← Chapters

သံကြေးခွံမြွေကြီး

Vol. 28 Ch. 381

သံကြေးခွံမြွေကြီး

Vol. 28 Ch. 381

" ရှောက်ရှန် .. "

ဟွမ်ယင်မှာလည်း ၎င်းကို သတိထားမိသွားကာ မျက်နှာလေး ချက်ချင်း ဖြူရော်သွားသည်။

အစောက နတ်ဆိုးသိန်းငှက်မည်းကြီးနှင့် မိုးကြိုးသားရဲတို့မှာ တစ်ဦးနှင့်တစ်ဦး အတော်ဝေးဝေးတွင် ရှိနေကြပြီး တိုးဝင်လာသော သိန်းငှက်ကြီးအား မိုးကြိုးသားရဲက အလျင်အမြန် ရှောင်လိုက်သည့်တိုင် မိုးကြိုးသားရဲက ဒဏ်ရာ ရသွားခဲ့ပါသည်။

၎င်းက နတ်ဆိုးသိန်းငှက်ကြီးမှာ မိုးကြိုးသားရဲထက် များစွာ ပိုလျင်မြန်သည် ဆိုသည့် အဓိပ္ပါယ်ပင်။

သူတို့ နှစ်ဦး၏ ကျင့်ကြံခြင်းအဆင့်ကလည်း များစွာ ကွာဟထားသေးရာ .. အမြန်နှုန်းတွင်ပါ ကွာဟနေပါက မိမိကိုယ်ကို သေကြောင်းကြံသည်နှင့် ဘာခြားတော့မည်နည်း။

" အား ... "

ထိုစဥ်မှာပင် နတ်ဆိုးသိန်းငှက်မည်းကြီးက မိုးကြိုးသားရဲအား အသေမသတ်နိုင်လိုက်သည်ကို တွေ့သွားပြီး ဒေါသထွက်သွားဟန်ဖြင့် ကျယ်လောင်စွာ အော်လာ၏။

၎င်းက မိုးကြိုးသားရဲဆီသို့ တဟုန်ထိုး ပြေးဝင်သွားပြန်သည်။

" ရှောက်ရှန်လေး ... "

ဟွမ်ယင်က အလန့်တကြား အော်လိုက်ချိန်မှာပင် မိုးကြိုးသားရဲကလည်း လျှပ်စီးအဖြစ် ပြောင်းကာ အသည်းအသန် ထွက်ပြေးသွားပြန်၏။

သို့သော် ..

ဝှစ် ..

နတ်ဆိုး သိန်းငှက်မည်းကြီးက တစ်ကြိမ် တိုက်ခိုက်လိုက်တိုင်း မိုးကြိုးသားရဲ ကိုယ်ပေါ်တွင် ဒဏ်ရာရသွားပြီး သွေးများ ပန်းထွက်လာသည်။

ဆယ်စက္ကန့်ကျော် ကြာပြီးသွားချိန်တွင်ကား မိုးကြိုးသားရဲ ကိုယ်ပေါ်၌ ဆိုးရွားသည့် ဒဏ်ရာ ဆယ်ခုကျော် ရနေခဲ့လေပြီ။

" မင်းရဲ့ ရှောက်ရှန်ကို ပြန်လာခိုင်းလိုက်တော့ "

ထိုစဥ် ဟွမ်ယင်ဘေးမှ လောထျန်းက ပြောလာ၏။

" ဟင် .. ဒါပေမယ့် .. လောင်းကြေး ထပ်ထားတာရှိသေးတယ်လေ "

ဟွမ်ယင်က ရှက်ရွံ့နေဟန် မျက်နှာလေးဖြင့် ပြန်ပြောသည်။

" အဲ့ဒါကို စိတ်မပူပါနဲ့ ။ ကျုပ်မှာ နည်းလမ်း ရှိပါတယ် "

