← Chapters

အခန်း (၂၁၃၁-၂၁၃၅)

Vol. 86 Ch. 2131-2135

အခန်း (၂၁၃၁-၂၁၃၅)

Vol. 86 Ch. 2131-2135

အပိုင်း (၂၁၃၁)

ဝမ်ကျိရှန်း ပြောသည်ကို ကြားသည့် အခါမှပဲ ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ် ကဲ့သို့သော ပညာရှင်တစ်ဦးသည် ဥတုလေးမျိုးနယ်မြေအား ဘာကြောင့် အာရုံစိုက် လာရသလဲ ဆိုသည်ကို အကုန်လုံး နားလည် သွားခဲ့ရလေသည်။

ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ်သည် ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်အား တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သူတစ်ဦး ဖြစ်သည်။

သူ့စွမ်းရည်ကြောင့်ပင်လျှင် အခြားသော ပညာရှင်များအနေဖြင့် ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်၏ တည်နေရာကို ထောက်လှမ်းနိုင်ခဲ့ပြီး သူ့အဆုံးသတ်ကို မြင်တွေ့နိုင်ခဲ့ခြင်း ဖြစ်ပေသည်။

သူ့ကြောင့်သာ မဟုတ်လျှင် မည်သူကများ ကြယ်တာရာ အစုအဝေးထဲရှိ အားအကောင်းဆုံး ပညာရှင်အား သွားရောက် တိုက်ခိုက်ရဲမည်နည်း။ ထိုသို့ တိုက်ခိုက်ခြင်းသည် ကိုယ့်သေတွင်းကိုယ် တူးခြင်းနှင့် မခြားပေ။

‌“ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ်က ဘာပြောလိုက်လို့လဲ” ကောင်းရွှယ်ထင်းက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

ဝမ်ကျိရှန်းက ပြန်၍ ပြောလိုက်သည်။ “ဘာမှတော့ မဟုတ်ပါဘူး။ ဥတုလေးမျိုးနယ်မြေထဲမှာ ကြယ်စည်းတံဆိပ်တွေ ပေါ်လာမယ်လို့ပဲ ပြောသွားတာ”

“ကြယ်စည်းတံဆိပ်…” ချို့ရန် မျက်ခုံးပင့်သွား ခဲ့လေသည်။ “ကြယ်ပျက်ပင်လယ်ထဲကို ဝင်လို့ရတဲ့ သော့တွေလား…”

“ဟုတ်တယ်…”

“ဒါပေမဲ့…”

“မင်း ဘာပြောချင်နေလဲ ငါသိတယ်” ဝမ်ကျိရှန်းက လက်ဝှေ့ယမ်း၍ “အရင်နှစ်တွေတုန်းက ကြယ်စည်းတံဆိပ်ဆိုတာ ကြယ်ပျက်ပင်လယ် မပွင့်ခင်မှာပဲ ပေါ်လာလေ့ရှိတာ… သီးခြားကမ္ဘာလေးတစ်ခုထဲမှာ ပေါ်လာလေ့ ရှိတာမျိုး မဟုတ်ဘူး”

“ဒါပေမဲ့ အခုချိန်က ဥတုလေးမျိုးနယ်မြေ ပွင့်တဲ့ အချိန်နဲ့ ကြယ်စည်းတံဆိပ်တွေ ပေါ်လာတဲ့အချိန် တိုက်ဆိုင်သွားတာလို့တော့ ငါထင်တယ်။ အဲ့တာကြောင့်ပဲ သီးခြားကမ္ဘာ တစ်ခုထဲမှာ ပေါ်လာတာ”

“ဒါပေမဲ့ ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ်က ငါတို့ကို လာအကြောင်းကြား ပြီးသွားပြီဆိုတော့… ငါတို့လည်း တပည့်တွေကို အကြောင်းကြားလိုက်ရုံပေါ့…”

“ကြယ်ပျက်ပင်လယ်ထဲကို ဝင်နိုင်မဲ့သူ အရေအတွက်က ကြယ်စည်းတံဆိပ်တွေ အပေါ်မှာ မူတည်နေတာဆိုတော့ ဒီကိစ္စက လုံးဝ ပေါ့သေးသေး လုပ်လို့ မရဘူး”

“ကျောင်းသခင် ပြောတာ ဟုတ်တယ်” ချို့ရန်က ခေါင်းညိတ်၍ ပြန်ပြောလိုက်လေ၏။

“အဲ့လိုဆိုရင် ဒီကိစ္စကို တပည့်တွေဆီ သွားအကြောင်းကြားရမယ်… ဒါနဲ့ ကျောင်းသခင်… ကျုပ်တို့ နေမင်းပြာကျောင်းတော်လည်း သတင်းရလိုက်တာဆိုတော့ အခြားအင်အားစုတွေလည်း…”

“နည်းနည်းပါးပါး အားကောင်းတဲ့ ဘယ်အင်အားစုမဆို ဒီသတင်းကို ရလိမ့်မယ်” ဝမ်ကျိရှန်း ပြန်ပြောလိုက်သည်။

“အဲ့ဒါဆိုရင် ဒီတစ်ကြိမ် ဥတုလေးမျိုးနယ်မြေဆီ သွားရမဲ့ ခရီးက အများကြီး ပိုအန္တရာယ် များသွားပြီ” ချို့ရန် အနည်းငယ် စိတ်ပူမိသွား ခဲ့လေသည်။

ဝမ်ကျိရှန်းက ပြုံးလျက် ပြန်ပြောလိုက်၏။ “ပညာရှင်တွေဆိုတာ အခက်အခဲတွေကို ရင်ဆိုင်ကြုံတွေ့ ဖြတ်ကျော်ပြီးတော့မှပဲ ပေါ်ထွန်းလာလေ့ ရှိတာ… ငါတို့ဘက်က လိုက်ပြီး ကာကွယ်ပေးနေလို့ ဘယ်ပညာရှင်မှ ပေါ်ထွက်လာမှာ မဟုတ်ဘူး”

“ကျောင်းသခင်ပြောတာ ဟုတ်တယ်” ချို့ရန် ပြန်ပြောလိုက်သည်။

“ကဲ… အခြေအနေတွေက ပြောင်းသွားပြီဆိုတော့ ဒီတစ်ကြိမ်တော့ စောစော ထွက်ကြတာပေါ့… အကုန်လုံးကို မနက်ဖြန် ထွက်မယ်လို့ သတိပေးလိုက်ဦး” ဝမ်ကျိရှန်းက ကောင်းရွှယ်ထင်းကို ပြောလိုက်လေသည်။

“နားလည်ပါပြီ” ကောင်းရွှယ်ထင်းက ပြန်ပြောလိုက်၏။

ဝမ်ကျိရှန်းက ညစ်ကျယ်ကျယ်ပြုံးလျက် “အကြီးအကဲကောင်း… မင်းငါ့ကို ကတိပေးထားတာ မမေ့နဲ့ဦးနော်”

ကောင်းရွှယ်ထင်း၏ မျက်နှာလေး မဆိုစလောက်ကလေး ပြောင်းလဲ သွားခဲ့လေ၏။ ထို့နောက် အံကြိတ်၍ ပြန်ပြောလိုက်လေသည်။ “အဲ့လို လုပ်ရမှ ဖြစ်မှာလား”

ဝမ်ကျိရှန်းက ညစ်ကျယ်ကျယ် ရယ်မောလျက် ပြန်ပြောလိုက်၏။ “ဘာဖြစ်လို့လဲ… အကြီးအကဲတစ်ယောက်က ကတိဖောက်ဖျက်တယ်ဆိုတဲ့ သတင်း ပျံ့သွားရင် ကြားမကောင်းဘူးနော်”

ကောင်းရွှယ်ထင်းက ခါးသက်စွာ ရယ်မောလျက် “လက်အောက်ငယ်သား နားလည်ပါပြီ… ကျောင်းသခင် ပြောတဲ့အတိုင်း လုပ်ပေးပါ့မယ်” ထိုသို့ ပြောပြီးသည့်နောက် အံကို တင်းတင်း ကြိတ်ချလိုက်လေသည်။

သူမ၏ မျက်ဝန်းအစုံကလည်း ဒေါသမီးတောက်တို့ဖြင့် တလက်လက် တောက်ပနေခဲ့လေ၏။

“ငါစောင့်နေမယ်နော်…” ဝမ်ကျိရှန်းမှာတော့ စိတ်ကောင်းဝင်နေသည့်အလား ကျယ်လောင်စွာ အော်ဟစ်ရယ်မော လိုက်လေ၏။ မျက်တောင်တစ်ခတ်အတွင်း အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားလေ၏။

အကုန်လုံးသည် သူမနှင့် ကျောင်းသခင်အကြား ဘာတွေများ ဖြစ်သွားခဲ့သလဲ ဆိုသည်အား သိချင်နေသည့် အကြည့်များဖြင့် ကောင်းရွှယ်ထင်းဘက်သို့ လှည့်ကြည့် လာခဲ့ ကြလေသည်။

“အစ်မကောင်း…” ချန်းချန်က စိုးရိမ်တကြီး ပြောလိုက်သည်။

“ပြောမနေနဲ့… မနက်ဖြန်ကြရင် သိလိမ့်မယ်” ကောင်းရွှယ်ထင်းမှာတော့ စိတ်ကြည် မနေခဲ့ပေ။ ဒေါသကြောင့် သူမ၏ ရင်အစုံမှာ နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့သည်။

“ဟုတ်ကဲ့…”

နောက်တစ်နေ့ မနက်တွင် ပန်းကြွေတောင်ထွတ်ဆီသို့ သွားရမည့် အကြောင်းကို ထိုနေ့ညတွင်ပင် ရန်ကိုင် သတင်းရ လိုက်လေသည်။

အံ့အားသင့်ဖွယ်ကောင်းစွာပင် ထိုသတင်းကို ယူလာသည့် လူမှာ ရှောင်ပိုင်ယီ ဖြစ်နေခဲ့လေ၏။ ရှောင်ပိုင်ယီမှာ ရန်ကိုင်နှင့် စကားလုံးဝ မပြောချင်သည့်အလား သူ့အား လာအကြောင်းကြား ပြီးသည်နှင့် တစ်ပြိုင်နက် ချက်ချင်း ပြန်ထွက်သွားလေသည်။

နောက်တစ်နေ့ မနက်တွင် ရန်ကိုင်လည်း စောစောထ၍ ပန်းကြွေတောင်ထွတ်ဆီသို့ သွားလေ၏။ တစ်ခဏအကြာတွင် တောင်ပေါ်ရှိ မြေကွက်လပ်ဆီသို့ ရောက်လာခဲ့လေသည်။

ထိုတောင်ပေါ်တွင် လူများစွာ စုဝေးနေကြလေသည်။ အချို့မှာ တာအိုသခင်အဆင့် ပညာရှင်များ ဖြစ်ကြပြီး အချို့မှာမူ ဧကရာဇ်အဆင့် ပညာရှင်များ ဖြစ်ကြပေသည်။

ချို့ရန်နှင့် ချန်းချန်တို့လည်း ထိုနေရာသို့ ရောက်နေကြလေ၏။ နှစ်ဦးစလုံးသည် ရန်ကိုင်သာ တစ်ချက်သာ ကြည့်လိုက်ပြီး ဆက်၍ အာရုံစိုက် မနေခဲ့ပေ။

သို့ရာတွင် အခြားသော တာအိုသခင်အဆင့် တပည့်များမှာတော့ ရန်ကိုင့်အား စိတ်ဝင်တစား ကြည့်နေကြလေ၏။ သူနှင့် ရွှယ့်ယီကြား တိုက်ပွဲသည် နေမင်းပြာကျောင်းတော်ထဲ ပျံ့သွားသည့် ပုံပင်။

အကုန်လုံးမှာ သူ့အား အတော်လေး စိတ်ဝင်စားနေကြလေ၏။ ရန်ကိုင်သည် တာအိုသခင် ပထမအဆင့်သာ ရှိသေးမှန်း သိလိုက်ရပြီးနောက် ပို၍ပင် အံ့အားသင့်သွား ကုန်ကြလေသည်။

ရှောင်ပိုင်ယီသည်လည်း ဤနေရာသို့ ရောက်နေခဲ့ လေသည်။ သို့သော် အခြားသူများနှင့် မတူညီစွာပင် ရန်ကိုင့်အား တစ်ချက်ကလေးပင် အာရုံစိုက် မနေခဲ့ပေ။

ရန်ကိုင်သည် ဤနေရာရှိ မည်သူ့ကိုမျှ မသိသလို မည်သူနှင့်မျှလည်း မိတ်ဆွေမဖွဲ့ချင်သည့် အတွက် သူ့ဘာသာ ထောင့်တစ်နေရာတွင်သာ သွားထိုင်နေလိုက်လေသည်။

ရန်ကိုင် ထိုင်နေစဉ်မှာပင် လူတစ်ဦး သူ့ဆီသို့ ရောက်လာခဲ့လေ၏။ ရောက်လာသည့်လူမှာ ဘာမျှ ထူးခြားခြင်း မရှိဘဲ သာမန် အသက်နှစ်ဆယ်အရွယ် လူငယ်လေးတစ်ဦးပုံသာ ပေါက်နေခဲ့လေသည်။

ရန်ကိုင့်အနားသို့ ရောက်သည့်အခါ သူ့အား ပြုံးပြနေခဲ့သည်။ ထိုလူငယ်လေး၏ ဝတ်စားပုံမှာလည်း ခန့်ညားသပ်ရပ်ခြင်းမရှိ။ ပုံမှန် ဖြစ်သလို ဝတ်စားထားသည့် ပုံစံမျိုးပင်။

သို့သော်ငြား ထိုလူငယ်လေး ရန်ကိုင့်အနားသို့ ကပ်လာသည့်အခါ စကားစမြည် ပြောနေကြသော တပည့်များအားလုံး တိတ်သွားခဲ့ကြပြီး ရန်ကိုင်တို့ဘက်သို့ လှည့်ကြည့်လာကြလေသည်။

ဧကရာဇ်အဆင့် ပညာရှင် အချို့ပင်လျှင် ထိုအချက်ကို သတိပြုမိ သွားပြီး ချန်းချန်ဆိုသော ကောင်မလေးသည် ရန်ကိုင်တို့ဘက်သို့ စိုးရိမ်တကြီး လှည့်ကြည့် လာခဲ့လေသည်။

ထိုလူငယ်လေးသည် ရန်ကိုင်နှင့် ခပ်လှမ်းလှမ်းအကွာတွင် ရပ်လိုက်ပြီး တောက်ပစွာ ပြုံးရင်း ပြောလိုက်လေသည်။ “ရွှယ့်ယီကို အနိုင်ယူသွားတဲ့ အပြင်လူက မင်းလား…”

“ဟုတ်ပါတယ်… ကျုပ်က ရန်ကိုင်ပါ” ရန်ကိုင်က ထိုလူငယ်လေးအား မျက်လုံးမှေးစင်းကာ စိုက်ကြည့်ရင်း သူ့ကိုယ်သူ ပြန်မိတ်ဆက်လိုက်လေသည်။

တစ်ချိန်တည်းတွင် ရန်ကိုင်သည် သူ့ကောင်းကင် စိတ်အာရုံကို ဖြန့်ကျက် ကြည့်လိုက်လေသည်။ သို့သော် အံ့အားသင့်ဖွယ် ကောင်းစွာပင် ရန်ကိုင့်အနေဖြင့် ထိုလူငယ်လေး၏ ကျင့်ကြံခြင်းကို အာရုံ မခံနိုင်ခဲ့ပေ။

သူ့ကောင်းကင်စိတ်အာရုံ ထိုလူငယ်လေးကို ဖြတ်သန်းသွားချိန် ဘာမှ မရှိသော လေဟာနယ်ကို ဖြတ်သန်းသွားသလို ခံစားလိုက်ရသည်။

သူ့မျက်လုံးဖြင့်သာ မြင်နေရသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ထိုလူငယ်လေး သူ့ရှေ့တွင် ရပ်နေလို့ ရပ်နေမှန်းကိုပင် သိလိမ့်မည် မဟုတ်ပေ။

(ဒီကောင်က လုံးဝ ထင်သလို မဟုတ်ဘူး)

တပည့်များနှင့် ဧကရာဇ်အဆင့် ပညာရှင်များ၏ တုံ့ပြန်ပုံ ပြောင်းလဲသွားသည့် အချက်ကိုပါ ထည့်ပေါင်းလိုက်သော် သူ့ရှေ့တွင် ရပ်နေသည့် လူငယ်လေးသည် လုံးဝကို သာမန် မဟုတ်မှန်း ရန်ကိုင် ကောက်ချက်ချလိုက်လေသည်။

ထိုလူငယ်လေးက ယဲ့ယဲ့လေး ပြုံးလျက် ပြန်ပြောလိုက်လေ၏။ “ဒီတော့ ရောင်းရင်းရန်ပေါ့… ကျုပ်က ရှရှန်းပါ”

“ကျုပ်ဘာများ ကူညီပေးရမလဲ ရောင်းရင်းရှ…” ရန်ကိုင်လည်း နှုတ်ဆက် မနေတော့ဘဲ လိုရင်းကို တန်းသွားလိုက်လေသည်။

“ဘာမှ မဟုတ်ပါဘူး… ငါဒီတိုင်း စကားပြောချင်လို့ ရောက်လာတာ” ရှရှန်းက တောက်ပစွာ ပြုံးရင်း ပြန်ပြောလိုက်သည်။ “ရွှယ့်ယီကို မင်း အနိုင်ယူလိုက်တယ် ကြားလို့… ငါလည်း နည်းနည်း သိချင်တာနဲ့ ရောက်လာတာ”

ရန်ကိုင်က မျက်ခုံးပင့်လျက် “ရောင်းရင်းရှက ရောင်းရင်းရွှယ့်အတွက် ပြန်ပြီးလက်စားချေချင်တာလား”

“ဟား… ဟား…” ရှရှန်းက အော်ရယ်မောလျက် လက်ဝှေ့ယမ်းရင်း ပြန်ပြောလိုက်လေသည်။ “ဘယ်ဟုတ်မလဲ… ငါဒီတိုင်းပဲ လာပြီးတော့ စကားစမြည် ပြောရုံပဲ”

“ငါသိချင်တာက… ရွှယ့်ယီက တော်တော်လေး အားကောင်းတဲ့ အထဲ ပါတယ်။ ဒါကိုတောင် သူ့ထက် ကျင့်ကြံခြင်း အဆင့် တစ်ဆင့်နိမ့်တဲ့ လူတစ်ယောက်က အနိုင်ယူသွားတော့ အဲ့လူ ဘယ်လိုမျိုးရှိမလဲ ငါလာကြည့်ကြည့်တာ”

