← Chapters

အခန်း (၂၁၃၆-၂၁၄၀)

Vol. 86 Ch. 2136-2140

အခန်း (၂၁၃၆-၂၁၄၀)

Vol. 86 Ch. 2136-2140

အပိုင်း (၂၁၃၆)

ဝူချန်းနှင့် ရှရှန်းတို့ နှစ်ဦးကြားတိုက်ပွဲမှာ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး၏ ဝင်ရောက်တားဆီးမှုကြောင့် ရပ်တန့်သွားခဲ့ရလေသည်။

“ဒီလောက်ဆို အဆင်ပြေပြီလား…” ရှောင်ယုယန်က ကောင်းရွှယ်ထင်းနှင့် ချန်ဝမ်ဟောင်ဘက်သို့ လှည့်၍ မေးလိုက်လေ၏။

ကောင်းရွှယ်ထင်းက ပြန်ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ် စီနီယာရှောင်…”

ချန်ဝမ်ဟောင်ကလည်း ခေါင်းညိတ်ပြလိုက်လေသည်။

ဂိုဏ်းနှစ်ဂိုဏ်းကြား လူငယ်ပါရမီရှင်နှစ်ဦး၏ ပြိုင်ဆိုင်မှုသည် သူတို့ကဲ့သို့သော ဧကရာဇ်အဆင့် ပညာရှင်များအပေါ် မည်သည့် အကျိုးသက်ရောက်မှုမျှ မရှိပေ။

သူတို့အတွက်မူ ထိုတိုက်ပွဲမှာ လူငယ်များအကြား ပြိုင်ဆိုင်မှုတစ်ခုသာ ဖြစ်လေ၏။ သူတို့ကိုယ်တိုင်သည်လည်း ထိုကဲ့သို့သော အခိုက်အတန့်မျိုးကို ကျော်ဖြတ်ခဲ့ကြ ဖူးလေသည်။

“ဘာမှ မဟုတ်ပါဘူး… ဒါပေမဲ့ ဒီနှစ်ကောင်က တကယ်ကို ဂနာကို မငြိမ်ဘူး…” ရှောင်ယုယန်က ရယ်မော၍ ပြောလိုက်လေ၏။

“အကြီးအကဲကောင်းမှာ ရှရှန်းရှိသလို ရောင်းရင်းချန်မှာလည်း ဝူချန်းရှိတယ်… မင်းတို့ကို ငါတကယ် မနာလိုတာပဲ” ဘေးဘက်တွင် ရှိနေသော ဖုန်းမင်က ခါးသက်သက် လေသံဖြင့် ပြောလိုက်လေသည်။

ကောင်းရွှယ်ထင်းသည် ဖုန်းမင်ဘက်သို့ လှည့်၍ ပြန်မေးလိုက်လေ၏။ “ရှင်တို့ ရှေးဟောင်းကျောင်းတော်မှာလည်း ကျွမ်းပုဖန်း ရှိတယ်မဟုတ်ဘူးလား…”

ဖုန်းမင်က ပြုံးလျက် “ပုဖန်းက တော်တယ်ဆိုပေမဲ့ သူ့မှာ သာမန် ခန္ဓာကိုယ်ပဲ ရှိတာလေ… အဲ့ကလေးနှစ်ယောက်နဲ့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ”

“ရောင်းရင်းဖုန်း… မင်းတို့ကျောင်းတော်ရဲ့ အထင်ကရ နည်းစနစ်ကြီးကို သူ့ကို သင်ပေးထားတယ် မဟုတ်ဘူးလား” ချန်ဝမ်ဟောင်က ဖုန်းမင်ကို ကြည့်၍ ပြောလိုက်လေသည်။

“ဘာလို့ ဒီလောက်တောင် နှိမ့်ချနေရတာလဲ… နှိမ့်ချလွန်းအားကြီးရင် သူတော်ကောင်းယောင်ဆောင်ရာ ရောက်တယ်နော်”

“ဟဲ… ဟဲ…” ဖုန်းမင်ကမူ ယဲ့ယဲ့လေးသာ ရယ်နေလေ၏။

“တော်လောက်ပြီ… မင်းတို့ ဘယ်ချိန်မှ သွေးတိုးစမ်းနေတာ ရပ်ကြမှာလဲ” ဆက်မကြည့်နိုင်တော့သည့် အဆုံးတွင် ရှောင်ယုယန်က ဖြတ်ပြောလိုက်လေသည်။

“ကလေးတွေ ပြိုင်ကြတာ ကောင်းတယ်ဆိုပေမဲ့ ငါတို့ အကြီးအကဲတွေရဲ့ တာဝန်က စောင့်ကြည့်ဖို့ပဲ… သူတို့ကိစ္စတွေမှာ ဝင်ပါစရာ မလိုဘူး”

“မင်းတို့ မြဲမြဲမှတ်ထား… ငါတို့တွေက တောင်ဘက်နယ်မြေသားတွေပဲ… မင်းတို့တွေ တိုက်ခိုက်တာကို ငါမမြင်ချင်ဘူး…”

“စီနီယာရှောင်ပြောတာ အမှန်ပဲ…” အကုန်လုံး‌ ခေါင်းညိတ်လိုက်ကြလေသည်။

“အိုး… ဟုတ်သားပဲ… စီနီယာရှောင်” ကောင်းရွှယ်ထင်းက ရုတ်တရက် ပြောလိုက်လေသည်။ “အရင်တစ်ကြိမ်တုန်းက ကျွန်မတို့ ကြယ်ဝိဉာဉ်နန်းတော်ဆီ လာပြီး ပြောခဲ့တဲ့ ကိစ္စလေ… အဲ့ဒါနဲ့ ပတ်သက်ပြီး ဘာထူးလဲ”

ထိုစကားကို ကြားသော် ဖုန်းမင်နှင့် ချန်ဝမ်ဟောင်တို့၏ အမူအယာ ရုတ်ချည်း တည်ကြည်လေးနက် သွားခဲ့လေ၏။ ရှောင်ယုယန်သည်လည်း မျက်မှောင်ကျုံ့သွားခဲ့လေသည်။ ခဏမျှ စဉ်းစားနေပြီးသည့်နောက် ပြန်၍ ပြောလိုက်လေ၏။

“အဲ့ ရှေးဟောင်းနတ်ဆိုးကိစ္စကတော့… မဟာဧကရာဇ် ပြောတာကတော့ အဲ့နတ်ဆိုးက လုံးဝ မသေသွားသေးဘူးတဲ့… ပုန်းနေတာတဲ့… ဒါပေမဲ့ သူဘယ်မှာ ပုန်းနေလဲ ဆိုတာကိုတော့ မဟာဧကရာဇ်လည်း မမြင်နိုင်ဘူးတဲ့”

“မဟာဧကရာဇ်တောင် မသိဘူးလား…” ဖုန်းမင်၏ အမူအယာ ပြောင်းလဲ သွားခဲ့လေသည်။

“မဟာဧကရာဇ်က ငါ့ကို စကားတစ်ခွန်းပဲ ပြောသွားတယ်” ရှောင်ယုယန်က အလျင်အမြန် ပြန်ပြောလိုက်၏။

“ဘာစကားလဲ…” ကောင်းရွှယ်ထင်းက ပြန်မေးလိုက်လေသည်။

“သေသွားပြီလို့ထင်ရတယ်… ဒါပေမဲ့ မသေသေးဘူး။ အသက်ရှင်နေသေးတယ်လို့လည်း ထင်ရတယ်… ဒါပေမဲ့ အသက်မရှင်တော့ဘူး။”

“ဘာကြီးလဲ…” ဖုန်းမင် နားမလည်နိုင်အောင် ဖြစ်သွားခဲ့လေသည်။

ရှောင်ယုယန်ကလည်း ပခုံးတွန့်လျက် “ငါလည်း မသိဘူး… ဒါပေမဲ့ စိတ်ပူမနေနဲ့… အဲ့ရှေးဟောင်းမဟာနတ်ဆိုးက နှစ်နဲ့ချီအောင် ပိတ်လှောင်ထားခံရတာ… သူ့ခွန်အားက ဒီလောက်ကျန်တော့မှာ မဟုတ်ဘူး…သူနောက်တစ်ကြိမ် လူလုံးထွက်ပြလာခဲ့ရင် ငါကိုယ်တိုင် ရှင်းပြစ်လိုက်မယ်”

“စီနီယာရှောင်ကိုယ်တိုင် ပြောတာဆိုမှတော့ ကျုပ်တို့ စိတ်အေးရပြီပေါ့…” ချန်ဝမ်ဟောင်က စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်လေသည်။

ဤနတ်ဆိုးကိစ္စကို ပြောချင်သည့် အတွက်ကြောင့်ပင်လျှင် ကောင်းရွှယ်ထင်းသည် ဤနေရာသို့ ရောက်ရောက်ချင်း ရှောင်ယုယန်ကို လာရှာခဲ့ခြင်း ဖြစ်ပေသည်။

“ကဲ… အဲ့ နတ်ဆိုးကိစ္စကို ထားလိုက်ဦး… အခု ဥတုလေးမျိုးနယ်မြေအကြောင်း ပြောကြတာပေါ့” ရှောင်ယုယန်က ပြောလိုက်လေသည်။

ရှောင်ယုယန်မှ ကြယ်စည်းတံဆိပ်များ အကြောင်း ပြောတော့မည်မှန်း သိလိုက်သော် အကုန်လုံး၏ မျက်နှာအမူအယာ ရုတ်ချည်း တည်ကြည်သွားခဲ့ကြလေသည်။

နေမင်းပြာအဖွဲ့သားများ စုဝေးရာအရပ်တွင် တင်ပလင်ခွေထိုင်ကာ အားဖြည့်နေသော ရန်ကိုင်၏ အမူအယာ ရုတ်ချည်း‌ ပြောင်းလဲသွားပြီး မျက်လုံး ပွင့်လာခဲ့လေသည်။ ထို့နောက် တစ်ခုသောဘက်ဆီသို့ လှမ်း၍ ကြည့်လိုက်လေ၏။

မျက်မှောင်ကျုံ့၍ ခဏမျှ စဉ်းစားနေပြီးသည့်နောက်တွင် မတ်တပ်ရပ်၍ ထိုဘက်သို့ လမ်းလျှောက် ထွက်သွားလေသည်။

“ဂျူနီယာမောင်လေးရန်…” မုရုန်ရှောင်ရှောင်က အလျင်စလို လှမ်းအော်ခေါ်လိုက်လေ၏။ “နင် ဘယ်သွားမလို့လဲ…”

“ဒီတိုင်းပဲ လမ်းပတ်လျှောက်ကြည့်တာ… ဘာမှ မဟုတ်ဘူး” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလျက် ပြန်ပြောလိုက်၏။

“အဲ့တာဆိုရင်လည်း သတိထားဦးနော်…” မုရုန်ရှောင်ရှောင်က လှမ်းသတိပေးလိုက်လေသည်။

ရန်ကိုင်က ခေါင်းညိတ်ပြလိုက်ပြီးသည့်နောက် ဆက်သွားလေ၏။

“ဘာလို့ အပြင်လူတစ်ယောက်ကို ဒီလောက်တောင် လိုက်ဂရုစိုက်နေရတာလဲ” ရှောင်ပိုင်ယီက ဝင်ပြောလိုက်လေသည်။

မုရုန်ရှောင်ရှောင်က ပြန်ပြောလိုက်၏။ “ဂျူနီယာမောင်လေးရန်က ကျွန်မတို့နဲ့ တူတူလာတာလေ”

“နင်သူ့ကို ဂျူနီယာမောင်လေးလို့‌ ခေါ်နေသေးတယ်ပေါ့…” ရှောင်ပိုင်ယီက မုရုန်ရှောင်ရှောင်အား စိုက်ကြည့်ရင်း “သူက ငါတို့ကျောင်းတော်ရဲ့ တပည့်မဟုတ်ဘူးနော်”

မုရုန်ရှောင်ရှောင်က လျှာလေး တစ်လစ်တစ်လစ် ထုတ်လျက် ပြန်ပြောလိုက်၏။ “စီနီယာအစ်ကိုရှောင်က သူ့ကို အမြင်မကြည်တာလား”

“ဘာလို့ အမြင်မကြည်ရမှာလဲ…” ရှောင်ပိုင်ယီက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “သူကိုယ်တိုင်ကကို ကြည့်ရအဆင်မပြေတာ… ဘာလို့မှန်းမသိဘူး… သူ့ကို ကြည့်နေရင်း ထ ထ ရိုက်ချင်လာသလိုပဲ”

မုရုန်ရှောင်ရှောင်ကမူ ဘာမျှ ပြန်မပြောတော့ဘဲ ခေါင်းတခါခါဖြင့်သာ ပါးစပ်ပိတ်နေလိုက်တော့သည်။

တောင်ကြားထဲမှ လမ်းလျှောက်ထွက်လာ ပြီးသည့်နောက်တွင် တောအုပ်တစ်ခုဆီသို့ ရန်ကိုင် ရောက်လာခဲ့လေသည်။

လေညင်းမှာ တသုန်သုန် တိုက်ခိုက်နေပြီး မြက်စိမ်းတို့မှာလည်း ‌လေအဝှေ့နှင့်အတူ လွင့်ခါနေခဲ့လေသည်။

ရန်ကိုင်က သက်ပြင်းချ၍ မေးလိုက်လေသည်။ “ကျုပ် ရောက်နေပြီလေ… ခင်ဗျား ဘာလို့ ခုထိ ထွက်မလာရသေးတာလဲ”

ရန်ကိုင့်၏စကား ဆုံးသွားသည့် အခိုက်မှာပင် ရယ်သံတစ်သံ ထွက်ပေါ်လာခဲ့လေ၏။ တစ်ချိန်တည်းတွင် ခပ်ချောချော ပုံရိပ်တစ်ခု သစ်ပင်တစ်ပင်ပေါ်တွင် ပေါ်လာခဲ့ပြီး ရန်ကိုင့်အား စိတ်ဝင်တစားဖြင့် စိုက်ကြည့်လာခဲ့လေသည်။

ရန်ကိုင့်အား စိုက်ကြည့်နေရင်းမှ လျှာကိုသပ်ရင်း ပြောလိုက်လေသည်။ “နင် ဒီလောက် မြန်မြန်နဲ့ တာအိုသခင်အဆင့်ကို ရောက်လာမယ်လို့ ငါမထင်ထားဘူး… အဆင့်နိမ့် ကြယ်စီရင်စုက လာတဲ့ လူတစ်ယောက် ဆိုတဲ့အတိုင်း ပါရမီက တကယ်ကို မြင့်တာပဲ”

ရန်ကိုင်က ထိုအမျိုးသမီးအား ခေါင်းမော့ကြည့်ရင်း ရယ်မောကာ ပြန်ပြောလိုက်လေ၏။ “ကာကွယ်သူပိရန်… မတွေ့ရတာတောင် ကြာပြီနော်…”

ရန်ကိုင့်အား ဤနေရာသို့ လာရန် ပြောခဲ့သော လူမှာ အခြားမဟုတ်ဘဲ ငှက်မွေးပြာဂိုဏ်း၏ ကာကွယ်သူလေးဦးအနက် တစ်ဦး ဖြစ်သော ပိရန်ယုချင်းသာ ဖြစ်ပေသည်။

ဤအမျိုးသမီးသည် သူ့အား ငှက်မွေးပြာဂိုဏ်းထဲသို့ ခေါ်ခဲ့သူဖြစ်သလို ငှက်မွေးပြာဂိုဏ်းဟာလည်း ရန်ကိုင် ကြယ်တာရာ အစုအဝေးထဲသို့ ရောက်ရှိစဉ်က ပထမဦးဆုံးအကြိမ် ခြေချခဲ့သည့် ဂိုဏ်းတစ်ဂိုဏ်းလည်း ဖြစ်ပေသည်။

ပိရန်ယုချင်းကို ပြန်မြင်လိုက်သည့်နောက် ထိုစဉ်က သူနှင့်အတူ ကြယ်တာရာအစုအဝေးထဲ ရောက်လာခဲ့သော လျှို့ရှန်းယွင်ကို ပြန်သတိရသွားခဲ့လေသည်။

ထိုကောင်မလေးသည် သူကဲ့သို့ပင် အဆင့်နိမ့် ကြယ်စီရင်စုမှ လာခဲ့သည့် သူတစ်ဦး ဖြစ်ပေသည်။ သူတို့နှစ်ဦးစလုံးသည် ငှက်မွေးပြာဂိုဏ်းထဲသို့ ပိရန်ယုချင်း၏ ခေါ်ဆောင်ခြင်း ခံခဲ့ရသူများ ဖြစ်ကြပေသည်။

ကံမကောင်းစွာဖြင့် ရန်ကိုင်နှင့် လျှို့ရှန်းယွင်မှာ ငှက်မွေးပြာဂိုဏ်းမှ ထွက်ပြေးလာပြီးသည့်နောက် လမ်းခွဲ သွားခဲ့ကြလေသည်။

ဤမျှ အချိန်ကြာသွားပြီးသည့်နောက်တွင် လျှို့ရှန်းယွင် မည်ကဲ့သို့ ရှိနေမလဲ ရန်ကိုင် မသိတော့ပေ။

“နင် ဒီဘုရင်မကို အခုထိ မှတ်မိနေသေးတယ်ပေါ့… ငါနင့်ကို ကျေးဇူးတောင် တင်ချင်သွားပြီ”

ရန်ကိုင် အတွေးနက်နေစဉ်မှာပင် ပိရန်ယုချင်းက ပြုံးလျက် သစ်ပင်ပေါ်မှ နတ်သက်ကြွေသည့် နတ်သမီးတစ်ဦးနှယ် အသာအယာ ဆင်းသက်လာခဲ့လေသည်။

“ကာကွယ်သူပိရန်က ကျုပ်အပေါ်မှာ ကျေးဇူးအများကြီး ရှိခဲ့တာပဲ… ကျုပ် ဘယ်လိုလုပ်ပြီး မေ့နိုင်မှာလဲ…” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလျက် ပြောလိုက်လေသည်။

ပိရန်ယုချင်းသည် အခြားသော ရည်ရွယ်ချက်တစ်ခုကြောင့် သူ့အား ငှက်မွေးပြာဂိုဏ်းထဲသို့ ခေါ်ခဲ့ခြင်း ဖြစ်သော်ငြား ဤအမျိုးသမီးသည် သူ့အပေါ် မမျှမတ မဆက်ဆံခဲ့ပေ။

