နတ်ဆိုးသားရဲနှစ်ကောင် အနိုင်ကျင့် ခံရခြင်း
Vol. 28 Ch. 383
" ဟင် .. "
ရှောက်ထျန်းလုံ၏ အော်သံကြောင့် အားလုံး အံ့သြမှင်သက်သွားကုန်သည်။
ကောင်းကင်ဘုံသားရဲ ခန်းမ နှင့် ကောင်းကင်ဘုံ တိုက်ပွဲကွင်းပြင်မှ တိုက်ပွဲပေါင်း များစွာကို ကြည့်လာခဲ့ဖူးသော သူတို့အဖို့ သားရဲတစ်ကောင်ဆီမှ ထိုအော်သံမျိုး တစ်ခါမှ မကြားဖူးခဲ့ပါချေ။
၎င်းက မည်သို့သော အော်သံမျိုးပါနည်း။
ဟွမ်ယင်သည်ပင် နားမလည်နိုင်ဟန် ဖြစ်နေပြီး လောထျန်းနှင့် ပန်းလင်တို့ဘက် လှည့်ကြည့်ကာ မေးလိုက်သည်။
" အဲ့ကောင်လေးက ဘာလို့ အဲ့လို အော်နေတာလဲ "
ထိုစကားကို ကြားသောအခါ ပန်းလင်က အသက်ပြင်းပြင်း ရှိုက်၍ လောထျန်းဘက် လက်ညိုးထိုးပြီး ပြော၏။
" အဲ့လိုအော်ဖို့ သူ သင်ပေးထားတာလေ "
ပန်းလင်အသွင်မှာ ဤကိစ္စနှင့် ပတ်သက်၍ လုံးဝ ဝင်မပါလိုဟန်လည်း ရှိသည်။
လောထျန်းက ခေါင်းကုတ်ပြီး ကြောင်အအ မျက်နှာလေးဖြင့် ပြန်ပြော၏။
" နဂါးတွေက အဲ့လိုပဲ အော်တာ မဟုတ်ဘူးလား "
ဟွမ်ယင်တစ်ယောက် ဆွံ့အသွားရသည်။
သို့သော် သူမ ချက်ချင်းပင် အသိပြန်ဝင်လာကာ ပြော၏။
" အခုက ဒါတွေ ပြောနေရမယ့်အချိန် မဟုတ်သေးဘူး ။ ကောင်လေးကို ကယ်ဖို့ပဲ နည်းလမ်း အရင်ရှာရမှာ "
ထိုစဥ်မှာပင် လီလဲ့ယိုက လှောင်ပြုံးဖြင့် ပြောလာသည်။
" ဟား ဟား .. ခုလိုအခြေအနေ ရောက်နေတာတောင် မင်းက သူ့ကို ကယ်ပေးချင်သေးတယ်ပေါ့လေ ။ နတ်ဆိုးသိန်းငှက်မည်းကြီး ၊ သူ့ကို အရင်သတ်ပစ်လိုက် "
" မင်း ... "
သူ့စကားကြောင့် ဟွမ်ယင် အလွန် ဒေါသထွက်သွားသည်။ သို့သော် သူမ မည်သို့မှလည်း မတတ်နိုင်ပါ။
တိုက်ပွဲကွင်းပြင်ထဲမှ နတ်ဆိုးသိန်းငှက်မည်းကြီးကလည်း ရှောက်ထျန်းလုံအား သတိထားမိသွား၏။
၎င်းက နဂါးငယ်လေးကို ကြည့်ကာ သူ့ကို ထိုသို့ လာအော်ရပါ့မလားဟု ဒေါသထွက်နေဟန်လည်း တူသည်။
ဝုန်း ..
