မင်းကံကြမ္မာက ငါ့လက်ထဲမှာ ပိုင်ရှောင်ချန်း
Vol. 6 Ch. 549
ပိုင်ရှောင်ချန်းမှာ ကျိုးရီရှင်းကို တွေ့ရသဖြင့် ထခုန်မတတ်ပျော်သွားပြီး မိတ်ဆွေဟောင်းကြီးနှင့် မထင်မှတ်ပဲကြုံလိုက်ရသည့်အလား ခံစားလိုက်ရတော့သည်။ အချိန်အတော်ကြာသည်အထိ အခြားလူတစ်ယောက်ကိုမှ သူ မတွေ့ရသေးသည်မဟုတ်ပါလော။
ဤနေရာတွင် ကျိုးရီရှင်းနှင့် မထင်ထားပဲတွေ့လိုက်ရရာ ပိုင်ရှောင်ချန်းမှာ သူတို့နှစ်ယောက်တွင် ရေစက်ပါနေသည့်အလား ခံစားရလိုက်ရလေသည်။
ထို့ပြင် သူတို့တွေ့သည့်အချိန်တိုင်း အမြတ်ထွက်ရသော အချက်ကြောင့်လည်း သူ့ကို အလွန်အမင်း စိတ်လှုပ်ရှားသွားစေတော့သည်။
" မပြေးနဲ့ ကျိုးရီရှင်း" သူက အော်လိုက်သည်။
" မင်းရဲ့ လေးကြီးကို ငါမယူပါဘူးကွ။ ဒီ စက္ကူလူ နှစ်ထောင်ရဲ့ အာရုံစိုက်တာပဲ ခံလိုက်တော့ ငါ့ကံကြမ္မာကြယ်လေးရေ"
ပိုင်ရှောင်ချန်း၏ ပျော်ရွှင်ဝမ်းမြောက်နေသောလေသံကြောင့် ကျိုးရီရှင်းမှာ သွပ်သွပ်ခါရူးတော့မတတ် တဆတ်ဆတ်တုန်သွားတော့သည်။ သူ့တစ်သက်တာ ကြုံခဲ့သည်ထက် ပိုမိုများပြားသော ကံဆိုးမိုးေမှာင်ကျမှုကြီးထဲသို့ ကျရောက်နေသည့်အလား အမှန်တကယ် ခံစားနေရလေသည်။
" မင်းသာ ကံကြမ္မာကြယ်။ မင်းတို့ တစ်မိသားစုလုံးကမှ ကံကြမ္မာကြယ်တွေကွ "
ပိုင်ရှောင်ချန်း၏စူးရှတောက်ပသော အကြည့်ကြောင့် သူ ဒေါသူပုန်ထသွားလေသည်။ သူက မြန်နိုင်သမျှ မြန်မြန် လှည့်လိုက်သည့်တိုင် သတိပြုခံလိုက်ရသေးသည်။ ထို့ပြင် " ကံကြမ္မာြကယ် " ဟုပင် ခေါ်ခံလိုက်ရသေးရာ သူ အလွန်အမင်း ဒေါသထွက်သွားကာ မေ့လဲတော့မတတ် ခံစားလိုက်ရလေသည်။
မကြာသေးမီက ဝင်္ကပါတစ်လျှောက် သူ၏ ခရီးစဥ်များအတောအတွင်း ပိုင်ရှောင်ချန်းနှင့် ထပ်မတွေ့ရန် အဆက်မပြတ်ဆုတောင်းနေခဲ့သော်လည်း... ထိုအရာကား အမှန်တကယ်ဖြစ်လာတော့သည်။
" အား….ကောင်းကင်ကြီး ဘာလို့တုံး ။ ဒီဝင်္ကပါက အင်မတန် ကြီးမားတာကို ဘာလို့ ဒီလူယုတ်မာ ပိုင်ရှောင်ချန်းနဲ့ တည့်တည့်တိုးအောင် လုပ်ရတာတုံး "
ဤသည်မှာ ကျိုးရီရှင်း၏ ပိုင်ရှောင်ချန်းနှင့်တိုးသော တတိယအကြိမ်ဖြစ်ပြီး ဤတစ်ကြိမ်တွင် သူက ကမ္ဘာပေါ်တွင် ရှိသမျှလူတိုင်းထက် ပိုကံဆိုးကြောင်း သေချာသွားတော့သည်။
သူတို့ ပထမဆုံးတွေ့စဥ်က သူ၏ ကိုးရောင်ခြည်မီးတောက်ကို ဆုံးရှုံးခဲ့သည်။ ထို့နောက် သူ၏ မီးဝိညာဥ်မြားကို ယူသွားပြန်သည်။ တတိယအကြိမ်တွင် ပိုင်ရှောင်ချန်းသည် နောက်ကလိုက်နေသော စက္ကူလူ နှစ်ထောင်နှင့် သူ့ထံ ပြေးလာနေတော့သည်။
