ဖုန့်ကျစ်ရီ၏ တည်နေရာ
Vol. 164 Ch. 2454
ဆူဇီမိုသည် နောက်ထပ်လာမည့် ကောင်းကင်အဆင့်သတ်မှတ်ချက်တိုက်ပွဲမှာ ပါဝင်ဖို့အတွက် နောက်ထပ်နှစ်တစ်သောင်းကို စောင့်နေလိမ့်မည် မဟုတ်ပေ။
ထောင်ယောင်ပြောသလိုပင် ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်တွေ့ဆုံပွဲရောက်ဖို့ နှစ်တစ်ထောင်ကျန်နေသေးပြီး မည်သည့်အရာမဆို ဖြစ်လာနိုင်သေးသည်။
သူ့အနေဖြင့် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ထဲကို ဝင်ရောက်ဖို့က မခက်ခဲပေ။
သူ၏ အစစ်အမှန်စိန်ခေါ်မှုမှာ နှစ်တစ်ထောင်ကြာပြီးလျှင် အဆင့်-၉ ကောင်းကင်အင်မော်တယ်၏ အထွတ်အထိပ်ကို ရောက်ရှိလာနိုင်ခြေရှိသော ဓားတာအို၏ ပါရမီရှင်ယွင်ထင်ဖြစ်လေသည်။
ထိုသူက သူ၏ အစစ်အမှန်ပြိုင်ဘက်ဖြစ်လေသည်။
ဒါ့အပြင် ထိုသူသည် သူအထက်ဘုံသို့ တက်လှမ်းလာပြီးနောက် ကျင့်ကြံမှုနယ်ပယ်တူမှာ သူတွေ့ကြုံဖူးသမျှထဲ အသန်မာဆုံးပြိုင်ဘက်ဖြစ်လေသည်။
ထိုစဥ်မှာပင် လိုဏ်ဂူခန်းဝါအပြင်ဘက်ကနေ အသံတချို့ထွက်ပေါ်လာ၏။
လိုဏ်ဂူခန်းဝါအတွင်းမှာ အပြင်ဘက်ရှိအခြေအနေကို တွေ့မြင်နိုင်သော သလင်းလုံးများရှိပြီး အပြင်ဘက်ကို ရှင်လင်းစွာမြင်နေရ၏။
ဆူဇီမိုက တစ်ချက်ကြည့်ပြီးနောက် အမူအရာကင်းမဲ့စွာဖြင့် သူ၏ အကြည့်ကို ရုပ်သိမ်းလိုက်၏။
ရောက်ရှိလာသူက စီနီယာအစ်မမိုချင်ဖြစ်ပြန်လေသည်။
ထောင်ယောင်နှင့် လျှိုဖျင်က အပြင်ဘက်မှလူသည် မိုချင်ဖြစ်သည်ကို တွေ့မြင်သောအခါ အံ့အားသင့်သွားခြင်းမရှိပေ။
သူတို့နှစ်ယောက်သည် ဆူဇီမိုကို အလိုလိုကြည့်လိုက်ကြ၏။
ဆူဇီမိုက နှုတ်ဆိတ်၍ ခေါင်းညိတ်ပြလိုက်၏။
တာအိုကလေးငယ်နှစ်ယောက်က အကြည့်ချင်းဖလှယ်ပြီးနောက် နားလည်သဘောပေါက်သွား၏။
လျှိုဖျင်က ကူကယ်ရာမဲ့စွာဖြင့် ပခုံးတွန့်ပြီး ထောင်ယောင်နှင့်အတူ လိုဏ်ဂူခန်းဝါအပြင်ဘက်သို့ ထွက်ခွာသွား၏။
ဆူဇီမိုက သူမကို ထွက်ကြိုဖို့ စိတ်ကူးမရှိဘဲ သူ၏ လိုဏ်ဂူခန်းဝါအတွင်းမှာသာ ထိုင်နေ၏။
ဤနှစ်များအားလုံးမှာ စီနီယာအစ်မမိုချင်သည် နှစ်တစ်ရာနီးပါးကြာတိုင်း သူ့ထံသို့ အလည်ရောက်ရှိလာတတ်၏။
စီနီယာအစ်မမိုချင်သည် သိုင်းတာအိုပင်မခန္ဓာအပေါ် ထူးခြားသောခံစားချက်တချို့ရှိနေနိုင်သည်ကို ဆူဇီမိုက နားလည်သဘောပေါက်သွားပြီးနောက် သူသည် သူမကို မတွေ့ဆုံရဲတော့ပေ။
သူက သူမကို ရှောင်တိမ်းချင်နေ၏။
