← Chapters

အခန်း (၂၁၂၆-၂၁၃၀)

Vol. 86 Ch. 2126-2130

အခန်း (၂၁၂၆-၂၁၃၀)

Vol. 86 Ch. 2126-2130

အပိုင်း (၂၁၂၆)

ဝမ်ကျိရှန်းက ပြောလိုက်လေ၏။ “အကြီးအကဲကောင်း… ဒါကလေ… ယောက်ကျားလေးတွေကနေ မိန်းကလေးတွေကို ဇာတ်လမ်း စချင်တဲ့နေရာမှာ သုံးတဲ့ စကားလေ… ဘယ်လိုလုပ်ပြီး ခင်ဗျားက အဲ့တာမျိုးကြီး ပြောနေရတာလဲ... ဒီစကားကို ညီငယ်လေးက ပြောရင် နည်းနည်း ကြားကောင်းသေးတယ်…အခုဟာကြီးက ကြည့်ရတာ သိပ်တော့ မဟုတ်သလိုပဲနော်…”

“ရှင့်ပါးစပ်ကို ပိတ်ထားစမ်း…” ကောင်းရွှယ်ထင်းက ထအော်လေသည်။

ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင် မင်သက်သွားခဲ့လေ၏။ ချင်းကျောင်းရန်သည်လည်း ပါးစပ်အဟောင်းသားဖြင့် ကောင်းရွှယ်ထင်းအား လှမ်းကြည့်လိုက်လေသည်။

ကောင်းရွှယ်ထင်းသည် ဧကရာဇ် ပထမအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်။ ထို့ကြောင့် ရာထူးအဆင့်အတန်း အရ သူမသည် အကြီးအကဲတစ်ဦးသာ ဖြစ်ပေလိမ့်မည်။

သို့သော်ကြား ပလ္လင်ပေါ်တွင် ထိုင်နေသည့်သူမှာ အခြားမဟုတ်။ နေမင်းပြာကျောင်းတော်၏ ကျောင်းသခင်ဖြစ်သော ဝမ်ကျိရှန်း ဖြစ်ပေသည်။

သူမကဲ့သို့သော အကြီးအကဲတစ်ဦးသည် ကျောင်းသခင်အား ပါးစပ်ပိတ်ထားရန် မည်ကဲ့သို့များ အော်ပြောရဲသည်နည်း။ ဤသည်မှာ ပုန်ကန်ခြင်းပင် ဖြစ်လေသည်။

သို့သော်ငြား သူမပြောသည့်စကားအတိုင်း ဝမ်ကျိရှန်းမှာ လုံးဝ ပါးစပ်ပိတ်သွားသည်ကို မြင်သော် ရန်ကိုင်နှင့် ချင်းကျောင်းရန်တို့ နှစ်ဦးစလုံး ပို၍ အံ့အားသင့်သွား ခဲ့ရလေ၏။

စိတ်ထဲ မယုံသင်္ကာ ဖြစ်သဖြင့် လှည့်ပတ်ကြည့်လိုက်ရာ အခြားသော အကြီးအကဲ အားလုံးသည်လည်း ထိုအဖြစ်အပျက်နှင့် ပတ်သက်၍ နည်းနည်းလေးမှ အံ့ဩဟန် မပြကြောင်း တွေ့ရှိလိုက်ရလေသည်။

သူတို့အကြည့်ထဲ ကောင်းရွှယ်ထင်းအား အပြစ်တင်လိုသည့် အရိပ်အယောင် တစ်စွန်းတစ်စကိုပင် မတွေ့ရလေပဲ ဝမ်ကျိရှန်းကိုသာ အထင်အမြင်တသေးဖြင့် ပြန်ကြည့်နေသော အကြည့်တစ်ချို့ကိုပင် တွေ့လိုက်ရလေသည်။

ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင် လုံးဝကို နားမလည်နိုင် ဖြစ်သွားခဲ့ရလေ၏။ ထို့နောက် သူ့စိတ်ထဲ တစ်ခုခုကို ချက်ချင်း စဉ်းစားမိသွား ခဲ့လေသည်။

(ဒါဆိုရင် ဒီပလ္လင်ပေါ်မှာ ထိုင်နေတဲ့သူက ဝမ်ကျိရှန်း အတုများ ဖြစ်နေမလား… မဟုတ်ရင် အကြီးအကဲတစ်ဦး ပါးစပ်ပိတ်လို့ ပြောလိုက်ရုံနဲ့ သူဘာလို့ ချက်ချင်း ပါးစပ်ပိတ်သွား ရတာလဲ… ဟုတ်တယ်ဆိုပေမဲ့… သေချာစဉ်းစားကြည့် ပြန်တော့လဲ မဟုတ်ပြန်ဘူး)

သေသေချာချာ ပြန်စဉ်းစား ကြည့်လိုက်သည့်နောက် အစောပိုင်းက ဝမ်ကျိရှန်း သူ့လက်အား ဝှေ့ယမ်းလိုက်သည့်အခါ သူ့ဆီမှ ဖြာထွက်လာသော အရှိန်အဝါသည် ဧကရာဇ် တတိယအဆင့် အရှိန်အဝါဖြစ်ကြောင်းကို ရန်ကိုင် သေသေချာချာ အာရုံခံစား မိလိုက်ပေသည်။

နေမင်းပြာကျောင်းတော်တွင် ဧကရာဇ်တတိယအဆင့် ပညာရှင် တစ်ဦးသာ ရှိသည်။ ထို့ကြောင့် ပလ္လင်ပေါ်တွင် ထိုင်နေသော သူသည် နေမင်းပြာကျောင်းတော်၏ ကျောင်းသခင် ဝမ်ကျိရှန်းမှလွဲ၍ အခြား မဖြစ်နိုင်ပေ။

ဤထူးဆန်းလှသော နေမင်းပြာကျောင်းတော် အကြီးပိုင်းများ၏ ဆက်ဆံရေးနှင့် ပတ်သက်၍ ရန်ကိုင် အလွန်ကိုမှ နားမလည်နိုင် ဖြစ်သွားခဲ့ရလေ၏။

“ငါမေးထားတဲ့ မေးခွန်းကို နင်ခုထိ ပြန်မဖြေရ သေးဘူးနော်… ငါနင့်ကို အရင်တုန်းက မြင်ဖူးလား” ကောင်းရွှယ်ထင်းသည် ရန်ကိုင့်ဘက်သို့ ပြန်လှည့်လာပြီး မေးလိုက်လေသည်။

ရန်ကိုင်က ပြန်၍ ပြောလိုက်လေ၏။ “ကျုပ်က မေပယ်မြို့တော်က လာတာပါ အကြီးအကဲကောင်း… အကြီးအကဲကောင်းနဲ့ လူကြီးမင်း ရှောင်ယုယန်တို့ ကျုပ်တို့ မေပယ်မြို့ဆီ တစ်ခါတုန်းက လာပြီး ငါးရောင်ခြယ်ရတနာဘုရားကို တစ်ခါလာဖွင့်သွားဖူးပါတယ်။ အဲ့တုန်းက ကျုပ်လည်း ငါးထောင့်ကြယ် ရတနာဘုရားထဲ ဝင်သွားခဲ့တာမို့ အကြီးအကဲကောင်း ကျုပ်ကို အဲ့တုန်းက တွေ့ဖူးခဲ့တာ ဖြစ်လောက်မှာပါ”

“ငါသိပြီ…” ကောင်းရွှယ်ထင်းက ခေါင်းတညိတ်ညိတ်ဖြင့် ပြန်ပြောလိုက်လေသည်။ ထို့နောက် ရန်ကိုင့်အား ဆက်၍ အာရုံစိုက် မနေတော့ပေ။

ထိုအခါမှပဲ ရန်ကိုင်လည်း စိတ်သက်သာရာ ရသွားလေတော့၏။ ကောင်းရွှယ်ထင်းသည်သာ ရန်ကိုင်သည် သူမရှေ့၌ တိုက်ခိုက်ခဲ့သော နတ်ဆိုးဖြစ်မှန်း သိသွားမည်ဆိုပါက ရန်ကိုင် လုံးဝကို ဒုက္ခရောက်ပေမည်။

ခန်းမထဲတွင် ရှိနေသော လူအုပ်ကြီးတစ်ခုလုံး ငြိမ်သက်စွာ စောင့်နေစဉ် ချန်းချန်၏ ဆက်သွယ်ရေး မှော်ရတနာမှ အကြောင်းပြန်စာ ရောက်လာခဲ့လေသည်။

ပို့လာသည့် သတင်းကို ကြားပြီးသည့်နောက်တွင် ချန်းချန်က ခေါင်းတခါခါဖြင့် ဝမ်ကျိရှန်းကို ကြည့်၍ ပြောလိုက်လေ၏။

“ကျောင်းသခင်… ဂိုထောင်ထဲမှာ ကပ်ဘေးအသီး မရှိဘူးတဲ့”

“စိတ်ပျက်စရာပဲ…” ဝမ်ကျိရှန်းက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

ချင်းကျောင်းရန်သည်လည်း အနည်းငယ် စိတ်ပျက်သွားခဲ့ လေသည်။ ကပ်ဘေးအသီးသာ အဆင်သင့် ရှိနေလျှင် အကောင်းဆုံးပင် ဖြစ်ပေသည်။ ထိုသို့သာဖြစ်လျှင် ရန်ကိုင့်အနေဖြင့် ဥတုလေးမျိုးနယ်မြေ ထဲသို့ သွားရောက်ပြီး စွန့်စားစရာ မလိုတော့ပေ။

ကပ်ဘေးအသီး မရှိတော့သည့် အတွက်ကြောင့် ဧကရာဇ်အဆင့် ပညာရှင်များ နောက် ဘာဆက်လုပ်မလဲဆိုသည်နှင့် ပတ်သက်၍ ပြောရခက်သွားလေ၏။

“မရှိဘူး ဆိုမှတော့လည်း…” ဝမ်ကျိရှန်းက ပြောလိုက်လေ၏။ “မင်းတို့ဘာသာ မင်းတို့ အထဲ ဝင်ပြီးတော့ပဲ သွားရှာကြ ပေတော့ပေါ့ကွာ… ဒါပေမဲ့ နောက်ဖြစ်လာတဲ့ ကိစ္စတွေက ငါတို့နဲ့ ဘာမှမဆိုင်တော့ဘူးနော်”

ထိုစကားကို ကြားပြီးသည့်နောက် ချင်းကျောင်းရန် ဝမ်းသာသွားခဲ့လေသည်။

ကောင်းရွှယ်ထင်း မျက်မှောင်ကျုံ့သွားခဲ့လေ၏။ သူမစိတ်ထဲ တစ်ခုခုအား ဝင်ပြောချင်နေသော်ငြား ဝမ်ကျိရှန်းမှာ ပြောပြီးသွားပြီ ဖြစ်သဖြင့် ပါးစပ်သာ ပိတ်နေလိုက်တော့လေသည်။

“ကျေးဇူး အများကြီးတင်ပါတယ် ကျောင်းသခင်ဝမ်” ချင်းကျောင်းရန်က ဦးညွှတ်၍ “ဒါပေမဲ့… ဒီချင်း နောက်ထပ် တောင်းဆိုစရာတစ်ခု ရှိပါသေးတယ်”

ဝမ်ကျိရှန်းက ယဲ့ယဲ့လေးပြုံးလျက် “အရမ်း အလွန်အကျူးကြီး မဟုတ်ရင်တော့ ပြောကြည့်ပေါ့… ငါနားထောင်ကြည့်မယ်”

ချင်းကျောင်းရန်က ပြန်ပြောလိုက်သည်။ “ကျောင်းသခင်ဝမ်… ကျေးဇူးပြုပြီး ကျုပ် ဥတုလေးမျိုးနယ်မြေထဲကို ဝင်ခွင့်ရမဲ့ နေရာကို ရောင်းရင်းရန်ဆီ ပေးပေးလို့ရမလား”

ပြောပြီးသည့်နောက်တွင် သူ့ဘေးတွင် ရှိနေသော ရန်ကိုင့်အား ညွှန်ပြ၍ ပြောလိုက်လေသည်။

“ကျောင်းသခင်တို့လည်း သတိပြုမိမှာပေါ့… ဒီချင်းက အသက်တော်တော်လေး ကြီးနေပြီ။ ကျုပ်ကျင့်ကြံခြင်းက တာအိုသခင် ပထမအဆင့် ဆိုရင်တောင် ကျုပ်ခွန်အားကိုတော့ ကျုပ်သိတယ်… အကြီးအကဲကောင်း ပြောသလိုပဲ… ကျုပ်သာ ဒီခွန်အားနဲ့ ဥတုလေးမျိုးနယ်မြေထဲ ဝင်သွားလို့ရှိရင် အသက်ရှင်လျက် ပြန်ထွက်လာနိုင်မှာတောင် မဟုတ်ဘူး... ကျုပ်သေသွားတာက အဲ့လောက်အရေးတကြီး မဟုတ်ပေမဲ့ ကပ်ဘေးအသီးကိုသာ မရလိုက်ဘူး ဆိုရင်တော့…”

“ဒီတော့ မင်းပြောချင်တာက သူက အသက်ရှင်လျက် ပြန်ထွက်လာနိုင်မယ်ပေါ့…” ဝမ်ကျိရှန်းက စိတ်ဝင်တစားဖြင့် မေးလိုက်လေသည်။

ချင်းကျောင်းရန်က ပြန်ပြောလိုက်၏။ “ရောင်းရင်းရန်က ဒီချင်းထက် အများကြီး ပိုအားကောင်းပါတယ်…”

“မင်းအခြေအနေတော့ မင်းသိသားပဲ” ဝမ်ကျိရှန်းက ယဲ့ယဲ့လေး ပြုံးလျက် “ဒီတောင်းဆိုချက်ကတော့ ဘာမှတော့ အဲ့လောက်ကြီးမဟုတ်ဘူးဆိုတော့ ဒီဘုရင် ခွင့်ပြုပေးရတာပေါ့”

“ငါက မင်းတို့ကို ဝင်ခွင့်တစ်နေရာ ပေးမယ်လို့ပဲ ပြောတာ… ဘယ်သူ့ကိုပေးမယ်လို့ မပြောဘူး… အဲ့တော့ မင်းတို့ ပေးချင်တဲ့လူကို ပေးလို့ရတယ်”

“ကျေးဇူးအများကြီးတင်ပါတယ် ကျောင်းသခင်ဝမ်” ချင်းကျောင်းရန်က ဝမ်းသာအားရဖြင့် ကျေးဇူးတင်စကား ပြောလိုက်လေသည်။

ထို့နောက်တွင် ဝမ်ကျိရှန်းသည် ရန်ကိုင့်ဘက်သို့ လှည့်၍ ပြောလိုက်လေ၏။

“မင်းနဲ့ ဒီလူအိုကြီး ဘယ်လိုပတ်သက်လည်းတော့ ငါမသိဘူး… ဒါပေမဲ့ ငါမင်းကို သတိပေးလိုက်ဦးမယ်… ဥတုလေးမျိုးနယ်မြေက ဘေးကင်းလုံခြုံတဲ့ နေရာတစ်ခုတော့ မဟုတ်ဘူးနော်... မင်းကိုယ်တိုင်က လက်ရွေးစင်တစ်ဦးဆိုပေမဲ့ အဲ့ထဲကို ဝင်သွားမဲ့ လူတွေအကုန်လုံးက လက်ရွေးစင်တွေထဲကမှ လက်ရွေးစင်တွေချည်းပဲ၊ ဒီတော့ သေချာသတိထား…”

ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ကျုပ်ကိုယ်တိုင်ကလည်း ဂိုဏ်းကြီးတွေရဲ့ လက်ရွေးစင်တွေနဲ့ကို တွေ့ချင်နေတာပါ”

“ဒီကောင်က တကယ်ကိုမာနကြီးတာပဲ…”

“မာနကြီးတာ မဟုတ်ဘူး။ ရေတွင်းထဲက ဖားသူငယ် ဖြစ်နေတာ…”

“တာအိုသခင်ပထမအဆင့်ဆိုတာ လက်ရွေးစင်တွေထဲမှာ အနိမ့်ဆုံးအဆင့်ပဲ”

ခန်းမထဲတွင် ရှိနေသော ဧကရာဇ်အဆင့် ပညာရှင်များ တစ်ယောက်တစ်ပေါက်ဖြင့် စတင် ပြောဆိုကြတော့သည်။

ဝမ်ကျိရှန်းက ရယ်မော၍ “အဲ့လို စိတ်ဓာတ်မျိုးကတော့ တကယ်မိုက်တယ်… ဒါပေမဲ့ မင်းအဲ့လို စိတ်ဓာတ်မျိုးကို ကြာကြာထားနိုင်ရင်တော့ အကောင်းဆုံးပေါ့…”

“ကဲ… မင်းတို့နှစ်ယောက် သွားလို့ရပြီ… သွားရမယ့် နေ့ကျရင် တစ်ယောက်ယောက် မင်းတို့ကို လာပြောလိမ့်မယ်”

ပြောပြီးသည့်နောက် သူ့လက်ကို ဝှေ့ယမ်းချ လိုက်လေသည်။ ရန်ကိုင်နှင့် ချင်းကျောင်းရန်တို့ နှစ်ဦးစလုံး မတုံ့ပြန် နိုင်သေးခင်မှာပင် ကျောင်းအပြင်သို့ ရောက်လာခဲ့ကြလေ၏။

တစ်ဦးကိုတစ်ဦး ခဏကြာမျှ စိုက်ကြည့်နေပြီးသည့် နောက်တွင် အလင်းတန်းတစ်ခု ခပ်လှမ်းလှမ်း တစ်နေရာဆီမှ သူတို့ဆီသို့ ပျံသန်းလာနေကြောင်းကို သတိပြုမိလိုက်သည်။

တဖြည်းဖြည်းနှင့် အနီးသို့ ရောက်ရှိလာသည့် အခါမှပင် ထိုအလင်းတန်းသည် သူတို့ယခင်က တွေ့ခဲ့ဖူးသော ဦးစီးမှူးတောက် ဆိုသူ ဖြစ်နေကြောင်းကို တွေ့ရှိလိုက်ရသည်။

လက်ရှိဦးစီးမှူးတောက်သည် သူတို့ ယခင်က တွေ့ခဲ့ဖူးသည့် ဦးစီးမှူးတောက်ဆိုသူနှင့် လုံးဝကို မတူတော့ချေ။ သူတို့ဆီသို့ ချွေးသံတရဲရဲဖြင့် ပြေးလာပြီးနောက် လက်ဖြင့် အချက်ပြရင်း ပြောလိုက်လေသည်။

“မင်းတို့နှစ်ယောက် ငါ့နောက် လိုက်လာခဲ့”

ထို့နောက် ရန်ကိုင်နှင့် ချင်းကျောင်းရန်တို့အား ရှေ့မှ ဦးဆောင် ခေါ်သွားလိုက်လေသည်။

ရန်ကိုင်နှင့် ချင်းကျောင်းရန်တို့ကို အပြင်သို့ ပြန်ပို့ လိုက်ပြီးသည့်နောက်တွင် ဝမ်ကျိရှန်းသည် သူ့ဘေးဘက်သို့ လှည့်၍ မေးလိုက်လေသည်။

“ရွှယ့်ထင်းလေး… နင်ပြောချင်တာ ရှိသေးလား”

ကောင်းရွှယ်ထင်းက မျက်မှောင်ကျုံ့လျက် “ကျောင်းသခင်… ကျောင်းသခင်က ကျွန်မကို တော်တော်လေး ဒုက္ခရောက်အောင် လုပ်နေတာပဲနော်”

