အခန်း (၁၁၆၂-၁၁၆၄)
Vol. 78 Ch. 1162-164
အခန်း(၁၁၆၂)
"ဟားဟား.. အဆင့်နိမ့်ဂြိုဟ်က လူကများ မာန်တက်နေလိုက်တာ.. သူ့ကိုယ်သူ ဘယ်လောက်ထိ တောင့်ခံနိုင်မယ်လို့ ထင်နေလည်း မသိဘူး.. အဆင့်နိမ့်ဂြိုဟ်က အမှိုက်တွေအနေနဲ့ အသက်နှစ်ဆယ်ရှိုက်စာ တောင့်ခံနိုင်ရင်တောင် မဆိုးဘူးလို့ ပြောရမယ်"
"အသက်နှစ်ဆယ်ရှိုက်စာ ဟုတ်လား.. မင်းက အဲဒီကောင်လေးကို အရမ်းအထင်ကြီးနေတာပဲ"
"......."
အလယ်အလတ်ဂြိုဟ်မှ ရောက်လာသည့် လူငယ်ပါရမီရှင်ဆယ်ယောက်ကျော်သည် ကျန်းချန်ကို ကြည့်ကာ အထင်သေးစွာ ပြောဆိုနေခဲ့ကြသည်။
"ဟမ့်.. အလယ်အလတ်ဂြိုဟ်က လာတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မာန်တက်မနေနဲ့.. မင်းတို့သာ အံ့မခန်း ပါရမီ ထူးချွန်နေတယ်ဆိုရင် ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ စမ်းသပ်နေရာကိုတောင် ရောက်လာစရာ အကြောင်းမရှိဘူး"
ကျောက်ယာက လှောင်ပြောင်သရော်လိုက်သည်။
ဤလူများသည် အလယ်အလတ်ဂြိုဟ်မှ ဖြစ်သော်လည်း နတ်ဘုရားနယ်မြေကို တိုက်ရိုက် မဝင်ရောက်နိုင်၍ ရှေးဟောင်းနဂါးမျိုးနွယ်စု၏ စမ်းသပ်နေရာသို့ ရောက်လာခဲ့ကြခြင်းဖြစ်သည်။
ထိုအလယ်အလတ်ဂြိုဟ်မှ လူများသည် အမှန်တကယ်ပင် သူတို့ထက် သာလွန်သည်ဟု ထင်နေကြပါသလော။
အဆင့်နိမ့်ဂြိုဟ်မှ အမှိုက်က သူတို့ကို လှောင်ပြောင်နေသည်ကို မြင်လျှင် အလယ်အလတ်ဂြိုဟ်မှ ပါရမီရှင်များ၏ မျက်နှာထက်တွင် ဒေါသရိပ်များ ဖြစ်ပေါ်လာခဲ့သည်။
အထူးသဖြင့် ကျောက်ယာကို ပထမဆုံး လှောင်ပြောင်ခဲ့သည့် လူငယ်သည် ကျောက်ယာကို စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
"ဟေ့ရောင်.. မင်း ဘာစကားပြောတာလဲ"
"ငါ ပြောလိုက်တဲ့ စကားက မင်းတို့လည်း ငါတို့လို အမှိုက်ပဲလို့ ဆိုလိုချင်တာပဲ.. မင်း လက်မခံနိုင်ဘူးဆိုရင် မင်းနဲ့ ကျန်းချန်တို့ နှစ်ယောက်မှာ ဘယ်သူက အချိန် အကြာကြီး တောင့်ခံနိုင်မလဲဆိုတာ လောင်းကြေးထပ်ကြမလား.. ရှုံးတဲ့လူက ရွှေနဂါးမြို့မှာ နေခွင့်မရှိဘူး.. ဘယ်လိုလဲ.. ငါနဲ့ အလောင်းအစား လုပ်ဖို့ သတ္တိရှိလား"
ကျောက်ယာက ရန်စသော အမူအရာဖြင့် ပြောလိုက်သည်။
ခြေဗလာသမားက ဖိနပ်မစီးရလည်း သောက်ဂရုမစိုက်ဟူသော စကားအတိုင်းပင်။