ထို့ကြောင့်ပင် သူက ဤနှစ်များအားလုံးမှာ သူ၏ လိုဏ်ဂူခန်းဝါထဲမှာ ပုန်းကွယ်နေခြင်းဖြစ်လေသည်။
စီနီယာအစ်မမိုချင်က တစ်ကြိမ်အလည်ရောက်လာတိုင်း သူညွှန်ကြားထားသည့်အတိုင်း ထောင်ယောင်နှင့် လျှိုဖျင်က အပြင်ဘက်သို့ထွက်ပြီး သူမကိုနှင်ဖို့အတွက် အကြောင်းပြချက်တစ်ခု ပေးပေလိမ့်မည်။
စီနီယာအစ်မမိုချင်၏ စိတ်နေစရိုက်အရ သူမသည် သူ၏ လိုဏ်ဂူခန်းဝါအတွင်းသို့ အတင်းဝင်ရောက်လာလိမ့်မည် မဟုတ်ပေ။
ဤနှစ်များမှာ ထောင်ယောင်နှင့် လျှိုဖျင်ပင် အဲဒါနှင့် အသားကျလာခဲ့၏။ ထို့ကြောင့် သူတို့က မိုချင်လာသည်ကို တွေ့မြင်သောအခါ အံ့အားသင့်မသွားကြပေ။
ဆူဇီမို၏ အတွေးများက ရိုးရှင်းလေသည်။
သူက ဤကဲ့သို့ အကြိမ်ရေအနည်းငယ်ကိုင်တွယ်လိုက်မည်ဆိုလျှင် စီနီယာအစ်မမိုချင်သည် သူ၏ ရှောင်ဖယ်မှုကို သေချာပေါက်အာရုံခံမိသွားမည်ဖြစ်ပြီး နောက်ပိုင်း သူ့ကို ထပ်မံ၍ လာတွေ့တော့မည်မဟုတ်ပေ။
သိပ်မကြာခင် ထောင်ယောင်နှင့် လျှိုဖျင်က လိုဏ်ဂူခန်းဝါထဲသို့ ပြန်ရောက်ရှိလာကြ၏။
“စီနီယာအစ်မမိုချင်ပြန်သွားပါပြီ”
လျှိုဖျင်က ပြောလိုက်၏။
“အင်း..”
ဆူဇီမိုက သာမန်ကာလျှံကာ ပြန်ဖြေလိုက်၏။
လျှိုဖျင်က သူ၏ မျက်လုံးကို ပုတ်ခတ်ပြီး နောက်တစ်ဖန်အကဲစမ်း၍မေးလိုက်၏။
“စီနီယာအစ်ကို... စီနီယာအစ်မမိုချင်က ဒီတစ်ခေါက်နဲနဲဒေါသထွက်နေတဲ့ပုံပဲ”
“အဲလိုလား”
ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွားပြီး စိတ်သက်သာစွာသက်ပြင်းချလိုက်၏။
“အဲဒါ ကောင်းတာပေါ့”
စီနီယာအစ်မမိုချင်က ဒေါသထွက်နေပြီဆိုမှတော့ သူမသည် နောက်ပိုင်းသူ့ကို သေချာပေါက်လာရှာတော့မည် မဟုတ်ပေ။
ဆူဇီမို ကျေနပ်သဘောကျနေသည်ကိုကြည့်ပြီး လျှိုဖျင်က ကြောင်အ,မှင်တက်ကာ ပါးစပ်အဟောင်းသားဖြစ်နေ၏။
စီနီယာအစ်ကိုက ဘာကိုများ တွေးနေတာလဲ။
လျှိုဖျင်၏ ထူးဆန်းသောအကြည့်ကို သတိထားမိသွားရင်း သူက ဣန္ဒြေပျက်ယွင်းသွားသည်ကို ဆူဇီမိုက ချက်ချင်းပင် နားလည်သိရှိသွား၏။ သူက ညင်သာစွာချောင်းဟန့်ပြီး အသံနှိမ့်၍ ပြောလိုက်၏။
“တကယ်နှမြောစရာပဲ”
လျှိုဖျင်က မျက်လုံးတစ်ချက်စွေကြည့်ပြီးနောက် အင်မော်တယ်သစ်ပင်သုံးပင်ကို တစ်ချက်ကြည့်ရန် ထောင်ယောင်ကို လိုဏ်ဂူခန်းဝါ၏ နောက်ဖေးဘက်သို့ ဆွဲခေါ်သွား၏။ သူသည် လိုဏ်ဂူခန်းဝါ၏ နောက်ဖေးဘက်သို့ ရောက်ရှိလာသောအခါ လျှိုဖျင်က ခပ်တိုးတိုးကပ်ပြောလိုက်၏။