လောထျန်း ပြော၏။

ဟွမ်ယင်က ကူကယ်ရာ မဲ့နေသည့် မျက်နှာလေးဖြင့် သက်ပြင်းချလိုက်သည်။

" ရှောက်ရှန်လေး .. တိုက်ပွဲကွင်းပြင်ကနေ ထွက်လာခဲ့တော့။ ငါတို့ အရှုံးပေးလိုက်ပြီ "

မိုးကြိုးသားရဲမှာလည်း ထိုအချိန်တွင် ခက်ခက်ခဲခဲ တောင့်ခံနေရသဖြင့် ဟွမ်ယင်စကားကို ကြားသည်နှင့် ချက်ချင်း နောက်လှည့်ပြီး အသည်းအသန် ပြေးလာ၏။

၎င်းကို မြင်သောအခါ လီလဲ့ယို ဒေါသူပုန် ထသွားတော့သည်။

" နတ်ဆိုး သိန်းငှက်မည်းကြီး ၊ အဲ့ကောင်ကို ​အသေသတ်စမ်း ။ သူ့ကို ဘယ်နည်းနဲ့မှ အလွတ်ပေးလို့ မဖြစ်ဘူး "

သူ ဒေါသတကြီး အော်လိုက်သည်။

အား ....

သိန်းငှက်မည်းကြီးကလည်း အသံကျယ်ကြီးဖြင့် အော်ကာ မိုးကြိုးသားရဲဆီသို့ ဝုန်းခနဲ ပြေးဝင်သွား၏။

မိုးကြိုးသားရဲမှာလည်း ယခင်ကတည်းက အလွန်လျင်မြန်​သူ တစ်ယောက်ဖြစ်ရာ ချက်ချင်းပင် လျှပ်စီးအဖြစ် အသွင်ပြောင်း၍ ထွက်ပြေးလိုက်သည်။

နတ်ဆိုး သိန်းငှက်မည်းကြီးက သူ့နောက်သို့ ရောက်လာပြီး သူ့အား ဖမ်းမိလုဆဲ အခြေအနေမှာပင် သူ တိုက်ပွဲကွင်းပြင် အပြင်ဘက်သို့ သီသီလေး ထွက်ပြေးလွတ်မြောက်နိုင်သွား၏။

ဒေါင် ..

ခပ်လှမ်းလှမ်းရှိ ပွဲကြည့်စင်ပေါ်တွင် ရှိနေသော ကောင်းကင်ဘုံသားရဲ ခန်းမ မှ အကြီးအကဲက တိုက်ပွဲ ပြီးဆုံးသွားသည့် အချက်ပေးခေါင်းလောင်းကို တီးလိုက်သည်။

သို့သော် ခေါင်းလောင်သံ မြည်လာသည့်တိုင် နတ်ဆိုးသိန်းငှက်မည်းက လက်မလျော့သေးဘဲ မိုးကြိုးသားရဲနောက် ဆက်ပြေးလိုက်သွား၏။

အား ..

၎င်းက ဒေါသတကြီး ကျယ်လောင်စွာ အော်ပြီး မိုးကြိုးသားရဲအား လက်သည်းချွှန်ဖြင့် ဖမ်းဆုပ်ရန် ကြိုးစားလိုက်သည်။

" ရှောက်ရှန် .. "

ဟွမ်ယင်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း အလွန် ထိတ်လန့်တုန်လှုပ်သွားသည်။

သို့သော် မိုးကြိုးသားရဲက အသက်အန္တရာယ်မှ သီသီလေး လွတ်သွားခဲ့ပြန်၏။

သို့သော် ..

ဝှစ် ..

