အခန်း (၂၁၄၁-၂၁၄၅)
Vol. 86 Ch. 2141-2145
အပိုင်း (၂၁၄၁)
ဟွာချင်းစီမှာ မလှုပ်သလို ရန်ကိုင်ကလည်း မတိုက်ခိုက်ခဲ့ပေ။ နှစ်ယောက်စလုံး သူတို့၏ နေရာအသီးသီးတွင်သာ ရပ်နေကြလေ၏။
တစ်ခဏကြာသည့်အခါမှသာ ဟွာချင်းစီသည် သက်ပြင်းချ၍ ရန်ကိုင့်အား မော့ကြည့်လိုက်လေ၏။ သူမတွင် အခြားသော ဝှက်ဖဲများ ကျန်ရှိနေပေသေးသည်။
ဤကြယ်ဖမ်းမြားသည် သူမခွန်အား တစ်ဝက်လောက်ကိုသာ ကိုယ်စားပြုပေသည်။ ဤတိုက်ခိုက်မှုထဲ သူမ၏ ခွန်အားအကုန်အစင်ကို ထုတ်မသုံးခဲ့ပေ။ စမ်းသပ်မှု သက်သက်တစ်ခုသာ ဖြစ်သောကြောင့် ဤကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
သူမသည် ခွန်အားအကုန်အစင်ကို အသုံးမပြုခဲ့သလို ရန်ကိုင်သည်လည်း သူ့ခွန်အားအကုန်အစင်ကို အသုံးမပြုခဲ့ချေ။ နှစ်ယောက်စလုံးမှာ လက်ရည်စမ်းခြင်းသာ ဖြစ်သည့်အတွက် သူတို့၏ ဝှက်ဖဲအသီးသီးကို ထုတ်မသုံးခဲ့။
သူမ၏ စွမ်းအားအကုန်ကို ထုတ်သုံး၍ လက်ရှိ သူမရှေ့တွင် ရပ်နေသော ရန်ကိုင့်အား အနိုင်ယူနိုင်မည်ဆိုလျှင်ပင် နတ်ဆိုးဝင်စီးထားသော သူ၏ အခြားပုံစံကို သူမအနေဖြင့် မည်ကဲ့သို့များ အနိုင်ယူနိုင်ပါမည်နည်း။
ယခင်တစ်ကြိမ်က နတ်ဆိုးဝင်ပူးနေသော ရန်ကိုင်သည် သူမအား တိုက်ကွက်တစ်ကွက်ထဲဖြင့် ဖိနှိပ်နိုင်ခဲ့သည်။ ထိုအကြောင်းကို ပြန်တွေးမိလိုက်တိုင်း ဟွာချင်းစီစိတ်ထဲ ကြောက်လန့်မိနေဆဲပင်။
ထိုကဲ့သို့သော အလွန်ကြောက်မက်ဖွယ်ရာ ကောင်းသည့် စွမ်းအားကို သူမအနေဖြင့် မည်ကဲ့သို့များ ခုခံနိုင်ပါမည်နည်း။ ထို့ကြောင့် ရန်ကိုင့်၏ စွမ်းအားကို ဟွာချင်းစီ ထပ်မံ မစမ်းသပ်ချင်တော့ခြင်းပင် ဖြစ်လေသည်။
ရန်ကိုင်သည် တာအိုသခင် ပထမအဆင့်ပင် ဖြစ်လင့်ကစား သူမရှေ့တွင် တည်တည်ငြိမ်ငြိမ်ဖြင့် ရပ်နေနိုင်သည်။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် သူ့ခွန်အားအပေါ် မည်မျှ ယုံကြည်ချက်ရှိကြောင်း မြင်တွေ့နိုင်ပေသည်။
ထို့အပြင် ရန်ကိုင်သည် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသလို ကမ္ဘာငယ်လေးကဲ့သို့သော ဧကရာဇ်အဆင့် မှော်ရတနာတစ်ခုကိုလည်း ပိုင်ဆိုင်ထားသေး၏။
“ယုံသွားပြီလား” ဟွာချင်းစီ၏ အမူအယာကို စိုက်ကြည့်ရင်း ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် မေးလိုက်လေသည်။
ဟွာချင်းစီသည် နှုတ်ခမ်းလေးသာ ကွေးလိုက်ပြီး ဘာမျှ ပြန်မပြောခဲ့ပေ။
“အဲ့လို မျက်နှာကြီး လုပ်မနေစမ်းပါနဲ့… နင့်ပုံကြည့်ရတာ မသိရင် ငါက မိစ္ဆာတစ်ကောင် ကျနေတာပဲ…” ရန်ကိုင်က ရယ်မော၍ ဆက်ပြောလိုက်လေ၏။
“ဘာမှ ဒီလောက်ကြီး စိတ်ပူမနေနဲ့… နောင်နှစ်အနည်းငယ် ကြာသွားခဲ့လို့ရှိရင် နင်အခု လုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး နင်တကယ် ဝမ်းသာမိမှာ”
“နင်သာ အခုတစ်ကြိမ် အခွင့်အရေးကို လွဲသွားခဲ့လို့ရှိရင် နောက်ပိုင်း နင်ငါ့ရှေ့မှာ လာအော်ငိုပြီး တောင်းဆိုမယ်ဆိုရင်တောင် ငါနင့်ကို လက်ခံပေးတော့မှာ မဟုတ်ဘူး”
“တကယ်ကို အရှက်မရှိတဲ့ကောင်… အရှက်မရှိတဲ့ နေရာမှာတော့ နင်က တကယ့်ကို ပထမတန်းစားပဲ” ဟွာချင်းစီက ပြန်ပြောလိုက်လေသည်။
“ငါ အရှက် ရှိမရှိ စောင့်ကြည့်ကြတာပေါ့” ရန်ကိုင်က ပြုံးလျက် “ကဲ… လာပေတော့ အချိန်ဖြုန်းမနေတော့နဲ့… ငါ့မှာ အခြား လုပ်စရာ ကိစ္စတွေရှိသေးတယ်… နာနာခံခံလေးနဲ့ နင့်ရဲ့ ဝိဉာဉ်အမှတ်အသားကို ပေးလိုက်ပေတော့”
ဟွာချင်းစီလည်း သက်ပြင်းချကာ တင်ပလင်ခွေ ထိုင်ချလိုက်လေသည်။ ထို့နောက် မျက်လုံးပိတ်လျက် သူမ၏ ကောင်းကင်စိတ်အာရုံကို စတင် ထိန်းချုပ်တော့လေ၏။
ခဏအကြာတွင် ဟွာချင်းစီ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီလာပြီး ပြင်းထန်သည့် နာကျင်မှုကို ခံစားနေရသည့်အလား သူမ၏ မျက်နှာတစ်ပြင်လုံး ရှုံံ့မဲ့သွားခဲ့လေသည်။
သူမ၏ ဝိဉာဉ်အမှတ်အသားမှာ အသိစိတ်ပင်လယ်ထဲမှ ရုတ်ချည်း ပဲ့ထွက်ကာ ရန်ကိုင့်တည့်တည့်ဆီသို့ တိုးဝင်သွားလေ၏။
ရန်ကိုင်လည်း မျက်လုံးမှိတ်လျက် နာမ်ဝိဉာဉ်အသွင်ဖြင့် သူ့အသိစိတ်ပင်လယ်ထဲသို့ ဆင်းသွားကြည့်လိုက်လေသည်။ ထိုနေရာဆီသို့ အရောက်တွင် သူ့အသိစိတ်ပင်လယ်ထဲ၌ ဝဲနေသော ဝိဉာဉ်အမှတ်အသားတစ်ခုကို တွေ့ရှိလိုက်ရလေ၏။ ထိုဝိဉာဉ်အမှတ်အသားထဲတွင် ဟွာချင်းစီ၏ ဝိဉာဉ် ရှိနေပေသည်။
ရန်ကိုင်သည် လက်ကွက်အချို့ ဖန်တီးလိုက်လေသည်။ သူ့လက်ကွက်နှင့်အတူ သူ့အသိစိတ်ပင်လယ်တစ်ခုလုံးမှာ လှိုင်းထန်လာခဲ့လေ၏။
လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာပြီးသည့်နောက် ဟွာချင်းစီ၏ အသိစိတ်ပင်လယ်အား ကြမ်းကြုတ်သည့် သားရဲတစ်ကောင်နှယ် ဝါးမျိုသွားခဲ့လေသည်။
ထိုစဉ် ဟွာချင်းစီ၏ ခန္ဓာကိုယ် တစ်ဆတ်ဆတ် တုန်ရီသွားခဲ့လေ၏။ မျက်လုံး ပြန်ပွင့်လာပြီးသည့်နောက်တွင် ရန်ကိုင်က သူမအား ပြုံးလျက် စိုက်ကြည့်နေသည်ကို မြင်သော် ပြန်မေးလိုက်လေသည်။
“နင် ဘာကို ကြည့်နေတာလဲ…”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “နင်က တကယ်ဒေါသကြီးတာပဲ…”
“ဟမ့်…” ဟွာချင်းစီက မကျေမနပ်ဖြင့် နှာခေါင်းရှုံ့လိုက်ပြီးသည့်နောက် မသက်မသာ အမူအယာဖြင့် ပြောလိုက်လေ၏။
“ဒါမျိုးက နေရတာ တော်တော်လေး ထူးဆန်းတယ်”
ဤသည်မှာ သူမ၏ ဝိဉာဉ်အမှတ်အသားကို အခြားတစ်ဦးဆီသို့ ပထမဆုံးအကြိမ် ပေးခြင်း ဖြစ်ပေသည်။ သူမဝိဉာဉ်အမှတ်အသားကို ပေးလိုက်၍ သူမခန္ဓာကိုယ်အပေါ် မည်သည့် အကျိုးသက်ရောက်မှုမျှ မရှိသော်ငြား သူမစိတ်ထဲ အနည်းငယ် နေမထိ ထိုင်မထိ ဖြစ်နေပေ၏။
သူမဆီမှ အဖိုးတန်သည့် အရာတစ်ခုခု ထုတ်ယူသွားခြင်း ခံလိုက်ရသလို ခံစားနေရလေသည်။
“နောက်ပိုင်းကျရင် အသားကျသွားလိမ့်မယ်… စိတ်ပူမနေနဲ့… အခု ငါတို့က တစ်ဖွဲ့တည်း ဖြစ်သွားပြီဆိုတော့ နောက်ပိုင်း အချင်းချင်း တည့်အောင် နေကြတာပေါ့”
“အခုလိုပြောလိုက်လို့ ငါနင့်အပေါ် အကောင်းမြင်လာမယ် ထင်မနေနဲ့… ငါက အဖိနှိပ်ခံရပြီး နင့်ကျွန်ဖြစ်သွားတဲ့ လူတစ်ယောက်သက်သက်ပဲ” ဟွာချင်းစီက အေးစက်စက် အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။
“နင့်ဘာနင် ထင်ချင်သလိုထင်” ရန်ကိုင်က ပခုံးသာ တွန့်ပြလိုက်လေသည်။
“ငါ မေးဦးမလို့…” ဟွာချင်းစီက ဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်ပြီးနောက် ပြောလိုက်လေသည်။ “ဒီနေရာက ဘယ်နေရာကြီးလဲ… ဘာလို့ ဒီမှာ စိတ်ဝိဉာဉ်ချီပင်လယ် ရှိနေတာလဲ”
“ဒီတော့ စိတ်ဝိဉာဉ်ချီပင်လယ်ကို နင်သိနေတယ်ပေါ့” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလိုက်သည်။
“မသိစရာလား… စိတ်ဝိဉာဉ်ချီပင်လယ်တွေက ရှားတယ်ဆိုပေမဲ့ ကြယ်တာရာအစုအဝေးထဲမှာတော့ နည်းနည်းပါးပါး ရှိသေးတယ်… ငါတို့ ကြယ်ဝိဉာဉ်နန်းတော်မှာတောင် တစ်ခုရှိသေးတယ်…” ဟွာချင်းစီသည် ရန်ကိုင့်အား အထင်အမြင်တသေးဖြင့် စိုက်ကြည့်လိုက်လေသည်။
“ငါတို့ အခု ဥတုလေးမျိုးနယ်မြေထဲ ရောက်နေတာ…” ထိုစကားကို ကြားသည့်အခါ ဟွာချင်းစီ မင်သက်သွားခဲ့ပြီး အလန့်တကြား ပြန်မေးလိုက်လေသည်။
“ဘယ်လို ဥတုလေးမျိုးနယ်မြေလို့ နင်ပြောလိုက်တာလား”
“ဟုတ်တယ်…”
ဟွာချင်းစီ မျက်မှောင်ကျုံ့သွားခဲ့လေသည်။ သို့သော်ငြား ခဏအကြာတွင် တစ်ခုခုအား စဉ်းစားမိလိုက်သည့်အလား ပြန်ပြောလိုက်လေ၏။
“ဟုတ်သားပဲနော်… ပြန်ရေကြည့်လိုက်မယ်ဆိုရင် ဒီနေ့ကတကယ်ကို ဥတုလေးမျိုးနယ်မြေ ဖွင့်တဲ့နေ့ပဲ… ဒါနဲ့ နေပါဦး… နင် ဘယ်လိုလုပ်ပြီး ဥတုလေးမျိုးနယ်မြေထဲ ဝင်ခွင့် ရသွားတာလဲ… နင်တို့ မေပယ်မြို့က လူတွေက ဥတုလေးမျိုးနယ်မြေထဲ ဝင်ခွင့်မရပါဘူး”
“ကံကောင်းသွားတာလေ… ငါ ခု ဒီကို နေမင်းပြာကျောင်းတော်က လူတွေနဲ့ လာခဲ့တာ” ရန်ကိုင်က ပြန်ပြောလိုက်သည်။
“နေမင်းပြာကျောင်းတော်က ဘာလို့ နင့်ကို ဝင်ခွင့်ပေးရတာလဲ…” ဟွာချင်းစီက နားမလည်နိုင်ဟန်ဖြင့် “ဝင်ခွင့်နေရာ တစ်ခုစီတိုင်းက အရမ်းကို တန်ဖိုးကြီးတာကို”
“အဲ့လောက်ကြီး သိချင်မနေနဲ့… ငါ သူတို့ ဝင်ခွင့်နေရာတွေထဲက တစ်နေရာကို ယူလိုက်တယ်လို့ပဲ မှတ်ထားလိုက်”
“ယူလိုက်တာ…” ဟွာချင်းစီ၏ အမူအယာ ထူးဆန်းသွားခဲ့လေသည်။
စကားတပြောပြောဖြင့် လမ်းလျှောက်လာလိုက်လေရာ မကြာမီ သူတို့ရှေ့တွင် လမ်းခွတစ်ခု ပေါ်လာခဲ့လေသည်။ ရန်ကိုင်က ရပ်ရန် အချက်ပြလိုက်ပြီးသည့်နောက် ပြောလိုက်လေ၏။
“ဒီမှာ လမ်းခွဲကြတာပေါ့… ဒီနေရာမှာ အဖိုးတန် ရတနာတွေ အများကြီး ရှိရင်ရှိနေမာ… အဲ့တာတွေကို လက်လွှတ်လိုက်ရရင် တော်တော် နှမြောဖို့ ကောင်းမှာ”
“ဒါဆို ငါ အရင်ဆုံး ပြောထားမယ်… ငါရှာတွေ့လို့ ရှိခဲ့ရင်” အစောပိုင်းက စိတ်ဓာတ်ကျနေခဲ့သော်ပြား ယခုတွင်မူ ဟွာချင်းစီသည် ရန်ကိုင်နှင့် အပြန်အလှန် စတင်ငြင်းခုံ ပြောဆိုနေနိုင်ခဲ့လေသည်။
“နင် ရှာတွေ့ရင် နင့်အပိုင်… ငါနင့်ဆီက ယူမှာမဟုတ်ဘူး…” ရန်ကိုင်က ချက်ချင်း ပြန်ပြောလိုက်သည်။
“ငါ အဲ့ဒါကို စောင့်နေတာ…” ဟွာချင်းစီက ပြုံးလျက် ဘယ်ဘက်ဆီသို့ ထွက်သွားလေ၏။
“နှစ်ရက်… နှစ်ရက်ပဲ… နှစ်ရက်ကြာရင် ငါတို့ ဒီမှာ ပြန်ဆုံကြမယ်…” ရန်ကိုင်က လှမ်းအော်ပြောလိုက်လေသည်။
ဟွာချင်းစီသည် သူပြောသည်ကို ကြားမကြားတော့ သူမသိ။ သို့သော်ငြား မကြားလျှင်ပင် ကိစ္စမရှိချေ။ ဟွာချင်းစီ၏ ဝိဉာဉ်အမှတ်အသားမှာ သူ့ဆီသို့ ရောက်နေသည့်အတွက် သူမ၏ တည်နေရာကို သူအာရုံခံနိုင်ပေသည်။
သူတို့နှစ်ဦးကြား အရမ်းကြီး ဝေးကွာ မနေခဲ့လျှင် ဟွာချင်းစီ မည်သည့်နေရာ၌ ရှိနေသလဲ ဆိုသည်ကို ရန်ကိုင် သိနိုင်ပေသည်။
မကြာမီ ဟွာချင်းစီသည် ရန်ကိုင်၏ မြင်ကွင်းမှ လုံးဝပျောက်ကွယ် သွားခဲ့လေသည်။ ထိုအခါ ရန်ကိုင်လည်း ညာဘက်သို့ လျှောက်သွားလေ၏။
ယခုနေရာသည် ကျန်းရို့ရှီ ရှိနေသော နေရာနှင့် တော်တော်လေး ဝေးကွာပေသည်။ သို့တိုင် မိုးမြေစွမ်းအင်မှာတော့ အတော်လေးကိုမှ သိပ်သည်းနေသေး၏။
ထိုသို့ပင် ဖြစ်လင့်ကစား ကမ္ဘာငယ်လေးမှ အဆက်မပြတ် စုပ်ယူနေသည့်အတွက်ကြောင့် မိုးမြေစွမ်းအင်မှာ တဖြည်းဖြည်းနှင့် ကျဲပါးလာနေခဲ့လေသည်။
“စိတ်ဝိဉာဉ်ချီပင်လယ်တောင် ဖြစ်လာနိုင်တယ်ဆိုမှတော့ ဒီနေရာမှာ ကျိန်းသေ အဖိုးတန်ရတနာရှိလိမ့်မယ်” ရန်ကိုင်မှာ ညာဘက်သို့ ချိုးကွေ့ပြီး မကြာခင်မှာပင် နံရံပေါ်၌ သွေးသစ်ခွတစ်ပင်ကို တွေ့လိုက်ရလေသည်။
ထိုသွေးသစ်ခွမှာ တာအိုအလယ်အလတ်အဆင့် ဆေးပင်တစ်မျိုးသာ ဖြစ်သော်ငြား အလွန်ကိုမှ ရှားပါးသည့် ဆေးပင်စာရင်းထဲ ဝင်ပေသည်။ ဤသွေးသစ်ခွအား အမျိုးမျိုးသော ဆေးလုံးများ ဖော်စပ်ရာတွင် အဓိကဆေးအမယ်အဖြစ် အသုံးပြုကြသဖြင့် အတော်လေး အဖိုးတန်သည်ဟု ပြော၍ ရသည်။
ရန်ကိုင်သည် သွေးသစ်ခွကို နံရံပေါ်မှ သေသေချာချာ ခူးလိုက်ပြီးသည့်နောက် သေတ္တာတစ်လုံးထဲ ဂရုတစိုက် ထည့်သိမ်းလိုက်လေသည်။
