← Chapters

နတ်ဆိုး သိန်းငှက်မည်း

Vol. 28 Ch. 380

နတ်ဆိုး သိန်းငှက်မည်း

Vol. 28 Ch. 380

သားရဲနှစ်ကောင်က အံ့သြလောက်စရာ အမြန်နှုန်းဖြင့် ပြေးသွားကြပြီး ခပ်ပြင်းပြင်း ဝင်တိုက်မိသွားကြ၏။

ဘုန်း ..

သူတို့နှစ်ဦး တိုက်မိရာမှ ထွက်ပေါ်လာသည့် အသံကျယ်ကြီးကြောင့် မြေပြင်ပင် တုန်ခါသွားသည်။

တိုက်ပွဲကွင်းပြင် အပေါ်သို့လည်း ဖုန်မှုန့်လုံးကြီးများ လိမ့်တက်လာပြီး တိုက်ပွဲ အခြေအနေ မည်သို့ ဖြစ်နေသည်ကိုပင် မမြင်ရတော့ပေ။

သို့သော် လီလဲ့ယိုက ရယ်ပြီး ပြောလာ၏။

" မြောက်ပိုင်းဒေသက ကလေးမလေး ၊ မင်းက တော်တော် တုံးတာပဲကွ ။ မင်းရဲ့ မိုးကြိုးသားရဲကိုများ ငါ့ရဲ့ မီးတောက်နီ ကျားကြီးနဲ့ ဝင်တိုးခိုင်းလိုက်တယ်လို့ ။ အခုဆို မင်းရဲ့ မိုးကြိုးသားရဲလေးတော့ သေနေလောက်ပြီပေါ့ကွာ "

သူ ထိုသို့ ပြောကာ ထပ်ရယ်လိုက်ပြန်သည်။

ဟွမ်ယင်၏ မျက်နှာလေး သွေးဆုတ်ဖြူရော်သွား၏။

အစောက သားရဲနှစ်ကောင် တိုက်မိရာမှ ဖြစ်ပေါ်လာသည့် အကျိုးဆက်က မည်မျှ ကြီးသည်ကို သူမ သေချာ မြင်နေရပါသည်။

မိုကြိုးသားရဲ၏ လက်ရှိအစွမ်းဖြင့် ၎င်းကို ခံနိုင်ရန် မဖြစ်နိုင်ပါ။

" ရှောက်ရှန် .... "

ဟွမ်ယင်၏ အသံလေး အနည်းငယ် တုန်သွားသည်။

သို့သော် ထိုအချိန်မှာပင် ..

" အား .... "

ဖုန်မှုန့်လုံးများ ကြားထဲမှ  ရှောက်ရှန်၏အသံ ထွက်ပေါ်လာ၏။

" ဟင် ... ရှောက်ရှန်လေး .... အသက်ရှင်နေသေးတာလား .. "

ဟွမ်ယင်၏ မျက်နှာလေး ချက်ချင်း ဝင်းပသွားသည်။

" ဟင် .. အခုထိ မသတ်သေးဘူးပေါ့လေ ။ မီးတောက်နီကျားကြီး .. မင်း ဘာလုပ်နေတာလဲ "

လီလဲ့ယို က မကျေမနပ် ပြော၏။

သို့သော် ဖုန်မှုန့်များကြားမှ မီးတောက်နီကျားကြီး၏ တုန့်ပြန်သံ ပြန်ထွက်မလာခဲ့ပါ။

ဤတစ်ကြိမ်တွင်မူ လီလဲ့ယို မျက်နှာပျက်သွားရသည်။

" မီးတောက်နီကျားကြီး .. ဘာလုပ်နေတာလဲ "

သူ ထပ်အော်လိုက်ပြန်သည်။

ထိုအချိန်မှာပင် ဖုန်မှုန့်များကြားမှ အမည်းရောင် အရိပ်တစ်ခု ထွက်ပေါ်လာ၏။

" မီးတောက်နီကျားကြီး .. "

