မယုံနိုင်စရာ ငွေကြေးများ
Vol. 28 Ch. 386
ပန်းလင်မှာ လောထျန်းကို ကြည့်ရင်း အံ့သြမှင်သက်မိနေ၏။
" သူက ရှောက်ထျန်းလုံလေး အနာဂါတ်မှာ နဂါးမျိုးနွယ်စုကို ဦးဆောင်နိုင်ဖို့အတွက် လမ်းခင်းပေးနေတာပဲ ။ သူ့စိတ်က အဲ့လောက် ရင့်ကျက်နေမယ်မှန်း ငါ မထင်ထားမိခဲ့ဘူး "
ထိုတခဏတွင် သူမရင်ထဲ၌ လောထျန်းအပေါ် အထင်ကြီးစိတ်လည်း ဖြစ်သွားရသည်။
" ပြီးတော့ အဲ့ထက်ပိုပြီး အရေးကြီးတာတစ်ခုက .. "
လောထျန်းက စကားဆက်လာသည်။
" တခြား စဥ်းစားထားတာတွေ ရှိသေးလို့လား "
ပန်းလင် မေးလိုက်၏။
လောထျန်းက ခေါင်းညိတ်ပြသည်။
" ရှိတယ်ဗျ "
" သူ တကယ်ကြီးကို ရင့်ကျက်လာပြီပဲ ။ ကြည့်ရတာ နဂါးမျိုနွယ်စု ပြန်အင်အားကြီးလာဖို့ သူ အစွမ်းကုန် ကြိုးစားပေးချင်နေတာနဲ့ တူတယ် "
ပန်းလင် အနည်းငယ်လည်း စိတ်လှုပ်ရှားသွားသည်။
လောထျန်းက စကားဆက်၏။
" ရှောက်ထျန်းလုံကို အစွမ်းနိမ့်ပုံရတဲ့ သားရဲနှစ်ယောက်နဲ့ တွဲပေးလိုက်ရင် တခြားသူတွေက သူ့ကို ပို အထင်သေးကြမှာလေ "
ပန်းလင်က ချက်ချင်း သဘောပေါက်သွားပြီး ဝင်ပြောသည်။
" ကျွန်မ သဘောပေါက်ပြီ ။ ပြိုင်ဘက်က ရှောက်ထျန်းလုံကို လျှော့တွက်ပြီး သတိလက်လွတ် ပြုမူစေချင်လို့လား "
လောထျန်းက ခေါင်းယမ်းပြ၏။
ပန်းလင် လန့်သွားကာ မေးလိုက်သည်။
" တခြား ဘာတွေ စဥ်းစာထားသေးတာလဲ "
ထိုတခဏတွင် သူမ လောထျန်းအား ကြည့်နေသည့် အကြည့်မှာ ဉာဏ်ပညာ အလွန်နက်နဲသည့် လူတစ်ယောက်အား ကြည့်နေပုံနှင့်ပင် တူနေသေးတော့သည်။
ထိုစဥ်မှာပင် လောထျန်းက ခေါင်းကို ဖြည်းဖြည်းချင်း လှည့်လာပြီး ပြော၏။
" သူတို့ကို အားလုံးက လျှော့တွက်ထားကြရင် သူတို့ကို ပေးထားတဲ့ လောင်းကြေး ဆ ကလဲ အများကြီး ဖြစ်နေမှာပဲ ။ အဲ့ကျရင် ကျုပ်က သူတို့ဘက်ကနေ အများကြီးလောင်းပြီး တစ်ခါတည်း ထောသွားအောင် လုပ်မှာ "
ပန်းလင်မှာ သူမနဖူးကို လက်ဖြင့် ပြန်ရိုက်လိုက်မိတော့သည်။
" လက်စသတ်တော့ ငါပဲ အတွေးလွန်သွားခဲ့တာပါလား .. ။ ငါကလဲ ဒီပိုက်ဆံမက်တဲ့ ဓားပြကောင် အကြောင်းသိနေရဲ့သားနဲ့ ဘာတွေ အရူးထပြီး မျှော်လင့်မိသွားလဲ မသိပါဘူး "
ထိုစဥ် ဟွမ်ယင်က ရုတ်တရက် ပြောလာ၏။
" လောထျန်း ... "
