← Chapters

လောင်းကြေးထပ်ခြင်း

Vol. 28 Ch. 379

လောင်းကြေးထပ်ခြင်း

Vol. 28 Ch. 379

" မင်းနဲ့ ဘာကို လောင်းကြေးထပ်ရမှာလဲ "

လောထျန်းက အေးအေးဆေးဆေးပင် ပြန်မေးလိုက်သည်။

" အဲ့ဒါက ရိုးရှင်းပါတယ် ။ မင်းနဲ့ငါ သားရဲတိုက်ပွဲတစ်ခုကို လောင်းလိုက်ကြတာပေါ့ ။ တကယ်လို့ မင်းလောင်းကြေးထပ်တဲ့ သားရဲက ငါ့သားရဲကို နိုင်သွားတယ်ဆိုရင် ငါ ဒီ ကောင်းကင်ဘုံသားရဲခန်းမမှာ ရထားတဲ့ အမှတ်တွေအားလုံး မင်းကို ပေးမယ်။ မင်းသားရဲ က ရှုံးသွားတယ် ဆိုရင်တော့ အဲ့ကောင်လေးကို ငါ့ကို ပေးရမယ် "

လီလဲ့ယိုက ထိုသို့ပြောကာ လောထျန်း ပုခုံးပေါ်မှ ရှောက်ထျန်းလုံအား လက်ညိုး ထိုးပြလိုက်သည်။

" ဘာ .. မင်းက ဒါကို လိုချင်တယ်ပေါ့လေ "

လောထျန်း၏ မျက်နှာ ချက်ချင်း အေးစက်သွားသည်။

လီလဲ့ယိုက ခေါင်းညိတ်ပြီး ပြန်ပြော၏။

" ဟုတ်တယ်ကွ ၊ ငါ့သားရဲက ပြီးခဲ့တဲ့ တလောကမှ အစာကုန်သွားတာ။ မင်းပုခုံးပေါ်က ကောင်လေးကို သူ့အတွက် အဆာပြေအနေနဲ့ ကျွေးချင်လို့ "

သူက ထိုစကားအား လောထျန်း၏ ဒေါသကို ဆွချင်သည့်အတွက် တမင် ပြောလိုက်ခြင်းပင်။

မိမိ၏ သားရဲအား တဖက်လူ၏ တိုက်ပွဲဝင်သားရဲအတွက် အစာအဖြစ် ကျွေးရခြင်းက သားရဲသခင်ကြီး တစ်ယောက်အဖို့ မည်မျှ ရှက်စရာ ကောင်းသည်ကို သူ သေချာ သိထားသည် မဟုတ်ပါလား။

ပုံမှန်ဆိုလျှင်လည်း ထိုစကားမျိုးအား မည်သို့သော သားရဲသခင်ကြီးကမှ လက်မခံနိုင်ကြပါ။

၎င်းမှာ မိဘကို ရှေ့တည့်တည့်ထား၍ သူတို့၏ ကလေးအား စားချင်သည်ဟု ပြောနေခြင်းနှင့် မကွာလှပေ။

ထို့ကြောင့်လည်း သူက ထိုစကားကို သုံး၍ လောထျန်း ဒေါသမထိန်းနိုင်ဘဲ တိုက်ခိုက်လာအောင် ရန်စလိုက်ခြင်း ဖြစ်သည်။ လောထျန်းကသာ တိုက်ခိုက်လာလျှင် ကောင်းကင်ဘုံသားရဲ ခန်းမက ဝင်ပါလာမည်ဖြစ်ရာ  သူ လောထျန်းအား ကိုယ်တိုင် ကိုင်တွယ်နေစရာ မလိုတော့ပေ။

သို့သော် လောထျန်းကမူ ရှောက်ထျန်းလုံအား ငုံ့ကြည့်လိုက်ပြီးနောက် လီလဲ့ယိုကို တစ်လှည့် ပြန်ကြည့်လာကာ မေး၏။

" မင်းပြောတာ သေချာရဲ့လား "

" ဟင် .. သေချာတာပေါ့ကွ "

