အခန်း (၂၁၅၁-၂၁၅၅)
Vol. 87 Ch. 2151-2155
အပိုင်း (၂၁၅၁)
ပြောလိုက်သည့်လူမှာ မုရုန်ရှောင်ရှောင်သာဖြစ်လေသည်။ လက်ရှိအချိန်တွင် မုရုန်ရှောင်ရှောင်သည် အံ့အားသင့်နေသည့် အမူအယာဖြင့် ကောင်းကင်ပေါ်သို့ လက်ညှိုးထိုးပြနေခဲ့လေ၏။
သူမလက်ညှိုးထိုးရာအတိုင်းလိုက်ကြည့်လိုက်ရာ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် အကုန်လုံး မင်သက်သွားခဲ့ကြလေသည်။
ကောင်းကင်ပေါ်မှ ဥက္ကာခဲတစ်ခုကျဆင်းလာသည့်အလား အလင်းတန်းတစ်ခုသည် ကောင်းကင်အားထိုးဖောက်၍ အထက်သို့ထောင်တက်နေသည်ကို မြင်လိုက်ရလေသည်။
အစပိုင်းတွင် အလင်းတန်းတစ်ခုသာရှိသေးသော်ငြား မကြာခင်တွင် အလင်းတန်းအရေအတွက်များ တဖြေးဖြေး တိုးများလာခဲ့လေ၏။ အလင်းတန်းများပုံစံကိုကြည့်ရသည်မှာ ဥက္ကာခဲမိုး ရွာကျနေသည်နှင့်ပင်တူနေပေသေးသည်။
“ကြယ်စည်းတံဆိပ်တွေ” ထိုမြင်ကွင်းကြောင့် လန်ရွှင်း ထိတ်လန့်အံ့အားသင့်သွားခဲ့ပြီး အလန့်တကြား ထအော်လေ၏။ “ကြယ်စည်းတံဆိပ်တွေအများကြီးပဲ”
“ဘယ်လို” ထိုစကားကိုကြားသည့်အခါ ရှောင်ချန်းသည်လည်း အံ့အားသင့်သွားခဲ့ပြီး ချက်ချင်း ပြန်မေးလိုက်လေသည်။ “မင်းသမီး အဲ့ဒါတွေအကုန်လုံးက ကြယ်စည်းတံဆိပ်တွေလား”
လန်ရွှမ်းသည် ကောင်းကင်ကိုသာ စိုက်ကြည့်နေခဲ့လေ သည်။ မည်ကဲ့သို့သောနည်းစနစ်ကို သုံးထား၍လည်းမသိ။ သူမ၏မျက်လုံးများမှာ အရောင်တလက်လက် တောက်ပနေခဲ့လေ၏။
ရှောင်ချန်း၏အမေးကိုကြားသော် ခေါင်းငြိမ့်၍ ပြန်ပြောလိုက်လေသည်။ “ဟုတ်တယ် ကြယ်စည်းတံဆိပ်တွေဆိုတာ လုံးဝသေချာတယ်”
သူမ၏အသံဆုံးသွားသည်နှင့် ဘေးဘက်ဆီမှ “ဟမ့်”ဟူသော အသံတစ်သံထွက်ပေါ်လာခဲ့သည်။
အကုန်လုံးလှည့်ကြည့်လိုက်ရာ ဝူချန်းသည် အနီနှင့် အဖြူရောင်အလင်းတန်းတစ်ခုအသွင်သို့ပြောင်းလျက် ကြယ်စည်းတံဆိပ်များ ကျသွားသည့်ဘက်ဆီသို့ ပျံသန်းသွားနေကြောင်း တွေ့လိုက်ရလေသည်။ သူ့နောက်တွင်မူ လော့ယွမ်ရှိနေခဲ့၏။
“သွားကြရအောင်” ရှောင်ပိုင်ယီသည်လည်း နှေးမနေခဲ့ပေ။ ချက်ချင်းခြေဆောင့်လျက် ပျံထွက်သွားလေ၏။
သူတို့ ဥတုလေးမျိုးနယ်မြေထဲတွင် ရှိနေသည်မှာ နှစ်ရက်သုံးရက်ခန့်ပင်ရှိနေပြီဖြစ်သော်ငြား ကြယ်စည်းတံဆိပ်တစ်ခုကိုသာ ရှာတွေ့ခဲ့သေးသည်။
ထို့အပြင် ထိုကြယ်စည်းတံဆိပ်သည် မွန်းစတား သားရဲတစ်ကောင်၏နဖူးထက်တွင်ရှိနေခြင်းဖြစ်သည်။ ထိုတစ်ခုတည်းသော ကြယ်စည်းတံဆိပ်ကိုရရန်အတွက် မွန်းစတားသားရဲအား ကြိုးစားပမ်းစားဖြင့် ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့ရသည်။
သို့သော်ငြား အဆုံးသတ်တွင်မူ သူတို့၏ ကြိုးစားအားထုတ်မှုအားလုံးသည် ရန်ကိုင်၏လက်ထဲတွင်သာ အဆုံးသတ်သွားခဲ့လေသည်။
ထိုအဖြစ်အပျက်ကြောင့် လော့ယွမ်နှင့်ဝူချန်းတို့ နှစ်ယောက်အချင်းချင်းတိုက်ခိုက်ကာနီး ဖြစ်သွားခဲ့ရသည်။
ယခုပေါ်လာသည့်ကြယ်စည်းတံဆိပ်များစွာအား အချင်းချင်းအညီအမျှ ခွဲဝေယူကြမည်ဆိုလျှင်ပင် တစ်ယောက်လျှင် ခြောက်ခု ခုနစ်ခုခန့် ရနိုင်ပေသေးသည်။
ကြယ်စည်းတံဆိပ်ဆိုသည်မှာ ကြယ်ပျက်ပင်လယ်ထဲ ဝင်ခွင့်ရနိုင်မည့်အခွင့်အရေးတစ်ခုဖြစ်သည်။ သူတို့အနေဖြင့် ထိုကြယ်စည်းတံဆိပ်အား မည်ကဲ့သို့များ ဤအတိုင်း လက်လွှတ်လိုက်နိုင်မည်နည်း။
“မင်းသမီး” အကုန်လုံးပျံသန်းသွားသည်ကိုမြင်သော် ရှောင်ချန်း ဖင်ဂနာမငြိမ်ဖြစ်လာခဲ့လေသည်။
