← Chapters

အိမ် (၆)

Vol. 3 Ch. 143

အိမ် (၆)

Vol. 3 Ch. 143

“ခင်ဗျားတစ်ယောက်တည်းရဲ့တစ်ကိုယ်ကောင်းဆန်တဲ့ ဆုံးဖြတ်ချက်ကြောင့်နဲ့ ကျွတ်လွတ်သွားသင့်တာ ကြာပြီဖြစ်တဲ့ ကလေးတွေကို ဒီအိမ်ကြီးထဲမှာ ဆက်ပြီး တွယ်ကပ်နေခိုင်းမလို့လား။”

နက်ဆန်က ဦးလေးလူကာကို ခပ်အေးအေးပဲ မေးလိုက်ပါတယ်။ ကျွန်မ နက်ဆန်နဲ့ရှိနေခဲ့တဲ့အချိန်အတွင်းမှာ မကျွတ်မလွတ်တဲ့ ဝိညာဥ်ပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ရပြီးသားပါ။ အန္တရာယ် မပေးနိုင်တဲ့ ဝိညာဥ်တချို့လည်းရှိတယ်ဆိုပေမဲ့ အချိန်တွေ ကြာလာတဲ့အခါ ပြောင်းလဲသွားတတ်တာမလို့ ကျွတ်အောင် ပြုလုပ်ပေးနိုင်တဲ့အချိန် သွားခွင့်ပေးလိုက်တာ ပိုကောင်းတယ်။

“မင်းတို့ ငါ့အိမ်က ထွက်သွားကြ။ မင်းတို့လိုလူတွေကို ငါအိမ်မငှား နိုင်ဘူး။”

နောက်တော့ ဦးလေးကြီးလူကာက ဒေါသူပုန်ထပြီး ကျွန်မတို့ကို မောင်းထုတ်ဖို့ လုပ်တော့တာပဲ။ နက်ဆန်ကတော့ ပြုံးလိုက်တယ်။ သူက အိုလီရာနာကိုကြည့်လိုက်ပြီး

“ကလေးတွေကို နေရာတကျပြန်ထားလိုက်၊ ငါတို့သွားကြမယ်။”

အိုလီရာနာက နွယ်ပင်တွေကိုသုံးပြီး မီးခိုးခေါင်းတိုင်ထဲ ကလေးနှစ်ယောက်ရဲ့အရိုးစုတွေကို နေရာတကျပြန်ပြီး ထားလိုက်တယ်။ အဲဲဒီနောက်တော့ သူက ကျွန်မတို့ကို ပစ္စည်းတွေသိမ်းခိုင်းပြီး အိမ်ကနေထွက်သွားဖို့အတွက် လုပ်ပါတယ်။

ကျွန်မကိုယ်တိုင်လည်း သူ့ရဲ့ဆုံးဖြတ်ချက်ကို နားမလည်တော့ဘူး။ ကျွန်မမေးကြည့်တော့ “ဒါက သူ့အိမ်မလို့ သူ့ဆုံးဖြတ်ချက်ပဲလေ။” လို့ပြောပါတယ်။

ကျွန်မတို့ညတွင်းချင်းပဲ ငှားထားတဲ့အိမ်ကနေထွက်ပြီး တခြားမှာ သွားနေဖို့လုပ်ရတယ်။ ကျွန်မတို့ပစ္စည်းတွေအားလုံးကို အိတ်ထဲ ထည့်ပြီး နေရာပြောင်းဖို့အသင့်ဖြစ်တဲ့အထိ နက်ဆန်က အိမ်ထဲမှာ ရှိနေခဲ့ပြီး အိမ်ရှင်ဦးလေးကြီးကို တစ်ခုခုပြောခဲ့တာ ကျွန်မကြားရ ပါတယ်။

“နောက်မှ၊ ခင်ဗျားနောင်တရမနဲ့။ ဝိညာဥ်တွေဆိုတာက လူသားတွေ လွယ်လွယ်ကူကူ နားလည်နိုင်တဲ့အရာမျိုး မဟုတ်ဘူး။ အခုလောလောဆယ် အပြစ်ကင်းစင်တဲ့ဝိညာဥ်တွေဆိုပေမဲ့ ခဏလေးနဲ့ အငြိုးကြီးတစ္ဆေတွေလည်း ဖြစ်ရင်ဖြစ်သွားမှာ။”