ဤနေရာတွင် ရွှေရောင်ဝတ်ရုံဝတ် အဘိုးကြီး ရှိနေသည်ဖြစ်ရာ အလယ်အလတ်ဂြိုဟ်မှ ရောက်လာသော ပါရမီရှင်များသည် ဘဝင်ခေါင်ခိုက်နေလျှင်ပင် သူ့ကို တစ်ခုခု လုပ်ရန် သတ္တိရှိမည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေကာမူ စမ်းသပ်မှုတွင် သူ၏ ရလဒ်မှာ အသက်ဆယ့်သုံးရှိုက်စာ ဖြစ်သည်။
ဤပါရမီက ရွှေနဂါးမြို့တွင် အဆိုးဆုံးဟုပင် သတ်မှတ်၍ရသည်ဖြစ်ရာ နတ်ဘုရားနယ်မြေကို ဝင်ခွင့်ရဖို့ ဆိုသည်မှာ အတော်လေး အလှမ်းဝေးလွန်းနေ၏။
သို့သော်လည်း သတ်မှတ်စံနှုန်းကိုမီ၍ ရွှေနဂါးမြို့တွင် နေထိုင်ခွင့် ရရှိခဲ့သည်။
ကျန်းချန်သာ ရှုံးလျှင် သူသည် လင်းယွဲ့တိုက်ကို တိုက်ရိုက် ပြန်သွားရုံသာ ဖြစ်သည်။
သို့သော် ကျန်းချန် နိုင်လျှင်မူ နတ်ဘုရားနယ်မြေကို ဝင်ခွင့်ရနိုင်မည့် ပါရမီရှင်တစ်ယောက်နှင့် ရင်းနှီးနိုင်မည် ဖြစ်၏။
ထိုအချိန်သို့ ရောက်လျှင် သူ့အနေဖြင့် နတ်ဘုရားနယ်မြေကို တိုက်ရိုက် ဝင်ခွင့်မရလျှင်ပင် ကျန်းချန်က သူ့ကို အကာအကွယ်ပေးထားမည်ဆိုပါက အနည်းဆုံး ဤရွှေနဂါးမြို့တော်တွင် အေးအေးဆေးဆေး နေနိုင်လိမ့်မည် မဟုတ်ပါလား။
ရွှေနဂါးမြို့တော်သည် ရှေးဟောင်းမျိုးနွယ်စုမှ ဖွင့်လှစ်ထားသည့် စမ်းသပ်နေရာတစ်ခုသာ ဖြစ်သော်လည်း အဆင့်နိမ့်ဂြိုဟ်များ ယှဉ်၍ရသောနေရာ မဟုတ်ပေ။
ဤနေရာတွင် ဆယ်နှစ်မျှ ကျင့်ကြံလိုက်ရုံဖြင့် သူ၏ ကျင့်ကြံခြင်း အဆင့်သည် နတ်ဘုရားနယ်မြေကို ဝင်ခွင့်ရရှိသွားနိုင်လောက်၏။
"ဘာလို့ သတ္တိမရှိရမှာလဲ.. မင်းက ဒီလောက်တောင် လောင်းချင်တယ် ဆိုမှတော့ ငါ မင်းနဲ့ အလောင်းအစား လုပ်ရမှာပေါ့"
ဟွမ်ဖျင်ဟု ခေါ်သည့် လူငယ်က ခနဲ့တဲ့တဲ့ အမူအရာဖြင့် ရေရွတ်လိုက်သည်။
"မင်း ဒီကနေ ထွက်သွားဖို့သာ ပြင်ထားလိုက်တော့"
ဤလူများသည် နတ်ဘုရားနယ်မြေ၏ ရှေးဟောင်းနဂါး မျိုးနွယ်စုကနေ နိမ့်ကျသောနယ်မြေများကို နှင်ထုတ်ခံရသည့် မျိုးဆက်များမှ ဖြစ်သော်လည်း အလယ်အလတ်ဂြိုဟ်တွင် ရပ်တည်နိုင်သောကြောင့် ၎င်းတို့၏ ခွန်အားသည် အဆင့်နိမ့်ဂြိုဟ်မှ မျိုးဆက်များထက် များစွာ ပို၍ အားကောင်းသည်မှာ သဘာဝပင်။
ထို့အပြင် အလယ်အလတ်ဂြိုဟ်သည် အသက်စွမ်းအင်ဖြစ်စေ၊ သိုင်းအမွေအနှစ်ဖြစ်စေ အဆင့်နိမ့်ဂြိုဟ်များထက် အဆင့်တစ်ဆင့် ပိုမြင့်သည်။
အဆင့်နိမ့်ဂြိုဟ်မှ အမှိုက်က သူ့ထက်ပင် ပါရမီတွင် သာလွန်နေမည်ဟု ဟွမ်ဖျင် လုံးဝ မယုံကြည်ပေ။