“ငါတို့လည်း သွားကြရအောင်” လန်ရွှင်းသည်လည်း ထိုကဲ့သို့သော အခွင့်အရေမျိုးကိုလက်လွတ်မခံနိုင်။ ထို့ကြောင့် ချက်ချင်းပြန်ပြောလိုက်လေ၏။
ရှောင်ချန်းသည် ခေါင်းငြိမ့်လိုက်ပြီးနောက် လန်ရွှမ်းနှင့်အတူ ကြယ်စည်းတံဆိပ်များ ကျသွားသည့်ဘက်ဆီသို့ ပျံသန်းသွားလေ၏။
သို့သော်ငြား သူတို့ထွက်ခွာခွာချင်းမှာပင် လှေကဲ့သို့သော ပျံသန်းရေးမှော်ရတနာတစ်ခု သူတို့ဘေးတွင် ပေါ်လာခဲ့လေသည်။
လှမ်းကြည့်လိုက်ရာ ရန်ကိုင်သည် သစ်သားလှေပေါ်တွင် ခံစားချက်ကင်းမဲ့သည့်အမူအရာဖြင့် တည်တည်ငြိမ်ငြိမ် ရပ်နေကြောင်းကို တွေ့လိုက်ရသည်။ ရန်ကိုင်၏ဆံပင်များသည် လေအဝေ့နှင့်အတူ တဖျတ်ဖျတ်လွင့်နေခဲ့လေသည်။
ထိုမြင်ကွင်းကိုမြင်သော် လန်ရွှင်းလှောင်ပြုံးပြုံးလိုက် လေ၏။ ရန်ကိုင်၏ဤပုံစံသည် အစောပိုင်းက ထိတ်လန့်ကြောက်ရွံ့နေသည့် သူ၏ငကြောက်ပုံစံဖြင့် လုံးဝကိုကွာခြားနေခဲ့လေသည်။
ကြည့်ရသလောက် ရန်ကိုင်သည် လန်ရွှမ်းအာရုံစိုက်လာအောင် လုပ်ချင်သည့်ပုံစံမျိုးပင်။
“ဟမ့်” ရှောင်ချန်းသည်လည်း မကျေမနပ်သည့် အမူအယာဖြင့် အေးစက်စွာနှာခေါင်းရှုံ့လိုက်လေသည်။
ရှောင်ချန်းသည် အစောကြီးကတည်းက ရန်ကိုင့်အား ကြည့်မရခြင်းပင်ဖြစ်ပေသည်။ အစကတည်းက ကြည့်မရသည်ကို ရန်ကိုင်မှ သူရဲကောင်းတစ်ဦးဟန်ပန်ဖြင့် လန်ရွှမ်းအာရုံစိုက်လာအောင်လုပ်နေသည်ကိုမြင်သော် ပို၍အမြင်ကပ်သွားခဲ့လေ၏။
ရန်ကိုင်မှာမူ ရှောင်ချန်းထိုကဲ့သို့တွေးနေမှန်း မသိနားမလည်ချင်ယောင်ဆောင်လျက် လန်ရွှမ်းဆီသို့ သွားရင်းမေးလိုက်လေသည်။ “မိန်းကလေး ဒီကရောင်းရင်းက ဘာလို့နင့်ကို မင်းသမီးလို့ခေါ်နေတာလဲ။ အဲ့ဒါ နင့်နာမည်လား။ ဒါမှမဟုတ် အခြားတစ်ခုလား”
“ဘယ်သူ့နာမည်မှာများ မင်းသမီးပါလို့လဲ” လန်ရွှမ်းက ယဲ့ယဲ့လေးပြုံးလျက် ခေါင်းခါရင်း “ရှင်အတွေးလွန်နေပြီ”
“အဲ့ဒါဆိုဘာဖြစ်လို့လဲ” ရန်ကိုင်က ခေါင်းတခါခါနှင့် ရေရွတ်လိုက်ပြီးသည့်နောက် “မိန်းကလေးရဲ့စိတ်ကတော့ တော်တော်လေးကိုသိမ်မွေ့တယ်။ တစ်ကယ့်အသိုင်းအဝိုင်းကြီးက မိန်းကလေးတစ်ယောက်ပုံစံမျိုးပဲ။ ဒါပေမယ့် အဲ့ဒါက မင်းသမီးဆိုတဲ့ စကားလုံးနဲ့ဘာဆိုင်လို့လဲ။ မိန်းကလေးကျုပ်ကိုတစ်ချက်လောက် နားလည်အောင် ရှင်းပြပေးလို့ရမလား”
လန်ရွှမ်းမျက်မှောင်ကြုတ်သွားပြီး အနည်းငယ် ရှက်သွားခဲ့လေသည်။ သူမသည် လမင်းမဟာဧကရာဇ်၏ သမီးဖြစ်သည်ဟု ရန်ကိုင့်အား သွားမပြောပြနိုင်ပေ။
ထိုအကြောင်းကြောင့်ပင် သူမအား မင်းသမီးဟုခေါ်ခြင်း ဖြစ်သော်ငြား ထိုကဲ့သို့ပြောခြင်းသည် အနည်းငယ် ကြွားသလိုဖြစ်နေသည့်အတွက် ထုတ်မပြောချင်ခြင်းပင်။
ထို့ကြောင့် ပြန်၍သာမေးလိုက်လေသည်။ “ကျွန်မက ကြယ်ဝိဉာဉ်နန်းတော်ကလာတာ။ ရှင်မခန့်မှန်းတတ်တော့ဘူးလား”
သူမအမြင်အရဆိုလျှင်တော့ ဤကဲ့သို့ပြောလိုက်သည်မှာ သူမ၏ဇစ်မြစ်ကို လုံးဝထင်ရှားသွားစေခဲ့လေသည်။ ခေါင်းရှိသည့်လူတိုင်း ထိုစကားကိုကြားပြီးသည့်နောက် နည်းနည်းပါးပါးစဉ်းစားလိုက်ရုံဖြင့် သူမမည်သူမှန်း တန်းသိပေလိမ့်မည်။
သို့သော်ငြား ရန်ကိုင်ကမူ ခဏကြာမျှစဉ်းစားနေသည့်တိုင် ခေါင်းသာခါပြနေခဲ့သည်။ ရန်ကိုင့်ပုံစံကိုမြင်ပြီးသည့်နောက် ရှောင်ချန်း ရန်ကိုင့်အား မျက်စောင်းထိုးကာ စိုက်ကြည့်လာခဲ့လေသည်။
