← Chapters

တစ်ခုခုတော့ လွဲနေပြီ

Vol. 28 Ch. 391

တစ်ခုခုတော့ လွဲနေပြီ

Vol. 28 Ch. 391

လူငယ်တစ်ယောက်က စင်ပေါ်မှ မြင်းနဂါးကို စိုက်ကြည့်ကာ ပြောလာသည်။

" ဒါပေမယ့် .. အဲ့ မြင်းနဂါးကို ကြည့်ရတာ သာမာန်ပုံပဲလေ ။ သာမာန်တောင် မဟုတ်ဘူး .. အစွမ်းနိမ့်တဲ့ပုံပါ ပေါက်နေတာ "

လီယီဖန်းက ထိုလူငယ်ကို လှည့်ကြည့်ကာ ရေရွတ်၏။

" အရူးကောင် "

" ဟင် .. ကျုပ်က ဘာဖြစ်လို့လဲဗျ "

တဖက်လူငယ် အူကြောင်ကြောင် ဖြစ်သွားရသည်။

အနီးနားမှ လူတစ်ယောက်မှ လှောင်ပြုံးဖြင့် ပြန်ပြော၏။

" လူတိုင်းကသာ အလွယ်တကူ မြင်နေနိုင်ကြရင် အခွင့်ကောင်းလို့ ဘယ်ခေါ်ပါတော့မလဲ။ မင်း စာအုပ်တစ်အုပ်လေးတောင် မဖတ်ဖူးဘူးလား။ အရင်ခေတ်က အစွမ်းထက်တဲ့သူတွေ ဆိုရင်လဲ သာမာန်လို့ ထင်ရတဲ့ သားရဲတွေကနေပဲ ထိပ်တန်းအဆင့် သားရဲတွေကို ရွေးချယ်ခဲ့ကြတာလေ။ ဒီ မြင်းနဂါးက သာမာန်လို့ ထင်ရလေ ၊  ပိုပြီး ထူးခြားလေပဲ "

ဖက်တီးဝမ်ကလည်း ခေါင်းညိတ်၍ ဝင်ပြောသည်။

" အမှန်ပဲ .. ဟို မြောက်ပိုင်းဒေသက ကောင်လေးကိုလဲ ကြည့်လိုက်ဦး ။ သူ့ပုံက လေလံဆွဲတော့မယ့်ပုံကွ "

ထိုတခဏတွင် အားလုံးက လောထျန်းအား မျက်တောင်မခတ် ကြည့်ကာ သူ ဘာလုပ်မည်ကို စောင့်ဆိုင်းနေကြ၏။

ထိုစဥ် ....

" ဒီ မြင်းနဂါးအတွက် လေလံကြမ်းခင်းစျေးကတော့ အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး ၁ သန်းပါ ။ အားလုံး ကိုယ်ပေးမယ့် စျေးကို ပြောလို့ရပါပြီ "

လေလံပွဲ ကြေငြာသူက အပြုံးဖြင့် ဆိုလာသည်။

သူ့စကားကို ကြားသည်နှင့် လောထျန်းက ဆုံးဖြတ်ချက် ချပြီးသွားဟန်ဖြင့် ​လက်မြှောက်၍ ပြော၏။

" ကျုပ် အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး သန်း ၁၀၀ ပေးမယ် "

" လုပ်ချလိုက်ပြန်ပြီ "

ပန်းလင်တစ်ယောက် သူ့နဖူးသူ လက်ဖြင့် ပြန်ရိုက်လိုက်သည်။

လောထျန်း၏ လေလံဆွဲနည်းက တစ်နည်းတည်းပင် ။

ပိုက်ဆံများကို ပုံပြီး ပစ်ပေးသော နည်း ဖြစ်ပါသည်။

အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး တစ်သန်းသာ တန်သော ပစ္စည်းကို တစ်ခါတည်းနဲ့ သန်း ၁၀၀ သို့ တိုးပေးနေသတဲ့လား ။

ထိိိုသို့သော စျေးမျိုးကို မည်သူက ယှဥ်၍ လေလံဆွဲရဲပါမည်နည်း။

လောထျန်း စကားဆုံးသည်နှင့် ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားပြန်သည်။

" သန်း ၁၀၀ .. နောက်ထပ် သန်း ၁၀၀ တောင် ထပ်ပေးနေတာလား .. ။ အဲ့ကောင်လေးက ဘယ်သူလဲ "