သို့သော်ငြား သူ့အပေါ် ကောင်းကောင်းမွန်မွန်လည်း မဆက်ဆံခဲ့။ ထို့ကြောင့် ရန်ကိုင်သည် သူမအား ထူးမခြားနာဟန်ဖြင့်သာ ပြန်၍ ဆက်ဆံလေ၏။

ပိရန်ယုချင်းသည် ရန်ကိုင့်အား ကြည့်ရင်း ပြောလိုက်လေသည်။ “နင်က မျက်နှာတည်နဲ့ လိမ်တတ်တာပဲ… နင် ဒီဘုရင်မရဲ့ ကျေးဇူးကို မှတ်မိနေသေးတယ်ဆိုရင် ဘာလို့ ငါခေါ်တာကို မလာချင်ပဲ ဖြစ်နေရတာလဲ”

“အဲ့လိုမျိုး မဟုတ်ဘူးလေ…” ရန်ကိုင်က အပြစ်မရှိဟန်ဖြင့် “ကျုပ်က ကာကွယ်သူပိရန်ကို မတွေ့ချင်တာ မဟုတ်ဘူး”

တစ်ခဏမျှ ရပ်ပြီးနောက် ဆက်၍ ပြောလိုက်လေ၏။ “အခု ဒီမှာ ကာကွယ်သူပိရန် တစ်ယောက်တည်း ရှိနေတာ မဟုတ်ဘူးမလား…” ပြောနေရင်း ဘေးဘက်သို့ လှမ်းကြည့်လိုက်လေသည်။

ပိရန်ယုချင်းက မျက်ခုံးပင့်လျက် ပြန်ပြောလိုက်လေ၏။ “ကောင်စုတ်လေး… နင်က တကယ် အမြင်စူးရှတာပဲ”

ထို့နောက် လက်ဝှေ့ယမ်း၍ “ဆက်ပုန်းမနေနဲ့တော့… ထွက်လာခဲ့လိုက်တော့” ပြောပြီးသည့်နောက်တွင် လူတစ်ဦး၏ ရယ်သံ ထွက်ပေါ်လာခဲ့လေ၏။

“ဟား…ဟား… ဂျူနီယာညီလေးရန်… မတွေ့ရတာ ကြာသွားတာတောင် မင်းက ကောင်းကောင်းမွန်မွန်ပဲ ရှိနေတုန်းပါလား”

ရန်ကိုင်က ပြုံး၍ လက်သီးဆုပ်ကာ ပြန်ပြောလိုက်လေ၏။ “စီနီယာအစ်ကိုခို့…”

အံ့အားသင့်ဖွယ်ကောင်းစွာပင် အခြားတစ်ယောက်မှာ ပိရန်ယုချင်း၏ လက်ထောက်ဖြစ်သော ခို့ဝူ ဖြစ်နေခဲ့လေသည်။ ရန်ကိုင် ငှက်မွေးပြာဂိုဏ်းသို့ စဝင်စဉ်က ခို့ဝူသည် တာအိုသခင် ပထမအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည်။

ခို့ဝူသည်ပင်လျှင် သူနှင့်လျှို့ရှန်းယွင်အား ဖမ်းလာပြီး ပိရန်ယုချင်းဆီသို့ ခေါ်ဆောင်လာခဲ့သူလည်း ဖြစ်ပေသည်။ ပိရန်ယုချင်းနှင့် မတူညီသည်မှာ ခို့ဝူသည် ရန်ကိုင့်အပေါ် အနည်းငယ် ဂရုစိုက်ခဲ့ပေသေးသည်။

“မင်း တာအိုသခင် ပထမအဆင့်ကိုတောင် ရောက်နေပါလား… ငါတကယ်ကို မထင်ထားဘူး…” ခို့ဝူသည် ရန်ကိုင့်အား အထက်အောက် အစုံအဆန် စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် အံ့အားသင့်နေသည့် ဟန်ဖြင့် ပြောလိုက်လေသည်။

သူ ရန်ကိုင့်အား ပထမဦးဆုံးအကြိမ် စတွေ့ခဲ့စဉ်က ရန်ကိုင်သည် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်သာ ရှိပေသေးသည်။ ယခုမူ အချိန်တိုအတွင်း ရန်ကိုင်သည် သူနှင့်အဆင့်တူ ဖြစ်လာခဲ့လေသည်။

အဆင့်နိမ့် ကြယ်စီရင်မှ ကျင့်ကြံသူများမှာ ပါရမီရှိသည်ဟု ပြောကြခြင်းမှာ တကယ်ကို အထူးအဆန်း မဟုတ်တော့ချေ။ စကြားကြားခြင်း မယုံခဲ့သော်ငြား လက်ရှိရန်ကိုင်ကို မြင်ပြီးသည့်နောက် ခို့ဝူ ထိုစကားကို ယုံကြည်သွားတော့လေသည်။

“ဘာမှ ဒီလောက် မဟုတ်ပါဘူး…” ရန်ကိုင်က ပြန်ပြောလိုက်သည်။

“ဒီဘုရင်မ ပိုပြီး အံ့ဩတာက နင် နေမင်းပြာကျောင်းတော်ရဲ့ တပည့် တစ်ယောက် ဖြစ်လာတာပဲ… ကြည့်ရတာ နေမင်းပြာကျောင်းတော်က နင့်အပေါ် တော်တော်လေး ရင်းနှီးထားတယ်နဲ့ တူတယ်” ပိရန်ယုချင်းက ယဲ့ယဲ့လေး ပြုံးရင်း ပြောလိုက်လေသည်။

ရှရှန်းနှင့် ဝူချန်းတို့ တိုက်ခိုက်သည်ကို ကြည့်နေစဉ်အတွင်း ပိရန်ယုချင်းသည် လူအုပ်ကြီးထဲရှိ ရန်ကိုင့်ကို အမှတ်မထင် တွေ့သွားခဲ့လေသည်။ ထို့ကြောင့်ပင်လျှင် ရန်ကိုင့်အား ဤနေရာတွင် တွေ့ဆုံရန် လှမ်းပြောခဲ့ခြင်းဖြစ်သည်။

ရန်ကိုင်သည် နေမင်းပြာကျောင်းတော်မှ ကျင့်ကြံသူများနှင့်အတူ ရှိနေသည့်အတွက် သူသည်လည်း နေမင်းပြာကျောင်းတော်၏ အဖွဲ့သားတစ်ဦး ဖြစ်သွားပြီဟု ထင်ခဲ့သည်။

ထိုသို့သာဆိုလျှင် ရန်ကိုင့်အနေဖြင့် အချိန်တိုအတွင်း တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်လာသည်မှာ အရမ်းကြီးတော့ ထူးဆန်းမနေတော့ပေ။

ငှက်မွေးပြာဂိုဏ်းသည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးပင် မရှိသော ဂိုဏ်းငယ်လေး တစ်ဂိုဏ်း ဖြစ်သည်။ ထိုကဲ့သို့သော ဂိုဏ်းသည် နေမင်းပြာကျောင်းတော်ကဲ့သို့သော အင်အားစုမျိုးနှင့် မည်သို့မျှ မယှဉ်နိုင်ပေ။

“ကာကွယ်သူပိရန် အထင်မှားနေပြီ…” ရန်ကိုင်က ခေါင်းခါလျက် “ကျုပ်က နေမင်းပြာကျောင်းတော်က မဟုတ်ဘူး”

“နင် ငါ့ကို မျက်ကန်း မှတ်နေတာလား” ပိရန်ယုချင်းက ရန်ကိုင့်ကို စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။

ရန်ကိုင်က ပြန်၍ ပြောလိုက်၏။ “ကိစ္စအချို့ရှိလို့ နေမင်းပြာကျောင်းတော်က လူတွေနဲ့အတူ လာခဲ့တာ… ခင်ဗျား ယုံချင်ယုံ မယုံချင်နေ…”

“တကယ်လား…” ပိရန်ယုချင်း ကြောင်သွားခဲ့လေသည်။ သူမ စိတ်ထဲ အတော်လေး အံ့အားသင့်သွားမိခဲ့လေ၏။ သို့သော်ငြား ဤကိစ္စနှင့် ပတ်သက်၍ ရန်ကိုင့်တွင် သူမအား လိမ်ညာရမည့် မည်သည့် အကြောင်းပြချက်မှ ရှိမနေမှန်း သိလိုက်ရသည့်နောက် ထိုအကြောင်းကို ဆက်၍ မေးမနေတော့ပေ။

“ဒါပေမဲ့ ကျုပ်သိချင်တာ တစ်ချက် ရှိသေးတယ်… ကာကွယ်သူပိရန်နဲ့ စီနီယာအစ်ကိုတို့က ဘယ်အင်အားစုကို ကိုယ်စားပြုပြီး ရောက်လာတာလဲ” ရန်ကိုင်က ထိုနှစ်ဦးအား စိုက်ကြည့်ရင်း မေးလိုက်လေသည်။

ခို့ဝူက ပြန်ပြောလိုက်သည်။ “ငှက်မွေးပြာဂိုဏ်းပေါ့…”

“ခင်ဗျားတို့ နှစ်ယောက်စလုံးက ငှက်မွေးပြာဂိုဏ်းထဲမှာ ရှိနေသေးတာလား” ရန်ကိုင်၏ အမူအယာ ပြောင်းလဲ သွားခဲ့လေသည်။

သူ့စိတ်ထဲ ငှက်မွေးပြာဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော ဝူမုန်ချွမ် ချက်ချင်း ပေါ်လာခဲ့လေသည်။ ထိုလူသည် ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်၏ မျိုးဆက်တစ်ဦး ဖြစ်သည်။

သူ့အား အရိုးအကျဉ်းထောင်မှ ရန်ကိုင် လွှတ်ပေးလိုက်စဉ်က ဝူမုန်ချွမ်သည် ငှက်မွေးပြာဂိုဏ်း တစ်ဂိုဏ်းလုံးကို မြေလှန် ပစ်ခဲ့လေသည်။

ထိုစဉ်က ငှက်မွေးပြာဂိုဏ်း၏ ကာကွယ်သူသုံးဦးဖြစ်သော မြောင်ချီ၊ ထုန်ချုံး၊ ကျုကျွင်းရှန်တို့ သုံးဦးစလုံးပင်လျှင် ဝူမုန်ချွမ်၏ ပြိုင်ဘက် မဖြစ်နိုင်ခဲ့ပေ။ သူတို့ သုံးဦးစလုံးသည် နေရာတွင်ပင် ပွဲချင်းပြီး တန်းအသတ်ခံလိုက်ရလေ၏။

ကံကောင်းစွာဖြင့် ထိုစဉ်က ပိရန်ယုချင်းသည် လုပ်စရာတစ်ခု ရှိနေသည့်အတွက်ကြောင့် ဂိုဏ်းအပြင်ဘက်သို့ ရောက်နေခဲ့လေသည်။ ထို့ကြောင့်သာလျှင် သူမအနေဖြင့် ထိုကပ်ဘေးမှ လွတ်မြောက်နိုင်ခဲ့ခြင်း ဖြစ်၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၁၃၇)

ထိုစဉ်က ခို့ဝူသည်လည်း ပိရန်ယုချင်းနောက်သို့ လိုက်သွားခဲ့လေသည်။ ထို့ကြောင့်သာ မဟုတ်လျှင် ထိုစဉ်က ဝူမုန်ချွမ်၏ စိတ်အခြေအနေအရ သူတို့နှစ်ဦးစလုံး အသတ်ခံရ လောက်ပေသည်။

“နင် သတိပြုမိသွားပြီပေါ့…” ပိရန်ယုချင်းက ရုတ်တရက် အံကြိတ်ကာ ပြောလိုက်လေသည်။ “ကောင်စုတ်လေး နင့်ကြောင့်သာ မဟုတ်ရင် ဒီဘုရင်မ အခုလို ဖြစ်သွားရမှာ မဟုတ်ဘူး… အခု ငါ့အသက်က အခြားတစ်ယောက်ရဲ့ လက်ထဲ ရောက်နေပြီ”

ရန်ကိုင်ကမူ မသိချင်ယောင်ဆောင်လျက်သာ ပြန်ပြောလိုက်လေသည်။ “ကာကွယ်သူပိရန် ဘာကို ပြောချင်နေတာလဲ…”

ခို့ဝူက သက်ပြင်းချ၍ “ဂျူနီယာညီလေးရန်… ဂိုဏ်းချုပ်ကို မင်း လွှတ်ပေးလိုက်တာမလား”

ရန်ကိုင့်အနေဖြင့် ငြင်းနေစရာ အကြောင်း မရှိသည့်အတွက် ခေါင်းညိတ်၍သာ ပြန်ပြောလိုက်လေသည်။ “ဟုတ်တယ်…”

ထို့နောက် ဆက်၍ ရှင်းပြလိုက်လေသည်။ “ကျုပ်မှာလည်း ရွေးချယ်စရာမှ မရှိတာ… ကျုပ် အရိုးအကျဉ်းထောင်ထဲမှာ ပိတ်မိနေတုန်းက ကာကွယ်သူပိရန်နဲ့ စီနီယာအစ်ကိုတို့ နှစ်ယောက်လုံး မရှိဘူးလေ…”

“ခွေးတောင် ချောင်ပိတ်ခံရရင် ပြန်ကိုက်သေးတာပဲ… ဒီတော့ ကျုပ်လည်း ဝူမုန်ချွမ်နဲ့ အလဲအလှယ် လုပ်ရတာပေါ့”

ပိရန်ယုချင်းက နှာခေါင်းရှုံ့လျက် “အေး… အဲ့ဒါကြောင့်ပဲ အဲ့ ဂိုဏ်းချုပ် လွတ်လာတာနဲ့ တစ်ဂိုဏ်းလုံးကို အကုန် လိုက်သတ်တော့တာလေ… သူ့ကြောင့် ငှက်မွေးပြာတစ်ဂိုဏ်းလုံး အသုတ်သင်ခံရနီးပဲ… နောက်ဆုံး နည်းနည်းပဲ အသက်ရှင် ကျန်တော့တယ်”

ရန်ကိုင်က ရယ်မောလျက် “ဒီတော့ အဲ့အသက်ရှင်တဲ့ လူတွေထဲမှာ ကာကွယ်သူပိရန်လည်း ပါတယ်မလား…”

“ဒီဘုရင်မလား…” ပိရန်ယုချင်းက အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “ဒီဘုရင်မက ကံကောင်းသွားခဲ့ရုံပဲ… ခို့ဝူနဲ့ ဒီဘုရင်မက တစ်လလောက်ကြာပြီးမှ ဂိုဏ်းကို ပြန်ရောက်လာတာ”

“သူလွတ်သွားတဲ့အကြောင်းကို စစချင်း ငါတို့ မသိသေးဘူး… ဒါပေမဲ့ သိသွားတဲ့ အချိန်မှာတော့ အရမ်းကို နောက်ကျလွန်းသွားပြီ… ဘယ်လိုမှ ပြေးလို့ မလွတ်တော့ဘူး”

“ဒါပေမဲ့ ဂိုဏ်းချုပ်က ငါတို့အသက်ကို မယူခဲ့ဘူး… အကုန်လုံးကို သတ်ရင် အဓိပ္ပာယ်မရှိဘူးလို့ တွေးလို့လားတော့မသိဘူး… ငါတို့ကို အသက်ရှင်လျက် ချမ်းသာပေးခဲ့တယ်”

“ဒါပေမဲ့ အဲ့အတွက်ကြောင့်…” ပြောပြီးသည့်နောက်တွင် အမုန်းတရားတို့ သူမမျက်နှာထက် ထွက်ပေါ်လာခဲ့လေသည်။ “ငါတို့ရဲ့ လွတ်လပ်ခွင့်ကို ဆုံးရှုံး လိုက်ရတယ်လေ… ”

“သူ ငါတို့ ကိုယ်ပေါ်မှာ ချိတ်စည်းတစ်ခု ဖန်တီးလိုက်တယ်… အခုချိန်က စပြီး ငါတို့ နှစ်ယောက်လုံး သူ့အစေခံ ဖြစ်သွားကြပြီ”

“အဲ့လိုကိုး…” အခုမှပဲ ရန်ကိုင် နားလည်သွားတော့လေ၏။

“အေး… အဲ့လို ဖြစ်သွားရတဲ့ အဓိက တရားခံက နင်ပဲ ကောင်စုတ်လေး… ပြော… ငါ့ရင်ထဲက အမုန်းတရားတွေ ပျောက်သွားအောင် ဒီဘုရင်မ နင့်ကို ဘယ်လို အပြစ်ပေးသင့်လဲ” ပိရန်ယုချင်းသည် ရန်ကိုင့်အား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။

ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်၏။ “ကာကွယ်သူပိရန်… ခင်ဗျားတို့ ဝူမုန်ချွမ်နဲ့ အတူရှိလာတာပဲ နှစ်ပေါင်း နည်းတော့တာ မဟုတ်ဘူး… အဲ့တာကို သူဘယ်လိုလူစားလဲ သိမာပေါ့… သူ့လိုလူတစ်ယောက်ကို အမြစ်ပြတ် ရှင်းရင်ရှင်း မရှင်းရင် သွားရန်မစတာ အကောင်းဆုံးပဲ”

“အဲ့တာကို ခင်ဗျားတို့က သူ့ကို အကျဉ်းချထားပြီး နှိပ်တောင် နှိပ်စက်ထားလိုက်သေးတယ်… အခုလို ပြန်ဖြစ်မယ်လို့ ခင်ဗျားတို့ တစ်ခါမှ မစဉ်းစားမိခဲ့ဘူးလား”

ပိရန်ယုချင်းက မျက်မှောင်ကျုံ့၍ ရန်ကိုင့်အား စိုက်ကြည့်ရင်း ပြောလိုက်လေသည်။ “နင် ဘာပြောချင်နေတာလဲ”

ရန်ကိုင်က ပြန်ပြောလိုက်၏။ “ကျုပ်‌ ပြောချင်တာက ကျုပ်မရှိရင်တောင် ဝူမုန်ချွမ်က သူ့ဘာသာသူ လွတ်လာဦးမှာပဲ… ခင်ဗျားတို့ အခုလိုဖြစ်တာ ကျုပ်နဲ့ ဘာမှ မဆိုင်ဘူး…”