သူ့ကိုယ်ပေါ်တွင် ဒဏ်ရာ နောက်တစ်ခု ထပ်ပေါ်လာပြန်သည်။

" လီလဲ့ယို .. အဲ့ဒါ ဘာသဘောလဲ ။ တိုက်ပွဲ ပြီးသွားခဲ့တာတောင် ရှင်က ဆက်တိုက်ခိုက်နေတာ ။ ဒါကရော ကောင်းကင်ဘုံသားရဲ ခန်းမ ရဲ့ စည်းမျဥ်းပဲ​လား "

ဟွမ်ယင် ဒေါသတကြီး အော်လိုက်သည်။

ကောင်းကင်ဘုံသားရဲ ခန်းမ၏ အကြီးအကဲကလည်း လီလဲ့ယိုအား မျက်မှောင်ကြုံ့ကြည်ကာ ပြောလာ၏။

" တဖက်သားရဲက တိုက်ပွဲကွင်းပြင် အပြင်ဘက်ကို ရောက်သွားပြီလေ ။ စည်းမျဥ်းတွေအရဆိုရင် မင်းဘက်က ဆက်ပြီး တိုက်ခိုက်ခွင့် မရှိတော့ဘူး ။ မင်းရဲ့သားရဲကို ရပ်ဖို့ အခု ပြောလိုက်ပါ။ မဟုတ်ရင်တော့ ဖြစ်လာမယ့် အကျိုးဆက်ကို မင်း ခံနိုင်မှာ မဟုတ်ဘူးနော်  "

လီလဲ့ယို၏ မျက်နှာ  ဖြူရော်သွားပြီး ချက်ချင်း ပြောလိုက်သည်။

" နတ်ဆိုး သိန်းငှက်မည်းကြီး ၊ ပြန်ဆုတ်တော့ "

သို့သော် နတ်ဆိုးသိန်းငှက်မည်းကြီးကမူ လီလဲ့ယိုအား တစ်ချက်သာ လှည့်ကြည့်ပြီး လုံးဝ လျစ်လျူရှုထား၏။

ဝုန်း ..

ထို့နောက် ၎င်းက တောင်ပံများကို တစ်ချက် ခတ်လိုက်ရာ လေပြင်းများ ရုတ်ချည်း တိုက်ခတ်လာပြီး မိုးကြိုးသားရဲ လွင့်စင်ထွက်သွားသည်။

" ရှောက်ရှန်လေး ... "

ဟွမ်ယင်မှာ မနေနိုင်တော့ဘဲ သူမ၏ မိုးကြိုးနတ်ဘုရားခန္ဓာကိုယ်ကို အသက်သွင်း၍ လေပြင်းထဲသို့ အတင်း တိုးဝင်ကာ သူမ၏ မိုးကြိုးသားရဲအား ဖက်ထားလိုက်သည်။

" အား ... "

နတ်ဆိုးသိန်းငှက်မည်းကြီးက ၎င်းကို မြင်သောအခါ သူ့ သားကောင်အား ဝင်ကယ်ပေးနေသည်ကို မကျေနပ်ဟန်ဖြင့် ဒေါသတကြီး အော်ပြီး ဟွမ်ယင်ကိုပါ တိုက်ခိုက်ရန် ပြင်လိုက်သည်။

ထိုမြင်ကွင်းကို ကြည့်ကာ လောထျန်း မျက်မှောင်အနည်းငယ် ကြုံ့သွား၏။ ထို့နောက် သူ လက်တစ်ဖက် မြှောက်၍ သိန်းငှက်ကြီးအား ကိုင်တွယ်ရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်မှာပင် ..

ဘုန်း ..

မလှမ်းမကမ်းမှ အမြီးကြီးတစ်ခုက နတ်ဆိုးသိန်းငှက်မည်းကြီး၏ ခန္ဓာကိုယ်ကို အလွန်လျင်မြန်စွာ ရစ်ပတ်လာပြီး တိုက်ပွဲကွင်းပြင်ထဲသို့ ခပ်ပြင်းပြင်း ဆွဲလိုက်၏။ ထို့နောက် ၎င်းအား မြေပြင်သို့ အရှိန်ဖြင့် ပစ်ချလိုက်သည်။

ဝုန်း ..