" ဘုရားရေ .. အဲ့ဒါကြီးက မလွန်လွန်းဘူးလား .. "

" အဲ့မြင်းနဂါးက အဲ့လောက် အဖိုးတန်တာလား ။ ငါ ကြည့်တာတော့ သာမာန်ပါပဲကွာ "

" ကြည့်ရတာ သူက ငါတို့ မမြင်တဲ့ တစ်ခုခုကို မြင်သွားလို့နဲ့ တူတယ်ကွ ။ ငါ့မှာ ပိုက်ဆံ နည်းနေတာ ကံဆိုးတာပဲ ။ မဟုတ်ရင် သူနဲ့ ပြိုင်ပြီး စျေးပေးလို့ရမှာ "

ထိုတခဏတွင် အားလုံးက သူတို့ထင်ရာကို တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည်။

စင်ပေါ်မှ လေလံပွဲ ကြေငြာသူမှာလည်း စိတ်လှုပ်ရှားမှုကြောင့် တုန်ပင် တုန်ယီနေပါ၏။

သူသည်လည်း လေလံပွဲမှ ကော်မရှင်ခ ရသူတစ်ဦးဖြစ်ရာ .. လူများက စျေးများများပေး၍ လေလံဆွဲလေ သူ့အတွက် ဝင်​ငွေ ပိုများလေပင် ။

ဤတစ်ကြိမ်တွင်လည်း လောထျန်းက အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး သန်း ၁၀၀ ထပ်ပေးလာသဖြင့် သူမ အလွန်စိတ်လှုပ်ရှား ပျော်ရွှင်ကာ စကားပြောရန်ပင် ခေတ္တမျှ မေ့နေတော့သည်။

သို့သော် ထိုအချိိန်တွင် ..

" အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး သန်း ၁၃၀ "

သီးသန့်ခန်းထဲမှ အသံတစ်သံ ထွက်လာသည်။

ခန်းမထဲရှိ လူများထံမှ တအံ့တသြ ရေရွတ်သံများ ဝေါခနဲပင် ပေါ်လာ၏။

" ဘယ်လို .. သန်း ၁၃၀ တောင် ။ တကယ်ကြီး အဲ့စျေး ပေးလိုက်တာလား "

" တစ်ခါတည်းနဲ့ သန်း ၃၀ တောင် တိုးပေးလိုက်တာပေါ့ .. ၊ အဲ့ သီးသန့်ခန်းထဲက ဘယ်သူလဲ "

" ဘယ်သူ ဆိုတာက အရေးမကြီးဘူး ။ အခု အဲ့မြင်းနဂါးက ဘာတွေထူးခြားလို့ အဲ့လောက် အဖိုးတန်နေရတာလဲ ဆိုတာပဲ စိတ်ဝင်စားတာ "

" ငါလဲ မပြောတတ်ပါဘူးကွာ။ အဲ့ မြင်းနဂါးကို ဘယ်ကနေ သွားရှာလာတာပါလိမ့် ။ ဒီစျေးနဲ့ဆို နဂါးတစ်ကောင်တောင် ဝယ်လို့ ရနေပြီနော် .. ဟုတ်တယ်မလား "

အားလုံး နားမလည်နိုင် ဖြစ်ကုန်ကြသည်။

ထိုစဥ် သီးသန့်အခန်း (၁) ထဲမှ လီယီဖန်းမှာလည်း လေလံစျေး စပေးလိုက်သည်နှင့် စိတ်လှုပ်ရှားလွန်း၍ တစ်ကိုယ်လုံးပင် တုန်ယင်နေ၏။

တစ်ကြိမ်တည်းနဲ့ ဤမျှ များပြားသော ပိုက်ဆံ ပမာဏကို သုံးလိုက်ခြင်း ဖြစ်ရာ သူ စိတ်မလှုပ်ရှားဘဲ မည်သို့ နေပါမည်နည်း။

အမှန်တိုင်း ပြောရပါက .. စိတ်လှုပ်ရှားသည့်အပြင် သူ အနည်းငယ်လည်း စိုးရိမ်စိတ် ဝင်နေပါသည်။

" အဲ့ မြောက်ပိုင်းဒေသက ကောင်လေးက တော်တော်ချမ်းသာတာ ဆိုတော့ ထပ်ပြီး စျေးကောင်း ပေးဦးမယ်နဲ့တူတယ် "