“ဘာလို့ လွတ်ရမှာလဲ…” ပိရန်ယုချင်း ဒေါသထွက် သွားခဲ့လေသည်။

ရန်ကိုင်က ပခုံးတွန့်လျက် “ပြီးတော့ အခု ကာကွယ်သူပိရန် အကောင်းအတိုင်း ရှိနေသေးတာပဲ မဟုတ်ဘူးလား… ကာကွယ်သူပိရန် ဝူမုန်ချွမ်ရဲ့ အစေခံ ဖြစ်သွားတယ်ဆိုပေမဲ့ ဝူမုန်ချွမ်ကိုယ်တိုင်ကလည်း အဲ့လူရဲ့ မျိုးဆက်လေ”

“သူ့အနာဂတ်က လုံးဝကို နိမ့်ကျနေမှာ မဟုတ်ဘူး… သူသာ အောင်မြင်လာလို့ ရှိရင် ကာကွယ်သူပိရန်တို့လည်း အသီးအပွင့်ကို ခံစားရမှာ… ဘာလို့ နည်းနည်းလေးတောင် မစောင့်ချင်ရတာလဲ”

ပိရန်ယုချင်းသည် ရန်ကိုင့်အား အေးစက်စက် အမူအယာဖြင့် စိုက်ကြည့်ရင်း နှာခေါင်းရှုံံ့ကာ “နင်ပြောတဲ့ပုံကတော့ ငါကပဲ ကံကောင်းသွားတဲ့ ပုံစံနဲ့… ဘာလဲ ဒီဘုရင်မက နင့်ကို ကျေးဇူးတင်ပေးရဦးမှာလား”

“မလိုပါဘူး…” ရန်ကိုင်က လက်ဝှေ့ယမ်းလိုက်လေ၏။

ပိရန်ယုချင်းက ကူကယ်ရာ မဲ့နေဟန်ဖြင့် “ဘာပဲဖြစ်ဖြစ်… ဖြစ်သွားတာကတော့ ဖြစ်ပြီးသွားပြီ… ငါတို့လည်း ဘာမှ မတတ်နိုင်တော့ဘူး… အခုလို ဖြစ်သွားပြီဆိုမှတော့ ခို့ဝူနဲ့ငါ နှစ်ယောက်စလုံး တစ်လှမ်းချင်းစီပဲ လှမ်းရတော့မှာပေါ့”

ပိရန်ယုချင်း လက်စားချေချင်စိတ် မရှိတော့သည်ကို မြင်သော် ရန်ကိုင့်စိတ်ထဲ အနည်းငယ်တော့ စိတ်သက်သာရာ ရသွားခဲ့လေသည်။

ခို့ဝူက ပြုံးလျက် “ဂိုဏ်းချုပ်က ငါနဲ့ ကာကွယ်သူပိရန်ကို ငှက်မွေးပြာဂိုဏ်းကို ကိုယ်စားပြုပြီး ဥတုလေးမျိုးနယ်မြေထဲကို လာဖို့ အမိန့်ပေးလိုက်တာ… ဒီကို ရောက်တုန်း မင်းကို နေမင်းပြာကျောင်းတော်ဘက်မှာ တွေ့တာနဲ့ လှမ်းပြီး ခေါ်လိုက်တာပဲ”

ငှက်မွေးပြာဂိုဏ်းသည် ဂိုဏ်းငယ်လေးတစ်ဂိုဏ်းသာ ဖြစ်သည်။ သူတို့တွင် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး မရှိသော်ငြား တာအိုသခင် တတိယအဆင့် ပညာရှင် အနည်းငယ်တော့ ရှိပေသည်။ ထို့ကြောင့် ဥတုလေးမျိုးနယ်မြေထဲသို့ ဝင်ခွင့် ၂နေရာ ရကြလေ၏။

ဝူမုန်ချွမ်မှ ဂိုဏ်းတစ်ဂိုဏ်းလုံးအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်ခဲ့သည့် အတွက်ကြောင့် ငှက်မွေးပြာဂိုဏ်းတွင် လူအင်အား နည်းပါးနေခဲ့လေ၏။

ထို့ကြောင့် ပိရန်ယုချင်းနှင့် ခို့ဝူသည်သာ ဂိုဏ်းအား ကိုယ်စားပြုပြီး ဥတုလေးမျိုးနယ်မြေထဲသို့ သွားနိုင်တော့လေသည်။

“ဥတုလေးမျိုးနယ်မြေနဲ့ ပတ်သတ်တဲ့ဟာတွေရော သိလား” ရန်ကိုင်က မျက်ခုံးပင့်လိုက်လေသည်။

“သိတယ်…” ပိရန်ယုချင်းက ခေါင်းညိတ်လိုက်၏။ “နင်ဘာမှ မသိဘူးလို့တော့ ငါ့ကို လာမပြောနဲ့နော်… နင်က နေမင်းပြာအဖွဲ့နဲ့ ရှိနေတာဆိုတော့ ငါတို့ထက်တော့ ပိုသိမှာပေါ့ ဟုတ်တယ်မလား…”

ရန်ကိုင်က မျက်မှောင်ကျုံ့၍ ခဏမျှ စဉ်းစားနေပြီးသည့်နောက်တွင် ပြန်၍ ပြောလိုက်လေသည်။ “နည်းနည်းပါးပါးတော့ သိထားတယ်…”

“ဒါပေမဲ့ ဂိုဏ်းက လျှို့ဝှက်ထားခိုင်းတဲ့ ဟာတွေကိုတော့ ပြောပြလို့မဖြစ်ဘူး”

ပိရန်ယုချင်းက ယဲ့ယဲ့လေးပြုံးလျက် “ငါတို့သာ လျှောက်မပြောရင် ဘယ်သူသိမှာလဲ…”

ရန်ကိုင်က ခေါင်းခါလိုက်လေသည်။ ပိရန်ယုချင်း၏ မျက်နှာ နီမြန်းသွားလေ၏။ နောက်တစ်ခု ဆက်ပြောတော့မည်အပြု ရန်ကိုင်က ပြန်၍ ပြောလိုက်လေ၏။

“အခုတစ်ကြိမ် ဥတုလေးမျိုးနယ်မြေထဲမှာ ကြယ်စည်းတံဆိပ်တွေ ပေါ်လာလိမ့်မယ်… ငါ ဒီလောက်ပဲ ပြောပြလို့ ရမယ်”

“ကြယ်စည်းတံဆိပ်တွေ…” ခို့ဝူသည် ကြယ်စည်းတံဆိပ် ဘာမှန်းမသိသည့်အလား မျက်မှောင်ကျုံ့သွားခဲ့လေ၏။

ပိရန်ယုချင်းကမူ တစ်ခုခုအား ပြန်သတိရသွားခဲ့ပြီး အံ့အားသင့်ဟန်ဖြင့် အော်ပြောလိုက်လေသည်။ “ကြယ်ပျက်ပင်လယ်ထဲကို ဝင်လို့ရတဲ့ သော့တွေကို ပြောတာလား”

“ဟုတ်တယ်…” ရန်ကိုင်က ခေါင်းညိတ်လိုက်၏။

“ကြယ်ပျက်ပင်လယ်…” ယခုမှပဲ ခို့ဝူ အသံထွက်နိုင်တော့လေသည်။

ရန်ကိုင်က ပြုံးလျက် “ခင်ဗျားတို့ နှစ်ယောက်လုံး ကံကောင်းပါစေ… ဥတုလေးမျိုးနယ်မြေထဲမှာ ပြန်တွေ့မယ်ဆိုရင်တော့ ကျုပ်တို့ အချင်းချင်း ပူးပေါင်းလို့ ရရင် ရမှာပေါ့”

ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် နောက်သို့ လှည့်မကြည့်တော့ဘဲ ထွက်သွားလေ၏။

‌ပိရန်ယုချင်းရော ခို့ဝူပါ သူ့မိတ်ဆွေမဟုတ်။ သူပြောပြခဲ့သော အကြောင်းအရာသည် ငှက်မွေးပြာဂိုဏ်းထဲတွင် ရှိစဉ်က ထိုနှစ်ဦးအပေါ် သူတင်ခဲ့သည့် အကြွေးအား ကြေရန် လုံလောက် ပေသည်။

သူ့အနေဖြင့် ထိုနှစ်ဦးအပေါ် ဘာအကြွေးမှ မတင်တော့ချေ။ သူတို့နှစ်ဦးစလုံး တစ်ခုခု ဖြစ်သွားလျှင်ပင် သူနှင့် ဘာမှ မပတ်သတ်တော့။ အကုန်လုံး သူ့လမ်းနှင့်သူ ဖြစ်သွားခဲ့လေပြီ။

သို့သော်ငြား ထိုနှစ်ဦးမှ သူ့အား လာပြဿနာ ရှာဦးမည်ဆိုလျှင်တော့ သူ၏ ရက်စက်မှုကို အပြစ်မတင်သင့်ပေ။ သူတို့နှစ်ဦးစလုံးသည် ဝူမုန်ချွမ်၏ လက်အောက်တွင် ရှိနေသူများ ဖြစ်ကြသည်မဟုတ်ပေလော။

ရန်ကိုင်သည် ထိုကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်၏ မျိုးဆက်ကို တော်တော်လေး လန့်ပေသည်။ အကျဉ်းထောင်ထဲမှ လွတ်လာစဉ်က ဝူမုန်ချွမ်သည် ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်၏ လျှို့ဝှက်ကျင့်စဉ်ဖြစ်သော ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသကို သူ့ဆီသို့ လွှဲအပ်ပေးခဲ့သည်။

ထိုကျင့်စဉ်ကြောင့်ပင်လျှင် ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်သည် ဧကရာဇ်ပညာရှင်များ အကြား နံပတ်တစ် ဖြစ်လာခဲ့ခြင်း ဖြစ်ပေသည်။

ဝူမုန်ချွမ်မှ ထိုကျင့်စဉ်ကို သူ့အား စေတနာဖြင့် ပေးခဲ့သည်ဟု ရန်ကိုင် လုံးဝ မယုံကြည်ပေ။ ဝူမုန်ချွမ်တွင် အခြား အကြောင်းပြချက်တစ်ခု ရှိရပေလိမ့်ဦးမည်။ ဘာအကြောင်းပြချက်ကြောင့် သူ့အား ထိုကျင့်စဉ်ကို လွှဲပေးခဲ့ရသလဲ ဆိုသည်ကိုသာ မသိခြင်း ဖြစ်သည်။

ဝူမုန်ချွမ်၏ လုပ်ရပ်မှာ အလွန်ကိုမှ မသင်္ကာစရာ ကောင်းသည့်အတွက် ရန်ကိုင်သည် ထိုကျင့်စဉ်ကို မကျင့်ကြံခဲ့ပဲ သူ့ကိုယ်ပွားဆီသို့ ပေးခဲ့လေသည်။

ထိုကျင့်စဉ်ကို ကျင့်ကြံပြီးသည့်နောက်တွင် သူ့ကိုယ်ပွား၏ ခွန်အားမှာ သိသိသာသာကို တိုးတက်လာခဲ့လေ၏။ ထိုအခါမှပဲ ထိုကျင့်စဉ် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကိုလည်း ရန်ကိုင် နားလည်သွားခဲ့ရလေသည်။

ကြောက်ခမန်းလိလိ တိုးတက်လာသော သူ့ကိုယ်ပွား၏ ခွန်အားကို မြင်ပြီးသည့်နောက်တွင် ရန်ကိုင်ကိုယ်တိုင်သည်ပင်လျှင် ထိုကျင့်စဉ်ကို ကျင့်ကြံချင်သွားခဲ့သည်။

အတွေးများထဲ နစ်မြောရင်းမှ ရန်ကိုင်သည် မကြာခင်တွင် နေမင်းပြာကျောင်းတော် အဖွဲ့သားများ စုဝေးနေရာဆီသို့ ပြန်ရောက်လာခဲ့လေသည်။

အကုန်လုံးမှာ ငြိမ်သက်စွာ အားပြန်ဖြည့်နေကြလေ၏။ ဤရတုန်း ရခိုက် အချိန်ခဏလေးကို အမိအရ ဖမ်းဆုပ်၍ ဥတုလေးမျိုးနယ်မြေထဲသို့ မဝင်ခင် သူတို့၏ အကောင်းဆုံး အခြေအနေကို ပြင်ဆင်ထားရပေမည်။

ရန်ကိုင် ပြန်ရောက်လာသည့်အခါ ရှောင်ပိုင်ယီသည်သာ မျက်လုံး ပွင့်လာပြီး သူ့အား လှည့်ကြည့်လာခဲ့လေ၏။ သို့သော် ဘာမှတော့ မပြောခဲ့ပေ။

ဤသို့ဖြင့် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့လေ၏။ အချိန်ကြာလာသည်နှင့်အမျှ တောင်ကြားထဲတွင် စုဝေးလာသည့် မိုးမြေစွမ်းအင် သိပ်သည်းဆမှာ တဖြည်းဖြည်းနှင့် မြင့်တက် လာခဲ့လေသည်။

အချိန်တစ်ခုသို့ ရောက်သော် စိတ်ဝိဉာဉ်ချီမြူများပင် ဖြစ်ပေါ်လာခဲ့လေ၏။ အပေါ်စီးမှ ငုံ့ကြည့်မည်ဆိုပါက တောင်ကြားတစ်ခုလုံးကို အဖြူရောင်မြူခိုးများဖြင့် လွှမ်းခြုံထားကြောင်း မြင်တွေ့နိုင်ပေလိမ့်မည်။

ထိုမြူခိုးများမှာ သာမန်မြူခိုးများ မဟုတ်ဘဲ မိုးမြေစွမ်းအင်များ သိပ်သည်းလာရာမှ ဖြစ်ပေါ်လာသည့် မြူခိုးများ ဖြစ်ကြပေသည်။

ယခုဆိုလျှင် ဤနေရာသည် ကျင့်ကြံသူများ ကျင့်ကြံရန်အတွက် အလွန်ကောင်းမွန်သည့် သုခဘုံတစ်ခု ဖြစ်လာခဲ့လေပြီ။ ဤနေရာတွင် ကျင့်ကြံသည့် မည်သူမဆို သူတို့၏ ခွန်အားကို အချိန်တိုအတွင်း မြှင့်တင် နိုင်ပေလိမ့်မည်။

ကံမကောင်းစွာဖြင့် ဤအလွန်တရာကိုမှ သိပ်သည်းလှသော မိုးမြေစွမ်းအင်သည် ဥတုလေးမျိုးနယ်မြေ ပွင့်တော့မည်ဖြစ်ကြောင်း ပြသသည့် အရိပ်လက္ခဏာတစ်ခုသာ ဖြစ်ပေသည်။

ကြယ်ဝိဉာဉ်နန်းတော်ကဲ့သို့သော မဟာအင်အားစုမျိုးပင် ဤကဲ့သို့သော ပတ်ဝန်းကျင် မရှိပေ။

တောင်ကြားထဲ၌ လူစုံပြီး လေးရက်မြောက်နေ့တွင် ထူးဆန်းသည့် အသံတစ်သံကို အကုန်လုံး ကြားလိုက်ကြရသည်။

ချက်ချင်းဆိုသလို မိုးမြေစွမ်းအင်များ တုန်ခါလာပြီး တောင်ကြားထဲတွင် စုဝေးနေသော မြူခိုးများသည် ဗလာကျင်းနေသော တောင်ကြား အလယ်ဗဟိုဆီသို့ အရူးအမူး စီးဝင်သွားကုန်ကြလေသည်။

တစ်ချိန်တည်းတွင် တောင်ကြားထဲ၌ ရှိနေသော ကျင့်ကြံသူအားလုံး မျက်လုံးပွင့်လာခဲ့ကြလေ၏။

“စနေပြီ…” ရှောင်ယုယန်က လေသံတိုးတိုးဖြင့် အော်ပြောလိုက်လေ၏။

တပည့်အားလုံး စိတ်လှုပ်ရှားလာကြပြီး သူတို့၏ အင်္ကျီလက်များကို ခေါက်တင် လိုက်ကြလေသည်။

“ဝင်ပေါက်ပွင့်တော့မယ်…” နေမင်းပြာကျောင်းတော်သားများ စုဝေးနေရာ အရပ်တွင် ကောင်းရွှယ်ထင်းသည် သူမရှေ့ရှိ လူနှစ်ဆယ်ကို ကြည့်ရင်း ပြောလိုက်၏။

“ဒီအကြီးအကဲ မျှော်လင့်တာကတော့ အထဲရောက်လို့ရှိရင် နင်တို့အားလုံး အတူတူ ပူးပေါင်းပြီး လှုပ်ရှားဆောင်ရွက်ဖို့ပဲ… ဒါပေမဲ့ ကိုယ့်ဘာသာ တစ်ကိုယ်တည်း သွားချင်တယ်ဆိုရင်တော့ ငါပြောတာကို မေ့ထားလိုက်ပေါ့”

ပြောပြီးသည့်နောက်တွင် ကောင်းရွှယ်ထင်းက ဆက်၍ ပြောလိုက်လေ၏။ “နင်တို့အားလုံး လုံလုံခြုံခြုံနဲ့ ပြန်လာနိုင်ပါစေလို့ ငါဆုတောင်းပေးလိုက်ပါတယ်…”

ရှရှန်းက ပြုံးဖြီးဖြီးဖြင့် ပြောလိုက်လေ၏။ “စိတ်မပူနဲ့ အကြီးအကဲကောင်း… ဒီတပည့် အကုန်လုံးကို စောင့်ရှောက်ထားလိုက်မယ်…”

ကောင်းရွှယ်ထင်းသည် ခေါင်းသာညိတ်လိုက်ပြီး ဘာမှ ဆက်မပြောတော့ချေ။ ထို့နောက် မိုးမြေစွမ်းအင်များ စုဝေးနေသည့် ဘက်ဆီသို့ လှမ်းကြည့်လိုက်လေ၏။

ရုတ်တရက် တောင်ကြားအလယ်သို့ စုဝေးသွားနေကြသော မိုးမြေစွမ်းအင် အားလုံးသည် တွင်းနက်တစ်ခုထဲသို့ ရောက်ရှိသွားသည့်အလား ရုတ်ချည်း ပျောက်ကွယ်သွားကုန်ကြလေသည်။

