သုံးပွင့်ဆိုင် တိုက်ပွဲ
Vol. 28 Ch. 382
ရှောက်ထျန်းလုံ၏ မျက်လုံးများ လှုပ်ရှားသွားကာ သူ့ကို နိုးသွားအောင် လုပ်ခဲ့သည့် တရားခံအား ရှာလိုက်သည်။
ထိုအချိန်မှာပင် ကောင်းကင်ယံမှ နတ်ဆိုးသိန်းငှက်မည်းကြီးက သံကြေးခွံမြွေအား ခြောက်လှန့်လိုဟန်ဖြင့် ထပ်အော်လိုက်ပြန်၏။
အား ..
သို့သော် ဤတစ်ကြိမ် ထွက်လာသည့် အသံမှာ ယခင်ထက် အားနည်းနေဟန် တူပါသည်။
၎င်းမှာ ကြောက်ရွံ့မှုကြောင့်လား ၊ ဘာလား မသေချာသော်လည်း အော်သံနှင့်အတူ သိန်းငှက်ကြီးပါးစပ်မှ တံတွေးများလည်း များစွာပင် ထွက်ကျလာ၏။
တံတွေးတစ်စက်က လေနှင့်အတူ လွင့်သွားပြီး ရှောက်ထျန်းလုံလေးဆီသို့ ရောက်သွားသည်။
ရှောက်ထျန်းလုံမှာ သူ့အာ နိုးလိုက်သူကို ရှာနေချိန်၌ သိန်းငှက်ကြီးက ထပ်အော်လိုက်သဖြင့် ထိုသူက တရားခံ ဆိုသည်ကို သေချာပင် သိသွားတော့၏။
ထို့ကြောင့် သူ ချက်ချင်း ခေါင်းမော့ကာ သိန်းငှက်ကြီးအား ကြည့်လိုက်သည်။
သို့သော် ထိုအချိန်မှာပင် သူ့မျက်နှာပေါ်သို့ တံတွေးတစ်စက် ကျလာပါ၏။
ထိုတခဏ၌ ရှောက်ထျန်းလုံတစ်ယောက် အလွန်အံ့သြ မှင်သက်သွားတော့သည်။
သူ မွေးလာသည့် အချိန်မှစ၍ ထိုသို့သော အဖြစ်မျိုးနှင့် လုံးဝ မကြုံခဲ့ဖူးပါချေ။
ထို့နောက်တွင်မူ ရှောက်ထျန်းလုံ ဒေါသထွက်သွားတော့၏။
သူ နှစ်ခြိုက်စွာ အိပ်မောကျနေချိန်၌ တဖက်လူက ဆူညံစွာ အော်ဟစ်ပြီး သူ့ကို နိုးလာအောင် လုပ်ခဲ့ပါသည်။
သို့သော် ထိုအထိ သူ သည်းခံနိုင်ပါသေး၏။ သူ ထိုသူအား ကြည့်ပြီး တောင်းပန်ခိုင်းရန်သာ တွေးထားခဲ့သည်။
သို့သော် .. သူ ခေါင်းလှည့်လိုက်ချိန်မှာပင် တဖက်လူက သူ့မျက်နှာပေါ် တံတွေးဖြင့် ထွေးလာခဲ့ပါ၏။
၎င်းကို သူ မည်သို့ ဆက်သည်းခံရပါတော့မည်နည်း။
ရှောက်ထျန်းလုံက နတ်ဆိုးသိန်းငှက်မည်းကြီးအား စိုက်ကြည့်ကာ ရုတ်တရက် .. တိုက်ပွဲကွင်းပြင်ထဲသို့ ဒေါသတကြီး ပျံသန်းသွားလိုက်သည်။
ထိုအချိန်တွင် အားလုံး၏ အာရုံမှာ သိန်းငှက်မည်းကြီးနှင့် သံကြေးခွံ မြွေကြီးတို့အပေါ်တွင်သာ ရှိနေခဲ့ပါ၏။
" နတ်ဆိုးသိန်းငှက်မည်းကြီးရော သံကြေးခွံ မြွေကြီးရောက အဆုံးအစမဲ့ အဆင့်တွေမှာကွ ။ ငါက ဒီကို ဒီတိုင်း ပျင်းလို့သာ လာကြည့်လိုက်တာ .. ခုလို ပွဲကြီးပွဲကောင်းနဲ့ တွေ့မယ်လို့ ထင်တောင် မထင်ထားဘူးကွာ "