ဝမ်ကျိရှန်းက ရယ်မော၍ ပြန်ပြောလိုက်လေသည်။ “အာ… နေရာတစ်နေရာပဲဟာကို ဒီလောက်ကတော့ အဆင်ပြေပါတယ်”

ကောင်းရွှယ်ထင်းက အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “ကောင်းပြီလေ… အဲ့လိုဆိုမှတော့လည်း ကျောင်းသခင်ကိုယ်တိုင်က သူတို့ရဲ့ နေရာတစ်နေရာစာကို ဖယ်ချင်လို့ ဖယ်လိုက်ရတာ ဆိုပြီးတော့ပဲ ကျွန်မ ပြောလိုက်တော့မယ်… ဒီကိစ္စက ကျွန်မနဲ့ ဘာမှမဆိုင်ဘူးလို့”

“ရတယ်လေ…” ဝမ်ကျိရှန်းက ခေါင်းညိတ်၍ ပြန်ပြောလိုက်၏။ “သူတို့ မကျေနပ်ဘူးဆိုရင် ငါ့ကို လာတွေ့ခိုင်းလိုက်”

ဝမ်ကျိရှန်း၏ စကားကြောင့် ကောင်းရွှယ်ထင်း ကြောင်သွားခဲ့လေသည်။

ထိုစဉ် ချန်းချန်က ဝင်ပြောလိုက်လေ၏။ “ရှင်းရှင်းပြောရရင် အဲ့ဝင်ခွင့် တစ်နေရာစာကို မပေးလို့လည်း ရတယ်… ဝင်ခွင့်ရထားတဲ့ လူတွေကို အဲ့ဥတုလေးမျိုးနယ်မြေထဲကို ဝင်ပြီးတော့ ကပ်ဘေးအသီး လိုက်ရှာခိုင်းလိုက်ရင် အဆင်ပြေပြီ... သူတို့ ကပ်ဘေးအသီး ရှာလို့ မတွေ့ဘူးဆိုရင်တော့ အစ်မကောင်းရွှယ်ထင်းကို ဝင်ပေါက်မှာ စောင့်ခိုင်းပြီးတော့ အဲ့ထဲကို ဝင်သွားတဲ့ အခြား တပည့်တွေဆီကနေ လိုက်ဝယ်ခိုင်း လို့လည်း ရနေပြီပဲဟာကို... တကယ်တော့ အဲ့ကမ္ဘာထဲ ဝင်သွားတာ ကျွန်မတို့ နေမင်းပြာကျောင်းတော်ထဲက တပည့်တွေချည်းပဲမှ မဟုတ်တာ… အခြားဂိုဏ်း တပည့်တွေလည်း ရှိနေသေးတာပဲ... သူတို့မှာလည်း ကပ်ဘေးအသီး ရှိချင် ရှိနေမှာပေါ့”

ဝမ်ကျိရှန်းက ပြန်ပြောလိုက်လေ၏။ “ချန်လေးပြောတာ ဟုတ်တယ်ဆိုပေမဲ့ အဲ့တာက ဟိုဆရာရဲ့ တောင်းဆိုချက်လေ… ငြင်းလို့ မကောင်းဘူး”

“ကဲ ကဲ ကဲ… ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်ကြတာပေါ့… သူတို့ကို နေရာတစ်နေရာ ပေးလိုက်တော့” ထို့နောက်တွင် ဝမ်ကျိရှန်းက ညစ်ကျယ်ကျယ် ပြုံးလျက် “အခုနောက်ပိုင်း ကိစ္စနဲ့ ပတ်သက်ပြီး သူတို့ အသက်ရှင်တာ မရှင်တာကတော့ သူတို့ အပေါ်သူတို့ပဲ မူတည်သွားပြီ ငါတို့ကတော့ နေရာတစ်နေရာ ပေးပြီးသွားပြီဆိုပေမဲ့ သူတို့က အဲ့တစ်နေရာကို မထိန်းနိုင်ဘူး ဆိုရင်တော့ အဲ့ဒါ သူတို့ ကိစ္စပေါ့... မထိန်းနိုင်ဘူးဆိုရင် မသွားနဲ့လေ မဟုတ်ဘူးလား… အဲ့လိုဆိုရင် ဟိုဆရာလည်း ငါတို့ကို အပြစ်တင်လို့ မရတော့ဘူး။ သူတို့ပြောတဲ့အတိုင်း ငါတို့ လုပ်ပေးတာပဲ”

ထိုစကားကို ကြားသည့်အခါ ကောင်းရွှယ်ထင်း၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပလာပြီး ခေါင်းညိတ်လိုက်လေ၏။

“အခု ဘာလုပ်ရမလဲ လက်အောက်ငယ်သား သိပါပြီ”

ဝမ်ကျိရှန်းက ခေါင်းညိတ်၍ ခန်းမထဲမှ ပျောက်ကွယ် သွားခဲ့လေ၏။ လူအုပ်ကြီးလည်း အသီးသီး ပြန်လည် ထွက်ခွာ သွားခဲ့ရာ အဆုံးတွင် ချန်းချန်နှင့် ကောင်းရွှယ်ထင်းတို့သာ ကျန်ရစ်ခဲ့လေသည်။

“အစ်မကောင်း… ဘာတွေကြံနေတာလည်း” ချန်းချန်က မေးလိုက်လေ၏။

ကောင်းရွှယ်ထင်းက တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်လေ၏။ “ရွှယ့်ယီကို နင်ဘယ်လိုထင်လဲ”

“ရွှယ့်ယီ…” ခဏမျှ စဉ်းစားနေပြီးသည့် နောက်တွင် ချန်းချန်က ပြန်ပြောလိုက်လေ၏။ “သူက တာအိုသခင် ဒုတိယအဆင့်ပဲ… အဲ့ ရန်ကိုင် သူ့ကို နိုင်ပါ့မလား”

“လူနှစ်ဆယ်ထဲမှာ ရွှယ့်ယီက သာမန်ထက်နိမ့်တဲ့အထဲပါတယ်… ရွှယ့်ယီကိုတောင် မနိုင်ဘူးဆိုရင်တော့ အဲ့ရန်ကိုင် ဆိုတဲ့လူလည်း ဥတုလေးမျိုးနယ်မြေထဲ မဝင်တာ အကောင်းဆုံးပဲ... အဲ့နေရာက ပေါ့သေးသေး နေရာ မဟုတ်ဘူး။ သူရှာနေတဲ့ ကပ်ဘေးအသီးဆိုတာလည်း ရှာတွေ့ဖို့ လွယ်တာ မဟုတ်ဘူး။ အခုလိုလုပ်တာ သူ့အတွက်လို့တောင် ပြောလို့ရတယ်”

“အစ်မကောင်း ပြောတာ ယုတ္တိရှိတယ်” ချန်းချန်က ခေါင်းညိတ်လိုက်လေသည်။ သို့သော်သူမစိတ်ထဲ ထိုကိစ္စနှင့် ပတ်သက်၍ တစ်ခုခု လွဲမှားနေသည်ဟု ခံစားနေရသေး၏။

တောက်မင်သည် ရန်ကိုင်နှင့် ချင်းကျောင်းရန်တို့အား အစောပိုင်းက သူတို့ဝင်သွားခဲ့သော ကျောင်းတော်မှ အနည်းဆုံး မိုင် ၆၀၀ခန့် အကွာတွင် ရှိနေသော ထီးထီးကြီး ထောင်ထွက်နေသည့် တောင်တစ်လုံးပေါ်၌ ရှိနေသော နန်းတော်တစ်ခုတွင် ချန်ထားရစ်ခဲ့ပေသည်။

နည်းနည်းပါးပါး လိုက်ကြည့်ပြီးသည့်နောက်တွင် ထိုတောင်ပေါ်၌ သူတို့မှ အပ အခြား မည်သူမျှ မရှိကြောင်း ရန်ကိုင် တွေ့ရှိလိုက်ရသည်။ ရန်ကိုင်နှင့် ချင်းကျောင်းရန်တို့ နှစ်ဦးသည်သာ ထိုနေရာတွင် ရှိနေခြင်း ဖြစ်ပေသည်။

တောင်ပတ်ဝန်းကျင်မှာ အတော်လေးကိုမှ တိတ်ဆိတ် ငြိမ်းချမ်းလှသည်။ နှစ်ဦးသား ခဏမျှ စကားစမြည် ပြောနေပြီးသည့် နောက်တွင် နေစရာ အခန်းတစ်ခု လိုက်ရှာကြတော့လေ၏။

ချင်းကျောင်းရန်သည် အားပြန်ဖြည့်ပြီး မေပယ်မြို့ဆီသို့ မြန်မြန် ပြန်ချင်နေသည်။ ရန်ကိုင်ကမူ အားတုန်းအားခိုက် အခွင့်အရေးကို သုံး၍ ဒေါ်လေးဖုန်းမှ ပေးခဲ့သော ပျံသန်းရေး မှော်ရတနာနှင့်တကွ ချင်းကျောင်းရန်မှ ပေးခဲ့သည့် အနန္တဓါးကို သန့်စင်ချင်နေသည်။

အနန္တဓါးမှာ အလွန်ကိုမှ အဆင့်မြင့်သည့် ဓါးတစ်ချောင်း ဖြစ်သည့်အတွက် သူ့အနေဖြင့် ထိုဓါးကို အပြီး ပြည့်ပြည့်ဝဝ သန့်စင်နိုင်လိမ့်မည် မဟုတ်ပေ၊၊

သို့သော်ငြား သူ့အနေဖြင့် ထိုဓါးနှင့် အနည်းငယ် မျှလောက်သာ ဆက်သွယ်နိုင်ရုံဖြင့် ပင်လျှင် အဆင်ပြေ ပေသည်။

ကံကောင်းစွာဖြင့် သူ့၌ ချင်းမိသားစု၏ ဘိုးဘေး ချန်ရစ်ခဲ့သော ဓါးအား မည်ကဲ့သို့ သန့်စင်ရမလဲ ဆိုသည့် နည်းစနစ်များ ရှိနေခဲ့သည်။ ထို့အတွက်ကြောင့် ဓါးအား သန့်စင်ဖို့ရာ ဆိုသည်မှာ သူ့အတွက် သိပ်မခက်ခဲတော့ချေ။

အချိန်လည်း သိပ်မရှိတော့ချေ။ ကောင်းရွှယ်ထင်း ပြောပုံအရ ဥတုလေးမျိုးနယ်မြေသည် နောက်တစ်လအတွင်း ဖွင့်ပေတော့မည်။

ဥတုလေးမျိုးနယ်မြေသို့ သွားရဦးမည့် အချိန်ကိုပါ ထည့်တွက်မည်ဆိုလျှင် နောက် နှစ်ပတ်လောက်အတွင်း သူတို့ ဤနေရာမှ ထွက်ရနိုင်လောက်သည်။ ရန်ကိုင့်တွင် အချိန် သိပ်မရှိတော့ချေ။

ချင်းကျောင်းရန်သည် ငါးရက်ကြာပြီးသည့်နောက် အားပြန် ပြည့်လာခဲ့သည်။ ရန်ကိုင့်အား နောက်ဆုံးအကြိမ်အဖြစ် အကြံ နည်းနည်းပါးပါး ပေးပြီးသည့်နောက်တွင် မေပယ်မြို့သို့ ပြန်လည် ထွက်ခွာ လာခဲ့လေသည်။

ဥတုလေးမျိုးနယ်မြေထဲသို့ ဝင်မည့်လူမှာ ရန်ကိုင်သာ ဖြစ်သဖြင့် သူ့အဖို့ ဤနေရာတွင် ဆက်နေ၍လည်း ဘာမှထူးတော့မည် မဟုတ်။ ရန်ကိုင်တစ်ယောက်တည်းသည်သာ နန်းတော်ထဲတွင် ကျန်ရစ်ခဲ့လေသည်။

ချင်းကျောင်းရန် ထွက်သွားပြီး မကြာမီ ရန်ကိုင်သည် သူ့ဘာသာ အခန်းထဲတွင် အလုပ်ရှုပ်နေစဉ် အတောအတွင်း အားကောင်းသည့် အရှိန်အဝါနှစ်ခု သူ့ဆီသို့ ပျံသန်းလာနေသည်ကို သတိပြုမိလိုက်လေ၏။

ကျူးကျော်လာသည့် သူနှစ်ဦးမှာ သူတို့ အရှိန်အဝါကို လုံးဝ ဖုံးကွယ် ထားလိုဟန်မရ။ တစ်ဦးသည် တာအိုသခင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး အခြားတစ်ဦးမှာတော့ တာအိုသခင် ဒုတိယအဆင့် ဖြစ်ပေသည်။

“ငါတို့ သွားရတော့မှာလား…” ရန်ကိုင် မျက်မှောင်ကျုံ့ပြီး ရေရွတ်လိုက်လေ၏။

သူတို့မထွက်ခွာခင် သူ့အား တစ်ယောက်ယောက်မှ လာကြိုလိမ့်မည်ဟု ဝမ်ကျိရှန်းမှ ပြောခဲ့သဖြင့် ယခုရောက်လာသည့် လူနှစ်ဦးမှာ သူ့အား လာကြိုသည့် လူများ ဖြစ်သည်ဟု ရန်ကိုင် တွေးထင် သွားခဲ့လေသည်။ ထို့ကြောင့် ချက်ချင်းပဲ ထ၍ သွားနှုတ်ဆက်ရန် ပြင်ဆင်လိုက်လေ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၁၂၇)

ခဏအကြာတွင် အလင်းတန်းနှစ်ခု ရန်ကိုင့်ရှေ့သို့ ရောက်ရှိလာခဲ့ပြီး ထိုအလင်းတန်းဆီမှ လူနှစ်ဦး ပေါ်လာခဲ့လေသည်။

ဘယ်ဘက်တွင် ရှိနေသောသူသည် နှင်းသားကဲ့သို့ ဖြူဖွေးစွတ်နေသော အဝတ်အစားကို ဝတ်စား ထားခဲ့၏။ ထိုလူသည် တောက်ပသော မျက်လုံးများ၊ စူးရှသော မျက်ခုံးများနှင့် ဓါးအိမ်ထဲမှ ထုတ်ယူလိုက်သည့် ဓါးသွားတစ်ချောင်းနှယ် ထက်ရှသည့် အရှိန်အဝါကို ပိုင်ဆိုင် ထားလေသည်။

ထိုလူ၏ ကျင့်ကြံခြင်းမှာ အံ့အားသင့်ဖွယ်ကောင်းစွာပင် တာအိုသခင် တတိယအဆင့် ဖြစ်နေခဲ့သည်။ ထိုလူဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါသည် ရန်ကိုင့်ကိုပင် ဖိအားဝင်စေခဲ့ လေသည်။

ထို့ကြောင့် သူ့စိတ်ထဲ ဂိုဏ်းကြီးတွေက လက်ရွေးစင်တွေ ဆိုတာ ဟာသတော့ မဟုတ်ဘူးပဲ… ဟု တွေးလိုက်မိလေ၏။

ထိုလူဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါသည် တမင်သက်သက် ထုတ်ပြထားခြင်းလား အလိုလို ထွက်ပေါ်နေခြင်း လားတော့မသိ။ သာမာန်တာအိုသခင် တတိယအဆင့် ကျင့်ကြံသူတစ်ဦး ထုတ်လွှတ်နိုင်သည့် အရာမျိုးတော့ မဟုတ်ပေ။

ညာဘက်တွင် ရှိနေသူမှာကား ပါးစပ်ပေါက်ကျယ်ကျယ်၊ နှာခေါင်းကြီးကြီး၊ တုတ်ခိုင်ထွားကျိုင်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကာ အင်္ကျီလက်တို၊ ဘောင်းဘီလက်တိုများ ဝတ်ဆင်ထားသည့် လူတစ်ဦး ဖြစ်ပေသည်။

ထိုလူ၏ ရင်ဘတ်နေရာနှင့် လက်မောင်း၊ ခြေသလုံးများတွင် အမွေးကြမ်းများ ပေါက်နေလေ၏။ တစ်ချက်ကြည့်ရုံ ဖြင့်ပင်လျှင် ထိုသူသည် လူနှင့်မတူဘဲ မျောက်ဝံကြီးတစ်ကောင် နှင့်ပင် တူနေပေသေးသည်။

ထိုလူ၏ ကျင့်ကြံခြင်းမှာတော့ တာအိုသခင် ဒုတိယအဆင့် ဖြစ်ပေသည်။

“မင်္ဂလာပါ ရောင်းရင်းတို့… ကျုပ်က မေပယ်မြို့က ရန်ကိုင်ပါ” ရန်ကိုင်က လက်သီးဆုပ်၍ နှုတ်ဆက်လိုက်လေသည်။

“ရောင်းရင်းတို့ကို ဘယ်လိုခေါ်ရမလဲ မသိဘူး”

ဝတ်ရုံဖြူကို ဝတ်ဆင်ထားသော လူသည် ရန်ကိုင့်စကားကို အရေးမစိုက်သည့်အလား မင်သေသေ အမူအယာဖြင့်သာ ရှိနေခဲ့လေသည်။

တုတ်ခိုင်ထွားကျိုင်းသည့် လူကမူ ရုတ်တရက် အော်ဟစ်လိုက်လေ၏။

“ဟေ့ကောင်… မင်းက ငါတို့ ရှာနေတဲ့ ရန်ကိုင်ဆိုတဲ့ လူလား”

ရန်ကိုင် နှလုံးခုန် မြန်သွားလေ၏။ သို့သော် ခေါင်းတော့ ညိတ်ပြလိုက်လေသည်။

“နာမည်တူ မရှိရင်တော့ ရန်ကိုင်ဆိုတဲ့လူက ကျုပ်ပဲ”

“ကောင်းပြီလေ…” ရန်ကိုင့်ကို မြင်ပြီးသည့် နောက်တွင် ထိုလူထွားကြီးသည် ရန်ကိုင့် ခန္ဓာကိုယ်အား သေချာ စစ်‌ဆေးကြည့် လိုက်လေ၏။

ထို့နောက် အော်ပြောလိုက်လေ၏။ “ခွေးကောင်လေး… ငါ့မှာတော့ လိုက်ရှာနေလိုက်ရတာ… နောက်ဆုံးတော့ ဒီနေရာမှာမှ မင်းကို လာတွေ့တယ်”

“သီးခြားကမ္ဘာထဲ သွားမယ့် ဝင်ခွင့်နေရာကို ငါ့ဆီကနေ ယူသွားတာ မင်းမလား”

ထိုလူပြောသည်ကို ကြားပြီးသည့် နောက်တွင် ဤလူနှစ်ဦးမှာ ကမ္ဘာငယ်လေးဆီသို့ ထွက်ခွာရမည့် အကြောင်း လာပြောသည့် လူနှစ်ဦးမဟုတ်ဘဲ ပြဿနာရှာရန် ရောက်လာသည့် လူနှစ်ဦးမှန်း နားလိုက်လေသည်။

ထို့ကြောင့် ရန်ကိုင်က မျက်မှောင်ကြုတ်လျက် ပြန်ရှင်းပြလိုက်လေ၏။ “ရောင်းရင်း… ဒီကိစ္စနဲ့ ပတ်သက်ပြီး နားလည်မှု လွဲနေတယ်နဲ့ တူတယ်နော်”

“ဒီကိစ္စက ကျုပ်ရှင်းပြဖို့ နည်းနည်း ရှုပ်တာဆိုတော့ ခင်ဗျား ဘာလို့ အကြီးအကဲကောင်းကို သွားမမေးတာလဲ… သူဆိုရင် ခင်ဗျားကို သေချာ ရှင်းပြတတ်မှာ”

“ဟမ့်… အဲ့လိုတွေ လုပ်နေစရာ မလိုဘူး” လူထွားကြီးက အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက် လေသည်။

