အခန်း (၁၁၆၈-၁၁၇၀)
Vol. 78 Ch. 1168-1170
အခန်း(၁၁၆၈)
ထိုအချိန်တွင် ကျန်းချန်သည် တိုက်ပွဲစင်မြင့်၏ ပတ်ဝန်းကျင်တွင် လူငယ်ကျင့်ကြံသူ ထောင်ပေါင်းများစွာကို တွေ့လိုက်ရသည်။
စင်မြင့်ထက်တွင်မူ ရွှေရောင်ပုဆိန်ရှည်ကို ကိုင်ဆောင်ထားသည့် ခန္ဓာကိုယ်ထွားကျိုင်းသော လူငယ်တစ်ဦးသည် ဓားကို ကိုင်ဆွဲထားသည့် ပိန်ပါးပါးလူငယ်တစ်ဦးနှင့် တိုက်ခိုက်နေခဲ့သည်။
ခန္ဓာကိုယ်ပိန်ပါးပါးလူငယ်သည် ခန္ဓာကိုယ်ထွားကျိုင်းသောလူငယ်ထက် သိသိသာသာပင် အားနည်းလွန်းပြီး ထွားကျိုင်းသောလူငယ်၏ တိုက်ခိုက်မှုအောက်တွင် ဆက်တိုက်ဆိုသလို ဆုတ်ခွာနေခဲ့ရသည်။
"ဟားဟား.. အဆင့်နိမ့်ဂြိုဟ်က အမှိုက်ကောင်ကများ ငါ့ကို စိန်ခေါ်ရဲတယ်.. သွားသေလိုက်စမ်း"
ခန္ဓာကိုယ်ထွားကျိုင်းသည့် လူငယ်က လှောင်ရယ်လိုက်ပြီး တရကြမ်း ဖိတိုက်လိုက်ရာ ခန္ဓာကိုယ်ပိန်ပါးပါး လူငယ်သည် ဟန်ချက်ပင် ပျက်သွားခဲ့သည်။
ခန္ဓာကိုယ်ပိန်ပါးပါးလူက သူ၏ ဟန်ချက်ကို ပြန်လည်မထိန်းချုပ်နိုင်သေးခင်မှာပင် ခန္ဓာကိုယ်ထွားကျိုင်းသောလူငယ်၏ ရွှေရောင်ပုဆိန်ရှည်သည် ကန့်လန့်ဖြတ် ဝင်ရောက်လာခဲ့ပြီး ကျောပြင်ကို ခုတ်ပိုင်းချလိုက်သည်။
"ရွှစ်"
ခန္ဓာကိုယ်ပိန်ပါးပါးလူငယ်သည် ရွှေရောင်ပုဆိန်ရှည်၏ လက်ချက်ဖြင့် ခန္ဓာကိုယ်နှစ်ပိုင်း ပြတ်ထွက်သွားခဲ့ပြီး အော်ဟစ်ချိန်ပင် မရဘဲ သေဆုံးသွားခဲ့သည်။
"ဒီလိုပဲ သေသွားတာလား"
ထိုမြင်ကွင်းကို မြင်လျှင် ကျန်းချန်နှင့် ကျောက်ယာတို့သည် မျက်မှောင်ကြုတ်သွားခဲ့ကြသည်။
ဤနဂါးမျှော်စင်၏ စမ်းသပ်မှုများသည် သူတို့ထင်ထားသည်ထက်ပင် များစွာပို၍ ရက်စက်ပုံရ၏။
"ဟားဟား.. ဘယ်သူလာဦးမလဲ.. ဒီနေ့ ဆယ်ကြိမ်ဆက်တိုက် နိုင်ပွဲရယူပစ်မယ်"
ခန္ဓာကိုယ်ထွားကျိုင်းသည့် လူငယ်က ခန္ဓာကိုယ် ပိန်ပိန်ပါးပါး လူငယ်၏ သက်သေခံတံဆိပ်ပြားကို သူ၏ သိုလှောင်အိတ်ထဲ ထည့်လိုက်ပြီးနောက်တွင် မျက်နှာထက်၌ စိတ်ကျေနပ်မှုအပြည့် ဖြစ်နေခဲ့သည်။
သူက ပရိသတ်ဘက်သို့ လှည့်ကာ ဝင့်ကြွားစွာ အော်ဟစ် ပြောဆိုနေခဲ့သည်။
"သူက ဘာလို့ ဆယ်ကြိမ်ဆက်တိုက် နိုင်ပွဲလိုချင်နေတာလဲ.. နှစ်ပွဲလောက် နိုင်ရုံနဲ့ ဒုတိယထပ်ကို သွားလို့ရတယ် မဟုတ်လား"
