ဓားတာအို၏ နံပါတ်တစ်
Vol. 164 Ch. 2453
ဆူဇီမိုသည် ယွင်ထင်၏ သတင်းအချက်အလက်ကို ကျော်ပြီး ကြိုတင်ခန့်မှန်းအဆင့်သတ်မှတ်ချက်၏ စတုတ္ထမြောက်နေရာကို တစ်ချက်ကြည့်လိုက်၏။
“အမည် - လဲ့ရွှမ်”
“အဆင့်- အဆင့်-၉ ကောင်းကင်အင်မော်တယ်”
“သရုပ်သကန် - ယန်ယန်းအင်မော်တယ်နိုင်ငံ၏ ပြန်လည်ဝင်စားအင်မော်တယ်”
ဤလူမှာ သရုပ်သကန်များစွာ မရှိသော်လည်း သူ့မှာ တိုက်ပွဲမှတ်တမ်းများစွာရှိပြီး ရှုံးနိမ့်မှု မရှိပေ။
ပို၍အရေးပါသည်မှာ ဂမ္ဘီရမိုးကောင်းကင်နန်းတော်သည် ဤလူ့အပေါ် အလွန်တရာမြင့်မားစွာ တန်ဖိုးချင့်တွက်ထားလေသည်။
“သူ့ရဲ့ ပြန်လည်ဝင်စားခြင်းမတိုင်ခင် သူက ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးနေရာနဲ့ ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်၏ ဒုတိယနေရာကို ရရှိခဲ့တယ်”
“သူက ယန်ယန်းအင်မော်တယ်နိုင်ငံ၏ ထိပ်တန်းကျင့်ကြံရေးနည်းစနစ် မဟာနေမင်းသုတ္တန်ကို ၎င်း၏ အထွတ်အထိပ်အထိ ကျင့်ကြံခဲ့ပြီးပြီဟု ဆိုလေသည်။ သူ၏ ခွန်အားအပြည့်အဝကို ထုတ်ဖော်အသုံးပြုရန် မည်သူကမှ သူ့ကို ဖိအားမပေးနိုင်ခဲ့ဘဲ သူ၏ တိုက်ခိုက်ရေးခွန်အားက ထူးခြားအံ့မခန်း ဖြစ်လေသည်။”
ဆူဇီမိုသည် ယခင်က ပြန်ဝင်စားအင်မော်တယ်များနှင့် တိုက်ခိုက်ခဲ့ဖူးပြီး သူတို့က ဘယ်လောက်ထိ သန်မာသလဲ သိရှိထားလေသည်။
သူတို့သည် သာမန်ကျင့်ကြံသူများနှင့် ယှဉ်လျှင် ကျင့်ကြံမှုနယ်ပယ် မတိမ်းမယိမ်းမှာ ရှိကောင်းရှိကြပေလိမ့်မည်။
သို့သော်လည်း ပြန်ဝင်စားအင်မော်တယ်များသည် နှစ်ဘဝစာ ရှင်သန်နေထိုင်၍ ကျင့်ကြံထားကြ၏။ သူတို့၏ အသိအမြင်များ၊ အတွေ့အကြုံ၊ ဗဟုသုတ၊ အခြေအနေပေါ် အကဲဖြတ်နိုင်စွမ်း၊ တိုက်ခိုက်ရည်အတတ်များ….. စသည်ဖြင့် အရာတိုင်းသည် သာမန်ကျင့်ကြံသူများထက် များစွာသာလွန်နေ၏။
အရင်တုန်းက ကမ္ဘာမြေအဆင့်သတ်မှတ်ချက်တိုက်ပွဲမှာ ပြန်ဝင်စားအင်မော်တယ်နှစ်ယောက် ထိုက်ဟွာနှင့် ဖုန်းယင် ရှိခဲ့လေသည်။ သူတို့ထဲမှ တစ်ယောက်သည် သေဆုံးခဲ့ရပြီး အခြားတစ်ယောက်က ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့၏။
သို့သော်လည်း ဆူဇီမိုက အလွယ်တကူ အနိုင်ရရှိခဲ့ခြင်း မဟုတ်ပေ။
ဒါ့အပြင် သူသည် ထိုစဉ်တုန်းက အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်ခဲ့ပြီး ထိုပြန်ဝင်စားအင်မော်တယ်နှစ်ယောက်နှင့် ကျင့်ကြံမှုနယ်ပယ် အသေးတစ်ခုသာ ကွာဟလေသည်။