ထို့နောက်တွင်မူ သိန်းငှက်မည်းကြီးက သံကြေးခွံမြွေအား လျစ်လျူရှုထားလိုက်ပြီး ရှောက်ထျန်းလုံ ဆီသို့သာ တဟုန်ထိုး ပြေးဝင်သွား၏။
ထို့နောက် နတ်ဘုရားလက်နက် တစ်ခုနှင့် တူသော ၎င်း၏ နှုတ်သီးကြီးဖြင့် ရှောက်ထျန်းလုံကို ကောက်ယူကာ အားဖြင့် ကိုက်လိုက်သည်။
" အား ... "
ဟွမ်ယင်မှာ ထိုမြင်ကွင်းကိုဆက်မကြည့်နိုင်ဘဲ ချက်ချင်း မျက်နှာလွှဲလိုက်၏။
" သိပ်ကောင်းတယ် "
လီလဲ့ယိုက အလွန်ဂုဏ်ယူနေဟန်ဖြင့် လက်သီးလက်မောင်းတန်း၍ ကျယ်လောင်စွာ အော်လိုက်သည်။
လောထျန်းနှင့် လုပ်ထားသော လောင်းကြေးကြောင့်သာ မဟုတ်ပါက သံကြေးခွံမြွေကြီးလည်း ထွက်လာစရာ အကြောင်းမရှိရာ .. ယနေ့ ဖြစ်ပျက်သမျှ အရာအားလုံးအတွက် သူ လောထျန်းကိုသာ အပြစ်တင်ထားပါ၏။
ထို့ကြောင့်လည်း ယခု လောထျန်း၏ နဂါးလေး အစားခံလိုက်ရသည်ကို ကြည့်ကာ သူ အလွန် ကျေနပ်သွားတော့သည်။
သို့သော် သူ လှည့်ကြည့်လိုက်သည့် အချိန်တွင်မူ လောထျန်းနှင့် ပန်းလင်တို့နှစ်ယောက်က မထူးခြားဟန် မျက်နှာပေးများဖြင့်သာ တိုက်ပွဲကွင်းပြင်သို့ ကြည့်နေကြသည်ကို မြင်လိုက်ရ၏။ သူတို့အသွင်မှာ အစောက ဆိုးရွားသည့် မြင်ကွင်းကို မြင်ပင် မမြင်ခဲ့သယောင် .. ။
" ဟင် .. သူတို့က လုံးဝ ဂရုမစိုက်တဲ့ ပုံပါလား ။ကြည့်ရတာ ဟို သားရဲလေးက ဘာမှ သုံးစားမရတဲ့ အမှိုက်မို့လို့ သေသွားလဲ ဂရုမစိုက်တာလား မသိဘူး "
လီလဲ့ယို တွေးမိလိုက်သည်။
သို့သော် ထိုအချိန်မှာပင် ..
လူတစ်ယောက်က တအံ့တသြ အော်ပြောလာ၏။
" ဟေ့ ..ခနနေဦး .. ဟိုကို ကြည့်လိုက်ဦးကွ "
လီလဲ့ယို၏ ခေါင်းက တိုက်ပွဲကွင်းပြင်ဘက်သို့ ချက်ချင်း ပြန်ရောက်သွားသည်။
ဟွမ်ယင်သည်ပင် မျက်လုံးကို လက်ဖြင့် ကာထားသည့်ကြားမှ လက်ချောင်းကို အနည်းငယ် ဟ ပြီး ချောင်းကြည့်လိုက်၏။
မြင်လိုက်ရသော မြင်ကွင်းကြောင့် အားလုံး အံ့သြမှင်သက်သွားကုန်သည်။
တိုက်ပွဲကွင်းပြင်ထဲမှ သိန်းငှက်မည်းကြီး၏ အလွန်မာကျောလှသော နှုတ်သီးတွင်ကား မရေမတွက်နိုင်သည့် အက်ရာများ ရှိနေပါ၏။
ထို့နောက်တွင်မူ ..
ဝုန်း ..
