ထူးခြားသော အာသီသ
Vol. 28 Ch. 384
ကောင်းကင်ဘုံသားရဲခန်းမ က အရှုံးပေးလိုက်ပြီ တဲ့လား ..
လူများမှာ သူတို့ရှေ့မှ တိုက်ပွဲအခြေအနေကို တွေ့ပြီးသွားကြသည့်တိုင် မယုံကြည်နိုင်ဟန် ဖြစ်နေကြဆဲပင် ။
ထိုကောင်လေးမှာ ကျင့်ကြံခြင်းအဆင့်လည်း မြင့်ထားဟန် မတူပါဘဲ သံကြေးခွံမြွေကြီးကို မည်သို့ အနိုင်ကျင့်နေနိုင်ပါသနည်း ။
" ကဲ .. ကောင်လေး ၊ ပြန်လာခဲ့တော့ "
လောထျန်းက အသံကျယ်ဖြင့် အော်ပြောလိုက်သည်။
" ဝု .. "
ရှောက်ထျန်းလုံက လောထျန်းအသံကို ကြားသည်နှင့် ချက်ချင်း ငြိမ်သွား၏။
ထို့နောက် သူ သံကြေးခွံမြွေကြီးအား ကြည့်လိုက်ပြီး ၎င်းထံမှ ကြေးခွံနှစ်ခုကို ဆတ်ခနဲ ဆက်ခွာလိုက်ပြီးမှသာ လောထျန်းဆီ ပြန်လာသည်။
ဝုန်း ..
သံကြေးခွံမြွေကြီးမှာ နာကျင်မှုကြောင့် မြေပြင်တွင် လူးလွန့်သွားရပြန်၏။
၎င်းကို မြင်သောအခါ ကောင်းကင်ဘုံသားရဲခန်းမ မှ အဘိုးအိုက လောထျန်းအား ဒေါသတကြီး ကြည့်၍ ပြောလာသည်။
" သခင်လေး ၊ ဒါ ဘာသဘောလဲ ။ ကျုပ်တို့ အရှုံးပေးနေတာတောင် ဘာလို့ ဆက်ပြီး တိုက်ခိုက်ခဲ့ရတာလဲ "
သူက ထိုသို့ပြောကာ ရှောက်ထျန်းလုံကိုလည်း စားမတတ် ၊ ဝါးမတတ် ကြည့်လိုက်သေး၏။
လောထျန်း၏ မျက်နှာ ချက်ချင်း အေးစက်သွားသည်။
" အိုး .. ကျုပ်တို့က .. ခင်ဗျားတို့ ကောင်းကင်ဘုံသားရဲခန်းမ ရဲ့ စည်းမျဥ်းကို ထပ်ပြီး ချိုးဖောက်မိတယ်လို့ ပြောလိုက်တာလား "
" ဒါဆို စည်းမျဥ်းတွေအရ ကျုပ်ကောင်လေးက အပြစ်ပေးခံရမှာပေါ့ ။ အဲ့ဒါက လွယ်ပါတယ် ၊ ကောင်လေး .. ဟို မြွေကြီးရဲ့ ကြေးခွံတွေကို ဆက်ခွာစမ်းကွာ "
ရှောက်ထျန်းလုံမှာ အစောက လောထျန်း သူ့အား ပြန်ခေါ်ချိန်၌ အနည်းငယ် မပျော်မရွှင် ဖြစ်သွားခဲ့ရပါသည်။
ယခု လောထျန်းစကားကို ထပ်ကြားသည့် အချိန်တွင်မူ သူ့မျက်လုံးများ ချက်ချင်း အရောင်လက်သွားကာ သံကြေးခွံ မြွေကြီးဆီသို့ ဝမ်းသာအားရ ထပ်ပြေးသွား၏။
" ဟင် .. "
မြေပြင်တွင် လူးလွန့်နေဆဲဖြစ်သော မြွေကြီးမှာလည်း ရှောက်ထျန်းလုံ လာသည်ကို မြင်သည်နှင့် အလွန်ကြောက်ရွံ့တုန်လှုပ်သွားတော့သည်။ ၎င်းက အစွယ်များကို သုံး၍ မြေပြင်တွင် ကျင်းတစ်ခု အသည်းအသန် တူးလိုက်သည်။
သို့သော် ရှောက်ထျန်းလုံက မြွေကြီးထက် များစွာ ပိုလျင်မြန်နေသဖြင့် တခဏအတွင်းမှာပင် ၎င်း၏ ကြေးခွံများကို ထပ်ခွာလိုက်ပြန်၏။
" ခဏ .. ခဏလေး နေပါဦးကွာ .. "
ကောင်းကင်ဘုံသားရဲ ခန်းမ မှ အဘိုးအိုက အလန့်တကြား အော်ပြောလာသည်။