ပြန်ဝင်စားအင်မော်တယ်များနှင့် ယှဉ်လျှင် ကျင့်ကြံမှုနယ်ပယ် ကွာဟချက်က အရမ်းကြီးမားနေမည်ဆိုပါက အနိုင်ရဖို့အခွင့်အရေး မရှိသလောက်နီးပါးပင်။
တကယ်တမ်းမှာတော့ ပြန်ဝင်စားအင်မော်တယ်များသည် သူတို့၏ အဆင့်တူများကြားမှာ အမြဲတမ်းလိုလို ပြိုင်ဘက်ကင်းလေသည်။
ယခင် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်တိုက်ပွဲမှာ ပြန်ဝင်စားအင်မော်တယ်နှစ်ယောက်သည် ဆူဇီမိုလို ဂျူနီယာတစ်ယောက်၏ ဆက်တိုက်အနိုင်ယူခြင်းကို ခံခဲ့ရ၏။ အဲဒါသည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေတစ်ခုလုံးကို အံ့အားသင့်သွားစေခဲ့၏။
ဆူဇီမိုသည် ကြိုတင်ခန့်မှန်းအဆင့်သတ်မှတ်ချက်ပေါ်ရှိ စတုတ္ထနေရာကို ဖတ်ရှုပြီးနောက် တတိယနေရာမှာ ရှိသော ယွင်ထင်ကို ပြန်ကြည့်လိုက်၏။
“အမည် - ယွင်ထင်”
“အဆင့် - အဆင့် ၈ ကောင်းကင်အင်မော်တယ်…
သူ့အနေဖြင့် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲ မတိုင်ခင် အဆင့်-၉သို့ ရောက်ရှိနိုင်ဖို့ အခွင့်အရေး ရှိလေသည်။
“သရုပ်သကန် - ကျိရွှမ်အင်မော်တယ်နိုင်ငံ၏ မင်းသား၊ အဆုံးစွန်ဓားတာအို၏ အရိုက်အရာဆက်ခံသူ၊ ဒြပ်စင်ငါးမျိုးဓားတာအို၏ အရိုက်အရာဆက်ခံသူ၊ ပါရမီသုံးပါးဓားတာအို၏ အရိုက်အရာဆက်ခံသူ၊ ဒြပ်စင်လေးမျိုးဓားတာအို၏ အရိုက်အရာဆက်ခံသူ၊ နှလုံးသားဓားတာအို၏ အရိုက်အရာဆက်ခံသူ၊ မိုးကြိုးလေပြေဓားတာအို၏ အရိုက်အရာဆက်ခံသူနှင့် မဟာလေဟာနယ်ဓားတာအို၏ အရိုက်အရာဆက်ခံသူ စသည်ဖြင့်…”
ဆူဇီမို၏ နှုတ်ခမ်းက အနည်းငယ်တွန့်ကွေးသွား၏။
ကောင်းကင်ဘုံကမ္ဘာ၏ လူငယ်မျိုးဆက်ကြားမှာ သူ့ကို နံပါတ်တစ် ဓားတာအိုကျင့်ကြံသူဟု ခေါ်ဆိုသမုတ်ထားသည်မှာ မထူးဆန်းတော့ပေ။ သူ့မှာ ဤကဲ့သို့သော သရုပ်သကန် ဆယ်ခုကျော် ရှိနေလေသည်။
၎င်းအပေါ်ရှိ သရုပ်သကန်တစ်ခုချင်းစီသည် ကံကြမ္မာအခွင့်အလမ်းနှင့် ကြုံကြိုက်မှုတစ်ခုကို ကိုယ်စားပြုလေသည်။
သူသည် ဤကဲ့သို့သော အမွေအနှစ်များနှင့် အသိအမှတ်ပြုမှုကို ရရှိရန် မည်ကဲ့သို့သော အရာများနှင့် ကြုံတွေ့ခဲ့ရသလဲ မည်သူကမှ မသိရပေ။
ပို၍ပင် ကြောက်စရာကောင်းသည့်အရာမှာ ယွင်ထင် ရရှိထားသည့် အမွေအနှစ်များ အားလုံးက ဓားတာအိုအမွေအနှစ်များ ဖြစ်လေသည်။