သူ ထိုသို့တွေးကာ လောထျန်းဘက်မှ ထပ်ပေးလာနိုင်သည့် စျေးကို ခန့်မှန်းတွက်ချက်ကြည့်လိုက်သည်။

သို့သော် ခန်းမထောင့်မှ လောထျန်းမှာကား ခေတ္တမျှ အံ့အားသင့်နေဟန် တူပြီး စင်မြင့်ထက်မှ လေလံပွဲ ကြေငြာသူကို လှမ်းကြည့်၏။ ထိုလူကလည်း နားမလည်နိုင် ဖြစ်နေဟန်ဖြင့် သူ့အား ပြန်ကြည့်နေသည်။

" ဘာတွေ ဖြစ်နေတာလဲ .. ဒီ မြင်းနဂါးက တကယ်ပဲ ထူးခြားလို့များလား "

လောထျန်း သူ့ကိုယ်သူပင် သံသယ ဝင်သွားတော့သည်။

" လောထျန်း .. စျေးထပ်ပြီး ပိုပေးဦးမှာလား "

ဟွမ်ယင်က စိုးရိမ်နေဟန်ဖြင့် မေးလာ၏။

လောထျန်းက ခေတ္တမျှ စဥ်းစားကာ ခေါင်းယမ်းလိုက်သည်။

" မပေးတော့ဘူး "

" ဟင် .. ဘာဖြစ်လို့လဲ "

ဟွမ်ယင်တစ်ယောက် နားမလည်နိုင် ဖြစ်သွားရသည်။

လောထျန်းက ခေါင်းကုတ်၍ ပြန်ပြော၏။

" ပထမ တစ်ချက်ကတော့ အဲ့ မြင်းနဂါးနဲ့ ပတ်သက်ပြီး ဘာမှ ထူးခြားတာ မမြင်လို့ ။ ဒုတိယအချက်ကတော့ ကျုပ်က တခြား ဘယ်သူနဲ့မှ အပြိုင်မလုချင်လို့ကို အစတည်းက သန်း ၁၀၀ ပေးပြီး ဝယ်တာ။ အခုက တခြားတစ်ယောက်က ကျုပ်နဲ့ပြိုင်ပြီး စျေးလာပေးနေတာဆိုတော့ သူနဲ့သာ ပြိုင်လုနေရင် အချိန်တွေ ဘယ်လောက်ကုန်မယ် မပြောနိုင်ဘူးလေ ။ အဲ့တော့ ခုတည်းက လက်လျှော့လိုက်တာပဲ ကောင်းတယ် "

သူ့ရှင်းပြချက်ကို ကြားသောအခါ ဟွမ်ယင်က လက်မထောင်၍ ပြန်ပြောသည်။

" သိပ်ကောင်းတဲ့ အကြံပဲ "

ပန်းလင်ကမူ သုတို့နှစ်ယောက်ကို ကြည့်ရင်း စိတ်ပျက်လက်ပျက် ခေါင်းယမ်းကာ တစ်ယောက်တည်း ရေရွတ်၏။

" တကယ့် လူထူးဆန်းတွေ "

ထိုစဥ် တဖက် စင်မြင့်ထက်မှ လေလံပွဲ ကြေငြာသူမှာမူ မျက်နှာကြီး ပြုံးဖြီးနေသည်။

အမှန်တွင်မူ ထို မြင်းနဂါးအား သူတို့ လေလံရုံးမှ အစွမ်းနိမ့်သော သားရဲတစ်ကောင်အဖြစ်သာ သတ်မှတ်ထားပြီး အနိမ့်စျေးဖြင့် ရောင်းချခဲ့ပါ၏။

သို့သော် ယခုကဲ့သို့ စျေးကောင်း ရသွားလိမ့်မည်ဟု မည်သူ ထင်ပါမည်နည်း။

လောထျန်းဘက်မှ ပေးလာသော သန်း ၁၀၀ ဆိုသည့် စျေးနှင့်ပင် သူ အံ့သြမှင်သက်ခဲ့ရပြီး ဖြစ်ပါသည်။

သို့သော် သီးသန့်အခန်း ( ၁ ) မှ ဧည့်သည်များက ထို့ထက်မြင့်သည့် စျေးပင် ထပ်ပေးနေသတဲ့လား။

ထို ​မြင်းနဂါးက နတ်ဘုရား သားရဲတစ်ကောင်ပေလား ..