၎င်းကို ကြားသောအခါ ပန်းလင်က သူမဘက် လှည့်ပြီး နှစ်သိမ့်လိုက်သည်။
" စိတ်မဆိုးပါနဲ့ ၊ သူက တကယ်တော့ ... "
သို့သော် သူမ စကားမဆုံးခင်မှာပင် ဟွမ်ယင်က ပြောလာ၏။
" ကျွန်မကို ပိုက်ဆံနည်းနည်း ချေးပေးလို့ ရမလား ။ ကျွန်မလဲ လောင်းကြေး ထပ်ချင်တယ် "
လောထျန်းက ချက်ချင်း ဝမ်းသာအားရ ဆိုသည်။
" ဘယ်လိုလဲ .. ငါ့အစီစဥ်က ကောင်းတယ်မလား "
ဟွမ်ယင်က ခေါင်းတဆတ်ဆတ် ညိတ်ပြ၏။
" သိပ်ကောင်းတဲ့ အစီစဥ်ပဲ ၊ ဉာဏ်ကြီးရှင် လို့တောင် ပြောလို့ရတယ် "
" မင်းက တော်တော်အမြင်ရှိတာပဲကွ "
" ရှင်ရော အတူတူပဲလေ "
သူတို့ နှစ်ဦး ထိုသို့ပြောကာ ဝမ်းသာအားရ လက်ဝါးချင်း ရိုက်လိုက်ကြသည်။
ပန်းလင်တစ်ယောက် မျက်နှာကြီး မဲ့သွားကာ ဘေးသို့ အကြည့်လွှဲ၍ ပွစိပွစိ ရေရွတ်လိုက်၏။
" ချီး .. သူငယ်ချင်းတွေလို့ မပြောရဘူး ၊ နှစ်ယောက်လုံး တစ်ပုံစံထဲပဲ။ ဟိုနို့ကြီးကြီးနဲ့ဟာမကလည်း နို့ကြီးသလောက် ဦးနှောက်ကသေးနေပုံရတယ် "
ထိုစဥ် လောထျန်းက ပြောလာသည်။
" ကဲ .. ဒါဆို အခု လုပ်ရမှာက သင့်တော်တဲ့ သားရဲတစ်ကောင် ရှာပြီးတော့ သူတို့သုံးယောက်ကို ပြိုင်ပွဲမှာ ဝင်ပြိုင်ခိုင်းဖို့ပဲ ။ ဒါပေမယ့် အဲ့သားရဲကို ဘယ်မှာ သွားရှာရပါ့ ။ သားရဲက အရမ်းကြီး အစွမ်းထက်နေလို့ မရသလို အရမ်းကြီး အစွမ်းနိမ့်နေလို့လဲ မဖြစ်ပြန်ဘူး ။ အရမ်း အစွမ်းနိမ့်နေရင် ပြိုင်ပွဲဝင်တဲ့အချိန် ရှောက်ထျန်းလုံ လေးကို ဒုက္ခပိုပေးလိုက်သလို ဖြစ်သွားမှာ "
ဟွမ်ယင်က ဝင်ပြောသည်။
" ကျွန်မ အဲ့လိုသားရဲကို ဘယ်မှာ ရှာရမလဲ သိတယ်။ ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်က လေလံပွဲဆီ သွားလို့ရတယ် "
" ဟင် .. အဲ့မှာ လေလံပွဲ ရှိတာလား ။ သူတို့က သားရဲတွေပဲ ရောင်းကြတာလား "
လောထျန်းက တအံ့တသြ ပြန်မေး၏။
ဟွမ်ယင်က ခေါင်းယမ်း၍ ပြန်ဖြေသည်။
" သားရဲတွေတင် ရောင်းတာ မဟုတ်ဘူး ။ တခြား သိုင်းပညာကျင့်စဥ်တို့ ၊ မှော်လက်နက်တို့လဲ ရောင်းသေးတယ်။ ဒါပေမယ့် အများစုကတော့ သားရဲသခင်ကြီးတွေနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေပဲ "
" အဲ့လိုလား .. အဲ့မှာ ဘယ်လိုအဆင့် သားရဲမျိုးတွေ ရှိတာလဲ "
လောထျန်း ထပ်မေးလိုက်သည်။
