ဝမ်းနည်းစရာ ဇာတ်လမ်း
Vol. 28 Ch. 392
နောက်ထပ် အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး သန်း ၁၀၀ တဲ့လား ..
ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြန်သည်။
" ဒီကောင်လေးက ဘယ်လိုလဲ မသိပါဘူးကွာ ။ လေလံ မဆွဲရင်လဲ လုံးဝ မဆွဲဘူး ၊ ပေးလိုက်ရင်တည်း တစ်ခါတည်း သန်း ၁၀၀ တန်းပေးတာပဲ "
" သူ့ မိသားစု နောက်ခံက ဘယ်လို ရှိလဲ မသိဘူး။ အဲ့လောက်တောင် အသုံးကြမ်းနေတာ "
" ဒီကောင်လေးက ဘာတွေ တွေးနေလဲ မသိပါဘူးကွာ ။ ငါမြင်တာတော့ အဲ့သားရဲက သန်း ၁၀၀ လုံးဝ မတန်ဘူး "
" ဟုတ်တယ် ၊ အဲ့သားရဲက အသက်ကလဲ ကြီးနေပြီ။ အဲ့လိုမဟုတ်ဘဲ အရွယ်ကောင်းနဲ့ အဆုံးအစမဲ့အဆင့် ကျင့်ကြံခြင်းမျိုး ရှိပြီးတော့ နတ်ဘုရားသွေးလဲ ပါတယ် ဆိုရင်တောင် အလွန်ဆုံးမှ သန်း ၃၀ လောက်ပဲ တန်တာ မဟုတ်လား ။ ခုဟာကြီးက စျေးအရမ်း များလွန်းနေပြီ "
ထိုတခဏတွင် အားလုံး အံ့သြမှင်သက်သွားကြပါသည်။
သီးသန့် အခန်း(၁) အတွင်းမှ လူများအားလုံးမှာလည်း စိတ်လှုပ်ရှားနေကြပါ၏။
" အကိုလီ .. အဲ့ကောင်က နောက်ထပ် စျေးပေးလိုက်ပြန်ပြီ "
ဖက်တီးဝမ်က မျက်မှောင်ကြုံ့ပြီး လောထျန်းကို တစ်လှည့် စင်ပေါ်မှ သားရဲကို တစ်လှည့် ကြည့်လိုက်သည်။
လီယီဖန်းက မျက်မှောင်ကြုံ့ပြီး ပြန်ပြော၏။
" မဟုတ်မှလွဲရော .. သူ သိထားတဲ့ အခွင့်ကောင်းက တစ်ခုတည်း မဟုတ်ဘဲ .. အပိုင်းတွေ အများကြီး ဖြစ်နေတာများလား။ စောနက မြင်းနဂါး သားရဲက တစ်ပိုင်း ၊ ခု သားရဲက တစ်ပိုင်း .. အဲ့လိုမျိုးလေ "
သူ့နောက်မှ အဖြူရောင်ဝတ်စုံနှင့် လူငယ်ကလည်း ခေါင်းညိတ်၍ ဆိုသည်။
" အဲ့လိုလဲ ဖြစ်နိုင်ချေ ရှိတာပဲ "
သူ့စကားကြောင့် လီယီဖန်း လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
ထိုစဥ်မှာပင် စိုးရိမ်နေသည့် အသံတစ်သံ ထွက်လာ၏။
" အကိုကြီး ၊ အဲ့လူက ဒီတိုင်း တွေ့ကရာကို လျှောက်ပြီး စျေးကြီးပေးနေတာများလား ။ စင်ပေါ်က သားရဲက ဘာမှ ထူးခြားတဲ့ပုံ မရှိဘူးလေ "
" တွေ့ကရာကို ဝယ်ဖို့ စိတ်စွမ်းအင်ကျောက်တုံး သန်း ၁၀၀ သုံးတာ ဟုတ်လား "
ထိုလူ၏ စကားကြောင့် လီယီဖန်း ဒေါသထွက်သွားပြီး နှာခေါင်းရှုံ့ကာ ပြန်အော်သည်။
" မဖြစ်နိုင်တာတွေ ၊ ဘယ်သူက အဲ့လောက် ဦးနှောက်မဲ့မှာလဲကွ "
