ဒါက နင်တို့နဲ့ ဘာဆိုင်လို့လဲ
Vol. 164 Ch. 2456
“နေပါဦး… ဘာတွေဖြစ်နေတာလဲ”
ဟွာချန်းရှန်နှင့် အခြားနှစ်ယောက်သည် အနည်းငယ်မှင်တက်သွားပြီး သူတို့၏ မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်နေကြ၏။
စီနီယာအစ်မမိုချင်က ဒေါသထွက်နေသည့်ပုံပေါ်၏။ သို့သော်လည်း အနည်းငယ်ခါးသက်နေသော စောစောက သူမ၏ စကားလုံးများနှင့် သူမ၏ လေသံကို ပေါင်းစပ်လိုက်ပါက….။
မဟာနတ်မိမယ်လေးပါးထဲမှာ တစ်ပါးဖြစ်သော ပန်းချီအင်မော်တယ်မိုချင်သည် ပန်းချီတာအိုမှာ ခုံမင်စွဲလန်းနေပြီး အေးတိအေးစက် စိတ်နေစရိုက်ရှိလေ၏။ လူတိုင်း၏ ရင်ထဲမှာ သူမသည် မိုးမြင့်နန်းထက်မှာနေသော နတ်မိမယ်တစ်ပါးဖြစ်ပြီး မော်တယ်လောကဖြင့် စွန်းထင်းခြင်း မခံရပေ။ သူမမှာ ဤကဲ့သို့သော စိတ်နေသဘောထားတစ်ခု ဘယ်လိုလုပ် ရှိနိုင်ပါ့မလဲ။
သို့သော်လည်း သူမ၏ လက်ရှိစိတ်နေသဘောထားသည် သူမကို ပို၍ဆွဲဆောင်မှု ရှိလာစေသည်။
အစကတော့ ပန်းချီအင်မော်တယ်သည် အဝေးကနေသာ တွေ့မြင်နိုင်သော တစ်စုံတစ်ယောက်ဖြစ်ပြီး သူမကို ထိပါးပြောဆိုလို့ မရနိုင်ပေ။
သို့သော် ယခု စီနီယာအစ်မမိုချင်သည် မော်တယ်လောကသို့ ဆင်းသက်လာပုံရပြီး သူမက သူတို့ဘေးသို့ ရောက်ရှိလာသည့်အခါ များစွာပို၍အစစ်အမှန်ဆန်လာသည်ဟု ထင်ရ၏။
ဆူဇီမိုရဲ့ အပြုအမူက ဘာသဘောလဲ…
သူက စီနီယာအစ်မမိုချင် ကိုယ်တိုင်အလည်လာတာကို တမင်သက်သက်ရှောင်လွှဲနေခဲ့တာလား…
အဲဒါက အခြားတစ်ယောက်ယောက်သာဆိုလျှင် သူတို့သည် နေ့နေ့ညည မအိပ်စက်နိုင်ဘဲ အလွန်တရာ စိတ်လှုပ်ရှားမိနေကြပေလိမ့်မည်။
သို့သော် မကြာခင် ဟွာချန်းရှန်နှင့် အခြားနှစ်ယောက်က ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွား၏။
စီနီယာအစ်ကိုယွဲ့ဟွားက စီနီယာအစ်မမိုချင်ကို ပိုးပန်းနေခဲ့သည်မှာ အတော်ကြာခဲ့ပြီကို တက္ကသိုလ်မှ လူတိုင်းက သိရှိထားကြ၏။
ဆူဇီမိုသည် စီနီယာအစ်ကိုယွဲ့ဟွား၏ နာမည်ဂုဏ်သတင်းကို စိုးရွံ့သောကြောင့် စီနီယာအစ်မမိုချင်ကို ရှောင်နေတာ ဖြစ်ရပေမည်။
ထိုသို့အတွေးဖြင့် ဟွာချန်းရှန်နှင့် အခြားနှစ်ယောက်က စိတ်ထဲကနေ ကြိတ်၍ရေရွတ်လိုက်ကြ၏။
