ပုဂ္ဂိုလ်ရေးတံဆိပ်ပြား
Vol. 164 Ch. 2450
“အဲဒါတော့ ဆိုးပြီ… အဲဒါတော့ တကယ်ကို ဆိုးပြီ”
လျှိုဖျင်၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး ထောင်ယောင်ထံ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“ငါတို့ရဲ့ကံက တော်တော်ဆိုးတာပဲ… ငါတို့က စီနီယာအစ်ကိုရဲ့ ကမ္ဘာ့ရန်ဘက်နဲ့မှ လာတွေ့ရတယ်လို့...”
အစကတော့ လျှိုဖျင်သည် အခြေအနေမကောင်းတော့သည့်အခါ ဆူဇီမို၏ အမိန့်ကို နာခံပြီး သူ့နာမည်ကို ထုတ်ဖော်ပြောဆိုဖို့ ရည်ရွယ်ထားခဲ့၏။
သို့သော် ယခု သူသည် မင်းသားယွင်ထင်နှင့် ပက်ပင်းတိုးမိနေပြီး လျှိုဖျင်က ဆူဇီမို၏ အမည်ကို ထုတ်ဖော်ပြောဆိုရဲတော့မည် မဟုတ်ပေ။
သူတို့ကို ဆူဇီမိုက စေလွှတ်လိုက်သည်ဟု မင်းသားယွင်ထင် သိမည်ဆိုလျှင် သူသည် ခုတ်ချက်တစ်ချက်နှင့်အတူ သူတို့နှစ်ယောက်ကို ဒုက္ခိတဖြစ်စေနိုင်လောက်၏။
လျှိုဖျင်က ထောင်ယောင်ကို သတိပေးတော့မည့်ဆဲဆဲမှာပင် ထိုသူက ပြောလိုက်၏။
“တာအိုရောင်းရင်း… ကျုပ်တို့ရဲ့ သခင်လေးက ဒီပစ္စည်းကို မင်းသမီးယွင်ကျူးထံ ကိုယ်တိုင်ပေးရမယ်လို့ မှာလိုက်တယ်”
လျှိုဖျင်က ရင်တစ်ချက်ထိတ်သွား၏။
ယွင်ထင်က ဘယ်လောက်ကြောက်စရာကောင်းသလဲဆိုတာကို သူသိထား၏။ သို့သော်လည်း ထောင်ယောင်က ယွင်ထင်၏ နောက်ခံကို မသိရှိပေ။
မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေနှင့် ကောင်းကင်ဘုံကမ္ဘာမှာပင် ယွင်ထင်ကို လူငယ်မျိုးဆက်၏ နံပါတ်တစ် ဓားတာအိုပညာရှင်ဟု သတ်မှတ်နိုင်သည်။
ဓားတာအိုက အလွန်တရာ သေစေနိုင်စွမ်းအား မြင့်မားလေသည်။
ဓားတာအိုမှာ အောင်မြင်ပေါက်မြောက်သော ထိုသူများသည် သတ်ဖြတ်ရာမှာ ပြတ်သားကြလေသည်။ သူတို့ကို ဘယ်သူက ရန်စရဲမှာလဲ။
ယွင်ထင်က မျက်ခုံးအနည်းငယ်ပင့်ကြည့်ပြီး သူ၏ မျက်လုံးထဲတွင် ထက်ရှသော အလင်းရောင်က တဖြည်းဖြည်း စုစည်းလာခဲ့၏။ သူက ထောင်ယောင်ကို ကြည့်ပြီး ဖြည်းဖြည်းချင်း မေးလိုက်၏။
“ငါ့အစ်မက မင်းတို့တွေ အလွယ်တကူတွေ့နိုင်တဲ့လူလို့ ထင်နေလို့လား”
