ကြွယ်ဝူယင်း
Vol. 164 Ch. 2457
စန်းယွင်တောင်တွင်…
တောင်ခြေရင်းမှာ ရိုးရှင်းသော ခပ်ပုပု ကောက်ရိုးတဲတစ်လုံး ရှိနေ၏။ တဲအတွင်းမှာ သွေးနံ့နှင့် ဆေးနံ့ ရောထွေးနေသည့်အလား ထူးခြားသော အနံ့တစ်ခုက ထွက်ပေါ်နေသည်။
“ကျစ်ယီ… အခု ထွက်သွားတော့… ငါ့ကို အရေးလုပ်မနေနဲ့”
အခန်းထဲမှာ အဘိုးအိုတစ်ယောက်က ဖြူဖပ်ဖြူရော်အမူအရာတစ်ခုနှင့်အတူ ကုတင်ခေါင်းရင်းကို မှီထား၏။ သူက အားအင်ချိနဲ့စွာဖြင့် ပြောလိုက်၏။
“ငါ မအီမသာ ခံစားနေရတယ်… ငါက အန္တရာယ်အငွေ့အသက်ကို အာရုံခံမိနေပြီ”
အဘိုးအိုက ဒဏ်ရာအပြင်းအထန် ရရှိထားပြီး သူ၏ သွေးချီက ယိုယွင်းပျက်စီးနေပြီဖြစ်၏။ သူ၏ တိုက်ခိုက်ရည်ခွန်အားက မကျန်ရှိတော့သလောက်နီးပါးပင်။
သို့သော်လည်း သူသည် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီး အဲဒါက သူ၏ ဝမ်းတွင်းအသိစိတ်ဖြစ်သည့်အလား အန္တရာယ်ကို အလိုလိုအာရုံခံနိုင်လေသည်။
“ဆရာ… အေးအေးဆေးဆေး ကုသနေပါ… အချိန်ကျရင် ကျွန်မတို့ အတူတူထွက်ကြမယ်”
ခရမ်းရောင်ဝတ်ရုံဝတ် အမျိုးသမီးတစ်ဦးက အဘိုးအို၏ ရှေ့မှာ ဒူးထောက်ထိုင်ပြီး ခေါင်းငုံ့ကာ တီးတိုးပြောလိုက်၏။
သူတို့နှစ်ယောက်သည် ပကတိအင်မော်တယ် ညသင်္ချိုင်းနှင့် ဖုန့်ကျစ်ရီဖြစ်လေသည်။
ဖုန့်ကျစ်ရီက ခေါင်းငုံ့ထားသော်လည်း ပကတိအင်မော်တယ် ညသင်္ချိုင်းက သူမ၏ ရင်ထဲရှိ ပူဆွေးဝမ်းနည်းမှုကို အာရုံခံမိနိုင်ဆဲဖြစ်၏။
“အဟွတ်… အဟွတ်… ကျစ်ယီ… ဘာမှ ဝမ်းနည်းမနေနဲ့”
ပကတိအင်မော်တယ် ညသင်္ချိုင်းက ပြင်းထန်စွာ ချောင်းဆိုးပြီးနောက် သူ၏ အသက်ရှူသံက လေးလံလာ၏။
“ငါ့ခန္ဓာကိုယ်အခြေအနေကို ငါသိတယ်… ငါက ပြန်ပြီးကုသနိုင်တော့မှာ မဟုတ်ဘူး”
“ငါ့မှာ အစကတည်းက ဘဝသက်တမ်း များများစားစား မကျန်တော့ဘူး… ငါက ထိခိုက်ဒဏ်ရာ မရခဲ့ရင်တောင်မှ နှစ်အနည်းငယ်ထက် ပိုနေနိုင်မှာ မဟုတ်တော့ဘူး… အခုဆိုရင် ငါက နည်းနည်းစောပြီး ထွက်သွားရရုံပဲ။”
“ပကတိအင်မော်တယ်တစ်ယောက်ရဲ့ ဘဝသက်တမ်းက နှစ်ငါးသိန်းပဲ… ငါတက်လှမ်းလာပြီးကတည်းက ငါက ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ နင့်အဘိုးနဲ့ ဂုဏ်ကျက်သရေထွန်းတောက်တဲ့ ကာလတစ်ခုကို ရရှိခဲ့တယ်”
