← Chapters

ပကတိအင်မော်တယ်တစ်ယောက်ကိုသတ်ဖြတ်ခြင်း

Vol. 164 Ch. 2459

ပကတိအင်မော်တယ်တစ်ယောက်ကိုသတ်ဖြတ်ခြင်း

Vol. 164 Ch. 2459

မဟာနတ်မိမယ်လေးပါးထဲမှာ ပန်းချီအင်မော်တယ်က လျှို့ဝှက်ဆန်းကြယ်မှုအရှိဆုံးဖြစ်၏။

သူမသည် ပုံမှန်အားဖြင့် တံခါးပိတ်ကျင့်ကြံနေတတ်ပြီး အပြင်ဘက်မှာ ပေါ်ထွက်လာခဲလေသည်။ သူမကို အရင်က တွေ့မြင်ဖူးသောသူ များများစားစားမရှိပေ။

အပျော်စီးသင်္ဘောပေါ်မှ အမျိုးသမီးသည် အလွန်တရာချောမောလှပသည်ဟု လက်ရှိလူတိုင်းက ခံစားနေရ၏။ ယာဥ်ဦးစွန်းမှာ မလှုပ်မယှက် မတ်တတ်ရပ်နေခြင်းဖြင့် သူမသည် သူမ၏ ဘေးပတ်ဝန်းကျင်ကို သာယာလှပသော ပန်းချီကားတစ်ချပ်ထဲသို့ ထည့်သွင်းပေါင်းစည်းနေသည့်အလားပင်။

“ပန်းချီအင်မော်တယ်လား”

ကြွယ်ဝူယင်းသည် ပန်းချီအင်မော်တယ်၏ အစစ်အမှန်ရုပ်ရည်သွင်ပြင်ကို အရင်ကတစ်ခါမှ မတွေ့မြင်ဖူးခဲ့သော်လည်း အမျိုးသမီး၏ ခါးပေါ်မှ ဂိုဏ်းတံဆိပ်ပြားနှင့် သူမ၏ ခြေရင်းမှ အပျော်စီးသင်္ဘောကို တွေ့မြင်သောအခါ သူက အလျင်အမြန် ကောက်ချက်ချလိုက်၏။

ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေတစ်ခုလုံးမှာပင် ဤကဲ့သို့သော ရုပ်ရည်သွင်ပြင်နှင့် အော်ရာရှိသည့်သူ အနည်းအကျဥ်းမျှသာရှိလေသည်။

“သူက ပန်းချီအင်မော်တယ်မိုချင်ပဲ”

အာဏာပါးကွက်သားအစောင့်တပ်သားများကြားမှာ အာဏာပါးကွက်သား ခေါင်းဆောင်တပ်မှူးတစ်ယောက်က လေးနက်သောအသံဖြင့် ပြောလိုက်၏။

“အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာတုန်းက ကျုပ်က သူ့ကို တစ်ခါတွေ့ခဲ့ဖူးတယ်”

ဤခေါင်းဆောင်တပ်မှူးသည် အထီးကျန်ကြယ်ဖြစ်လေသည်။

အရင်တုန်းက သူသည် ဆူဇီမိုကို အမဲလိုက်ရန် အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲသို့ မင်းသားယွမ်ကျောနှင့်အတူ လိုက်ပါလာခဲ့ဖူးသည်။

“သူက နတ်မိမယ်မိုချင်ပဲ... ဒါကြောင့်ကိုး”

“ပန်းချီအင်မော်တယ်က ဒီကိစ္စအတွက် တကယ်ကြီးပေါ်ထွက်လာတာလား”

“ငါက... ဒီနေ့ဒီကိုရောက်လာတာ အလဟဿမဖြစ်တော့ဘူးပဲ ဟဲဟဲ”

မဟာကျင်းအင်မော်တယ်နိုင်ငံမှ ကျင့်ကြံသူများစွာက တောက်လောင်ပြင်းပြသောအကြည့်များနှင့်အတူ မိုချင်ကိုကြည့်ပြီး တိတ်တဆိတ်ဆွေးနွေးပြောဆိုနေကြ၏။

ပကတိအင်မော်တယ်များပင်လျှင် ကြွယ်ဝူယင်းကို အလိုလိုလှည့်ကြည့်လိုက်ကြ၏။

တစ်ဘက်လူက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ ယန်လောရှုသာဖြစ်မည်ဆိုလျှင် သူတို့သည် သူ့ကိုအလေးအနက်ထားလိမ့်မည်မဟုတ်ဘဲ သူတို့စိတ်ရှိသလို လှောင်ပြောင်သရော်ကြပေလိမ့်မည်။