သို့သော်လည်း ထောင်ယောင်၏ အမူအရာက တည်တံ့လာပြီး သူက အလျှော့ပေးခြင်း မရှိဘဲ ယွင်ထင်ကို ပြန်ကြည့်နေ၏။
ယွင်ထင်က စိတ်မရှည်နိုင်ဖြစ်လာခဲ့ပြီး အေးစက်စွာ ပြောလိုက်၏။
“ငါ အဲဒါကို ထပ်ပြောမယ်… အဲဒါကို ထုတ်ပေးလိုက်… မဟုတ်ရင် မင်းတို့တွေ သွားရမယ့် လမ်းကြောင်းပေါ် ငါပို့ပေးမယ်”
“ကျုပ်သခင်လေးရဲ့ နာမည်က ဆူဇီမိုပဲ”
ထောင်ယောင်က တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး ဆက်ပြောလိုက်၏။
“သွားပါပြီ”
လျှိုဖျင်၏ မျက်နှာက ဖြူဖတ်ဖြူရော်ဖြစ်နေပြီး ကပ်ဘေးတစ်ခု ဆင်းသက်လာမည့်အချိန်ကို စောင့်ဆိုင်းနေမိ၏။
“ဆူဇီမိုလား”
မထင်မှတ်ထားစွာပင် ထိုနာမည်ကို ကြားသောအခါ ယွင်ထင်က မျက်မှောင်ကြုတ်လိုက်၏။ သူ၏ မျက်လုံးထဲရှိ ထက်ရှမှုက တဖြည်းဖြည်း ဖျော့တော့သွားပြီး သူတို့နှစ်ယောက်အပေါ် လွှမ်းခြုံထားသည့် ဖိအားကလည်း ပျောက်ကွယ်သွား၏။
ယွင်ထင်သည် သူ့ဘဝမှာ ဆူဇီမိုကို အသန်မာဆုံးပြိုင်ဘက်အဖြစ် တကယ်ပင် သတ်မှတ်ထား၏။ သို့သော်လည်း သူသည် အနိုင်ရလဒ်ကို ဆုံးဖြတ်ဖို့အတွက် ဆူဇီမိုနှင့် ပေါ်ပေါ်ထင်ထင် တိုက်ခိုက်လိုလေသည်။
အရင်တုန်းက ယွင်ထင်သည် ယန်ယန်းအင်မော်တယ်နိုင်ငံသို့ သွားရောက်ပြီး ဆူဇီမိုကို ကိုယ်တိုင်စိန်ခေါ်ခဲ့စဉ်က သူတို့နှစ်ယောက်ကြားမှာ ညှိနှိုင်းဆွေးနွေးလို့ မရသည့် အဖုအထစ်များ ရှိလာခဲ့သည်ဟု အပြင်လူများက တွေးထင်ခဲ့ကြ၏။
သို့သော်လည်း တကယ်တမ်းမှာတော့ သူတို့နှစ်ယောက်ကြားမှာ နက်ရှိုင်းသော မည်သည့်ရန်ငြိုးရန်စမှ မရှိခဲ့ပေ။
ယွင်ထင်၏ နှလုံးသားအနက်ပိုင်းထဲမှာ ဆူဇီမိုအပေါ် အထင်ကြီးလေးစားစိတ်ပင် ရှိလေသည်။
“သူက ငါ့အစ်မကို ဘာပေးချင်တာလဲ”
ယွင်ထင်က စဉ်းစားရခက်သွားသော်လည်း သူက ထောင်ယောင်နှင့် လျှိုဖျင်ကို အခက်တွေ့အောင် မလုပ်တော့ပေ။
“မင်းတို့နှစ်ယောက် ငါ့နောက်က လိုက်ခဲ့ကြ”
“ငါတို့ တကယ်ပဲ အဆင်ပြေသွားပြီလား”
လျှိုဖျင်က ချွေးပျံနေသော်လည်း အဲဒါက မှားယွင်းသော ထိတ်လန့်မှုတစ်ခုသာ ဖြစ်ခဲ့သည်ကို သူက နားလည်သိရှိလိုက်၏။
