အင်မော်တယ်နိုင်ငံတစ်နိုင်ငံ၏ စွမ်းပကား
Vol. 164 Ch. 2448
ဆူဇီမိုသည်ပင် ထိုအချက်ကို သဘောမပေါက်ပေ။ သူသည် သူ၏ ကိုယ်ပိုင်ကံကြမ္မာ အခွင့်အလမ်းများကြောင့် အသောကသစ်သား၊ အင်မော်တယ်မိုးမခနှင့် အင်မော်တယ်မက်မွန်ပျိုးပင်ကဲ့သို့ ကောင်းကင်ဘုံကမ္ဘာ၏ ထိပ်တန်းအဆင့် အင်မော်တယ်သစ်သားများကို ရရှိနိုင်ခဲ့သော်လည်း အဲဒါ၏ အကြောင်းအရင်းတစ်စိတ်တစ်ပိုင်းမှာ ကံတရားနှင့် ဖန်တီးခြင်းကြာပဒုမ္မာ၏ သဘောသဘာဝကြောင့်လည်း ပါဝင်လေသည်။
“ငါတို့... ဒီအကြောင်းကိုနောက်မှပြောကြတာပေါ့”
ဆူဇီမိုက သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။
ဆူဇီမိုက သဘောတူလိုပုံမရသည်ကို လျှိုဖျင်တွေ့မြင်သောအခါ သူက ရင်တစ်ချက်ထိတ်သွား၏။
“ကျူပ်... ထောင်ယောင်ကိုသွားရှာလိုက်ဦးမယ်... ခင်ဗျားတို့လူကြီးတွေနဲ့ ထပ်ပြီးစကားမပြောတော့ဘူး ပျင်းဖို့ကောင်းတယ်”
ထိုသို့ပြောရင်း လျှိုဖျင်က လိုဏ်ဂူခန်းဝါ၏ နောက်ဖေးဘက်သို့ လျှောက်လှမ်းဝင်သွားလေသည်။
ဆူဇီမိုက သူ့ကိုတားဆီးခြင်းမရှိပေ။ သို့သော် သူက ယန်လောရှုနှင့် မင်းသမီးသက်တံ့နီတို့နှင့် စကားပြောဆိုနေစဉ် လိုဏ်ဂူခန်းဝါ၏ နောက်ဘက်ရှိ ပြုမူလှုပ်ရှားမှုများကိုလည်း အာရုံစိုက်ကြည့်နေ၏။
လျှိုဖျင်သည် အသက်မငယ်သော်လည်း သူက မည်သို့ပင်ဆိုစေ ကလေးငယ်တစ်ဦးပုံစံဖြစ်ပြီး ထောင်ယောင်နှင့် အတော်လေးဆင်တူလေသည်။
ကလေးနှစ်ယောက်က မည်သည့်အဟန့်အတားမှမရှိဘဲ အတူတကွဆုံမိသွားကြ၏။
လျှိုဖျင်သည် တက္ကသိုလ်မှာ နေလာခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပြီး စိတ်ဝင်စားစရာကောင်းသော အကြောင်းအရာတချို့အကြောင်း ထောင်ယောင်ကိုပြောပြနေ၏။
ထောင်ယောင်က အလွန်တရာစိတ်ဝင်စားနေပြီး လျှိုဖျင်နှင့် တဖြည်းဖြည်းရင်းနှီးလာခဲ့၏။
သူသည် ကောင်းကင်နှင့် မြေကြီးတက္ကသိုလ် သို့မဟုတ် အထက်ဘုံလောကအကြောင်း ဘာဆိုဘာမှမသိပေ။
ဆူဇီမိုက အဲဒါကို အာရုံခံမိသောအခါ သူက သဘောပေါက်လိုက်၏။
လျှိုဖျင်တွေးနေသည့်အရာကို သူပြောနိုင်လေသည်။ သူကထောင်ယောင်နှင့် ရင်းနှီးအောင်လုပ်ပြီး ဤနေရာမှာနေဖို့ နည်းလမ်းတစ်ခုကို ရှာကြံနေခြင်းဖြစ်၏။