သူ့အနေဖြင့် ဤဆေးပင်ကို ကမ္ဘာငယ်လေးထဲရှိ ဆေးဥယျာဉ်ထဲတွင် ပြန်စိုက်ပျိုးရပေလိမ့်မည်။ ဤဆေးပင်ကိုသာ ကမ္ဘာငယ်လေးထဲရှိ ဆေးဥယျာဉ်ထဲတွင် စိုက်ပျိုးလိုက်မည်ဆိုပါက ဆေးပင်၏ အာနိသင်မှာ သိသိသာသာကို တိုးတက်လာပေလိမ့်မည်။
နောက်ထပ်အချိန်အတောအတွင်း ရန်ကိုင်သည် အခြားသော အဖိုးတန်ရတနာများကို ထပ်မံတွေ့ရှိခဲ့လေသည်။ ဤနေရာ၏ သိပ်သည်းလှသော မိုးမြေစွမ်းအင်ကြောင့် အဖိုးတန်ဆေးပင်များစွာတို့သည် ဤနေရာ၌ ပေါက်ရောက်နေကြလေသည်။
ရန်ကိုင်ကဲ့သို့သော ဆေးပညာရှင်တစ်ဦးအတွက် ဤနေရာသည် ရတနာဂိုထောင် တစ်ခုနှင့်ပင် မခြားချေ။ သို့သော်ငြား မည်သည့် ဧကရာဇ်အဆင့် ဆေးပင်ကိုမှ ရှာမတွေ့သဖြင့် ရန်ကိုင့်စိတ်ထဲ အနည်းငယ်တော့ စိတ်ပျက်မိသွားသေး၏။
တာအိုသခင်အဆင့်နှင့် ဧကရာဇ်အဆင့်မှာ အဆင့်တစ်ဆင့်သာ ခြားသော်ငြား ဆေးအာနိသင်မှာတော့ သိသိသာသာကို ကွာခြားပေသည်။
ဧကရာဇ်အဆင့်ဆေးပင်များကို တိုက်ရိုက် စားသုံးလိုက်မည် ဆိုပါက ကျင့်ကြံသူများအား လောကနိယာမများကို နားလည်လာအောင် ကူညီပေးနိုင်ပေသည်။
ထို့အတွက်ကြောင့် ဧကရာဇ်အဆင့် ဆေးပင်များ၏ တန်ဖိုးမှာ တာအိုသခင်အဆင့် ဆေးပင်များထက် အဆပေါင်းများစွာ ပိုမို မြင့်မားကြပေသည်။
ဤလျှိုမြောင်မှာ တကယ်ကို အဆုံးမရှိပေ။ ရန်ကိုင်ကလည်း အလျင်လို မနေခဲ့။ ထို့ကြောင့် အေးအေးဆေးဆေးပင်သာ ဆေးပင်များကို ရှာဖွေနေခဲ့သည်။
နာရီပေါင်းများစွာကြာအောင် သွားပြီးသည့်တိုင် သူ့အနေဖြင့် လျှိုမြောင်၏အဆုံးကို မတွေ့ရသေးချေ။ ရှေ့ဆက်သွားရန် ပြင်ဆင်နေစဉ်မှာပင် သူ့စိတ်ထဲ နေမထိထိုင်မထိ ဖြစ်လာခဲ့လေသည်။
ဘာကြောင့်မှန်းမသိ သူ့စိတ်ထဲ တစ်ခုခု ဖြစ်တော့မလို ခံစားလိုက်ရသည်။ ထို့ကြောင့် မျက်မှောင်ကျုံ့လျက် နောက်သို့ ပြန်လှည့်ကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ့အမူအယာ ရုတ်ချည်း ပြောင်းလဲ သွားခဲ့လေသည်။
“သေချင်နေတာပဲ…” စကားဆုံးသွားသည်နှင့် တစ်ပြိုင်နက် သူ၏ လှေမှော်ရတနာကို ထုတ်ယူလိုက်ကာ ထိုထဲသို့ ဝင်၍ ချက်ချင်း ပြန်ပြေးလေသည်။
လျှိုမြောင်ထဲရှိ နေရာတစ်နေရာတွင် ကျန်းရို့ရှီသည် တင်ပလင်ခွေထိုင်ကာ မိုးမြေစွမ်းအင်များကို အဆက်မပြတ် စုပ်ယူနေခဲ့သည်။
ဤနေရာသို့ စရောက်စဉ်က ကျန်းရို့ရှီမှာ သူတော်စင်ဘုရင် ဒုတိယအဆင့်သာ ဖြစ်သော်ငြား တစ်ခဏမျှ ကြာပြီးသည့်နောက်တွင် သူတော်စင်ဘုရင် တတိယအဆင့်သို့ ရောက်လာခဲ့လေ၏။
သို့တိုင် အဆင့်တက်နေသည့် နှုန်းမှာ ထိုမျှနှင့်ပင် ရပ်သွားခြင်း မရှိပဲ တန်ခိုးရှင်အဆင့် အတားအဆီးဆီသို့ ဆက်လက် ချဉ်းကပ်သွားနေခဲ့လေသည်။
သူမနှင့် မလှမ်းမကမ်းတွင်မူ လျို့ယန်သည် ကမ္ဘာငယ်လေးကို ကိုင်၍ အေးစက်စက် အမူအယာဖြင့် ရပ်နေခဲ့လေ၏။
သူမတို့နှင့် မီတာပေါင်းများစွာ အကွာတွင် လူသုံးဦး ရပ်နေခဲ့လေသည်။ ထိုလူသုံးဦးသည် တူညီသော ဝတ်ရုံကို ဝတ်စားထားကြ၏။ သူတို့သုံးဦးမှာ တောင်ဘက်နယ်မြေထဲရှိ လမိစ္ဆာတောင်ကြားဟူသော ဂိုဏ်းတစ်ဂိုဏ်းမှ လူများ ဖြစ်ကြပေသည်။
လမိစ္ဆာတောင်ကြားနှင့် ငှက်မွေးပြာဂိုဏ်းသည် အတူတူလောက် ဖြစ်သည်ဟု ပြော၍ရသည်။ နှစ်ဂိုဏ်းစလုံးမှာ ထိပ်သီးအင်အားစုများ မဟုတ်ကြပဲ အင်အားစုငယ်လေးများသာ ဖြစ်ကြပေသည်။
ထိုလူသုံးဦးအနက် တစ်ဦးမှာ အသက်ကြီးကြီး လူကြီးတစ်ဦးဖြစ်ပြီး အခြားနှစ်ဦးမှာတော့ သက်လတ်ပိုင်းလူကြီးများ ဖြစ်ကြပေသည်။ အသက်ကြီးကြီးနှင့်လူမှာ တာအိုသခင် တတိယအဆင့် ပညာရှင်ဖြစ်ပြီး အခြားနှစ်ဦးမှာတော့ ဒုတိယအဆင့်များ ဖြစ်ကြ၏။
ပုံမှန်အားဖြင့် သူတို့သုံးဦးသည် ဤလျှိုမြောင်ထဲသို့ ဝင်လာလိမ့်မည် မဟုတ်ချေ။ လျှိုမြောင်မှာ အလွန်တရာကိုမှ မတ်စောက်လွန်းလှသလို အပေါ်မှ ကြည့်ကြည့်မည်ဆိုလျှင်လည်း အောက်ဘက်ကို လုံးဝ မမြင်ရချေ။
ထို့အပြင် ဤလျှိုမြောင်ထဲ၌ မည်ကဲ့သို့သော အန္တရာယ်များ ရှိနေသလဲ ဆိုသည်ကိုလည်း သူတို့မသိရ။ သူတို့၏ ခွန်အားမှာ ဤမျှ မြင့်မားခြင်း မရှိသည့် အတွက်ကြောင့် ဤလျှိုမြောင်ထဲသို့ ဝင်၍ မစွန့်စားလိုခြင်း ဖြစ်ပေသည်။
သို့သော်ငြား လျှိုမြောင်ပေါ်မှ ဖြတ်ပျံသွားစဉ် အောက်ဖက်ဆီမှ ပုံမှန်မဟုတ်သည့် စွမ်းအင်လှိုင်းများ ရုတ်တရက် ထွက်ပေါ်လာသည်ကို ခံစားလိုက်ကြရသည်။
ကမ္ဘာငယ်လေးသည် ဤနေရာရှိ မိုးမြေစွမ်းအင်များကို အရူးအမူး စုပ်ယူနေသည့်အတွက်ကြောင့် ဤကဲ့သို့သော စွမ်းအင်လှိုင်းများ ဖြစ်ပေါ်လာရခြင်း ဖြစ်လေသည်။
ထိုစွမ်းအင်လှိုင်းများ ဘာကြောင့် ထွက်ပေါ်လာရသလဲ သိချင်စိတ်ဖြင့် သူတို့သုံးဦးစလုံးမှာ ကြောက်စိတ်ကို ဘေးဖယ်၍ လျှိုမြောင်ထဲသို့ ဆင်းလာခဲ့ကြလေ၏။
ကံကောင်းထောက်မ၍ စွမ်းအင်လှိုင်းကို ဖြစ်ပေါ်စေသည့် အရာသည် ရတနာတစ်ခုခု ဖြစ်နေခဲ့လျှင် သူတို့ အချီကြီး ပွပေမည်။ သို့သော်ငြား လျှိုမြောင်အောက်တွင် အမျိုးသမီးနှစ်ဦး ရှိနေကြောင်း တွေ့လိုက်ရပြီးသည့်နောက် သူတို့ သုံးဦးစလုံး ကြောက်လန့်သွားခဲ့ကြလေသည်။
လျို့ယန်မှာတော့ အဆင်ပြေပေသေးသည်။ သူမကြည့်ရသည့်မှာ လူတစ်ဦးနှင့် သိပ်မတူသော်ငြား သူမ၏ ကျင့်ကြံခြင်းမှာတော့ တာအိုသခင် ပထမအဆင့် ဖြစ်နေသေး၏။
ထိုကျင့်ကြံခြင်းမှာ ဥတုလေးမျိုးနယ်မြေထဲသို့ ဝင်နိုင်သည့် လူများ၏ ကျင့်ကြံခြင်းနှင့် အတူတူပင်။ သူတို့ တကယ် အံ့အားသင့်သွားရသည့် အချက်မှာ အခြားမိန်းကလေးပင် ဖြစ်လေသည်။
ထိုမိန်းကလေးမှာ သူတော်စင်ဘုရင် တတိယအဆင့်သာ ရှိသေး၏။ ဥတုလေးမျိုးနယ်မြေထဲတွင် ဤကဲ့သို့သော မိန်းကလေးတစ်ဦး ပေါ်လာလိမ့်မည်ဟု မည်သူမျှ တွေးမိကြလိမ့်မည် မဟုတ်ပေ။
သူတို့ကိုယ်တိုင် မျက်လုံးဖြင့် တပ်အပ် မြင်လိုက်ရသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ဤကဲ့သို့သော မိန်းကလေးတစ်ဦး ဥတုလေးမျိုးနယ်မြေထဲ ရောက်နေသည်ဆိုသာ အချက်ကို မည်သို့မျှ ယုံနိုင်လိမ့်မည် မဟုတ်ချေ။
ထို့အပြင် သေချာ အနီးကပ် စစ်ဆေးကြည့်လိုက် ပြီးသည့်နောက် ထိုမိန်းကလေးမှာ ဤနေရာရှိ မိုးမြေစွမ်းအင်ကိုသုံး၍ ကျင့်ကြံနေခြင်း ဖြစ်ကြောင်း တွေ့ရှိလိုက်ရလေသည်။
“ဘာတွေ ဖြစ်နေတာလဲ…” လူသုံးဦးစလုံး နားမလည်နိုင်အောင် ဖြစ်သွားကြလေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၁၄၂)
“စီနီယာအစ်ကိုဟွာကု” သက်လတ်ပိုင်းလူကြီးတစ်ဦးသည် အသက်ကြီးကြီးလူကြီးဘက်သို့လှည့်၍ လေသံတိုးတိုးဖြင့် မေးလိုက်လေသည်။ “ဥတုလေးမျိုး နယ်မြေထဲမှာ ဘယ်လိုလုပ်ပြီး သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ယောက်ရှိနေရတာလဲ။ သူတို့ကိုကြည့်ရတာ ဂိုဏ်းကြီးကြီးတွေက တပည့်တစ်ယောက်ပဲဖြစ်ရလိမ့်မယ်”
အခြားသောသက်လတ်ပိုင်းလူကြီးတစ်ဦးက ရုတ်တရက် ဝင်ပြောလိုက်လေသည်။ထို့နောက် အံကြိတ်၍ မကျေမချမ်းလေသံဖြင့် “သူတို့လိုဂိုဏ်းကြီးမှာတော့ ဝင်ခွင့်နေရာတွေက တစ်ကယ်ကိုပေါသောနေတာပဲ။ ငါတို့ လမိစ္ဆာတောင်ကြားမှာတော့ နေရာသုံးခုပဲရတယ်။ အဲ့နေရာ သုံးခုကို ရဖို့တောင်ပေးလိုက်ရတာမနည်းဘူး။ ဒါပေမယ့် သူတို့တွေအတွက်ကတော့..ကြည့်စမ်း.. သူတော်စင်ဘုရင် အဆင့်ကျင့်ကြံသူတစ်ဦးအတွက်တောင် ဝင်ခွင့်တစ်နေရာ ပေးလိုက်သေးတယ်။ တစ်ကယ်ကို ဝင်ခွင့်တွေကို သုံးချင်သလိုသုံးနေတာ”
သက်လတ်ပိုင်းလူကြီးပြောသည်ကို ကြားပြီးသည့်နောက် ဟွာကုဆိုသည့်လူကခေါင်းငြိမ့်၍ ပြောလိုက်လေ၏။ “ဂျူနီယာညီလေး ကျိုးအန်းပြောတာ ယုတ္တိရှိတယ်။ အဲ့အမျိုးသမီးနှစ်ဦးက ဂိုဏ်းကြီးတွေကလူတွေဖြစ်လိမ့်မယ်။ မဟုတ်ရင် သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ယောက်ကို ဒီလိုနေရာမျိုးဆီ ဘယ်လိုမှဝင်ခွင့်ပေးနိုင်မှာ မဟုတ်ဘူး။ သူ့ကိုပဲကြည့်။ ကြည့်ရတာ အဆင့်ချိုးဖျက်ထားတာ မကြာသေးဘူးနဲ့တူတယ်။ ဒါပေမယ့်အခု တန်ခိုးရှင်ဘုရင် အဆင့်ကို ရောက်တော့မယ်”
ပြောနေစဉ်အတောအတွင်း ဟွာကု၏မျက်လုံးထဲ မနာလိုအားကျရိပ်တို့ ဖြတ်ပြေးသွားခဲ့လေသည်။ သူ့အဖို့ ဤကျင့်ကြံခြင်းအဆင့်သို့ ရောက်လာဖို့ရာ အမှန်တစ်ကယ်ကို မလွယ်ကူခဲ့ပေ။ သူကျင့်ကြံရန်အတွက် လိုအပ်သော အရင်းအမြစ်များကို ကိုယ်တိုင်ကိုယ်ကျရှာဖွေရသည်။
သို့သော်ငြား ဂိုဏ်းကြီးများမှတပည့်များမှာတော့ လုံးဝကို အေးအေးဆေးဆေးပင်။
သူတို့အဖို့ ခက်ခက်ခဲခဲ ကြိုးစားအားထုတ်ပြီးမှ ဤနေရာသို့ ဝင်နိုင်ခဲ့သော်ငြား ဂိုဏ်းကြီးများမှ တပည့်များကမူ ဥတုလေးမျိုးနယ်မြေကဲ့သို့သော သီးခြားကမ္ဘာငယ်များထဲသို့ အလွယ်တကူ ဝင်နိုင်ပေ၏။
ဤကဲ့သို့သော အခွင့်အရေးရှိနေသည့်အတွက်ကြောင့် သူတို့၏ကျင့်ကြံခြင်းမှာ ပို၍မြန်ဆန်လှပေသည်။
ထိုလူများနှင့် သူ့အခြေအနေကိုယှဉ်လိုက်မိသော် ဟွာကု အနည်းငယ်စိတ်တိုချင်လာခဲ့လေသည်။
အစောပိုင်းက စကားပြောလိုက်သော သတ်လတ်ပိုင်း လူကြီးက အနည်းငယ်ကြောက်လန့်ဟန်ဖြင့် ပြောလိုက်လေ ၏။ “ဂိုဏ်းကြီးကလူတွေဆိုလို့ရှိရင်တော့ ကျုပ်တို့သွားတာ ကောင်းလိမ့်မယ်။ တော်ကြာ နားလည်မှုတွေလွဲနေရင် ပြဿနာတက်လိမ့်မယ်”
“ချုံးလင် မင်းဘာတွေကြောက်နေတာလဲ” ကျိုးအန်း အမည်ရသော သတ်လက်ပိုင်းလူကြီးက ချုံးလင်အား စောင့်ကြည့်ရင်း အေးစက်စက်လေသံဖြင့် နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်။ “ဂိုဏ်းကြီးက လူတွေဆိုရင်တောင် သူတို့ကျင့်ကြံခြင်းက ဘယ်လောက်ရှိသေးလို့လဲ။ တာအိုသခင်ပထမအဆင့်နဲ့ သူတော်စင်ဘုရင် တတိယအဆင့်ပဲရှိသေးတာလေ။ နားလည်မှုလွဲတယ် ဆိုရင်တောင် သူတို့အခုခွန်အားနဲ့ ငါတို့ကို ဘာလုပ်နိုင်မှာမို့လို့လဲ”
“ငါကြောက်တယ်လို့ ဘယ်သူပြောလဲ” ချုံးလင်မှာ ရှက်ရှက်နှင့် ဒေါသထွက်လာပြီး ပြန်အော်ပြောလိုက်လေ၏။ “ငါ ပြဿနာမရှာချင်ရုံသက်သက်ပဲ”
“ဟမ့်.. သွေးကြောင်တဲ့ကောင်” ကျိုးအန်းက အေးစက်စက်အမူအရာဖြင့် အထင်မြင်တသေး နှာခေါင်းရှုံ့လိုက်လေသည်။
“အဲ့အမျိုးသမီးကိုင်ထားတဲ့အလုံးက အဆင့်မြင့် မှော်ရတနာတစ်ခုနဲ့တူတယ်” ဟွာကုသည် လျှို့ယန် လက်ထဲရှိ ကမ္ဘာငယ်လေးအား စိုက်ကြည့်ရင်း ရုတ်တရက် တိုးတိုးလေးပြောလိုက်လေသည်။
ကျိုးအန်း၏မျက်လုံးများ တဖျတ်ဖျတ်တောက်လာပြီး လေသံတိုးတိုးဖြင့် ပြန်မေးလိုက်လေ၏။ “စီနီယာအစ်ကို ဟွာကု ဘာပြောချင်နေတာလဲ”
ဟွာကု ဘာကြံနေသလဲဆိုသည်ကို နားလည်သွားသည့် နောက်တွင် ချုံးလင်၏အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့လေသည်။
ဟွာကုက ယဲ့ယဲ့လေးပြုံးလျက် “ငါတို့အခု လျှိုမြောင်ရဲ့ ဟိုးအောက်ခြေဆီရောက်နေတာ။ ပြီးရင် ဒီနေရာကို ဖြတ်သွားတဲ့လူကလည်း မရှိသလောက်ပဲ။ အဲ့ဒါအပြင်ကိုမှ သူတို့ခွန်အားက ငါတို့ထက်အများကြီးနိမ့်တယ်။ အဲ့ဒါကို အခုလိုမျိုးအဆင့်မြင့်မှော်ရတနာတစ်ခုကို ရထားတာဆိုတော့”
