← Chapters

မထိမခိုက် လွတ်မြောက်နိုင်တာလား

Vol. 164 Ch. 2460

မထိမခိုက် လွတ်မြောက်နိုင်တာလား

Vol. 164 Ch. 2460

“အဲဒါတော့ ဆိုးပြီ”

မိုချင်က ရင်ထဲမှာ နင့်သွား၏။

ဤနှစ်များမှာ သူမသည် ကျင့်ကြံရေးလောကနှင့် ပတ်သက်သည့် သတင်းအချက်အလက်များစွာကို လေ့လာဖတ်ရှုခဲ့ပြီး သူမသည် အရိပ်မဲ့ဓား၏ အစွမ်းအစကို ကောင်းကောင်းသိထား၏။

ကြွယ်ဝူယင်းသည် မျက်မှောက်ခေတ်၏ အကျော်ကြားဆုံး လုပ်ကြံသတ်ဖြတ်သူဖြစ်ပြီး သူ့ထက် ကျင့်ကြံမှုနယ်ပယ်မြင့်သော စွမ်းအားကြီးမားသည့် ပကတိအင်မော်တယ်များစွာကို သတ်ဖြတ်ခဲ့ဖူး၏။ သူသည် မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာမြေနှင့် ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံးမှာပင် အတော်အတန် နာမည်ကြီးနေပြီဖြစ်သည်။

သူ၏ တိုက်ခိုက်ရည်ခွန်အားသည် ပကတိအင်မော်တယ်များကြားတွင် ထိပ်ဆုံးအဆင့်မှာ ရှိချင်မှရှိပေလိမ့်မည်။ သို့သော်လည်း ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်ပေါ်ရှိ ပညာရှင်များပင်လျှင် သူ့ကို အလွန်တရာ စိုးရိမ်သတိထားရ၏။

တက္ကသိုလ်မှာ လက်ရှိသူများကြားတွင် သူမနှင့် ယန်လောရှုသာ ပကတိအင်မော်တယ်များဖြစ်လေသည်။

ကြွယ်ဝူယင်းသည် သူမကို သတ်ဖြတ်ရဲလိမ့်မည်မဟုတ်ဟု မိုချင်က ယုံကြည်၏။ ထိုသို့ဆိုလျှင် ကြွယ်ဝူယင်းအတွက် ပစ်မှတ်က တစ်ခုတည်းသာလျှင် ကျန်တော့၏။

ယန်လောရှု…။

သုခဘုံလေဟာနယ် ပကတိအင်မော်တယ်တစ်ဦးက ပေါင်းစည်းခြင်း ပကတိအင်မော်တယ်တစ်ဦးကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားနေခြင်းနှင့် တူလေသည်။ ယန်လောရှုက သေရတော့မည်ကို သံသယရှိစရာ မလိုပေ။

ဖျတ်ခနဲဆို ထိုအတွေးများက မိုချင်၏ စိတ်ထဲသို့ ဝင်ရောက်လာ၏။

တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ သူမက ရှေးဟောင်းပန်းချီကားတစ်ချပ်ကို ချက်ချင်းထုတ်ယူပြီး အဲဒါကို ယန်လောရှု ရှိရာဘက်သို့ ပစ်ထုတ်လိုက်၏။

အဲဒါသည် အဝီစိကနေ သူမ ရရှိလာသည့်ရတနာ နတ်ဘုရားတစ္ဆေအင်မော်တယ်မိစ္ဆာ ပန်းချီကားချပ်ဖြစ်သည်။

ကြွယ်ဝူယင်း၏ လုပ်ကြံသတ်ဖြတ်ကြိုးပမ်းမှုက အသံတိတ်၍ မည်သည့်အရိပ်အယောင်မှ မရှိပေ။

သူမက အဲဒါကို အာရုံခံမိပြီးမှ လှုပ်ရှားမှုကို ပြုလုပ်မည်ဆိုလျှင် သေချာပေါက်နောက်ကျသွားပေလိမ့်မည်။

မိုချင်သည် အဲဒါကို ကြိုတင်ခန့်မှန်း၍ ဆုံးဖြတ်ချက်ချဖို့သာ တတ်နိုင်လေသည်။

နတ်ဘုရားတစ္ဆေအင်မော်တယ်မိစ္ဆာပန်းချီကားက ချက်ချင်းပင် ဖြန့်ကြက်သွားပြီး ယန်လောရှုကို လွှမ်းခြုံလိုက်၏။

