← Chapters

လူမဆန်လောက်အောင် ချမ်းသာခြင်း

Vol. 28 Ch. 389

လူမဆန်လောက်အောင် ချမ်းသာခြင်း

Vol. 28 Ch. 389

ယခု ဟင်းလင်းပြင်လက်စွပ်ထဲမှ ပစ္စည်းပမာဏမှာ ယခင် လက်စွပ်နှင့် ယှဥ်လျှင် တစ်ဝက်ခန့်သာ ရှိသော်လည်း ..

အထဲမှ ပစ္စည်းများ အားလုံးနီးပါးပင် အဆင့် ၉ ရှိသည့် ပစ္စည်းများ ဖြစ်ကြပါသည်။

" ဒါ .. အိမ်မက် မဟုတ်ဘူးမလား "

ဟွမ်ယင် အလွန်အံ့သြတုန်လှုပ်နေတော့သည်။

ဤဟင်းလင်းပြင် လက်စွပ်က နတ်ဘုရားမြို့တော်ထက်ပင် ပိုအဖိုးတန်သည်မှာ သေချာနေလေပြီ။

လောထျန်းက ထိုအရာများကို မည်သို့ ရလာခဲ့ပါသနည်း။

" ဘာလို့လဲ .. မင်း ကြိုက်တာ မပါလို့လား ။ ကျုပ်ဆီမှာ အဲ့ထက်ကောင်းတဲ့ မသေမျိုးပစ္စည်း တချို့တော့ ရှိတယ် ။ ဒါပေမယ့် အရေအတွက်က နည်းနည်းလေးပဲ ရှိတာ "

လောထျန်းက မျက်မှောင်ကြုံ့၍ ပြောလာသည်။

" မသေမျိုးလက်နက် ယူမလား  "

ဟွမ်ယင် လုံးဝ ဆွံ့အသွားတော့၏။

ယခုလက်ရှိတွင် သူမသည် နတ်ဘုရားမြို့တော်၏ အဖွဲ့တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

နတ်ဘုရားမြို့တော် ဆိုသည်မှာ မြောက်ပိုင်းဒေသမှ တစ်ခုတည်းသော မြင့်မြတ်နယ်မြေတစ်ခု ဖြစ်ပါ၏။

သို့သော် မိုးကြိုးဘုရင်ကိစ္စ ပြီးသွားသည့် နောက်ပိုင်းတွင်ကား နတ်ဘုရားမြို့တော်တွင် မသေမျိုးလက်နက် အစစ်ဆို၍ မသေမျိုး ဓားတစ်လက်သာ ကျန်ပါတော့သည်။

သို့သော် ယခု လောထျန်းက သူမကို မသေမျိုးလက်နက်ယူမလား ဆိုသည့် မေးခွန်းကို ဘာမှ မထူးခြားဟန်ဖြင့် လာမေးနေပါ၏။

ထိုလူက မည်မျှ ချမ်းသာပါသနည်း။

" အင်း .. ကျုပ်ထင်တာတော့ ဒီဓားဆို မင်းနဲ့ လိုက်မယ်ထင်တယ် "

လောထျန်းက ပြောပြောဆိုဆိုပင် သူ့ဟင်းလင်းပြင် လက်စွပ်ထဲမှ အမည်းရောင် ဓားတစ်လက်ကို ထုတ်လိုက်သည်။

ဝုန်း ..

ထိုဓား ထွက်လာသည်နှင့် လျှပ်စီးမိုးကြိုးတို့ ပါဝင်နေသော ကြောက်မက်ဖွယ်ဓားစွမ်းအင်တစ်ခုက နေရာစုံသို့ ရုတ်ချည်း ပြန့်သွား၏။

အစောပိုင်းက အဘိုးအို၏ အဆင့် ၈ ဓားစွမ်းအင်မှာလည်း ချက်ချင်းပင် ဖိနှိပ်ခံလိုက်ရတော့သည်။

ထိုတခဏတွင် ခန်းမထဲရှိ လူများဆီမှ တအံ့တသြ ရေရွတ်သံများ ထွက်လာသည်။

" အဲ့ .. အဲ့ဓားက အဆင့် ၉ ဓားတစ်လက်လား .. "

" ဓားမှာပါတဲ့ မိုးကြိုးလျှပ်စီးတွေကလဲ ကြောက်စရာ ကောင်းလိုက်တာ "

" ဘုရားရေ .. ငါ ဒီက လေလံပွဲကို လာတာ အကြိမ်ပေါင်း မနည်းတော့တာတောင် အဲ့လို အဆင့်ရှိတဲ့ လက်နက်မျိုး တစ်ခါမှ မမြင်ဖူးသေးဘူး ။ ဒီကောင်လေးက လေလံပွဲကို အနှောင့်ယှက်ပေးဖို့ လာခဲ့တာလား "