ထောင်ယောင်၏ မျက်နှာပေါ်ရှိ အပြုံးနှင့် သူ့မျက်လုံးထဲရှိ တောက်ပသောအရောင်ကို အာရုံခံမိသွားပြီး ဆူဇီမို၏ နှလုံးသားက နူးညံ့ပျော့ပျောင်းလာခဲ့၏။
ပုံမှန်အားဖြင့် သူက တစ်ချိန်လုံးလိုလိုတံခါးပိတ်ကျင့်ကြံနေတတ်၏။ ထောင်ယောင်သည် ကြီးမားသော ဤလိုဏ်ဂူခန်းဝါထဲမှာ တစ်ယောက်တည်းဖြင့် အထီးကျန်မှုကို သေချာပေါက်ခံစားရပေလိမ့်မည်။
ပင်ယန်းမြို့မှာတုန်းက ထောင်ယောင်တွင် ချစ်စရာကောင်း၍ ကြင်နာတတ်သော မြို့သူမြို့သားများရှိနေခဲ့ဆဲ ဖြစ်သည်။
သို့သော်လည်း အထက်ဘုံလောက၏ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ သူကလွဲလျှင် ထောင်ယောင်က မည်သူနှင့်မှ သိကျွမ်းခြင်းမရှိပေ။
နောက်ပိုင်းမှာ ထောင်ယောင်သည် တက္ကသိုလ်မှာသွားလာစဉ် သူသည် သူ၏ ဘေးပတ်လည်မှ စိမ်းသက်သော ပညာရှင်များစွာနှင့် အသစ်အဆန်း ပတ်ဝန်းကျင်ဒေသနှင့် ရင်ဆိုင်ရသည့်အခါ သူက စိုးရိမ်ထိတ်လန့်မှုကို မလွဲမသွေ ခံစားရပေလိမ့်မည်။
သူ့ဘေးမှာ အဖော်ပြုပေးမည့် သက်တူရွယ်တူတစ်ယောက်ယောက်ရှိနေမည်ဆိုလျှင် ပိုကောင်းပေလိမ့်မည်။
ဆူဇီမိုသည် ပုံမှန်အားဖြင့် တံခါးပိတ်ကျင့်ကြံနေမည်ဆိုလျှင်တောင် ကလေးငယ်နှစ်ယောက်က စကားပြောဆိုရင် တစ်ယောက်ကိုတစ်ယောက် အဖော်ပြုပေးနိုင်မည်ဖြစ်သည်။
'လျှိုဖျင်က ဒီမှာနေဖို့ဆက်ပြီးပြောနေမယ်ဆိုရင်လည်း သူ့ကိုထားလိုက်ပါတော့မယ်'
အတွေးတစ်ခုက ဆူဇီမို၏ စိတ်ထဲသို့ ဖျတ်ခနဲဝင်ရောက်လာ၏။
ထောင်ယောင်နှင့် ပျော်ရွှင်စွာစကားပြောဆိုနေသော လျှိုဖျင်သည် ဆူဇီမို၏ ထိုအတွေးက သူ၏ ကံကြမ္မာကို လုံးလုံးလျားလျားပြောင်းလဲပစ်တော့မည်ကို မသိရှိသေးပေ။
အဲဒါသည် သူ၏ ဘဝမှာ အကြီးမားဆုံးအခွင့်အလမ်းတစ်ခု ဖြစ်လာပေလိမ့်မည်။
နှစ်ပေါင်းများစွာကြာပြီးနောက် ထိုသူက အထွတ်အထိပ်သို့တက်လှမ်း၍ လောကကို အထက်စီးကနေငုံ့ကြည့်သည့်အခါ သူ့ကိုအလုပ်အကျွေးပြုပေးနေသည့် တာအိုကလေးငယ်နှစ်ယောက်ကလည်း မရေမတွက်နိုင်သော မျိုးဆက်များ၏ ကြည်ညိုလေးစားခြင်းနှင့် ချီးကျူးထောမနာပြုခြင်းကို ခံရပေလိမ့်မည်။
“ဒါနဲ့...”