အကယ်၍သာ ထိုမြင်းနဂါးက နတ်ဘုရားသားရဲတစ်ကောင် ဖြစ်နေခဲ့ပါက အလွယ်တကူ စျေးသက်သက်သာသာဖြင့် ရောင်းချလိုက်၍ မဖြစ်ပါချေ။

" စျေးပိုပေးမယ့်သူ ရှိသေးလားခင်ဗျာ "

သူ ကျယ်လောင်စွာ အော်ပြောလိုက်သည်။ သူ့မျက်လုံးများကမူ လောထျန်းပေါ်တွင်သာ ရှိနေပါ၏။

သို့သော် လောထျန်းက တစ်ချက် သန်းဝေပြီး သူ့ကို လျစ်လျူရှုထားလိုက်သည်။

အချိန် အတန်ငယ် ကြာသွားပြီး နောက်တွင်မူ လောထျန်းက စျေးပိုပေးလိုဟန် လုံးဝ မရှိသဖြင့် သူ မည်သို့မှ မတတ်နိုင်ဘဲ လီယီဖန်းကိုသာ ရောင်းချလိုက်ရ၏။

" သိပ်ကောင်းတယ်ကွာ "

အခန်းထဲတွင် ရှိနေသော လီယီဖန်းက သူ့ပေါင်သူ ဝမ်းသာအားရ ပြန်ရိုက်၍ ဆိုသည်။

" အကိုလီ ပေးလိုက်တဲ့စျေးက တကယ်ကို တိကျတာပဲဗျာ ။ ဟိုကောင်လေးက ထပ်တောင် စျေးမပေးရဲတော့ဘူး "

" အကိုလီက တကယ်ကို တော်တယ် "

သူ့လူအုပ်ကလည်း ချီးကျူးစကားများ ပြောလာကြသဖြင့် လီယီဖန်းတစ်ယောက် ပါးစပ်ပင် မစေ့နိုင်ဘဲ ဖြစ်နေတော့၏။

" ဟေ့ .. အဲ့မြင်းနဂါးကို ခေါ်သွားစမ်းကွာ။ ပြီးရင် ငါတို့ မိသားစုက အကြီးအကဲတွေကို အကြောင်းကြားပြီးတော့ အဲ့ကောင်နဲ့ ပတ်သက်ပြီး တွေ ထူးခြားတာလဲ စစ်ဆေးကြည့်ဖို့ ပြောလိုက် "

လီယီဖန်းက အပြုံးဖြင့် ဆိုလိုက်သည်။

" ကျုပ်ထင်တာတော့ အဲ့နဂါးက နဂါးမျိုးနွယ်ဝင် တစ်ယောက်နဲ့ တူတယ် ။နောက်ကျ နဂါးအစစ်တစ်ကောင် ဖြစ်လာမလား မသိဘူး "

" နဂါးအစစ်တစ်ကောင် .. ဟုတ်လား ။ ဒါဆို တစ်ကိုယ်လုံး ရတနာတွေနဲ့ ပြည့်နေမှာပဲ ။ ကျုပ်တို့တွေ ဒီတစ်ခေါက်တော့ ထောပြီဗျာ "

ထိုတခဏ၌ အားလုံး စိတ်လှုပ်ရှား ပျော်ရွှင်နေကြတော့၏။

သီးသန့်ခန်း တစ်ခန်းလုံးတွင် ရှယန်ယွိ တစ်ယောက်တည်းကသာ တစ်စုံတစ်ခု လွဲချော်နေသည်ကို သတိထားလိုက်မိပါသည်။

သို့သော် မည်သည်က လွဲနေသည်ကိုမူ သူကိုယ်တိုင်လည်း မပြောတတ်ပါချေ။

တဖက်တွင်ကား လေလံပွဲ ဆက်ကျင်းပနေပြီး မြင်းနဂါး ပြီးနောက် မှော်လက်နက် ၂ ခု ဆက်ရောင်းချ၏။

သို့သော် လောထျန်းကမူ ထိုအရာများကို ဂရုမစိုက်လှပါချေ။

တတိယမြောက် အရာသို့ ရောက်မှသာ လောထျန်း စိတ်​ပြန်လှုပ်ရှားသွားရသည်။

" ဒီ​တစ်ခေါက် ရောင်းချမှာကတော့ သားရဲတစ်ကောင်ပါ ။ ဒီ သားရဲက ရိုးရိုးသားရဲ မဟုတ်ဘူးဗျ ၊ နတ်ဘုရားသွေး ပါတဲ့ သားရဲ ပါ "