သူတွေ့ကြုံရရှိခဲ့သည့် အခွင့်အလမ်းများ အားလုံးကြားမှာ ဓားတာအို၏ ယခင်ပညာရှင်များနှင့် ရှေးဟောင်းအမွေအနှစ်များသည် သူ၏ ပါရမီအလားအလာကို အသိအမှတ်ပြုခဲ့ပြီး သူ့ကို သူတို့၏ အရိုက်အရာဆက်ခံသူအဖြစ် ရွေးချယ်ခဲ့သည်ဟု ဆိုလိုလေသည်။
ဓားတာအိုမှာ ယွင်ထင်၏ ပါရမီအရည်အချင်းကို တကယ့်ပင် ထူးခြားအံ့မခန်းဖြစ်သည်ဟု ဆိုနိုင်သည်။
သူ့သရုပ်သကန်၏ နောက်ဘက်မှာ သူ၏ တိုက်ပွဲမှတ်တမ်းများ ရှိလေသည်။
“အို… အထင်ကြီးစရာပဲ”
ဆူဇီမိုက တစ်ချက်ဝေ့ကြည့်ပြီးနောက် အံ့အားသင့်သွားရ၏။
တိုက်ပွဲမှတ်တမ်းက သိပ်သည်းများပြားနေပြီး အဲဒီမှာ စကားလုံးတစ်ထောင်ကျော် ရှိလေသည်။
အဲဒါသည် ကြိုတင်ခန့်မှန်းအဆင့်သတ်မှတ်ချက်၏ နေရာအများစုကို ယူထားပြီး သူ၏ တိုက်ပွဲမှတ်တမ်း တစ်ရာကျော်ကျော်က အနိုင်ရလဒ်ချည်းသာဖြစ်၏။
တိုက်ပွဲမှတ်တမ်းများအပြီး၌ သူ့အပေါ် ဂမ္ဘီရမိုးကောင်းကင်နန်းတော်၏ အကဲဖြတ်တန်ဖိုး ရောက်ရှိလာလေသည်။ အဲဒါသည် ပြန်ဝင်စားအင်မော်တယ်နှစ်ယောက်ထက်ပင် သာလွန်နေ၏။
အထဲမှာ ယွင်ထင်သည် အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်အဖြစ် ချိုးဖျက်တက်လှမ်းလာနိုင်ခဲ့မည်ဆိုလျှင် သူ၏ တိုက်ခိုက်ရည်ခွန်အားသည် ချင်ကူ၊ ကျုံးဖေးယီနှင့် လဲ့ရွှမ်တို့၏ အထက်ကို ရောက်ရှိလာမည်ဟု ထုတ်ဖော်ကြေညာထားလေသည်။
ကောင်းကင်အဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲမှာ မထင်မှတ်ထားတာ မည်သည့်အရာမှ ဖြစ်ပွားမလာဘူးဆိုလျှင် သူသည် ဤတစ်ခေါက် ကောင်းကင်အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးနေရာကို သေချာပေါက် ရောက်ရှိပေလိမ့်မည်။
ဆူဇီမိုက ပြုံး၍ အဲဒါနှင့် ပတ်သက်ပြီး မကန့်ကွက်မိပေ။
သူတို့နှစ်ယောက် နောက်ဆုံးတိုက်ခိုက်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီဖြစ်၏။
သူသည်လည်းပဲ လက်ရှိယွင်ထင်ကို ဆန့်ကျင်တိုက်ခိုက်ဖို့ ယုံကြည်မှု မရှိပေ။
ဆူဇီမိုက ဆက်လက်၍ ဖတ်ရှုလိုက်၏။
ကြိုတင်ခန့်မှန်းအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးဆယ်နေရာသည် အင်ပါယာနိုင်ငံသုံးနိုင်ငံနှင့် အင်မော်တယ်ဂိုဏ်းလေးဂိုဏ်း၏ အရိုက်အရာဆက်ခံသူများ ဖြစ်ကြလေသည်။
ထိုရှုထောင့်ကနေ ကြည့်မည်ဆိုလျှင် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ၏ ကောင်းကင်အဆင့်အဖွဲ့အစည်း ခုနစ်ခုသည် သူတို့၏ နာမည်ဂုဏ်သတင်းများနှင့် တကယ်ပင် ကိုက်ညီမှုရှိလေသည်။