တစ်ချိန်တည်းတွင် တောင်ကြားအလယ်ဗဟိုရှိ ဟင်းလင်းပြင်မှာ စတင်၍ မတည်မငြိမ် ဖြစ်လာခဲ့လေသည်။ ပိုမိုများပြားသော မိုးမြေစွမ်းအင်များ စီးဝင်လာသည်နှင့်အမျှ ဟင်းလင်းပြင်မှာလည်း ပိုပို၍ မတည်မငြိမ် ဖြစ်လာနေခဲ့လေ၏။

တစ်ခုသော အချိန်သို့ အရောက်တွင် ဟင်းလင်းပြင်ထဲ အပေါက်တစ်ပေါက် ဖြစ်ပေါ်လာခဲ့လေသည်။ မိုးမြေစွမ်းအင်များ စီးဝင်နေသည်နှင့်အမျှ ထိုအပေါက်မှာ တဖြည်းဖြည်း ကျယ်လာနေခဲ့လေ၏။

နာရီဝက် ကြာပြီးသည့်နောက်တွင် တောင်ကြားထဲရှိ မိုးမြေစွမ်းအင်အားလုံး ထိုအပေါက်ထဲသို့ စီးဝင်ပြီးသွား ကုန်ကြလေ၏။ တောင်ကြားတစ်ခုလုံး မိုးမြေစွမ်းအင်များ ကင်းမဲ့သွားပြီး ယခင်က ကဲ့သို့ ခြောက်သွေ့သည့် အခြေအနေသို့ ပြန်လည် ရောက်ရှိ သွားခဲ့လေသည်။

ဟင်းလင်းပြင်ထဲ ပွင့်နေသည့် အပေါက်မှာလည်း ယခင်ထက် အဆပေါင်းများစွာ ပိုမို ကြီးမားလာကာ ဆယ်ပေမက ရှည်လျားပြီး ငါးပေအမြင့်ထိပင် ရှိလာခဲ့လေသည်။

“ဝင်ပေါက်ပွင့်သွားပြီ…” တစ်ယောက်ယောက်က ထအော်လိုက်သည်။

“သွားကြရအောင်…” မည်သူမျှ မစောင့်နိုင်ကြတော့ပေ။ သူတို့၏ လှုပ်ရှားမှု ပညာရပ် အသီးသီးကို သုံးကာ သူ့ထက်ငါအလျင် ဝင်ပေါက်ထဲသို့ ပြေးဝင်ကုန်ကြလေ၏။

အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးသည် လျှို့ဝှက်ပညာရပ်တစ်ခု ထုတ်သုံး၍ အလင်းတန်းအသွင်သို့ ပြောင်းကာ ဝင်ပေါက်ဆီသို့ လျင်မြန်စွာ ပြေးဝင်သွားကြလေသည်။

သူတို့စိတ်ထဲ အခြားသူများထက် အရင် ရောက်လျင် အကျိုးအမြတ်များ ပိုများများရမည်ဟု ထင်နေကြသည့် ပုံပင်။ သူတို့ မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာသည်မှာ သနားစရာပင်။

ဂိုဏ်းကြီးများမှ ဧကရာဇ်အဆင့် ပညာရှင်များသည် သူတို့အား ဝင်တားမည့်ပုံမပြဘဲ အေးစက်စက် အမူအယာဖြင့်သာ စောင့်ကြည့်နေကြလေသည်။

“ဟူး…” ကောင်းရွှယ်ထင်းက သက်ပြင်းချလိုက်လေ၏။ “လူတွေ… လူတွေ… တကယ်ကို မစောင့်နိုင်ကြပါလား” သူမအသံ ဆုံးသွားချိန်မှာပင်လျှင် ဟင်းလင်းပြင်ဆီမှ အော်ဟစ်သံနှစ်သံ ထွက်ပေါ်လာခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၁၃၈)

အားလုံးထက်ဦးအောင် ရှေ့ဆုံးမှ ပြေးဝင်သွားသော အမျိုးသားနှင့် အမျိုးသမီး ကျင့်ကြံသူသည် ဥတုလေးမျိုးနယ်မြေ၏ ဝင်ပေါက်ကို ကာကွယ်ထားသော မမြင်နိုင်သည့် အကာအရံအား သွားဝင်ဆောင့်မိလေသည်။

ထိုအကာအရံသည် ကာကွယ်ထားရုံ သက်သက်သာလျှင် မဟုတ်ဘဲ အဖျက်စွမ်းအားကိုလည်း ပိုင်ဆိုင်ထားသေး၏။ အကာအရံမှ တန်ပြန်ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားကြောင့် ထိုကျင့်ကြံသူနှစ်ဦးစလုံး တစ်စစီ ပေါက်ကွဲ ထွက်သွားကုန်ကြရလေသည်။

“ဘာတွေ ဖြစ်သွားတာလဲ…”

ထိုအချင်းအရာကို မြင်ပြီးသည့်နောက်တွင် အောက်ဘက်၌ ရှိနေသည့် ကျင့်ကြံသူများ ထိတ်လန့် တုန်လှုပ်သွားကုန်ကြလေ၏။

“ဥတုလေးမျိုးနယ်မြေထဲကို ဝင်ဖို့သာ ဒီလောက်ခက်နေမယ်ဆိုရင်တော့ ငါတို့ အားလုံးသွားပြီ… တော်တော်များများ ဝင်နိုင်ကြတော့မှာ မဟုတ်တော့ဘူး”

သို့သော်ငြား တာအိုသခင်အဆင့် ကျင့်ကြံသူ တော်တော်များများမှာတော့ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေကြပေသေးသည်။

ထိုမြင်ကွင်းကို မြင်သော် ရန်ကိုင် သက်ပြင်းသာ ချလိုက်လေ၏။ ထိုနှစ်ဦး၏ လုပ်ရပ်မှာ အတော်လေးကိုမှ မဆင်မခြင် နိုင်လွန်းပေသည်။ ဥတုလေးမျိုးနယ်မြေထဲသို့ ဝင်လိုသည်ဆိုပါက မည်သို့မျှ တိုးဝင်၍ မရချေ။

ကျင့်ကြံခြင်း မည်မျှပင် မြင့်မားနေစေကာမူ ဤကဲ့သို့ ပြေးဝင်သွားမည်ဆိုပါက ထိုလူနှစ်ဦးကဲ့သို့သာ အဆုံးသတ်ရပေလိမ့်မည်။

ကျောက်စိမ်းပြားထဲတွင် ဖော်ပြထားသလောက် ဥတုလေးမျိုးနယ်မြေထဲသို့ ဝင်ချင်သည်ဆိုပါက ဆန်းကြယ်သည့် စွမ်းအားတစ်ရပ်ကို စောင့်ရပေလိမ့်မည်။

ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်လည်း ဥတုလေးမျိုးနယ်မြေ ပွင့်လာချင်းချင်း အထဲသို့ ပြေးမဝင်သွားခဲ့ခြင်း ဖြစ်သည်။

ခဏအကြာတွင် ထွင်းဖောက်မြင်နိုင်သော စွမ်းအင်လုံးတစ်လုံး အက်ကြောင်းထဲမှ ထွက်ပေါ်လာခဲ့လေသည်။ ထိုစွမ်းအင်ဘောလုံးသည် ရေပူပေါင်းကဲ့သို့ လေထဲတွင် ဝဲနေလေ၏။

ထိုစွမ်းအင်လုံး ပေါ်လာသည်နှင့် တပြိုင်နက် ကြယ်ဝိဉာဉ်နန်းတော်၏ တပည့်များ ချက်ချင်း လှုပ်ရှားကြလေတော့သည်။

တပည့်လေးဆယ်အနက် ဆယ်ယောက်သည် ပူပေါင်းထဲသို့ အရင်ဆုံး ပြေးဝင်သွားကြသည်။ ပူပေါင်းမှာ ချိုင့်ဝင်သွားသောငြား ပေါက်ကွဲထွက်သွားခြင်း မရှိပေ။

ပူပေါင်းထဲရှိ နေရာ အကျယ်အဝန်းမှာလည်း လူဆယ်ယောက်စာလောက်သာ ကာပေသည်။ ဆယ်ယောက်စလုံး ဝင်လာပြီးသည့်နောက် ပူပေါင်းထဲ နေရာလပ် မကျန်အောင်ကို ဖြစ်သွားခဲ့လေ၏။

ထို့နောက်တွင် ပူပေါင်းသည် ဝင်ပေါက်ထဲသို့ တဖြည်းဖြည်း ပျံသန်း ဝင်သွားလေသည်။ ဤသို့ဖြင့် ကြယ်ဝိဉာဉ်နန်းတော်မှ လူဆယ်ဦး ဥတုလေးမျိုးနယ်မြေထဲသို့ ရောက်သွားခဲ့ကြလေ၏။

ဥတုလေးမျိုးနယ်မြေထဲသို့ ဝင်ရန် ပထမဦးဆုံးအကြိမ် ရောက်လာကြသည့် ကျင့်ကြံသူများမှာမူ ထိုမြင်ကွင်းကို မြင်ပြီးမှသာ ဘာတွေ ဖြစ်နေမှန်း နားလည် သွားခဲ့ကြလေသည်။

ဥတုလေးမျိုးနယ်မြေထဲသို့ ဝင်ရန်အတွက် ပူပေါင်းကို မရှိမဖြစ် လိုအပ်ပေ၏။

နောက်ထပ် ပူပေါင်းတစ်လုံး ထပ်မံ ထွက်ပေါ် လာခဲ့ပြန်သည်။ ထပ်မံ၍ ကြယ်ဝိဉာဉ်နန်းတော်မှ တပည့်ဆယ်ဦး ပူပေါင်းထဲသို့ ဝင်သွားကြလေ၏။

ထိုကဲ့သို့ လေးကြိမ်တိုင်တိုင် ဖြစ်လာပြီးသည့်နောက်တွင် ကြယ်ဝိဉာဉ်နန်းတော်မှ တပည့်အားလုံး ဥတုလေးမျိုးနယ်မြေထဲသို့ ရောက်သွားကုန်ကြလေသည်။

ကြယ်ဝိဉာဉ်နန်းတော်သည် တောင်ဘက်နယ်မြေတစ်ခုလုံး၏ အရှင်သခင် ဖြစ်သည့်အတွက် ဥတုလေးမျိုးနယ်မြေထဲသို့ သူတို့ ပထမဦးဆုံး ဝင်သည်မှာ အထူးအဆန်းတော့ မဟုတ်ချေ။

သို့သော်ငြား မည်သူက ဒုတိယဝင်မလဲ ဆိုသည်မှာတော့ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့လေသည်။

သို့သော်ငြား ကြိုတင် ဆွေးနွေးထားချက်အရ ကောင်းကင်တိုက်ပွဲဒိုဂျိုမှ တပည့် အယောက်နှစ်ဆယ်သည် ဒုတိယနေရာမှ လိုက်၍ ဝင်ခွင့်ရခဲ့ပေသည်။

သူတို့အယောက်နှစ်ဆယ်စလုံး ဝင်သွားပြီးသည့်နောက်တွင် နေမင်းပြာကျောင်းတော်မှ တပည့်များအလှည့်သို့ ရောက်လာခဲ့လေ၏။

တစ်ကြိမ်လျှင် လူဆယ်ဦးသာ ဝင်နိုင်သည့် အတွက်ကြောင့် အသုတ်နှစ်သုတ်ခွဲ၍ ဝင်ကြလေသည်။

ရှရှန်းသည် ပထမဦးဆုံးအသုတ်ကို ဦးဆောင်လေ၏။ အဖွဲ့ထဲမှ လူကိုးဦးကို ရွေးခေါ်သွားပြီးသည့်နောက်တွင် ပူပေါင်းထဲသို့ ဝင်သွားကြလေသည်။ ကျန်ရှိနေသည့် လူကိုးဦးထဲ ရန်ကိုင် ကျန်ရစ်ခဲ့လေသည်။

ပူပေါင်းမှာ အတော်လေးကိုမှ အံ့ဩစရာ ကောင်းလှပေသည်။ ရန်ကိုင် ပူပေါင်းထဲသို့ ဝင်သည့်အခါ မည်သည့် အတားအဆီးကိုမှ မခံစားရ။

အထဲသို့ ရောက်သည့်အခါ ရေထဲသို့ ရောက်သွားသလိုသာ ခံစားရပေသည်။ သို့သော်ငြား မွန်းကြပ်သည့် ခံစားချက်ကိုမူ မည့်သို့မျှ မခံစားရပေ။

ပူပေါင်းထဲတွင် ရှိနေစဉ်အတောအတွင်း အက်ကြောင်းကို ဖြတ်သွားရသည်မှာလည်း အလွန်ကိုမှ သက်တောင့်သက်သာ ဖြစ်လှသည်။

မျက်လုံး ပြန်ပွင့်လာသည့်အခါ အခြားတစ်နေရာသို့ ရောက်နေကြောင်း တွေ့ရှိလိုက်ရလေသည်။

သူတို့ရှေ့တွင်မူ ပန်းတစ်ပွင့် ရှိနေခဲ့လေ၏။ လူဆယ်ဦးစလုံးမှာတော့ ပူပေါင်းထဲတွင်သာ ရှိနေကြသေးသည်။

ပူပေါင်း ပေါက်ကွဲထွက်သွားသည့်အခါ ဆယ်ဦးစလုံး အရင်းအမြစ်ချီကို အသီးသီးလှည့်ပတ်၍ လေထဲဝဲနေ လိုက်ကြလေသည်။

ကျောက်စိမ်းပြားထဲ ဖော်ပြထားသည့် အကြောင်းအရာများအရ ပူပေါင်းနှင့်တကွ ဥတုလေးမျိုးနယ်မြေထဲသို့ ဝင်ရောက်လာသည့် ကျင့်ကြံသူ အသုတ်တိုင်းသည် တစ်နေရာထဲသို့သာ ရောက်သွားကြပေသည်။

သူတို့ မည်သည့်နေရာသို့ ရောက်မလဲ ဆိုသည်ကိုမူ မည်သူမျှ မပြောနိုင်ကြပေ။

လက်ရှိတွင် ဆယ်ဦးစလုံးမှာ ဘေးပတ်ဝန်းကျင်အား လှည့်ပတ်စူးစမ်းနေကြလေ၏။ သူတို့ဆယ်ဦးမှအပ အနီးအနားဝန်းကျင်၌ အခြား မည်သည့်ကျင့်ကြံသူမျှ ရှိမနေခဲ့ချေ။

နေမင်းပြာကျောင်းတော်၏ ဒုတိယအသုတ်ကို ရှောင်ပိုင်ယီမှ ဦးဆောင်၏။ ရှောင်ပိုင်ယီသည် ဂိုဏ်းတွင်းပြိုင်ပွဲတွင် ဒုတိယရသူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ယခုကဲ့သို့ ဦးဆောင်သည်မှာ သဘာဝသာ ဖြစ်သည်။

ပူပေါင်း ပေါက်ကွဲသွားသည်နှင့် တစ်ပြိုင်နက် ရှောင်ပိုင်ယီသည် ရှရှန်းနှင့် ဆက်သွယ်ချင်သည့်အလား ဆက်သွယ်ရေး မှော်ရတနာကို ထုတ်ယူလိုက်လေသည်။

ထို့နောက် ကောင်းကင်စိတ်အာရုံ ထည့်သွင်း၍ ဆက်သွယ်ကြည့်လိုက်ပါသော်ငြား တစ်ခဏ ကြာသည့်တိုင်အောင် မည်သည့် ပြန်စာမှ ရောက်မလာခဲ့ချေ။ ထို့ကြောင့် ရှောင်ပိုင်ယီလည်း ဆက်သွယ်ရေး မှော်ရတနာကို ပြန်သိမ်း ထားလိုက်ရလေ၏။

“ဒီနေရာက ဂိမာန်နယ်မြေ ဖြစ်လောက်တယ်…” ပတ်ဝန်းကျင်အား လှည့်ပတ်စူးစမ်းနေသော မုရုန်ရှောင်ရှောင်က ရုတ်တရက် ပြောလိုက်လေ၏။

သူတို့ရောက်လာသည့် နေရာသည် နေခြစ်ခြစ်တောက် ပူနေ၏။ လေထုထဲတွင်လည်း မီးဓာတ်စွမ်းအင်များ ကိန်းအောင်းနေခဲ့လေသည်။

မြေပြင်တစ်ခုလုံးမှာ ခြောက်သွေ့အက်ကွဲနေပြီး ဘေးပတ်ဝန်းကျင်တစ်ခုလုံးတွင်လည်း အပင် အနည်းငယ်သာ ပေါက်နေ၏။ ဤနေရာသည် ဂိမာန်နယ်မြေမှလွဲ၍ အခြားမဟုတ်ပေ။

“ဟုတ်လောက်တယ်…” ရှောင်ပိုင်ယီက ခေါင်းညိတ်ပြလိုက်၏။ တစ်ခုခု ပြောတော့မည်အပြု သူ့အမူအယာ လေးနက်သွားခဲ့ပြီး ချက်ချင်းပဲ အခြားတစ်ဖက်သို့ လှည့်ကြည့်လိုက်လေသည်။

တစ်ချိန်တည်းတွင် ရန်ကိုင်လည်း မျက်နှာပျက်သွားခဲ့ပြီး လေသံတိုးတိုးဖြင့် အော်ပြောလိုက်လေ၏။ “တစ်ခုခု လာနေတယ်…”

ရှောင်ပိုင်ယီသည် ရန်ကိုင့်အား အံ့ဩတကြီး လှမ်းကြည့်လိုက်လေသည်။

“နင် ဘာပြောချင်တာလဲ” မုရုန်ရှောင်ရှောင်က မေးခွန်းထုတ်လိုက်သည်။

ရန်ကိုင် ရှင်းပြနေစရာပင် မလိုတော့။ သူမအသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ဧရာမအရာကြီးတစ်ခုခု သူတို့ဆီသို့ ပြေးဝင်လာနေသည့်အလား တဒုန်းဒုန်း မြည်သံနှင့်အတူ မြေပြင်တစ်ခုလုံး တုန်ခါလာခဲ့လေသည်။

ထိုအဖြစ်အပျက်ကြောင့် အကုန်လုံး ထိတ်လန့်တုန်လှုပ် သွားခဲ့ပြီး အချိန်မီ တုံ့ပြန်နိုင်ရန်အတွက် သူတို့၏ အရင်းအမြစ်ချီကို လှည့်ပတ် ထားလိုက်ကြသည်။

