← Chapters

ကမ္ဘာဦးခန္ဓာ

Vol. 164 Ch. 2451

ကမ္ဘာဦးခန္ဓာ

Vol. 164 Ch. 2451

ကောင်းကင်နှင့် မြေကြီးတက္ကသိုလ်တွင်...။

ဆူဇီမိုသည် ဗောဓိစေ့ကို ဆုပ်ကိုင်ထားပြီး ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကို ဆက်လက်၍နားလည်ဆင်ခြင်နေသည်။

ဗောဓိစေ့သည် ဉာဏ်အလင်းဖွင့်ခြင်းမှာ သူ့အတွက်အလွန်တရာ တကယ်ပင်အထောက်အကူပြုသည်ဟု ဆိုရပေမည်။

ဗောဓိစေ့၏ အကူအညီနှင့်အတူ ရတနာသူတော််စင်ကျောက်စိမ်းကျမ်း၏ လျှို့ဝှက်နက်နဲသော စကားလုံးများနှင့် ဓမ္မတာအိုများက များစွာပိုမိုရှင်းလင်းလာသည်။

“တဗူးဂမ္ဘီရကျင့်စဥ်တစ်ခုဆိုတဲ့အတိုင်းပဲ... အဲဒါကို အဆင့်မြင့်ကျွမ်းကျင်မှုရရှိပြီးသွားရင် ဒီလိုမျိုး ပြောင်းလဲမှုတစ်ခုပေါ်ထွက်လာမယ်ဆိုတော့....”

ဆူဇီမိုသည် ရတနာသူတော်စင်ကျောက်စိမ်းကျမ်းထဲရှိ ဓမ္မတာအို၏ အစစ်အမှန်သဘောတရားကို နားလည်ဆင်ခြင်နေပြီး စိတ်ခံစားချက်များ မြင့်တက်လာသည်။

သူတော်စင်သုံးပါးကျောက်ိစိမ်းကျမ်းသည် ကျင့်ကြံခြင်း၏ မတူညီသော ရှုထောင့်များအပေါ် စူးစိုက်ထားလေသည်။

လျှို့ဝှက်ကုန်းမြေမှာတုန်းက အန္တိမသူတော်စင်ကျောက်စိမ်းကျမ်းသည် စိတ်ဝိညာဥ်ကို သန့်စင်ပေးပြီး ရတနာသူတော်စင်ကျောက်စိမ်းကျမ်းက ခန္ဓာကိုမီးဆေးပေးကာ မဟာသူတော်စင်ကျောက်စိမ်းကျမ်းက နည်းစနစ်များကို မွမ်းမံပေးသည်ဟု ယင်ထျန်က တစ်ခါပြောခဲ့ဖူးလေသည်။

ရတနာသူတော်စင်ကျောက်စိမ်းကျမ်း၏ ဓမ္မအစီအရင်များသည် တကယ်ပင် အန္တိမခန္ဓာမီးဆေးနည်းစနစ်တစ်ခုဖြစ်လေသည်။

သူက အဲဒါကို အောင်မြင်စွာ ကျင့်ကြံမည်ဆိုလျှင် သူ၏ အသား၊ အရိုးနှင့် ကိုယ်တွင်းအင်္ဂါတို့က အစိမ်းရောင် အလင်းတောက်တောက်တစ်ခုဖြင့် ပြည့်နှက်လာပေလိမ့်မည်။

သူသည် အဲဒါကို အဆင့်မြင့်ကျွမ်းကျင်မှုရရှိအောင် ကျင့်ကြံနိုင်မည်ဆိုလျှင် သူသည် ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကို အခြေခံအုတ်မြစ်တစ်ခုအဖြစ် အသုံးချပြီး သူ့ကျင့်ကြံမှုနယ်ပယ်နှင့်တူညီသော ကမ္ဘာဦးခန္ဓာတစ်ခုကို စုဖွဲ့နိုင်မည်ဖြစ်သည်။