ဆူဇီမိုက တစ်စုံတစ်ရာကို တွေးမိသွားပြီးမေးလိုက်၏။
“အစ်ကိုယန်... ကျုပ်က ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ လူနှစ်ယောက်ကိုရှာချင်တယ်ဆိုရင် ကျုပ်က တက္ကသိုလ်ရဲ့စွမ်းအားကို ဘယ်လိုအသုံးချသင့်လဲ”
“တိုက်ရိုက်အကျဆုံးနည်းလမ်းကတော့ တက္ကသိုလ်မှာ ဆုကြေးတာဝန်တစ်ခုကို ထုတ်ပြန်လ်ိုက်ဖို့ပဲ”
ယန်လောရှုက ပြောလိုက်၏။
“ဒါပေမဲ့... ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေက အရမ်းကိုကျယ်ပြောတယ်... သဲလွန်စတစ်ခုခုမရှိဘဲ လူနှစ်ယောက်ကိုရှာဖို့ဆိုတာ တကယ်မလွယ်ဘူး”
“နောက်ပြီး ဒီလိုမျိုးတာဝန်တစ်ခုက အချိန်အကြာကြီးယူရပြီးတော့ အောင်မြင်ချင်မှလည်းအောင်မြင်လိမ့်မယ်.. အဲဒါကြောင့် ဒီလိုမျိုးတာဝန်တစ်ခုကို လက်ခံချင်တဲ့သူက တက္ကသိုလ်မှာများများစားစားမရှိလောက်ဘူး”
ဆူဇီမိုက နားလည်သဘောပေါက်လိုက်သည်။
တစ်နည်းအားဖြင့်ဆိုသော် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သည် ပကတိအင်မော်တယ်ညသင်္ချိုင်းနှင့် ဖုန့်ကျစ်ရီကို ရှာဖွေရာမှာ အကူအညီများစွာဖြစ်စေလိမ့်မည်မဟုတ်ပေ။
ယန်လောရှုက မင်းသမီးသက်တံနီကို တစ်ချက်ကြည့်ကာပြောလိုက်၏။
“တကယ်တော့... အင်မော်တယ်နိုင်ငံသုံးနိုင်ငံက လူရှာတဲ့နေရာမှာ ပိုပြီးတော်ကြတယ်”
“အင်မော်တယ်နိုင်ငံသုံးနိုင်ငံက အင်မော်တယ်တပ်ဖွဲ့တွေအများကြီးကို စုဖွဲ့ထားပြီး သတင်းအချက်အလက်တွေကို စုဆောင်းပေးတဲ့အဖွဲ့အစည်းတွေ သူတို့မှာအများကြီးရှိတယ်... နေရာတိုင်းမှာ သူတို့ရဲ့နားတွေနဲ့ မျက်စိတွေရှိတယ် ကြီးမားတဲ့ အင်မော်တယ်နိုင်ငံတွေက အမိန့်တစ်ခုနဲ့ တစ်ခုခုဆိုရင် ပိုပြီးတော့မြန်မြန်ဆန်ဆန်ရှာဖွေနိုင်ကြလိမ့်မယ်”
မင်းသမီးသက်တံနီက ပြောလိုက်၏။
“ကျွန်မက ယန်ယန်းအင်မော်တယ်နိုင်ငံက မင်းသမီးတစ်ပါးဆိုပေမဲ့ ကျွန်မက ဒီနှစ်တွေထဲမှာ အပြင်ကိုရောက်နေတဲ့အတွက် ကျွန်မမှာ ကိုယ်ပိုင်အဖွဲ့အစည်းတစ်ခုမရှိဘူး... ဒါပေမဲ့ ကျွန်မက အစ်ကိုချင်းချန်ကို ဒီကိစ္စအကြောင်း အကူအညီတောင်းပေးနိုင်တယ်”
