အခန်း (၁၁၆၅-၁၁၆၇)
Vol. 78 Ch. 1165-1167
အခန်း(၁၁၆၅)
"အကြီးအကဲရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်.. ကျွန်တော်က မွေးရပ်ဇာတိကို ပြန်သွားရဦးမှာ ဖြစ်တဲ့အတွက် နတ်ဘုရားနယ်မြေကို သွားဖို့ အစီအစဉ် မရှိသေးပါဘူး"
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ရွှေရောင်ဝတ်ရုံဝတ် အဘိုးကြီး၏ စကားကို တိုက်ရိုက်ငြင်းပယ်လိုက်သည်။
စကြာဝဠာ၏ တစ်ခုတည်းသော ပင်မဂြိုဟ်ဖြစ်သည့် နတ်ဘုရားနယ်မြေနှင့် ပတ်သက်၍ ကျန်းချန်သည် စိတ်ဝင်စားခဲ့သည်။
သို့ရာတွင် သူ့အနေဖြင့် ရှန်းဝူတိုက်ကြီးတွင် လုပ်ဆောင်စရာ အများအပြား ကျန်ရှိနေပါသေးသည်။
ထို့ကြောင့် သူက နတ်ဘုရားနယ်မြေကို ချက်ချင်း မဝင်ရောက်လိုသေးပေ။
ကျန်းချန်က အင်ပါယာအဆင့်သို့ ရောက်အောင် ကျင့်ကြံပြီးမှ ရှန်းဝူတိုက်ကြီးနှင့် နတ်ဘုရားနယ်မြေကြားရှိ လမ်းကြောင်းကို ရှာဖွေကာ နတ်ဘုရားနယ်မြေကို ဝင်ရောက်ရန် ဆုံးဖြတ်ထားခဲ့သည်။
အကယ်၍သာ သူ့အနေဖြင့် ရှေးဟောင်းနဂါးမျိုးနွယ်စု၏ စမ်းသပ်နေရာကနေ တစ်ဆင့် နတ်ဘုရားနယ်မြေကို ဝင်ရောက်မည်ဆိုလျှင် ရှေးဟောင်းနဂါးမျိုးနွယ်စု၏ ချည်နှောင်မှုအောက်တွင် ကျရောက်သွားမည်မှာ အသေအချာပင် မဟုတ်ပါလော။
ကျန်းချန်သည် လက်ရှိအချိန်ထိ နတ်ဘုရားနယ်မြေနှင့် ရှေးဟောင်းနဂါးမျိုးနွယ်စု အကြောင်းကို ဘာဆိုဘာမှ မသိရှိသေးပေ။
ထို့ကြောင့် သူ့ဘဝ၏ ကျန်ရှိသည့် တစ်စိတ်တစ်ပိုင်းကို နတ်ဘုရားမျိုးနွယ်စု၏ လက်ထဲတွင် အလွယ်တကူ ဝကွက်အပ်လိုက်ချင်စိတ် မရှိခဲ့ချေ။
"ဘာ.. ဒီကောင်က ငြင်းလိုက်တာလား"
"ငါပဲ နားကြားမှားတာများလား"
ကျန်းချန်က ရွှေရောင်ဝတ်ရုံဝတ်အဘိုးကြီး၏ စကားကို ငြင်းပယ်လိုက်သည်ကို မြင်လျှင် ခန်းမထဲရှိ လူငယ်ပါရမီရှင်များစွာသည် အံ့အားသင့်လွန်း၍ မျက်လုံးများပင် ပြူးထွက်လုမတတ် ဖြစ်သွားခဲ့ကြသည်။
နတ်ဘုရားနယ်မြေ ဆိုသည်မှာ စကြာဝဠာ၏ တစ်ခုတည်းသော ပင်မဂြိုဟ်ဖြစ်ပြီး နတ်ဘုရားတစ်ပါးပင် ဖြစ်လာနိုင်သော နေရာ ဖြစ်သည်။
ကျင့်ကြံသူများစွာသည် နတ်ဘုရားနယ်မြေကို အရူးအမူး ဝင်ရောက်ချင်ကြသော်လည်း သူတို့ရှေ့မှ ကောင်လေးသည် နတ်ဘုရားနယ်မြေကို တိုက်ရိုက် ဝင်ရောက်ခွင့်ရမည့် အခွင့်အရေးကို ငြင်းပယ်ပစ်လိုက်သည်။