ဟွမ်ယင်က ခေါင်းကုတ်ရင်း ပြန်ပြော၏။
" ကျွန်မက အဲ့နားကို လေး၊ ငါး ခါလောက်ပဲ ဖြတ်သွားဖူးတော့ အပြင်ကနေ လေလံပွဲအကြောင်း ရေးထားတဲ့ စာနည်းနည်းလောက်ပဲ ဖတ်လိုက်မိတာ ။ အဲ့တုန်းက ရှိသမျှ ပိုက်ဆံကလဲ အကုန် ကုန်နေတော့ အထဲဝင်မကြည့်လိုက်မိဘူး "
လောထျန်း ခေါင်းညိတ်လိုက်သည်။
" ကဲ .. ဒါဆို အခု သွားကြစို့လေ "
ထို့နောက်တွင်မူ ဟွမ်ယင်ဦးဆောင်သော သူတို့လူစုက ယွမ်ရှောက်မြို့ထဲမှ အကြီးဆုံး လေလံပွဲကြီး၏ အဝင်ဝသို့ ရောက်လာကြ၏။
" ကျွန်မပြောတဲ့ နေရာက အဲ့မှာပဲ "
ဟွမ်ယင်က သူမရှေ့ရှိ ခပ်မြင့်မြင့် အဆောက်အဦးကြီး တစ်ခုကို လက်ညိုးညွှန်ပြကာ ပြောသည်။
လောထျန်းမှာ ရှေ့မှ ကြီးကျယ်ခမ်းနားလှသော အဆောက်အဦးကို ကြည့်ရင်း အနည်းငယ်ပင် အံ့အားသင့်သွားရ၏။
သူတို့ရှေ့ရှိ တံခါးပေါ်မှ ဆိုင်းပုဒ်သည်ပင် ထိပ်တန်းအဆင့် စိတ်စွမ်းအင် သစ်သားနှင့် လုပ်ထားပြီး ၎င်းမှ စိတ်စွမ်းအင်များ ထုတ်လွှတ်နေပါသည်။
ထို သစ်သားဆိုင်းပုဒ်ပေါ်တွင် ရေးထွင်းထားသော စာလုံးများတွင်လည်း ဓားစိတ်ဝိဥာဥ် အငွေ့အသက်အချို့ ပါနေပါသေး၏။
ထိုစာလုံးများကို ရေးထွင်းထားသူမှာ အစွမ်းထက်သော ဓားသမားတစ်ယောက် ဖြစ်ဟန်ပင်။
" ဧည့်သည်ကြီးတို့ ၊ ဒီကို လေလံပွဲအတွက် လာခဲ့ကြတာလားရှင့် "
ထိုစဥ် မိန်းမပျိုလေးတစ်ယောက်က သူတို့နားသို့ အပြုံးဖြင့် ရောက်လာသည်။
လောထျန်းက ခေါင်းညိတ်ပြ၏။
" ဟုတ်ပါတယ် "
" ဧည့်သည်ကြီးတို့ ၊ လေလံပွဲက နောက်ထပ် နာရီဝက်လောက် နေမှ စမှာပါ။ ဒါပေမယ့် ကျွန်မတို့ရဲ့ လေလံပွဲမှာ ဝင်ပါဖို့အတွက် ဧည့်သည်ကြီးတို့ရဲ့ ငွေရေးကြေးရေး အခြေအနေ ဘယ်လိုရှိလဲ ဆိုတာကိုတော့ အရင်ဆုံး ပြဖို့ လိုအပ်ပါတယ်ရှင် "
မိန်းမပျို၏ စကားများမှာ အလွန်ယဥ်ကျေးပျူငှာဟန် ရှိသော်လည်း သူမ ပြောသည့် အဓိပ္ပါယ်က အလွန်ရှင်းပါသည်။
ငွေကြေးအင်အား ခိုင်ခိုင်လုံလုံ ရှိထားမှသာ လေလံပွဲအတွင်းသို့ ဝင်ခွင့်ရမည် ဆိုသည့် အဓိပ္ပါယ်ပင် ။
သို့သော် ထိုသို့ လုပ်ရခြင်းမှာ ကျိုးကြောင်း သင့်လျော်သည်ကို လောထျန်း နားလည်ပါသည်။
လေလံပွဲအတွင်းတွင် နေရာများက အကန့်အသတ် ရှိထားရာ လူတိုင်းသာ ဝင်ကြည့်နိုင်ပါက စျေးကောင်း မည်သို့ ရပါတော့မည်နည်း။