“ရွှယ့်ယီကို အဆင့်တစ်ဆင့်နိမ့်နဲ့ အနိုင်ယူသွားတဲ့ ရောင်းရင်းရန်ရဲ့ အရည်အချင်းကတော့ တကယ်ကို အထင်သေးလို့ မရဘူးပဲ”

ထိုအခိုက်သို့ အရောက်တွင် ရှရှန်း၏ အမူအယာ လေးနက် တည်ကြည်သွားလေသည်။ သူ့အရှိန်အဝါနှင့် အသွင်အပြင်မှာ အပြောင်းလဲကြီး ပြောင်းလဲ သွားခဲ့သည်။

ထို့နောက် ယုံကြည်ချက် အပြည့်ရှိသော မောက်မာဝံ့ကြွားသည့် လေသံဖြင့် ပြောလိုက်လေသည်။

“ငါတို့လို လူမျိုးတွေက ဒီလောကကြီးကို စိုးမိုးပြီး အရှင်သခင်တွေ ဖြစ်လာဖို့ မွေးဖွား လာတဲ့လူတွေ… ဟိုသက်ကြားအိုကြီးတွေ အကုန်လုံးက ငါတို့ခြေထောက်ကို ဖက်နမ်းနေကြရမှာ… ငါတို့က အဲ့လိုမျိုးကွ”

ရန်ကိုင် ဆွံ့အ သွားခဲ့လေသည်။ ရှရှန်းပြောသည်ကို ကြားပြီးသည့်နောက် သူ့ခမျာ မရယ်မိအောင် မနည်း ထိန်းနေရလေ၏။

တစ်ချိန်တည်းတွင် သူ့စိတ်ထဲ မကောင်းသည့်ကိစ္စ တစ်ခုခု ဖြစ်လာတော့မည်ဟု ခံစားလိုက်ရလေသည်။

သူမျှော်လင့်ထားသည့် အတိုင်းပင် ဘေးဘက်ဆီမှ အော်ဟစ်သံကြီးတစ်သံ ထွက်ပေါ်လာ ခဲ့လေ၏။

“ခွေးသူတောင်းစား…” ချို့ရန်မှာ ဒေါသူပုန်ထသွားပြီး ရှရှန်းအား ထအော်တော့လေ၏။ “မင်း နောက်တစ်ကြိမ် အဲ့လို မဟုတ်သုတ်ခတွေ ထပ်ပြောနေမယ်ဆိုရင် ငါ မင်းပါးစပ်ကို ဆွဲဖြဲပစ်မှာနော်”

“ဒုကျောင်းသခင်…” ရှရှန်းက အနည်းငယ် ထိတ်လန့်သွားသည့် ပုံစံဖြင့် ချို့ရန်ဘက်သို့ လှည့်၍ ပြန်ပြောလိုက်လေသည်။

“တပည့် ဒုကျောင်းသခင်ကို ပြောနေတာ မဟုတ်ပါဘူး… တပည့် ပြောချင်တာ အဲ့လိုမျိုး မဟုတ်ပါဘူး… ကျေးဇူးပြုပြီး စိတ်ထိန်းပါ ဒုကျောင်းသခင်”

ချို့ရန်မှာမူ ရှရှန်း၏ ပုံစံနှင့် အတော်လေးကိုမှ ရင်းနှီးနေသည့်အလား သူ့အား တကယ်ကြီး သင်ခန်းစာ မပေးခဲ့ပေ။ သို့သော်ငြား ရှရှန်း၏ စကားကြောင့် စိတ်ထိခိုက်သွားဟန်ရပြီး သက်ပြင်းချလိုက်လေ၏။

“ဆရာမကောင်း တပည့်ခေါင်း ဆိုတဲ့ အတိုင်းပါပဲလားကွာ…” သို့သော်ငြား သူပြောနေသည့် ဆရာဆိုသည်မှာ မည်သူမှန်း မည်သူမျှ မသိကြချေ။

ရှရှန်းသည် ရန်ကိုင့်ဘက်သို့ လှည့်ကာ အော်ရယ်မော၍ ပြန်ပြောလိုက်လေ၏။ “ငါ့ကိုယ်ငါ ပြန်မိတ်ဆက်ပေးရတာပေါ့… ဟယ်လို ရောင်းရင်းရန်… ငါက ရှရှန်းပဲ… ဂိုဏ်းရဲ့သိုင်းပြိုင်ပွဲမှာ ပထမ ရခဲ့တဲ့လူပေါ့”

“အင်း… ကျုပ်ခန့်မှန်းမိပါတယ်…” ရန်ကိုင် အသာအယာ ခေါင်းညိတ်လိုက်လေ၏။ ရှရှန်းဆီမှ ခံစားရသည့် အရှိန်အဝါမှာ ရှောင်ပိုင်ယီထက်ပင် ပိုအားကောင်းသေးသည်။

ရှောင်ပိုင်ယီသည် သိုင်းပြိုင်ပွဲတွင် ဒုတိယ ရခဲ့သူဖြစ်သဖြင့် ရှရှန်းသည် ပထမဆိုသည်မှာ မေးခွန်းထုတ်စရာ မလိုတော့ပေ။

“ငါတို့ ထပ်တွေ့ကြဦးမှာဆိုတော့ မင်းသေချာ ကြိုးစားထားနော်…” ရှရှန်းက ပြောလိုက်လေသည်။

“ဒါပေါ့… ရောင်းရင်းရှလည်း အရမ်းကြီး နောက်မှာ မကျန်ခဲ့ဖို့ မျှော်လင့်ပါတယ်” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည်။

ရှရှန်း မျက်နှာပေါ်ရှိ အပြုံး တောင့်တင်းသွားခဲ့လေသည်။ သို့သော်လည်း ချက်ချင်းပဲ ပြန်ပြုံးကာ “စိတ်ဝင်စားစရာပဲ… ရောင်းရင်းရန်က တကယ်ကို စိတ်ဝင်စားစရာပဲ… ပိုင်လေး ထက်တောင် ပိုပြီး စိတ်ဝင်စားစရာ ကောင်းသေးတယ်”

ထိုစကားကို ကြားသည့်အခါ အနားတွင် ရပ်နေသော ရှောင်ပိုင်ယီသည် ဒေါသတကြီး ထအော်လေသည်။ “ဘယ်သူ့ကို ပိုင်လေးလို့ ခေါ်နေတာလဲ… ငါမင်းနဲ့ အခုချက်ချင်း ထတိုက်ခိုက်မှာနော်”

ရှရှန်းက ကူကယ်ရာမဲ့နေသည့် အမူအယာဖြင့်သာ ပခုံးတွန့်ပြ လိုက်လေသည်။

ထိုစဉ် ခရမ်းရောင် အလင်းတန်းတစ်ခု လူအုပ်ကြီးအား ဖြတ်ကျော် သွားခဲ့လေ၏။ ထို့နောက်တွင် ဝမ်ကျိရှန်း ပေါ်လာခဲ့လေသည်။

လူအုပ်ကြီးအား ဝေ့ကြည့်လိုက်ပြီးနောက် “မင်းတို့ အဖွဲ့ကို ဦးဆောင်ရမှာ အကြီးအကဲကောင်း မဟုတ်ဘူးလား… ဘာလို့ သူ့ကို မတွေ့ရတာလဲ”

ထိုစဉ် ချန်းချန်က ဝင်ပြောလိုက်လေ၏။ “အစ်မကောင်း မကြာခင် ရောက်လာတော့မှာ”

“မိန်းမတွေက အင်း… အရမ်းကို ပြဿနာများတာပဲ” ဝမ်ကျိရှန်းက သူ့ဘာသာသူ ရေရွတ်လိုက်လေ၏။ ထို့နောက် ကောင်းကင် ပေါ်သို့ မော့၍ ပြုံးကာ ပြောလိုက်လေ၏။

“သူရောက်လာပြီ…”

ဘာကြောင့်မှန်းမသိ သူ့မျက်လုံးထဲ တစ်ခုခုအား မျှော်လင့်တောင့်တနေသည့် အရိပ်အယောင်တို့ ထွက်ပေါ် နေခဲ့လေသည်။

လူအုပ်ကြီးလည်း ဝမ်ကျိရှန်း ကြည့်နေသည့်ဘက်သို့ လှမ်းကြည့်လိုက်ရာ အဖြူရောင် အလင်းတန်းတစ်ခု အလွန်ကိုမှ လျင်မြန်သည့် နှုန်းဖြင့် သူတို့ဆီသို့ ပျံသန်းလာနေသည်ကို တွေ့ရှိလိုက်ရလေသည်။

အဖြူရောင်အလင်းတန်း သူတို့ဆီသို့ ရောက်လာပြီး ပျောက်ကွယ်သွားချိန် ကောင်းရွှယ်ထင်း ပေါ်လာခဲ့လေ၏။

“အကြီးအကဲကောင်း… တပည့်တွေ အားလုံး ရောက်နေပါပြီခင်ဗျာ…” ချို့ရန်သည် ကောင်းရွှယ်ထင်းဆီသို့ လျှောက်သွားလိုက်လေ၏။

သူမသည် ယခုတစ်ကြိမ် ဥတုလေးမျိုးနယ်မြေဆီသို့ သွားမည့် ခရီးကို ဦးဆောင်မည့် လူတစ်ဦးဖြစ်သည်။ သို့သော်ငြား မမျှော်လင့် ထားသည့် အကြောင်းအရာများကြောင့် သူတို့အနေဖြင့် တပည့်များအား ဥတုလေးမျိူးနယ်မြေထဲ ကြယ်စည်းတံဆိပ်များ ပေါ်လာမည့် အကြောင်းကို သတိပေးရပေဦးမည်။

သို့ရာတွင် ချို့ရန် စကားဆုံးအောင် မပြောနိုင်သေးခင်မှာပဲ တစ္ဆေသရဲတစ်ကောင်အား မြင်လိုက်ရသည့်နှယ် မျက်လုံး အပြူးသား ဖြစ်သွားပြီး စိတ်ထဲမှ အလန့်တကြား ရေရွတ်လိုက်လေ၏။

(ဒီအမျိုးသမီးက အကြီးအကဲကောင်း လုံးဝ မဟုတ်ဘူး)

သူ့ရှေ့ရှိလူကို ကြည့်ရင်း အကြီးအကဲချို့ရန် မမျှော်လင့်ပဲ ရေရွတ်လိုက်လေသည်။ (ခင်ဗျားဘယ်သူလဲ ဘယ်လိုလုပ်ပြီး ကျုပ်တို့ကျောင်းတော်ရဲ့ အကြီးအကဲကောင်းပုံစံ ဟန်ဆောင်လာရဲတာလဲ… အခုချက်ချင်း လူလုံးပြစမ်း)

ချို့ရန်အနေဖြင့် ထိုစကားများကို အပြင် ထုတ်မပြော မိလိုက်သော်ငြား သူ့စိတ်ထဲတွင်တော့ ပြောလိုက်မိလေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၁၃၂)

ချို့ရန်သာလျှင် မဟုတ်။ အကြီးအကဲချန်းချန်သည်လည်း မျက်လုံးအပြူးသား ဖြစ်နေပြီး အလွန်ကိုမှ အံ့အားသင့်နေဟန်ဖြင့် သူမ၏ လက်ကလေးဖြင့် ပါးစပ်ကိုပင် အုပ်ထား ခဲ့လေသည်။

သူမတို့သာလျှင် မဟုတ် အခြားသော ဧကရာဇ်အဆင့် ပညာရှင်များသည်လည်း မင်သက်နေကုန်ကြလေ၏။ ပုံမှန်အားဖြင့် မျက်နှာတည်တည်ဖြင့်သာ ရှိနေကြသော ဧကရာဇ်အဆင့် ပညာရှင်များသည်ပင် ဤကဲ့သို့ ဖြစ်နေလေရာ တပည့်များဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။

အကုန်လုံးသည် ပါးစပ်အဟောင်းသားဖြင့် ကောင်းရွှယ်ထင်းအား စိုက်ကြည့်နေကြလေသည်။

“နင်တို့ ဘာလို့ ငါ့ကို ဒီလိုတွေ ကြည့်နေကြတာလဲ… ငါ့မျက်နှာမှာ တစ်ခုခု ပေနေလို့လား” ကောင်းရွှယ်ထင်းက မေးလိုက်သည်။ တစ်ချိန်တည်းတွင် သူမ၏ နှုတ်ခမ်းလေးနှစ်ဖက်မှာ အလိုလို တွန့်ကွေးသွားခဲ့လေသည်။ သို့ရာတွင် သူမ၏ မျက်လုံးများမှာတော့ ခြောက်ခြားဖွယ် ကောင်းနေဆဲ။

အကုန်လုံးမှာ အလွန်ကိုမှ ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်ခုကို ရလိုက်သည့်အလား သူတို့၏ ကျောရိုးတစ်လျှောက် စိမ့်တက် သွားခဲ့ကြလေသည်။

“ဂလု… ဂလု…”

တံတွေးမျိုချသံများ ထွက်ပေါ်လာခဲ့လေသည်။

“ငါ အမြင်မှားနေတာလား… အကြီးအကဲကောင်း တကယ်ကြီး ပြုံးလိုက်တာလား…” အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

“သူတကယ်ကြီး ပြုံးလိုက်တာ… ဘုရားရေ…”

“ငါ ဒီဂိုဏ်းထဲကို ဝင်လာတာ နှစ်နဲ့ချီနေပြီ။ ခုမှပဲ အကြီးအကဲကောင်း ပြုံးတာ မြင်ဖူးတော့တယ်… ငါအခုနေ သေရမယ်ဆိုရင်တောင် ဘာမှ နောင်တရမနေတော့ဘူး”

“ဒါတကယ်မဟုတ်ဘူး… ဒါလုံးဝကို တကယ် မဟုတ်ဘူး… ဒါ ငါ့စိတ်ထင် သက်သက်ဖြစ်နေတာ… ဟုတ်တယ် ငါ့စိတ်ထင်ပဲ… လုံးဝကို ငါ့စိတ်အထင်ပဲ”

တာအိုသခင်အဆင့် ပညာရှင်များစွာမှာ ကောင်းရွှယ်ထင်း၏ အပြုံးကြောင့် စိတ်လွတ်ကိုယ်လွတ် ဖြစ်ကုန်ကြလေသည်။

“နင်တို့ကြည့်ရတာ ငါနဲ့ပတ်သက်ပြီး တော်တော်များများ ပြောချင်နေတဲ့ပုံပဲ”

ထိုစကားပြောသံများကို ကြားပြီးသည့်နောက်တွင် ကောင်းရွှယ်ထင်းသည် စကားပြောလိုက်သည့် တပည့်များဘက်သို့ လှည့်လိုက်လေသည်။ သူမမျက်နှာပေါ်ရှိ အပြုံးမှာတော့ ပျောက်ကွယ်သွားခြင်း မရှိသေး။

သို့ရာတွင် သူမ၏ အပြုံးမှာ အနည်းငယ် တောင့်တောင့်ကြီး ဖြစ်နေခဲ့လေသည်။

တပည့်များမှာ ကောင်းရွှယ်ထင်း ဒေါသထွက်သွားမည်ကို‌ ကြောက်ရွံ့သည့် အတွက်ကြောင့် သူမနှင့် အကြည့်ချင်း မဆုံရဲခဲ့ဘဲ သူတို့ဘက်သို့ လှည့်ကြည့်လာသည်ကို မြင်သော် ချက်ချင်း အကြည့်လွှဲလိုက် ကြလေသည်။

“အစ်မကောင်း…” ချန်းချန်က ကောင်းရွှယ်ထင်းနားသို့ သွား၍ စိုးရိမ်နေသည့် လေသံဖြင့် မေးလိုက်လေသည်။ “အစ်မကောင်း အဆင်ပြေရဲ့လား…”

“ငါ့ပုံစံက အဆင်မပြေတဲ့ပုံ ပေါက်နေလို့လား” ကောင်းရွှယ်ထင်းက ယဲ့ယဲ့လေး ပြုံးလျက် ဝမ်ကျိရှန်းအား အံကြိတ်ကာ စိုက်ကြည့်ရင်း ပြောလိုက်လေသည်။ “ငါအဆင်ပြေပါတယ်…”

“အို…” ချန်းချန်မှာတော့ ဘာပြန်ပြောလို့ ပြောရမှန်းပင် မသိတော့ချေ။ တာအိုသခင်အဆင့် တပည့်များ မဆိုထားနှင့်။ ကောင်းရွှယ်ထင်းနှင့် အမြဲလိုလို အတူရှိနေတတ်သော သူမပင်လျှင် ကောင်းရွှယ်ထင်း ဤမျှ ကြာကြာ ပြုံးသည်ကို တစ်ခါမျှ မမြင်ဖူးချေ။

ထို့ကြောင့် သူမစိတ်ထဲ အနည်းငယ် နားမလည်နိုင် ဖြစ်ရသလို တစ်ချိန်တည်းတွင် ကြောက်စိတ် ဝင်သွားမိခဲ့လေသည်။

“အကြီးအကဲကောင်း…” ချိုရန်မှာ ဆက်သည်းမခံနိုင် တော့သည့်အဆုံး ထအော်လိုက်လေ၏။

ကောင်းရွှယ်ထင်း ပြုံးနေသည်ကို မြင်ရသည်မှာ အမှန်တကယ်ကို ဝမ်းသာစရာ ကောင်းလှသော်ငြား သူမ၏ အပြုံးမှာ သူမ၏ ပုံမှန် အေးစက်စက်မျက်နှာထား ထက်ပင် ပို၍ ကြောက်စရာ ကောင်းနေခဲ့လေသည်။

ထို့ကြောင့် လှမ်းအော်ပြောလိုက်လေ၏။ “ နင့်ကိုနင် တွန်းအားပေးမနေနဲ့တော့”

ကောင်းရွှယ်ထင်းသည် ချိုရန်ဘက်သို့ လှည့်၍ ပြုံးရင်း ပြောလိုက်လေသည်။ “ကျွန်မကိုယ် ကျွန်မ တွန်းအားပေးတာ…”

“အာ… ဘယ်ဟုတ်ပမလဲ… ဘာလို့လဲ… စီနီယာချို့ ကျွန်မပြုံးတာ ကြည့်လို့ မကောင်းဘူးထင်လို့လား”