အဲဒါသည် သူ၏ ယခင်ကိုယ်ပွားခြင်းနည်းစနစ်များနှင့် ကွဲပြားခြားနားလေသည်။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာဖြစ်စေ.. နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ သို့မဟုတ် သိုင်းတာအိုပင်မခန္ဓာဖြစ်စေ သူတို့သည် သူတို့ဘာသာသူတို့ ကျင့်ကြံနိုင်ပြီး သူတို့၏ ကိုယ်ပိုင်အမြုတေစိတ်ဝိညာဥ်နှင့် ကိုယ်ကာယခန္ဓာများကို ပိုင်ဆိုင်ထားကြ၏။

ဤကမ္ဘာဦးခန္ဓာကတော့... အဲဒါသည် ရတနာသူတော်စင်ကျောက်စိမ်းကျမ်း၏ ဓမ္မတာအိုကနေ စုဖွဲ့ထားသော ကိုယ်ပွားတစ်ခုဖြစ်၏။

လူသားမျိုးနွယ်၏ ဓမ္မတာအိုများကြားမှာ အကျော်ကြားဆုံး ကိုယ်ပွားနည်းစနစ်သုံးခုရှိလေသည်။ သူတို့က မိစ္ဆာဂိုဏ်းများ၏ အလာင်းသုံးလောင်းနည်းစနစ်၊ ဗုဒ္ဓကျောင်းတော်များ၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ခန္ဓာသုံးခုနှင့် အင်မော်တယ်ဂိုဏ်းများ၏ သူတော်စင်သုံးပါးဖြစ်လေသည်။

ယခုအခါ ဆူဇီမိုသည် သူတော်စင်သုံးပါးထဲမှ တစ်ပါးကို ရရှိထားလေပြီ။

အထက်ဘုံက အလွန်တရာကျယ်ပြောပြီး မရေမတွက်နိုင်သောဓမ္မတာအိုများနှင့် တိုးတက်မြင့်မားလာခဲ့သည်။

လူသားမျိုးနွယ်ဖြစ်စေ အခြားသောမျိုးနွယ်များဖြစ်စေ သူတို့မှာ ယနေ့အချိန်ထိ လက်ဆင့်ကမ်းလာခဲ့သော ကိုယ်ပွားခြင်းနည်းစနစ်တချို့ရှိကြလေသည်။

သူတော်စင်သုံးပါးကိုယ်ပွားနည်းစနစ်သည် ဤမျှအထိစွမ်းအားကြီးမားပြီး အင်မော်တယ်ဂိုဏ်းများ၏ အထွတ်အထိပ်အဖြစ် ကျော်ကြားနေခဲ့သည့်အကြောင်းအရင်းမှာ သူတော်စင်သုံးပါးနည်းစနစ်ကနေ စုဖွဲ့ထားသော ကိုယ်ပွားသည် မူလကျင့်ကြံသူနှင့် ကျင့်ကြံမှုနယ်ပယ်တူမှာရှိနေမည်ဖြစ်သောကြောင့်ပင်။

အဲဒါက အလွန်တရာအရေးပါလေသည်။

ကိုယ်ပွားခြင်းနည်းစနစ်အများစုအတွက် ကိုယ်ပွားများ၏ ကျင့်ကြံမှုနယ်ပယ်များသည် များသောအားဖြင့် လျော့ကျနေတတ်ပြီး သူတို့၏ တိုက်ခိုက်ရည်ခွန်အားကလည်း ကြီးမားစွာလျော့ကျသွားပေလိမ့်မည်။

သူတော်စင်သုံးပါးနည်းစနစ်ကနေ စုဖွဲ့ထားသော ကိုယ်ပွားများကတော့ သူတို့၏ တိုက်ခိုက်ရည်ခွန်အားသည် လျော့ကျသွားမည်ဖြစ်သော်လည်း သူတို့၏ ကျင့်ကြံမှုနယ်ပယ်များက ထပ်တူထပ်မျှ တူညီနေပေလိမ့်မည်။

ဒါ့အပြင် ရတနာသူတော်စင်ကျောက်စိမ်းကျမ်းသည် အစကတည်းက ခန္ဓာမီးဆေးနည်းစနစ်တစ်ခုဖြစ်နေသည်။ စုဖွဲ့ထားသော ကမ္ဘာဦးခန္ဓာသည် တစ်မူထူးခြားစွာသန်မာလာပြီး အနီးကပ်တိုက်ခိုက်ရည်မှာလည်း ကြမ်းကြုတ်ခက်ထန်နေပေလိမ့်မည်။