ထိုစကားကိုကြားသည့်အခါ ဟွာကု ဘာကြံနေသလဲ ဆိုသည်ကို ကျိုးအန်းနားလည်သွားခဲ့ပြီးပြုံးလျက် “ကျုပ် အဲ့ဂိုဏ်းကြီးကကောင်တွေလုပ်တာကို ကြည့်မရတာ တော်တော်လေးကြာနေပြီ။ ဘာတဲ့.. သူတို့မှာ အားကောင်းတဲ့နောက်ခံရှိရုံနဲ့ လုပ်ချင်တိုင်းလုပ်လို့ရပြီ ထင်နေတာ။ အမြဲတမ်းပဲ သူတို့ဘယ်လောက်တော်ကြောင်း ဘယ်လောက်ကောင်းကြောင်း၊ ဘယ်လိုမှော်ရတနာတွေကို ပိုင်ဆိုင်ထားကြောင်း လိုက်လိုက်ပြီးကြွားနေတာ။ အဲ့တော့ ဘာဖြစ်လဲ။ စီနီယာအစ်ကိုဟွာကု ဘာလုပ်ချင်နေတာလဲ ပြောသာပြောလိုက်။ ကျုပ် စီနီယာအစ်ကိုပြောတဲ့အတိုင်း လိုက်လုပ်မယ်”
ထိုစဉ် ချုံးလင်က တုန်တုန်ရီရီလေသံဖြင့် သတိပေးလိုက်လေသည်။ “ဒီမှာဖြစ်သွားတာကိုတာ သူတို့ဂိုဏ်းရှာတွေ့သွားခဲ့လို့ရှိရင် ငါတို့တင်မဟုတ်ဘူး။ လမိစ္ဆာတောင်ကြားပါ ဒုက္ခရောက်မှာနော်”
ကျိုးအန်းက ချုံးလင်အား အေးစက်စွာစိုက်ကြည့်၍ “မင်းကြောက်နေရင် ထွက်သွားလိုက်တော့။ လေကုန်ခံပြီး ငါတို့ကို နားငြီးအောင်လာမလုပ်နဲ့။ ဒါပေမယ့် ငါကြိုပြောထားလိုက်မယ်။ မင်းအခုနေ ထွက်သွားလို့ ငါတို့ အဖိုးတန်မှော်ရတနာတွေ အရင်းအမြစ်ကျောက်တွေ ရလာလို့ရှိရင် ငါမင်းကို လုံးဝခွဲပေးမှာမဟုတ်ဘူးနော်။ အဲ့အမျိုးသမီးနှစ်ဦးက ဂိုဏ်းကြီးကဆိုတော့ သူတို့မှာ ကျိန်းသေ အဖိုးတန်ရတနာတွေရှိနေမှာ”
ထိုစကားကိုကြားသည့်အခါ ချုံးလင် တံတွေးတစ်လုပ် မျိုချပြီး သူ့မျက်လုံးထဲ လောဘမီးတောက်တို့ လောင်မြိုက်လာခဲ့လေသည်။
တစ်ခဏတာကြာမျှ တိတ်ဆိတ်သွားပြီးသည့်နောက်တွင် အံကြိတ်၍ သဘောတူလိုက်လေ၏။ “ကောင်းပြီလေ။ စီနီယာအစ်ကိုတို့နှစ်ယောက်လုပ်တဲ့အတိုင်း လိုက်လုပ်ရတာပေါ့”
“အဲ့ဒါမျိုးမှပေါ့” ချုံးလင် သဘောတူလိုက်သည်ကို မြင်သည့်အခါ ကျုံးအန်း ပြုံးသွားခဲ့လေသည်။
“မင်းတို့အမှိုက်ထုပ် သုံးကောင်” ခပ်လှမ်းလှမ်းတွင် ရှိနေသော လျှို့ယန်သည် သူတို့အား အေးစက်စွာ စိုက်ကြည့်ရင်း ရုတ်တရက်ပြောလိုက်လေသည်။
သူမပြောလိုက်သည့်စကားကို ကြားလိုက်သည့်နောက် လမိစ္ဆာတောင်ကြားမှ အဖွဲ့သားသုံးဦးစလုံး မျက်ခုံးပင့်သွားခဲ့လေ၏။
“နင်တို့ ဘာတွေပွစိပွစိ လုပ်နေကြတာလဲ”
ဟွာကုမှာ သူ့ဒေါသစိတ်ကိုမြိုသိပ်ထားရင်း ပြန်ပြောလိုက်လေ၏။ “ဒီလျှိုမြောင်အောက်ခြေမှာ စွမ်းအင်လှိုင်းတွေဖြာထွက်နေလို့ ဘာတွေဖြစ်နေသလဲ လာစစ်ဆေးကြည့်တာ။ ဒီနေရာမှာ မိန်ကလေးနှစ်ယောက် ရှိနေမယ်လို့ မထင်ထားဘူး”
“အဲ့ဒါပဲလား” လျှို့ယန်က အေးစက်စက်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။
“ဟုတ်တယ် အဲ့ဒါပဲ” ဟွာကုက ပြန်ပြောလိုက်သည်။
“အဲ့ဒါပဲဆိုရင် ဘာလို့ထွက်မသွားသေးတာလဲ” လျှို့ယန်သည် တစ်ဖက်လူအား အနည်းငယ်မျှပင် မျက်နှာသာမပေးဘဲ ခပ်ပြတ်ပြတ်လေသံဖြင့်သာ ပြောချလိုက်လေသည်။
သူမ၏ပြောပုံဆိုပုံကို ကြည့်ပြီးသည့်နောက် လျှို့ယန်သည် ဂိုဏ်းကြီးတစ်ဂိုဏ်းမှလာသည်ဟု လမိစ္ဆာ တောင်ကြားမှ လူသုံးဦးစလုံး ပို၍ယုံကြည်သွားခဲ့လေ၏။
ဂိုဏ်းကြီးများမှ တပည့်များသည်သာ ထိုကဲ့သို့ မောက်မာဝံ့ကြွားကြလေသည်။ သူတို့ထက်ပိုအားကောင်းသည့် လူရှေ့တွင်ပင် နှိမ့်ချခြင်းမရှိ။ ဟန်ပန်တစ်ခွဲသားဖြင့်သာ ပြုမူကြသည်။
ဟွာကုမှာ စိတ်ထဲဒေါသထွက်မိသော်ငြား အတတ်နိုင်ဆုံးပြုံးထားရင်း ဆက်မေးလိုက်လေသည်။ “ခင်ဗျား ဘယ်ဂိုဏ်းကလာလဲ သိလို့ရမလား”
“အဲ့ဒါ နင်သိပြီးဘာလုပ်ဖို့လဲ” လျှို့ယန်က အေးစက်စက်အမူအယာဖြင့် ပြန်ပြောလိုက်လေ၏။
“အဲ့လိုမျိုးလေသံမာမာမလုပ်နဲ့လေ” ဟွာကုက ယဲ့ယဲ့လေးပြုံးလျက် “ကျုပ်အမြင်အရဆိုရင် ခင်ဗျားတို့ နှစ်ဦးက ဂိုဏ်းကြီးတွေထဲက ဂိုဏ်းကြီးတစ်ဂိုဏ်းက လာတာပဲဖြစ်ရလိမ့်မယ်။ ကျုပ်က လမိစ္ဆာတောင်ကြားက လာတာ။ ကျုပ်တို့လမိစ္ဆာတောင်ကြားက ဂိုဏ်းကြီးတွေ တော်တော်များများနဲ့ အဆက်အသွယ်ရှိတယ်။ အဲ့ဂိုဏ်းကြီးတွေနဲ့လည်း တော်တော်လေးရင်းနှီးတယ်လို့ ပြောလို့ရတယ်။ ခင်ဗျားတို့နှစ်ယောက် အလုပ်ရှုပ်နေတာကို လာနှောက်ယှက်မိလိုက်သလို ဖြစ်သွားခဲ့တယ်ဆိုပေမယ့် အခုလိုမျိုးတွေ့ဆုံရတာကို ဘာဖြစ်လို့ ကံကြမ္မာရေစက်လို့ပဲ သဘောမထားလိုက်တာလဲ”
တစ်ခဏမျှရပ်ပြီးသည့်နောက် ကျန်းရို့ရှီအား စိုက်ကြည့်ရင်းဆက်ပြောလိုက်လေ၏။ “ပြီးတော့ ဒီမိန်းကလေးကိုကြည့်အုံး။ သူ့ကြည့်ရတာ နောက်တစ်ဆင့်ကို ချိုးဖျက်တော့မယ့်ပုံပဲ။ အဲ့လိုသာ အဆင့်ချိုးဖျက်မယ်ဆိုရင် မိုးမြေစွမ်းအင်တွေက ကသောင်းကနင်းဖြစ်ကုန်မှာ။ အကယ်၍ ဒီနားမှာသာ မွန်းစတားသားရဲတစ်ကောင်ကောင် ရှိနေခဲ့မယ်ဆိုလို့ရှိရင် ဒီစွမ်းအင်လှိုင်းတွေကို သတိထားမိသွားခဲ့လို့ရှိရင် လုံးဝကို ပြဿနာတက်မှာ။ နင့်ခွန်အားနဲ့ အားကောင်းတဲ့ မွန်းစတားသားရဲတွေ အများကြီးသာ ရောက်လာခဲ့မယ်ဆိုရင် ဘယ်လိုလုပ်ပြီး တားထားနိုင်မှာလဲ”
ပြောပြီးသည့်နောက်တွင် တစ်ချက်မျှရပ်ပြီးနောက် ဆက်၍ ပြောလိုက်လေ၏။ “ငါတို့က အရမ်းအားကောင်းတဲ့ အထဲမပါပေမယ့် အဆင်ပြေလို့ရှိရင် ငါနင်တို့ကို ကာကွယ်ပေးလို့ရတယ်”
ကျိုးအန်းကလည်း ခေါင်းငြိမ့်၍ ဆက်ပြောလိုက်လေ သည်။ “ဟုတ်တယ် ငါတို့ နင်တို့ကိုကာကွယ်ပေးလို့ရတယ်။ မွန်းစတားသားရဲတစ်ကောင်ကောင် ရောက်လာမယ် ဆိုရင်တောင် ဘာမှကြောက်နေစရာမလိုဘူး”
ထိုအချိန်အတောအတွင်း ချုံးလင်မှာမူ တိတ်သာ တိတ်နေခဲ့လေသည်။
လျှို့ယန်က အေးစက်စက်အမူအယာဖြင့် ရယ်မောလျက် “နင်တို့အမှိုက်သုံးကောင်ကလား။ စိတ်ပူမနေနဲ့။ မွန်းစတားသားရဲတစ်ကောင်ကောင် ပေါ်လာတယ်ဆိုရင်တောင် နင်တို့ဘာမှပြန်တိုက်နိုင်မှာ မဟုတ်ဘူး”
“မိန်းကလေးရဲ့စကားက တစ်ကယ်ကိုကြမ်းတာပဲ” ဟွာချင်းစီသည် သူ့ရင်ဘတ်ကို လက်ဖြင့်အုပ်ရင်း မှုန်သုန်သုန်အမူအယာဖြင့် ပြောလိုက်လေသည်။ “ကျုပ်တို့က စေတနာနဲ့ကူညီပေးချင်တာလေ။ မိန်းကလေး ကျုပ်တို့ စေတနာကို လက်မခံဘူးဆိုရင်တောင် အခုလို ရိုင်းရိုင်းစိုင်းစိုင်း ပြန်ပြောစရာလိုလို့လား”
“ဟုတ်တယ် ငါတို့လမိစ္ဆာတောင်ကြားက နင့်ရဲ့ဂိုဏ်းလို ဂိုဏ်းကြီးတစ်ဂိုဏ်းမဟုတ်ပေမယ့် နင်တို့စော်ကားချင်တိုင်း စော်ကားလို့ရတဲ့ဂိုဏ်းတစ်ဂိုဏ်းလည်းမဟုတ်ဘူး” ကျိုးအန်းကလည်း ဝင်ပြောလိုက်လေ၏။
“ယောက်ျားဖြစ်ပြီး ဘာတွေဝေ့လည်ကြောင်ပတ် လုပ်နေတာလဲ။ ပြောချင်ရင်တည့်တိုးပြောချလိုက်စမ်းပါ။ နင်တို့ ငါ့လက်ထဲကမှော်ရတနာကိုလိုချင်နေတာမလား” လျှို့ယန်သည် ထိုသို့ပြောပြီးသည့်နောက်တွင် ကမ္ဘာငယ်လေးအား ကိုင်ထားသည့် သူမလက်ကို မြှောက်ပြလိုက်ပြီးသည့်နောက် “လိုချင်ရင် လာယူလေ။ ဘာတွေကာကွယ်ပေးမယ် ညာပေးမယ်လုပ်နေတာလဲ”
ထိုစကားကြားသည့်အခါ ဟွာကုနှင့်အခြားသူများ၏ အမူအယာပြောင်းလဲသွားခဲ့လေသည်။
“စီနီယာအစ်ကို” ကျိုးအန်းသည် ဟွာကုဆီသို့ လှမ်းကြည့်လိုက်လေ၏။
ဟွာကုသည် ခဏမျှစဉ်းစားနေပြီးသည့်နောက် လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်လေ၏။ “ငါတို့ သူတို့ကို ဒီလောက်ဝိုင်းထားတာကြာနေတာတောင် အခြားဘယ်သူမှ ထွက်လာတာ မတွေ့ရသေးဘူး။ ကြည့်ရတာ ဒီနေရာမှာ သူတို့နှစ်ယောက်တည်း ရောက်နေတာနဲ့တူတယ်”
“ဒါဆိုရင်တော့ ကျုပ်တို့ကံကောင်းပြီ” ကျိုးအန်းက စိတ်လှုပ်ရှားနေသည့်အမူအယာဖြင့် နှုတ်ခမ်းကို သပ်လိုက်လေ၏။
သူတို့၏ရည်ရွယ်ချက်ကို ဖုံးကွယ်နေရန် ကြိုးစားမနေတော့ဘဲ လျှို့ယန်ဘက်သို့လှည့်၍ ခက်ထန်သည့် အမူအယာဖြင့် ပြောလိုက်လေသည်။ “ကောင်မလေး နင့်ကိုအနိုင်ယူပြီး နင့်အဝတ်တွေ အကုန်လုံးကို ချွတ်ချပစ်လိုက်တော့မှ ငိုယိုပြီးတောင်းပန်ဖို့ မကြိုးစားတော့နဲ့”
သူ့တွင် လျှို့ယန်အား ထိုကဲ့သို့လုပ်ပစ်ချင်စိတ် မရှိပေ။ သူ၏မူလရည်ရွယ်ချက်မှာ သူမဆီမှ အဖိုးတန်ရတနာများကို ယူချင်ရုံသာဖြစ်လေသည်။
သို့သော်ငြား လျှို့ယန်၏ပြုမူပြောဆိုပုံကို ကြားပြီးသည့်နောက်တွင် သူ့စိတ်ထဲ ထိုကဲ့သို့သော အမုန်းတရားတို့ ထွက်ပေါ်လာခဲ့လေ၏။
လက်ရှိတွင် သူ့အနေဖြင့် သူမ၏မှော်ရတနာကို လုယူချင်ရုံသာမက သူမ၏မာနတရားကိုပါ ဖျက်ဆီးပစ်ချင်နေပေသည်။
ယခင်က သူမော်ပင်မကြည့်ရဲသည့် ဂိုဏ်းကြီးတစ်ဂိုဏ်းမှ ဤကဲ့သို့သော မိန်းမလှလေးတစ်ဦးအား ဗလက္ကာယ ပြုကျင့်ရမည်ဆိုသည့်အကြောင်းကို စဉ်းစားလိုက်ရုံဖြင့် ကျိုးအန်း၏သွေးများ ဆူပွက်လာခဲ့လေ၏။
“လုပ်လိုက်တော့” ဟွာကုက တိုးတိုးလေး အော်ပြောလိုက်သည်။
ချက်ချင်းဆိုသလို လမိစ္ဆာတောင်ကြားမှ ကျင့်ကြံသူ သုံးဦးစလုံး သူတို့၏သူတော်စင်ချီကို လှည့်ပတ်ကြလိုက်လေ သည်။
လျှို့ယန်၏ကျင့်ကြံခြင်းမှာ သူတို့ထက် တစ်ဆင့် နိမ့်ကျသည့်တိုင် သုံးဦးစလုံးမှာ အနည်းငယ်မျှပင် သတိလက်လွတ်မနေရဲကြပေ။ သူတို့၏ခွန်အား အကုန်အစင်ကို ထုတ်သုံးလိုက်ကြလေ၏။
လမိစ္ဆာတောင်ကြားအဖွဲ့သားသုံးဦး၏ခေါင်းဆောင် ဖြစ်သော လူအိုကြီးသည် ပါးစပ်ကိုဟလျက် ခေါင်းလောင်း တစ်ခုကို ထွေးထုတ်လိုက်လေသည်။
ခေါင်းလောင်းထဲသို့ အရင်းအမြစ်ချီစီးဝင်သွားသည်နှင့် တစ်ပြိုင်နက် ခေါင်းလောင်း၏အရွယ်အစားမှာ တဖြေးဖြေး ကြီးထွားလာခဲ့လေ၏။
ဤခေါင်းလောင်းမှာ အကာအကွယ်မှော်ရတနာတစ်ခု ဖြစ်သော်ငြား ဟွာကုမှ ဤခေါင်းလောင်းကို ထုတ်ယူလိုက်ရခြင်းမှာ သူ့ကိုယ်သူကာကွယ်ရန်အတွက် မဟုတ်ဘဲ ကျန်းရို့ရှီကို ဖမ်းရန်အတွက်သာဖြစ်ပေသည်။
သူ၏ပစ်မှတ်မှာရိုးရှင်းပေသည်။ လျှို့ယန် မည်မျှပင် အားကောင်းနေစေကာမူ ကျန်းရို့ရှီသည် သူတော်စင်ဘုရင် တတိယအဆင့်ကျင့်ကြံသူတစ်ဦးသာဖြစ်ပေ၏။ ထိုကျင့်ကြံခြင်းလောက်ဖြင့် သူတို့အား မည်သို့မျှ ခုခံကာကွယ်နိုင်လိမ့်မည်မဟုတ်ချေ။
သူသာကျန်းရို့ရှီအား ဖမ်းနိုင်မည်ဆိုပါက လျှို့ယန်အနေဖြင့် သူတို့အား ဘာပြန်လုပ်နိုင်အုံးမည်နည်း။
ထို့ကြောင့် စတင်တိုက်ခိုက်ရန် ကြိုးစားလိုက်သည်နှင့် ကျန်းရို့ရှီအား ဖမ်းဆီးရေးကိုသာ ဦးတည်ထားလိုက်လေ သည်။
သို့သော်ငြား သူ့ခေါင်းလောင်းမှ ကျန်းရို့ရှီအား ဖုံးအုပ်သွားတော့မည့်အချိန်မှာပင် လျှို့ယန်က အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေ၏။ “အိပ်မက် မက်နေလိုက်”
ချက်ချင်းပဲ သူမလက်ကိုမြှောက်၍ သုံးမီတာအရှည်ခန့် ရှိသော အနက်ရောင်ငှက်မွှေးတောင်တစ်ချောင်းကို ကျန်းရို့ရှီဘေးဆီသို့ ပစ်ထည့်လိုက်လေသည်။
ထိုငှက်မွှေးတောင်သည် အကာအကွယ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီးသည့်နောက် ကျန်းရို့ရှီတစ်ကိုယ်လုံးအား လွှမ်းခြုံသွားခဲ့လေသည်။
ထိုငှက်မွှေးတောင် အကာအကွယ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်နှင့်တစ်ပြိုင်နက် ဤလောကကြီးနှင့် လားလားမျှမသက်ဆိုင်သည်ဟု ထင်မှတ်ရသော ဖိအားတစ်ရပ် ရုတ်တရက် သက်ဆင်းလာခဲ့လေသည်။