ကျိုးရီရှင်းမှာ ပိုင်ရှောင်ချန်းနည်းတူ မကြာသေးမီက စက္ကူလူများကြောင့် ကြောက်လန့်ခဲ့သေးသည်။ အယောက်နှစ်ထောင်ကျော်ကို တစ်နေရာထဲ တွေ့လိုက်ရသည်တွင် သူ့ကို အဆုံးစွန်ထိ ကြောက်လန့်တုန်လှုပ်သွားစေတော့သည်။
" အတိတ်ဘဝက ဝဋ်ကြွေးများ ရှိနေတာလားကွာ "
သူ့မျက်လုံးများ ရဲရဲနီလျက် ဒေါသကြောင့် ရှုံ့တွနေသော အမူအရာဖြင့် ပိုင်ရှောင်ချန်းကို ခက်ထန်တင်းမာစွာ ကြည့်လိုက်သည်။
" ဒီစက္ကူလူတွေကို အာရုံလွှဲဖို့ ငါ့အကူအညီ လိုတယ်ပေါ့ဟုတ်လား "
သူက အော်ဟစ်လိုက်သည်။
" ကောင်းပြီလေ။ မင်းသေဖို့အတွက် ကံကြမ္မာက ငါ့လက်ထဲကို အခွင့်အရေးတစ်ခု ထည့်ပေးလိုက်ပုံပဲ"
ကျိုးရီရှင်းက စက္ကူလူများ၏ အခွင့်အရေးကို ယူခြင်းဖြင့် ပိုင်ရှောင်ချန်းကို သတ်နိုင်လိမ့်မည်ဟု ယုံကြည်ေနသည်။
" လုံးဝအကောင်းဆုံးအခွင့်ရေးပဲ "
သူက ဟိန်းဟောက်ရင်း မည်သည်ကိုမျှ တွေးမနေတော့ဘဲ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းကိုးဆ ပြုလုပ်ထားသော သူ၏မဟာလေးကြီးကို ဆွဲထုတ်လိုက်သည်။ ထို့နောက် လေးကြိုးကို နောက်ဆွဲ၍ ဝိညာဥ်မြား ၃၆ ချောင်းကို တစ်ခုပြီးတစ်ခုပစ်လွှတ်လိုက်ကာ တချိန်တည်းမှာပင် ပိုင်ရှောင်ချန်းနှင့်ဝေးရာသို့ ဆုတ်ခွာသွားလေသည်။
မြား ( ၃၆ ) ချောင်းသည် ကျိုးရီရှင်း ထုတ်နိုင်သမျှ အားကုန်ဖြစ်ပြီး ထိုသို့ အားစိုက်ထုတ်လိုက်ရခြင်းကြောင့် သူ သွေးများအန်နေလေပြီ။ ထို့ပြင် သူ ပိုင်ရှောင်ချန်းကို မည်မျှမုန်းတီးနေသလဲဆိုလျှင် ရိုးတွင်းခြင်ဆီထိတိုင် မုန်းတီးနေသည်ဟု ဖော်ပြနေခြင်းလည်း ဖြစ်သည်။
မြား ၃၆စင်းသည် ပိုင်ရှောင်ချန်းထံ လေကိုခွင်း၍ ပျံသန်းသွားေလသည်။ ပိုင်ရှောင်ချန်းသည် ကံကြမ္မာ ကြယ်လေးနှင့် ပက်ပင်းတိုး၍ စိတ်လှုပ်ရှားသွားမိခြင်းကြောင့် တော်တော်လွန်သွားပြီဖြစ်ကြောင်း သဘောပေါက်သွားရာ မျက်နှာပျက်သွားတော့သည်။ ဤသည်မှာ ပိုင်ရှောင်ချန်းကို သတ်ရန် ကျိုးရီရှင်းအတွက် အကောင်းဆုံးအခွင့်အရေးတစ်ခုလည်း ဖြစ်ပေသည်။
" မင်းက ဒီလို လူယုတ်မာမှန်း ယုံနိုင်စရာ မရှိဘူး ကိုမျောက်ဝံရေ "