ဤကောင်လေး၏ ဦးခေါင်းက မြည်းအကန်ခံလိုက်ရ၍ ဦးနှောက်ပျက်သွားသည်မှာ သေချာသလောက် ဖြစ်သည်။
"မင်း သေချာရဲ့လား"
ရွှေရောင်ဝတ်ရုံဝတ် အဘိုးကြီးက ခဏမျှ အံ့အားသင့်သွားခဲ့သည်။
ကျန်းချန်က နတ်ဘုရားနယ်မြေကို တိုက်ရိုက် သွားရောက်ခွင့်ရမည့် အခွင့်အရေးကို လက်လွှတ်ခံလိုက်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
"သေချာပါတယ်"
ကျန်းချန်က ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။
"ကောင်းပါပြီ.. မင်းမှာ စိတ်ကြိုက်ရွေးချယ်ခွင့် ရှိပါတယ်"
ထိုစကားကို ပြောပြီးနောက်တွင် ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုကြီးသည် တံဆိပ်ပြားနှင့် ဆုလာဘ်ကို ကျန်းချန်ထံ ပစ်ပေးလိုက်ပြီး စမ်းသပ်မှုကို ဆက်လက် ဆောင်ရွက်ခဲ့သည်။
ဤကောင်လေးသည် အဆင့်နိမ့်ဂြိုဟ်မှ ဖြစ်သော်လည်း စံချိန်ကို ချိုးဖျက်နိုင်ခဲ့သည့် ပါရမီရှင်တစ်ယောက်ဖြစ်သည်။
သို့သော်လည်း ထိုကဲ့သို့ ပါရမီရှင်များသည် ရှေးဟောင်းနဂါးမျိုးနွယ်စုတွင်လည်း ရှိ၍ သူ့အနေဖြင့် အာရုံသိပ်မထားတော့ပေ။
သူက ဤကောင်လေးကို အခွင့်အရေး ပေးခဲ့ပြီးပြီ ဖြစ်သည်။
ဤကောင်လေးက တန်ဖိုးမထားလျှင် သူ့အနေဖြင့် အဘယ်ကြောင့် အတင်းအကြပ် လုပ်ဆောင်ရပါမည်နည်း။
ရွှေရောင်ဝတ်စုံဝတ် အဘိုးကြီးက စမ်းသပ်မှုကို ဆက်လက် လုပ်ဆောင်ခဲ့သည်။
နောက်ထပ် စမ်းသပ်ခဲ့သော ပါရမီရှင်များသည် ကျန်းချန်၏ စံချိန်ကို ကျော်လွန်နိုင်ခြင်း မရှိသည်မှာ သံသယဝင်စရာပင် မလိုပေ။
ကောင်းကင်ဘုံရွှေနဂါး စာအုပ်ကို အချိန်အကြာဆုံး တောင့်ခံနိုင်သူမှာ အသက်ငါးဆယ်ရှိုက်စာ အချိန်ကိုပင် မကျော်လွန်နိုင်ခဲ့ပေ။
လူအများစုမှာ အသက်နှစ်ဆယ်ရှိုက်စာမှ သုံးဆယ်ရှိုက်စာလောက်သာ ရှိခဲ့သည်။
မကြာမီမှာပင် အလယ်အလတ်ဂြိုဟ်မှ ပါရမီရှင်များ၏ အလှည့်သို့ ရောက်လာခဲ့သည်။
ဤအလယ်အလတ်ဂြိုဟ်မှ ပါရမီရှင်များသည် အဆင့်နိမ့်ဂြိုဟ်များရှိ ပါရမီရှင်များထက် များစွာ သာလွန်ပြီး ၎င်းတို့၏ အနိမ့်ဆုံးရမှတ်သည် အသက်လေးဆယ်ရှိုက်စာ အချိန်မှ ငါးဆယ်ရှိုက်စာအကြိမ်ဖြစ်ကာ အမြင့်ဆုံးရလဒ်သည် အသက်ကိုးဆယ်ရှိုက်စာ အထိကို ရောက်ရှိခဲ့သည်။
ကျန်းချန်တို့ကို လှောင်ပြောင်ခဲ့သော ဟွမ်ဖျင်၏ ရလဒ်သည် အသက်ရှစ်ဆယ် ရှိုက်စာ ဖြစ်သည်။