ထိုဖိအားကို ခံစားမိလိုက်သည့်နောက် လမိစ္ဆာတောင်ကြားမှ ကျင့်ကြံသူသုံးဦးစလုံး၏မျက်နှာ ကြောက်ရွံ့မှုကြောင့် သွေးဆုတ်ဖြူလျော်သွားကုန်ကြလေ၏။
ထိုငှက်မွှေးထဲ အလွန်တရာကိုမှ ခြောက်ခြားဖွယ် ကောင်းလှသော စိတ်ဆန္ဒတစ်ခုကိန်းအောင်းနေသလို သူတို့သုံးဦးစလုံး ခံစားလိုက်ကြရသည်။
ထိုစိတ်ဆန္ဒကို ခံစားမိလိုက်သည့်နောက်တွင် သုံးဦးစလုံး၏နဖူးထက် ချွေးသီးချွေးပေါက်များ စီးကျလာကုန်ကြလေ၏။
“ဘာကြီးလဲ” ဟွာကုသည် ကျန်းရို့ရှီအား လွှမ်းခြုံထားသော အနက်ရောင်မီးတောက်အကာအကွယ်အား မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေ၏။
ထိုအကာအကွယ်ဆီမှ ထွက်ပေါ်နေသည့် ခြစ်ခြစ်တောက်ပူလောင်သည့်စွမ်းအားမှာ အရာအားလုံးကို လောင်ကျွမ်းပြာချပစ်နိုင်သလို သူ့အားခံစားနေရစေ၏။
ဟွာကုထုတ်ယူလိုက်သည့် ခေါင်းလောင်းမှော်ရတနာမှာ အနက်ရောင်မီးတောက်နှင့် မတွေ့သေးခင်မှာပင် ၎င်းဆီမှဖြာထွက်လာသည့် အပူစွမ်းအားကြောင့် ခေါင်းလောင်းမျက်နှာပြင်ပေါ်ရှိ အမှတ်အသားတစ်ခု အရည်ပျော်သွားရလေ၏။
ပိုဆိုးသည်မှာ မီးတောက်နှင့် သွားထိလိုက်သည့်အခိုက် ခေါင်းလောင်းတစ်ခုလုံး မီးစွဲသွားခြင်းပင်။
ထိုမီးတောက်မှာ ပျောက်ကွယ်သွားခြင်းမရှိဘဲ ခေါင်းလောင်းကို အဆက်မပြတ်လောင်ကျွမ်းပစ်နေလေ၏။
“နတ်သားရဲရဲ့အရှိန်အဝါ” ဟွာကု ကြောက်လန့်တကြား ထအော်လေသည်။
ဟွာကုသည် တာအိုသခင်တတိယအဆင့်ကျင့်ကြံသူ တစ်ဦးဖြစ်သည်။ သူ့ဘဝတွင် နတ်သားရဲတစ်ကောင်ကို တစ်ကြိမ်တစ်ခါမှ မြင်ဖူးခြင်းမရှိသည့်တိုင် သူ့အတွေ့အကြုံအရ ဤမီးတောက်မှ ဖြာထွက်နေသည့် အရှိန်အဝါမှာ နတ်သားရဲ တစ်ကောင်၏အရှိန်အဝါမှန်း ပြောနိုင်ပေသည်။
လက်ရှိသူတို့ရင်ဆိုင်နေရသည့်ဖိအားမှာ သက်ရှိများထဲ ကြောက်မက်ဖွယ်ရာအကောင်းဆုံးထဲတွင် ပါဝင်သည့် သက်ရှိတစ်မျိုးဖြစ်သော နတ်သားရဲတစ်ကောင်မှ ဖြာထွက်နေသည့်ဖိအားဖြစ်ပေသည်။
ဟွာကု၏ခန့်မှန်းချက်မှာ အမှန်တရားနှင့် သိပ်မကွာချေ။ လျှို့ယန်ပစ်လွှတ်လိုက်သော အနက်ရောင်ငှက်မွှေးသည် ကြည်လင်ကျောက်စိမ်းတောင်တွင် ရန်ကိုင်ကောက်ရခဲ့သော နတ်သားရဲဖြစ်သည့် ယွမ်ဖုန်း၏ငှက်မွှေးမှလွဲ၍ အခြားမဟုတ်ပေ။
ရန်ကိုင်သည် ထိုယွမ်ဖုန်းငှက်မွှေးအား လျှို့ယန်အား ပေးခဲ့သည်။
အချိန်များစွာယူ၍ ထိုငှက်မွှေးကိုသန့်စင်ပြီးသည့် နောက်တွင် လျှို့ယန်သည် ထိုငှက်မွှေးဆီမှ နတ်သားရဲ တစ်ကောင်၏စွမ်းအားအချို့ကို ရယူနိုင်ခဲ့လေ၏။
လျှို့ယန်ရရှိလိုက်သော နတ်သားရဲ၏စွမ်းအားမှာ အားနည်းသည့်တိုင် ထိုစွမ်းအားမှာ တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦး ယှဉ်ပြိုင်နိုင်သည့်အရာမဟုတ်ပေ။
ထိုအကြောင်းကြောင့်ပင်လျှင် ထိုလူသုံးဦးကို လျှို့ယန်မကြောက်ခြင်းပင်ဖြစ်သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၁၄၃)
လမိစ္ဆာတောင်ကြားမှ လူသုံးဦး မလှုပ်ရှားစဉ်ကတည်းက လျို့ယန်သည် သူမလုပ်ရမည့် အရာကို ကြိုစဉ်းစား ထားခဲ့သည်။ သူမအနေဖြင့် လွတ်လွတ်လပ်လပ် တိုက်ခိုက်ချင်သည် ဆိုပါက ကျန်းရို့ရှီအား အန္တရာယ်ကင်းအောင် ထားရပေလိမ့်မည်။
ထို့ကြောင့် လမိစ္ဆာတောင်ကြားမှ လူသုံးဦး လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် နတ်သားရဲ၏ ငှက်မွေးကို ထုတ်သုံးကာ ကျန်းရို့ရှီ၏ ပတ်လည်၌ အကာအကွယ်တစ်ခု ဖန်တီးပေးထားလိုက်ခြင်း ဖြစ်ပေသည်။
ထို့နောက် သူမကိုယ်သူမ မီးငှက်အသွင်သို့ ပြောင်းလဲ ပစ်လိုက်လေ၏။
စူးရှသည့် ငှက်အော်သံ ထွက်ပေါ်လာသဖြင့် မော့ကြည့်လိုက်ရာ တစ်ကိုယ်လုံး မီးတောက်မီးလျှံများ လွှမ်းခြုံနေပြီး မီတာပေါင်းများစွာ ရှည်လျားသော ထူးဆန်းသည့် ငှက်တစ်ကောင် လမိစ္ဆာတောင်ကြားမှ လူသုံးဦး မြင်တွေ့လိုက်ရလေသည်။
မီးငှက်ကိုယ်ပေါ်တွင် မီးတောက်မီးလျှံများစွာတင် မဟုတ်ပဲ လျှပ်ပန်းလျှပ်နွယ်တို့လည်း ယှက်ဖြာနေခဲ့လေ၏။
“သူက လူမဟုတ်ဘူး…” ကျိုးအန်းက ထအော်လိုက်လေသည်။
ယခုမှပဲ လျို့ယန်ကို မြင်စဉ်က သူမအား ကြည့်ရသည်မှာ အနည်းငယ် ထူးခြားနေသည်ဟု ဘာကြောင့် ခံစားနေရသလဲ ဆိုသည်ကို ကျိုးအန်း နားလည်သွားတော့သည်။ အဖြစ်မှန်မှာ လျို့ယန်သည် လူမဟုတ်ပဲ စိတ်ဝိဉာဉ်တစ်ခု ဖြစ်နေသည်ကိုး။
“သူက မှော်ရတနာ စိတ်ဝိဉာဉ်ပဲ…” ဟွာကုက အော်ပြောလိုက်လေသည်။ ထိုသို့အော်ပြောလိုက်ပြီးသည့်နောက် သူ့မျက်လုံးထဲ လောဘမီးတောက်တို့ လောင်မြိုက်လာခဲ့လေ၏။
ချက်ချင်းပဲ အားပါးတရ အော်ရယ်မောရင်း ပြောလိုက်လေသည်။
“ဟား…ဟား…ဟား…ဟား… ငါတို့တော့ အချီကြီးပွတာပဲ… ငါ့မီးတုတ်ကို အဆင့်မြှင့်လို့ မရဘူးမှတ်နေတာ… အခုလိုမျိုး မှော်ရတနာ စိတ်ဝိဉာဉ်တစ်ခု လာတွေ့ရလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး… ကောင်းကင်က ငါတို့ကို မျက်နှာသာ ပေးနေတာပဲ”
ထိုသို့ ပြောပြီးသည့်နောက်တွင် အခြားနှစ်ယောက်ဘက်သို့ လှည့်၍ ပြောလိုက်လေသည်။ “မင်းတို့နှစ်ယောက်… ငါ ဒီမှော်ရတနာ စိတ်ဝိဉာဉ်ကိုပဲ လိုချင်တယ်… ကျန်တာ မင်းတို့ အကုန်ယူလို့ရတယ်… အဆင်ပြေလား"
ထိုစကားကို ကြားသည့်အခါ ကျိုးအန်းနှင့် ရှုန်းနင်တို့ နှစ်ဦးစလုံး အကြည့်ချင်းဖလှယ်လျက် ခေါင်းအသီးသီး ညိတ်လိုက်ကျလေသည်။
“ရပါတယ် စီနီယာအစ်ကို…”
“ကောင်းတယ်…” ဟွာကုက ခေါင်းညိတ်လိုက်ပြီးသည့်နောက် လျို့ယန်အား စိုက်ကြည့်ရင်း “နင်စကားပြောတဲ့ပုံကို ကြည့်ရတာ နင့်အသိဉာဏ်က တော်တော်လေး မြင့်နေပြီနဲ့ တူတယ်”
“အခုအဆင့်ထိ လာရောက်အောင် ကျင့်ကြံဖို့က မလွယ်ဘူးမလား… စိတ်မပူနဲ့ ဒီလူအိုကြီး နင့်ကို အသက်ရှင်ခွင့် ပေးမှာပါ”
“နင်သာ ငါ့ရဲ့ မီးတုတ်ထဲ နာနာခံခံနဲ့ ဝင်လိုက်မယ်ဆိုရင် နင့်ကောင်းကင်စိတ်အာရုံကို ငါမဖျက်ဆီးပစ်ဘူး… ဘယ်လိုလဲ” ပြောပြီးသည့်နောက်တွင် တင်းပုတ်ကဲ့သို့သော တုတ်တစ်ချောင်းကို ထုတ်ယူလိုက်လေသည်။
ထိုတုတ်ဆီမှ ဖြာထွက်နေသည့် အရှိန်အဝါအရ သူထုတ်ယူလိုက်သည့် မှော်ရတနာသည် တာအိုအဆင့်မြင့် မှော်ရတနာတစ်ခုသာ ဖြစ်ပေသည်။ ဤကဲ့သို့သော မှော်ရတနာမျိုးမှာ အတော်လေးကိုမှ ရှားပါးလှပေ၏။
ဟွာကုသည်သာ ဤမှော်ရတနာကို လျို့ယန်ကဲ့သို့သော မှော်ရတနာစိတ်ဝိဉာဉ်တစ်ခုခုနှင့် ပေါင်းစပ်နိုင်မည် ဆိုပါက သူ၏ ဤမီးတုတ်သည် ဧကရာဇ်အဆင့် မှော်ရတနာတစ်ခု ဖြစ်ကောင်း ဖြစ်လာနိုင်ပေသည်။
ထို့အပြင် သူ့၌ ဧကရာဇ်မှော်ရတနာတစ်ခု ရှိလာမည်ဆိုပါက တာအိုသခင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးပင် ဖြစ်လင့်ကစား ဧကရာဇ်အဆင့်၏ နက်နဲဆန်းကြယ်မှုများကို ထိုးထွင်းသိမြင် လာနိုင်ပေလိမ့်မည်။
ထို့အတွက်ကြောင့်ပင်လျှင် လျို့ယန်လက်ထဲတွင် ကိုင်ထားသော ဓာတ်လုံးမှာ အတော်လေးအဖိုးတန်မှန်း သိနေသော်ငြား ထိုအရာကို လိုလိုလားလားနှင့် လက်လျှော့ခဲ့လိုက်ခြင်း ဖြစ်ပေသည်။
တကယ်တော့ ဤလောကကြီးတွင် အရေးပါဆုံး အရာမှာ မိမိ၏ ကျင့်ကြံခြင်းပင် မဟုတ်လေလော။
ဟွာကု စကားပြောပြီးပြီးချင်းမှာပင် လျို့ယန်၏ မီးတောက်နှင့် ကြုံလိုက်ရလေ၏။ မီးတောက်များသည် ကမ္ဘာလောကကြီး တစ်ခုလုံးအား လောင်မြိုက်ပစ်တော့မည့်အလား ကောင်းကင်ထက်မှ မြေပြင်ပေါ်သို့ တဟုန်းဟုန်း ကျဆင်းလာခဲ့လေ၏။
လမိစ္ဆာတောင်ကြားမှ ကျင့်ကြံသူသုံးဦးမှာတော့ ထိုမီးတောက်များကို အလျင်စလို ရှောင်ရှားလိုက်ရလေသည်။ ဟွာကုမှာမူ ခေါင်းမာမာဖြင့် ဆက်အော်ပြောလိုက်လေ၏။
“ငါ အကောင်းပြောနေတုန်း နင်မငြင်းသင့်ဘူးနော်… နင်သာ ငါပြောတာကို လက်ခံလိုက်လို့ရှိရင် ဒီလူအိုကြီး ဆက်ပြီးတိုက်ခိုက်တော့မှာ မဟုတ်ဘူး… ဒါပေမဲ့ နင်ငြင်းနေဦးမယ်ဆိုရင်တော့ နင့်ခွန်အားနဲ့ ငါတို့သုံးဦးစလုံးကို ခုခံနိုင်မယ်လို့ ထင်လား”
ထိုစဉ် ကောင်းကင်ထက်မှ နောက်ထပ် မီးတောက်များ ထပ်မံကျဆင်း လာခဲ့ပြန်လေ၏။
“ဒီလူအိုကြီးရှေ့မှာ မီးတောက်နဲ့ လာဆော့ချင်နေတယ်ပေါ့” ဟွာကုသည် အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လျက် မီးတုတ်အား လေထဲသို့ ပစ်မြှောက်လိုက်လေ၏။
မီးတုတ်သည် တဝှီးဝှီးလည်လျက် လျို့ယန်၏ မီးတောက်နှင့် သွားရောက်ထိပ်တိုက်တွေ့ဆုံလေ၏။ မီးတုတ်နှင့် မီးတောက်များ ထိပ်တိုက်တွေ့ဆုံသွားသည့် အခိုက်တွင် ဟွာကုသည် ဂုဏ်ယူဝင့်ကြွားသည့် အမူအယာဖြင့် ပြောလိုက်လေ၏။
“ကြည့်ရတာ နင့်အသိဉာဏ်က သိပ်မမြင့်သေးဘူးပဲ…”
လျို့ယန်သည် သူမ၏ ပါးစပ်ကို ဟလျက် စားပွဲခုံအရွယ်အစားခန့်ရှိသော မီးဘောလုံးတစ်လုံးကို မှုတ်ထုတ်လိုက်လေသည်။
“နင် ခုခံနေလို့လည်း အပိုပဲ…” ဟွာကုက စိတ်မရှည်ဟန်ဖြင့် ပြောလိုက်လေ၏။ မီးတုတ်သည် ထိုမီးဘောလုံးနှင့် နောက်တစ်ကြိမ် ထပ်မံ ထိပ်တိုက်တွေ့ဆုံသွား ပြန်လေသည်။
ပေါက်ကွဲသံကြီးနှင့်အတူ မိုးမြေစွမ်းအင်များ ကသောင်းကနင်း ဖြစ်လာကုန်လေ၏။
“ဘယ်လို ဖြစ်သွားတာလဲ…” ဟွာကု၏ အမူအယာ ရုတ်တရက် ပြောင်းလဲ သွားခဲ့လေသည်။ ချက်ချင်းပဲ သူ့မီးတုတ်ကို ပြန်ခေါ်၍ စစ်ဆေးကြည့်လိုက်ရာ မီးတုတ်ပေါ်တွင် လျှပ်ပန်းလျှပ်နွယ်အချို့ ရှိနေကြောင်း တွေ့ရှိလိုက်ရလေသည်။
“လျှပ်စီးစွမ်းအားက တကယ်ကို အားကောင်းတာပဲ…” ဟွာကုမျက်လုံးထဲရှိ လောဘမီးတောက်များမှာ ပိုပို၍ အားကောင်းလာခဲ့လေသည်။
ဤကဲ့သို့သော အသိဉာဏ်မြင့်မားပြီး အားကောင်းလှသည့် မှော်ရတနာစိတ်ဝိဉာဉ်မျိုးကို နှစ်တစ်သန်းတွင် တစ်ကြိမ်ပင် တွေ့ရခဲလှသည်။
ဤမှော်ရတနာစိတ်ဝိဉာဉ်ကိုသာ သူ့မှော်ရတနာနှင့် ပေါင်းစပ်နိုင်မည်ဆိုပါက သူ့မှော်ရတနာသည် ကျိန်းသေ ဧကရာဇ်အဆင့် မှော်ရတနာတစ်ခု ဖြစ်လာပေလိမ့်မည်။ တစ်ချိန်တည်းတွင် လျှပ်စီးစွမ်းအားကိုပါ အသုံးပြုလာနိုင်ပေလိမ့်မည်။
“စီနီယာအစ်ကို… ဘာလို့ လေကုန်ခံပြီး စကား ပြောနေသေးတာလဲ… သူက လက်မခံချင်မှတော့ တိုက်ခိုက်ကြတာပေါ့…” ကျိုးအန်းသည် တိုက်ခိုက်မှုကို ရှောင်တိမ်းရင်း စိတ်မရှည်သည့် လေသံဖြင့် ပြောလိုက်လေ၏။
“ကောင်းပြီလေ… ဒါပေမဲ့ သတိထားနော်… သူ့ကို လုံးဝ ထိခိုက်သွားအောင် မလုပ်မိစေနဲ့…” ဟွာကုသည် ခေါင်းညိတ်လိုက်ပြီးသည့်နောက် သတိပေးလိုက်လေ၏။
ကျိုးအန်းက အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ “သူ့ကို မထိခိုက်မိအောင်လို့ ဒီဂျူနီယာ အတတ်နိုင်ဆုံး လုပ်ပေးပါမယ်… ဒါပေမဲ့ ထိခိုက်သွားတယ် ဆိုရင်တော့ သူ့ညံ့လို့ပဲလို့ အပြစ်တင်ရမှာပေါ့ ”
ပြောပြီးသွားသည်နှင့် ကျိုးအန်းသည် သူ့လက်ကောက်ဝတ်ကို လှုပ်ခါ လိုက်လေ၏။ ချက်ချင်းဆိုသလို လှံရှည်တစ်ချောင်း ထွက်ပေါ်လာခဲ့လေ၏။ ထိုလှံရှည်အား ကိုင်စွဲ၍ လျို့ယန်ဆီသို့ ချက်ချင်းပြေးဝင် သွားခဲ့လေသည်။
ရှုန်းနင်သည်လည်း တစ်ချိန်တည်းတွင် လှုပ်ရှားလိုက်လေ၏။ သူ့လက်နှစ်ဖက်ကို ပူးကပ်၍ အရင်းအမြစ်ချီအား စုဝေးလိုက်ပြီးနောက် ရှေ့တည့်တည့်သို့ ပစ်လွှတ်လိုက်လေ၏။