ထို့ကြောင့် သူ့အင်္ကျီလက်ထဲမှ ဟင်းလင်းပြင်လက်စွပ် တစ်ကွင်းကို အေးအေးဆေးဆေးသာ ထုတ်ယူလိုက်ပြီး မိန်းမပျိုဆီသို့ ပေးလိုက်၏။
" နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေး "
မိန်းမပျိုက အပြုံးဖြင့် ဆိုပြီး ဟင်းလင်းပြင်လက်စွပ်ကို ယူကာ စစ်ဆေးကြည့်လိုက်သည်။
တခဏအကြာမှာပင် သူမ အံ့အားသင့်ပြီး မျက်လုံး ပြူးသွား၏။
" ဘာတွေ .. ဖြစ်နေတာလဲ "
လောထျန်း၏ ဟင်းလင်းပြင်လက်စွပ်ထဲတွင်ကား စိတ်စွမ်းအင် ကျောက်တုံးများ တောင်ပုံရာပုံ ဖြစ်နေပါသည်။
၎င်းတို့မှာ အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံးချည်းသက်သက် မဟုတ်ဘဲ အလယ်အလတ်အဆင့် စိတ်စွမ်းအင်ကျောက်တုံးများ ပါသလို အဆင့်မြင့် စိတ်စွမ်းအင် ကျောက်တုံးများလည်း အတော်အတန်ပင် များပါ၏။
စိတ်စွမ်းအင် ကျောက်တုံးများ၏ ပမာဏမှာ များလွန်းသောကြောင့် သူမ နားမလည်နိုင် ဖြစ်ရသည်အထိပင် ။
သူမ ဤလေလံပွဲ အဆောင်အဦးတွင် အလုပ်ဝင်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီ ဖြစ်သဖြင့် လူချမ်းသာ ပေါင်းစုံနှင့် တွေ့ကြုံခဲ့ဖူးပါသည်။
သို့သော် သူမ တွေ့ခဲ့ဖူးသည့် ဂိုဏ်းကြီးများမှ ခေါင်းဆောင် ဂိုဏ်းချုပ်ကြီးများသည်ပင် ငွေကြေးအင်အား ယခုလောက် မများကြပါချေ။
လောထျန်းတစ်ယောက် နဂါးသင်္ချိုင်းမြေထဲရှိ နဂါးအသွင်ပြောင်း ရေအိုင်ရှေ့တွင် ကံစမ်းမဲများ ဖွင့်ပြီး ရောင်းချခဲ့စဥ်က ကျုံ့ကျိုးဒေသအတွင်းမှ ပထမတန်း ဂိုဏ်းပေါင်းများစွာ၏ ပိုင်ဆိုင်မှုများအားလုံးနီးပါး ရခဲ့ကြောင်းကိုမူ သူမ မည်သို့ သိနိုင်ပါမည်နည်း။
" ဘာလို့လဲ .. အဲ့လောက်နဲ့ မလုံလောက်လို့လား ။ ကိစ္စမရှိဘူး .. ကျုပ်ဆီမှာ ထပ်ရှိသေးတယ် "
လောထျန်းက ပြောပြောဆိုဆိုပင် သူ့အင်္ကျီလက်အောက်ထဲတွင် ရှိနေသည့် ဟင်းလင်းပြင် လက်စွပ် အတန်းလိုက်ကို ထပ်ပြလိုက်သည်။
" ဒါ .... "
မိန်းမပျိုမှာ သူမရှေ့မှ မြောက်များစွာသော ဟင်းလင်းပြင်လက်စွပ်များကို ကြည့်ရင်း အံ့သြမှင်သက်နေတော့၏။