နှုတ်သီးကြီးက အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားတော့သည်။
ထို ပျက်စီးသွားသော ငှက်နှုတ်သီးကြီး၏ အလယ်တွင်က ရှောက်ထျန်းလုံတစ်ယောက်က အူကြောင်ကြောင် မျက်နှာလေးဖြင့် ဟိုဟိုဒီဒီ ကြည့်နေပြီး မည်သို့ ဖြစ်ပျက်နေသည်ကို နားမလည်ဟန် ရှိနေသည်။
" အူး .. "
နှုတ်သီး ဆုံးရှုံးသွားရသည့် နတ်ဆိုးသိန်းငှက်မည်းကြီးမှာကား အော်ဟစ်ငိုကြွေးကာ မြေကြီးပေါ် ပြုတ်ကျသွားတော့သည်။ သူ့ ခန္ဓာကိုယ်မှာလည်း အကြောဆွဲနေ၏။
" နတ်ဆိုးသိန်းငှက်မည်းကြီး ... "
လီလဲ့ယိုက ထိုမြင်ကွင်းကို ကြည့်ကာ ထပ်ခါထပ်ခါ အော်ခေါ်နေသော်လည်း ငှက်ကြီးကမူ သူ့အား လုံးဝ မတုန့်ပြန်လာပါ။
" ဘာတွေ ဖြစ်သွားတာလဲ "
ထိုစဥ် ပွဲကြည့်စင်ပေါ်ရှိ ကောင်းကင်ဘုံသားရဲခန်းမ မှ အဘိုးအိုကလည်း ရုတ်တရက် ထရပ်ပြီး လေထဲမှ နဂါးလေး ရှောက်ထျန်းလုံအား ကြည့်လိုက်သည်။
အစောလေးတွင်ပင် ရှောက်ထျန်းလုံ သေရတော့မည်ဟုသာ သူ ထင်နေခဲ့ပါ၏။
သို့သော် ယခုလို ရလဒ်မျိုး ဖြစ်သွားလိမ့်မည်ဟု မည်သူ ထင်မိပါမည်နည်း။
အမှန်တွင်မူ နတ်ဆိုးသိန်းငှက်မည်းကြီးမှာ သာမာန် သားရဲတစ်ကောင် မဟုတ်ပါချေ။
အထူးသဖြင့် .. ၎င်း၏ နှုတ်သီးကြီးက နတ်ဘုရားလက်နက်တစ်ခုလို အစွမ်းထက်ကာ မာကျောလှပါ၏။
ယခုတွင်မူ ၎င်း၏ နှုတ်သီးက ပြိုင်ဘက်ကို သတ်ရန် ကျရှုံးခဲ့ရုံမက ပြိုင်ဘက်ကြောင့်ပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့ရပါသေးသည်။
" ဘာတွေ ဖြစ်နေတာလဲ ... ကောင်လေးက .. "
ဟွမ်ယင်သည်လည်း လုံးဝ နားမလည်နိုင် ဖြစ်နေကာ လောထျန်းနှင့် ပန်းလင်ဘက် လှည့်ကြည့်၏။
ဘေးမှ ပန်းလင်က အေးအေးဆေးဆေးပင် ပြန်ပြောသည်။
" အဲ့ကောင်လေးက ပုံမှန် ဘာတွေစားတယ် ဆိုတာကိုသာ သိသွားရင် မိန်းကလေး အဲ့လောက် အံ့သြနေတော့မှာ မဟုတ်ဘူး "
သူမ ပြောသည်မှာလည်း မလွန်ပေ ..
