ငါ့ကျောပေါ်မှာ တစ်ခုခုရှိနေတယ်
Vol. 6 Ch. 550
ပိုင်ရှောင်ချန်းမှာ စက္ကူလုံးကြီးအတွင်း မမြင်ရလုနီးပါး ဖြစ်နေပြီး ကျိုးရီရှင်းသည် ရှေ့ဆက်သွားရန်သာ အာရုံရောက်နေသောကြောင့် ဖြစ်ပျက်သွားသည်ကို မမြင်လိုက်ရပေ။ သူက စိတ်လှုပ်ရှားနေပြီး စက္ကူလုံးကြီးမည်မျှ ကျုံ့သွားသည်လဲကို ရံဖန်ရံခါလှည့်ကြည့်နေသည်။ ဤအချိန်တွင် အလုံးကြီးသည် ယခင် မီတာ ၃၀ အရွယ်အစားမှ တစ်ဝက်ခန့်ထိပင် ကျုံ့နေလေပြီ။
ထို့ပြင် ပိုင်ရှောင်ချန်းမှာ မောပန်း၍ လက်လျှော့လိုက်သည့်အလား အရှိန်လျော့သွားလေသည်။ ကျိုးရီရှင်းသည် သူ စိတ်ပျက်လက်ပျက် ညည်းညူလိုက်သံကိုပင် ကြားလိုက်ရေလသည်။
" မင်း ဝဋ်ပြန်လည်တော့မှာ ပိုင်ရှောင်ချန်း "
သူက စိုးရိမ်သောက သို့မဟုတ် ပူပန်ကြောင့်ကြမှုများမှ လုံးဝလွတ်ကင်းသွားပြီဟု ခံစားလိုက်ရပြီး ကျယ်လောင်စွာ အော်ရယ်မောကာ သူကိုယ်တိုင် မည်မျှ အသေအချာ အသေးစိတ်စီမံထားခဲ့သည်ကို တွေးလိုက်လေသည်။
" ငါလူတစ်ယောက်ကို သတ်ချင်ရင် အဲဒီလူက အသက်ရှင်ဖို့တောင် မကြိုးစားရဲဘူး "
သူက တဟားဟားရယ်မောရင်း စက္ကူလုံးကြီးက အရှိန်လျော့လာကာ ၉မီတာခန့်ကျုံ့သွားသည်ကို ကြည့်လိုက်လေသည်။ ဤအချိန်တွင် ကျိုးရီရှင်းသည် ပိုင်ရှောင်ချန်က ခြောက်သွေ့နေသော အလောင်းဖြစ်သွားမည်ကို ရပ်လျက် စောင့်ကြည့်ရန် ယုံကြည်ချက်ရှိနေသည်။
"ကျိုးရီရှင်း "
စက္ကူလုံးထဲတွင် ပိုင်ရှောင်ချန်းမှာ အလွန်ပျာယာခတ်နေပုံရသည်။ သူမည်မျှ ဒေါသတကြီးအော်စေကာမူ အရာမထင်ဘဲ သူ၏အရှိန်မှာလည်း ရှေ့ပင် မတိုးနိုင်တော့သည်အထိ ကျဆင်းလာတော့သည်။ သူ၏ ကြိုးစားအားထုတ်မှုများသည် ကျိုးရီရှင်းကို အဆုံးမရှိ ကျေနပ်နေစေလေရာ နောက်ဆုံးရလဒ်ကို စူးစိုက်စောင့်ကြည့်နေတော့သည်။
" မင်းအော်ချင်သလောက် အော်စမ်းကွာ "
သူက တဟားဟားရယ်ရင်း ပြောလိုက်သည်။
" မင်း လည်ချောင်းကွဲတဲ့အထိ အော်ရင်တောင်မှ ဘယ်သူမှ မင်းကိုလာမကယ်ဘူး "
ကျိုးရီရှင်းသည် ယခု သူ အားထုတ်လိုက်သော ထိုးနှက်ချက်အပေါ် အားရနေတော့သည်။ ပိုင်ရှောင်ချန်းပတ်လည်ရှိ ဒိုင်းများမှာ အလွန်သေးငယ်လာလေရာ စက္ကူအားလုံးအတွင်းရှိ သူ့ကို ခပ်ရေးရေးပင် မမြင်ရတော့ပေ။