နောက်တော့ သူက ဦးလေးလူကာကို ကျောခိုင်းလိုက်ပြီးတော့ အိမ်ထဲကထွက်သွားတယ်။ ကျွန်မလည်းနောက်ကနေ လိုက်လာ မိတာပေါ့။ ဒါပေမဲ့ သူအိမ်ထဲကမထွက်ခင် သူ့အရိပ်ထဲကနေပြီး မြူခိုးတချို့ ထွက်လာသလားလို့။

“စိတ်ထင်တာပဲ ဖြစ်မှာပဲ။” ကျွန်မ ခေါင်းကိုခါလိုက်ပြီး အတွေးစကို ဖျောက်ပစ်လိုက်တယ်။

“ဒီတော့ ဘယ်ကိုဆက်သွားကြမှာလဲ။” ကျွန်မက မေးလိုက်တော့ နက်ဆန်က လက်ပတ်နာရီကိုငုံကြည့်တယ်။ ညဆယ်နာရီပါ။ သူက နည်းနည်းစဥ်းစားပြီးတဲ့နောက် အခုလိုအကြံပေးတယ်။

“ဒီအချိန် IBIS ဖွင့်လောက်သေးတယ်ထင်တာပဲ။”

နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဘားဂျက်ကြယ်နှစ်လုံးဟိုတယ်နာမည်ကို ကြားလိုက်ရပြီးတဲ့နောက် ကျွန်မနှုတ်ခမ်းပေါ်က အပြုံးတွေ ချက်ချင်းဆိုသလိုပဲ ပျောက်ကွယ်သွားတော့တယ်။

...

နောက်တစ်နေ့မနက်။

မာတောင့်တောင့် ခေါင်းအုံးကို တစ်ညလုံးအုံးထားခဲ့လို့လား မသိပေမဲ့ ကျွန်မလည်ပင်းတွေ ညောင်းတောင့်နေတာပဲ။ တစ်ယောက်အိပ် ကုတင်ပေါ်ကနေဆင်းပြီး ဟိုဘက်ခြမ်းကို ကြည့်လိုက်တော့ သီးသန့်ကုတင်ပေါ်မှာ ဆင်အော်မနိုးတဲ့ပုံစံနဲ့ အိပ်နေတဲ့ မိုနီကာကိုတွေ့တော့တာ။ သူ့အိပ်ရာပေါ်က ဖက်လုံး၊ စောင် အစရှိတာတွေအားလုံးကတော့ ထုံးစံအတိုင်း ကြမ်းပြင်မှာ။

“ညတုန်းက ကင်းဆိုဒ်အိပ်ရာပါတဲ့အခန်းအစား ကုတင်နှစ်လုံး ပါတဲ့အခန်းတမင်မေးယူတာ မှန်သွားတယ်။”

ကျွန်မ မှတ်ချက်ချလိုက်တယ်။ တစ်ပြိုင်နက်တည်းဆိုသလိုပဲ အခန်းအပြင်ဘက်ကနေ တံခါးခေါက်သံထွက်ပေါ်လာတဲ့ အတွက်ကြောင့် ကျွန်မတံခါးနားကို သွားလိုက်တယ်။ တံခါး တစ်ဖက်မှာရှိနေတဲ့သူက တော်တော်စိတ်မရှည်ဖြစ်နေပုံရပြီး ကျွန်မပြန်ထူးတာတောင်မစောင့်ဘဲ တံခါးကိုထပ်ခေါက်ပြန်တယ်။

“ဒေါက်... ဒေါက်... ဒေါက်....”

ပြီးတော့ တံခါးခေါက်သံ တံခါးရဲ့အမြင့်ပိုင်းကနေမဟုတ်ဘဲ တံခါးအလယ်ပိုင်းလောက်ကနေထွက်နေတာ။ ဒါကြောင့် တံခါးခေါက်တဲ့သူက နည်းနည်းအရပ်ပုမယ်လို့တွေးလိုက်ပြီး ဖွင့်ကြည့်လိုက်တော့...