“အကြီးအကဲကောင်း ငါ့ကို ပြောပြီးသွားပြီ… ငါ့ဝင်ခွင့်နေရာ ရုတ်သိမ်းလိုက်ရတာ မင်းကြောင့်တဲ့… ငါ့လခွမ်းမှပဲ… ဒီနေရာကို ရဖို့အတွက် ငါ့မှာ အသည်းအသန် ကြိုးစားခဲ့ရတာ။ အဲ့ဒါကို မင်းက ငါ့ဆီကနေ အလွယ်လေး လာယူသွားတယ်”

“အသည်းအသန် ကြိုးစားထားရတာ…” ရန်ကိုင် မျက်မှောင်ကြုတ် သွားခဲ့လေသည်။

တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် ဝတ်ရုံဖြူနှင့် လူက ထိုအခိုက်အတန့်တွင် ဝင်၍ ပြောလိုက်လေ၏။

“လွန်ခဲ့တဲ့ သုံးလတုန်းက ဂိုဏ်းထဲမှာ ပြိုင်ပွဲတစ်ခု ကျင်းပတယ်။ အဲ့ပြိုင်ပွဲမှာ ထိပ်ဆုံးနှစ်ဆယ် ဝင်တဲ့ သူတွေပဲ ဥတုလေးမျိုး နယ်မြေထဲ ဝင်ခွင့်ရတာ… ရွှယ့်ယီက ဆယ့်ငါးယောက်မြောက်ပဲ”

“အိုး… ဒီတော့ ရောင်းရင်းရွှယ့်ပေါ့…” ရန်ကိုင်သည် ဝတ်ရုံဖြူနှင့်လူဘက်သို့ လှည့်၍ “ဒီတော့ ဒီက ရောင်းရင်းကိုရော ဘယ်လိုခေါ်ရမလဲ”

“ဒီက ရှောင်ပိုင်ယီပဲ… စီနီယာအစ်ကိုရှောင်” ရွှယ့်ယီက အေးစက်စက် အမူအယာဖြင့် ပြောလိုက်သည်။

“ကျုပ်နည်းနည်း သိချင်နေတာပေါ့နော်… ပြိုင်ပွဲမှာဆိုရင် ရောင်းရင်းရှောင်ရဲ့ အဆင့်ကလေ…”

“စီနီယာအစ်ကိုရှောင်က ဒုတိယပဲ…” ရွှယ့်ယီက အထင်တသေး အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ ထိုသို့ ပြောပြီးပြီးချင်းမှာပင် ကြောင်သွားခဲ့ပြီးနောက် ဒေါသတကြီး ထအော်တော့လေ၏။

“ခေါင်းစဉ်ပြောင်းဖို့ မစဉ်းစားနဲ့ ကောင်လေး… ဟေ့ကောင် ဒီနေ့ စီနီယာအစ်ကိုရှောင်နဲ့ လာခဲ့တာက ငါ့နေရာကို လာယူရင် သေပြီသာမှတ်လို့ သတိပေးမလို့ လာခဲ့တာ…”

“အကြီးအကဲကောင်းက ထောက်ခံနေတာနဲ့ပဲ မင်းလုပ်ချင်တိုင်း လုပ်လို့ရပြီ မှတ်နေတာလား… မိုက်ရူးရဲ မဆန်ချင်နဲ့… မဟုတ်ရင် မင်းဘယ်လိုသေလို့ သေမှန်းမသိ ဖြစ်သွားလိမ့်မယ်” ပြောပြီးသည့်နောက်တွင် သူ့လက်အား ဆန့်ထုတ်၍ လည်ပင်းအား တိခနဲ လှီးပြဟန် လုပ်ပြလိုက်လေသည်။

ရန်ကိုင်က ပြုံးလျက် “ဒီလိုဆိုရင် အဲ့ဝင်ခွင့် တစ်နေရာကို စွန့်လွှတ်ပေးဖို့အတွက် ရောင်းရင်းရွှယ့်ကို ကျုပ် ဘယ်လိုပြောရမလဲ”

“ရှင်းပါတယ်…” ရှောင်ပိုင်ယီက ဝင်ပြောလိုက်လေသည်။ “ဒီဝင်ခွင့်တစ်နေရာကို ရထားတဲ့လူတွေ အကုန်လုံးက အချင်းချင်း ပြိုင်ဆိုင်ပြီးတော့ ရထားခဲ့တာ… အခြားတစ်နည်းနဲ့ ပြောရမယ် ဆိုရင်တော့ ပိုအားကောင်းတဲ့လူက ရခဲ့တာပေါ့”

“ဒီတော့ မင်းသာ ဂျူနီယာညီလေးရွှယ့်နဲ့ ပြိုင်လို့ မင်းနိုင်သွားမယ် ဆိုလို့ရှိရင် အဲ့ဝင်ခွင့်နေရာနဲ့ မင်းနဲ့ ထိုက်တန်တယ်လို့ ပြောလို့ရတယ်”

“ဟုတ်တယ်…” ရွှယ့်ယီကလည်း စိတ်လှုပ်ရှားနေဟန်ဖြင့် ခေါင်းညိတ်ကာ “မင်းငါ့ကို သတ်မလား… ဒါမှမဟုတ် မင်းအသတ်ခံမလား… ကြိုက်တာရွေး… နောက်ဆုံးအသက်ရှင်တဲ့ လူကပဲ အဲ့နေရာကို ရလိမ့်မယ်”

“အဲ… အဲ့ဒါကတော့ ကျုပ်လုပ်နိုင်တဲ့ ဟာမျိုးတော့လည်း သိပ်မဟုတ်ဘူး…” ရန်ကိုင် တုံ့ဆိုင်း သွားခဲ့လေသည်။ အသတ်ခံမလား ကိုယ်ကပဲသတ်မလား ဆိုသော စကားကို ကြာပြီးသည့်နောက် ရန်ကိုင့်စိတ်ထဲ အဆင်မပြေသလို ဖြစ်သွားခဲ့လေ၏။

သူအသတ်ခံလိုက်ရလျှင်တော့ ဘာပြဿနာမှ မရှိချေ။ သူ့တွင် နောက်ခံမရှိသည့်အတွက် မည်သူမျှ သူ့အား သတ်လိုက်သည့် လူကို လိုက်ပြဿနာ ရှာလိမ့်မည် မဟုတ်။

သို့သော်ငြား သူ့ဘက်မှ ရွှယ့်ယီအား သတ်လိုက်မိလျှင်တော့ အခြားသူများ သူ့အား လာပြဿနာ ရှာမည်ကို ရန်ကိုင် စိုးရိမ်နေခြင်း ဖြစ်ပေသည်။

“ဘာပြဿနာမှ မရှိဘူး” ရှောင်ပိုင်ယီက အေးစက်စက် အမူအယာဖြင့် “ဘာလဲ… မင်းကြောက်နေတာလား”

“ရောင်းရင်းရှောင်က ဘာလို့ ကျုပ်ကို ရန်စချင်နေတာလဲ” ရန်ကိုင်က မဲ့ပြုံးပြံးလျက် ပြန်ပြောလိုက်လေသည်။

“ဟဲ ဟဲ ဟဲ… မင်းကြောက်တယ်ဆိုရင် ကြောက်တယ်ပေါ့ကွာ… ဘာတွေ ဝေ့ပတ်ပြီး ပြောနေတာလဲ… ကြောက်တယ်ဆိုရင် ဟိုထဲကို သွားမနေတော့နဲ့ အခု ငါတို့ နေမင်းပြာကျောင်းတော်ထဲကနေသာ မြန်မြန် ပြန်ထွက်သွားလိုက်တော့... မင်းရဲ့ တာအိုသခင် ပထမအဆင့် ကျင့်ကြံခြင်းလေးနဲ့ ငါနဲ့ လာပြိုင်တယ်ဆိုရင် တစ်ခါတည်း ငါ့လက်စာမိပြီး သေသွားမှာ” ရွှယ့်ယီက ဂုဏ်ယူစွာဖြင့် ရယ်မောကာ ပြောလိုက်လေသည်။

“ဟူးးးးး” ရန်ကိုင် သက်ပြင်းချ လိုက်လေ၏။ “ခင်ဗျားရည်ရွယ်ချက်ကို ကျုပ်နားလည်သွားပြီ”

ဥတုလေးမျိုးနယ်မြေထဲသို့ ဝင်ခွင့်တစ်နေရာ ယူလိုက်ခြင်းသည် ဤကဲ့သို့သော အဖြစ်များကို ဖြစ်လာစေလိမ့် မည်ဟု မထင်ထားခဲ့ချေ။

သူ့တွင် ရွေးချယ်ခွင့်သာ ရှိမည်ဆိုလျှင် နေမင်းပြာကျောင်းတော်၏ တပည့်များနှင့် မတိုက်ခိုက်ချင်ပေ။ သို့သော်ငြား ရွှဲ့ယွီက သူနှင့် ဤမျှ တိုက်ခိုက်ချင်နေသဖြင့် သူ့တွင် အခြားရွေးချယ်စရာ မရှိတော့မှန်း ရန်ကိုင်နားလည်လိုက်လေသည်။

သူ့အနေဖြင့် ချင်းကျောင်းရန်အား ကတိပေးထားသလို စီနီယာပညာရှင်၏ မိန်းမလှ သူတောင်းစား တံဆိပ်ပြားကိုလည်း အသုံးပြုထားပြီးပြီ ဖြစ်သည့် အတွက်ကြောင့် ဥတုလေးမျိုးနယ်မြေ ထဲသို့ ကျိန်းသေကို ဝင်ရပေလိမ့်မည်။

“ရောင်းရင်းတို့ နှစ်ယောက်က ဒီလောက် စိတ်အား ထက်သန်နေတယ် ဆိုမှတော့လည်း ဒီရန်က ငြင်းနေလို့ရှိရင် ရိုင်းရာ ကျသွားမှာပေါ့… ရောင်းရင်းရှောင် ကျေးဇူးပြုပြီး ဒိုင်လူကြီး လုပ်ပေးပါဦးနော်…”

“ရတယ်လေ…” သူတို့၏ စိန်ခေါ်မှုကို ရန်ကိုင်မှ လက်ခံလိုက်သည့် အတွက်ကြောင့် ရှောင်ပိုင်ယီ အံ့အားသင့် သွားခဲ့လေ၏။

ရန်ကိုင် ကြောက်လန့်သွားပြီး ထွက်ပြေးသွားမည်ဟု ထင်နေခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြား လက်တွေ့သည့် သူတို့ ထင်ထားသကဲ့သို့ ဖြစ်မလာခဲ့ပေ။ ထို့ကြောင့် ပြောလိုက်လေ၏။

“ဂျူနီယာညီလေးရွှယ့်နဲ့ ငါလိုက်လာရတဲ့ အကြောင်းအရင်းက မျက်မြင်သက်သေ လုပ်ပေးဖို့ပဲ… ဘယ်သူနိုင်နိုင် ဘယ်သူ အသက်အန္တရာယ်ပဲ ကျနေကျနေ ငါဝင်ပါမှာ မဟုတ်ဘူး”

“ရောင်းရင်းရှောင်ကို ယုံပါတယ်” ရန်ကိုင်က ပြုံးဖြီးလျက် “ဒါဆိုရင် ရောင်းရင်းရှောင်ကိုပဲ အားကိုးတော့မယ်နော်”

“မင်းကိုယ်မင်းလည်း စောစော မသေစေနဲ့ဦး… မဟုတ်လို့ရှိရင် ငါတို့ နေမင်းပြာကျောင်းတော် နာမည်တွေ ပျက်နေဦးမယ်” ရှောင်ပိုင်ယီက မျက်လုံးမှေးစင်းလျက် ပြန်ပြော လိုက်လေသည်။

ပုံရိပ်နှစ်ခုသည် ဟင်းလင်းပြင်ထဲ ပုန်းအောင်းရင်း ရန်ကိုင်တို့အား စိုက်ကြည့်နေခဲ့လေ၏။

ချန်းချန်က ပြောလိုက်လေသည်။ “ဒီရန်ကိုင်ဆိုတဲ့လူက တော်တော် သတ္တိရှိတာပဲ… သူ့ထက် ကျင့်ကြံခြင်းအဆင့် တစ်ဆင့် မြင့်တဲ့လူနဲ့ တိုက်ရမှာတောင် နည်းနည်းလေးမှ ကြောက်မသွားဘူး”

“သတ္တိရှိလည်း ဘာထူးလဲ… တကယ်ခွန်အားမရှိရင် ဘာမှ သုံးစားမရဘူး” ကောင်းရွှယ်ထင်း က ပြန်ပြောလိုက်လေသည်။

စကားပြောနေရင်းမှ ခေါင်းမော့၍ ဟင်းလင်းပြင်ထဲရှိ တစ်နေရာဆီသို့ လှမ်းကြည့်လိုက်လေ၏။ ထို့နောက် စိတ်ပျက်ပျက်ဖြင့် ဒေါသတကြီး ပြန်ပြောတော့လေ၏။

“ဒီ ဘာမဟုတ်တဲ့ ကိစ္စလေးအတွက်နဲ့ ဒီနေရာကို လာကြည့်နေတာ ရှင့်ကိုယ်ရှင် မရှက်ဘူးလား… သွား… ကိုယ့်ကိစ္စကိုယ် သွားပြန်လုပ်”

ထိုစကားကို ကြားပြီးသည့်နောက်တွင် ချန်းချန်က ပြုံး၍ ပြောလေသည်။ “ကျောင်းသခင်လည်း ပျင်းနေတာလား”

ထိုစဉ် ဝမ်ကျိရှန်း၏ အသံ သူတို့နားထဲသို့ ရောက်လာ ခဲ့လေ၏။ “ဟေး… မိန်းမချောလေးတို့… မင်းတို့ ဒီကျောင်းသခင်ကို အဖော်ပြုပြီး မသောက်ပေးချင်ဘူးလား… ဒီကျောင်းသခင်က မင်းတို့အတွက် အထူးတလည်ကို…”

“စိတ်မဝင်စားဘူး…”

“စိတ်မဝင်စားဘူး…”

အမျိုးသမီးနှစ်ဦးစလုံး တစ်ပြိုင်တည်း ပြန်ပြောလိုက်ကြ လေသည်။ သူတို့စကားကြောင့် ဝမ်ကျိရှန်း ခဏမျှ မင်သက်သွားခဲ့ ပြီးနောက် သက်ပြင်းချလျက် ပြန်ပြောလိုက်လေ၏။

“အဖော်မပါဘဲ ဝိုင်သောက်ရတာ တကယ်ကို အဓိပ္ပါယ် မရှိတာပဲ…”

“ကျောင်းသခင် ရှင့်ပြောပုံဆိုပုံတွေကို သတိထားနော်… မဟုတ်ရင် ရှင့်ရဲ့ စားပွဲဝိုင်းကို ကျွန်မ လာမှောက်ပစ်မှာ…” ကောင်းရွှယ်ထင်းက အေးစက်စက် အမူအယာဖြင့် ပြောလိုက်လေ၏။

ဝမ်ကျိရှန်းက သူ့မျက်နှာ သူပြန်ရိုက်၍ အလွန်ကိုမှ စိတ်ညစ်နေဟန်ဖြင့် ရေရွတ်လိုက်လေသည်။

“ဒီလောက်တောင် သွေးအေးတဲ့ လူတစ်ယောက်ကို ငါဘယ်လိုလုပ်ပြီး ပျိုးထောင်ခဲ့တာလဲကွာ… ငါနဲ့ နည်းနည်းလေးမှကို မတူဘူး”

ကောင်းရွှယ်ထင်းက ဒေါသတကြီး ပြန်အော်ပြောတော့ လေသည်။ “ရှင်က ကျွန်မ အဖေမို့လို့လား… ဘာလို့ ရှင်နဲ့ တူရမှာလဲ”

ဝမ်ကျိရှန်း ဆွံ့အ သွားခဲ့လေ၏။ ဝမ်ကျိရှန်း ဆွံ့အသွားပုံကို မြင်လျှင် ကောင်းရွှယ်ထင်း နှုတ်ခမ်း တွန့်ကွေး သွားခဲ့လေသည်။

“စီနီယာအစ်ကိုရှောင်… သူ ကျုပ်နဲ့တိုက်မှာလား…” ရွှယ့်ယီက မေးလိုက်သည်။

“ဟုတ်တယ်…” ရှောင်ပိုင်ယီက ခေါင်းညိတ်လိုက်သည်။

“အဲ့ဒါဆို ကျုပ်စပြီနော်…” ရွှယ့်ယီက ထပ်ပြောလိုက်သည်။ ရှောင်ပိုင်ယီ ပြန်ပြောသည်ကိုပင် စောင့် မနေတော့ဘဲ ချက်ချင်းပဲ ရန်ကိုင်ဆီသို့ ပြေးဝင်သွားပြီး လက်သီးတစ်ချက် ထိုးချလိုက် လေသည်။

ရန်ကိုင်မှာလည်း နှေးမနေခဲ့သော်ငြား လူဝံကြီးသည် တကယ်ကို ကောက်ကျစ်ဉာဏ် များလိမ့်မည်ဟု မထင်ထားခဲ့ပေ။ မျက်တောင်တစ်ခတ်အတွင်း သူ့၏ လက်သီးသည် ရန်ကိုင့်ရှေ့ တည့်တည့်သို့ ရောက်နေခဲ့လေပြီ။

လက်သီးချက်မှာ ပြင်းသလား မပြင်းသလား ဆိုလျှင် သူ့၏ လက်သီး တိုးဝင်လာသည့် အခိုက် လေခွင်းသံများပင် ဟုန်းဟုန်း ထွက်ပေါ်လာခဲ့သည်။

ရန်ကိုင်လည်း အထိတ်ထိတ် အလန့်လန့်ဖြင့် နောက်သို့ ဒယိမ်းဒယိုင်သာ ပြန်ဆုတ်လိုက်ရလေသည်။

ရွှယ့်ယီမှာ အလွန်တရာကိုမှ လူကောင် ထွားသည့်တိုင် မယုံကြည်နိုင် လောက်အောင် မြန်ပေသည်။ အရိုးပေါ် လောက်တွယ်ကပ် နေသည့်အလား ရန်ကိုင်နှင့် ကပ်နေအောင် သူ့ကိုသူ ထိန်းထားခဲ့လေ၏။

ထို့နောက် လှောင်ပြုံးပြုံးလျက် “ကောင်စုတ်လေး… ဒီတစ်ကြိမ် အသက်ရှင်လို့ရှိရင် နောင်တစ်ချိန် ကိုယ့်အခြေအနေ ကိုယ်သိဖို့ သေချာ ပြန်စဉ်းစားထား”

သူ့လက်သီးသည် ရန်ကိုင့် မျက်နှာ တည့်တည့်သို့ တိုးဝင်သွားခဲ့လေ၏။

‘ဘုန်း’ ဟူသော ပေါက်ကွဲသံနှင့် အတူ ရန်ကိုင်၏ ခန္ဓာကိုယ်သည် ကျောင်းနံရံ တည့်တည်သို့ ပြေးဝင် စောင့်လေ၏။ လက်သီးချက်မှာ အလွန်တရာကိုမှ ပြင်းထန် လွန်းသည့်အတွက် နံရံပေါ်တွင် အပေါက်တစ်ပေါက်ပင် ဖြစ်သွားခဲ့လေ၏။

“ဘုန်း… ဘုန်း… ဘုန်း…”

ထိုလက်သီးချက်ကြောင့် နံရံပေါင်းများစွာ ပျက်စီးသွားခဲ့သည့် ပုံပင်။ အုတ်တံတိုင်းများ တစ်ခုပြီးတစ်ခု ပျက်စီးသွား ခဲ့သည့် အသံမှာ တစ်ခဏမျှ ကြာသည့်အခါမှသာ ရပ်တန့် သွားခဲ့လေသည်။