“ကောင်လေးထောင်... စီနီယာအစ်ကိုက စီနီယာအစ်မမိုချင် စိတ်ပျက်စေမယ့်အရာတစ်ခုခုလုပ်ခဲ့ပုံရတယ်... အဲဒါကြောင့် သူက စီနီယာအစ်မကို ရှောင်နေတာပဲ”
“သူက စီနီယာအစ်မမိုချင်စိတ်ပျက်အောင် ဘာလုပ်နိုင်မှာလဲ”
ထောင်ယောင်က စဥ်းစားရခက်သွား၏။
လျှိုဖျင်က ပြောလိုက်လေသည်။
“တကယ်တော့... အဲဒါက ကိုယ်လက်နှီးနှောပြီးတဲ့နောက် လျစ်လျူရှုလိုက်တာနဲ့တူတယ်... ကျိရွှမ်အင်မော်တယ်နိုင်ငံက မင်းသမီးယွင်ကျူးကို မှတ်မိသေးလား... စာအုပ်အင်မော်တယ်လေ”
“ကျုပ်မှတ်မိတာပေါ့”
ထောင်ယောင်က ခေါင်းညိတ်ပြလိုက်၏။
လျှိုဖျင်၏ မျက်လုံးက တောက်ပလာပြီး သူက အတင်းပြောလိုက်၏။
“စီနီယာအစ်ကိုရယ်... စာအုပ်အင်မော်တယ်ယွင်ကျူးရယ်... စီနီယာအစ်မမိုချင်ရယ်ကြားမှာ တစ်ခုခုရှိနေတယ်လို့ ငါခံစားရတယ်”
သုံးရက်ကြာပြီးနောက်...။
လိုဏ်ဂူခန်းဝါ၏ အပြင်ဘက်မှာ လူတစ်ယောက်က နောက်တစ်ဖန်အလည်ရောက်ရှိလာ၏။
ဤတစ်ခေါက်မှာ မင်းသမီးသက်တံနီသည် ယန်လောရှုမပါဘဲ တစ်ယောက်တည်းရောက်ရှိလာ၏။
ဆူဇီမိုက အပြင်ဘက်သို့ထွက်ပြီး မင်းသမီးသက်တံနီကိုခေါ်ကာ လိုဏ်ဂူခန်းဝါထဲသို့ ဝင်ရောက်လိုက်၏။
ဆူဇီမိုနှင့် မင်းသမီးသက်တံနီ လိုဏ်ဂူခန်းဝါထဲသို့ဝင်ရောက်သွားပြီး မကြာခင် နှင်းဖြူရောင်လိပ်ပြာတစ်ကောင်က မလှမ်းမကမ်းရှိ ချယ်ရီပွင့်များကြားကနေ ရုတ်တရက်ပျံသန်းထွက်ပေါ်လာ၏။
ထိုနေရာမှာ ပုန်းကွယ်နေခဲ့စဥ် လိပ်ပြာ၏ အရောင်သည် ချယ်ရီပွင့်များနှင့် တစ်သားတည်းကျလုနီးပါးဖြစ်ပြီး ထောက်လှမ်းသိရှိဖို့ မလွယ်ကူပေ။
နှင်းဖြူရောင်လိပ်ပြာက ဆူဇီမို၏ လိုဏ်ဂူခန်းဝါရှိရာသို့ ပျံသန်း၍ ဒေါသတကြီးနှာတစ်ချက်မှုတ်ပြီးနောက် တက္ကသိုလ်၏ အမွေခံကုန်းမြေရှိရာဘက်သို့ ပျံသန်းသွား၏။
လိုဏ်ဂူခန်းဝါထဲမှာ...။
မင်းသမီးသက်တံနီက ထိုင်လိုက်သည့်ခဏမှာပင် သူမက ပြောလိုက်၏။
“စီနီယာအစ်ကိုဆူ... အစ်ကိုချင်းချန်က ပကတိအင်မော်တယ်ညသင်္ချိုင်းနဲ့ ဖုန့်ကျစ်ရီရဲ့ တည်နေရာကို ရှာတွေ့သွားပြီ”
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီ အလောတကြီးမေးလိုက်၏။
“သူတို့ဘယ်နေရာမှာလဲ... သူတို့အသက်ရှင်ကြသေးလား သေကြပြီလား”
“သူတို့နှစ်ယောက်စလုံးက စန်းယွင်တောင်အနီးနားမှာ အသက်ရှင်နေကြပါသေးတယ်”
မင်းသမီးသက်တံနီက ခဏမျှတွေဝေတုံ့ဆိုင်းပြီးနောက် ပြောလိုက်၏။
