← Chapters

စာတစ်စောင်

Vol. 164 Ch. 2449

စာတစ်စောင်

Vol. 164 Ch. 2449

ယန်လောရှုနှင့် မင်းသမီးသက်တံနီက မတ်တတ်ထရပ်ပြီး ထွက်ခွာသွားကြ၏။

လိုဏ်ဂူခန်းဝါ၏ နောက်ဘက်မှ ထောင်ယောင်နှင့် အေးအေးဆေးဆေး စကားပြောဆိုနေသည့် လျှိုဖျင်က အဲဒါကို သတိထားမိလေသည်။ သို့သော်လည်း သူက ဤနေရာမှာ ဆက်နေချင်သောကြောင့် အဲဒါကို မသိသလို ဟန်ဆောင်နေ၏။

ဆူဇီမိုက ပြုံး၍ မည်သည့်စကားမှ မဆိုပေ။

ခဏမျှ စဉ်းစားတွေးတောပြီးနောက် ဆူဇီမိုက စားပွဲရှိရာသို့ သွားပြီး အဖြူရောင်စာရွက်တစ်ရွက်ကို ထုတ်ယူကာ တည်တံ့စွာဖြင့် ရေးသားနေ၏။

ထို့နောက် သူက အမြုတေစိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာကို သိုလှောင်အိတ်တစ်အိတ်ထဲ ထည့်ပြီး အထဲမှာ စာကိုလည်း ပစ်ထည့်လိုက်၏။ သူက အဲဒါကို သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် ချိပ်ပိတ်လိုက်သည်။

“လျှိုဖျင်… ထောင်ယောင်”

ဆူဇီမိုက လှမ်းခေါ်လိုက်၏။

ကလေးနှစ်ယောက်က ချဉ်းကပ်လာသောအခါ ဆူဇီမိုက သိုလှောင်အိတ်ကို လျှိုဖျင်ထံ ကမ်းပေးလိုက်၏။

“ထောင်ယောင်ကို တက္ကသိုလ်ရဲ့ ပို့ဆောင်ရေးခန်းမဆီကို ခေါ်သွားပေးပြီး သူ့ကို ဘေးပတ်ဝန်းကျင်နဲ့ ရင်းနှီးကျွမ်းဝင်လာအောင် လုပ်ပေးပါ”

“ပို့ဆောင်ရေးခန်းမကို ရောက်ပြီးရင် ကျိရွှမ်အင်မော်တယ်နိုင်ငံကို ချက်ချင်းတန်းသွားပြီး ဒီသိုလှောင်အိတ်ကို မင်းသမီးယွင်ကျူးဆီ ကိုယ်တိုင်ပေးပေးရမယ်”

ထောင်ယောင်သည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေနှင့် အလွန်တရာ စိမ်းသက်နေပြီး ဤတာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း လျှိုဖျင်လိုက်ပါလာမည်ဆိုလျှင် သူသည် ကိစ္စများကို ရင်းနှီးကျွမ်းဝင်လာအောင် ပြုလုပ်နိုင်မည်ဖြစ်သည်။

ထောင်ယောင်က တွေဝေရှုပ်ထွေးစွာဖြင့် ခေါင်းညိတ်ပြလိုက်၏။

တစ်ဖက်မှာရှိသော လျှိုဖျင်ကတော့ ကျေနပ်သဘောကျနေ၏။

ဤကဲ့သို့ တာဝန်ပေးအပ်ခြင်းဖြင့် ဆူဇီမိုက သူ့ကို အသိအမှတ်ပြုလိုက်ပြီကို သူသိလေသည်။

“ဒါက ရိုးရှင်းတဲ့ တာဝန်တစ်ခုပဲ… စာတစ်စောင်ပို့ပေးရုံပဲ မဟုတ်လား… မပူပါနဲ့ စီနီယာအစ်ကို”

လျှိုဖျင်က သူ့၏ လက်ကို ဆန့်ထုတ်ပြီး သူ၏ ရင်ဘတ်ကို ပုတ်ပြကာ အာမခံလိုက်၏။

စာထဲရှိ ပါဝင်အကြောင်းအရာသည် ပကတိအင်မော်တယ် ညသင်္ချိုင်းနှင့် ဖုန့်ကျစ်ရီကို ရှာဖွေရန် ယွင်ကျူးကို အကူအညီတောင်းထားခြင်းဖြစ်သည်။