“ပျင်းဖို့ ကောင်းလိုက်တာကွာ” ရွှယ့်ယီက အေးစက်စက် အမူအယာဖြင့် သူ့လက်ကို ခါရင်း ရန်ကိုင့်ဘက်သို့ပင် လှည့်ကြည့် မနေတော့ဘဲ ပြောလိုက်လေ၏။

“စီနီယာအစ်ကိုရှောင်… သွားကြရအောင်”

ရှောင်ဘိုင်ယီကမူ မလှုပ်ခဲ့။ ရန်ကိုင် လွင့်ထွက်သွားသည့် ဘက်သို့သာ မျက်လုံးမှေးစင်းလျက် စိုက်ကြည့်လိုက် လေသည်။ ရုတ်တရက် သူ့အမူအယာ ပြောင်းလဲသွားပြီး ပြန်အော် ပြောလိုက်လေ၏။

“မပြီးသေးဘူး…”

“ဟမ်…” ထိုစကားကို ကြားသည့်အခါ ရွှယ့်ယီလည်း ရန်ကိုင့်ဘက်သို့ လှည့်ကြည့်လိုက်လေ၏။

လူတစ်ဦးသည် နံရံပေါ်ရှိ အပေါက်ထဲမှ ဖြေးဖြေးချင်း လမ်းလျှောက်ထွက် လာခဲ့ပြီး သူ့လက်ကို လှုပ်ခါရင်း နာကျင်နေသည့်အလား မျက်နှာအား တမဲ့မဲ့ လုပ်နေခဲ့လေသည်။

“ဒီကောင် ခုခံတာ မြန်သွားတယ်” ဝမ်ကျိရှန်းက ထိုမြင်ကွင်းကို ကြည့်ရင်း မျက်လုံးမှေးစင်းလျက် ချီးကျူးလိုက်သည်။ “မဆိုးဘူး… ဒီကောင် တော်တယ်လို့ ပြောရမယ်”

နောက်ဆုံးအချိန်တွင် ရန်ကိုင်သည် သူ့လက်နှစ်ဖက်ကို မျက်နှာ ရှေ့တည့်တည့်တွင် ကောက်ကာ၍ ရွှယ့်ယီ၏ လက်သီးချက်အား တားဆီးလိုက်သည်ကို ဝမ်ကျိရှန်း အသေအချာ မြင်လိုက်ရလေသည်။

ထို့အတွက်ကြောင့်သာ မဟုတ်လျှင် ရွှယ့်ယီ၏ လက်သီးချက်ကို မိပြီးသည့်နောက် ရန်ကိုင်၏ ခေါင်း ပေါက်ကွဲထွက်သွားလျှင်သွား၊ မထွက်လျှင်တော့ နေရာတွင်ပင် တစ်ခါတည်း တန်း သတိလစ် သွားလောက်ပေသည်။

“ဒီကောင်လေးရဲ့ ခန္ဓာကိုယ်က တော်တော် အားကောင်းတာပဲ…” ကောင်းရွှယ်ထင်းလည်း မျက်လုံး မှေးစင်းလျက် ရေရွတ်လိုက်လေသည်။

ချန်းချန်က ပြောလိုက်လေ၏။ “ကျွန်မ မှတ်မိသလောက်ဆိုရင် ရွှယ့်ယီက ရွှေမျောက်ဝံ ခန္ဓာကိုယ်ကို ကျင့်ကြံထားတာ မလား”

ကောင်းရွှယ်ထင်းက ခေါင်းညိတ်လိုက်သည်။ “ ဟုတ်တယ်… သူတန်ခိုးရှင်ဘုရင် အဆင့်ကို ရောက်တည်းက စကျင့်ကြံလာတာ… ငါထင်တာသာ မမှားဘူးဆိုရင်… သူအခု အဲ့ကျင့်စဉ်ရဲ့ အဆင့် ၆လောက် ကိုရောက်နေလောက်ပြီ”

“ကာယ ခွန်အားပိုင်း ပြောရမယ်ဆိုရင်တော့ တာအိုသခင်အဆင့် ကျင့်ကြံသူတွေထဲမှာ အဲ့လူက လွဲပြီးတော့ သူက အားအကောင်းဆုံးပဲ”

“ရွှယ့်ယီရဲ့ လက်သီးချက် မိပြီးတာတောင် ဘာမှ မဖြစ်ဘူးဆိုတော့ ဒီရန်ကိုင်ဆိုတဲ့လူကလည်း ခန္ဓာသန့်စင်ခြင်း ကျင့်စဉ်တစ်ခုကို ကျင့်ကြံထားတာပဲ ဖြစ်ရလိမ့်မယ်” ချန်းချန်က ပြောလိုက်သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၁၂၈)

“ရွှယ်ထင်းလေး… ငါတို့ လောင်းကြမလား…” ဝမ်ကျိရှန်းသည် ကောင်းရွှယ်ထင်းဘက်သို့ လှည့်၍ မေးလိုက်လေသည်။

“ဘာလောင်းမှာလဲ” ကောင်းရွှယ်ထင်းက ပြန်မေးလိုက်သည်။

“ဘယ်သူ နိုင်မလဲ ဆိုတာကိုလေ”

“ဘာနဲ့ အလောင်းအစား လုပ်မှာလဲ” ကောင်းရွှယ်ထင်းက အေးစက်စက် အမူအယာဖြင့် ထပ်မေးလိုက်သည်။

“ဘာနဲ့ အလောင်းအစား လုပ်မှာလဲ ဆိုတော့…” ဝမ်ကျိရှန်းသည် ခဏမျှ စဉ်းစားနေ ပြီးသည့်နောက် “ရွှယ်ထင်းလေး… နင် သေခြင်းရှင်ခြင်း တံခါးထဲမှာ ဘာရှိလဲ ဆိုတာကို အမြဲတမ်း သိချင်နေတာမလား… နင်သာ နိုင်မယ်ဆိုရင် ငါနင့်ကို အဲ့နေရာဆီ ဝင်ခွင့်ပေးမယ်”

“တကယ်လား…” ကောင်းရွှယ်ထင်း၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပ သွားခဲ့လေသည်။

သေခြင်းရှင်ခြင်း တံခါးဟူသော စကားလုံးကို ကြားလိုက်ချိန် ထောင့်တစ်နေရာတွင် ရပ်နေသော ချန်းချန်၏ အမူအယာ ပြောင်းလဲ သွားခဲ့လေသည်။

“ငါနင့်ကို ဘယ်တုန်းက လိမ်ဖူးလို့လဲ” ဝမ်ကျိရှန်းက ပြုံးလျက် ပြန်ပြောလိုက်သည်။

ကောင်းရွှယ်ထင်းသည် ဝမ်ကျိရှန်း ဘာကြံနေသည်လဲ ဆိုသည်ကို သိချင်နေသည့်အလား သူ့အား သေသေချာချာကို စိုက်ကြည့်နေခဲ့လေသည်။

ခဏအကြာတွင် အကြည့်ကို လွှဲဖယ်လျက် ပြန်၍ ပြောလိုက်လေ၏။ “ရှင်က ဂိုဏ်းချုပ်တစ်ယောက်သာ ဖြစ်တာ ဘယ်တော့မှ ဂိုဏ်းချုပ်တစ်ယောက်လို မနေဘူး… အမြဲတမ်း ဝေ့လည်ကြောင်ပတ်နဲ့ အရူးတစ်ယောက်လို ဘာတွေ လုပ်နေမှန်းကို မသိဘူး”

ထိုစကားကို ကြားသည့်အခါ ဝမ်ကျိရှန်း၏ မျက်နှာကြီး မဲ့သွားခဲ့ပြီး ပြန်၍ ပြောလိုက်လေ၏။ “နင်ပြောတာကို ကြားပြီးမှပဲ ငါ့ကိုယ်ငါ အသုံးမဝင်တော့ သလိုတောင် ခံစားသွားရတယ်”

ကောင်းရွှယ်ထင်းက ချက်ချင်းပဲ ခေါင်းစဉ်ပြောင်း၍ ပြန်ပြောလိုက်လေ၏။ “ဒါပေမဲ့… မဟုတ်တရုတ်တွေသာ လုပ်နေတာ ရှင်ဘယ်တော့မှ မလိမ်မှန်း ကျွန်မသိတယ်”

“ဒီဘုရင်မှာ အဲ့ကောင်းကွက်တစ်ကွက်ပဲ ရှိတာလား” ဝမ်ကျိရှန်း စိတ်ဓာတ်ကျသွား ခဲ့လေ၏။

“ဒါဆိုရင် ပြော… ရှင်နိုင်ရင် ဘာလိုချင်လဲ” ကောင်းရွှယ်ထင်းက အေးစက်စက် အမူအယာဖြင့် မေးလိုက်လေ၏။

ထိုစကားကို ကြားသည့်အခါ ဝမ်ကျိရှန်းက ခပ်သဲ့သဲ့ ရယ်မောလျက် ကောင်းရွှယ်ထင်းအား အစုံအဆန် ဝေ့ကြည့်လိုက် လေသည်။

သူ့အကြည့်ကို မြင်သည့်အခါ ကောင်းရွှယ်ထင်း ရှက်သွေးဖြာ သွားခဲ့ပြီး ပြန်၍ ပြောလိုက်လေ၏။ “မဟုတ်တရုတ်တွေ မတွေးနဲ့နော်… ရှင့်မျက်လုံးကို ဖောက်ထုတ် ပစ်လိုက်မှာ”

“နင် ဘာတွေ စဉ်းစားနေတာလဲ” ဝမ်ကျိရှန်းက ရယ်မောလျက် “ငါနိုင်လို့ရှိရင် ငါနင့်ဆီကနေ တစ်ခုခု ပြန်တောင်းဆိုမယ်။ တောင်းဆိုချက်က အရမ်းကြီးလည်း လွန်လွန်ကဲကဲ မဟုတ်ဘူး။ စည်းမျဉ်းကိုလည်း ချိုးဖောက်မှာ မဟုတ်ဘူး”

“တောင်းဆိုမှာ… ဘာကို တောင်းဆိုမှာလဲ” ကောင်းရွှယ်ထင်းက အေးစက်စက် အမူအယာဖြင့် ပြောလိုက်သည်။

“ဘာတောင်းဆိုရမလဲ ဆိုတာကိုတော့ သေချာ မစဉ်းစားရသေးဘူး။ ငါစဉ်းစားပြီးသွားရင် နင့်ကို ပြောမယ်လေ” ဝမ်ကျိရှန်းက ရယ်မောလျက် ပြောလိုက်၏။

“အစ်မကောင်း… သူ အရူးလုပ်တာ မခံရစေနဲ့နော်… ကျောင်းသခင် ခေါင်းထဲ ဘာတွေ စဉ်းစားနေလဲ ဘယ်သူမှ သိတာ မဟုတ်ဘူး”

ဝမ်ကျိရှန်း၏ ထောင်ချောက်ထဲ ကျသွားမည်စိုးသည့် အတွက်ကြောင့် ချန်းချန်သည် ကောင်းရွှယ်ထင်းအား သတိပေးလိုက်လေသည်။

“ငါသိတယ်” ကောင်းရွယ်ထင်းက ပြန်ပြောလိုက်သည်။

ထို့နောက် အောက်ဘက်ရှိ တိုက်ပွဲသို့ စိုက်ကြည့်၍ ဆက်ပြောလိုက်လေ၏။ “ဒါပေမဲ့… သူတစ်ခုခု တောင်းဆိုချင်တယ် ဆိုရင်တောင် အရင်ဆုံး နိုင်မှ ဖြစ်မှာ… မဟုတ်ရင် သူပြောသွားတဲ့ ဟာတွေ ဘာမှ အသုံးဝင်တော့မှာ မဟုတ်ဘူး”

ထိုသို့ ပြောပြီးသည့်နောက် ဝမ်ကျိရှန်းဘက်သို့ ပြန်လှည့်၍ ပြောလိုက်လေ၏။

“ကောင်းပြီလေ… သဘောတူတယ်”

“ကတိနော်…” ဝမ်ကျိရှန်းက ရယ်မောလျက် “နောက်ပြီးတော့မှ နောင်တမရနဲ့”

“နောင်တရ စရာလား။ ရှင်သာ ကျွန်မကို သေခြင်းရှင်ခြင်း တံခါးထဲ ဝင်ခွင့် ပေးဖို့ ပြင်ထားသင့်တာ”

ထိုအခြင်းအရာကို မြင်သည့်အခါ ချန်းချန်သည် ကူကယ်ရာမဲ့နေသည့် အမူအယာဖြင့်သာ သက်ပြင်းချ လိုက်လေသည်။

နေမင်းပြာကျောင်းတော်ထဲတွင် အဆင့်ဆယ့်ငါးဖြစ်သော ရွှယ့်ယီကို ရန်ကိုင်နိုင်လိမ့်မည်ဟု သူမ မထင်မိသော်ငြား သူမတို့၏ ကျောင်းသခင်သည် အလွန်ကိုမှ ခန့်မှန်းရခက်သည့် လူတစ်ဦးဖြစ်သည့် အတွက်ကြောင့် သူမစိတ်ထဲ မသက်မသာ ဖြစ်မိလေသည်။

ကျောင်းသခင်သည် ပုံမှန် အခြေအနေမျိုးတွင်သာ အသုံးမဝင်သော်ငြား တကယ့် အရေးကြီးသည့် အချိန်အခါမျိုးတွင် အလွန်ကိုမှ အားကိုးရသည့် လူတစ်ဦးဖြစ်သည်။

ဝမ်ကျိရှန်း အနေဖြင့် ကောင်းရွှယ်ထင်းအား သေခြင်းရှင်ခြင်း တံခါးထဲသို့ ဝင်ခွင့် ပေးလိမ့်မည်ဟု ချန်းချန် မထင်ပေ။ ထို့ကြောင့် ဝမ်ကျိရှန်းသည် သူနိုင်လိမ့်မည်ဟု အပြည့်အဝ ယုံကြည်နေသည့် အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။

ထိုအချက်ကို စဉ်းစား မိလိုက်သော် အောက်ဘက်ရှိ တိုက်ပွဲအား အလျင်အမြန် ငုံ့ကြည့်လိုက်လေသည်။

ရွှယ့်ယီသည် သူ့ဆီသို့ လမ်းလျှောက် လာနေသော ရန်ကိုင့်ကို ကြည့်ရင်း အံ့အားသင့်နေသည့် အမူအယာဖြင့် “မင်း အဲ့မှာပဲ ဆက်ပြီး လှဲနေလိုက်သင့်တာ… ဘာလို့ ပြန်ထလာတာလဲ… ပြန်ထလာတယ်ဆိုတာက ကိုယ့်သေတွင်း ကိုယ်တူးနေတာဆိုတာကို မင်းမသိဘူးလား”

“ရောင်းရင်း… မင်းက တကယ်ကို ရက်စက်တာပဲကွ… မင်းရဲ့ သင်ခန်းစာအတွက် ကျေးဇူးပါပဲ” ရန်ကိုင်က အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်လေ၏။

ထိုစဉ် သူ့နားထဲ အသံတစ်သံကို ကြားလိုက်လေသည်။

“ကောင်လေး… မင်း အဲ့ကောင်ကို လုံးဝ အနိုင်သာ တိုက်… အဲ့ဒါဆိုရင် ဒီဘုရင် မင်းကို အရမ်းကြီး မလွန်ကျူးတဲ့ ကြိုက်ရာ တောင်းဆိုခွင့် တစ်ခု ပေးမယ်”

ထိုအသံကြောင့် ရန်ကိုင် ကြောင်သွားခဲ့လေသည်။ ထိုအသံသည် နေမင်းပြာကျောင်းတော်၏ ကျောင်းသခင် ဖြစ်သော ဝမ်ကျိရှန်း၏ အသံမှလွဲ၍ အခြားမဟုတ်ပေ။

“ဘာတွေလဲဟ…” ရန်ကိုင် မျက်မှောင်ကျုံ့ သွားခဲ့လေ၏။ ချက်ချင်းပဲ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့် သော်ငြား ဝမ်ကျိရှန်း၏ သဲလွန်စကို မည်သည့် နေရာတွင်မှ ရှာမတွေ့ခဲ့ပေ။

သူ့ဘာသာ အတွေးထဲ နစ်မြောနေစဉ် လက်သီးတစ်လုံး သူ့ဆီသို့ ပြေးဝင်လာလေ၏။

“မင်း ဘာတွေ တွေးနေတာလဲကွ… ကိုယ့်ရန်သူ ရှေ့မှာ ရောက်နေတာတောင် အာရုံပျံ့လွင့် ရဲတာ… မင်း ငါ့ကို အထင်သေးနေတာလား”

ထိုစကားသံနှင့် အတူ အစောပိုင်းကထက် ပို၍ ရက်စက် ကြမ်းကြုတ်သော တိုက်ခိုက်မှု တစ်ခုသည် ရန်ကိုင့်ဆီသို့ တိုးဝင်လာလေသည်။

“ရန်သူလား…” ရန်ကိုင် ချက်ချင်း ခေါင်းမော့ကြည့် လိုက်၏။ ထို့နောက် သူ့ဆီသို့ တိုးဝင်လာနေသော ရွှယ့်ယီ၏ လက်သီးအား သူ့လက်သီးဖြင့် ပြန်ထိုးချ လိုက်လေသည်။

“ဘုန်း……”

ရန်ကိုင်နှင့် ရွှယ့်ယီတို့ ရပ်နေသည့် မြေပြင်ထက် ပင့်ကူအိမ်ကဲ့သို့သော အက်ကြောင်းများ အစီအရီ ထွက်ပေါ်လာ ခဲ့လေ၏။

“အုန်း……”

“ဒိုင်း…….”