ထောင်ယောင်က တည်ငြိမ်နေဆဲဖြစ်ပြီး စောစောက သူတွေ့ကြုံခဲ့ရသည့် အန္တရာယ်ကို မသိရှိပေ။ သူက ဆူဇီမို သူ့အပေါ် ယုံကြည်စွာ ပေးအပ်ထားသည့် တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ဖို့သာ တွေးထားလေသည်။
ယွင်ထင်က ထောင်ယောင်နှင့်လျှိုဖျင်ကို လမ်းတစ်လျှောက် ချောချောမွေ့မွေ့ ခေါ်ဆောင်သွားပြီး မည်သူကမှ သူတို့ကို မတားဆီးရဲကြပေ။ သိပ်မကြာခင် သူတို့သည် နန်းတော်၏ စာကြည့်တိုက်နှင့် အထဲမှာရှိသော အခန်းတစ်ခန်းရှေ့သို့ ရောက်ရှိလာကြ၏။
“အစ်မ ရှိလား”
ယွင်ထင်က တံခါးရှေ့မှာ မတ်တတ်ရပ်ပြီး ညင်သာစွာ အော်ခေါ်လိုက်၏။
“ဝင်လာခဲ့လေ”
အထဲကနေ နွေးထွေးသော အသံတစ်သံက ထွက်ပေါ်လာ၏။
ယွင်ထင်က တံခါးကို တွန်းဖွင့်ပြီး ထောင်ယောင်နှင့် လျှိုဖျင်နှင့်အတူ ဝင်ရောက်လိုက်၏။
အခန်းထဲမှာ ရိုးရှင်းသောဝတ်စုံဝတ် အမျိုးသမီးတစ်ဦးက သူမ၏ လက်ထဲရှိ ရှေးကျသော စာအုပ်တစ်အုပ်နှင့်အတူ ဝါးကုလားထိုင်တစ်လုံးပေါ်မှာ ထိုင်နေ၏။ သူမက သူမ၏ ခေါင်းကို မော့ကြည့်ခြင်း မရှိဘဲ စာအုပ်ကိုသာ သေသေချာချာ ဖတ်ရှုနေ၏။
လျှိုဖျင်က အမျိုးသမီးကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်၏။
စာအုပ်အင်မော်တယ်က သူလား…။
ရိုးရှင်းသောဝတ်စုံဝတ် အမျိုးသမီးသည် သူမ၏ ခေါင်းကို ငုံ့ထားပြီး သူမ၏ မျက်နှာသွင်ပြင်ကို ရှင်းလင်းစွာ မတွေ့မြင်နိုင်ပေ။ သို့သော်လည်း သူမထံမှ ထူးခြားသော အော်ရာတစ်ခုနှင့် ယစ်မူးဖွယ်ရာကောင်းသော စာအုပ်များ၏ မွှေးရနံ့က ဖြာထွက်နေ၏။
“ဘာကိစ္စလဲ ပြော”
ယွင်ကျူးက သူမ၏ ခေါင်းကို မော့မကြည့်ပေ။ ယွင်ထင်၏ ပေါ်ထွက်လာမှုက သူမလက်ထဲရှိ ရှေးဟောင်းစာအုပ်လောက် အရေးမပါသည့်အလား သူမက သာမန်ကာလျှံကာ မေးလိုက်၏။
ယွင်ထင်က ပြောလိုက်၏။
“ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်က တာအိုကလေးငယ်နှစ်ယောက်က အစ်မကို လာရှာတယ်… ဆူဇီမိုက အစ်မကို သူတို့ကိုယ်တိုင်ပေးစေချင်တဲ့ ပစ္စည်းတစ်ခု သူတို့မှာ ပါလာတယ်လို့ ပြောတယ်”
“ဟမ်”