လီလဲ့ယိုက ပြန်ပြော၏။

" ကောင်းပြီလေ ၊ ဒါဆိုလဲ ဒီ လောင်းကြေးကို ငါ သဘောတူတယ် "

လောထျန်းက ပြောလိုက်သည်။

" ဟင် ... "

ဤတစ်ကြိမ်တွင် လီလဲ့ယိုမှာ အမှန်တကယ် ခေါင်းရှုပ်သွားရပါ၏။

တဖက်လူက ဒေါသထွက်သည့်အသွင် လုံးဝ မပြဘဲ အဘယ့်ကြောင့် ပြိုင်ပွဲစရန် စိတ်လောနေပုံ  ဖြစ်နေရပါသနည်း။

" လောထျန်း ... "

နံဘေးမှ ဟွမ်ယင်ကမူ စိတ်ပူသွားဟန် တူသည်။

လောထျန်းက သူမအား အပြုံးဖြင့် နှစ်သိမ့်လိုက်သည်။

" စိတ်မပူပါနဲ့ ၊ ဘာပြဿနာမှ မရှိနိုင်ဘူး "

သူ့ စိတ်ထဲတွင်လည်း ရယ်ချင်နေပါ၏။ သူ့ နဂါးလေး ရှောက်ထျန်းလုံကို စားချင်သတဲ့လား ..

တဖက်လူက အရှုပ်အထွေးမြေကိုပင် မြင်ဖူးပါရဲ့လား ။

ထို မြေက မည်မျှ မာကြောသည်ကိုရော သိပါရဲ့လား ။

ရှောက်ထျန်းလုံမှာ ထိုမြေများကို ချိုချဥ်တစ်ခုလို ဝါးစားလာသူ ဖြစ်ပါသည်။

ယခု လီလဲ့ယို၏ လက်အောက်မှ သားရဲနှင့် ရှောက်ထျန်းလုံတို့ကို ယှဥ်ကြည့်လိုက်လျှင်လည်း ..

မည်သူက မည်သူ့ကို စားမည်မှန်း အသိသာကြီးပင်။

လီလဲ့ယို၏ စကားမှာ အရူးတစ်ယောက်၏ စိတ်ကူးယဥ်အိမ်မက် သက်သက်သာ ...

" ဟမ့် .. ကောင်လေး ၊ မင်း နောက်ကျမှ နောင်တရမယ်နော် ။ ဟွမ်ယင် .. ငါ မင်းနဲ့ အရင် စာရင်းရှင်းမယ် ။ မင်းရဲ့ တိုက်ပွဲဝင်သားရဲကို ထွက်လာခိုင်းလိုက် "

လီလဲ့ယိုက ဟွမ်ယင်အား အေးစက်စက် အကြည့်ဖြင့် ပြောလာသည်။

ဟွမ်ယင်က အံကြိတ်ပြီး နောက်လှည့်၍ သူမ၏ မိုးကြိုးသားရဲ ရှောက်ရှန်အား ဖက်လိုက်၏။

" ရှောက်ရှန်လေး ၊  ဘယ်နည်းနဲ့မှ ရှုံးလို့ မဖြစ်ဘူးနော်။ မင်း ရှုံးသွားရင် လောထျန်းရဲ့ ပုခုံးပေါ်က ကောင်လေးက အစားခံရတော့မှာ ။ မင်း သူ့ကို သေချာ ကာကွယ်ပေးရမယ်နော် "

သူမက တောင်းပန်တိုးလျှိုးသည့် လေသံဖြင့် ဆိုသည်။

သို့သော် မိုးကြိုးသားရဲမှာ ထိုအချိန်တွင် ခေါင်းရှုပ်သွားဟန် တူပါ၏။

ထိုအရာလေးကို ကာကွယ်ရမည်တဲ့လား ..

သူ့တွင် ထိုသို့ ကာကွယ်နိုင်စွမ်းမျိုး ရှိပါရဲ့လား ..