“ဘုန်း……”

နားကွဲမတတ် အော်မြည်သံတို့နှင့်အတူ ရန်ကိုင်နှင့် ရွှယ့်ယီတို့၏ လက်သီးချက်များ အရင်းအမြစ်ချီတို့ ထိပ်တိုက် တွေ့ကုန်ကြလေသည်။

မြေပြင်တစ်ခုလုံးဟာလည်း သူတို့နှစ်ဦး၏ တိုက်ပွဲကြောင့် စုတ်ပြတ်သပ် ကုန်လေ၏။

“မဆိုးဘူးပဲ…” ရွှယ့်ယီသည် သူ့ရှေ့တွင် ရပ်နေသော ရန်ကိုင်အား မျက်ခုံးပင့်လျက် ကြည့်ရင်း ပြောလိုက်လေ၏။ ရန်ကိုင်သည် သူ့ထက် ကျင့်ကြံခြင်းအဆင့် တစ်ဆင့် နိမ့်သော်ငြား သူနှင့် လက်ရည်တူ ယှဉ်တိုက် နိုင်လေသည်။

ရှောင်ပိုင်ယီသည်လည်း အံ့အားသင့်နေ ခဲ့လေ၏။

“မင်းလည်း သိပ်မဆိုးပါဘူး” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလျက် ထေ့ငေါ့ ပြောဆိုလိုက်လေ၏။ “စကားပြောတဲ့ နေရာမှာပေါ့”

ပြောပြီးသည်နှင့် ရွှယ့်ယီ၏ မျက်နှာတည့်တည့်သို့ နောက်တစ်ကြိမ် ထိုးချ လိုက်လေသည်။

ရွှယ့်ယီကလည်း နှေးမနေခဲ့။ ချက်ချင်းပဲ ရန်ကိုင့်၏ တိုက်ခိုက်မှုကို သူ့လက်ဖြင့် ကာဆီးလိုက်လေ၏။ ထိုသို့ ကာပြီးသည့်နောက်တွင် ကျန်လက်တစ်ဖက်ဖြင့် ရန်ကိုင့်အား တိုက်ခိုက်လိုက်လေသည်။

ရန်ကိုင်သည်လည်း နှေးမနေခဲ့ချေ။ ချက်ချင်းပဲ သူ့လက်သီးအား သူ့လည်ပင်း ရှေ့တည့်တည့်တွင် ကာထားလိုက်သည်။ တစ်ချိန်ထဲတွင် ရွှယ့်ယီ၏ လက် သူ့ဆီသို့ ရောက်လာမည်ကို စောင့်ဆိုင်းနေလိုက်လေသည်။

“တုံးလိုက်တာ…”

ထိုအခြင်းအရာကို မြင်သည့်အခါ ရွှယ့်ယီ လှောင်ပြုံး ပြုံးလိုက်လေ၏။ ခန္ဓာကိုယ်အား အနည်းငယ် ကိုင်းလိုက်ပြီး မြေပြင်ကို ခြေထောက်ဖြင့် ကန်ကျောက်လျက် ရန်ကိုင့်၏ ဝမ်းဗိုက်ဆီသို့ ထိုးချလိုက်လေသည်။

ရန်ကိုင်သည် ရွှယ့်ယီ၏ တိုက်ခိုက်မှုအား သူ့တံတောင်ဖြင့် ထိုးချကာ ကာဆီးလိုက်လေ၏။ နှစ်ဦးစလုံး၏ တိုက်ခိုက်မှုများသည် ရေအလျင်နှယ် ချောမွေ့လှသည်။

တစ်ယောက်က တိုက်ခိုက်လိုက် တစ်ယောက်က ခုခံလိုက် လုပ်နေသည်မှာ အလွန်ကိုမှ မျက်စိဖမ်းစားစရာ ကောင်းလှပေသည်။

ထိုတိုက်ပွဲကို ကြည့်ရင်း ရှောင်ပိုင်ယီ၏ မျက်လုံးများ လေးနက် တည်ကြည် သွားခဲ့လေ၏။ သူ၏ ဂိုဏ်း၏ သိုင်းပြိုင်ပွဲတွင် ဒုတိယနေရာ ရခဲ့သော်ငြား ကာယခွန်အားခြင်း ယှဉ်မည်ဆိုပါက ရွှယ့်ယီ၏ ပြိုင်ဘက် မဟုတ်ပေ။

သို့သော်ငြား ရန်ကိုင်ကမူ ရွှယ့်ယီအား ရုပ်ခွန်အားခြင်း ယှဉ်ပြိုင်တိုက်ခိုက် နေနိုင်ခဲ့သည်။ ရှောင်ပိုင်ယီ ပို၍ အံ့အားသင့် နေရသည့် အချက်မှာ ရန်ကိုင်သည် တာအိုသခင် ပထမအဆင့်သာ ရှိနေသေးခြင်းပင်။ သူ့ကျင့်ကြံခြင်းမှာ ရွှယ့်ယီထက် တစ်ဆင့်နိမ့်ပေသည်။

(ဒီကောင် ဘယ်ကမ္ဘာကနေ ရောက်လာတာလဲကွ)သူနှင့် ရွှယ့်ယီသည် နေမင်းပြာကျောင်းတော်၏ လက်ရွေးစင်တပည့်များ ဖြစ်ကြသည်။

“အုန်း… ဘုန်း… ဘုန်…”

နန်းတော်ရှေ့တွင် ပုံရိပ်နှစ်ခုသည် မည်သည့် မှော်ရတနာကိုမျှ အသုံးမပြုဘဲ လက်သီးချင်း ယှဉ်ထိုး နေခဲ့ကြလေသည်။

သူတို့၏ တိုက်ပွဲကြောင့် မြေပြင်ထက် ကျင်းပေါက်များ၊ အက်ရာများ တစ်ခုပြီး တစ်ခု အဆက်မပြတ် ထွက်ပေါ် လာနေလေ၏။

“အစ်မကောင်း…” ချန်းချန် မင်သက်နေခဲ့သည်။ သူမစိတ်ထဲ ရန်ကိုင်၏ စွမ်းရည်ကြောင့် အံ့အားသင့်မိသော်ငြား ကောင်းရွှယ်ထင်း အလောင်းအစား ရှုံးသွားမည်ကို ပို၍ စိတ်ပူနေခဲ့လေသည်။

ရန်ကိုင်သာ နိုင်သွားခဲ့လျှင် သူတို့၏ ကျောင်းသခင် မည်ကဲ့သို့သော အရာမျိုးကို တောင်းဆိုလာမလဲ ဆိုသည်နှင့် ပတ်သက်၍ မည်သူမျှ မပြောနိုင်ချေ။

“ငါမှားသွားပြီ…” ကောင်းရွှယ်ထင်းကလည်း အံကြိတ်၍ ဝမ်ကျိရှန်းအား စူးရဲစွာ စိုက်ကြည့် လိုက်လေသည်။ ဝမ်ကျိရှန်းကမူ ဂုဏ်ယူဝံ့ကြွားစွာဖြင့် ဝိုင်လေးသောက်လိုက် အသီးလေး စားလိုက်နှင့် အေးအေးဆေးဆေး ဇိမ်ယူနေလေ၏။

“အဲ့လောက် ယုံကြည်ချက် ရှိမနေနဲ့ဦး” ကောင်းရွှယ်ထင်းက အေးစက်စက် အမူအယာဖြင့် ပြောလိုက်၏။

“ဒီလိုဆိုမှတော့လည်း ငါ့ကို အပြစ်မတင်နဲ့တော့ပေါ့…” ပြောပြီးသည်နှင့် အောက်ဖက်သို့ စိုက်ကြည့်၍ သူမ၏ ကောင်းကင် စိတ်အာရုံကို ဖြန့်ကျက်လိုက်လေသည်။

ထိုစဉ် ရန်ကိုင်နှင့် ယှဉ်တိုက်ခိုက်နေသော ရွှယ့်ယီက အလန့်တကြား ထအော်လေ၏။

“မဟုတ်ဘူး…”

ရန်ကိုင်ကမူ ရွှယ့်ယီ ဘာဖြစ်နေလဲ ဆိုသည်ကို ဂရုစိုက် မနေဘဲ သူ့လက်သီးဖြင့်သာ ထိုးချလိုက်လေ၏။

ရွှယ့်ယီမှာ ရန်ကိုင်၏ လက်သီးစာ မိသွားပြီးသည့် နောက်တွင် ကြိုးပြတ်သွားသည့် စွန်တစ်စင်းနှယ် လွင့်စင် ထွက်သွား ခဲ့လေသည်။ တစ်ချိန်တည်းတွင် ရန်ကိုင့်လက်သီးချက်ကြောင့် နှာခေါင်းသွေးပါ ယိုစီးကျ လာခဲ့လေ၏။

“ဟမ်…” ထိုမြင်ကွင်းကို ကြည့်ရင်း ရှောင်ဘိုင်ယီ အံ့အားသင့် သွားခဲ့သည်။ နှစ်ဦးသား လက်ရည်ညီနေရာမှာ ရွှယ့်ယီ မည်ကဲ့သို့ အထိုးခံလိုက် ရသလဲ ဆိုသည်ကို နားမလည်နိုင်အောင် ဖြစ်နေလေသည်။

“ကြည့်ရတာ နင့်ရဲ့ကောင်က ဘာမှ အသုံးမဝင်တဲ့ ပုံပဲနော်” ဝမ်ကျိရှန်းသည် ကောင်းရွှယ်ထင်းအား ပြုံးကာ ပြောလိုက်လေသည်။

ကောင်းရွှယ်ထင်းက အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “အပိုတွေ လာပြောမနေနဲ့… ပွဲပြီးတဲ့ထိ ကြည့်ပြီးမှပြော…”

ဝမ်ကျိရှန်းကမူ သူမ၏ ခက်ထန်ပုံကို ဂရုစိုက် မနေဘဲ ပြုံးမြဲသာ ပြုံးနေခဲ့သည်။ မည်သို့ပင် ဆိုစေကာမူ သူသည် အရေထူသည့်လူတစ်ဦးပင် မဟုတ်ပေလော။

ရွှယ့်ယီသည် မြေပြင်မှ ပြန်ထလာပြီးနောက် သူ့နှာခေါင်းကို ပွတ်ရင်း ရေရွတ်လိုက်လေသည်။ “ငါတကယ်ကို နှစ်ဝက် အကျဉ်းမကျချင်ဘူး… အဲ့ အမှောင်တောင်ထွတ်ဆိုတာ နေလို့ ကောင်းတဲ့ နေရာလည်း မဟုတ်ဘူး… ငါ့လခွမ်းပဲ”

“မင်း ဘာတွေ လျှောက်ပြောနေတာလဲ… ခေါင်းထိသွားတာလား” ရန်ကိုင်က ရွှယ့်ယီအား မျက်လုံးမှေးစင်းစွာ စိုက်ကြည့်ရင်း ပြောလိုက်လေသည်။

“ငါပြောနေတာက… မင်းသေပြီလို့…” ရွှယ့်ယီ၏ အကြည့်ထဲ အလွန်ကိုမှ အန္တရာယ်များသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာ ခဲ့လေသည်။ ထို့နောက်တွင် သူ့ခန္ဓာကိုယ်သည်လည်း တလက်လက် တောက်ပလာခဲ့လေ၏။

“အစတုန်းကတော့ မင်းကို သင်ခန်းစာ ပေးချင်ရုံပဲ… ဒါပေမဲ့ အခုကတော့ ငါ အမှတ်မထင် မင်းကိုတောင် သတ်မိသွားနိုင်တယ်”

သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အလင်းရောင်မှာ ရုတ်ချည်း ပေါက်ကွဲ ထွက်သွားခဲ့လေ၏။ ထိတ်လန့်ဖွယ်ရာ ဟိန်းဟောက်သံနှင့် အတူ သူ့ခန္ဓာကိုယ်တစ်ခုလုံး သတ္တုရောင်ဖြင့် တလက်လက် တောက်ပလာခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၁၂၉)

ထိုအချိန် အတောအတွင်း ရွှယ့်ယီ၏ အရှိန်အဝါသည် တဖြည်းဖြည်းချင်း မြင့်တက် လာနေခဲ့လေသည်။ ယခင်က တာအိုသခင် ဒုတိယအဆင့် ကျင့်ကြံသူ တစ်ဦးသာ ဖြစ်သော ရွှယ့်ယီ၏ အရှိန်အဝါသည် တာအိုသခင် တတိယအဆင့်နှင့်ပင် ယှဉ်ပြိုင်နိုင်သော အရှိန်အဝါကို ထုတ်လွှတ်လာခဲ့လေသည်။

ရွှယ့်ယီ၏ ပြောင်းလဲ သွားသည့်ပုံကို မြင်ပြီးသည့် နောက်တွင် ရန်ကိုင်က မျက်လုံးမှေးစင်းလျက် ပြောလိုက်လေ၏။

“ခန္ဓာသန့်စင်ခြင်းနည်းစနစ် တစ်ခုလား…”

ထို့နောက် လက်ဖြင့်တောက်လျက် အရင်းအမြစ်ချီ နှစ်ခုအား ရွှယ့်ယီဆီသို့ လှမ်းပစ်လိုက်လေသည်။ ရွှယ့်ယီသည်လည်း ရှောင်မနေခဲ့။

“ထန်… ထန်…”

သတ္တုချင်း ထိခိုက်သံနှင့်အတူ ရန်ကိုင်၏ အရင်းအမြစ်ချီသည် ရွှယ့်ယီ၏ ခန္ဓာကိုယ်ထက် မီးပွင့်များကိုသာ ဖြစ်ပေါ်သွားစေ၏။

“တိုက်မနေနဲ့… မင်းဘယ်လို တိုက်တိုက် ငါ့ရဲ့ ရွှေမျောက်ဝံ ခန္ဓာကိုယ်ကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး” ရွှယ့်ယီက ခေါင်းမော့ ရင်ကော့လျက် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်လေသည်။

“အဲ့ဒါကတော့ တိုက်ပြီးရင် သိမှာပေါ့ကွာ…” ရန်ကိုင်သည် ရွှယ့်ယီနှင့် ပြိုင်၍ ငြင်းခုန်မနေဘဲ ရပ်နေရာမှ ပျောက်ကွယ် သွားခဲ့လေသည်။

ထိုအချင်းအရာကို မြင်သည့်အခါ ရွှယ့်ယီ၏ မျက်လုံးမှေးစင်းသွားပြီး မျက်မှောင်ကျုံ့လိုက်လေ၏။ လက်ရှိ အချိန်တွင် ရန်ကိုင်သည် ရွှယ့်ယီ၏ မြင်ကွင်းမှ လုံးဝ ပျောက်ကွယ် နေခဲ့လေသည်။ သူ့အမြန်နှုန်းကို ရွှယ့်ယီကိုယ်တိုင် လုံးဝ လိုက်မမီနိုင်အောင် ဖြစ်နေခဲ့လေ၏။

သို့သော်ငြား နေမင်းပြာကျောင်းတော်၏ လက်ရွေးစင်တပည့်တစ်ဦး ဖြစ်သည်နှင့်အညီ ရွှယ့်ယီသည် ထိတ်လန့် ပျာယာခတ်သွားခြင်း မရှိဘဲ သူ့လက်အား နောက်သို့ ဝှေ့ယမ်း ချလိုက်လေ၏။

သူထင်သကဲ့သို့ပင် ရန်ကိုင်သည် သူ့နောက်တည့်တည့်တွင် ပြန်ပေါ်လာလေ၏။ ထိုအချင်းအရာကို မြင်သည့်အခါ ရွှယ့်ယီက လှောင်ပြုံးပြုံးလိုက်ပြီး ခြေဆောင့်နင်းချ လိုက်လေသည်။

သူ့ခြေထောက်နှင့် မြေပြင် ထိသွားသည်နှင့် တစ်ပြိုင်နက် မြေပြင်တစ်ခုလုံး တသိမ့်သိမ့်မြည်အောင် တုန်ခါလာခဲ့လေ၏။ ထို့နောက်တွင် တစ်ဝုန်းဝုန်း မြည်သံနှင့်အတူ မြေနဂါးတစ်ကောင်သည် မြေပြင်ထဲမှ ထွက်ပေါ်လာပြီး ရန်ကိုင့်တည့်တည့်သို့ တိုးဝင် သွားခဲ့လေသည်။

ထို မြေနဂါးသည် သာမန် မြေနဂါးသာ မဟုတ်။ ရွှယ့်ယီမှ ပညာရပ်တစ်ခုကို သုံး၍ ထုတ်ဖော်ထားသည့် မြေနဂါးတစ်ကောင် ဖြစ်ပေသည်။

မြေနဂါးကိုယ်ပေါ်တွင် နိယာမစွမ်းအားအချို့ ကိန်းအောင်းနေသည်ကို မြင်တွေ့နိုင်ပေသည်။ မြေနဂါးသည် လျှပ်စီးတန်း တစ်ခုနှယ် ရန်ကိုင့်တည့်တည့်သို့ တိုးဝင်သွားခဲ့လေသည်။

လေထဲတွင် ဝဲ၍ ရွှယ့်ယီအား အနောက်မှ ချောင်းတိုက်ခိုက်ရန် ပြင်နေသော ရန်ကိုင်သည် မြေနဂါးလက်မှ လုံးဝ မလွတ်မြောက်နိုင်တော့ပေ။ မြေနဂါးသည် ရန်ကိုင့်ဆီသို့ တစ်ခဏတွင်း ရောက်လာပြီး ကိုက်ချလိုက် လေတော့၏။

ရန်ကိုင့်၏ ခန္ဓာကိုယ်သည်လည်း ထိုကိုက်ချက်နှင့်အတူ နှစ်ပိုင်း ကွဲထွက် သွားခဲ့လေသည်။

“ဟမ်…” ထိုမြင်ကွင်းကို မြင်သော်ငြား ရွှယ့်ယီမှာ စိတ်သက်သာရာ ရသွားခြင်း မရှိဘဲ ပို၍ပင် အံ့အားသင့် သွားခဲ့လေသည်။ တစ်ချိန်တည်းတွင်လည်း အစောပိုင်းကကဲ့သို့ ဂုဏ်ယူဝံ့ကြွားနေခြင်း မရှိတော့ချေ။

နှစ်ပိုင်းကွဲထွက်သွားသော ရန်ကိုင့်၏ ခန္ဓာကိုယ်သည် အခိုးအငွေ့များအဖြစ်သို့ တဖြည်းဖြည်း လွင့်စင် ပျောက်ကွယ် သွားကြောင်းကို တွေ့ရှိလိုက်ရသည်။ ထိုအရာမှာ ရန်ကိုင် မဟုတ်ဘဲ ရန်ကိုင်၏ ပုံရိပ်တစ်ခုသာ ဖြစ်နေခဲ့လေသည်။

“ငါ့လခွမ်း…” ရွှယ့်ယီ အော်ဟစ် ငြီးတွားလိုက်ပြီး ချက်ချင်းပဲ ရှေ့သို့ ပြန်လှည့်ကြည့်လိုက်လေ၏။

ရန်ကိုင်သည် သူ့ရှေ့တည့်တည့်တွင် ပေါ်လာခဲ့လေသည်။ ထို့နောက် ခါးကို နှိမ့်လျက် ရွှယ့်ယီ၏ ဝမ်းဗိုက်တည့်တည့်သို့ တစ်ချက်ပြီး တစ်ချက် ထိုးချ လိုက်တော့လေသည်။

ရန်ကိုင်၏ လက်သီးချက်များသည် အလွန်တရာကိုမှ မြန်ဆန်လှရာ သူ့လက်သီးချက်များကို ရှင်းရှင်းလင်းလင်းပင် မမြင်နိုင်တော့ဘဲ ပုံရိပ်ယောင်များကိုသာ မြင်တွေ့နေရ တော့လေသည်။

“ဘုန်း… ဘုန်း… ဘုန်း… ဘုန်း… ဘုန်း…”

ရန်ကိုင့်၏ လက်သီးချက်များကြောင့် ရွှယ့်ယီမှာ နောက်သို့ တရစပ် ဆုတ်နေခဲ့ရလေသည်။ ရန်ကိုင့်၏ လက်သီးနှင့် သူ့ဝမ်းဗိုက်နေရာဆီမှလည်း အရောင်အဝါများ တလက်လက် တောက်ပလာနေခဲ့လေ၏။

“ရွှေအကာအကွယ်” ရွှယ့်ယီက ရုတ်တရက် အော်ဟစ်လိုက်လေသည်။ ဝါကျင့်ကျင့် အလင်းအကာအကွယ်တစ်ခု ရွှယ့်ယီ၏ ခန္ဓာကိုယ်ပတ်လည်တွင် ရုတ်တရက် ပေါ်လာခဲ့လေ၏။

ထိုအကာအကွယ် ပညာရပ်ကို ထုတ်သုံးပြီးသည့် နောက်တွင် ရွှယ့်ယီသည် သူ့လက်နှစ်ဖက်ကို ပူးကပ်လျက် အောက်တည့်တည့်သို့ ထောင်းချလိုက်လေသည်။

ဘုန်း ဟူသော မြည်သံနှင့်အတူ ရွှယ့်ယီ ထောင်းချလိုက်သော နေရာတွင် ဧရာမ ကျင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။

သို့သော်ငြား ရန်ကိုင့်ကိုမူ မည့်သည့်နေရာတွင်မျှ မတွေ့ရချေ။ ရန်ကိုင်သည် အတွေးနက်နေသည့် အမူအယာဖြင့် ရွှယ့်ယီနှင့် မီတာပေါင်းများစွာ အကွာတွင် ရပ်နေခဲ့လေ၏။