ထိုသေစေနိုင်သော အန္တရာယ်ကြီးတွင် ကျိုးရီရှင်းက ဖြစ်ပျက်နေသည်များကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေပြီး နောက်ဆက်ဖြစ်လာမည့်အရာကိုပင် ပုံဖော်ကြည့်နေတော့သည်။ သူ့စိတ်ထဲတွင် စက္ကူလုံးကြီးသည် မကြာမီ ဒိုင်းကိုဖြတ်၍ ချိုးဖောက်သွားတော့မည်ဖြစ်ပြီး ပိုင်ရှောင်ချန်းသည် ခန္ဓာသာမက ဝိညာဥ်ပါ ဖျက်စီးခံလိုက်ရသောကြောင့် စိတ်မချမ်းမြေ့ဖွယ် အော်ဟစ်လိုက်ရလိမ့်မည်။
ဖြစ်ပျက်နေသော အရာမှန်သမျှကို သူမှတ်သားထားနိုင်ရုံသာမက ပိုင်ရှောင်ချန်း၏ ထည့်စရာအိတ်ကို နောက်ဆုံးတွင် ရယူနိုင်ဦးလေမည်။ ထို့နောက် သူ၏ ကြယ်အမှတ်အသားရှိ နောက်ဆုံးလက်ကျန် တည်နေရာရွှေ့ပြောင်းခြင်းအားကို ဆင့်ခေါ်၍ သူ့အတွက် ဆုကြေး နတ်သားရဲဝိညာဥ်ငါးခု တစ်စုံကို သွားယူနိုင်လေမည်။
ထိုရလဒ်ကို စိတ်လှုပ်တရှားတွေးနေချိန်တွင် စက္ကူလုံးကြီးပျက်စီးသွားသည်ကို တွေ့လိုက်ရာ ရလဒ်ကို သိရန် လည်ဆန့်ကြည့်လိုက်လေသည်။
စက္ကူလုံးကြီး ပျက်စီးသွားသည့် အခိုက်အတန့်တွင် အဆောင်လက်ဖွဲ့တစ်ပုံတစ်ခေါင်း ရုတ်တရက် လေထဲပျံတက်လာပြီး ထိုဖြစ်စဥ်မှာ အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားေသာကြောင့် ကျိုးရီရှင်းမှာ အချိန်မီ မတုံပြန်နိုင်လိုက်ပေ။ မျက်စိတစ်မှိတ်တွင်းမှာပင် အဆောင်စက္ကူများအားလုံး သူ့ရှေ့တည့်တည့်ရှိ မြေကြီးပေါ်တွင် ကျရောက်လာလေသည်။
ကျိုးရီရှင်းမှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး မည်သို့မျှ သူ မလုပ်နိုင်လိုက်ခင် အဆောင်စက္ကူများအားလုံး ပေါက်ကွဲသွားကာ သူ့ပတ်လည်တွင် မရေမတွက်နိုင်သော ဒိုင်းအထပ်ထပ်ဖြစ်တည်လာတော့သည်။
အဆောင်စက္ကူများသည် သဘာဝအလျောက် အကာအကွယ်ဖြစ်၍ ကျိုးရီရှင်း၏ပတ်လည်တွင် လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။ တချိန်တည်းမှာပင် ပိုင်ရှောင်ချန်းအနားရှိ စက္ကူလူများအားလုံး ကျိုးရီရှင်းရှိရာဘက်သို့ လှမ်းကြည့်လိုက်ကြသည်။ ပိူင်ရှောင်ချန်းကို လုံးဝ လျစ်လျူရှုလိုက်ကြရင်း သူတို့၏ မျက်လုံးများမှာ ရူးသွပ်မှုများဖြင့် အရောင်လက်သွားကြကာ ကျိုးရီရှင်းကို ဝန်းရံထားသော ဒိုင်းများပေါ် ခုန်တက်လိုက်ကြတော့သည်။