အဆင့်သတ်မှတ်ချက်၏ ဆယ်နေရာထဲမှာ ဆူဇီမိုသည် သိကျွမ်းသော နာမည်တစ်ခုကိုပင် တွေ့မြင်လိုက်ရ၏။
ဖန့်ချင်းယွင်…
သူသည် ကြိုတင်ခန့်မှန်းအဆင့်သတ်မှတ်ချက်ပေါ်မှာ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ တစ်ဦးတည်းသော ကောင်းကင်အင်မော်တယ် ဖြစ်လေသည်။
ဆူဇီမိုက ဖန့်ချင်းယွင်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို သာမန်ကာလျှံကာသာ တစ်ချက်ကြည့်လိုက်၏။
ထိပ်ဆုံးလေးနေရာနှင့် ယှဉ်လျှင် ဖန့်ချင်းယွင်၏ သရုပ်သကန်၊ အောင်မြင်ရရှိမှုနှင့် အကဲဖြတ်တန်ဖိုးတို့က သာမန်သာဖြစ်ပြီး ထင်ရှားပေါ်လွင်မှု များစွာမရှိပေ။ သူ့အနေဖြင့် အဆင့်-၁၀ နေရာမှာ ရပ်တည်နေသည်မှာ အံ့အားသင့်စရာ မကောင်းပေ။
ဆူဇီမိုက နှုတ်ခမ်းကို မဲ့ကာ ပြောလိုက်၏။
“ဖန့်ချင်းယွင်က တက္ကသိုလ်ရဲ့ နံပါတ်-၁ ကောင်းကင်အင်မော်တယ်ပဲ… ဒါတောင် ကြိုတင်ခန့်မှန်းအဆင့်သတ်မှတ်ချက်ပေါ်မှာ သူ့ရဲ့အဆင့်သတ်မှတ်ချက်က အတော်လေးသာမန်ပဲ”
ဖန့်ချင်းယွင်နှင့် ဆူဇီမိုကြား ရန်ငြိုးရန်စကို လျှိုဖျင်က သိရှိထား၏။
ဆူဇီမိုသည် အပြင်ဂိုဏ်းမှာ ရှိနေခဲ့စဉ်က သူသည် ဖန့်ချင်းယွင် ဦးဆောင်သော လူတချို့နှင့် ပဋိပက္ခဖြစ်ခဲ့ဖူး၏။
သို့သော် နောက်ပိုင်းမှာ ဆူဇီမိုသည် တာအိုနှလုံးသားလှေကားမှာ ဒသမမြောက် ကျောက်လှေကားထစ်ကို စုဖွဲ့ခဲ့ပြီး တက္ကသိုလ်ဂိုဏ်းချုပ်၏ အမည်ခံတပည့်တစ်ယောက်ဖြစ်လာကာ သူ၏ အဆင့်အတန်းက များစွာမြင့်မားလာခဲ့၏။ ထို့ကြောင့်ပင် သူတို့နှစ်ယောက်ကြားမှာ တိုက်ရိုက်ပဋိပက္ခ ရှိမလာခဲ့ပေ။
ယန်လောရှု၏ ပြင်းထန်သော ဒဏ်ရာများ၏ နောက်ကွယ်မှ ကြံစည်ခဲ့သောသူက ဖန့်ချင်းယွင်ဖြစ်သည်ကို လျှိုဖျင်က မသိရှိပေ။
တကယ်ဆို ဖန့်ချင်းယွင်သည် ဆူဇီမိုကို တက္ကသိုလ်ကနေ အပြင်ဘက်သို့ မျှားခေါ်ထုတ်ပြီး လုပ်ကြံသတ်ဖြတ်ရန်အတွက် ယန်လောရှုကို ထိခိုက်ဒဏ်ရာ ရရှိအောင် ပြုလုပ်ခဲ့ခြင်းပင်ဖြစ်လေသည်။
သို့သော်လည်း နောက်ပိုင်းမှာ သူတို့အုပ်စုသည် ဆူဇီမို၏ ရှင်းလင်းပစ်ခြင်း ခံခဲ့ရ၏။
ဖန့်ချင်းယွင်၏ နောက်လိုက်၊ ထန်ပန်ပင်လျှင် ဆူဇီမို၏ လက်ထဲမှာ သေခဲ့ရ၏။
လျှိုဖျင်က ခဏမျှ စဉ်းစားတွေးတောကာ ပြောလိုက်၏။
“ဒါက ကြိုတင်ခန့်မှန်းအဆင့်သတ်မှတ်ချက်တစ်ခုပဲ… စီနီယာအစ်ကိုဖန်ရဲ့ တကယ်တမ်းအဆင့်သတ်မှတ်ချက်က အဲဒီထက်ပိုပြီးတော့ မြင့်မားနိုင်တယ်”