ဖုန်မှုန့်လုံးကြီးများ ချက်ချင်း လိမ့်တက်လာပြန်၏။

" ဟင် .. ဘာတွေ ဖြစ်နေတာလဲ "

ဟွမ်ယင်မှာ မျက်နှာလေး ဖြူရော်နေပြီး ထိုမြင်ကွင်းကို ကြည့်ရင်း နားမလည်နိုင် ဖြစ်နေသည်။

တဖက်မှ လီလဲ့ယိုကလည်း ​ကောင်းကင်ဘုံသားရဲ ခန်းမ၏ အကြီးအကဲ အဘိုးအိုဘက် လှည့်ကြည့်လိုက်သည်။

" ဒါ .. ဘာအဓိပ္ပါယ်လဲ "

အဘိုးအိုက အေးစက်စက် ပြန်ပြော၏။

" ဘာမှ မဟုတ်ဘူးလေ ၊ မင်းက မင်းရဲ့ တိုက်ပွဲဝင်သားရဲကို မထိန်းနိုင်မှတော့ စည်းမျဥ်းတွေအတိုင်း ငါတို့ ကောင်းကင်ဘုံသားရဲ ခန်းမကပဲ ကိုင်တွယ်ရတော့တာပေါ့။ အခု ဝင်ပါလိုက်တဲ့ကောင်က ငါတို့ ကောင်းကင်ဘုံသားရဲခန်းမ က မွေးထားတဲ့ အစွမ်းအထက်ဆုံး သားရဲဖြစ်တဲ့ သံကြေးခွံ မြွေ ပဲကွ ။ သူကလဲ အဆုံးအစမဲ့ အဆင့်မှာပဲ "

" တကယ်လို့ မင်းရဲ့ နတ်ဆိုးသိန်းငှက်မည်းကြီးက သံကြေးခွံမြွေကို အနိုင်ယူနိုင်ရင်တော့ မင်းအတွက် ကိစ္စမရှိဘူး ။  ဒါပေမယ့် အနိုင်မယူနိုင်ခဲ့ရင်တော့ စည်းမျဥ်းတွေအတိုင်း ကောင်းကင်ဘုံသားရဲ ခန်းမကို ဖျက်ဆီးတဲ့ သားရဲတိုင်းက သံကြေးခွံမြွေကြီးရဲ့ သတ်တာကို ခံရမယ် "

ထိုစကားကို ကြားသောအခါ လီလဲ့ယိုက ချက်ချင်း ပြန်အထွန့်တက်ရန် ပြင်လိုက်သေး၏။

သို့သော် အဘိုးအိုက သူ့အား အေးစက်စက် မျက်လုံးများဖြင့် ကြည့်နေသဖြင့် ဘာမှ ပြန်မပြောနိုင်ဘဲ မြိုသာ မြိုသိပ်ထားလိုက်ရသည်။

အဘိုးအို ပြောသည့် စကားက မှန်နေသည်ကို သူကိုယ်တိုင်လည်း သိထားပေရာ မည်သို့ ပြန်ငြင်းနိုင်တော့ပါမည်နည်း။

ကောင်းကင်ဘုံသားရဲခန်းမ၏ စည်းမျဥ်းအရ ပြဿနာ ဖန်တီးသော သားရဲတိုင်း အပြစ်ပေးခြင်းကို ခံရမည်သာ ဖြစ်သည်။

ကောင်းကင်ဘုံသားရဲခန်းမမှ သားရဲအား ပြန်သတ်နိုင်မှသာလည်း အပြစ်ပေးခံရခြင်းမှ ကင်းလွတ်နိုင်မည်  ဖြစ်ပါ၏။

သို့သော် .. ထို သံကြေးခွံ မြွေကြီးက အလွန်ကြောက်စရာကောင်းသော သားရဲကြီးတစ်ကောင် ဖြစ်သည်ကို ကောင်းကင်ဘုံသားရဲ တိုက်ပွဲခန်းမတွင် နှစ်ပေါင်းများစွာကြာ ပြိုင်ပွဲဝင်လာခဲ့သည် လီလဲ့ယိုတစ်ယောက် မသိဘဲ မနေပါချေ။