ထိုအဖြစ်အပျက်အားလုံးကို ဖော်ပြနေရန် အချိန်ကြာသော်လည်း ပိုင်ရှောင်ချန်းပတ်လည်ရှိ ဒိုင်းပျက်စီးသွားသည် အချိန်မှ ကျိုးရီရှင်းရှေ့သို့ အဆောင်စက္ကူများကျသွားပြီး စက္ကူလူများ ခုန်တက်လိုက်ကြသည်အထိတိုင်အောင် အသက်ရှုချိန်နှစ်ကြိမ်မျှသာ ကြာလိုက်လေသည်။
ကျိုးရီရှင်းမှာ မျက်နှာပျက်သွားပြီး ခေါင်းတစ်ခုလုံး ချာချာလည်သွားတော့သည်။ အဖြစ်အပျက်များသည် သူစိတ်ကူးထားခဲ့သည်နှင့် လုံးဝဆန့်ကျင်ဘက်ပင်။ သူက စူးစူးဝါးဝါးအော်ဟစ်လိုက်ပြီး နောက်ဆုတ်ရန် ပြင်လိုက်သော်လည်း အလွန်နောက်ကျသွားလေပြီ။ ထိုအခိုက်အတန့်တွင် စက္ကူလူများက အလွန်လျင်မြန်စွာ လှုပ်ရှားလိုက်လေရာ ကျိုးရီရှင်းမှာ သူ့ကိုယ်သူ စောစောက ပိုင်ရှောင်ချန်း ကျရောက်ခဲ့သော အခြေအနေအတိုင်းဖြစ်နေကြောင်း တွေ့လိုက်ရတော့သည်။
" ပိုင်ရှောင်ချန်း "
သူ့ နှလုံးသားထဲတွင် နောင်တများ၊ ခံပြင်းဒေါသများဖြင့် ပြည့်ကြပ်နေလျက် ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
" အရှက်မရှိဘူး။.လုံးဝအရှက်မရှိဘူး။ မင်းသေချင်းဆိုးနဲ့သေမှာ ပိုင်ရှောင်ချန်း "
ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ အရူးတစ်ေယာက်အလား ထွက်ပြေးသွားလေသည်။ စောစောက သူကျရောက်ခဲ့ရသည့် အခြေအနေကြီးမှာ သဘောကျရန်ဆိုသည်ထက် အလွန့်အလွန် အန္တရာယ်များလွန်းလှသည်။ ယခုတွင် သူ့နေရာကို ကျိုးရီရှင်းဖြင့် အစားထိုးလိုက်ရာ သူ၏လေးကိုရလိုသောစိတ်ပင် ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားပြီး တစ်ချက်ကလေးပင် တုံ့ဆိုင်းမနေပဲ တစ်ချိုးတည်း ပြေးတော့သည်။
" ငါ့ရဲ့သနားစရာအသက်လေးက အဲဒီလေးထက် အများကြီးတန်တယ်ဟ။ ကျိုးရီရှင်းကို ငါ့ကံကြမ္မာကြယ်လို့ သဘောထားလို့ရတဲ့ပုံပဲ "