“အယ်... အိုလီရာနာပါလား။ အစောကြီးပါလား။” မနက်စောစော အခန်းတံခါးကို ဆက်တိုက်လာခေါက်နေတဲ့သူက မနေ့ညက အခန်း သီးသန့်မယူတော့ဘဲ နက်ဆန့်အရိပ်ထဲဝင်အိပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အိုလီရာနာဖြစ်နေတာကို သတိထားမိလိုက်တယ်။

ဒါပေမဲ့ သူက ခါတိုင်းဝတ်နေကျ ဂါဝန်ဖြူဖြူကို ဝတ်ထားတာ မဟုတ်ဘဲနဲ့ ကြောင်နားရွက်ပါတဲ့ ညအိပ်ဟူဒီကိုဝတ်ထားတာ၊ ဝတ်စုံမှာ အမြီးတောင်ပါသေးတယ်။

ကျွန်မလည်း စပ်စုချင်စိတ်ပေါက်လာပြီး ခါးကိုနည်းနည်းကိုင်း အိုလီရာနာရဲ့အင်္ကျီအသားကိုကိုင်ကြည့်တယ်။ စျေးပေါမယ့် ပုံစံမပေါ်ဘူး။

“မှန်မှန်ပြောစမ်း၊ ဒါဘယ်သူ ဝယ်ပေးထားတာလဲ။ နက်ဆန်လား။”

အိုလီရာနာက ခေါင်းခါပြတယ်။ မျက်နှာကို စပ်ဖြဲဖြဲလုပ်ပြီးတဲ့ နောက်မှာတော့ ကျွန်မ သိချင်နေတဲ့အဖြေကို တိုက်ရိုက်ပေးလိုက် ပါလေရော။

“မိုနီကာလေ၊ သူက ငါ့ကို ခင်မင်ရင်းနှီးမှု လက်ဆောင်အနေနဲ့ ပေးတာတဲ့။ အပြန်အလှန်အနေနဲ့ နင်နက်ဆန်နားကပ်လာရင် ကျိန်စာကိုအသက်သွင်းလိုက်ဖို့ တောင်းဆိုထားတယ်။”

ကျွန်မ အလိုလိုနေရင်း အခုထိအိပ်​နေသေးတဲ့ ဆယ်ဗီကို လှည့်ကြည့်လိုက်မိပါတယ်။ မနေ့က တစ်နေကုန်အဝတ်အစား ထွက်ဝယ်နေတာ အိုလီရာနာကို လာဘ်ထိုးဖို့လား။

အလိုလိုနေရင်း ကျွန်မလက်တွေက အိပ်ရာပေါ်မှာရှိနေသေးတဲ့ ခေါင်းအုံးဆီရောက်သွားတယ်။ ဒီဟာမအိပ်ပျော်နေတုန်း ခေါင်းအုံးနဲ့ ဖိသတ်လိုက်ရင်ကောင်းမလား။

“ပေါက်ကရတွေ တွေးမနေနဲ့၊ စကူးဘတ်ကို ခေါင်းအုံးနဲဖိသတ်ဖို့ ကြံတာ ကောင်းတဲ့အကြံမဟုတ်ဘူး။ သူ့နှလုံးကို တိုက်ရိုက်ထိုး ဖောက်ပစ်မှသေမှာ။”

ကျွန်မလည်း ပြုံးလိုက်ပြီး အိုလီရာနာကို ပခုံးပုတ်ပေးလိုက်တယ်။ “အကြံပေးတာကောင်းတယ် ရဲဘော်။ ငါအခု သစ်သားသပ် တစ်ချောင်းသွားရှာလိုက်မယ်။”

ကျွန်မပုံစံက အတည်လုပ်မယ့်ပုံစံဖြစ်နေတော့ အိုလီရာနာ တစ်ကိုယ်လုံးတုန်တက်သွားတယ်။ ဒါပေမဲ့ မကြာလိုက်ပါဘူး။ မိုနီကာနိုးလာပြီး မျက်လုံးတွေကို ပွတ်သပ်နေရင်းက ကျွန်မကို ပြောလိုက်တယ်။