"ဟားဟား.. ဟွမ်ဖျင်.. မင်း စောနတုန်းက မာန်တက်နေတယ် မဟုတ်လား.. အခုတော့ကြည့်စမ်း.. မင်းရဲ့ရလဒ်က အသက်ရှစ်ဆယ်ရှိုက်စာ အချိန်ပဲရှိတယ်.. အလောင်းအစားမှာ မင်းရှုံးသွားတဲ့အတွက် ငါတို့ လောင်းထားတဲ့ အတိုင်း ရွှေနဂါးမြို့တော်ကနေ ထွက်သွားဖို့ ပြင်လိုက်တော့"
ကျောက်ယာက အထက်စီးလေသံဖြင့် ဝင့်ကြွားစွာ ရေရွတ်လိုက်သည်။
သူက အလယ်အလတ်ဂြိုဟ်မှ ပါရမီရှင်တစ်ဦးကို နှိပ်ကွပ်ခွင့်ရလိုက်သဖြင့် ဝမ်းသာအားရ ဖြစ်နေခဲ့၏။
"ဟမ့်.. မင်းက ငါ့ကို ရွှေနဂါးမြို့တော်ကနေ ထွက်သွားရမယ်လို့ ပြောနေတာလား"
ဟွမ်ဖျင်က မထီမဲ့မြင် ပြုံးလိုက်သည်။
သူ၏ အမူအရာက လောင်းကြေးကို အလေးအနက် မထားဟန် ဖော်ပြနေခဲ့၏။
သူ့အနေဖြင့် ရွှေနဂါးမြို့တော်မှ အလွယ်တကူ ထွက်မသွားနိုင်သည်မှာ သဘာဝကျပေသည်။
သူက လောင်းကြေးကို မလိုက်နာလျှင်ပင် စမ်းသပ်မှု ရလဒ်တွင် အမှိုက်ရလဒ်ဖြစ်သည့် တစ်ဒါဇင်မျှသာ ရရှိထားသော ဤကောင်လေးသည် သူ့ကို မည်ကဲ့သို့ အရေးယူနိုင်ပါမည်နည်း။
"လူအများကြီးရှေ့မှာ ကတိပေးထားပြီးတော့မှ ကတိဖျက်တယ်ဆိုတာ ယောကျ်ားစစ်စစ် တစ်ယောက် အတွက် ရှက်စရာကောင်းတဲ့ လုပ်ရပ်ပဲ"
ကျောက်ယာ၏ မျက်နှာတွင် မထီမဲ့မြင် အမူအရာများဖြင့် ပြည့်နှက်နေခဲ့သည်။
"ကျောက်ယာ.. အခြေအနေကို နားလည်တယ်ဆိုရင် ဒီကိစ္စကို ဒီမှာပဲ ရပ်လိုက်တော့"
ဟွမ်ဖျင်က ကျောက်ယာကို စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။
အခန်း(၁၁၆၅)ပြီး၏။
အခန်း(၁၁၆၆)
"မင်း"
ကျောက်ယာက လက်သီးကို ဆုပ်လိုက်သည်။
သူ၏မျက်နှာက နီရဲလာခဲ့ပြီး တစ်ကိုယ်လုံးသည် ဒေါသကြောင့် တုန်ယင်နေခဲ့သည်။
ဤဟွမ်ဖျင်က အတော်လေး မျက်နှာပြောင်တိုက်ပြီး အရှက်မရှိဟု ဆိုရမည်။
၎င်းက လောင်းကြေးရှုံးပြီးနောက်တွင် လောင်းကြေး အတွက် သဘောတူညီချက်ကို မလိုက်နာသည့်အပြင် သူ့ကိုပင် ပြန်လည် ရန်တွေ့နေသေး၏။
ထိုအချိန်တွင် ကျန်းချန်က ရှေ့ကို တိုးလာခဲ့ပြီး ဟွမ်ဖျင်ကို အထင်သေးစွာကြည့်၍ ပြောလိုက်သည်။
"ဟားဟား.. မင်းရဲ့ခွန်အားကတင် အမှိုက်ဖြစ်ရုံမကဘဲ မင်းရဲ့စရိုက်ကပါ အမှိုက်ဖြစ်နေတာကိုး.. မင်းလို အမှိုက်မျိုးက ရွှေနဂါးမြို့တော်ကနေ စောစောစီးစီး ထွက်သွားသင့်တယ်လို့ ငါထင်တယ်"