" ဟုတ်တယ်ကွ ။ ဒီလို အဆင့်အနိမ့်ဆုံး ကောင်းကင်ဘုံသားရဲခန်းမ မှာ နတ်ဘုရားသားရဲ နီးပါး အစွမ်းထက်ကြတဲ့ သားရဲနှစ်ကောင်ရဲ့ တိုက်ပွဲကို ကြည့်ရမှာဆိုတော့ တကယ် တန်တယ်ကွာ "
" သူတို့ နှစ်ယောက်ထဲမှာ ဘယ်သူ နိုင်သွားမလဲ မသိဘူးနော် "
" တွေးနေစရာတောင် လိုသေးလို့လားကွာ ၊ သံကြေးခွံမြွေကြီးပဲ ဖြစ်မှာပေါ့ ။ အဲ့ကောင်ကြီးက ကောင်းကင်ဘုံသားရဲခန်းမ ရဲ့ ကွက်မျက်သူ သားရဲကြီးလေ ။ တော်တန်ရုံ သားရဲမျိုးက သူနဲ့ လုံးဝ မယှဥ်နိုင်ဘူး ။ ဟို အလင်းတန်းလိုက်ကာမှာ ပြထားတဲ့ အချက်အလက်တွေကိုလဲ ကြည့်လိုက်ဦးကွ ။ သံကြေးခွံမြွေကြီးက ဒီ ကောင်းကင်ဘုံသားရဲခန်းမ မှာတင်ကို သူနဲ့ အဆင့်တူ သားရဲ တစ်ရာကျော်လောက်ကို သတ်ပြီးသွားခဲ့ပြီ "
ထိုစကားသံနှင့်အတူ အားလုံး၏ အကြည့်က တိုက်ပွဲကွင်းပြင် အပေါ်ဘက်ရှိ ပြိုင်ပွဲဝင် သားရဲများ၏ အချက်အလက်များကို ပြထားသော အလင်းတန်းလိုက်ကာပေါ်သို့ ရောက်သွားကြသည်။
သို့သော် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အားလုံး အံ့အားသင့်သွားကြပါ၏။
" ဟင် .. ဘာတွေ ဖြစ်နေတာလဲ "
တစ်ယောက်က တအံ့တသြ မေးလိုက်သည်။
အလင်းတန် လိုက်ကာပေါ်တွင်ကား အပိုင်းသုံးပိုင်း ကွဲနေပါ၏ ။
ပထမတစ်ပိုင်းတွင် နတ်ဆိုးသိန်းငှက်မည်းကြီး၏ သတင်းအချက်အလက်များကို ပြထားပြီး .. ဒုတိယပိုင်းတွင်မူ သံကြေးခွံမြွေကြီးအကြောင်း ပြထားပါသည်။
ပုံမှန်ဆိုလျှင် ယခုတိုက်ပွဲက အလင်းတန်း လိုက်ကာနှစ်ခုသာ ရှိသင့်ပါ၏။
သို့သော် ယခုတွင်မူ နောက်ထပ် အလင်းတန်းလိုက်ကာ တစ်ပိုင်း ထပ်ရှိနေသည်။
ထို တတိယတစ်ပိုင်းတွင် ရှိနေသော အချက်အလက်များကမူ အားလုံးနီးပါး ဗလာ ဖြစ်နေသည်။
" ဘာတွေ ဖြစ်နေတာလဲ ၊ နောက်ထပ် သားရဲတစ်ကောင် ရှိနေတာဘား .. "
" ဘာတွေ ဖြစ်နေတာလဲ '
အားလုံး အံ့သြမှင်သက်ကုန်ကြသည်။
အလင်းတန်းလိုက်ကာ တတိယတစ်ပိုင်း ရှိနေခြင်းက ယခု တိုက်ပွဲမှာ သုံးပွင့်ဆိုင် တိုက်ပွဲ ဆိုသည့် အဓိပ္ပါယ်ပင် ။
သို့သော် တတိယမြောက်သားရဲက ဘယ်မှာပါနည်း။
ထိုစဥ်မှာပင် လူတစ်ယောက်က တစ်စုံတစ်ခုကို ရုတ်တရက် သတိထားမိသွားဟန်ဖြင့် အော်ပြောလာ၏။
