာခဲ့ကြတာပဲ.. သူတို့က အသွေးထဲ အသားထဲကနေ ငါတို့လို အဆင့်နိမ့်ဂြိုဟ်က လူတွေထက် သာလွန်တယ်ဆိုပြီး ဘဝင်ခေါင်ခိုက်နေကြတယ်.. ဒါ့အပြင် သူတို့က ငါတို့နဲ့ စကားပြောဆိုဖို့တောင် လုံးဝ စိတ်မဝင်စားဘူး.. ငါတို့နဲ့ စကားပြောလိုက်ရင်တောင် သူတို့ရဲ့ ဂုဏ်သိက္ခာ ကျဆင်းသွားတယ်လို့ ယူဆထားတဲ့သူတွေပဲ.. သူတို့က မာနကြီးတယ် ဆိုပေမဲ့ တကယ်ကို သန်မာကြတယ်.. သူတို့ကို အလွယ်တကူ ရန်သွားမစတာ အကောင်းဆုံးပဲ"

ကျောက်ယာက ကျန်းချန်ကို အလေးအနက် ပြောလိုက်သည်။

"အလယ်အလတ်ဂြိုဟ်က လူတွေလား.."

ကျန်းချန်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။

အလယ်တွင် ရပ်နေသည့် လူငယ်ပါရမီရှင်များ၏ ခွန်အားသည် တကယ်ကို ထူးခြားလှ၏။

တချို့ဆိုလျှင် နတ်ဝိညာဉ် ဘုရင် စတုတ္ထအဆင့်ကိုပင် ရောက်ရှိနေပြီ ဖြစ်သည်။

ထိုအုပ်စုထဲမှ တစ်ယောက် ဆီကနေ အန္တရာယ်ရှိသည့် အရှိန်အဝါကို ကျန်းချန် ခံစားမိခဲ့သည်။

ကျောက်ယာက ကျန်းချန်ကို နောက်ထပ် လူအများအပြားနှင့် ထပ်မံ မိတ်ဆက်ပေးခဲ့သည်။

ဤနေရာကို ရောက်လာသောသူများသည် သက်ဆိုင်ရာ ဂြိုဟ်များ၏ အထွတ်အထိပ် ပါရမီရှင်များချည်း ဖြစ်ကြ၏။

ထို့ကြောင့် အားလုံးနီးပါးက ဘဝင်ခေါင်ခိုက်နေသည်မှာ လုံးဝ မဆန်းပေ။

ကျန်းချန်နှင့် ကျောက်ယာတို့ စကားကောင်းနေစဉ်မှာပင် ခန်းမထဲရှိ နေရာလွတ်သည် ရုတ်တရက် လှုပ်ရှားသွားခဲ့သည်။

မကြာခင်မှာပင် ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးကြီးတစ်ဦးသည် ခန်းမထဲတွင် ပေါ်လာခဲ့၏။

ထိုအဘိုးကြီး ပေါ်လာသည်ကို မြင်လျှင် ကျန်းချန်တို့ နှစ်ဦးသည် စကားပြောဆိုသည်ကို ရပ်လိုက်ကြပြီး ရွှေရောင် ဝတ်စုံဝတ် အဘိုးကြီးကို ကြည့်လိုက်ကြသည်။

"မင်းတို့ အားလုံးနီးပါးက အဆင့်နိမ့်ဂြိုဟ်ကနေ လာကြတဲ့ ပါရမီရှင်တွေပဲ.. ငါတို့ ရွှေနဂါးမြို့နဲ့ ပတ်သက်လို့ နည်းနည်းပါးပါးတော့ နားလည်ထားမယ်လို့ ငါထင်တယ်.. ငါတို့ ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ စစ်ဆေးမှုကို အောင်မြင်ရင် နတ်ဘုရား နယ်မြေထဲကို ဝင်ရောက်ဖို့ အရည်အချင်း ပြည့်မီမှာ ဖြစ်တယ်.. အခုချိန်ကစပြီး ပထမအဆင့် စစ်ဆေးမှုကို စတင်တော့မယ်"

ရွှေရောင်ဝတ်စုံဝတ် အဘိုးအိုက ထိုစကားကို ပြောလိုက်ပြီးနောက်တွင် အဘိုးအို၏ လက်ဖဝါးထဲ၌ ရွှေရောင် စာလိပ်တစ်လိပ် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထိုစာလိပ်ကနေ ရှေးဟောင်း အရှိန်အဝါများ ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့၏။