“ငါပြောချင်တာ အဲ့လို မဟုတ်ဘူး” ချို့ရန်မှာ ချက်ချင်းပဲ ပြန်၍ ကမန်းကတန်း ငြင်းဆိုလိုက်လေသည်။ ထို့နောက် ခေါင်းစဉ်ပြောင်း၍ “တပည့်တွေ အကုန်လုံး စုံနေပြီ… အကြီးအကဲကောင်း ပြောချင်တာ ရှိသေးလား”

“ဘာပြောစရာ ရှိဦးမှာလဲ” ကောင်းရွှယ်ထင်းက တာအိုသခင်အဆင့် ပညာရှင် အယောက်နှစ်ဆယ်ကို ဝေ့ကြည့်လျက် ခပ်ပြတ်ပြတ် ပြောလိုက်လေသည်။ “လမ်းကြမှပဲ ပြောတော့မယ်… အခုတော့ သွားကြတာပေါ့”

ပြောပြီးသည်နှင့် ပါးစပ်ကို ဟ၍ သင်္ဘောအသေးစားလေး တစ်ခုကို ထွေးထုတ်လိုက်လေသည်။ ထိုသို့ ထွေးထုတ်ပြီးနောက် လက်ကွက်တစ်ခု ဖန်တီးလိုက်ရာ ထိုသင်္ဘောသေးသေးလေးမှာ မီတာပေါင်းများစွာ အရှည်အထိသို့ လျင်မြန်စွာ ကြီးထွား လာခဲ့လေ၏။

သင်္ဘော၏ ကိုယ်ထည်ပေါ်တွင် နဂါးနှင့် ဖီးနစ်ငှက် ပုံရိပ်တို့ကို ထိုးထွင်းထားပြီး ဤသင်္ဘောသည် ရန်ကိုင်တွင် ရှိသော သင်္ဘောထက် အများကြီး ပိုမို ကောင်းမွန်ပေသည်။

“သင်္ဘောပေါ် တက်ကြတော့…” ကောင်းရွှယ်ထင်းက ပြောလိုက်လေ၏။ တာအိုသခင်အဆင့် တပည့် အယောက်နှစ်ဆယ်လုံး သူတို့၏ လှုပ်ရှားမှု ပညာရပ် အသီးသီးကို သုံး၍ သင်္ဘောပေါ်သို့ အမြန် တက်လိုက်ကြလေသည်။

ရန်ကိုင်လည်း လူအုပ်ကြီးနှင့် လိုက်ရော တက်သွားလိုက်ပြီး သင်္ဘောပေါ်သို့ ရောက်သော် နေရာတစ်ခု ရှာကာ ထိုင်နေလိုက်လေ၏။

ကောင်းရွှယ်ထင်းသည် အကုန်လုံး သင်္ဘောပေါ်သို့ ရောက်အောင် စောင့်နေပြီးသည့် နောက်မှသာ သင်္ဘောကုန်းပတ်ပေါ်သို့ တက်လိုက်လေ၏။

သင်္ဘောပေါ်သို့ ရောက်ပြီးသည့်နောက် လူအုပ်ထဲတွင် ပုန်းအောင်းနေသော ဝမ်ကျိရှန်းဘက်သို့ ခြောက်ခြားဖွယ်ကောင်းစွာ ပြုံး၍ စိုက်ကြည့်ရင်း အံကြိတ်ကာ ပြောလိုက်လေ၏။

“ကျွန်မကို စောင့်နေ… ကျွန်မ ပြန်လာမှ ရှင်နဲ့ ကျွန်မ တွေ့မယ်”

“သွားပေတော့…” ဝမ်ကျိရှန်းက သူ့လက်ကို ဝှေ့ယမ်း လိုက်လေသည်။ သူ့ခန္ဓာကိုယ်မှာမူ အနည်းငယ်တုန်ရီ နေလေ၏။

“ဟမ့်…” ကောင်းရွှယ်ထင်းက အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့၍ သင်္ဘောထဲသို့ အရင်းအမြစ်ချီကို ထည့်သွင်းလိုက်လေ၏။

သင်္ဘောမှာ ချက်ချင်း အရှိန်တင်ကာ နေမင်းပြာ ရိုးမထဲမှ ပျံသန်းထွက်သွားလေသည်။

အားလုံး၏ မြင်ကွင်းမှ သင်္ဘော ပျောက်ကွယ်သွားသည့် နှင့်တစ်ပြိုင်နက် ရယ်သံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

ဝမ်ကျိရှန်းမှာ မျက်ရည်ကျလုမတတ် အူလှိမ့်အောင် ထိုင်ရယ်မောနေကာ မြေကြီးပေါ် တုံးလုံးလဲလုမတတ်ပင် ဖြစ်သွားခဲ့လေ၏။ ထိုသို့ အဆက်မပြတ် ရယ်မောနေရင်းမှ ပြောလိုက်လေ၏။

“မင်းတို့… မင်းတို့… ရွှယ်ထင်းလေးရဲ့မျက်နှာကို မြင်လိုက်လား… ဟား…ဟား…ဟား… တကယ်ကို ရယ်စရာ ကောင်းတာပဲကွာ”

“မသင့်တော်ဘူးနော် ကျောင်းသခင်” ချို့ရန်မှာတော့ လုံးဝကို ဆွံ့အ နေခဲ့လေသည်။ နောက်ဆုံး ဝမ်းနည်းတကြီးဖြင့် ခေါင်းခါရင်း တဖြည်းဖြည်းချင်း လမ်းလျှောက် ထွက်သွားလေ၏။

“ကျောင်းသခင်… ကိုယ့်ကိုယ်ကို ပြန်ထိန်းပါဦးနော်” အခြားသော ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးမှာလည်း ကျောင်းသခင် ပုံစံကို ဆက်မကြည့်နိုင်တော့သည့် အဆုံး သတိပေးလိုက်လေ၏။

“ကျောင်းသခင်… ရှင်တော့ သေပြီပဲ” ချန်းချန်သည် ဝမ်ကျိရှန်းအား အထင်အမြင်တသေးဖြင့် ကြည့်ရင်း “အစ်မကောင်း ဥတုလေးမျိုးနယ်မြေကနေ ပြန်လာတဲ့ ချိန်ထိစောင့်… အဲ့ချိန်ကြရင် အစ်မကောင်း ကျောင်းသခင်နဲ့ စာရင်း လာရှင်းလိမ့်မယ်”

စကားဝိုင်းပြီးသွားသော် အကုန်လုံး အသီးသီး ပြန်၍ ထွက်ခွာ သွားကြရာ ဝမ်ကျိရှန်းတစ်ဦးသာ ကျန်ရစ်ခဲ့လေ၏။ တစ်ခဏကြာအောင် ဆက်ရယ်မောနေပြီးသည့် နောက်မှသာ ဝမ်ကျိရှန်း အရယ်ရပ် သွားခဲ့လေ၏။

ထို့နောက် ခါးကိုမတ်၍ အလေးအနက် အမူအယာဖြင့် ဝမ်းနည်းတကြီး ရေရွတ်လိုက်လေ၏။ “ရွှယ်ထင်းလေး ပြုံးတာကို မမြင်ရတာ နှစ်တွေ ဘယ်လောက်ကြာပြီလဲကွာ… တကယ်ကို လွမ်းဖို့ ကောင်းလိုက်တာ… သူငယ်ငယ်တုန်းက အရမ်းကို ချစ်ဖို့ကောင်းတာ… ကြီးလာတော့ ဘာလို့ ဒီလောက်တောင် အေးစက်စက် ဖြစ်သွားရတာလဲ မသိဘူး”

“ဒါကြောင့်လည်း မိန်းကလေးတွေ အရွယ်ရောက်လာရင် လုံးဝကို ပြောင်းလဲသွားတယ်လို့ ဆိုရိုးစကားရှိတာကိုး”

သင်္ဘောပေါ်တွင် ရှိနေသူ အကုန်လုံး တိတ်ဆိတ်နေကြ လေသည်။ တာအိုသခင်အဆင့် ပညာရှင် အယောက်နှစ်ဆယ်လုံးသည် သူတို့ အရှေ့ဘက်ဆီမှ ဖြာထွက်နေသည့် အအေးဓာတ်ကို ခုခံနိုင်ရန်အတွက် အရင်းအမြစ်ချီကို လှည့်ပတ်ထားကြလေသည်။

ကောင်းရွှယ်ထင်းသည် သင်္ဘောကုန်းပတ်ပေါ်တွင် တောက်လျှောက် ရပ်နေခြင်းဖြစ်သည်။ သင်္ဘောထွက်ခွာလာသည့် အချိန်မှစ၍ သူမဆီမှ ခြောက်ခြားဖွယ်ရာ ကောင်းသည့် အေးစက်မှုကို အကုန်လုံး ခံစားလိုက်ကြရသည်။

တစ်ခါတစ်ရံ ကောင်းရွှယ်ထင်းမှာ အရူးတစ်ယောက်နှယ် ထ ထ ရယ်နေသဖြင့် အကုန်လုံးမှာ ရင်တထိတ်ထိတ် ဖြစ်နေကြလေသည်။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် မည်သူကများ အသံ ထွက်ရဲမည်နည်း။ ထို့ကြောင့် အကုန်လုံး စကားတစ်ခွန်းပင် မပြောကြဘဲ တိတ်နေကြလေ၏။ စကားမပြောကြတော့ပဲ အကြည့်ချင်းသာ ဖလှယ် နေကြတော့လေသည်။

ဥတုလေးမျိုးနယ်မြေထဲသို့ ဝင်ခွင့်ရသည့် တပည့် အယောက်နှစ်ဆယ်ထဲတွင် ၇ဦးမှာ အမျိုးသမီးများ ဖြစ်ကြပြီး ကျန်သူများမှာ အမျိုးသားများ ဖြစ်ကြပေသည်။

ထိုလူများအနက်တွင် ရန်ကိုင်သည် ရှောင်ပိုင်ယီနှင့် ရှရှန်းကိုသာ သိထားပြီး ကျန်သူများ၏ နာမည်ကို မသိပေ။ သို့သော်ငြား အချိန်ကုန်ခံပြီး သွားမေးမနေခဲ့။

ယခုတစ်ကြိမ် ဥတုလေးမျိုးနယ်မြေထဲသို့ သူဝင်ရသည့် အကြောင်းအရင်းမှာ ကပ်ဘေးအသီးကို ရှာရန် ဖြစ်သည်။ ထိုအသီးကိုသာ ရှာနိုင်မယ်ဆိုလျှင် ချင်းကျောင်းရန်၏ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ပေမည်။

ဤတာအိုသခင် အဆင့်မြင့် ပျံသန်းရေးမှော်ရတနာမှာ အလွန်ကိုမှ မြန်လှသည်။ ထို့အပြင် လမ်းတစ်လျှောက်၌ မည်သည့် အခက်အခဲနှင့်မျှလည်း မကြုံတွေ့ခဲ့ရပေ။

တကယ်တော့ ဤသင်္ဘောကို စောင့်ကြပ်ပေးနေသည့် လူမှာ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးပင် မဟုတ်ပေလော။ ထို့အပြင် ထိုဧကရာဇ်အဆင့် ပညာရှင်မှာ သွားပြဿနာရှာ၍ ကောင်းသည့် ဧကရာဇ်အဆင့် ပညာရှင်မျိုး မဟုတ်ပေ။

လက်ရှိတွင် သင်္ဘောအား စောင့်ကြပ်နေသည့် ဧကရာဇ်အဆင့် ပညာရှင်မှာ ခြောက်ခြားဖွယ်ရာ ကောင်းသည့် သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်နေသည့် သူတစ်ဦးဖြစ်လေရာ မည်သူကများ ရူးမိုက်ပြီး သူတို့သင်္ဘောကို လာရောက် ပြဿနာ ရှာရဲကြမည်နည်း။

ဤသို့ဖြင့် ၃ရက်ခန့် ကြာသွားခဲ့လေသည်။ ထို ၃ရက်လုံးလုံး ကောင်းရွှယ်ထင်းသည် သင်္ဘောပေါ်ရှိ လူအားလုံးကို ကျောပေး၍ သင်္ဘောကုန်းပတ်ပေါ်တွင်သာ ရပ်နေခဲ့သည်။

ယနေ့တွင် ကောင်းရွှယ်ထင်းသည် သူတို့ဘက်သို့ ရုတ်တရက် လှည့်လာခဲ့လေ၏။ သူမ၏ အကြည့်ကို ခံစားလိုက်ရသော် အကုန်လုံး၏ အမူအယာ လေးနက်တည်ကြည် သွားခဲ့ပြီး ချက်ချင်းပဲ သူမဆီသို့ လှမ်းကြည့်လိုက်ကြလေသည်။

ကောင်းရွှယ်ထင်း၏ မျက်နှာကို မြင်လိုက်ရသည့် အခါမှပဲ အကုန်လုံး စိတ်သက်သာရာ ရသွားခဲ့ကြလေသည်။ လက်ရှိ ကောင်းရွှယ်ထင်းမှာ သူမ၏ ပုံမှန် မျက်နှာထားအတိုင်း အေးစက်စက် အမူအယာကို ပြန်လည်ဆင်မြန်း ထားခဲ့လေ၏။

အစောပိုင်းကကဲ့သို့ ထူးဆန်းပြီး ကြောက်စရာကောင်းသည့် အပြုံး သူမမျက်နှာထက်တွင် ရှိမနေတော့ချေ။

လူပေါင်းများစွာ ကြိတ်၍ သက်ပြင်းချနေသည်ကို ရန်ကိုင် တွေ့နေရလေသည်။

“အခုမှပဲ အကြီးအကဲကောင်း မျက်နှာက ကြည့်လို့ရှုလို့ အဆင်ပြေတော့တယ်” ရှရှန်းက အကြောက်မပြေသေးသည့် လေသံဖြင့် သူ့ရင်ဘတ်ကို ပုတ်ရင်း ပြောလိုက်လေသည်။

“အစောပိုင်းက အကြီးအကဲကောင်း မျက်နှာက ကြောက်စရာကြီး… ငါ့မှာ ဘယ်လိုကြီးမှန်းကို မသိဘူး”

ထိုစကားကို ကြားလိုက်သည်နှင့် ရှောင်ပိုင်ယီသည် အန္တရာယ်တစ်ခုကို ခံစားမိလိုက်သည့်အလား ချက်ချင်း ရှရှန်း၏ မျက်နှာကို ရိုက်ချလိုက်လေ၏။

ရှရှန်းမှာ ထိုအဖြစ်အပျက်ကြောင့် ကြောင်သွားခဲ့ပြီး ချက်ချင်းပဲ ရှောင်ပိုင်ယီကို စူးရဲစွာ စိုက်ကြည့်၍ “ရှောင်ပိုင် မင်းငါ့နောက်ကျောကို ဓါးနဲ့ ထိုးလိုက်တာလား… အရှက်မဲ့ လိုက်တာကွာ… မင်း ယုံရင်ယုံ မယုံရင်နေနော် ငါ…”

သူပြောလို့ မပြီးသေးခင်မှာပင် ရှရှန်းတစ်ကိုယ်လုံး အလိုလို တုန်ရီ လာခဲ့လေ၏။ ကောင်းရွှယ်ထင်းသည် သူ့အား စိုက်ကြည့် နေခဲ့လေသည်။

ထိုအချင်းအရာကို မြင်သည့်အခါ ရှရှန်းက အားမပါသည့် လေသံဖြင့် ပြန်၍ ပြောလိုက်လေ၏။ “အကြီးအကဲကောင်း တပည့် စကား မှားသွားလို့လား”

“မမှားပါဘူး” ကောင်းရွှယ်ထင်းက ယဲ့ယဲ့လေး ပြန်ပြောလိုက်၏။ ထို့နောက် ရုတ်တရက် ပြုံးကာ ဆက်ပြောလိုက် ပြန်လေသည်။ “နင့်ကို သေမတတ် ကြောက်သွားစေတယ်ဆိုတာ ဒီမျက်နှာလား”

ရှရှန်း၏ မျက်နှာ ဖြူရာမှ ပြာနှမ်း သွားခဲ့လေသည်။ ရှရှန်း အလစ်အငိုက် ဖြစ်နေစဉ် အတောအတွင်း ကောင်းရွှယ်ထင်းသည် သူ၏ လည်ဂုတ်ကို ဆွဲ၍ သင်္ဘောပေါ်မှ လွှင့်ပစ်လိုက်လေသည်။

“အကြီးအကဲကောင်း…” ရှရှန်း၏ အော်သံ ခပ်ဝေးဝေးဆီမှ ထွက်ပေါ် လာခဲ့လေ၏။ သို့သော်ငြား သင်္ဘောသွားနေသည့် နှုန်းအရ ရှရှန်း၏ ပုံစံသည် အမဲစက်တစ်စက် အဖြစ်သာ ကျန်ရစ်တော့လေသည်။

“ကဲ… စိတ်ရှုပ်စရာအကောင် မရှိတော့ဘူးဆိုတော့ စကားကောင်းကောင်း ပြောလို့ရပြီပေါ့” ကောင်းရွှယ်ထင်းသည် သူမ လက်နှစ်ဖက်ကို ခါရင်း လူအုပ်ကြီးအား ဝေ့ကြည့်လိုက်လေသည်။

သူမ၏ အကြည့်ကို ခံစားမိလိုက်ချိန် အကုန်လုံး ချက်ချင်း ခေါင်းငုံ့လိုက်ကြလေ၏။

(အဲ့အရူးကောင်ကတော့…) ရှောင်ပိုင်ယီကမူ စိတ်ထဲကြိတ်၍ အော်ဟစ်ကျိန်ဆဲ နေခဲ့လေ၏။ တစ်ချိန်တည်းတွင် သူ့နောက်ဘက်သို့ လှမ်းကြည့်လိုက်ရာ ရှရှန်းသည် သူတို့ သင်္ဘောဆီသို့ အမြန်ပြန် ပြေးလိုက်လာနေကြောင်းကို တွေ့လိုက်ရလေသည်။

ဂိုဏ်း၏ သိုင်းပြိုင်ပွဲတွင် ပထမရခဲ့သည့် သူတစ်ဦး ဖြစ်သည့်အတွက်ကြောင် ရှရှန်းမှာ သံသယ ရှိစရာ မလိုအောင်ကို အားကောင်းလှပြီး သင်္ဘောအား တစ်ခဏအတွင်း လိုက်မီ လာခဲ့လေ၏။