နောက်ဆုံးမနေနိုင်သည့်အဆုံး အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လျက်ပြန်ပြောလိုက်လေ၏။ “ကြယ်ဝိဉာဉ်နန်းတော်ဆိုတာ လမင်းမဟာဧကရာဇ် ကိုယ်တိုင်တည်ထောင်ထားတဲ့ဂိုဏ်းတစ်ဂိုဏ်းပဲ။ မင်းရှေ့မှာရပ်နေတဲ့သူက မဟာဧကရာဇ်ရဲ့ရတနာတုံးလေးပဲ”
“ဟမ်” ရန်ကိုင်ထိတ်လန့်သွားခဲ့ပြီး တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် “ဒီတော့ မိန်းကလေးက မဟာဧကရာဇ်ရဲ့သမီးပေါ့” ရန်ကိုင့်ကြည့်ရသည်မှာ အလွန်တရာကိုမှ ထိတ်လန့် အံ့အားသင့်နေသည့်ပုံပင်။
“ကျွန်မမိဘတွေက ဘယ်သူဆိုတာ အရေးမကြီးပါဘူး” လန်ရွှမ်းက ယဲ့ယဲ့လေးသာ ပြုံးပြလိုက်သည်။
ထိုအချိန်အတောအတွင်း ရှောင်ချန်းကမူ ထအော်ဆဲတော့လေသည်။ “ဒီတောသား ဘယ်ကနေ ရောက်လာတာလဲ။ မင်းသမီးနာမည်တောင်မသိဘဲ ဥတုလေးမျိုးနယ်မြေထဲဝင်လာနိုင်သေးတယ်ဆိုတော့ မင်းက ငါတို့မျိုးဆက်ကို အရှက်ရအောင်လုပ်နေတာပဲ။ မင်းသမီး ဒီလိုကောင်တွေနဲ့မဆက်ဆံတာ ကောင်းလိမ့်မယ်နော်”
ရန်ကိုင်ကမူ ရှက်ရှက်ဖြင့်သာ ပြန်၍ရှင်းပြလိုက်လေ သည်။ “ကျုပ်ကအမြဲတမ်း တောတောင်တွေထဲမှာနေနေပြီး ကျင့်ကြံနေတာ။ လတ်တလောကမှပဲ အပြင်ထွက်လာတာဆိုတော့ ဒီအပြင်လောကအကြောင်းတွေ သိပ်မသိသေးဘူး။ ဟဲ ဟဲ ဒါပေမယ့် ကျုပ်အများကြီး မသိသေးဘူးဆိုပေမယ့် လမင်းမဟာဧကရာဇ်အကြောင်းတော့ ကြားဖူးပါတယ်”
“အဲ့လိုကိုး..” လန်ရွှမ်းကမူ ရန်ကိုင့်စကားအား ယုံရမလား မယုံရမလားသေချာမသိပေ။ သို့သော်ငြား နားမလည်နိုင်ဟန်ဖြင့် ပြန်၍ပြောလိုက်လေ၏။ “ရှင့်ကြည့်ရတာ အချိန်တွေအကြာကြီး တံခါးပိတ်ကျင့်စဉ် ဝင်နေတဲ့လူတစ်ယောက်ပုံစံအတိုင်းပဲ။ အဲ့လိုဆိုမှတော့ အပြင်ကအကြောင်းတွေ မသိတာလည်း မထူးဆန်းပါဘူးလေ”
“မင်းသမီးယဉ်ကျေးလွန်းနေပါပြီ။ ကျုပ်ဒီအတိုင်းပဲ ထုံအတာပါ” ရန်ကိုင်က သူ့ပါးကိုကုပ်ရင်း နှိမ့်ချ၍ ပြန်ပြောလိုက်လေ၏။
“အနည်းဆုံးတော့ မင်းအကြောင်းမင်းသိသေးတယ်ပေါ့” ရှောင်ချန်းကဝင်ပြောလိုက်သည်။
“ဒါနဲ့ရှင့်နာမည်ဘယ်လိုခေါ်လဲ” လန်ရွှမ်းက မေးလိုက်လေသည်။
ရှောင်ချန်းက ချက်ချင်းဖြတ်ပြောလိုက်လေ၏။ “မင်းသမီး ဘာလို့ဒီတောသားနာမည်ကို လာမေးနေတာလဲ”
“မေးတာဘာဖြစ်လို့လဲ” လန်ရွှမ်းကမျက်မှောင်ကြုတ်လျက် ပြန်ပြောလိုက်လေသည်။
သူမ၏အဖေ လမင်းမဟာဧကရာဇ်မှ အမိန့်ပေးထားသည့် အတွက်ကြောင့်သာမဟုတ်လျှင် သူမအနေဖြင့် ရှောင်ချန်းနှင့်အတူတူ ရှိနေလိမ့်မည်မဟုတ်ချေ။ သူမဘာသာတစ်ယောက်တည်း လှုပ်ရှားသွားလာရသည်ကို ပို၍ကြိုက်ပေသည်။ တစ်ယောက်တည်းသွားလာခြင်းသည် ပို၍စိတ်လှုပ်ရှားစရာကောင်းသလို ပို၍လည်း လွတ်လပ်မှုရှိသည်။
“ရန်ကိုင်ပါ”
လန်ရွှမ်းကခေါင်းငြိမ့်လိုက်ပြီးသည့်နောက် ရုတ်တရက် ပြုံးလျက် “ကျွန်မစိတ်ထဲ သိပ်မသေချာတဲ့ဟာတစ်ခုရှိတယ်။ ရောင်းရင်းရန် တစ်ချက်လောက်များ ရှင်းပြပေးလို့ရမလား မသိဘူး”
ရန်ကိုင်၏မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားပြီးသည့်နောက် ချက်ချင်းပဲရယ်မော၍ ပြန်ပြောလိုက်လေသည်။ “မင်းသမီးမေးချင်တာရှိရင် ကျေးဇူးပြုပြီးမေးပါ။ ဒီရန် အတတ်နိုင်ဆုံးဖြေပေးပါမယ်”
လန်ရွှမ်းက သတိပေးလိုက်လေ၏။ “ရောင်းရင်းရန် ရှင်ပြောချင်တိုင်းပြောလို့မရဘူးလေ။ ကျွန်မမေးမယ့်မေးခွန်းက ရှင့်ရဲ့လျှို့ဝှက်ချက်တွေနဲ့ပတ်သက်နေနိုင်တယ်နော်”
“အဲ့တော့ဘာဖြစ်လဲမင်းသမီးရဲ့။ မင်းသမီး ကျုပ်ကို အခုလိုမျိုးမေးခွန်းလာမေးတာတောင် ကျုပ်အတွက် မျက်နှာသာပေးရာကျနေပြီ။ ကျုပ်ဘက်ကဘာလို့ငြင်းရမှာလဲ”