“အာရာ့... ဆယ်ဗီက ငါအိပ်နေတုန်း ငါ့ကိုသတ်လို့ရမယ်လို့ ထင်နေတာလား။ တဖြည်းဖြည်းနဲ့ နင်လည်းငါနဲ့တူလာပြီပဲ။”

မိုနီကာက အတောင်ပံတွေဖွင့်ပြီး ကျွန်မနားကိုကပ်လာတယ်။ အခုသူက အခန်းထဲမှာ ခပ်နိမ့်နိမ့်ဝဲပျံနေပြီး ကျွန်မမေးကို လက်ညိုးနဲ့ပင့်ထောက်ကာ ပြောလိုက်တယ်။

“ဒါမှ ငါ့ပြိုင်ဘက်ပီသတာ။”

“အဓိပ္ပါယ်မရှိတာတွေ တော်လိုက်တော့။” ကျွန်မတို့နှစ်ယောက် အကြည့်ချင်းပြိုင်​နေချိန်မှာပဲ အိုလီရာနာက ကြားဖြတ်ဝင်ပြော လိုက်ပါတယ်။

“သခင်နဲ့ ဦးလေးလူကာက အောက်မှာစောင့်နေတယ်။”

ဒါနဲ့ပဲ ကျွန်မတို့တွေ အဝတ်အစားလဲ ရေမိုးချိုးပြီးတဲ့နောက်မှာ အောက်ထပ်ကိုဆင်းလာခဲ့တယ်။ မီလန်IBISရဲ့အောက်ထပ်က ကဖေးဆိုင်လေးတစ်ခုဖြစ်ပြီး ဟိုတယ်ကြီးတွေလိုမျိုး ဇိမ်ခံ ပစ္စည်းတွေမရှိပေမဲ့ လှပသေသပ်ပြီးတော့ မီနီမန်လစ်ဆန်တယ်။

မကြာခင်မှာပဲ ကျွန်မတို့တွေ စားပွဲတစ်လုံးတည်းမှာအတူတူ ထိုင်နေတဲ့ ဦးလေးလူကာနဲ့နက်ဆန်ကို တွေ့ရတော့တာပဲ။ ဦးလေး လူကာကိုကြည့်ရတာ တော်တော်စိတ်ဓာတ်ကျနေသလိုပါပဲ။

သူက ကျွန်မတို့ကိုမြင်တော့ ခပ်ဖျော့ဖျော့ပြုံးပြပါတယ်။ “မနေ့က မင်းတို့တွေကို မောင်းချမိတဲ့အတွက် တောင်းပန်ပါတယ်ကွာ။”

သူက အခုလိုပြောလိုက်ပြီး ရှေ့မှာချထားတဲ့ အမေရီကာနို ကော်ဖီကို တစ်ငုံသောက်လိုက်တယ်။ သူ့ကြည့်ရတာ တော်တော် ပင်ပန်းနေတဲ့ပုံပဲ။ နက်ဆန်ကတော့ ကျွန်မတို့ကိုအသာပြုံးပြီး စားပွဲမှာအတူဝင်ထိုင်စေပါတယ်။

“မနေ့ညက ငါတို့ထွက်သွားပြီးနောက် မကြာခင်မှာပဲ အိမ်ရှင်ကြီး သရဲခြောက်ခံရလို့လေ။”

“ဟင်....” ကျွန်မလည်း မျက်ခုံးပင့်လိုက်တာပေါ့။ ကလေးတွေရဲ့ ဝိညာဥ်က အိမ်မှာရှိနေတာကို ကျွန်မတို့သိပေမဲ့ အဲဒီနှစ်​ယောက်နဲ့ ဦးလေးကြီးက ရင်းနှီးနေပြီးသားမလို့ ဘာပြဿနာမှမရှိလောက် ဘူးမဟုတ်လား။ ကလေးနှစ်ယောက်ကြောင့်နဲ့ သူကျွန်မတို့ကို ဒီအထိလိုက်လာစရာ အကြောင်းမရှိပါဘူး။

“ဘာတွေဖြစ်ခဲ့တာလဲ ကျုပ်တို့ကို အသေးစိတ်ပြောပြဦးမှပေါ့။”

နောက်တော့ ဦးလေးလူကာက တုန်ယင်နေတဲ့လက်တွေနဲ့ ကော်ဖီခွက်ကို စားပွဲပေါ်ကို ပြန်ချလိုက်ရင်း ပြောလိုက်တယ်။ “အဲဒီတုန်းက ငါခါတိုင်းလိုပဲ ညနက်တဲ့အထိ အလုပ်တွေ လုပ်နေခဲ့တာ။ နောက်တော့ အလုပ်စားပွဲပေါ်မှာပဲ အိပ်ပျော်သွားတယ် ပြောရမလား။”

...