‘ဆူဇီမိုက တကယ်ပါးနပ်တာပဲ… သူက စီနီယာအစ်မမိုချင်နဲ့ အရမ်းနီးနီးကပ်ကပ်ရှိနေမယ်ဆိုရင် သူက ဆိုးဆိုးဝါးဝါးအခြေအနေနဲ့ သေချာပေါက် အဆုံးသတ်ရလိမ့်မယ်။’
ယန်လောရှုနှင့် မင်းသမီးသက်တံနီမှာလည်း ထူးဆန်းသော အမူအရာများ ရှိနေကြ၏။ သူတို့နှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ကြ၏။
သူတို့သည် တစ်စုံတစ်ရာပြောဆိုခြင်း မရှိသော်လည်း သူတို့က စိတ်ချင်းဆက်နေပြီး တစ်ယောက်မျက်လုံးထဲတွင်တစ်ယောက် ပြောချင်သောအရာကို နားလည်သဘောပေါက်နိုင်ကြ၏။
“လောရှု… စီနီယာအစ်ကိုဆူနဲ့ စီနီယာအစ်မမိုချင်က ကြည့်ရတာ…”
“ငါနောက်ဆုံး သဘောပေါက်သွားပြီ… အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲနဲ့ တက္ကသိုလ်က အပြင်ဂိုဏ်းမှာတုန်းက စီနီယာအစ်မမိုချင်က နှစ်ကြိမ်ဝင်ရောက်တိုက်ခိုက်ပေးခဲ့တယ်… အဲဒါက ငါ့အတွက်မဟုတ်ဘူး… အဲဒါက ညီအစ်ကိုဆူအတွက်ပဲ”
“အဲဒါက အဓိပ္ပာယ်တော့ ရှိသားပဲ”
“ဒီအထင်လွဲစရာကိစ္စကြောင့် စီနီယာအစ်ကိုယွဲ့ဟွားက ငါ့ကို အကြောင်းရင်းမရှိဘဲ အတော်ကြာတဲ့အထိ မုန်းတီးနေခဲ့တာပဲ… အခုနောက်ပိုင်းမှာတောင် စီနီယာအစ်ကိုယွဲ့ဟွားက ငါ့ကို မကြည်သလို ကြည့်နေတတ်တယ်”
“စီနီယာအစ်ကိုယွဲ့ဟွားသာ သူက လူမှားပြီး မုန်းတီးမိနေတယ်ဆိုတာကို သိမယ်ဆိုရင် သူက ဒေါသထွက်လွန်းလို့ ပေါက်ကွဲသွားနိုင်တယ်… ဟားဟား”
သူတို့နှစ်ယောက်က အဲဒါကို တွေးမိသည့်တစ်ချိန်တည်းမှာပင် ဆူဇီမိုအတွက် တိတ်တဆိတ်စိုးရိမ်ပူပန်သွားကြ၏။
ဆူဇီမိုသည် အမည်ခံတပည့်တစ်ယောက်ဖြစ်သော်လည်း သူ၏ တိုက်ခိုက်ရည်ခွန်အားက ဓားအင်မော်တယ်ယွဲ့ဟွားထက် များစွာနိမ့်ကျနေ၏။
ဒါ့အပြင် ဓားအင်မော်တယ်ယွဲ့ဟွားသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့ပြီး သူရရှိထားသည့် နာမည်ဂုဏ်သတင်းနှင့် လူမှုအဖွဲ့အစည်းက ဆူဇီမိုနှင့် ယှဉ်လျှင် များစွာသာလွန်လေသည်။
နတ်မိမယ်မိုချင်၏ စကားလုံးများကြောင့် အချိန်ကာလက ရပ်တန့်သွားသည့်အလား မြင်ကွင်းတစ်ခုလုံးက ထူးဆန်းစွာ တိတ်ဆိတ်ငြိမ်သက်သွား၏။