ကျောက်ယာ၏ မျက်နှာထက်တွင် နားမလည်နိုင်သည့် အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
နဂါးမျှော်စင်၏ တိုက်ခိုက်ရေး စင်မြင့်ထက်တွင် တိုက်ခိုက်ခြင်းသည် သေခြင်းရှင်ခြင်း တိုက်ပွဲ ဆိုသည်မှာ သေချာသလောက် ဖြစ်၏။
တိုက်ပွဲတိုင်းနီးပါးသည် သေဆုံးနိုင်သည့် အလားအလာရှိသည်။
ထို့ကြောင့် လိုအပ်သည့် တိုက်ပွဲနှစ်ပွဲထက် ပို၍ တိုက်ခိုက်နေရသည်အထိ ထိုထွားကျိုင်းသော လူငယ်သည် ဦးနှောက်ပျက်နေပါသလော။
"ဟားဟား.. ဒီနဂါးမျှော်စင်ရဲ့ စမ်းသပ်မှုတွေက မင်းတို့ထင်သလောက် မရိုးရှင်းဘူးကွ.. မင်းတို့နှစ်ယောက်ကို ကြည့်ရတာ နဂါးမျှော်စင်ထဲကို အခုမှ ရောက်လာတဲ့ အသစ်လေးတွေ ဖြစ်ရမယ်.. ဟုတ်တယ်မလား"
ထိုအချိန်မှာပင် သူတို့နံဘေးရှိ ဆံပင်ငွေရောင်နှင့် လူငယ်တစ်ယောက်သည် ကျန်းချန်တို့ ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
ကျောက်ယာက အလျင်အမြန် ပြုံးပြ၍ ပြန်ပြောလိုက်၏။
"ဟုတ်ပါတယ်.. ကျွန်တော်တို့နှစ်ယောက်က အခုမှပဲ နဂါးမျှော်စင်ထဲကို ဝင်လာခဲ့တာပါ.. ကျွန်တော်တို့ နားမလည်လို့ စီနီယာ တစ်ဆိတ်လောက် ရှင်းပြပေးပါဦး"
"တကယ်တော့ ဒါ ဘာလျှို့ဝှက်ချက်မှ မဟုတ်ပါဘူး.. မင်းတို့နှစ်ယောက် စုံစမ်းကြည့်ရင်လည်း သိနိုင်ပါတယ်"
ဆံပင်ငွေရောင်နှင့် လူငယ်က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီးနောက်တွင် ကျန်းချန်တို့ နှစ်ယောက်ကို ရှင်းပြလိုက်သည်။
သူ၏ ရှင်းပြမှုကြောင့် ကျန်းချန်တို့ နှစ်ယောက်စလုံးသည် အလွန်လျင်မြန်စွာပင် အကြောင်းရင်းကို နားလည်သွားခဲ့ကြသည်။
နဂါးမျှော်စင်၏ ပထမထပ်မှ ဒုတိယထပ်ကို သွားရောက်ရန် တိုက်ခိုက်ရေးစင်မြင့်ထက်တွင် နှစ်ကြိမ်ဆက်တိုက် အနိုင်ရရှိရုံသာ လိုအပ်၏။
သို့သော်လည်း နှစ်ကြိမ်ဆက်တိုက် အနိုင်ရရှိရုံအပြင် နတ်ခရစ်စတယ် (၂၀) ကိုပါ ကုန်ကျစရိတ်အဖြစ် ပေးဆောင်ရသည်။
ယေဘုယျအားဖြင့် ပြောရလျှင် ကျင့်ကြံသူအများစုသည် နဂါးမျှော်စင်၏ ပထမထပ်ကို ဝင်ရောက်ပြီးနောက်တွင် နှစ်ကြိမ်ဆက်တိုက် အနိုင်ရရှိခဲ့လျှင်ပင် နတ်ခရစ်စတယ် (၂၀)ကို ပေးဆောင်ရန် လုံးဝ မတတ်နိုင်ခဲ့ကြပေ။
