လိမ္မာသော အစ်ကိုကြီး
Vol. 6 Ch. 551
ပိုင်ရှောင်ချန်းမှာ အလန့်တကြား အော်ဟစ်လိုက်ပြီး တုန်တုန်ရီရီနှင့် နောက်သို့လှည့်ကြည့်လိုက်သည်။ သူ၏နောက်ကျောကိုလည်း ဟိုစမ်းသည်စမ်း လုပ်နေသေးသည်။ သို့သော်လည်း သူ၏နောက်ကျောတွင် မည်သည့်အရာမှ မတွေ့ရပေ။
သို့သော် ထိုခံစားချက်ကြီးမှာ ပိုမိုကြီးထွားလာခဲ့ပြီး သူအသက်မရှူနိုင်တော့သည်အထိ ဖြစ်သွားရတော့သည်။
" ငါ့ကျောပေါ်မှာ သေချာပေါက် တစ်ခုခုရှိနေပြီ။ "
သူက စိုးရိမ်တကြီး တွေးတောလိုက်သည်။ ထို့နောက် အံကိုကြိတ်ကာ အသက်ဝင်တောင် ဂါထာတော်ကို သုံးလိုက်သောအခါ ကျောက်ဘီလူးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး လူပုံစံအဖြစ် ပြန်လည်ပြောင်းလဲလိုက်သည်။ သို့သော်ငြားလည်း ထိုခံစားချက်ကြီးမှာ ပျောက်မသွားသေးပေ။
ထိုခံစားချက်ကြီးမှာ ပို၍ပင် ကြီးထွားလာသေးသည်။ ကြောက်စရာအကောင်းဆုံးသည်ကား သူ၏နောက်တွင်ရှိနေသော အရာကြီးမှာ သူ၏သက်စောင့်အားများကို စုပ်ယူနေခြင်းပင်ဖြစ်သည်။
" မဖြစ်ဘူး။ အဲဒါ ငါ့ကို အသက်ရှည်စေနိုင်တဲ့ စွမ်းအားတွေကွ " သူက ငိုကြွေးလိုက်သည်။
" ငါ့ရဲ့ ထာဝရအသက်ရှင်ဖို့ အရာတွေလေ။ ဒီလိုမလုပ်ပါနဲ့ကွာ။ လာစမ်းပါ။ ပြေပြေလည်လည် ဆွေးနွေးကြအောင်ပါ။ ငါ့ကျောပေါ်ကသာ ဆင်းစမ်းပါကွာ "
သူက ထာဝရထီးကိုပါ ထုတ်၍ သူ၏နောက်ကျောကို ထိုးကြည့်ပါသော်လည်း သူ၏နောက်တွင်ကပ်နေသည့်အရာကြီးမှာ ကွာကျ မသွားပေ။
ပိုင်ရှောင်ချန်းမှာ စိတ်ရှုပ်နေပြီဖြစ်ပြီး ရွှယ်ကျဲကော်တုကိုပင် အသုံးပြုလိုက်ပါသော်လည်း မည်သို့မျှ ထူးမသွားချေ။
" ငါက ဘာလုပ်ရတော့မှာလဲ။ မဟုတ်မှလွဲရော၊ ပိုင်ရှောင်ချန်းဆိုတဲ့ငါက ဒီနေရာမှာ သေရတော့မှာလား။ လက်မခံနိုင်ဘူးဟေ့ ငါက ငယ်သေးတယ်ကွ။ မင်္ဂလာတောင် မဆောင်ရသေးဘူး။ ကလေးတွေလည်း မမွေးရသေးဘူး "
သူသည် ဒေါသများထွက်ကာ ပူဆွေးသောကရောက်နေပြီး ပို၍ စိတ်ရှုပ်ထွေးလာရတော့သည်။
သူက လေးလံနေသည့် ခြေလှမ်းများဖြင့် မောပန်းနွမ်းနယ်စွာ လျှောက်နေပြီး နောက်ဘက်မှတွန်းခံနေရသည့်အလား ဒယိမ်းဒယိုင်ဖြစ်နေတော့သည်။