ထိုကောင်လေး၏ အကြည့်တစ်ချက်ဖြင့်ပင် သူ သေရတော့မလို ဖြစ်ခဲ့ရသည်ကို မသိလေရော့သလား .. ။

သို့သော် ဟွမ်ယင်၏ လေသံက အနူးညွတ် တောင်းပန်နေဟန် ပေါက်နေသဖြင့် သူ မည်သို့မှ မတတ်နိုင်ဘဲ ခေါင်းညိတ်၍သာ တိုက်ပွဲကွင်းပြင်ထဲ ဝင်လိုက်ရသည်။

တဖက်မှ လီလဲ့ယိုမှာ ရှေ့ထွက်လာသူက ယခင် သူနဲ့ တိုက်ခိုက်ခဲ့ဖူးသော မိုးကြိုးသားရဲပင် ဖြစ်နေသဖြင့် အံ့အားသင့်သွားပြီး အသံကျယ်ကြီးဖြင့် အော်ရယ်လိုက်သည်။

သု့နောက်မှ လူများကလည်း တဟားဟား အော်ရယ်နေကြ၏။

" ဘုရားရေ .. ဒီ မိန်းမက စိတ်မှ နှံ့သေးရဲ့လားကွာ။ သူ့ရဲ့ တောကြောင်က ဟိုရက်ကမှ အကိုကြီးရဲ့ သားရဲ လက်ချက်နဲ့ သေလုမျောပါး အရိုက်ခံခဲ့ရတာလေ။ ဒါတောင် အခု ထပ်လာပြီး တိုက်ခိုက်ရဲသေးတာ​လား "

" ရယ်ရလွန်းလို့ သေတော့မှာပဲကွာ ။ မြောက်ပိုင်းဒေသက လုတွေအားလုံးက အဲ့လို အရူးတွေချည်းပဲလား "

" ဟားဟား ... အကိုကြီး ၊ ဒီတိုက်ပွဲကို ကျုပ်ပဲ ကိုင်တွယ်လိုက်မယ်လေဗျာ ။ ကျုပ်လဲ အမှတ်နည်းနည်းလေး ရသွားအောင် "

လီလဲ့ယိုက ရယ်၍ အားရသွားဟန်ဖြင့် လက်ယမ်းပြကာ ပြန်ပြော၏။

" ငါ့အမှတ်တွေက ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်ထဲ ဝင်ပြိုင်ခွင့်ရဖို့ လုံလောက်တော့မှာကွ ။ အဲ့လို အရူးတစ်ယောက်က ငါ့ကို အမှတ်တွေ အလကား လာပေးနေတာ ကောင်းတဲ့ ကိစ္စပဲ "

ထို့နောက် သူ ဟွမ်ယင်ဘက် လှည့်ကာ လှောင်သံဖြင့် ဆက်ပြောသည်။

" ဟွမ်ယင် .. ပြီးခဲ့တဲ့ တစ်ခေါက်မှာ မင်းရဲ့သားရဲက တိုက်ပွဲကွင်းပြင်ထဲကနေ အသက်ရှင်ရက် ထွက်ပြေးသွားနိုင်ခဲ့တယ်။ ဒီတစ်ခေါက်ရော အဲ့လောက် ကံကောင်းနိုင်ဦးမလား သိချင်လိုက်တာ  "

သူက ပြောပြောဆိုဆိုပင် စာရွက်လိပ်တစ်ခုကို ဆွဲထုတ်၍ ၎င်းပေါ် လက်တင်လိုက်သည်။

" အချုပ်အနှောင် ပွင့်စေ .. "

ထို့နောက် ကျယ်လောင်သော အော်သံနှင့်အတူ စာရွက်လိပ်၏ အချုပ်အနှောင်က ပွင့်သွား၏။

ဝုန်း ..