တာအိုသခင် ဒုတိယအဆင့် ကျင့်ကြံသူနှစ်ဦးစလုံးသည် သူတို့၏ လောကနိယာမစွမ်းအား အသီးသီးကို သုံး၍ လျို့ယန်အား တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြလေသည်။
လျို့ယန်သည် သူမခန္ဓာကိုယ် ပတ်ပတ်လည်တွင် မီးတောက်အကာအရံတစ်ခုကို ဖန်တီး၍ ထိုတိုက်ခိုက်မှုများကို ဟန့်တားရန် ကြိုးစားလိုက်သည်။
“ဘုန်း…”
လျို့ယန် နာကျင်စွာ အော်ဟစ်လိုက်လေ၏။ သူမ ခန္ဓာကိုယ်ပတ်လည်တွင် ကာကွယ်ထားသော မီးတောက် အကာအရံမှာ တမုဟုတ်ချင်း ပျက်စီးသွားခဲ့လေသည်။
အကာအကွယ်မှာ တိုးဝင်လာသည့် စွမ်းအားများစွာကို စုပ်ယူသွားခဲ့သော်ငြား လက်ကျန်စွမ်းအားမှာတော့ သူမခန္ဓာကိုယ်အား လာရောက် ထိမှန်လေ၏။ ထိုစွမ်းအားကြောင့် လျို့ယန်မှာ သူမ၏ လက်ရှိအသွင်အပေါ် ထိန်းချုပ်နိုင်စွမ်း မရှိတော့ချေ။
အကာအရံပျောက်ကွယ်သွားပြီးသည့် နောက်တွင် ဟွာကု၏ ပုံရိပ်သည် လျို့ယန်ရှေ့တွင် ဆန်းကြယ်စွာ ထွက်ပေါ်လာခဲ့လေ၏။
ထို့နောက် အလေးအနက် အမူအယာဖြင့် အော်ပြောလိုက်လေ၏။ “ဒီလူအိုကြီးရဲ့ မျက်လုံးတည့်တည့်ကို ကြည့်လိုက်စမ်း…”
သူ့စကားလုံးများထဲ ဆန်းကြယ်သည့် စွမ်းအားတစ်ရပ် ပါဝင်နေသည့်အလား ထူးခြားသည့် စွမ်းအားတစ်ရပ်သည် သူ့မျက်လုံးဆီမှ ဖြာထွက်လာခဲ့လေသည်။
တစ်ချိန်တည်းတွင် ထိုစွမ်းအားဆီမှ အားကောင်းသည့် ဆွဲငင်အားတစ်ရပ် ထွက်ပေါ်လာပြီး လျို့ယန်၏ ဝိဉာဉ်ကို သူမ၏ ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ရန် ကြိုးစားတော့လေသည်။ ဤသည်မှာ ဝိဉာဉ် ပညာရပ်တစ်ခု ဖြစ်ပေသည်။
လျို့ယန် မခုခံ မကာကွယ်နိုင်ချိန် ဟွာကုမှာ ရုတ်တရက်ကြီးပေါ်လာကာ တိုက်ခိုက်လိုက်သဖြင့် လျို့ယန်မှာ သူ၏ တိုက်ကွက်ကို လုံးဝ မရှောင်ရှားနိုင်တော့ပေ။
လျို့ယန် တာအိုသခင်အဆင့်သို့ ရောက်သည်မှာ မကြာသေးသော်ငြား သူမ၏ တိုက်ပွဲစွမ်းရည်မှာတော့ အတော်လေးကို မြင့်မားလှပေ၏။
သို့သော်ငြား သူမလက်ရှိ ရင်ဆိုင် တိုက်ခိုက်နေရသည့် လူသုံးဦးသည် သူမထက် ကျင့်ကြံခြင်းအဆင့် ပိုမြင့်မားရုံမက အရေအတွက်လည်း ပိုသာနေသေး၏။ ထို့ကြောင့် လျို့ယန်မှာ ကောင်းကောင်းပင် မတိုက်ခိုက် နိုင်သေးခင်မှာပဲ ဒဏ်ရာရသွားခဲ့ရလေသည်။
ထိုဝိဉာဉ်ကျင့်စဉ်၏ တိုက်ခိုက်ခြင်းခံလိုက်ရပြီးနောက် လျို့ယန်၏ ခန္ဓာကိုယ် ရုတ်ချည်း အေးခဲသွားခဲ့လေသည်။ တဖျတ်ဖျတ်ခတ်နေသော တောင်ပံများမှာလည်း နှေးကျသွားခဲ့ကာ သူမ၏ စိတ်တစ်ခုလုံး ကသောင်းကနင်း ဖြစ်သွားကုန်လေ၏။
ထိုအချင်းအရာကို မြင်သည့်အခါ ဟွာကု ဝမ်းသာသွားခဲ့လေသည်။ သူ့စိတ်ထဲ ဤမှော်ရတနာစိတ်ဝိဉာဉ်ကို ရတော့မည်ဟု တွေးလျက် ဝမ်းသာအားရ ဖြစ်သွားလေ၏။
“စီနီယာအစ်ကို… သတိထား…” ကျိုးအန်းက ရုတ်တရက် ထအော်လေသည်။
“ဘာဖြစ်လို့လဲ…” ဟွာကု ထိတ်လန့်သွားခဲ့လေ၏။ သို့သော်ငြား မကြာမီ မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားခဲ့လေသည်။
မီးငှက်၏ မျက်လုံးထဲတွင် အခြားသော မီးတောက်တမျိုး လောင်ကျွမ်းနေကြောင်းကို အမှတ်မထင် တွေ့ရှိလိုက်ရသည်။ ထိုမီးတောက်မှာ သာမန်မီးတောက်နှင့် မတူဘဲ ကျင့်ကြံသူတစ်ဦး၏ ဝိဉာဉ်ကို လောင်ကျွမ်းပစ်နိုင်သည့် မီးတောက်မျိုးနှင့် တူပေသည်။
တစ်စုံတစ်ဦးသာ ထိုမီးတောက်နှင့် သွားထိမိမည်ဆိုပါက သူ့အသိစိတ်ပင်လယ် တစ်ခုလုံး လောင်ကျွမ်းခံရကာ အလွန်တရာကိုမှ နာကျင်သည့် ခေါင်းကိုက်ဝေဒနာကို ခံစားရပေလိမ့်မည်။
ထိုမီးတောက်မှာ အခြားမဟုတ်ဘဲ နေမီးလျှံသာ ဖြစ်လေသည်။
လျို့ယန် ရန်ကိုင်နှင့် အတူရှိလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။ ထိုနှစ်ပေါင်းများစွာအတွင်း လျို့ယန်သည် မြောက်မြားလှစွာသော နေမီးလျှံများကို စုပ်ယူခဲ့သည်။
ထိုအချိန်မှစ၍ သူမ၏ ခန္ဓာကိုယ်ထဲ အဖိုးတန် အားကောင်းလှသည့် မီးတောက်တစ်မျိုး ဖြစ်တည်လာခဲ့လေသည်။ ထိုမီးတောက်မီးလျှံများစွာအား စုပ်ယူခဲ့သည့်အတွက်ကြောင့်သာ မဟုတ်လျှင် လျို့ယန်အနေဖြင့် ဤမျှ အသိဉာဏ်မြင့်မားလိမ့်မည် မဟုတ်သလို ဤကဲ့သို့ လူအသွင်လည်း ယူနိုင်ခဲ့လိမ့်မည်မဟုတ်ချေ။
ရှင်းရှင်းပြောရလျှင် လျို့ယန်၏ ခန္ဓာကိုယ်ထဲ ရှားပါးအဖိုးတန်သည့် မီးတောက်များ ကိန်းအောင်းနေသည်ဟုပင် ပြော၍ရသည်။
ဟွာကုမှာ ဝိဉာဉ်ပညာရပ်ကို သုံး၍ လျို့ယန်၏ ဝိဉာဉ်ကို ထုတ်ယူချင်သော်ငြား သူ့နည်းစနစ်မှာ အလုပ်မဖြစ်ခဲ့ပေ။ ချက်ချင်းဆိုသလို ဟွာကုသည် အလန့်တကြား အော်ဟစ်ရင်း နောက်ပြန်ဆုတ်လိုက်လေ၏။
ခေါင်းအား လက်ဖြင့်ကိုင်ပြီးနောက် လျို့ယန်ဘက်သို့ အော်ပြောလိုက်လေ၏။ “နင်က အညံ့မခံချင်ဘူးပေါ့… အဲ့လိုမှတော့ ငါနင့်ကို ဖျက်ဆီးပစ်ရတာပေါ့”
ပြောပြီးသည့်နောက်တွင် သူ့လက်နှစ်ဖက်ကို ပူးကပ်၍ လက်ကွက်တစ်ခု ဖန်တီးလိုက်လေသည်။ ဟွာကု၏ မီးတုတ်သည် ရုတ်တရက် အရွယ်အစား ကြီးမားလာပြီး ၎င်းဆီမှ ဖြာထွက်နေသည့် အရောင်အဝါမှာလည်း ပိုပို၍ တောက်ပလာခဲ့သည်။
အချိန်တစ်ခုခန့်အကြာတွင် ရုတ်တရက် တဖြည်းဖြည်း တုန်ရီလာပြီးနောက် လျို့ယန်ဆီသို့ လေးကိုင်းမှ လွှတ်လိုက်သည့် မြားတစ်စင်းနှယ် တိုးဝင်သွားခဲ့လေသည်။
တစ်ချိန်တည်းတွင် ကျို့အန်နှင် ရှုန်းနင်တို့လည်း အသီးသီး တိုက်ခိုက်လိုက်ကြလေ၏။ ထိုအခြင်းအရာကို မြင်သည့်အခါ လျို့ယန် စတင် တုန်လှုပ်လာခဲ့လေသည်။
သို့သော်ငြား လျို့ယန်မှာ ထိတ်လန့်နေချိန်မရှိဘဲ သူမဆီသို့ တိုးဝင်လာနေသည့် တိုက်ခိုက်မှုများကို အလူးအလဲ ခုခံနေရလေ၏။
ထိုသို့ တိုက်ခိုက်နေစဉ် အတောအတွင်း လျို့ယန်သည် ကျိုးအန်းနှင့် ရှုန်းနင်တို့၏ တိုက်ခိုက်မှုများကို ကာကွယ်လိုက် နိုင်သော်ငြား မီးတုတ်ကိုတော့ မကာကွယ်လိုက်နိုင်ပေ။
မီးတုတ်သည် ရပ်တန့်မရသော အရှိန်အဟုန်ဖြင့် လျို့ယန်ဆီသို့ ဆက်လက် တိုးဝင်လာခဲ့လေ၏။ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် လျို့ယန်သည် မီးတုတ်၏ ထိမှန်ခြင်း ကျိန်းသေ ခံရပေတော့မည်။
“လက်မလျှော့ချင်မှတော့ သေလိုက်ပေတော့ပေါ့…”
ကိုယ်ပိုင်အသိဉာဏ်ရှိသော မှော်ရတနာစိတ်ဝိဉာဉ် တစ်ခုသည် နာခံမှသာလျှင် ပိုင်ရှင်အတွက် အသုံးဝင်၏။ ခုခံနေဦးမည်ဆိုပါက ပိုင်ရှင်ကိုပင် ပြန်၍ ထိခိုက်အောင် လုပ်နိုင်ပေသည်။
လျို့ယန်သည် အညံ့မခံချင်သည့် အတွက်ကြောင့် ဟွာကုအနေဖြင့် သူ့အား ဖျက်ဆီးရုံမှ လွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။
သို့သော်ငြား ထိုအခိုက်အတန့်တွင် ပုံမှန်မဟုတ်သည့် စွမ်းအင်လှိုင်းတစ်ရပ် ဖြာထွက်လာခဲ့လေ၏။
လူတစ်ဦးသည် လျို့ယန်ရှေ့တွင် ဆန်းကြယ်စွာ ထွက်ပေါ်လာပြီး သူ့လက်ကို ဆန့်ထုတ်၍ တိုးတိုးလေး ရေရွတ်လိုက်၏။
“ဝဲကတော့…”
ဟင်းလင်းပြင်အက်ကြောင်းတစ်ခု ပွင့်ထွက်လာပြီး တွင်းနက်ကဲ့သို့သော အရာတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ မီးတုတ်သည် ထိုတွင်းနက်ထဲသို့ စုပ်ယူခြင်း ခံလိုက်ရလေ၏။
“မဟုတ်ဘူး…” ဟွာကု၏ အမူအယာ အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့ပြီး အရင်းအမြစ်ချီကို အရူးအမူး လှည့်ပတ်ရင်း မှော်ရတနာကို အသည်းအသန် ပြန်ဆွဲယူလေသည်။
လျင်မြန်စွာ ပိတ်သွားနေသော တွင်းနက်ကို မြင်သော် ဟွာကု၏ နဖူးထက် ချွေးများ ဝေ့သီလာခဲ့လေ၏။ သူ့တစ်သက် ဤကဲ့သို့သော ထူးဆန်းသည့် တိုက်ကွက်မျိုးကို တစ်ခါမှ မမြင်ဖူးသော်ငြား သူ့မှော်ရတနာကိုသာ အချိန်မီ ပြန်ဆွဲမယူပါက လုံးဝ လက်လွှတ်လိုက်ရမည်မှန်း သူ့မသိစိတ်က ပြောနေခဲ့သည်။
“ဘယ်သူလဲ…” ကျိုးအန်းသည်လည်း အလန့်တကြား ထအော်လေ၏။ ရှုန်းနင်သည်လည်း မျက်လုံးမှေးစင်းလျက် အပေါ်ဘက်ဆီသို့ လှမ်းကြည့်လိုက်လေသည်။
ကောင်းကင်ထက်တွင် လူငယ်လေးတစ်ဦးသည် မီးငှက်ရှေ့တွင် ရပ်လျက် သူတို့အား အေးစက်စက် အမူအယာဖြင့် စိုက်ကြည့်နေလေ၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၁၄၄)
“သခင်…”
ရန်ကိုင်ပေါ်လာသည်ကို မြင်သည့်အခါမှဘဲ လျို့ယန် သက်ပြင်းချနိုင်တော့လေသည်။ လူအသွင်သို့ ပြန်ပြောင်းလိုက်ပြီးနောက် ရန်ကိုင့်နောက်တွင် တလေးတစားဖြင့် ရပ်နေလိုက်လေသည်။
ကျန်းရို့ရှီ ရှိနေသည့် ဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ သူမအား အနက်ရောင်မီးတောက် အကာအကွယ်တစ်ခုမှ လွှမ်းခြုံထားကြောင်းကို တွေ့ရှိလိုက်ရလေသည်။
ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် လျို့ယန်သည် သူမ၏ အားအကောင်းဆုံးသော ဝှက်ဖဲကို ကျန်းရို့ရှီအား ကာကွယ်ရန်အတွက် အသုံးပြုလိုက်ကြောင်း နားလည်လိုက်၏။
ထိုကြောင့်သာ မဟုတ်လျှင် လျို့ယန်အနေဖြင့် ထိုသုံးဦးအား အနိုင်ယူနိုင်လောက်အောင် အားမကောင်းသည့်တိုင် ဤကဲ့သို့ ရှုံးနိမ့်ခဲ့ရလိမ့်မည် မဟုတ်ချေ။
“နင်တော်တယ်…” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်၏။
“ကျွန်မ လုပ်သင့်တာကိုပဲ လုပ်ခဲ့တာပါ” လျို့ယန်က ပြန်ပြောလိုက်လေသည်။
ထို့နောက်တွင် ရန်ကိုင်သည် အောက်ဘက်တွင် ရှိနေသော လူသုံးဦးအား အေးစက်စွာ စိုက်ကြည့်လိုက်လေ၏။
“လူကြီးမင်း ဘယ်သူလဲ…” ရန်ကိုင်ကြောင့် ဒုက္ခရောက်ခဲ့ရပြီးသည့် နောက်တွင် ဟွာကုမှာ အတော်လေးကိုမှ ဒေါသထွက်နေတော့လေ၏။ “ဘာလို့ ကျုပ်တို့ကိစ္စကို လာနှောင့်ယှက်နေရတာလဲ…”
ရန်ကိုင်က လှောင်ပြုံးပြုံးလျက် ပြန်မေးလိုက်လေသည်။ “ခင်ဗျား နားပင်းနေတာလား… သူကျုပ်ကို ဘယ်လိုခေါ်လိုက်လဲ မကြားဘူးလား”
ဟွာကုက မျက်မှောင်ကျုံ့လျက် ပြန်မေးလိုက်လေ၏။ “ဒီတော့ မင်းက မှော်ရတနာ စိတ်ဝိဉာဉ်ရဲ့ ပိုင်ရှင်ပေါ့…”
“ခင်ဗျားက လုံးဝကြီး တုံးနေတာတော့ မဟုတ်သေးဘူးပဲ…” ရန်ကိုင်က ပြန်ပြောလိုက်သည်။
“မင်း ဘာပြောလိုက်တာလဲကွ…” ဟွာကုက ဒေါသတကြီး ထအော်လေသည်။ “မင်းလို တာအိုသခင် ပထမအဆင့် ကျင့်ကြံသူတစ်ယောက်ကများ မှော်ရတနာ စိတ်ဝိဉာဉ်ကို ပိုင်ဆိုင်ထားရဲတယ်…”
“ကောင်စုတ်လေး ဒီလူအိုကြီးပြောနေတုန်း မင်းရဲ့ မှော်ရတနာစိတ်ဝိဉာဉ်ကို နာနာခံခံနဲ့ ငါ့ဆီပေးလိုက်… အဲ့ဒါဆိုရင် မင်းအသက်ကို ချမ်းသာပေးမယ်… မဟုတ်ရင်တော့…”
“မဟုတ်ရင်တော့ ဘာဖြစ်လဲ…”
“မဟုတ်ရင် ဒီနေရာက မင်းရဲ့ သင်္ချိုင်း ဖြစ်ပြီသာ မှတ်ပေတော့…” ဟွာကုက ပြန်အော်ပြောလေသည်။
“ခင်ဗျားတို့က တကယ်ကို ရယ်ရတဲ့ လူတွေပဲနော်…” ရန်ကိုင်သည် ခြောက်ကပ်ကပ် အော်ရယ်မောလိုက်လေသည်။ ဟွာကုတို့အား မျက်လုံးထဲ မထည့်သည့်အလား ယဲ့ယဲ့လေး ပြုံးလျက် ပြန်ပြောလိုက်လေ၏။
“ခင်ဗျားက အဲ့လို ပြောရဲတယ်ဆိုမှတော့ ကျုပ်ကလည်း ဒီနေရာကို ခင်ဗျားတို့ သင်္ချိုင်းဖြစ်အောင် လုပ်ပေးရသေးတာပေါ့”