၎င်းကို မြင်သောအခါ လီလဲ့ယို ဝမ်းသာဟန် ပြသွားသော်လည်း သူ့မျက်နှာထက်မှ အပြုံးက ရုတ်ချည်းဆိုသလို အေးခဲသွားရသည်။

အဘယ့်ကြောင့်ဆိုသော် ထိုအချိန်တွင် မိုးကြိုးသားရဲက သူ့ခန္ဓာကိုယ်ထက် အဆများစွာ ပိုကြီးသည့် မီးတောက်နီကျားကြီးအား ပါးစပ်ထဲတွင် ကိုက်၍ ထွက်လာသောကြောင့်ပင် ။

မီးတောက်နီကျားကြီးမှာ တစ်ကိုယ်လုံး သွေးအလိမ်းလိမ်း ကပ်နေကာ သူ့ခန္ဓာကိုယ်၏ အရိုးတစ်ဝက်မှာလည်း ပုံပျက်ပန်းပျက် ဖြစ်နေပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရထားဟန် တူနေပါ၏။

မိုးကြိုးသားရဲကမု ဒဏ်ရာ ရထားဟန် လုံးဝ ရှိမနေပါ ။

" ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

လီလဲ့ယိုမှာ သူ့မျက်လုံးသူ မယုံနိုင် ဖြစ်သွားရသည်။

မျက်နှာချင်းဆိုင် တိုက်ပွဲတွင် တုကျဲ့အဆင့် ၉ ရောက်ထားသော မီးတောက်နီကျားကြီးက တုကျဲ့အဆင့် ၁ သာ ရှိသေးသည့် မိုးကြိုးသားရဲ၏ အနိုင်ယူခြင်းကို ခံလိုက်ရသတဲ့လား။

" ရှောက်ရှန်လေး ... အရမ်းတော်တယ် "

ဟွမ်ယင်မှာလည်း ထိုအချိန်မှသာ အသိပြန်ဝင်လာပြီး အော်ဟစ်အားပေးလိုက်၏။

သူမ၏ မိုးကြိုးသားရဲက ဤမျှအစွမ်းထက်သော ပြိုင်ဘက်ကို အနိုင်ရသွားလိမ့်မည်ဟု သူမ လုံးဝ ထင်မထားခဲ့ပေ။

ဟွမ်ယင်မှာ ထိုသို့ ဖြစ်ရခြင်း၏ အကြောင်းရင်းကို မသိသည့်တိုင် လောထျန်းနှင့် ပန်းလင်တို့ကမူ ကောင်းကောင်းကြီး နားလည်ကြပါသည်။

ယနေ့ ရှောက်ရှန်က ယခင် ရှောက်ရှန်နှင့် မတူတော့သည့် အကြောင်းရင်းမှာ .. သူ့ခန္ဓာကိုယ်ထဲတွင် နဂါးသွေး ရောက်သွားသောကြောင့်ပင် ။

ထိုသွေးကလည်း ရိုးရိုးနဂါးတစ်ကောင်၏ သွေး မဟုတ်ပါ။

ထျန်းယွမ်ကမ္ဘာ သမိုင်းတလျှောက်တွင် ခေတ်တစ်ခုစာ ထိပ်ဆုံးနေရာ ယူခဲ့သည့် အစွမ်းထက် နဂါးကြီးတစ်ကောင်၏ အစွမ်းအရင်းအမြစ် ဖြစ်သော သွေး ပင် မဟုတ်ပါလား ။

ထိုသို့သော နဂါးသွေးမျိုး လက်ခံရထားသည့် ခန္ဓာကိုယ်မှာ နတ်ဘုရား သားရဲတစ်ကောင်၏ ခန္ဓာကိုယ်နှင့်ပင် ယှဥ်၍ ရပါသည်။