ရန်ကိုင်၏စကားကိုကြားလိုက်သည်နှင့်တစ်ပြိုင်နက် ရှောင်ချန်းစိတ်ထဲ မကောင်းသည့်ခံစားချက်တို့ ရလိုက်လေသည်။
ဤတောသားပေါက်စသည် တောတောင်ထဲတွင် တစ်ချိန်လုံးကျင့်ကြံနေပြီး အပြင်လောကအကြောင်းများကို လုံးဝမသိသော်ငြား မိန်းမများနှင့်ဆက်ဆံရာတွင်မူ အလွန်ကိုမှ ကျွမ်းကျင်လှသည်။
စကားလေးနည်းနည်းပါးပါးပြောပြီးရုံတင်ရှိသေး မင်းသမီးနှင့် စကားလက်ဆုံကျအောင် လုပ်လိုက်နိုင်၏။ ပုံမှန်အားဖြင့် ယောက်ျားသားများအား အမြင်မကြည်သော သူတို့၏ မင်းသမီးသည်လည်း ဤတောသားပေါက်စနှင့်တွေ့မှ တပြုံးပြုံးဖြစ်နေတော့လေသည်။
ဤကိစ္စကိုလုံးဝသည်းခံ၍မရချေ။ ရှောင်ချန်းစိတ်ထဲ အချက်ပေးခေါင်းလောင်းသံတို့ မြည်ဟီးသွားခဲ့လေ၏။
ထို့ကြောင့် ချက်ချင်းပဲ ရန်ကိုင့်အား စကားဆက်ပြောရဲပြောကြည့်ဟူသော ခြိမ်းခြောက်သည့် အကြည့်မျိုးဖြင့် စိုက်ကြည့်လိုက်လေသည်။
သူရှိနေသည့်နေရာသည် လန်ရွှမ်း၏ နောက်ဘက်ပုံစံမျိုးတွင်ဖြစ်နေသဖြင့် ရန်ကိုင့်အား ခြိမ်းခြောက်သည့်အကြည့်မျိုးဖြင့်ကြည့်နေသည်ကို လန်ရွှင်းမမြင်နိုင်ပေ။
ရန်ကိုင်ကမူ အထင်းသားမြင်နေရလေ၏။ သို့ရာတွင် ရန်ကိုင်သည် ရှောင်ချန်းအား တစ်ချက်ကလေးပင် လှည့်မကြည့်ပေ။ လုံးဝကို မသိချင်ယောင် ဆောင်ထားလေ၏။
ထိုအဖြစ်အပျက်ကြောင့် ရှောင်ချန်းမှာ ကူကယ်ရာမဲ့သလိုခံစားရကာ လက်သီးတင်းတင်းသာ ဆုပ်မိလိုက်တော့လေသည်။
“ခုနတုန်းက ဟိုနှစ်ယောက်ရှင့်ကိုတစ်ပြိုင်တည်း တိုက်ခိုက်လိုက်တုန်းကလေ ရှင်ဘာလို့ ဘာဒဏ်ရာမှ ရမသွားတာလဲ” လန်ရွှမ်းက ခပ်ပြတ်ပြတ်ပင် မေးလိုက်လေ၏။
သူမပြောခဲ့သလိုပင် သူမမေးသည့်မေးခွန်းသည် ရန်ကိုင်၏လျှို့ဝှက်ချက်နှင့် တိုက်ရိုက်ပတ်သက်နေခဲ့လေ သည်။
တာအိုသခင်ပထမအဆင့်ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားလင့်ကစား တာအိုသခင်တတိယအဆင့်ကျင့်ကြံသူ နှစ်ဦး၏တစ်ပြိုင်တည်းပူးပေါင်းတိုက်ခိုက်မှုအောက်မှ မည်သည့်ဒဏ်ရာမှမရဘဲ လွတ်မြောက်နိုင်ခဲ့၏။
သူ့အား ဤကဲ့သို့ဖြစ်အောင်ကူညီပေးခဲ့သော ပညာရပ်သည် အလွန်ကိုမှ အဆင့်မြင့်ရပေလိမ့်မည်။
ပုံမှန်အားဖြင့် ထိုကဲ့သို့သောအားကောင်းသည့် ကျင့်စဉ်များကို လူတိုင်းသည် သူတို့၏လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းကြစမြဲပင်။
လန်ရွှင်း၏စကားကိုကြားသော် ရန်ကိုင်က ရှက်သွားခဲ့ပြီးသည့်နောက် ပြုံးလျက်အထစ်ထစ်အငေါ့ငေါ့ဖြင့် “အဲ့ဒါကလေ...ဟဲဟဲ... တစ်ကယ်တော့”
“အဆင်ပြေပါတယ် ရှင့်အတွက်ပြောလို့အဆင်မပြေဘူး ဆိုရင်လည်း မပြောပါနဲ့။ ကျွန်မ မမေးဖူးဘူးလို့ပဲ သဘောထားလိုက်ပေါ့” လန်ရွှမ်းကပြန်ပြောလိုက်သည်။
ရန်ကိုင်စကားအထစ်ထစ်အငေါ့ငေါ့နှင့် ပြောနေသည့်ပုံမှာ သူမပြောချင်သည့်လျှို့ဝှက်ချက်တစ်ခုကို ပြောနေရသည့်ပုံစံမျိုးဖြစ်နေခဲ့လေသည်။
ရန်ကိုင့်အနေဖြင့် ထိုအကြောင်းကိုသာ ပြောပြချင်မည် ဆိုပါက မည်ကဲ့သို့များ ဤကဲ့သို့ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေအုံးမည်နည်း။
ကိုယ့်အောက်ပိုင်းအကြောင်းသာတွေးနေသော ယောက်ျားတစ်ဦးသည် သူချစ်ရသည့်အမျိုးသမီးတစ်ဦးမှ မေးသည့်မေးခွန်းကို မည်ကဲ့သို့များ မဖြေဘဲနေမည်နည်း။
ရန်ကိုင်က သက်ပြင်းချလျက် “ကျုပ်မပြောနိုင်တာ မဟုတ်ဘူး။ ဒါပေမယ့်..”