တိုက်ပွဲတစ်ပွဲမှာ ဤကိုယ်ပွားနည်းစနစ်ကို ထုတ်ဖော်လိုက်ခြင်းသည် မိမိ၏ ပြိုင်ဘက်ကို မိမိကိုယ်တိုင်နှစ်ယောက်ဖြင့် ပူးပေါင်းတိုက်ခိုက်နိုင်ခြင်းနှင့် တူညီလေသည်။

ကျင့်ကြံမှုနယ်ပယ်တူမှာ အဲဒါကို ဘယ်သူက ခံနိုင်ရည်ရှိပါ့မလဲ။

ဤကမ္ဘာဦးခန္ဓာကို ရတနာသူတော်စင်ကျောက်စိမ်းကျမ်းဖြင့်သာ ထုတ်ဖော်နိုင်မည်ဖြစ်၏။

ထို့ကြောင့် ဤနှစ်များမှာ သူတော်စင်သုံးပါးကျောက်စိမ်းကျမ်း တစ်ကြိမ်ပေါ်ထွက်လာတိုင်း ပြိုင်စံရှားများစွာက အဲဒါအတွက်ယှဥ်ပြိုင်တိုက်ခိုက်တတ်ကြလေသည်။

လူတစ်ယောက်က သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းမရှိဘဲ သူတော်စင်သုံးပါး ဓမ္မတာအိုကိုပိုင်ဆိုင်ထားမည်ဆိုလျှင် သူတို့သည် သူတော်စင်သုံးပါး ကိုယ်ပွားနည်းစနစ်ကို ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်ပေ။

ပို၍အရေးပါသည်မှာ ဤအရာသည် ဓမ္မတာအိုကနေစုဖွဲ့ထားသော ကိုယ်ပွားလျှို့ဝှက်အတတ်တစ်ခုသာဖြစ်၏။ ကိုယ်ပွားက တိုက်ပွဲမှာ ဖျက်ဆီးခံရမည်ဆိုလျှင်တောင် အဲဒါက ကိစ္စမရှိပေ။

ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကို ပိုင်ဆိုင်ထားပြီး အချိန်အတိုင်းအတာတစ်ခုကိုရရှိသည်နှင့် ကမ္ဘာဦးခန္ဓာကို နောက်တစ်ဖန်ထုတ်ဖော်နိုင်မည်ဖြစ်၏။

ထိုစဥ်မှာပင် လိုဏ်ဂူခန်းဝါ၏ အပြင်ဘက်ကနေ အဝတ်စလေတိုးသံတဖျပ်ဖျပ်က ထွက်ပေါ်လာ၏။

သိပ်မကြာခင် ထောင်ယောင်နှင့် လျှိုဖျင်က စိတ်လှုပ်ရှားစွာဖြင့် အပြေးအလွှားဝင်ရောက်လာကြ၏။

လျှိုဖျင်က ပို၍ပင်အားတက်သရောဖြစ်နေပြီး ထူးဆန်းသောအပြုံးနှင့်အတူ ဆူဇီမိုကို မျက်စိမှိတ်ပြနေ၏။

ထောင်ယောင်က ရှေ့သို့တက်လှမ်းလာပြီး သိုလှောင်အိတ်ကို ဆူဇီမိုထံ ကမ်းပေးလိုက်၏။

“သခင်လေး... မင်းသမီးက ဒီသိုလှောင်အိတ်ကို ယူမထားလိုက်ဘူး ဒါပေမဲ့ သူက စာတစ်စောင်ပြန်ထည့်ပေးလိုက်တယ်”

ဆူဇီမိုက ထောင်ယောင်၏ ခါးပေါ်မှာ ခပ်ဖျော့ဖျော့မွှေးရနံ့တစ်ခုဖြာထွက်နေသည့် အစိမ်းရောင်တံဆိပ်ပြားတစ်ခုရှိနေသည်ကို သတိထားမိလိုက်၏။