ထို့ကြောင့် ဒုတိယထပ်ကို မတက်နိုင်ဘဲ ပထမထပ်တွင်သာ ဆက်လက် နေထိုင်ခဲ့ရသည်။
၎င်းတို့အတွက် နတ်ခရစ်စတယ် အမြန်ဆုံး ရရှိရန် နည်းလမ်းမှာ တိုက်ခိုက်ရေး စင်မြင့်ထက်တွင် တိုက်ခိုက်ခြင်းသာ ဖြစ်၏။
စင်မြင့်ထက်တွင် ပြိုင်ဘက်ကို သတ်ဖြတ်ခြင်းသည် ပြိုင်ဘက်၏ ပိုင်ဆိုင်မှုအားလုံးကို မိမိ၏ သိုလှောင်အိတ်ထဲသို့ ရောက်ရှိလာစေမည် မဟုတ်ပါလား။
ထို့အပြင် တိုက်ပွဲစင်မြင့်ပေါ်တွင် ဆက်တိုက်အနိုင်ရရှိလျှင် သီးသန့် ဆုလာဘ်များလည်း ရှိသည်။
ဆက်တိုက်အနိုင်ရရှိသည့် အကြိမ်ရေ တစ်ကြိမ် ပိုလေလေ ဆုလာဘ်အဖြစ် နတ်ခရစ်စတယ်ကို ပို၍ ရရှိလေလေဖြစ်သည်။
ထို့အပြင် (၁၀)ကြိမ် ဆက်တိုက် အနိုင်ရရှိလျှင် ထိုအထပ်၏ စစ်ဘုရင်ဘွဲ့ကို ရရှိမည်ဖြစ်ပြီး နောက်တစ်ထပ်သို့ အခမဲ့ဝင်ရောက်နိုင်သည့် စည်းမျဉ်းလည်း ရှိသည်။
ထိုစည်းမျဉ်းများကြောင့်ပင် တိုက်ပွဲစင်မြင့်သည် အလွန်ပင် ရက်စက်ကြမ်းကြုတ်သော်လည်း လူကြိုက်အများဆုံး နေရာ ဖြစ်နေခြင်းပင်။
တိုက်ပွဲစင်မြင့်သည် နဂါးမျှော်စင်မှ ကျင့်ကြံသူများ အားလုံးအတွက် နတ်ဘုရားနယ်မြေ ဝင်ခွင့်ကို ရရှိရန် တစ်ခုတည်းသော အခွင့်အရေးလည်း ဖြစ်၏။
"ဒါဆို စင်မြင့်ပေါ်မှာရှိတဲ့သူက (၁၀) ကြိမ်ဆက်တိုက် အနိုင်ရဖို့ ရည်ရွယ်ထားတာပေါ့"
ကျောက်ယာက အားကျသော လေသံဖြင့် ပြောလိုက်သည်။
တိုက်ပွဲစင်မြင့်ထက်ရှိလူသည် (၉) ကြိမ်ဆက်တိုက် အနိုင်ရခဲ့ပြီးသား ဖြစ်ပုံရသည်။
ယင်းက နောက်ထပ် တစ်ပွဲကို အနိုင်ရရှိသည်နှင့် ပထမထပ်၏ စစ်ဘုရင်ဘွဲ့ကို ရရှိမည်ဖြစ်ပြီး နဂါးမျှော်စင်၏ ဒုတိယထပ်သို့ အခမဲ့ဝင်ရောက်ခွင့်ကို ရရှိနိုင်မည်ဟု ဆိုလိုနေသည် မဟုတ်ပါလော။
အခန်း(၁၁၆၈)ပြီး၏။
အခန်း(၁၁၆၉)
ကျောက်ယာက (၉) ကြိမ်ဆက်တိုက် အနိုင်ယူခဲ့သော သန်မာထွားကျိုင်းသည့်လူငယ်ကို ကြည့်ကာ စိတ်ထဲတွင် အတော်လေး အားကျနေခဲ့သည်။
ထိုလူက နောက်တစ်ပွဲကို အနိုင်ရရှိသည်နှင့် ဒုတိယထပ်ကို အခမဲ့ဝင်ရောက်နိုင်မည် ဖြစ်ပြီး နတ်ခရစ်စတယ် (၂၀) ကို ချွေတာနိုင်မည် ဖြစ်သည်။
သူ့အနေဖြင့် နဂါးမျှော်စင်၏ ပထမထပ်သို့ ဝင်ရောက်နိုင်ခြင်းသည် ကျန်းချန်၏ကျေးဇူးကြောင့်သာ ဖြစ်သည်။