မြေပြင်တုန်ခါသံမှာ ပိုပို၍ ကျယ်လောင်လာသလို မြေပြင်မှာလည်း ပို၍ ပြင်းပြင်းထန်ထန် လှုပ်ခါလာခဲ့လေသည်။

ရန်ကိုင် ပြောလိုက်ပြီး အသက်ဆယ်ရှိုက်စာပင် မကြာသေးခင်မှာပဲ အလင်းတန်းများစွာ သူတို့ရှေ့၌ ရုတ်တရက် ပေါ်လာကြလေ၏။

ဦးဆောင်လာသည့်လူမှာ အနီရောင်နှင့် အဖြူရောင်အလင်းကို ထုတ်လွှတ်နေခဲ့လေ၏။ ထိုလူသည် အကုန်လုံး ရင်းနှီးနေသည့် လူတစ်ဦးဖြစ်သည်။

“ဝူချန်း…” ရှောင်ပိုင်ယီ မျက်နှာပျက်သွားခဲ့သည်။

ဥတုလေးမျိုးနယ်မြေသို့ ရောက်ရောက်ချင်း ကောင်းကင်တိုက်ပွဲဒိုဂျို၏ မိစ္ဆာကြယ်ဖြစ်သော ဝူချန်းကို အရင်ဆုံး လာတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဝူချန်းနှင့် ရှရှန်းကြား တိုက်ပွဲကို မြင်တွေ့ခဲ့ပြီးပြီ ဖြစ်သည့်အတွက်ကြောင့် ဝူချန်းမည်မျှ အားကောင်းသလဲ ဆိုသည်ကို သူသိပေသည်။

ဝူချန်းတစ်ယောက်ထဲကိုသာ လာတိုးလျှင်တော့ ပြဿနာမရှိသေး။ သို့သော်ငြား ယခုအချိန်တွင် ဝူချန်းနှင့်အတူ ကောင်းကင်တိုက်ပွဲဒိုဂျိုမှ လက်ရွေးစင်များပါ ပါလာခဲ့ပေသည်။ ထို့ကြောင့် ရှောင်ပိုင်ယီ စိတ်ညစ်သွားခဲ့ခြင်း ဖြစ်သည်။

ဝူချန်းနှင့် ရှရှန်းမှာ ပြဿနာတက်သွားသည့် အတွက်ကြောင့် နေမင်းပြာကျောင်းတော်သည် ဝူချန်း၏ ရန်ဘက် ဖြစ်သည်ဟု ပြော၍ ရပေသည်။

ဝူချန်းသာ သူတို့အဖွဲ့သားများကို သတ်ပစ်မည်ဆိုပါက ရှောင်ပိုင်ယီအနေဖြင့် သူ့အား တားနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် အံကြိတ်၍သာ အော်ဆဲနိုင်တော့လေသည်။

ထိုစဉ် ရန်ကိုင့်၏ အမူအယာ ပြောင်းလဲသွားပြီး ထအော်လေသည်။ “သူတို့ ငါတို့ဆီကို လာနေတာ မဟုတ်ဘူး… တစ်ခုခုဆီကနေ ထွက်ပြေးနေတာ”

“ဝူချန်း ထွက်ပြေးနေတာ…” အဖွဲ့ထဲရှိ အမျိုးသား ကျင့်ကြံသူတစ်ဦး၏ အမူအယာ ရုတ်ချည်း ပြောင်းလဲ သွားခဲ့လေသည်။

ဝူချန်းသည် တာအိုသခင် တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သလို လူငယ်မျိုးဆက်ထဲတွင် ပြိုင်ဘက်ကင်းပါရမီရှင် တစ်ဦးလည်း ဖြစ်ပေသည်။

သူကဲ့သို့သော တိုက်ပွဲဆာလောင်သူတစ်ဦးအား ဤကဲ့သို့ ထွက်ပြေးအောင် လုပ်နိုင်သည်ကို ကြည့်လျှင် သူတို့နောက်သို့ လိုက်နေသည့်အရာမှာ ဧကရာဇ်အဆင့် တည်ရှိမှုမျိုးသာ ဖြစ်ရပေလိမ့်မည်။

ဥတုလေးမျိုးနယ်မြေထဲတွင် ထိုကဲ့သို့သော တည်ရှိမှုပေါင်း များစွာ ရှိပေသည်။ လွန်ခဲ့သော နှစ်များအတွင်း ဥတုလေးမျိုးနယ်မြေထဲသို့ ဝင်လာသူများစွာသည် ထိုကဲ့သို့သော အားကောင်းလှသည့် သက်ရှိများကြောင့် သေသွားခဲ့ရခြင်း ဖြစ်သည်။

စကားပြောနေရင်းမှပင် ဝူချန်းနှင့် အခြားသူများနောက်သို့ လိုက်နေသည့်အရာကို အကုန်လုံး မြင်လာရလေ၏။

ဝူချန်းတို့နောက်တွင် ဆယ်မီတာအရှည်ရှိပြီး မီးတောက်များဖြင့် လွှမ်းခြုံကာ အနီရောင်မျက်လုံးများကို ပိုင်ဆိုင်ထားသော မွန်းစတားသားရဲတစ်ကောင် လိုက်လာနေခဲ့လေသည်။

“မီးတောက်သားရဲ…” ထိုမွန်းစတားသားရဲကို မြင်လိုက်သည်နှင့် ရှောင်ပိုင်ယီ၏ မျက်နှာ သွေးဆုတ်ဖြူလျော် သွားခဲ့လေ၏။

“ဒါက မီးတောက်သားရဲရဲ့ ပိုင်နက်လား” နေမင်းပြာကျောင်းတော်၏ ကျောက်စိမ်းပြားထဲတွင် ဂိမာန်နယ်မြေရှိ မီးတောက်သားရဲများ အကြောင်းကိုလည်း ဖော်ပြထားပေသည်။

ထိုမီးတောက်သားရဲများသည် ဧကရာဇ်အဆင့် ပညာရှင်များနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သော အဆင့် ၁၂ မွန်းစတားသားရဲများ ဖြစ်ကြသည်။ မီးတောက်သားရဲများ တည်ရှိနေသည့် နေရာကိုလည်း ကျောက်စိမ်းပြားထဲတွင် တားမြစ်နယ်မြေအဖြစ် ဖော်ပြထားသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ဥတုလေးမျိုးနယ်မြေထဲသို့ ရောက်ရောက်ချင်း သူတို့ ပထမဦးဆုံး ရောက်လာသည့်နေရာသည် မီးတောက်သားရဲများ၏ ပိုင်နက် ဖြစ်နေခဲ့လေ၏။

သို့သော်ငြား ကြည့်ရသလောက် ဝူချန်းနှင့် အခြားသူများသည်လည်း သူတို့ကဲ့သို့ ကံဆိုးသည့်ပုံပင်။

“ဝေါင်း…”

ဝူချန်းနှင့် အခြားသူများနောက် လိုက်ဖမ်းနေသော မီးတောက်သားရဲမှာ သူတို့အား လိုက်မဖမ်းနိုင်သည်ကို မြင်သော် ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

ထိုအော်သံနှင့်အတူ ၎င်း၏ ပါးစပ်ထဲ မီးနီရောင်အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့လေ၏။ ထိုအလင်းတန်းသည် ဟင်းလင်းပြင်ကို ထိုးဖောက်၍ ရှေ့တည့်တည့်သို့ အလွန်တရာ မြန်ဆန်သည့်နှုန်းဖြင့် ပျံထွက်သွားလေ၏။

ဝူချန်းမှာလည်း အလွန်ကိုမှ တုံ့ပြန်မှုကောင်းပေသည်။ သူ့နောက်ဖက်ရှိ သေခြင်းတရား အရှိန်အဝါကို ခံစားမိလိုက်သော် ချက်ချင်း အပေါ်သို့ ပျံတက်ပြေးလေ၏။

ထို့အတွက်ကြောင့် ဝူချန်းမှာ ထိုမီးတောက်သားရဲ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းသွားနိုင်ခဲ့လေသည်။ သို့ရာတွင် အခြားသူများမှာတော့ သူ့ကဲ့သို့ ကံမကောင်းခဲ့ပေ။

ကောင်းကင်တိုက်ပွဲဒိုဂျိုမှ တပည့်တစ်ဦးသည် ထိုအလင်းတန်းကို မရှောင်တိမ်းနိုင်ခဲ့ပဲ နေရာတွင်ပင် ပြာပုံဘဝရောက်အောင် လောင်ကျွမ်းပစ်ခံလိုက်ရလေ၏။ သူ့အနေဖြင့် အော်ပင် မအော်လိုက်နိုင်ခဲ့ပေ။

အခြားသော တပည့်တစ်ဦးမှာမူ ထိုအလင်းတန်း၏ ဖြတ်ပွတ်ခြင်း ခံလိုက်ရကာ အသားများ လောင်ကျွမ်းကုန်ရလေသည်။

“မြန်မြန်…” ရန်ကိုင်သည် ဦးဆောင်၍ သူ၏ တာအိုအဆင့်မြင့် သင်္ဘောကို ထုတ်ယူလိုက်သည်။ သင်္ဘောပေါ်သို့ တက်ပြီးနောက် အရင်းအမြစ်ချီကို ထည့်သွင်းကာ ဆန့်ကျင်ဘက်အရပ်ဆီသို့ လျှပ်စီးတမျှ အမြန်နှုန်းဖြင့် ထွက်ပြေးတော့လေ၏။

မီးတောက်သားရဲကို ငေးကြောင်ကြည့်နေသော လက်ကျန်တပည့် ကိုးဦးမှာလည်း ထိုအခါမှသာ အသိပြန်ဝင်လာကြပြီး သူတို့၏ ပို့ဆောင်ရေးမှော်ရတနာ အသီးသီးကို ထုတ်သုံးကာ အဘက်ဘက်သို့ ထွက်ပြေးကုန်ကြလေသည်။

မီးတောက်သားရဲကို မြင်လိုက်သည်နှင့် တပြိုင်နက် ရန်ကိုင်နှင့် ကျန်တပည့် ကိုးဦးစလုံး ချက်ချင်း ထွက်ပြေးကြတော့လေ၏။ နည်းနည်းလေးမှပင် ပြန်တိုက်ရန် မကြိုးစားခဲ့။

သူတို့အားလုံး၏ လက်ရှိခွန်အားဖြင့် မီးတောက်သားရဲကို ပြန်တိုက်ရန် ကြိုးစားခြင်းသည် ကိုယ့်သေတွင်းကိုယ် တူးခြင်းသာ ဖြစ်ပေသည်။

ကောင်းကင်တိုက်ပွဲဒိုဂျိုမှ လူကိုးဦးမှာလည်း အသည်းအသန် ထွက်ပြေးနေခဲ့ကြသည်။ သို့သော်ငြား သူတို့အားလုံးမှာ အတော်လေး အကင်းပါးကြပေသည်။

ယခင်ကကဲ့သို့ အစုလိုက်အပြုံလိုက် ထွက်ပြေးမနေတော့ဘဲ ချက်ချင်း လူချင်းခွဲကာ ထွက်ပြေး ကုန်ကြလေ၏။

မီးတောက်သားရဲသည် သူ့ပိုင်နက်ထဲသို့ ကျူးကျော်လာသည့် လူများနောက်သို့ လိုက်ဖမ်းမည်ဖြစ်သော်လည်း သူ့အနေဖြင့် ဘက်ပေါင်းစုံသို့ ထွက်ပြေးနေသော လူအားလုံးနောက်သို့ လိုက်နိုင်လိမ့်မည် မဟုတ်ပေ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၁၃၉)

“ဝူချန်း… မင်း အသေဆိုးနဲ့ သေရမဲ့ကောင်…” သူတို့ဘက်သို့ ထွက်ပြေးလာနေသည့် လူများထဲ ဝူချန်းကို မြင်သော် ရှောင်ပိုင်ယီက ဒေါသတကြီး အော်ဟစ်ကျိန်ဆဲတော့လေသည်။

ထိုအချိန် အတောအတွင်း ရှောင်ပိုင်ယီနှင့် အခြားသူများ နောက်သို့ လိုက်နေသော မီးတောက်သားရဲမှာ ကျယ်လောင်စွာ အော်ဟစ် ဟိန်းဟောက်လိုက်လေ၏။

ဝူချန်းကမူ ဘာမှ ပြန်မပြောပဲ ရှောင်ပိုင်ယီကိုသာ လှောင်ပြောင်လိုဟန်ဖြင့် ပြန်စိုက်ကြည့်လိုက်လေသည်။ ထို့နောက် အလွန်လျင်မြန်သည့်နှုန်းဖြင့် ထွက်ပြေးတော့လေ၏။

“ဝေါင်း…”

နားပင်းမတတ် ကျယ်လောင်သည့် အော်ဟစ်သံ နောက်တစ်ကြိမ် ထပ်မံ ထွက်ပေါ်လာပြန်သည်။

ထိုအော်ဟစ်သံနှင့်အတူ ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားကို ပိုင်ဆိုင်ထားသည့် မီးတောက်ရောင်ခြည်တန်းပါ ထပ်မံ ထွက်ပေါ်လာခဲ့လေ၏။

ကံကောင်းစွာဖြင့် မီးတောက်သားရဲမှာ ထိုမီးတောက် ရောင်ခြည်တန်းအား အသုံးပြုသည်ကို အကုန်လုံးမှာ မြင်ခဲ့ဖူးသား ဖြစ်သဖြင့် အော်ဟစ်သံကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်း ဦးတည်ချက်ပြောင်းကာ အလျင်စလို ရှောင်တိမ်းလိုက်ကြ လေသည်။

“ခွဲပြေးကြပေတော့… ငါတို့ သေမယ်ရှင်မယ်ဆိုတာ ကံပေါ်ပဲ မူတည်သွားပြီ…” ရှောင်ပိုင်ယီက အော်ပြောလိုက် လေသည်။ တစ်ချိန်တည်းတွင် ထွက်ပြေးနေရာမှ နောက်သို့ ပြန်လှည့်၍ မီးတောက်သားရဲအား တိုက်ခိုက်လိုက်လေ၏။

ရှောင်ပိုင်ယီသည် အခြားသူများ ထွက်ပြေးနိုင်စေရန် အတွက် အချိန်ဆွဲပေးထားခြင်း ဖြစ်ပေသည်။ ခေါင်းဆောင်တစ်ဦး ဖြစ်သည့်အလျောက် ရှောင်ပိုင်ယီသည် လုပ်သင့်လုပ်ထိုက်သည်ကို လုပ်လိုက်ခြင်း ဖြစ်ပေသည်။

သို့သော်ငြား သူ့တိုက်ကွက်မှာမူ မီးတောက်သားရဲအပေါ် မည်သည့် ထိခိုက်မှုကိုမျှ မဖြစ်စေခဲ့ပေ။ ရှောင်ပိုင်ယီ၏ တိုက်ကွက်သည် မီးတောက်သားရဲဆီသို့ မရောက်သေးခင်မှာပင် ၎င်းကိုယ်ပေါ်ရှိ မီးတောက်များကြောင့် တစ်စစီ ဖျက်ဆီးခြင်း ခံလိုက်ရလေ၏။

မီးတောက်သားရဲမှာမူ ရှောင်ပိုင်ယီအား အာရုံထားမနေဘဲ အခြားသူများနောက်သို့သာ လိုက်နေခဲ့လေသည်။ ရှောင်ပိုင်ယီပြောသည်ကို ကြားပြီးသည့်နောက်တွင် အခြားသူများသည်လည်း လူခွဲကာ အဖက်ဖက်သို့ ထွက်ပြေးကြ ကုန်လေ၏။

“ဘာကြီးလဲ… ငါ့ကံက ဒီလောက်တောင် ဆိုးနေတာလား…” ရန်ကိုင်သည် နောက်သို့ အလျင်စလို လှည့်ကြည့်လိုက်လေသည်။

မီးတောက်သားရဲသည် အခြားသူများနောက်သို့ မလိုက်ပဲ သူ့နောက်တည့်တည့်သို့သာ လိုက်နေကြောင်းကို အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရလေ၏။

“မင်း ခွေးမျက်လုံးက ကန်းနေတာလားကွ… အခြားသူတွေကို မလိုက်ပဲ ငါ့နောက်ကိုပဲ လိုက်ရအောင်… ဒါပေမဲ့… ဒါလည်း မဆိုးပါဘူးလေ” ရန်ကိုင်က ရေရွတ်လိုက်လေ၏။

မီးတောက်သားရဲကဲ့သို့သော သားရဲတစ်ကောင်ကို ရန်ကိုင်သည်ပင်လျှင် ပြန်မတိုက်ခိုက်နိုင်ပေ။ တိုက်ခိုက်ဖို့ရာ မဆိုထားနှင့် ထွက်ပြေးဖို့ရာပင် အနိုင်နိုင်ဖြစ်၏။

ထို့ကြောင့် မီးတောက်သားရဲအနေဖြင့် သူ့နောက်သို့သာ လိုက်နေလျှင် အခြားသူများ လုံခြုံပေလိမ့်မည်။

ရန်ကိုင်သည် နေမင်းပြာကျောင်းတော်မှ လူများနှင့် ခင်မင်ရင်းနှီးခြင်း မရှိသော်ငြား သူသည် ထိုလူများပိုင်ဆိုင်သည့် နေရာတစ်နေရာကို ယူထားခြင်း ဖြစ်ပေသည်။

ထို့အတွက်ကြောင့် မီးတောက်သားရဲ၏ အာရုံကို သူမှ လွှဲယူပေးထားခြင်းဖြင့် ထိုလူများအပေါ် အနည်းငယ်လောက်သော အနေဖြင့် ကျေးဇူး ပြန်ဆပ်ရာ ရောက်ပေ၏။

မီးတောက်သားရဲ သူ့နောက်သို့ လိုက်လာသည်ကို မြင်သော် ရန်ကိုင်သည် သူ့အရှိန်ကို နှေးချလိုက်လေ၏။ သို့သော်ငြား မီးတောက်သားရဲနားဆီသို့ အရမ်းကပ်မသွားစေပဲ သူနှင့် မီးတောက်သားရဲကြားတွင် အကွာအဝေးတစ်ခု ခြားထားခဲ့လေသည်။

တစ်ချိန်တည်းတွင် မီးတောက်သားရဲ၏ တိုက်ခိုက်မှုများကိုလည်း အဆက်မပြတ် ရှောင်တိမ်းနေရင်း ထွက်ပြေးနေလေ၏။