ထိုနေရာသို့အရောက်တွင် သူ့အမူအယာသည် ရုတ်ခြည်းတည်ကြည်သွားခဲ့လေ၏။ ထို့နောက် တစ်ချိန်တည်းတွင် လေသံကိုနှိမ့်၍ “မင်းသမီး ဒီအကြောင်းကို အခြားလူတွေကို လျှောက်မပြောနဲ့နော်။ ဒီကျင့်စဉ် လျှို့ဝှက်ချက်တွေသာ ပေါက်ကြားသွားမယ်ဆိုရင် ဆက်ပြီးအလုပ်ဖြစ်တော့မှာမဟုတ်ဘူး။ နောက်တစ်ကြိမ် အခုလိုအဖြစ်အပျက်မျိုးနဲ့ထပ်ကြုံရရင် ပြဿနာတက်သွားနိုင်တယ်”
ထိုသို့ပြောနေရင်း လန်ရွှမ်းနားသို့ တမင်တကာကပ်ကာ သူမနားနားသို့ ကပ်ပြောလိုက်လေသည်။ သူ့နှာခေါင်းထိပ်ထဲ သင်းပျံ့သည့်မွှေးရနံ့တို့ရလိုက်လေ၏။ သူတို့နှစ်ဦးအကြားရှိအကွာအဝေးမှာ အလွန်ကိုမှ နီးကပ်နေခဲ့သည်။
လန်ရွှင်းမှာမလှုပ်သော်ငြား သူမ၏နားများမှာတော့ နီရဲနေခဲ့လေသည်။
“မင်းဘာလုပ်နေတာလဲ” ရန်ကိုင်၏လုပ်ရပ်ကိုမြင်သော် ရှောင်ချန်း ဆွေ့ဆွေ့ခုန်သွားပြီး ထအော်တော့လေသည်။ ထို့နောက် သူ့လက်ထဲရှိ ဓါးဖြင့် ရန်ကိုင် တည့်တည့်အား ချိန်ရွယ်လိုက်လေ၏။
ရန်ကိုင်လည်း အံ့အားသင့်သွားခဲ့ပြီး အလျင်အမြန်ပဲ လန်ရွှင်းနားမှပြန်ဆုတ်ကာ မည်သည့်အပြစ်မှလုပ်မထားသည့် ပုံစံမျိုးဖြင့် ပြန်မေးလိုက်လေသည်။ “ကျုပ်ဘာမှမလုပ်ပါဘူး။ ရောင်းရင်း ဘာလို့ အခုလို လုပ်ရတာလဲ”
“မင်း..မင်းအခုလေးတင်ပဲ” ရှောင်ချန်းမှာ တစ်ခုခုအား ပြောချင်သော်ငြား ဆက်မပြောနိုင်ဖြစ်နေခဲ့လေသည်။
ရန်ကိုင်သည် လန်ရွှင်းနားသို့ကပ်သွားသော်ငြား လန်ရွှင်းအား သူဘာမှမလုပ်ခဲ့ပေ။ သူ့အနေဖြင့် ဤအကြောင်းကိုသာဆက်၍ ဖိအားပေးပြောဆိုနေလျှင် အလွန်ကိုမှ သဝန်တိုသည့်ပုံစံမျိုးဖြစ်နေပေတော့မည်။
ထို့ကြောင့် သတိသာပေးလိုက်တော့လေသည်။ “အဲ့မှာရပ်ပြီးတော့ပဲပြော။ မင်း မင်းသမီးနားထပ်ကပ်လာရဲရင် ငါမင်းခေါင်းကိုဖြတ်ပစ်မယ်”
ရန်ကိုင်က အံ့ဩတကြီးဖြင့် “ရောင်းရင်းက တစ်ကယ်ထူးဆန်းတာပဲ။ ကောင်းပြီလေ ကျုပ်ဒီမှာပဲရပ်ပြီး ပြောရတာပေါ့။ မင်းသမီး ကျေးဇူးပြုပြီးနားလည်ပေးနော်။ ကျုပ်ကျင့်စဉ်က မဟာစကြာဝဠာပြောင်းလဲခြင်းပညာရပ်လို့ ခေါ်တယ်။ အဲ့ပညာရပ်ကိုထုတ်သုံးလိုက်ပြီဆိုတာနဲ့ ကိုယ့်ပြိုင်ဘက်ရဲ့ခွန်အားကိုငှားယူပြီး သူ့ကိုပြန်အနိုင်ယူနိုင်တယ်။ ဒါကျုပ်တို့လို အားနည်းတဲ့လူတွေ ပိုပြီးအားကောင်းတဲ့လူကို အနိုင်ယူတဲ့ နည်းလမ်းပဲ”
“ပြိုင်ဘက်ရဲ့ခွန်အားကိုငှားယူတယ်” လန်ရွှမ်း အံ့အားသင့်သွားခဲ့သည်။
“ဟုတ်တယ်” ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ခေါင်းငြိမ့်၍ ပြန်ပြောလိုက်လေသည်။ “ခုနတုန်းက ဟိုနှစ်ယောက်စလုံးက ကျုပ်အသက်ကိုယူချင်နေတာလေ။ ပြီးတော့ကျုပ်ကိုတစ်ပြိုင်တည်း တိုက်ခိုက်လာတာဆိုတော့ ဒီစကြာဝဠာပြောင်းလဲခြင်းပညာရပ်ကို ထုတ်သုံးဖို့က အံဝင်ခွင်ကျဖြစ်သွားတယ်။ အဲ့ဒါကြောင့်ပဲ”
ရန်ကိုင်က အဓိပ္ပာယ်ပါပါပြုံးလျက် စက်ဝိုင်းခြမ်းပုံ ဝိုင်းပြလိုက်ရင်း “နည်းနည်းပါးပါးလှည့်ပတ်လိုက်ပြီးတော့ သူတို့အချင်းချင်း ပြန်တိုက်အောင်လုပ်လိုက်တာ”
ခဏမျှစဉ်းစားနေပြီးသည့်နောက်တွင် လန်ရွှမ်းက ထပ်မေးလိုက်သည်။ “ဒီတော့ တစ်ယောက်တည်းက တိုက်ခိုက်မယ်ဆိုရင်ရော”
“အဲ့ဒါဆိုရင်တော့ အလုပ်မဖြစ်ဘူးပေါ့” ရန်ကိုင်က ပခုံးတွန့်ပြလိုက်သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၁၅၂)
“ဒီလောကကြီးမှာ အဲ့လို ဆန်းကြယ်တဲ့ ပညာရပ်လည်း ရှိတာလား…” ရန်ကိုင်ပြောပြသည်ကို ကြားပြီးသည့်နောက်တွင် လန်ရွှင်းသည် မယုံကြည်နိုင်ဟန်ဖြင့် ပြန်မေးလိုက်လေသည်။
သူမသည် အတော်လေးကိုမှ စာဖတ်သည့် လူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် အလွန်ကိုမှ ဗဟုသုတ ကြွယ်ဝလှသည်။ ထို့အပြင် လမင်းမဟာဧကရာဇ်၏ သမီးတစ်ဦး ဖြစ်သည့်အလျှောက် အမျိုးမျိုးသော လျှို့ဝှက်ကျင့်စဉ်များစွာကို သိထားပေသည်။
သို့သော်ငြား ထိုကဲ့သို့သော စကြာဝဠာ ပြောင်းလဲခြင်း ပညာရပ်ဟုခေါ်သည့် ထူးဆန်းသည့် ကျင့်စဉ်မျိုးအား တစ်ခါမျှ မကြားဖူးချေ။