ခဏမျှရပ်တန့်ပြီးနောက် သူမက ဆူဇီမိုကိုကြည့်ကာ ပြောလိုက်၏။
“စီနီယာအစ်ကိုဆူ ရှင်လည်း သူနဲ့သိတာပဲ”
“အင်း... မင်းသားချင်းချန်မလား”
ဆူဇီမိုက ညင်သာစွာခေါင်းညိတ်ပြလိုက်၏။
သူသည် ယန်ယန်းအင်မော်တယ်နိုင်ငံ၏ မြို့တော်မှာကျင်းပသည့် နှစ်တစ်သောင်းတွေ့ဆုံပွဲမှာ ပါဝင်ခဲ့စဥ်က သူသည် နဂါးအသူတရာချောက်နက်မြို့တော်၏ မြို့တော်အရှင်ရှုရှစ်နှင့် သူ၏သား ရှုရှောင်းထျန်ကို ကယ်တင်ပေးခဲ့၏။ အဲဒါကြောင့် သူသည် အင်မော်တယ်တာအိုကလန်ကြီး ရွှယ်ကလန်နှင့် ရန်ငြိုးရန်စရှိခဲ့လေသည်။ ထိုအချိန်တုန်းက သူသည် တက္ကသိုလ်၏ အပြင်ဂိုဏ်းတပည့်တစ်ယောက်သာဖြစ်ပြီး ရှုရှစ်နှင့် ရှုရှောင်းထျန်ကို ကောင်းကောင်းကာကွယ်မပေးနိုင်ခဲ့ပေ။
ဤမင်းသားချင်းချန်က ရှုရှစ်နှင့် သူ၏ သားကို သူ့ဘေးမှာထားဖို့ အရင်စ၍ကမ်းလှမ်းခဲ့ပြီး သူတို့နှစ်ယောက်ကို ရွှယ်ကလန်၏ လက်စားချေခြင်းကနေ ကာကွယ်ပေးခဲ့၏။
မင်းသားချင်းချန်သည် ယန်ယန်းအင်မော်တယ်နိုင်ငံမှာ သာမန်အဆင့်အတန်းတစ်ခုသာရှိပြီး သာမန်မင်းသားတစ်ပါးသာဖြစ်သော်လည်း ဆူဇီမိုက သူ့အပေါ်ကောင်းမွန်သောထင်မြင်ချက် ရှိခဲ့လေသည်။
မင်းသမီးသက်တံနီက ပြောလိုက်၏။
“အစ်ကိုချင်းချန်က နယ်မြေဒေသတစ်ခုကိုမအုပ်စိုးတဲ့အတွက် သူ့ရဲ့စွမ်းအားက အကန့်အသတ်ရှိတယ်... ဒါပေမဲ့ သူကဘာပဲပြောပြော ဒီနှစ်တွေထဲမှာ ယန်ယန်းအင်မော်တယ်နိုင်ငံမှာပဲနေတဲ့အတွက် သူ့မှာလက်အောက်ငယ်သားတွေအများကြီးရှိတယ်... သူက ဒီကိစ္စကို ကူညီပေးနိုင်လောက်တယ်”
“ဒီလိုဆိုရင်တော့ ခင်ဗျားကိုကျေးဇူးအများကြီးတင်ပါတယ်”
ဆူဇီမိုက အလောတကြီး မတ်တတ်ထရပ်ပြီး မင်းသမီးသက်တံနီကို ကျေးဇူးတင်ကြောင်းဖော်ပြလိုက်၏။
“နောက်ဆုံးမှာ ဒီကိစ္စအောင်မြင်တာ မအောင်မြင်တာကို အသာထား... ကျုပ်ကိုယ်စား မင်းသားချင်းချန်ကို ကျေးဇူးတင်ကြောင်းပြောပေးပါ”
ဤအချိန်အတောအတွင်း ဆူဇီမိုသည် ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကို ကျင့်ကြံပြီး အသိအမြင်တချို့ကို ရရှိလာခဲ့၏။ သူသည် သူ၏ အသိစိတ်ထဲရှိ ကျောက်စိမ်းကျမ်းကို မထိန်းချုပ်နိုင်သေးသော်လည်း ကျောက်စိမ်းကျမ်းအတွင်းရှိလောက စင်ကြယ်ခံ့ညားကောင်းကင်ဘုံနှင့် ဆက်သွယ်နိုင်ပြီဖြစ်သည်။