ပန်းချီကားပေါ်မှာ ပုံရိပ်လေးခုရှိနေပြီး ပုံရိပ်သုံးခုက ဝေဝါးသော စုတ်ချက်များနှင့်အတူ မှေးမှိန်၍ ရှင်းရှင်းလင်းလင်း မတွေ့မြင်ရပေ။

သို့သော်လည်း ပုံရိပ်တစ်ခုကတော့ ရွှေရောင်ဆံပင်နှင့် အပြာရောင်မျက်လုံးများ ရှိပြီး နဖူးကနေ ခြေဖျားအထိ ကျိန်းစပ်နေသော ရွှေရောင်အလင်းဖြင့် တောက်ပနေ၏။ သူ၏ သွေးချီက တလိပ်လိပ်ထိုးတက်နေပြီး သူ၏ အကြည့်က အသက်ဓာတ်ဖြင့် လောင်ကျွမ်းနေ၏။

အဲဒါသည် ပန်းချီကားပေါ်မှ ပုံရိပ်တစ်ခုသာ ဖြစ်သော်လည်း ၎င်းက အဆုံးမဲ့စွမ်းပကားတစ်ခုကို ဖြာထုတ်ပေးနေ၏။

“နတ်ဘုရားမျိုးနွယ်…”

ထိုပုံရိပ်ကို တွေ့မြင်သောအခါ ပကတိအင်မော်တယ်ပညာရှင်များစွာက ထိတ်လန့်တကြား ရေရွတ်လိုက်ကြ၏။

နတ်ဘုရားမျိုးနွယ်၏ သွင်ပြင်လက္ခဏာများက အလွန်တရာ သိသာထင်ရှားပြီး တစ်ချက်ကြည့်ရုံဖြင့် မှတ်မိနိုင်လေသည်။

ပကတိအင်မော်တယ်များစွာသည် သူတို့က ယန်လောရှုအနားသို့ ချဉ်းကပ်၍ ခြိမ်းခြောက်မည်ဆိုလျှင် ပန်းချီကားပေါ်ရှိ နတ်ဘုရားမျိုးနွယ်ပုံရိပ်က ခြိမ်းခြောက်မှုအားလုံးကို ထွက်၍ သတ်ဖြတ်တော့မည်ဟု သူတို့က သံသယရှိနေကြ၏။

အဝီစိမှာတုန်းက အရိုးဖြူဂိုဏ်းမှ အရိုးမိစ္ဆာတစ်ဦးသည် နတ်ဘုရားတစ္ဆေအင်မော်တယ်မိစ္ဆာပန်းချီကားပေါ်ရှိ နတ်ဘုရားမျိုးနွယ်ပုံရိပ်နှင့် အကြည့်ချင်းဖလှယ်ရုံမျှနှင့် သူက နေရာမှာတင် မျက်စိကန်းသွားခဲ့၏။

ထိုနတ်ဘုရားပုံရိပ်က ဘယ်လောက်သန်မာသလဲ သိသာလေသည်။

ဤနှစ်များအားလုံးမှာ မိုချင်သည် နတ်ဘုရားတစ္ဆေအင်မော်တယ်မိစ္ဆာပန်းချီကားကို နားလည်ဆင်ခြင်ခဲ့လျှင်တောင် သူမသည် နတ်ဘုရားပုံရိပ်တစ်ခုကိုသာ နားလည်ဆင်ခြင်နိုင်သေး၏။ အဲဒီမှာ သူမ နားလည်ဆင်ခြင်ရခြင်း မရှိသေးသည့် တစ္ဆေ၊ အင်မော်တယ်နှင့် မိစ္ဆာပုံရိပ်များ ရှိနေသေး၏။

“ဟီးဟီး…”

