မိတ်ဆွေဟောင်းများ
Vol. 164 Ch. 2447
ဖုန့်ကျစ်ရီအကြောင်း ကြားချိန်မှာ ဆူဇီမိုသည် အခြားတစ်စုံတစ်ယောက်ကို အမှတ်ရသွား၏။
မင်းသားယွမ်ကျော….။
အရင်တုန်းက မင်းသားယွမ်ကျောသည် အမဲလိုက်တွေ့ဆုံပွဲကို ကျင်းပခဲ့သောကြောင့် သူသည် ဖုန့်ကျစ်ရီနှင့် သိကျွမ်းခဲ့ပြီး နောက်ဆုံးမှာ ဖုန့်စန်းထျန်ကို ကယ်တင်နိုင်ခဲ့သည်။
လွန်ခဲ့သည့် နှစ်တစ်ထောင်က မဟာထျဲဝေတောင်အနီးမှာ မင်းသားယွမ်ကျောသည် အင်မော်တယ်ပျံဂိုဏ်းမှ ကောင်းကင်အင်မော်တယ် ကွေ့ယွမ်၊ ဖန်းကလန်မှ ဖန်းယီ၊ ယန်ယန်းအင်မော်တယ်နိုင်ငံမှ ရှဲ့ထျန်ဟုန်၊ တက္ကသိုလ်မှ ထန်ပန်နှင့် အခြားသူများနှင့်အတူ ပူးပေါင်းပြီး သူ့ကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့၏။ နောက်ဆုံးမှာ သူတို့သည် ငရဲဖိနှိမ်မီးဖိုကနေ နိုးထလာသော အထွတ်အမြတ်ဝိညာဉ်လေးခုကြောင့် ရှုံးနိမ့်ခဲ့ရပြီး ကြီးမားသော သေကြေပျက်စီးထိခိုက်မှုနှင့် ကြုံတွေ့ခဲ့ရ၏။
ဖန်းယီ၊ ကောင်းကင်အင်မော်တယ် ကွေ့ယွမ်၊ ထန်ပန်နှင့် အခြားသူများအားလုံးက သေဆုံးသွားကြ၏။
ရှဲ့ထျန်ဟုန်၊ ပကတိအင်မော်တယ် ကျင်းယွဲ့နှင့် ပကတိအင်မော်တယ် အင်ပါယာနဂါးတို့ကလည်း အဝီစိမှာ မြှုပ်နှံခံခဲ့ရ၏။ မင်းသားယွမ်ကျော တစ်ယောက်ကသာလျှင် အခြေအနေမကောင်းတော့သည်ကို သတိထားမိသွားပြီး မဟာကျင်းအင်မော်တယ်နိုင်ငံတော်သို့ ပြန်ပြေးသွားခဲ့၏။
ဤနှစ်များအားလုံးမှာ မင်းသားယွမ်ကျောသည် တစ်စွန်းတစ်စမကျန် ပျောက်ကွယ်သွားသည့်အလား… သူ့ထံမှ မည်သည့်သတင်းမှ ရောက်ရှိမလာတော့ပေ။
ဆူဇီမိုသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သို့ ဝင်ရောက်ခဲ့ပြီး ယခုအခါ အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းထဲမှ တစ်ဂိုဏ်း၏ နောက်ခံရှိထား၏။ ဒုံမင်းအင်မော်တယ်မုန့်ယောင်ပင်လျှင် သူ့ကိုတိုက်ခိုက်ဖို့ အခွင့်အရေးများစွာ မရှိတော့ပေ။
မင်းသားယွမ်ကျောက အဲဒါကို လက်လျှော့ရပေတော့မည်။
“ငါက ပကတိအင်မော်တယ် ညသင်္ချိုင်းနဲ့ ဖုန့်ကျစ်ရီတို့ကို တစ်ယောက်တည်း ရှာမယ်ဆိုရင် အဲဒါက ကောက်ရိုးပုံထဲမှာ အပ်ပျောက်ရှာတာနဲ့ တူနေလိမ့်မယ်… ငါက တက္ကသိုလ်ရဲ့ ခွန်အားကို အသုံးချရမယ်”
ထိုသို့အတွေးဖြင့် ဆူဇီမိုသည် အတွင်းဂိုဏ်းသို့ ဦးတည်ကာ ယန်လောရှုနှင့် ဆွေးနွေးတိုင်ပင်ဖို့ ပြင်လိုက်၏။