သို့သော်လည်း နတ်မိမယ်မိုချင်၏ ရှေ့မှာ လူတိုင်းက သူတို့၏ အပြောအဆိုများကို ချုပ်တည်းထားရပေမည်။

မိုချင်က ယာဥ်ပျံပေါ်ကနေ ခုန်ဆင်းပြီး ရှဲ့ချင်းချန်ဘေးသို့ ရောက်ရှိလာ၏။ သူမက သူမ၏ သေးသွယ်သောလက်တစ်ဖက်ကို ဆန့်ထုတ်ပြီး ရှဲ့ချင်းချန်၏ ရင်ဘတ်ကို ဖိချလိုက်၏။

စွမ်းအားကြီးမား၍ ထူးဆန်းသော အစစ်အမှန်အမြုတေတစ်စက အထဲကို တလိပ်လိပ်တိုးဝင်သွားပြီး ​သူ၏ ခန္ဓာကိုယ်ထဲမှာ ​ကြွယ်ဝူယင်းချန်ထားခဲ့သည့် အစစ်အမှန်အမြုတေဓားချီကို တဖြည်းဖြည်းဖယ်ရှားပစ်လိုက်၏။

ကြွယ်ဝူယင်းက ပြောလိုက်၏။

“ပန်းချီအင်မော်တယ်မိုချင်... ကျုပ်ခင်ဗျားအကြောင်းကို အများကြီးကြားဖူးတယ်”

မိုချင်က သူ့ကို လှည့်မကြည့်ပေ။ သူမက ဆူဇီမိုရှိရာဘက်ကိုသာ တစ်ချက်ကြည့်ပြီး မှင်သေသေဖြင့် ပြောလိုက်၏။

“သူတို့နှစ်ယောက်ကို ငါခေါ်သွားမယ်”

ကြွယ်ဝူယင်းက ခဏမျှအသံတိတ်သွားပြီးနောက် ပြောလိုက်၏။

“ကျုပ်... အားတော့နာပါတယ်”

ဖုန့်ကျစ်ရီသည် ဖုန့်စန်းထျန်ကို မျှားခေါ်ထုတ်ဖို့အတွက် အရေးကြီးသော သော့ချက်တစ်ခုဖြစ်လေသည်။

ဖုန့်စန်းထျန်ကို ရှင်းလင်းပစ်ခြင်းနှင့် ပြဿနာကို အမြစ်ပါမကျန် တစ်ခါတည်းဆွဲနုတ်ဖို့က ဘုရင်ကျင်းနှင့် မဟာကျင်းအင်မော်တယ်နိုင်ငံအတွက် အလွန်တရာအရေးကြီးလေသည်။ သူက ဖုန့်ကျစ်ရီကို ထွက်သွားခွင့်မပေးနိုင်ပေ။

မိုချင်၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ မေးလိုက်၏။

“ငါက... သူတို့ကို မရမကခေါ်ထုတ်သွားမယ်ဆိုရင်ကော”

“အဲဒါဆိုရင်တော့ ကျုပ်စိတ်မကောင်းပါဘူး”

ကြွယ်ဝူယင်း၏ မျက်လုံးများက စိတ်ခံစားချက််များ ကင်းမဲ့နေ၏။

“ပန်းချီအင်မော်တယ်... တိုက်တိုက်ဆိုင်ဆိုင်ပဲ ခင်ဗျားဘယ်လောက်အစွမ်းထက်မလဲ ကျုပ်ကလည်းသိချင်နေတာ”

ကြွယ်ဝူယင်းသည် အကြွင်းအကျန်ညကို သစ္စာဖောက်၍ မဟာကျင်းအင်မော်တယ်နိုင်ငံသို့ ​ဝင်ရောက်ပြီးနောက် သူသည် ဓမ္မတာအိုများစွာကို ကျင့်ကြံဖို့ အခွင့်အရေးများရရှိခဲ့သော်လည်း သူ၏ အခြေခံအုတ်မြစ်က လုပ်ကြံသတ်ဖြတ်ခြင်းတာအိုဖြစ်နေဆဲပင်။