“ငါရခဲ့တဲ့ဘဝနဲ့ ပတ်သက်ပြီး ငါကျေနပ်မိတယ်”
“ဒါပေမဲ့ အခုကစပြီး ငါက မိစ္ဆာမဟာနယ်မြေမှာရှိတဲ့ ညီအစ်ကိုဖုန့်ကို အကူအညီမပေးနိုင်တော့တာ နှမြောစရာပဲ”
ဖုန့်ကျစ်ရီက အမူအရာကင်းမဲ့နေ၏။
သူမသည် ငယ်ရွယ်စဉ်ကတည်းက သူမ၏ မိဘနှစ်ပါးကို ဆုံးရှုံးခဲ့ရ၏။
ဒါ့အပြင် သူမ၏ မိဘနှစ်ပါး သေဆုံးခဲ့သည်ကို သူမ၏ မျက်စိနှင့် ကိုယ်တိုင်မြင်တွေ့ခဲ့ရ၏။ အဲဒါက သူမ၏ နှလုံးသားထဲမှာ ကုသ၍ မရနိုင်သော ဒဏ်ရာတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ထိုစဉ်ကတည်းက သူမက နှုတ်ဆိတ်နေခဲ့၏။
သူမသည် လျှို့ဝှက်မရဏဂိုဏ်း၏ ကျင့်ကြံရေးနည်းစနစ်များစွာကို ကျင့်ကြံခဲ့ခြင်းနှင့်အတူ သူမက ပို၍ပင်အေးစက်လာခဲ့ပြီး လူတိုင်းအပေါ်ကို သတိထားတတ်လေသည်။
သူမသည် ကြောက်ရွံ့ခြင်း၊ ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်းနှင့် တခြားအရာအများအပေါ် ခံစားနိုင်စွမ်း ပျောက်ဆုံးလာပုံရ၏။
သူမက ထိုအခိုက်အတန့်မှာ ဝမ်းနည်းနေပြီး ထွက်ခွာမသွားချင်လျှင်တောင် သူမက မည်သည့်စိတ်ခံစားချက်ကိုမှ ထုတ်ဖော်ပြသခြင်း မရှိပေ။
သူမက ပကတိအင်မော်တယ် ညသင်္ချိုင်းကိုသာ ခေါင်းမာစွာဖြင့် စောင့်ရှောက်ပေးနေ၏။
သူမက ဤနေရာမှာ ဆက်နေမည်ဆိုလျှင် သူတို့နှစ်ယောက်စလုံးက ပိုမိုကြီးမားသောအန္တရာယ်နှင့် ကြုံတွေ့ရနိုင်သည်ဆိုတာကို သူမ သိရှိထားတာတောင်မှဖြစ်လေသည်။
ရုတ်တရက် ပကတိအင်မော်တယ် ညသင်္ချိုင်းက သက်ပြင်းချလိုက်၏။
“ညီအစ်ကိုဖုန့်…. ပကတိမိုးကြိုးမြို့တော်မှာ မင်းပိတ်မိနေခဲ့တုန်းက ငါက ယွင်ကျိုးနဲ့ ရွှမ်စုကို ကာကွယ်မပေးနိုင်ခဲ့ဘူး… ဒီနှစ်တွေအားလုံးထဲမှာ ငါက အမြဲတမ်း စိတ်မလုံသလို ခံစားနေခဲ့ရတယ်”
“ဆရာ… အဲဒါက ရှင့်အမှား မဟုတ်ပါဘူး”
ထိုနာမည်နှစ်ခုကို ကြားချိန်မှာ ဖုန့်ကျစ်ရီ၏ နှလုံးသားက တစ်စုံတစ်ရာနှင့် ထိုးဖောက်ခံလိုက်ရသည့်အလား သူမက ခံစားလိုက်ရ၏။ ဖုန့်ယွင်ကျိုးနှင့် လုရွှမ်စုက သူမ၏ မိဘနှစ်ပါးဖြစ်လေသည်။