အားလုံးက တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည်။

အဘိုးအိုမှာလည်း အားလုံး၏ ပြောစကားကို နားထောင်နေရင်း သူ့လက်ထဲမှ အဆင့် ၈ ဓားကို ကြည့်ကာ ရင်ထဲ လေးလံသွား၏။ ထို့နောက်တွင်မူ သူ ဓားကို ပြန်သိမ်းကာ ခြေဆောင့်၍ ထွက်ခွာသွားတော့သည်။

" အခု လောလောဆယ်က ဒီဓားနဲ့ပဲ အဆင်ပြေအောင် သုံးထားလိုက်ဦး ။ နောက်ကျ အဲ့ထက်ပိုကောင်းပြီးတော့ မင်းနဲ့ လိုက်တဲ့ဓား ထပ်တွေ့ရင် သေချာ သိမ်းထားပေးမယ် "

လောထျန်းက ဟွမ်ယင်ကို ကြည့်ကာ ဆိုလိုက်သည်။

လောထျန်းသည် ပုံမှန်တွင်လည်း သူ့မိတ်ဆွေများအပေါ် ကတ်စီးနည်းတတ်သူ တစ်ယောက် မဟုတ်ပါချေ။

" အဆင် .. အဆင်ပြေအောင် ... ကြည့်သုံးရမယ် .. ဟုတ်လား "

ဟွမ်ယင်မှာ ထိုတခဏတွင် မည်သို့ ပြန်ပြောရမည်ပင် မသိတော့ပါ။

ယခု ဓားမှာ သူမ စိတ်ကူးယဥ်အိမ်မက်ထဲမှ ဓားတစ်လက် ဖြစ်ပါသည်။

ထိုသို့သော ဓားမျိးကို အဆင်ပြေအောင် ကြည့်ကြပ်သုံးထားလိုက်ဦး တဲ့လား ..

" ကေိးဇူးတင်ပါတယ် လောထျန်းရယ် ။ နောက်ကျ ရှင် အကူအညီ လိုလာရင် အချိန်မရွေးသာ ပြောပါ ။ ရှင့်အတွက်ဆို ကျွန်မ မီးတောက်တွေကိုရော ပင်လယ်ပြင်ကိုရော ဖြတ်မှာ "

ဟွမ်ယင်က ကျေးဇူးတင်စွာ ဆိုလိုက်သည်။

" မိန်းကလေး .. ကျေးဇူးပြုပြီးတော့ မိန်းကလေးရဲ့ ဓားကို ပြန်သိမ်းထားလို့ ရမလား "

ထိုစဥ် လေလံပွဲ စင်မြင့်ထက်မှ ကြေငြာသူက မရွှင်မပျ ပြောလာ၏။

" အိုး .. စိတ်မရှိပါနဲ့ရှင် ၊ ဆက်လုပ်ကြပါ "

ဟွမ်ယင်က ခပ်ရှက်ရှက် ရယ်ကာ ဓားကို ပြန်သိမ်းလိုက်သည်။

သို့သော် သူမ ဓားကို ပြန်သိမ်းလိုက်သည့်တိုင် လေလံပွဲ ခန်းမတစ်ခုလုံးက ထိုဓားအကြောင်း ဆက်ပြောနေကြဆဲပင်။

အထူးသဖြင့် ... သီးသန့်ခန်းထဲတွင် ရှိနေသော လီယီဖန်း၏ ညီမက သူမ အကိုကြီးလက်ကို ဆွဲပြီး ပြောလာ၏။

" အကိုကြီး ၊ အဲ့မှာ ကြည့်လိုက်ဦး ။ အဲ့ဓားက ဆင်းရဲသားတစ်ယောက်ရဲ့ ဓားနဲ့ မတူဘူးနော် "

လီယီဖန်းက နှုတ်ခမ်းမဲ့၍ ခေါင်းမာစွာသာ ပြန်ပြောသည်။

" ဟမ့် .. အဲ့ဓားက သူ့မိသားစု ပိုင်တဲ့ဓား ဖြစ်မှာပေါ့ "

သု့ဘေးမှ အခြား တစ်ယောက်ကလည်း ချက်ချင်း သံယောင်လိုက်၏။

" အမှန်ပဲ ၊  တချို့လူတွေက ခရီးသွားရင်းနဲ့ ထိပ်တန်းအဆင့် လက်နက်မျိုးတွေ မတော်တဆ တွေ့တတ်ကြတာပဲလေ။အဲ့ဒါ ဘာမှ ထူးဆန်းတဲ့ကိစ္စ မဟုတ်ဘူး "