ကျန်လူများကလည်း လီယီဖန်းအား ခေါင်းညိတ် ထောက်ခံလိုက်ကြရာ အစောက ပြောလိုက်သူမှာ မည်သို့မှ မတတ်နိုင်ဘဲ ပါးစပ်သာ ပိတ်ထားလိုက်ရသည်။
" အကိုလီ .. ဒါဆို ဒီတစ်ခေါက်ရော ကျုပ်တို့ စျေးလိုက်ပေးမှာလား "
ဖက်တီးဝမ်က မေးလာသည်။
လီယီဖန်းက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး ပြန်ပြော၏။
" လိုက်ရမှာပေါ့ကွ ။ ဘယ်လို အခြေအနေပဲ ဖြစ်ဖြစ် သူ့ကို ဒီတိုင်းကြီး လွတ်ပေးလိုက်လို့ မဖြစ်ဘူး ။ အခွင့်အရေးကို ရတုန်း အမိအရ ယူထားမှ ဖြစ်မှာ "
အလုံးကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။
ထို့နောက်တွင်မူ လီယီဖန်းက အော်လိုက်၏။
" အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး သန်း ၁၁၀ ပေးမယ် "
ဤတစ်ကြိမ် သူပေးလိုက်သည့် စျေးမှာ သူတို့ ရှိထားသမျှ စည်းစိမ် အကုန်ပင် ။
ခန်းမ တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားပြန်သည်။
" ဟင် .. စျေးထပ်ပိုပေးနေပြန်ပြီ ။ အဲ့ သီးသန့်ခန်းထဲက ဘယ်သူတွေပါလိမ့် ။ ဒါနဲ့ဆို အဲ့လောက် အများကြီး စျေးပိုပေးတာ နှစ်ကြိမ် ရှိသွားပြီ "
" ဘုရားရေ .. အဲ့သားရဲက ဘာတွေ ထူးခြားနေလို့လဲ ။ ငါကျတော့ ဘာလို့ ထူးခြားတာကို မမြင်ရတာလဲ "
" ဟုတ်တယ်ကွ ၊ ငါ လဲ မမြင်ဘူး ။ ဒါပေမယ့် ဟိုလူတွေက စျေးကြီးကြီး ပိုပေးနေကြတာဆိုတော့ ငါတို့ မမြင်တာ တစ်ခုခုကို မြင်လို့နဲ့ တူပါတယ် "
ထိုသို့ ပြောနေကြသော အဘိုးနှစ်ယောက် တစ်ပြိုင်နက်တည်း နီးပါး ခေါင်းငုံ့သွားကြပြီး ရှက်ရွံ့စွာ ဆိုလိုက်သည်။
" ငါတို့က ဟိုးနောက်မှာ ကျန်ခဲ့ပြီ "
ထိုစဥ် တဖက်မှ ပန်းလင်မှာလည်း သီးသန့်ခန်းထဲမှ လူက ဒုတိယအကြိမ် စျေးပိုပေးလာသည်ကို ကြည့်ကာ အံ့သြမှင်သက်နေ၏။
" ဘာတွေ ဖြစ်နေတာလဲ ။ ဒီလေလံပွဲမှာ ဘာလို့ ထူးဆန်းတဲ့သူတွေ အများကြီး ရှိနေရတာလဲ "
သူမ မယုံနိုင်ဟန်ဖြင့် ပြောလိုက်သည်။
" လောထျန်း ၊ စျေးလိုက်ဦးမှာလား "
ဟွမ်ယင်ကလည်း လောထျန်းအား လှည့်ကြည့်၏။
လောထျန်းက မျက်မှောင်ကြုံ့၍ ခေါင်ယမ်းလိုက်သည်။
" ဒီတိုင်း လွတ်ထားလိုက်တာ ပိုကောင်းမယ် ထင်တယ် "
" သူတို့တွေနဲ့ ပြဿနာ မဖြစ်ချင်လို့လား "
ဟွမ်ယင်က နားမလည်နိုင်ဟန်ဖြင့် မေး၏။