ဆူဇီမို၏ ကျင့်ကြံမှုနယ်ပယ်က လုံလောက်အောင် မြင့်မားခြင်း မရှိသေးဘဲ ယခုအချိန်မှာ ဖန့်ချင်းယွင်နှင့် ပဋိပက္ခဖြစ်ဖို့ မသင့်လျော်ကြောင်း လျှိုဖျင်က သူ့ကို သတိပေးလိုနေခြင်းဖြစ်၏။
ဆူဇီမိုက နှုတ်ဆိတ်နေပြီး အဆင့်သတ်မှတ်ချက်ကို ဆက်လက်၍ ဖတ်ရှုလိုက်၏။
ယွင်ထင်နှင့် ဖန့်ချင်းယွင်အပြင် ကြိုတင်ခန့်မှန်းအဆင့်သတ်မှတ်ချက်ပေါ်ရှိ နာမည် ၁၀၀ကြားမှာ သူသိကျွမ်းထားသော နာမည်တချို့ကို တကယ်ပင် ထပ်တွေ့ရလေသည်။
ယန်ပေးယင်သည် တက္ကသိုလ်၏ အတွင်းဂိုဏ်းမှာ နံပါတ်တစ် အချောအလှအဖြစ် ကျော်ကြားပြီး သူမက ဖန့်ချင်းယွင်ကို တစ်ခါက သဘောကျခဲ့ဖူးလေသည်။
ပြီးခဲ့သည့် နှစ်များမှာ အကြောင်းအရင်းတချို့ကြောင့် သူတို့နှစ်ယောက်သည် တဖြည်းဖြည်း ဝေးကွာလာပြီး အရင်ကလောက် ရင်းနှီးမှု မရှိတော့ဟု ဆိုလေသည်။
ယန်ပေးယင်သည် ကြိုတင်ခန့်မှန်းအဆင့်သတ်မှတ်ချက်ပေါ်မှာ အဆင့် ၄၃ ဝင်ပြီး သူမကလည်း အားမနည်းပေ။
ကြိုတင်ခန့်မှန်းအဆင့်သတ်မှတ်ချက်ပေါ်ရှိ အဆင့် ၉၈က မင်းသားယွမ်ကျော ဖြစ်လေသည်။
ဆူဇီမိုက ထိုနာမည်ကို တွေ့မြင်သောအခါ သူက လှောင်ရယ်လိုက်၏။ မင်းသားယွမ်ကျောသည် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်တွင် ရပ်တည်နိုင်သည့်အချက်မှာ သူ့တွင် ဝှက်ဖဲတချို့ တကယ်ပဲ ရှိနေလေသည်။
“သခင်လေး.. ကျုပ်လည်း အဲဒီအဆင့်သတ်မှတ်ချက်ကို ကြည့်ပြီးသွားပြီ”
ရုတ်တရက် ထောင်ယောင်က တည်တံ့သော အမူအရာဖြင့် ပြောလိုက်၏။
“အဲဒီအဆင့်သတ်မှတ်ချက်က လုံးဝ တိကျမှု မရှိဘူးလို့ ကျုပ်ခံစားရတယ်”
“ဘာလို့လဲ”
ဆူဇီမိုက ပြုံး၍ မေးလိုက်၏။
“အဲဒီမှာ သခင်လေးရဲ့နာမည်မှ မပါတာ”
ထောင်ယောင်က မကျေနပ်သည့်ဟန်ဖြင့် ပြောလိုက်လေသည်။
ဆူဇီမိုက ရယ်မောလိုက်၏။
ဘေးကနေ လျှိုဖျင်က မျက်လုံးစွေကြည့်လိုက်၏။
“ကောင်လေးထောင်… မင်း အဲဒါကို နားလည်မှာ မဟုတ်ဘူး.. စီနီယာအစ်ကိုရဲ့ ကျင့်ကြံမှုအလျင်အဟုန်က တကယ်ပဲ အရမ်းကို မြန်ဆန်တယ်… ဒါပေမဲ့ ဒီကြိုတင်ခန့်မှန်းအဆင့်သတ်မှတ်ချက်က တိုက်ခိုက်ရည်ခွန်အားနဲ့ တိုက်ပွဲမှတ်တမ်းတွေကို ကြည့်ပြီး တွက်ချက်ထားတာ”
“အခုမှ အဆင့်-၆ ကောင်းကင်အင်မော်တယ်နယ်ပယ်ကို ချိုးဖျက်တက်လှမ်း ဝင်ရောက်လာတဲ့ စီနီယာအစ်ကိုက ဒီအဆင့်သတ်မှတ်ချက်ထဲကို ဝင်ရောက်နိုင်စရာ အကြောင်းမရှိဘူး”