သူက အော်လိုက်သည်။ မြား ၃၆စင်းက သူ့ကို ပစ်မှတ်ထား၍ ပစ်လိုက်ခြင်းဖြစ်ရာ မရှောင်နိုင်ကြောင်း သိလိုက်လေသည်။ သူ့နောက်တည့်တည့်တွင် စက္ကူလူများရှိသည်ကိုလည်း ထည့်တွက်လိုက်ပါက အလွန်အန္တရာယ်များသော အခြေအနေထဲကျရောက်သွားတော့သည်။ ထို့ကြောင့် သူက ညာလက်ကို ဝှေ့ယမ်းလိုက်ပြီး ထာဝရထီးကို ဖျတ်ခနဲ ဖွင့်လိုက်သည်။
ထို့နောက် မြား ၃၆စင်းလုံး ပေါက်ကွဲသွားပြီး ကျိုးရီရှင်းမှာ သရော်လှောင်ပြောင်ကာ အော်ဟစ်လိုက်၏။
" မင်းဝဋ်ပြန်လည်တော့မှာ ပိုင်ရှောင်ချန်းရေ "
သူသည် အကြီးအကျယ် ထိခိုက်ဒဏ်ရာရနိုင်သည်ကို လျစ်လျူရှုလိုက်ပြီး အသက်တစ်ချက်ရှူသွင်းကာ နောက်ထပ် မြား ၃၀ ပစ်လွှတ်လိုက်သည်။
မြားများက လျှပ်စီးတန်းများအလား လေကို ခွင်း၍ ပိုင်ရှောင်ချန်း၏ နေရာသို့ ရောက်ရှိသွားပြီးနောက် မယုံကြည်နိုင်ဖွယ်အင်အားဖြင့် ပေါက်ကွဲသွားတော့သည်။ ပိုင်ရှောင်ချန်းက ယခုထက် ပို၍သန်မာလျှင်တောင်မှ ထိုတိုက်ကွက်တစ်ခုကြောင့် နောက်သို့ လဲကျသွားသည်မှလွဲ၍ မည်သို့မျှ ပြုလုပ်နိုင်မည် မဟုတ်ချေ။
ထိုသို့ဖြစ်သွားသောကြောင့် စက္ကူလူနှစ်ထောင်သည် အရှိန်တင်လိုက်ကြရာ မျက်စိတစ်မှိတ်အတွင်းမှာပင် နီးကပ်လာတော့သည်။
အော်ဟစ်နေသော စက္ကူလူများ၏ မျက်နှာများပေါ်တွင် ကြောက်မက်ဖွယ် အပြုံးများနှင့် သူတို့၏ မျက်လုံးများတွင် ရူးသွပ်မှုများ၊ လောဘရမ္မက်များ ဖုံးလွှမ်းနေပြီး ပိုင်ရှောင်ချန်းထံ ခုန်အုပ်လိုက်တော့သည်။
အတန်ငယ်ဝေးသောနေရာတွင် ကျိုးရီရှင်းက ဖြစ်ပျက်နေသည်တို့အား စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေလေရာ တုန်ယင်နေတော့သည်။ ထို့နောက် သူက ခေါင်းနောက်လှန်၍ အဆုတ်ကွဲလုမတတ်အော်ဟစ်ရယ်မောလိုက်လေသည်။
" ငါ မင်းကို မသတ်ဘူး ပိုင်ရှောင်ချန်း။ ဒါက ကောင်းကင်ကြီးရဲ့ အလိုအတိုင်းပဲ "
ကျိုးရီရှင်းမှာ မကြာသေးမီက သူ့ကို ညှင်းပန်းနှိပ်စက်နေသော စိတ်ဖိစီးမှုများအား ချက်ချင်း ဖယ်ရှားနိုင်လိုက်သဖြင့် အလွန်တရာ ဝမ်းမြောက်နေတော့သည်။
ပိုင်ရှောင်ချန်းထံ ခုန်အုပ်နေသည့် စက္ကူလူများကို စောင့်ကြည့်ရင်း ကျိုးရီရှင်းက အရူးပမာ ရယ်မောလိုက်ပြီးနောက် ပြော၏။
" ပိုင်ရှောင်ချန်း၊ မင်း "
သို့သော် သူ့မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး ပြောမည့်ဟန်ပြင်နေသော စကားလုံးများ သူ့လည်ချောင်းဝတွင် တစ်ဆို့ကုန်တော့သည်။
" မဖြစ်နိုင်ဘူး "