လောထျန်းက ခေါင်းယမ်းပြလိုက်သည်။
" အဲ့လို မဟုတ်ဘူး ၊ တကယ်ဆို ဘယ်လိုပဲ ကြည်ကြည့် အဲ့သားရဲက သန်း ၁၀၀ ဆိုတဲ့ စျေးနဲ့တောင် မတန်တာ ။ ဒါကို ဟိုလူက ဘာမှတောင် တွန့်ဆုတ်မနေဘဲ စျေးပိုပေးလာတာ ဆိုတော့ .. ကြည့်ရတာ တခြား အကြောင်းရင်း တစ်ခုခု ရှိမယ်နဲ့ တူတယ် "
" ဘယ်လို အကြောင်းမျိုး ရှိနိုင်လို့လဲ "
ဟွမ်ယင်မှာ နားမလည်နိုင်သေးပါချေ။
လောထျန်းက အလေးအနက်ဟန်ဖြင့် စဥ်းစားကာ ပြန်ပြော၏။
" မဟုတ်မှလွဲရော .. စင်ပေါ်က သားရဲကြီးက သားရဲမျိုးနွယ်စုရဲ့ ဘိုးဘေးတစ်ယောက်များ ဖြစ်နေမလား ။ သူ့ကို ဟိုးအရင်ကတည်းက လူသားတွေ ဖမ်းခေါ်သွားခဲ့လို့ သူ့သတင်း ဘာမှ မကြားရတာမျိုး ဖြစ်နိုင်မယ် ထင်တယ် "
" ဒါပေမယ့် သူ့ မျိုးဆက် သားသမီးတွေက လက်မလျှော့ဘဲ သူ့ကို ဆက်ရှာခဲ့ကြပြီးတော့ အခု နောက်ဆုံးမှာမှ သတင်းရလို့ ယွမ်ရှောက်မြို့ကို လာပြီး သူတို့ အဖေကို လာလွှတ်ပေးတာ ထင်တယ် "
လောထျန်းက သူ့စိတ်ထဲ တွေးမိသည့် ဇာတ်လမ်းတစ်ပုဒ်ကို ပြောလိုက်သည်။
သို့သော် ဟွမ်ယင်က သူ့စကားကို ကြားသည်နှင့် မျက်လုံးများ အရောင်လက်သွားပြီး ဆို၏။
" သြော် .. ဒါ့ကြောင့်မို့လဲ သူတို့က လူလုံးထွက်မပြဘဲ သီးသန့်ခန်းထဲမှာ ပုန်းနေကြတာနဲ့ တူတယ်။ သူတို့က နတ်ဆိုးသားရဲတွေ ဆိုတာကို ပေါ်သွားမှာ စိုးလို့လား မသိဘူး "
လောထျန်း ခေါင်းကုတ်လိုက်သည်။
" အဲ့ဒါတော့ ကျုပ်လဲ မပြောတတ်ဘူး "
ဟွမ်ယင်တစ်ယောက် ချက်ချင်း မျက်ရည်ဝဲသွားပြီး ပြော၏။
" စိတ်မကောင်းစရာ ဇာတ်လမ်းလေးပါလား ..။ ဒါဆို ကျွန်မတို့တွေ စျေးလုံးဝ ပိုမပေးဘဲနဲ့ သူတို့ မိသားစု ပြန်ပေါင်းဆုံနိုင်အောင်ပဲ လုပ်ပေးလိုက်ကြရအောင် "
လောထျန်းကလည်း ခေါင်းကို သေချာ ညိတ်ပြသည်။
" ဟုတ်တယ် ၊ အဲ့လိုပဲ လုပ်မယ် "
သူတို့နှစ်ယောက် ပြောနေသည်ကို ဘေးမှ နားထောင်နေသည့် ပန်းလင်မှာကား မျက်နှာကြီး မရွှင်မပျ ဖြစ်သွားတော့သည်။
" သခင်လေးတို့ နှစ်ယောက် ... ထင်ရာတွေ လျှောက်ပြီး ပြောမနေကြပါနဲ့တော့ "
သူမ စိတ်ပျက်လက်ပျက်ဟန်ဖြင့် ပြောလိုက်၏။
" ဒါဆို သူတို့က ဘာလို့ စျေးပိုပေးတယ်လို့ ထင်လဲ "
ဟွမ်ယင်က သူမဘက် လှည့်ကြည့်ကာ မေးလာသည်။