“သခင်လေး... ဒါကို ရုပ်ချောချောနဲ့မင်းသမီးက ကျုပ်ကိုပေးလိုက်တာ... ကျုပ်အဲဒါကို ဆောင်ထားလို့ရတယ်မလား”

ထောင်ယောင်က မျှော်လင့်စောင့်စားစွာဖြင့် မေးမြန်းလိုက်၏။

“ရတာပေါ့”

ဆူဇီမိုကပြုံး၍ သိုလှောင်အိတ်ကိုဖွင့်ပြီး ယွင်ကျူး၏ စာကို ထုတ်ယူလိုက်၏။

တစ်ချက်ကြည့်ရုံဖြင့် ယွင်ကျူး၏ လက်ရေးက လှပကြော့ရှင်းနေပြီး သူမ၏ စုတ်ချက်များက ပေါ့ပါးလွတ်လပ်နေ၏။ စာပေါ်မှာ ကြော့ရှင်းလှပသောပုံရိပ်တစ်ခုက ကခုန်နေသည်ကို မြင်နေရသည့်အလားပင်။

သို့သော်လည်း ပထမဆုံးစာကြောင်းကို တွေ့မြင်သည့်ခဏမှာပင် ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားပြီး သူကချွေးပြန်လာခဲ့၏။

“တာအိုရောင်းရင်းအထီးကျန်သိုင်းသခင်... လန့်ဖုန်းမြို့တော်က ရှင့်ရဲ့လုပ်ရပ်အကြောင်း ကျွန်မကြားမိပါတယ်... အထင်ကြီးစရာပါပဲ တကယ့်ကိုအထင်ကြီးစရာပါပဲ”

ထိုစာကြောင်း၏ နောက်မှာ အမျိုးသမီးတစ်ယောက်၏ ပြုံးနေသော မျက်နှာကိုပင် ရိုးရှင်းစွာရေးဆွဲထား၏။

ခဏကြာသည်အထိ ယွင်ကျူးသည် သူ့ရှေ့တည့်တည့်မှာထိုင်ပြီး သူ့ကိုပြုံး၍ကြည့်နေသည်ဟု ဆူဇီမိုက ခံစားနေရ၏။

လျှိုဖျင်သည် ဆူဇီမို၏ မျက်နှာပေါ်မှ ထူးဆန်းသောအမူအရာတွေ့မြင်သောအခါ သူက စူးစမ်းလိုစိတ်ဖြင့် သူ၏ ခေါင်းကိုစောင်းငဲ့ပြီး မေးမြန်းလိုက်၏။

“စီနီယာအစ်ကို... အဲဒီမှာ ဘာတွေရေးထားတာလဲ... ဘာလို့ ခင်ဗျားမျက်နှာမကောင်းတာလဲ”

ဆူဇီမိုက တစ်ချက်ဝေ့ကြည့်လိုက်၏။

လျှိုဖျင်က ဇက်ပုသွားပြီး အလောတကြီးနောက်ဆုတ်သွား၏။

ဆူဇီမိုက ဆက်လက်၍ဖတ်ရှုလိုက်၏။

စာ၏ နောက်ပိုင်းအကြောင်းအရာများက ပုံမှန်သာဖြစ်ပြီး အထီးကျန်သိုင်းသခင်အကြောင်း ဆက်လက်၍ ဖော်ပြမထားတော့ပေ။

အဲဒါသည် ဖုန့်ကျစ်ရီနှင့် ပကတိအင်မော်တယ်ညသင်္ချိုင်းကို သူမက အတတ်နိုင်ဆုံးကြိုးစား၍ ရှာဖွေပေးမည့်အကြောင်းနှင့် သူ့ကို စိတ်ချလက်ချနေရန် အကြမ်းဖျင်းရှင်းပြထားသည့် အကြောင်းအရာများဖြစ်လေသည်။

သို့သော်လည်း ဤကိစ္စက အချိန်ကြာမြင့်စွာ ယူရနိုင်ပြီး သူက စိတ်ရှည်လက်ရှည်စောင့်ဆိုင်းရပေမည်။