ယွင်ကျူးက သူမ၏ ခေါင်းကို မော့ပြီး ထောင်ယောင်နှင့် လျှိုဖျင်ကို ကြည့်လိုက်၏။
ချက်ချင်းပင် လျှိုဖျင်က မှင်တက်သွားသော်လည်း သူ့ကိုယ်သူ အလျင်အမြန် ဣန္ဒြေဆည်လိုက်၏။
ယွင်ကျူး၏ အကြည့်က လျှိုဖျင်ကို ဖြတ်၍ ထောင်ယောင်၏ မျက်နှာပေါ်သို့ ဆင်းသက်ရောက်ရှိသွား၏။ သူမက အတွေးနက်စွာဖြင့် ခဏမျှရပ်တန့်သွား၏။
“အဲဒါဘာလဲ… ပေးလေ”
ယွင်ကျူးက ညင်သာစွာ ပြုံးပြလိုက်၏။
လျှိုဖျင်က ရှေ့သို့ ခပ်မြန်မြန်တက်ပြီး ယွင်ကျူးထံ သိုလှောင်အိတ်ကို ကမ်းပေးလိုက်၏။
ယွင်ထင်က အံ့အားသင့်သွားပြီး မေးလိုက်၏။
“အစ်မ… ခင်ဗျားက ဆူဇီမိုနဲ့ အသိအကျွမ်းတွေလား”
“ဒါပေါ့”
ယွင်ကျူးက ပြောရင်းဆိုရင်း သိုလှောင်အိတ်ကို လက်ခံယူလိုက်၏။
ယွင်ထင်က ဝေခွဲမရဖြစ်သွား၏။
“အစ်မ… ခင်ဗျားက များသောအားဖြင့် အခန်းအောင်းနေတာလေ… သူက ခင်ဗျားနဲ့ ဘယ်လိုသိကျွမ်းခွင့်ရသွားတာလဲ”
ယွင်ကျူးက မည်သည့်စကားမှမဆိုဘဲ ပြုံးရုံသာပြုံးနေ၏။ သူမ၏ စိတ်ဝိညာဉ်အသိစိတ်က လှုပ်ရှားသွားပြီး သိုလှောင်အိတ်ပေါ်ရှိ ချိပ်စည်းကို ပယ်ဖျက်ကာ အဲဒါကို ဖွင့်၍ တစ်ချက်ကြည့်လိုက်၏။
အမြုတေစိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာက သူမ၏ စိတ်ကို လှုပ်ရှားသွားစေခြင်း မရှိပေ။
တည်ငြိမ်သောအမူအရာနှင့်အတူ သူမက စာကိုထုတ်ယူပြီး အဲဒါကို ဖတ်ကြည့်လိုက်၏။
သူ၏ အစ်မက ပြန်မဖြေဘဲ စာကိုသာ ဖတ်နေသည်ကို ယွင်ထင် တွေ့မြင်သောအခါ သူက ပို၍ပင် စူးစမ်းလိုစိတ် ပြင်းပြလာ၏။ သူက မနေနိုင်ဘဲ သူ၏ ခေါင်းကို ရှေ့သို့စောင်းငဲ့ပြီး မေးလိုက်၏။
“အစ်မ… အဲ့ထဲမှာ ဘာတွေရေးထားတာလဲ”
“ဝေးဝေးသွားနေစမ်း”
ယွင်ကျူးက သူမ၏ ဝတ်ရုံစကို ညင်သာစွာ ခါယမ်းပြီး ယွင်ထင်ကို အဝေးသို့ တွန်းထုတ်လိုက်၏။
“ဟမ့်… ငါ့ကို ကြည့်ခွင့်မပေးဘူးဆိုရင် အဲဒီမှာ ရှက်စရာကောင်းတဲ့ဟာတစ်ခုခု ပါနေရမယ်”
ယွင်ထင်က သူ၏ မကျေနပ်မှုကို ဖော်ပြလိုက်သော်လည်း သူက ရှေ့သို့ထပ်မံ၍ တက်လှမ်းရဲခြင်း မရှိပေ။