“ဟားဟားဟား... ဟီးဟီးဟီး....”

ခါတိုင်းလိုပဲ ကလေးတွေက လူကာကိုပတ်ပြီး ကစားနေခဲ့တယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ သူတို့ကစားတာက အတော်လေးကြမ်းတမ်း နေခဲ့ပါတယ်။ လူကာကိုပြေးဝင်တိုက်လို့ ထိုင်ခုံပေါ်ကနေပြီး လိမ့်ကျသွားတဲ့အထိပဲ။

“ကောင်လေးတွေ၊ ဒီနေ့အတော်ပျော်နေ ကြပါလား။”

လူကာက အပြစ်မမြင်ဘဲ ထရပ်လိုက်ပြီး ကလေးတွေကို ကြည့်လိုက်တော့ ဒီနေ့မှာထူးထူးခြားခြားအနေနဲ့ အဲဒီကလေးတွေကို သူပိုပြီးထင်ထင်ရှားရှား မြင်နေရတယ်။ ကလေးမလေးက အစွယ်တွေပေါ်တဲ့အထိပြုံးလိုက်ပြီး ဦးလေးကြီးကို ကြည့်နေတယ်။ အငယ်ကောင်လေးကလည်း သွားစွယ်တွေပေါ်တဲ့အထိ ပြုံးလိုက်တယ်။

“ကြောက်စရာကောင်းတဲ့လူတွေ ထွက်သွားပြီ။ သမီးတို့ လိမ္မာဟန် ဆောင်စရာမလိုတော့ဘူး။”

အကြီးမလေးက ကျောချမ်းစရာကောင်းတဲ့လေသံနဲ့ ပြောလိုက် ပါတော့တယ်။ လူကြီးလည်း ကျောချမ်းသွားပြီး အခုလိုအဖြစ်မျိုး မဖြစ်ဖူးပေမဲ့ လူစိမ်းတွေ ပြန်သွားလို့ ကလေးတွေပျော်နေတယ် လို့ပဲတွေးခဲ့မိတာ။

“သမီးတို့နဲ့လာကစား....” ဦးလေးကြီးက ခါတိုင်းလိုပဲ လက်ခံခဲ့ပေမဲ့ ဒီတစ်ရက်တော့ ကလေးတွေကစားတာက အလွန်ပြင်းထန်နေခဲ့ပြီး ပစ္စည်းတွေပြုတ်ကျစေတာ၊ သူ့ကို ဒဏ်ရာရစေတာမျိုးတောင် ဖြစ်စေခဲ့တယ်။ နောက်တော့ ကလေးတွေကသူ့ကို အောက်ထပ်အထိဆွဲခေါ်လာပြီး မီးလင်းဖိုနားမှာ ရပ်လိုက်တယ်။

မီးလင်းဖိုက ထင်းမီးတွေက ရဲရဲနီအောင် လောင်ကျွမ်းနေပြီး အပူဓာတ်ကိုတောင် အဝေးကနေ သူခံစားနိုင်ပါတယ်။ ခါတိုင်း ဆိုရင် ကလေးတွေဝင်သွားပြီးမှ မီးတောက်တာဖြစ်ပြီး သူ့ကို အဲဒီမီးတောက်က မထိခိုက်နိုင်စေပေမဲ့ ဒီတစ်ခါကတော့ ကွဲပြားနေတယ်လို့ သူခံစားမိပါတယ်။

“ဦးလေးကြီး... သမီးတို့နဲ့မိသားစုဖြစ်ပေး။ အမြဲတမ်း အတူတူနေကြမယ်လေ။”