သံကြေးခွံ မြွေကြီးမှာ သူတို့ခန်းမ၏ ရတနာတစ်ခု ဟု ပြော၍ ရပေရာ ထိုအတိုင်းသာ ဆက်သွားပါက သူတို့အတွက် ဆုံးရှုံးမှု ကြီးသွားနိုင်ပါသည်။
လောထျန်းက ပြန်ပြော၏။
" ဘာလို့ စောင့်ခိုင်းနေတာလဲ ၊ အဲ့ဒါ ခင်ဗျားတို့ ကောင်းကင်ဘုံသားရဲ ခန်းမ ရဲ့ စည်းမျဥ်း မဟုတ်ဘူးလား "
အဘိုးအိုက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ လေသံတိုးတိုးဖြင့် ပြောသည်။
" ကျုပ် တောင်းပန်ပါတယ် သခင်လေး ။ ခုနက ကျုပ် သခင်လေးတို့ကို ဆက်ဆံတဲ့ပုံ မှားသွားခဲ့ပါတယ် ။ ကျုပ်တို့ လုံးဝ အရှုံးပေးပါတယ်ဗျာ ။ ကျေးဇူးပြုပြီး ဟို ဘိုးဘေးသားရဲ လေးကို ပြန်ခေါ်လိုက်ပါတော့ "
လောထျန်းက လှောင်ပြုံးဖြင့် ထပ်ပြော၏။
" အခုတော့ ကျုပ်ကို ခင်ဗျားတို့ရဲ့ စည်းမျဥ်းတွေအကြောင်း ထပ်မပြောတော့ဘူးလား "
အဘိုးအိုမှာ မည်သို့မှ ပြန်မပြောနိုင်ဘဲ အံသာ ကြိတ်လိုက်ရသည်။
ထိုအချိန်မှသာ လောထျန်းက လက်ယမ်း၍ ပြောလိုက်၏။
" ကောင်လေး .. ပြန်လာခဲ့တော့ "
မြွေကြီးဆီမှ ကြေးခွံများကို တစ်ခုပြီးတစ်ခု ဆွဲခွာနေသည့် ရှောက်ထျန်းလုံမှာလည်း လောထျန်းစကားကို ကြားသည်နှင့် တုန့်ဆိုင်းမနေဘဲ ကျေကျေနပ်နပ် ပျံသန်းလာသည်။
ထိုအချိန် သူ့လက်ထဲတွင်လည်း ကြေးခွံများ အခု ၃၀၊၄၀ ခန့်ပင် ရှိနေလေပြီ။
ကောင်းကင်ဘုံသားရဲ ခန်းမ မှ အဘိုးအိုမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ရင်ထဲ အောင့်သက်သက်ပင် ခံစားလိုက်ရသည်။
သို့သော် လောထျန်းသည် ရန်စ၍ရသော လူတစ်ယောက်ပုံ မဟုတ်သဖြင့် သူ ဘာမှ ပြန်မပြောရဲပါချေ ။
" ဝု .. "
ရှောက်ထျန်းလုံက လောထျန်းရှေ့တွင် ဆင်းသက်လိုက်ပြီး ချီးကျူးစကား ကြားချင်ဟန်ဖြင့် အသံပေးကာ လောထျန်းအား မော့ကြည့်၏။
လောထျန်းက ပြုံး၍ သူ့ခေါင်းလေးကို ပွတ်ပေးလိုက်သည်။ ရှောက်ထျန်းလုံ၏ မျက်နှာတွင် ကျေနပ်ပြုံးတစ်ခု ချက်ချင်း ပေါ်လာကာ မြွေကြီးထံမှ သူ ခွာယူလာခဲ့သည့် ကြေးခွံများအား စားနေလိုက်သည်။
လောထျန်းက ၎င်းကို ကြည့်ရင်း အနည်းငယ် ရှက်သွားဟန်ဖြင့် ပြော၏။
" မစားခင် ခဏလောက် စောင့်လိုက်ပါဦးလားကွာ ။ ခံထားရတဲ့သူက အခုထိ ဟိုနားလေးမှာပဲ ရှိသေးတာလေ "
လောထျန်းက ထိုစကားအား ကောင်းကင်ဘုံသားရဲ ခန်းမ မှ အဘိုးအိုကို ရည်ရွယ်၍ ပြောလိုက်ခြင်းပင် ။
ရှောက်ထျန်းလုံလေးကလည်း သူ့စကားကို နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြသည်။
ထို့နောက် သူက စားလက်စ ကြေးခွံ အကျန် သေးသေးလေးတစ်ခုကို ကောက်ယူပြီး အဘိုးအိုဆီသို့ လှမ်းပေးလိုက်၏။
သူ့အသွင်မှာ အဘိုးအိုအား စားမလား ဟု မေးနေသယောင် ..