စင်ကြယ်ခံ့ညားကောင်းကင်ဘုံမှာ အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများသက်သက်ဖြင့် ဆောက်လုပ်ထားသော ဧရာမနန်းတော်တစ်ခုရှိလေသည်။ အဲဒါကိုဖြိုချလိုက်သောအခါ အမြုတေစိတ်ဝိညာဥ်ကျောက်တုံး သန်းပေါင်းရာချီ ရရှိလာပေလိမ့်မည်။
“ဒီသိုလှောင်အိတ်ထဲမှာ အမြုတေစိတ်ဝိညာဥ်ကျောက်တုံး သန်းတစ်ရာရှိတယ်... အဲဒါကို မင်းသားချင်းချန်ကို ကျုပ်ကိုယ်စားပေးပေးပါ”
ဆူဇီမိုက စင်ကြယ်ခံ့ညားကောင်းကင်ဘုံထဲမှ အမြုတေစိတ်ဝိကျောက်တုံးသန်းတစ်ရာကို ထုတ်ယူပြီး ကမ်းပေးလိုက်၏။
“သူက... သူတို့နှစ်ယောက်ကိုရှာတွေ့မယ်ဆိုရင် ကျုပ်ကကျေးဇူးတင်တဲ့အနေနဲ့ နောက်ထပ်လက်ဆောင်တွေ ထပ်ပေးပါမယ်”
“အမြုတေစိတ်ဝိညာဥ်ကျောက်တုံးသန်းတစ်ရာလား”
ယန်လောရှုနှင့် မင်းသမီးသက်တံနီက တုန်လှုပ်သွားကြ၏။
ယန်လောရှုသည် ပကတိအင်မော်တယ်တစ်ဦးဖြစ်လျှင်တောင် သူသည် ဤမျှများပြားသော အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများကို ထုတ်မပေးနိုင်ပေ။
“အဲဒါက အရမ်းကိုများလွန်းတယ်”
ဆူဇီမိုကို ယန်လောရှုကြည့်သည့်ပုံစံက ထူးဆန်းလာခဲ့၏။
မင်းသမီးသက်တံနီက အလောတကြီးလက်ကာပြလိုက်၏။
“အဲဒါက... အရမ်းများလွန်းတယ်”
“မင်းသားချင်းချန်က သူ့ရဲ့လက်အောက်ငယ်သားတွေကိုဦးဆောင်ပြီး လှုပ်ရှားမှုပြုလုပ်မယ်ဆိုရင် သူက အမြုတေစိတ်ဝိညာဥ်ကျောက်တုံးတွေကိုလည်း လိုအပ်လိမ့်မယ်”
ဆူဇီမိုက ထိုသို့ပြောရင်း သူ၏ လက်ထဲရှိ သိုလှောင်အိတ်ကို မင်းသမီးသက်တံနီ၏ လက်ထဲသို့ အတင်းထိုးထည့်ပေးလိုက်၏။
“စီနီယာအစ်ကိုဆူ... ရှင်ရှာချင်တဲ့လူနှစ်ယောက်က ဘယ်သူတွေလဲဆိုတာ ကျွန်မတို့ကို မပြောရသေးဘူးနော်”
မင်းသမီးသက်တံနီက ခဏမျှတွေးတောပြီးနောက် ထပ်မံ၍ငြင်းပယ်မနေတော့ပေ။ သူမက အမြုတေစိတ်ဝိညာဥ်ကျောက်တုံးသန်းတစ်ရာကို လက်ခံယူပြီး ထပ်မံ၍မေးလိုက်၏။