“ဒါပေမဲ... ပကတိအင်မော်တယ်ညသင်္ချိုင်းက ဒဏ်ရာအပြင်းအထန် ရထားတဲ့ပုံပဲ... သူက အခြေအနေသိပ်မကောင်းဘူး... ဖုန့်ကျစ်ရီက သူ့ကိုဂရုစိုက်ပေးနေတယ်”
“စန်းယွင်တောင်လား”
ဆူဇီမိုက ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ၏ မြေပုံတစ်ချက်ကို ချက်ချင်းပင်ထုတ်ယူပြီး စန်းယွင်တောင်၏ တည်နေရာကို ရှာဖွေကြည့်လိုက်၏။
စန်းယွင်တောင်သည် အင်မော်တယ်နိုင်ငံသုံးနိုင်ငံနှင့် အင်မော်တယ်ဂိုဏ်းလေးဂိုဏ်း၏ အုပ်ချုပ်မှုအောက်မှာမရှိဘဲ ပိုင်ရှင်မဲ့နေရာတစ်ခုဖြစ်လေသည်။
“သူ့ရဲ့အကူအညီအတွက် မင်းသားချင်းချန်ကို ကျေးဇူးတင်ကြောင်း ကျုပ်ကိုယ်စားပြောပေးပါ... ကျုပ်အားတဲ့အခါ သူ့ဆီကို သေချာပေါက်ကိုယ်တိုင်လာပြီး ကျေးဇူးတင်စကားလာပြောဦးမယ်”
ဖုန့်ကျစ်ရီနှင့် ပကတိအင်မော်တယ်ညသင်္ချိုင်း၏ ဘေးကင်းလုံခြုံမှုကို စိုးရိမ်ပူပန်နေပြီး ဆူဇီမိုက မြေပုံကိုသိမ်းဆည်းကာ စန်းယွင်တောင်သို့ ချက်ချင်းပင်သွားရောက်ဖို့ပြင်လိုက်၏။
“မလောပါနဲ့... ကျွန်မပြောတာကို ဆုံးအောင်နားထောင်ပါဦး”
မင်းသမီးသက်တံနီက ဆူဇီမို၏ လက်ကို အလောတကြီးဆွဲပြီး လေးနက်သောအသံဖြင့်ပြောလိုက်၏။
“အစ်ကိုချင်းချန်က ဖုန့်ကျစ်ရီနဲ့ ပကတိအင်မော်တယ်ညသင်္ချိုင်းတို့ရဲ့ အစွမ်းအစတွေကိုသိထားတယ်... အဲဒါကြောင့် သူက သူတို့နားကို သိပ်ပြီးတော့မချဥ်းကပ်ရဲဘူး... အဝေးကနေပဲစောင့်ကြည့်နေတယ်”
“နောက်ပြီး သူ့အပြင် မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ အာဏာပါးကွပ်သားအစောင့်တပ်သားတွေးကလည်း သူတို့နှစ်ယောက်ကို ပစ်မှတ်ထားနေတာကို အစ်ကိုချင်းချန်က ရှာတွေ့ခဲ့တယ်”
ဆူဇီမိုက သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဥ်းလိုက်၏။
“ပကတိအင်မော်တယ်ညသင်္ချိုင်းက ဒဏ်ရာအပြင်းအထန် ရရှိသွားတာ ပကတိအင်မော်တယ်ပညာရှင်တွေ တိုက်ခိုက်ခဲ့လို့ပဲဖြစ်ရမယ်”
“ဒါပေါ့... အတိအကျပဲ”
မင်းသမီးသက်တံနီက ပြောလိုက်၏။
“အဲဒါကြောင့်လည်း နဲနဲလောက်ထပ်စောင့်ပြီး မဆင်မခြင်မပြုမူဖို့ ကျွန်မက ရှင့်ကိုပြောနေတာ”
“အစ်ကိုချင်းချန်ရဲ့ အခြေအနေကို ရှင်သိပါတယ်... သူက သာမန်မင်းသားတစ်ပါးပဲ... သူက ယန်ယန်အင်မော်တယ်နိုင်ငံရဲ့ ပကတိအင်မော်တယ်ပညာရှင်တွေကို ဆင့်ခေါ်ဖို့နေနေသာ သူ့ဘေးမှာတောင် သူ့ကိုစောင့်ရှောက်ပေးနေတဲ့ ပကတိအင်မော်တယ်ပညာရှင်တစ်ယောက်မှ မရှိဘူး... သူက မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ ပကတိအင်မော်တယ်ပညာရှင်တွေကို သေချာပေါက် ခုခံနိုင်မှာမဟုတ်ဘူး”