ကောင်းကင်ဘုံသားရဲ ခန်းမမှ အဘိုးအိုမှာ ၎င်းကို ကြည့်ရင်း မျက်နှာကြီး ချက်ချင်း နီရဲသွားတော့သည်။
မည်မျှ ဒေါသထွက်စရာ ကောင်းလိုက်ပါသနည်း ..
သူ့ရှေ့တွင် သူတို့ မွေးထားသော ကွက်မျက်သူ သားရဲ၏ ကြေးခွံများကို စားနေရုံမက သူ့ကိုပင် စားရန် ပြန်ကျွေးနေသတဲ့လား ။
တဖက်မှ ရှောက်ထျန်းလုံမှာ အဘိုးအို မျက်နှာထား ပြောင်းသွားသည်ကို ကြည့်ကာ နားမလည်ဟန်ဖြင့် ခေါင်းကုတ်နေ၏။ သူ ခေတ္တမျှ စဥ်းစားပြီး နောက်တွင်မူ သက်ပြင်းရှည်ကြီး ချ၍ မစားရသေးသော ကြေးခွံအကောာင်းမှ အပိုင်းခပ်သေးသေးကို ဖဲ့ယူကာ အဘိုးအိုဆီ လှမ်းပေးလိုက်သည်။
အဘိုးအိုမှာ ရပ်နေသော ဟန်ချက်ပင် ပျက်သွား၏။
၎င်းက မည်သို့သော အဓိပ္ပါယ်ပါနည်း။
အစောက သူပေးခဲ့သည့် အပိုင်းလေးကို နည်းသည်ဟု ထင်၍ ထပ်ပေးနေတာလား ..
" အဟမ်း ..... သခင်လေး ၊ စည်းမျဥ်းတွေအရ ဆိုရင်တော့ ကောင်းကင်ဘုံသားရဲခန်းမရဲ့ ကွက်မျက်သူ သားရဲကို အနိုင်ယူနိုင်ပြီ ဆိုတာနဲ့ ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်မှာ ပါဝင် ယှဥ်ပြိုင်ခွင့် ရသွားပြီ ။ သခင်လေး ဝင်ပြိုင်ဖို့ ဆန္ဒရှိလား "
အဘိုးအိုက ရှောက်ထျန်းလုံထံမှ မျက်နှာလွှဲပြီး လောထျန်းကို ကြည့်၍ မေးလိုက်သည်။
သူ ရှောက်ထျန်းလုံအား ကြည့်ပင် ထပ်မကြည့်ချင်တော့ပါချေ ။
သို့မဟုတ်ပါက သူ ဒေါသထွက်လွန်းပြီး သေပင် သေသွားနိုင်သည် မဟုတ်ပါလား ။
သူ့စကားကို ကြားသောအခါ လောထျန်း၏ မျက်လုံးများ အရောင်လက်သွားပြီး ပြန်ပြော၏။
" ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်မှာ ဝင်ပြိုင်ခွင့်ရမှာ .. ဟုတ်လား ။ အဲ့လောက်ကို ရိုးရှင်းတာလား "
ရိုးရှင်းသည် တဲ့လား ..
အဘိုးအို ဆွံ့အသွားရပြန်တော့သည်။
ကွက်မျက်သူ သားရဲအား အနိုင်ယူသည့် အလုပ်ကို လွယ်သည်ဟု ပြောနေပါသလား ..