ထို့ကြောင့် ဒုတိယထပ်သို့ ဝင်ရောက်ရန် နတ်ခရစ်စတယ် (၂၀)ရရှိနေလျှင်ပင် ဤပထမအဆင့်ကို ကျော်ဖြတ်ရန်မှာ သူ့အတွက် မလွယ်ကူနိုင်ပေ။
"အမှန်ပဲ.. (၁၀)ကြိမ်ဆက်တိုက် အနိုင်ရတာနဲ့ နောက်တစ်ဆင့်ကို အခမဲ့ဝင်ရောက်နိုင်မယ့်အပြင် အထူးဆုလာဘ်တွေလည်း ရရှိလိမ့်မယ်"
ငွေရောင်ဝတ်ရုံဝတ် လူငယ်က ခေါင်းညိတ်၍ ပြောလိုက်သည်။
ထို့နောက် သူက စင်မြင့်ပေါ်ရှိ သန်မာထွားကျိုင်းသော လူငယ်ကို ကြည့်ကာ အလေးအနက် ပြောလိုက်၏။
"ဒါပေမဲ့ တိုက်ခိုက်ရေးစင်မြင့်ပေါ်မှာ (၁၀)ပွဲ ဆက်တိုက် အနိုင်ရရှိဖို့ကတော့ မလွယ်ပါဘူး.. နောက်တစ်ပွဲကျရင် ဒီကောင် အခက်တွေ့လိမ့်မယ်လို့ ငါထင်တယ်"
ထိုစကားကို ကြားလျှင် ကျန်းချန်၏ မျက်လုံးထဲ၌ အံ့အားသင့်သော အမူအရာတစ်ခု ပေါ်လာခဲ့သည်။
"စီနီယာပြောလိုက်တဲ့ စကားကို နားမလည်လို့ ကျွန်တော့်ကို အသေအချာ ရှင်းပြလို့ရမလား"
"ဒီလိုပါ.. စစ်မြေပြင်မှာ ဆက်တိုက် အနိုင်ရတဲ့ ဆုလာဘ်တွေ ရှိသလို ဆက်တိုက် အနိုင်ရမှုကို ချိုးဖျက်တဲ့ ဆုလာဘ်တွေလည်း ရှိတယ်.. ဥပမာကွာ ဒီလူက ၉ကြိမ်ဆက်တိုက် အနိုင်ရရှိခဲ့ပြီးပြီ.. သူ့ရဲ့ ၉ကြိမ်ဆက်တိုက် အနိုင်ရရှိမှုကို ချိုးဖျက်နိုင်ရင် ၉ကြိမ် ဆက်တိုက် အနိုင်ရရှိမှုလိုပဲ ဆုလာဘ်ကို ရရှိနိုင်တယ်"
ငွေရောင်ဝတ်ရုံဝတ် လူငယ်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
"၉ကြိမ် ဆက်တိုက် အနိုင်ရရှိဖို့က လွယ်တယ်လို့ ထင်လား.. ဒါမှမဟုတ် ၉ကြိမ် ဆက်တိုက် အနိုင်ရရှိတာကို ချိုးဖျက်ဖို့ကို လွယ်တယ်လို့ ထင်လား"
ကျန်းချန်က စိတ်ထဲကနေ တုန်လှုပ်သွားခဲ့သည်။
၉ကြိမ်ဆက်တိုက် အနိုင်ရရှိရန်အတွက် ၉ကြိမ်ဆက်တိုက် ပြင်းထန်သော တိုက်ပွဲများကို ဆင်နွှဲရမည် ဖြစ်သည်။
၉ကြိမ်ဆက်တိုက် အနိုင်ရရှိမှုကို ချိုးဖျက်ရန်မှာမူ ပြိုင်ဘက်ကို အနိုင်ယူလိုက်ရုံဖြင့် ၉ကြိမ်ဆက်တိုက် အနိုင်ရရှိမှု၏ ဆုလာဘ်ကို ရရှိနိုင်မည် မဟုတ်ပါလော။
သို့ဖြစ်ရာ ၉ကြိမ်ဆက်တိုက် အနိုင်ရမှုကို ချိုးဖျက်ရန် စိတ်ဝင်စားကြမည်မှာ သေချာသလောက် ဖြစ်၏။