ဆူဇီမိုက မေးလိုက်လေသည်။
“ခင်ဗျားတို့နှစ်ယောက် အကြွင်းအကျန်ညဆိုတာကို ကြားဖူးလား”
“ငါအဲဒါကိုကြားဖူးတယ်... အဲဒါက မဟာကျင်းအင်မော်တယ်နိုင်ငံကနေ အရင်းခံလာတဲ့ လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်းတစ်ခုပဲ... ဒါပေမဲ့ သူတို့က အာဏာပါးကွပ်သားအစောင့်တပ်သားတွေရဲ့ အမဲလိုက်ခြင်းခံရပြီးတဲ့နောက် သိပ်များများမရှိလောက်တော့ဘူး”
ယန်လောရှုကပြောလိုက်၏။
“အကြွင်းအကျန်ညရဲ့တည်ထောင်သူက ဖုန့်စန်းထျန်ရဲ့ မိတ်ဆွေဟောင်းတစ်ဦးဖြစ်တယ်လို့ ငါကြားထားတယ်”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
“ကျုပ်က... အကြွင်းအကျန်ညရဲ့တည်ထောင်သူ ပကတိအင်မော်တယ်တစ်ဦးကိုရှာနေတာပဲ... သူ့ရဲ့ကျင့်ကြံမှုက သူ့ဘဝသက်တမ်းရဲ့ ကုန်ဆုံးခါနီးကိုရောက်နေပြီ... သူ့ရဲ့တာအိုဘွဲ့က ညသင်္ချိုင်း... နောက်ထပ်တစ်ယောက်ကတော့ ဖုန့်ကျစ်ရီဆိုတဲ့ အမျိုးသမီးငယ်တစ်ယောက်ပဲ”
ခဏမျှရပ်တန့်ပြီးနောက် ဆူဇီမိုကဆက်ပြောလိုက်၏။
“သူတို့ရဲ့ သွင်ပြင်လက္ခဏာတွေနဲ့ပတ်သက်ပြီး ကျုပ်သေချာမပြောတတ်ဘူး... သူတို့ရဲ့အစွမ်းအစနဲ့ဆို သူတို့က သူတို့ရဲ့ခြေရာကိုဖျောက်ပြီး သူတို့ရဲ့ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲထားဖို့ကလွယ်ကူတယ်”
“အဲဒါကြောင့် အင်မော်တယ်နိုင်ငံတွေရဲ့စွမ်းအားကတောင် သူတို့ကို ခြေရာကောက်နိုင်ချင်မှ ကောက်နိုင်လိမ့်မယ်”
မင်းသမီးသက်တံနီက မတ်တတ်ထရပ်ပြီး ပြောလိုက်၏။
“ကျွန်မက ယန်ယန်းအင်မော်တယ်နိုင်ငံကို အခုပဲပြန်သွားပြီး ဒီကိစ္စကို အစ်ကိုချင်းချန်နဲ့ ကိုယ်တိုင်ဆွေးနွေးလိုက်မယ်... ဘာပဲဖြစ်ဖြစ် ကျွန်မတို့တတ်နိုင်တာကို အကောင်းဆုံးလုပ်ပေးမှာပါ”
“ငါသူနဲ့လိုက်သွားလိုက်မယ်... အဲဒီမှာ သတင်းတစ်ခုခု ဒါမှမဟုတ် သဲလွန်စတစ်ခုခုရတာနဲ့ ငါမင်းကို တတ်နိုင်သမျှမြန်မြန် သတင်းပေးမယ်”
ယန်လောရှုကလည်း မတ်တတ်ထရပ်ပြီး နှုတ်ဆက်လိုက်၏။
“ခင်ဗျားတို့နှစ်ယောက်စလုံးကို ကျေးဇူးတင်ပါတယ်”
ဆူဇီမိုက ကျေးဇူးတင်စွာဖြင့် နောက်တစ်ဖန် ဦးညွှတ်လိုက်၏။