ဆူဇီမိုသည် မင်းသားချင်းချန်ကို အကူအညီတောင်းထားသော်လည်း သူက စိုးရိမ်ပူပန်နေဆဲဖြစ်၏။

အင်မော်တယ်နိုင်သံ သုံးနိုင်ငံကြားမှာ မဟာကျင်းအင်မော်တယ်နိုင်ငံက သူ့နှင့် အတိုက်အခံဖြစ်ပြီး သူတို့ကို ထည့်တွက်လို့ မရပေ။

ယန်ယန်းအင်မော်တယ်နိုင်ငံအပြင် ကျိရွှမ်အင်မော်တယ်နိုင်ငံသာလျှင် ကျန်တော့လေသည်။

ယွင်ကျူးကတော့ သူမသည် ကျိရွှမ်အင်မော်တယ်နိုင်ငံ၏ မင်းသမီးတစ်ပါးဖြစ်လေသည်။ ဒါ့အပြင် မဟာနတ်မိမယ်လေးပါးထဲမှ တစ်ပါးအနေဖြင့် သူမ၏ အင်မော်တယ်နိုင်ငံမှာ သူမ၏ အဆင့်အတန်းသည် မင်းသားချင်းချန်ထက် များစွာပိုမိုမြင့်မားလေသည်။

ယွင်ကျူးသည် ကျိရွှမ်အင်မော်တယ်နိုင်ငံ၏ စွမ်းအားကို အသုံးချနိုင်သည်ဆိုလျှင် သူမအနေဖြင့် ဖုန့်ကျစ်ရီနှင့် ပကတိအင်မော်တယ် ညသင်္ချိုင်းကို ရှာဖွေနိုင်ဖို့ အခွင့်အရေးက များစွာပိုမိုမြင့်မားပေလိမ့်မည်။

အဲဒါက ရိုးရှင်းသော စာတစ်စောင်သာဆိုလျှင် ဤမျှအထိ ဒုက္ခခံနေစရာလိုမည် မဟုတ်ပေ။

သို့သော်လည်း ဆူဇီမိုသည် အမြုတေစိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာကိုလည်း ပြင်ဆင်ပေးထား၏။ သူက အမြုတေစိတ်ဝိညာဉ်ကျောက်တုံးများနှင့် စာကို ယွင်ကျူးထံ ပေးပို့ချင်သည်ဆိုလျှင် သူသည် ယုံကြည်စိတ်ချရသော တစ်ယောက်ယောက်ကို ကိုယ်တိုင်သွားခိုင်းရပေမည်။

“မင်းသမီးယွင်ကျူး… ယွင်ကျူးဆိုတော့…”

လျှိုဖျင်က ထောင်ယောင်၏ လက်ကို ဆွဲပြီး ထွက်သွားတော့မည် ရှိစဉ်မှာပင် သူ၏ ခြေလှမ်းကို ရပ်တန့်ပြီး မျက်မှောင်ကြုတ်ကာ ရေရွတ်ပြောဆိုလိုက်၏။

“အဲဒီနာမည်ကို ဘာလို့ ရင်းနှီးနေတယ်လို့ ထင်ရတာလဲ”

ဆူဇီမိုက ပြောလိုက်၏။

“သူ့ကို စာအုပ်အင်မော်တယ်လို့လည်း ခေါ်တယ်”

“အာ…”

လျှိုဖျင်က နားလည်သဘောပေါက်သွားပြီး သူ၏ မျက်နှာက အံ့အားသင့်မှုဖြင့် ပြည့်နှက်သွား၏။

“ဒါကြောင့်ကိုး”

“စာအုပ်အင်မော်တယ်က ဘယ်သူလဲ… သူက အရမ်းကို နာမည်ကြီးလို့လား”

ထောင်ယောင်က မျက်တောင်ခတ်ကာ မေးလိုက်၏။

“သူက နာမည်အရမ်းကြီးတာပေါ့… တကယ်ဆို သူက လောကတဝှမ်း ကျော်ကြားနေပြီ”

လျှိုဖျင်က ပြောလိုက်၏။

“ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ် မဟာနယ်မြေမှာ မဟာနတ်မိမယ်လေးပါး ရှိတယ်… သူတို့လေးယောက်စလုံးက ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံးမှာ ကျော်ကြားကြတယ်… မရေမတွက်နိုင်တဲ့ ပြိုင်စံရှားတွေနဲ့ ပြန်ဝင်စားမွန်းစတားတွေကတောင် သူတို့ကို ချီးကျူးထောမနာပြုရတယ်”

