ပြိုင်ပွဲဝင်များ
Vol. 28 Ch. 385
မှော်သစ်သီးကို မစားဘဲ မြွေကြီး၏ သံကြေးခွံကိုသာ အားပါးတရ ကိုက်စားနေသတဲ့လား .
မည်သို့သော အရသာခံတတ်မှုမျိုးပါနည်း ။
သူတို့နှင့် မျက်နှာချင်းဆိုင် ထိုင်နေသော ကောင်းကင်ဘုံသားရဲခန်းမ မှ အဘိုးအိုက ချောင်းတစ်ချက်ဟန့်၍ လောထျန်းအား ပြောလာသည်။
" သခင်လေးရဲ့ နာမည်ကိုတောင် ကျုပ် အခုထိ မမေးမိသေးဘူး "
" ကျုပ်နာမည် လောထျန်းပါ "
လောထျန်းက ပြန်ပြောလိုက်သည်။
" သြော် .. သခင်လေး လောထျန်းကိုး .. ။ ကျုပ် သခင်လေးနာမည်ကို ကြားဖူးတာတော့ ကြာလှပါပြီဗျာ ။ ဒါနဲ့ .. သခင်လေးရဲ့ တိုက်ပွဲဝင်သားရဲက ဘယ်လို အမျိုးအစားလဲ မသိဘူးဗျ "
အဘိုးအိုက ရှောက်ထျန်းလုံလေးအား တစ်ချက်ကြည့်ကာ ထပ်မေးလိုက်သည်။
အမှန်တွင်မူ သူသည် ဗဟုသုတ အတော်အတန် ကြွယ်ဝသည့်အထဲတွင် ပါပါ၏။
သို့သော် ထိုသို့သော သားရဲမျိုးကို သူ့ဘဝတစ်လျှောက် တစ်ကြိမ်မှ မတွေ့ခဲ့ဖူးပါချေ။
" သူလား .. သူက ကောင်းကင်ဘုံနဂါး တစ်ကောင်ပဲ "
လောထျန်းက ပြန်ပြောသည်။
အဘိုးအို ခေတ္တမျှ အံ့သြမှင်သက်နေပြီးမှသာ အပြုံးဖြင့် ဆိုသည်။
" သခင်လေး လောထျန်း ၊ ကျုပ်ကို မနောက်ပါနဲ့ဗျာ "
လောထျန်းက ပြန်ပြော၏။
" ကျုပ် နောက်နေတာ မဟုတ်ဘူး "
အဘိုးအိုက ခေါင်းယမ်း၍ အပြုံးဖြင့် ထပ်ပြောသည်။
" ဒါဆို သူက ဘာသားရဲ အမျိုးအစားလဲဗျ "
လောထျန်းက စိတ်ပျက်လက်ပျက် ဖြစ်သွားဟန်ဖြင့် ပြန်ဖြေ၏။
" တကယ်ကြီး ကောင်းကင်ဘုံ နဂါးတစ်ကောင်ဗျ "
အဘိုးအိုက သက်ပြင်းချလိုက်သည်။
" ကျုပ် သဘောပေါက်ပါတယ်ဗျာ ။ ဒါ .. ဗီဇပြောင်းထားတဲ့ သားရဲတစ်ကောင် မဟုတ်လား "
လောထျန်းမှာ မည်သို့ပြန်ပြောရမည် မသိဘဲ ဆွံ့အသွားတော့သည်။ သူ အမှန်အတိုင်း ပြောနေသည်ကို တဖက်လူက အဘယ့်ကြောင့် မယုံမကြည် ဖြစ်နေရပါသနည်း။
သို့သော် သေချာ ပြန်တွေးကြည့်လျှင်လည်း အဘိုးအို ထိုသို့ ဖြစ်နေခြင်းကို နားလည်၍ ရပါသည်။
ဤထျန်ယွမ်ကမ္ဘာကြီးတွင် ရှေးခေတ်ကတည်းက ကောင်းကင်ဘုံ နဂါး တစ်ကောင်သာ ရှိခဲ့ဖူးပြီး ထိုနဂါးကြီးသည်ပင် သေဆုံးခဲ့သည်မှာ နှစ်ပေါင်းသောင်းချီ ကြာနေခဲ့ပြီ မဟုတ်ပါလား ။