ကြွယ်ဝူယင်းက အမျိုးသမီးများကို လုံးဝဂရုမစိုက်တတ်ပေ။

သူတို့က သဘောထားတိုက်ဆိုင်မှုမရှိတော့ဘဲ စကားလုံးအနည်းငယ်မျှဖြင့် လေထုက တင်းကျပ်လေးလံလာခဲ့၏။

ယန်လောကရှုက ဆူဇီမိုထံ အသံတစ်ခုကို တိတ်တဆိတ်ပို့လွှတ်လိုက်၏။

“ဇီမို... တိုက်ပွဲဖြစ်ပွားလာပြီဆိုရင် သူတို့တွေကိုခေါ်ပြီး တတ်နိုင်သမျှမြန်မြန် ထွက်သွား... ငါက စီနီယာအစ်မမိုချင်နဲ့ပူးပေါင်းပြီး အတတ်နိုင်ဆုံး အချိန်ဆွဲပေးထားမယ်”

“ကြွယ်ဝူယင်းက ကိုင်တွယ်ဖို့ခက်ခဲတာလား”

ဆူဇီမိုက အသံတစ်ခုကိုပို့လွှတ်၍ မေးလိုက်၏။

“အဲဒီလူရယ်... စီနီယာအစ်ကိုယွဲ့ဟွားရယ်... အင်ပါယာလေဘုရားကျောင်းက ချွန်းဖုန်ကျန့်ရယ်က ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ မဟာဓားအင်မော်တယ်သုံးဦးရယ်လို့ ကျော်ကြားကြတယ်... သူ့ရဲ့တိုက်ခိုက်ရည်ခွန်အားက ဂမ္ဘီရမိုးကောင်းကင်ရဲ ပကတိအင်မော်တယ်တွေကြားမှာ ထိပ်ဆုံးဆယ်ယောက်ထဲ ရပ်တည်နိုင်တယ်”

ယန်လောရှုက ပြောလိုက်၏။

“စီနီယာအစ်မမိုချင်က သူ့ရဲ့ပန်းချီတာအိုမှာ ကျော်ကြားတယ်... ဒါပေမဲ့ သူက နောက်ဆုံးအဆင့်ဖြစ်တဲ့ သုခဘုံလေဟာနယ်နယ်ပယ်ကို ရောက်အောင်မကျင့်ကြံရသေးဘူး... အဲဒါကြောင့် သူ့ရဲ့တိုက်ခိုက်ရည်ခွန်အားက ကြွယ်ဝူယင်းထက် သေချာပေါက်နိမ့်ကျနေလိမ့်မယ်”

“ဒါပေမဲ့... စီနီယာအစ်မမိုချင်မှာ ပန်းချီစာအုပ်တစ်အုပ်ရှိတယ်လို့ ငါကြားဖူးတယ်... သူက အဲဒီပန်းချီစာရွက်တွေအားလုံးကို ဆုတ်ဖြဲပစ်လိုက်မယ်ဆိုရင် ငါတို့တွေက လေယလောဆယ်မှာ သူတို့ကို တားဆီးထားနိုင်လောက်တယ်”

လေထဲတွင်...။

မဟာကျင်းအင်မော်တယ်နိုင်ငံ၏ ပကတိအင်မော်တယ်တစ်ဦးက မျက်လုံးစွေကြည့်ပြီး ရုတ်တရက် ရယ်မောပြောဆိုလိုက်၏။

“ပန်းချီအင်မော်တယ်မိုချင်က တက္ကသိုလ်က တပည့်ဂိုဏ်းသားတစ်ယောက်... ယန်လောရှုနဲ့ ချစ်ကျွမ်းဝင်နေတယ်လို့ ငါကြားဖူးတယ်... အစကတော့ အဲဒါကကောလာဟလလို့ပဲ ငါကထင်တာ... အခု ငါကကိုယ်တိုင်မြင်တွေ့ရတော့မှပဲ ကောလာဟလတွေက အမှန်ဆိုတာကို သိရတော့တယ်”

ထိုပကတိအင်မော်တယ်ပညာရှင်သည် ဒုံမင်းအင်မော်တယ်မုန့်ယောင်ကဲ့သို့ပင် တူညီသောလှည့်ကွက်ကို ထပ်မံပြုလုပ်ပြီး မိုချင်၏ တာအိုနှလုံးသားကို တိုက်ခိုက်ချင်လေသည်။