မဟုတ်သေးပါ ... သာမာန် နတ်ဘုရားသားရဲများထက်ပင် သာသည်ဟု ပြော၍ရပါ၏။

ထိုသို့သော သားရဲတစ်ကောင်က အစွမ်းမထက်ဘဲ မည်သို့ နေပါမည်နည်း။

" ဟား ဟား .. လီလဲ့ယို ၊ ဒီပွဲကို ငါ နိုင်သွားခဲ့ပြီနော် ။ လောင်းကြေး ထပ်ထားတဲ့အတိုင်း မင်းရထားတဲ့ အမှတ်တွေကို လောထျန်းကို ပေးလိုက်ပါ "

ထိုစဥ် ဟွမ်ယင်က လက်နှစ်ဖက် ခါးထောက်ပြီး ပြောလာသည်။

ဤနိုင်ပွဲက သူမအတွက် အလွန်ဂုဏ်ယူစရာကြီးပင်။

တဖက်မှ လီလဲ့ယိုကမူ သူ့ရှေ့မှ မြင်ကွင်းအား မယုံနိုင်ဟန်ဖြင့် မျက်နှာပျက်စွာ ကြည့်နေ၏။

ဟွမ်ယင်၏ စကားကို ကြားသောအခါ သူ့ရင်ထဲ ပို၍ပင် လေးလံသွားရသည်။

ဟွမ်ယင်၏ သားရဲကို ရှုံးလိုက်ခြင်းက ဤမျှ ပြဿနာကြီး မဟုတ်သော်လည်း ..

သူ ရထားသည့် အမှတ်များအားလုံးကို လောထျန်းအား ပေးရခြင်းက ....

သူ့အတွက် အလွန်ကြီးမားသော အရှုံးကြီးပင် ။

သူ ထိုအမှတ်များကို ရအောင် နှစ်ပေါင်းများစွာကြာ နည်းမျိုးစုံသုံး၍ ကြိုးစားထားရခြင်း ဖြစ်ပါသည်။

ယခု အားလုံးကို လောထျန်းဆီသို့ လွှဲပေးလိုက်ရတော့မည်လား .. ။

ထိုတခဏတွင် သူ အံကြိတ်၍ အေးစက်စက်  ပြောလိုက်၏။

" ရှုံးတယ် .. ဟုတ်လား ၊ ငါ ရှုံးတယ်လို့ ဘယ်သူပြောလို့လဲ "

" ဟင် .. မင်းက ဘာတွေ လှည့်စားဖို့ ကြိုးစားနေတာလဲ "

ဟွမ်ယင် မျက်မှောင်ကြုံ့သွားသည်။

လီလဲ့ယိုက ခေါင်းမော့ကာ ပြန်ပြော၏။

" ငါက ဘာလို့ လှည့်စားရမှာလဲ ။ ငါ့လို လူက မင်းလို မြောက်ပိုင်းဒေသက ဘာမဟုတ်တဲ့ မိန်းကလေးတစ်ယောက်ကို လှည့်စားစရာ အကြောင်းကို မရှိတာ ။ ဒါပေမယ့် .. တိုက်ပွဲက အခုထိ မပြီးသေးဘူး "

ဟွမ်ယင်က အေးစက်စက် ပြန်ပြောလိုက်သည်။

" အခု မင်းရဲ့ မီးတောက်နီကျားကြီးက ရှုံးနေပြီလေ ။သူ့ အသက် သေလား ရှင်လားတောင် မသိရသေးတာ ။ ဒါကို ဘာဆက်လုပ်ချင်သေးလို့လဲ "