ထိုစဉ်မှာပင် မလှမ်းမကမ်းကနေ မင်္ဂလာတိမ်စိုင်တစ်ခုက ပျံသန်းလာပြီး ၎င်းအပေါ်မှာ လူသုံးယောက်က မတ်တတ်ရပ်နေကြ၏။
ဆူဇီမိုက မော့ကြည့်ပြီး ပြုံးလိုက်မိလေသည်။
ယန်လောရှုနှင့် မင်းသမီးသက်တံနီက လက်ချင်းတွဲကာ အတူလာနေကြ၏။
သူတို့၏ ဘေးမှာ ကိုးနှစ်အရွယ် ကလေးငယ်တစ်ယောက် မတ်တတ်ရပ်နေ၏။
သူက အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့မှာ နုနယ်သော မျက်နှာပေါက်ရှိလေသည်။ သူက ချစ်စရာကောင်းသည့်ပုံပေါ်သော်လည်း သူ၏ မျက်လုံးများက ရင့်ကျက်တည်ငြိမ်နေ၏။ ထိုသူက လျှိုဖျင်ဖြစ်လေသည်။
သူတို့သုံးယောက်ကို ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ ဆူဇီမို၏ ရှားရှားပါးပါး အသိအကျွမ်းများဟု ဆိုနိုင်သည်။ ယန်လောရှုက ရောက်ရှိလာပြီဆိုမှတော့ သူက တကူးတက သွားရှာနေစရာ မလိုတော့ပေ။
“ညီအစ်ကိုဆူ… ဘယ်လိုနေလဲ”
ရောက်မလာခင်မှာပင် ယန်လောရှုက ပြုံး၍ ကျယ်လောင်စွာ အော်မေးလိုက်၏။
မင်းသမီးသက်တံနီနှင့် လျှိုဖျင်ကလည်း ခေါင်းညိတ်ပြီး နှုတ်ဆက်လိုက်ကြ၏။
ဆူဇီမိုက ပြုံးပြလိုက်၏။
“ကျုပ်က ဂိုဏ်းချုပ်ရဲ့အမွေအနှစ်ကို ရထားတာလေ… ကျုပ်ရဲ့လက်ချောင်းတွေနဲ့ ဗေဒင်တွက်ပြီး ဒီနေ့ ကျုပ်မိတ်ဆွေဟောင်းတွေ လာလည်မယ်ဆိုတာကို ကြိုသိနေတာ… အဲဒါကြောင့် ကျုပ်က ခင်ဗျားတို့ကို ထွက်ကြိုနေတာပဲ”
“ဟားဟားဟား”
ယန်လောရှုနှင့် အခြားနှစ်ယောက်က ရယ်မောလိုက်ကြ၏။
တစ်ခဏချင်းမှာပင် သူတို့သုံးယောက်က ဆင်းသက်ရောက်ရှိလာကြ၏။ ဆူဇီမိုက သူတို့သုံးယောက်ကို လိုဏ်ဂူခန်းဝါထဲသို့ ခေါ်သွားပြီး တစ်ယောက်ပြီးတစ်ယောက် နေရာယူထိုင်လိုက်ကြ၏။
သူတို့လေးယောက် နောက်ဆုံးတွေ့ဆုံခဲ့သည်မှာ နှစ်တစ်ထောင်ကြာသွားခဲ့ပြီဖြစ်သည်။
ယန်လောရှုက ပြောလိုက်လေသည်။
“ဒီနှစ်တွေထဲမှာ ငါက မင်းကို နှစ်ခေါက်သုံးခေါက် လာရှာခဲ့သေးတယ်… ဒါပေမဲ့ မင်း တံခါးပိတ်ကျင့်ကြံနေတာ တွေ့တော့ ငါကလည်း မင်းကို အနှောင့်အယှက်မပေးတော့ဘူး”
“မင်းက ဒီတစ်ခေါက် တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီးတဲ့နောက် ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေကို ရောက်သွားတာကိုး… မင်းက အံ့မခန်းတိုက်ပွဲကိုတောင်မှ ကြုံတွေ့ခဲ့ရသေးတယ်”
ဆူဇီမိုက သူ၏ ခေါင်းကို ညင်သာစွာ ခါယမ်းပြီး ခါးသီးစွာ ပြုံးပြလိုက်၏။
“အဲဒါက တော်တော်တိုက်ဆိုင်သွားတာပါ”
“စီနီယာအစ်ကို… ခင်ဗျား... ခင်ဗျားက...”
တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိသွားသည့်အလား… လျှိုဖျင်က ဆူဇီမိုကို ပြူးကျယ်နေသော မျက်လုံးများနှင့်အတူ လက်ညှိုးထိုးလိုက်၏။
“ခင်ဗျားက အဆင့်-၅ ကောင်းကင်အင်မော်တယ်တစ်ယောက် ဖြစ်တဲ့အထိ ကျင့်ကြံပြီးပြီလား”
“ဟမ်”
ယန်လောရှု၏ စိတ်ဝိညာဉ်အသိစိတ်က လှုပ်ရှားသွားပြီး ဆူဇီမို၏ ကျင့်ကြံမှုနယ်ပယ်ကို ထောက်လှမ်းလိုက်၏။
တကယ်ပင်..။
“ဘယ်လောက်တောင် သန်မာလိုက်လဲ”
ယန်လောရှုက အံ့အားတသင့် ရေရွတ်လိုက်၏။
မင်းသမီးသက်တံနီကလည်း တုန်လှုပ်နေ၏။
လွန်ခဲ့သည့် နှစ်တစ်သောင်းတွေ့ဆုံပွဲမှာတုန်းက သူတို့သုံးယောက်သည် တစ်ချိန်တည်းနီးပါးမှာပင် ကောင်းကင်အမြုတေနယ်ပယ်သို့ ဝင်ရောက်ခဲ့ပြီး အတွင်းဂိုဏ်းသို့ ရောက်ရှိလာကြ၏။
ဤနှစ်များမှာ မင်းသမီးသက်တံနီသည် ယန်လောရှုနှင့် အချိန်များစွာ ကုန်ဆုံးခဲ့၏။ သူမသည် ကျင့်ကြံခြင်းမှာ အနည်းငယ် ပျင်းရိနေပြီး အဆင့်-၂ ကောင်းကင်အမြုတေနယ်ပယ်သို့ ဝင်ရောက်ခါစဖြစ်သည်။
လျှိုဖျင်က သူ၏ ပူးကပ်သိမ်းပိုက်မှုအပြီး၌ ပကတိအသွင်ပြောင်းလဲမှုတစ်ရပ်ကို ကြုံတွေ့ပြီး တစ်မူထူးခြားသည့် ပါရမီအလားအလာကို ရရှိလာခဲ့၏။ သူက စိတ်ရောကိုယ်ပါ နှစ်မြုပ်၍ ကျင့်ကြံခဲ့သော်လည်း သူသည် ယခုအချိန်မှာ အဆင့်-၂ ကောင်းကင်အမြုတေနယ်ပယ်၏ အထွတ်အထိပ်ကိုသာ ရောက်ရှိသေး၏။
သို့သော်လည်း ဆူဇီမိုသည် အဆင့်-၅ ကောင်းကင်အင်မော်တယ်တစ်ယောက် ဖြစ်သည်အထိ ကျင့်ကြံခဲ့ပြီးလေပြီ။
နှစ်တစ်သောင်းတွေ့ဆုံပွဲ ပြီးခဲ့သည်မှာ နှစ်နှစ်ထောင်ကျော်ကျော်သာလျှင် ကြာသေး၏။
ထိုကျင့်ကြံမှု အလျင်အဟုန်သည် သာမန်လူများ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီဖြစ်၏။
“စီနီယာအစ်ကိုဆူ… ရှင် ဘယ်လိုတောင် ကျင့်ကြံလိုက်တာလဲ”
မင်းသမီးသက်တံနီက မနေနိုင်ဘဲ မေးမြန်းလိုက်၏။
ယန်လောရှုက ပြောလိုက်၏။
“ကောင်းကင်အမြုတေနယ်ပယ်မှာ တံခါးပိတ်ကျင့်ကြံတာက မလုံလောက်တော့ဘူး… အဟန့်အတားများစွာနဲ့ ကြုံတွေ့ရနိုင်တယ်… ရှေ့ကို တက်လှမ်းဖို့ဆိုရင် မင်းက အပြင်ဘက်မှာ မကြာခဏသွားပြီးတော့ လေ့ကျင့်ရလိမ့်မယ်”