ရန်ကိုင်မှ ထိုကဲ့သို့ ပြောပြီးပြီးချင်းမှာပင် ထူးဆန်းသည့် ဖိအားတစ်ရပ် ကောင်းကင်ပေါ်မှ ရုတ်တရက် သက်ဆင်း လာခဲ့လေသည်။ ထိုဖိအားနှင့်အတူ လျှိုမြောင်တစ်ခုလုံးမှာ ပို၍ မှောင်မိုက်လာသလို အကုန်လုံး ခံစားလိုက်ကြရလေသည်။
ဟွာကုနှင့် ကျန်သည့်ကျင့်ကြံသူနှစ်ဦးလုံး ကောင်းကင်ပေါ်သို့ အံ့ဩတကြီး မော့ကြည့်လိုက်ကြပြီးသည့်နောက် သူတို့မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အံ့ဩမင်သက် သွားကုန်ကြလေ၏။
“ဘာကြီးလဲ… ဒါက…”
“မကောင်းတော့ဘူး… ပြေးပေတော့…”
သုံးယောက်စလုံး သံပြိုင်အော်ဟစ်၍ ကြောက်လန့်တကြား ထွက်ပြေးကြလေသည်။
“ဘုန်း…”
တောင်တစ်လုံး မြေပြင်ပေါ်သို့ ပြုတ်ကျလာသည့်အလား လျှိုမြောင်တစ်ခုလုံး တုန်ခါသွားခဲ့လေ၏။ အောက်ဘက်ရှိ မြေပြင်ထက် အက်ရာများစွာ တို့ဟာလည်း ထွက်ပေါ်လာကုန်ကြလေသည်။
ယခုပေါ်လာသည့် အရာမှာ မီတာငါးဆယ်ခန့် အမြင့်ရှိသော ကျောက်ဘီလူးကြီး တစ်ကောင်ပင် ဖြစ်ပေ၏။ ထိုအရာကြီးကို ကြည့်ရင်း ဟွာကုနှင့် သူ့အဖော်နှစ်ဦးမှာ လုံးဝကို မင်သက်နေကုန်ကြလေသည်။
သူတို့အတွေ့အကြုံဖြင့်ပင်လျှင် ဤအရာသည် ဘာဖြစ်သလဲဆိုသည်အား လုံးဝ မပြောနိုင်ကြပေ။ သူတို့ရှေ့တွင် ရှိနေသည့် အရာသည် ဒဏ္ဍာရီလာ ကျောက်တုံးသားရဲနှင့် တူသော်ငြား သေချာစစ်ဆေးကြည့်လိုက်ပြီးနောက် ထိုကဲ့သို့ မဖြစ်နိုင်မှန်း တွေ့ရှိလိုက်ရလေ၏။ ကျောက်တုံးသားရဲတစ်ကောင်သည် ဤမျှ မကြီးမားနိုင်ပေ။
“ဟိုး… နောက်ဆုံးတော့ မင်းငါ့ကို ထုတ်ပေးပြီပေါ့…” အပြင်သို့ ရောက်လာပြီးသည့်နောက်တွင် ကျောက်ဘီလူးသည် အကြောအချင် လျှော့နေသည့်အလား လက်ဆစ်များကို ချိုးလိုက်လေ၏။
ထို့နောက် အပြင်လောကကြီးဆီသို့ နှစ်ပေါင်းများစွာ ကြာအောင် မရောက်ဖြစ်သည့်အလား ဘေးပတ်ဝန်းကျင်အား စိတ်ဝင်တစား လှည့်ပတ် ကြည့်တော့လေသည်။
ဤသည်မှာလည်း အမှန်ပင် ဖြစ်ပေသည်။ ကျောက်တုံးသားရဲမှ လွင့်မျောတိုက်ကြီးအား စုပ်ယူပြီးသည့်နောက် ရန်ကိုင်သည် ကျောက်ဘီလူးအား ခရမ်းကြယ်မှ လူများနှင့် တိုက်ခိုက်ရန် တစ်ကြိမ်သာ အသုံးပြုခဲ့ဖူးပြီး ထို့နောက်တွင် သူ့အား ကမ္ဘာငယ်လေးထဲတွင်သာ နေစေတော့လေသည်။
အကြောင်းမှာ ရှင်းပေသည်။ လွင့်မျောတိုက်ကြီးနှင့် ပေါင်းစပ်ပြီးသည့်နောက်တွင် ကျောက်ဘီလူး၏ ခန္ဓာကိုယ်မှာ လွတ်လွတ်လပ်လပ် လှုပ်ရှားရှန်အတွက် အလွန်ကိုမှ အရွယ်အစား ကြီးလွန်းသွားခဲ့၏။
ထိုမျှ အရွယ်အစား ကြီးမားသည့် အတွက်ကြောင့်ပင်လျှင် ရန်ကိုင့်အနေဖြင့် ကျောက်ဘီလူးအား အပြင်သို့ အလွယ်တကူ မထုတ်ယူခြင်း ဖြစ်ပေသည်။
ကျောက်ဘီလူးအား အပြင်သို့ တစ်ခါ ထုတ်ရန်အတွက် မြောက်မြားလှစွာသော စိတ်စွမ်းအင်ကို လိုအပ်သည်။ အခြားတစ်ယောက်နှင့် တိုက်ခိုက်နေစဉ် အတောအတွင်း ရန်ကိုင့်အနေဖြင့် ကျောက်ဘီလူးအား မည်ကဲ့သို့များ အပြင်သို့ ထုတ်ပေးနိုင်ပါမည်နည်း။
ထို့အတွက်ကြောင့်ပင်လျှင် ကျောက်ဘီလူးသည် ကမ္ဘာငယ်လေးထဲတွင်သာ နေ နေခဲ့ရခြင်း ဖြစ်ပေသည်။ အချိန်လာသည့်နောက် ကျောက်တုံးရုပ်သေးရုပ်ကလန်၏ မွေးရာပါစွမ်းရည်တို့မှာ စတင် အစွမ်းပြလာလေတော့သည်။
ထို့အတွက်ကြောင့် ကျောက်ဘီလူး၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း မာကျောကျစ်လျစ်လာပြီး အရွယ်အစားမှာလည်း သေးလာခဲ့လေသည်။ သို့တိုင် သူ့အရွယ်အစားသည် လွတ်လွတ်လပ်လပ် လှုပ်ရှား၍ ရလောက်သည့် အရွယ်အစားထိသို့ ကျုံ့မသွားခဲ့သေးပေ။
ရန်ကိုင်မှ ကောင်းကင်တိုက်ပွဲ ဥပဒေသကို ရရှိလိုက်သည့်အခါမှသာ တကယ် အကျိုးသက်ရောက်မှု ရှိသွားသည်ဟု ပြော၍ ရသည်။
ထိုကျင့်စဉ်သည် သူ့ကျောက်တုံးကိုယ်ပွားအတွက် အထူးသီးသန့် ဖန်တီးပေးထားသလား ဟုပင် ထင်မှတ်ရလေသည်။ ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသကို ကျင့်ကြံပြီးသည့်နောက် မွေးရာပါစွမ်းရည်နှင့်ပါ ထပ်ပေါင်းစပ်လိုက်သော် ရန်ကိုင့်၏ ကျောက်တုံးကိုယ်ပွားသည် ၎င်း၏ ခန္ဓာကိုယ်အား အချိန်တိုအတွင်း လျင်မြန်စွာ သေးငယ်လာအောင် လုပ်နိုင်ခဲ့လေ၏။
သို့တိုင် ကျောက်တုံးကိုယ်ပွားသည် သာမန်လူများနှင့် ယှဉ်လိုက်သော် အလွန်တရာကိုမှ အရွယ်အစား ကြီးမားလွန်းနေပေသေးသည်။
လက်ရှိ ဤကျောက်တုံးကိုယ်ပွားကို အပြင်သို့ ထုတ်ယူလိုက်ရန်အတွက် ရန်ကိုင့်အနေဖြင့် သူ့စိတ်စွမ်းအင်၏ သုံးပုံကိုတစ်ပုံကို သုံးစွဲ လိုက်ရသည်။
တိုက်ခိုက်နေစဉ် အတောအတွင်း ဤမျှ ကြီးမားလှသော ကျောက်ဘီလူးကြီးတစ်ကောင် ဘယ်ကမှန်းမသိ ရုတ်တရက် ထွက်ပေါ်လာခဲ့လျှင် မည်သူမဆို ထိတ်လန့်သွားခဲ့သည်မှာ အမှန်ပင် ဖြစ်ပေသည်။
ထို့အတွက်ကြောင့်ပင် လမိစ္ဆာတောင်ကြားမှာ ကျင့်ကြံသူသုံးဦးမှာ ရုတ်တရက်ပေါ်လာသည့် ကျောက်ဘီလူးကြီးကို မြင်ပြီးသည့်နောက် တစ်ခဏကြာမျှ မင်သက်သွားခဲ့ကြလေ၏။
ရန်ကိုင် ရှင်းပြနေစရာပင် မလိုခဲ့ပေ။ ကျောက်ဘီလူး အပြင်သို့ ရောက်လာသည်နှင့် အခြေအနေကို ချက်ချင်း နားလည်သွားခဲ့သည်။ ဟွာကုနှင့် သူ့အဖော်နှစ်ဦးမှာ ရန်သူမှန်း ချက်ချင်း တန်းသိလိုက်ရလေသည်။
ထို့ကြောင့် ဟွာကုတို့အဖွဲ့အား ပြုံးဖြီးပြရင်း ကျောက်တုံးကိုယ်ပွားက နားပင်းမတတ် လေသံဖြင့် ပြောလိုက်လေသည်။
“ဒီလောက် နှစ်တွေ ကြာပြီးတဲ့နောက်ပိုင်း ငါ့လက်မှာ ပထမဦးဆုံး သေရမဲ့လူက တာအိုသခင် တတိယအဆင့်လား… အင်း… ဆိုးတော့ မဆိုးဘူးပဲ…”
“အဲ့လူတွေကို မင်းအတွက် ထားပေးလိုက်မယ်… ငါလည်း မင်း ဘယ်လောက်တောင် တိုးတက်လာလဲ တော်တော်လေး သိချင်နေတာ…” ရန်ကိုင်က ပြောလိုက်လေသည်။
“အဲ့ဒါဆိုရင်တော့ မင်း အံ့အားသင့်သွားအောင် ငါလုပ်ပေးရမှာပေါ့…” ကျောက်တုံးကိုယ်ပွားက ပြုံးလျက် ဟွာကုဆီသို့ ပြေးဝင် သွားခဲ့လေသည်။
ကျောက်တုံးရုပ်သေးရုပ်၏ လက်သီးချက်ထဲ မည်သည့်စွမ်းအင်မျှ ပါဝင်မနေခဲ့ပေ။ သီးသန့်ရုပ်ခွန်အားကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ထိုရုပ်ခွန်အားသက်သက်ကို အသုံးပြုနေသည့်တိုင် ကျောက်တုံးရုပ်သေးရုပ်၏ လက်သီးချက်မှာ ဥက္ကာခဲတစ်စင်း ကြွေဆင်းလာနေသည့်အလား ဟုပင် ထင်မှတ်ရသည်။
ဟွာကုမှာ အမှန်တကယ်ကို ထိတ်လန့်တုန်လှုပ် နေလေ၏။ “တကယ်ကြီး မဖြစ်နိုင်လောက်ပုမလား…”
သူ့အနေဖြင့် ကျောက်တုံးရုပ်သေးရုပ်၏ လက်သီးချက်ကို ထိပ်တိုက် မရင်ဆိုင်ရဲသည့်အတွက် အလျင်စလို နောက်သို့ ခုန်ဆုတ်လိုက်လေသည်။
သူ့ကျင့်ကြံခြင်းမှာ တာအိုသခင် တတိယအဆင့်ပင် ဖြစ်နေလင့်ကစား ထိုလက်သီးချက်ကို မည်ကဲ့သို့များ ရင်ဆိုင်ရဲပါမည်နည်း။
ကျောက်တုံးရုပ်သေးရုပ်သည် ခန္ဓာကိုယ်အား တစ်ချက်လှည့်၍ ဟွာကု ရှောင်မည့်ဘက်ဆီသို့ တည့်တည့် ထိုးချလိုက်လေ၏။
ဟွာကုမှာ အလန့်တကြား ထအော်ရင်း အလျင်စလို နောက်တစ်ကြိမ် ထပ်မံရှောင်တိမ်းလိုက်လေသည်။ မကြာမီ ကျောက်တုံးရုပ်သေးရုပ်၏ တိုက်ကွက်နှင့် ပတ်သက်၍ ဟွာကု အနည်းငယ် အသားကျလာခဲ့သည်။
တိုက်ကွက်အနည်းငယ် ဖလှယ်ပြီးသည့်နောက်တွင် ကျောက်တုံးရုပ်သေးရုပ်မှာ အတော်လေးကိုမှ အားကောင်းသော်ငြား သူ၏ တိုက်ကွက်များမှာ ရှောင်ရှားရလွယ်ကြောင်း တွေ့ရှိလိုက်ရလေသည်။
သူ့စိတ်ထဲ ထိုအတွေး ဖြတ်သွားစဉ် ကျောက်တုံးရုပ်သေးရုပ်က မကျေမချမ်းလေသံဖြင့် ရုတ်တရက် အော်ပြောလိုက်လေ၏။
“ဟိုခုန်ဒီခုန်ပဲ လုပ်နေတော့မှာလား… ယောက်ျားဆိုရင် ငါနဲ့ လာယှဉ်တိုက်လေ”
ဟွာကုက ပြန်အော်ပြောလိုက်လေ၏။ “မင်း ဒီလူအိုကြီးကို အရူးမှတ်နေတာလား… မင်းပြောတိုင်း ငါက မင်းနဲ့လာတိုက်စရာလား…”
“ဟဲ…ဟဲ…ဟဲ…” ကျောက်တုံးရုပ်သေးရုပ်သည် ညစ်ကျယ်ကျယ် ပြုံးလျက် “အလုပ်ဖြစ်မဖြစ်တော့ မသိပေမဲ့ စမ်းကြည့်လို့တော့ အကျိုးမယုတ်ဘူး… အဲ့လိုဆိုမှတော့ စမ်းကြည့်ရသေးတာပေါ့…”
ပြောပြီးသည်နှင့် သူ့လက်ကို ဆန့်ထုတ်၍ မြေပြင်အား ရိုက်ချ လိုက်လေသည်။ မြေပြင်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့ပြီး ကျောက်စကျောက်နများ မြေစိုင်မြေခဲများ လေပေါ်သို့ ပျံတက်လာခဲ့လေ၏။
ကျောက်တုံးရုပ်သေးရုပ်သည် ထိုအရာများကို သုံး၍ လှံတစ်စင်းကို ဖန်တီးလိုက်လေသည်။ ထိုလှံတံမှာ မြေပြင်ပေါ်ရှိ ကျောက်စိုင်ကျောက်သားများ မြေစိုင်မြေခဲများဖြင့် ဖန်တီးထားခြင်း ဖြစ်သော်ငြား ကျောက်တုံးရုပ်သေးရုပ်မှ စွမ်းအားတစ်ခုကို သုံးလိုက်သည့်အလား လှံတံမှာ အလွန်ကိုမှ မာကျောကျစ်လျစ် နေခဲ့လေ၏။
ကျောက်တုံးရုပ်သေးရုပ်သည် လှံတံအား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်၍ ဟွာကုတည့်တည့်သို့ ပစ်ထည့်လိုက်လေသည်။
“ရွှစ်…”
လျှိုမြောင်တစ်ခုလုံး နှစ်ပိုင်းပြတ်ထွက်သွားသည့်အလား ပြင်းထန်သည့် လေတိုးသံများ ထွက်ပေါ်လာခဲ့လေ၏။ လှံတံဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ဧရာမ လေဝဲကတော့ကြီးလည်း ဖြစ်ပေါ်လာခဲ့ပေသည်။
ထိုလှံတံသည် ဟင်းလင်းပြင်အတားအဆီးများကို ချိုးဖြတ်၍ ဟွာကုတည့်တည့်သို့ တိုးဝင်သွားလေ၏။
သူ့ဆီသို့ အရှိန်အဟုန်ပြင်းစွာ တိုးဝင်လာနေသော လှံတံကို ကြည့်ရင်း ဟွာကု မျက်လုံးပြူးသွားခဲ့လေသည်။ အလန့်တကြား အော်ဟစ်ရင်း ဒိုင်းတစ်ခုကို ထုတ်ယူကာ သူ့ခန္ဓာကိုယ် ပတ်ပတ်လည်တွင် အလင်းအကာအရံတစ်ခု ကမန်းကတန်း ကောက်ဖန်တီးလိုက်လေသည်။
“ဘုန်း…”
ကျောက်လှံတံကြီးမှာ အလင်းအကာအရံအား ထိပ်တိုက် သွားရောက် တွေ့ဆုံလေသည်။ အလင်းအကာအရံသည် ကျောက်လှံတံရှေ့မှောက်တွင် တစ်ချက်ကလေးမှပင် မခုခံနိုင်ပဲ အလင်းအမှုန်များ အဖြစ်သို့ တစ်စစီ ပျက်စီးသွားခဲ့ရလေ၏။
လှံတံမှာ ထိုမျှနှင့်ပင် ရပ်တန့်သွားခြင်း မရှိပဲ လျှိုမြောင်ကြမ်းပြင်အား ဆက်လက်ထိမှန်လေသည်။ ပေါက်ကွဲသံ အကျယ်ကြီးနှင့်အတူ လှံတံနှင့် မြေပြင် ထိခတ်သွားရာ နေရာတွင် ဧရာမ အက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာပြီး ကျောက်စိုင်ကျောက်သားများလည်း အဖက်ဖက်သို့ လွင့်ပျံထွက်လာခဲ့လေ၏။
ဟွာကုသည် ဘေးတစ်ဖက်တွင် ရပ်ရင်း ထိုမြင်ကွင်းအား တုန်တုန်ရီရီဖြင့် လှမ်းကြည့်နေလေ၏။ သူ့တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲနေခဲ့လေသည်။ သူသာ အချိန်မီ မရှောင်တိမ်းနိုင်ခဲ့လျှင် ထိုကြောက်မက်ဖွယ်ရာ လှံချက်ကြောင့် အရိုးတခြား အသားတခြား ဖြစ်နေလောက်ပေပြီ။
သူထုတ်ယူလိုက်သော ဒိုင်းကာမှာ ပေါ့သေးသေး မှော်ရတနာတစ်ခု မဟုတ်ပဲ တာအိုသခင် အလယ်အလတ်အဆင့် မှော်ရတနာတစ်ခု ဖြစ်သည်။
သူ့အနေဖြင့် ထိုမှော်ရတနာကို နှစ်ပေါင်း မရေမတွက်နိုင်အောင် အသုံးပြုလာခဲ့ခြင်း ဖြစ်ပေသည်။ တာအိုသခင် အဆင့်မြင့် တိုက်ခိုက်ရေး မှော်ရတနာများစွာ၏ တိုက်ကွက်များကို ခုခံနိုင်ခဲ့သော သူ့မှော်ရတနာသည် ကျောက်ဘီလူးမှ ဖန်တီးလိုက်သော လှံချက်ကိုမူ လုံးဝ မတားဆီးနိုင်ခဲ့ချေ။