ထိုကောင်လေးမှာ ကောင်းကင်ဘုံ နဂါးကြီး ထျန်းလုံ၏ မျိုးဆက်ဖြစ်ပြီး မွေးလာသည့် အချိန်ကတည်းပင် ကောင်းကင်ဘုံပျက်စီးခြင်း အစွမ်း၏ အသေသတ်ရန် ကြိုးစားမှုကို ခံခဲ့ရသူ ဖြစ်ပါသည်။
ထို့အပြင် သူ မမွေးဖွားလာခင် အချိန်မှစ၍ လောထျန်းက စိတ်စွမ်းအင်စုဆောင်းခြင်း အစီအမံ ပြုလုပ်ကာ သူ တည်ထောင်နေသော ကမ္ဘာသစ်မှ စိတ်စွမ်းအင်တို့ကို ထိုကောင်လေး၏ ကိုယ်ထဲ ထည့်ပေးထားခဲ့ပါသေးသည်။
ထိုကောင်လေး အကောင်ပေါက်လာသည့် အချိန်တွင်လည်း ၎င်းက မူလ အရှုပ်အထွေးမြေ နှင့် ရွှယ်ဟွမ် အစွမ်း နှစ်ခုတို့ကိုပါ စားသုံးခဲ့ပါသေး၏။
ထိုမျှမက .. မူလစိတ်စွမ်းအင် ငါးသွယ်ကိုပါ ဂျယ်လီတုံးလို အေအေးဆေးဆေး ဝါးမြိုခဲ့ပါသေးသည်။
ဤသို့သော အရာများကြားမှ မွေးဖွားလာသည့် ကောင်လေး၏ ခန္ဓာကိုယ်က အစွမ်းမထက်နေမှသာလျှင် ထူးဆန်းမည် ဖြစ်ပါသည်။
သို့သော် နဂါးလေးက မမွေးဖွားလာခင် အချိန်အတွင်း မသေမျိုး သုံးယောက်ထံမှ မသေမျိုးအစွမ်းများအား စုပ်ယူထားသေးသည်ကိုမူ ပန်းလင် မသိပါချေ ။
ထိုစဥ် တိုက်ပွဲကွင်းပြင်ထဲမှ နဂါးလေး ရှောက်ထျန်းလုံမှာလည်း နဆ်ဆိုးသိန်းငှက်မည်းကြီးအား နားမလည်နိုင်ဟန် မျက်နှာပေးဖြင့် ကြည့်နေ၏။
ထိုကောင်ကြီးက သူ့အား စတင်တိုက်ခိုက်ခဲ့သော်လည်း သူ ဘာမှ ဖြစ်မသွားဘဲ ထိုသူကသာ မြေပေါ် ပြုတ်ကျသွားခဲ့ သတဲ့လား ။ ယခုချိန်ထိ သူ လုံးဝ ပြန်မတိုက်ခိုက်ရသေးပေ ။
ထိုအချိန်မှာပင် ပွဲကြည့်စင်ပေါ်မှ အဘိုးအိုက ရုတ်တရက် ပြောလာသည်။
" သံကြေးခွံမြွေကြီး .. အဲ့ကောင်လေးကို မင်းကိုယ်နဲ့ ရစ်ပြီး ချုပ်သတ်လိုက် ။ ဒါပေမယ့် သတိတော့ထားနော် ၊ သူနဲ့ မျက်နှာချင်းဆိုင် မတိုက်ခိုက်နဲ့ "
သူ့စကား ဆုံးသည်နှင့် တိုက်ပွဲကွင်းပြင်ထဲမှ သံကြေးခွံ မြွေကြီးက ချက်ချင်းပင် လှုပ်ရှားလာ၏။
ဝုန်း ..
ချက်ချင်း ဆိုသလိုပင် ၎င်း၏ ဧရာမအမြီးကြီးက လှုပ်သွားပြီး ရှောက်ထျန်းလုံအား ရစ်ပတ်လိုက်သည်။
" ဝု ... "
ရှောက်ထျန်းလုံ လေးကမူ နားမလည်နိုင်သည့် မျက်နှာလေးဖြင့် ရှိနေဆဲပင် ။
ထို့နောက်တွင်မူ ..