ယန်လောရှုက ညင်သာစွာ ချောင်းဟန့်၍ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
“နားလည်မှုလွဲစရာတစ်ခုခု ရှိနေမလား မသိဘူး”
ဆူဇီမိုက ငေးငိုင်ရာကနေ နိုးထလာပြီး အလောတကြီး ရှင်းပြလိုက်၏။
“စီနီယာအစ်မမိုချင်… ကျုပ်တကယ်ကို တောင်းပန်ပါတယ်… ကျုပ်က ဒီနှစ်တွေအားလုံးထဲမှာ တံခါးပိတ်ကျင့်ကြံပြီးတော့ လျှို့ဝှက်အတတ်တစ်ခုကို ကျင့်ကြံနေတာ… အဲဒါကြောင့် ကျုပ်က စိတ်အာရုံပျက်ယွင်းခံလို့ မရခဲ့ဘူး… ကျုပ်က ခင်ဗျားကို တမင်သက်သက် ရှောင်နေခဲ့တာ မဟုတ်ပါဘူး”
မိုချင်က ထိုစကားကို ကြားသည့်ခဏမှာပင် သူမက ဣန္ဒြေပျက်ယွင်းသွားသည်ဆိုတာကို နားလည်သိရှိလိုက်၏။
တကယ်တော့ အစတုန်းက သူမသည် ဆူဇီမိုကို သွားရှာပြီး အချည်းနှီးပြန်ခဲ့ရစဉ်က အဲဒါနှင့်ပတ်သက်၍ များစွာစဉ်းစားတွေးတောခဲ့ခြင်း မရှိပေ။
ဆူဇီမိုသည် တံခါးပိတ်ကျင့်ကြံနေပြီး စိတ်အာရုံပျက်ယွင်းမခံနိုင်သောကြောင့်ဟုသာ သူမက တွေ့ခဲ့၏။
သို့သော်လည်း ခုနစ်ကြိမ် ရှစ်ကြိမ် ဆက်တိုက်ငြင်းပယ်ခံရပြီးနောက် သူမက ဘယ်လောက်ပင် ရိုးအသည်ဖြစ်စေ ဖြစ်ပျက်နေသည့်အရာကို သူမက နားလည်သိရှိလာပြီး မချင့်မရဲခံစားလာရ၏။
အစကတော့ သူမသည် ထိုအချိန်မှစ၍ ဆူဇီမိုကို လျစ်လျူရှုထားဖို့ ဆုံးဖြတ်ခဲ့၏။
သို့သော်လည်း သူမက အဲဒါကို တွေးကြည့်လေလေ… သူမက ဒေါသထွက်ရလေလေဖြစ်၏။ သူမက စိတ်ကို လျှော့ချနိုင်ခြင်းမရှိဘဲ ထိုအကြောင်းနှင့်ပတ်သက်၍ ဆူဇီမိုကို တေ့တေ့ဆိုင်ဆိုင်မေးမြန်းရန် ထပ်ဖန်တလဲလဲ သွားရောက်ခဲ့၏။
လွန်ခဲ့သည့်သုံးရက်က သူမက ထပ်မံ၍ ငြင်းပယ်ခံရပြီးနောက် သူမသည် ဆူဇီမို၏ လိုဏ်ဂူခန်းဝါအနီးမှာ တိတ်တဆိတ်စောင့်ကြည့်ဖို့အတွက် ရေခဲလိပ်ပြာကို တမင်သက်သက်ချန်ထားခဲ့၏။
ထင်မှတ်ထားသည့်အတိုင်းပင်။
သုံးရက်ကြာပြီးနောက် မင်းသမီးသက်တံနီက အလည်ရောက်ရှိလာပြီး ဆူဇီမိုက သူမကို ကိုယ်တိုင်ထွက်၍ ကြိုဆိုခဲ့လေသည်။
မိုချင်သည် နှစ်တစ်ထောင်ကျော်ကြာအောင် ကြိတ်မှိတ်သည်းခံခဲ့ရ၏။ ယခု သူမက ဆူဇီမိုကို နောက်ဆုံးတွေ့မြင်သွားပြီး ထိုအကြောင်းနှင့်ပတ်သက်၍ သူ့ကို မေးမြန်းရပေမည်။