“လောရှုကလည်း အဲဒါကို သိပြီးသွားပြီ... သူက သူနဲ့အတူလိုက်လာဖို့ တက္ကသိုလ်ကအမွေခံတပည့်တချို့ကို အတတ်နိုင်ဆုံးကြိုးစားပြီးတော့ ရှာဖွေနေတယ်... ကျွန်မတို့အတူသွားကြတာပေါ့”
“ကျွန်မတို့က မဟာကျင်းအင်မော်တယ်နိုင်ငံက ပကတိအင်မော်တယ်ပညာရှင်တွေနဲ့ ကြုံတွေ့ရမယ်ဆိုရင်တောင် ကျွန်မတို့မှာ သူတို့ကို ကယ်တင်နိုင်မယ့်အခွင့်အရေးရှိပါသေးတယ်”
ဆူဇီမိုက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ့ကိုယ်သူဣန္ဒြေဆယ်လိုက်၏။
ဤကိစ္စနဲ့ပတ်သက်၍ အလှည့်အပြောင်းများစွာရှိနေပြီး သူ၏ ခွန်အားနှင့်အတူ ဤကိစ္စကို သူက ကိုယ်တွယ်ဖို့ တကယ်ပင်မဖြစ်နိုင်ပေ။
ရုတ်တရက်... မင်းသမီးသက်တံနီက ညင်သာစွာသက်ပြင်းချလိုက်၏။
“လောရှုက အမွေခံကုန်းမြေကိုဝင်ရောက်တာမကြာသေးဘူး... သူသိကျွမ်းတဲ့ အမွေခံတပည့်တွေကလည်း သိပ်မရှိဘူး... သူက လူများများစားစားစုနိုင်မှာမဟုတ်ဘူး”
တကယ်တော့ အဲဒါက ပုံမှန်သာဖြစ်သည်။
ယန်လောရှုသည် ပကတိဧကနယ်ပယ်သို့ ဝင်ရောက်ခါစဖြစ်ပြီး သူ၏ ကျင့်ကြံမှုနယ်ပယ်က ပေါင်းစည်းခြင်းအဆင့်မှာသာရှိနေသေးသည်။ သူသည် ပကတိဧကနယ်ပယ်၏ အောက်ဆုံးမှာဖြစ်ပြီး သူသိကျွမ်းထားသည့် အမွေခံတပည့်အများစုကလည်း ဤအဆင့်မှာသာ ရှိပေလိမ့်မည်။
ဒါ့အပြင် ယန်လောရှုနှင့် ဓားအင်မော်တယ်ယွဲ့ဟွားကြားမှာ ယခင်က မသိသာမထင်ရှားသော ရန်ငြိုးတစ်ခုရှိခဲ့ပြီး အမွေခံတပည့်များစွာက သူ့ကိုရှောင်ကြလေသည်။
အဲဒါက ဆူဇီမို၏ အရေးကိစ္စလည်းဖြစ်နေသည်။
ယန်လောရှုအပြင် အခြားသောအမွေခံတပည့်များသည် ဆူဇီမိုနှင့် မည်သည့်ပတ်သက်ဆက်နွယ်မှုမှမရှိဘဲ သူနှင့်ရင်းနှီးမှုမရှိကြပေ။
တက္ကသိုလ်၏ အမွေခံတပည့်များအတွက် ဖုန့်ကျစ်ရီနှင့် ပကတိအင်မော်တယ်ညသင်္ချိုင်းသည် လုံးဝကိုအစိမ်းသက်သက်ဖြစ်သော သူစိမ်းနှစ်ယောက်ဖြစ်ကြလေသည်။
အစိမ်းသက်သက်သူစိမ်းနှစ်ယောက်ကို ကူညီဖို့အတွက် ဝေးကွာလွန်းသောစန််းယွင်တောင်သို့ ဘယ်သူကများ လိုက်လာလိုပါ့မလဲ။
ထိုစဥ်မှာပင် မင်းသမီးသက်တံနီ၏ အမူအရာက ပြောင်းလဲသွား၏။ သူမက သူမ၏ သိုလှောင်အိတ်ထဲကနေ သတင်းပို့ကျောက်စိမ်းအဆောင်တစ်ခုကို ထုတ်ယူကြည့်ပြီး မတ်တတ်ထရပ်လိုက်၏။
“လောရှုက ပြင်ဆင်ပြီးသွားပြီ... တက္ကသိုလ်ရှေ့မှာ သွားပြီးတော့ လူစုကြတာပေါ့”