သူက ကျုံ့နေသော စက္ကူလုံးကြီးကို ခေါင်းလှည့်ကြည့်လိုက်သောအခါ စက္ကူလူများ သူ့အား သတိထားမိနေဦးမည်ကို စိုးရိမ်သွားသောကြောင့် တတ်နိုင်သမျှဝေးဝေးရောက်ရန် ကြိုးစားလိုက်တော့သည်။
ထိုအချိန်တွင် ကျိုးရီရှင်းသည် သူ့အနားကပ်ကပ်လာသော စက္ကူလူများကို ဒေါသတကြီး လှည့်ပတ်ကြည့်ရင်း စက္ကူလုံးကြီးထဲ ရောက်နေလေသည်။ မကြာမီ သူ့မျက်လုံးထောင့်မှ မျက်ရည်များ စီးကျလာလေတော့သည်။
ဤအခိုက်တန့်တွင် ပိုင်ရှောင်ချန်းက သူ့အတွက် ဂြိုဟ်ကောင်ဖြစ်ကြောင်း စဥ်းစားနေရန် အချိန်မရှိတော့ပေ။ ထိုအစား သူက လက်ယှက်၍ သူ့နဖူးပေါ်သို့ ဖိချလိုက်လေသည်။
ထစ်ခြုန်းသံများ မြည်ဟည်းသွားပြီး ကြယ်အလင်းများ နေရာတစ်ခွင် ပြည့်သွားကာ တည်နေရာရွှေ့ပြောင်းခြင်းအားတစ်ခု ထွက်ပေါ်လာတော့သည်။ ကြယ်အလင်းများ ပျောက်ကွယ်သွားချိန်တွင် ကျိုးရီရှင်းကို မည်သည့်နေရာတွင်မှ မမြင်ရတော့ပေ။ အချိန်အနည်းငယ်အတွင်း စက္ကူလူများသည် ဒိုင်းအကုန်လုံးအား ဝါးမြိုစားသောက်ပြီးသွားချိန်တွင် လူစုခွဲ၍ လိုက်ရှာတော့သည်။ မည်သည်ကိုမျှ ရှာမတွေ့သောအခါ သူတို့က ကြုံရာအရပ်မျက်နှာ အသီးသီးသို့ ထွက်ခွာသွားကြတော့သည်။
ဝင်္ကပါ တစ်နေရာရှိ လိုဏ်ခေါင်းတစ်ခုတွင် ကြယ်အလင်းများ မှေးမှိန်သွားပြီး ကျိုးရီရှင်းမှာ သွေးများအန်ရင်း အပြင်ထွက်လာ၏။ သူကိုယ်တွင်းမှ သွေးများစီးကျလာသောကြောင့် သူက တောင့်မခံထားတော့ပဲ နံရံကို မှီလိုက်လေသည်။ ထို့နောက် ခါးသက်သက်ရယ်လိုက်၏။
သူ့နဖူးပေါ်ရှိ ကြယ်အမှတ်အသားမှာ တစထက်တစ မှေးမှိန်လာပြီး နောက်ဆုံး ပြာဖြစ်သွားကာ လွင့်ပါးသွားတော့သည်။
" ငါ့ကြယ်အမှတ်တော့ သွားပါပြီကွာ "
သူ ဝမ်းနည်းပူဆွေးနေလေသည်။ ပိုင်ရှောင်ချန်းနှင့် ပတ်သက်၍ ဖြစ်ပျက်ခဲ့သမျှတို့အား ပြန်စဥ်းစားလိုက်စဥ်တွင် သူ့အတွက် ပိုင်ရှောင်ချန်းက ဂြိုဟ်ကောင်ထက်ပိုကြောင်း ခံစားလိုက်ရတော့သည်။ သူ့ပါးပြင်တစ်လျှောက် မျက်ရည်များစွာ စီးကျလာလေသည်။
" ငါ သူ့ကို မသတ်တော့ဘူး ။ ငါ့ရဲ့လက်ကျန် ဘဝတစ်လျှောက်လုံး သူနဲ့ မတွေ့ရပါစေနဲ့လို့ ငါ... ငါ ဆုတောင်းပါတယ်"