အကယ်၍ ထိုဟင်းလင်းပြင် လက်စွပ်များထဲမှ ပမာဏက ယခု သူမလက်ထဲရှိ ဟင်းလင်းပြင်လက်စွပ်ထဲမှ ပမာဏနှင့် တူနေသည် ဆိုလျှင် .. ထို လူငယ်လေးက သူမတို့ ယွမ်ရှောက် တစ်မြို့လုံးထက်ပင် ပိုချမ်းသာသည်ဟု ပြော၍ ရပါသည်။
အမှန်တွင်ကား လောထျန်း လက်ထဲတွင် ကျန်နေသေးသော ဟင်းလင်းပြင် လက်စွပ်များထဲမှ တစ်ဝက်လောက်က ယခု သူမလက်ထဲရှိ လက်စွပ်ထဲမှ ပမာဏထက်ပင် ပိုများနေသေးသည်ကိုမူ သူမ မသိပါချေ။
ယခု သူမဆီမှ လက်စွပ်ထဲတွင် စိတ်စွမ်းအင် ကျောက်တုံးများသာ ပါသော်လည်း .. အခြား လက်စွပ်များထဲ၌ အဖိုးတန် ရှားပါးရတနာများ များစွာ ပါနေသည် မဟုတ်ပါလား။
" လုံလောက်ပါတယ်ရှင် .. လုံလောက်ပါတယ် ။ ကျေးဇူးပြုပြီး ကျွန်မနဲ့ လိုက်ခဲ့ပါ သခင်လေး "
မိန်းမပျိုမှာ လောထျန်း မည်သူမှန်း မသိသည့်တိုင် ငွေကြေးအင်အား ဤမျှ တောင့်တင်းသော သူတစ်ယောက်ကို စော်ကား၍ မဖြစ်မှန်း ချက်ချင်းပင် နားလည်လိုက်ပါ၏။
" ကဲ .. ဒါဆိုလဲ သွားကြတာပေါ့ "
လောထျန်းတို့ လူစု လေလံပွဲ ကျင်းပရာ အဆောက်အဦးထဲသို့ လိုက်ဝင်ခဲ့လိုက်ကြသည်။
အခန်းတစ်ခုရှေ့ ရောက်သောအချိန်တွင်မူ မိန်းမပျိုက လောထျန်းတို့အား ခေတ္တ စောင့်နေရန် မှာပြီး သူမတစ်ယောက်တည်း အခန်းထဲ ဦးစွာ ဝင်သွား၏။
" အမကြီးချု .. အပြင်မှာ အရေးကြီးတဲ့ ဧည့်သည်တွေ အများကြီး ရောက်နေတယ်ရှင့်။ ကျေးဇူးပြုပြီး ကျွန်မကို အကောင်းဆုံးအခန်း ပေးပါနော် "
မိန်းမပျိုက သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်အား သတိထားကြည့်၍ ပြောလိုက်သည်။
သို့သော် သက်လတ်ပိုင်းအရွယ် အမျိုးသမီးက ခေါင်းပင် မော့မကြည့်ဘဲ ပြန်ပြော၏။
" အခန်း မရှိတော့ဘူး "
" ဟင် .. တခြားအခန်းတွေရော မရှိတော့ဘူးလားရှင့် "
မိန်းမပျိုက တအံ့တသြ ပြန်မေးလိုက်သည်။
သက်လတ်ပိုင်းအရွယ် အမျိုးသမီးက အေးစက်စက် နှာခေါင်းရှုံ့၏။
" သခင်လေး လီက ခုနလေးကမှ ရောက်လာတာ။ သူက ဧည့်သည်တွေကိုလဲ ဧည့်ခံချင်သေးတာမို့ အခန်းတွေကို ကြိုပြီး မှာထားတာ။ တခြား ဘာအခန်းမှ မရှိတော့ဘူး "
မိန်းမပျိုက စိတ်ရှုပ်ထွေးသွားဟန်ဖြင့် မဝံ့မရဲ ပြန်မေးသည်။
" ဒါဆို .. တခြား အဆင်ပြေတာလေးရော လုပ်ပေးလို့ မရဘူးလားရှင် "
သက်လတ်ပိုင်းအရွယ် အမျိုးသမီးက ရုတ်တရက် ခေါင်းမော့လာပြီး အေးစက်စက် အော်ဆူ၏။