တိတိကျကျ ပြောရလျှင်မူ သံကြေးခွံမြွေကြီးက နတ်ဘုရားသားရဲတစ်ကောင် မဟုတ်ပါ။

သို့သော် ၎င်း ငယ်စဥ်က နတ်ဘုရားသားရဲတစ်ကောင်၏ ဥတစ်လုံးကို မြိုချကာ ထိုသားရဲ၏ အစွမ်းကို  သန့်စင်ခဲ့ဖုးပါသည်။ ထို့ကြောင့်လည်း ၎င်း၏ ခန္ဓာကိုယ်အစွမ်းက သာမာန် နတ်ဘုရားသားရဲတစ်ကောင်ထက် အစွမ်း မနိမ့်ပေ။

ထို့အပြင် ကောင်းကင်ဘုံသားရဲခန်းမ ကလည်း ၎င်းအား သေချာ လေ့ကျင့်ပေးထားသဖြင့် ၎င်းကိုယ်ပေါ်မှ ကြေးခွံတစ်ခုစီတိုင်းက အဆင့်၉ သံချပ်ကာနှင့်ပင် ယှဥ်၍ ရနေ၏။

အဆုံးအစမဲ့ အဆင့်မှ ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်မှုကပင် ၎င်း၏ ကြေးခွံအား ပျက်စီးအောင် မလုပ်နိုင်ပါချေ။

ထိုသို့သော သားရဲမျိုးကို မည်သို့ တိုက်ခိုက်ရပါမည်နည်း။

ယခုတိုင်း ဆိုပါက နတ်ဆိုးသိန်းငှက်မည်းကြီးမှာ ယနေ့ သေဆုံးသွားရတော့မည့်ဟန်ပင် ။

မည်မျှ ရင်နာစရာ ကောင်းလိုက်ပါသနည်း။

ထို နတ်ဆိုးသိန်းငှက်မည်းကြီးက သူ့အတွက် လျှို့ဝှက် နိုင်ဖဲတစ်ချပ် ဖြစ်ပါသည်။

အစပိုင်းတွင် သူသည် ထို နတ်ဆိုးသိန်းငှက်မည်းကြီးအား သူ့စကား နားထောင်လာအောင် အပြည့်အဝ သိမ်းသွင်းပြီးပါက သူသည်လည်း ပိုအစွမ်းထက်လာမည်ဟု ထင်ထားခဲ့ပါ၏။

သို့သော် ယခုလို အဖြစ်မျိုးနှင့် ကြုံရလိမ့်မည်ဟု မည်သို့ တွေးထားမိပါမည်နည်း။

" ဒါတွေအားလုံးက ဟို မြောက်ပိုင်းဒေသက အမှိုက်​ကောင်တွေကြောင့်မို့ ဖြစ်ရတာ "

လီလဲ့ယို အလွန်ဒေါသထွက်သွားကာ လောထျန်းတို့ လူစုအား စားမတတ် ဝါးမတတ် ကြည့်လိုက်သည်။

ဤကောင်းကင်ဘုံသားရဲ ခန်းမ၌ သူ ပေါ်တင် မတိုက်ခိုက်ရဲပါချေ။

သို့သော် .. ခန်းမအပြင်သို့ ရောက်သည်နှင့် လောထျန်းတို့ လူစုအား သင်ခန်းစာ ကောင်းကောင်း ပေးမည်ဟု သူ ဆုံးဖြတ်ချက် ချလိုက်ပါ၏။

ထိုသို့ တွေးကာ အကွက်ချနေစဥ်မှာပင် နတ်ဆိုးသိန်းငှက်မည်းကြီး၏ အော်သံကြောင့် တိုက်ပွဲကွင်းပြင်ဆီသို့ သူ အာရုံပြန်ရောက်သွားသည်။

ထိုအချိန်တွင် တိုက်ပွဲကွင်းပြင်ထဲ၌ .. သိန်းငှက်မည်းကြီးမှာ မြွေကြီး၏ အမြီးမှ လွတ်နေခဲ့ပြီဖြစ်ပြီး ကောင်းကင်ယံ အထက်သို့ ပျံတက်သွား၏။