(နဂါးသွေး၊ အရိုးနဲ့ ဓာတ်လုံးတွေကို သန့်စင်ပြီးတဲ့ နောက်ပိုင်း ငါ့ခန္ဓာကိုယ်နဲ့ တုံ့ပြန်နိုင်စွမ်းအားက တော်တော်လေးကို တိုးတက်လာတာပဲ… ဒါမှမဟုတ် ခုလိုဖြစ်နေရတာ ရတနာတစ်သောင်းဆေးရည်ရဲ့ အာနိသင်များ ဖြစ်နေမလား)

(ငါအဲ့တာကို သောက်လိုက်တုန်းက အကုန်သန့်စင် လိုက်တာ မဟုတ်ဘူး၊ ငါ့ခန္ဓာကိုယ်ထဲမှာ ဆေးအာနိသင် တော်တော်များများက ကိန်းအောင်းနေခဲ့တာ)

ရန်ကိုင်သည် သူ့ဘာသာ ကြိတ်၍ တွေးတောနေ ခဲ့လေသည်။ ယခင်ကသာ ဆိုလျှင်တော့ ရန်ကိုင်သည် လက်ရှိ ရွှယ့်ယီအား မည်သို့မျှ ထိခိုက်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်ငြား ယခုမူ သူနှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေသော ရွှယ့်ယီသည် အကောင်းအတိုင်း ရှိနေသေးသည်ဟု ထင်ရသော်ငြား သူ့အရှိန်အဝါမှာ အနည်းငယ် မတည်မငြိမ် ဖြစ်နေခဲ့လေပြီ။ ထို့အပြင် သူ့နှုတ်ခမ်း ထောင့်စွန်းမှလည်း သွေးအချို့ စီးကျ‌နေလေ၏။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” ထိုမြင်ကွင်းကို ကြည့်ရင်း ရှောင်ပိုင်ယီမှာတော့ အလွန်တရာကိုမှ ထိတ်လန့်အံ့အားသင့် နေတော့လေ၏။

လွန်ခဲ့သော သုံးလခန့်က သိုင်းပြိုင်ပွဲတွင် သူကိုယ်တိုင်သည် ရွှယ့်ယီနှင့် တိုက်ခိုက်ခဲ့ရသည်။ ထိုစဉ်က ရွှယ့်ယီမှာ သူ၏ ရွှေရောင်မျောက်ဝံ ခန္ဓာကိုယ်ကို ထုတ်သုံး လိုက်သည့်အခါ သူ့အနေဖြင့် ရွှယ့်ယီကို အနိုင်ယူရန်အတွက် တစ်နာရီတင်းတင်း အချိန်ယူခဲ့ရလေသည်။

ထိုသို့ အနိုင်ယူနိုင်ရန် အတွက်လည်း သူ့၏ အားအကောင်းဆုံးသော တိုက်ကွက်များကို ထုတ်သုံးခဲ့ရသေး၏။ ရွှယ့်ယီ၏ အကာအကွယ်မှာ ကျောက်စိုင်ကျောက်သားတစ်ခုနှယ် အလွန်ကိုမှ မာကျောလှကာ ထိုးဖောက်နိုင်ရန်အတွက် အလွန်ကိုမှ ခက်ခဲလှပေသည်။ ထိုတိုက်ပွဲကို သူ့စိတ်ထဲ ကွက်ကွက်ကွင်းကွင်း မှတ်မိ နေပေသေးသည်။

သို့သော်ငြား ရန်ကိုင်ကမူ သူ့ကာယခွန်အား သက်သက်ဖြင့် ရွှေရောင်မျောက်ဝံ ထုတ်သုံးထားသည့် ရွှယ့်ယီအား ဒဏ်ရာရအောင် လုပ်သွားနိုင်ခဲ့သည်။

(ဒါပေမဲ့ အခုမှလည်း ငါသတိပြုမိတယ်… ဒီကောင်က အရင်ပြိုင်ပွဲတုန်းက သူ့ခွန်အားကို တော်တော် လျှိုထားခဲ့တာပဲ။ ဒီကောင် သိပ်တော့ မရိုးရှင်းဘူး။)

(ကြည့်ရတာ သူ့တကယ့် ကျင့်ကြံခြင်းကို ဖုံးကွယ်ထား တာလား အဲ့လိုမှမဟုတ်ဘဲ အစတည်းက ဒီလောက်ကြီးကို အားကောင်းနေတာလား) ရှောင်ပိုင်ယီ ကြိတ်၍ စဉ်းစားနေခဲ့သည်။

“ရောင်းရင်းရွှယ်… မင်းခန္ဓာကိုယ်က တကယ် မဆိုးဘူးပဲ။ တကယ် တိုက်ခိုက်လို့ ကောင်းအောင် လေ့ကျင့် ထားတာပဲ” ခပ်ဝေးဝေးတွင် ရှိနေသော ရန်ကိုင်သည် ရွှယ့်ယီအား ပြုံးကာ စိုက်ကြည့်ရင်း ပြောလိုက်လေသည်။

ရွှယ့်ယီမှာ အစောပိုင်းက ကဲ့သို့ မောက်မာ ဝံ့ကြွားနေခြင်း မရှိတော့ချေ။ ဒဏ်ရာ ရပြီးသည့် အချိန်မှစ၍ ဤတိုက်ပွဲနှင့် ပတ်သက်၍ တစ်ခုခု မှားယွင်းနေသည်ဟု သူ့စိတ်ထဲ ခံစားလိုက်ရသည်။

သူသည် ရွှေရောင်မျောက်ဝံ ခန္ဓာကိုယ်ကျင့်စဉ်အား အဆင့်ခြောက်ထိ ရောက်အောင် ကျင့်ကြံထားနိုင်ခြင်း ဖြစ်သည်။ ဂိုဏ်းထဲရှိ ဧကရာဇ်အဆင့် ပညာရှင်များပင်လျှင် သူ့ခန္ဓာကိုယ်အား ချီးကျူးရလေသည်။

သို့သော်ငြား ယခုမူ သူအလွန်ကိုမှ ဂုဏ်ယူဝံ့ကြွားရသည့် ရွှေမျောက်ဝံ ခန္ဓာကိုယ်သည် ဘယ်ကမှန်းမသိသော တာအိုသခင် ပထမအဆင့် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုကြောင့် ထိခိုက် သွားခဲ့ရလေသည်။

ယခုမတိုင်ခင်က တစ်ယောက်ယောက်မှ သူ့အား ဤအကြောင်း လာပြောမည် ဆိုပါက ရွှယ့်ယီအနေဖြင့် ရယ်သာ ရယ်ချပစ်လိုက်ပေလိမ့်မည်။ သို့သော်ငြား အမှန်တရားကမူ သူ့ရှေ့မှောက်တွင် ဖြစ်ပျက်နေခဲ့လေပြီ။

“ဒါပေမဲ့…” ရန်ကိုင်က သိမ်းငှက်တစ်ကောင်ကဲ့သို့ စူးရှသည့် အကြည့်ဖြင့် ရွှယ့်ယီအား စိုက်ကြည့်ရင်း “မင်း ဘယ်လောက်ပဲကောင်းကောင်း မင်း အတီးပဲခံရတော့မှာ… မင်းမှာ ငါ့ကို တီးနိုင်မဲ့ နည်းလမ်းမှ မရှိတာ”

“လေလုံး လာထွား မနေနဲ့” ရွှယ့်ယီက ရှက်ရှက်ဖြင့် ဒေါသတကြီး ထအော်တော့လေသည်။ ဒေါသကြောင့် သူ့မျက်ခမ်းများဟာလည်း တဆတ်ဆတ် တုန်ရီ လာခဲ့လေ၏။ နောက်ဆုံးတွင် ခက်ထန်သည့် လေသံဖြင့် အော်ဟစ်လိုက်လေသည်။

“နောက်ကျမှ ငါမင်းကို သတ်လို့ဆိုပြီး အပြစ်မတင်နဲ့ ပေါ့ကွာ” ပြောပြီးသည်နှင့် သူ့လက်ဖဝါးနှစ်ဖက်ကို သူ့ရှေ့တည့်တည့်တွင် ပူးကပ်ချလိုက်လေသည်။

ဆန်းကြယ်သည့် စွမ်းအားတစ်ရပ် သူ့ခန္ဓာကိုယ်ဆီမှ ပေါက်ကွဲထွက်လာ ပြီးသည့်နောက် ယခင်တည်းက ကြီးမားနေခဲ့ပြီး ဖြစ်သော သူ့ခန္ဓာကိုယ်ကြီးမှာ ပို၍ပင် ကြီးမားလာခဲ့ပေသည်။ တစ်ချိန်တည်းတွင် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် သတ္တုရောင်တို့မှာလည်း ပို၍ စူးရှ တောက်ပလာခဲ့လေ၏။

ထိုကျင့်စဉ်ကို ထုတ်သုံးပြီးသည့် နောက်တွင် ရွှယ့်ယီသည် လက်အိတ်နှစ်ဖက်ကို ထုတ်ယူလိုက်လေသည်။ ထို့နောက် မြေပြင်ကို ကန်ကျောက်လျက် ရန်ကိုင့်ဆီသို့ ခုန်ဝင်သွားလေ၏။

“မကောင်းတော့ဘူး… ဒီကောင် သူသေကိုယ်သေ တိုက်ခိုက်တော့မှာ” ဝမ်ကျိရှန်းသည် အောက်ဘက်ရှိ တိုက်ပွဲအား မျက်လုံးမှေးစင်းလျက် စိုက်ကြည့်လိုက်သည်။ တစ်ချိန်တည်းတွင် အခြေအနေသာ ဆိုးရွားလာခဲ့လျှင် အချိန်မရွေး ဝင်တားနိုင်ရန် အတွက် ပြင်ဆင်ထား လိုက်လေသည်။

တကယ်တော့ ရွှယ့်ယီသည် သူတို့‌ နေမင်းပြာကျောင်းတော်၏ လက်ရွေးစင်တပည့်တစ်ဦးပင် ဖြစ်လင့်ကစား ရန်ကိုင်သည်လည်း အရေးကြီးသည့် ဧည့်သည်တစ်ဦး ဖြစ်နေဆဲ။ ထို့ကြောင့် သူတို့ နှစ်ဦးစလုံး သေသွားမည်ကို သူမလိုလားပေ။

“ဒီကောင်လေး ရွှယ့်ယီကို အခုလိုတွေ ဖြစ်အောင် တွန်းအားပေးနိုင်မယ်လို့ ငါတကယ်ကို မထင်ထားခဲ့ဘူး” ချန်းချန်က အံ့အားသင့်နေသည့် လေသံဖြင့် “ဒီကောင့် ပါရမီက မဆိုးဘူးပဲ… ဂိုဏ်းချုပ် သူ့ကို ဂိုဏ်းထဲ ခေါ်ချင်လား”

“ဂိုဏ်းထဲခေါ်တာကတော့ ရပါတယ် ဒါပေမဲ့…”

“ဒါပေမဲ့ ဘာလဲ”

“ဒါပေမဲ့ ငါဒီကောင်ကို တစ်နေရာရာမှာ မြင်ဖူးနေသလိုပဲ… ပြီးတော့ သူ့ဆီကနေ ရနေတဲ့ ခံစားချက်က ရိုးရိုးခံစားချက် မဟုတ်ဘူး။ အရမ်း အန္တရာယ်များတဲ့ ခံစားချက်တစ်ခုပဲ”

ချန်းချန်သည် ကောင်းရွှယ်ထင်းအား အံ့အားသင့်တကြီး စိုက်ကြည့်လိုက်လေသည်။ ကောင်းရွှယ်ထင်း ဘာကို ပြောလို့ပြောနေမှန်း သူမ နားမလည်နိုင်အောင် ဖြစ်နေခဲ့လေ၏။

ထိုစဉ် အဖြူရောင်သန်းနေသော လောကကြီးထဲ ကာလာရောင်စုံတို့ ပေါက်ကွဲထွက်လာ ခဲ့လေသည်။ ထိုကာလာရောင်စုံမှာ အလွန်ကိုမှ စူးရှလွန်းလေရာ မျက်စိများပင် ကျိန်းသွားနိုင်လောက်ပေ၏။

“ဓာတ်ကြီးငါးပါး စွမ်းအား” ကောင်းရွှယ်ထင်းသည် အံ့အားသင့်နေသည့် အမူအယာဖြင့် မျက်ခုံးပင့်လိုက်လေသည်။

ထိုကာလာရောင်စုံထဲမှ တစ်ခုကိုတစ်ခု အပြန်အလှန် ချုပ်နှောင် အားပြုပေးနေသော ဓာတ်ကြီးငါးပါးစွမ်းအားကို သူမ ခံစားလိုက်ရလေသည်။

လက်ရှိအခြေအနေကို ကြည့်ရသလောက် ထိုကာလာရောင်စုံနှင့် အဖြူရောင်အလင်းတို့သည်သာ အချင်းချင်း ပြိုင်ဆိုင်နေကြသည့် ပုံပင်။

ကာလာရောင်စုံကြောင့် တဖြည်းဖြည်း ပွင့်အာလာနေသော လမ်းမှာ ပိုပို၍ ကျယ်ပြောလာနေခဲ့သည်။

တစ်ချိန်တည်းတွင် ရွှယ့်ယီ၏ မကျေမနပ် အော်ငြီးသံများနှင့် ရန်ကိုင်၏ အဆက်မပြတ် ရေရွတ်သံတို့ကိုလည်း ကြားယောင်နေရလေ၏။ နှစ်ဦးသား ရေကုန်ရေခမ်း ယှဉ်ပြိုင်တိုက်ခိုက် နေကြသည့် ပုံပင်။

တိုက်ပွဲအား ဘေးမှ ရပ်စောင့်ကြည့်နေသော ရှောင်ပိုင်ယီမှာ ထွက်ပေါ်လာသည့် စွမ်းအင်လှိုင်းများကို ခုခံနိုင်ရန်အတွက် ကျင့်စဉ်တစ်ခုကို ထုတ်သုံးရုံမှ အပ အခြားရွေးချယ်စရာ မရှိတော့ချေ။

“သုံးလအတွင်း သူဒီလောက်တောင် အားကောင်း လာတာလား” ရှောင်ပိုင်ယီ ထိတ်လန့် သွားခဲ့လေ၏။ “ကြည့်ရတာ ရွှယ့်ယီ တစ်ကယ် ကြိုးစားနေတယ်နဲ့ တူတယ်”

လွန်ခဲ့သော သုံးလနှင့် ယှဉ်လိုက်လျှင် ရွှယ့်ယီ အလွန်ကိုမှ အားကောင်းလာကြောင်း ရှောင်ပိုင်ယီ ခံစားသိရှိလိုက်ရသည်။ ယခင်သုံးလကသာ သူ့တွင် ဤကဲ့သို့သော ခွန်အားမျိုး ရှိမည်ဆိုပါက ရွှယ့်ယီအနေဖြင့် ထိပ်ဆုံး ဆယ်နေရာထဲသို့ပင် ဝင်နိုင်ပေသည်။

သို့သော်ငြား ဤကဲ့သို့သော ခွန်အားကို ပိုင်ဆိုင်ထားသည့်တိုင် ရန်ကိုင်ဆိုသော ကောင်စုတ်လေးသည် သူနှင့် လက်ရည်တူ ယှဉ်တိုက် နေနိုင်ခဲ့လေသည်။

ရုတ်တရက် အသံတိုးတိုး တစ်သံကို ကြားလိုက်ရလေ၏။

“အနန္တဓါးအလင်း… လအရောင်အစင်း တောက်ပစမ်း” ထိုစကားသံနှင့်အတူ အာကာယံထက်ဆီမှ မျက်စိကျိန်းမတတ် တောက်ပသော ဓါးအလင်းတန်းတို့ ဖြာထွက် လာခဲ့လေသည်။

ထိုအလင်းတန်းများထဲ ရပ်တန့်မရအောင် အားကောင်းလှသော ဓာတ်ကြီးငါးပါးစွမ်းအားတို့လည်း ကိန်းအောင်း ပါဝင်နေခဲ့လေ၏။

တစ်ချိန်တည်းတွင် အလွန်ကိုမှ ထူးခြားသည့် စွမ်းအင်လှိုင်းတစ်ရပ်မှာ တဖြည်းဖြည်းချင်း ပျံ့လွင့်လာခဲ့လေသည်။

“ရွှစ်… ရွှစ်… ရွှစ်”

ရွှယ့်ယီမှ ဖန်တီးထားသော အဖြူရောင်လောကကြီးသည် ထိုဓါးအလင်းများအောက်တွင် တစ်စဆီ ပျက်စီးကုန်လေ၏။ ရွှယ့်ယီသည် ကူကယ်ရာမဲ့နေသည့် ပုံစံဖြင့် ကောင်းကင်ပေါ်မှ ဒဏ်ရာ ဗရပွဖြင့် အောက်သို့ ပြုတ်ကျလာခဲ့လေသည်။

သူ့မျက်နှာ တစ်ပြင်လုံး သွေးမရှိတော့သည့်နှယ် ဖြူလျော်နေပြီး သူ့ခန္ဓာကိုယ်ကလည်း ယခင်ကကဲ့သို့ သတ္တုရောင် တောက်ပနေခြင်း မရှိတော့ချေ။ သူထုတ်ယူလိုက်သည့် လက်အိတ်နှစ်ဖက်မှာလည်း အရောင်အဆင်း ကင်းမဲ့နေခဲ့လေပြီ။

ရွှယ့်ယီ‌ မြေပြင်ပေါ်သို့ ပြုတ်ကျလာနေသည်ကို မြင်သော် ရှောင်ပိုင်ယီလည်း သူ့အား အလျင်အမြန် လှမ်းဖမ်းလိုက်လေ၏။ ရွှယ့်ယီ၏ ဒဏ်ရာများကို စစ်ဆေးပြီးနောက် သူမည်သည့် ဆိုးဆိုးရွားရွား ဒဏ်ရာမှ မရလိုက်မှန်း သေချာသွားသည့်အခါမှပဲ ရှောင်ပိုင်ယီ စိတ်သက်သာရာ ရသွားခဲ့လေသည်။

လက်ရှိ ရွှယ်ယီသည် ဒဏ်ရာ ဆိုးဆိုးရွားရွား ရမထားခဲ့ပဲ သူ့စွမ်းအားကို အလွန်အကျွံ ထုတ်သုံးမိခဲ့သည့် အတွက်ကြောင့်သာ ယခုကဲ့သို့ ဖြစ်နေရခြင်း ဖြစ်သည်။

ထို့နောက်တွင် ရှောင်ပိုင်ယီသည် လေထဲတွင် ဝဲနေသော ရန်ကိုင့်အား အေးစက်စက် အမူအယာဖြင့် စိုက်ကြည့်လိုက်လေသည်။

ထို့နောက်တွင် သူ့အကြည့်သည် ရန်ကိုင့်လက်ထဲတွင် ကိုင်ဆောင်ထားသော ဓါးရှည်ဆီသို့ ရောက်သွား ခဲ့ပြီး အေးစက်စက် အမူအယာဖြင့် နှာခေါင်း ရှုံ့လိုက်လေ၏။

“ဧကရာဇ်အဆင့် မှော်ရတနာ…”

ရန်ကိုင်ကမူ ပြုံးဖြီးဖြီးသာ လုပ်နေခဲ့လေသည်။

“ဧကရာဇ်အဆင့် မှော်ရတနာအားကိုးနဲ့ သူများကို အနိုင်ကျင့်တာ မင်းကိုမင်း ယောကျ်ားလို့ကော ခေါ်ရဲသေးလား” ရှောင်ပိုင်ယီက ထအော်လေ၏။

ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “သူတောင် မှော်ရတနာတွေကို သုံးနိုင်သေးတာပဲ… ငါကရော ဘာလို့မသုံးနိုင် ရမှာလဲ”

“မင်း သတ္တိရှိရင် သူနဲ့ မျှမျှတတ ယှဉ်တိုက်လေ” ရှောင်ပိုင်ယီမှာ ရန်ကိုင်ကို ပို၍ပင် အထင်သေး သွားခဲ့လေ၏။

သူ့အမြင်အရ ရန်ကိုင့်အနေဖြင့် ရွှယ့်ယီအား နိုင်သွားခြင်းမှာ ဧကရာဇ်အဆင့် မှော်ရတနာကြောင့်သာ ဖြစ်ပေသည်။ ရန်ကိုင်သည် ဧကရာဇ်မှော်ရတနာ အားကိုးဖြင့် ရွှယ့်ယီကို အနိုင်ယူခဲ့ခြင်းဖြစ်သည်။

“သူလည်း သူ့မှာရှိတာ သုံးတာပဲ၊ ငါလည်း ငါ့မှာရှိတာ သုံးတာပေါ့ မကျေနပ်လို့ရှိရင် သူ့ကို ဧကရာဇ်အဆင့် မှော်ရတနာတစ်ခု ရှာခိုင်းပြီး ငါနဲ့ လာတိုက်ခိုင်းလိုက်လေ” ရန်ကိုင်က ပြန်၍ ပြောလိုက်သည်။

“ကောင်းတယ်… ကောင်းတယ်” ရှောင်ပိုင်ယီသည် အံကိုကြိတ်လျက် ရန်ကိုင့်အား အေးစက်စက် စိုက်ကြည့်ရင်း “ဒီတိုက်ပွဲကိုတော့ မင်းနိုင်သွားတယ်ပေါ့ကွာ… ဥတုလေးမျိုးနယ်မြေကနေ အသက် အန္တရာယ်ကင်ကင်းနဲ့ ပြန်လာနိုင်ပါစေလို့ ငါဆုတောင်းပေးလိုက်ပါတယ်”

ပြောပြီးသည့်နောက်တွင် ရန်ကိုင့်ကို ဂရုစိုက်မနေတော့ပဲ ရွှယ့်ယီအား ကုန်းပိုးလျက် ပျံသန်းထွက်သွားလေ၏။

သူတို့ ထွက်သွားပြီးသည့်နောက်တွင် ရန်ကိုင်သည် ဟင်းလင်းပြင်ထဲသို့ စိုက်ကြည့်၍ မေးလိုက်လေသည်။

“ဒီလောက်ဆို အဆင်ပြေလား”

အလင်းတစ်ချက်နှင့်အတူ ဝမ်ကျိရှန်း ပေါ်လာခဲ့လေ၏။ ရန်ကိုင့်လက်ထဲရှိ အနန္တဓါးကို စိုက်ကြည့်ရင်း မေးလိုက်လေ၏။

“ကောင်လေး ဟျောင့်… မင်း အဲ့ဧကရာဇ် မှော်ရတနာကို ဘယ်ကနေ ရတာလာလဲ ဒါလမ်းဘေးကနေ ရှာတွေ့တာလို့တော့ လာမပြောနဲ့နော်”

“အဲ့ဒါ ခင်ဗျား အပူမပါဘူးလေ”

ရန်ကိုင့်စကားကြောင့် ဝမ်ကျိရှန်း စကားနင်လုမတတ် ဖြစ်သွားခဲ့ပြီး ရန်ကိုင့်အား မျက်နှာကြီးမဲ့လျက် စိုက်ကြည့်လိုက်လေသည်။

သို့သော်ငြား ချက်ချင်းပဲ အလေးအနက် အမူအယာဖြင့် “မင်းဘာလို့ အခုလို လုပ်လိုက်လဲ ငါသိတယ်… ရွှယ့်ယီက ဒီပုံစံအတိုင်း ဆက်သွားလို့ ကောင်းတာမဟုတ်ဘူး… သူသာ ဒီပုံစံအတိုင်းမှာ ဆက်နေလို့ရှိရင် သူ့အတွက် အရမ်း အန္တရာယ်များတယ်”

“သူစိတ်တောင် လွတ်သွားနိုင်သေးတယ်… ဒါကြောင့်ပဲ မင်း ဧကရာဇ် မှော်ရတနာကို သုံးပြီး ပွဲကို မြန်မြန် ဖြတ်လိုက်တာမလား”

“ဒါပေမဲ့ ဆိုးတာပဲ… မင်းရဲ့ ရည်ရွယ်ချက်ကို သူတို့ နားမလည်သွားဘူး”

“ခင်ဗျား ဘာတွေလာပြောနေတာလဲ… ကျုပ်ဘာသာ ဧကရာဇ် မှော်ရတနာကို သုံးချင်လို့ သုံးတာလေ” ရန်ကိုင်က အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေ၏။

“ဟဲ… ဟဲ… ရှောင်ပိုင်ယီက ရွှယ့်ယီလို ရင်ဆိုင်ရ လွယ်တဲ့ လူတစ်ယောက် မဟုတ်ဘူးနော်… မင်း သူမသွားခင်က ပြောသွားတဲ့ စကားတွေကို ကြားတယ်မလား”

” ကြည့်ရတာ ဥတုလေးမျိုးနယ်မြေထဲမှာ သူမင်းကို ဒုက္ခပေးတော့မယ်နဲ့ တူတယ်… ဘာလဲ ဒီဘုရင် မင်းတို့ကြား ဝင်ပြီး ဖြန်ဖြေပေးဖို့ လိုသေးလား”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၁၃၀)

“မလိုဘူး” ရန်ကိုင်က ခပ်ပြတ်ပြတ်ပဲ ပြန်ပြောလိုက် လေသည်။

ဝမ်ကျိရှန်းမှာ ရန်ကိုင့်စကားကြောင့် ဒေါသထွက်သွားခြင်း မရှိဘဲ ပြုံးသာ ပြုံးလိုက်လေ၏။ ခဏမျှ စဉ်းစားပြီးသည့်နောက် ပြန်၍ပြောလိုက်လေသည်။

“ဒါဆိုရင် ငါမင်းကို ဒီဧကရာဇ် မှော်ရတနာကို မြန်မြန်သန့်စင်နိုင်အောင် ကူညီပေးရမလား… အခုကြည့်ရသလောက်တော့ ဒီဧကရာဇ် မှော်ရတနာက မင်းနဲ့ သိပ်ကီးမကိုက်ဘူး ဖြစ်နေတယ်”

“သူ့ရဲ့စွမ်းအား နည်းနည်းလေးကိုတောင် မင်း ထုတ်မသုံးနိုင်ဘူး… ဒါပေမဲ့ မင်းမှာ ဥတုလေးမျိုးနယ်မြေထဲ သွားဖို့ သိပ်အချိန်ရှိတော့တာ မဟုတ်ဘူး… ရက်နည်းနည်းလောက်ပဲ ကျန်တော့တာ”

“အဲ့ အချိန် အတောအတွင်း မင်း ဒီဧကရာဇ် မှော်ရတနာကို သန့်စင်မယ်ဆိုလို့ရှိရင် ဘယ်လိုမှ ပြီးနိုင်မှာ မဟုတ်ဘူး… ဒီဘုရင် ကူညီပေးမယ်ဆိုရင် မင်းအနေနဲ့ ဒီဧကရာဇ်မှော်ရတနာ စွမ်းအားရဲ့ ဆယ်ပုံတစ်ပုံကို အနည်းဆုံး သုံးနိုင်လိမ့်မယ်”

“ဘယ်လိုလဲ… စိတ်ဝင်စားလား… အဲ့စွမ်းအားနဲ့ဆိုရင် မင်း ဥတုလေးမျိုးနယ်မြေထဲမှာ လုံးဝ ပြိုင်ဘက်ကင်းပြီနော်”

သို့သော်ငြား ရန်ကိုင်ကမူ ခေါင်းသာ ခါလျက် ပြန်ပြောလိုက်လေ၏။ “ကျောင်းသခင်ဝမ်… ခင်ဗျား ကျုပ်ကို အဲ့လောက်တောင် ခင်ဗျားဆီကနေ အကူအညီ တောင်းစေချင်နေတာလား”

ထိုစကားကို ကြားပြီးသည့်နောက်တွင် ဝမ်ကျိရှန်း၏ မျက်နှာကြီး မဲ့သွားခဲ့ပြီး ပြန်၍ ပြောလိုက်လေ၏။ “ငါ့လခွမ်း… ဒီကောင် ငါဘာကြံနေလဲ သိသွားတယ်ကွ”

ရန်ကိုင်ကမူ အော်ရယ်မောလျက် “ကျောင်းသခင်ဝမ်ဆီကနေ ဘာတောင်းဆိုရမလဲ ဆိုတာကိုတော့ ကျုပ် သေသေချာချာလေး စဉ်းစားလိုက်ပါဦးမယ်… အဲ့ကြမှပဲ ကျောင်းသခင်ဝမ်ဆီကနေ လာပြီး အကူအညီ တောင်းပါမယ်”

ဝမ်ကျိရှန်းသည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သလို နေမင်းပြာကျောင်းတော်၏ ကျောင်းသခင်လည်း ဖြစ်ပေသည်။ ထိုလူကို ကြည့်ရသည့်မှာ အသုံးမဝင်ဟန် ထင်ရသော်ငြား သူကဲ့သို့သော ပညာရှင်မျိုးသည် သူတို့၏ ကတိစကားကို ကျိန်းသေ တည်ပေလိမ့်မည်။

ဝမ်ကျိရှန်းသည် သူ့အနေဖြင့် အရမ်းကို လွန်ကျူးခြင်း မရှိသည့် စိတ်ကြိုက်‌ တောင်းဆိုခွင့်တစ်ခုကို တောင်းဆိုခွင့် ရှိသည်ဟု ပြောခဲ့မှတော့ဖြင့် သူ့အနေဖြင့် ထိုကတိကို လုံးဝ ဖောက်ဖျက်လိမ့်မည် မဟုတ်ပေ။

လတ်တလော အနေဖြင့် သူ့စိတ်ထဲ ဘာကို တောင်းဆိုလျှင် ကောင်းမလဲ မစဉ်းစားရ သေးသဖြင့် ထိုကိစ္စကို ဘေးချိတ်ထားရန်သာ ဆုံးဖြတ်လိုက်လေသည်။

တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သူ့အနေဖြင် ဝမ်ကျိရှန်းဆီမှ အကူအညီ လိုကောင်းလိုလာနိုင်ပေသည်။ ထိုအခါမှပဲ ဝမ်ကျိရှန်းဆီမှ သွားရောက် အကူအညီတောင်းလျှင်လည်း နောက်မကျသေးပေ။

“ဒီကောင်က တကယ်ကို ဉာဏ်များတာပဲကွ” ဝမ်ကျိရှန်းက ခါးသက်စွာဖြင့် ပြောလိုက်လေ၏။ သို့သော်ငြား ခဏအကြာတွင် သူ့အမူအယာမှာ ပုံမှန် ပြန်ဖြစ်သွားခဲ့ပြီး ပုခုံးတွန့်လျက် “အင်း… ကောင်းပြီလေ မင်းက မတောင်းဆိုချင်သေး မှတော့လည်း အဲ့တိုင်းပဲ ထားလိုက်ကြတာပေါ့”

“ခုနှစ်ရက် ကြာပြီးလို့ရှိရင် ပန်းကြွေတောင်ထွတ်ဆီ လာခဲ့… အဲ့မှာ မင်းတို့ကို ဥတုလေးမျိုးနယ်မြေဆီ လိုက်ပို့ပေးမဲ့ လူတစ်ယောက် စောင့်နေလိမ့်မယ်”

“ကောင်းပါပြီ” ရန်ကိုင်က ခေါင်းညိတ်၍ လက်သီးဆုပ်ကာ ဦးညွှတ်လိုက်လေ၏။ “ဒါဆိုရင် နှုတ်ဆက်ပါတယ် ကျောင်းသခင်ဝမ်”

ဝမ်ကျိရှန်း ယဲ့ယဲ့လေး ပြုံးလိုက်လေသည်။ သူ့ခန္ဓာကိုယ်မှာလည်း ပုံရိပ်တစ်ခုနှယ် တဖြည်းဖြည်း လွင့်ပါး ပျောက်ကွယ် သွားခဲ့လေ၏။

ဝမ်ကျိရှန်း ထွက်သွားပြီးသည့် နောက်တွင် ရန်ကိုင်သည် မင်သက် အံ့ဩနေသည့် အမူအယာဖြင့် မျက်မှောင်ကျုံ့လျက် အခြားသော ဟင်းလင်းပြင် တစ်နေရာဆီသို့ လှမ်းကြည့်လိုက် လေသည်။

ထိုနေရာတွင် လူအချို့ ပုန်းအောင်းနေသည်ဟု သူ့စိတ်ထဲ ခံစားနေရသည်။ သို့သော်ငြား သူမည်သို့ပင် ရှာနေစေကာမူ ထိုလူများ၏ အရိပ်အယောင်ကို လုံးဝ ရှာမတွေ့ခဲ့ပေ။

မည်သို့ပင် ကြိုးစားနေစေကာမူ ရှာမတွေ့သဖြင့် ရန်ကိုင်သည် ထိုကိစ္စအား ဂရုစိုက် မနေတော့ပဲ ပျက်စီးနေသည့် ကျောင်းတော်ဆီသို့သာ ပြန်လှည့်လာခဲ့လေသည်။

“ဒီကောင်လေးကို ကြည့်ရတာ ကျွန်မတို့ကို သတိပြုမိ သွားတဲ့ ပုံပဲ” ချန်းချန်သည် ရန်ကိုင်၏ ကျောပြင်အား အံ့အားသင့်တကြီး စိုက်ကြည့်ရင်း ပြောလိုက်လေသည်။

“သတိပြုမိသွားတာလို့တော့ မထင်ဘူး… သံသယဝင်တာ လို့ပဲ ငါထင်တယ်” ကောင်းရွှယ်ထင်းက ပြောလိုက်သည်။ “ဒါပေမဲ့ အဲ့လိုဆိုရင်တောင် ဒီကောင်က အရမ်း အာရုံခံစားမှု ကောင်းလွန်းအားကြီးတယ်”

“အစ်မကောင်း… သူ့ကို ဟိုနေရာကလို့ ထင်လား”

ကောင်းရွှယ်ထင်းသည် ချန်းချန်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။ ချန်းချန်က ဆက်ပြောလိုက်လေသည်။ “သူသာ အဲ့နေရာက မဟုတ်လို့ရှိရင် ဘယ်လိုလုပ်ပြီး ဒီလောက် အားကောင်းနေမှာလဲ”

“ပြီးတော့ သူ့မှာ ဧကရာဇ်မှော်ရတနာ တစ်ခုလည်း ရှိနေသေးတယ် သူ့ရဲ့တာအိုသခင် ပထမအဆင့် ကျင့်ကြံခြင်းနဲ့ လုံးဝမလိုက်ဖက်ဘူး အဲ့တာကြီးက… ဘယ်လိုစဉ်းစား စဉ်းစား ဧကရာဇ်မှော်ရတနာတစ်ခုနဲ့ တာအိုသခင် ပထမအဆင့် ကျင့်ကြံသူတစ်ဦးကို ဘယ်လိုမှ တွဲမြင်လို့ မရဘူး”

ကောင်းရွှယ်ထင်းက ခေါင်းခါ၍ “သူသာ တကယ်ကြီး အဲ့နေရာက ဆိုရင်တော့ ငါတို့ သိရမှာပေါ့… ကြည့်ရတာ လူငယ်ပါရမီရှင်တွေ တစ်ယောက်ပြီး တစ်ယောက် ထပ်ပြီး ထွက်ပေါ်လာဦးမဲ့ ပုံပဲ”

ထိုစကားကို ကြားသည့်အခါ ချန်းချန်က ခေါင်းညိတ်၍ “ဟုတ်တယ်… မင်းသမီးလန်က လမင်းမဟာဧကရာဇ်ရဲ့ လစန္ဒာခန္ဓာကိုယ်ကို လုံးဝ အမွေဆက်ခံလိုက်ပြီလို့ ကြားတယ် ပြီးတော့ လွန်ခဲ့တဲ့ တစ်နှစ်ကပဲ တာအိုသခင်အဆင့်ကို ချိုးဖြတ် သွားတယ်တဲ့… ကြည့်ရတာ ဒီတစ်ကြိမ် သူလည်း ဥတုလေးမျိုး နယ်မြေထဲ သွားမဲ့ပုံပဲ”

“ကောင်းကင်တိုက်ပွဲ ဒိုဂျိုဆိုရင်လည်း ယင်ယန်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ လူတစ်ဦး ရထားတယ်”

“ရှေးဟောင်းကျောင်းတော်က ကျွမ်းပုဖန်းဆိုရင်လည်း ဘာထူးခြားတဲ့ ခန္ဓာကိုယ်ကိုမှသာ မပိုင်ဆိုင်ထားတာ…”

“သူ့အရည်အချင်းက တကယ့်ကို ထိပ်တန်းပဲ သူစပြီးကျင့်ကြံတည်းက သူ့ထက်ပိုအားကောင်းတဲ့ သူတွေကို တစ်ယောက်ပြီး တစ်ယောက် လိုက်ပြီး စိန်ခေါ်နေတာ ထမင်းစားရေသောက် အတိုင်းပဲတဲ့... အခုဆိုရင် သူက တာအိုသခင် တတိယအဆင့်ကိုတောင် ရောက်နေပြီ”

“ဟိုကုန်သွယ်ရေး အဖွဲ့အစည်းက စီးပွားရေးသမားတွေ ဆိုပေမဲ့လည်း ကြည့်ရတာ သူတို့လည်း ပါရမီရှိတဲ့ လူတွေ အများကြီးကို ခေါ်ထားတယ်နဲ့ တူတယ်။ တဖြည်းဖြည်းနှင့် ကျွန်မတို့ ခေတ်တွေတောင် ကုန်တော့မှာပဲ”

ကောင်းရွှယ်ထင်းကမူ ဘာကိုမျှ ပြန်မပြောပဲ တိတ်သာ တိတ်နေခဲ့လေသည်။

သူ့အခန်းဆီသို့ ပြန်ရောက်လာပြီးသည့် နောက်တွင် ရန်ကိုင်သည် ဧကရာဇ်အဆင့် မှော်ရတနာအား သန့်စင်ရာတွင်သာ အပြည့်အဝ အာရုံစိုက်ထားလိုက်လေသည်။

သူ့တွင် အချိန်အများကြီး မကျန်တော့ချေ။ ဥတုလေးမျိုး နယ်မြေသို့ သွားရန် ၇ ရက်သာ လိုတော့သည်။ ထို့ကြောင့် ထို ၇ ရက်ဟူသော အချိန်ကာလကို အကျိုးရှိရှိ အသုံးချရပေလိမ့်မည်။

ချင်းမိသားစုဘိုးဘေး ချန်ရစ်ခဲ့သော အတွေ့အကြုံများနှင့် အကြောင်းအရာများကို ဖတ်ရှူနားလည်ပြီးသည့် နောက်တွင် ရန်ကိုင်သည် အနန္တဓါးအား ပို၍ လွယ်ကူ လျင်မြန်စွာ သန့်စင် လာနိုင်ခဲ့လေ၏။

သူ့အနေဖြင့် အနန္တဓါး၏ စွမ်းအား အနည်းငယ်ကိုပင် ထုတ်မသုံးနိုင်ဟု ဝမ်ကျိရှန် ပြောသွားသည်မှာ တကယ်ကို အမှန်ပင် ဖြစ်လေသည်။