ထိုလှံချက် ရှေ့မှောက်တွင် တာအိုသခင် အလယ်အလတ်အဆင့် အကာအကွယ် မှော်ရတနာတစ်ခုသည် အလွယ်တကူ ဆုတ်ဖြဲပစ်နိုင်သော စက္ကူတစ်ရွက်နှင့် မခြားတော့ပေ။
ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းသည့်အချက်မှာ ထိုလှံတံသည် မည်သည့်ထူးခြားသည့် သတ္တုများနှင့် ဖန်တီးထားခြင်းမှ မဟုတ်လေပဲ သာမန် မြေစိုင်မြေခဲ ကျောက်သားများဖြင့်သာ ဖန်တီးထားခြင်း ဖြစ်လေသည်။
တစ်ဖက်လူ၏ ခွန်အားမှာ မယုံကြည်နိုင်လောက်အောင် အားကောင်းလွန်းလှသည်။ သူ့အနေဖြင့် ဤမျှ ကြောက်မက်ဖွယ်ရာ ကောင်းလှသော မွန်းစတားကောင်ကြီးကို မည်ကဲ့သို့ သွားရင်ဆိုင် တိုက်ခိုက်ရမည်နည်း။
ထို့အတွက်ကြောင့် ဟွာကုမှာ တိုက်ခိုက်ချင်စိတ်ပင် မရှိတော့ပဲ ထွက်ပြေးရန်ပင် စဉ်းစားလာခဲ့လေ၏။
ရန်ကိုင် ပေါ်မလာခင် အချိန်တည်းက ဂိုဏ်းကြီးများ၏ တပည့်များနှင့် တိုက်ခိုက်ခြင်းမှာ အကျိုးမရှိကြောင်းကို သူသိသင့်ပေသည်။
ဂိုဏ်းကြီးများမှ တပည့်များ၏ ကျင့်ကြံခြင်းမှာ နိမ့်ကျနေမည် ဆိုလျှင်ပင် ထိုတပည့်များတွင် သူတို့၏ အကြီးအကဲများ ပေးထားသော အဖိုးတန် မှော်ရတနာများ ရှိနေသေးသည်။
ထိုမှော်ရတနာများသည် သူ့ခွန်အားသက်သက်ဖြင့် ကိုင်တွယ်နိုင်သည့် အရာမျိုး မဟုတ်ပေ။ ကံမကောင်းစွာဖြင့် ဟွာကုမှ လောဘဇောကပ်၍ စုံလုံးကန်းခဲ့သည်။
ရန်ကိုင်သည် တာအိုသခင် ပထမအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်ဟု အထင်ရောက်လျက် တစ်ဖက်လူအပေါ် အထင်သေးခဲ့သည်။
သို့သော်ငြား ယခုမူ သူ့ဆုံးဖြတ်ချက်အတွက် နောင်တရနေရန် အချိန်မရှိတော့ချေ။
“မင်းမျက်နှာ ဘာဖြစ်လို့ ဒီလောက်တောင် ဖြူရော်နေရတာလဲ… ခုနတုန်းကပဲ ဆင်ဖမ်းမယ် ကျားဖမ်းမယ် လုပ်နေတာ မဟုတ်ဘူးလား… အဲ့တုန်းက သတ္တိတွေ ဘယ်ရောက်သွားတာလဲ…”
သူ့နောက်ဖက်မှ အသံကြားသဖြင့် လှည့်ကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဟွာကုတစ်ကိုယ်လုံး တုန်တုန်ရီရီ ဖြစ်သွားခဲ့ရလေသည်။
ကျောက်ဘီလူးသည် အစောပိုင်းကကဲ့သို့ပင် သူ့စွမ်းအားကိုသုံးလျက် မြေလှံတံနှစ်ချောင်းအား ဖန်တီးနေကြောင်းကို ဟွာကု တွေ့ရှိလိုက်ရသည်။
တစ်ချိန်တည်းတွင် လျို့ယန်နှင့် ရှုန်းနင်တို့၏ တိုက်ပွဲမှာလည်း စတင်နေခဲ့လေသည်။ အစောပိုင်းက သုံးယောက်ပေါင်း၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်း ခံခဲ့ရသောကြောင့် အောက်စည်းသို့ ရောက်ခဲ့ရသော လျို့ယန်မှာ အတော်လေးကိုမှ အခဲမကြေ ဖြစ်နေခဲ့လေသည်။
ထို့အတွက်ကြောင့် ကျောက်ဘီလူးမှ ဟွာကုအား တိုက်ခိုက်နေစဉ် အတောအတွင်း လက်စားပြန်ချေရန်အတွက် ရှုန်းနင်အား သွားတိုက်ခိုက်တော့လေ၏။
ရှုန်းနင်၏ ကျင့်ကြံခြင်းမှာ သူမထက် ပိုမြင့်သည်ဆိုလျှင်ပင် လျို့ယန်မှာတော့ အောက်စည်းသို့ ရောက်မသွားဘဲ လက်ရည်တူပင် တိုက်ခိုက်နိုင်ခဲ့လေသည်။ ထိုမျှသာလျှင် မဟုတ်။ အချိန်ကြာလာသည်နှင့်အမျှ လျို့ယန်သည် အထက်စီးသို့ ရောက်လာခဲ့လေ၏။
ယခုတစ်ကြိမ် တိုက်ခိုက်ရာတွင် လျို့ယန်သည် မီးငှက်အသွင်သို့ မပြောင်းပဲ လူပုံစံသက်သက်ဖြင့်သာ တိုက်ခိုက်ပေသည်။
လူပုံစံဖြင့်ပင်လျှင် ရှုန်းနင်အား အထက်စီးမှ တိုက်ခိုက်နိုင်သည်ကို ကြည့်လျှင် မီးငှက်အသွင်သို့သာ ပြောင်းမည်ဆိုပါက ရှုန်းနင်အား လုံးဝ ဖိနှိပ်နိုင်မည် ဖြစ်ကြောင်းကို သိနိုင်ပေသည်။
ရန်ကိုင်မှာမူ တိုက်ပွဲထဲသို့ ဝင်မပါပဲ ဘေးမှနေ၍သာ ရပ်ကြည့်နေခဲ့သည်။ ကျိုးအန်းသည်လည်း အတူတူပင် ဖြစ်လေသည်။
ရန်ကိုင် ဝင်မပါရသည့် အကြောင်းအရင်းမှာ သူ့ကျောက်တုံးကိုယ်ပွား၏ ခွန်အား မည်မျှ တိုးတက်လာသလဲ ဆိုသည်ကို မြင်ချင်သည့်အတွက်ကြောင့် ဖြစ်သလို ကျန်းရို့ရှီအား ကာကွယ်ပေးရန် လိုအပ်သည့် အတွက်ကြောင့်လည်း ဖြစ်ပေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၁၄၅)
ကျိုးအန်းမလှုပ်ရှားရသည့်အကြောင်းအရင်းမှာ ရန်ကိုင် မလှုပ်ရှားသည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။ ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံသည် သူ့တည့်တည့်အား ချိန်ရွယ်ထားခဲ့ပေသည်။
သူတစ်ချက်ကလေးလှုပ်ရှားလိုက်သည်နှင့် နောင်တရချိန်ပင်မရှိတော့ဘဲ သေသွားရလိမ့်မည်ဟု စိတ်ထဲခံစားနေရသည်။ ထို့အတွက်ကြောင့် သူ့စိတ်ထဲ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်နေမိခဲ့ပေသည်။
ရန်ကိုင်၏ကောင်းကင်စိတ်အာရုံသည် တာအိုသခင် တတိယအဆင့်ကျင့်ကြံသူတစ်ဦး၏ ကောင်းကင်စိတ်အာရုံတမျှ အားကောင်းကြောင်းကို ကျိုးအန်းခံစားမိသည်။
ထိုကောင်းကင်စိတ်အာရုံမှာ သူ့ထက်အများကြီး ပိုအားကောင်းပေသည်။ ထိုကဲ့သို့သော ကျင့်ကြံသူတစ်ဦးအား သွားတိုက်ခိုက်ခြင်းသည် ကိုယ့်သေတွင်းကိုယ်တူးခြင်း ဖြစ်ပေသည်။
တိုက်ပွဲအား ကြည့်လိုက်ပြန်သည့်အခါတွင်လည်း ဟွာကုနှင့်ရှုန်းနင်တို့ နှစ်ဦးစလုံး အောက်စည်းသို့ ရောက်နေကြောင်း တွေ့လိုက်ရသည်။
ယခုတစ်ကြိမ် သံပြားကိုသွားကန်မိလိုက်ပြီမှန်း နားလည်လိုက်သည့်နောက်တွင် ကျိုးအန်းစိတ်ထဲ အလွန်ကိုမှ ခါးသက်သွားခဲ့လေသည်။
ထိုစဉ် ရန်ကိုင့်ဆီသို့ တစ်ချက်လှမ်းကြည့်လိုက်၏။ ရန်ကိုင် သူ့အား အာရုံစိုက်မနေသည်ကိုမြင်သော် ရဲဆေးတင်၍အားတင်းပြုံးရင်း လက်သီးဆုပ်ကာ ပြောလိုက်လေသည်။ “ရောင်းရင်း”
ရန်ကိုင်သည် ကျိုးအန်းဘက်သို့ လှည့်လာလျက် ပြန်မေးလိုက်လေသည်။ “ဘာလဲ မင်းနောက်ဆုံးပြောချင်တဲ့ စကားရှိလို့လား”
ကျိုးအန်းက မျက်မှောင်ကြုတ်လျက်ပြန်ပြောလိုက်လေ၏။ “ရောင်းရင်း နားလည်မှုလွဲနေပြီနဲ့တူတယ်။ ကျုပ်ပြောချင်တာက အဲ့နှစ်ယောက်ကို ကျုပ်မသိဘူးလို့။ ကျုပ်တို့အမှတ်မထင် လူချင်းတွေ့ပြီး ဒီကိုအတူတူလာခဲ့တာ”
ရန်ကိုင်ကမူ ကျိုးအန်းပြောသည်အား ဂရုမစိုက်ဟန်ဖြင့် မျက်နှာတည်ဖြင့်သာ ပြန်စိုက်ကြည့်နေခဲ့လေသည်။
အခြားတစ်ဖက်တွင်မူ ကျိုးအန်းပြောသည်ကို ကြားပြီးလိုက်ပြီးသည့်နောက် ဟွာကုနှင့်ရှုန်းနင်တို့ နှစ်ဦးစလုံး တုန်လှုပ်သွားခဲ့ကြလေ၏။
ရှုန်းနင်သည် ကျိုးအန်းအား မယုံကြည်နိုင်သည့် အကြည့်ဖြင့်စိုက်ကြည့်ရင်း လျှို့ယန်၏တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်ရင်းမှ ပြန်၍ပြောလိုက်လေ၏။ “စီနီယာအစ်ကိုကျိုး မင်းဘာတွေပြောနေတာလဲ”
ဟွာကုမှာလည်း ဒေါသပုံထသွားပြီး ထအော်တော့လေ သည်။ “ကျိုး..အန်း ဒီကိစ္စကိုမင်းအရင်ဆုံးစခဲ့တာတောင် အခုကိစ္စနဲ့ မင်းနဲ့ဘာမှမပတ်သက်ဘူးလို့ပြောရဲတယ် ဟုတ်လား”
“အဲ့လူက မင်းကိုစီနီယာအစ်ကိုလို့ ခေါ်လိုက်တယ်” ရန်ကိုင်က ရှုန်းနင်ကိုလက်ညှိုးထိုးရင်း ပြောလိုက်သည်။
ကျိုးအန်းက ချက်ချင်းပဲ ပြန်ပြောလိုက်လေ၏။ “သူခေါင်းမကောင်းတာဖြစ်လိမ့်မယ် ရောင်းရင်း။ သူ့စကားတွေကို လျှောက်ပြီးနားထောင်မနေနဲ့”
ထိုသို့ပြောပြီးသည့်နောက် ကပ်ဖားရပ်ဖားပြုံးလျက် “ရောင်းရင်း ငါမင်းတို့အပေါ် ဘာမကောင်းတဲ့ရည်ရွယ်ချက်မှ မရှိပါဘူး။ အဲ့ကောင်တွေခေါ်လို့ပဲ ဒီလျှိုမြောင်အောက်ခြေကို စစ်ဆေးဖို့ ငါလိုက်လာခဲ့ရတာ။ အမှတ်မထင်ဘဲ ဒီနေရာမှာ မင်းရဲ့မှော်ရတနာစိတ်ဝိဉာဉ်ကိုလာတွေ့တာပဲ။ ဒါပေမယ့် မင်းရဲ့မှော်ရတနာစိတ်ဝိဉာဉ်က ဘာဒဏ်ရာမှရမသွားဘူးလေ။ ဒီတော့ ရောင်းရင်း ဒီကိစ္စလေးကို ခွင့်လွှတ်ပေးလိုက်လို့ မရဘူးလား”
ကျိုးအန်းပြောသည့်စကားကိုကြားပြီးသည့်နောက်တွင် ရန်ကိုင်မှ ဘာဆိုဘာမှပြန်မပြောနိုင်သေးခင်မှာပင် ဟွာကုမှာတော့ ဒေါသထွက်လွန်းသဖြင့် သွေးတစ်ပွက် ထိုးအန်လိုက်ရလေသည်။
ထို့နောက် အလွန်အမင်းဒေါသထွက်နေသည့်လေသံဖြင့် “မင်း နည်းနည်းလေးတောင် သောက်ရှက်မရှိတော့ဘူးလားကွ”
“မင်းပါးစပ်ပိတ်ထားစမ်း” ကျိုးအန်းက ဒေါသတကြီး ပြန်အော်ပြောလိုက်လေ၏။ “အခုကနေစပြီး ဒီကျိုး မင်းတို့လို လူဆိုးလူမိုက်တွေနဲ့ဘာမှမပတ်သက်တော့ဘူး”
ဟွာကုမှာတော့ ကျိုးအန်းပြောသည့်စကားကို ကြားပြီးသည့်နောက်တွင် မခံမရပ်နိုင်အောင် ဒေါသထွက်လွန်းလှသဖြင့် ရူးချင်သလိုပင်ဖြစ်လာခဲ့လေသည်။
သို့သော်ငြား ထိုကဲ့သို့ အာရုံလွတ်နေစဉ်မှာပင် ကျောက်တုံးကိုယ်ပွား၏ဖမ်းဆီးခြင်း ခံလိုက်ရလေ၏။
“မြေအကျဉ်းထောင်” ထူးဆန်းသည့်စွမ်းအားတစ်ရပ်သည် ကျောက်တုံးကိုယ်ပွား၏ခန္ဓာကိုယ်ထဲမှ မြေကြီးထဲသို့ စီးဝင်သွားခဲ့လေ၏။
ထိုစွမ်းအား မြေကြီးထဲသို့ စီးဝင်သွားသည်နှင့် တစ်ပြိုင်နက် ဟွာကုအောက်ခြေရှိမြေပြင်မှာ တသိမ့်သိမ့် တုန်ခါလာပြီးသည့်နောက် မရေမတွက်နိုင်သော မြေကြီးလက်များ တစ်ပြိုင်တည်း ထွက်ပေါ်လာကြလေသည်။
ဟွာကုမှာ ကျိုးအန်းအား ပြန်လှည့်ပြောနေသည့် အချိန်အတောအတွင်းဖြစ်သဖြင့် ထိုလက်များအား ရှောင်တိမ်းနိုင်ခြင်းမရှိတော့ဘဲ အဖမ်းခံလိုက်ရလေ၏။
“မကောင်းတော့ဘူး..” ဟွာကုမှာ အသည်းအသန် ရုန်းကန်နေပါသော်ငြား ထိုမြေကြီးလက်များလက်မှ မည်သို့မှ မလွတ်မြောက်နိုင်ခဲ့ပေ။
မြေကြီးလက်များ၏ဆွဲခေါ်သွားရာအတိုင်း တရစပ် လျှောပါသွားပြီး မကြာမီတွင် ဟွာကု၏ခေါင်းတစ်လုံးသာ မြေပြင်ပေါ်၌ ကျန်ရစ်တော့သည်အထိ သူ့တစ်ကိုယ်လုံး မြေကြီးထဲသို့ ဆွဲချခြင်းခံလိုက်ရလေ၏။
ထူးဆန်းစွာပင် ဤမြေကြီးမှာ သာမန်မြေကြီးသာ ဖြစ်သော်ငြား ကျောက်တုံးကိုယ်ပွား၏စွမ်းအားကြောင့် မြေပြင်တစ်ခုလုံးမှာ သံမဏိတမျှ မာကြောနေခဲ့လေသည်။
ဟွာကုမည်မျှပင် ရုန်းကန်နေစေကာမူ မြေကြီးထဲမှ လုံးဝမထွက်လာနိုင်ခဲ့ပေ။
လက်ရှိဟွာကုပုံစံမှာ သဲနွံထဲသို့နစ်သွားပြီးသည့်နောက် မည်သို့ပင်ရုန်းနေစေကာမူ လုံးဝမလွတ်မြောက်နိုင်တော့သည့် လူတစ်ဦးနှယ် ဖြစ်နေခဲ့လေ၏။
ကျောက်တုံးကိုယ်ပွားသည် တစ်လှမ်းခြင်းလှမ်းလာလျက် ဟွာကုရှေ့သို့ရောက်လာခဲ့လေသည်။ သူ့ခန္ဓာကိုယ်ကြီးသည် ဧရာမတောင်တစ်လုံးကြီးနှယ် ဟွာကုကိုယ်ပေါ်သို့ အရိပ်ထင်ဟပ်နေခဲ့လေသည်။
“အို..ဒီတော့ ဒါကမင်းရဲ့စွမ်းရည်အသစ်ပေါ့” ရန်ကိုင်သည် တိုက်ပွဲအား စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ လေသည်။
ကျောက်တုံးကိုယ်ပွားတွင် ထိုကဲ့သို့သော စွမ်းရည်တစ်ခုရှိကြောင်းကို သူသိမထားခဲ့ပေ။
ဤစွမ်းရည်သည် ကျောက်တုံးရုပ်သေးရုပ်ကလန်၏ မွေးရာပါစွမ်းရည်လား၊ ထိုသို့မဟုတ်ဘဲ ကောင်းကင်ဝါးမြိုခြင်းတိုက်ပွဲဥပဒေသကို နားလည်ပြီးသည့်နောက် ကျွမ်းကျင်လာသည့် စွမ်းရည်တစ်ခုဖြစ်သလားဆိုသည်ကိုတော့ ရန်ကိုင်လည်း မသိချေ။
သို့သော်ငြား ထိုတိုက်ပွဲကိုမြင်ပြီးသည့်နောက် ကျိုးအန်း တုန်တုန်ရီရီဖြစ်သွားခဲ့လေသည်။
တာအိုသခင်တတိယအဆင့်ပညာရှင်တစ်ဦးပင်ဖြစ်သော ဟွာကုပင်လျှင် ဤမျှအလွယ်တကူရှုံးနိမ့်သွားသည်ကို မြင်သော် သူ့အနေဖြင့် ဤနေရာ၌ မည်ကဲ့သို့များ ဆက်နေရဲအုံးပါမည်နည်း။
ထို့ကြောင့် အလျင်အမြန်လက်သီးဆုပ်၍ လှမ်းအော်ပြောလိုက်လေ၏။ “ရောင်းရင်းတို့ကို နှုတ်ဆက်ပါတယ်။ ဒီတစ်ယောက် သွားလိုက်ပါအုံးမယ်”