သို့သော်ငြား ဤ စကြာဝဠာ ပြောင်းလဲခြင်း ပညာရပ်ဟု ခေါ်သည့် ကျင့်စဉ်မှာ အလွန်ကိုမှ အစွမ်းထက်လှပေသည်။ ထိုကျင့်စဉ်၏ အကူအညီဖြင့် တာအိုသခင် ပထမအဆင့်ပင် ရှိလင့်ကစား ရန်ကိုင်သည် တာအိုသခင် တတိယအဆင့် ပညာရှင်နှစ်ဦး၏ ပူးပေါင်းတိုက်ခိုက်မှုမှ အန္တရာယ်ကင်းကင်းဖြင့် လွတ်မြောက်နိုင်ခဲ့သည်။
သို့သော်ငြား သူမ မသိခဲ့သည်မှာ ဤလောကကြီးတွင် စကြာဝဠာပြောင်းလဲခြင်း ပညာရပ်ဟုခေါ်သည့် ကျင့်စဉ်မျိုး လုံးဝမရှိ ဟူသောအချက်ပင်။ ရန်ကိုင်သည် တွေ့ကရာ လျှောက်ပြောနေခြင်းသာဖြစ်သည်။
တစ်ကယ်တော့ ဝူချန်းနှင့် လော့ယွမ်တို့ သူ့အား တိုက်ခိုက်လိုက်သည့် အချိန်တွင် ရန်ကိုင်သည် ဗလာနတ္ထိပညာရပ်ကို သုံးကာ ဟင်းလင်းပြင်ထဲ ဝင်ရောက် ပုန်းအောင်းလိုက်ခြင်း ဖြစ်သည်။
“မင်းသမီး… ဒီကျင့်စဉ်အကြောင်းကို မင်းသမီးကို ပြောပြတာက အစောပိုင်းက ကျုပ်ကို ဝင်ကူညီပေးတဲ့အတွက် ကျေးဇူးတင်လို့နော်… ဒါပေမဲ့ မင်းသမီး ဒီအကြောင်းကို လျှောက်ပြောလို့ မဖြစ်ဘူးနော်…” ရန်ကိုင်က အလေးအနက် အမူအယာဖြင့် ပြောလိုက်လေသည်။
“အင်း…” လန်ရွှင်းက ခေါင်းညိတ်ပြလိုက်လေ၏။ တစ်ချိန်တည်းတွင်လည်း ရန်ကိုင့်ဆီမှ ဤကျင့်စဉ်ကို တောင်းလျှင် ကောင်းမလားဟု စဉ်းစားတော့လေသည်။
စကြာဝဠာပြောင်းလဲခြင်း ပညာရပ် ကျင့်စဉ်အား အသုံးပြုနိုင်ရန်အတွက် လိုအပ်ချက်များမှာ အတော်လေးကိုမှ လက်ပေါက်ကပ်လှသော်ငြား သတ်မှတ်ချက်သာ ပြည့်မီသွားမည်ဆိုလျှင် အလွန်ကိုမှ အသုံးဝင်သည့် ပညာရပ်တစ်ခုဖြစ်သည်။ ဤပညာရပ်သည် သေရေးရှင်ရေး အခြေအနေမျိုးတွင် သူမအသက်ကို ကယ်တင်ပေးနိုင်ပေသည်။
ရုတ်တရက် ရန်ကိုင်သည် သူ့လက်ကိုပွတ်ကာ တောင်းတောင်းပန်ပန်ဖြင့် “မင်းသမီး… ကျုပ် ခင်ဗျားမေးခွန်းကို ဖြေပြီးသွားပြီ ဆိုတော့လေ… ခင်ဗျား ကျုပ်မေးခွန်းတစ်ခုလောက်ကို ပြန်ဖြေပေးလို့ရမလား…”
“မင်း ဘာမေးချင်တာလဲ…” လန်ရွှင်း မပြောနိုင်သေးခင်မှာပင် ရှောင်ချန်းက ဖြတ်ပြောလိုက်လေသည်။
“ကြယ်စည်းတံဆိပ်တွေအကြောင်း မေးမလို့လေ… ငါ ဘာမေးမယ်လို့ မင်းထင်လို့လဲ…” ရန်ကိုင်က ရှောင်ချန်းအား ကြည့်ရင်း ပြန်မေးလိုက်လေသည်။
လန်ရွှင်းက နှုတ်ခမ်းလေးကို ကွေးလျက် ပြုံးကာ ပြန်ပြောလိုက်လေသည်။ “ရောင်းရင်းရှောင်ချန်း… သူ့အပေါ် ဒီလောက်ကြီး ရန်မလိုနဲ့လေ…”
ထို့နောက် ရန်ကိုင်ဘက်သို့ လှည့်၍ မေးလိုက်လေ၏။ “ကြယ်စည်းတံဆိပ်တွေ အဆင့်ခွဲခြား သတ်မှတ်ပုံအကြောင်းကို မေးချင်တာမလား…”
ရန်ကိုင်က ချက်ချင်းပဲ ခေါင်းညိတ်၍ ပြန်ပြောလိုက်လေ၏။ “ဟုတ်တယ်… မင်းသမီးပြောတာ အမှန်ပဲ… မင်းသမီးက ကျုပ်အတွေးတွေကို ဖောက်မြင်နိုင်တာကိုး…”
လန်ရွှင်းသည် ယဲ့ယဲ့လေးပြုံးလျက် မည်သည့်အကြောင်းအရာကိုမျှ ဖုံးကွယ်မနေပဲ အကြောင်းစုံကို ရှင်းပြလိုက်လေသည်။
“ရှင်းရှင်းပြောရရင်တော့ ကြယ်စည်းတံဆိပ်တွေရဲ့ အဆင့်ကို သူတို့ရဲ့ပုံစံကို ကြည့်ပြီး သတ်မှတ်ကြတာ… ကြယ်စည်းတံဆိပ်ရဲ့ ပုံစံက ပိုပြီးရှုပ်ထွေးလေ ပိုပြီးအဆင့်မြင့်လေပေါ့… ဥပမာပြောရရင် ရှင့်လက်ထဲက စိန်တုံးပုံစံ ကြယ်စည်းတံဆိပ်ပေါ့… အဲ့ဒါဆိုရင် တော်တော်လေး အဆင့်နိမ့်တယ်လို့ ပြောလို့ရတယ်… အဲ့စိန်တုံးပုံစံ ကြယ်စည်းတံဆိပ်ရဲ့ အောက်မှာ သုံးမြှောင့်ပုံစံ ကြယ်စည်းတံဆိပ်ရှိမယ်… အဲ့သူ့အထက်မှာ ဆိုရင်တော့ ငါးထောင့်ပုံစံ ကြယ်စည်းတံဆိပ်ရှိမှာပေါ့… အဲ့ဒါတင် မကသေးဘူး… အဲ့ ငါးထောင့်ကနေ ခြောက်ထောင့်၊ ခုနှစ်ထောင့် အဲ့ကနေစပြီး ကိုးထောင့်ထိရှိတယ်…”
“အဲ့ကြယ်စည်းတံဆိပ်တွေမှာလေ သူတို့ရဲ့ ထောင့် အရေအတွက် မတူတာအပြင် အခြား ဘာတွေ ကွာခြားတာရှိသေးလဲ…”
ရန်ကိုင် လန်ရွှင်းနားသို့ တမင်တကာ ကပ်လာခဲ့ခြင်းမှာ ကြယ်စည်းတံဆိပ်များအကြောင်း မေးမြန်းချင်၍ ဖြစ်ပေသည်။ ပုံမှန်အားဖြင့် ဟွာချင်းစီကို မေးလိုက်လျှင် သိလိုက်ရလိမ့်မည် ဖြစ်သော်ငြား လန်ရွှင်းသည် လမင်းမဟာဧကရာဇ်၏ သမီးတစ်ဦးဖြစ်သည့်အတွက်ကြောင့် အခြားသူများ မသိထားသည့် အကြောင်းအရာများကို သိနေလောက်ပေသည်။