အရင်တုန်းကသာဆိုလျှင် မိုချင်သည် တစ်ဘက်လူ၏ ထောင်ချောက်ထဲမှာ သေချာပေါက်ကျဆင်းသွားပေလိမ့်မည်။ သူမကိုယ်သူမ အပြစ်ကင်စင်ကြောင်းပြဖို့အတွက် ငြင်းဆန်ခြင်း သို့မဟုတ် တိတ်တဆိတ်မချင့်မရဲဖြစ်ခြင်းဖြင့် သူမ၏ တာအိုနှလုံးသားမှာ ဟာကွက်တစ်ခု ပေါ်ထွက်လာပေလိမ့်မည်။

သို့သော်လည်း အဝီစိမှာ အတွေ့အကြုံရရှိပြီးနောက် မိုချင်သည် အရင်ကနှင့်ဆက်လက်၍မတူတော့ပေ။ သူမသည် ထိုသူ၏ အတင်းအဖျင်းစကားကိုကြားသောအခါ မိုချင်၏ အမူအရာက မှင်သေသေဖြင့်ရှိနေပြီး ထိုပကတိအင်မော်တယ်ကို မော့ကြည့်ကာပြောလိုက်၏။

“မျက်စိပသာဒ သဘာဝရှုခင်း “

မိုချင်က သူမ၏ တာအိုသစ်သီးကို လှည့်ပတ်ပြီး သူမ၏ ဦးခေါင်းနောက်ဘက်တွင် ရောင်လျှံစက်ဝန်းတစ်ခု တောက်ပလာကာ သူမ၏ လက်ကို အနည်းငယ်မြှောက်လိုက်၏။

“ဝေါ...”

ချက်ချင်းပင် လှပသောပတ်ဝန်းကျင်များနှင့် ကီလိုမီတာထောင်ချီ မြစ်များနှင့်တောင်တန်းများက တုန်လှုပ်စရာကောင်းသော ပန်းချီကားတစ်ချပ်ကို ဖြစ်ပေါ်လာစေပြီး ထိုပကတိအင်မော်တယ်ကိုဖိချလိုက်၏။

မိုချင်သည် စကားတစ်ခွန်းမှမပြောဘဲ မဟာကျင်းအင်မော်တယ်နိုင်ငံ၏ ပကတိအင်မော်တယ်ကို အရင်စ၍တိုက်ခိုက်လိုက်လိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။

ဒါ့အပြင် သူမသည် ပန်းချီတာအိုမှာ သူမနားလည်ဆင်ခြင်ထားသည့် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို ​ထုတ်ဖော်လိုက်၏။

သူမတိုက်ခိုက်လိုက်သည့်ခဏမှာပင် အဲဒါက သနားညှာတာမှုမရှိဘဲ သတ်ဖြတ်ကွက်တစ်ကွက်ဖြစ်နေ၏။

မဟာကျင်းအင်မော်တယ်နိုင်ငံမှ ပကတိအင်မော်တယ်များကို မပြောနှင့် ဆူဇီမိုနှင့် ယန်လောရှုပင်လျှင် အချိန်မီ မတုံ့ပြန်နိုင်ကြပေ။

ပုံမှန်အားဖြင့် နှုတ်ဆိတ်၍ လောကီရေးရာများနှင့် ခပ်ခွာခွာနေတတ်သော အမျိုးသမီးတစ်ဦးသည် ရုတ်တရက် ဤကဲ့သို့ စီးပိုးခြယ်လှယ်သောပုံစံဖြင့် လူတစ်ယောက်ကို ရုတ်တရက်သတ်ဖြတ်ဖို့ကြိုးစားလာသည်ဆိုတော့...။ အဲဒါကို ဘယ်သူက ထင်မှတ်ထားမှာလဲ။

“မင်း...”

ပကတိအင်မော်တယ်က သူ၏ အန္တိမနတ်ဘုရားစွမ်းအားကို အချိန်မီမထုတ်ဖော်နိုင်တော့ဘဲ သူ၏ မူပိုင်စိတ်ဝိညာဥ်ရတနာကို အလောတကြီးဆင့်ခေါ်ကာ သူ့ရှေ့ကနေ ပိတ်ဆို့တားဆီးလိုက်၏။

ဘုန်း...