ဤသို့ဖြင့် လမ်းကြောင်းအသီးသီးခွဲ၍ ထွက်ပြေးလာလိုက်ရာ အခြားသူများကို ရန်ကိုင် မတွေ့ရတော့ချေ။ မီးတောက်သားရဲမှာမူ ဇွဲမလျော့သေးပဲ ရန်ကိုင့်နောက်သို့သာ သဲကြီးမည်းကြီး လိုက်နေလေ၏။

ထိုသို့ လိုက်နေရင်းမှ ကြောက်မက်ဖွယ်ရာ မီးတောက် ရောင်ခြည်တန်းများကိုလည်း အဆက်မပြတ် ပစ်လွှတ် တိုက်ခိုက်နေ၏။ ခွန်အားအရာတွင် မီးတောက်သားရဲသည် ရန်ကိုင်ထက် အဆပေါင်းများစွာ သာလွန်သော်ငြား အဆုံးတွင်မူ သူသည် သားရဲတစ်ကောင်သာ ဖြစ်လေသည်။

ထို့အပြင် မီးတောက်သားရဲ၏ တိုက်ခိုက်မှုသည် ရေပြင်ညီမျဉ်းအတိုင်းသာ သွားခြင်း ဖြစ်သဖြင့် သူ့တိုက်ကွက်များကို ရန်ကိုင်မှ အလွယ်တကူ ရှောင်တိမ်း၍ ရပေသည်။

သေချာသာ ကြိုတင် ပြင်ဆင်ထားမည်ဆိုပါက မီးတောက်သားရဲ၏ တိုက်ခိုက်မှုများကို အလွယ်တကူ ရှောင်တိမ်းနိုင်ပေ၏။

နာရီဝက်ခန့် ကြာပြီးသည့်နောက် အချိန်သင့်ပြီဟု တွေးမိလိုက်သော် ရန်ကိုင်သည် အရင်းအမြစ်ချီကို လှည့်ပတ်၍ ရုတ်ချည်း အရှိန်တင်တော့လေသည်။

မီးတောက်သားရဲမှာမူ ဇွဲမလျော့ဘဲ ရန်ကိုင့်နောက်သို့ ဆက်လိုက်ပေသည်။ သို့သော်ငြား ရန်ကိုင်၏ အမြန်နှုန်းကို မယှဉ်နိုင်ခဲ့ပေ။

အချိန် အတိုင်းအတာ တစ်ခုအထိ ကြာပြီးသည့်နောက်တွင် မီးတောက်သားရဲသည် ရန်ကိုင့်နောက်၌ ပြတ်ကျန်ခဲ့လေ၏။ နောက်ဆုံး လိုက်မမီနိုင်တော့သည့် အဆုံးတွင် ဒေါသတကြီးသာ အော်ဟစ်ဟိန်းဟောက်လိုက်လေသည်။

နောက်ထပ် ခဏမျှ ကြာသော် မီးတောက်သားရဲသည် ရန်ကိုင့်၏ မြင်ကွင်းမှ လုံးဝ ပျောက်ကွယ်သွားခဲ့လေသည်။ သို့ရာတွင် ရန်ကိုင်မှာ သတိလက်လွတ် ဖြစ်မသွားပဲ ကောင်းကင်စိတ်အာရုံကို အဆက်မပြတ် ဖြန့်ကျက်ရင်း ပျံသန်းနေခဲ့လေ၏။

ထပ်မံ၍ နာရီဝက်ကြာအောင် ပျံသန်းပြီးနောက် လုံခြုံပြီဟု ထင်သည့်အခါမှသာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်လေသည်။

လက်ရှိအချိန်တွင် ရန်ကိုင်သည် ဂိမာန်နယ်မြေထဲတွင်သာ ရှိနေပေသေးသည်။ သူ့ပတ်ဝန်းကျင်မှာ အလွန်ကိုမှ ခြစ်ခြစ်တောက် ပူပြင်းလှပြီး သူရှိနေသော နေရာမှာလည်း သစ်ပင်ပန်းမန်များ ခြောက်သွေ့ကင်းမဲ့ကာ လွင်တီးခေါင်ပြင် ဖြစ်နေလေ၏။

သူဖြတ်ကျော်လာခဲ့သည့် နေရာများနှင့် လက်ရှိ ရှိနေသော နေရာကို ကျောက်စိမ်းပြားထဲတွင် ဖော်ပြထားသော မြေပုံနှင့် ပြန်တိုက်ကြည့်လိုက်သော် သူမည်သည့်နေရာသို့ ရောက်နေကြောင်း သိသွားခဲ့လေသည်။

ထို့နောက်တွင် သူ၏ ပျံသန်းရေး မှော်ရတနာကို တစ်ဖန်ပြန်လည် ထုတ်ယူ၍ ဆက်၍ ပျံသန်းတော့လေသည်။

ဥတုလေးမျိုးနယ်မြေထဲသို့ ဝင်လာရခြင်းမှာ ကပ်ဘေးအသီးကို ရှာရန် ဖြစ်ပေသည်။ ကပ်ဘေးအသီးသည် အေးစက်စက် ပတ်ဝန်းကျင်မျိုးတွင်သာ ပေါက်ရောက်သည်။

ဤကဲ့သို့သော ခြစ်ခြစ်တောက် ပူပြင်းလှသည့် ဂိမာန်နယ်မြေမျိုးတွင် ပေါက်ရောက်လိမ့်မည် မဟုတ်။ ထို့ကြောင့် ရန်ကိုင့်အနေဖြင့် ကပ်ဘေးအသီးကို ရှာရန်အတွက် ဆောင်းနယ်မြေဆီသို့ မြန်နိုင်သမျှ မြန်အောင် သွားရပေလိမ့်မည်။

ဤကမ္ဘာငယ်လေးထဲတွင် ရန်ကိုင်လည်း အရမ်းကြီး မြင့်မားစွာ မပျံသန်းရဲပေ။ တစ်ချိန်တည်းတွင် ကောင်းကင်စိတ်အာရုံကိုပါ အဆက်မပြတ် ဖြန့်ကျက်ထားရသည်။ ထို့ကြောင့် ဤကဲ့သို့ ပျံသန်းရသည်မှာ သူ့အတွက် အတော်ကိုမှ ဝန်ပိလှပေသည်။

တစ်နာရီခန့် ကြာပြီးသည့်နောက် လျိုမြောင်တစ်ခုဆီသို့ ရန်ကိုင် ရောက်လာခဲ့လေသည်။ ထိုလျိုမြောင်ပေါ်ကို ဖြတ်ပျံသန်းရင်းမှ လျိုမြောင်အောက်ထဲသို့ ငုံ့ကြည့်လိုက်သည်။

ထို လျိုမြောင်သည် သဘာဝအတိုင်းပဲ ဖြစ်လာလေသလား။ တစ်စုံတစ်ဦး၏ လက်ချက်ကြောင့် ဖြစ်လာသည်လား ရန်ကိုင် မသိပေ။ သို့သော်ငြား လျိုမြောင်၏ အောက်ခြေမှာတော့ အလွန်တရာကိုမှ နက်ရှိုင်းလှပေသည်။

အပေါ်မှ ငုံ့၍ ဆီးကြည့်လိုက်မည်ဆိုပါက ဘာဆိုဘာမှ မမြင်ရပဲ အဆုံးမဲ့ အမှောင်ထုကိုသာ မြင်နေရသည်။ ထို့အပြင် တဟူးဟူး တိုက်ခတ်နေသော လေတိုးသံများကိုလည်း အဆက်မပြတ် ကြားနေရလေသည်။

ဤလျိုမြောင်ပေါ်သို့ အရောက်တွင် ရန်ကိုင် ရုတ်တရက် ရပ်တန့်သွားရခြင်းမှာ တစ်စုံတစ်ခုကို သတိပြုမိသွားသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။

သေချာ အနီးကပ် စစ်ဆေးကြည့်လိုက်ပြီးနောက် ရန်ကိုင့်၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပလာခဲ့ပြီး တိုးတိုးလေး ရေရွတ်လိုက်လေ၏။

“ဖြစ်နိုင်တာက…”

ထိုသို့ စဉ်းစားလိုက်ပြီးသည့်နောက်တွင် ချက်ချင်းပဲ လျိုမြောင်အောက်ခြေသို့ ထိုးဆင်းသွားလေသည်။

ဂိမာန်နယ်မြေသည် အလွန်ကိုမှ ပူပြင်းလှသော်ငြား လျိုမြောင်၏ အတွင်းပိုင်းမှာတော့ ထိုအပူဓာတ်၏ သက်ရောက်ခြင်း မခံရပေ။ လျိုမြောင်ထဲသို့ ဝင်လာပြီးနောက် အနည်းငယ် အေးသွားသလိုပင် ခံစားလိုက်ရလေ၏။

အောက်ဘက်သို့ ပိုဆင်းလာလေ ဆင်းလာလေ ပိုပို၍ အေးလာလေပင်။ ထို့အတွက်ကြောင့် သူ့အထင် မှန်လိမ့်မည်ဟု ရန်ကိုင် ပိုပို၍ ယုံကြည်ချက် ရှိလာခဲ့လေ၏။

လျိုမြောင်သည် မီတာပေါင်း ထောင်နှင့်ချီနက်ကာ ရန်ကိုင်မှ မီတာ ၂၀၀၀ အနက်သို့ ဆင်းလာပြီးသည့် နောက်တွင် အောက်ဘက် ဧရိယာတစ်ဝိုက်ကို လွှမ်းခြုံနေသာ မြူခိုးအချို့ကို မြင်တွေ့လိုက်ရလေသည်။

“ဟား… ဟား… ဟား… တစ်ကယ်ကြီး စိတ်ဝိဉာဉ် ချီပင်လယ်ကြီးပဲ” ရန်ကိုင် အော်ရယ်မောလိုက်လေ၏။

ကျောက်စိမ်းပြားထဲ၌ ဖော်ပြထားသည့် အကြောင်းအရာအရ ဥတုလေးမျိုးနယ်မြေထဲတွင် အလွန်ကိုမှ မိုးမြေစွမ်းအင် ကြွယ်ဝသော နေရာများ ရှိကြောင်းကို ရန်ကိုင် သိထားရလေသည်။

ဥပမာ ပြောရသော် မြူခိုးတိမ်တိုက်များ လွှမ်းခြုံနေသည့် စိတ်ဝိဉာဉ်ချီပင်လယ် ကဲ့သို့သော နေရာမျိုးပင် ဖြစ်လေသည်။ ထိုကဲ့သို့သော နေရာမျိုးရှိ မိုးမြေစွမ်းအင်မှာ အလွန်တရာကိုမှ သိပ်သည်းသန့်စင်လှကာ ကျင့်ကြံသူများအတွက် ကျင့်ကြံခြင်းသုခဘုံပင် ဖြစ်လေသည်။

သို့သော်ငြား ဥတုလေးမျိုးနယ်မြေသည် တစ်လလောက်သာ ပွင့်ပေ၏။ ထို့အတွက်ကြောင့် ကျင့်ကြံသူများ အနေဖြင့် စိတ်ဝိဉာဉ်ချီပင်လယ်များကို တွေ့လျှင်ပင် ထိုနေရာ၌ အေးအေးဆေးဆေး သွားရောက် မကျင့်ကြံနိုင်ကြချေ။

အများဆုံး စိတ်ဝိဉာဉ် ချီပင်လယ်ထဲ အဖိုးတန်ရတနာ တစ်ခုခုများ ရှိနေမလား ဟူသော ရည်ရွယ်ချက်ဖြင့် လိုက်၍သာ စူးစမ်းကြည့်ကြသည်။

ဤကဲ့သို့သော မိုးမြေစွမ်းအင် အလွန်ကိုမှ သိပ်သည်းကြွယ်ဝသည့် နေရာမျိုးတွင် အဖိုးတန်ရတနာများ အမှန်တကယ်ကို မွေးဖွားလာနိုင်ပေသည်။

အချို့လူများဆိုလျှင် ဤကဲ့သို့သော စိတ်ဝိဉာဉ်ချီပင်လယ်ထဲမှ ဧကရာဇ်အဆင့် ဆေးပင်များကိုပင် ရှာတွေ့ ခဲ့ကြသေး၏။ ကံဆိုး၍ မတော်တဆ အဖြစ်အပျက်များနှင့် ကြုံတွေ့ခဲ့ရသူများလည်း ရှိကြပေသည်။

ဤကဲ့သို့သော မိုးမြေစွမ်းအင် သိပ်သည်းသည့် နေရာမျိုးကို မွန်းစတားသားရဲများက အလွန်ကိုမှ နှစ်ခြိုက်ကြသည်။ ထို့ကြောင့် ဤကဲ့သို့သော နေရာမျိုးတွင် အားကောင်းသော မွန်းစတားသားရဲများ ရှိနေနိုင်ခြေ အလွန်များသည်။

ဤလျှိုမြောင်ထဲရှိ မိုးမြေစွမ်းအင် သိပ်သည်းနှုန်းမှာ ဥတုလေးမျိုးနယ်မြေ မပွင့်လာခင်က တောင်ကြားထဲတွင် စုဝေးနေသော မိုးမြေစွမ်းအင် သိပ်သည်းဆနှင့် ယှဉ်နိုင်ပေသည်။

ဤကဲ့သို့သော နေရာမျိုးတွင် ရှိနေမည် ဆိုပါက သူ့အနေဖြင့် မကျင့်ကြံလျှင်ပင် ဘေးပတ်ဝန်းကျင်ရှိ မိုးမြေစွမ်းအင်များက သူ့ကိုယ်ထဲသို့ အလိုလို စိမ့်ဝင်နေကြပေလိမ့်မည်။

ဆယ့်ငါးမိနစ်ခန့် ကြာပြီးသည့်နောက်တွင် လျှိုမြောင် အောက်ခြေဆီသို့ ရန်ကိုင် ရောက်လာခဲ့လေသည်။ လျှိုမြောင်၏ အောက်ခြေတစ်ခုလုံး ကျောက်စရစ်ခဲများဖြင့် ဖုံးလွှမ်းနေခဲ့လေသည်။ သို့သော်ငြား ဤနေရာအနီးတစ်ဝိုက်တွင် မည်သည့်အန္တရာယ်မျှ မရှိပေ။

ရန်ကိုင်သည် အောက်သို့ ရောက်ရောက်ချင်း ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်သည်။ သို့ရာတွင် မည်သည့်သက်ရှိကိုမျှ ရှာမတွေ့ခဲ့ပေ။

သို့တိုင် ရန်ကိုင်မှာမူ စိတ်အေးလက်အေး မနေနိုင်ခဲ့။ သတိထားရင်း ပတ်ဝန်းကျင်ကို လှည့်ပတ်စစ်ဆေး ကြည့်လိုက်သေး၏။

လုံခြုံသည်ဟု အတည်ပြုပြီးသည့် အခါမှသာ ပထမဦးဆုံးဆင်းလာခဲ့သည့် နေရာဆီသို့ ပြန်လာခဲ့လေသည်။ ထို့နောက် ကမ္ဘာငယ်လေးကို ထုတ်၍ ထိုထဲသို့ အရင်းအမြစ်ချီအချို့ ထည့်သွင်းလိုက်လေ၏။

ခဏအကြာတွင် ပုံရိပ်သုံးခု အတူတကွ ပေါ်လာခဲ့လေ၏။ တစ်ဦးသည် တင်ပလင်ခွေထိုင်ကာ ကျင့်ကြံနေပြီး အခြားတစ်ဦးမှာတော့ ခံစားချက်ကင်းမဲ့သည့် အမူအယာဖြင့် ငြိမ်သက်စွာ မတ်တပ်ရပ်နေကာ နောက်ဆုံးတစ်ဦးမှာတော့ အသက်မပါသည့် မျက်ဝန်းအစုံဖြင့် အလွန်ကိုမှ ပျင်းရိနေသည့်အလား မြေပြင်ပေါ်တွင် လှဲလျောင်းနေခဲ့လေသည်။

မြေပြင်ပေါ်တွင် လှဲလျောင်းနေသည့် လူကို ကြည့်ရင်း ရန်ကိုင် လှောင်ပြုံးပြုံးလိုက်လေ၏။

“ဆရာ…” တင်ပလင်ခွေထိုင် ကျင့်ကြံနေသော ကျန်းရို့ရှီသည် အသံကြားလိုက်သော် ကျင့်ကြံနေရာမှ နိုးလာခဲ့လေသည်။ မျက်လုံးပွင့်ပွင့်ချင်း ရန်ကိုင့်ကို မြင်လိုက်သော် ချက်ချင်းပဲ ထရပ်လိုက်လေ၏။

တစ်ချိန်တည်းတွင် ပေါ်လာသော လျို့ယန်သည်လည်း ရန်ကိုင့်အား ခေါင်းညိတ်ပြလိုက်ပြီး ပတ်ဝန်းကျင်အား စတင် စစ်ဆေးကြည့်တော့လေသည်။

မြေပြင်ပေါ်၌ ပျင်းရိပျင်းတွဲ လှဲလျောင်းနေသော ဟွာချင်းစီသည် ထိုရုတ်တရက် အဖြစ်အပျက်ကြောင့် အံ့အားသင့် သွားခဲ့လေ၏။

ချက်ချင်းပဲ လှဲလျောင်းနေရာမှ ကမန်းကတန်း ထရပ်၍ အရင်းအမြစ်ချီကို လှည့်ပတ်ရင်း ရန်ကိုင့်အား ကြည့်ကာ ပြောလိုက်လေသည်။

“ခွေးသူတောင်းစားကောင်… နင်ဘာတွေ ကြံနေပြန်တာလဲ”

ရန်ကိုင်သည် သူမအား ကမ္ဘာငယ်လေးထဲတွင် ပိတ်လှောင်ထားခဲ့သည်။ ထိုအစုတ်အပြတ်နေရာတွင် သူမတစ်ယောက်တည်းသာ ရှိနေရ၏။

စကားပြောမည့် အဖော်မရှိ။ သူမမှာ အလွန်ကိုမှ ပျင်းရိနေရတော့လေ၏။ ထို့အတွက်ကြောင့် မြေပြင်ပေါ်တွင် ပျင်းရိပျင်းတွဲဖြင့်သာ အနားယူ လှဲလျောင်းနေခဲ့ခြင်း ဖြစ်သည်။