ကျောက်ယာက သူ၏မိတ်ဆွေဖြစ်၍ ဟွမ်ဖျင်က အနိုင်ကျင့်နေသည်ကို ကျန်းချန်သည် ရပ်ကြည့်မနေနိုင်ခဲ့ပေ။
"ကျန်းချန်.. မင်း ကျောက်ယာဘက်ကနေ ရပ်တည်မလို့လား"
ဟွမ်ဖျင်၏ မျက်လုံးများက အနည်းငယ် ကျုံ့ဝင်သွားခဲ့သည်။
သူ၏ရင်ထဲတွင် စံချိန်မှတ်တမ်းကို ချိုးဖျက်ခဲ့သည့် ကျန်းချန်အား အနည်းငယ် မနာလိုစိတ် ရှိနေခဲ့
"ကျောက်ယာဘက်က ရပ်တည်တော့ရော ဘာဖြစ်လဲ.. မင်းခုနတုန်းက ငါတို့ကို အမှိုက်လို့ ပြောခဲ့တယ် မဟုတ်လား.. မင်းက အမှိုက်တွေထက် မသာဘူးလို့ ဝန်ခံရင်တော့ ငါမင်းကို ဒီကိစ္စ လျော်ပေးလိုက်မယ်.. ဒီလိုမှ မဟုတ်ရင် ရွှေနဂါးမြို့တော်ကနေ လောင်းကြေးအတိုင်း မင်းထွက်သွားရမယ်"
ကျန်းချန်က ဟွမ်ဖျင်ကို မထီတရီဟန်ဖြင့် ပြောလိုက်သည်။
"ကျန်းချန်.. မင်းငါ့ကို ရွှေနဂါးမြို့တော်ကနေ ဘယ်လို ထွက်ခွာစေမှာလဲဆိုတာ ငါကြည့်ချင်သေးတယ်"
ဟွမ်ဖျင်က ခပ်ထေ့ထေ့ ရယ်မော၍ ပြောလိုက်သည်။
သူက ယခုအခါတွင် စမ်းသပ်မှုတွင် အောင်မြင်ခဲ့ပြီ ဖြစ်ရာ သက်သေခံ တံဆိပ်ပြားကိုပင် ရရှိထားခဲ့ပြီ ဖြစ်သည်။
ရွှေနဂါးမြို့တော်၏ စည်းမျဉ်းများကို မချိုးဖောက်သရွေ့ ရွှေနဂါးမြို့တော်တွင် ဆယ်နှစ်ကြာ နေထိုင်ခွင့်ရမည် ဖြစ်၏။
သူ့စိတ်ဆန္ဒအလျောက် မထွက်သွားမချင်း သူ့ကို မည်သူမှ မောင်းထုတ်၍ ရမည်မဟုတ်ပေ။
"ကောင်လေးတွေ.. ရွှေနဂါးမြို့တော်မှာ ကိုယ်ရေးကိုယ်တာ တိုက်ခိုက်မှုတွေကို တားမြစ်ထားတယ်.. ဒီစည်းမျဉ်းကို ဖောက်ဖျက်ရင် ရွှေနဂါးမြို့တော်ကနေ တိုက်ရိုက် နှင်ထုတ်ခံရလိမ့်မယ်.. မင်းတို့နှစ်ယောက်မှာ မကျေနပ်မှုတွေ ရှိရင် နဂါးမျှော်စင်ရဲ့ တိုက်ခိုက်ရေး စင်မြင့်ထက်မှာပဲ သွားရောက်ဖြေရှင်းပါ"
ကျန်းချန်နှင့် ဟွမ်ဖျင်တို့ နှစ်ယောက်ကြားတွင် သဘောထားကွဲလွဲမှု ဖြစ်ပေါ်လာပြီး တိုက်ခိုက်ကြတော့မည်ကို မြင်လျှင် ရွှေရောင်ဝတ်ရုံဝတ် အဘိုးကြီးက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
မကြာမီမှာပင် သူက သိုလှောင်လက်စွပ်ထဲမှ စာအုပ်ငယ်လေးများကို ထုတ်ကာ ကျန်းချန်နှင့် အခြားသူများကို ဝေငှလိုက်သည်။