တိုက်ပွဲကွင်းပြင်၏ မြေပြင်တွင်လည်း မြွေကြီး၏ ခန္ဓာကိုယ် အပြည့်ပေါ်လာသည်။

မြွေကြီး၏ တစ်ကိုယ်လုံးတွင်ကား အမည်းရောင် ကြေးခွံများဖြင့် ပြည့်နေကာ ၎င်းကြေးခွံများမှ အေးစက်စက် အလင်းတန်းတစ်ခုလည်း လင်းလက်နေ၏။

ထို့နောက်တွင်မူ မြွေကြီးက ၎င်း၏ ရှည်လျားလှသော လျှာကြီးကို ထုတ်လိုက်ရာ ပို၍ပင် ကြောက်စရာ ကောင်းသွားတော့သည်။

" အား .. "

သိန်းငှက်မည်းကြီးမှာလည်း ပြိုင်ဘက်၏ အန္တရာယ်ကို သတိထားမိဟန်ဖြင့် မြေပြင်သို့ ပြန်မဆင်းသက်ရဲဘဲ ရှိနေ၏။ ၎င်းက ကောင်းကင်ယံတွင်သာ နေပြီး မြွေကြီးကို ခြောက်လှန့်ချင်ဟန်ဖြင့် အော်နေသည်။

သို့သော် သံကြေးခွံ မြွေကြီးကလည်း မြေပြင်တွင် ခွေနေ​ကာ လုံးဝ နေရာမရွှေ့ပေ။

" အား .. "

ထိုအခြင်းအရာကို မြင်သောအခါ သိန်းငှက်မည်းကြီးက ယခင်ထက် ပိုကျယ်သော အသံဖြင့် ထပ်အော်၏။

သို့သော် သံကြေးခွံ မြွေကြီးကမူ တုပ်တုပ်ပင် မလှုပ်ပါ။

" အား ... "

သိန်းငှက်ကြီး၏ အော်သံ​က ​ပိုကျယ်လာပြန်၏။ ၎င်း၏ အော်သံကြောင့် ကောင်းကင်ဘုံ သားရဲခန်းမ တစ်ခုလုံးပင် တုန်ခါသွားရသည်။

သို့သော် မြွေကြီးကမူ လုံးဝ မမှုဟန်ဖြင့် တည်ငြိမ်စွာ ရှိနေဆဲပင်။

သို့သော် .. ထိုအချိန်တွင် လှုပ်ရှားလာသူ တစ်ဦး ရှိပါသည်။

အစောပိုင်းက သိန်းငှက်ကြီး ပထမအကြိမ် အော်လိုက်စဥ်တွင် အိပ်နေသော ရှောက်ထျန်းလုံက အနှောင့်အယှက် ဖြစ်သွားဟန်ဖြင့် လူးလွန့်လာခဲ့၏။

သိန်းငှက်ကြီးက ဒုတိယအကြိမ် အော်လိုက်ချိန်တွင်မူ ရှောက်ထျန်းလုံက သူ့အိမ်မက်လေး အနှောင့်ယှက် ဖြစ်သွာမည်ကို မလိုလားဟန်ဖြင့် နားနှစ်ဖက်အား သူ့လက်သေးသေးလေးဖြင့် ကာခဲ့သည်။

သို့သော် နတ်ဆိုးသိန်းငှက်မည်းကြီး၏ တတိယအကြိမ် အော်သံက ကျယ်လွန်းသဖြင့် နားကို လက်ဖြင့် ကာထားသည့်တိုင် ရှောက်ထျန်းလုံမှာ တစ်ကိုယ်လုံးပင် တုန်သွားခဲ့ရပါသည်။

ထိုအချိန်တွင် အလွန် အိပ်ချင်မူးတူး ဖြစ်နေဟန် ရှိသော နဂါးလေး ရှောက်ထျန်းလုံက မကြည်မသာ မျက်နှာဖြင့် မျက်လုံးများ ဖြည်းညင်းစွာ ဖွင့်လာ၏။

All Chapters