ပြောပြီးသည်နှင့် အလျင်အမြန်ထွက်ပြေးရန် ကြိုးစားတော့လေသည်။
“ငါ မင်းကိုသွားခွင့်ပေးလို့လား” ရန်ကိုင်က သူ့လက်အားဝှေ့ယမ်းလျက် လဓားသွားတစ်စင်းကိုဖန်တီးကာ ကျိုးအန်း၏လမ်းပေါက်တည့်တည့်သို့ ပစ်ထည့်လိုက်လေ၏။
ကျိုးအန်းမှာ ဆက်မသွားရဲတော့ဘဲ ရပ်လျက် နောက်သို့ပြန်လှည့်မေးလိုက်လေသည်။ “ရောင်းရင်း ဘာများပြောချင်သေးလို့လဲမသိဘူး”
ကျိုးအန်းမှာ ဖော်ဖော်ရွေရွေနှင့်လုပ်ပြနေသော်ငြား သူ့အကြည့်မှာမူ လုံးဝကိုခက်ထန်နေလေသည်။ ရန်ကိုင်ကသာ တိုက်ခိုက်မည်ဆိုလျှင် သူသည်လည်း ကျိန်းသေတန်ပြန်တိုက်ခိုက်ပေလိမ့်မည်။
“ဘာမှတော့ပြောစရာမရှိပါဘူး” ရန်ကိုင်က ပြောလိုက်သည်။ “ဒါပေမယ့်.. မင်းကသူတို့နဲ့မပတ်သက်ဘူးလို့ ပြောခဲ့တယ်နော် ဟုတ်တယ်မလား။ ဒီတော့မင်း သူတို့နဲ့ မပတ်သက်ကြောင်းကို ငါ့ကိုသက်သေပြပေးလို့ရမလား”
“သက်သေပြဖို့” ကျိုးအန်း၏မျက်လုံးများ တဖျတ်ဖျတ် လက်သွားခဲ့သည်။
မကြာမီတွင် ခေါင်းငြိမ့်၍ ပြန်ပြောလိုက်လေသည်။ “ကျုပ်နားလည်ပြီ။ ကျေးဇူးပြုပြီး သေချာစောင့်ကြည့်ပေးပါ ရောင်းရင်း”
ပြောပြီးသည့်နောက်တွင် သူ၏လက်စွဲတော်လှံကို ထုတ်ယူလိုက်လေသည်။ ထို့နောက် အရင်းအမြစ်ချီကို လှည့်ပတ်လျက် လှံအားကိုင်စွဲရင်း လျှို့ယန်နှင့်ချုုံးလင်တို့၏ တိုက်ပွဲဆီသို့ ပြေးဝင်သွားလေ၏။
တိုက်ပွဲဆီသို့အရောက်တွင် လှံထဲသို့ အရင်းအမြစ်ချီကို ထည့်သွင်း၍ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ရှုန်းနင်အား တိုက်ခိုက်လိုက်လေသည်။
ရှုန်းနင်သည်လည်း ထိုမထင်မှတ်ထားသည့် အဖြစ်အပျက်ကြောင့် ထိတ်လန့်သွားခဲ့လေ၏။ လျှို့ယန်တစ်ယောက်တည်းနှင့်ပင်လျှင် သူ့မှာ ဒုက္ခရောက်နေခဲ့ရလေသည်။
ထို့အပြင် ကျိုးအန်း၏ အရှက်မဲ့သည့်စကားကို ကြားပြီးသည့်နောက် တိုက်ပွဲအပေါ် သေချာ အာရုံမစိုက်နိုင်တော့သကဲ့သို့ဖြစ်သွားသဖြင့် အောက်စည်းသို့ ပိုမိုရောက်ရှိသွားခဲ့ရသည်။
ယခုကျိုးအန်းကပါ သူ့အားတိုက်ခိုက်လာသည်ကို မြင်သော် ချုံးလင်ဒုက္ခအကြီးအကျယ်ကို ရောက်တော့လေ သည်။
လျှို့ယန်၏တိုက်ခိုက်မှုအား အလျင်စလို ကာကွယ်လိုက်ပြီးသည့်နောက် ရှုန်းနင်သည် ပြန်၍အော်ပြောလိုက်လေသည်။ “စီနီယာအစ်ကို မင်းရူးနေတာလား”
ကျိုးအန်းကမူ စကားတစ်ခွန်းမှမပြောဘဲ ချုံးလင်အား သတ်ဖြတ်ရေးတွင်သာ အာရုံစိုက်ထားခဲ့လေသည်။ လှံထဲသို့ စွမ်းအားအပြည့်ထည့်သွင်း၍ ကျိုးအန်းတည့်တည့်သို့ ပစ်ထည့်လိုက်လေသည်။
သို့သော်ငြား သူ့တိုက်ခိုက်မှုသည် ကျိုးအန်း၏ နားထင်ဘေးနားကို ဖြတ်သွားပြီးသည့်နောက် လျှို့ယန်တည့်တည့်ဆီသို့ တိုးဝင်သွားခဲ့လေသည်။
“နင်အခုလိုလုပ်မယ်မှန်း ငါအစကတည်းက သိထားပြီးသား” လျှို့ယန်ကမူ ထိတ်လန့်ပြာယာခတ်သွားခြင်းမရှိဘဲ အေးစက်စက်အမူအယာဖြင့်သာ နှာခေါင်းရှုံ့လျက် တိုးဝင်လာနေသည့်တိုက်ခိုက်မှုဆီသို့ မိုးကြိုးမီးတောက်များ မှုတ်ထုတ်လိုက်လေသည်။
“ဘုန်း..” ပေါက်ကွဲသံအကျယ်ကြီး ထွက်ပေါ်လာခဲ့လေ၏။ တစ်ချိန်တည်းတွင်လည်း ရန်ကိုင်သည် မဲ့ပြုံးပြုံးနေခဲ့လေ သည်။
ကျိုးအန်းသည် လျှို့ယန်အား တိုက်ခိုက်မည်ဟု အယောင်ပြလျက် သူ့သွေးအဆီအနှစ်အား တိတ်တဆိတ် လောင်ကျွမ်းသည်ကို ရန်ကိုင်သတိထားမိခဲ့သည်။
ထို့နောက် လျှို့ဝှက်ပညာရပ်တစ်ခုကိုထုတ်သုံးကာ သူ့တစ်ကိုယ်လုံးအား သွေးနီရောင်အရှိန်အဝါဖြင့် ဖုံးအုပ်လျက် လျှိုမြောင်ထဲသို့ အလျင်စလိုထွက်ပြေးသွားခဲ့ လေသည်။
“တစ်ကယ်ကို ပါးနပ်တဲ့ကောင်ပဲ” ရန်ကိုင်က ရေရွတ်လိုက်လေသည်။
သူသာ ကျိုးအန်းနေရာတွင်ဆိုပါက ထိုကဲ့သို့ ထွက်ပြေးနိုင်သည့်နည်းလမ်းမျိုးကို စဉ်းစားနိုင်မိလိမ့်မည် မဟုတ်ချေ။
သို့သော်ငြား ကျိုးအန်း၏အယောင်ပြတိုက်ခိုက်မှုသည် လျှို့ယန်ကိုသာ အလစ်အငိုက်မိသွားစေခြင်းမဟုတ်။ ချုံးလင်ကိုလည်း အလစ်အငိုက်မိသွားစေခဲ့သည်။
အလှည့်စားခံလိုက်ရပြီးသည့်နောက်တွင် ချုံးလင်မှာ တုန့်ပင်မတုန့်ပြန်နိုင်တော့ဘဲ မင်သက်နေခဲ့လေသည်။ သူ့ကိုယ်သူသေပြီဟု ထင်မှတ်နေခြင်းဖြစ်ပေသည်။
သို့သော်ငြား သူအသိပြန်မဝင်လာနိုင်သေးခင်မှာပင် လျှို့ယန်သည် သူ့တည့်တည့်သို့ ပြေးဝင်လာခဲ့လေ၏။
ထို့ကြောင့် ရှုန်းနင်လည်း ဆက်၍ငေးငိုင်မနေနိုင်ဘဲ ချက်ချင်းပြန်လှည့်တိုက်ခိုက်ရတော့သည်။
ကျိုးအန်းသည် လျှိုမြောင်ထဲသို့ အရူးအမူး ထွက်ပြေးနေခဲ့လေ၏။
ဟွာကုမြေကြီးထဲအကျဉ်းချခံလိုက်ရသည်ကို မြင်ပြီးသည့်နောက် သူသာထိုနေရာတွင် ဆက်နေလျှင် ကျိန်းသေသေရမည်မှန်း ကျိုးအန်းသိထားသည်။
ကျောက်ဘီလူးကြီးအား ထည့်မပြောလျှင်ပင် လေထဲ၌ဝဲကာ တိုက်ပွဲအားစောင့်ကြည့်နေသော တာအိုသခင်ပထမအဆင့်လူငယ်လေးကိုပင် သူအနိုင်မတိုက်နိုင်ချေ။
ရန်ကိုင့်ကဲ့သို့သော မွန်းစတားကောင်မျိုးကို ကျိုးအန်း တစ်ခါမှမတွေ့ဖူးချေ။ တာအိုသခင်ပထမအဆင့်ပင် ဖြစ်လင့်ကစား တာအိုသခင်တတိယအဆင့်နှင့်ပင် ယှဉ်ပြိုင်နိုင်သော ကောင်းကင်စိတ်အာရုံကို ပိုင်ဆိုင်ထားခဲ့၏။
ကျိုးအန်းထုတ်သုံးလိုက်သော လျှို့ဝှက်နည်းစနစ်သည် သူ့ခွန်အားများစွာကို သုံးစွဲရသော်ငြား ထိုကျင့်စဉ်ကို ထုတ်သုံးပြီးသည့်နောက် သူ့အရှိန်မှာ တစ်ခဏအတွင်း အလွန်ကိုမှမြန်ဆန်လာခဲ့လေသည်။
ထို့ကြောင့် ရန်ကိုင်သည် ထူးထူးခြားခြားကို အားကောင်းနေမည်ဆိုလျှင်ပင် သူ့အား လိုက်ဖမ်းနိုင်လိမ့်မည်မဟုတ်ဟု ကျိုးအန်းယုံကြည်နေ၏။
ကံမကောင်းစွာဖြင့် သူလွတ်ပြီဟုထင်နေစဉ်မှာပင် သူ့ရှေ့တည့်တည့်ရှိဟင်းလင်းပြင် ထူးဆန်းစွာ တွန့်လိမ်လာသည်ကို ကျိုးအန်းမြင်တွေ့လိုက်ရသည်။
ထိုရုတ်တရက်အဖြစ်အပျက်ကြောင့် ကျိုးအန်း မင်သက်သွားပြီး ချက်ချင်းပြေးနေရာမှ ရပ်လိုက်၏။
ထို့နောက်တွင် ထိုဟင်းလင်းပြင်လှိုင်းတွန့်များကြားမှ လှောင်ပြုံးပြုံးလျက် လမ်းလျှောက်ထွက်လာသော ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရလေသည်။
“မင်း..” ကျိုးအန်းသည် ရန်ကိုင့်အား မယုံကြည်နိုင်သည့် မျက်ဝန်းအစုံဖြင့် စိုက်ကြည့်ရင်း အလန့်တကြား ထအော်လေသည်။ “ဘယ်လိုလုပ်ပြီးတော့လဲ”
သို့သော်ငြား ကျိုးအန်းမှာ ဗဟုသုတကြွယ်ဝသူ၊ အတွေ့အကြုံကြွယ်ဝသူတစ်ဦးဖြစ်သည့်အတွက်ကြောင့် ချက်ချင်းပဲ တစ်ခုခုအား စဉ်းစားမိသွားခဲ့လေသည်။ “လေဟာနယ်နိယာမစွမ်းအား”
ရန်ကိုင်သုံးလိုက်သည့်နည်းလမ်းသည် ဒဏ္ဍာရီလာ လေဟာနယ်တာအိုကိုကျွမ်းကျင်သူများသာ အသုံးပြုနိုင်သည့် တည်နေရာခုန်ကူးခြင်းနည်းစနစ်နှင့် လုံးဝကိုချွတ်စွပ်တူနေပေသည်။
အချို့သောမှော်ရတနာများသည် ကျင့်ကြံသူတစ်ဦးအား တစ်နေရာမှ အခြားတစ်နေရာသို့ တည်နေရာ ခုန်ကူးစေနိုင်သော်ငြား ရန်ကိုင်မည်သည့်မှော်ရတနာမှ အသုံးပြုလိုက်သည်ကို ကျိုးအန်းမမြင်တွေ့ရပေ။
ထို့ကြောင့် သူ့ရှေ့ရှိလူငယ်လေးသည် လေဟာနယ်တာအိုအား အလွန်ကိုမှအဆင့်မြင့်မြင့် ကျွမ်းကျင်ထားသူတစ်ဦးမှန်း ကျိုးအန်း ချက်ချင်း နားလည်လိုက်လေသည်။
ထိုအချက်ကိုနားလည်လိုက်သော ကျိုးအန်း၏ မျက်နှာကြီးမှုန်ကုပ်သွားခဲ့လေသည်။
အရူးတစ်ယောက်ပင်လျှင် လေဟာနယ်တာအိုအား ကျွမ်းကျင်ထားသည့်လူတစ်ဦးလက်မှ ထွက်ပြေးရန် ကြိုးစားခြင်းမှာ အချည်းနှီးမှန်းပြောနိုင်၏။
လက်ရှိတွင် ပိုးကောင်တစ်ကောင်ကို ဝါးစားထားရသည့်နှယ် ကျိုးအန်း၏ပါးစပ်မှာ အလွန်တရာကိုမှ ခါးသက်သက်ဖြစ်နေခဲ့ရသည်။
တစ်ခုခုပြောချင်နေသည့်အလား သူ့ပါးစပ်ကို ဟလိုက်သော်ငြား သူမပြောနိုင်သေးခင်မှာပင် ရန်ကိုင်က ဖြတ်ပြောလိုက်လေ၏။ “မင်းဘာပြောပြော ငါသောက်ဂရုစိုက်မှာမဟုတ်ဘူး”
ပြောပြီးသွားသည်နှင့်တစ်ပြိုင်နက် ရန်ကိုင်သည် သူ့လက်အားဝှေ့ယမ်း၍ လဓားသွားများစွာကို ပစ်လွှတ်လိုက်လေသည်။
ကျိုးအန်းမှာလည်း တုန့်နှေးမနေခဲ့ဘဲ သူ့လှံကိုထုတ်၍ ခုခံဟန်ပြင်လိုက်လေသည်။
တထင်ထင် မြည်သံနှင့်အတူ လဓားသွားများသည် ကျိုးအန်း၏တိုက်ကွက်နှင့် သွားရောက်ထိပ်တိုက်တွေ့ဆုံ လေ၏။
တရစပ်တိုးဝင်လာနေသော လဓားသွားများကြောင့် ကျိုးအန်းမှာနောက်သို့ တရစပ်ဆုတ်နေရလေသည်။
လဓားသွားများ ကုန်ဆုံးသွားပြီးသည့်နောက် ကျိုးအန်းမှာ ခြေခိုင်ခိုင်ပြန်မရပ်နိုင်သေးခင်မှာပင် ရန်ကိုင်သည် သူ့မြင်ကွင်းမှ ရုတ်တရက်ပျောက်ကွယ်သွားခဲ့လေ၏။
ကျိုးအန်းမှာ ထိတ်လန့်သွားခဲ့ပြီး ကောင်းကင်စိတ်အာရုံအား ကမန်းကတမ်းဖြန့်ကျတ်၍ ရန်ကိုင်၏တည်နေရာကို အာရုံခံလိုက်လေသည်။
သို့သော်ငြား ရန်ကိုင့်အား မည်သည့်နေရာတွင်မှ မတွေ့ရ။ သူ့မသိစိတ်ကိုသုံး၍ လှံအား နောက်တည့်တည့်သို့ ထိုးချလိုက်သော်ငြား ထိုနေရာတွင် မည်သူမှ ရှိမနေခဲ့ပေ။
ထိုစဉ် သူ့ဘေးဘက်ဆီမှ သေမင်း၏ခေါ်သံနှယ် ကျိုးအန်းအတွက် ခြောက်ခြားဖွယ်ရာကောင်းလှသော အသံတစ်သံထွက်ပေါ်လာခဲ့လေ၏။ “အနန္တဓားချက် ရောင်ခြည်တစ်ထောင် လအလင်းရောင် ပိုင်းဖြတ်ခြင်း”
အံ့အားသင့်ဖွယ်ကောင်းလှသော ဓားချီစွမ်းအားသည် စူဠာမဏီလှိုင်းလုံးနှယ် ကျိုးအန်းဆီသို့ တိုးဝင်လာခဲ့လေ သည်။
ထိုတိုက်ကွက်ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် မှောင်မိုက်နေသောလျှိုမြောင်မှာလည်း တစ်မဟုတ်ချည်း လင်းလက်လာခဲ့လေတော့၏။
တစ်ဖက်လူ၏တိုက်ကွက်ကိုမြင်သော် ကျိုးအန်းမှာ သူ့ခွန်အားအား အနည်းငယ်မျှပင် ထိန်ချန်ထားခြင်းမရှိဘဲ အရင်းအမြစ်ချီများကို လှံထဲသို့အရူးအမူးထည့်သွင်း၍ လှံချက်ပေါင်းများစွာကို ထိုးချလိုက်လေ၏။
လှံချက်များနှင့်ဓားချက်များ အဆက်မပြတ် ထိတ်တိုက်တွေ့ဆုံသွားခဲ့လေသည်။ ပေါက်ကွဲမှုကြီး ရပ်တန့်သွားခဲ့ပြီးသည့်နောက်တွင် သွေးစိမ်းရှင်ရှင်တို့ ဖြာထွက်လာခဲ့လေ၏။
အလင်းတန်းများပျောက်ကွယ်သွားချိန် ရန်ကိုင်သည် အနန္တဓားကိုကိုင်ဆွဲ၍ ငြိမ်သက်စွာရပ်နေခဲ့လေသည်။ သူ့ရှေ့ရှိမလှမ်းမကမ်းတွင် ကျိုးအန်းမှာတော့ ဒဏ်ရာဗရပွနှင့် မတ်တပ်ရပ်နေခဲ့လေ၏။ မရေမတွက်နိုင်သော ဓားချက်များသည် သူ့ခန္ဓာကိုယ်အနှံ့ ထင်ဟပ်နေခဲ့လေသည်။
အရိုးထိနက်သော ဓားချက်များနှင့်တကွ အဝတ်အစားများမှာလည်း စုတ်ပြဲနေပြီး သူ့တစ်ကိုယ်လုံးမှာလည်း သွေးချင်းနီနေခဲ့သည်။
သူ့ခန္ဓာကိုယ်မှဖြာထွက်နေခဲ့သော အနီရောင် အရှိန်အဝါပင်လျှင် လုံးဝကိုပျောက်ကွယ်သွားခဲ့လေသည်။ လက်ရှိတွင် ကျိုးအန်း၏အရှိန်အဝါမှာ အလွန်တရာကိုမှ အားနည်းနေခဲ့လေ၏။
ခက်ခက်ခဲခဲဖြင့် ရန်ကိုင့်လက်ထဲရှိ အနန္တဓားဆီသို့ လှမ်းကြည့်လိုက်ပြီးသည့်နောက် ယဲ့ယဲ့လေးပြုံးလျက် “ဧကရာဇ်..အဆင့်..မှော်ရတနာ။ ငါသေရတာ အလကားဖြစ်မသွားဘူးပဲ”
ထိုစကားကိုပြောပြီးသည့်နောက်တွင် ကျိုးအန်း မြေပြင်ပေါ်သို့လဲကျသွားခဲ့လေသည်။ သူ့မျက်လုံးများမှာလည်း တစ်ခဏအတွင်း အရောင်အဆင်းကင်းမဲ့သွားခဲ့လေ၏။