" ဟုတ်တယ် ၊ အဲ့ကောင်လေးက အခုသာ မောက်မာတဲ့ပုံ လုပ်ပြနေတာ ။ နောက်ကျ ကျုပ်တို့တွေ သူ့ကို ပစ်မှတ်ထားရင် သူ ဘယ်လောက် မွဲတယ်ဆိုတာ ပေါ်သွားမှာပဲ "

အားလုံး ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။

ထိုအချိန်မှာပင် လေလံပွဲက ပြန်စလာ၏။

နောက်ထပ် ရောင်းချသည့် အရာနှစ်ခုမှာ အဆင့် ၇ စိတ်စွမ်းအင် ဆေးပင် နှင့် အဆင့်၇ မှော်လက်နက်တစ်ခု ဖြစ်ပါသည်။

ထိုအရာ နှစ်ခုလုံးက အဆင့်၇ သာ ရှိသည့်တိုင် သာမာန်လူများအတွက်မူ ဆေးပင်များနှင့် မှော်လက်နက်တို့က သာမာန်လက်နက်များထက် များစွာ ပိုအဖိုးတန်ပါသည်။

ထို့ကြောင့်လည်း ထိုအရာနှစ်ခုအတွက် ရောင်းချခဲ့သည့် စျေးနှုန်းက ပထမ အဆင့် ၈ စိတ်စွမ်းအင်ဓားထက် စျေးပိုကောင်းပါ၏။

" အားလုံးပဲ .. အခု လေးခုမြောက် လေလံတင်မယ့် အရာကတော့ အစွမ်းထက်တဲ့ လူတစ်ယောက်က ရှေးခေတ် အပျက်အစီးတွေကြားထဲမှာ ရှာတွေ့ခဲ့တဲ့ သားရဲ ထိန်းချုပ်နည်း တစ်ခု ဖြစ်ပါတယ် ။ ဒီဟာကို သားရဲတစ်ရာ လျှို့ဝှက်ချက်လို့ ခေါ်တယ် "

" ဒီ နည်းလမ်းက သားရဲသခင်ကြီးတွေအတွက် အင်မတန်မှကို ရှားပါးတဲ့ လျှို့ဝှက်နည်းလမ်း တစ်ခုပါ။ ဒါနဲ့ဆို ကိုယ့် တိုက်ပွဲဝင်သားရဲရဲ့ ခန္ဓာကိုယ်အစွမ်းကို တိုးတက်အောင် လုပ်ပေးနိုင်ရုံတင် မကဘူး ၊ သားရဲရဲ့ သွေးဆက်ကိုပါ ပိုအစွမ်းထက်လာအောင် လုပ်လို့ရတယ် "

ကြေငြာသူထံမှ မိတ်ဆက်စကား ဆုံးသွားသည်နှင့် လေလံပွဲ ခန်းမထဲတွင် ရုတ်ရုတ်သဲသဲ ပြန်ဖြစ်သွားကြသည်။

" လောထျန်း ၊ အဲ့ဟာကို ဝယ်လိုက်ဖို့ အကြံပေးချင်တယ် "

ထိုစဥ် ပန်းလင်က လောထျန်းအား ရုတ်တရက် ပြောလာ၏။

" ဟင် .. ဘာဖြစ်လို့လဲ "

လောထျန်းက သူမကိုကြည့်ကာ တအံ့တသြ  ပြန်မေးလိုက်သည်။

ပန်းလင်က အေးအေးဆေးဆေး ဆို၏။

" ကျွန်မ အဲ့လျှို့ဝှက်နည်းလမ်း အကြောင်းကို ကြားဖူးတာ ကြာပြီ။ အဲ့ဒါက အင်မတန်ကို ထူးခြားတဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း နည်းတစ်ခုပဲ "

" ခန္ဓာကိုယ် သန့်စင်ခြင်းနည်း ဟုတ်လား "

လောထျန်း အံ့အားသင့်သွားသည်။

ပန်းလင်က ခေါင်းညိတ်ပြ၏။

" ဟုတ်တယ် ၊ အဲ့နည်းက သားရဲတွေကိုတင် မကဘဲ ၊ လူတွေကိုပါ အပြင်ကမ္ဘာကြီးရဲ့ သွေးအစွမ်းကို စုပ်ယူစေနိုင်ပြီးတော့ ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ သွေးမျိုးဆက်ကို ပိုအစွမ်းထက်လာအောင် ကူညီပေးတယ် "