မျက်စိပသာဒ သဘာဝရှုခင်းက ဖိခြေကျဆင်းလာ၏။

မိုချင်၏ မျက်စိနှင့်မြင်နိုင်သော ခံ့ညားထည်ဝါသည့် တောင်တန်းများနှင့် တောင်ကြားများသည် မြစ်များ၊ ရေတံခွန်များ၊ မီးခိုးများ၊ တိမ်စိုင်များ၊ သဘာဝပေါက်ပင်များ၊ ငှက်များနှင့် တောကောင်များနှင့်အတူ ဆန့်တန်းထွက်ပေါ်လာပြီး သူတို့အားလုံးက ပန်းချီကားထဲသို့ ဆွဲယူသွင်းခံရကာ တစ်သားတည်းပေါင်းစည်းသွား၏။

“ဖောက်...”

ဤပကတိအင်မော်တယ်၏ ကျင့်ကြံမှုက မြင့်မားခြင်းမရှိဘဲ သူကပေါင်းစည်းခြင်းနယ်ပယ်မှာသာ ရှိလေသည်။ သူက ထိုစွမ်းအား၏ ရိုက်ခတ်မှုကို ဘယ်လိုလုပ်ခုခံနိုင်ပါ့မလဲ။

သူသည် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား ထိုလူကတဆတ်ဆတ်တုန်ယင်သွားပြီး ပါးစပ်အပြည့်သွေးများကို ထွေးထုတ်လိုက်၏။ သူ၏ မူပိုင်စိတ်ဝိညာဥ်ရတနာကနေပင်လျှင် မျက်စိပသာဒ သဘာဝရှုခင်း၏ စွမ်းအားက သူ၏ အသက်ဓာတ်အားကို လုံးလုံးလျားလျားခြေမွှပစ်လိုက်၏။

ထိုလူ၏ မျက်လုံးများက အသက်ဓာတ်ကင်းမဲ့စွာဖြင့် မှေးမှိန်သွား၏။ သူက သူ့လက်ထဲရှိ မူပိုင်စိတ်ဝိညာဥ်ရတနာနှင့်အတူ မြေပြင်ပေါ်သို့ပြင်းထန်စွာကျဆင်းပြီး နေရာမှာပင်သေဆုံးသွားလေသည်။

မိုချင်က စီးပိုးခြယ်လှယ်စွာတိုက်ခိုက်ခဲ့ပြီး မဟာကျင်းအင်မော်တယ်နိုင်ငံ၏ ပကတိအင်မော်တယ်တစ်ဦးကို တိုက်ရိုက်သတ်ဖြတ်လိုက်၏။

လောကမှာ မင်းကို စွပ်စွဲပုတ်ခတ်တဲ့သူ... အနိုင်ကျင့်တဲ့သူ... အရှက်ခွဲတဲ့သူ.. လှောင်ရယ်တဲ့သူ.. အထင်သေးတဲ့သူ.. နှိမ့်ချတဲ့သူ.. မုန်းတီးတဲ့သူတွေရှိလာမယ်ဆိုရင် မင်းက အဲဒါကို ကြိတ်မှိတ်သည်းခံနေစရာ ဒါမှမဟုတ် မင်းကိုယ်မင်းရှင်းပြနေစရာမလိုဘူး'

'အဲဒါဆို ကျွန်မဘာလုပ်ရမလဲ'

'သူတို့ကို သတ်လိုက်ရုံပေါ့'

မိုချင်တိုက်ခိုက်လိုက်သည့်အခါ သူမသည် အရင်တုန်းက အထီးကျန်သိုင်းသခင်ပြောခဲ့သည့်စကားများကို ပြန်လည်အမှတ်ရနေ၏။

ထိုအခိုက်အတန့်မှစ၍ သူမသည် အချက်တစ်ချက်ကို နားလည်သဘောပေါက်လာခဲ့၏။

အချိန်အများစုမှာ သူမအနေဖြင့် မကောင်းသောသူတချို့နှင့်ရင်ဆိုင်ရသည့်အခါ သူမ၏ အပြစ်ကင်းစင်မှုကို သက်သေပြနေစရာ မလိုပေ။

သူမက အားနည်းမည်၊ နောက်ဆုတ်မည်၊ ရှောင်တိမ်းမည် သို့မဟုတ် သည်းခံမည်ဆိုလျှင် တစ်ဘက်လူက ပို၍ပင်အတင့်ရဲပြီး ပို၍ပင် ထိပါးစော်ကားလာပေလိမ့်မည်။