“မဟာနတ်မိမယ်လေးပါးထဲက တစ်ပါးက စာအုပ်အင်မော်တယ်ပဲ… ဒါနဲ့ ငါတို့ ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်က အမွေခံတပည့်တစ်ယောက်ကလည်း မဟာနတ်မိမယ်လေးပါးထဲက ပန်းချီအင်မော်တယ်ပဲ… လာပါ… လမ်းကျရင် ငါမင်းကို အသေးစိတ်ပြောပြမယ်”

“ကောင်းပါပြီ”

ထောင်ယောင်က ခေါင်းညိတ်ပြပြီး သူ၏ မျက်လုံးက စိတ်ဝင်စားမှုဖြင့် တောက်ပနေ၏။

လျှိုဖျင်က တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး ရုတ်တရက် အခက်တွေ့သွားကာ မေးလိုက်၏။

“စီနီယာအစ်ကို… ကျုပ် အခုမှသတိရတယ်… စာအုပ်အင်မော်တယ်ရဲ့ အဆင့်အတန်းအရဆို သူက ကျုပ်တို့အလွယ်တကူ တွေ့ဆုံနိုင်တဲ့သူ မဟုတ်ဘူး”

“နောက်ပြီး ဒီသိုလှောင်အိတ်ကို ကိုယ်တိုင်ပေးဖို့ဆိုတာ…”

လျှိုဖျင်ပြောသည်မှာ မှန်လေသည်။ မဟာနတ်မိမယ်လေးပါးသည် အလွန်တရာ ကျော်ကြားပြီး ပကတိအင်မော်တယ်များကြားမှာ ထိပ်တန်းပညာရှင်များ ဖြစ်လေသည်။ သူတို့၏ အဆင့်အတန်းအရ သူတို့သည် ဤကဲ့သို့သော ပုဂ္ဂိုလ်များနှင့် တွေ့ဆုံနိုင်စရာ အကြောင်းမရှိပေ။

ဆူဇီမိုက သာမန်ကာလျှံကာ ပြောလိုက်၏။

“ရပါတယ်… ကျိရွှမ်အင်မော်တယ်နိုင်ငံကို သွားလိုက်… တစ်ယောက်ယောက်က မင်းတို့ကို တားဆီးလာမယ်ဆိုရင် ငါ့နာမည်ကိုသာ ထုတ်ပြောလိုက်”

“ဟမ်”

လျှိုဖျင်က ခဏမျှ မှင်တက်သွား၏။

သို့သော်လည်း သူက လျင်မြန်စွာ တုံ့ပြန်ပြီး ဆူဇီမိုအနားသို့ လျှို့ဝှက်ဆန်းကြယ်စွာ ချဉ်းကပ်ကာ မျက်ခုံးပင့်၍ မေးလိုက်၏။

“စီနီယာအစ်ကို… ခင်ဗျားက စာအုပ်အင်မော်တယ်ယွင်ကျူးနဲ့ ငြိတွယ်မိနေပြီလား”

“သွားစမ်းပါ”

ဆူဇီမိုက သူ့ကို ခပ်စိမ်းစိမ်းစိုက်ကြည့်ပြီး အော်ငေါက်လိုက်၏။

လျှိုဖျင်က ဆက်လက်၍ မမေးမြန်းရဲတော့ဘဲ ထောင်ယောင်ကို လိုဏ်ဂူခန်းဝါထဲကနေ အလောတကြီး လက်ဆွဲခေါ်ထုတ်သွား၏။

သူတို့နှစ်ယောက် ဝေးဝေးသို့ လျှောက်လှမ်းလာပြီးနောက် လျှိုဖျင်က ထောင်ယောင်ကို ပြောလိုက်၏။

“စီနီယာအစ်ကိုက စောစောတုန်းက ရှက်ရမ်းရမ်းပြီး ဒေါသထွက်နေတဲ့ပုံပဲ… သူက စာအုပ်အင်မော်တယ်ယွင်ကျူးကို ပိုးပန်းနေတာ ဖြစ်လိမ့်မယ်လို့ ငါထင်တယ်”

“ဒါပေမဲ့ အဲဒါအတွက် မျှော်လင့်ချက် မရှိလောက်ဘူး”