လီလဲ့ယိုက နှာခေါင်းရှုံ့၏။

" မီးတောက်နီကျားကြီးက ရှုံးသွားတယ် ဆိုတာ မှန်တယ် ။ ဒါပေမယ့် ငါ့မှာ သားရဲက မီးတောက်နီကျား တစ်ကောင်ပဲ ရှိတာလို့ ဘယ်သူပြောလို့လဲ။ ခုနက လောင်းကြေးထပ်တဲ့အချိန် တစ်ကောင်ချင်းပဲ တိုက်ခိုက်ရမယ်လို့ မပြောထားဘူးလေ။ အဲ့တော့ ငါ့ရဲ့ ဒုတိယသားရဲနဲ့ ဆက်ပြီး တိုက်ခိုက်လို့ ရသေးတယ် "

ဟွမ်ယင်မှာ ခေတ္တမျှ အံ့သြမှင်သက်သွားရပြီး ဒေါသတကြီး ပြန်အော်လိုက်သည်။

" မင်းက ရွံစရာ ကောင်းသလို တော်တော်လဲ အရှက်မဲ့တာပဲ "

ထိုလူက ရှုံးနေသည့်တိုင် ဟာကွက်ပေါင်းစုံ ရှာပြီး ဆက်ငြင်းနေပါသေး၏။ မည်မျှ ဒေါသထွက်စရာ ကောင်းလိုက်သော လုပ်ရပ်ပါနည်း။

သို့သော် လီလဲ့ယိုကမူ အေးစက်စက် အပြုံးဖြင့်သာ ပြန်ပြောလာသည်။

" ငါက အရှက်မဲ့တာ မဟုတ်ဘူး ၊ မင်းက အစောတည်းက တစ်ကောင်တည်း တိုက်မယ့် တိုက်ပွဲလို့ မပြောထားတာ။ မင်းက အဲ့လို မပြော​ထားတော့ ငါကလဲ ရှိသမျှ သားရဲတွေ အကုန် ထုတ်သုံးပြီး အနိုင် အရှုံး ပေါ်တဲ့အထိ တိုက်ခိုက်ဖို့ လက်ခံခဲ့တာလေ "

ဟွမ်ယင်မှာ မည်သို့ ပြန်ပြောရမည် မသိတော့ဘဲ ပွဲကြည့်စင်ပေါ်မှ ကောင်းကင်ဘုံသားရဲခန်းမ ၏ အကြီးအကဲ အဘိုးအိုကို လှမ်းကြည့်လိုက်သည်။

အဘိုးအိုက မျက်နှာသေဖြင့် ပြောလာ၏။

" စည်းမျဥ်းတွေအရ ဆိုရင်တော့ သူ ပြောတာ မှန်တယ် "

ဟွမ်ယင်တစ်ယောက် လုံးဝ ဆွံ့အသွားရတော့သည်။

တဖက်မှ လီလဲ့ယိုကမူ ပိုပို၍ မျက်နှာထန်လာပြီး ပြော၏။

" ဟွမ်ယင် .. မင်းက မင်းရဲ့ မိုးကြိုးသားရဲကို အများကြီး ပိုအစွမ်းထက်လာအောင် ဘယ်လို လျှို့ဝှက်နည်းလမ်းတွေနဲ့ လုပ်ခဲ့လဲ ငါ မသိဘူး ။ ဒါပေမယ့် ခုချိန်ကစပြီး အားလုံးက အလကား ဖြစ်သွားတော့မှာကွ ။ မင်းရဲ့ မိုးကြိုးသားရဲ အပိုင်းပိုင်း ဖြစ်သွားရတာကို မင်းကို ကြည့်ခိုင်းမှာ "

သူက ထိုသို့ပြောကာ အင်္ကျီလက်ထဲမှ အနီရောင် ကားချပ်လိပ်တစ်ခု ထုတ်လိုက်သည်။

ထိုကားချပ်လိပ်ကို မြင်သည်နှင့် လီလဲ့ယို ဘေးတွင် ရှိနေကြသော လူများအားလုံး အံ့သြမှင်သက်ကုန်ကြ၏။

" အကိုကြီး .. အဲ့ဒါ အကိုကြီးရဲ့ အဘိုးက ပေးခဲ့တဲ့ သားရဲလား .. "