" ဟိုကို ကြည့်လိုက်ဦး "
" ဟင် .. "
အားလုံးက ထိုလူ လက်ညိုးညွှန်သည့်ဘက် ကြည့်လိုက်ကြရာ သိန်းငှက်ကြီးနှင့် မျက်နှာချင်းဆိုင် လေထဲတွင် ရှိနေသော ရှောက်ထျန်းလုံအား တွေ့လိုက်ကြသည်။
" ဟင် .. အဲ့သားရဲက တိုက်ခိုက်မလို့လား .. သူက မသေးလွန်းဘူးလားကွာ "
" ဟုတ်ပ ၊ သူက ဟို သိန်းငှက်မည်းကြီးရဲ့ လက်သည်းခွံလောက် အရွယ်တောင် မရှိတာကို သွားရဲနေတယ်ပေါ့ "
" ဒီကောင်က မွေးကင်းစ သားရဲလေးတစ်ကောင်နဲ့ တူတယ် "
" ဖြစ်နိုင်တယ်ကွ ။ ဟိုစကားပုံလဲ ရှိတာပဲ ၊ မွေးစ ကြောင်လေးတွေက ကျားကြီးကိုတောင် ကြောက်ရကောင်းမှန်း မသိကြဘူးတဲ့ ။ အဲ့ဒါကြောင့်မို့လဲ ဒီကောင်လေးက နတ်ဆိုးသိန်းငှက်မည်းကြီး ကိုရော ၊ သံကြေးခွံမြွေကြီးကိုရော မကြောက်တာနဲ့တူတယ် ။ ဒါပေမယ့် .. အဲ့သားရဲက ဘယ်လို သားရဲမျိုးလဲကွ ။ ငါ ဗဟုသုတ တော်တော်လေး ကြွယ်ဝတဲ့ထဲ ပါတာတောင် အဲ့လို သားရဲမျိုး တစ်ခါမှ မမြင်ဖူးဘူး "
" ဘယ်လိုသားရဲမျိုးလဲ ဆိုတာ အရေးမကြီးပါဘူးကွာ ။ ကြည့်ရတာတော့ သိန်းငှက်ကြီးနဲ့ မြွေကြီးက တစ်ချက် နှာချေလိုက်ရင်တောင် အဲ့ကောင်လေး သေသွားနိုင်တယ် "
အားလုံးက သူတို့ထင်ရာကို တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည်။
လောထျန်းတို့ လူစုမှာလည်း ရှောက်ထျန်းလုံအား သတိထားမိသွားကြ၏။
" အဲ့ကောင်လေးက ဘယ်တုန်းက ထွက်သွားတာလဲ "
ဟွမ်ယင်မှာ ရှောက်ထျန်းလုံလေး လောထျန်းပုခုံးပေါ်၌ အိပ်နေသည်ကို သတိထားမိပြီး ဖြစ်သော်လည်း သူ ဘယ်အချိန်က ထွက်သွားလိုက်သည်ကိုမူ သတိမထားမိခဲ့ပေ။
" လောထျန်း ၊ သူ့ကို မြန်မြန် ပြန်ခေါ်လိုက်ဦး ။ ဒါ နောက်စရာ မဟုတ်ဘူးနော် "
သူမ စိုးရိမ်တကြီး အော်လိုက်သည်။
သို့သော် လောထျန်းက မည်သို့မှ ပြန်မပြောနိုင်ခင်မှာပင် မလှမ်းမကမရှိ ကောင်းကင်ဘုံသားရဲခန်းမမှ အကြီးအကဲ အဘိုးအိုက ရုတ်တရက် ဝင်ပြောလာ၏။
" စိတ်မကောင်းပါဘူး ၊ အခုက ကွက်မျက်ချိန် ဖြစ်သွားပြီ ။ ကောင်းကင်ဘုံသားရဲ ခန်းမရဲ့ စည်းမျဥ်းတွေအရဆိုရင် ကွက်မျက်မယ့်သားရဲ ပေါ်လာတာနဲ့ ဘာမှ ပြန်နောက်ဆုတ်လို့ မရတော့ဘူး ။ ဒါကိုမှ ရှေ့ဆက်တိုးရင်တော့ ကောင်းကင်ဘုံသားရဲ ခန်းမကို ဆန့်ကျင်တာ ဖြစ်သွားပြီ "