ထို့အတွက်ကြောင့်ပင်လျှင် လန်ရွှင်းအား လာမေးခြင်း ဖြစ်သည်။
“အဲ့လို အသေးစိတ် ကွာခြားချက်တွေတော့ မသိဘူး…” လန်ရွှင်းက ဖြည်းဖြည်းချင်း ခေါင်းခါလျက် “ဒါပေမဲ့ ကိုယ်ရထားတဲ့ ကြယ်စည်းတံဆိပ်ရဲ့ အဆင့်က ပိုမြင့်လေ ကြယ်ပျက်ပင်လယ်က ရတဲ့ အကျိုးအမြတ်က ပိုများလေလို့တော့ ပြောကြတာပဲ… တစ်ကယ်ဟုတ်မဟုတ်တော့ ကြယ်ပျက်ပင်လယ်ထဲ ဝင်ပြီးတော့မှပဲ သိရမယ်…”
“ကျုပ်သိပြီ…” ရန်ကိုင်က တွေးတွေးဆဆဖြင့် ရေရွတ်လိုက်လေ၏။ လက်ရှိပုံစံကို ကြည့်ရသလောက် လန်ရွှင်းသည် သူမသိထားသည့် အကြောင်းအရာအားလုံးကို ပြောပြမသွားလောက်ချေ။
သို့သော်ငြား ရန်ကိုင် သိသင့်သိထိုက်သည့် အကြောင်းအရာအားလုံးကိုတော့ သေချာရှင်းပြသွားခဲ့သည်။ သူမ မပြောချင်သည့် အကြောင်းအရာကို ရန်ကိုင့်အနေဖြင့် ဆက်မေးနေ၍လည်း မသင့်တော်ချေ။ ထို့ကြောင့် ဆက်မမေးတော့ပဲ ရပ်သာ ရပ်လိုက်လေ၏။
သူတို့ စကားပြောနေစဉ် အတွင်းမှာပင် ပစ်မှတ်နေရာဆီသို့ ရောက်လာခဲ့လေသည်။ ထိုနေရာတစ်ဝိုက်တွင် ကျင့်ကြံသူများသည် နှစ်ယောက်တစ်ဖွဲ့ သုံးယောက်တစ်ဖွဲ့ ဖွဲ့လျက် သစ်ပင်ထိပ်ပေါ်တွင် ရပ်ကာ တစ်စုံတစ်ခုအား စောင့်မျှော်နေသည့်အလား ကောင်းကင်ပေါ်သို့ မော့ကြည့်နေကြလေသည်။
ထိုအချင်းအရာကိုမြင်သော် ရန်ကိုင်သည်လည်း ချက်ချင်းပဲ သစ်ပင်တစ်ပင် ထိပ်ဖျားပေါ်သို့ တက်ကာ လှည့်ပတ်ကြည့်လိုက်လေ၏။
အကြမ်းဖျင်း စစ်ဆေးကြည့်ရသလောက် ဤနေရာတွင် လူဆယ်ယောက်ကျော် အယောက်နှစ်ဆယ်ခန့် ရှိနေကြောင်း တွေ့လိုက်ရလေသည်။ ထို့အပြင် လေတိုးသံများကိုလည်း အဆက်မပြတ် ကြားနေရသေး၏။ ကြည့်ရသလောက် နောက်ထပ်လူများ ထပ်လာဦးမည့်ပုံပင်။
ကောင်းကင်ထက်တွင် ဧရာမတိမ်တိုက်ကြီးတစ်ခုမှာ တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာနေ၏။ ထိုတိမ်တိုက်တစ်ခုလုံးမှာ ရွှေရောင်တောက်နေသလို အလွန်ကိုမှလည်း လင်းထိန်နေခဲ့လေသည်။ ထို့အပြင် ထိုတိမ်တိုက်ဆီမှ ထူးဆန်းသည့် စွမ်းအင်လှိုင်းအချို့ကို ရန်ကိုင် ခံစားနေခဲ့ရသည်။
“ဟမ်…”
ထိုတိမ်တိုက်ကို စောင့်ကြည့်နေစဉ် အတောအတွင်း ရန်ကိုင်သည် တစ်စုံတစ်ခုအား သတိပြုမိသွားသည့်အလား အခြားတစ်ဖက်သို့ လှမ်းကြည့်လိုက်လေသည်။
ထိုနေရာ၌ အမျိုးသားနှင့် အမျိုးသမီးတစ်ဦးသည် ပြုံးလျက် ရန်ကိုင့်အား လှမ်းကြည့်နေကြလေ၏။ ရန်ကိုင်သူတို့ဘက်သို့ လှည့်ကြည့်လာသည်ကို မြင်သော် သူတို့ဆီသို့ လာရန် ရန်ကိုင့်အား လက်ယပ်ခေါ်ပြလိုက်လေသည်။
“ကံဆိုးလိုက်တာကွာ…” ရန်ကိုင့်စိတ်ထဲ ကြိတ်၍ ကျိန်ဆဲလိုက်လေ၏။ ကံမကောင်းစွာဖြင့် မြင်သွားပြီ ဖြစ်သည့်အတွက်ကြောင့် မမြင်ချင်ယောင်ဆောင်၍ မရတော့ချေ။ သူ့ဘက်မှ မသွားလျှင် သူတို့ဘက်မှ လာဦးမည် ဖြစ်သည့်အတွက် သူ့ဘာသာ သစ်ပင်ပေါ်မှဆင်းကာ ထိုလူများ ရှိနေသည့် နေရာဆီသို့ ထွက်သွားလေ၏။
“ဘာလို့ နင်တို့ နှစ်ယောက် ဒီမှာ ရှိနေရတာလဲ…” ရန်ကိုင်က မေးလိုက်လေ၏။ ထိုနှစ်ယောက်မှာ ပိရန်ယုချင်းနှင့် ခို့ဝူမှလွဲ၍ အခြား မဟုတ်ကြချေ။
ရှင်းရှင်းပြောရလျှင် ရန်ကိုင်နှင့် သူတို့နှစ်ဦးကြား မည်သည့်ရန်ငြိုးမျှ မရှိသော်ငြား သူတို့နှစ်ဦးသည် ဝူမုန်ချွမ်၏ လက်အောက်ငယ်သားများ ဖြစ်ကြသည်။ ဖြစ်နိုင်လျှင် ရန်ကိုင်သည် ထိုနှစ်ဦးနှင့် မည်သို့မျှ မပတ်သက်ချင်ပေ။
“ငါတို့ ဒီကို ပို့ခံလိုက်ရတာလေ…” ပိရန်ယုချင်းက ပြုံးလျက် ပြန်ပြောလိုက်လေ၏။
“အို…” ခို့ဝူသည် ရန်ကိုင့်လက်ခုံအား လှမ်းကြည့်ရင်း အံ့အားသင့်သွားသည့် လေသံဖြင့် “ဂျူနီယာညီလေးရန်က ကြယ်စည်းတံဆိပ်တစ်ခု ရထားတာပဲ…”
ရန်ကိုင်က နှုတ်ခမ်းကိုကွေးလျက် ကူကယ်ရာမဲ့ဟန်ဖြင့် ပြန်ပြောလိုက်လေသည်။ “ဖြစ်နိုင်ရင် ငါဒါကို တကယ်မလိုချင်ဘူး…”
“ဂျူနီယာညီလေးရန်… မင်းတစ်ကယ်ပြောနေတာတော့ မဟုတ်ဘူးမလား…” ခို့ဝူက စနောက်လိုက်သည်။
ရန်ကိုင်က နှာခေါင်းရှုံ့လျက် “မင်းမပြောခင် မင်းပတ်ပတ်လည်ကို အရင်လှည့်ကြည့်လိုက်ဦး… မင်းပြောတာကိုကြားပြီး အခြားသူတွေ ငါ့ကို ဘယ်လို ကြည့်နေလဲဆိုတာ မင်းတွေ့လား...”