သို့သော်ငြား သင်္ဘောပတ်လည်တွင် ထွင်းဖောက်မြင်နိုင်သော အကာအရံတစ်ခု ရှိနေခဲ့လေသည်။ ကောင်းရွှယ်ထင်းသာ အကာအရံကို ဖွင့်မပေးလျှင် ရှရှန်းအနေဖြင့် သင်္ဘောပေါ်သို့ တက်၍ ရလိမ့်မည် မဟုတ်။

ထို့အတွက်ကြောင့် သူ့အနေဖြင့် သနားညှာတာပေးရန် တောင်းဆိုရင်း ထိုထွင်းဖောက် မြင်နိုင်သော အကာအရံပေါ်တွင်သာ ကပ်တွယ်နေရတော့လေသည်။

ကောင်းရွှယ်ထင်းမှာမူ ရှရှန်း၏ အော်ဟစ်တောင်းပန် သံများကို မကြားချင်ယောင်သာ ဆောင်နေခဲ့လေ၏။ နောက်ဆုံး မကြားချင်ယောင် မဆောင်နိုင်တော့သည့် အဆုံးတွင် သူမလက်ကို ဝှေ့ယမ်း၍ သူ့အသံကို မကြားနိုင်တော့အောင် လုပ်ပစ်လိုက်လေသည်။

အကုန်လုံးမှာ ရှရှန်းအား သနားစဖွယ် စိုက်ကြည့်လိုက်ကြသည်။

“ငါနင်တို့ကို ပြောစရာ တစ်ခုရှိတယ်” ကောင်းရွှယ်ထင်းက ရုတ်တရက် ပြောလိုက်သည်။ အကုန်လုံး ကောင်းရွှယ်ထင်းဘက်သို့ လှည့်ကြည့်လာကြလေ၏။

“ဒီတစ်ကြိမ်ဖွင့်တဲ့ ဥတုလေးမျိုးနယ်မြေက အရင်နှစ်တွေနဲ့ သိပ်မတူဘူး” ကောင်းရွှယ်ထင်းက ဆက်ပြောလိုက်သည်။ “နင်တို့ မသွားခင် ဥတုလေးမျိုးနယ်မြေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို သိပြီးသွားပြီနေမှာပေါ့ ဟုတ်တယ်မလား… အဲ့တော့ ငါနင်တို့ကို ဆက်ပြီး ရှင်းပြမနေတော့ဘူး”

“ဒါပေမဲ့ ဒီတစ်ကြိမ် ပြောင်းလဲ သွားတာက အခုတစ်ခါ ဥတုလေးမျိုးနယ်မြေထဲမှာ ကြယ်စည်းတံဆိပ်တွေ ပေါ်လာလိမ့်မယ်”

“ကြယ်စည်းတံဆိပ်…” တစ်ခုခုကို စဉ်းစားမိသွားသည့်အလား ရှောင်ပိုင်ယီ၏ အမူအယာ ပြောင်းလဲ သွားခဲ့လေသည်။ ချက်ချင်းပဲ အံ့အားသင့်နေသည့် လေသံဖြင့် ပြန်မေးလိုက်လေ၏။

“ကြယ်ပျက်ပင်လယ်နဲ့ ပတ်သက်တဲ့ ကြယ်စည်းတံဆိပ်ကို ပြောတာလား”

ကောင်းရွှယ်ထင်းက ရှောင်ပိုင်ယီကို စိုက်ကြည့်ရင်း ခေါင်းညိတ်၍ ပြောလိုက်လေ၏။ “ဟုတ်တယ် ကြယ်ပျက်ပင်လယ်နဲ့ ပတ်သက်တဲ့ ကြယ်စည်းတံဆိပ်တွေပဲ… အဲ့ကြယ်စည်းတံဆိပ်တွေ ရှိတော့မှပဲ ကြယ်ပျက်ပင်လယ်ထဲ ဝင်ခွင့်ရတာ”

“ဒါကြောင့် ငါနင်တို့ကို ပြောချင်တာက အခုတစ်ကြိမ် ဥတုလေးမျိုးနယ်မြေထဲမှာ ကြယ်စည်းတံဆိပ်တွေ လိုက်ရှာဖို့ပဲ… နင်တို့ရဲ့အဓိက ရည်ရွယ်ချက်က ကြယ်စည်းတံဆိပ်တွေ ရှာဖို့ပဲ"

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၁၃၃)

“ဒါပေမဲ့ ကြယ်စည်းတံဆိပ်တွေ ပေါ်လာလို့ ဥတုလေးမျိုးနယ်မြေက အရင်ကထက် ပိုအန္တရာယ်များသွားပြီ… အခုနင်တို့ရဲ့ တာဝန်က ကြယ်စည်းတံဆိပ်တွေ ရှာဖို့တင် မဟုတ်တော့ဘူး… နင်တို့ရဲ့အသက်ကို လုံခြုံအောင်ထားဖို့လည်း ပါလာပြီ”

“နင်တို့တွေက ဂိုဏ်းရဲ့ အနာဂတ်ထောက်တိုင်တွေ… နင်တို့ရဲ့ သေဆုံးမှုတွေက ဂိုဏ်းအပေါ် ကြီးကြီးမားမား အကျိုးသက်ရောက်မှု ရှိနိုင်တယ်… ဒါကြောင့် ကိုယ့်ကိုယ်ကို အသက်ရှင်နိုင်ဖို့လည်း အကောင်းဆုံးကြိုးစားကြပါ”

“အခုလို သတိပေးတဲ့အတွက် အကြီးအကဲကောင်းကို ကျေးဇူးအများကြီးတင်ပါတယ်…” တပည့်များက သံပြိုင် ပြန်ဖြေလိုက်ကြလေသည်။

“အကြီးအကဲကောင်း… ကြယ်စည်းတံဆိပ်က ဘယ်လိုပုံစံမျိုးလဲ သိလို့ရမလား” ရှောင်ပိုင်ယီက မေးလိုက်သည်။

“ကြယ်စည်းတံဆိပ်မှာ ပုံစံမရှိဘူး… အဲ့ကြယ်စည်းတံဆိပ်ကို ရသွားပြီဆိုတာနဲ့ နင့်ခန္ဓာကိုယ်ပေါ်မှာ အမှတ်အသားတစ်ခု ပေါ်လာလိမ့်မယ်… အဲ့ခါကြမှပဲ ကြယ်စည်းတံဆိပ် ဘယ်လိုပုံစံလဲဆိုတာ နင်သိရလိမ့်မယ်”

“တပည့် နားလည်ပါပြီ” ရှောင်ပိုင်ယီက ခေါင်းညိတ်လိုက်၏။

“ပြီးတော့ ကြယ်စည်းတံဆိပ်တွေက တစ်ယောက်ဆီကနေ တစ်ယောက်ကို ပြန်ပြီးလွှဲပြောင်းလို့ရတယ်… နင်တို့ရလာတဲ့ ကြယ်စည်းတံဆိပ်တွေကို ဂိုဏ်းဆီ ပြန်ပြီး လွှဲပြောင်းပေးလို့ရတယ်”

“ဒါပေမဲ့ ငါတို့ နင်တို့ဆီက အလကားမယူပါဘူး… နောက်ပိုင်း ကြယ်ပျက်ပင်လယ် ပွင့်လို့ရှိရင် နင်တို့ကို ပြန်ပြီး ဝင်ခွင့်ပေးမယ်”

အကုန်လုံး စိတ်လှုပ်ရှားလာခဲ့ကြလေသည်။

“ဒါဆိုရင် ကျုပ်တို့ တစ်ခုထက်ပိုပြီး ရလာခဲ့လို့ရှိရင်ရော…” ရှောင်ပိုင်ယီက ထပ်မေးလိုက်သည်။

ကောင်းရွှယ်ထင်းက ပြန်ပြောလိုက်လေ၏။ “တစ်ခုကို နင့်အတွက် သိမ်းထားပြီး ကျန်တဲ့ဟာတွေကို ဂိုဏ်းဆီ ပြန်ပေးလိုက်ပေါ့… ဂိုဏ်းကလည်း နင်တို့ပေးလာတဲ့ ကြယ်စည်းတံဆိပ်တွေအတွက် ပြန်ပြီး ဆုချပေးမှာပါ”

ထို့နောက် ရန်ကိုင့်ဘက်သို့ လှည့်၍ ပြောလိုက်လေ၏။ “အဲ့ထဲမှာ နင်လည်းပါတယ်…”

“ကျုပ်လည်း ပါတယ်…” ရန်ကိုင် ကြောင်တောင်တောင် ဖြစ်သွားခဲ့လေသည်။

“ဟုတ်တယ်…” ကောင်းရွှယ်ထင်းက ခေါင်းညိတ်လိုက်၏။ “နင်က နေမင်းပြာနန်းတော်ရဲ့ အဖွဲ့သားတစ်ယောက် မဟုတ်ပေမဲ့ နင်အခုတစ်ကြိမ်သွားနေတာ ငါတို့ နေမင်းပြာကျောင်းကို ကိုယ်စားပြုပြီး သွားနေတာ… ဒါကြောင့် ငါတို့ ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို နင်လည်းလိုက်နာရမယ်”

“ကောင်းပြီလေ” ရန်ကိုင့်အနေဖြင့် မည်သို့မျှ ပြန်မဆန့်ကျင်နိုင်သည့်အတွက်ကြောင့် ကူကယ်ရာမဲ့စွာဖြင့်သာ ခေါင်းညိတ်ရတော့လေသည်။

သူ ဥတုလေးမျိုးနယ်မြေမှ ထွက်လာသည့်အခါတွင် နေမင်းပြာကျောင်းတော်၏ အဖွဲ့ဝင်များသည် သူ့အားသေသေချာချာကို စစ်ဆေးကြပေလိမ့်မည်။ ထို့ကြောင့် သူ့အနေဖြင့် ကြယ်စည်းတံဆိပ်များကို သိမ်းထားနိုင်လိမ့်မည်မဟုတ်။

“ငါ နင်တို့ကို ပြောချင်တာဒါပဲ… အခုနင်တို့ သွားလို့ရပြီ” ပြောပြီးသွားသည်နှင့် ကောင်းရွှယ်ထင်းသည် သင်္ဘောရှေ့ဘက်သို့ ပြန်ထွက်သွားလိုက်လေသည်။ ထို့နောက် အားလုံးကို ကျောပေး၍ ကျောက်ရုပ်ကြီးတစ်ရုပ်နှယ် ရပ်နေတော့လေ၏။

ရှရှန်းသည် သူတို့သင်္ဘောအား အချိန်မီ မီအောင် လိုက်လာနိုင်ခဲ့လေသည်။ သင်္ဘောနှင့်အပြိုင် ပျံသန်းနေရင်း ကောင်းရွှယ်ထင်းဘက်သို့ လှည့်ကာ အော်ဟစ်အသနားခံလေ၏။

ကောင်းရွှယ်ထင်းကမူ မသိချင်ယောင်သာ ဆောင်နေလေသည်။ ကောင်းရွှယ်ထင်းအား တောင်းပန်၍မရသောအခါ ရှရှန်းသည် ရှောင်ပိုင်ယီဘက်သို့ လှည့်လာခဲ့လေသည်။

ရှောင်ပိုင်ယီကမူ ရှရှန်းအား မမြင်ချင်ယောင်သာ ဆောင်နေလိုက်သည်။

ရန်ကိုင်သည် မျက်မှောင်ကျုံ့၍ စဉ်းစားနေခဲ့လေသည်။ သူ့အနေဖြင့် ဥတုလေးမျိုးနယ်မြေနှင့် ပတ်သက်သည့် အကြောင်းအရာများကို ကောင်းရွှယ်ထင်းအား သွားမေးလျှင် ကောင်းမလားဟု စဉ်းစားနေခြင်းပင် ဖြစ်သည်။

သို့သော်လည်း လက်ရှိကောင်းရွှယ်ထင်းမှာ စိတ်ကောင်းဝင်နေသည်မဟုတ်။ အစောပိုင်းက အဖြစ်အပျက်ကြောင့် သူမ၏ စိတ်အခြေအနေမှာ အတော်လေးကိုမှ ကြောက်စရာ ကောင်းနေခဲ့သည်။

ဘာလုပ်လျှင် ကောင်းမလဲ စဉ်းစားတွေဝေနေစဉ်မှာပင် တစ်ယောက်ယောက်က သူ့အား လာတို့နေသည်ကို ခံစားလိုက်ရလေသည်။

လှည့်ကြည့်လိုက်သည့်အခါ အမျိုးသမီးတစ်ဦးမှာ သူ့အား ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထိုအမျိုးသမီးမှာ အသက်နှစ်ဆယ်လောက်သာ ရှိမည် ထင်ရ၏။ သို့သော်ငြား သူမ၏ တကယ့်အသက်မှာတော့ ထိုထက် ပိုကြီးလောက်ပေသည်။

ကောင်မလေး၏ ပုံစံမှာ အရပ်ရှည်ရှည် သွယ်သွယ်ဖြစ်ပြီး အသားအရေမှာ ဖြူဖွေးချောမွတ်လှသည်။ ဆံပင်ရှည်ရှည်များမှာလည်း လေအဝေ့နှင့်အတူ တလူလူ လွင့်ပျံနေခဲ့လေသည်။

“ဘာကိစ္စများ ရှိလို့လဲ မသိဘူး” ရန်ကိုင်က ပြန်မေးလိုက်သည်။

“ရှင့်မှာ ဒါမရှိဘူးမလား” အမျိုးသမီးသည် ပြောနေရင်း ရန်ကိုင့်လက်ထဲသို့ ကျောက်စိမ်းပြားတစ်ခု ထည့်ပေးလိုက်လေသည်။

ရန်ကိုင်လည်း မျက်ခုံးပင့်သွားခဲ့ပြီး အမျိုးသမီးပေးသည့် ကျောက်စိမ်းပြားကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်လေ၏။

ကျောက်စိမ်းပြားထဲရှိ အကြောင်းအရာများကို သိလိုက်ရပြီးနောက် ဝမ်းသာအားရသွားခဲ့လေသည်။

“ဒါက…”

ကျောက်စိမ်းပြားထဲတွင် ထည့်သွင်းထားသည့် အကြောင်းအရာများမှာ ဥတုလေးမျိုးနယ်မြေနှင့် ပတ်သက်သော အကြောင်းအရာများပင် ဖြစ်ပေသည်။

နေမင်းပြာကျောင်းတော်သည် ဥတုလေးမျိုးနယ်မြေ ပွင့်သည့် အချိန်တိုင်း သူတို့၏ တပည့်များကို ထိုထဲသို့ စေလွှတ်လေ့ရှိသည့် အတွက်ကြောင့် ဥတုလေးမျိုးနယ်မြေ၏ အတွင်းပိုင်းနှင့် ပတ်သက်၍ အတော်လေး ရင်းနှီးသည်ဟု ပြော၍ ရပေသည်။

ကျောက်စိမ်းပြားထဲတွင် ဥတုလေးမျိုးနယ်မြေထဲရှိ အန္တရာယ်များသော အစီအရင်များသာလျှင်မဟုတ်။ အားကောင်းသော အမျိုးမျိုးသော မွန်းစတားသားရဲများ၏ တည်နေရာများကိုပါ ဖော်ပြထားလေ၏။

ရန်ကိုင်မှာ ဥတုလေးမျိုးနယ်မြေအကြောင်း ကောင်းရွှယ်ထင်းအား သွားမေးလျှင် ကောင်းမလားဟု စဉ်းစားတွေဝေနေစဉ်မှာပင် တစ်ယောက်ယောက်မှ ဥတုလေးမျိုးနယ်မြေနှင့် ပတ်သက်သည့် အကြောင်းအရာများ ထည့်သွင်းထားသော ကျောက်စိမ်းပြားကို သူ့ဆီလာပေးလိမ့်မည်ဟု မထင်ထားခဲ့ချေ။

လက်ရှိတွင် သူအလိုအပ်ဆုံးအရာကို လာပေးသဖြင့် ဤအမျိုးသမီးအပေါ် ရန်ကိုင်အတော်လေး အကောင်းမြင် သွားခဲ့လေသည်။

အမျိုးသမီးသည်လည်း သူ့တွင်ဤကဲ့သို့သော အရာများ မရှိလောက်ဟု ထင်သဖြင့် လာပေးခြင်း ဖြစ်လောက်သည်။ ကြည့်ရသလောက် ဤအမျိုးသမီးသည် ကြင်နာသနားတတ်သည့် လူတစ်ဦး ဖြစ်သည့်ပုံပင်။

“ကျေးဇူးအများကြီးတင်ပါတယ် မိန်းကလေး… ကျုပ်ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ” ရန်ကိုင်က ကျေးဇူးတင်စကား ဆိုလိုက်လေ၏။

“မုရုန်ရှောင်ရှောင်…”

ရန်ကိုင်က ခေါင်းညိတ်ပြလိုက်လေသည်။ ထို့နောက် ထပ်၍ စကားပြောတော့မည်အပြု ရှောင်ပိုင်ယီက ဖြတ်ပြောလိုက်လေ၏။

“ရှောင်ရှောင်… အပြင်လူတစ်ယောက်နဲ့ သွားပြီး လေဖြုန်းမနေနဲ့”

မုရုန်ရှောင်ရှောင်မှာ ရန်ကိုင့်အား လျှာလေးတစ်လစ် တစ်လစ် ထုတ်ပြလိုက်လေ၏။ သို့သော်ငြား ရှောင်ပိုင်ယီ၏ စကားကို မနာခံဘဲ မနေရဲသဖြင့် ရန်ကိုင်နှင့်ဆက်၍ စကားမပြောတော့ပေ။

ရန်ကိုင်က ပြန်ပြောလိုက်လေ၏။ “အခုလို ကူညီပေးတဲ့အတွက် မိန်းကလေးရဲ့ကျေးဇူးကို ဒီရန် မှတ်ထားပါမယ်”

“ဘာမှ မဟုတ်ပါဘူး” မုရုန်ရှောင်ရှောင်က ယဲ့ယဲ့လေးသာ ပြုံးလိုက်လေသည်။

“ရောင်းရင်းရှောင်ပိုင်…” ရန်ကိုင်က ရှောင်ပိုင်ယီဘက်သို့ လှည့်လိုက်သည်။

“မင်း ဘယ်သူ့ကို ခေါ်နေတာလဲ” ရှောင်ပိုင်ယီ၏ မျက်နှာ အေးစက်သွားခဲ့သည်။

“ရောင်းရင်းရှောင်…” ရန်ကိုင်က ချက်ချင်း ပြန်ပြင်ပြောလိုက်လေသည်။ “ကျုပ်က နေမင်းပြာကျောင်းတော်ရဲ့ တပည့်တစ်ဦးမဟုတ်ပေမဲ့ အခုလိုမျိုး အတူတူ သွားရမှာဆိုတော့ ကျုပ်တို့အချင်းချင်း အဖွဲ့သားတွေ ဖြစ်တယ်လို့ ပြောလို့ရတယ်လေ”