သို့သော် သူ ဒေါသကို ချုပ်တီး၍သာ ပြန်ပြောလိုက်ပါသည်။
" ဟုတ်ပါတယ် ။ ဒီတစ်ခေါက် ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်မှာ ပေးမယ့် အမြင့်ဆုံးဆုက နဂါးမျိုးနွယ်ရဲ့ ရတနာဆိုတာ သခင်လေးလဲ ကြားပြီးသား ဖြစ်မှာပါ။ တခြားဆုတွေလဲ အင်မတန်ကို အဖိုးတန်ကြတယ်ဗျ။ဒီတစ်ခေါက်က ယွမ်ရှောက်မြို့ရဲ့ ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွဲပြင်မှာ လွန်ခဲ့တဲ့ နှစ်တစ်ရာအတွင်း အကောင်းဆုံး ဆု လို့တောင် ပြောလို့ရတယ် "
" ဒီပွဲမှာ အဆင့် ၁ ကနေ ၁၀ အတွင်း ဝင်တာနဲ့ကို ရမယ့်ဆုက အရင်နှစ်တွေရဲ့ ချံပီယံနေရာ ဆုတွေနဲ့ ယှဥ်လို့ရတယ်ဗျ "
ထို့နောက် သူက ကြေးခွံများကို စားနေဆဲဖြစ်သော ရှောက်ထျန်းလုံအား တစ်ချက်ကြည့်ကာ စကားဆက်သည်။
" သားရဲလေး .. တကယ်လို့မင်းသာ ပြိုင်ပွဲထဲ ဝင်ပါရင် ထိပ်ဆုံးနေရာ မရနိုင်ရင်တောင် အဆင့် ၁ ကနေ ၁၀ အတွင်းတော့ ရနိုင်ချေ ရှိတယ် "
လောထျန်းက ခေါင်းအသာ ညိတ်၏။
" ကောင်းပြီလေ ၊ အဲ့လို ဆိုရင်တော့ ကျုပ်တို့ ဝင်ပြိုင်မယ် "
" တကယ်ကြီးလား .. "
အဘိုးအို၏ မျက်လုံးများ အရောင်လက်သွားကြသည်။
လောထျန်းက ခေါင်းညိတ်ပြ၏။
" ဒါပေါ့ ဗျ "
အဘိုးအိုမှာ ထိုအချိန်မှသာ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းရှည်ကြီး ချလိုက်သည်။
သူတို့၏ ကွက်မျက်သူ သားရဲကြီးက ဒဏ်ရာ ဆိုးဆိုးရွားရွား ရထားပြီဖြစ်ရာ ခန်းမ၏အကြီးအကဲ တစ်ယောက်ဖြစ်သည့် သူက ထိုအတွက် အပြစ်ပေး ခံရမည် ဖြစ်ပါသည်။
သို့သော် အစွမ်းထက် ပြိုင်ပွဲဝင် တစ်ယောက်အား ကောင်းကင်ဘုံသားရဲ တိုက်ပွဲခန်းမသို့ လွှတ်နိုင်လျှင်မူ ထိုအပြစ်ပေးခြင်းမှ ကင်းလွတ်နိုင်ပါ၏။
ထိုမျှမက လောထျန်းတို့ ရလဒ်ကောင်းများ ရသွားခဲ့လျှင် သူသည်လည်း ဆုချခံရဦးမည် ဖြစ်ပါသည်။
" ကောင်းတယ်ဗျာ ၊ ဒါဆို စာရင်းသွင်းဖို့အတွက် ကျေးဇူပြုပြီး ကျုပ်နဲ့ လိုက်ခဲ့ပါ "
အဘိုးအိုက အပြုံးဖြင့် ဆိုလိုက်သည်။
လောထျန်းကလည်း ခေါင်းညိတ်ပြပြီး သူနှင့် လိုက်သွားရန် ပြင်လိုက်၏။
သို့သော် ထိုအချိန်တွင် ဟွမ်ယင်က ရုတ်တရက် ပြောလာသည်။
" ခဏနေပါဦး သခင်ကြီး ၊ ခုနက သူနဲ့ လီလဲ့ယိုတို့ လောင်းကြေး ထပ်ထားသေးတယ်လေ။ အခု ပြိုင်ပွဲက ပြီးသွားပေမယ့် လီလဲ့ယိုက သူ့ကတိကို မတည်သေးဘူး "
သူတို့နှင့် မလှမ်းမကမ်းတွင် ရှိနေသော လီခဲ့ယိုမှာလည်း ထိုစကားကို ကြားသွားပြီး မျက်နှာချက်ချင်း ပြောင်းသွားကာ ပြန်ငြင်းရန် ပြင်လိုက်သည်။