ရုတ်တရက် လေထဲကနေ လှောင်ပြောင်ထေ့ငေါ့လိုက်သော အသံတစ်သံက ထွက်ပေါ်လာ၏။

အဲဒါက ကြွယ်ဝူယင်း၏ ရယ်မောသံဖြစ်၏။

ဒါ့အပြင် သူက နေရာကနေ ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

ကောင်းကင်ဘုံကမ္ဘာမှ ကြောက်စရာအကောင်းဆုံး လုပ်ကြံသတ်ဖြတ်သူက တိုက်ခိုက်လိုက်ပြီဖြစ်လေသည်။

သို့သော်လည်း ယန်လောရှုကို လွှမ်းခြုံထားသည့် နတ်ဘုရားတစ္ဆေအင်မော်တယ်မိစ္ဆာပန်းချီကားထံမှ မည်သည့်တုံ့ပြန်မှုမှ ရှိမလာခဲ့ပေ။ ၎င်းပေါ်ရှိ နတ်ဘုရားမျိုးနွယ်ပုံရိပ်ကလည်း တုံ့ပြန်တိုက်ခိုက်လာခြင်း မရှိပေ။

ရုတ်တရက် မိုချင်သည် ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားပြီး သူမ၏ ရင်ထဲမှာ ဆို့နင့်ကာ သူမ၏ မျက်နှာက သွေးဆုတ်သွား၏။

ကြွယ်ဝူယင်း၏ ပစ်မှတ်သည် ယန်လောရှု ဟုတ်ချင်မှ ဟုတ်ပေလိမ့်မည်။

သို့သော်…

ဆူဇီမို….

“ဒီကောင်လေးက မင်းသားယွမ်ကျောနဲ့ အတိုက်အခံဖြစ်ပြီး မင်းသမီးမုန့်ယောင်ကိုတောင်မှ ဆန့်ကျင်ခဲ့တယ်လို့ ငါကြားထားတယ်… ငါက မင်းသမီးအတွက် လက်ဆောင်အဖြစ် သူ့ကို ဒီနေ့သတ်ရမယ်”

ကြွယ်ဝူယင်း၏ အသံက ထွက်ပေါ်လာပြီး သူ၏ လုပ်ကြံသတ်ဖြတ်မှုက ဆူဇီမိုပေါ်သို့ ဆင်းသက်ရောက်ရှိလာပြီဖြစ်၏။

ကြွယ်ဝူယင်းက ဆူဇီမိုကို တိုက်ခိုက်လိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။

ပထမတစ်ချက်… ဆူဇီမိုသည် ကောင်းကင်အင်မော်တယ်တစ်ဦးသာဖြစ်၏။

ကြွယ်ဝူယင်းလို ကျော်ကြားသော ပညာရှင်တစ်ဦးအနေဖြင့် ကောင်းကင်အင်မော်တယ်တစ်ဦးကို လုပ်ကြံသတ်ဖြတ်ခြင်းသည် အခွံမာသစ်သီးတစ်လုံးကို ခွဲဖို့ ပေါင်တူကို သုံးခြင်းနှင့်တူလေသည်။

ထိုသို့လုပ်စရာ မလိုအပ်ပေ။

ဒုတိယတစ်ချက်… မိုချင်သည် မဟာကျင်းအင်မော်တယ်နိုင်ငံမှ ပကတိအင်မော်တယ်ပညာရှင်တစ်ဦးကို သတ်ဖြတ်ခဲ့၏။

ထို့ကြောင့် ကြွယ်ဝူယင်းသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ အသက်တစ်သက်ကို လိုချင်သည်ဟု ပြောသောအခါ ကြွယ်ဝူယင်းသည် တက္ကသိုလ်မှ ပကတိအင်မော်တယ်တစ်ဦးကို လုပ်ကြံသတ်ဖြတ်တော့မည်ဟု လူတိုင်းက အလိုလိုတွေးထင်ခဲ့ကြ၏။

ထိုသို့ဖြင့် နှစ်ဖက်စလုံးက ညီတူမျှတူဖြစ်သွားပေလိမ့်မည်။

သို့သော်လည်း လုပ်ကြံသတ်ဖြတ်သူများ၏ ပြုမူလုပ်ရှားမှုများကို အစကတည်းက သာမန်အသိသညာဖြင့် ဆုံးဖြတ်လို့ မရပေ။ လုပ်ကြံသတ်ဖြတ်ခြင်းတာအိုမှာ လျှပ်တပြက် အငိုက်ဖမ်းမိနိုင်ဖို့ လိုအပ်လေသည်။

