တော်တော်နားငြီးတာပဲ
Vol. 164 Ch. 2458
အင်မော်တယ်ဘုရင်ယန်ယန်းမှာ ကိုယ်လုပ်တော်များစွာရှိပြီး မျိုးဆက်များလည်းများစွာရှိလေသည်။ သူ့မှာ သားသမီးများ အရေအတွက်ရာချီရှိသည်ဟုဆိုလေသည်။
တော်ဝင်မျိုးဆက်သွေးပါသည့် မည်သူမဆို မင်းသား သို့မဟုတ် မင်းသမီးများ၏ ဘွဲ့ကို ခံယူနိုင်၏။ သို့သော်လည်း မင်းသားများကြား အဆင့်အတန်းကွာဟချက်က အရမ်းကို သိသာထင်ရှားလေသည်။
မဟာကျင်းအင်မော်တယ်နိုင်ငံမှာ တိုင်းပြည် ၁၆ခု ရှိပြီး အင်မော်တယ်မြို့တော်ပေါင်းတစ်ထောင်ကျော်ရှိလေသည်။ ယန်ယန်းအင်မော်တယ်နိုင်ငံမှာ တိုင်းပြည်ပေါင်း၂၃ခု ရှိပြီး အင်မော်တယ်မြို့တော်ပေါင်း နှစ်ထောင်ကျော်ရှိလေသည်။
တိုင်းပြည်တစ်ခုကိုအုပ်စိုးသော မင်းသားများကိုသာလျှင် ယန်ယန်းအင်မော်တယ်နိုင်ငံ၏ အစစ်အမှန်စွမ်းအားနှင့် မင်းသားများအဖြစ် သတ်မှတ်နိုင်သည်။
အခြားသောမင်းသားများနှင့် မင်းသမီးများကတော့... သူတို့သည် ရာထူးတစ်စုံတစ်ရာမရှိသော မင်းသား မင်းသမီးများသာဖြစ်၏။
အရင်တုန်းက သိုင်းတာအိုပင်မခန္ဓာ၏ လက်ထဲမှာသေခဲ့ရသော ရှဲ့ထျန်ဟုန်သည် စိတ်ဝိညာဥ်တိုင်းပြည်ကို အုပ်စိုးခဲ့သော မင်းသားဖြစ်လေသည်။ သူက အလွန်တရာစွမ်းအားကြီးမားပြီး သူ့ကို စောင့်ရှောက်ပေးနေသည့် ပကတိအင်မော်တယ်ပညာရှင်များ ရှိရုံသာမက သူသည် ပကတိအင်မော်တယ်အရေအတွက်တစ်ခုကိုပါ ဆင့်ခေါ်နိုင်လေသည်။
ရှဲ့ချင်းချန်လို ရာထူးမရှိသောမင်းသားများကတော့... သူတို့သည်အလွန်ဆုံး ကောင်းကင်အင်မော်တယ်များကိုသာ ဆင့်ခေါ်နိုင်၏။
အင်မော်တယ်သုံးနိုင်ငံကြား အခြေအနေက မတိမ်းမယိမ်းဖြစ်ကြလေသည်။
ဥပမာအားဖြင့် ယန်ယန်းအင်မော်တယ်နိုင်ငံမှာ အမိန့်အာဏာရှိသောမင်းသားတစ်ပါး၏ နေရာက သိမ်းပိုက်ဖယ်ရှားခံရမည်ဆိုလျှင်တောင် အထူးချွန်ဆုံး အရိုက်အရာဆက်ခံသူများကို ရွေးချယ်ဖို့အတွက် အင်မော်တယ်ဘုရင်ယန်ယန်းက သူ၏ မျိုးဆက်များအကြား ယှဥ်ပြိုင်တိုက်ခိုက်မှုကို ခွင့်ပြုထားပေလိမ့်မည်။