ယနေ့ခေတ် ကမ္ဘာ၌ သက်ရှိနဂါးတစ်ကောင်ကိုပင် မြင်ဖူးသူ အလွန် ရှားနေခဲ့ပြီ ဖြစ်ပါသည်။
သို့ဖြစ်ရာ လောထျန်းစကားကို မယုံကြသည်မှာ မဆန်းပေ။
ထို့အပြင် နဂါးလေး ရှောက်ထျန်းလုံက အလွန်ငယ်သေးပြီး သာမာန်နဂါးတစ်ကောင် ပုံစံမျိုးလည်း ရှိမနေသေးရာ သူ့ကို နဂါးမှန်း သိရန် မလွယ်ကူပါ ။
ထိုစဥ် အဘိုးအိုက စာရင်းသွင်း၍ ပြီးသွားပြီး လောထျန်းအား ကဒ်ပြားတစ်ခု ပေးလာ၏။
" သခင်လေး လောထျန်း ၊ ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်မှာ လုပ်မယ့် ကောင်းကင်ဘုံနဂါး ပြိုင်ပွဲက နောက်ဆယ်ရက်နေရင် တရားဝင် ကျင်းပမှာဗျ။ အဲ့ကျရင် ဒီ ကဒ်ပြားကို ယူပြီးတော့ ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်ကို သွားလို့ရတယ် "
" ပြီးတော့ ဒီကဒ်ပြားက ပြိုင်ပွဲဝင်ခွင့်လက်မှတ် သက်သက်ပဲ မဟုတ်ဘူးဗျ ။ ဒီကဒ်နဲ့ ကောင်းကင်ဘုံ တိုက်ပွဲကွင်းပြင်ထဲမှာ ရှိတဲ့ တည်းခိုဆောင်မှာ အေးအေးဆေးဆေး သွားပြီး အနားယူလို့လဲ ရတယ် ။ ဘာအဖိုးအခမှ ပေးစရာ မလိုဘူး "
သူ့စကား ဆုံးသည့်အချိန်မှာပင် ဘေးမှ ဟွမ်ယင်က တအံ့တသြ ပြောလာသည်။
" အဲ့လောက်ကို ကောင်းတာလား "
အဘိုးအိုက အပြုံးဖြင့် ပြန်ပြော၏။
" ဒါပေါ့ ... ဒါပေမယ့် ကျုပ် သခင်လေးတို့ကို သတိပေးချင်တာ တစ်ခုတော့ ရှိတယ်။ ဒီ ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်ကို ဝင်ပြိုင်မယ့် သူတိုင်းက ကိုယ်နဲ့အတု တိုက်ပွဲဝင်သားရဲတွေ အနည်းဆုံး ၃ ကောင် ခေါ်လာရမယ်လို့ စည်းကမ်းချက် ထုတ်ထားတယ်။ အဲ့ဒါကို မမေ့ပါနဲ့ "
လောထျန်း မျက်ခုံးပင့်သွားသည်။
" သုံးကောင် .. ဟုတ်လား ။ ကဲ ဒါဆို ကျုပ်တို့ လုပ်စရာလေး ရှိသေးလို့ သွားခွင့်ပြုပါဦး "
" ကျုပ် အပြင်ထိ လိုက်ပို့ပါ့မယ် "
အဘိုးအိုက အပြုံးဖြင့် ပြောပြီး လောထျန်းတို့ လူစုအား ကောင်းကင်ဘုံသားရဲ ခန်းမ အပေါက်ဝအထိ လိုက်ပို့၏။
သူတို့ အပြင်ရောက်သောအခါ ပန်းလင်က လောထျန်းကို ကြည့်ပြီး ရုတ်တရက် ပြောလာသည်။