အဲဒါကို ထင်မှတ်ထားခြင်း မရှိလေ လုပ်ကြံသတ်ဖြတ်ခြင်း၏ အောင်မြင်နိုင်ခြေက ပိုမိုမြင့်မားလေဖြစ်သည်။

“ဇီမို သတိထား”

ပထမဆုံးတုံ့ပြန်လာသူက ပကတိအင်မော်တယ် ညသင်္ချိုင်းဖြစ်၏။

သူတို့နှစ်ဦးစလုံးက လုပ်ကြံသတ်ဖြတ်သူများ ဖြစ်သော်လည်း ကြွယ်ဝူယင်း၏ လုပ်ကြံသတ်ဖြတ်ခြင်းနည်းစနစ်ကို ပကတိအင်မော်တယ် ညသင်္ချိုင်းက သင်ကြားပေးခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် သူသည် ကြွယ်ဝူယင်း စိတ်ထဲမှာ ရှိနေသည့်အရာကို အာရုံခံမိနိုင်၏။

သို့သော်လည်း သူက ဒဏ်ရာအပြင်းအထန် ရရှိထားပြီး သူ၏ လမ်းဆုံးကို ရောက်ရှိနေ၏။ သူက ကူညီပေးဖို့နေနေသာ သူ၏ တုံ့ပြန်မှုကပင် များစွာပိုမိုနှေးကွေးလာခဲ့၏။

တကယ်ဆို သူ၏ တုံ့ပြန်မှုက ဆူဇီမို၏ တုံ့ပြန်မှုထက်ပင် ပိုမိုနှေးကွေးနေ၏။

ကြွယ်ဝူယင်းက တိုက်ခိုက်တော့မည့်ဆဲဆဲမှာပင် ဆူဇီမို၏ အာရုံသတိစိတ်က သူ့ကို ရူးသွပ်စွာ သတိပေးလာခဲ့ပြီဖြစ်သည်။

သူသည် သန်မာသော အန္တရာယ်အငွေ့အသက်တစ်ခုကို အာရုံခံမိလိုက်၏။ မရဏအော်ရာက အရမ်းကိုသန်မာပြီး သူ့ကို မွန်းကျပ်စေလုနီးပါးပင်။

အဲဒါသည် အထက်ဘုံသို့ တက်လှမ်းပြီးနောက် သူတွေ့ကြုံဖူးသမျှထဲ အကြီးမားဆုံးအန္တရာယ် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ ထိပ်သီးပကတိအင်မော်တယ်ပညာရှင်တစ်ဦးထံမှ လုပ်ကြံသတ်ဖြတ်ကြိုးပမ်းမှုတစ်ရပ် ဖြစ်လေသည်။

အဲဒါက အရမ်းကို မြန်ဆန်၏။

ဆူဇီမိုသည် တိုက်ခိုက်မှု၏ လမ်းကြောင်းကို ဆုံးဖြတ်နိုင်ဖို့နေနေသာ ကြွယ်ဝူယင်း၏ ပုံရိပ်ကိုပင် မတွေ့မြင်နိုင်ပေ။

သို့သော်လည်း ကြွယ်ဝူယင်းက တိုက်ခိုက်လိုက်ပြီကို သူသိလေသည်။

ပို၍ပြောစရာဖြစ်သည်မှာ ယန်လောရှုနှင့် စီနီယာအစ်မမိုချင်က ဤနေရာမှာ ရှိနေသော်လည်း မည်သူကမှ သူ့ကို ကူညီပေးနိုင်မည် မဟုတ်ပေ။

သူတို့နှစ်ယောက် တုံ့ပြန်လာသည့်အချိန်မှာ သူက အလောင်းတစ်လောင်းဖြစ်နေပေလိမ့်မည်။

တည်နေရာခုန်ကူးရမလား…။

သူ၏ ပုံရိပ်နှင့် အော်ရာကို ကြွယ်ဝူယင်းက မျက်စိဒေါက်ထောက်ကြည့်နေပြီး ပကတိအင်မော်တယ်ပညာရှင်တစ်ဦး၏ စွမ်းပကားအောက်မှာ သူက တည်နေရာခုန်ကူးခြင်းကို မထုတ်ဖော်နိုင်ပေ။