" ဒါပေမယ့် .. ဟိုကောင်လေးက မတော်တဆ ဝင်သွားမိတာလေ ... "
ဟွမ်ယင်က ဆက်ငြင်းချင်နေသေးဟန်ဖြင့် ပြော လိုက်သည်။
သို့သော် အဘိုးအိုက ခေါင်းယမ်း၍ ပြန်ပြော၏။
" စည်းမျဥ်းက စည်းမျဥ်းပဲလေ ။ကွက်မျက်ရေး တိုက်ပွဲက ငါတို့ ကောင်းကင်ဘုံသားရဲခန်းမရဲ့ ဂုဏ်သိက္ခာအတွက် အရေးကြီးတဲ့ ပွဲတစ်ခုပဲ။ အဲ့အချိန်မှာ တိုက်ပွဲကွင်းပြင်ထဲ ဝင်လာတဲ့ သားရဲတိုင်းကို တိုက်ပွဲမှာ ဝင်ပါမယ့်သူ လို့ပဲ သတ်မှတ်တယ် "
အဘိုးအိုက ထိုသို့ပြောကာ လောထျန်းအား စိုက်ကြည့်လိုက်သည်။
သူသည် အမြင်စူးရှသူ တစ်ယောက်ဖြစ်ရာ ထိုလူအုပ်တွင် လောထျန်းက ခေါင်းဆောင် ဖြစ်သည်ကို သိထားပြီး ဖြစ်ပါသည်။
လောထျန်း၏ ကျင့်ကြံခြင်းအဆင့်မှာ ထုံရွှယ်အဆင့်သာ ရှိသေးသည်ကို သူ မြင်နေရသော်လည်း .. သူ လောထျန်းကို တစ်ချက်ကြည့်လိုက်တိုင်း စိတ်ထဲတွင် ကြောက်ရွံ့သလို ထူးဆန်းသည့် ခံစားချက်မျိုး ခံစားနေရပါ၏။
ထို့ကြောင့်လည်း လောထျန်းသည် သာမာန်ကျင့်ကြံသူတစ်ယောက် မဖြစ်နိုင်ကြောင်း သူ ခန့်မှန်းမိလိုက်သည်။
ထိုအချိန်မှာပင် ပွဲကြည့်စင် တစ်နေရာမှ လှောင်ရယ်သံ တစ်ခု ထွက်လာ၏။
အားလုံးက အသံလာရာဘက် လှည့်ကြည့်လိုက်ကြရာ ရယ်နေသူမှာ လီလဲ့ယို ဖြစ်သည်ကို မြင်လိုက်ရသည်။
" လီလဲ့ယို .. မင်းက ဘာတွေ ရယ်နေတာလဲ "
ဟွမ်ယင်က ဒေါသတကြီး ရန်တွေ့လိုက်သည်။
လီလဲ့ယိူက လှောင်ပြုံးဖြင့် ပြန်ပြော၏။
" ငါက မင်းတို့ မြောက်ပိုင်းဒေသက ကောင်တွေကို ရယ်နေတာလေ ။ မင်းတို့က လူတွေတင် တုံးတာ မဟုတ်ဘဲ ၊ သားရဲတွေကပါ တုံးအကြတာကိုးကွ ။ မင်းရဲ့ ဘာမှသုံးစားမရတဲ့ အမှိုက်လို သားရဲကများ ဒီတိုက်ပွဲမှာ ဝင်ပါရဲတယ်ပေါ့ ။ မင်းကောင်က ငါ့ရဲ့ နတ်ဆိုးသိန်းငှက်မည်းကြီး တစ်ချက်ကြည့်ရုံနဲ့တင် သေသွားနိုင်တယ်ကွ "
" နှမျောစရာ ကောင်းလိုက်တာကွာ ။ မင်းရဲ့ အမှိုက်သားရဲ သေသွားတာက ကိစ္စမရှိပေမယ့် ငါ့ရဲ့ နတ်ဆိုးသိန်းငှက်မည်းကြီးက ... "
လီလဲ့ယိုမှာ သံကြေးခွံမြွေကြီးကို ကြည့်ရင်း ရင်ထဲ လေးလံသွားတော့သည်။
ဟွမ်ယင်က လောထျန်းဘက် လှည့်ကြည့်ကာ အံကြိတ်၍ ဆို၏။