"စမ်းသပ်မှုက ပြီးဆုံးသွားပြီ.. နောက်ထပ် တစ်ဆင့်အနေနဲ့ နဂါးမျှော်စင်မှာ ရှင်သန်ဖို့အတွက် ကြိုးစားပြီး စမ်းသပ်မှုတွေကို ဖြတ်သန်းရမယ်.. အဲဒီကနေတစ်ဆင့် နတ်ဘုရားနယ်မြေကို ဝင်ရောက်ခွင့် ရရှိနိုင်တယ်.. ဒီစာအုပ်ငယ်လေးထဲမှာ အချက်အလက်တွေကို အသေးစိတ် ရေးပေးထားတယ်.. ဒါကြောင့် သေသေချာချာ ဖတ်ရှုဖို့ မင်းတို့ကို အကြံပေးချင်တယ်"
စာအုပ်ငယ်ကို လက်ခံရရှိပြီးနောက်တွင် ကျန်းချန်သည် စာအုပ်ပါအကြောင်းအရာများကို တိုက်ရိုက်ပင် တစ်ခါတည်း လှန်လှောကြည့်လိုက်သည်။
မကြာမီမှာပင် ကျန်းချန်သည် ရွှေနဂါးမြို့တော်၏ စမ်းသပ်မှုအကြောင်းများကို အကြမ်းဖျင်း နားလည်သွားခဲ့သည်။
ရွှေနဂါးမြို့တော်၏ မြို့ဝင်ခွင့်စမ်းသပ်မှု ပြီးဆုံးပြီးနောက်တွင် အရာအားလုံးသည် မိမိကိုယ်တိုင် အပေါ်တွင်သာ မူတည်တော့သည်။
ရွှေနဂါးမြို့တော်တွင် နေထိုင်မည့်နေရာကို ကိုယ်တိုင် ဝယ်ယူနိုင်ခွင့်ရှိသည်။
ထိုသို့ ဝယ်ယူရန်အတွက် အသုံးပြုသောငွေကြေးသည် နတ်ဘုရားနယ်မြေတွင် အသုံးများသော ငွေကြေးဖြစ်သည့် နတ်ခရစ်စတယ် ဖြစ်သည်။
နတ်ခရစ်စတယ် မရှိလျှင် ရွှေနဂါးမြို့တော်၌ သွားလာရန်ပင် မဖြစ်နိုင်သလောက်ပင်။
နောက်ထပ် စမ်းသပ်မှုပြုလုပ်မည့် အရာမှာ ရွှေနဂါးမြို့တော်၏ အထင်ကရ အဆောက်အအုံ ဖြစ်သော နဂါးမျှော်စင် ဖြစ်၏။
နဂါးမျှော်စင်တွင် အထပ် (၉) ထပ်ရှိပြီး အထပ်တိုင်းတွင် သက်ဆိုင်ရာ ဝင်ရောက်ခွင့် အခြေအနေများ ရှိ၏။
နတ်ဘုရားနယ်မြေသို့ ဝင်ရောက်ခွင့်သည် နဂါးမျှော်စင်၏ ထိပ်ဆုံးတွင် တည်ရှိသည်။
တစ်နည်းအားဖြင့် ပြောရလျှင် နဂါးမျှော်စင်တစ်ခုလုံး၏ စမ်းသပ်မှုကို ဖြတ်ကျော်နိုင်လျှင် နတ်ဘုရားနယ်မြေသို့ ဝင်ရောက်ရန် အရည်အချင်း ပြည့်မီမည် ဖြစ်၏။
သို့သော်လည်း နဂါးမျှော်စင်၏ အထပ်တစ်ထပ်ချင်းစီကို ကျော်ဖြတ်ရန် အခြေအနေများသည် အလွန်ပင် ခက်ခဲလှသည်။
ပထမထပ်ကို ဝင်ရောက်ခွင့် အခြေအနေသည် မြို့နေထိုင်ခွင့် စမ်းသပ်မှု ဖြစ်သည့် ပါရမီစမ်းသပ်မှုနှင့် သက်ဆိုင်နေ၏။
စမ်းသပ်မှုတွင် အသက်ငါးဆယ်ရှိုက်စာ ရလဒ်ကို ရရှိသောသူများသည် နဂါးမျှော်စင်၏ ပထမထပ်ကို အခမဲ့ ဝင်ရောက်နိုင်မည်ဖြစ်သည်။
အသက်ငါးဆယ်ရှိုက်စာ အောက်ဆိုလျှင် အသက်ဆယ်ရှိုက်စာ လျော့တိုင်း နတ်ခရစ်စတယ် ဆယ်ခု ပေးရမည် ဖြစ်၏။
သိထားရမည်မှာ ရွှေနဂါးမြို့တော်တွင် နတ်ခရစ်စတယ် တစ်ခု ရရှိရန်ပင် မလွယ်ကူပေ။
တစ်လလုံး အလုပ်လုပ်လျှင်ပင် နတ်ခရစ်စတယ် တစ်ခုကို ရရှိရန် မဖြစ်နိုင်ချေ။