"၁၀ကြိမ်ဆက်တိုက် အနိုင်ရရှိရင် စစ်ဘုရင်ဖြစ်လာမယ့်အပြင် အထူးအခွင့်အရေးတွေကိုပါ ရရှိတယ်.. ဒါကြောင့် စစ်ဘုရင်အသစ် ပေါ်လာရင် ပထမထပ်က စစ်ဘုရင်တွေရဲ့ အကျိုးစီးပွားကို အနည်းနဲ့အများ ထိခိုက်စေလိမ့်မယ်"
ငွေရောင်ဝတ်ရုံဝတ် လူငယ်က စိတ်ပါလက်ပါ ရှင်းပြလိုက်သည်။
"ဒါကြောင့် နိုင်ပွဲဆက် အနိုင်ရရှိတဲ့သူတွေက စစ်ဘုရင်တစ်ပါးပါးနဲ့ ရင်ဆိုင်ရဖို့ ဖြစ်နိုင်ခြေများတယ်"
"စစ်ဘုရင်နဲ့ ရင်ဆိုင်ရမှာလား.. စစ်ဘုရင်တွေက ဒုတိယထပ်ကို မသွားဘဲ ပထမထပ်မှာ ဘာလို့ရှိနေရတာလဲ"
ကျန်းချန်က အံ့သြသော အမူအရာဖြင့် မေးလိုက်သည်။
ပထမထပ်တွင် ၁၀ ကြိမ်ဆက်တိုက် အနိုင်ရရှိသူသည် စစ်ဘုရင်အဖြစ် သတ်မှတ်ခံရမည် ဖြစ်သည်။
ထိုသို့သော ပုဂ္ဂိုလ်သည် အစွမ်းထက်သည့်အပြင် နဂါးမျှော်စင်၏ ဒုတိယထပ်သို့ အခမဲ့ဝင်ရောက်နိုင်ခွင့်ကိုပါ ရရှိနေခဲ့ပြီ ဖြစ်သည်။
သို့ဆိုလျှင် သူတို့သည် အဘယ်ကြောင့် ပထမထပ်တွင် ရှိနေကြပါသနည်း။
"ဘာလို့လဲဆိုတော့ ဒုတိယထပ်က ကျင့်ကြံသူတွေရဲ့ ခွန်အားက ပထမထပ်က ကျင့်ကြံသူတွေထက်ပိုပြီး သန်မာလို့ပဲ.. ပထမထပ်မှာ စစ်ဘုရင် ဖြစ်နေရင်တောင် ဒုတိယထပ်က လူတွေကို ယှဉ်နိုင်ဖို့ မလွယ်ဘူး.. သူတို့အနေနဲ့ ပထမထပ်မှာ ဆက်လက် ရှိနေတာက နတ်ခရစ်စတယ်တွေကို ပိုပြီး မြန်မြန်ဆန်ဆန် ရှာဖွေနိုင်လို့ပဲ.. စစ်ဘုရင်အများစုက ပထမထပ်မှာ ခဏလောက် နေပြီး နတ်ခရစ်စတယ်တွေကို ရှာဖွေပြီးမှပဲ ဒုတိယထပ်ကို ဝင်ရောက်ဖို့ ရွေးချယ်ကြလေ့ ရှိတယ်"
ကျန်းချန်က နားလည်သဘောပေါက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
၁၀ကြိမ် ဆက်တိုက် အနိုင်ရပြီး စစ်ဘုရင် ဖြစ်လာသူများသည် ထိပ်တန်းပါရမီရှင်များ မဟုတ်သည်မှာ သေချာလုနီးပါး ဖြစ်၏။
သို့မဟုတ်လျှင် သူတို့သည် ဒုတိယထပ်မှ ကျင့်ကြံသူများကို ကြောက်ရွံ့နေစရာ မလိုအပ်ပေ။
သူတို့နေရာတွင် သူသာ ဆိုလျှင်လည်း နတ်ခရစ်စတယ်များကို ရှာဖွေပြီး သူ၏ ကျင့်ကြံခြင်းအဆင့်ကို တိုးတက်အောင် လုပ်ပြီးမှသာ ဒုတိယထပ်ကို ဝင်ရောက်မည် ဖြစ်သည်။
"ဝူခိုင်.. မင်း ၁၀ကြိမ် ဆက်တိုက် အနိုင်ရချင်ရင် ငါဟန်လီ သဘောတူမတူ အရင်မေးရမယ်"
ကျန်းချန်တို့ စကားပြောနေစဉ်မှာပင် ကြုံးဝါးသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် သန်မာထွားကျိုင်းသော လူငယ်ရှေ့သို့ အနက်ရောင်အရိပ် တစ်ခုသည် ကျရောက်လာခဲ့သည်။