" လောထျန်း ၊ ဟိုကောင်လေးကို ဒီတိုင်းတော့ အသေခံလို့ မဖြစ်ဘူးလေ ။ ကျွန်မတို့ ကောင်းကင်ဘုံသားရဲခန်းမ ကို ဖျက်ဆီးပြီးတော့ သူ့ကို ကယ်ရအောင် .. ဘယ်လိုလဲ "
သို့သော် သူမစကား ဆုံးသည့်အချိန်မှာပင် မလှမ်းမကမ်းတွင် ရှိနေသော ကောင်းကင်ဘုံသားရဲ ခန်းမမှ အဘိုးအိုက ရုတ်တရက် ချောင်းဟန့်လာသည်။
သူက ဟွမ်ယင်အား ထူးဆန်းသည့် မျက်နှာထားဖြင့် ကြည့်ကာ သူမအား ဤမျှ တုံးအရသလားဟု ပြောချင်နေဟန်လည်း ရှိသည်။
ကောင်းကင်ဘုံသားရဲ ခန်းမ ကို ဖျက်ဆီးချင်သည် ဆိုလျှင်ပင် အနည်းဆုံး အသံတိုးတိုးဖြင့် ပြောသင့်သည် မဟုတ်ပါလား ။
ယခုတွင်မူ သူ့ကို အနားထားပြီး အော်ကျယ်အော်ကျယ် ပြောနေပါ၏။
သို့သော် လောထျန်းက ခေါင်းယမ်း၍သာ ပြန်ပြောလိုက်သည်။
" အဲ့လိုလုပ်ဖို့ မလိုဘူး "
" ဘယ်လို ... အဲ့ဒါ ဘာအဓိပ္ပါယ်လဲ "
ဟွမ်ယင်မှာ နားမလည်နိုင်ဟန်ဖြင့် မျက်လုံးလေး ပြူးသွား၏။
လောထျန်းက အပြုံးဖြင့် ထပ်ပြောလာသည်။
" ကောင်လေးကို ကိုယ်တိုင်ပဲ ကိုင်တွယ်ပါစေ။ ကျုပ်တို့က ဒီတိုင်း ဘေးကနေပဲ ကြည့်ကြတာပေါ့ "
" ဘယ်လို .. "
ဟွမ်ယင်မှာ လုံးဝ ဆွံ့အသွားရတော့သည်။
ကောင်လေးကို ကိုယ်တိုင်ပဲ ကိုင်တွယ်ပါစေ တဲ့လား ...
ဘာတွေ ပြောနေပါသနည်း ။
ထိုသို့သော ကလေးပေါက်စလေးက ဘာကိုများ ကိုင်တွယ်နိုင်ပါမည်နည်း ။
ဟွမ်ယင်တစ်ယောက် နားမလည်နိုင် ဖြစ်နေစဥ်မှာပင် အနီးနားတဝိုက်တွင် ရှိနေကြသော လူများဆီမှ တအံ့တသြ ရေရွတ်သံများ ထွက်ပေါ်လာ၏။
သူမ ချက်ချင်း ခေါင်းလှည့်ကြည့်လိုက်ရာ သံကြေးခွံ မြွေကြီးနှင့် သိန်းငှက်မည်းကြီးတို့က တိုက်ခိုက်ရန် အသင့်ဖြစ်နေကြသည်ကို မြင်လိုက်ရသည်။
" အား .. "
နတ်ဆိုးသိန်းငှက်မည်းကြီး၏ ဒေါသတကြီး အော်သံက ကောင်းကင်ယံသို့ပင် ထိုးဖောက်တက်သွားပါ၏။
" ရှီ ..... "
သံကြေးခွံ မြွေကြီးကလည်း လျှာတစ်လစ်ထုတ်ကာ တွန်သံ ပေးလိုက်သည်။ ထိုအသံမှာ မကျယ်သည့်တိုင် ကြားလိုက်ရသူများ အားလုံး ကျောထဲထိ ချမ်းစိမ့်သွားကြပါ၏။
ဘေးမှ ရှောက်ထျန်းလုံလေးကလည်း ကိုယ်စီ အသံပေးနေကြသည့် သားရဲကြီး နှစ်ကောင်အား လှည့်ကြည့်ပြီး အသက်ပြင်းပြင်းရှိုက်လိုက်သည်။ ထို့နောက် ပါးစပ်ဟ၍ ကလေးသံလေးဖြင့် အော်လိူက်၏။
" ဝု ...... "