“ဒါပေါ့... အတိအကျပဲ”
ဆူဇီမိုက ထိုအချက်ကို ထောက်ခံလိုက်၏။
သူသည် နှစ်နှစ်ထောင်မှာ အဆင့်-၅ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်သည်အထိ ကျင့်ကြံလာနိုင်ခဲ့သည့် အဓိကအကြောင်းအရင်းမှာ လွန်ခဲ့သည့် နှစ်တစ်ထောင်က အဝီစိသို့ သွားရာ ခရီးစဉ်နှင့် မကြာသေးခင်က ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေသို့ သွားရာ ဤခရီးစဉ်ကြောင့် ဖြစ်လေသည်။
သူသည် ထိုခရီးစဉ်နှစ်ခုကနေ အကျိုးအမြတ်ကြီးမားစွာ ရရှိခဲ့ပြီး ခုန်ပေါက်၍ တိုးမြင့်လာသော သူ၏ ကျင့်ကြံနယ်ပယ်သာလျှင် မကပေ။
ထိုစဉ်မှာပင် ထောင်ယောင်က လိုဏ်ဂူ၏ အနက်ပိုင်းထဲကနေ မွှေးပျံ့သော လက်ဖက်ရည်တစ်အိုးကို ယူကာ လျှောက်လှမ်းထွက်လာ၏။ သူက သူတို့လေးယောက် ရှေ့သို့ ရောက်ရှိလာပြီး သူတို့၏ လက်ဖက်ရည်ခွက်များထဲသို့ လက်ဖက်ရည်ကို ငှဲ့ထည့်ပေးနေ၏။
လန့်ဖုန်းမြို့တော်က တိုက်ပွဲမှာ သိုင်းတာအိုပင်မခန္ဓာက အစုလိုက်အပြုံလိုက် သတ်ဖြတ်နေခဲ့ပြီး တိုက်ပွဲနယ်မြေက ဖရိုဖရဲဖြစ်နေခဲ့၏။ ဆူဇီမိုက ထောင်ယောင်နှင့်အတူ ထွက်ခွာလာခဲ့သည်ကို မည်သူကမှ သတိမထားမိလိုက်ပေ။
ထို့ကြောင့် သူသည် ထောင်ယောင်ကို ပုန်းကွယ်နေဖို့ ပြောမထားပေ။
“အာ…”
မင်းသမီးသက်တံနီက ကြည်လင်ရှင်းလင်းသော မျက်လုံးများနှင့် တာအိုကလေးငယ်ကို ကြည့်ပြီး အံ့အားတသင့် မေးလိုက်၏။
“စီနီယာအစ်ကိုဆူ… ရှင်က နောက်ဆုံးတော့ အင်မော်တယ်အစေခံတွေကို စတင်ပြီးတော့ ခေါ်ယူနေပြီပေါ့လေ”
ဆူဇီမို၏ လိုဏ်ဂူခန်းဝါထဲမှာ မည်သည့်အပြင်လူမှ မရှိခဲ့သည်ကို သူတို့သုံးယောက်စလုံးက သိရှိထား၏။ ယခင်က လျှိုဖျင်သည် ဝေယျာဝိစ္စများကို ကူညီဆောင်ရွက်ပေးဖို့အတွက် ဆူဇီမို၏ လိုဏ်ဂူခန်းဝါသို့ လာရောက်နေလိုကြောင်း ကမ်းလှမ်းခဲ့သော်လည်း ဆူဇီမိုက အဲဒါကို သဘောမတူခဲ့ပေ။
ယခု တာအိုကလေးငယ်တစ်ယောက်က ပေါ်ထွက်လာပြီး သူတို့သုံးယောက်က အံ့အားသင့်သွားကြ၏။