" သခင်လေးက အစောကတည်းက ကောင်းကင်ဘုံနဂါးပြိုင်ပွဲကို ဝင်ပြီး နဂါးမျိုးနွယ်ရဲ့ ရတနာကို ယူဖို့ စဥ်းစားထားတာ မဟုတ်လား "
လောထျန်းက ခေါင်းညိတ်ပြသည်။
" ဟုတ်တယ်ဗျ ၊ နဂါးမျိုးနွယ်ရဲ့ ရတနာ ပေးမယ်လို့ ကြားတဲ့အချိန်ကတည်းက ကျုပ် ဒီပြိုင်ပွဲကို ဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တာ "
သူက ထိုသို့ပြောကာ ရှောက်ထျန်းလုံလေးအား ကြည့်လိုက်သည်။ ရှောက်ထျန်းလုံမှာ ထိုအချိန်တွင် ကြေးခွံများအားလုံးကို စားပြီးသွားပြီ ဖြစ်ပြီး ပြန်၍ပင် အိပ်မောကျနေလေပြီ ။ လောထျန်း စကားဆက်၏။
" ကျုပ်က သူတို့ နဂါးမျိုးနွယ်ကို ပြန်ကြီးကျယ်ခမ်းနားလာအောင် ကူညီပေးမယ်လို့ သဘောတူထားတာ ဆိုတော့ တစ်ခုခုတော့ လုပ်ပေးမှ ဖြစ်မှာလေ ။ ဒီတော့ နဂါးမျိုးနွယ်ရဲ့ ရတနာကိုလဲ သူ့ကိုပဲ ကိုယ်တိုင် ပြန်ယူခိုင်းရမယ် "
ပန်းလင်က မျက်မှောင်ကြုံ့၍ ပြောသည်။
" ဒီကောင်လေးက ထူးခြားတဲ့ မျိုးနွယ်စုဝင် တစ်ယောက် ဖြစ်ပြီးတော့ အင်မတန်လဲ အစွမ်းထက်တာ မှန်ပေမယ့် အခုက ငယ်လွန်းသေးတယ် သခင်လေးရဲ့။ ပြီးတော့ သူ့ကျင့်ကြံခြင်းအဆင့်ကလဲ ရှုပ်ထွေးနေတုန်း ရှိသေးတယ် ။ သူ့အတွက် သေဖို့ စောလွန်းသေးတယ်လို့ မထင်ဘူးလား "
လောထျန်းက ခေါင်းယမ်း၍ ပြန်ပြော၏။
" အကောင်းဆုံးတော့ ကြိုးစားကြည့်ရမှာပဲဗျာ။ တကယ်လို့ အလုပ်မဖြစ်ဘူး ဆိုရင်တောင် အရှုံးပေးဖို့ နောက်မကျသေးပါဘူး "
ပန်းလင် ခေတ္တမျှ စဥ်းစားလိုက်ပြီး မည်သို့မှ ဆက်မပြောတော့ချေ။
သူတို့နှင့်အတူ လောထျန်း ပါနေသည်ဖြစ်ရာ အခြေအနေ ဆိုးသွားခဲ့လျှင်ပင် ရှောက်ထျန်းလုံလေးအား ဘေးကင်းအောင် လောထျန်းက ကာကွယ်ပေးနိုင်သည် မဟုတ်ပါလား။
ဟွမ်ယင်ကမူ သူတို့နှစ်ယောက်၏ စကားများကို နားထောင်ရင်း နားမလည်နိုင်ဟန် ဖြစ်နေ၏။
" ဘယ်လို .. ဘယ်လိုပြောလိုက်တာ ။ နဂါးမျိုးနွယ် .. ဟုတ်လား ။ အဲ့ကောင်လေးက နဂါးမျိုးနွယ်ကလား "
သူမ မျက်လုံးကြီးပြူးကာ မေးလာသည်။
လောထျန်းက ကူကယ်ရာမဲ့ဟန်ဖြင့် ပြန်ပြော၏။