သို့သော်ငြား ရန်ကိုင်မှ သူမအား ရုတ်တရက်ကြီး ဆင့်ခေါ်လိုက်မည်ဟု မထင်ထားခဲ့ချေ။ အခြားသူများရှေ့ ဤကဲ့သို့ ရုတ်ပျက်ဆင်းပျက် ပေါ်လာရသည်ကို မြင်သော် မိန်းမသားတစ်ဦး ဖြစ်သည့်အလျောက် အလှအပကို ကြိုက်နှစ်သက်သူတစ်ဦးဖြစ်သဖြင့် အရှက်ခွဲခံရသလို ခံစားလိုက်ရကာ ဒေါသထွက်သွားခဲ့ခြင်း ဖြစ်ပေသည်။

ပြောနေစဉ် အတောအတွင်း သူမ၏ မျက်လုံးများမှာ ဒေါသမီးတောက်တို့ဖြင့် တလက်လက် တောက်ပလာခဲ့လေသည်။ တစ်ချိန်တည်းတွင် သူမ၏ အကြည့်သည် ကျန်းရို့ရှီဆီသို့ ရောက်သွားခဲ့လေ၏။

ထိုအချင်းအရာကို မြင်သော် ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်လေသည်။

“တစ်ခုခု မလုပ်ခင် ကြို စဉ်းစားထားနော်… နင် သူ့ကို တိုက်ခိုက်တာ ဒါမှမဟုတ် သူ့ကို ဖမ်းပြီး ငါ့ကို အကြပ်ကိုင်မယ် ဆိုရင်တော့ အကျိုးဆက်ကို ကြိုပြီး စဉ်းစား ထားပေတော့… အဲ့လို မလုပ်ဘူးဆိုရင်တော့ ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေး နေဖို့ပဲ ငါပြောချင်တယ်”

ရန်ကိုင်၏ စကားကို ကြားသော် ဟွာချင်းစီ၏ အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲ သွားခဲ့လေသည်။ တစ်ချိန်တည်းတွင် သူမစိတ်ထဲ တွေဝေ လွန်ဆွဲ မိသွားလေ၏။

ဟွာချင်းစီသည် ဤအဖွဲ့ထဲတွင် အားအနည်းဆုံးဖြစ်သော ကျန်းရို့ရှီအား ဖမ်းရန် ကြံစည်နေခြင်း ဖြစ်ပေသည်။ ကျန်းရို့ရှီနှင့် ရန်ကိုင် မည်ကဲ့သို့ ပတ်သက်သလဲ ဆိုသည်ကို သူမ မသိသော်ငြား ကျန်းရို့ရှီမှ ရန်ကိုင့်အား ဆရာဟု ခေါ်လိုက်သည်ကို သူမ ကြားလိုက်ရပေသည်။

ကျန်းရို့ရှီကိုသာ ဖမ်းဆီးနိုင်မည်ဆိုပါက သူမအနေဖြင့် ရန်ကိုင်နှင့် ပြန်၍ ဆွေးနွေး နိုင်ပေလိမ့်မည်။ ရန်ကိုင် ထပ်ပြောလိုက်သည်ကို ကြားသော် သူမ၏ အမူအယာ ပြောင်းလဲ သွားခဲ့လေ၏။

“ငါ့ကို ပစ်မှတ်ထားဖို့ စဉ်းစားနေတယ်ဆိုရင်တော့ ပိုဆိုးတယ်လို့တောင် ပြောရမယ်… ငါနင့်ကို အခုလို အပြင်ထုတ်ရဲမှတော့ အထဲ ပြန်ထည့်နိုင်မယ်လို့ ယုံကြည်ချက်ရှိလို့ပဲ… မနာချင်ရင် အေးအေးဆေးဆေးနေ…”

ဟွာချင်းစီက အံကြိတ်၍ ပြန်ပြောလိုက်လေ၏။ “မိစ္ဆာကောင်… နင်အသေဆိုးနဲ့ သေရမှာ”

“စကားနဲ့ ထိုင်ဆဲနေလို့လည်း ငါဘာမှ ဖြစ်သွားမှာ မဟုတ်ဘူး”

ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ကျန်းရို့ရှီဖက်သို့ လှည့်ကာ ပြောလိုက်လေသည်။ “ဒီနေရာက မိုးမြေစွမ်းအင်က အရမ်း သိပ်သည်းတယ်… နင် ဒီနေရာမှာ ကျင့်ကြံနေ… လျို့ယန် နင့်ကို စောင့်ကြပ်ပေးလိမ့်မယ်”

“ဟုတ်ကဲ့…”

ကျန်းရို့ရှီသည် ဘာမေးခွန်းမှ ထပ်မေးမနေခဲ့ပဲ ရန်ကိုင် ပြောသည့်အတိုင်း ချက်ချင်းပဲ တင်ပလင်ခွေ ထိုင်ချလိုက်ကာ စတင် ကျင့်ကြံတော့လေသည်။

“ဒါပေမဲ့ အချိန်အများကြီး ရမှာ မဟုတ်ဘူးနော်… အများဆုံး ၂ ရက်ပဲ” ရန်ကိုင်က ထပ်ပြောလိုက်သည်။

ပြောပြီးသည့်နောက်တွင် ကမ္ဘာငယ်လေးအား အသာအယာ ပုတ်လိုက်လေသည်။ အလင်းတစ်ချက် လက်သွားပြီးနောက် ဘေးပတ်ဝန်းကျင်တွင် ရှိနေသော မိုးမြေစွမ်းအင်များမှာ ကမ္ဘာငယ်လေးထဲသို့ အရူးအမူး စတင် စီးဝင် လာကြတော့လေ၏။

တစ်ချိန်တည်းတွင် ကမ္ဘာငယ်လေး၏ မျက်နှာပြင်ထက် ဝဲကတော့ အသေးစား လေးတစ်ခု စတင် ဖြစ်ပေါ်လာခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၁၄၀)

ဤဥတုလေးမျိုးနယ်မြေထဲတွင် စိတ်ဝိဉာဉ်ချီပင်လယ်အား လာတွေ့သည့် ကျင့်ကြံသူများသည် စိတ်ပျက်ပျက်ဖြင့် သက်ပြင်းချရုံသာ တတ်နိုင်ကြပေလိမ့်မည်။

သူတို့တွင် အခြားသော လုပ်စရာကိစ္စများ ရှိနေသေးသည့် အတွက်ကြောင့် ဤနေရာတွင် အချိန်ဖြုန်း၍ ထိုင်ကျင့်ကြံနိုင် လိမ့်မည်မဟုတ်ပေ။

ရန်ကိုင်သည်လည်း ထိုကဲ့သို့ လုပ်လိမ့်မည်မဟုတ်။ သို့သော်ငြား သူ့တွင် ကမ္ဘာငယ်လေး ရှိပေသည်။ ကမ္ဘာငယ်လေးထဲရှိ မိုးမြေစွမ်းအင်မှာ သိပ်သည်းသည်ဟု ပြော၍ရသော်ငြား ဤနေရာနှင့် ယှဉ်လိုက်သော် အလွန်ကိုမှ ကွာခြားနေပေသေးသည်။

သူ့အနေဖြင့် ကမ္ဘာငယ်လေးကို သုံး၍ ဤနေရာရှိ မိုးမြေစွမ်းအင်များကို စုပ်ယူနိုင်မည်ဆိုပါက ကမ္ဘာငယ်လေးထဲရှိ မိုးမြေစွမ်းအင်မှာ ပိုမို၍ သိပ်သည်းသန့်စင် လာပေလိမ့်မည်။

ရန်ကိုင်သည် ဤအကြံအား ငါးရောင်ခြယ်ရတနာ ဘုရားထဲသို့ ရောက်စဉ်က ရရှိခဲ့ခြင်း ဖြစ်ပေသည်။

ငါးရောင်ခြယ်ရတနာဘုရားထဲ၌ ကမ္ဘာငယ်လေးသည် ပျက်စီးနေသော လောကနိယာမစွမ်းအားများကို ဝါးမျိုပစ်ခဲ့သည်။ ထိုသို့ ဝါးမျိုပြီးသည့်နောက်တွင် ကမ္ဘာငယ်လေး၏ လောကနိယာမများမှာ ပိုမို၍ ပြည့်စုံလာခဲ့လေသည်။

လောကနိယာမများကိုပင် ဝါးမျိုနိုင်သည်ဆိုပါက မိုးမြေစွမ်းအင်ကိုမူ ဘာကြောင့်များ မစုပ်ယူနိုင်ရဦးမည်နည်း။ ထို့ကြောင့် ရန်ကိုင် စမ်းကြည့်လိုက်ခြင်း ဖြစ်ပေသည်။

သူစမ်းသပ်သည်မှာလည်း အမှန်တကယ်ကို အောင်မြင်သွားခဲ့သည်။ ကမ္ဘာငယ်လေး၏ မျက်နှာပြင်ထက်တွင် ဝဲကတော့လေးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး လျှိုမြောင်ထဲတွင် ရှိနေသော မိုးမြေစွမ်းအင်များကို အရူးအမူး စတင် ဝါးမျိုတော့လေ၏။

ထိုအချင်းအရာကိုမြင်သော် ရန်ကိုင် ဝမ်းသာသွားခဲ့လေသည်။ လျှိုမြောင်ထဲရှိ စိတ်ဝိဉာဉ်ချီများကို အောင်အောင်မြင်မြင် ဝါးမျိုပစ်လိုက်နိုင်သည့်အတွက်ကြောင့် ကမ္ဘာငယ်လေးထဲရှိ မိုးမြေစွမ်းအင်မှာ ပိုမို၍ သိပ်သည်းလာပေလိမ့်မည်။

သူ့အနေဖြင့် စိတ်ဝိဉာဉ်ချီပင်လယ် ကဲ့သို့သော မိုးမြေစွမ်းအင်သိပ်သည်းသည့် နေရာများကိုသာ ထပ်မံရှာဖွေနိုင်ဦးမည်ဆိုပါက ကမ္ဘာငယ်လေးအား ကြယ်တာရာ အစုအဝေးထဲတွင် အကောင်းမွန်ဆုံးသော ကျင့်ကြံရေး သုခဘုံများနှင့်ပင် ယှဉ်နိုင်သည့် နေရာတစ်ခုအဖြစ်သို့ ပြောင်းလဲ ပစ်နိုင်ပေလိမ့်မည်။

ရန်ကိုင်သည် ကမ္ဘာငယ်လေးကို လျို့ယန်လက်ထဲသို့ ထည့်ပေးလိုက်ပြီး သူမအား ဧကရာဇ်မှော်ရတနာကို ယူထားလျက် ကျန်းရို့ရှီကိုပါ စောင့်ကြည့်ပေးရန် ပြောလိုက်လေသည်။

လျို့ယန်သည် စကားတစ်ခွန်းမှ မဆိုပဲ ခပ်လှမ်းလှမ်းအကွာသို့ ဆုတ်သွားခဲ့လေသည်။ ကမ္ဘာငယ်လေးဆီမှ ထွက်ပေါ်နေသည့် အသံဗလံများကြောင့် ကျန်းရို့ရှီ ကျင့်ကြံခြင်း အနှောင့်အယှက်ဖြစ်သွားမည်ကို စိုးရိမ်သည့် အတွက်ကြောင့်ပင်။

ထိုအခါမှသာ ရန်ကိုင်သည် ဟွာချင်းစီဘက်သို့ လှည့်ကြည့်၍ သူ့ဆီသို့ လာရန် အချက်ပြလိုက်လေသည်။ ထိုအခါ ဟွာချင်းစီက ဒေါသတကြီး ပြန်အော်ပြောလေ၏။

“ငါက နင့်အိမ်မွေး တိရစ္ဆာန်လား… နင် ခိုင်းတာကို လုပ်ပေးမဲ့ အိမ်မွေး တိရစ္ဆာန်တစ်ကောင်လို့ ငါ့ကို သဘောထားနေတာလား”

ရန်ကိုင်က ပြန်ပြောလိုက်လေ၏။ “မလာချင်နေ ရတယ်နော်… ဟိုထဲကို ပြန်ပို့ပေးလိုက်မှာ”

“ကောင်းတယ်… ကောင်းတယ်… နင် လုပ်နိုင်တုန်းတော့ လုပ်ထားဦးပေါ့”

ဟွာချင်းစီမှာ ဒေါသထွက်လွန်းလှသဖြင့် နားထဲမှပဲ အခိုးအငွေ့များ ထွက်လာတော့မယောင် ထင်မှတ်ရလေသည်။ သူမစိတ်ထဲ အလွန်တရာကိုမှ ဒေါသထွက်နေသော်ငြား လက်ရှိအခြေအနေအရ သည်းခံနေရုံသာ ရှိကြောင်းကို ကောင်းကောင်း နားလည်ထားသည်။

ဟွာချင်းစီလည်း ရန်ကိုင် ပြောသည့်အတိုင်း သူ့ဆီသို့ လျှောက်သွားလိုက်လေသည်။

သူ့အနားသို့ ရောက်လာသော် ရန်ကိုင် ပြောလိုက်လေ၏။ “ငါအရင်တစ်ကြိမ်ပြောတာကို စဉ်းစားပြီးသွားပြီလား…”

“ဘာလဲ…” ဟွာချင်းစီသည် အလစ်ချောင်းမြောင်း တိုက်ခိုက်နိုင်မည့် အခွင့်ကောင်းတစ်ခုကို ရှာဖွေရင်း မသိလိုက် မသိဘာသာဖြင့် ပြန်မေးလိုက်လေသည်။

“မသိချင်ယောင်ဆောင်နေတာလား” ရန်ကိုင်က ဆက်မမေးတော့ပဲ ဟွာချင်းစီ၏ တည့်တည့်ကိုသာ စိုက်ကြည့်လိုက်လေ၏။

“နင် ဘာပြောနေတာလဲ ငါမသိဘူး…” ဟွာချင်းစီက အမူအယာကင်းမဲ့သည့် မျက်နှာဖြင့် ပြန်မေးလိုက်လေ၏။

ထိုအခါ ရန်ကိုင်က ပြုံးဖြီးလျက် ပြန်ပြောလိုက်လေသည်။ “အဲ့လိုဆိုမှလည်း ရှင်းပြရသေးတာပေါ့ကွာ… ငါတွေးနေတာ နင့်ကို အဲ့နေရာမှာ တောက်လျှောက်ကြီး ပိတ်ထားလို့ရှိရင် သိပ်ပြီးတော့ လူမဆန်သလိုပဲ… တကယ်တော့ နင်နဲ့ငါ ကြားမှာ ဘာရန်ငြိုးမှ ရှိတာ မဟုတ်ဘူးလေ…”

“နင်က အဲ့လောက်တောင် စိတ်သဘောထား ကောင်းတာလား…” ဟွာချင်းစီက ရန်ကိုင့်အား လှောင်ပြောင်လိုဟန်ဖြင့် စိုက်ကြည့်ရင်း ပြန်မေးလိုက်လေသည်။

“အဲ့လိုဆိုရင် ဘာလို့…”

“အိပ်မက် မက်မနေနဲ့…” ရန်ကိုင်က ချက်ချင်း ဖြတ်ပြောလိုက်ပြီးနောက် လမ်းလျှောက်ရင်း ဆက်ပြောလိုက်သည်။

“နင်က ငါ့ရဲ့ အကြီးမားဆုံးသော လျှို့ဝှက်ချက်ကို သိထားတဲ့လူ… နင့်ကို ဘယ်လိုမှ ဒီအတိုင်း လွှတ်မပေးလိုက်နိုင်ဘူး…”

“ဒါပေမဲ့ အခုတစ်ကြိမ်ကတော့ ချွင်းချက်ပေါ့… ဒါပေမဲ့ အခုလိုမျိုး နောက်တစ်ကြိမ် ထပ်ရှိလာတော့မှာ မဟုတ်ဘူး”

“ဒါကြောင့် အဲ့နေရာမှာ အမြဲတမ်း ပိတ်လှောင်ထားတာ မခံချင်ဘူးဆိုရင် အခုချက်ချင်း နင့်ရဲ့ ဝိဉာဉ်အမှတ်အသားကို ငါ့ဆီ ပေးလိုက်တာ အကောင်းဆုံးပဲ”

ဟွာချင်းစီ၏ အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲ သွားခဲ့လေသည်။ တစ်ခဏမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ပြန်၍ ပြောလိုက်လေ၏။

“နင်ဆိုရင်ရော နင်မသိတဲ့လူတစ်ယောက်ဆီ နင့်ရဲ့ ဝိဉာဉ်အမှတ်အသားကို ပေးမှာမို့လို့လား… ဘယ်သူကများ ကိုယ့်ရဲ့ သေခြင်းရှင်ခြင်းကို အခြားတစ်ယောက်က ထိန်းချုပ်ထားတာ ခံချင်မှာလဲ”

“ဘာလို့ပေးရမှာလဲ…” ရန်ကိုင်က ခေါင်းခါလိုက်လေသည်။

“အဲ့ဒါဆိုရင် နင် ဘာလို့ ငါ့ဆီကနေ လာတောင်းနေ သေးတာလဲ”

“ဘာလို့လဲဆိုတော့ ငါက နင့်ထက် ပိုအားကောင်းလို့လေ” ရန်ကိုင်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်လေ၏။

ဟွာချင်းစီက မျက်နှာကြီးမဲ့လျက် အထင်အမြင်တသေးဖြင့် ပြန်ပြောလိုက်လေသည်။ “တာအိုသခင် ပထမအဆင့်လေးနဲ့ အခုလိုမျိုးတွေ ပြောနေရအောင် နင် ဘယ်က သတ္တိတွေ ရလာတာလဲ”

“ငါ့ခွန်အားကို လာစမ်းသပ်ကြည့်ဖို့ လုပ်မနေနဲ့… နင်သာ ငါ့ကို နိုင်တယ်လို့ ထင်လို့ရှိရင် အစောကြီးတည်းက တိုက်ခိုက်ပြီးသွားပြီ… အခုလိုမျိုး လေကုန်ခံပြီး စကားပြန်ပြောနေမှာ မဟုတ်ဘူး”

ရန်ကိုင်က အေးစက်စက် အမူအယာဖြင့် ရယ်မောလိုက်ပြီးနောက် ဟွာချင်းစီအား ကျောပေးလိုက်လေ၏။ တစ်ခဏမျှ ရပ်နေပြီးသည့်နောက်တွင် သူမအား အေးစက်စက် အမူအယာဖြင့် ပြန်စိုက်ကြည့်၍ ပြောလိုက်လေသည်။