ထိုကဲ့သို့ ရာထူးမရှိသော မင်းသားများနှင့် ပိုင်နက်နယ်မြေတစ်ခုကို အမှန်တကယ်ထိန်းချုပ်ထားသော မင်းသားများအကြား အဆင့်အတန်းကွာဟချက်ကြီးမားသောကြောင့် ကြွယ်ဝူယင်းက ရှဲ့ချင်းချန်ကို အလေးအနက်ထားခြင်းမရှိပေ။
“ဖုန့်ကျစ်ရီကို ခေါ်ထုတ်သွား... အဖိုးကြီးကိုတော့ ငါ့အတွက်ထားလိုက်”
ကြွယ်ဝူယင်းက အေးစက်စွာပြောလိုက်၏။
အောက်ဘက်မှာရှိသော အာဏာပါးကွပ်သားအစောင့်တပ်သားများက နာခံပြီး ဖုန့်ကျစ်ရီကို ဝိုင်းပတ်လိုက်ကြသည်။
ရှဲ့ချင်းချန်က မျက်မှောင်ကြုတ်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။ သူက သူ၏ နောက်ဘက်မှာရှိသော ကောင်းကင်အင်မော်တယ်ရာချီကိုဦးဆောင်ကာ အာဏာပါးကွက်သားအစောင့်တပ်သားများထံကနေ ဖုန့်ကျစ်ရီနှင့် ပကတိအင်မော်တယ်ညသင်္ချိုင်းကို ကာပေးလိုက်၏။
“ရှဲ့ချင်းချန်... ငါ့ရဲ့စိတ်ရှည်နိုင်စွမ်းကို အကဲစမ်းမနေနဲ့”
ကြွယ်ဝူယင်းက ပြောလိုက်၏။
“ငါထပ်ပြောမယ်... မဆိုင်ရင်ဝင်မပါနဲ့”
ရှဲ့ချင်းချန်က ပြုံးပြလိုက်၏။
“အဆင့်မြင့်အင်မော်တယ်ဝူယင်း... ကျေးဇူးပြုပြီး သနားညှာတာမှုပြပေးပါ... သူတို့တွေက အနာဂတ်မှာ ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ သေချာပေါက်ပြန်ပေါ်မလာစေရဘူးလို့ ကျုပ်အာမခံပေးတယ်”
“သတိထား”
ထိုစဥ်မှာပင် ပကတိအင်မော်တယ်ညသင်္ချိုင်းက ရုတ်တရက်သတိပေးလိုက်၏။
ဖောက်...
ရှဲ့ချင်းချန်က မတုံ့ပြန်နိုင်ခင်မှာပင် သူ၏ ရင်ဘတ်မှ စူးရှသောနာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး သွေးများက ပန်းထွက်လာ၏။ သူ၏ သွေးချီက လျင်မြန်စွာယိုယွင်းသွားလေသည်။
ရှဲ့ချင်းချန်က သူ၏ ရင်ဘတ်ကိုအုပ်ကိုင်ပြီး ခပ်သဲ့သဲ့ ညည်းတွားလိုက်၏။
ကြွယ်ဝူယင်းတိုက်ခိုက်လိုက်သည်ကို မည်သူကမှ မတွေ့မြင်ခဲ့ရပေ။ သို့သော်လည်း သူ၏ ရင်ဘတ်က ထိုးဖောက်ခံလိုက်ရပြီး သူ၏ နှလုံးက ပေါက်ကွဲထွက်သွား၏။
ဒါ့အပြင် ကြွယ်ဝူယင်းချန်ထားခဲ့သည့် အစစ်အမှန်အမြုတေဓားချီတစ်စက ကျန်ရစ်ခဲ့ဆဲဖြစ်ပြီး အချိန်တိုအတွင်းမှာ ဒဏ်ရာကို မကုသနိုင်အောင် တားဆီးထား၏။