ကျန်းချန်က သူ့ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည်များကို နားမထောင်ခဲ့ချေ။
သူက သူ့ရှေ့မှ ကောင်းကင်ဘုံနဂါးစာအုပ်ကိုသာ အသေအချာ စိုက်ကြည့်နေခဲ့ရင်း အဆုံးမဲ့ လျှို့ဝှက်ဆန်းကြယ်မှုများသည် စာအုပ်ထဲတွင် ပါဝင်နေသည်ဟု ခံစားခဲ့ရသည်။
ဆိုရလျှင် ကောင်းကင်ဘုံရွှေနဂါး စာအုပ်ထဲ၌ စကြာဝဠာထဲရှိ အရာအားလုံး၏ စွမ်းအားများ ပါဝင်နေပုံရ၏။
ထို့အပြင် ထိုစွမ်းအားများ၏ အဆင့်သည် ကျန်းချန် နားလည်ထားသည့် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်နှင့် ပိုင်နက်နယ်မြေ စွမ်းအားထက် များစွာ သာလွန်နေပြီး ပကတိအင်ပါယာ၏ နိယာမများကိုပင် များစွာ ကျော်လွန်နေခဲ့သည်။
ကျန်းချန်က ကောင်းကင်ဘုံရွှေနဂါး စာအုပ်ကို စူးစိုက်ကြည့်နေခဲ့ရာ သူ၏စိတ်ထဲတွင် စနစ်၏ သတိပေးချက်များသည် ဆက်တိုက်ဆိုသလို မြည်ဟည်းနေခဲ့သည်။
ကျန်းချန် နားလည်ထားခဲ့သည့် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်များမှ အတွေ့အကြုံ ရမှတ်များသည်လည်း ဆက်တိုက်ဆိုသလို တိုးတက်လာခဲ့၏။
မသိလိုက်မသိဘာသာဖြင့်ပင် အသက်နှစ်ဆယ်ရှိုက်စာ အချိန်သည် လျင်မြန်စွာပင် ကုန်ဆုံးသွားခဲ့ပြီး သူ၏နားထဲတွင် သာယာနာပျော်ဖွယ်ကောင်းသော အချက်ပေးသံ တစ်သံ မြည်ဟည်းလာခဲ့သည်။
အဆုံးသတ်တွင် ကျန်းချန်၏ မဟာအဆင့် ဓားစိတ်ဆန္ဒသည် ပြီးပြည့်စုံခြင်း အဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားခဲ့ချေပြီ။
အခန်း(၁၁၆၂)ပြီး၏။
အခန်း(၁၁၆၃)
"နောက်ဆုံးတော့ မဟာအဆင့်ဓားစိတ်ဆန္ဒက ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်ရှိသွားခဲ့ပြီ"
ကျန်းချန်က အတော်လေး ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။
ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်ကို တိုးတက်အောင် လုပ်ဆောင်ခြင်းသည် ကျင့်ကြံခြင်းအဆင့်ကို တိုးတက်အောင် လုပ်ဆောင်ခြင်းထက် များစွာ ပို၍ ခက်ခဲသည်။
ထို့အပြင် ကမ္ဘာကြီးတွင် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်ကို တိုက်ရိုက် မြှင့်တင်ပေးနိုင်သည့် ရတနာ အလွန်ပင် နည်းပါး၏။
အထူးသဖြင့် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်သည် တတိယအဆင့်ကို ရောက်ရှိပြီးနောက်တွင် အဆင့်ငယ် တစ်ခုစီကိုပင် ထိုးဖောက်ရန် ကြီးမားသော အတွေ့အကြုံရမှတ်များ လိုအပ်၏။