ပန်းလင်မှာ အံ့အားသင့်နေပြီး ထိုမေးခွန်းကို မည်သို့ ပြန်ဖြေရမည်ပင် မသိတော့ချေ။
ဤသို့ဖြင့် တခဏအကြာမှာပင် သားရဲကို လီယီဖန်းတို့ လူစု ဝယ်လိုက်နိုင်ပါ၏။
" သိပ်ကောင်းတယ် အကိုလီရာ .. အောင်မြင်သွားပြီ "
ဖက်တီးဝမ်က ဝမ်းသာအားရ ဆိုသည်။
လီယီဖန်းကလည်း ခေါင်းညိတ်ပြ၏။
" တကယ် ကောင်းတယ်ကွာ ။ ခုဆို ဒီ သားရဲတွေရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်ကို ဖော်ထုတ်ပေးနိုင်မယ့်သူ ရှာဖို့ပဲ လိုတော့တယ်။ အဲ့ဒါပြီးသွားရင်တော့ အားလုံး ကောင်းသွားပြီ ။ ဒါပေမယ့် ၊ အဲ့မတိုင်ခင်တော့ အားလုံးကို လျှို့ဝှက်ချက်အနေနဲ့ ထားဖို့ လိုမယ်နော် ။ အားလုံး ဒါကို မမေ့ကြပါနဲ့ "
" ကောင်းပါပြီ "
အားလုံး ခေါင်းညိတ်လိုက်ကြသည်။
ထိုစဥ် စင်မြင့်ထက်မှ လေလံပွဲ ကြေငြာသူက ပြောလာ၏။
" ကဲ .. ဒီသားရဲကို သီးသန့်အခန်း (၁) ကို ပို့ပေးလိုက်ပါဗျာ "
သူ့စကားဆုံးသည်နှင့် လူတစ်ယောက်က လှောင်အိမ်အား လာသယ်သည်။
သို့သော်.. လှောင်အိမ် လှုပ်လှုပ်ချင်းမှာပင် .. အထဲမှ သားရဲက ခြေဆန့်လာပြီး ...
အမောဖောက်ကာ အသက်ရှူရပ် သေဆုံးသွားတော့၏။
" ဒါ .... "
ခန်းမကြီး တစ်ခုလုံး ဟင်ခနဲ ဟာခနဲ ဖြစ်ကုန်ကြပြန်သည်။
ဘာတွေ ဖြစ်နေပါသနည်း။
ယခုလေးတွင် လေလံဆွဲ၍ ပြီးစသာ ရှိသေးချိန်၌ အသက်ဆုံးသွားသတဲ့လား။
" သနားစရာ ကောင်းလိုက်တာ ။ မသေခင်လေးတောင် မိသားစု ပြန်မဆုံလိုက်ကြရရှာဘူး "
ဟွမ်ယင်တစ်ယောက် မျက်ရည်ပေါက်ပေါက် ကျ လာပြီး ငိုကြွေးလိုက်သည်။
လောထျန်းမှာလည်း သက်ပြင်းရှည်ကြီး ချ၏။
ထိုစဥ် စင်မြင့်ထက်မှ လေလံပွဲ ကြေငြာသူကလည်း နဖူးမှ ဇောချွေးများကို သုတ်လိုက်သည်။
" ဟင် .. ဟို .. ဘယ်လို လုပ်ပေးရမလဲ သခင်လေး ။ ဒီ လေလံကို ပြန်ရုတ်သိမ်းပေးလို့ ရမရ အကြီးအကဲတွေကို သွားမေးပေးရမလားဗျာ "
လေလံပွဲသည် နာမည်ကောင်းဖို့လည်း လိုပါသေးရာ ထို မတော်တဆ ကိစ္စအတွက်နှင့် သူတို့ လေလံရုံး နာမည်ပျက်သွားရမည်ကို သူ မလိုလားပါချေ။
သူတို့ လေလံပွဲတွင် ရောင်းခဲ့သည့် သားရဲက ဝယ်သူလက်ထဲ မရောက်ခင်မှာပင် သေဆုံးသွားခဲ့ရသည် မဟုတ်ပါလား။
ထိုကိစ္စမှာ လူကြားကောင်းသော ကိစ္စတစ်ခု မဟုတ်ပေ။
သီးသန့်အခန်း ( ၁) ထဲမှ လီယီဖန်းတို့ လူအုပ်မှာလည်း ထိုရလဒ်မျိုး ဖြစ်လာမည်ကို လုံးဝ မျှော်လင့်မထားသဖြင့် အံ့သြ မှင်သက်နေကြ၏။