" ပြီးတော့ .. ဒီလျှို့ဝှက်နည်းနဲ့ ကောင်းကင်ဘုံ နဂါးသွေးကိုသာ ပေါင်းစပ်လိုက်မယ် ဆိုရင် အစွမ်းထက်တဲ့ နတ်ဘုရားသားရဲတွေ မွေးထုတ်နိုင်မယ့်အပြင် ပျောင်ပိုင်မြို့ထဲက တပည့်တွေပါ အများကြီး ပိုအစွမ်းထက်သွားကြမှာ။ သခင်လေးသာ ကံကောင်းရင် နဂါးသွေး ရှိပြီးတော့ နဂါးအသွင် ပြောင်းနိုင်ကြတဲ့ လူတွေတောင် မွေးထုတ်ပေးရင် ပေးနိုင်မှာ .. ပြောမရဘူး "

သူမ စကားကြောင့် လောထျန်း အလွန်ပင် အံ့အားသင့်သွားရပြန်သည်။

နဂါးအသွင် ပြောင်းနိုင်ခြင်း အစွမ်းကို သူကိုယ်တိုင် မျက်စိဖြင့် သေချာ မြင်တွေ့ထားဖူးသည် မဟုတ်ပါလား။

နျိုထျဲ့ချူ နဂါးအသွင် ပြောင်းစဥ်က ဆိုလျှင် သူမ၏ တိုက်ခိုက်စွမ်းရည်က သိသိသာသာကြီးပင် တိုးသွားခဲ့ပါ၏။

ထိုအစွမ်းက တချို့သော ထူးခြားသည့် ခန္ဓာကိုယ်များနှင့် ထူးခြားသော စိတ်စွမ်းအင်ပင်လယ် အချို့ထက်ပင် ပိုအစွမ်းထက်ပါသေးသည်။

သူတို့ ပျောင်ပိုင်မြို့တွင် ထိုသို့ နဂါးအသွင် ပြောင်းနိုင်သူများသာ ရှိလာပါက ..

လောထျန်း ဆုံးဖြတ်ချက်ချကာ ချက်ချင်း ထရပ်လိုက်သည်။

ထိုစဥ် သီးသန့်ခန်းအတွင်းမှ လူတစ်ယောက်ကလည်း ရုတ်တရက် ပြောလာ၏။

" ဟိုမှာ ကြည့်လိုက်ဦး ။ အဲ့ကောင်လေးက စျေးပေးတော့မယ်နဲ့ တူတယ် "

" ဟား ဟား .. သနားစရာ ပါလားကွာ ။ ငါတို့လို လူချမ်းသာတွေက သူ့ကို ပစ်မှတ်ထားနေတာကို သူ မသိရှာဘူး ။ ဒီတိုင်းဆို သူ ဒီနေ့ ဘာတစ်ခုမှ ဝယ်လိုက်နိုင်မှာ မဟုတ်ဘူး "

" အမှန်ပဲ .. သူ ဘယ်လောက်ပေးမလဲ ကြည့်ကြတာပေါ့ "

ထိုလူငယ်တစ်စုက လောထျန်းအား လှောင်ပြောင်လိုသည့် မျက်နှာထားဖြင့် ကြည့်ကာ ရယ်ရန် အသင့် စောင့်နေလိုက်ကြသည်။

ထိုအချိန်မှာပင် လေလံပွဲ ကြေငြာသူက ပြောလာ၏။

" ကဲ .. ဒီ သားရဲတစ်ရာ လျှို့ဝှက်ချက်အတွက် အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး ၅ သိန်းနဲ့ စျေး စပါမယ် "

ထိုလူ၏ စကားသံ ဆုံးသည်နှင့် အားလုံးက စျေးအပြိုင်အဆိုင် ပေးရန် ပြင်လိုက်ကြသည်။

သို့သော် ထိုစဥ်မှာပင် လောထျန်းက ချက်ချင်း လက်မြှောက်၍ ပြောလာ၏။

" ကျုပ် အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး သန်း ၁၀၀ ပေးမယ် "

သူ့စကား တစ်ခွန်းဖြင့်ပင် ခန်းမကြီး တစ်ခုလုံး ငြိမ်ကျသွားသည်။

အဆင့်နိမ့် စိတ်စွမ်းအင် ကျောက်တုံး သန်း ၁၀၀ တဲ့လား ..

၅ သိန်းမှ သန်း ၁၀၀ သို့ တိုက်ရိုက် တိုးပေးလိုက်သတဲ့လား ..

လေလံဆွဲခြင်းက ထိုသို့ လုပ်ရသည် မဟုတ်ပါချေ ...