အမှန်မှာ သူ၏နောက်ကျောပေါ်တွင် စက္ကူလူသား တစ်ယောက် ရှိနေသည်။ ၎င်းမှာ သူ့ခန္ဓာကိုယ်၏ တစ်စိတ်တစ်ပိုင်းအလားပင် ဖြစ်နေပြီဖြစ်သည်။ ထို့အပြင် ၎င်းမှာ သူ၏ ကျင့်ကြံခြင်းအခြေနှင့် သက်စောင့်အားများကို လောဘတကြီး စုပ်ယူနေ၏။
ဤ စက္ကူလူသား မှာ အခြား စက္ကူလူသားများနှင့်မတူပေ။ ၎င်းမှာ အဖြူရောင်မဟုတ်ပဲ အနီရောင်ဖြစ်သည်။
ထို့အပြင် ၎င်းတွင် ထူးဆန်းစွာ ပိတ်လိုက်ဖွင့်လိုက်လုပ်နေသည့် မျက်လုံးခြောက်လုံး ပါရှိသည်။
သူ၏လမ်းတစ်လျှောက်တွင် အခြားစက္ကူလူသားများက သူ၏အနီးတွင်ပေါ်လာပြီး သူ့ကိုလောဘတကြီး ကြည့်လိုက်ကြသည့်အခါတိုင်း ထိုအနီရောင် စက္ကူလူသားကို တွေ့လိုက်ကြသောအခါ တုန်တုန်ရီရီဖြင့် ထွက်ပြေးသွားကြရသည်ကို သူက သတိမထားမိပေ။
အဆုံးတွင် စိတ်ရှုပ်ထွေးစွာနှင့် တစ်ယောက်ထဲလမ်းလျှောက်သွားနေရင်း အဘိုးကြီးတစ်ယောက်အသွင်သို့ တဖြည်းဖြည်း ပြောင်းလဲသွားတော့သည်။
သို့သော် ထိုသို့ သူ လမ်းလျှောက်နေသည့် အချိန်တွင် ဖြူဖွေးနုနယ်သော လက်ကလေးတစ်ဖက်က ထိုအနီရောင် စက္ကူလူသားကြီးကို လုံးဝ ဂရုမစိုက်ဘဲ ပိုင်ရှောင်ချန်း၏ ပခုံးပေါ်သို့ ရောက်လာလေသည်။
ထိုနူးညံ့ပျော့ပျောင်းသော လက်ဝါး၏ ရိုက်နှက်ချက်ကြောင့် သူသည် အိပ်နေရာမှ နှိုးခံလိုက်ရသည့်အလား တုန်ရီသွားတော့သည်။ ဖြစ်ပျက်နေသည့်အရာအားလုံးကို ပြန်လည်အမှတ်ရသွားသောအခါ သူက သနားစဖွယ်အော်ဟစ်လိုက်ပြီး ရှေ့သို့ခြေလှမ်းအနည်းငယ်မျှ ခုန်ဆွခုန်ဆွ သွားလိုက်ပြီး နောက်သို့ ဆတ်ခနဲ လှည့်ကြည့်လိုက်သည်။
ထိုအခါ သူမြင်လိုက်ရသော မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
သူ၏ရှေ့တည့်တည့်တွင် ရောက်နေသည်မှာ ဝတ်ရုံအရှည်ကြီးတစ်ခုကို ဝတ်ဆင်ထားသည့် လှပသော မိန်းမပျိုတစ်ယောက်ဖြစ်သည်။ သူမ၏ မျက်နှာပေါ်တွင် ထူးဆန်သော အပြုံးတစ်စ ရှိနေပြီး တစ်စုံတစ်ခုကိုစားလာကာ ပါးစပ်ကိုသုတ်ရန် မေ့နေခဲ့သည့်အလား သူမ၏ နှုတ်ခမ်းပေါ်တွင် သွေးအနည်းငယ်ပင် ပေကျံနေသည်။ ထိုမိန်းမပျိုကား....