လေလံပွဲ ကြေငြာသူက ဆိုသည်။

" နတ်ဘုရားသွေးပါတဲ့ သားရဲတဲ့ .. "

လောထျန်းကမူ ၎င်းကို ကြားသည်နှင့် မျက်မှောင်ကြီး ကြုံ့သွား၏။

ထိုသို့သော အများအာရုံစိုက်ခြင်း ခံရမည့် သားရဲမျိုးကို သူ မလိုချင်ပါချေ။

နတ်ဘုရားသားရဲတစ်ကောင် လိုချင်ပါက သူ ဤလေလံပွဲသို့ လာစရာ အကြောင်းပင် မရှိပါ။

သူ နျိုထျဲ့ချူတို့အား သတင်းပို့ပြီး ယွမ်ရှောက်မြို့သို့ တိုက်ရိုက် လာခိုင်း၍ရသည် မဟုတ်ပါလား ။

သို့သော် စင်ပေါ်သို့ လှောင်အိမ် တွန်းလာသည့် အချိန်တွင်မူ လောထျန်း မနေနိုင်ဘဲ မျက်လုံးများ အရောင်လက်သွားရသည်။

" ကောင်းတယ် ..  ဒါ ကောင်းတယ် "

သူ့အသံတွင်လဲ စိတ်လှုပ်ရှားမှု အပြည့် ပါဝင်နေပါ၏။

" အဲ့ကောင်က ဘာဖြစ်လို့လဲ "

ဟွမ်ယင်က တအံ့တသြ မေးလာသည်။

စင်ပေါ်မှ သံလှောင်အိမ်ထဲတွင်ကား အဖြူရောင် အမွေးများနှင့် ထူးဆန်းသော သားရဲတစ်ကောင် ရှိနေပြီး အလွန်ပင်ပန်း နွမ်းနယ်နေဟန် ပေါက်နေပါ၏။

သို့သော် သူ့ကိုယ်မှ ထူးဆန်းသော နတ်ဘုရားသားရဲ အရောင်အဝါတစ်ခု ထွက်နေသည်။

လောထျန်းက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ ပြော၏။

" အဲ့ဒါ နတ်ဘုရားသားရဲ ဆိုတာ မှန်တယ် ။ ဒါပေမယ့် သူ့ သက်တမ်းက ဘယ်လောက်မှ သိပ်မကျန်တော့ဘူးကွ "

ဟွမ်ယင်မှာ သူ့စ​ကားကို ကြားမှသာ သားရဲအား သေချာ ထပ်ကြည့်လိုက်သည်။ အမှန်တကယ်လည်း သားရဲက အလွန်အိုမင်းနေဟန် တူပြီး ရီဝေဝေ မျက်လုံးများ ရှိနေကာ သွားများလည်း ကျိုးတို့ကျဲတဲ ဖြစ်နေလေပြီ ။

၎င်းနှင့်ပတ်သက်ပြီး အကောင်းပြောစရာ ဆို၍ နတ်ဘုရားသားရဲတစ်ကောင် ဖြစ်နေသည့် အချက်သာ ရှိပါသည်။

လေလံပွဲ ကြေငြာသူကလည်း ထိုအချက်ကို ရိပ်မိဟန်တူကာ ခပ်ရှက်ရှက် မျက်နှာဖြင့် ပြောလာ၏။

" ဒီသားရဲရဲ့ အသက်ကို ထည့်မတွက်ပါနဲ့ဗျာ။ ဒီကောင်က နတ်ဘုရားသားရဲတစ်ကောင်ဆိုတော့ အများကြီး အသုံးဝင်ပါတယ်။ ဒီသားရဲအတွက် လေလံကြမ်းခမ်းစျေးကိုတော့ တစ်သိန်းခွဲနဲ့ စပါမယ် ... "

ထိုသားရဲက အလွန်အသက်ကြီးနေပြီး ဘယ်အချိန် သေသွားမည်ကို မပြောနိုင်သည့်အတွက် သူ ထိုသို့  စျေးနည်းနည်းဖြင့်သာ စလိုက်ခြင်း ဖြစ်ပါသည်။

သို့သော် မျှော်လင့်မထားစွာပင် ..

" အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး သန်း ၁၀၀ ပေးမယ် "

လောထျန်းက အော်ပြောလာ၏။

All Chapters