သူ့တွင် အဆတစ်ရာစနစ် ရှိနေလျှင်ပင် သူ၏ မဟာအဆင့်ဓားစိတ်ဆန္ဒသည် အဆင့်မတက်နိုင်ဘဲ ရပ်တန့်နေသည်မှာ ကာလကြာရှည် ရှိနေခဲ့ပြီ ဖြစ်သည်။
သူက ဤတစ်ခေါက်တွင် ရွှေနဂါးမြို့သို့ ရောက်လာခဲ့ပြီး နတ်ဘုရားနယ်မြေမှ ရှေးဟောင်း နဂါးမျိုးနွယ်စု၏ ကောင်းကင်ဘုံရွှေနဂါး စာအုပ်ကို ကြည့်ရှုခွင့်ရခဲ့သည်။
ထို့ကြောင့်သာ သူ့အနေဖြင့် မဟာအဆင့်ဓားစိတ်ဆန္ဒ၏ ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
"အခုငါက မဟာအဆင့်ဓားစိတ်ဆန္ဒရဲ့ ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိသွားခဲ့ပြီ.. ဒါပေမဲ့ အတွေ့အကြုံရမှတ်တွေကတော့ ဆက်လက်ရရှိနေတုန်းပဲ.. ဒီလိုသာ အတွေ့အကြုံရမှတ်တွေ ဆက်လက်ရရှိနေမယ်ဆိုရင် နယ်မြေပိုင်နက်စွမ်းအားကိုတောင် တိုက်ရိုက်နားလည်သွားမလား မသိနိုင်ဘူး"
ကျန်းချန်က စိတ်ထဲကနေ တွေးတောမိလိုက်သည်။
နယ်မြေပိုင်နက်စွမ်းအားသည် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ် အထက်မှ စွမ်းအား ဖြစ်သည်။
ယေဘုယျအားဖြင့် အင်ပါယာအဆင့်ကို ထိုးဖောက်ပြီး ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်တစ်မျိုးကို တတိယနယ်ပယ်အဆင့်အထိ ကျင့်ကြံပြီးသူများသာ နယ်မြေပိုင်နက်စွမ်းအားကို နားလည်နိုင်မည် ဖြစ်၏။
ကျန်းချန်က ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်တွင် ပြီးပြည့်စုံသော မဟာအဆင့်ဓားစိတ်ဆန္ဒအထိ နားလည်သွားခဲ့သော်လည်း ကျင့်ကြံခြင်းအဆင့်မှာ နတ်ဝိညာဉ်ဘုရင် နယ်ပယ်အဆင့်ကို ထိုးဖောက်ပြီးကာစသာ ရှိသေးသည်။
အဆတစ်ရာစနစ် ရှိနေလျှင်ပင် နတ်ဝိညာဉ်ဘုရင် နယ်ပယ်အဆင့်၌ ဓားနယ်မြေပိုင်နက် စွမ်းအားကို နားလည်နိုင်မလား မသေချာပေ။
ထို့နောက်တွင် ကျန်းချန်သည် ထိုအကြောင်းကို မစဉ်းစားတော့ဘဲ ကောင်းကင်ဘုံရွှေနဂါးစာအုပ်ကို ဆက်လက် အသုံးပြုကာ ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်များကို တိုးတက်အောင် ဆက်လက်လုပ်ဆောင်နေခဲ့သည်။
ကောင်းကင်ဘုံရွှေနဂါးစာအုပ်၏ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားသည် နားလည်ရခက်သော ဖိအားကို ထုတ်လွှတ်နေသော်လည်း ကျန်းချန်၏ ကိုယ်ခံပညာနှင့် ပတ်သက်သည့် စိတ်ဆန္ဒများကို ဆက်လက် တိုးတက်စေခဲ့သည်။
အသက်နှစ်ဆယ်ရှိုက်စာ၊ သုံးဆယ်ရှိုက်စာ၊ လေးဆယ်ရှိုက်စာ..