အစစ်အမှန်နဂါးလျှပ်စီးကိုးချက်ကတော့ ၎င်းထုတ်ဖော်နိုင်သော အရှိန်အဟုန်က တည်နေရာခုန်ကူးခြင်းထက်ပင် အနည်းငယ် ပိုမိုနှေးကွေးလေသည်။ သူက အဲဒါကိုလည်း အသုံးမပြုနိုင်ပေ။

အစစ်အမှန်နဂါးလျှပ်စီးကိုးချက်ကိုပင် အသုံးမပြုနိုင်ဘူးဆိုပါက ဆန်းကြယ်တောင်ပံများ၊ ဧရာမရွှေငှက်တောင်ပံများ၊ ကန့်သတ်မဲ့ရွှေအလင်းနှင့် အခြားသော နတ်ဘုရားစွမ်းအားများကို ထည့်ပြောနေစရာ မလိုတော့ပေ။

သူက ထိုနတ်ဘုရားစွမ်းအားများကို မထုတ်ဖော်နိုင်ခင်မှာပင် ကြွယ်ဝူယင်းက သူ့ကို သတ်ဖြတ်ပြီးသား ဖြစ်နေပေလိမ့်မည်။

သူက အစိမ်းရောင်ကြာပန်း အစစ်မှန်ခန္ဓာကို စွန့်လွှတ်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က သူ၏ ခန္ဓာကိုယ်ကနေ ထွက်ခွာမည်ဆိုလျှင်တောင် အဲဒါသည် ကြွယ်ဝူယင်း၏ ဓားချက်ကို ခုခံနိုင်မည် မဟုတ်ပေ။

နောက်ဆုံး ဤနေ့မှာတော့ သူတို့နှစ်ယောက်ကြား ခွန်အားကွာဟချက်က အရမ်းကိုကြီးမားနေပြီး သူ၏ ဝှက်ဖဲများအားလုံးက ပကတိခွန်အားနှင့် ရင်ဆိုင်ရချိန်မှာ သုံးစားမရလုနီးပါးပင်။

ဒါ့အပြင် ကြွယ်ဝူယင်းလို ထိပ်သီးလုပ်ကြံသတ်ဖြတ်သူတစ်ယောက်အနေဖြင့် သူသည် တိုက်ခိုက်လိုက်သည့် ခဏမှာပင် သူ၏ အစွမ်းကုန်ကို သေချာပေါက် အသုံးပြုပေလိမ့်မည်။

သူတို့က အားနည်းသည်ဆိုရုံမျှနှင့် သူက သူ၏ ပြိုင်ဘက်များကို လျှော့တွက်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် ကြွယ်ဝူယင်း တိုက်ခိုက်လိုက်သည့် ခဏမှာပင် ဆူဇီမို၏ ထွက်လမ်းများအားလုံးကို ဖြတ်တောက်ထားလေသည်။

သူက ထိုးချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်လို၏။

ဖောက်…

လူတိုင်း၏ ရှေ့မှောက်မှာပင် ဆူဇီမို၏ နှာရောင်က ဓားတစ်လက်ဖြင့် ထိုးဖောက်ခံလိုက်ရ၏။

ရုတ်တရက် ကြွယ်ဝူယင်း၏ ပုံရိပ်က ပေါ်ထွက်လာခဲ့သည်။

“သွားပါပြီ”

ယန်လောရှုက တုန်လှုပ်သွားပြီး နာကျင်နေသော အမူအရာဖြင့် သူ၏ လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်လိုက်၏။

အဲဒါက အရမ်းကို မြန်ဆန်လွန်း၏။

ဖြစ်စဉ်တစ်ခုလုံးသည် ပြောရသည်မှာ နှေးကွေးသည်ဟု ထင်ရသော်လည်း အဲဒါက လျှပ်တပြက်အတွင်း ဖြစ်ပွားခဲ့လေသည်။ လူတိုင်းထံမှ အတွေးတစ်ချက်နှင့်အတူ ကြွယ်ဝူယင်း၏ ဓားချက်က ဆူဇီမို၏ ဦးခေါင်းကို ထိုးဖောက်ပြီးသွားလေပြီ။