“ဘယ်သူက မင်းရဲ့အဖွဲ့သားလဲ” ရှောင်ပိုင်ယီက ချက်ချင်းပဲ ခပ်ပြတ်ပြတ် ပြန်ပြောလိုက်လေသည်။ “ရွှယ့်ယီရဲ့ နေရာကို ယူထားတဲ့အတွက် မင်း အနှေးနဲ့အမြန် ပြန်ပြီး‌တော့ ပေးဆပ်ရတော့မှာ”

“ရောင်းရင်းရှောင် ခင်ဗျား တကယ်ကို…” ရန်ကိုင်ကတော့ ခေါင်းတခါခါဖြင့် သက်ပြင်းသာချ၍ “ဥတုလေးမျိုးနယ်မြေထဲ ရောက်တဲ့အခါကြရင် ခင်ဗျား ဘယ်အချိန် ကျုပ်အကူအညီကို လိုလာမလဲ ဘယ်လိုမှ သိမှာ မဟုတ်ဘူးလေ”

“မင်းအကူအညီ…” ရှောင်ပိုင်ယီက အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “ဒီရှောင်တောင် မကိုင်တွယ်နိုင်တဲ့ ကိစ္စရှိတယ်ဆိုရင် မင်းဘာမှ လာကူညီပေးနိုင်မှာ မဟုတ်ဘူး”

“ခင်ဗျား အဲ့လောက် ဘူးခံငြင်းနေတယ်ဆိုတော့လဲ ကျုပ်လဲ ဘာမှ မပြောတော့ပါဘူးလေ” ရန်ကိုင်က ခါးသက်စွာ ပြုံး၍သာ ခေါင်းခါလိုက်လေ၏။

ကြည့်ရသလောက် ရှောင်ပိုင်ယီသည် သူ့အား အလွန်ကိုမှ မုန်းတီးနေသည့် ပုံပင်။ ရှောင်ပိုင်ယီနှင့် ရွှယ့်ယီသည် အတော်လေးကို ရင်းနှီးလောက်ပေသည်။

ထို့ကြောင့် ရွှယ့်ယီ၏ နေရာ ဆုံးရှုံးသွားရသည့်အပေါ် စီနီယာအစ်ကို တစ်ယောက် အနေဖြင့် ရန်ကိုင့်အား မုန်းတီးနေခြင်း ဖြစ်ပေသည်။

ကောင်းရွှယ်ထင်းသည် တာအိုသခင်အဆင့် ကျင့်ကြံသူများ စကားများနေသည်ကို ဝင်တားမနေဘဲ သင်္ဘောကိုသာ ထိန်းချုပ်မောင်းနှင် နေခဲ့လေ၏။

ဤသို့ဖြင့် ငါးရက် ကုန်ဆုံး သွားခဲ့လေပြီ။ ခြောက်ရက်မြောက်နေ့တွင် ဧရာမတောင်ကြားတစ်ခု သူတို့ရှေ့တွင် ပေါ်လာခဲ့လေ၏။

လူပေါင်းများစွာတို့သည် အဖွဲ့အသီးအသီး ဖွဲ့လျက် ထိုတောင်ကြားထဲတွင် အသီးသီး စောင့်ဆိုင်းနေကြလေသည်။ ထိုလူအုပ်များထဲ ဧကရာဇ်အဆင့် ပညာရှင်များလည်း ပါဝင် နေကြလေ၏။

ထိုရောက်လာသည့်နေရာတွင် မုရုန်ရှောင်ရှောင်မှ ပေးခဲ့သည့် ကျောက်စိမ်းပြားထဲ ဖော်ပြထားသည့် အကြောင်းအရာမှာ အတူတူပင် ဖြစ်လေသည်။

ဥတုလေးမျိုးနယ်မြေ၏ ဝင်ပေါက်သည် အမည်မရှိသော သိသာထင်ရှားခြင်း မရှိသည့် တောင်ကြားတစ်ခုပင် ဖြစ်လေသည်။ ယခု သူတို့ရှေ့တွင် ရှိနေသည့် တောင်ကြားမှာလည်း သာမန်တောင်ကြား တစ်ခုသာ ဖြစ်လေ၏။ မည်သည့် ထူးခြားမှုမျှ မရှိ။

သို့သော်ငြား ဥတုလေးမျိုးနယ်မြေ ပွင့်မလာခင် ထိုတောင်ကြားအတွင်းတွင် အားကောင်းသည့် အရှိန်အဝါများ တဖြည်းဖြည်း စတင်စုဝေးလာပေလိမ့်မည်။

ထိုအရှိန်အဝါတို့ အဆင့်တစ်ခုထိ ရောက်သွားသည့်အခါ ကမ္ဘာငယ်လေး၏ ဝင်ပေါက် ပွင့်လာမည်ဖြစ်ပြီး ရက်၃၀ ကြာသည့်အခါ ပြန်ပိတ်သွားပေလိမ့်မည်။

ယခု ကြည့်ရသလောက် သူတို့ ရောက်လာသည်မှာ အတော်လေး နောက်ကျသွားသည့် ပုံပင်။ တောင်ကြားတစ်ခုလုံး လူများဖြင့် ပြည့်နေပြီး နေရာကောင်း တော်တော်များများမှာလည်း အခြားသူများ ဦးထားကုန်ကြလေ၏။

သူတို့ သင်္ဘောရောက်လာသည်ကို မြင်သော် တောင်ကြားထဲတွင် ရှိနေသော လူများသည် တဖြည်းဖြည်းချင်း ခေါင်းမော့ကြည့်လာခဲ့လေသည်။

တောင်ဘက်နယ်မြေထဲတွင် ထိပ်သီးအင်အားစု ဖြစ်သည်နှင့်အညီ နေမင်းပြာကျောင်းတော်သည် မြင့်မားသော အဆင့်အတန်းနှင့် ဂုဏ်အရှိန်အဝါကို ပိုင်ဆိုင်နေဆဲပင်။

ကျောက်စိမ်းပြားထဲတွင် ဖော်ပြထားသော အကြောင်းအရာများအရ ထိပ်တန်းဂိုဏ်းများဖြစ်ကြသော နေမင်းပြာကျောင်းတော်၊ ကောင်းကင်တိုက်ပွဲဒိုဂျို၊ ရှေးဟောင်းကျောင်းတော်၊ ခရမ်းကြယ်စင် ကုန်သွယ်ရေး အဖွဲ့အစည်း၊ ခုနှစ်ရောင်စင် ကုန်သွယ်ရေး အဖွဲ့အစည်းတို့မှာ ဝင်ခွင့်နေရာ အခု ၂၀စီ ရကြလေသည်။

တောင်ဘက်နယ်မြေထဲရှိ အားအကောင်းဆုံး ဂိုဏ်းဖြစ်သော ကြယ်ဝိဉာဉ်နန်းတော်မှာတော့ အယောက်လေးဆယ်စာ နေရာရပေသည်။

အခြားသော အဆင့်နိမ့်ဂိုဏ်းများမှာတော့ ဆယ်နေရာလောက်သာ နေရာရကြပေသည်။ အချို့ဂိုဏ်းများဆိုလျှင် နည်းနည်းလောက်သာ ရကြ၏။

ကောင်းရွှယ်ထင်းသည် အောက်ဘက်အား တစ်ချက် ကြည့်လိုက်ပြီးနောက် နေရာတစ်ခုရှာကာ သင်္ဘောအား ဖြည်းဖြည်းချင်း ဆင်းသက်လိုက်လေသည်။

အောက်သို့ ရောက်ပြီးသည့်နောက်တွင် တပည့်အားလုံးကို ဆင်းခိုင်းလိုက်ပြီးနောက် သင်္ဘောအား ပြန်သိမ်းလိုက်လေ၏။

“ဒီမှာ နားနေနှင့်… ပြဿနာ မရှာနဲ့နော်… ငါ အခြားခေါင်းဆောင်တွေနဲ့ သွားပြီး ဆွေးနွေးစရာရှိသေးတယ်”

ပြောပြီးသည့်နောက်တွင် ကောင်းရွှယ်ထင်းသည် သူတို့ပြန်ပြောသည်ကိုပင် စောင့်မနေတော့ဘဲ ချက်ချင်း ထွက်သွားလေသည်။

အကုန်လုံးသည် ယခုအချိန်အတွက် အစတည်းက ကြိုတင်ပြင်ဆင်ထားသည့်အလား အောက်သို့ ရောက်လာသည်နှင့် သူတို့၏ ရွက်ဖျင်တဲများကို ထုတ်ကာ နေစရာ ထိုင်စရာ စီစဉ်ကြတော့လေသည်။

“ဟမ်…” တစ်ယောက်ယောက် အာမေဋိတ်သံ ပြုလိုက်လေ၏။ ထိုသူ အာမေဋိတ်သံ ပြုပြီးပြီးချင်းမှာပင် လူတစ်ဦးသည် ကောင်းကင်ပေါ်မှ မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့လေသည်။

ဘုန်းခနဲ မြည်သံနှင့်အတူ မြေပြင်ထက် အက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာခဲ့လေ၏။

ရန်ကိုင်လည်း ထိုအက်ကြောင်း ဖြစ်ပေါ်ရာဆီသို့ သေချာ စိုက်ကြည့်နေလိုက်ရာ မကြာခင်မှာပင် မြေပြင်ပေါ်သို့ ပြုတ်ကျလာသည့်လူမှာ သူတို့သင်္ဘောနောက်သို့ တရစပ် လိုက်လာနေခဲ့သော ရှရှန်းမှလွဲ၍ အခြားမဟုတ်ကြောင်း တွေ့လိုက်ရလေ၏။

အရင်းအမြစ်ချီ သက်သက်နှင့် သူတို့သင်္ဘောအား ပြတ်ကျန်ခဲ့ခြင်း မရှိပဲ ငါးရက်တိုင်တိုင် အမီလိုက်လာနိုင်သည်ကို ကြည့်လျှင် ရှရှန်းမှာ တကယ်ကို အားကောင်းမှန်း မြင်တွေ့နိုင်ပေသည်။

လက်ရှိရှရှန်းသည် အမောတကော အသက်ရှူနေသော်ငြား ပင်ပန်းနွမ်းနယ်သည့် ပုံတော့ မပေါ်။

“ငါ လုပ်နိုင်ခဲ့ပြီကွ…”

ရှရှန်းမှာ အားနည်းနေသည့်ပုံ ပေါက်နေသော်ငြား ရှောင်ပိုင်ယီဘက်သို့ ဝမ်းနည်းစွာ စိုက်ကြည့်ရင်း ပြောလိုက်လေ၏။

“ရှောင်ပိုင်… မင်းရက်စက်လွန်းတယ်ကွာ”

ရှောင်ပိုင်ယီ၏ နဖူးထက် သွေးကြောများ ထောင်တက်လာခဲ့လေ၏။ သို့သော်ငြား ရှရှန်းအား ပြန်မပြောရန်သာ ဆုံးဖြတ်လိုက်လေသည်။

“ရောင်းရင်းရန်… မင်းလည်း ငါ့ကို နည်းနည်းလေးမှ မကူညီဘူးကွာ… ဟိုကနေ ဒီအထိ ငါ့ဘာသာငါ တစ်ယောက်တည်း လိုက်လာရတယ်…” ရှရှန်းသည် ဒူးပေါ်လက်ထောက်ရင်း ရန်ကိုင့်ဘက်သို့ လှည့်၍ ပြောလိုက်လေ၏။

“မင်း ဒီလောက် ငါ့အပေါ် အကြင်နာမဲ့နေလို့ရှိရင် ငါတို့အတူ ပူးပေါင်းပြီး ဒီလောကကြီးကို ဘယ်လိုလုပ်ပြီး အုပ်ချုပ်နိုင်တော့မှာလဲ”

ရန်ကိုင်က ကူကယ်ရာ မဲ့စွာဖြင့် “ကျုပ်က အပြင်လူတစ်ယောက်လေ… ဒါ ကျုပ်ကိစ္စမှ မဟုတ်တာ”

“ထားလိုက်တော့… ထားလိုက်တော့… မင်းတို့တွေ တစ်ကောင်မှ အားကိုးလို့မရဘူး” ရှရှန်းမှာ မည်သည့်စကားမျှ ဆက်ပြောမနေတော့ဘဲ သေခါနီး ငါးတစ်ကောင် ရေထဲသို့ ပြန်ရောက်သည့်နှယ် မြေပြင်ပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ချ၍သာ သက်ပြင်းချလိုက်လေသည်။

ရန်ကိုင်သည် ရှရှန်းအား နောက်ဆုံးတစ်ကြိမ် အဖြစ် ကြည့်လိုက်ပြီးသည့်နောက် သူ့အား လျစ်လျူရှု၍ တိတ်ဆိတ်သည့် နေရာတစ်ခု ရှာ၍သာ သွားထိုင်နေလိုက်တော့သည်။

ဥတုလေးမျိုးနယ်မြေ ဝင်ပေါက် ပွင့်လာဖို့ရာ အချိန်အနည်းငယ် လိုအပ်ပေသေးသည်။

ဤနေရာတွင် ပညာရှင်များစွာ ရှိနေသည်။ သူ့အနေဖြင့် လျှောက်ပတ်သွား၍ ပြဿနာရှာလို့မကောင်း။ ထို့ကြောင့် နေမင်းပြာကျောင်းတော် အဖွဲ့သားများနှင့် အတူတကွ အနားယူရန်သာ ဆုံးဖြတ်လိုက်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၁၃၄)

အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးနေခဲ့လေ၏။ ထိုအချိန်အတောအတွင်း အဖွဲ့ငယ်လေးများ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်လာခဲ့ကြလေ၏။

ထိုအဖွဲ့လေးများသည် နေရာလွတ်များ ရှာကာ အသီးသီး နေရာယူထားလိုက်ကြလေ၏။ သူတို့သိသည့် အဖွဲ့များနှင့် တွေ့သော် အချင်းချင်း ပူးပေါင်းကာ ထိုင်နေလိုက်ကြလေသည်။

ထိုအဖွဲ့လေးများသည် ဂိုဏ်းကြီးများနှင့် ခွန်အားချင်း မယှဉ်နိုင်သဖြင့် ဥတုလေးမျိုးနယ်မြေထဲသို့ ရောက်၍ တိုက်ပွဲများ ဖြစ်ခဲ့သည်ရှိသော် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ရန်အတွက် အချင်းချင်း ပူးပေါင်းထားကြခြင်း ဖြစ်သည်။

ဥတုလေးမျိုးနယ်မြေထဲသို့ ဝင်နိုင်သည့် ကျင့်ကြံသူများမှာ တာအိုသခင်အဆင့်ကျင့်ကြံသူ များသာ ဖြစ်ကြပေသည်။

တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများလည်း ဝင်နိုင်ကြသော်ငြား ထိုကျင့်ကြံခြင်းအဆင့်ဖြင့် ဝင်သွားခြင်းသည် ကိုယ့်သေတွင်းကိုယ် တူးခြင်းသာ ဖြစ်ပေ၏။

တန်ခိုးရှင်ဘုရင်အဆင့်နှင့် တာအိုသခင်အဆင့်များသာလျှင် မဟုတ်။ ဧကရာဇ်အဆင့် ပညာရှင်များလည်း ဥတုလေးမျိုးနယ်မြေထဲသို့ ဝင်နိုင်ကြပေသည်။

သို့သော်ငြား ဧကရာဇ်အဆင့် ပညာရှင်များ ဝင်သွားမည်ဆိုပါက ဥတုလေးမျိုးနယ်မြေ၏ ဝင်ပေါက်မှာ မတည်မငြိမ် ဖြစ်လာပေလိမ့်မည်။

ဧကရာဇ်အဆင့် သုံးယောက်ထက်မက ဝင်သွားခဲ့မည်ဆိုလျှင် ဝင်ပေါက်မှာ ချက်ချင်းကို ပိတ်ကျသွား ပေလိမ့်မည်။

ထို့အတွက်ကြောင့် ထိုဧကရာဇ်အဆင့် ပညာရှင် ဝင်ခွင့်နေရာ အနည်းငယ်ကို ဂိုဏ်းကြီးများကြား ညီတူမျှတူ အဝေအမျှ မခွဲနိုင်ပေ။

ထို့အတွက်ကြောင့် ကြယ်ဝိဉာဉ်နန်းတော်သည် ဥတုလေးမျိုးနယ်မြေထဲသို့ မည်သည့် ဧကရာဇ်အဆင့် ပညာရှင်ကိုမျှ ဝင်ခွင့်မပြုဟု ထုတ်ပြန်လိုက်လေ၏။ ထိုအကြောင်းကို မုရုန်ရှောင်ရှောင်မှ ပေးခဲ့သော ကျောက်စိမ်းပြားထဲမှ ရန်ကိုင် သိခဲ့ရခြင်း ဖြစ်သည်။

ရန်ကိုင်သည် ကျောက်စိမ်းပြားထဲတွင် ပါဝင်သော အကြောင်းအရာများကို သေချာမှတ်သားနေစဉ် တစ်ချိန်တည်း၌လည်း အနန္တဓါးနှင့် သူ့ကြားရှိ ဆက်သွယ်ချက်ကို ပို၍ ခိုင်မာအောင် ကြိုးစားနေခဲ့လေသည်။

ဧကရာဇ်အဆင့် မှော်ရတနာကို ဥတုလေးမျိုးနယ်မြေမှ ပြန်ထွက်သည့်အခါ ချင်းမိသားစုဆီသို့ ပြန်ပေးရမည် ဖြစ်သော်ငြား ဤအနန္တဓါးသည် ဥတုလေးမျိုးနယ်မြေထဲတွင် သူ့အတွက် အသုံးဝင်ကောင်း ဝင်လာနိုင်ပေသည်။

“နင် ဘာလုပ်နေတာလဲ”

ရုတ်တရက် အမျိုးသမီးတစ်ဦး၏ ဒေါသတကြီး အော်ဟစ်သံတစ်သံကို ကြားလိုက်ရလေသည်။ တစ်ချိန်တည်းတွင် တစ်ခုသော နေရာဆီမှ အားကောင်းသည့် စွမ်းအင်လှိုင်းတို့ ပေါက်ကွဲ ထွက်လာသည်ကို ခံစားလိုက်ရလေသည်။