သို့သော် ကြေငြာသူက လေလံရုံးမှ အကြီးအကဲများအား သွားအကြောင်းကြားမည်ဟု ပြောလာချိန်တွင်မူ လီယီဖန်း လန့်သွားတော့သည်။
" မလိုပါဘူးဗျာ ၊ အဲ့သားရဲရဲ့ အလောင်းကိုပဲ သယ်လာခဲ့လိုက်ပါ။ ကျုပ် ဒီလေလံကို လက်ခံပါတယ် "
လီယီဖန်းက သူ့အသံကို အဘိုးအိုတစ်ယောက် အသံနှင့်တူတောင် ခပ်သြသြလုပ်၍ ပြောလိုက်သည်။ သူ မည်သူမှန်း လူများ သိသွားကြမည်ကို စိုးရိမ်ရသည် မဟုတ်ပါလား။
လေလံပွဲ ကြေငြာသူမှာလည်း မျော်လင့်မထားသော စကားကြောင့် အံ့အားသင့်နေကာ အနည်းငယ်လည်း နားမလည်နိုင် ဖြစ်နေ၏
ယနေ့ လေလံပွဲတွင် လူထူးဆန်းများ အဘယ့်ကြောင့် များနေရပါသနည်း။
ထိုလူများက မည်သူပါနည်း။
ထိုစဥ် ခန်းမထောင့်မှ ဟွမ်ယင်မှာကား မျက်ရည်လည်ရွဲ ဖြစ်နေရှာသည်။
" လောထျန်း ပြောသွားခဲ့သလိုပဲ ဖြစ်ရမယ်။ အဲ့လိုမဟုတ်ရင် သားရဲအလောင်းကို ဘာသုံးလို့ ရတာမှ မဟုတ်တာ။ အခုက သူတို့ အဖေရဲ့ အလောင်းကို အိမ် ပြန်သယ်ပြီး သေချာ မြှုပ်နှံပေးချင်လို့ပဲ ဖြစ်ရမယ်။ အဲ့လို လုပ်ဖို့အတွက် အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး သန်း ၁၁၀ ကိုတောင် လုံးဝ မတွန့်ဆုတ်ပဲ သုံးသွားခဲ့တာ ။ တကယ့်ကို သားကောင်းတစ်ယောက်ပါပဲ "
ဟွမ်ယင် ငိုကြွေးရင်း ပြောလိုက်သည်။
ဘေးတွင် ရှိနေသည့် ပန်းလင်သည်ပင် ၎င်းကို ကြည့်ကာ မနေနိုင်ဘဲ စိတ်ထဲမကောင်း ဖြစ်သွားရပါ၏။
" သခင်လေး လောထျန်း ပြောသွားတာ တကယ်များ ဖြစ်နေမလား "
သို့သော် ထိုစဥ် သီးသန့်ခန်း ( ၁ ) အတွင်းတွင်မူ လူများ အံ့သြမှင်သက်ကုန်ကြသည်။
" အကိုလီ .. ဘာလို့ အဲ့လို လုပ်လိုက်ရတာလဲဗျ "
လူတစ်ယောက်က မကျေမနပ် ပြောလာ၏။
လီယီဖန်းက သူ့ကို စိုက်ကြည့်ကာ ပြန်ဖြေသည်။
" မင်းက အဲ့လောက် တုံးတာလား။ အဲ့ဒီ နတ်ဆိုးသားရဲဆီမှာ အခွင့်ကောင်းကြီး ပါနိုင်တယ်ဆိုတာ မင်းတို့တွေလဲ သေချာ သိထားကြတာပဲ။ ဒါ့ကြောင့်မို့ အခွင့်ရေး ရတုန်း မြန်မြန်ယူလိုက်ရတာပေါ့ကွ။ အခု ဒီ လေလံရုံးရဲ့ ပိုင်ရှင်က ဘယ်လိုလူလဲ ဆိုတာရော သိရဲ့လား ။ သားရဲရဲ့ အလောင်းသာ အဲ့လူ လက်ထဲ ရောက်သွားရင် ဒီအခွင့်ကောင်းကြီးကို ကျုပ်တို့တွေ လုံးဝ ရတော့မှာ မဟုတ်ဘူး "
စာစဉ်ပြီး၏