သူ့အနေဖြင့် အနန္တဓါးကို ထုတ်သုံးပြီးသည့်နောက် ရွှယ့််ယီအား တိုက်ကွက်တစ်ကွက်ထဲဖြင့် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သော်ငြား ထုတ်သုံးသွားသည့် ဓါးစွမ်းအား ပမာဏမှာ အနည်းငယ်လောက်သာ ဖြစ်သည်။

ရွှယ့်ယီအား တကယ်တမ်း ထိခိုက်အောင် လုပ်သွားသည်မှာ သူ့ကိုယ်ပိုင် ခွန်အားသာ ဖြစ်ပေသည်။

အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးနေခဲ့လေရာ ရက်အနည်းငယ်မှာ တစ်ခဏတာအတွင်း ပြည့်မြောက်သွားခဲ့လေ၏။

ယနေ့တွင် ရန်ကိုင်သည် တစ်ကိုယ်တည်း တံခါးပိတ် ကျင့်ကြံနေစဉ် အတောအတွင်း သူ့အမူအယာ ရုတ်တရက် ပြောင်းလဲသွားပြီး ချက်ချင်းပင် မျက်လုံး ပွင့်လာခဲ့လေသည်။

ပုံမှန်မဟုတ်သည့် မိုးမြေစွမ်းအင်လှိုင်းတစ်ရပ်သည် အဘက်ဘက်ဆီသို့ ဖြာထွက်လာခဲ့လေ၏။ ထိုစွမ်းအားမှာ အလွန်ကိုမှ ဆန်းကြယ်သလို အားလည်း ကောင်းပေ၏။

ထိုစွမ်းအင်လှိုင်းကို သေချာ အာရုံစိုက် နားထောင်ကြည့်လိုက်သည့်နောက် ဝိုးတဝါးတားအသံတစ်သံကို ကြားလိုက်ရလေသည်။ ရန်ကိုင့်အမူအယာ ရုတ်ချည်း တည်ကြည်သွားခဲ့ပြီး ချက်ချင်းပဲ ကျောင်းအပြင်ဘက်သို့ ထွက်ကြည့်လိုက်လေသည်။

ကောင်းကင်တစ်ခုလုံး ယခင်ကကဲ့သို့ လင်းလင်းထိန်ထိန် ရှိမနေတော့ပဲ မှောင်ပြပြ ရှိနေခဲ့သည်။ တစ်ချိန်တည်းတွင် သူတို့အား အပေါ်စီးမှ လွှမ်းခြုံထားသည့်အလား ဧရာမ အရိပ်ကြီး တစ်ခုသည်လည်း ကောင်းကင်ထက်တွင် ရှိနေခဲ့လေသည်။

ထိုမြင်ကွင်းကြောင့် ရန်ကိုင် မင်သက်သွားခဲ့လေ၏။ ထိုဧရာမ အရိပ်ကြီးမှာ အခြား မဟုတ်ပဲ ကောင်းကင်ထက်တွင် ပျံသန်းနေသည့် ငှက်ကြီးတစ်ကောင်သာ ဖြစ်လေသည်။

ထိုငှက်မှာ မည်သည့် ထူးထူးခြားခြားမှ မဟုတ်။ ခိုတစ်ကောင်အား အဆပေါင်းများစွာ ကြီးမားအောင် ချဲ့ထားသော ငှက်တစ်ကောင်နှင့်သာ တူပေသည်။ အရွယ်အစားမှာ မထူးဆန်းသော်ငြား ထိုငှက်ဆီမှ ဖြာထွက်နေသည့် အရှိန်အဝါမှာတော့ ကြောက်ခမန်းလိလိပင်။

“ဘာကြီးလဲ နတ်သားရဲတစ်ကောင်လား…” ရန်ကိုင် အံ့အားသင့် သွားခဲ့လေသည်။ ထိုငှက် ပျံသန်းသွားနေသည့် ဘက်သို့ လှမ်းကြည့်လိုက်ရာ နေမင်းပြာကျောင်းတော်၏ အဓိက တောင်ထွတ်ဘက်ဆီသို့ ဖြစ်နေကြောင်း တွေ့ရှိလိုက်ရလေ၏။

“ရွှစ်… ရွှစ်… ရွှစ်…”

ထိုငှက်ကြီး၏ ရုတ်တရက် ထွက်ပေါ်လာမှုကြောင့် အလန့်တကြား ဖြစ်သွားကြသည့်အလား ပုံရိပ်များစွာ အဘက်ဘက်ဆီမှ ထွက်ပေါ်လာကုန်ကြလေသည်။

ဝမ်ကျိရှန်းသည်လည်း သူ့တောင်ထွတ်ပေါ်တွင် ပေါ်လာခဲ့လေသည်။ သူတို့ဆီသို့ ပျံသန်းလာနေသော ဧရာမ ခိုငှက်ကြီးကို ကြည့်ရင်း ကပျက်ကချော် သူ့မျက်နှာမှာ ရုတ်ချည်း လေးနက် တည်ကြည်သွားခဲ့လေ၏။

ခဏအကြာတွင် ထိုဧရာမ ခိုကြီးသည် ဝမ်ကျိရှန်းရှေ့သို့ ရောက်လာခဲ့လေသည်။ အလင်းတစ်ချက်နှင့်အတူ ထို ဧရာမ ခိုကြီးမှာ သာမန် ခိုတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ၎င်းဆီမှ ထွက်ပေါ်နေသည့် ဖိအားမှာလည်း ရုတ်ချည်း ပျောက်ကွယ်သွား ခဲ့လေသည်။

ထိုငှက်သည် ထိုမျှနှင့်ပင် ရပ်တန့်မသွားပဲ ဝမ်ကျိရှန်း တည့်တည့်သို့ ပြေးဝင်သွားလေ၏။ ဝမ်ကျိရှန်းမှာလည်း ထိတ်လန့် ကြောက်ရွံ့သွားခြင်း မရှိဘဲ ပုံမှန် အတိုင်းသာ ရပ်နေလေသည်။

ဝမ်ကျိရှန်းနှင့် ဆယ်မီတာအကွာသို့ အရောက်တွင် ထိုငှက်သည် နှင်းဖြူရောင်အလင်း အဖြစ်သို့ ပေါက်ကွဲ ထွက်သွားခဲ့ပြီး ဝမ်ကျိရှန်း၏ အသွေးအသွားထဲသို့ စိမ့်ဝင် သွားခဲ့လေ၏။

“ဝှစ်… ဝှစ်… ဝှစ်”

ထိုငှက်နောက်သို့ လိုက်လာကြသော လူများလည်း တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြလေသည်။ ထိုလူအားလုံးသည် နေမင်းပြာကျောင်းတော်၏ ဧကရာဇ်အဆင့် ပညာရှင်များ ဖြစ်ကြ၏။

ချို့ရန်သည် ဝမ်ကျိရှန်း၏ ပြောင်းလဲသွားသော အမူအယာကို တိတ်တဆိတ်လေ့လာ ကြည့်နေလေသည်။ ချန်းချန်နှင့် ကောင်းရွှယ်ထင်းတို့မှာလည်း ရောက်နေကြလေ၏။

နှစ်ဦးစလုံးသည်လည်း ဘာဖြစ်နေသလဲ ဆိုသည်ကို ကြိုသိထားသည့်အလား ငြိမ်သက်စွာဖြင့် ရပ်စောင့်နေကြလေသည်။ ထိုလူများနှင့် ကောင်းရွှယ်ထင်း၏ ဘေးတွင် ရှိနေသော သတ်လတ်ပိုင်းအရွယ်လူကြီးသည့် မျက်မှောင်ကြုတ်လျက် သူမအား တိုးတိုးလေး ပြောလိုက်လေသည်။

“အကြီးအကဲကောင်း… ခုနတုန်းက ပေါ်လာတဲ့ ဟာကလေ… ဟိုဆရာ ပို့လိုက်တဲ့ ဆတ်သားလား”

ကောင်းရွှယ်ထင်းက ခေါင်းညိတ်၍ “ဟုတ်လောက်တယ်… ဒါပေမဲ့ ငါလည်း အဲ့အကြောင်းကို ကြားပဲကြားဖူးတာဆိုတော့ သိပ်တော့လည်း မပြောရဲဘူး”

သတ်လတ်ပိုင်းလူကြီးက အံ့အားသင့်သွားသည့် လေသံဖြင့် “အဲ့ဆရာ တကယ်ကြီး သတင်းပို့လာမယ်လို့ မထင်ထားဘူး… ကြည့်ရတာ ကိစ္စကြီးကြီးတစ်ခုခု ဖြစ်တော့မယ်နဲ့ တူတယ်”

လူအုပ်ကြီးတစ်ခုလုံး တိတ်ဆိတ်နေခဲ့လေသည်။ ဤနေရာတွင် ရှိနေသော လူအားလုံးမှာ ဧကရာဇ်အဆင့် ပညာရှင်များ ဖြစ်ကြလေ၏။

သာမန် ကိစ္စသေးသေးလေး တစ်ရပ်သာ ဆိုလျှင်တော့ သူတို့အနေဖြင့် လုံးဝကို စိတ်ပူနေလိမ့်မည် မဟုတ်ချေ။ သို့သော်ငြား အခြေအနေမှာ ပြောင်းလဲ သွားခဲ့လေပြီ။

ထိုဆရာဆီမှ ဆတ်သားတစ်ဦး‌ နေမင်းပြာကျောင်းတော်တွင် ပေါ်လာခဲ့လေ၏။ ကိစ္စ ကြီးကြီးမားမား တစ်ခု ဖြစ်ပျက်တော့မည့် အတွက်ကြောင့်သာ မဟုတ်လျှင် ထိုဆရာ အနေဖြင့် သူ့ဆတ်သား အား ပို့စရာ အကြောင်း မရှိချေ။

ယခု ထိုဆတ်သား၏ သတင်းပေးပို့မှုကို ရရှိသွားသည့် လူမှာ ဝမ်ကျိရှန်းသာ ဖြစ်ပေသည်။ ဝမ်ကျိရှန်းသည်သာ ဘာတွေဖြစ်နေသလဲ ဆိုသည်ကို သိပေလိမ့်မည်။ ထို့ကြောင့် အကုန်လုံးသည် ဝမ်ကျိရှန်း စကားပြောလာမည်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေကြလေ၏။

အချိန်အတော် ကြာပြီးသည့်နောက်တွင် ဝမ်ကျိရှန်းက သက်ပြင်းတစ်ချက် ရှိုက်ထုတ်လျက် ပြောလိုက်လေ၏။ “ဘယ်သူကများ ဒီလိုဖြစ်မယ်လို့ တွေးမိမှာလဲ”

“ကျောင်းသခင်…” ချိုရန်သည် ချက်ချင်းပဲ ရှေ့တက်၍ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်လေ၏။ သူမေးတော့မည်အပြု ဝမ်ကျိရှန်းက ဖြတ်ပြောလိုက်လေသည်။

“ဆရာ ကောင်းကင်ကံကြမ္မာက ဥတုလေးမျိုးနယ်မြေနဲ့ ပတ်သက်ပြီး သတင်းပို့လိုက်တာ… ဒီတစ်ကြိမ် အခြေအနေတွေက ပြောင်းလဲသွားပြီ”

“ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ်လား” အစောပိုင်းက စကားပြောလိုက်သော သတ်လတ်ပိုင်းလူကြီးက စိတ်လှုပ်ရှားစွာဖြင့် ထအော်လေသည်။ “တကယ်ကြီး ကောင်းကင် ကံကြမ္မာ မဟာဧကရာဇ်ဆီကလား”

ဧကရာဇ်ဆယ်ပါးအနက်တွင် ကိုယ်ပိုင်အင်အားစုကြီးများ ထူထောင်ထားသည့် ဧကရာဇ်အချို့မှလွဲ၍ ကျန်မဟာဧကရာဇ်များမှာ မည်သည့်အခါကမျှ လူရှေ့သူရှေ့တွင် ပေါ်လာလေ့မရှိသည့် မဟာဧကရာဇ်များ ဖြစ်ကြပေသည်။

သူဖုန်းစား မဟာဧကရာဇ်သည် ပုံစံအမျိုးမျိုး အသွင်ပြောင်းလျက် လောကကြီးတစ်ခွင် ခြေဆန့်နေလေသည်။ အေးစက်စက်‌ ဆောင်းရာသီထဲ လမ်းဘေးတွင် တောင်းစားနေသည့် သူတောင်းစားတစ်ဦးသည် သူဖုန်းစား မဟာဧကရာဇ်မှ အယောင်ဆောင်ထားသည့် သူတောင်းစားတစ်ဦးလည်း ဖြစ်ချင် ဖြစ်နေနိုင်သည်။

တစ်စုံတစ်ဦးသာ ထိုသူတောင်းစားအား သနားစိတ်ဝင်ပြီး ကူညီပေးမည် ဆိုပါက မဟာဧကရာဇ်ဆီမှ ကောင်းချီးတစ်ခုကို ပြန်လည် ရရှိနိုင်ပေလိမ့်မည်။

ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ်သည်လည်း ထို့နည်းတူစွာပင် ခန့်မှန်းရ ခက်ခဲလှသည့် မဟာဧကရာဇ် တစ်ဦး ဖြစ်သည်။

ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ်ဆိုသည့်အတိုင်း သူ့တွင် အခြား မည်သည့် မဟာဧကရာဇ်မှ ပိုင်ဆိုင်ထားခြင်း မရှိသည့် စွမ်းရည်တစ်ခု ရှိနေပေသည်။

ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ်သည် အချိန်ကို ဖောက်မြင်၍ အတိတ်နှင့် အနာဂတ်ကို မြင်နိုင်စွမ်းရှိသည်။ ထိုစွမ်းရည်သည် မဟာဧကရာဇ်များအားလုံး ပိုင်ဆိုင်ထားသည့် စွမ်းရည်များအနက် အဆန်းကြယ်ဆုံးသော စွမ်းရည် တစ်ခု ဖြစ်ပေသည်။

ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ်သည် ကောင်းကင် လျှို့ဝှက်တောင်ကြား ဟူသော နေရာတစ်ခု တွင် နေထိုင်မှန်း သိကြသော်ငြား ထို လျှို့ဝှက်တောင်ကြား မည်သည့်နေရာတွင် ရှိသလဲ ဆိုသည်ကို မည်သူမျှ မသိကြပေ။

ရှင်းရှင်းပြောရလျှင် ထို ကောင်းကင်လျှို့ဝှက်တောင်ကြား ကြယ်တာရာ အစုအဝေး၏ မည်သည့်ဘက်ခြမ်းတွင် ရှိနေသလဲ ဆိုသည်ကိုပင် မည်သူမျှ မသိကြပေ။

“ဥတုလေးမျိုးနယ်မြေနဲ့ ပတ်သက်ပြီးတော့လား… ဘာတွေ ပြောင်းလဲသွားတာလဲ” ချိုရန် အံ့အားသင့်နေခဲ့လေသည်။

ဥတုလေးမျိုးနယ်မြေသည် တောင်ဘက်နယ်မြေထဲတွင် အတိုင်းအတာ တစ်ခုအထိ ကျော်ကြားသော်ငြား ကြယ်တာရာအစုအဝေး တစ်ခုလုံးတွင်တော့ အလွန်ကျော်ကြားသည့် နေရာတစ်ခု မဟုတ်ပေ။

ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ်၏ စရိုက်အရ သူ့အနေဖြင့် သာမန် ကိစ္စ သေးသေးလေး တစ်ခုသာဆိုလျှင် မည်သို့မျှ ပါဝင် ပတ်သက်လိမ့်မည်မဟုတ်။

“အဲ့ဒါကြောင့်ပဲ အခြေအနေတွေ ပြောင်းလဲသွားပြီလို့ ငါပြောတာ” ဝမ်ကျိရှန်းက မျက်မှောင်ကျုံ့လျက် “ဒီတစ်ကြိမ် ဥတုလေးမျိုးနယ်မြေက ကြယ်ပျက်ပင်လယ်နဲ့ ပတ်သက်နေတယ်”

“ဘယ်လို…” ချိုရန် အံ့အားသင့်တကြီး ထအော်လိုက်လေ၏။ “ကြယ်ပျက်ပင်လယ်”

ကောင်းရွှယ်ထင်း၏ မျက်နှာ လှလှကလေးမှာလည်း အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ ကြယ်ပျက်ပင်လယ်သည် လူအနည်းငယ်သာ သိထားသော လျှို့ဝှက်ချက်တစ်ခု ဖြစ်ပေသည်။

ကြယ်ပျက်ပင်လယ်ကို ကြယ်တာရာ အစုအဝေးထဲရှိ ဟင်းလင်းပြင်အက်ကြောင်းများ အကြား ရှာတွေ့နိုင်သော်ငြား ကြယ်ပျက်ပင်လယ်၏ တည်နေရာမှာ ပုံသေမရှိပေ။

ထို့အပြင် ကြယ်ပျက်ပင်လယ်သည် ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ် သေဆုံးရာနေရာဟုလည်း သိထားကြသည်။ ကြယ်ပျက်ပင်လယ် ဖြစ်ပေါ်လာရခြင်းမှာ ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ် သေဆုံးသွားရသည့် အတွက်ကြောင့်ဟုပင် ပြောကြပေသည်။

ကောလာဟလများအရ ကြယ်ပျက်ပင်လယ်ထဲတွင် မဟာဧကရာဇ်တစ်ပါး ဖြစ်လာနိုင်မည့် အခွင့်အရေးတို့ ရှိနေပြီး ထိုထဲတွင် ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ် နားလည်တတ်ကျွမ်း ထားသော စွမ်းရည်များပါ ရှိနေသည်ဟု ပြောကြပေသည်။

ထို့ကြောင့် ထိုကဲ့သို့သော နေရာမျိုးသည် ဧကရာဇ်အဆင့် ပညာရှင်များအတွက် အလွန်ကိုမှ စိတ်ဝင်စားဖွယ်ရာ နေရာ ဖြစ်နေလေသည်။

ကံမကောင်းစွာဖြင့် မည်သည့် ဧကရာဇ်အဆင့် ပညာရှင်မျှ ကြယ်ပျက်ပင်လယ်ထဲသို့ ဝင်၍ မရပေ။ ကြယ်ပျက်ပင်လယ်၏ နိယာမစွမ်းအားသည် ဧကရာဇ်အဆင့် ပညာရှင်များကို ဟန့်တားထားပြီး ဧကရာဇ်အဆင့်အောက် တာအိုသခင်အဆင့် ကျင့်ကြံသူများကိုသာ ဝင်ခွင့်ပြုပေသည်။

ထို့ကြောင့် ကြယ်ပျက်ပင်လယ် ဖွင့်သည့်အခါတိုင်း ကြယ်တာရာ အစုအဝေးတစ်ခုလုံး လှုပ်လှုပ်ခတ်ခတ် ဖြစ်လာကြလေ၏။

ကြယ်ပျက်ပင်လယ် ဖွင့်သည့် အခါတိုင်း ကြယ်တာရာ အစုအဝေးထဲတွင် ရှိနေသော ဂိုဏ်းပေါင်းစုံမှ သူတို့၏ လက်ရွေးစင် တပည့်များကို မဟာဧကရာဇ်တစ်ပါး၏ အမွေအနှစ်နှင့် လျှို့ဝှက်နည်းစနစ်များကို ရှာဖွေရန်အတွက် စေလွှတ်ကြလေ၏။

ထို့ကြောင့် ကြယ်ပျက်ပင်လယ်သည် ဥတုလေးမျိုး နယ်မြေထက်ပင် အလွန်ကိုမှ နာမည်ကျော်ကြားလှသည့် နယ်မြေတစ်ခု ဖြစ်ပေသည်။

All Chapters