ကုန်းစွန်းဝမ်အာပင် ဖြစ်သည်။
သူမ၏လက်ထဲတွင် အနီရောင် စက္ကူလူသားတစ်ယောက်ကို ကိုင်ဆောင်ထားပြီး ၎င်းမှာ အော်ဟစ်ကာ လွတ်မြောက်ရန် ရုန်းကန်နေသည်။ သို့သော် ထိုလုပ်ရပ်များမှာ အချည်းနှီးဖြစ်နေရပြီး ခဏအကြာတွင် ၎င်း၏မျက်လုံးထဲတွင် အသနားခံနေသည့် အရိပ်အယောင်များ ပြည့်နှက်လာတော့သည်။
ထိုအနီရောင် စက္ကူလူသားကို ငုံ့ကြည့်လိုက်ပြီး ကုန်းစွန်းဝမ်အာက ပြုံးလိုက်သောအခါ သူမ၏ မျက်လုံးတစ်လုံးချင်းစီထဲရှိ ဒုတိယ သူငယ်အိမ်များမှာ အေးစက်သော အလင်းရောင်များဖြင့် တောက်ပလာတော့သည်။
" ငါ့အချစ်လေးကို အနိုင်ကျင့်ရလောက်အောင် နင်က အတင့်ရဲလှပါလား။ "
ထိုသို့ဆိုကာ သူမက သူမ၏လက်ချောင်းများကို ညှစ်လိုက်သောအခါ ထို စက္ကူလူသားမှာ ငယ်သံပါအောင် အော်ဟစ်ရင်း အစိတ်စိတ်အမြွှာမြွှာ ကျေမွသွားတော့သည်။
ထို့နောက် အဖြူရောင်မီးခိုးတန်းများ ထွက်ပေါ်လာပြီး ပိုင်ရှောင်ချန်းဆီသို့ ပျံဝံသွားတော့သည်။ ၎င်းမီးခိုးများမှာ သူ့ထံမှ စုပ်ယူခံလိုက်သော သက်စောင့်အားများဖြစ်သည်။
ထိုအခါ သူ၏မျက်နှာမှာ ပို၍ဖြူဆုတ်သွားပြီး အလိုအလျောက် နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်သွားတော့သည်။ မည်သည့်အကြောင်းအရင်းကြောင့် မသိ ကုန်းစွန်းဝမ်အာ၏ ယခုပုံစံမှာ သူ၏အမြင်တွင် သူစိမ်းတစ်ယောက်ကဲ့သို့ ဖြစ်နေရသည်။
သူ၏ အတိတ်အကြောင်းကို ပြန်လည်တွေးတောမိလိုက်သောအခါ ဤသို့မခံစားရသည်မှာ အတော်ကြာခဲ့ပြီဖြစ်ကြောင်း သိလိုက်ရသည်။ ယခုသေချာစဥ်းစားကြည့်လိုက်သောအခါမှ ကုန်းစွန်းဝမ်အာသည် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ သူ ပြန်လာခဲ့သည့်အချိန်မှစ၍ အမြဲတမ်းဆိုသလို ယခင်နှင့် အနည်းငယ်ကွဲပြားနေခဲ့သည်ကို သတိထားမိလိုက်တော့သည်။
ထို့အပြင် သူမ၏ နှုတ်ခမ်းပေါ်တွင် ပေကျံနေသည့် သွေးများမှာ သူမထံမှမဟုတ်ပေ။ သူမစားခဲ့သည့် တစ်စုံတစ်ခု၏ သွေးများသာဖြစ်သည်။ ကြက်သီးမွေးညင်းများ ထသွားရလောက်အောင် ပြင်းထန်သည့် ကြောက်မက်ဖွယ်ခံစားချက်ကြီးတစ်ခုက လွှမ်းခြုံလာသဖြင့် ပိုင်ရှောင်ချန်းမှာ အသက်ရှူသံများ မြန်လာရတော့သည်။