ထူးဆန်းသောအရာက တာအိုကလေးငယ်၏ အော်ရာက အလွန်တရာ ကြည်လင်သန့်စင်နေပြီး မည်သည့်စိတ်အာရုံနှင့်မှ စွန်းထင်းခြင်း ခံမထားရပေ။
မင်းသမီးသက်တံနီက မနေနိုင်ဘဲ လက်လှမ်း၍ ထောင်ယောင်၏ ပါးနှစ်ဖက်ကို ညင်သာစွာ ဖျစ်ညှစ်လိုက်၏။
ထောင်ယောင်က ရှောင်တိမ်းခြင်း မရှိဘဲ ညင်သာစွာသာ ပြုံးပြနေ၏။
သူသည် သူ့ရှေ့မှ လူသုံးယောက်ကို မသိရှိသော်လည်း ဆူဇီမိုသည် သူတို့သုံးယောက်ကို လိုဏ်ဂူခန်းဝါထဲသို့ ကြိုဆိုခေါ်လာခဲ့မှတော့ သူတို့သည် ဆူဇီမိုနှင့် ကောင်းမွန်သော ဆက်ဆံရေး သေချာပေါက် ရှိသည်ကို သူက သိထားလေသည်။
ထို့ကြောင့် သူကလည်း သူတို့သုံးယောက်အပေါ် စေတနာကောင်းကို ဖော်ပြပေမည်။
“စီနီယာအစ်ကိုဆူ… ရှင်က ဒီအင်မော်တယ်အစေခံလေးကို ဘယ်ကနေ ရှာတွေ့လာတာလဲ… သူက တော်တော်လိမ္မာတာပဲ”
မင်းသမီးသက်တံနီက မနေနိုင်ဘဲ ချီးကျူးလိုက်၏။ သူမက ထောင်ယောင်၏ နုနယ်သော မျက်နှာကို သူမ၏ လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ပြီး နမ်းရှုံ့ချင်စိတ်ပေါက်နေ၏။
ထောင်ယောင်သည် မည်သူ့ကိုမှ မသတ်ဖြတ်ဖူးပဲ ကမ္မ သို့မဟုတ် သွေးတို့ဖြင့် စွန်းထင်းခြင်း ခံမထားခဲ့ရပေ။ သူ့ကိုတွေ့မြင်သော မည်သည့်သက်ရှိမဆို သူ့အပေါ် ကောင်းမွန်သော ထင်မြင်ချက်တစ်ခုကို ရရှိလာပေလိမ့်မည်။
“သူက အင်မော်တယ်အစေခံတစ်ဦး မဟုတ်ဘူး… သူက အောက်ဘုံလောကက ကျုပ်ရဲ့ မိတ်ဆွေဟောင်းတစ်ဦးပဲ… အခုချိန်မှာ သူက ကျုပ်ဘေးမှာနေတဲ့ တာအိုကလေးငယ်တစ်ယောက်… သူ့ကို ထောင်ယောင်လို့ ခေါ်တယ်”
ဆူဇီမိုက သူ၏ ခေါင်းကို ညင်သာစွာခါပြီး ထပ်မံ၍ ရှင်းပြမနေပေ။ ထိုအစား သူက ယန်လောရှုနှင့် အခြားနှစ်ယောက်ကို ထောင်ယောင်နှင့် မိတ်ဆက်ပေးလိုက်၏။
ထောင်ယောင်က ယန်လောရှုနှင့် အခြားနှစ်ယောက်ထံ လေးစားစွာဖြင့် ဦးညွှတ်လိုက်၏။
ထိုအပြုအမူက အေးဆေးတည်ငြိမ်ပြီး ခပ်ပေါ့ပေါ့ပင် ရှိသည်ဟု ထင်ရသော်လည်း အဲဒါက မရိုးရှင်းပေ။
ယန်လောရှုနှင့် အခြားနှစ်ယောက်၏ အဆင့်အတန်းများက မည်သို့လဲ။
သူတို့သည် တက္ကသိုလ်၏ အတွင်းဂိုဏ်းတပည့်များနှင့် အမွေခံတပည့်များ ဖြစ်ကြသည်။