အလွန်လျင်မြန်စွာပင် ကျန်းချန်သည် ကောင်းကင်ဘုံရွှေနဂါး စာအုပ်ကို စူးစိုက်ကြည့်ရင်း အသက်ငါးဆယ်ရှိုက်စာ အချိန်ကိုပင် ကျော်လွန်သွားခဲ့သည်။
ဤအချိန်တွင် ရွှေရောင်ဝတ်ရုံဝတ် အဘိုးကြီးအပါအဝင် လူတိုင်းသည် ကျန်းချန်ကို မယုံကြည်နိုင်သော အကြည့်ဖြင့် တအံ့တသြ ကြည့်နေခဲ့ကြသည်။
"ဟားဟား.. ညီနောင်ကျန်းချန်က တကယ်ကို ပါရမီထူးချွန်တာပဲ.. အသက်ငါးဆယ်ရှိုက်စာ အချိန်ကိုတောင် တောင့်ခံနိုင်ခဲ့တယ်.. ဟွမ်ဖျင်.. မင်းတော့ ဒီအလောင်းအစားကို ရှုံးဖို့ များသွားပြီ"
သူ၏ရှေ့မှ အခြေအနေကို မြင်လျှင် ကျောက်ယာသည် အဆုံးသတ်၌ ဝမ်းသာစွာဖြင့် အားပါးတရ ရယ်မောလိုက်သည်။
ဤတစ်ခါတွင် သူ အလောင်းအစား လုပ်ခဲ့သည်မှာ မှန်ကန်သွားခဲ့ပြီ ဖြစ်သည်။
ကျန်းချန်၏ ပါရမီသည် သူ ထင်ထားသည်ထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းနေခဲ့၏။
"ဒါ.. ဒါ မဖြစ်နိုင်ဘူး"
ဟွမ်ဖျင်က မျက်မှောင်ကြုတ်သွားခဲ့သည်။
သူ၏ တစ်ကိုယ်လုံးက တုန်ယင်နေခဲ့ပြီး ကိုယ့်မျက်လုံးကိုပင် မယုံနိုင်ဖြစ်နေခဲ့သည်။
သူတို့ မျိုးနွယ်စု၏ မှတ်တမ်းများအရ ကောင်းကင်ဘုံ ရွှေနဂါးစာအုပ်၏ အသက်ဆယ်ရှိုက်စာ အချိန်တိုင်းကို အဆင့်များ ခွဲခြားထားသည်။
ဆိုရလျှင် လာရောက်စမ်းသပ်သူ အများစုသည် အသက်နှစ်ဆယ်ရှိုက်စာမှ သုံးဆယ်ရှိုက်စာလောက်သာ တောင့်ခံနိုင်ကြသည်။
အကယ်၍ ငါးဆယ်ရှိုက်စာ အချိန်ကို ကျော်လွန်သွားခဲ့လျှင် အလွန်ရှားပါးသော ပါရမီရှင်ဟု သတ်မှတ်နိုင်မည် ဖြစ်သည်။
အသက်ငါးဆယ်ရှိုက်စာ ဆိုသည်မှာ နောက်ထပ် စမ်းသပ်မှုကို တက်လှမ်းနိုင်သည့် ရလဒ်တစ်ခုနီးပါး ဖြစ်သည်။
"အဆင့်နိမ့်ဂြိုဟ်မှာ နေထိုင်တဲ့ လူတစ်ယောက်က ကောင်းကင်ဘုံရွှေနဂါး စာအုပ်ကို အသက်ငါးဆယ်ရှိုက်စာ အချိန်ကြာတဲ့အထိ တောင့်ခံနိုင်ခဲ့တယ်လား.. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
လူတိုင်းက ကျန်းချန်၏ စွမ်းဆောင်ရည်ကြောင့် အံ့အားသင့်နေစဉ်မှာပင် ကျန်းချန်သည် ကောင်းကင်ဘုံရွှေနဂါး စာအုပ်ကနေ တစ်ဆင့် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်ကို ဆက်လက် တိုးတက်အောင် လုပ်ဆောင်နေခဲ့သည်။
"ဒင်.. သင့်ရဲ့လက်သီးဆန္ဒက မဟာအဆင့်လက်သီးဆန္ဒကို ရောက်ရှိသွားခဲ့ပါပြီ"
"ဒင်.. သင့်ရဲ့လေဆန္ဒက မဟာအဆင့်လေဆန္ဒကို ရောက်ရှိသွားခဲ့ပါပြီ"