စာကိုဖတ်ပြီးနောက် ယွင်ကျူးက အဲဒါကို သိမ်းဆည်းပြီး ဗလာစာရွက်တစ်ရွက်ကို ထုတ်ယူလိုက်၏။ သူမက သူမ၏ ဘေးမှာရှိသော စုတ်တံကို ကောက်ယူပြီး တည်တံ့စွာဖြင့် စာလုံးများကို ရေးသားနေ၏။
ယွင်ကျူး၏ ဘေးမှာ မမြင်ရသော အကာအရံအလွှာတစ်ခု ဖြစ်ပေါ်လာပုံရလေသည်။
ယွင်ထင်က သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်ဖော်မည်ဆိုလျှင်တောင် စာရွက်ပေါ်မှာ ယွင်ကျူး ရေးသားနေသည့်စာလုံးများကို တွေ့မြင်နိုင်လိမ့်မည် မဟုတ်ပေ။
ယွင်ကျူးက ရေးသားနေစဉ် ရံဖန်ရံခါ စဉ်းစားသည့်အနေဖြင့် ခဏမျှရပ်တန့်နေတတ်၏။
ခဏနေပြီးနောက် သူမက ခေါင်းမော့ပြီး ထောင်ယောင်ကို ကြည့်ကာ သာမန်ကာလျှံကာ မေးလိုက်၏။
“မင်းနာမည်က ဘယ်သူလဲ… မင်းက တက္ကသိုလ်က မဟုတ်ဘူးမလား”
ထောင်ယောင်က ပြောလိုက်၏။
“ကျုပ်နာမည်က ထောင်ယောင်… ကျုပ်က ကျုပ်သခင်လေးကို အခုမှစပြီး အလုပ်အကျွေးပြုနေတာ… ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်ကို မဝင်ရောက်ရသေးဘူး”
ယွင်ကျူး၏ မျက်လုံးထဲတွင် အပြုံးတစ်ခု ပေါ်ထွက်လာသော်လည်း အဲဒါက အလျင်အမြန်ပျောက်ကွယ်သွား၏။ သူမက ထပ်မံ၍ မေးလိုက်၏။
“ဒီရက်တွေထဲ မင်းသခင်လေး ဘယ်လိုနေလဲ”
“တော်တော်လေးကောင်းပါတယ်”
ထောင်ယောင်က ရိုးသားစွာ ပြန်ဖြေလိုက်၏။
ယွင်ထင်က မျက်ခုံးပင့်ပြီး မေးလိုက်၏။
“သူက ဘယ်ကျင့်ကြံမှုနယ်ပယ်ကို ရောက်နေပြီလဲ”
ထောင်ယောင်က ပြောလိုက်လေသည်။
“အဆင့်-၅ ကောင်းကင်အင်မော်တယ်”
“အို… ဟုတ်လား”
ယွင်ထင်က အနည်းငယ်အံ့အားသင့်သွားပြီး ခေါင်းညိတ်လိုက်၏။
“မဆိုးဘူး။ သိပ်ပြီးတော့ နှေးကွေးမနေဘူးပဲ”
ယခုအချိန်မှာ ယွင်ကျူးသည် စာကို ရေးသားလို့ ပြီးသွားခဲ့ပြီဖြစ်၏။ သူမက အဲဒါကို အမြုတေစိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာပါသော သိုလှောင်အိတ်ထဲကို ထည့်ပြီး ချိပ်ပိတ်လိုက်၏။
ယွင်ကျူးက ထောင်ယောင်ကို လက်ယပ်ပြီး လှမ်းခေါ်လိုက်၏။
“ဒီသိုလှောင်အိတ်ကို ပြန်ယူသွားပြီး မင်းသခင်လေးကို ကိုယ်တိုင်ပေးလိုက်”
“ကောင်းပါပြီ”
ထောင်ယောင်က နာခံစွာ ခေါင်းညိတ်ပြလိုက်၏။