သူက သာမန်အင်မော်တယ်အစေခံတစ်ဦးသာဆိုလျှင် ဆူဇီမိုအနေဖြင့် ထောင်ယောင်ကို သူတို့သုံးယောက်နှင့် မိတ်ဆက်ပေးစရာ မလိုပေ။
ဤအပြုအမူက ထိုတာအိုကလေးငယ်သည် ဆူဇီမို၏ ရင်ထဲမှာ အလွန်တရာ အရေးပါသည့် နေရာတစ်ခုကို ယူထားသည်ဟု ဆိုလိုလေသည်။
ယန်လောရှုနှင့် အခြားနှစ်ယောက်ကလည်း အဲဒါကို တွေးမိသွားပြီး ကြန့်ကြာမနေရဲဘဲ အလောတကြီး မတ်တတ်ထရပ်ကာ ပြန်လည်နှုတ်ဆက်လိုက်ကြ၏။
ထောင်ယောင်က ညင်သာစွာပြုံး၍ နောက်သို့ ဆုတ်ခွာသွား၏။
လျှိုဖျင်က မျက်လုံးစွေကြည့်ပြီး အတိတ်ကို ပြန်လည်တူးဆွလိုက်၏။
“စီနီယာအစ်ကိုဆူ… ခင်ဗျားက တခြားလူတွေကို ဘေးနားမှာ ခေါ်ထားဖို့ ခြွင်းချက်တစ်ခု ထားထားပြီဆိုရင် ကျုပ်လည်း ဒီကို ရွှေ့ပြောင်းလာပြီး ခင်ဗျားဘေးမှာ တာအိုကလေးငယ်တစ်ယောက် လုပ်တော့မယ်”
တကယ်တော့ လျှိုဖျင်၏ ရင်ထဲမှာ ဆူဇီမိုသည် တစ်ဂိုဏ်းတည်းသားချင်း စီနီယာအစ်ကိုတစ်ယောက်မျှသာ မဟုတ်ပေ။
ယန်ယန်းအင်မော်တယ်နိုင်ငံ၏ မိုးကောင်းကင်ကိုးလွှာမှာတုန်းက ဆူဇီမို၏ အကူအညီကြောင့် မဟုတ်လျှင် သူက ထိုနေရာမှာကတည်းက သေခဲ့ရပေလိမ့်မည်။
နောက်ပိုင်းမှာ သူသည် ရှင်သန်နိုင်ခဲ့ရုံသာမက သူသည် ပကတိအသွင်ပြောင်းလဲမှုတစ်ရပ်နှင့် ကြုံတွေ့ပြီး စဉ်းစားကြည့်၍ မရနိုင်သော အခွင့်အလမ်းတစ်ရပ်ကို ရရှိလာခဲ့၏။
သူ၏ ရင်ထဲမှာ ဆူဇီမိုသည် ကျေးဇူးရှင်တစ်ယောက်နှင့် ပိုတူနေ၏။
ထို့ကြောင့်ပင် သူက ဝေယျာဝိစ္စများကို ကူညီဆောင်ရွက်ပေးဖို့အတွက် ဆူဇီမိုထံ ရွှေ့ပြောင်းလာလိုခြင်း ဖြစ်လေသည်။
တကယ်တော့ ထိုအခိုက်အတန့်မှာ လျှိုဖျင်သည် အကြောင်းအရင်းအစစ်အမှန်ကို ယခုအချိန်ထိ သဘောမပေါက်သေးပေ။ သူသည် ဤကဲ့သို့သော စိတ်တိမ်းညွှတ်မှု ရှိနေသည်မှာ ဆူဇီမိုက သူ၏ ကျေးဇူးရှင်ဖြစ်နေသောကြောင့်သာ မဟုတ်ပေ။
အဲဒါထက် ဆူဇီမိုသည် လောကရှိ တစ်ခုတည်းသော ဖန်တီးခြင်းကြာပဒုမ္မာ ဖြစ်နေသောကြောင့်ပင်။
လောကရှိ ဒေသပေါက်ပင်များ အားလုံးသည် ဖန်တီးခြင်းကြာပဒုမ္မာ၏ အနီးနားဝန်းကျင်ကို ရောက်ရှိသည့်အခါ အလိုလို တိမ်းညွှတ်လိုစိတ် ဖြစ်ပေါ်လာပေလိမ့်မည်။