ဤနေရာတစ်ဝိုက်တွင် သူခံစားနေရသော ကြောက်မက်ဖွယ် အေးစက်မှုကြီးမှာ သူ အနီရောင်ဦးထုပ်များနှင့် သွေးများစိုရွှဲနေသည့် ပေါက်စီများထံမှ ခံစားခဲ့ရသည့် အေးစက်မှုများထက် များစွာ သာလွန်နေသည်ကို သူက သတိထားမိလိုက်သည်။ စက္ကူလူသားများ၏ ကျက်စားရာနေရာပင်လျှင် ဤမျှ မအေးစက်ခဲ့ပေ။
တုန်လှုပ်ဖွယ်အကောင်းဆုံး အရာသည်မှာကား သူမက သူ့အားခေါ်လိုက်သည့် ' အချစ်ကလေး ' ဟူသော စကားလုံးပင်ဖြစ်သည်။ ထိုစကားလုံးမှာ မည်သည့်အကြောင်းကြောင့်မသိ သူနှင့် ရင်းနှီးနေသည့် အလား ခံစားနေရသည်။
သူက နောက်သို့ဆုတ်ကာ တုန်ရီနေသည့်လေသံဖြင့် မေးလိုက်သည်။
" အာ... ဝမ်အာပါလား။ မင်း ဒီမှာဘာလုပ်နေတာတုံး "
သူက ကုန်းစွန်းဝမ်အာ၏ နှုတ်ခမ်းပေါ်ရှိ သွေးစက်များထံမှ အကြည့်ကိုမခွာနိုင်ပေ။
သူ၏ အကြည့်ကို သတိထားမိလိုက်သဖြင့် သူမသည် လက်ဖြင့် နှုတ်ခမ်းများကို အသာအယာသုတ်ကာ လျှာဖြင့်လျက်လိုက်ပြီး သူ့ကိုပြုံးပြလိုက်သည်။ ထိုအပြုံးကြောင့် ပိုင်ရှောင်ချန်း၏ နှလုံးသားမှာ အေးစက်သွားရတော့သည်။ သူသည် စိတ်ကူးယဥ်နေသည် ဟုတ်၊ မဟုတ်ကိုပင် သေချာမသိသော်လည်း သူမ၏ ပါးစပ်ထထဲတွင် နောက်ထပ်ပါးစပ်တစ်ခုကို မြင်လိုက်ရသည်ကိုတော့ သေချာနေတော့သည်။
ထို့အပြင် သူမ၏မျက်လုံးတစ်လုံးချင်းဆီတွင် သူငယ်အိမ်နှစ်ခု စီရှိနေသည်ကိုလည်း သူကမြင်လိုက်ရလေသည်။
သူ့အသားများတဆတ်ဆတ်တုန်ရီနေပြီး အသိစိတ်ပျောက်လုမတတ် ထိတ်လန့်နေပါသော်လည်း ထိုကြောက်ရွံ့မှုများကြောင့် သူ၏ဒေါသမီးများမှာလည်း ပို၍ လောင်ကျွမ်းလာတော့သည်။ တချိန်ထဲမှာပင် သူ၏နောက်ကျောတွင် ေချွးစေးများဖြင့် စိုရွှဲနေတော့သည်။
သူ့သွားများ တဂတ်ဂတ်ရိုက်နေပြီး ဆိုလိုက်လေသည်။
" ဝမ်အာရေ။ ငါလေ ငါ လုပ်စရာရှိသေးလို့၊ အဲ့ဒါ အင်း နောက်မှတွေ့မယ်နော် "
ထိုသို့ဆိုကာ သူက ထွက်သွားရန်ပြင်လိုက်သည်။
ကုန်းစွန်းဝမ်အာမှာ သူမ၏အပြုံးကို လက်ဖြင့်ကွယ်လိုက်ပြီး ပြောလိုက်သည်။
" အာ။ အချစ်လေး အတူတူကစားရအောင်လေ "
ထူးဆန်းစွာပင် သူမ၏စကားသံမှာ ယခင်ကနှင့် မတူတော့ပဲ ကလေးငယ်တစ်ယောက်၏ အသံကဲ့သို့ ဖြစ်သွားတော့သည်။ ထိုအသံမှာ ဝင်္ကပါ လှိုဏ်ခေါင်းထဲတွင် ပဲ့တင်ထပ်သွားသောအခါ ပိုင်ရှောင်ချန်း၏ ခန္ဓာကိုယ်မှာ တောင့်တောင့်ကြီး ဖြစ်သွားပြီး မျက်လုံးများ ပြူးသွားရတော့သည်။ သူမ၏ ' အချစ်ကလေး ' ဆိုသည့်လေသံမှာ တရင်းတနှီးဖြစ်နေသည်ဟု ခံစားနေသည့်အပြင် ယခုတွင် ထိုကလေးငယ်၏အသံကို ကြားလိုက်ရသောအခါ သူ၏အသိစိတ်များမှာ ဂယောင်ခြောက်ခြားဖြစ်သွားရတော့သည်။