အားလုံးမှာ အံ့သြမှင်သက်ပြီး ဆွံ့အကုန်ကြသည်။

သီးသန့်ခန်းထဲမှ လူချမ်းသာ သားသမီးများမှာလည်း အလားတူပင် ကြက်သေ သေနေကြပါ၏။

ထိုစဥ် လီယီဖန်း၏ ညီမ တစ်ယောက်တည်းကသာ စိတ်လှုပ်ရှားစွာ အော်ပြောလာသည်။

" အကိုကြီး .. အကိုကြီး ၊ ဟို ဆင်းရဲသား မျိုးမစစ်လေးက လေလံ ဆွဲနေပြီ ။ သူ့ထက် ပိုသာအောင် စျေးပေးလိုက်တော့လေ "

ထိုစကားကို ကြားသောအခါ လီယီဖန်းတစ်ယောက် မျက်နှာကြီး ရှုံ့မဲ့သွားတော့သည်။

ဆင်းရဲသားလေး တဲ့လား ..

တဖက်လူ၏ ပထမဆုံး ​လေလံပေးလိုက်သည့် စျေးမှာ သူ့ ပိုင်ဆိုင်မှု အားလုံးထက်ပင် သာလွန်နေသေးပါသည်။ ထိုလူမျိုးကို ဆင်းရဲသားဟု ခေါ်နေသေးသည်လား ...

အမှန်တကယ် ဆင်းရဲသားမှာ သူ ပင် ။

ဤအခြေအနေမျိုးတွင် သူ့အဖေက မိသားစု၏ ပိုင်ဆိုင်မှုအားလုံး လွှဲပြောင်း ပေးလာမှသာ သူ စျေးပြိုင်ခေါ်နိုင်ပါတော့မည် ။

" ဒီကောင်လေးက .. အဲ့လောက် ချမ်းသာတာလား "

ရှယန်ယွိမှာလည်း ထိုမြင်ကွင်းကို ကြည့်ရင်း လောထျန်းအပေါ် မနာလို ဝန်တိုစိတ် ကြီးစွာ ဖြစ်သွား၏။

ထို လောထျန်းဆိုသည့် လူတွင် အဘယ့်ကြောင့် အကောင်းဆုံးအရာများ  ရှိနေရပါသနည်း။

လောထျန်းသည် ပါရမီတွင်လည်း ထိပ်တန်း ဖြစ်သလို သူ့ဘေးတွင်လည်း ထိပ်တန်းအဆင့် သားရဲကြီးများ ရှိနေပါသေးသည်။

ထိုမျှမက .. ယခုလို အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး သန်း ၁၀၀ ကို အလွယ်တကူ စျေးပေးနိုင်သည်အထိပင် ချမ်းသာနေသေးသတဲ့လား ။

ဤကမ္ဘာကြီးတွင် တရားမျှတမှုက ဘယ်မှာပါနည်း။

အားလုံး အံ့သြမှင်သက်ကာ နားမလည်နိုင် ဖြစ်နေကြစဥ်မှာပင် လေလံပွဲ ကြေငြာသူက အရင်ဆုံး အသိဝင်ကာ ​ပြောလာ၏။

" သခင် .. သခင်လေး .. ထပ်ပြောပေးလို့ ရမလားခင်ဗျာ "

လောထျန်းက မျက်မှောင်ကြုံ့ပြီး ထပ်ပြောလိုက်သည်။

" ကျုပ် အဲ့ဒီ သားရဲတစ်ရာ လျှို့ဝှက်နည်းအတွက် အဆင့်နိမ့် စိတ်စွမ်းအင် ​ကျောက်တုံး သန်း ၁၀၀ ပေးမယ်လို့ ပြောတာလေ "

စင်မြင့်ထက်မှ ကြေငြာသူက နဖူးမှ ချွေးကို သုတ်ကာ အသံတုန်တုန်ဖြင့် ပြော၏။

" ကောင်းပါပြီ .. အဆင့်နိမ့် စိတ်စွမ်းအင် ကျောက်တုံး သန်း ၁၀၀ .. တစ်ကြိမ် ၊ စျေးထပ်ပိုပေးမယ့်သူ ရှိသလားခင်ဗျာ "

သို့သော် ကြိမ်ဖန်များစွာ ကြေငြာပြီးသည့်တိုင် မည်သူကမှ မတုန့်ပြန်လာကြပါချေ။

ဤသို့ဖြင့် မကြာမီမှာပင် သားရဲတစ်ရာ လျှို့ဝှက်နည်းက  လောထျန်းလက်ထဲ ရောက်လာတော့သည်။

All Chapters