ပကတိအင်မော်တယ် ညသင်္ချိုင်းက ပြောလိုက်၏။
“ကျစ်ရီ… မိစ္ဆာမဟာနယ်မြေကိုသွား… အခုသွားတော့… ညီအစ်ကိုဖုန့် ရှိနေသရွေ့ သူက မင်းကို အပြည့်အဝ အကာအကွယ်ပေးနိုင်လိမ့်မယ်… မင်းက ဒီလောကမှာ သူ့ရဲ့ နောက်ဆုံးနဲ့ တစ်ဦးတည်းသော ဆွေမျိုးပဲ”
“မင်းတို့တွေ ဒီနေ့ ဘယ်သူမှ ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး”
ထိုစဉ်မှာပင် ကောက်ရိုးတဲ၏ အပြင်ဘက်ကနေ အသံတစ်သံထွက်ပေါ်လာ၏။ ထိုအသံက အနည်းငယ်အေးစက်နေပြီး အဘက်ဘက်ကနေ ဝင်ရောက်လာသည့်အလား အသံထွက်ပေါ်လာရာဘက်ကို ခန့်မှန်း၍ မရနိုင်ပေ။
ထိုအသံကို ကြားသောအခါ ပကတိအင်မော်တယ် ညသင်္ချိုင်း၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး သူက လက်သီးနှစ်ဖက်ကို အလိုလိုဆုပ်လိုက်၏။
ရုတ်တရက်ဆိုသလို….
ပြင်းထန်သော လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး ကောက်ရိုးတဲက ပြိုကျသွား၏။
ဖုန့်ကျစ်ရီက အမြုတေချီလုံးတစ်လုံးကို ဆင့်ခေါ်ပြီး ပကတိအင်မော်တယ် ညသင်္ချိုင်းကို ကာကွယ်ပေးလိုက်၏။
သိပ်မကြာခင် ဖုန်လုံးများက စဲသွား၏။
ပုံရိပ်များစွာက စွမ်းအားကြီးမားသော အော်ရာများနှင့်အတူ လေထဲမှာ မတ်တတ်ရပ်နေကြသည်။ သူတို့၏ နေရာယူပုံက ပေါ့ပေါ့ပါးပါးရှိသည့်ပုံပေါ်သော်လည်း သူတို့က ဤနေရာကို ဝိုင်းပတ်ပိတ်ဆို့ပြီးသွားလေပြီ။
သူတို့၏ ခေါင်းဆောင်သည် ဝါးခမောက်တစ်လုံးကို ဆောင်းထားပြီး သူ့မျက်နှာကို အနက်ရောင်ပိတ်စဖြင့် ဖုံးအုပ်ထားကာ ရှည်လျား၍ အေးစက်နေသော မျက်လုံးတစ်စုံကိုသာ ထုတ်ဖော်ထား၏။
အဲဒါသည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ၏ မဟာဓားအင်မော်တယ် သုံးဦးထဲမှ တစ်ဦးဖြစ်သော ကြွယ်ဝူယင်းဖြစ်လေသည်။
ခပ်လှမ်းလှမ်းမှာ ထောင်နှင့်ချီသော ကောင်းကင်အာဏာပါးကွက်သား အစောင့်တပ်သားများကလည်း ပြေးလာနေကြပြီး ဤနေရာကို ရောက်ရှိလာတော့မည်ဖြစ်သည်။
ထိုအစုအဖွဲ့ကို တွေ့မြင်သောအခါ ပကတိအင်မော်တယ် ညသင်္ချိုင်း၏ မျက်လုံးများက စိတ်ပျက်အားငယ်မှုဖြင့် ပြည့်နှက်သွား၏။
မည်သည့်အခွင့်အရေးမှ မရှိတော့ပေ။