အော်ဟစ်လိုက်သည့် အမျိုးသမီးမှာ ချက်ချင်း အာမေဋိတ်သံ ပြု၍ ထို့နောက်တွင် တိုက်ခိုက်မှုတစ်ခုကို ခံစားလိုက်ရသည့်အလား စတင် ငြီးတွားတော့လေ၏။

ရန်ကိုင်လည်း အသံကြားရာဘက်သို့ မျက်မှောင်ကျုံ့ကာ လှည့်ကြည့်လိုက်လေ၏။ အသံပိုင်ရှင်မှာ အခြားမဟုတ်ဘဲ မုရုန်ရှောင်ရှောင် ဖြစ်နေခဲ့လေသည်။

ဒီကိစ္စနှင့် ပတ်သက်၍ သူ့စိတ်ထဲ အနည်းငယ် ထူးဆန်းနေသလို ခံစားလိုက်ရသည်။ မုရုန်ရှောင်ရှောင်သည် နေမင်းပြာကျောင်းတော်၏ လက်ရွေးစင်တပည့်တစ်ဦး ဖြစ်သည်။ သူမ၏ ကျင့်ကြံခြင်းမှာ နိမ့်ကြခြင်းမရှိပေ။

ထိုသို့ဆိုလျှင် မည်သူကများ ဤနေရာတွင် သူမအား ပြဿနာရှာရဲသနည်း။

လှမ်းကြည့်လိုက်ရာ မုရုန်ရှောင်ရှောင်သည် ဒေါသတကြီးဖြင့် နှုတ်ခမ်းလေးကို ကိုက်လျက် တစ်ဖက်ဆီသို့ ကြောက်လည်းကြောက် ဒေါသလည်းထွက်သည့် အမူအယာဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။

နေမင်းပြာကျောင်းတော်မှ အမျိုးသမီးတပည့်တစ်ဦးသည် မုရုန်ရှောင်ရှောင်အား ထူမပေးရင်း စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။

“ရှောင်ရှောင်… နင်အဆင်ပြေရဲ့လား”

မုရုန်ရှောင်ရှောင်သည် ခေါင်းပြန်ညိတ်ပြလိုက်လေ၏။ သို့သော်ငြား သူမ၏ မတည်မငြိမ် ဖြစ်နေသော အရှိန်အဝါအရ သူမအနေဖြင့် အန္တရာယ်တစ်ခုဖြင့် ကြုံခဲ့ရသည်မှာ သေချာသလောက် ရှိပေသည်။

သူမရှေ့တည့်တည့်တွင် တာအိုသခင်အဆင့် ကျင့်ကြံသူအဖွဲ့တစ်ဖွဲ့ ရှိနေခဲ့လေ၏။ ထိုအဖွဲ့အား ဦးဆောင်နေသည့်လူမှာ လူငယ်လေးတစ်ဦးဖြစ်ပေသည်။

ထိုလူ၏ ပုံစံမှာ အလွန်ကိုမှ ထူးခြားလှပေသည်။ သူ့ခန္ဓာကိုယ်သည် နှစ်ပိုင်းဖြတ်၍ တစ်ခုတည်းအဖြစ် ဆက်ထားသလားဟုပင် ထင်မှတ်ရသည်။

သူ့ ခန္ဓာကိုယ် ဘယ်ဘက်ခြမ်း၏ ဆံပင်နှင့် အသားအရေမှာ မီးနီရောင်တောက်နေပြီး ညာဘက်မှာတော့ နှင်းဖြူရောင် တောက်နေခဲ့လေသည်။

ထိုလူ၏ ပုံံစံသည် အတော်လေးကိုမှ ထူးဆန်းသလို ယင်နှင့်ယန် စွမ်းအားကိုလည်း ကိုယ်စားပြုနေသယောင် ထင်ရလေသည်။ မုရုန်ရှောင်ရှောင် စိုက်ကြည့်နေသည့် လူမှာ ထိုလူသာ ဖြစ်ပေ၏။

ထိုလူသည် သူ့လက်ကို ဆန့်ထုတ်ထားခဲ့လေသည်။ ထို့အပြင်တွင် လက်ချောင်းထိပ်များ၌ လုံးဝ ပျောက်ကွယ်သွားခြင်း မရှိသေးသော စွမ်းအား အရိပ်အယောင်တို့လည်း ကျန်ရစ်နေလေ၏။

ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် မုရုန်ရှောင်ရှောင်ကို တိုက်ခိုက်လိုက်သည့်လူမှာ ထိုလူမှန်း သိနိုင်ပေသည်။

မုရုန်ရှောင်ရှောင်ရှေ့ လူရိပ်တစ်ခုပေါ်လာပြီး ချက်ချင်းပဲ သူမအား ကာကွယ်ပေးထား လိုက်လေ၏။ ထိုလူမှာ ရှရှန်းသာ ဖြစ်လေသည်။

ရှရှန်း၏ ခန္ဓာကိုယ်မှာ သိပ်ကြီးမားလှခြင်း မရှိသော်ငြား မုရုန်ရှောင်ရှောင်ရှေ့တွင် ရပ်လိုက်သည့်အခါ သူသည် အားကိုးရလောက်သော တောင်တစ်လုံးနှယ် ဖြစ်သွားခဲ့လေသည်။

ရန်ကိုင်သည်လည်း မျက်မှောင်ကျုံ့လျက် သူတို့ဆီသို့ ဖြည်းဖြည်းချင်းပဲ လျှောက်သွားလိုက်လေ၏။

“ရှောင်ရှောင်… ဘာဖြစ်တာလဲ” ရှရှန်းက တည်တည်ငြိမ်ငြိမ်ဖြင့် မေးလိုက်သည်။

မုရုန်ရှောင်ရှောင်က ပြန်ပြောလိုက်၏။ “ကျွန်မလည်း မသိဘူး… အဲ့လူ ကျွန်မကို ရုတ်တရက်ကြီး ထတိုက်ခိုက်တာ”

“အိုး…” ရှရှန်းက မျက်လုံးမှေးစင်းလျက် ပြန်ပြောလိုက်လေ၏။ “စိတ်ဝင်စားစရာပဲ… တစ်ယောက်ယောက်က ငါတို့ နေမင်းပြာကျောင်းတော်ရဲ့ တပည့်တွေကို စိန်ခေါ်ရဲတယ်ပေါ့… ဒီကိစ္စကို ဒီတိုင်း ထားလိုက်လို့မရဘူး”

ပြောပြီးသည့်နောက်တွင် သူ့မျက်လုံးထဲ အန္တရာယ်များသည့် အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့လေ၏။ ကြည့်ရထူးဆန်းလှသည့် တစ်ဖက်ရှိ ကျင့်ကြံသူမှာလည်း ရှရှန်းဘက်သို့ လှည့်ကြည့်လာခဲ့လေသည်။

အကြည့်ချင်း ဆုံသွားသည့်အခိုက် လေထဲ မီးပွားများ လွင့်စင် ပေါက်ကွဲထွက်လာတော့မည့်အလား အဖွဲ့နှစ်ဖွဲ့ကြားရှိ အခြေအနေသည် ရုတ်ချည်း တင်းမာ လာခဲ့လေသည်။

နှစ်ဖက်စလုံးတွင် စုဝေးနေကြသော ကျင့်ကြံသူများမှာလည်း အချိန်မရွေး တိုက်ခိုက်နိုင်ရန်အတွက် သူတို့၏ အရင်းအမြစ်ချီကို စုစည်း ထားလိုက်လေသည်။

သူတို့ နှစ်ဖွဲ့ကြား အဖြစ်အပျက်သည် အခြားသော အဖွဲ့များကိုလည်း တပ်လှန့်လိုက်သလို ဖြစ်သွားခဲ့သည်။ သူတို့ကြား ရန်ပွဲကြောင့် အကုန်လုံးမှာ အလန့်တကြား ဖြစ်ကုန်ကြပြီး ဘာတွေများ ဖြစ်သလဲ အထင်ဖြင့် လာဝိုင်းအုံ ကြည့်ကြလေသည်။

“ရှရှန်းလား…” တစ်ဖက်ရှိ ထူးထူးဆန်းဆန်းပုံနှင့် လူသည် နှုတ်ခမ်းကိုကွေးလျက် ညစ်ကျယ်ကျယ် ပြုံးရင်း ပြောလိုက်လေ၏။

“ဝူချန်း…” ရှရှန်းလည်း မျက်ခုံးပင့်လိုက်လေသည်။

ထိုနာမည်ကို ကြားသည့်အခါ ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့သည်။ ဝူချန်းဆိုသော နာမည်ကို သူတစ်ခါမှ မကြားဖူးပေ။

သို့သော်ငြား ရှရှန်း၏ တည်ကြည်လေးနက်သော မျက်နှာထားအရ ဝူချန်း ဆိုသည့်လူမှာ လွယ်ကူသည့် လူတစ်ယောက် ဖြစ်ဟန်မတူ။ သူသည်လည်း အလွန်ကိုမှ အားကောင်းသည့် ကျင့်ကြံသူတစ်ဦး ဖြစ်သည့်ပုံပင်။

ထိုသူ၏ ခန္ဓာကိုယ်အရ ဝူချန်းဆိုသည့်လူသည် ထူးခြားသည့် အထူးခန္ဓာကိုယ်တည်ဆောက်ပုံ တစ်ခုခု ပိုင်ဆိုင်ထားသည့်ပုံပင်။

“သူက နေမင်းပြာကျောင်းတော်က ရှရှန်းလား… ဒါဆို ဂိုဏ်းရဲ့ သိုင်းပြိုင်ပွဲမှာ ပထမရသွားတဲ့ လူပေါ့” ရှရှန်းပေါ်လာသည်ကို မြင်သည့်အခါ လူအုပ်ကြီးထဲမှ တစ်ယောက်က ရေရွတ်လိုက်လေသည်။

“ဝူချန်း… အဲ့တာ ကောင်းကင်တိုက်ပွဲဒိုဂျိုက တက်သစ်စ ကြယ်ပွင့် မဟုတ်ဘူးလား… ဟုတ်တယ်… သူပဲ ဖြစ်ရမယ်… ကောင်းကင်တိုက်ပွဲဒိုဂျိုက ဝူချန်းက ယင်ယန်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ်လို့ ငါသတင်းကြားတယ်… အခု သူ့ခန္ဓာကိုယ်ကလည်း အဲ့ပုံစံနဲ့ တော်တော်လေးတူတယ်… ဟုတ်တယ် သူပဲ…”

“ရှူး… မင်း အသံကို တိုးတိုးထား… ငါကြားတာ ဝူချန်းက အရမ်းရက်စက်တယ်တဲ့… မင်းပြောတာကိုသာ သူကြားသွားလို့ရှိရင် ပြဿနာတွေ တက်ကုန်မယ်”

“မင်းဘာတွေ ကြောက်နေတာလဲ… ဒီမှာ လူတွေ အများကြီးရှိနေတာပဲ… သူဘယ်လိုလုပ်ပြီးကြား……” သို့သော်ငြား သူ့စကားမဆုံးခင်မှာပင် ရှရှန်းနှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေသော ဝူချန်းသည် သူ့ဘက်တည့်တည့်သို့ လှည့်ကြည့်လာသဖြင့် ထိုလူမှာ ပြောလက်စ စကားကိုပင် ဆုံးအောင် မပြောနိုင်တော့ပဲ ချက်ချင်း ရပ်လိုက်ရလေသည်။

ဆန်းကြယ်သော စွမ်းအားတစ်ရပ်သည် ဝူချန်း၏ မျက်လုံးများဆီမှ ဖြာထွက်လာခဲ့လေ၏။ ခဏအကြာတွင် အနီရောင်နှင့် အဖြူရောင် ရောယှက်နေသော ဝဲကတော့ကြီးတစ်ခု သူ့ရှေ့တွင် ဖြစ်ပေါ်လာခဲ့လေသည်။

ထိုဝဲကတော့ကြီးသည် အဆက်မပြတ် လည်ပတ်ရင်း အစောပိုင်းက စကားပြောလိုက်သည့် လူဆီသို့ တိုးဝင် သွားလိုက်လေ၏။ ထိုလူမှာ အလန့်တကြား အော်လိုက်ရင်း နောက်သို့ အလျင်စလို ဆုတ်လိုက်လေသည်။

သို့သော်ငြား သူနောက်သို့ ဆုတ်ရန် ကြိုးစားနေစဉ်မှာပင် သူ့ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားခဲ့ပြီး မည်သို့မျှ လှုပ်မရတော့ကြောင်း တွေ့ရှိလိုက်ရလေသည်။

ဝဲကတော့ကြီး သူ့ဆီသို့ တဖြည်းဖြည်း တိုးဝင်လာသည်ကိုသာ ကြောက်ကြောက်လန့်လန့် တုန်တုန်ရီရီဖြင့် ရပ်ကြည့်နေရုံသာ တတ်နိုင်ပေသည်။

“အား…”

“ဘုန်း…” နားပင်းမတတ် ပေါက်ကွဲသံနှင့်အတူ ထိုလူ၏ ဦးခေါင်း တစ်စဆီ ပေါက်ကွဲထွက်သွားခဲ့လေ၏။

ထိုအချင်းအရာကို မြင်သည့်အခါ သူ့ဘေးဘက်တွင် ရှိနေသော ကျင့်ကြံသူများ နောက်သို့ ကြောက်လန့်တကြီးဖြင့် ပြန်ဆုတ်လိုက်ကြလေသည်။

ခေါင်းမပါသော အလောင်းခန္ဓာကိုယ်ကြီးသည် မြေပြင်ပေါ်သို့ တဖြည်းဖြည်းချင်း လဲကျသွားခဲ့လေ၏။ ထိုမြင်ကွင်းကို ကြည့်ရင်း ကျင့်ကြံသူပေါင်းများစွာ ကြောက်သွေး ဖြာသွားခဲ့ကြလေသည်။

သေသွားသည့် ကျင့်ကြံသူအား သတိပေးစကား ဆိုခဲ့သော ကျင့်ကြံသူမှာ ထိုအဖြစ်အပျက်ကြောင့် ဒေါသပင်မထွက်နိုင်ပဲ လိပ်ပြာလွင့်သွားသည့်အလား မင်သေသေ အမူအယာဖြင့်သာ မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားခဲ့လေသည်။

သူ့ဆီမှ စကားတစ်လုံးပင် ထွက်မလာနိုင်တော့။ ကြားနိုင်သည့် အသံဆို၍ သူ၏ အံကြိတ်သံသာ ရှိပေတော့သည်။

သူတို့နှစ်ဦး မည်သည့်ဂိုဏ်းမှ လာသည်ကို မည်သူမျှ မသိကြ။ သူတို့အနေဖြင့် ဥတုလေးမျိုးနယ်မြေထဲသို့ ဝင်နိုင်သည့် ဝင်ခွင့်နေရာ ရဖို့ရန်လည်း မလွယ်ကူ။

သို့သော်ငြား သူတို့ထဲမှ တစ်ဦးမှာတော့ အနည်းငယ်လေး စကားပြောလိုက်သည့်အတွက်ကြောင့် သေမင်းနှင့် ကြုံလိုက်ရလေသည်။

ရှေးဟောင်းကျောင်းတော်အဖွဲ့ တည်ရှိနေရာ နေရာတွင် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ခပ်ချောချော လူငယ်တစ်ဦးသည် ထိုမြင်ကွင်းအား ရပ်ကြည့်နေခဲ့လေသည်။

ထိုအချင်းအရာကိုမြင်သော် အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လျက် သူ့ဘေးတွင်ရှိနေသော ဂျူနီယာညီမ ညီအစ်ကိုများကို ပြောလိုက်လေ၏။

“အဲ့လူကို သေချာမှတ်ထား… ဥတုလေးမျိုးနယ်မြေထဲမှာ ဝူချန်းနဲ့တွေ့မယ်ဆိုရင် လုံးဝ သွားပြန်မတိုက်နဲ့… မင်းတို့ ပြေးနိုင်သမျှသာ ပြေးပေတော့”

“ဟုတ်ကဲ့ပါ စီနီယာအစ်ကိုကျွမ်း” အကုန်လုံး ချက်ချင်း ပြန်ဖြေလိုက်ကြလေသည်။ ထိုလူသတ်ရသည်ကို ကြိုက်သော ဝူချန်းကို မြင်ပြီးနောက် မည်သူမျှ သူ့အား သွားရန်မစရဲကြတော့ပေ။

သူတို့စိတ်ထဲ သူတို့၏ စီနီယာအစ်ကိုဖြစ်သော ကျွမ်းပုဖန်သည်သာ ဝူချန်းနှင့် ရင်ဆိုင်တိုက်ခိုက်နိုင်သည့် လူဟု ထင်မှတ်နေတော့သည်။

“အဲ့ဒါ ကောင်းကင်တိုက်ပွဲဒိုဂျိုက ဝူချန်းလား…” နတ်သူငယ်လေးတစ်ဦးက အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသလို ထင်မှတ်ရသော ကြယ်ဝိဉာဉ်နန်းတော်မှ လန်ရွှမ်းသည် လေထဲတွင် ဝဲရင်း မေးလိုက်လေသည်။

တစ်ချိန်တည်းတွင် ထိုမြင်ကွင်းကြောင့် သူမမှာ စိတ်ပျက်ပျက်ဖြင့် မျက်မှောင်ကျုံ့သွားခဲ့လေ၏။

“ဟုတ်တယ်…” အသားဖြူဖြူနှင့်လူက ခေါင်းညိတ်လိုက်လေ၏။ စကားသာပြောနေသော်ငြား သူ့အကြည့်မှာတော့ လန်ရွှမ်းပေါ်မှ တစ်ဖဝါးပင် မခွာခဲ့ပေ။ သူ့ကြည့်ရသည့်မှာ လန်ရွှမ်းဆိုသော် ကောင်မလေးအား အရူးအမူး ချစ်ကြိုက်နေသည့် ပုံပင်။

ထို့နောက် ဆက်၍ ပြောလိုက်လေ၏။ “ကျုပ် ဒီကောင်နဲ့ အကြိမ်ပေါင်းများစွာ တိုက်ဖူးတယ်… ဒီကောင်က ရင်ဆိုင်ရတာ တကယ်ကို မလွယ်ဘူး”