မြွေကြီး၏ အမြီးက ရှောက်ထျန်းလုံ တစ်ကိုယ်လုံးကို ခပ်တင်းတင်း ရစ်ပတ်လိုက်၏။
" ဟား ဟား .. မင်းက ဘဟ်လိုသားရဲ မျိုးလဲ ဆိုတာ ငါ စိတ်မဝင်စားဘူး ။ ဘယ်လိုပဲ ဖြစ်ဖြစ် မင်းက သံကြေးခွံမြွေကြီးရဲ့ ချုပ်နှောင်မှုအောက်မှာ သေကို သေရမှာ။ ဒီ သံကြေးခွံမြွေကြီးက အင်မတန် အစွမ်းထက်တဲ့အပြင် သူ့ရဲ့ ကြေးခွံတွေကလဲ ဖျက်ဆီးလို့ မရဘူးလေ။ ဒီ တိုက်ပွဲက ပြီးသွားပြီ "
ပွဲကြည့်စင်ပေါ်မှ အဘိုးအိုက လက်နောက်ပစ်၍ ဂုဏ်ယူနေသည့် မျက်နှာထားဖြင့် ပြောလာသည်။
သူ့စကားကို ကြားသောအခါ ဟွမ်ယင်၏ မျက်နှာထား ချက်ချင်း ပြောင်းသွားပြီး လောထျန်းဘက် လှည့်ကြည့်၏။
" လောထျန်း ၊ ကျွန်မတို့တွေ ဘာဆက်လုပ်ကြမလဲ "
သို့သော် လောထျန်းက ခေါင်းအသာ ယမ်း၍သာ ပြန်ပြော၏။
" ဘာမှ လုပ်စရာ မလိုပါဘူး ။ ဒီတိုင်း စောင့်ကြည့်နေလိုက်ပါ "
လောထျန်းက အလွန်တည်ငြိမ်နေသည်ကို ကြည့်ကာ ဟွမ်ယင်တစ်ယောက် နားမလည်နိုင်ဘဲ ကြောင်သွားသည်။
ထို့နောက်တွင်မူ တိုက်ပွဲကွင်းပြင် အလယ်မှ ဘောလုံးတစ်လုံးလို ရစ်ခွေနေသည့် သံကြေးခွံမြွေကြီးကို ကြည့်ရင်း သူမရင်ထဲ တစထက်တစ လေးလံလာကာ စိုးရိမ်စိတ်လည်း ပိုများလာ၏။
အားလုံးမှာလည်း တိုက်ပွဲ ပြီးသွားပြီဟု တွေးနေကြစဥ်တွင်ပင် ....
" အား ... "
သံကြေးခွံ မြွေကြီးထံမှ စူးရှသော အော်သံတစ်ခု ထွက်ပေါ်လာသည်။
" သံကြေးခွံမြွေကြီး .. ဘာဖြစ်လို့လဲ "
ထိုမြင်ကွင်းကို ကြည့်နေသော ကောင်းကင်ဘုံသားရဲ ခန်းမ မှ အဘိုးအို အံ့အားသင့်သွား၏။
မြွေကြီးထံမှ ထိုသို့သော စူးစူးဝါးဝါး အော်သံမျိုး ကြားဖူးသည်မှာ ယခုက ပထမဆုံးပင် ။
ထို့နောက်တွင်မူ မြွေကြီးက ကိုယ်ကို ခါယမ်းကာ ခွေနေရာမှ ပြန်ဖြေလိုက်သည်။
ထိုမျှမက .. ၎င်းက အသက်ဘေးနှင့် ကြုံနေရသည့်အလား အလွန်လျင်မြန်သော အရှိန်ဖြင့် ထွက်ပြေးသွား၏။
" ဘာတွေ ဖြစ်နေတာလဲ "
အားလုံးမှာ ထိုမြင်ကွင်းကို ကြည့်ရင်း အံ့သြမှင်သက်ကုန်ကြသည်။
ထို့နောက်တွင်မူ အမြင်စူးရှသော သူတစ်ယောက်က တစ်စုံတစ်ခုကို သတိထားမိသွားဟန်ဖြင့် ရုတ်တရက် အော်ပြောလာ၏။
" သံကြေးခွံ မြွေကြီးကို ကြည့်လိုက်ဦး "
အားလုံးက ချက်ချင်း လှည့်ကြည့်လိုက်ကြရာ မြွေကြီး၏ကိုယ်၌ တွဲခိုထားသည့် ရှောက်ထျန်လုံ၏ ပုဝဝ လက်လေးနှစ်ဖက်ကို တွေ့လိုက်ရသည်။
ရှောက်ထျန်းလုံက သူ့ရှေ့လက် နှစ်ဖက်ဖြင့် ဧရာမ ကြေးခွံကြီးတစ်ခုကို ကောက်ယူကာ အားရပါးရ ဝါးစားလိုက်၏။
သူ ကြေးခွံအား ဝါးစားနေသည့် အချိန်မှာ စက္ကန့်အနည်းငယ်မျှသာ ကြာလိုက်ပါသည်။
ထိုသို့ စားပြီးသွားသည့်တိုင် နဂါးလေးက မကျေနပ်သေးဟန်ဖြင့် လက်နှစ်ဖက် ဆန့်ထုတ်၍ နောက်ထပ် ကြေးခွံတစ်ခုကို ဆွဲဖြုတ်လိုက်ပြန်၏။
ဖြောင်း ..