ရှဲ့ချင်းချန်၏ ခန္ဓာကိုယ်က အနည်းငယ်တုန်ခါ၍ သူ၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွား၏။ သူက ချွေးပြန်နေပြီဖြစ်လေသည်။ သို့သော်လည်း သူက ကြိုးစား၍ပြုံးပြလိုက်၏။
“မဟာဓားအင်မော်တယ်သုံးဦးထဲက တစ်ဦးဆိုတဲ့အတိုင်းပဲ ခင်ဗျားရဲ့အရိပ်မဲ့ဓားက လုံးဝကိုအသံတိတ်ပဲ... ဘာအရိပ်အယောင်မှတောင် မမြင်လိုက်ရဘူး”
“အဲဒါက မင်းအတွက် သင်ခန်းစာတစ်ခုပဲ”
ကြွယ်ဝူယင်းက ရှဲ့ချင်းချန်ကို သူ၏ ရှည်လျားကျဥ်းမြောင်းသောမျက်လုံးများဖြင့် ငုံ့ကြည့်လိုက်၏။
“နောက်တစ်ခါဆိုရင် ငါက ငါ့ဓားနဲ့ မင်းရဲ့အမြုတေစိတ်ဝိညာဥ်ကို ထိုးဖောက်ပစ်မယ်”
“လက်စသတ်တော့... ဂမ္ဘီရမိုးကောင်းကင်ရဲ့ မဟာဓားအင်မော်တယ်သုံးဦးထဲက ကြွယ်ဝူယင်းက အားနည်းတဲ့သူတွေကိုအနိုင်ကျင့်တဲ့သူပဲ”
ထိုစဥ်မှာပင် အသံတစ်သံနှင့်အတူတွဲဖက်၍ လှပသောကြော့ရှင်းသော အပျော်စီးသင်္ဘောစိတ်ဝိညာဥ်ယာဥ်ပျံတစ်စင်းက လေထုကိုဖြတ်ကျော်ပြီး တစ်ခဏချင်းမှာပင် သူတို့ရှေ့သို့ရောက်ရှိလာ၏။
အပျော်စီးသင်္ဘောပေါ်မှာ လူသုံးယောက်မတ်တတ်ရပ်နေပြီး နှစ်ယောက်က အမျိုးသားဖြစ်၍ တစ်ယောက်က အမျိုးသမီးဖြစ်သည်။
ရှဲ့ချင်းချန်က ရောက်ရှိလာသူကို တွေ့မြင်သောအခါ သူက အနည်းငယ်စိတ်သက်သာရာရသွား၏။
“ကျစ်ရီ... ကြည့်ဦး”
အပျော်စီးသင်္ဘောပေါ်မှ လူတစ်ယောက်ကို တွေ့မြင်သောအခါ ပကတိအင်မော်တယ်ညသင်္ချိုင်း၏ မှုန်ရီဝေဝါးနေသောမျက်လုံးများက အလင်းတစ်ချက်ဖျတ်ခနဲလက်သွား၏။
“အဲဒါ သူပဲ”
ဖုန့်ကျစ်ရီက တစ်ချက်ကြည့်ပြီး သင်္ဘောပေါ်မှာ အစိမ်းရောင်ဝတ်စာပေသမားကို တွေ့မြင်သောအခါ သူမ၏ ရင်ထဲမှာ လှုပ်ခတ်သွား၏။
အပျော်စီးသင်္ဘောပေါ်မှ လူသုံးယောက်သည် ဆူဇီမို၊ ယန်လောရှုနှင့် မင်းသမီးသက်တံနီတို့ ဖြစ်ကြလေသည်။
“ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်လား”
ကြွယ်ဝူယင်းက တစ်ချက်ဝေ့ကြည့်လိုက်ပြီး ဆူဇီမိုနှင့် အခြားသူများ၏ ခါးများပေါ်မှ ဂိုဏ်းတံဆိပ်ပြားများကို တွေ့မြင်သောအခါ သူက မပြောင်းမလဲသောအမူအရာဖြင့် တီးတိုးရေရွတ်လိုက်၏။
“အစ်ကိုချင်းချန်..”