သူမက ထိုမေးခွန်းကို မေးလိုက်ပြီးနောက် ဤနေရာမှာ တခြားအပြင်လူများ ရှိနေသည်ကို သတိထားမိသွား၏။ ထို့သို့ဖြင့် သူမ၏ တုံ့ပြန်မှုက လွန်ကဲသွားသည်ကို သိရှိလိုက်ပြီး ချက်ချင်းပင် နောင်တရသွား၏။
စောစောက ဆူဇီမို၏ ဖြေရှင်းချက်က ဝတ်ကျေတန်းကျေသာ ဖြစ်နေသေးသည်ကို သူမ သိရှိထားသော်လည်း သူမက ထပ်မံ၍ မပြောတော့ပေ။
“နင် လိမ်နေတာ”
မထင်မှတ်ထားစွာပင် မိုချင်၏ ပခုံးပေါ်ရှိ ရေခဲလိပ်ပြာက လူသားဘာသာစကားဖြင့် ရုတ်တရက်ပြောလိုက်၏။
“ငါ အကုန်လုံးကို တွေ့မြင်ခဲ့တယ်… နင်က ငါတို့ကို ငြင်းပယ်ပြီးတဲ့နောက် သုံးရက်ပဲ ကြာတယ်… နင်က တခြားသူတွေကို တက်တက်ကြွကြွနဲ့ ထွက်ပြီးတော့ ကြိုနေခဲ့တာပဲ”
ဆူဇီမို၏ နှုတ်ခမ်းထောင့်က တဆတ်ဆတ်လှုပ်သွား၏။ သူသည် ရှေ့သို့တက်လှမ်း၍ ရေခဲလိပ်ပြာကို ဖျစ်ညှစ်သတ်ဖြတ်ချင်စိတ်ကို ချုပ်တည်းပြီး အိုးတိုးအမ်းတမ်းဖြင့် ရယ်မောလိုက်၏။
“အဲဒါ-အဲဒါက တော်တော်… တော်တော်ကို တိုက်ဆိုင်သွားတာပဲ… ကျုပ်က စောစောကမှ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာခဲ့တာ… ဟဲဟဲ”
ရေခဲလိပ်ပြာသည် ဆက်လက်၍ မေးခွန်းထုတ်ကာ မိုချင်၏ အမျက်ဒေါသများကို ကူညီဖွင့်ထုတ်ပေးချင်လသည်။
သို့သော်လည်း မိုချင်က ပြောလိုက်၏။
“လိပ်ပြာလေး တော်လောက်ပြီ… ငါတို့ ဒီကိစ္စကို နောက်မှပြောမယ်”
မိုချင်က လက်လျှော့လိုက်သည်ကို တွေ့မြင်သောအခါ ဆူဇီမိုက စိတ်သက်သာရာရသွားပြီး သူ၏ ချွေးများကို တိတ်တဆိတ်သုတ်လိုက်၏။
“နင်တို့တွေ ဘယ်သွားကြမလို့လဲ”
မိုချင်က တည်ငြိမ်စွာ မေးမြန်းလိုက်၏။
ထိုစကားကိုကြားချိန်မှာ ဆူဇီမို၏ အမူအရာက တည်ကြည်လေးနက်သွားပြီး သူက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ကျုပ်ရဲ့မိတ်ဆွေဟောင်းနှစ်ယောက်က အန္တရာယ်ကျရောက်နေတယ်… ကျုပ်က သူတို့ကို သွားပြီးကူညီဖို့ ပြင်နေတာ”
ဤနေရာရောက်တွင် ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။ စီနီယာအစ်မမိုချင်က ဝင်ရောက်ကူညီပေးလိုမည်ဆိုလျှင် သူမသည် ဟွာချန်းရှန်နှင့် အခြားနှစ်ယောက်ထက် အဆတစ်ရာကျော် ပိုမိုသာလွန်ပေလိမ့်မည်။