ထောင်ယောင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“ဘာလို့ မဝင်ရောက်နိုင်ရမှာလဲ… ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲကို ရောက်ဖို့ နှစ်တစ်ထောင် လိုသေးတာပဲ”
“စီနီယာအစ်ကိုက ကျန်တဲ့နှစ်တစ်ထောင်မှာ ကြီးမားတဲ့ အခွင့်အလမ်းတချို့ကို ရရှိပြီး အဆင့်-၇ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ် ဖြစ်လာခဲ့မယ်ဆိုရင်တောင် သူ့အနေနဲ့ အဆင့်သတ်မှတ်ချက်ထဲကို ဝင်နိုင်ဖို့က မလွယ်ကူသေးဘူး”
လျှိုဖျင်က လေးနက်စွာဖြင့် ရှင်းပြလိုက်၏။
“စီနီယာအစ်ကိုရဲ့ ကျင့်ကြံမှုနယ်ပယ်က နိမ့်ကျလွန်းတယ်… မင်းသားယွင်ထင်ကို ကြည့်လေ… သူက အဆင့်-၉ ကောင်းကင်အင်မော်တယ်ဖြစ်ဖို့ အဆင့်သေးတစ်ဆင့်ပဲ လိုတယ်… ဒါတောင် သူ့ကို ပြန်ဝင်စားအင်မော်တယ်နှစ်ယောက်က ကျော်တက်သွားတယ်”
“စီနီယာအစ်ကိုကို မပြောနဲ့ မင်းသားယွင်ထင်တောင်မှ အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက် ဖြစ်နေမယ်ဆိုရင် သူကလည်း ဒီကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ထဲမှာ ဝင်ရောက်နိုင်မှာ မဟုတ်ဘူး”
“နောက်ပြီး စီနီယာအစ်ကိုမှာ ကျော်ကြားတဲ့ အောင်မြင်မှုတစ်ခုခုလည်း ရှိမထားသေးဘူး”
ထောင်ယောင်က နားလည်ရခက်သော ပုံစံဖြင့် ပြောလိုက်၏။
“သခင်လေးဆူက နှစ်တစ်သောင်းတွေ့ဆုံပွဲမှာ ပြန်ဝင်စားအင်မော်တယ်နှစ်ယောက်ကို ဆက်တိုက်အနိုင်ယူပြီး ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးနေရာကို ရရှိခဲ့တယ်လို့ ခင်ဗျားပြောခဲ့တယ် မဟုတ်ဘူးလား”
လျှိုဖျင်က ပြောလိုက်၏။
“ဒါက ကောင်းကင်အဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲပဲ… ကမ္ဘာမြေအင်မော်တယ်ဖြစ်တုန်းက အောင်မြင်မှုတွေကို ထည့်မတွက်ဘူး… ဒီအဆင့်သတ်မှတ်ချက်ထဲက အောင်မြင်မှုတွေကလည်း အဲဒီပြိုင်စံရှားတွေက ကောင်းကင်အင်မော်တယ်နယ်ပယ်ကို ထက်လှမ်းပြီးမှ အဲဒါတွေကို ရရှိထားတာ”
ထိုနေရာအရောက်တွင် လျှိုဖျင်က ဆူဇီမိုကို အထင်သေးမိသွားသည်ဟု ရုတ်တရက် ခံစားလိုက်ရပြီး အလောတကြီး ပြောလိုက်၏။
“စီနီယာအစ်ကို… ကျုပ် ခင်ဗျားကို ယုံတယ်.. နောက်တစ်သောင်းနေရင် ခင်ဗျားက နောက်ထပ်လာမယ့် ကောင်းကင်အဆင့်သတ်မှတ်ချက်တိုက်ပွဲရဲ့ ကြိုတင်ခန့်မှန်းအဆင့်သတ်မှတ်ချက်ပေါ်မှာ ထိပ်ဆုံးဆယ်နေရာထဲ သေချာပေါက် ဝင်ရောက်နိုင်လိမ့်မယ်”
ဆူဇီမိုက ပြုံး၍ ငြင်းဆန်ခြင်း မရှိပေ။