ထိုအခိုက်အတန့်တွင် ကျိုးရီရှင်းသည် အသက်အရွယ်ကြီးရင့်လာပုံပေါ်လာတော့သည်။ သူသည် စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာပါ ထိခိုက်နေပြီး သူ့ဘဝ ရည်ရွယ်ချက်ကိုပင် မေးခွန်းထုတ်နေရတော့သည်။
ကျိုးရီရှင်း၏ ခါးသီးသော ပူဆေးသောကများနှင့် ဆန့်ကျင်ဘက် ပိုင်ရှောင်ချန်းသည် အလွန်တရာ စိတ်ဓာတ်တက်ကြွနေတော့သည်။ သူက ဒုက္ခတွင်းကြီးမှ ယခုလေးတင် လွတ်မြောက်လာပြီး နောက်ဆုံးတွင်သူ၏ သနားစရာအသက်ကလေးကို ဘေးကင်းလုံခြုံစွာ ထိန်းသိမ်းနိုင်ခဲ့သည့်အလား ခံစားနေရတော့သည်။
စောစောက ကျိုးရီရှင်း၏ သစ္စာဖောက်မှုကို သူ စိတ်ပင်မဆိုးပေ။ ထိုနေရာတွင် ကျိုးရီရှင်းမရှိပဲ ယခု သူအသက်မရှင်နိုင်မည် မဟုတ်ပါလော။
သူက ပိုင်ရှောင်ချန်းကို ကယ်ရန် သူ့ကိုယ်သူအသေခံသည့်အတိုင်းအတာထိပင် ကျရောက်သွားခဲ့လေသည်။
" အီး… ဘာပဲဖြစ်ဖြစ်ကွာ။ ကျုပ် တို့မှာ ရေစက်ပါရင်တော့ အစ်ကိုကြီးကျိုးရေ၊ ခင်ဗျားအသက်ရှင်နိုင်မှာပါ။ ကံမကုန်ရင် ပြန်ဆုံဖို့ ကျုပ်ဆုတောင်းပါတယ်ဗျာ"
ထိုသို့သာလျှင် ဘာဖြစ်လိမ့်မည်ဟု တွေးကာပျော်ရွှင်နေရင်း ပိုင်ရှောင်ချန်း အပြေးအလွှား သူ့လမ်းသူဆက်သွားလိုက်တော့သည်။
သို့သော် လိုဏ်ခေါင်းများကို ဖြတ်လာစဥ် တစ်ခုခုမှားနေသော ခံစားချက်ရလာတော့သည်။ သူက ရုတ်တရက် လှည့်၍ သူ့ကျောနောက်ကို စစ်ဆေးကြည့်လိုက်သော်လည်း မည်သည်ကိုမျှ မတွေ့ရပေ။ ပခုံးကိုကျော်၍ လက်ဖြင့် လျှောက်စမ်းကြည့်လိုက်သော်လည်း မည်သို့မျှ မခံစားရချေ။
ထင်ေယာင်ထင်မှားဖြစ်နေသည်လား မသေမချာဖြစ်ရင်း သူက ဆက်သွားနေလေသည်။ နောက်ဆုံး၌ အခြားဘက်မှ အလွန်အန္တရာယ်များသည့် တုန်လှုပ်ချောက်ချားဖွယ် အခြေအနေတချို့မှ ယခုလေးတင် လွတ်မြောက်လာသည့်အလား အလွန်စိတ်လှုပ်ရှားနေပုံရသော မဟာတံတိုင်းကျင့်ကြံသူတစ်ဦး ချဥ်းကပ်လာသည်ကို သတိပြုမိလိုက်လေသည်။
သူတို့ မျက်လုံးချင်းဆုံသွားသောအခါ ထိုလူမှာ အလွန်ကြောက်လန့်သည်ကို ပိုင်ရှောင်ချန်း ချက်ချင်းမြင်လိုက်ရလေသည်။