ဟွာချန်းရှန်နှင့် အခြားနှစ်ယောက်သည် ပေါင်းစည်းခြင်း ပကတိအင်မော်တယ်များသာ ဖြစ်ကြ၏။ စီနီယာအစ်မမိုချင်ကတော့ ဗလာနယ်ဝိညာဉ် ပကတိအင်မော်တယ်တစ်ယောက် ဖြစ်သည်အထိ ကျင့်ကြံထားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်၏။
ပကတိအင်မော်တယ်နယ်ပယ်မှာ ပေါင်းစည်းခြင်း၊ အာကာသသက်ရှိ၊ ဗလာနယ်ဝိညာဉ်နှင့် သုခဘုံလေဟာနယ်ဟူ၍ အဆင့်လေးဆင့်ခွဲထား၏။ စီနီယာအစ်မမိုချင်သည် နောက်ဆုံး သုခဘုံလေဟာနယ် နယ်ပယ်ကို ရောက်ရှိဖို့ ခြေတစ်လှမ်းသာ လိုတော့၏။
ထို့သို့ဖြင့် ဆူဇီမိုက မေးမြန်းလိုက်၏။
“စီနီယာအစ်မမိုချင်… ခင်ဗျားက အချိန်ရမလား မသိဘူး… ခင်ဗျား ကျုပ်တို့နဲ့လိုက်ပြီး တစ်ချက်လောက် လိုက်ကြည့်ချင်လား”
မိုချင်က ပြန်မဖြေဘဲ ဆူဇီမိုကို ပြုံးစစဖြင့်သာ တိတ်တဆိတ်ကြည့်နေ၏။
ထိုအကြည့်က ဆူဇီမိုကို ထိတ်ထိတ်ပျာပျာဖြစ်လာစေ၏။
ရေခဲလိပ်ပြာက အေးစက်စွာ နှာတစ်ချက်မှုတ်ပြီး ဝင့်ကြွားစွာ ပြောလိုက်၏။
“မရဘူး… ငါတို့တွေက အားမနေဘူး… ငါတို့က တံခါးပိတ်ကျင့်ကြံရဦးမယ်… ငါတို့ စိတ်အာရုံ ပျက်ယွင်းခံလို့ မရဘူး”
ဟွာချန်းရှန်ကလည်း လှောင်ရယ်ပြီး ထေ့ငေါ့ပြောဆိုလိုက်၏။
“ဂျူနီယာညီဆူ… ဒီနှစ်တွေအားလုံးမှာ မင်းက စီနီယာအစ်မမိုချင်ကို တမင်သက်သက် ရှောင်နေခဲ့တယ်… အခု မင်းက ပြဿနာနဲ့ ကြုံတွေ့တော့မှ သူ့ကိုသွားပြီးတော့ အကူအညီတောင်းနေတယ်… မင်းက အရှက်မဲ့လွန်းရာမကျဘူးလား”
“ငါတို့က အရှက်မဲ့တယ်လို့ မင်းပြောခဲ့တယ်… ဒါပေမဲ့ တကယ်တမ်း အရှက်မဲ့တဲ့သူက မင်းပဲ”
ဆူဇီမိုက ပခုံးတွန့်ပြလိုက်၏။ ဤတစ်ခေါက်မှာ သူက ငြင်းဆန်ပြောဆိုခြင်း မရှိပေ။
တကယ်တော့ သူက အဲဒါကို မေးမြန်းမိလိုက်သည့် ခဏမှာပင် နောင်တရသွား၏။
“ဒါက နင်တို့နဲ့ ဘာဆိုင်လို့လဲ”
ရုတ်တရက် မိုချင်က ဟွာချန်းရှန်ကို အေးစက်စွာ စိုက်ကြည့်ပြီး ပြောလိုက်၏။
“ကျုပ်… ကျုပ်က…”
ဟွာချန်းရှန်၏ အမူအရာက အေးခဲတောင့်တင်းသွား၏။ သူက မိုချင်၏ စကားမှာ မှင်တက်သွားပြီး ခဏကြာသည်အထိ ဘာပြောရမည် မသိတော့ပေ။