"ဒါက ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ ကောင်းကင်ဘုံ ရွှေနဂါးစာအုပ်ပဲ"

"ဒါက တကယ်ကို ကောင်းကင်ဘုံ ရွှေနဂါးစာအုပ်ပဲ.. မိသားစုရဲ့ မှတ်တမ်းတွေထဲမှာ ငါမြင်ဖူးတယ်"

ထိုစာအုပ်ကို သိနေသည့် လူငယ်တချို့၏ မျက်လုံးများသည် တောက်ပလာခဲ့သည်။

လူတိုင်းက စိတ်လှုပ်ရှားနေသည်ကို မြင်လျှင် ကျန်းချန်သည် ကျောက်ယာကို စူးစမ်းစွာဖြင့် မေးလိုက်သည်။

"ညီနောင် ကျောက်ယာ.. ကောင်းကင်ဘုံ ရွှေနဂါးစာအုပ်ဆိုတာ ဘာလဲ"

ကျောက်ယာက ခေါင်းခါပြီး ပြန်ဖြေလိုက်သည်။

"ဒဏ္ဍာရီအရတော့ ကောင်းကင်ဘုံ ရှေးနဂါးစာအုပ်ဆိုတာ ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ ရတနာတစ်ခုပဲ.. ဒီစာအုပ်ထဲမှာ မယုံကြည်နိုင်လောက်တဲ့ စွမ်းအားတွေ ပါဝင်နေတယ်လို့ ဆိုကြတယ်.. အသေးစိတ်ကိုတော့ ငါလဲ မသိဘူး"

"ဝှစ်.."

ရွှေရောင်ဝတ်စုံဝတ် အဘိုးကြီးက လူတိုင်း၏ တုန်လှုပ်မှုကို လျစ်လျူရှုလိုက်ပြီး လက်တစ်ချက်ကို ဝှေ့ယမ်းကာ စာလိပ်ကို ဖွင့်လိုက်သည်။

တစ်ချိန်တည်းမှာပင် ခန်းမထဲ၌ နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်၏ နားထဲတွင် တိုက်ရိုက် မြည်ဟည်းသွားခဲ့သည်။

အခန်း(၁၁၆၀)ပြီး၏။

အခန်း(၁၁၆၁)

ကျန်းချန်က အံ့အားသင့်ပြီး ရှေးဟောင်းဝတ်ရုံဝတ် အဘိုးအို ဖွင့်လှစ်လိုက်သည့် စာလိပ်ကို လှမ်းကြည့်လိုက်မိသည်။

ထိုစာလိပ်တွင် လက်သည်းငါးခု ရွှေနဂါးတစ်ကောင်ကို တွေ့လိုက်ရသည်။

ထိုရွှေနဂါးသည် အသက်ဝင်လွန်းလှပြီး စာရွက်ကနေ ရုန်းထွက်တော့မတတ်ပင်။

"ကောင်းကင်ဘုံ ရွှေနဂါးစာအုပ်က ပထမအဆင့် စစ်ဆေးမှုပဲ.. ကျင့်ကြံသူရဲ့ ပါရမီကို အဓိက စမ်းသပ်ဖို့ အသုံးပြုတယ်.. ဒါက ပုံစံတူ စာအုပ် ဖြစ်ပေမယ့်လည်း ရှေးဟောင်းမျိုးနွယ်စုရဲ့ ကျင့်ကြံသူတွေ ထားရစ်ခဲ့တဲ့ နတ်စွမ်းအင်တွေ ပါဝင်နေဆဲပဲ.. ဒါကြောင့် မင်းတို့တွေအတွက် အကျိုးကျေးဇူးတွေ အများကြီး ရရှိနိုင်လိမ့်မယ်.. ဘယ်သူ အရင်လာမလဲ.."

ရွှေရောင်ဝတ်ရုံဝတ် အဘိုးကြီး၏ စကားသံဆုံးသည်နှင့် လူငယ်ကျင့်ကြံသူများစွာသည် လက်များကို မြှောက်လိုက်ကြသည်။

"မင်းနဲ့ အရင်ဆုံး စလိုက်ရအောင်.."