ဆူဇီမိုသည် စာကိုဖတ်ပြီး အဲဒါကို မီးရှို့ပြာချလိုက်၏။ သူက ထောင်ယောင်နှင့် လျှိုဖျင်ကိုကြည့်ပြီး မေးမြန်းလိုက်၏။

“မင်းတို့တွေ ကျိရွှမ်အင်မော်တယ်နိုင်ငံကို ရောက်ပြီးတဲ့နောက် ဖြစ်ပျက်ခဲ့တဲ့အရာရာတိုင်းကို ပြောပြပေး... အသေးစိတ်အချက်အလက် ဘာတစ်ခုမှမကျန်ခဲ့စေနဲ့”

ထောင်ယောင်နှင့် လျှိုဖျင်က ဖြစ်စဥ်တစ်ခုလုံးကို အသေးစိတ်ပြန်ပြောပြလိုက်၏။

ဆူဇီမိုက အမူအရာကင်းမဲ့နေသော်လည်း သူက စိတ်ထဲမှာ အံ့အားသင့်နေ၏။

'ဒီလိုနဲ့ပဲ... ငါက ဖော်ထုတ်ခံလိုက်ရပြီလား'

ယွင်ကျူးသ​ည် ထောင်ယောင်ကြောင့် သူ့အကြောင်းကိုသိရှိသွားခြင်းဖြစ်ရမည်ဟု ဆူဇီမိုက ခန့်မှန်းမိလိုက်၏။

သို့သော်လည်း ထိုသဲလွန်စတစ်ခုမျှနှင့် အထီးကျန်သိုင်းသခင်နှင့် သူ၏ ပတ်သက်ဆက်နွယ်မှုကို ကောက်ချက်ချနိုင်သည်က တကယ့်ကို မယုံကြည်နိုင်စရာကောင်းမနေဘူးလား။

ကံကောင်းထောက်မစွာဖြင့် ယွင်းကျူးသည် ဤအကြောင်းကို ဖော်ထုတ်ပြောဆိုမည့်သူ မဟုတ်ပေ။ ထို့ကြောင့် ဤဖော်ထုတ်ခံရမှုက သူ့အပေါ် သက်ရောက်မှုများစွာ ရှိလိမ့်မည်တော့ မဟုတ်ပေ။

ဖုန့်ကျစ်ရီကို ရှာဖွေဖို့ကိစ္စ စီစဥ်ပေးပြီးနောက် ဆူဇီမိုသည် များစွာစိတ်သက်သာရာရသွားပြီး တံခါးပိတ်ကျင့်ကြံဖို့ပြင်ဆင်လိုက်၏။

ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်တွေ့ဆုံပွဲ၏ ကောင်းကင်အဆင့်သတ်မှတ်ချက်တိုက်ပွဲက စတင်တော့ပေမည်။

နှစ်တစ်သောင်းတွေ့ဆုံပွဲမှာတုန်းက ဆူဇီမိုသည် ကောင်းကင်အမြုတေနယ်ပယ်သို့မဝင်ရောက်ခင် ယွင်ထင်က အဆင့်-၂ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်နေခဲ့ပြီးလေပြီ။

ဤနှစ်များမှာ သူ၏ ကျင့်ကြံမှုက ခုန်ပေါက်၍မြင့်တက်လာခဲ့၏။ ယွင်ထင်၏ ပါရမီအရည်အချင်းနှင့် အခွင့်အလမ်းများအရ သူ၏ ကျင့်ကြံမှုအလျင်အဟုန်ကလည်း သေချာပေါက် သူ့ထက်ပိုမိုမြန်ဆန်ဖို့သာရှိလေသည်။

သူက ကောင်းကင်အဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်နေရာကို ရယူချင်သည်ဆိုလျှင် သူ၏ ကျင့်ကြံမှုနယ်ပယ်ကို ဆက်လက်၍မြှင့်တင်နေရပေမည်။

ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲစတင်ဖို့ နှစ်နှစ်ထောင်ကျော်ကျော်သာလျှင်လိုတော့ပြီး အချိန်က အပူတပြင်းနိုင်နေ၏။