ကလေးအကြီးမက ကြောက်စရာကောင်းတဲ့စကားတွေကို စပြီး ပြောလာတယ်။ ဦးလေးကြီးလည်း မသင်္ကာဖြစ်ပြီးတော့ ငြင်းဖို့ ကြိုးစားတော့တာပေါ့။

“အခုလည်း တို့တွေအတူတူ နေနေကြတာပဲ မဟုတ်ဘူးလား။”

ဒါပေမဲ့ ကလေးမက သဘောတူလက်ခံမယ့်ပုံမရှိပါဘူး။ “ဦးလေးကြီးက လူသားပဲ၊ တစ်နေ့ကျစိတ်ပြောင်းပြီး သမီးတို့ကို ထားခဲ့ရင် ဘယ်လိုလုပ်မလဲ။ လူသားတွေက အပြောင်းအလဲ သိပ်များတယ်။ သမီးတို့နဲ့အတူ သရဲလာလုပ်တာပိုပြီးတော့ စိတ်ချရတယ်။”

“ငါ့ကိုလွှတ်... ငါ့ကိုလွှတ်....”

အိပ်မက်ထဲမှာ ရုန်းရင်းကန်ရင်းနဲ့ပဲ ဦးလေးကြီးလန့်နိုးလာတယ်။ အိပ်မပျော်ခင်ကအတိုင်း အလုပ်စားပွဲမှာပဲရှိနေတာဖြစ်ပေမဲ့လို့ အခန်းထဲမှာ ကလေးတွေရဲ့ရယ်သံကို သူကျယ်လောင်စွာ ကြားနေရတဲ့အတွက် သွေးပျက်ပြီးတော့ အိမ်ပေါ်ကနေ ဆင်းပြေးလာခဲ့တာ။

နောက်တော့ ကျွန်မတို့အိမ်ငှားတုန်းက ပေးထားတဲ့နံပါတ်အတိုင်း နက်ဆန်ကိုဆက်သွယ်ပြီးတော့ မနက်လေးနာရီလောက်ကြီး ဒီကို ရောက်ချလာခဲ့တာ။ မနက်အစောကြီးမလို့ ဟိုတယ်ကအပြင်လူ ပေးမဝင်တာနဲ့ အခုချိန်အထိ ကျွန်မတို့ကို စောင့်နေခဲ့တာတဲ့။

...

“ဒါပေမဲ့ တစ်ချိန်လုံး ဘာမှမလုပ်ခဲ့တဲ့ ဝိညာဥ်ကောင်းလေးတွေက ဘာလို့ရုတ်တရက်ကြီး ထဖောက်ရတာလဲ။” ကျွန်မ နားကိုမလည်ဘူး။

နက်ဆန်က ခေါင်းခါပြတယ်။ “ကလေးတွေက မီးလင်းဖိုထဲမှာ ရက်ရက်စက်စက် သေဆုံးသွားခဲ့ကြတာ။ အစိမ်းသေလို့ ပြောလို့ရတယ်။ သူတို့ကိုယ်တိုင်က မကောက်ကျစ်မစင်းလဲ ကြပေမဲ့ သူတို့သေခဲ့စဥ်က ကြုံခဲ့ရတဲ့နာကျင်မှုတွေနဲ့ အမုန်းတရားကြောင့် အနည်းနဲ့အများဆိုသလိုတော့ မကောင်းတဲ့ ဓာတ်တွေရှိနေမှာပဲ။”

“အဲဒါတွေက သက်တမ်းကြာလာတော့ သူတို့ရဲ့ကောင်းတဲ့စိတ်ကို တိုက်စားလာတယ်။”

“ဒါကြောင့်မလို့ မကျွတ်လွတ်တဲ့ဝိညာဥ်ဆိုရင် သူတို့ကောင်းကောင်း ဆိုးဆိုး ကျွတ်လွတ်အောင် လုပ်ပေးသင့်တာ။”