ဤအကြောင်းကြောင့် မြို့ဝင်ခွင့်စမ်းသပ်မှုတွင် အောင်မြင်ခဲ့သော်လည်း အသက်ရှူချိန် ငါးဆယ်အောက်သာ ရရှိသောသူများသည် ရွှေနဂါးမြို့တော်တွင် တစ်နှစ်သို့မဟုတ် တစ်နှစ်ခွဲ နေထိုင်၍ စုဆောင်းခဲ့လျှင်ပင် နဂါးမျှော်စင်၏ ပထမထပ်သို့ ဝင်ရောက်နိုင်မည် မဟုတ်ပေ။
ရှင်းလင်းစွာဆိုရလျှင် အထပ်တိုင်း အတွက် ဝင်ရောက်ခွင့် အခြေအနေများသည် တစ်ထပ်ထက် တစ်ထပ် ပိုမို၍ ခက်ခဲသည်။
ထို့ကြောင့် နဂါးမျှော်စင်၏ နဝမထပ်သို့ ရောက်ရှိရန် ကြိုးစားခြင်းသည် လူအများစုအတွက် ကောင်းကင်ဘုံကို တက်ခြင်းနှင့် မခြားပေ။
အခန်း(၁၁၆၆)ပြီး၏။
အခန်း(၁၁၆၇)
"ညီနောင်ကျန်းချန်.. ဖတ်ပြီးပြီလား.. ငါက အသက်ဆယ်ရှိုက်စာကျော်လောက်ပဲ ရရှိတဲ့ အမှိုက်ကောင်ဆိုတော့ နဂါးမျှော်စင်ထဲကို ဝင်ခွင့်ရဖို့ မဆိုထားနဲ့.. ရွှေနဂါးမြို့တော်မှာ နေဖို့တောင် ငါ့အတွက် အခက်အခဲ ရှိတယ်"
စာအုပ်ငယ်ထဲမှ အကြောင်းအရာများကို အကြမ်းဖျင်း ဖတ်ရှုလိုက်ပြီးနောက်တွင် ကျောက်ယာ၏ မျက်နှာထက်တွင် ရုတ်တရက် ခါးသီးသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
မြို့ဝင်ခွင့်စမ်းသပ်မှုရလဒ် ပိုကောင်းလေလေ၊ ဆုလာဘ်ဖြစ်သည့် နတ်ခရစ်စတယ် ပိုရလေလေ ဖြစ်သည်။
သူ၏ အသက်ဆယ်ရှိုက်ကျော်စာ ရလဒ်သည် ဆုလာဘ်အဖြစ် နတ်ခရစ်စတယ် တစ်ခုပင် မရရှိခဲ့ပေ။
တခြားဘာမှ ထည့်မတွက်လျှင်ပင် ရွှေနဂါးမြို့တော်တွင် နေထိုင်ရန်အတွက် တစ်နှစ်ကို နတ်ခရစ်စတယ် တစ်ခု လိုအပ်၏။
သို့ဖြစ်ရာ နဂါးမျှော်စင်ထဲကို ဝင်ရောက်ရန် ဆိုသည်မှာ ကျောက်ယာအနေဖြင့် စဉ်းပင် မစဉ်းစားရဲတော့ပေ။
သူ၏ စမ်းသပ်မှုရလဒ်အရ နဂါးမျှော်စင်၏ ပထမထပ်ကို ဝင်ရောက်လိုလျှင် နတ်ခရစ်စတယ် ၄၀ ပေးဆောင်ရမည်ဖြစ်သည်။
သူ့အတွက်မူ နတ်ခရစ်စတယ် ၄၀ကို စုဆောင်းရန် နှစ်ပေါင်းများစွာ လိုအပ်လောက်၏။
"ဟားဟား.. ညီနောင်ကျောက်ယာ.. ဘာမှ စိတ်မပူနဲ့.. ဒီစာအုပ်ထဲမှာ စည်းမျဉ်းတစ်ခုကို ငါတွေ့လိုက်တယ်.. မြို့ဝင်ခွင့်စမ်းသပ်မှုရလဒ်မှာ အသက်ရှူကြိမ်တစ်ရာကျော် ရရှိရင် လူတစ်ယောက်ကို နဂါးမျှော်စင်ရဲ့ ပထမထပ်ဆီ အခမဲ့ခေါ်သွားလို့ရတယ်"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။