"ဒင်.. သင့်ရဲ့မိုးကြိုးဆန္ဒက မဟာအဆင့်မိုးကြိုးဆန္ဒကို ရောက်ရှိသွားခဲ့ပါပြီ"
"ဒင်.. သင့်ရဲ့မီးဆန္ဒက မဟာအဆင့်မီးဆန္ဒကို ရောက်ရှိသွားခဲ့ပါပြီ"
အချိန်ကြာလာသည်နှင့်အမျှ ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်များသည် ဆက်လက် တိုးတက်လာခဲ့ပြီး သူ နားလည်ထားသော ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်အားလုံး၏ နယ်ပယ်အဆင့် တစ်ခုလုံးသည် တိုက်ရိုက်ပင် မြင့်တက်သွားခဲ့သည်။
"ဒီ ကောင်းကင်ဘုံရွှေနဂါး စာအုပ်က ကိုယ်ခံပညာရဲ့ စစ်မှန်သော အဓိပ္ပါယ်ကို မြှင့်တင်ပေးတဲ့နေရာမှာ တကယ်ကို ကောင်းမွန်တဲ့အရာပဲ"
ကျန်းချန်က တကယ်ကို အံ့အားသင့်နေခဲ့သည်။
သူသာ ဆက်ပြီး နားလည်အောင် လုပ်ဆောင်မည်ဆိုလျှင် သူ နားလည်ထားသည့် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်အားလုံးသည် အနည်းဆုံး မဟာအဆင့်ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိသွားနိုင်ပေသည်။
ကန့်သတ်ချက်ကို ထိုးဖောက်ပြီး နယ်မြေပိုင်နက် စွမ်းအားကို နားလည်ဖို့ ဆိုသည်မှာပင် မဖြစ်နိုင်သောအရာ မဟုတ်ပေ။
အခန်း(၁၁၆၃)ပြီး၏။
အခန်း(၁၁၆၄)
"တော်ပြီ.. အသက်ရှူကြိမ်က တစ်ရာနီးပါးတောင် ရှိနေပြီ.. လက်လျှော့လိုက်တော့မယ်"
ကောင်းကင်ဘုံရွှေနဂါး စာအုပ်သည် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်ကို အံ့မခန်း တိုးတက်စေသည်။
သို့သော်လည်း ကျန်းချန်သည် အချိန်အကြာကြီး ဆက်လက် တောင့်ခံရန် မရည်ရွယ်ထားခဲ့ပေ။
မည်သို့ပင်ဖြစ်စေ ကျောက်ယာ၏ ရလဒ်နှင့် နှိုင်းယှဉ်လျှင် အလွန် ကောင်းမွန်သည့် ရလဒ်တစ်ခု ဖြစ်နေခဲ့ပြီ မဟုတ်ပါလော။
သူက ရှန်းဝူတိုက်ကြီးကို အမြန်ဆုံး ပြန်ရမည် ဖြစ်သည်။
ဤနေရာကို ရောက်ရှိလာခြင်းသည် လုံမိသားစု၏ လျှို့ဝှက်ချက်ကို ရှာဖွေရန်အတွက်သာ ဖြစ်သည်။
ကောင်းကင်ဘုံရွှေနဂါး စာအုပ်ကို အချိန်အကြာကြီး ဆက်လက် ကြည့်နေခဲ့လျှင် အလွန် ထင်ပေါ်သွားလိမ့်မည် ဖြစ်ပြီး ရှေးဟောင်း နဂါးမျိုးနွယ်စုမှ လူများသည် နတ်ဘုရားနယ်မြေသို့ အတင်းအကြပ် ခေါ်ဆောင်သွားမည်ကို သူစိုးရိမ်နေမိသည်။
ထိုသို့ တွေးမိသည်နှင့် ကျန်းချန်သည် ကောင်းကင်ဘုံရွှေနဂါးစာအုပ်မှ စွမ်းအားကို မခံနိုင်တော့သလို ဟန်ဆောင်လိုက်ပြီး ခြေလှမ်းအနည်းငယ် ဒယိမ်းဒယိုင်လုပ်ကာ နောက်ဆုတ်လိုက်သည်။