နက်ဆန်က ကျွန်မတို့နားလည်အောင်လို့ သေချာရှင်းပြတယ်။ ဦးလေးကြီးကလည်း ခေါင်းကိုငုံထားလိုက်ပြီး “ဒါဆိုရင် ကျုပ်က ကျုပ်ရဲ့တစ်ကိုယ်ကောင်းဆန်တဲ့ ဆုံးဖြတ်ချက်တစ်ခုတည်းနဲ့ ကလေးတွေကို ဖြည်းဖြည်းချင်းဆိုးယုတ်လာအောင် လုပ်နေသလို ဖြစ်ခဲ့တာပေါ့။”

“အဲဒါအမှန်ပဲ။” နက်ဆန်က ဦးလေးကြီးကို ခေါင်းညိတ်ပြတယ်။

“အခုမှ သူတို့ကို ကျွတ်လွတ်သွားအောင်လုပ်မယ်ဆိုရင် နောက်မကျသေးပါဘူးနော်။”

ဦးလေးကြီးက မေးလိုက်တယ်။ နက်ဆန်က မသိမသာ ပြုံးလိုက်ပြီးတော့”သူတို့တွေက ခင်ဗျားကိုထိခိုက်အောင် လုပ်ဖို့ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။ ဒီတော့ဆိုးဝါးတာ ဘာတစ်ခုမှ မလုပ်ရသေးဘူးလို့ အဓိပ္ပါယ်သက်ရောက်တယ်။ ဒါကြောင့် ကိစ္စမရှိဘူး။”

နောက်တော့ နက်ဆန်က တစ်ခုခုစဥ်းစားနေဟန်နဲ့ ဦးလေးကြီးကို ကြည့်ပြီးမေးတယ်။ “ခင်ဗျား ကလေးတွေအကြောင်း စုံစမ်းဖူးတယ်မဟုတ်လား။ ကလေးတွေက ခရစ်ယာန်ထင်တယ်။”

“ဟုတ်ပါတယ်၊ သူတို့မိဘတွေက ရိုမန်ကက်သလစ်တွေပါ။”

“အနီးအနားက ဖာသာတစ်ယောက်ကို ဆက်သွယ်လိုက်။ ကျုပ်ကတော့ သက်ဆိုင်ရာကမိတ်ဆွေတွေကိုခေါ်ပြီး ကလေးတွေရဲ့အရိုးနဲ့ပတ်သက်လို့ ဖြေရှင်းပေးပါ့မယ်။ ဒီအဆောင်လေးကိုယူပြီး ခင်ဗျားအိမ်ပြန်နိုင်ပါပြီ။”

နက်ဆန်က သူ့အရင်ကျွန်မကိုပေးခဲ့တဲ့ ရွှေဒင်္ဂါးအဆောင်တစ်ခု ဦးလေးလူကာကိုပေးလိုက်ပြီး ပြန်ခိုင်းလိုက်တယ်။ ကျွန်မက အိမ်ရှင်ကြီးထွက်သွားတာတဲ့အထိ တိတ်တဆိတ်ကြည့်နေခဲ့ ပြီးတဲ့နောက် အိမ်ကနေထွက်လာတုန်းက တွေ့လိုက်ရတဲ့ မသင်္ကာစရာကိစ္စတစ်ခုကို ပြန်အမှတ်ရသွားပြီး နက်ဆန်ကို ခေါင်းခေါက်လိုက်မိတယ်။

“နက်ဆန်၊ ရှင်ဦးလေးကြီးကို တစ်ခုခု လုပ်လိုက်တယ်မဟုတ်လား။” ကျွန်မစကားကိုလည်းကြားရော နက်ဆန်ရဲ့မျက်နှာပေါ်ကအပြုံး ချက်ချင်းပျောက်ကွယ်သွားရော။ ကျွန်မလည်း မနေနိုင်ဘဲ သူ့နားရွက်ကို လိမ်ဆွဲမိတော့တာပေါ့။

“အား... ဆယ်ဗီ၊ နာ... နာတယ်....”

“ရှင့်ကို ဒီလိုလိမ်တတ်တဲ့လူမှန်း မသိခဲ့ဘူး။ အပနှင်ချင်တာနဲ့ ပါစီဗယ်ကိုသုံးပြီး သူတွေကိုလှည့်စားတယ်။ ရှင့်ဆံပင်တွေကို တစ်မွှေးချင်းစီနှုတ်ပစ်မယ်။”

All Chapters