ဤနေရာတွင် ကျောက်ယာသည် သူ၏ တစ်ဦးတည်းသော မိတ်ဆွေဖြစ်ရာ ဤအခွင့်အရေးကို ကျောက်ယာအား ပေးလိုက်ခြင်းသည် ပိုကောင်းသည် မဟုတ်ပါလော။
"ညီနောင်ကျန်းချန်.. မင်းရဲ့ ကြင်နာမှုကို ငါဆပ်လို့ ကုန်နိုင်တော့မှာ မဟုတ်ဘူး.. ဒီကြင်နာမှုကို ငါအမြဲ မှတ်သားထားပါ့မယ်"
ကျောက်ယာ၏ မျက်နှာထက်တွင် ကျေးဇူးတင်သော အမူအရာများဖြင့် ပြည့်နှက်နေခဲ့သည်။
သူ၏ရင်ထဲတွင်လည်း အလွန်တရာပင် စိတ်လှုပ်ရှားနေခဲ့၏။
ဤတစ်ခေါက် ရွှေနဂါးမြို့တော်ကို လာရာတွင် ထူးချွန်သော ပါရမီရှင် တစ်ယောက်နှင့် အသိအကျွမ်း ဖြစ်ခဲ့ရသည်။
ထိုပါရမီရှင်ကြောင့် သူ့အနေဖြင့် နဂါးမျှော်စင်ကို ဝင်ရောက်ခွင့်ရခဲ့သည့်တိုင် နဝမအဆင့်ကို ကျော်ဖြတ်ပြီး နတ်ဘုရားနယ်မြေသို့ ဝင်ခွင့်ရရန် အရည်အချင်း မပြည့်မီပေ။
သို့သော်လည်း နဂါးမျှော်စင်သည် ရွှေနဂါးမြို့တော်တစ်ခုလုံး၏ ဗဟိုချက် ဖြစ်သည်။
နဂါးမျှော်စင်တွင် ကျင့်ကြံခြင်းသည် အပြင်ဘက်တွင် ကျင့်ကြံခြင်းထက် အဆပေါင်းများစွာ သက်ရောက်မှုရှိမည် ဖြစ်၏။
သူ့အနေဖြင့် နဂါးမျှော်စင်ထဲကို တိုက်ရိုက် ဝင်ရောက်ခွင့်ရပြီး (၁၀) နှစ်ကြာ ကျင့်ကြံလိုက်လျှင် နတ်ဘုရားနယ်မြေကို ထိုးဖောက် ဝင်ရောက်ခွင့်ရမည့် အခွင့်အရေး မရရှိနိုင်ဟု အတပ် မပြောနိုင်ပေ။
ခန်းမအပြင်ဘက်သို့ ထွက်လာပြီးနောက် ကျန်းချန်နှင့် ကျောက်ယာတို့သည် မြို့လယ်ဘက်သို့ လျှောက်လာခဲ့သည်။
မကြာမီမှာပင် ခမ်းနားထည်ဝါသော ပေရာပေါင်းများစွာ မြင့်သည့် မျှော်စင်တစ်ခုဆီသို့ ရောက်ရှိလာခဲ့သည်။
ထိုဧရာမမျှော်စင်သည် နဂါးမျှော်စင် ဖြစ်ပြီး ရွှေနဂါးမြို့ရှိ ကျင့်ကြံသူ အားလုံးအတွက် စမ်းသပ်စစ်ဆေးသည့် နေရာလည်း ဖြစ်၏။
မျှော်စင်၏ ထိပ်ပိုင်းသည် သေးသွယ်ပြီး အောက်ခြေရှိ အထပ်များသည် တဖြည်းဖြည်း ကားထွက်လာသည့် ပုံသဏ္ဌာန်ရှိ၍ မျှော်စင်သည် ကတော့ပုံသဏ္ဌာန်နှင့် ဆင်တူ၏။
ထို့အပြင် မျှော်စင်၏ ထိပ်ပိုင်းသည် မြူနှင်းများ ထူထပ်စွာ ဖုံးလွှမ်းနေသော ရွှေရောင်အလင်းများကြားတွင် ပျောက်ကွယ်နေသဖြင့် လျှို့ဝှက်ဆန်းကြယ်သော ခံစားမှုကိုပင် ဖြစ်ပေါ်စေခဲ့သည်။
နဂါးမျှော်စင်၏ အဝသို့ရောက်လျှင် ကျန်းချန်သည် သူ၏ သက်သေခံတံဆိပ်ပြားအား အစောင့်များအားပြကာ နဂါးမျှော်စင်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။