သူ့နောက်လိုက်ထဲမှ တစ်ယောက်က မေးသည်။

လီလဲ့ယိုက အေးစက်စက် နှာခေါင်းရှုံ့၏။

" အမှန်ပဲ ..၊ ဒီကောင်နဲ့ဆို ဟို မိုးကြိုးသားရဲကို မသတ်နိုင်စရာ ဘာအကြောင်းမှ မရှိဘူး "

သူ့ဘေးမှ အခြားတစ်ယောက်က တံတွေးကို ခက်ခက်ခဲခဲ မြိုချကာ ဝင်ပြောသည်။

" ဒါပေမယ့် .. အကိုကြီး ဒီသားရဲကို လုံးဝ ယဥ်သွားအောင် မသိမ်းသွင်းရသေးဘူးလေ။ ဒါကို ထုတ်သုံးရင် ပြဿနာ မဖြစ်သွားနိုင်ဘူးလား "

လီလဲ့ယိုက အေးစက်စက် ပြန်ပြော၏။

" ကိစ္စမရှိဘူး ။ ဒီကောင့်ကို အပြည့်အဝ မသိမ်းသွင်းရသေးဘူး ဆိုပေမယ့် ငါ့ရဲ့ သားရဲ သိမ်းသွင်းတဲ့ နည်းက အစွမ်းထက်တော့ သူ့ကို စက္ကန့်နှစ်ဆယ်လောက်အထိ အသာလေး ထိန်းချုပ်လို့ ရတယ်။ ဒီ စက္ကန့်နှစ်ဆယ်အတွင်းမှာ ဟို မိုးကြိုးသားရဲကောင်ကို မသတ်နိုင်ဘူး ထင်လို့လား "

သူ့စကားကို ကြားသောအခါ တဖက်လူမှာ မည်သို့ ပြန်မပြောရမည် မသိတော့ဘဲ ဘေးသို့သာ ဖယ်နေလိုက်သည်။

ထို့နောက်တွင်မူ လီလဲ့ယိုက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ကားချပ်လိပ်ကို ဖြန့်လိုက်၏။

" ဟွမ်ယင် ... မင်းရဲ့ မိုးကြိုးသားရဲ သေတာကို သေချာကြည့်ထား "

ပြီးနောက်တွင်ကား ကားချပ်လိပ် ပြေသွားပြီး တိုက်ပွဲကွင်းပြင်ထဲတွင် ဧရာမသားရဲကြီးတစ်ကောင် ထွက်ပေါ်လာတော့သည်။

" အား ... "

ချက်ချင်းဆိုသလိုပင် ကျောချမ်းဖွယ် စူးစူးရှရှ အော်သံကျယ်ကြီး ထွက်လာသဖြင့် အားလုံး နားကို လက်ဖြင့် ကာထားလိုက်ကြရ၏။

လောထျန်းကမူ ထိုအသံအား လုံးဝ ဂရုမစိုက်ပါချေ။ သို့သော် သူ့ပုခုံးပေါ်တွင် အိပ်နေသည့် ရှောက်ထျန်းလုံကမူ အော်သံကြောင့် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားဟန် တူကာ သူ့ ခန္ဓာကိုယ် တစ်ချက် တွန့်သွားသည်။ သို့သော်လည်း .. ချက်ချင်းဆိုသလိုပင် ပြန်အိပ်မောကျသွားပြန်၏။

အားလုံး ခေါင်းမော့ကြည့်လိုက်ကြရာ တိုက်ပွဲကွင်းပြင်အထက် ကောင်းကင်ယံ တခွင်လုံးကို လွှမ်းခြုံထားသည့် အမည်းရောင် သိန်းငှက်ကြီးတစ်ကောင်ကို မြင်လိုက်ရသည်။ ၎င်းထံမှ ကြောက်မက်ဖွယ်ဖိအားတစ်ခုလည်း ထွက်နေပါ၏။