ပိုင်ရှောင်ချန်း၏ဘေးပတ်လည်တွင် မှေးမှိန်ဖျော့တော့နေသော ဒိုင်းကာများ ထောင်ကျော်သည်အထိ တစ်ခုပြီးတစ်ခု လည်ပတ်သွားပြီး မီတာ သုံးဆယ် အထူရှိ အကာအကွယ်ကြီးတစ်ခုဖြစ်သွားသောကြောင့် ကျိုးရီရှင်းမှာ တုန်လှုပ်သွားတော့သည်။
ဒိုင်းကာများ ထွက်ပေါ်လာခြင်းကြောင့် ပိုင်ရှောင်ချန်းအပေါ် ခုန်အုပ်လိုက်သော စက္ကူလူများမှာ ဒိုင်းကာများနှင့်သာ တိုက်မိသွားလေသည်။
သို့သော် သူတို့မှာ အလွန်များပြားလှသောကြောင့် ဧရာမစက္ကူလုံးကြီးအသွင်နှင့်သာ အဆုံးသတ်သွားတော့သည်။
စက္ကူလုံးကြီးအတွင်းတွင် ပိုင်ရှောင်ချန်းမှာ ကြောက်လန့်နေသောကြောင့် ဇောချွေးများပြန်နေကာ ရေချိုးထားသည့်အတိုင်း စိုရွှဲနေတော့သည်။ ထိုအခိုက်အတန့်တွင် သူ၏ ရွှယ်ကျဲကော်တုကို သုံးရန်အတွက် ရသည့်အချိန်မှာ အလွန်တိုတောင်းလှလေရာ စက္ကူလူများတိုးဝင်လာခြင်းကို ဟန့်တားရန် အကာအကွယ် အဆောင်စက္ကူများကိုသာ ထုတ်သုံးလိုက်ရလေသည်။
ဒိုင်းများက စက္ကူလူများကိုခုခံနိုင်ကြောင်း အတည်ပြုပြီးနောက် သူက ထိုစက္ကူလူများ၏ ခြေလက်များကြားမှ အဝေးရှိမှင်သက်နေသော ကျိုးရီရှင်းကို လှမ်းကြည့်လိုက်လေသည်။
" ကျိုးရီရှင်း "
သူက အော်ဟစ်လိုက်ပြီးနောက် သူရှိရာဘက်သို့ လှုပ်ရှားလိုက်လေသည်။
ကျိုးရီရှင်းမှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး သူရှိရာဘက်သို့ ဧရာမစက္ကူလုံးကြီး အရှိန်ဖြင့် လိမ့်လာနေသောကြောင့် ခေါင်းတစ်ခုလုံးချာချာလည်အောင် မူးနောက်သွားတော့သည်။ ဧရာမစက္ကူလုံးကြီးရှိ မြောက်များလှစွာသော စက္ကူလူများအရေအတွက်ကြောင့် ကျိုးရီရှင်း၏ ဦးခေါင်းမှာ အလွန်စပ်ဖျဥ်းဖျဥ်းဖြစ်လာကာ ပေါက်ကွဲထွက်တော့မည့်အလား ခံစားလိုက်ရလေသည်။
" ဒီကောင် မသေသေးဘူးလားကွာ "
သူ့နှုတ်မှ ဒေါသတကြီး ရေရွတ်သံ လွှတ်ခနဲထွက်သွားလေသည်။ သူက ထွက်ပြေးလိုက်သော်လည်း သူတတ်နိုင်သော အမြန်နှုန်းမှာ ပိုင်ရှောင်ချန်းကို မည်သို့မျှ မယှဥ်နိုင်ပေ။
" ငါဘာလုပ်ရမလဲ၊ ငါဘာလုပ်ရမလဲ။ ငါ့ရဲ့ နောက်ဆုံး ကြယ်အမှတ်အသားတည်နေရာရွှေ့ပြောင်းခြင်းကို ထုတ်သုံးရတော့မယ်လို့ မပြောနဲ့နော် "
သူ့စိတ်ထဲတွင် ရူးသွပ်တော့မတတ်ခံစားချက်များဖြင့် ပြည့်ကြပ်နေပြီး အံတင်းတင်းကြိတ်ကာ ကြယ်အမှတ်အသားအတွင်းရှိ ကြယ်အလင်းကို ထုတ်ရန် ပြင်လိုက်သည်။ သို့သော် ထိုအချိန်တွင် ဒိုင်းအကာအကွယ်များ၏ မျက်နှာပြင်ပေါ် ကပ်နေသောစက္ကူလူ နှစ်ထောင်သည် ဒိုင်းများ၏ စွမ်းအားများကို စုပ်ယူနေလေရာ စက္ကူလုံးကြီးမှာ ကျုံ့လာတော့သည်။