လျှိုဖျင်က နှုတ်ခမ်းမဲ့ကာ ပြောလိုက်၏။

“မင်းသိလား… စီနီယာအစ်ကိုက စာအုပ်အင်မော်တယ်ရဲ့ မောင်တစ်ယောက်နဲ့ ဆိုးရွားတဲ့ ဆက်ဆံရေးရှိတယ်… ဒီလိုမျိုးအခြေအနေမှာ စာအုပ်အင်မော်တယ်က သူ့ကို ဘယ်လိုလုပ် လက်ခံနိုင်ပါ့မလဲ”

“ငါတို့နှစ်ယောက်က အဲဒီကိုရောက်တဲ့အချိန်မှာ ကန်ထုတ်ခံရဖို့များတယ်လို့ ငါထင်တယ်”

လျှိုဖျင်က ထောင်ယောင်ကို တက္ကသိုလ်၏ ပို့ဆောင်ရေးခန်းမဆီသို့ ခေါ်သွားလေသည်။ မကြာမကြာဆိုသလို သူတို့သည် လမ်းမှာ တက္ကသိုလ်၏ နေရာတချို့ သို့မဟုတ် အဆောက်အအုံတချို့အနားကနေ ဖြတ်သွားသည့်အခါ သူက အဲဒါကို ထောင်ယောင်နှင့် မိတ်ဆက်ပေးပေလိမ့်မည်။

ဆူဇီမို၏ လိုဏ်ဂူခန်းဝါကနေ တက္ကသိုလ်၏ ပို့ဆောင်ရေးခန်းမဆီသို့ အလွန်ဆုံး ၁၅ မိနစ်ထက် ပိုမသွားရပေ။

သို့သော်လည်း သူတို့နှစ်ယောက်က ဖြည်းဖြည်းချင်း အေးအေးဆေးဆေး သွားနေပြီး ၄နာရီကျော် ကြာသွားခဲ့၏။

တက္ကသိုလ်၏ ပို့ဆောင်ရေးခန်းမသို့ ရောက်ရှိလာပြီးနောက် လျှိုဖျင်နှင့် ထောင်ယောင်က ပို့ဆောင်ရေးဝင်္ကပါကို အသက်သွင်းပြီး ကျိရွှမ်အင်မော်တယ်နိုင်ငံသို့ တန်းသွားလိုက်၏။

သိပ်မကြာခင် သူတို့နှစ်ယောက်သည် ကျိရွှမ်အင်မော်တယ်နိုင်ငံ၏ ပို့ဆောင်ရေးဝင်္ကပါသို့ ဆင်းသက်ရောက်ရှိလာကြသည်။

ပို့ဆောင်ရေးဝင်္ကပါ၏ ဘေးပတ်လည်မှာ ရှိသော အစောင့်တပ်သားများကို ရှာဖွေပြီးနောက် လျှိုဖျင်က သူ၏ ဂိုဏ်းတံဆိပ်ပြားကို ထုတ်ပြကာ သူ၏ လာရင်းရည်ရွယ်ချက်ကို အစောင့်တပ်သားထံ ရှင်းပြလိုက်၏။

“မင်းတို့တွေက မင်းသမီးယွင်ကျူးနဲ့ တွေ့ချင်လို့လား”

အစောင့်တပ်သားက အထူးတဆန်းဖြစ်သွားပြီး ကလေးနှစ်ယောက်ဖြစ်သော လျှိုဖျင်နှင့် ထောင်ယောင်ကို စေ့စေ့စပ်စပ်ကြည့်ကာ သဘောကျနေ၏။

မင်းသမီးယွင်ကျူးက ဘယ်သူပါလဲ…။

သူတို့သည် မဟာနတ်မိမယ်လေးပါးထဲမှာ စာအုပ်အင်မော်တယ်ကို ဤကဲ့သို့ပင် အလွယ်တကူ တွေ့ဆုံနိုင်စရာ အကြောင်းမရှိပေ။

အပြင်လူများကို မပြောနှင့်… ဤအစောင့်တပ်သားများပင် သူမ၏ အစစ်အမှန် ရုပ်ရည်သွင်ပြင်ကို တစ်ချက်ကြည့်ခွင့်ရဖို့ အခွင့်အရေး မရှိပေ။

လျှိုဖျင်နှင့် ထောင်ယောင်သည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ လာပြီး သူတို့က အန္တရာယ်မပြုနိုင်သည့် ကလေးငယ်များ ဖြစ်နေသောကြောင့် မဟုတ်လျှင် အစောင့်တပ်သားသည် သူတို့နှစ်ယောက်ကို ကန်ထုတ်ပစ်မိပေလိမ့်မည်။