သူ၏ အထွတ်အထိပ်အခြေအနေမှာပင်လျှင် သူနှင့် ဖုန့်ကျစ်ရီအနေဖြင့် ဤကဲ့သို့သော ဝိုင်းပတ်ပိတ်ဆို့မှုကနေ ထွက်ပြေးလွတ်မြောက်နိုင်ဖို့ လွယ်ကူလိမ့်မည် မဟုတ်ပေ။
ပကတိအင်မော်တယ် ညသင်္ချိုင်းက အသက်အောင့်၍ ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လိုက်၏။ သူက လေထဲကနေ ဦးဆောင်လာသော ဝါးခမောက်ဆောင်းထားသည့် အမျိုးသားကို ကြည့်ပြီး ပြောလိုက်၏။
“ကြွယ်ဝူယင်း… ဒီနေ့ ငါက မင်းလက်ထဲမှာ သေရတော့မယ်… ဒါပေမဲ့ ငါတို့ရဲ့တစ်ခါက ဆရာတပည့်ဆက်ဆံရေးကို ထောက်ထားပြီး သူ့အသက်ကို ကျေးဇူးပြုပြီး ချမ်းသာပေးပါ”
“ဒီကလေးက အဆင့်-၃ ကောင်းကင်အင်မော်တယ်တစ်ယောက်ပဲ… သူက မင်းကို လုံးဝခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး”
ပကတိအင်မော်တယ် ညသင်္ချိုင်းက သူ့ဘေးမှာရှိသော ဖုန့်ကျစ်ရီကို ကြည့်ပြီး မောဟိုက်နေ၏။
“ဆရာ… သူ့ကို တောင်းပန်နေစရာ မလိုဘူး”
ဖုန့်ကျစ်ရီက အမူအရာကင်းမဲ့စွာ ပြောလိုက်၏။
“အဲဒါနဲ့ပတ်သက်ပြီး မပူပါနဲ့… အနည်းဆုံးတော့ သူက အခုချိန် သေဦးမှာ မဟုတ်သေးဘူး”
ကြွယ်ဝူယင်းက ပြောလိုက်၏။
“ငါတို့က ဖုန့်စန်းထျန်ကို မျှားခေါ်ထုတ်ဖို့အတွက် သူ့ကို အသုံးချရဦးမယ်… အဲဒီအချိန်ကျမှ ငါတို့က သူတို့နှစ်ယောက်ကို တမလွန်ကို ပို့ပေးမယ်”
ကြွယ်ဝူယင်းကလည်း စကားပြောသည့်အခါ မည်သည့်စိတ်ခံစားချက်မှ မပါပေ။
“ကြွယ်ဝူယင်း…”
ပကတိအင်မော်တယ် ညသင်္ချိုင်းက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ရုတ်တရက်အော်ငေါက်လိုက်၏။
“အရင်တုန်းက မင်းက သနားစရာကောင်းနေတာတွေ့လို့ ငါက မင်းကို ကယ်တင်ခဲ့တာ… မင်းရဲ့အတတ်ပညာတွေ အားလုံးကိုလည်း ငါပဲ သင်ပေးခဲ့တာ… အခု မင်းက သခင်ကို သစ္စာဖောက်တဲ့ ကျေးဇူးကန်းတဲ့ ခွေးတစ်ကောင်ဖြစ်နေပြီပဲ”
“မင်းသာ အရင်တုန်းက အကြွင်းအကျန်ညကို သစ္စာမဖောက်ခဲ့ရင် ရွှမ်စုက မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ လက်ထဲကို ကျရောက်ခဲ့မှာ မဟုတ်ဘူး… အဲဒီတိုက်ပွဲမှာ ယွင်ကျိုးကလည်း ဘုရင်ကျင်းရဲ့ အမွေဆက်ခံသူကို ရှုံးနိမ့်ခဲ့မှာ မဟုတ်ဘူး”