မင်းသမီးသက်တံနီက ရှဲ့ချင်းချန်၏ ပုံစံကို တွေ့မြင်သောအခါ သူမ၏ အမူအရာကပြောင်းလဲသွားပြီး ထိတ်လန့်တကြားအော်ခေါ်လိုက်၏။ သူမက အပျော်စီးသင်္ဘောပေါ်ကနေ ခုန်ဆင်းပြီး ရှေ့သို့ပြေးသွား၏။
ရှဲ့ချင်းချန်က ကြိုးစား၍ ပြုံးပြလိုက်၏။
“ငါအဆင်ပြေပါတယ်.. ငါဒီကပြန်သွားပြီး အနားယူလိုက်ရင် ကောင်းသွားမှာပါ”
“အစ်ကိုရှဲ့”
ဖျတ်ခနဲဆို ဆူဇီမိုကလည်း ရှဲ့ချင်းချန်၏ ဘေးသို့ ရောက်ရှိလာ၏။ သူက စိုးရိမ်ပူပန်နေပြီး သူ၏ ရင်ထဲရှိ သိပ်သည်းပြင်းထန်သောအမျက်ဒေါသကို ဖိနှိမ်ထား၏။
သူက ဒဏ်ရာရထားတာတောင် ရှဲ့ချင်းချန်က စိတ်လက်ပေါ့ပါးသယောင်ဟန်ဆောင်ပြီး ကျီစယ်လိုက်၏။
“မင်းတို့တွေ နောက်ဆုံးတော့ ဒီကိုရောက်လာကြပြီပဲ... မင်းတို့သာ နောက်ထပ်နည်းနည်း ထပ်ပြီးနောက်ကျမယ်ဆိုရင် ငါက တကယ်ထွက်ပြေးတော့မှာ”
“ကျေးဇူးတင်ပါတယ်”
ဆူဇီမိုက ရင်ထဲမှာ ထိသွား၏။ သူသည် တစ်စုံတစ်ရာပြောဆိုခြင်းမရှိသော်လည်း ဤသစ္စာရှိမှုကို သူ၏ ရင်ထဲမှာ မှတ်သားထားလိုက်၏။
ရှဲ့ချင်းချန်ကြောင့် မဟုတ်လျှင် သူသည် ဖုန့်ကျစ်ရီနှင့် ပကတိအင်မော်တယ်ညသင်္ချိုင်းကို ရှာဖွေနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။
ဒါ့အပြင် အချိန်ဆွဲဖို့အတွက် ရှဲ့ချင်းချန်သည် အန္တရာယ်ကိုပင်စွန့်စားပြီး ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့၏။
တကယ်ဆို ဆူဇီမိုသည် သူတို့ကိုစောင့်ကြည့်ထားဖို့သာ ရှဲ့ချင်းချန်ကိုမှာထားခြင်းဖြစ်၏။
ရှဲ့ချင်းချန်နှင့် ဖုန့်ကျစ်ရီက တစ်ယောက်ကိုတစ်ယောက် လုံးဝမသိရှိကြပေ။ သူက သူတို့ကို ဝင်ရောက်တားဆီးပေးခဲ့ခြင်းမရှိလျှင်တောင် ဆူဇီမိုက သူ့ကိုလုံးဝအပြစ်တင်မိလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ရှဲ့ချင်းချန်က ရှေ့သို့ထွက်လာခဲ့ဆဲဖြစ်သည်။
သူက အပေါ်ယံမှာ အောက်ကျို့တတ်သည့်ပုံပေါ်သော်လည်း သူ၏ ရင်ထဲမှာ ရဲဝင့်မှုရှိလေသည်။
ဆူဇီမိုက ဖုန့်ကျစ်ရီနှင့် ပကတိအင်မော်တယ် ညသင်္ချိုင်း၏ ရှေ့သို့ ရောက်ရှိလာခဲ့၏။ သူက ပျက်ယွင်းနေသောအမူအရာဖြင့် မျက်မှောင်ကြုတ်လိုက်၏။