ဝူခိုင်ဟု အမည်ရသည့် ထွားကျိုင်းသော လူငယ်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့၏။
"ဟန်လီ.. မင်းက ငါ ၁၀ပွဲဆက်တိုက် အနိုင်ရရှိတာကို တားဆီးမလို့လား"
"မင်း ၁၀ပွဲဆက်တိုက် အနိုင်ရချင်မှတော့ ငါတို့လို စစ်ဘုရင်နဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်ထားသင့်တယ်"
ဟန်လီဟု အမည်ရသည့် အနက်ရောင် ဝတ်စုံဝတ်လူငယ်က ညင်သာစွာ ပြုံး၍ ပြောလိုက်သည်။
"ကောင်းပြီလေ.. ဒီလိုဆိုမှတော့ မင်းလို ပထမထပ်ရဲ့ စစ်ဘုရင်ကို ငါသင်ခန်းစာပေးရမှာပေါ့"
ဝူခိုင်က အေးစက်စက်ပြုံး၍ ပြောလိုက်သည်။
ထို့နောက်တွင် သူ၏လက်ထဲမှ ရွှေရောင်ပုဆိန်ရှည်ကို ဝှေ့ယမ်းလိုက်ရာ ရှေးဟောင်း မွန်းစတားတစ်ကောင် ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်တစ်ခုသည် သူ၏ ခန္ဓာကိုယ်ကနေ ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့သည်။
အခန်း(၁၁၆၉)ပြီး၏။
အခန်း(၁၁၇၀)
"လခွမ်း.. အခုတက်သွားတာက စစ်ဘုရင် ဟန်လီဟ"
"၉ကြိမ်ဆက်တိုက် အနိုင်ရပြီးရင် ပထမထပ်က စစ်ဘုရင်တစ်ပါးနဲ့ ရင်ဆိုင်ရမယ် ဆိုတဲ့ ကောလဟာလတွေက မှန်နေတာပဲ"
"ကျွတ်ကျွတ်.. ဝူခိုင်တော့ ရှုံးတော့မယ်ထင်တယ်"
တိုက်ပွဲစင်မြင့်၏ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် မဆွေးနွေးဘဲ မနေနိုင်ကြတော့ပေ။
ထိုအချိန်တွင် ငွေရောင်ဝတ်ရုံဝတ် လူငယ်၏ မျက်လုံးများသည် အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။
"ဒီအနက်ရောင် ဝတ်ရုံဝတ်လူငယ်က နဂါးမျှော်စင် ပထမထပ်မှာရှိတဲ့ စစ်ဘုရင်သုံးပါးထဲက တစ်ပါးပဲ.. သူ့ရဲ့ခွန်အားက အရမ်းကို နက်ရှိုင်းတယ်"
ကျန်းချန်က တိုက်ပွဲစင်မြင့်ပေါ်ရှိ လူနှစ်ယောက်ကို တိတ်တဆိတ် အကဲခတ်နေခဲ့သည်။
စစ်မြေပြင်တွင် ထိုနှစ်ယောက် ထုတ်လွှတ်နေသည့် စွမ်းအင်များအရ ထိုနှစ်ယောက်လုံး၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဝိညာဉ်ဘုရင် တတိယအဆင့်တွင် ရှိသည်။
ကျင့်ကြံခြင်း တစ်ခုတည်းကို ပြောရလျှင် ထိုနှစ်ယောက်ကြား၌ ကွာဟချက်မကြီးမားပေ။