"ဟားဟား.. ညီနောင်ကျန်းချန်.. ကောင်းကင်ဘုံရွှေနဂါး စာအုပ်ကို မင်းတောင့်ခံနိုင်တဲ့အချိန်က အသက်ရှူကြိမ် တစ်ရာတောင် ကျော်သွားခဲ့ပြီ.. ဒီရလဒ်က လုံးဝ အံ့မခန်းပဲ"
ကျောက်ယာက အလွန်ပင် စိတ်လှုပ်ရှားနေခဲ့သည်။
ဤအချိန်တွင် သူက ဟွမ်ဖျင်ကို လှည့်ကြည့်လိုက်ပြီး သူ၏ ရိုးသားဖြောင့်မတ်သော မျက်နှာထက်တွင် အောင်ပွဲခံသည့် အမူအရာတစ်ခု ပေါ်လာခဲ့၏။
"ဟွမ်ဖျင်.. မင်း ငါတို့အဆင့်နိမ့်ဂြိုဟ်က လူတွေကို အထင်သေးရဲသေးလား"
ကျောက်ယာ၏ စကားကို ကြားလျှင် ဟွမ်ဖျင်၏ မျက်နှာအမူအရာသည် ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ပြီး အလွန်ပင် အကျည်းတန်သွားခဲ့၏။
အသက်ရှူကြိမ် တစ်ရာကျော်ဆိုသည်မှာ ကောင်းကင်ဘုံရွှေနဂါးစာအုပ်၏ မှတ်တမ်းစာရင်းမှာပင် ထိပ်ဆုံးသို့ ရောက်နေခဲ့ပြီ ဖြစ်သည်။
အဆင့်နိမ့်ဂြိုဟ်ကနေ ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော မွန်းစတားတစ်ကောင် မွေးဖွားလာသည်ကို ကျောက်ယာ အမှန်တကယ် နားမလည်နိုင်ခဲ့ပေ။
"ညီနောင်ကျောက်.. ငါ့ရဲ့ရလဒ်က အဆင်ပြေရဲ့လား"
ကျန်းချန်က စိတ်လှုပ်ရှားနေသော ကျောက်ယာကို ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
ထိုအခိုက်အတန့်တွင် ခန်းမထဲရှိ အခြားသူများ၏ အံ့ဩတုန်လှုပ်နေသော အမူအရာကို မြင်လျှင် သူ၏စိတ်ထဲတွင် အမှားအယွင်းလုပ်မိသလားဟုပင် တွေးတောမိလိုက်သည်။
"အဆင်ပြေတာထက်တောင် ပိုသေးတယ်.. ဒီထက် အဆင်ပြေတာ မရှိတော့ဘူး.. မင်းသိလား.. ကောင်းကင်ဘုံရွှေနဂါးစာအုပ်ကို အသက်ရှူကြိမ် တစ်ရာကျော်အထိ နားလည်နိုင်တဲ့သူတွေက လက်ချိုးရေတွက်လို့တောင် ရတယ်.. ဒီရလဒ်က နတ်ဘုရားနယ်မြေကိုတောင် သေချာပေါက် ဝင်ခွင့်ရမယ့် ရလဒ်ပဲ"
ကျောက်ယာက စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။
ကျန်းချန်သည် ကောင်းကင်ဘုံရွှေနဂါး စာအုပ်ကို အသက်ရှူကြိမ် တစ်ရာ့ကိုးကြိမ်အထိ တောင့်ခံနိုင်ခဲ့၍ ဆုလာဘ်အဖြစ် နတ်ခရစ်စတယ်ဆယ်ခုကို ရရှိခဲ့သည်။
ထို့အပြင် ယခင်စံချိန်ကို ချိုးဖျက်ကာ စံချိန်စာရင်းတွင် ထိပ်ဆုံးသို့ ရောက်ရှိလာ၍ နတ်ခရစ်စတယ် တစ်ရာကိုပါ ရရှိခဲ့သည်။
ဤအချိန်တွင် ရွှေရောင်ဝတ်ရုံဝတ် အဘိုးကြီး၏ အသံသည် လူတိုင်း၏ နားထဲတွင် ပြန်လည် ထွက်ပေါ်လာခဲ့၏။
"............."