အလွန်သန်မာလှသော ကြေးခွံကြီးမှာ ချက်ချင်းပင် ရှောက်ထျန်းလုံလက်သို့ ပါလာသည်။
" အား ... "
သံကြေးခွံ နဂါးကြီးမှာ အလွန်နာကျင်သွားဟန်ဖြင့် မြေပြင်တွင် လူးလိမ့်သွား၏။
နဂါးလေး ရှောက်ထျန်းလုံကမူ မည်သည်ကိုမှ ဂရုမစိုက်ဘဲ မြွေကြီး၏ ကြေးခွံများအား အာလူးကြော် စားသလိုသာ တဂျွတ်ဂျွတ် ဝါးစားနေသည်။
" ဒါ ... "
အားလုံးမှာ ၎င်းကို ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။
ဘာတွေ ဖြစ်နေပါသနည်း ။
ထို သံကြေးခွံ မြွေကြီး၏ ကြေးခွံများက အလွန်မာကျောပြီး အစွမ်းထက်လှသည်ဟုသာ သူတို့ ကြားဖူးခဲ့ပါ၏။
ယခုတွင်ကား ထိုကြေးခွံများက တိုဟူးတုံးလို အစားခံနေရသတဲ့လား ။
" အား .. "
သံကြေးခွံ မြွေကြီးမှာမူ ထွက်ပြေးလိုက် နာကျင်မှုကြောင့် မြေပြင်တွင် လူးလွန့်လိုက် ဖြစ်နေပြီး နဂါးလေး ရှောက်ထျန်းလုံအား သူ့ကိုယ်မှ ပြုတ်ကျအောင် မလုပ်နိုင်ဘဲ ရှိနေ၏။
မြွေကြီး၏ ကြေးခွံ ဆယ်ခုကျော်မှာလည်း ရှောက်ထျန်းလုံ ဗိုက်ထဲသို့ ရောက်သွားခဲ့လေပြီ ။
" အဘိုးကြီး ၊ ဘာတွေ လုပ်နေတာလဲ ။ ကျုပ်ကို သေတွင်းထဲ ပို့နေတာလား "
နောက်ဆုံးတွင်မူ ချောင်ပိတ်ခံလိုက်ရသည့် သံကြေးခွံ မြွေကြီးမှာ မနေနိုင်တော့ဘဲ အဘိုးအိုဘက် လှည့်ပြီး ဒေါသတကြီး အော်ပြောလာသည်။
ပွဲကြည့်စင်ပေါ်မှ အဘိုးအိုမှာလည်း ထိုအချိန်မှသာ အသိပြန်ဝင်လာပြီး ပြော၏။
" ရပ်လိုက်တော့ .. တိုက်ပွဲက ပြီးသွားပြီ ။ မင်း နိုင်ပါတယ် "