တခဏကြာသော် ကျင့်ကြံသူက ဦးညွှတ်၍ ပိုင်ရှောင်ချန်းဖြတ်သွားနိုင်ရန် ဘေးသို့ကပ်ပေးလိုက်လေသည်။ ပိုင်ရှောင်ချန်းက ကျင့်ကြံသူကို မေးခွန်းအနည်းငယ်မေးရန် စဥ်းစားလိုက်သော်လည်း ထိုလူ၏ ကျောပေါ်၌ စက္ကူလူတစ်ယောက်ရှိကြောင်း သိလိုက်သောအခါ ထိုအကြံကို အလျင်အမြန်ဖယ်ရှားလိုက်လေသည်။
ပိုင်ရှောင်ချန်းက ချက်ချင်းပင် အရှိန်တင်ကာ ကျင့်ကြံသူကို ကျော်၍ ပျံလိုက်သည်။ ခပ်လှမ်းလှမ်းရောက်သောအခါ သူ့ခေါင်းလှည့်ကြည့်လိုက်ရာ ကျင့်ကြံသူမှာ သူ့ထံ ရန်လိုစွာ ပြေးလာ၏။ သို့သော် ထိုလူက တုန့်ခနဲရပ်သွားပြီး ကြောက်ကြောက်လန့်လန့်ခေါင်းညိတ်လိုက်လေသည်။
သူ့ကို ပိုင်ရှောင်ချန်း သတိထားမိသွားကြောင်း မြင်လိုက်သည်ဝယ် တုန်ရီသွားပြီး ထွက်ပြေးသွားတော့သည်။
ပိုင်ရှောင်ချန်းမှာ ပထမတွင် လန့်သွားသော်လည်း သူ အခြားလူတစ်ယောက်၏ ကျောပေါ်တွင် စက္ကူလူတစ်ယောက်တွေ့ခဲ့တုန်းက အချိန်ကို ပြန်စဥ်းစားလိုက်သည်။ ထိုစက္ကူလူက "ရှူး" ဟုပြောခဲ့ပြီး သူက ပြန်ခေါင်းညိတ်ပြခဲ့သည်။
စောစောက ကျင့်ကြံသူ၏ ခေါင်းညိတ်ပုံသည် အလွန်ရင်းနှီးပုံပေါ်ပြီး ထိုအချိန်တွင် ပိုင်ရှောင်ချန်း၏ အကြောက်တရားများ မြင့်တက်လာတော့သည်....
" ငါ့ကျောပေါ်မှာ စက္ကလူတစ်ယောက် ဘယ်နည်းနဲ့မှ မရှိနိုင်ဘူး "
သူက ခေါင်းချာချာလည်ရင်း တွေးလိုက်သည်။ ဖြူဆုပ်နေသာ မျက်နှာဖြင့် သူက လည်ပင်းနာလာသည်အထိ ပခုံးကို ထပ်ကာထပ်ကာ လှမ်းကြည့်မိလေသည်။ ကံဆိုးစွာပင် ဝင်္ကပါထဲ၌ နတ်ဘုရားအာရုံများကို ဖိနှိပ်ထားလေရာ သူ့ဘာသာသူ သူ့ကျောကို စစ်ဆေးရန် မဖြစ်နိုင်ပေ။ လက်ဖြင့် စမ်းကြည့်လျှင်ပင် ဘာမှ မတွေ့ရပေ....
နောက်ဆုံးတွင် သူ၏ ကြေးမုံပြင်ကို ထုတ်ရန် ဆုံးဖြတ်လိုက်သော်လည်း လက်ရှိအချိန်ထိ သူ့ကျောပေါ်တွင် မည်သည်ကိုမှ မမြင်ရသေးပေ။
သူက သံသယများ အပြည့်ဖြင့် ရှေ့ဆက်သွားနေလေသည်။ အချိန်များ တရွေ့ရွေ့ကုန်လွန်လာခဲ့ပြီး သူ၏ အမူအရာမှာ ပို၍ ပို၍ မအီမသာဖြစ်လာပြီး နောက်ဆုံးတွင် သူ့ကျောပေါ်မှာ တစ်ခုခုရှိကြောင်း လုံးဝသေချာသွားတော့သည်။
သူသည် အသိစိတ်လွတ်လုနီးပါး ကြောက်လန့်တုန်ယင်နေပြီး ဆံပင်မွှေးများထောင်ထလာကာ အသက်ရှူလိုက်သည်။
" ငါ့ကျောပေါ်မှာ... တစ်ခုခုရှိနေတယ်"