" ဟင် .. နတ်ဘုရားသားရဲ တစ်ကောင်နီးပါး အစွမ်းထက်တဲ့ အမည်းရောင် နတ်ဆိုးသိန်းငှက် မဟုတ်လား ။ ပြီးတော့ အဆုံးအစမဲ့ အဆင့်တောင် .... "

ပွဲကြည့်စင်မှ ကောင်းကင်ဘုံသားရဲခန်းမ၏ အကြီးအကဲသည်ပင် ၎င်းကိုကြည့်ကာ အနည်းငယ် အံ့အားသင့်သွားဟန် တူသည်။

သူ့စကားကို ကြားသောအခါ တိုက်ပွဲကို စိတ်ဝင်တစား ကြည့်နေကြသူများထံမှ တအံ့တသြ အသံများ ထွက်လာ၏။

တဖက်မှ ဟွမ်ယင်ကမူ မျက်နှာတစ်ပြင်လုံး ဖြူရော်သွားရှာသည်။

အဆုံးအစမဲ့ အဆင့်မှ နတ်ဘုရားသားရဲ တစ်ကောင်နီးပါး အစွမ်းထက်သည့် သားရဲတစ်ကောင်တဲ့လား ...

၎င်းမှာ လွန်လွန်းလှပါသည်။

သူမ၏ မိုးကြိုးသားရဲက အစွမ်းထက်လာသည့်တိုင် ယခုမှ တုကျဲ့အဆင့် ၁ တွင်သာ  ရှိသေးပါ၏။

သူမ၏ သားရဲနှင့် ရှေ့မှ သိန်းငှက်တို့ကြားမှ ကွာဟချက်မှာ ကြီးမားလှပါသည်။

သူမသားရဲအတွက် သေကြောင်းကြံသည်နှင့် ဘာခြားတော့မည်နည်း။

" ဦးနှောက်မရှိတဲ့ ကလေးမလေး ၊ မင်းကများ ငါ့ကို နိုင်မယ်လို့ ထင်နေသေးတယ်ပေါ့ ။ သိန်းငှက်မည်းကြီး ၊ ဟို မိုးကြိုးသားရဲကောင်ကို သတ်ပစ် "

လီလဲ့ယို ကျယ်လောင်စွာ အော်လိုက်တော့သည်။

" အား ... "

နတ်ဆိုး သိန်းငှက်မည်းကြီးက အသံကျယ်ကြီးဖြင့် ထပ်အော်လိုက်ပြန်သည်။ ထို့နောက်တွင်မူ ၎င်း၏ ခန္ဓာကိုယ်က အမည်းရောင် မြူမှုန်များအဖြစ် ပြောင်းသွားကာ မိုးကြိုးသားရဲဆီသို့ တဟုန်ထိုး တိုးဝင်သွား၏။

" ရှောက်ရှန် .. သတိထား .. "

၎င်းကို မြင်သောအခါ ​ဟွမ်ယင် အလန့်တကြား လှမ်းအော်လိုက်သည်။ သို့သော် ထိုအချိန်မှာပင် ရှောက်ရှန်က ခန္ဓာကိုယ်ကို မိုးကြိုးလျှပ်စီးအဖြစ် အသွင်ပြောင်းပြီး အနောက်ဘက် ပေ ၃ ၊ ၄ ရာ ခန့် အကွာအဝေးသို့ ဆုတ်သွားသည်ကို မြင်လိုက်ရ၏။

" တော်သေးတာပေါ့ "

ယွမ်ယင်မှာ ထိုအချိန်မှသာ သက်ပြင်းရှည်ကြီး ချနိုင်သွားသည်။

သို့သော် .. ထိုစဥ်မှာပင်

တောက် .. ...

မိုးကြိုးသားရဲ၏ ခန္ဓာကိုယ်မှ သွေးတစ်စက် ကျလာ၏။

All Chapters