ရွှေရောင်ဝတ်ရုံဝတ်အဘိုးကြီးက စမ်းသပ်မှုရလဒ်ကို ကြေညာလိုက်ရာ ကျန်းချန်သည် စကားမပြောနိုင်အောင်ပင် ဖြစ်သွားခဲ့သည်။
သူက သူ၏ပါရမီကို သတိမထားမိစေရန် တမင်တကာ နောက်ဆုတ်ခဲ့သော်လည်း မထင်မှတ်ဘဲ စံချိန်ကို ချိုးဖျက်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ကောင်းကင်ဘုံရွှေနဂါး စာအုပ်၏ စံချိန်ကို ချိုးဖျက်ရသည်မှာ ဤမျှအထိ အရမ်းကို လွယ်ကူနေပါသလော။
"ကောင်လေး.. မင်းရဲ့ပါရမီက အရမ်းကောင်းတယ်.. မင်း နတ်ဘုရားနယ်မြေထဲ ဝင်ခွင့်ရအောင် ငါ မြို့စားကြီးဆီ အကြံပြုတင်ပြပေးမယ်"
ရွှေရောင်ဝတ်ရုံဖြင့် အဘိုးကြီးသည် ကျန်းချန်ကို ကြည့်လိုက်ရင်း မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
ကောင်းကင်ဘုံရွှေနဂါးစာအုပ်ကို ပထမဆုံးအကြိမ် ကြည့်ရာတွင် အသက်ရှူကြိမ် တစ်ရာကျော် တောင့်ခံနိုင်သည်ဆိုသည်မှာ ရှေးဟောင်း နဂါးမျိုးနွယ်စုမှာပင် ရှားပါးသော ပါရမီရှင်ဟု သတ်မှတ်နိုင်နေပြီ ဖြစ်သည်။
သူ၏ အတွေ့အကြုံအရ ကျန်းချန်က ကောင်းကင်ဘုံရွှေနဂါးစာအုပ်ကို တမင်တကာ လက်လျှော့လိုက်မှန်း မြင်နိုင်ရန် မခက်ခဲခဲ့ပေ။
ဤကဲ့သို့သော ပါရမီရှင်မျိုးသည် ရှေးဟောင်း နဂါးမျိုးနွယ်စုကို တိုက်ရိုက် ဝင်ရောက်ခွင့်ရရန်အတွက် အပြည့်အဝ အရည်အချင်း ပြည့်မီနေပြီ ဖြစ်သည်။
"နတ်ဘုရားနယ်မြေထဲ ဝင်ရောက်ခွင့်လား"
ရွှေရောင်ဝတ်ရုံဝတ် အဘိုးကြီး၏ စကားကို ကြားလျှင် ခန်းမထဲရှိ လူငယ်ပါရမီရှင်များ၏ မျက်နှာထက်တွင် မနာလိုသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ရွှေနဂါးမြို့တော်တွင် နတ်ဘုရားနယ်မြေသို့ ဝင်ရောက်ရန် နည်းလမ်းနှစ်မျိုးရှိသည်။
တစ်နည်းမှာ ဆယ်နှစ်အတွင်း ရွှေနဂါးမြို့တော်၏ စမ်းသပ်မှုကို အောင်မြင်ရန် ဖြစ်ပြီး နောက်တစ်နည်းမှာ ဆယ်နှစ်အတွင်း ပကတိအင်ပါယာ နယ်ပယ်အဆင့်သို့ ရောက်အောင် ကျင့်ကြံရန် ဖြစ်သည်။
သို့သော် ဤနည်းလမ်းနှစ်ခုလုံးသည် လွယ်ကူသော နည်းလမ်းများ မဟုတ်ကြပေ။
ရွှေနဂါးမြို့တော်သို့ လာရောက်ကြသော အဆင့်နိမ့်ဂြိုဟ်များမှ ပါရမီရှင်အများစုသည် ဆယ်နှစ်ကြာ နေထိုင်ပြီးနောက်မှာပင် ပကတိအင်ပါယာ အဆင့်ကို တက်လှမ်းရန် မအောင်မြင်ခဲ့ကြပေ။
ယခုအခါတွင် ကျန်းချန်သည် ပါရမီစမ်းသပ်မှုတွင် စံချိန်ချိုးဖျက်ရုံဖြင့် နတ်ဘုရားနယ်မြေကို တိုက်ရိုက် ဝင်ရောက်ခွင့် ရရှိနိုင်တော့မည် ဖြစ်ရာ သူတို့အနေဖြင့် အဘယ်ကဲ့သို့ မနာလိုဘဲ နေနိုင်ပါအံ့နည်း။
အခန်း(၁၁၆၄)ပြီး၏။