သို့သော် ကောင်းကင်ဘုံသားရဲ ခန်းမမှ အဘိုးအိုက သူ့အား စကားပြောရန်ပင် အခွင့်အရေး မပေးဘဲ ခေါင်းညိတ်၍ ပြော၏။
" ကျုပ်လဲ အဲ့လောင်းကြေးကို ကြားလိုက်တယ် ။ အခု သခင်လေးက အနိုင်ရသွားခဲ့ပြီ ဆိုတော့ သူ့ရဲ့ အမှတ်တွေအားလုံးကို သခင်လေးကို ပေးလိုက်ပါမယ် "
" ဒါဆိုလဲ ကောင်းပါပြီ "
ဟွမ်ယင်က အပြုံးဖြင့် ပြောကာ ဒေါသကို ဖြေလိုက်သည်။
တဖက်မှ လီလဲ့ယိုက အထွန့်တက်လာ၏။
" ဘယ်လို .. ဒါ လုံးဝ မတရားဘူး "
အဘိုးအိုက သူ့အား မျက်မှောင်ကြုံ့ ကြည့်လိုက်သည်။
" လီလဲ့ယို ၊ မင်းက ငါ့ဆုံးဖြတ်ချက်ကို မေးခွန်း ပြန်ထုတ်နေတာလား ။ အဲ့လောင်းကြေးကို မင်းကိုယ်တိုင်ပဲ ထပ်ထားခဲ့တာလေ ။ အခု မင်း ရှုံးတာကို ဘာလို့ ဝန်မခံတာလဲ ။ ပြီးတော့ မင်းရဲ့ နတ်ဆိုးသိန်းငှက်မည်းကြီးက ပြဿနာ ရှာခဲ့တာကိုရော မမေ့နဲ့နော်။ ဒီကိစ္စကို ငါကိုယ်တိုင် မင်းနဲ့ ရှင်းစေချင်တာလား "
အဘိုးအို ဒေါသထွက်နေသည်ကို ကြည့်ကာ လီလဲ့ယိုတစ်ယောက် ပါးစပ်ပိတ်သွားတော့သည်။
သူ ကောင်းကင်ဘုံသားရဲ ခန်းမ နှင့် မည်သို့မှ မယှဥ်နိုင်ကြောင်းကို သိထားပြီး မဟုတ်ပါလား။
သို့သော် သူ လောထျန်းနှင့် ဟွမ်ယင်တို့အား စားမတတ် ဝါးမတတ် စိုက်ကြည့်လိုက်ပါသေး၏။ထို့နောက်မှသာ လက်ယမ်း၍ ပြောလိုက်သည်။
" သွားကြစို့ "
ပြီးနောက်တွင်ကား နောက်လိုက်အပေါင်းအပါ တသိုက်နှင့်အတူ လီလဲ့ယို ထွက်ခွာသွားသည်။
" ကျေးဇူးပြုပြီး ကျုပ်နဲ့ လိုက်ခဲ့ပါ သခင်လေး "
ထိုစဥ်မှာပင် အဘိုးအိုက လောထျန်းအား အပြုံးဖြင့် ပြောလာသည်။
ဤသို့ဖြင့် မကြာမီမှာပင် သူတို့ လူစု ကြီးကျယ်ခမ်းနားသော အခန်းတစ်ခုဆီ ရောက်သွားကြ၏။
အဘိုးအိုက လောထျန်းတို့ကို ဧည့်ခံရန်အတွက် မျိုးစုံသော စားသောက်ဖွယ်ရာများနှင့် မှော်သစ်သီးများကို ယူလာပေးရန် သူ့လူများအား အမိန့်ပေးလိုက်သည်။
ဟွမ်ယင်မှာ ရှေ့မှ မှော်သစ်သီးများကို မြင်သည်နှင့် မျက်လုံးများ ချက်ချင်း အရောင်လက်သွားသည်။ သူမက မိုးကြိုးသားရဲအား ထိုသစ်သီးအချို့ကို အရင်ဆုံး ကျွေးလိုက်ပြီးနောက် နောက်ထပ် အသီးတစ်လုံး ထပ်ယူကာ ရှောက်ထျန်းလုံအား လှမ်းပေးလိုက်သည်။
သို့သော် ရှောက်ထျန်းလုံက အသီးကို တစ်ချက်သာ နမ်းကြည့်ပြီး ရွံရှာဟန်ဖြင့် နှတ်ခမ်းစူကာ သူ့လက်ထဲမှ ကြေးခွံကိုသာ အားရပါးရ ကိုက်လိုက်သည်။ ထို့နောက် ဟွမ်ယင်ကိုလည်း လှမ်းပေးလိုက်သေး၏။
အားလုံးမှာ သူ့ကို ကြည့်ရင်း ဆွံ့အကုန်ကြသည်။