ကြွယ်ဝူယင်းက မျက်နှာဖုံးတစ်ခုကို တပ်ထားပြီး ဝါးခမောက်တစ်လုံးကို ဆောင်းထားကာ မည်သူကမှ သူ့မျက်နှာကို မမြင်ရပေ။
သို့သော်လည်း ထုတ်ဖော်ထားသော သူ၏ ရှည်လျားကျဉ်းမြောင်းသော မျက်လုံးများက ပို၍ပင် ထက်ရှလာခဲ့၏။
ကြွယ်ဝူယင်းက ပြောလိုက်၏။
“အဘိုးကြီး… ခင်ဗျားတို့တွေက အဲ့တုန်းက တော်တော်နုံအပြီးတော့ ရယ်စရာကောင်းခဲ့တာပဲ… ခင်ဗျားတို့က မဟာကျင်းအင်မော်တယ်နိုင်ငံကို ဆန့်ကျင်ဖို့အတွက် အကြွင်းအကျန်ညကိုတောင်မှ ဖန်တီးချင်ခဲ့သေးတာကိုး”
“ကျောက်နံရံကို ကြက်ဥနဲ့ ပေါက်ရမယ့် လုပ်ရပ်မျိုး ကျုပ်သေချာပေါက် လုပ်မှာမဟုတ်ဘူး”
“ခင်ဗျားတို့တွေသေချင်နေတယ်ဆိုလည်း ကျုပ်ကတော့ ပါမှာ မဟုတ်ဘူး”
ပကတိအင်မော်တယ် ညသင်္ချိုင်းက ထိုစကားကို ကြားသောအခါ သူက ကျိန်ဆဲလိုက်၏။
“ကျေးဇူးကန်းတဲ့ ခွေးသူခိုးကောင်… မင်းလည်း အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး”
“အဲ့လိုလား”
ကြွယ်ဝူယင်းက မှင်သေသေဖြင့် ပြောလိုက်၏။
“ကံဆိုးတာကတော့ ခင်ဗျားက အဲဒါကို မြင်ရမှာ မဟုတ်တော့ဘူး… ကျုပ်က ခင်ဗျားကို ဒီနေ့အရင်ဆုံး သတ်ပေးမယ်”
“နေကြပါဦး”
ထိုစဉ်မှာပင် အသံတစ်သံ ထွက်ပေါ်လာ၏။ ။
ထို့နောက် ချက်ချင်းပင် ရာနှင့်ချီသော ကျင့်ကြံသူများက ပျံသန်းလာကြ၏။ သူတို့၏ ခေါင်းဆောင်က အမျိုးသားတစ်ယောက်ဖြစ်သော်လည်း သူက အလွန်တရာ ရုပ်ရည်ချောမောလေသည်။ သူက ယန်ယန်းအင်မော်တယ်နိုင်ငံ၏ ရှဲ့ချင်းချန်ဖြစ်လေသည်။
သူသည် အနီးအနားကနေ စောင့်ကြည့်နေသည်မှာ အတော်ကြာခဲ့ပြီဖြစ်သော်လည်း သူက ပေါ်ထွက်မလာခဲ့ပေ။
သူဦးဆောင်လာသည့် ကျင့်ကြံသူရာချီက ကောင်းကင်အင်မော်တယ် ပညာရှင်များဖြစ်ပြီး ပကတိအင်မော်တယ် တစ်ဦးမှမပါပေ။ မဟာကျင်းအင်မော်တယ်နိုင်ငံဘက်နှင့် ယှဉ်လျှင် ခွန်အားကွာဟချက်က အရမ်းကို ကြီးမားနေ၏။
ထို့ကြောင့်ပင်လျှင် သူက ချက်ချင်းပေါ်ထွက်မလာခဲ့ခြင်းဖြစ်သည်။
ယခု ပကတိအင်မော်တယ် ညသင်္ချိုင်းက အန္တရာယ်ကျရောက်လာပြီး ရှဲ့ချင်းချန်က ဆက်လက်၍ ဂရုမစိုက်နိုင်တော့ဘဲ အံကိုကြိတ်ကာ ရှေ့သို့ထွက်လာခဲ့ရ၏။