“ငါ့ သည်းခံနိုင်စွမ်းက အကန့်အသတ်ရှိတယ်နော်… အဲ့တော့ နင် အခုချက်ချင်း ပြန်ပြောပေတော့… ဒါမျိုးက နောက်တစ်ကြိမ် အခွင့်အရေးထပ်ရမှာ မဟုတ်ဘူး… ဒါ ငါနင့်ကို နောက်ဆုံး အခွင့်အရေးပေးတာပဲ”

ရန်ကိုင်၏ လေးနက်တည်ကြည်သော မျက်နှာထားကို မြင်သော် ဟွာချင်းစီ မျက်နှာပျက်သွားခဲ့လေသည်။ သူမတွင် အခြားရွေးချယ်စရာ မရှိတော့မည်မှန်း သိလိုက်လေသည်။

ဟွာချင်းစီမှာ အံကိုကြိတ်၍ ပါးစပ်ကိုဟကာ တစ်ခုခု ပြောရန် လုပ်လိုက်သော်ငြား မည်သည့်စကားမျှ ထွက်မလာခဲ့ချေ။

ထိုစဉ် ရန်ကိုင်က ပြောလိုက်လေ၏။ “အရင်တစ်ကြိမ်တည်းက ငါနင့်ကို တွန်းအား မပေးခဲ့ရတဲ့ အကြောင်းအရင်းက နင့်ကို စဉ်းစားချိန်ပေးချင်လို့ပဲ… ငါပေးထားတဲ့အချိန်က လုံလောက်တယ်လို့တော့ ထင်တာပဲ…”

“တကယ်တော့ ဒါက ဆုံးဖြတ်ရတာလေးတစ်ခုပဲလေ… ရွေးလိုက်ရုံပဲ မဟုတ်ဘူးလား… ဘာတွေ ဒီလောက်ခက်ခဲနေတာလဲ”

“စဉ်းစားတာကတော့ စဉ်းစားပြီးသွားပြီပေါ့…” ဟွာချင်းစီက နှုတ်ခမ်းလေးကိုကွေးလျက် ပြန်ပြောလိုက်လေ၏။

“အော်… ဒါဆို ဘာလဲ… နင် ပေးမှာလား မပေးဘူးလား…” ရန်ကိုင်က ဟွာချင်းစီအား စိတ်ဝင်တစား စိုက်ကြည့်ရင်း မေးလိုက်လေ၏။

ဟွာချင်းစီက အံကိုကြိတ်၍ “နင့်ကို ငါ့ဝိဉာဉ်အမှတ်အသား ပေးမယ်ဆိုရင်… နင့်ရဲ့ အဲ့ ပြုံးဖြီးဖြီး မျက်နှာကြီးကို ဖယ်ထားလိုက်စမ်း… အဲ့မျက်နှာကြီးကို ကြည့်ရတာ ငါ အရူးလုပ်ခံနေရသလို ခံစားရတယ်…”

“ဆက်ပြော…” ရန်ကိုင်လည်း ပြုံးမနေတော့ပဲ သူ့မျက်နှာအား ချက်ချင်းတည်လိုက်လေ၏။

“နင် ငါ့ကို အသက်အန္တရာယ်ရှိတဲ့ ဟာမျိုး လုပ်ခိုင်းမှာလား…” ဟွာချင်းစီက ပြန်မေးလိုက်လေသည်။

“ငါ့လူတွေအပေါ် ငါအမြဲတမ်း ကြင်နာတယ်… အန္တရာယ်များတဲ့ ဟာမျိုးဆို ငါ့ဘာသာငါပဲ လုပ်မယ်…” ရန်ကိုင်မှ ပြန်ပြောလိုက်သော်ငြား ဟွာချင်းစီကမူ ရန်ကိုင်၏ မျက်လုံးတည့်တည့်ကိုသာ သေသေချာချာ စိုက်ကြည့်နေလေသည်။

ရန်ကိုင်လိမ်မလိမ်ကို သိချင်နေခြင်းပင်။ သို့သော်ငြား ရန်ကိုင်၏ မျက်လုံးများမှာ ကန်ရေပြင်တစ်ခုလို အကြွင်းမဲ့ တည်ငြိမ်နေကြောင်း တွေ့ရှိလိုက်ရလေသည်။ ထိုအခါ ဟွာချင်းစီက ခေါင်းညိတ်၍ ပြန်ပြောလိုက်လေ၏။

“ငါ့မှာလည်း ငါ့လျှို့ဝှက်ချက်နဲ့ ငါရှိတယ်… ဒီတော့ နင် ငါ့လျှို့ဝှက်ချက်တွေကို လာမေးလို့လည်း မရဘူး လာကြည့်လို့လဲ မရဘူး… ပြီးတော့ ငါမလုပ်ချင်တဲ့ဟာကို နင်တွန်းအားပေးပြီး လာခိုင်းလို့လဲ မရဘူး…”

“ကိစ္စမရှိဘူး…” ရန်ကိုင် ချက်ချင်းပင် သဘောတူလိုက်လေသည်။

ရန်ကိုင် ဤမျှ အလွယ်တကူ သဘောတူလိမ့်မည်ဟု မထင်ထားခဲ့သဖြင့် ဟွာချင်းစီ တစ်ခဏတာမျှ မင်သက်သွားခဲ့လေ၏။

“နောက်ပိုင်း နင် ငါ့ကို ကောင်းကောင်းဆက်ဆံမှာလား…” ဟွာချင်းစီက ထပ်မေးလိုက်သည်။

ရန်ကိုင်၏ အမူအယာ အနည်းငယ် ထူးဆန်းသွားခဲ့လေသည်။ “နင် ငါ့ကို လက်ထပ်မှာလားမို့လို့လား… ဘာလို့ အခုလိုမျိုး မေးခွန်းကြီး လာမေးတာလဲ”

ဟွာချင်းစီမှာ ရှက်ရှက်ဖြင့် ဒေါသထွက်သွားခဲ့ပြီး ချက်ချင်း ပြန်အော်တော့လေ၏။ “အတွေးလွန်မနေနဲ့… အရှက်မရှိတဲ့ကောင်”

ရန်ကိုင်က ပြုံးလျက် “အမ်းးး… ဘယ်လိုပြောရင် ကောင်းမလဲ… ပြောရရင်တော့ ခွေးတစ်ကောင်ကို ပိုင်ထားသလိုပေါ့… နင်သိတယ်မလား”

သူ့စကားကို ကောင်းကောင်းဆုံးအောင် မပြောနိုင် သေးခင်မှာပင် ဟွာချင်းစီသည် ရန်ကိုင့်မျက်နှာ တည့်တည့်သို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်လေသည်။

ရန်ကိုင်က သူ့လက်ကို မြှောက်၍ ကာလိုက်ပြီးနောက် ဆက်ပြောလိုက်၏။ “ငါနင့်အပေါ်မှာ ကောင်းပေးမယ် ဟုတ်ပြီလား… ငါနင့်ကို လူတစ်ယောက်လို သေသေချာချာ သတ်မှတ်ပေးမယ်… အိုကေ…”

ဟွာချင်းစီမှာ အံကြိတ်သံများပင် ထွက်ပေါ်လာအောင် သွားအား တင်းတင်းကြိတ်လိုက်လေသည်။ ထို့နောက် ရုတ်တရက် နောက်သို့ ခုန်ဆုတ်လိုက်ပြီး ချက်ချင်း လှမ်းအော်မေးလိုက်လေ၏။

“နောက်ဆုံး မေးခွန်းပဲ… ငါ့ဝိဉာဉ်အမှတ်အသားကို နင့်ဆီပေးစေချင်လို့ ရှိရင် နင့်မှာ အနည်းဆုံးတော့ ခွန်အား ရှိရလိမ့်မယ်… ငါနင့်ကို အနိုင်ယူနိုင်တယ်လို့ မထင်ပေမဲ့ အနည်းဆုံးတော့ ကြိုးစားကြည့်ရဦးမယ်”

ပြောပြီးသွားသည်နှင့် သူမ၏ ဖဲကြိုးမှော်ရတနာကို ထုတ်ယူလိုက်လေသည်။ ထိုဖဲကြိုးမှော်ရတနာသည် လေထဲ ခေါက်တုံ့ခေါက်ပြန် လူးလွန့်သွားလာ နေပြီးသည့်နောက်တွင် တစ်ခုနှင့် တစ်ခု ယှက်ဖြာ၍ သက်တန့်ရောင် တံတားတစ်စင်း အဖြစ်သို့ အသွင်ပြောင်းလဲ သွားခဲ့လေ၏။

ထို့နောက် အလွန်တရာမြန်ဆန်သည့် နှုန်းဖြင့် ရန်ကိုင့်ဆီသို့ တိုးဝင် သွားခဲ့လေသည်။

“နင် တကယ် စမ်းကြည့်ချင်တာ သေချာလား…” ရန်ကိုင်ကမူ နည်းနည်းလေးမှပင် မလှုပ်ပဲ မတ်တပ်သာ ရပ်နေခဲ့လေ၏။ ထို့နောက် အေးစက်စက် အမူအယာဖြင့် ပြောလိုက်လေ၏။

“ငါ ဘာလုပ်နိုင်လဲ နင် မြင်ပြီးသွားလို့ရှိရင် နင် ဆက်ပြီး ငြင်းနိုင်တော့မှာ မဟုတ်ဘူး”

ဟွာချင်းစီမှာမူ မည်သည့်စကားမျှ ပြန်မပြောခဲ့ပေ။ သူမ လက်ကွက်တစ်ခုဖန်တီးလိုက်ရာ သက်တန့်ရောင်တံတားသည် ရုတ်ချည်းကွဲထွက်သွားခဲ့ပြီး မရေမတွက်နိုင်သော ကြိုးများအဖြစ်သို့ ပြောင်းလဲ သွားခဲ့လေသည်။

ထိုကြိုးများသည် မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင့်၏ ခန္ဓာကိုယ်တစ်ခုလုံးအား တင်းတင်းကြပ်ကြပ် ချုပ်နှောင်ပစ်လိုက်လေ၏။

“ဟမ်…” ဟွာချင်းစီ ကြောင်သွားခဲ့လေသည်။ ရန်ကိုင့်အား ဤမျှ ကိုင်တွယ်ရ လွယ်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ “အဲ့လိုဆိုမှတော့…”

သို့သော်ငြား ဟွာချင်းစီအနေဖြင့် ကောင်းကောင်း မပျော်နိုင်သေးခင်မှာပင် ရန်ကိုင့်၏ အေးစက်စက် နှာခေါင်းရှုံ့သံကို ကြားလိုက်လေသည်။

“ကြည့်ရတာ နင် သေချာ ပြင်ဆင်ပြီးသွားပြီနဲ့ တူတယ်…”

ထိုစဉ် ရန်ကိုင့်၏ ပုံရိပ်မှာ ရုတ်ချည်း ဝေဝါးသွားခဲ့လေသည်။ ထိုနေရာတွင် အစကတည်းက မရှိတော့သည့်အလား သူ့အား တင်းတင်းကြပ်ကြပ် ချုပ်နှောင်ထားသော ဖဲကြိုးများမှာလည်း ရုတ်ချည်း ပြေကျ ကုန်လေ၏။

ရန်ကိုင် ထုတ်သုံးလိုက်သည်မှာ သူ၏ လျှို့ဝှက်ပညာရပ် တစ်ခုဖြစ်သော ဗလာနတ္ထိ ပညာရပ်ပင်ဖြစ်လေသည်။

“ဘယ်လိုဖြစ်သွားတာလဲ” ဟွာချင်းစီ၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲ သွားခဲ့လေ၏။

“လေဟာနယ် ပညာရပ်တစ်ခုခုကို တစ်ခါမှ မမြင်ဖူးဘူးလား” ရန်ကိုင့်၏ အသံ သူမ၏ ဘေးဘက်ဆီမှ ရုတ်တရက် ထွက်ပေါ် လာခဲ့လေသည်။

ဟွာချင်းစီ၏ အမူအယာ ပြောင်းလဲသွားခဲ့ပြီး ချက်ချင်း ဘေးဘက်သို့ လှည့်ကြည့်လိုက်ရာ လေထဲတွင် ဝဲလျက် သူမအား ရယ်ပြုံးပြုံးကာ စိုက်ကြည့်နေသော ရန်ကိုင့်ကို တွေ့လိုက်ရလေ၏။

“လေဟာနယ် ပညာရပ်…” ဟွာချင်းစီက မယုံကြည်နိုင်သည့် အမူအယာဖြင့် ပြန်အော်မေးလိုက်လေသည်။

“လဓါးသွား…” ရန်ကိုင်သည် သူ့လက်နှစ်ချောင်းအား လေပေါ်သို့ မြှောက်၍ ဟွာချင်းစီတည့်တည့်သို့ ချိန်ရွယ်လိုက်လေ၏။ ချက်ချင်းဆိုသလို ဟင်းလင်းပြင်ထဲ အနက်ရောင်ဓါးသွားများ ဖြစ်ပေါ်လာပြီး ဟွာချင်းစီဆီသို့ တိုးဝင်သွားကုန်ကြလေသည်။

ထို အနက်ရောင်ဓါးသွားများထဲ ကိန်းအောင်းနေသော ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားကို ခံစားမိလိုက်သော် ဟွာချင်းစီမှာ အနည်းငယ်မျှပင် နှေးကွေး မနေရဲခဲ့ပဲ ပြန်၍ အော်ပြောလိုက်လေ၏။

“လိပ်ပြာကကွက်…”

ဟွာချင်းစီ၏ တစ်ကိုယ်လုံးသည် ရောင်စုံအလင်းတန်း အဖြစ်သို့ ရုတ်ချည်း ပြောင်းလဲ သွားခဲ့လေသည်။ ထို့နောက် ထိုအလင်းမှာ ပေါက်ကွဲထွက်သွားခဲ့ကာ ရောင်စုံလိပ်ပြာများ အဖြစ်သို့ ပြောင်းလဲသွားကုန်ကြလေ၏။

“ဘုန်း… ဘုန်း… ဘုန်…”

ဓါးသွားများမှာ ထိုမရေမတွက်နိုင်သော လိပ်ပြာများနှင့် သွားရောက် တိုက်ခိုက်မိကုန်ကြလေ၏။

“ကြယ်ဖမ်းမြား…”

ဟွာချင်းစီသည် ကြယ်ဝိဉာဉ်နန်းတော်၏ တိုက်ကွက်တစ်ကွက်ဖြစ်သော လျှို့ဝှက်ပညာရပ်တစ်ခုကို ချက်ချင်း ထုတ်သုံးလိုက်လေ၏။

ဟွာချင်းစီမှ ထိုပညာရပ်ကို ထုတ်သုံးလိုက်သည်နှင့် တစ်ပြိုင်နက် ကြယ်အလင်းရောင်တို့သည် သူမ၏ ခန္ဓာကိုယ်မှ စိမ့်ထွက် လာကုန်ကြလေသည်။

ထိုကြယ်အလင်းများသည် ဟွာချင်းစီရှေ့တည့်တည့်၌ သွားရောက်စုဝေးကြကာ ဧရာမမြားတစ်ချောင်းအဖြစ်သို့ သိပ်သည်းသွားခဲ့လေ၏။

ခဏအကြာတွင် ထိုမြားမှာ တစ်ဆတ်ဆတ် တုန်ခါလာပြီးသည့်နောက် ရန်ကိုင့်တည့်တည့်ဆီသို့ တိုးဝင်သွားလေ၏။

“ဒီလောက်လေးနဲ့လား…” ရန်ကိုင်က အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ ထို့နောက် နိယာမစွမ်းအားကို သုံး၍ ကြယ်ဖမ်းမြားကို ဆုပ်ကိုင်ပစ်လိုက်ကာ တစ်စစီ ဖျက်ဆီးပစ်လိုက်လေ၏။

ထိုမြင်ကွင်းကို ကြည့်ရင်း ဟွာချင်းစီ ရင်တုန်သွားခဲ့လေသည်။ ရန်ကိုင် ချေမွပစ်လိုက်သည်မှာ ကြယ်ဖမ်းမြား မဟုတ်ဘဲ သူမ၏ နှလုံးဖြစ်သလို ခံစားလိုက်ရလေသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ကြောက်လန့်တကြားဖြင့်သာ ပြောနိုင်တော့လေသည်။ “ဘယ်လိုလုပ်ပြီးတော့လဲ…”

ရန်ကိုင်က ညစ်ကျယ်ကျယ်ပြုံးလျက် “ဒီလောကကြီးမှာ ဖြစ်ပေါ်လာတဲ့ ပညာရပ်တွေ အကုန်လုံးက လောကနိယာမတွေကနေ ဖန်တီးထားတာ… နင်သုံးလိုက်တဲ့ ကျင့်စဉ်ကလည်း လောကနိယာမစွမ်းအားကို သုံးပြီးတော့ပဲ လုပ်ထားတာ”

“ငါသာ နိယာမစွမ်းအားကို နားလည်နိုင်မယ်ဆိုရင် နင့်ရဲ့တိုက်ကွက်ကို အခုလိုမျိုး ဖျက်ဆီးပစ်ဖို့က အလွယ်လေးပဲ…”

ထိုစကားကို ကြားသည့်အခါ ဟွာချင်းစီ၏ နဖူးထက် ချွေးသီးများ ဝေ့သီလာခဲ့လေသည်။ သူမသည် တာအိုသခင် တတိယအဆင့် ပညာရှင်ဖြစ်ကာ ဧကရာဇ်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ ဝေးတော့လေသည်။

သူမလာခဲ့သည့် ကြယ်ဝိဉာဉ်နန်းတော်မှာလည်း သာမန် အင်အားစုလေးတစ်ခု မဟုတ်ပေ။ သူမဘဝတစ်လျှောက် ဤကဲ့သို့သော ထူးဆန်းသည့်စကားကို တစ်ကြိမ်တစ်ခါမျှပင် မကြားဖူး။

သို့သော်ငြား ရန်ကိုင်ပြောသည်ကို ကြားပြီးသည့်နောက် ဟွာချင်းစီ မျက်မှောင်ကျုံ့ကာ အတွေးနက်သွားခဲ့လေသည်။

All Chapters