" အဲ့ဒါ ကောင်းကင်ဘုံ နဂါးတစ်ကောင်ပါလို့ ကျုပ် တစ်ကြိမ်မက ပြောခဲ့တယ်လေကွာ။ ဘာလို့ ကျုပ်စကားကို နားထဲ မရောက်ကြတာလဲ "
ဟွမ်ယင်တစ်ယောက် အံ့သြမှင်သက်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
" ကောင်းကင်ဘုံ နဂါး တစ်ကောင် .. ဟုတ်လား ၊ အဲ့ကောင်လေး ကလေ .. "
လောထျန်း ပြောနေသည့်တိုင် သူမ မယုံနိုင်သေးသည်မှာ သိသာပါ၏။
လောထျန်းက လက်ကာပြ၍ ပြန်ပြောလိုက်သည်။
" ထားလိုက်ပါ .. အဲ့ဒါတွေ ပြောမနေတော့ဘူး ။ အခု လောလောဆယ် အရေးကြီးဆုံးက နောက်ထပ် သားရဲတစ်ကောင် ရှာဖို့ပဲ ။ ဒါမှ ကောင်းကင်ဘုံနဂါး ပြိုင်ပွဲကို ဝင်ပြိုင်လို့ရမှာ "
ပန်းလင်က အံ့အားသင့်သွားဟန်ဖြင့် ပြန်မေး၏။
" တစ်ကောင် .. ဟုတ်လား ၊ နှစ်ကောင် ရှာရမှာ မဟုတ်ဘူးလား သခင်လေးရဲ့ "
လောထျန်းက ခေါင်းယမိး၍ ပြန်ပြောသည်။
" ကျုပ်တို့မှာ အခု နှစ်ကောင် ရှိပြီးသား မဟုတ်လား "
" နှစ်ကောင် .. သခင်လေးက ဟို မိုးကြိုးသားရဲကိုပါ ထည့်ပြောနေတာလား "
ပန်းလင်က လောထျန်းအား သံသယ မကင်းသည့် မျက်နှာဖြင့် ကြည့်လိုက်သည်။
လောထျန်းက ခေါင်းညိတ်၍ ပြန်ပြော၏။
" ဟုတ်တယ်လေဗျာ "
ဘေးမှ မိုးကြိုးသားရဲမှာ ထိုစကားကို ကြားသည်နှင့် တစ်ကိုယ်လုံး တုန်လာသည်။ သူ့မျက်လုံးထဲတွင်လည်း ကြောက်ရွံ့မှုဖြင့် ပြည့်နေ၏။
ပန်းလင်က အသက်ပြင်းပြင်း ဆစ်ချက်ရှိုက်ကာ ထပ်ပြောသည်။
" သခင်လေးက ဒီ မိုးကြိုးသားရဲကို ကောင်းကင်ဘုံနဂါး ပြိုင်ပွဲမှာ ဝင်ပါစေချင်တာလား "
လောထျန်းက တအံ့တသြ ပြော၏။
" ဟုတ်တယ်လေ .. ဘာဖြစ်လို့လဲဗျ "
ပန်းလင်က ကူကယ်ရာ မဲ့နေဟန်ဖြင့် ပြန်ပြောသည်။
" သခင်လေးလဲ အားလုံး မြင်ခဲ့ရတာပဲ ။ ပြိုင်ပွဲဝင်ဖို့ဆို ဟို ကွက်မျက်သူ သားရဲကို အနိုင်တိုက်နိုင်မှ ဖြစ်တာလေ။ အဲ့ ကောင်းကင်ဘုံနဂါး ပြိုင်ပွဲက သားရဲတွေက ဘယ်လောက်အစွမ်းထက်မယ် ဆိုတာ ခန့်မှန်းကြည့်လို့တောင် ရတယ်။ ဒီတိုင်းဆို မိုးကြိုးသားရဲကို သွားသေခိုင်းလိုက်တာနဲ့ တူမနေဘူးလား "
လောထျန်း မျက်မှောင်ကြုံ့သွားကာ ပြန်မေး၏။