သူထင်တာ မမှားဘူးဆိုလျှင် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ လူများက ဤနေရာကို အသည်းအသန် လာနေလောက်လေပြီ။ သူက တတ်နိုင်သမျှ အချိန်ဆွဲထားရပေမည်။
“မဆိုင်ရင် ဝင်မပါတာ အကောင်းဆုံးပဲ”
ကြွယ်ဝူယင်းက ရှဲ့ချင်းချန်ကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်၏။
သူသည် ရှဲ့ချင်းချန်နှင့် တခြားသူများကို သတိထားမိနေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သော်လည်း သူက သူတို့ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။
အကြောင်းမှာ ဤလူများသည် သူ့အတွက် ဘာမှမဟုတ်ဘဲ ခြိမ်းခြောက်မှု မရှိသောကြောင့်ဖြစ်၏။
ရှဲ့ချင်းချန်က ညင်သာစွာပြုံးပြီး မဟာကျင်းအင်မော်တယ်နိုင်ငံမှ ပကတိအင်မော်တယ်ပညာရှင်များထံ သူ့၏ လက်နှစ်ဖက်ကို ယှက်ပြကာ ကျယ်လောင်စွာ ပြောလိုက်၏။
“ကျုပ်က ရှဲ့ချင်းချန်… ယန်ယန်းအင်မော်တယ်နိုင်ငံက မင်းသားတစ်ပါးပဲ”
“ကျုပ်က အရေးကြီးတဲ့ကိစ္စတစ်ခုအတွက် ဒီကိုရောက်လာတာ… ကျုပ်က ပကတိအင်မော်တယ် ညသင်္ချိုင်းနဲ့ မိန်းမပျိုဖုန့်ကို ယန်ယန်းအင်မော်တယ်နိုင်ငံမြို့တော်ဆီ ဖိတ်ခေါ်ချင်တယ်”
ပကတိအင်မော်တယ် ညသင်္ချိုင်းနှင့် ဖုန့်ကျစ်ရီက တွေဝေရှုပ်ထွေးစွာဖြင့် ရှဲ့ချင်းချန်ကို ကြည့်လိုက်ကြ၏။
သူတို့နှစ်ယောက်သည် ဤရုပ်ချောချောမင်းသားကို လုံးဝမသိရှိသလို သူက ဘာကြောင့် ရုတ်တရက်ပေါ်ထွက်လာသလဲ မသိရပေ။
ဒါ့အပြင် ရှဲ့ချင်းချန်က သူတို့ဘက်မှာ ရှိပုံရလေသည်။
“ယန်ယန်းအင်မော်တယ်နိုင်ငံကိုပဲဖြစ်ဖြစ်… မင်းသားတစ်ပါးအဖြစ် မင်းရဲ့အဆင့်အတန်းကိုပဲဖြစ်ဖြစ်… ထုတ်ဖော်ပြောဆိုနေစရာ မလိုတော့ဘူး”
ကြွယ်ဝူယင်းက မှင်သေသေဖြင့် ပြောလိုက်၏။
“မင်းတို့ဘက်မှာ ပကတိအင်မော်တယ်တစ်ယောက်မှ မပါဘူး… ငါထင်တာ မမှားဘူးဆိုရင် မင်းကလည်း အလုပ်မရှိအကိုင်မရှိ မင်းသားတစ်ပါးပဲ”
ရှဲ့ချင်းချန်၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိသော်လည်း သူက စိတ်ထဲကနေ ကြိတ်၍ ညည်းတွားလိုက်၏။