နဂါးမျှော်စင်၏ ပထမထပ်သို့ ဝင်ရောက်ပြီးနောက်တွင် ကျန်းချန်သည် နဂါးမျှော်စင်၏ အတွင်းပိုင်း ဖွဲ့စည်းပုံက သူထင်ထားသည်ထက်ပင် ပိုမိုရှုပ်ထွေးကြောင်း တွေ့ရှိခဲ့ရသည်။
နဂါးမျှော်စင်သည် အနည်းဆုံး မိုင်ရာချီ ကျယ်ဝန်း၏။
၎င်းက အလွန်စည်ကားပြီး လူသွားလူလာများပြားသည့် မြို့ငယ်လေး တစ်ခုကဲ့သို့ပင်။
ကျန်းချန်တို့သည် အထဲတွင် အဆောက်အအုံများစွာကို တွေ့ရှိခဲ့သည်။
"ဒီနဂါးမျှော်စင်ထဲမှာ လူတွေ ဒီလောက်တောင် များပြားလိမ့်မယ်လို့ မထင်ထားမိဘူး"
ကျန်းချန်က တအံ့တသြ ရေရွတ်လိုက်သည်။
"ဒါက ပုံမှန်ပါပဲ.. စကြာဝဠာထဲမှာ ရှေးဟောင်းနဂါးမျိုးနွယ်စုနဲ့ ပတ်သက်ဆက်နွှယ်တဲ့ အဆင့်နိမ့်ဂြိုဟ်ကလူတွေ အများအပြား ရှိကြတယ်.. သူတို့ထဲကနေ ရွှေနဂါးမြို့တော်ကို ရောက်လာနိုင်တဲ့သူတွေက နဂါးမျှော်စင်ထဲကို ဝင်ရောက်လာခဲ့ကြတယ်.. ဒါကြောင့် ဒီနေရာမှာ လူတွေအများအပြား ရှိနေရတာ သဘာဝပါပဲ"
ကျောက်ယာက ပြုံးရွှင်စွာ ရှင်းပြလိုက်သည်။
နဂါးမျှော်စင်၏ပထမထပ်ကို ခဏမျှ လှည့်လည်ကြည့်ရှုပြီးနောက်တွင် ကျန်းချန်သည် ပထမထပ်ရှိ ကြီးမားသော တိုက်ခိုက်ရေးစင်မြင့် တစ်ခုဆီသို့ ရောက်ရှိလာခဲ့သည်။
ကျန်းချန်က သူ့ရှေ့မှ တိုက်ခိုက်ရေးစင်မြင့်သို့ကြည့်ရင်း မျက်ဝန်းထဲတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။
စာအုပ်ငယ်ထဲမှ မိတ်ဆက်ချက်အရ ဤတိုက်ခိုက်ရေးစင်မြင့်သည် နဂါးမျှော်စင်၏ စမ်းသပ်မှု သော့ချက် ဖြစ်သည်။
နတ်ဘုရားနယ်မြေကို ဝင်ရောက်ခွင့်ရရန်အတွက် တိုက်ခိုက်ရေးစင်မြင့်တွင် အဆက်မပြတ် တိုက်ခိုက်ရမည် ဖြစ်၏။
နဂါးမျှော်စင်၏ ပထမထပ်ကနေ ဒုတိယထပ်ကို သွားရောက်ရန်အတွက် နတ်ခရစ်စတယ်များ ပေးဆောင်ရသည့် အပြင် တခြား အခြေအနေတစ်ခုမှာ တိုက်ပွဲစင်မြင့်ထက်တွင် နှစ်ပွဲဆက် အနိုင်ယူရန် ဖြစ်သည်။
ဒုတိယထပ်ကနေ တတိယထပ်ကို သွားချင်လျှင်မူ သုံးပွဲဆက်တိုက် အနိုင်ယူဖို့ လိုအပ်သည်။
ဆိုရလျှင် နဂါးမျှော်စင်ထဲတွင် အဆင့်တစ်ဆင့်ကို တက်လှမ်းတိုင်း ဆက်တိုက်အနိုင်ရမှုတစ်ကြိမ် ပိုရဖို့ လိုအပ်၏။
နဝမထပ်ရှိ နတ်ဘုရားနယ်မြေဝင်ခွင့်ကို ရရှိဖို့ဆိုလျှင် အဋ္ဌမထပ်တွင် ကိုးကြိမ်ဆက်တိုက် နိုင်ပွဲရယူရမည် ဖြစ်သည်။
အခန်း(၁၁၆၇)ပြီး၏။