" ဘာပြဿနာ ရှိလို့လဲဗျ "
ထို့နောက် သူ မိုးကြိုးသားရဲဘက် တစ်ချက်လှည့်ကြည့်ကာ ထပ်ပြောသည်။
" ဟိုမှာ ကြည့်လိုက်ဦး ၊ သူ ဝမ်းသာလွန်းလို့တောင် တုန်နေတာလေ ။ ဘာပြဿနာမှ မရှိလောက်ပါဘူး "
ပန်းလင်က ဒေါသတကြီး ပြန်ပြော၏။
' သခင်လေးက ဘယ်မျက်လုံးနဲ့ ကြည့်ပြီး စိတ်လှုပ်ရှားတယ် ပြောနေတာလဲ ။ သူက ကြောက်နေတာ "
လောထျန်း မျက်လုံးပြူးသွားသည်။
" ဟင် .. ဟုတ်လား ... "
ထို့နောက် သူ မိုးကြိုးသားရဲရှေ့ မျက်နှာကြီး ကပ်လိုက်ပြီး မေး၏။
" မင်း ကြောက်နေတာလား "
လောထျန်းက ဘာမှ မထူးခြားသည့် သာမာန်ကိစ္စတစ်ခုလို မေးလိုက်သော်လည်း မိုးကြိုးသားရဲအတွက်မူ ထိုသို့ ဟုတ်မနေပါ။
လောထျန်း ကြည့်လာချိန်၌ သူ ကြောက်မက်ဖွယ်ဖိအားကြီးတစ်ခုကို ရုတ်တရက် ခံစားလိုက်ရပါသည်။
မဟုတ်သေးပါ .. နှစ်ခုဟု ပြောရပါမည်။
ပထမ တစ်ခုမှာ လောထျန်း၏ မျက်လုံးများပင်။
ထိုမျက်လုံးများက တည်ငြိမ်ကာ အေးစက်နေပြီး ..
တစ်ချက် အကြည့်ခံလိုက်ရရုံဖြင့် ကောင်းကင်ကြီး ပြိုကွဲကာ မြေပြင်တုန်ခါနေသလို သူ ခံစားလိုက်ရပါသည်။ သူ့စိတ်ဝိဥာဥ်မှာလည်း အချိန်မရွေး အန္တရာယ်နှင့် ကြုံရတော့မလိုပါပင် ..
ဒုတိယ တစ်ခုမှာ လောထျန်း၏ ပုခုံးထက်၌ အိပ်မောကျနေသော နဂါးလေး၏ ဟောက်သံ ခပ်တိုးတိုး ဖြစ်သည်။
ထိုဟောက်သံမှာ အလွန်တိုးသည့်တိုင် မိုးကြိုးသားရဲ၏ နားထဲတွင်မူ မိုးကြိုးသံကြီးကဲ့သို့ ကျယ်လောင်နေပါ၏။
အတိုချုံ့ ဆိုရသော် မိုးကြိုးသားရဲမှာ သူ့ဘဝတစ်လျှောက်လုံး ဤမျှ ကြောက်စရာကောင်းသည့် အရာမျိုးနှင့် မကြုံခဲ့ဖူးပါချေ။
ထို့ကြောင့် သူ သတိမထားလိုက်မိဘဲ ခေါင်းတွင်တွင် ယမ်းမိသွားသည်။
၎င်းကို မြင်သောအခါ လောထျန်း အလွန်ဝမ်းသာသွားပြီး ပြော၏။
" တွေ့လား .. သူ ကြောက်နေတာ မဟုတ်ဘူးလို့ ဝန်ခံသွားပြီလေ "
" အင် .. "
ပန်းလင် ဆွံ့အသွားရသည်။
မိုးကြိုးသားရဲက ဟွမ်ယင်အား တောင်းပန်တိုးလျှိုးနေသည့် အကြည့်ဖြင့် ကြည့်လိုက်၏။
ဟွမ်ယင် မျက်မှောင်ကြုံ့သွားပြီး ပြောသည်။