ရွှေရောင်ဝတ်ရုံဝတ် အဘိုးကြီးက ကျောက်ယာကို လက်ညှိုးညွှန်၍ ပြောလိုက်ရာ ကျောက်ယာသည် ရုတ်တရက် စိတ်လှုပ်ရှားသွားခဲ့သည်။

"ကောင်းကင်ဘုံ ရွှေနဂါးစာအုပ်ရဲ့ အရှေ့မှာ ရပ်ပြီး စာအုပ်ကို စေ့စေ့ကြည့်ရမယ်.. မင်း တောင့်ခံနိုင်တဲ့ ကြာချိန်ပေါ်ကို မူတည်ပြီး အဆင့် သတ်မှတ်မယ်.. အသက်ဆယ်ရှိုက်စာ မပြည့်ရင်တော့ ရွှေနဂါးမြို့မှာ နေထိုင်ခွင့်မရှိဘဲ နေရပ်ကို ပြန်ရမယ်"

ကျောက်ယာက အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီး ရှေ့ကို ဖြည်းညင်းစွာ တိုးလိုက်ကာ ကောင်းကင်ဘုံ ရွှေနဂါးစာအုပ်ကို စိုက်ကြည့်လိုက်သည်။

သိပ်မကြာခင်မှာပင် ကျောက်ယာသည် ထူးဆန်းသော အခြေအနေတစ်ခုသို့ ရောက်ရှိသွားခဲ့သည်။

အသက် ဆယ်ရှိုက်ကျော်စာ ကြာပြီးနောက်တွင် ကျောက်ယာ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားခဲ့ပြီး အဆုံးသတ်တွင် နိုးထလာခဲ့သည်။

သူက ဖြူဖျော့သော မျက်နှာဖြင့် နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရသည်။

ကျောက်ယာက အသက်ကို မောကြီးပန်းကြီး ရှူရှိုက်နေရသော်လည်း မျက်လုံးတွင်မူ စိတ်လှုပ်ရှားသော အရိပ်အယောင်များ ပြည့်နှက်နေခဲ့၏။

"ဆယ့်သုံးရှိုက်စာပါလား.. မဆိုးဘူး.. အရည်အချင်း ပြည့်မီသားပဲ"

ရွှေရောင်ဝတ်ရုံဝတ် အဘိုးကြီးက ကျောက်ယာ၏ ရလဒ်ကို ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် ကြေညာလိုက်သည်။

ထို့နောက်တွင် ကျောက်ယာကို ရွှေရောင် တံဆိပ်ပြားတစ်ခု ပစ်ပေးလိုက်၏။

ထို့နောက် ကျန်းချန်ကို လက်ညှိုးထိုးကာ စမ်းသပ်မှုခံယူရန် ရှေ့တိုးလာစေခဲ့သည်။

"ကျွတ်ကျွတ်.. အဆင့်နိမ့်ဂြိုဟ်က လူတွေက တကယ်ကို အမှိုက်ပဲ.. အသက်ဆယ့်သုံးရှိုက်စာက ရွှေနဂါးမြို့တော်မှာပဲ နေထိုင်ခွင့်ရှိပြီး နဂါးမျှော်စင်ထဲကိုတောင် ဝင်ဖို့မလွယ်ဘူး"

မျက်ခုံးမွေး ရွှေရောင်ရှိသည့် ပါရမီရှင် တစ်ယောက်က လှောင်ပြောင် ရယ်မောလိုက်သည်။

"မင်း ဘယ်သူ့ကို ပြောနေတာလဲ.."

ကျောက်ယာ၏ မျက်နှာက ချက်ချင်းပင် နီရဲသွားခဲ့ပြီး ထိုလူငယ်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

သူက လင်းယွဲ့တိုက်၏ ထိပ်တန်း ပါရမီရှင်တစ်ယောက် ဖြစ်ရာ ထိုလူငယ်က သူ့ကို အမှိုက်ဟု ပြောသည်ကို အဘယ်ကဲ့သို့ စိတ်မဆိုးဘဲ နေနိုင်ပါမည်နည်း။

"မဟုတ်လို့လား"