သူက သနားစဖွယ် အော်ဟစ်ကာ နောက်သို့ဆုတ်သွားပြီး မယုံကြည်နိုင်သောမျက်ဝန်းကြီးများဖြင့် ကုန်းစွန်းဝမ်အာကို လက်ညှိုးထိုး၍ လွှတ်ခနဲ မေးလိုက်တော့သည်။
" မင်း...မင်း...မင်းဘယ်သူလဲ "
" အချစ်လေး၊ ဘာလို့ ညီမကို မေ့ပစ်လိုက်ရတာတုံး "
သူမ၏ အသံမှာ ညင်သာပါသော်လည်း ပိုင်ရှောင်ချန်း၏ အသိစိတ်ထဲတွင်မူ မိုးခြိမ်းသံများအလား ရိုက်ခတ်နေသည်ဖြစ်သည်။ မြေခဓားကမ္ဘာထဲရှိ အမှတ်တရများက သူ၏အတွေးထဲပြန်ရောက်လာပြီး ထိုထဲရှိ အဆိပ်ဝိညာဥ်ကောင်များထဲရှိ အရေခွံဆုတ်ထားပြီး သွေးများပေကျံနေသည့် ဝက်ဝံတစ်ကောင်ကို ကိုင်ဆောင်ထားသည့် ကလေးမလေးတစ်ယောက်ကို ပြန်လည် မှတ်မိသွားတော့သည်။
" ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ "
သူ၏ လည်ချောင်းနှင့် အာခေါင်များ ခြောက်ကပ်လာရတော့သည်။ သူက ရူးသွပ်လုမတတ်ဖြစ်နေပြီး အသက်ပင်မရှူနိုင်တော့ပေ။ ဦးခေါင်းကို တုတ်ချောင်းကြီးတစ်ချောင်းနှင့် ဆက်တိုက်ရိုက်နှက်ခံနေသည့်အလားခံစားနေရတော့သည်။
ကုန်းစွန်းဝမ်အာက သူ၏ အမူအရာကိုကြည့်ကာ ပြုံးလိုက်သည်။ ထို့နောက် သူမ၏ညာလက်ကို အသာအယာဝှေ့ယမ်းလိုက်သောအခါ သွေးမြူခိုးများက သူမ၏ဘေးတွင်ပေါ်ထွက်လာသည်။ ထိုမြူခိုးများပေါင်းစည်းသွားသောအခါ အရပ်ရှည်ရှည် လူတစ်ယောက်အဖြစ်ပြောင်းလဲသွားသည်။
သူ၏ ခန္ဓာကိုယ်မှာ တောင့်တင်းခိုင်မာကာ ကြီးမားပါသော်လည်း ကြောက်မက်ဖွယ်ကောင်းစွာပင် အရေပြားလုံးဝမရှိပေ။ သွေးများစိုရွှဲနေသည့် ကြွက်သားများကိုသာ မြင်နိုင်ပြီး အပြာရောင်သွေးကြောကြီးများမှာ ဟိုဟိုသည်သည်တွင် ပေါ်ထွက်နေတော့သည်။
" လဲ့ရှန် "
ထိုလူမှာ ယခင်က ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ လက်ရွေးစင်တစ်ယောက် ဖြစ်ခဲ့ဖူးသော လဲ့ရှန်ပင်ဖြစ်သည်။ သူ့ထံမှ ပေါ်ထွက်နေသည့် ကျင့်ကြံခြင်းအခြေခံ စွမ်းအားများအရ သူ၏စွမ်းအင်မှာ ယင်ယန်ဝိညာဥ်အဆင့်နှင့်ပင် နှိုင်းယှဥ်နိုင်သည်။ သို့သော် သူသည် ရုပ်သေးရုပ်တစ်ရုပ်ဖြစ်နေသည့်အလား သူ၏မျက်လုံးများထဲတွင် မည်သည်ကိုမှ မတွေ့ရပဲ ဗလာကျင်းနေသည်။