သူ၏ အတွေ့အကြုံအရ ပကတိအင်မော်တယ်ညသင်္ချိုင်းက သူ၏ လမ်းဆုံးသို့ ရောက်ရှိနေပြီဆိုတာကို သူပြောနိုင်လေသည်။
သူ၏ ထိခိုက်ဒဏ်ရာများနှင့်အတူ ပကတိအင်မော်တယ်ညသင်္ချိုင်းက အချိန်မရွေးသေဆုံးသွားနိုင်၏။
“ကောင်လေး... မင်းဒီကိုရောက်လာပြီပေါ့”
ပကတိအင်မော်တယ်ညသင်္ချိုင်း၏ နှုတ်ခမ်းထောင့်က အနည်းငယ်တွန့်သွားပြီး သူက အပြုံးတစ်ခုကို ဖျစ်ညှစ်ထုတ်ဖော်ဖို့ကြိုးစားနေ၏။
ဖုန့်ကျစ်ရီက တစ်စုံတစ်ရာပြောဆိုခြင်းမရှိသော်လည်း ဆူဇီမိုကို လေးနက်စွာ ကြည့်နေသည်။
ဆူဇီမိုက တည်တံ့စွာဖြင့် ပြောလိုက်၏။
“စီနီယာ... မပူပါနဲ ကျုပ်ခင်ဗျားတို့တွေကို ခေါ်ထုတ်သွားပေးမယ်”
“ငါက သေရတော့မယ့်လူတစ်ယောက်ပဲ... ငါ့ကိုစိုးရိမ်မနေနဲ့”
ပကတိအင်မော်တယ်ညသင်္ချိုင်းက ပြောလိုက်၏။
“ကျစ်ရီကိုသာခေါ်သွားပြီး သူ့ကိုကောင်းကောင်းဂရုစိုက်ပေးပါ”
“ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က ဘယ်အချိန်တုန်းကတည်းက အဲလောက်ထိစပ်စပ်စုစုလုပ်တတ်သွားတာလဲ”
မဟာကျင်းအင်မော်တယ်နိုင်ငံမှ ပကတိအင်မော်တယ်တစ်ဦးက ရုတ်တရက်လှောင်ရယ်လိုက်၏။
“မင်းတို့တွေက သူတို့ကို မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ လက်ထဲကနေ ခေါ်ထုတ်သွားနိုင်မယ်လို့ မင်းတို့သုံးယောက်က တကယ်ပဲထင်နေတာလား”
ယန်လောရှုက ရှဲ့ချင်းချန်၏ ဘေးသို့ရောက်ရှိလာပြီး သူ၏ ရင်ဘတ်ကိုဖိချကာ ကြွယ်ဝူယင်းချန်ထားခဲ့သည့် အစစ်အမှန်အမြုတေကို ဖယ်ရှားရှင်းလင်းပစ်ပေးချင်နေ၏။
သို့သော်လည်း သူက အကြိမ်ရေအနည်းငယ်ဆက်တိုက်ကြိုးစားပြီးနောက် ကျရှုံးသွားလေသည်။
ကြွယ်ဝူယင်းသည် သုခဘုံလေဟာနယ်ပကတိအင်မော်တယ်တစ်ဦးဖြစ်ပြီး ယန်လောရှုကတော့ ပေါင်းစည်းခြင်းပကတိအင်မော်တယ်တစ်ဦးသာဖြစ်၏။ သူတို့ကြားကွာဟချက်က အရမ်းကိုကြီးမားနေ၏။
ကြွယ်ဝူယင်းက ယန်လောရှု၏ အပြုအမူကိုကြည့်ပြီး ပြောလိုက်၏။