“အစ်ကိုရှောင်တောင် သူ့ကို မနိုင်ဘူးပေါ့…” လန်ရွှမ်း အံ့အားသင့်သွားခဲ့လေ၏။

ရှောင်ချန်းက ဆက်ပြောလိုက်၏။ “အဖေပေးထားတဲ့ ဧကရာဇ်အဆင့် မှော်ရတနာကို သုံးရင်တော့ အနိုင်ယူနိုင်တယ်… ဒါပေမဲ့ ပေးရတာနဲ့ ပြန်ရတာက တကယ်မတန်ဘူး”

“ကျွန်မ သိပြီ” လန်ရွှမ်း ခေါင်းညိတ်လိုက်၏။

ရှောင်ချန်းသည် ရှောင်ယုယန်၏ သားဖြစ်ပြီး ဧကရာဇ်အဆင့် မှော်ရတနာကို ပိုင်ဆိုင်ထားသော်ငြား ဝူချန်းတွင်လည်း ဧကရာဇ်အဆင့် မှော်ရတနာတစ်ခု ရှိပေလိမ့်မည်။

သူမွေးဖွားလာသည့် ကောင်းကင်တိုက်ပွဲဒိုဂျိုသည် သာမန်အင်အားစုတစ်ခု မဟုတ်ချေ။ ကောင်းကင်တိုက်ပွဲဒိုဂျို၏ တက်သစ်စ ကြယ်ပွင့်တစ်ဦး ဖြစ်သည့်အလျောက် သူ့ကိုယ်သူ ကာကွယ်ရန်အတွက် အကြီးအကဲများမှ သူ့အား ဧကရာဇ်အဆင့် မှော်ရတနာတစ်ခု ပေးထားလောက်ပေသည်။

“မင်းသမီး ကျုပ်ကို မယုံဘူးလား…” လန်ရွှမ်း သူပြောသည်အား မယုံချင်သလို ဖြစ်နေသည်ကို မြင်သော် ရှောင်ချန်းက ဆက်ပြောလိုက်လေသည်။ “မင်းသမီး မယုံရင် ကျုပ်အခုပဲ သက်သေပြပေးမယ်”

“မလိုပါဘူး…” လန်ရွှမ်းက လက်ဝှေ့ယမ်း၍ မျက်မှောင်ကြုတ်ကာ ပြန်ပြောလိုက်လေ၏။ “ကျွန်မ မယုံတာ မဟုတ်ဘူး”

ရှောင်ချန်းက ပြန်ပြောလိုက်သည်။ “ဒါပေမဲ့ အခု ဝူချန်းရဲ့ လုပ်ရပ်က ကြယ်ဝိဉာဉ်နန်းတော်ကို မလေးစားသလို ဖြစ်နေတယ်… ဒီတောင်ဘက်နယ်မြေဆိုတာ သူတို့ ကောင်းကင်တိုက်ပွဲဒိုဂျို လုပ်ချင်တိုင်း လုပ်လို့ရတဲ့ နေရာတစ်ခု မဟုတ်ဘူးဆိုတာ မသိဘူးလား မသိဘူး”

လန်ရွှမ်းကမူ ဘာမျှ မပြော။ ဘေးပတ်ပတ်လည်သို့ လှည့်ကြည့်နေစဉ် သူမ၏ အကြည့်သည် လူအုပ်ကြားထဲရှိ ပုံရိပ်တစ်ခုဆီသို့ ရောက်သွားခဲ့ပြီး အံ့အားသင့်သွားခဲ့လေသည်။

“နင်ပဲ…” လန်ရွှမ်း တိုးတိုးလေး ရေရွတ်လိုက်၏။

ငါးရောင်ခြယ်ရတနာဘုရား၏ တတိယအလွှာထဲတွင် သူမအနေဖြင့် တာအိုသခင်အဆင့်သို့ ချိုးဖြတ်ရန် ကြိုးစားနေစဉ် ပုံရိပ်တစ်ခုသည် တတိယအလွှာထဲသို့ ခိုးဝင်လာပြီး သူမ၏ နိယာမ စွမ်းအား အစိတ်အပိုင်းများစွာအား ခိုးယူသွားသည်ကို လန်ရွှမ်း သေချာ မှတ်မိနေပေသေးသည်။

သို့သော်ငြား သူရောက်လာသည်မှာလည်း ကံကောင်းသွားခဲ့သည်။ ထို့ကြောင့်သာ မဟုတ်လျှင် ထိုအချိန်က အခြေအနေအရ သူမအနေဖြင့် တတိယအလွှာအား အောင်အောင်မြင်မြင် ရှင်းလင်းနိုင်ခဲ့မည် ဆိုလျှင်ပင် ဆိုးဆိုးရွားရွားတော့ ထိခိုက်ဒဏ်ရာ ရပေဦးလိမ့်မည်။

ထိုကိစ္စနှင့် ပတ်သက်၍ ထိုလူ တတိယအလွှာထဲသို့ မည်ကဲ့သို့ ဝင်လာသလဲ ဆိုသည်ကို လန်ရွှမ်း အတော်လေး သိချင်နေမိသည်။

ထိုမျှသာလျှင် မဟုတ်သေးဘဲ သူမ၏ နိယာမစွမ်းအား အစိတ်အပိုင်းများစွာကို စုပ်ယူသွားနိုင်ရအောင် ထိုလူ မည်ကဲ့သို့သော နည်းလမ်းအား သုံးသွားသလဲဆိုသည်ကို သိချင်မိနေသေး၏။

သို့သော်ငြား ငါးရောင်ခြယ်ရတနာဘုရားထဲမှ ထွက်လာပြီးသည့်နောက်တွင် သူမ၏ ကျင့်ကြံခြင်းကို အလျင်အမြန် တည်ငြိမ်သွားအောင် လုပ်ချင်သည့် အတွက်ကြောင့် ထိုလူအား ဆက်၍ ဂရုစိုက်မနေတော့ခြင်း ဖြစ်ပေသည်။

သို့သော်ငြား ဤတောင်ကြားတွင် ထိုလူကို နောက်တစ်ကြိမ် လာတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ယခုတစ်ကြိမ် ပြန်တွေ့သည့်အခါ ထိုလူသည်လည်း တာအိုသခင် အဆင့်သို့ ရောက်နေခဲ့လေ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၁၃၅)

“သူက နေမင်းပြာကျောင်းတော်ရဲ့ တပည့်လား…” ရန်ကိုင်သည် နေမင်းပြာကျောင်းတော်မှ တပည့်များနှင့်အတူ ရပ်နေသည်ကို မြင်သော် လန်ရွှမ်းက ရေရွတ်လိုက်လေ၏။

“မင်းသမီး ဘာပြောလိုက်တာလဲ…” ရှောင်ချန်းက မေးလိုက်လေသည်။

“ဘာမှ မဟုတ်ပါဘူး…” လန်ရွှမ်း ခေါင်းသာ ခါပြလိုက်၏။

ရှောင်ချန်း မျက်မှောင် မဆိုစလောက်ကလေး ကျုံ့သွားခဲ့လေသည်။ သူ့အနေဖြင့် လန်ရွှမ်း၏ ပြန်ပြောပုံဆိုပုံနှင့် ပတ်သက်၍ အနည်းငယ် မကျေမနပ်ဖြစ်မိသော်ငြား သူမသည် လမင်းမဟာဧကရာဇ်၏ သမီးဖြစ်သည်။

သူမ၏ အဆင့်အတန်းမှာ သူ့ထက်ပို၍ မြင့်မားလေရာ သူ့အနေဖြင့် သူ့အထက်အရာရှိအား အဆက်မပြတ် မေးခွန်းထုတ် မနေသင့်ပေ။

ထို့ကြောင့် လန်ရွှမ်းကြည့်နေသည့် ဘက်သို့သာ လိုက်ကြည့်လိုက်ရာ ရန်ကိုင့်ကို မြင်ပြီးနောက် အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။

(သူ့လို ဘာမဟုတ်တဲ့သူကို ဘယ်လိုလုပ်ပြီး မင်းသမီးက စိတ်ဝင်စားနေရတာလဲ)

အခြားတစ်ဖက်တွင်မူ မိသားစုငယ်လေးမှ တပည့်တစ်ဦးကို သတ်ပစ်လိုက်သော်ငြား ဝူချန်းကမူ ပိုးဟပ်တစ်ကောင်ကို သတ်လိုက်ရသည့်အလား စိတ်အေးသက်သာဖြင့်သာ ရှိနေလေသည်။

ထို့နောက် ဘာမှမဖြစ်ဟန်ဖြင့် ရှရှန်းဘက်သို့ ပြန်လှည့်ကြည့်လာခဲ့လေ၏။

ရှရှန်းက ပြောလိုက်လေ၏။ “ရောင်းရင်းဝူချန်းက တကယ်ကို အားကောင်းတာပဲ”

ဝူချန်းကမူ စကားတစ်ခွန်းမှပင် ပြန်မပြောဘဲ အေးစက်စက် အမူအယာဖြင့်သာ ပြုံးလိုက်လေသည်။

“အခြားသူတွေ သေသေရှင်ရှင် ကျုပ် ဂရုမစိုက်ဘူး… ဒါပေမဲ့ ကျုပ်ရဲ့ ဂျူနီယာညီမကို လာတိုက်ခိုက်တဲ့အတွက်တော့ ရောင်းရင်းဝူချန်း ရှင်းပြသင့်တယ်လို့ ထင်တယ်” ရှရှန်းက မျက်လုံးမှေးစင်းလျက် ပြောလိုက်လေ၏။

ထိုအခါ ဝူချန်းက ပြန်၍ ပြောလိုက်လေသည်။ “ရောင်းရင်းရှက ကျုပ်ရှင်းပြတာ လိုချင်တာလား… ကောင်းပြီလေ… ကျုပ်စည်းမျဉ်းက ဘယ်သူမှ ကျုပ်အပေါ်က ဖြတ်ပျံသွားလို့မရဘူး… သေသွားတဲ့ လူတွေက လွဲလို့ပေါ့”

ရှရှန်း မင်သက်သွားခဲ့လေသည်။ မုရုန်ရှောင်ရှောင် တိုက်ခိုက်ခံရသည့် အကြောင်းအရင်းမှာ ဤအကြောင်းကြောင့် ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။

မုရုန်ရှောင်ရှောင်လည်း ထိုအခါမှ အသိပြန်ဝင်လာပြီး နှုတ်ခမ်းလေးကို ကွေးလျက် ပြန်ပြောလိုက်လေ၏။ "ကျွန်မ ကြယ်ဝိဉာဉ်နန်းတော်ဆီ သွားချင်ရုံပဲဟာကို…”

သူမအနေဖြင့် မတွေ့ရသည်မှာ ကြာပြီဖြစ်သော ကြယ်ဝိဉာဉ်နန်းတော်မှ သူမ၏ အသိအကျွမ်းကို အခွင့်ရတုန်းလေး သွားရောက်တွေ့ဆုံချင်ပါသော်ငြား ဝူချန်းမှ ရုတ်တရက် တိုက်ခိုက်လိုက်သည့်အတွက်ကြောင့် ကောင်းကင်ပေါ်မှ ပြုတ်ကျ လာခဲ့ရလေသည်။

ဝူချန်းက ပြန်၍ ပြောလိုက်၏။ “သူနေမင်းပြာကျောင်းတော်က လူတစ်ယောက် ဖြစ်နေတာကို ရောင်းရင်းရှ ကျေးဇူးတင်သင့်တယ်… အဲ့ဒါကြောင့်သာ မဟုတ်ရင်တော့…”

“မဟုတ်ရင် ဘာဖြစ်လဲ…”

“မဟုတ်ရင် သူသေနေလောက်ပြီ…”

“ငါသိပြီ…” ရှရှန်းက ပြုံးဖြီးဖြီး လုပ်လိုက်လေသည်။ ထို့နောက် မည်သူမျှ ထင်မှတ်မထားသည့် အရာတစ်ခုကို လုပ်လိုက်လေ၏။

ချက်ချင်းပဲ ရပ်နေရာမှ လေပေါ်သို့ ခုန်တက်သွားပြီး ဝူချန်းခေါင်းပေါ်မှ ဖြတ်ကျော် ပျံသန်းသွားလေသည်။ ထို့နောက် သူရပ်နေခဲ့ရာ နေရာဆီသို့ ဝူချန်းခေါင်းကို ဖြတ်၍ပင် နောက်တစ်ကြိမ် ပျံသန်းလာခဲ့လေ၏။

ထိုသို့ ပျံသန်းနေရင်းမှ အော်ပြောလိုက်လေ၏။ “ဒီမှာ ငါပျံလိုက်ပြီ… ဒီမှာ နောက်တစ်ကြိမ် ထပ်ပျံလိုက်ပြီ… ဒီမှာ ထပ်ပြီး ပျံလိုက်ပြန်ပြီ… မင်းဘာလုပ်နိုင်လဲ… တိုက်ချင်လား… လာတိုက်လေ”

ရှရှန်းသည် ဝူချန်းခေါင်းပေါ် တစ်ကြိမ်မက အဆက်မပြတ် ဖြတ်ကျော် ပျံသန်း နေပြီးနောက် အဆုံးတွင် ဝူချန်းခေါင်းပေါ်တည့်တည့်တွင် ရပ်လျက် ခါးကိုလက်ထောက်ရင်း အောက်ကို ငုံ့ကြည့်ကာ အထင်အမြင်တသေးဖြင့် ပြောလိုက်လေသည်။

“ငါအခု မင်းခေါင်းပေါ် သေးပါချလို့ရတယ်ဆိုတာ မင်းယုံလား…” ပြောပြီးသည့်နောက်တွင် ပြောသည့်အတိုင်း တကယ်လုပ်မည့်အလား သူ့ဘောင်းဘီကို အောက်သို့ ဆွဲချ လိုက်လေသည်။

ထိုမြင်ကွင်းကြောင့် မုယုံရှောင်ရှောင်နှင့် နေမင်းပြာကျောင်းတော်မှ မိန်းကလေးတပည့်အချို့ ရှက်သွေးဖြာ သွားကြလေ၏။

ရှောင်ပိုင်ယီနှင့် အခြားသူများမှာလည်း မင်သက် ဆွံ့အသွားကြပြီး ရှရှန်းကို မသိသည့်အလား အခြားတစ်ဖက်သို့သာ အကြည့်လွှဲလိုက်ကြလေသည်။

“ဟား ဟား ဟား ဟား…” ရှရှန်း၏ လုပ်ရပ်ကို မြင်ပြီးသည့်နောက် ဝိုင်းအုံကြည့်နေသည့် လူအုပ်ကြီး ထရယ်တော့လေ၏။

“ရှရှန်း… …” ဝူချန်းသည် အလွန်ကိုမှ စိတ်အပြောင်းအလဲ မြန်သည့် လူတစ်ဦးဖြစ်သလို အခြားသူများ၏ လာကြောခြင်း နောက်ပြောင်ခြင်းကိုလည်း သည်းခံတတ်သည့် လူတစ်ဦး မဟုတ်ပေ။

ထို့ကြောင့် ရှရှန်းမှ လူအုပ်ကြီးရှေ့တွင် သူ့အား ပြောင်ပြောင်တင်းတင်း ရန်စနေသည်ကို မြင်သော် နည်းနည်းလေးမှ သည်းမခံနိုင်တော့ဘဲ ထ၍တိုက်ခိုက်တော့လေ၏။

သူ့လက်ကို အပေါ်တည့်တည့်သို့ ပစ်မြှောက်လိုက်ရာ မိုးမြေစွမ်းအင်များ စုဝေးလာပြီး ဝဲကတော့တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။ ထိုဝဲကတော့သည် အဆက်မပြတ် လည်ပတ်ရင်း ရှရှန်းတည့်တည့်ဆီသို့ တိုးဝင်သွားလေ၏။

“အပေါစား လှည့်ကွက်လေးနဲ့များ…” ရှရှန်းသည် အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လျက် သူ့လက်ဝါးကို အောက်တည့်တည့်သို့ ဖိချလိုက်လေသည်။

ပေါက်ကွဲထွက်လာသော အရင်းအမြစ်ချီများနှင့်အတူ လောကနိယာမများ ကသောင်းကနင်း ဖြစ်လာပြီး ဧရာမလက်ဝါးကြီးတစ်ခု ကောင်းကင်ပေါ်မှ ကျဆင်း လာခဲ့လေသည်။

ထိုလက်ဝါးသည် တောင်တစ်လုံးနှယ် ဝဲကတော့ တည့်တည့်ဆီသို့ ကျဆင်းသွားခဲ့လေ၏။

“ဘုန်း…”

ဝဲကတော့နှင့် လက်ဝါးချက်ကြီး ထိပ်တိုက်တွေ့ဆုံ သွားသည့်အခိုက် မိုးမြေစွမ်းအင်များ အဘက်ဘက်သို့ ဖြာထွက်လာကုန်ကြလေသည်။

တစ်ချိန်တည်းတွင် ဝူချန်းသည် သူ၏စွမ်းအင်ကို လှည့်ပတ်၍ ရှရှန်းဆီသို့ လျှပ်စီးတန်းတစ်ခုနှယ် ပြေးဝင်သွားလေ၏။

ရှရှန်း၏ အမူအယာမှာလည်း ရုတ်ချည်း လေးနက် သွားခဲ့လေသည်။ ချက်ချင်းပဲ လက်ကွက်တစ်ခု ဖန်တီးလိုက်ရာ သူ့ခန္ဓာကိုယ် ပတ်ပတ်လည်တွင် အရွယ်အစား မျိုးစုံရှိသော မိုးမြေစွမ်းအင်ဖြင့် ဖွဲ့စည်းထားသည့် လက်နက်မျိုးစုံ ထွက်ပေါ်လာခဲ့လေသည်။

ထို့နောက် သူ့လက်အား ဝူချန်းတည့်တည့်သို့ ညွှန်လိုက်လေရာ မရေမတွက်နိုင်သော လက်နက်များသည် ဝူချန်းဆီသို့ တဟုန်ထိုး တိုးဝင်သွားကုန်ကြလေ၏။

“ဘုန်း… ဘုန်း… ဘုန်း…”

ဝူချန်းနှင့် ရှရှန်းတို့ တိုက်ခိုက်နေသော နေရာတစ်ခုလုံး မျက်စိကျိန်းမတတ် အလင်းတန်းများဖြင့် တောက်ပနေကုန်ကြလေသည်။

နှစ်ဦးစလုံးဆီမှ ဖြာထွက်နေသည့် စွမ်းအင်လှိုင်းများကြောင့် မည်သူမှ တိုက်ပွဲကို ရှင်းရှင်းလင်းလင်း မမြင်ရတော့ချေ။ ပေါက်ကွဲသံများ၊ လက်သီးထိုးသံများ၊ ခြေကန်ချက်သံများကိုသာ ကြားနေရတော့လေ၏။