သူမအနေဖြင့် ရှင်းပြနေစရာ သို့မဟုတ် ကြိတ်မှိတ်သည်းခံနေစရာ မလိုပေ။

သူမက တိုက်ခိုက်ရုံသာဖြစ်သည်။

သူမက တစ်ဘက်လူကို မသတ်ဖြတ်နိုင်ဘူးဆိုလျှင်တောင် သူမက သူတို့ကိုအနိုင်ယူပြီး ရိုက်နှက်ပစ်ရပေမည်။ အဲဒါမှ သူတို့သည် အကြောက်တရားကိုခံစားလာရပြီး အဓိပ္ပါယ်မရှိသောစကားများကို ဆက်လက်၍ပြောဆိုရဲတော့မည် မဟုတ်ပေ။

တကယ်ပင်...။

မိုချင်တိုက်ခိုက်၍ မဟာကျင်းအင်မော်တယ်နိုင်ငံ၏ ပကတိအင်မော်တယ်ကို သတ်ဖြတ်လိုက်သောအခါ အခြားသူများက တုန်လှုပ်သွားပြီး သူတို့၏ အသိစိတ်ရှိဓမ္မရတနာများကို အလောတကြီးဆင့်ခေါ်လိုက်ကြ၏။ သူတို့က စိုးရိမ်ပူပန်နေသောအမူအရာများနှင့်အတူ သူမကိုစိုက်ကြည့်နေကြ၏။

သူမကို ယုတ်ညံ့သော စကားလုံးများနှင့် ပြောဆိုရဲသောသူ မရှိတော့ပေ။

ကြွယ်ဝူယင်း၏ အမူအရာက သုန်မှုန်သွားပြီး သူက အေးစက်စွာပြောလိုက်၏။

“မင်းနဲ့ ယန်လောရှုနှစ်ယောက်တည်းက မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ လက်ရှိပကတိအင်မော်တယ်တွေကို ခုခံနိုင်မယ် ထင်လို့လား”

“ငါမင်းကိုပြောလိုက်မယ်... မင်းက မင်းလက်ထဲမှာရှိတဲ့ပန်းချီစာအုပ်ထဲက ပန်းချီကားချပ်တွေအားလုံးကို ဆုတ်ဖြဲပစ်လိုက်မယ်ဆိုရင်တောင် အလကားပဲ”

“ငါ... ကြွယ်ဝူယင်း ထိန်းသိမ်းထားချင်တဲ့သူကို ဘယ်သူကမှ ခေါ်ထုတ်မသွားနိုင်စေရဘူး”

မိုချင်က သူမ၏ ပန်းချီစာအုပ်ကို ဆွဲထုတ်ပြီး သူမ၏ လက်ထဲမှာ အဲဒါကို ဆုပ်ကိုင်ထားလိုက်၏။ ညင်သာသောလေပြည်တစ်ချက် တိုက်ခိုက်သွားပြီး ပန်းချီစာအုပ်၏ စာရွက်များက တဖျပ်ဖျပ်လန်သွားလေသည်။ စွမ်းအားကြီးမားသော သက်ရှိပေါင်းစုံက ကြောက်စရာကောင်းသောအော်ရာများနှင့်အတူ အထဲမှာ တရုန်းရုန်းထကြွနေ၏။

“နင်စမ်းကြည့်လိုက်လေ”

မိုချင်က အကြောက်အလန့်ကင်းမဲ့စွာဖြင့် ပန်းချီစာအုပ်ကို ဆုပ်ကိုင်ထားလိုက်၏။

အလွန်ဆုံး သူမသည် ပန်းချီစာအုပ်ကိုဆုတ်ဖြဲပြီး သူတို့နှင့် အတူတကွ သေကြေပျက်စီးဖို့ပင်။

“ဟီးဟီး”

ရုတ်တရက်ကွယ်ဝူယင်းက ရယ်မောလိုက်၏။

“နတ်မိမယ်မိုချင်... ငါက တုံ့ပြန်မှုမရှိဘူးဆိုရင် မယဥ်ကျေးရာကျနေမှာပေါ့... နင်က မဟာကျင်းအင်မော်တယ်နိုင်ငံက လူတစ်ယောက်ကိုသတ်ဖြတ်ခဲ့တယ်ဆိုမှတော့... ငါကလည်း ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က အသက်တစ်သက်ကို ပြန်ယူရမယ်”

All Chapters