ယွင်ကျူးက သူမ၏ ခါးမှ ကျောက်စိမ်းတံဆိပ်ပြားကို ဖြုတ်ယူပြီး ထောင်ယောင်ကို ကမ်းပေးကာ ညင်သာစွာ ပြောလိုက်၏။
“ဒီတံဆိပ်ပြားကို ယူထား… နောက်ပိုင်း မင်းသခင်လေးက မင်းနဲ့ တစ်ခုခုမှာစရာ ရှိမယ်ဆိုရင် ဒီတံဆိပ်ပြားကိုသုံးပြီး ငါ့ကို လာတွေ့လိုက်”
“ကျေးဇူးတင်ပါတယ် မင်းသမီး”
ထောင်ယောင်က ငြင်းပယ်ခြင်း မရှိဘဲ ကျေးဇူးတင်စကား ပြောဆိုလိုက်၏။
လျှိုဖျင်၏ မျက်လုံးက ပြူးကျယ်သွားပြီး ပါးစပ်အဟောင်းသားဖြစ်နေ၏။
အဲဒါက ဘာအဓိပ္ပါယ်လဲ…။
စီနီယာအစ်ကိုဆူနဲ့ စာအုပ်အင်မော်တယ်ကြားမှာ တစ်ခုခုရှိနေပြီလား…။
ယွင်ထင်က မနေနိုင်ဘဲ အော်ပြောလိုက်၏။
“အစ်မ… ခင်ဗျားက ခင်ဗျားရဲ့ ပုဂ္ဂိုလ်ရေးတံဆိပ်ပြားကို ဘယ်လိုတောင် သာမန်ကာလျှံကာ ထုတ်ပေးနိုင်ရတာလဲ”
ယွင်ကျူးက သူ့ကို လျစ်လျူရှုထားပြီး ထောင်ယောင်ကိုသာ နွေးထွေးစွာ ကြည့်နေ၏။
ထောင်ယောင်က အစိမ်းရောင်တံဆိပ်ပြားကို သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်တော့မည့်ဆဲဆဲမှာပင် ယွင်ကျူးက သူ့ကို ပြုံးပြပြီး ခေါင်းခါပြလိုက်၏။ သူမက ထောင်ယောင်၏ ခါးကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။
“အဲဒါကို အပြင်ဘက်မှာ ချိတ်ဆွဲထားလိုက်… တံဆိပ်ပြားက ကြည့်ရမဆိုးဘူးမလား”
“အင်း… အဲဒါက တော်တော်လေး ကြည့်ကောင်းသားပဲ”
ထောင်ယောင်က အားတက်သရော ခေါင်းညိတ်ပြပြီး အဲဒါကို တံဆိပ်ပြားကို သူ၏ ခါးမှာ ချိတ်ဆွဲလိုက်၏။
“မင်းတို့တွေ ပြန်လို့ရပြ”
ယွင်ကျူးက ပြောလိုက်၏။
“ငါပြောချင်တဲ့အရာအကုန်လုံး အဲဒီစာထဲမှာ ပါတယ်”
ထောင်ယောင်နှင့် လျှိုဖျင်က နှုတ်ဆက်ထွက်ခွာသွားကြ၏။
ယွင်ထင်၏ စိတ်က မေးခွန်းများဖြင့် ပြည့်နှက်နေ၏။ သူက ရှေ့သို့တက်လှမ်းပြီး မေးမြန်းတော့မည့်ဆဲဆဲမှာပင် ယွင်ကျူးက လက်ကာပြပြီး သူ့ကို အခန်းထဲကနေ နှင်ထုတ်နေသည်ကို တွေ့မြင်လိုက်ရ၏။
ဘန်းခနဲမြည်သံနှင့်အတူ တံခါးက ပိတ်သွား၏။
“သူက ငါ့အစ်မအရင်းမှ ဟုတ်ရဲ့လား… သူက ငါ့ကို ဘယ်လိုတောင် ပြုမူဆက်ဆံနေတာလဲ”
ယွင်ထင်က စိတ်ထဲက ကျိန်ဆဲ၍ ဒေါနှင့်မာန်နှင့် ထွက်ခွာသွားလေသည်။