ထိုတိုက်ပွဲကြောင့် ရန်ကိုင်သည်လည်း မျက်လုံးမှေးစင်း သွားခဲ့လေသည်။ ဤတိုက်ပွဲသည် တောင်ဘက်နယ်မြေထဲရှိ ထိပ်တန်းဂိုဏ်းများမှ လက်ရွေးစင်တပည့်နှစ်ဦးကြား ယှဉ်ပြိုင်မှု ဖြစ်ပေသည်။

တစ်နည်းဆိုရသော် ဤတိုက်ပွဲမှာ တောင်ဘက်နယ်မြေ လူငယ်မျိုးဆက်အကြား အဆင့်အမြင့်ဆုံး တိုက်ပွဲတစ်ခုဟု ပြော၍ ရပေသည်။ ဤကဲ့သို့သော တိုက်ပွဲမျိုးကို မြင်တွေ့ရရန်မှာ မလွယ်ကူပေ။

တိုက်ပွဲကို ကြည့်ချင်းအားဖြင့် ရန်ကိုင့်အနေဖြင့် တောက်ဘက်နယ်မြေထဲရှိ လူငယ်လက်ရွေးစင်များ မည်သည့်အတိုင်းအတာအထိ အားကောင်းသလဲ ဆိုသည်ကို သိနိုင်သလို ပိုမိုများပြားသော သတင်းအချက်အလက်များကိုလည်း ရရှိနိုင်ပေသည်။

“စီနီယာအစ်ကိုရှ အဆင်ပြေပမလား…” မုရုန်ရှောင်ရှောင်က စိုးရိမ်နေသည့်လေသံဖြင့် မေးလိုက်လေသည်။

ဤကိစ္စသည် သူမကြောင့် ဖြစ်လာခြင်းဖြစ်သည်။ သူမသာ ဝူချန်းပေါ်မှ ဖြတ်မပျံခဲ့လျှင် ရှရှန်းအနေဖြင့် ဝူချန်းနှင့် တိုက်ခိုက်နေစရာ လိုလိမ့်မည် မဟုတ်ပေ။

“စိတ်ပူမနေနဲ့… သူဘာမှ ဖြစ်မှာ မဟုတ်ဘူး” ရှောင်ပိုင်ယီက အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့ လိုက်လေသည်။ ရှရှန်း၏ လုံခြုံရေးကို လုံးဝ စိတ်မပူဟန်ဖြင့် ဆက်၍ ပြောလိုက်လေ၏။

“သာမန်ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးနဲ့ ရင်ဆိုင်ရရင်တောင် သူထွက်ပြေးနိုင်သေးတယ်… ဝူချန်းလောက်ကတော့ သူဘာမှ မဖြစ်ဘူး…”

ရှောင်ပိုင်ယီပြောသည်ကို ကြားသည့်အခါ ရန်ကိုင်ပို၍ စိတ်ဝင်စားသွားခဲ့လေသည်။ ရှောင်ပိုင်ယီကို ကြည့်ရသလောက် ရှရှန်းအကြောင်း အတော်လေး သိထားသည့်ပုံပင်။

ထို့အပြင် ဤတိုက်ပွဲကို ကြည့်ရသလောက် တိုက်ခိုက်နေသည့် လူနှစ်ဦးစလုံးမှာ သူတို့၏ ခွန်အားအကုန်အစင်ကို ထုတ်မသုံးကြသည့် ပုံပင်။

“ကလေးဆန်လိုက်ကြတာ…”

တောင်ကြားထဲရှိ ချောင်ချသော နေရာတွင် လမ်းစဉ်ရှစ်သွယ်ဂိုဏ်းအား ကိုယ်စားပြုသော အဖွဲ့တစ်ဖွဲ့ တည်ရှိနေလေ၏။

ထိုအဖွဲ့တည်ရှိနေရာ နေရာတွင် လူငယ်လေးတစ်ဦးသည် တင်ပလင်ခွေ ထိုင်နေရင်း ဝူချန်းနှင့် ရှရှန်းတို့၏ တိုက်ပွဲကို ကြည့်နေလေသည်။ ထိုသို့ ကြည့်နေရင်းမှ အထင်အမြင်တသေးဖြင့် မှတ်ချက်ပေးလိုက်ခြင်း ဖြစ်လေ၏။

လမ်းစဉ်ရှစ်သွယ်ဂိုဏ်းသည် တောင်ဘက်နယ်မြေထဲတွင် အဆင့်မြင့် ဂိုဏ်းတစ်ဂိုဏ်း မဟုတ်ချေ။ သို့သော် အားနည်းသည့် အထဲလည်း မပါ။ တစ်နည်းဆိုရသော် လမ်းစဉ်ရှစ်သွယ်ဂိုဏ်းသည် သူတော်စင်နန်းတော်နှင့် အဆင့်တူအင်အားစု တစ်ခု ဖြစ်သည်ဟု ပြော၍ ရပေသည်။

အနည်းဆုံးအနေဖြင့် လမ်းစဉ်ရှစ်သွယ်ဂိုဏ်း၌ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ရှိပေ၏။ လမ်းစဉ်ရှစ်သွယ်ဂိုဏ်းကို ကိုယ်စားပြု ရောက်ရှိလာကြသည့် အဖွဲ့ဝင်များ၏ ကျင့်ကြံခြင်းမှာတော့ တူညီခြင်း မရှိကြချေ။

အချို့မှာ တာအိုသခင် တတိယအဆင့်များ ဖြစ်ကြပြီး အချို့မှာမူ ဒုတိယအဆင့်နှင့် ပထမအဆင့်များ ဖြစ်ကြပေသည်။

အစောပိုင်းက စကားပြောလိုက်သော လူငယ်လေးမှာမူ တာအိုသခင် ဒုတိယအဆင့်သာ ရှိလေ၏။ သို့သော်ငြား အခြားသူများ၏ တုံ့ပြန်ပုံကို ကြည့်ရသလောက် သူသည် ထိုအဖွဲ့၏ ခေါင်းဆောင်ဖြစ်သည့် ပုံပင်။

အဖွဲ့ထဲတွင် ပါလာသော တစ်ဦးတည်းသော တာအိုသခင် တတိယအဆင့် ကျင့်ကြံသူမှာ အသက်လေးဆယ်အရွယ်လောက် ရှိမည့် သက်လတ်ပိုင်း လူကြီးတစ်ဦးဖြစ်ပေသည်။

ထိုလူကြီးက ပြုံးလျက် ပြောလိုက်လေ၏။ “ဒီလိုတိုက်ပွဲတွေကို ကြည့်လို့ မရဘူးလား ဂျူနီယာညီလေး လော့ရွှမ်”

လော့ရွှမ်က ပြန်ပြောလိုက်လေသည်။ “သူတို့ လက်ရည်စမ်းနေကြတာ… ဘာမှ စိတ်ဝင်စားစရာ ကောင်းတာမဟုတ်ဘူး”

“ဒါက လက်ရည်စမ်းတာ…” အခြားသော တာအိုသခင် ဒုတိယအဆင့် အမျိုးသမီးတစ်ဦးက အံ့အားသင့်ဟန်ဖြင့် “သူတို့ တစ်ယောက်ကိုတစ်ယောက် သတ်တော့မယ်လို့ ဘာလို့ ကျွန်မခံစားနေရတာလဲ”

“ဘာလို့လဲဆိုတော့ နင့်ကျင့်ကြံခြင်းက ဒီလောက်ကြီးမှ မမြင့်သေးတာ…” လော့ယွမ်က ခပ်ပြတ်ပြတ် ပြန်ပြောလိုက်လေသည်။ တစ်ဖက်လူ ရှက်သွားမည်ကိုပင် ဂရုမစိုက်။

အမျိုးသမီးမှာ ဘာပြန်ပြောလို့ ပြောရမှန်းပင် မသိဘဲ ခြောက်ကပ်ကပ်သာ ရယ်မောလိုက်လေ၏။

သက်လတ်ပိုင်းလူကြီးက ပြောလိုက်လေ၏။ “ဂျူနီယာညီလေး လော့ယွမ်က တကယ်ကို အမြင်စူးရှတာပဲ… ငါတို့ ဒီတစ်ကြိမ် ဥတုလေးမျိုးနယ်မြေထဲဝင်ရင် မင်းကို အားကိုးနေမယ်နော်…”

လော့ယွမ်က မျက်မှောင်ကျုံ့လျက် ပြောလိုက်၏။ “စိတ်မပူနဲ့… ဒီတစ်ကြိမ် ဥတုလေးမျိုးနယ်မြေထဲမှာ လူတိုင်း လမ်းစဉ်ရှစ်သွယ်ဂိုဏ်းဆိုတာ သိအောင်လုပ်ပေးလိုက်မယ်…”

“ဒါပေမဲ့ အမှိုက်တွေကို ကျုပ်နဲ့အတူ ခေါ်သွားမှာ မဟုတ်ဘူး… ဒီတော့ ဟိုထဲရောက်လို့ရှိရင် ကျုပ်နောက် လိုက်မလာကြနဲ့… မဟုတ်ရင် ကျုပ်ကို ရိုင်းလို့ဆိုပြီး လာအပြစ်မတင်နဲ့…”

လော့ယွမ်မှာ ထိုကဲ့သို့ ပြောလိုက်သော်ငြား မည်သူမျှ တစ်ခွန်းမှ ပြန်မပြောရဲကြပေ။

သက်လတ်ပိုင်းလူကြီးက ပြောလိုက်လေ၏။ “ဒါပေါ့… ဂျူနီယာညီလေးလော့ယွမ်ကို ဘယ်လိုလုပ်ပြီး ခက်ခဲအောင် လုပ်ရမှာလဲ… မင်းကြိုက်သလိုသာလုပ်”

“ဟမ့်…” လော့ယွမ်သည် အေးစက်စက် အမူအယာဖြင့် နှာခေါင်း ရှုံ့လိုက်ပြီးနောက် မျက်လုံး ပြန်ပိတ်လိုက်လေ၏။ မည်သည့် စကားတစ်ခွန်းမျှ ဆက်မပြောတော့ချေ။

အခြားသူများသည် သုန်သုန်မှုန်မှုန် အမူအယာဖြင့်သာ တစ်ဦးကို တစ်ဦး ကြည့်လိုက်ကြလေသည်။ တာအိုသခင်အဆင့် ပညာရှင်များ ဖြစ်လင့်ကစား အမှိုက်ဟု ခေါ်ခံရသည်ကို မည်သူမျှ ကြိုက်ကြလိမ့်မည်မဟုတ်။ ထိုလူများသည်လည်း အတူတူပင် ဖြစ်လေသည်။

သို့သော်ငြား လော့ယွမ်၏ စရိုက်နှင့် စိတ်နေစိတ်ထားကို သိထားသူများ ဖြစ်သည့်အတွက်ကြောင့် ဘာမှ သွားမပြောခဲ့ကြပေ။

ရှရှန်းနှင့် ဝူချန်းကြားရှိ တိုက်ပွဲမှာမူ အဆုံးမသတ်သေးပေ။ နှစ်ဦးစလုံးမှာ လက်ရည်တူနေခဲ့လေသည်။

“တော်လောက်ပြီ…”

ရုတ်တရက် ဒေါသတကြီး အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ထိုအော်သံသည် လျှပ်စီးတန်းတစ်ခုနှယ် ရှရှန်းနှင့် ဝူချန်းတို့အား ရိုက်ခတ်သွားသည့်အလား နှစ်ဦးစလုံး၏ လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့ကြပြီး မျက်နှာများ ဖြူရော် ကုန်ကြလေသည်။ အေးစက်စက် ချွေးသီးချွေးပေါက်တို့ဟာလည်း နဖူးထက် စီးကျလာကုန်ကြလေ၏။

သူတို့အောက်ဘက်တွင် အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီးသည့်နောက် လူနှစ်ဦး ပေါ်လာခဲ့ကြလေ၏။ ဝူချန်းနှင့် ရှရှန်းတို့အောက် ပေါ်လာသည့် အလင်းတန်းနှစ်ခုသည် မျက်တောင်တစ်ခတ်အတွင်း လှောင်အိမ်နှစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ရှရှန်းနှင့် ဝူချန်းတို့အား လေထဲတွင် ချုပ်နှောင် ပစ်လိုက်ကြလေသည်။

အစောပိုင်းက ထွက်ပေါ်လာသည့်အသံ နောက်တစ်ကြိမ် ထပ်မံထွက်ပေါ် လာခဲ့လေ၏။

“အခုလိုမျိုး ပြဿနာရှာတဲ့အတွက် နေမင်းပြာကျောင်းတော်က ရှရှန်းနဲ့ ကောင်းကင်တိုက်ပွဲဒိုဂျိုက ဝူချန်း… မင်းတို့ နှစ်ယောက်စလုံးကို ဥတုလေးမျိုးနယ်မြေ မပွင့်ခင်အထိ အခုလိုမျိုး ချုပ်နှောင်ထားမယ်”

“အခြားသူတွေ အကုန်လုံးလည်း ဒါကို နမူနာကြည့်ထားကြ”

ရှရှန်းက မျက်နှာကြီးမဲ့လျက် ချက်ချင်းပဲ ပြန်ပြောလိုက်လေသည်။ “လူကြီးမင်းရှောင်… ကျုပ်မှာ ဘာအပြစ်မှ မရှိဘူးလေ”

အသံပိုင်ရှင်ကို သိလိုက်သည်နှင့် အလျင်အမြန် တောင်းပန်လိုက်လေ၏။ အသံပိုင်ရှင်မှာ အခြားမဟုတ်။ ကြယ်ဝိဉာဉ်နန်းတော်၏ ငွေကြယ်သံတမန်ဖြစ်သော ရှောင်ယုယန်ပင် ဖြစ်လေသည်။

ရှောင်ယုယန်ကမူ ရှရှန်းပြောသည်ကို မသိချင်ယောင်သာ ဆောင်နေလေ၏။ ဝူချန်းကမူ ရှရှန်း၏ လုပ်ပုံကို မြင်ပြီးနောက် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေ၏။

“ငကြောက်ကောင်…”

“မင်းကိစ္စမဟုတ်ဘူး” ရှရှန်းက ပြန်အော်ပြောလိုက်ပြီးနောက် ဆက်၍ တောင်းပန်လိုက်ပြန်လေ၏။

“လူကြီးမင်းရှောင်… ကျေးဇူးပြုပြီး နားလည်ပေးပါ… အခုတစ်ကြိမ်မှာ တပည့် စည်းမျဉ်းကို ချိုးဖောက်တာ မဟုတ်ပါဘူး… အခြားတစ်ယောက်သာ တပည့်ကို လာပြဿနာ မရှာခဲ့ရင် တပည့်ကလည်း ဘယ်တော့မှ အခုလို တိုက်ပွဲမျိုးကို စမှာ မဟုတ်ပါဘူး… ကျေးဇူးပြုပြီး လူကြီးမင်းရှောင် ကျုပ်ကို လွှတ်ပေးပါ”

ခဏကြာမျှ ဆက်၍ တောင်းပန်နေသော်ငြား အသုံးမဝင်မှန်း သိလိုက်သည့်နောက်တွင် သူ့လေသံမှာ ချက်ချင်းကို ပြောင်းလဲ သွားခဲ့လေသည်။

“လူကြီးမင်းရှောင်… ချုပ်မယ်ဆိုရင်လည်း မြေကြီးပေါ်မှာ ချုပ်ထားလို့မရဘူးလား… အခုလို လေထဲမှာ ချုပ်ထားတာ နည်းနည်း ရှက်စရာတော့ ကောင်းသလိုပဲ”

“မင်းပါးစပ်ပိတ်မှာလား…”

ဝူချန်းမှာမူ ယခုကဲ့သို့ ချုပ်နှောင်ခံရ၍ ဘာမျှ မဖြစ်ချေ။ သူ့အား ချုပ်နှောင်လိုက်သည့်လူမှာ ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သည့်အတွက် သူ့အနေဖြင့် မည်သို့မျှ ပြန်၍ မခုခံနိုင်သည်မှာ သဘာဝသာ ဖြစ်လေ၏။

ချုပ်နှောင်ခံရသည်ကို ဂရုမစိုက်သော်ငြား ရှရှန်း၏ ပေတစ်ရာထပ်အောင် ပြောနေသည့် စကားလုံးများကို ကြားရဖန်များလာလတ်သော် တဖြည်းဖြည်းနှင့် ရှက်လာခဲ့လေသည်။ ပြောသူမရှက် ကြားသူရှက် ဆိုသည်မှာ ဝူချန်းသာ ဖြစ်ပေသည်။

ရှရှန်းက မျက်လုံးမှေးစင်းလျက် “ဘာဖြစ်လို့လည်း… ငါမင်းကို နှောင့်ယှက်မိလို့လား”

“နားငြီးတယ်…” ဝူချန်းက အေးစက်စက် အမူအယာဖြင့် ပြန်ပြောလိုက်၏။

“မင်းဘယ်လိုလုပ်ပြီး အဲ့လို ပြောရဲတာလဲ” ရှရှန်း ဒေါသထွက်သွားခဲ့လေသည်။ ချက်ချင်းပဲ ဘောင်းဘီကို ဆွဲချွတ်၍ “ငါအခုချက်ချင်း မင်းမျက်နှာကို သေးနဲ့ပန်းလို့ ရတယ်ဆိုတာ မင်းသိလား… ငါသေးနဲ့ပန်းလိုက်လို့ရှိရင် လေနဲ့လွင့်ပြီး သေးတွေက မင်းမျက်နှာပေါ် လာစင်မှာ”

ဝူချန်း မျက်နှာကြီး မဲ့သွားခဲ့လေသည်။ အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလျက် ရှရှန်းကို ဘာမှ ပြန်ပြောမနေတော့ဘဲ မျက်လုံးသာ ပိတ်နေလိုက်တော့လေ၏။

ဤကဲ့သို့သော် အရှက်မရှိသည့် လူတစ်ဦးနှင့် ဆက်၍ စကားမများချင်တော့ပေ။ ထို့ကြောင့် စကားတစ်ခွန်းသာ ပြန်ပြောလိုက်နိုင်တော့၏။

“ဥတုလေးမျိုးနယ်မြေထဲ ရောက်တော့မှပဲ ဒီအကြွေးကို ရှင်းကြတာပေါ့ကွာ…”

All Chapters