လူငယ်က မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည်။

"မင်းလို လူမျိုးက တစ်ဘဝလုံး ကြိုးစားအားထုတ်ရင်တောင် နတ်ဘုရားနယ်မြေကို ဝင်ရောက်နိုင်မှာ မဟုတ်ဘူး.. အဲဒါက အမှိုက်မဟုတ်လို့ ဘာလဲ"

ထိုစကားကို ကြားလျှင် ကျောက်ယာက ဒေါသကြောင့် ခန္ဓာကိုယ်ပင် တုန်ယင်လာခဲ့သည်။

"မင်း"

သို့သော် သူစကား တုံ့ပြန် မပြောဆိုခင်မှာပင် ကျန်းချန်၏ လက်တစ်ဖက်သည် သူ၏ ပုခုံးပေါ်သို့ ကျရောက်လာခဲ့သည်။

"သူနဲ့ စကားများမနေနဲ့.. ဘယ်သူက တကယ့်အမှိုက်လဲ ဆိုတာ ငါသူ့ကို ပြပေးလိုက်မယ်"

ကျန်းချန်က ပေါ့ပါးစွာ ပြောလိုက်ပြီး ကောင်းကင်ဘုံ ရွှေနဂါးစာအုပ်ဆီသို့ ခြေလှမ်းကြဲကြီးဖြင့် လျှောက်သွားခဲ့သည်။

ထို့နောက်တွင် သူ၏ မျက်လုံးများက ကောင်းကင်ဘုံ ရွှေနဂါးစာအုပ်ပေါ်သို့ ကျရောက်သွားသည်နှင့် တစ်ပြိုင်နက် သူ၏ တစ်ကိုယ်လုံးကို ကောင်းကင်ဘုံ ရွှေနဂါးစာအုပ်က အံ့ဩဖွယ် အခြေအနေတစ်ခုသို့ ဆွဲခေါ်သွားသလို ခံစားလိုက်ရ၏။

"ဒင်.. ကောင်းကင်ဘုံ ရွှေနဂါးစာအုပ်ကို ကြည့်ရှုခြင်းကနေ အဆတစ်ရာ နားလည်မှုကို ဖြစ်ပေါ်စေခဲ့ပြီး ဓားဆန္ဒအတွေ့အကြုံ ရမှတ် ၃၀၀၀ ကို အဆ၁၀၀ ရရှိပါတယ်"

"ဒင်.. ကောင်းကင်ဘုံ ရွှေနဂါးစာအုပ်ကို ကြည့်ရှုခြင်းကနေ အဆတစ်ရာ နားလည်မှုကို ဖြစ်ပေါ်စေခဲ့ပြီး လက်သီးဆန္ဒအတွေ့အကြုံ ရမှတ် ၃၀၀၀ ကို အဆ၁၀၀ ရရှိပါတယ်"

"ဒင်.. ကောင်းကင်ဘုံ ရွှေနဂါးစာအုပ်ကို ကြည့်ရှုခြင်းကနေ အဆတစ်ရာ နားလည်မှုကို ဖြစ်ပေါ်စေခဲ့ပြီး မီးဆန္ဒအတွေ့အကြုံ ရမှတ် ၃၀၀၀ ကို အဆ၁၀၀ ရရှိပါတယ်"

"ဒင်.. ကောင်းကင်ဘုံ ရွှေနဂါးစာအုပ်ကို ကြည့်ရှုခြင်းကနေ အဆတစ်ရာ နားလည်မှုကို ဖြစ်ပေါ်စေခဲ့ပြီး လေဆန္ဒအတွေ့အကြုံ ရမှတ် ၃၀၀၀ ကို အဆ၁၀၀ ရရှိပါတယ်"

"............."

စနစ်ထံမှ သတိပေးချက်များက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ရာ ကျန်းချန်သည် အမှန်တကယ်ပင် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

ကောင်းကင်ဘုံ ရွှေနဂါးစာအုပ်ကို တစ်ခဏမျှ ကြည့်လိုက်ရုံဖြင့် သူ နားလည်ခဲ့သော ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ် အားလုံးသည် တိုးတက်လာခဲ့ပြီ မဟုတ်ပါလော။

"ဒီ ကောင်းကင်ဘုံ ရွှေနဂါးစာအုပ်က တကယ်ကို အံ့မခန်းပဲ"

အခန်း(၁၁၆၁)ပြီး၏။

All Chapters