မိုချင်က သူ့ကို လျစ်လျူရှုပြီး သူမ၏ သိုလှောင်အိတ်ထဲကနေ အပျော်စီးသင်္ဘောတစ်စင်းကို ထုတ်ယူကာ ဆူဇီမိုကို လှည့်ကြည့်လိုက်၏။
“လာလေ”
အပျော်စီးသင်္ဘောက လေထဲမှာ လျင်မြန်စွာ ပြန့်ကားသွားပြီး ယစ်မူးဖွယ်ရာကောင်းသော ခပ်ဖျော့ဖျော့မွှေးရနံ့တစ်ခု ဖြာထွက်နေသည့် စိတ်ဝိညာဉ်ယာဉ်ပျံတစ်စင်း ဖြစ်ပေါ်လာ၏။
“ကျေးဇူးတင်ပါတယ် စီနီယာအစ်မ”
ဆူဇီမိုက ကျေနပ်သဘောကျသွားပြီး ခပ်မြန်မြန်ကျေးဇူးတင်စကားပြောကာ အလွန်တရာ လက်ရာမြောက်၍ လှပကြော့ရှင်းသော အပျော်စီးသင်္ဘောစိတ်ဝိညာဉ်ယာဉ်ပျံပေါ်သို့ တက်လှမ်းလိုက်၏။
“အစ်ကိုယန်… မင်းသမီးသက်တံနီ… လာကြလေ”
ဆူဇီမိုက လှည့်ကြည့်လိုက်ပြီး ယန်လောရှုနှင့် မင်းသမီးသက်တံနီက နေရာမှာပင် ရပ်တန့်နေသည်ကို တွေ့မြင်သောအခါ သူက အလိုလို လှမ်းခေါ်လိုက်၏။
“အမ်း…”
ယန်လောရှုက တွေဝေတုံ့ဆိုင်းနေ၏။
ဆူဇီမိုက မသိရှိသော်လည်း ယန်လောရှုက သိရှိထား၏။ ပန်းချီအင်မော်တယ်မိုချင်၏ အပျော်စီးသင်္ဘောသည် လူတိုင်းတက်စီးနိုင်သော တစ်စုံတစ်ရာမဟုတ်ပေ။
အနည်းဆုံးတော့ ယခုအချိန်ထိကို ဓားအင်မော်တယ်ယွဲ့ဟွားက ထိုအခွင့်အရေးကို မရခဲ့ပေ။
“လာကြလေ… ငါက ဒီအပျော်စီးသင်္ဘောကို ထိန်းချုပ်ပေးမယ်… အဲဒါဆိုရင် ပိုပြီးတော့ မြန်သွားလိမ့်မယ်”
မိုချင်က ယန်လောရှုနှင့် မင်းသမီးသက်တံနီကို လှည့်ကြည့်ခြင်းပင် မရှိဘဲ မှင်သေသေဖြင့် ပြောလိုက်၏။
ယန်လောရှုနှင့် မင်းသမီးသက်တံနီက အကြည့်ချင်းဖလှယ်ပြီးနောက် စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြ၏။ တစ်ချိန်တည်းမှာပင် သူတို့က အပျော်စီးသင်္ဘောစိတ်ဝိညာဉ်ယာဉ်ပျံပေါ်သို့ ခုန်တက်လိုက်ကြ၏။
ရွှစ်…
အပျော်စီးသင်္ဘောစိတ်ဝိညာဉ်ယာဉ်ပျံက ဂမ္ဘီရအလင်းတစ်ခုအသွင် ပြောင်းလဲသွားပြီး ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ရှေ့ကနေ တစ်ခဏချင်းမှာ ပျောက်ကွယ်သွား၏။
ဟွာချန်းရှန်နှင့် အခြားနှစ်ယောက်သည် မနာလိုအားကျနေသော အမူအရာများနှင့်အတူ အပျော်စီးသင်္ဘော၏ ခပ်ဖျော့ဖျော့မွှေးရနံ့ကို ရှုရှိုက်ရင်း နေရာမှာပင် ငေးမောမှင်တက်နေကြ၏။