" လောထျန်း .. ကောင်းကင်ဘုံနဂါး ပြိုင်ပွဲလို ပွဲကြီးမှာ ဝင်တိုက်ခိုက်ရင် .. ရှောက်ရှန် လေးက ... "
သို့သော် သူမ စကားမဆုံးခင်မှာပင် လောထျန်းက ဖြတ်ပြော၏။
" ဒါနဲ့ .. ဒီပွဲမှာ သူ ဝင်ပြိုင်ရင် ရမယ့် ဆုရဲ့ သုံးပုံတစ်ပုံကို မင်းရမှာနော် "
ဟွမ်ယင် ခေတ္တမျှ အံ့သြမှင်သက်သွားပြီးနောက် ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။
" စိတ်မပူပါနဲ့ .. ရှောက်ရှန်လေး အဆင်ပြေမှာပါ ။ ဟုတ်တယ်မလား ရှောက်ရှန် .. "
ထိုစကားကို ကြားသောအခါ မိုးကြိုးသားရဲမှာ သတိမေ့ လဲကျလုမတတ်ပင် ဖြစ်သွားပြီး ဟွမ်ယင်အား မျက်စောင်းကြီးထိုး၍ ကြည့်လာ၏။
လောထျန်းက လက်ပိုက်၍ ဆိုသည်။
" ကဲ .. ဒါဆို နောက်ထပ် သားရဲတစ်ကောင်ပဲ ရှာဖို့ ကျန်တော့တယ် "
ဘေးမှ ပန်းလင်က စိတ်ပျက်လက်ပျက် ဖြစ်နေဟန်ဖြင့် ဝင်ပြော၏။
" သခင်လေး ၊ ဘာတွေ လုပ်နေတာလဲ ။ ဒီပွဲမှာ တကယ်ကြီး ဝင်ပြိုင်ချင်တယ်ဆို နျိုထျဲ့ချုတို့ သားအမိကို ခေါ်လိုက်တာက ပိုမကောင်းဘူးလား "
လောထျန်းက အပြုံးဖြင့် ပြန်ပြောသည်။
" မခေါ်တော့ဘူး "
" ဟင် .. ဘာဖြစ်လို့လဲ "
ပန်းလင် နားမလည်နိုင်တော့ပါချေ။
လောထျန်းက အေးအေးဆေးဆေး ပြော၏။
" အဲ့နှစ်ယောက်က အခု အရမ်း အစွမ်းထက်နေကြပြီ ။ အဲ့တော့ သူတို့လာပြီး နိုင်သွားခဲ့ရင်တောင် သူတို့ကြောင့် နိုင်တယ် ဆိုပြီးပဲ ဖြစ်သွားမှာ "
ပန်းလင်မှာ လောထျန်း ဆိုလိုသည့် အဓိပ္ပါယ်ကို နားမလည်သေးဘဲ အံ့သြမှင်သက်နေဆဲပင် ။
လောထျန်းက စကားဆက်သည်။
" နဂါးမျိုးနွယ်ရဲ့ ရတနာကို တစ်ယောက်တည်းအစွမ်းနဲ့ ပြန်ယူသွားနိုင်တဲ့ နဂါးလေးတစ်ကောင်ရဲ့ ဇာတ်လမ်းက ပိုစိတ်ဝင်စားစရာ မကောင်းဘူးလားဗျာ။ အနာဂါတ်မှာ နဂါးမျိုးနွယ်ရဲ့ ခေါင်းဆောင်တစ်ယောက် လုပ်ဖို့ဆိုရင် ဂုဏ်သတင်းကျော်ထားဖို့လဲ လိုသေးတယ်လေ။ အဲ့ဒါကြောင့်မို့ ဒီပြိုင်ပွဲမှာ ဒီကောင်လေးကပဲ ဦးဆောင်ပြီး တိုက်ခိုက်သင့်တာပေါ့ "
စကားဆုံးအောင် နားထောင်ပြီးနောက် ပန်းလင် အံ့အားသင့်သွားရကာ လောထျန်းအား ကြည့်လိုက်သည်။
" ဒါ ... "