ဤတံခါးပိတ်ကျင့်ကြံမှုမှာ သူ၏ ကျင့်ကြံမှုကို ဆက်လက်၍ မြှင့်တင်ရမည့်အပြင် ဆူဇီမိုသည် ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကိုလည်း အာရုံစိုက်ထား၏။ သူသည် အဲဒါကို အဆင့်မြင့်ကျွမ်းကျင်မှု ရရှိသည်အထိ တတ်နိုင်သမျှမြန်မြန်ကျင့်ကြံပြီး ကမ္ဘာဦးခန္ဓာကို စုဖွဲ့လိုလေသည်။

ဆူဇီမိုသည် သူ့လိုဏ်ဂူခန်းဝါ၏ လျှို့ဝှက်ခန်းထဲမှာ တိတ်တဆိတ်ကျင့်ကြံနေ၏။ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကြောင့် သူ့လိုဏ်ဂူခန်းဝါထဲရှိ ကောင်းကင်နှင့်မြေကြီးအမြုတေချီက အပြင်ဘက်မှာထက် များစွာပိုမိုကြွယ်ဝနေသည်။

သိပ်မကြာခင် လျှိုဖျင်က အဲဒါကို နားလည်သဘောပေါက်လာ၏။

ဆူဇီမို၏ လိုဏ်ဂူခန်းဝါထဲမှာ ကျင့်ကြံသည့်အခါ ကောင်းကင်နှင့်မြေကြီးအမြုတေချီသည် အမွေခံကုန်းမြေမှာထက်ပင် ပိုမိုကြွယ်ဝနေ၏။ အဲဒါက အနည်းငယ်တော့ ကြောက်စရာကောင်းနေသည်။

ဆူဇီမိုသည် ကောင်းကင်နှင့်မြေကြီးအမြုတေချီကို စုစည်းဖို့အတွက် အစီအရင်ဝင်္ကပါတချို့ကို ခင်းကျင်းထားခြင်းဖြစ်ရမည်ဟု အစကတော့ လျှိုဖျင်က တွေးထင်ခဲ့မိသည်။

သို့သော်လည်း ကြွယ်ဝသန့်စင်သော ဤအမြုတေချီသည် အစီအရင်ဝင်္ကပါတစ်ခုကနေ သေချာပေါက်စုဖွဲ့ထားခြင်းမဟုတ်ဟု သိပ်မကြာခင် သူက နားလည်သဘောပေါက်လာ၏။

ဤလိုဏ်ဂူခန်းဝါထဲမှာ ကျင့်ကြံသည့်အခါ သူ၏ ကျင့်ကြံမှုအလျင်အဟုန်က သိသိသာသာ မြင့်တက်လာသည်ကိုလည်း လျှိုဖျင်က ရှာဖွေတွေ့ရှိသွား၏။

အဲဒါသည် ကောင်းကင်နှင့်မြေကြီးအမြုတေချီ ပိုမိုကြွယ်ဝသန့်စင်လာသောကြောင့်သာလျှင် မဟုတ်ဘဲ အရာရာတိုင်းအပေါ် လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားတစ်ခု သက်ရောက်နေပုံရသောကြောင့်လည်း ဖြစ်လေသည်။

လျှိုဖျင်သည် ထိုလျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိသွားပြီးနောက် သူက အဲဒါကို ထုတ်ဖော်ပြောဆိုလို့မရဘဲ လျှို့ဝှက်ချက်အဖြစ်သိမ်းထားရမည်ကို သူကနားလည်သိရှိလိုက်၏။

ဆူဇီမိုသည် ဖန်တီးခြင်းကြာပဒုမ္မာဖြစ်လေသည်။ လျှိုဖျင်ဖြစ်စေ၊ ထောင်ယောင်ဖြစ်စေ သူတို့သည် အပင်အမျိုးအစားခန္ဓာများကို ပိုင်ဆိုင်ထားကြ၏။

ဖန်တီးခြင်းကြာပဒုမ္မာဘေးမှာ ကျင့်ကြံရခြင်းသည် သူတို့အတွက်သဘာဝအလျောက် အလွန်တရာအကျိုးရှိလေသည်။

All Chapters