ချက်ချင်းမှာပင် တိုက်ပွဲကွင်းပြင်ထဲ၌ ကိုးပေခန့် အမြင့်ရှိသည့် မီးတောက်နီ ကျားကြီးတစ်ကောင် ပေါ်လာသည်။

" တုကျဲ့အဆင့် ၉ ရှိတဲ့ မီးတောက်နီ ကျားကြီးပါလား ။ ဟွမ်ယင်ရဲ့ မိုးကြိုး သားရဲက ဆိုးဆိုးရွားရွား အရိုက်ခံခဲ့ရတာ မထူးဆန်းတော့ဘူး "

ပန်းလင်က ထိုကျားကြီးကို ကြည့်ကာ စိတ်မကောင်းဟန် လေသံတိုးတိုးဖြင့် ပြောသည်။

ဝုန်း ..

ထိုစဥ်မှာပင် မီးတောက်နီ ကျားကြီးက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး မိုးကြိုးသားရဲအား အထင်သေးသည့် မျက်လုံးများဖြင့် ကြည့်လာ၏။

" မီးတောက်နီကျားကြီး ၊ ဘာမှ ထိန်းမနေနဲ့ ။ အဲ့ကောင်ကို အသေသာ သတ်ပစ် ။ နောက်ထပ် အနိုင်ယူရမယ့် ကောင်တွေ ကျန်သေးတယ် "

လီလဲ့ယိုက ထိုသို့ ပြောနေရင်း လောထျန်းအား လှည့်ကြည့်လိုက်သေးသည်။

မီးတောက်နီ ကျားကြီးကလည်း ခေါင်းညိတ်ပြကာ မိုးကြိုးသားရဲဆီသို့ ဝုန်းခနဲ ပြေးဝင်သွား၏။

" ရှောက်ရှန် ..ထွက်​ပြေးတော့ .. "

ထိုမြင်ကွင်းကို ကြည့်နေသည့် ဟွမ်ယင်မှာ မနေ​နိုင်တော့ဘဲ ကြောက်လန့်တကြား လှမ်းအော်လိုက်သည်။

လီလဲ့ယိုက လှောင်ပြုံးဖြင့် ပြောလာ၏။

" ထွက်ပြေးတော့ .. ဟုတ်လား ။ ဟား ဟား .. တစ်ရက် ၊ နှစ်ရက်ပဲ ရှိသေးတာတောင် ငါ့ရဲ့ မီးတောက်နီ ကျားကြီးက မင်းရဲ့ တောကြောင်ထက် ပိုမြန်တယ် ဆိုတာကို မေ့သွားပြီပေါ့လေ "

သူ တိုက်ပွဲကွင်းပြင်ဆီသို့ အပြုံးဖြင့် ကြည့်လိုက်သည်။

ဘုန်း ..

မီးတောက်နီကျားကြီးက အသံကျယ် တစ်သံနှင့်အတူ ရှေ့သို့ လက်သီးချက်တစ်ခု ပစ်လွှတ်လိုက်၏။ ဖုန်မှုန့်များ ချက်ချင်း လိမ့်တက်လာသည်။

" ဟား ဟား .. တိုက်ပွဲကတော့ ပြီးသွားပြီ ။ တစ်ချက်တည်းနဲ့ အသေပဲ ။ အခု မင်းအလှည့် .. "

လီလဲ့ယိုက ထိုသို့ ပြောကာ လောထျန်းအား လှည့်ကြည့်လာ၏။

သို့သော် လောထျန်းက တည်တည်ငြိမ်ငြိမ်သာ ရှိနေပြီး တိုက်ပွဲကွင်းပြင်သို့ လက်ညိုးညွှန်ပြလိုက်သည်။

" ဟင် ... "

လီလဲ့ယို မျက်မှောင်ကြုံ့သွားကာ လောထျန်း ညွှန်ပြသည့်ဘက် တိုက်ပွဲကွင်းပြင်သို့ လှည့်ကြည့်လိုက်သည်။

သူ ချက်ချင်း အံ့သြမှင်သက်သွားရ၏။

တိုက်ပွဲကွင်းပြင်ထဲတွင်ကား မိုးကြိုးသားရဲမှာ မည်သူမှ သတိမထားလိုက်မိခင် ကတည်းက လက်သီးချက်နှင့် ဝေးရာသို့ ရောက်နေခဲ့လေပြီ။