“ငါ့နောက်က လိုက်ခဲ့”

အစောင့်တပ်သားက လျှိုဖျင်နှင့် ထောင်ယောင်ကို ခန်းမတစ်ခုထဲသို့ ခေါ်ဆောင်သွား၏။

“ဒီနေရာမှာ စောင့်နေ.. ငါ ဒီကိစ္စကို တင်ပြပေးမယ်”

အစောင့်တပ်သားက ခန်းမထဲကနေ လျှောက်လှမ်းထွက်တော့မည့်ဆဲဆဲမှာပင် သူက မလှမ်းမကမ်းကနေ ဖြတ်သွားသော လူငယ်အမျိုးသားတစ်ယောက်ကို တွေ့မြင်သွား၏။

သူက အလောတကြီး ဦးညွှတ်ပြီး စိတ်လှုပ်ရှားစွာဖြင့် နှုတ်ဆက်လိုက်၏။

“မင်္ဂလာပါ မင်းသားယွင်ထင်”

မင်းသားယွင်ထင်နှင့် မင်းသမီးယွင်ကျူးသည် ကျိရွှမ်အင်မော်တယ်နိုင်ငံ၏ ဂုဏ်ဆောင်ဖြစ်လေသည်။

ကျိရွှမ်အင်မော်တယ်နိုင်ငံမှ ကျင့်ကြံသူတိုင်းသည် သူတို့နှစ်ယောက်ကို အထင်ကြီးလေးစားစွာဖြင့် ချီးကျူးထောပနာပြုကြ၏။

ယွင်ထင်သည် ထိုလူကိုတစ်ချက်ကြည့်ပြီး ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။

ထို့နောက် သူက တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား သူ၏ အကြည့်က ရွေ့လျားသွားပြီး ခန်းမထဲရှိ ထောင်ယောင်အပေါ်ကို ဆင်းသက်ရောက်ရှိသွား၏။

“ဟမ့်”

ယွင်ထင်က သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဉ်းပြီး သူ့ဘာသာသူ တွေးလိုက်၏။

“ဘယ်လောက်တောင် ကြည်လင်သန့်စင်လိုက်တဲ့ အော်ရာလဲ”

“အထဲက ဘယ်သူတွေလဲ”

ယွင်ထင်က မေးလိုက်၏။

“မင်းသား…”

အစောင့်တပ်သားက အလောတကြီး ပြောလိုက်၏။

“အဲဒီကောင်လေးနှစ်ယောက်က ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်ကနေ လာတာ… သူတို့က မင်းသမီးယွင်ကျူးနဲ့ တွေ့ချင်တယ်လို့ ပြောတယ်… သူတို့မှာ မင်းသမီးကို ကိုယ်တိုင်ပေးစရာ တစ်ခုခုပါလာတယ်လို့ ပြောတယ်”

“အို…”

ဖျတ်ခနဲဆို ယွင်ထင်က ခန်းမထဲသို့ ဝင်ရောက်လာပြီး လျှိုဖျင်နှင့် ထောင်ယောင်ကို ကြည့်လိုက်၏။

ခန်းမထဲသို့ သူဝင်ရောက်လာမှုက အလွန်တရာ သန်မာသော ဖိအားတစ်ရပ်ကို ခေါ်ဆောင်လာခဲ့၏။

ထက်ရှမှုက ခန်းမထဲရှိ နေရာတိုင်းမှာ ပျံ့နှံ့သွားပြီး လေထုက တင်းကျပ်လေးလံလာသည့်အလားပင်။

လျှိုဖျင်နှင့် ထောင်ယောင်က ထိုင်မနေနိုင်တော့ဘဲ အလိုလိုမတ်တတ်ထရပ်လိုက်ကြရ၏။

“မင်းတို့မှာ တစ်ခုခုပေးစရာရှိတယ်ဆိုရင် ငါနဲ့ထည့်ပေးလိုက်”

ယွင်ထင်က သူ၏ ခေါင်းကို အနည်းငယ်မော့ပြီး မှင်သေသေဖြင့် ပြောလိုက်၏။

“ငါ့အစ်မဆီကို ငါယူသွားပေးမယ်… မင်းတို့နှစ်ယောက်က ဒီကနေ တန်းပြန်လို့ရပြီ”

All Chapters