" ရှောက်ချီ ၊ နင် စိတ်မှ နှံ့သေးရဲ့လား ။ အခု သီးသန့်ခန်းထဲမှာ ရှိနေတဲ့ ဧည့်သည်တွေအားလုံးက အရေးမကြီးဘူးလို့ ထင်လို့လား ။ နင်က ပြောင်းပေးဆိုတိုင်း ငါ့ဘက်က လိုက်လျောရမယ်ပေါ့ "
ရှောက်ချီဆိုသည့် မိန်းမပျိုလေးက တီးတိုး ပြန်ပြောသည်။
" ကျွန်မရဲ့ ဧည့်သည်ကလဲ အရမ်း အရေးကြီးတဲ့ ဧည့်သည်တွေမို့ပါ "
သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးက လက်ကာပြပြီး ဖြတ်ပြော၏။
" နင်ကများ .. နင့် ဧည့်သည်တွေက ဘယ်လောက် မြင့်မြတ်တဲ့ သူတွေ ဖြစ်မှာမို့လဲ ။ အရင်လ တစ်လလုံး နင့်ဧည့်သည်တွေဆီကနေ ရခဲ့တဲ့ လေလံကြေးတွေ ပေါင်းလိုက်ရင်တောင် ဘယ်လောက်ရှိလို့လဲ ပြောစမ်းပါဦး။ အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး သုံးသောင်းပဲ ရခဲ့တာလေ ။ နင်က အဲ့ပမာဏရဲ့ အပုံတစ်ထောင်ပုံမှ တစ်ပုံပဲ ရတာဆိုတော့ အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး ၃၀ ပဲ ရခဲ့တာ မလား "
" အခု သီးသန့်ခန်းထဲမှာ ရှိနေတဲ့ ဧည့်သည်တွေရဲ့ အနည်းဆုံး သုံးတဲ့ နှုန်းက ဘယ်လောက်ရှိလဲရော သိရဲ့လား။ အဆင့်နိမ့် စိတ်စွမ်းအင် ကျောက်တုံး ၃ သန်းဟဲ့ .. ။ နင့်ရဲ့ အရေးကြီးလှပါတယ်ဆိုတဲ့ ဧည့်သည်တွေက အဲ့လောက်များတဲ့ ငွေကြေးပမာဏကို မြင်ရော မြင်ဖူးကြရဲ့လား "
ရှောက်ချီက ပြန်ပြောသည်။
" ကျွန်မကိုယ်တိုင် သေချာ စစ်ဆေးကြည့်ထားပါတယ်ရှင် ။ အဲ့ ဧည့်သည်မှာ အနည်းဆုံး ဆိုရင်တောင် စိတ်စွမ်းအင် ကျောက်တုံးတွေ ကုဋေ ရာချီပြီး ရှိတယ်ရှင့် "
ကုဋေ ရာချီ သတဲ့လား ..
သတ်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးမှာ ခေတ္တမျှ အံ့အားသင့်သွားသော်လည်း ချက်ချင်း ဆိုသလိုပင် ရှောက်ချီ၏ မျက်နှာအား တံတွေးဖြင့် ထွေးလာသည်။
" ငါ့ရှေ့က ထွက်သွားစမ်း ။ အပျက်မ .. ဘာမှ မစဥ်းစားဘဲ လျှောက်လိမ်နေသေးတယ်။ စိတ်စွမ်းအင် ကျောက်တုံးတွေ ကုဋေ ရာချီတယ် ဟုတ်လား .. အဲ့လောက် ချမ်းသာနေရင် ကောင်းကင်ဘုံပေါ်ကို ဘာလို့ သွားမနေလဲ ။ ဒီနေရာက ငရဲ ၊ မနေချင်ရင် ထွက်သွားလို့ ပြောလိုက် ။ မင်းလဲ ထွက်သွား "
အမျိုးသမီးကြီးက ခါးထောက်ကာ ဆဲဆို အော်ဟစ်လိုက်သည်။