“စောစောက အားနည်းတဲ့လူကို အနိုင်ကျင့်တယ်လို့ပြောခဲ့တာမင်းမလား... မင်းရဲ့ကျင့်ကြံမှုနဲ့များ မင်းက ငါချန်ထားခဲ့တဲ့ အစစ်အမှန်အမြုတေဓားချီကို ရှင်းလင်းပစ်နိုင်မယ်လို့ ထင်နေတာလား”
“ဟီးဟီးဟီးဟီး... တက္ကသိုလ်က လူတွေအားလုံးက ဒီလောက်ထိ အသိဉာဏ်မဲ့ကြတာလား”
“အဲဒါဘယ်သူလဲ... သူ့ကိုကြည့်ရတာ မရင်းနှီးပါဘူး ငါသူ့ကို အရင်က မမြင်ဖူးဘူးနဲ့တူတယ်”
“သူ့ရဲ့ကျင့်ကြံမှုနယ်ပယ်အရဆို သူကမကြာသေးခင်ကမှ တက္ကသိုလ်ရဲ့ အမွေခံတပည့်တစ်ယောက်ဖြစ်လာတာဖြစ်မယ်”
“မင်းက ပကတိဧကနယ်ပယ်ကို ဝင်ရောက်ခါစပဲရှိသေးတယ်... မင်းကိုယ်မင်းတန်ခိုးရှင်တစ်ဦးလို့ တကယ်ပဲထင်နေတာလား... ငါမင်းကို အမှန်တရားတစ်ခုပြောပြမယ် မင်းလျှောက်ရမယ့်လမ်းက အရှည်ကြီးကျန်သေးတယ်”
မဟာကျင်းအင်မော်တယ်နိုင်ငံမှ အခြားသောပကတိအင်မော်တယ်များကလည်း သရော်တော်တော်အမူအရာများနှင့် လှောင်ရယ်လိုက်ကြ၏။
“နင်တို့တွေ တော်တော်နားငြီးတာပဲ”
ရုတ်တရက် အပျော်စီးသင်္ဘော စိတ်ဝိညာဥ်ယာဥ်ပျံ၏ အခန်းတစ်ခန်းထဲကနေ အသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံက မဟာကျင်းအင်မော်တယ်နိုင်ငံမှ လူတိုင်းအပေါ် အထင်အမြင်သေးမှုနှင့် စက်ဆုပ်ရွံရှာမှုကို ဖုံးကွယ်မထားဘဲ ထိုအသံက အလွန်တရာသာယာနာပျော်ဖွယ်ကောင်းနေ၏။
ထို့နောက် ချက်ချင်းပင် အပျော်စီးသင်္ဘောထဲကနေ အမျိုးသမီးတစ်ဦးလျှောက်လှမ်းထွက်လာပြီး ယာဥ်ဦးစွန်းမှာ မတ်တတ်ရပ်လိုက်၏။
ညင်သာသောလေပြည်တစ်ချက် တိုက်ခိုက်သွားပြီ အမျိုးသမီး၏ အဝတ်အစားများက တဖျပ်ဖျပ်လှုပ်ရှားသွား၏။
သူမမှာ လှပကြော့ရှင်းသော ပုံပန်းသဏ္ဌာန်ရှိပြီး သူမ၏ အနက်ရောင်ဆံပင်များကို စုချည်ထား၏။ သူမသည် ရှေးဟောင်းပန်းချီကားတစ်ချပ်ထဲကနေ လျှောက်လှမ်းထွက်လာသည့် ကောင်းကင်ဘုံကိုးလွှာမှ နတ်မိမယ်တစ်ပါးနှင့်တူပြီး ရင်သပ်ရှုမောဖွယ်ရာကောင်းလောက်အောင် ချောမောလှပလေသည်။
စောစောက လှောင်ပြောင်ရယ်မောသံများနှင့် အပြန်အလှန်ပြောဆိုသံများက ချက်ချင်းပင်ပျောက်ကွယ်သွား၏။
လူတိုင်း၏ အကြည့်များက အမျိုးသမီးပေါ်ဆင်းသက်သွားပြီး လုံးဝမခွာနိုင်ကြတော့ပေ။