မိုချင်၏ မျက်လုံးနှစ်ဖက်ကလည်း အရောင်မှိန်ကျသွား၏။

ဤလောကမှာ မည်သည့်ထူးခြားအံ့မခန်းမှ ရှိမလာတော့ပေ။

ကြွယ်ဝူယင်းက လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပြီးကတည်းက သူသည် ဆူဇီမို၏ ရှင်သန်နိုင်မည့် အခွင့်အရေးများအားလုံးကို သေချာပေါက် ဖြတ်တောက်ထားပေလိမ့်မည်။

သူက အသက်ရှင်သန်လိုသည်ဆိုလျှင် သူသည် အရင်ဆုံး ကြွယ်ဝူယင်း၏ သတ်ဖြတ်လိုစိတ်ကို အာရုံခံမိရမည်ဖြစ်၏။ ထို့နောက် သူက ဓားလမ်းကြောင်းကို ဆုံးဖြတ်ပြီး ၎င်း၏ လိုက်လံတိုက်ခိုက်မှုကနေ ထွက်ပြေးလွတ်မြောက်နိုင်စွမ်း ရှိရပေမည်။

ကောင်းကင်အင်မော်တယ်တစ်ဦးကို မပြောနှင့်။ ပကတိအင်မော်တယ်များပင်လျှင် ထိုသို့ ပြုလုပ်နိုင်လိမ့်မည် မဟုတ်ပေ။

အရိပ်မဲ့ဓားက အသံတိတ်၍ ထူးခြားအံ့မခန်းဖြစ်၏။

သူမပင် ၎င်း၏ အရိပ်အယောင်သဲ့သဲ့ကိုသာ ဖမ်းမိနိုင်၏။

တစ်နည်းအားဖြင့်ဆိုသော် ကြွယ်ဝူယင်းက သူမကို တိုက်ခိုက်မည်ဆိုလျှင် သူမပင် မထိမခိုက် လွတ်မြောက်နိုင်မည်ဟု အာမမခံနိုင်ပေ။

သို့သော်လည်း ထိုအတွေးများက မိုချင်၏ စိတ်ထဲသို့ ဝင်ရောက်လာသည့်ခဏမှာပင် သူမက မျက်မှောင်အနည်းငယ်ကြုတ်ပြီး တစ်စုံတစ်ရာလွဲမှားနေသည်ကို သတိထားမိသွား၏။

ဓားက ဆူဇီမို၏ ဦးခေါင်းကို ထိုးဖောက်ပြီးနောက် မည်သည့်သွေးကမှ ထွက်မလာခဲ့ပေ။

တိုက်ပွဲနယ်မြေမှာ မထင်မှတ်ထားတာ တစ်စုံတစ်ရာ ဖြစ်ပွားသွားပုံရသည်။

ဘန်း…

ဆူဇီမို၏ ခန္ဓာကိုယ်က မည်သည့်အသားမှ မရှိဘဲ ပေါက်ကွဲထွက်သွား၏။ သူ၏ ခန္ဓာကိုယ်က အစိမ်းရောင်အလင်းရောင်ခြည်များအဖြစ် အသွင်ပြောင်းလဲပြီး လေထဲမှာ ပျက်ပြယ်သွားလေသည်။

ထို့နောက် ချက်ချင်းပင် ဆူဇီမို၏ ပုံရိပ်က မိုချင်၏ နောက်ဘက်မှာ ရုတ်တရက်ပေါ်ထွက်လာ၏။

ကြီးမားစွာ အန္တရာယ်ကျရောက်ခဲ့မှုကြောင့် သူ၏ မျက်နှာက ဖြူဖတ်ဖြူရော် ဖြစ်နေသော်လည်း သူ၏ အသက်ဓာတ်အားက သန်မာ၍ အကောင်းအတိုင်းရှိနေ၏။

ဆူဇီမိုက သေမသွားဘူးလား…။

သူက ကြွယ်ဝူယင်း၏ ဓားချက်ကနေ ဘယ်လိုထွက်ပြေးလွတ်မြောက်လာနိုင်တာလဲ…။

လူတိုင်း၏ မျက်လုံးများက တုန်လှုပ်မှုဖြင့် ပြူးကျယ်သွားကြ၏။

All Chapters