သို့သော်လည်း စကြာဝဠာ အနှံ့အပြားရှိ ထိပ်တန်း ပါရမီရှင်များ အတွက်မူ ၎င်းတို့၏ တိုက်ပွဲဝင်စွမ်းရည်ကို ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်နှင့် တိုင်းတာ၍ မရပေ။
ကျန်းချန်သည် ဝူခိုင်ဟု ခေါ်သည့် ထွားကျိုင်းသောလူငယ်က စစ်ဘုရင်ဟန်လီထက် အနည်းငယ် နိမ့်ကျနေသည်ကို သူ၏ ပင်ကိုသိစိတ်အရ သိနေခဲ့သည်။
ထိုအချိန်တွင် ဝူခိုင်သည် သူ၏ကြီးမားသော ရွှေရောင်ပုဆိန်ကို မြှောက်ကာ စစ်ဘုရင်ဟန်လီကို ခုတ်ပိုင်းချလိုက်သည်။
ပုဆိန်၏ စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းသော ရှေးဟောင်း သားရဲကြီးတစ်ကောင် ကဲ့သို့ ဟန်လီဆီသို့ ဦးတည်သွားခဲ့သည်။
ထိုအချိန်တွင် ဟန်လီ၏ မျက်နှာအမူအရာသည် အေးစက်နေခဲ့ပြီး သူ၏ လက်ထဲတွင် နက်မှောင်သော လှံတစ်ချောင်းသည် ရုတ်ခြည်းဆိုသလို ပေါ်လာခဲ့၏။
"ပုရွက်ဆိတ်လေးကများ ငါ့ကို အန်တုရဲတယ်.. သေစမ်း"
ဟန်လီက သူ၏လှံကို ဝှေ့ယမ်းလိုက်ရာ လှံဆန္ဒသည် ချက်ချင်းဆိုသလို အနက်ရောင်နဂါးကြီးအဖြစ် ပြောင်းလဲသွားခဲ့ပြီး ဝူခိုင်ဆီသို့ ပျံသန်းသွားခဲ့သည်။
ထိုအနက်ရောင်နဂါးကြီးသည် သူ၏ ကြောက်မက်ဖွယ်ကောင်းသော ပါးစပ်ကို ဟလိုက်ပြီး ဝူခိုင်၏ ပုဆိန်ကနေ ထုတ်လွှတ်လိုက်သည့် အသက်စွမ်းအင်များကို အလွယ်တကူပင် ဝါးမျိုချလိုက်သည်။
သူ၏ အစွမ်းကုန်တိုက်ခိုက်မှုကို ဟန်လီက အလွယ်တကူပင် ချိုးဖျက်လိုက်သည်ကို မြင်လျှင် ထွားကျိုင်းသော လူငယ်၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
သူက တုံ့ပြန်ရန် ပြင်လိုက်စဉ်မှာပင် ဟန်လီ၏ပုံရိပ်သည် သူ၏ ခေါင်းအထက်တွင် တစ္ဆေကဲ့သို့ ရိပ်ခနဲ ပေါ်လာခဲ့ပြီး ဟန်လီ၏ လက်ထဲမှ နက်မှောင်သောလှံသည် လေထုကို ထိုးဖောက်ကာ သူ၏ ဦးခေါင်းဆီသို့ ရောက်ရှိလာခဲ့သည်။
ဝူခိုင်၏ မျက်လုံးများသည် သွေးရောင်ကဲ့သို့ နီရဲသွားခဲ့သည်။
သူက သေခြင်းတရား၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရသောအချိန်တွင် သူ၏စွမ်းအားများကို အစွမ်းကုန် ဖော်ထုတ်လိုက်ပြီး ရွှေရောင်ပုဆိန်ရှည်ကို မြှောက်ကာ ဟန်လီ၏လှံချက်ကို ပိတ်ဆို့လိုက်သည်။
"ဖောက်.."