သူနှင့် မီးတောက်နီ ကျားကြီးတို့ ကြားတွင် ပေနှစ်ဆယ်ခန့် အကွာအဝေး ခြားနေပြီး တစ်စုံတရာ ထိခိုက်ထားဟန်လည်း မရှိပေ ။

" ရှောက်ရှန်လေး .. သိပ်ကောင်းတယ် "

၎င်းကို မြင်သောအခါ ဟွမ်ယင်က လှမ်းအော်ပြီး အားပေးလိုက်သည်။

" ဘာတွေ ဖြစ်နေတာလဲ .. ။ မီးတောက်နီ ကျားကြီး ၊ အဲ့ကောင်ကို မြန်နိုင်သမျှ အမြန်ဆုံး ရှင်းထုတ်ပစ်ဖို့ ငါ ပြောထားတယ်လေ။ အခု ဘာ​လို့ အဲ့ကောင်က အကောင်းတိုင်း ကျန်နေရသေးတာလဲ "

လီလဲ့ယိုက အော်ပြီး ဆူ၏။

သူ့စကား ဆုံးသောအခါ မီးတောက်နီ ကျားကြီး၏ မျက်လုံးထဲတွင် လူသတ်အရိပ်အငွေ့များ အရောင်လက်သွားပြီး မိုးကြိုးသားရဲဆီသို့ ထပ်ပြေးဝင်သွားလိုက်သည်။

ဤတစ်ကြိမ်တွင်မူ  လီလဲ့ယိုက မိုးကြိုးသားရဲ အသတ်ခံရသည်ကို သူ့မျက်လုံးဖြင့် သေချာ ကြည့်ချင်နေဟန်ဖြင့် တိုက်ပွဲကွင်းပြင်မှ အကြည့်မခွာတော့ချေ။

သို့သော် .

ဝှစ် ..

မိုးကြိုးသားရဲက သူ့မြင်ကွင်းမှ လှစ်ခနဲ ပျောက်သွားပြန်၏။

၎င်း၏ လှုပ်ရှားမှုများမှာ အလွန် မြန်လွန်းနေသဖြင့် သူသည်ပင် သေချာ မမြင်ရပါ။

ထိုအချိန်မှာပင် မီးတောက်နီကျားကြီးက မိုးကြိုးသားရဲ ရှိနေခဲ့သည့် နေရာသို့ ရောက်လာသည်။ သို့သော် ၎င်းမှာ မိုးကြိုးသားရဲအား မတိုက်ခိုက်နိုင်လိုက်ပေ။

" ဘာတွေ ဖြစ်နေတာလဲ "

လီလဲ့ယို တအံ့တသြ ရေရွတ်လိုက်သည်။

ဟွမ်ယင်၏ မိုးကြိုးသားရဲမှာ တုကျဲ့အဆင့် ၁ တွင်သာ ရှိသေးပြီး သူ့ မီး​တောက်နီကျားကြီးက တုကျဲ့ အဆင့် ၉ သို့ ရောက်နေခဲ့ပြီ ဖြစ်ပါသည်။

ထို့အပြင် မီးတောက်နီကျား မျိုးနွယ်က မိုးကြိုးသားရဲ မျိုးနွယ်ထက်လည်း ပို၍အစွမ်းထက်ပါသေး၏။

ထိုမျှမက .. သိပ်မကြာသေးခင်ကပင် သူ ရထားသည့် အမှတ်များစွာ သုံးပြီး မီးတောက်နီကျားကြီး သန့်စင်နိုင်ရန်အတွက် အစွမ်းထက် နတ်ဘုရားသွေး တစ်စက်ကိုလည်း လဲလှယ်ထားခဲ့ပါသေးသည်။

ထိုသွေးကြောင့်လည်း မီးတောက်နီကျားကြီး၏ ခန္ဓာကိုယ်အစွမ်းက ယခင်ထက် များစွာ ပိုအစွမ်းထက်လာခဲ့ပါ၏။

ကျင့်ကြံခြင်းအဆင့်တူ သားရဲများသည်ပင် ၎င်းအား မယှဥ်နိုင်ကြပါ။

သို့သော် ယခု ဟွမ်ယင်၏ မိုးကြိုးသားရဲက အမြန်နှုန်းတွင် ကျားကြီးထက် အဘယ့်ကြောင့် များစွာ ပိုသာနေရပါသနည်း။

အမြန်နှုန်းချင်း ဆက်ယှဥ်ပြိုင်နေ၍ မဖြစ်တော့ပါချေ ...