" ဟမ် "
စိတ်အားတက်ကြွလာသဖြင့် ကျိုးရီရှင်းသည် ချက်ချင်းပင် တည်နေရာရွှေ့ပြောင်းမည့် အစီအစဥ်ကို စွန့်လွှတ်လိုက်သည်။ သူသည် စိတ်လှုပ်ရှားခြင်းကြောင့် ရင်ခုန်သံမြန်နေပြီး ပိုင်ရှောင်ချန်းက ကိုယ့်ရှူးကိုယ်ပတ်နေကြောင်း ကောက်ချက်ချလိုက်တော့သည်။ ဒိုင်းကာများပျောက်ကွယ်သွားသည်နှင့် သူ၏ ခန္ဓာသာမက ဝိညာဥ်ပါ အသတ်ခံရလိမ့်မည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့်အမျှ ကျိုးရီရှင်းမှာ ပို၍စိတ်လှုပ်ရှားလာပြီး ရှေ့တိုးလာကာ သူ့နောက်တွင် ဖြစ်နေသော အရာကို မမှိတ်မသုန်ကြည့်၍ ဟားတိုက် ရယ်မောနေသေးသည်။
ရုတ်တရက် စက္ကူလုံးကြီးထံမှ ဝုန်းခနဲအသံကြီး တစ်ခု ပဲ့တင်ထပ်သွားကာ ကျိုးရီရှင်းမှာ လန့်ဖျပ်သွားလေသည်။ သို့သော် ယခင်အရှိန်အတိုင်း ဆက်ရှိနေကြောင်း အတည်ပြုလိုက်ပြီးနောက် စိတ်တည်ငြိမ်သွားတော့သည်။
" မင်းဘယ်လောက် တောင့်ခံနိုင်မလဲ ကြည့်ကြသေးတာပေါ့ ပိုင်ရှောင်ချန်း "
စက္ကူလုံးထဲတွင် ပိုင်ရှောင်ချန်းသည် အေးစက်စက် ရယ်မောနေပြီး သူ့အိတ်ထဲမှ အဆောင်စက္ကူထောင်ပေါင်းများစွာသာ ထုတ်လိုက်ပါက… ကျိုးရီရှင်း၏ အမူအရာမည်သို့ ဖြစ်သွားမည်ကိုစဥ်းစားနေမိလေသည်။
"ဟမ် ။ ငါဒါတွေအားလုံးကိုသာ တစ်ခါတည်းထုတ်လိုက်ရင် မင်းသေချာပေါက် ရူးသွားမှာ "
သို့သော် ပိုင်ရှောင်ချန်းမှာ စိုးရိမ်နေဆဲပင်။ သူ့ထံတွင် အဆောင်စက္ကူများ အဆုံးအစမဲ့ မရှိလေရာ နောက်ဆုံးတွင် ကုန်သွားလိမ့်မည် ဖြစ်သည်။ ဒိုင်းစွမ်းအားများကို စုပ်ယူနေသော စက္ကူလူများကို လှည့်ပတ်ကြည့်ရင်း သူတို့အတွက် ဒိုင်းကာများကအရသာရှိနေသည်ဟု သူ ကောက်ချက်ချလိုက်လေသည်။
ရင်တဒိန်းဒိန်းခုန်နေရင်း သူက ထိုကိစ္စကို ထပ်မံတွေးတောလိုက်ပြီးနောက် နောက်ထပ် အဆောင်စက္ကူများကို ဆွဲထုတ်ကာ ဘေးသို့ ပစ်ပေါက်လိုက်လေသည်။ သူ တွေးထင်ထားသည့်အတိုင်း စက္ကူလူအချို့မှာ ၄င်းတို့ကို ချက်ချင်းပင် ခုန်အုပ်လိုက်ပြီး ပျော်ရွှင်ဝမ်းမြောက်စွာ စုပ်ယူလိုက်လေသည်။
ပိုင်ရှောင်ချန်း၏မျက်လုံးများ တလက်လက်တောက်ပလာပြီး အဝေးသို့ထွက်ပြေးနေသော ကျိုးရီရှင်းကို လှမ်းကြည့်ကာ နောက်ထပ် စွန့်စားရန် ဆုံးဖြတ်လိုက်လေသည်။