" ညီမကို ဒီနေရာမှစောင့်နေနော် အချစ်လေး။ " ကုန်းစွန်းဝမ်အာက ကလေးမလေး၏ လေသံဖြင့်ဆိုလိုက်သည်။
" ညီမလေး ဗိုက်မပြည့်သေးလို့။ ဝက်ဝံလေးကိုခေါ်ပြီး အစာနည်းနည်း သွားရှာလိုက်ဦးမယ်။ ပြီးမှ ညီမလေးတို့ တူတူကစားကြတာပေါ့။ ဒီမှာ လိမ်လိမ်မာမာ စောင့်နေနော်။ ပြောစကားနားမထောင်ရင် ညီမလေး စိတ်ဆိုးမှာ။ "
ထိုသို့ဆိုကာ သူမသည် ပြုံးရွှင်စွာဖြင့် နောက်သို့လှည့်ကာ အဝေးသို့ထွက်သွားသောအခါ လဲ့ရှန်မှာလည်း အသက်မဲ့နေသည့်အမူအရာဖြင့် သူမ၏ဘေးတွင်လိုက်ပါသွားပြီး သူခြေလှမ်းလှမ်းလိုက်တိုင်း မိုးခြိမ်းသံများ ပေါ်ထွက်လာသည့်အလားပင်။
ပိုင်ရှောင်ချန်းမှာ ထိုအချင်းအရာများကို ဖြူဆုတ်နေသည့်မျက်နှာဖြင့် ကြည့်နေတော့သည်။ သူသည် ရိုးတွင်းချဥ်ဆီထဲကပင် အေးစက်နေသည့်အလား ခံစားနေရပြီး တစ်စုံတစ်ယောက်က သူ့ကို အသေသတ်မည်ဟု ခြိမ်းခြောက်လာမည်ဆိုလျှင်ပင် ကုန်းစွန်းဝမ်အာနှင့် လဲ့ရှန်တို့ကို ထိုင်စောင့်နေမည်မဟုတ်ဟု ဆုံးဖြတ်လိုက်တော့သည်။ ယခုတွင်မူ သူသည် ပဟေဠိ၏ အဖြေကို ကောင်းကောင်းသိသွားပြီဖြစ်သည်။ မြေခဓားချောက်ထဲရှိ ကြောက်မက်ဖွယ်ကလေးမလေးမှာ ကုန်းစွန်းဝမ်အာ၏ ခန္ဓာကိုယ်ထဲသို့ဝင်ရောက်ကာ ဤကမ္ဘာမြေကြီးထဲသို့ ထွက်ပေါ်လာခဲ့သည်ဖြစ်ကြောင်း သူက သဘောပေါက်သွားတော့သည်။
အဏ္ဏဝါခေါ်သံဂိုဏ်း၏ သရဲခြောက်မှုများနှင့် သင်္ဘောပေါ်ရှိ သေဆုံးမှုများမှာ ထိုကလေးမလေး၏ လုပ်ရပ်များဖြစ်သည်။
ထို့နောက် ပိုင်ရှောင်ချန်းက သူဖော်စပ်ခဲ့သည့် ဆေးလုံးကြောင့် ထိုကလေးမလေး ပုံစံပြောင်းလဲသွားခဲ့ရသည်ကို မှတ်မိသွားသောအခါ သူ၏နှလုံးသားမှာ ကပြောင်းကပြန် ဖြစ်သွားတော့သည်။
" အမ်၊ မပူပါနဲ့ "
သူက အော်ပြောလိုက်သည်။
" အစ်ကိုကြီး လိမ်လိမ်မာမာ နေပါ့မယ်။ ဘယ်မှမသွားဘူး စိတ်ချ။ ပြီးတော့လေ... ကျိုးရီရှင်းဆိုတဲ့ လူတစ်ယောက်ရှိတယ်။ သူ့အသားက ဖြူဆွတ်ပြီးနူးညံ့နေတာပဲ။ အရသာတော်တော်ရှိမှာ သေချာတယ်။ သူနဲ့ ခဏလောက်သွားကစားပါလား... "
ထို့နောက် အနည်းငယ်စောင့်ဆိုင်းကာ ထိုကလေးမလေး ပျောက်ကွယ်သွားပြီကြောင်း သေချာသွားသောအခါ သူက နောက်သို့လှည့်ကာ ထွက်ပြေးေလတော့သည်။