ကြည်လင်သော အသံတစ်သံက ထွက်ပေါ်လာခဲ့သည်။
ဟန်လီ၏နက်မှောင်သောလှံက ရွှေရောင်ပုဆိန်ရှည်ကို ရုတ်တရက် ထိုးဖောက်သွားခဲ့ပြီး ဝူခိုင်၏ခေါင်းကို ဆက်လက်ထိုးဖောက်လိုက်သည်။
ထိုခဏမှာပင် ဝူခိုင်၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး မျက်လုံးများ ပြူးကျယ်ကာ သူငယ်အိမ်ထဲတွင် သွေးကြောများ ရှုပ်ထွေးလာခဲ့သည်။
အဆုံးသတ်တွင် ဝူခိုင်သည် ဟန်လီကို မယုံကြည်နိုင်စွာ ကြည့်ကာ နေရာမှာပင် အသက်ထွက်သွားခဲ့၏။
တိုက်ပွဲစင်မြင့်ထက်မှ အခြေအနေကြောင့် ပတ်ဝန်းကျင်ရှိ လူပေါင်းများစွာသည် အသက်ရှုရပ်မတတ်ပင် ဖြစ်သွားခဲ့ကြသည်။
"၉ပွဲဆက်တိုက် အနိုင်ရရှိခဲ့တဲ့ ဝူခိုင်ကို ဟန်လီက အလွယ်တကူ သတ်ပစ်လိုက်တယ်လား.. ပထမထပ်မှာ ရှိတဲ့ စစ်ဘုရင် သုံးပါးထဲက တစ်ပါးဖြစ်တဲ့ ဟန်လီက တကယ်ကို ကျော်ကြားမှုနဲ့ ထိုက်တန်တာပဲ.. ကွာဟချက်က အရမ်းကို ကြီးမားလွန်းတယ်"
ကျန်းချန်က ခေါင်းခါရမ်းလိုက်သည်။
ဝူခိုင်တွင် နတ်ဝိညာဉ်ဘုရင် တတိယအဆင့်ခွန်အား ရှိသော်လည်း သူ အဓိကထားသည်မှာ အားနည်းခြင်း သိပ်မရှိသည့် သွေးစွမ်းအား ဖြစ်သည်။
သို့သော်လည်း စစ်ဘုရင်ဟန်လီသည် လှံဆန္ဒနှင့် လေဆန္ဒတွင် တတိယအဆင့်ထိ ရောက်ရှိနေပြီ ဖြစ်ရာ ဝူခိုင်က မည်ကဲ့သို့ ယှဉ်နိုင်ပါအံ့နည်း။
"ဒီက စီနီယာ.. စစ်ဘုရင်ဟန်လီကို ကျွန်တော် အနိုင်ယူလိုက်ရင် စစ်ဘုရင်ရာထူးကို တိုက်ရိုက် ရရှိနိုင်မလား"
တိုက်ပွဲစင်မြင့်ထက်ရှိ ဟန်လီကို ကြည့်ရင်း ကျန်းချန်က ခဏမျှ စဉ်းစားလိုက်ပြီးမှ နံဘေးရှိ ငွေရောင်ဝတ်ရုံဝတ် လူငယ်ကို မေးလိုက်သည်။
"မင်းက တော်တော်လေး စဉ်းစားတတ်တာပဲ.. ဒါပေမဲ့ မဖြစ်နိုင်ဘူး.. ဘာလို့လဲဆိုတော့ ၉ကြိမ်ဆက်တိုက် အနိုင်ရရှိသူတွေကသာ စစ်ဘုရင်ကို စိန်ခေါ်ဖို့ အရည်အချင်း ပြည့်မီလို့ပဲ"
ငွေရောင်ဝတ်ရုံဝတ် လူငယ်က ခေါင်းခါရမ်း၍ ပြောလိုက်သည်။
"အဲဒီလိုလား"
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး တိုက်ပွဲစင်မြင့်ရှိရာ ဆီသို့ လျှောက်သွားခဲ့သည်။
သူ၏ ခွန်အားဖြင့်ဆိုလျှင် နဂါးမျှော်စင်၏ ပထမထပ်တွင် မည်သူမှ သူ့ကို ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။
သူ့အနေဖြင့် ပထမထပ်ကို အလျင်မြန်ဆုံး ကျော်ဖြတ်ပြီး နဂါးမျှော်စင်၏ အတွေ့အကြုံကောင်းများကို ရယူရန် ဆုံးဖြတ်ချက်ချထားခဲ့သည်။
"ညီနောင်ကျန်းချန်.. မင်း.. မင်း တိုက်ပွဲစင်မြင့်ပေါ်ကို တက်မလို့လား"
ကျန်းချန်၏ ခြေလှမ်းက စင်မြင့်ဆီသို့ ဦးတည်နေသည်ကို မြင်လျှင် ကျောက်ယာ၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
ကျန်းချန်က ညင်သာစွာ ပြုံး၍ ပြန်ဖြေလိုက်၏။
"ဟုတ်တယ် ညီနောင်ကျောက်ယာ.. ငါစင်ပေါ်တက်ပြီး နည်းနည်းပါးပါး ကစားကြည့်လိုက်ဦးမယ်"
အခန်း(၁၁၇၀)ပြီး၏။