" ဟွမ်ယင် .. ငါတို့က အခု တိုက်ခိုက်နေကြတာလေ ။ဘာလို့ ထွက်ပဲ ပြေးနေတာလဲ ။ စည်းမျဥ်းတွေအရ ဆိုရင် မတိုက်ခိုက်ဘဲ ထွက်ပြေးနေရင် အရှုံးပဲ ၊ အဲ့တော့ ..  ငါ နိုင်သွားပြီ "

လီလဲ့ယိုက ဟွမ်ယင်ဘက် လှည့်ကြည့်ကာ ပြောလိုက်သည်။

" ဒါ ... "

ထိုစကားကို ကြားသောအခါ ဟွမ်ယင်တစ်ယောက် ဗျာများသွားရ၏။

လီလဲ့ယို စကားက မှန်သည်ကို သူမ သိသော်လည်း ... သူမ၏ မိုးကြိုးသားရဲနှင့် မီးတောက်နီ ကျားကြီးသာ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ပါက ..  သူတို့ကြားမှ အစွမ်းကွာဟမှုက အလွန်ကြီးနေပါသည်။

သို့သော် ထိုအချိန်မှာပင် ..

" ဘာမှ စိတ်မပူနဲ့ ၊ မင်းရဲ့ ရှောက်ရှန်ကို ကျားကြီးနဲ့ ထိပ်တိုက်သာ ရင်ဆိုင်ပြီး တိုက်ခိုက်ခိုင်းလိုက် "

သူမနောက်မှ လောထျန်းက ရုတ်တရက် ပြောလာသည်။

" ဟင် ... "

ဟွမ်ယင်က သူ့အား တအံ့တသြ လှည့်ကြည့်လိုက်သည်။ သူမ အနည်းငယ် တွန့်ဆုတ်နေသေးသော်လည်း နောက်ဆုံး ခေါင်းသာ ညိတ်ပြလိုက်၏။

ထို့နောက် သူမက မိုးကြိုးသားရဲကို ကြည့်ကာ ပြောလိုက်သည်။

" ရှောက်ရှန်လေး .. မင်းမှာ ရှိသမျှ အစွမ်းကုန် သုံးပြီးတော့သာ တိုက်ခိုက်လိုက်ပါ "

မိုးကြိုးသားရဲကလည်း သူမထံမှ ခွင့်ပြုချက် ရသည်နှင့် တုန့်ဆိုင်းမနေဘဲ အသံကျယ်ပေး၍ ဟိန်းဟောက်ကာ မီးတောက်နီ ကျားကြီးဆီသို့ တဟုန်ထိုး ပြေးဝင်သွား၏။

လီလဲ့ယိုက ထိုမြင်ကွင်းကို ကြည့်ရင်း လှောင်ပြုံး ပြုံးကာ စိတ်ထဲမှ ကြိတ်ပြောလိုက်သည်။

" ဒီ မိန်းမက တော်တော် တုံးတာပဲ ။ ငါ တမင် ရန်စတာကို ချက်ချင်း အလှည့်စား ခံလိုက်ရတာ "

ထို့နောက် သူ ကျယ်လောင်စွာ အော်ပြောလိုက်၏။

" မီးတောက်နီ ကျားကြီး ၊ သူ့ကို သတ်ပစ် "

ဝေါင်း ..

မီးတောက်နီ ကျားကြီးကလည်း အသံကျယ်ဖြင့် ဟိန်းကာ မိုးကြိုးသားရဲဆီသို့ ပြေးဝင်သွားသည်။

All Chapters