ရန်ကိုင် ပြောသည့်အတိုင်း ခို့ဝူလည်း ဘေးပတ်ပတ်လည်သို့ လှည့်ပတ်ကြည့်လိုက်လေသည်။ ထိုအခါမှပဲ သူမျက်နှာပျက်သွားခဲ့လေသည်။
အကြောင်းမှာ ဤနေရာတွင် ရှိနေသည့် ကျင့်ကြံသူအားလုံး၏ အကြည့်သည် ရန်ကိုင့်လက်ခုံဆီသို့ ရောက်နေကြောင်း တွေ့လိုက်ရသည့် အတွက်ကြောင့်ပင်။
ကောင်းကင်ထက်တွင် ကြယ်စည်းတံဆိပ်များစွာ ပေါ်လာခဲ့သော်ငြား ထိုကြယ်စည်းတံဆိပ်များကို မည်သူမျှ မရသေးပေ။ ထို့အပြင် ဤနေရာရှိ မည်သူ့ဆီတွင်မျှ ကြယ်စည်းတံဆိပ်တစ်ခုမျှ မရှိသေးပေ။
ကြယ်စည်းတံဆိပ်သည် သူတို့ ဤဥတုလေးမျိုးနယ်မြေထဲသို့ ဝင်လာရခြင်း၏ အဓိက အကြောင်းအရင်းပင် ဖြစ်လေသည်။ ဂိုဏ်းတိုင်းသည်လည်း သူတို့၏ တပည့်များအား ကြယ်စည်းတံဆိပ်များကို များနိုင်သလောက် များအောင် ရှာလာရန် ပြောခဲ့သည်။
ခို့ဝူမှာ ထိုအချက်ကို သတိမထားမိပဲ အသံကျယ်ကျယ်ဖြင့် အော်ပြောမိလိုက်လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်သည် လူအားလုံး၏ အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။ ထိုသို့ ဖြစ်သွားသည့်အပေါ် သူ့စိတ်ထဲ အနည်းငယ် အပြစ်မကင်းသလို ခံစားလိုက်ရလေသည်။
ပိရန်ယုချင်းက တခစ်ခစ်ရယ်မောလျက် ဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရင်း ရန်ကိုင့်ဘက်သို့ လှည့်၍ ပြောလိုက်လေသည်။
“နင်မလိုချင်ရင်လည်း ငါ့ဆီ ထားထားခဲ့လိုက်လေ…”
“အတွေးလေးကတော့ လှလိုက်တာနော်…” ရန်ကိုင်က အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်သည်။
“ဟမ့်…” ပိရန်ယုချင်းသည် ရန်ကိုင့်အား စိုက်ကြည့်နေပြီးသည့်နောက် သူမ၏ နှုတ်ခမ်းလေးကို ကိုက်လျက် “ငါသာ အရင်တုန်းက နင့်ကို ဂရုမစိုက်ပေးခဲ့လို့ရှိရင် နင် အခု ဒီမှာ ရပ်နေနိုင်ဦးမယ်လို့ထင်လား…”
“အဲ့တုန်းက ဖြစ်သွားခဲ့တဲ့ အကြောင်းအရာတွေကို အခု ပြန်ပြောနေတာ မရှက်တတ်ဘူးလား…” ရန်ကိုင်က ပိရန်ယုချင်းအား မျက်လုံးမှေးစင်းကာ စိုက်ကြည့်ရင်း အေးစက်စက် လေသံဖြင့် “ခင်ဗျားသာ ကျုပ်ကို ငှက်မွေးပြာဂိုဏ်းမှာ နေဖို့ တွန်းအား မပေးခဲ့လို့ရှိရင် ကျုပ်…”
“ကျုပ် ဘာလဲ…” ပိရန်ယုချင်းက မေးလိုက်လေသည်။
“ဘာမှမဟုတ်ဘူး…” ရန်ကိုင်က လက်ဝှေ့ယမ်းလိုက်သည်။ ဝူမုန်ချွမ်မှ သူ့အား ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသ သင်ပေးခဲ့သည်ကို ပြန်အမှတ်ရလိုက်သော် ရန်ကိုင့်စိတ်ထဲ မသက်မသာ ခံစားလာခဲ့ရလေသည်။
ကံကောင်းစွာဖြင့် ထိုကျင့်စဉ်အား သူမကျင့်ကြံထားခဲ့ပေ။ ထိုအစား သူ့ကိုယ်ပွားကိုသာ ကျင့်ကြံထားခိုင်းခဲ့သည်။ ထို့အတွက်ကြောင့် ဝူမုန်ချွမ် စိတ်ထဲ မကောင်းသည့် အကြံအစည်တစ်ခုခု ရှိနေမည်ဆိုလျှင်ပင် ရန်ကိုင့်အား အန္တရာယ်ပေးနိုင်လိမ့်မည် မဟုတ်ချေ။
“ဟိုမှာ သူ့ကို ကြည့်စမ်း… ကျုပ်ထင်ထားတဲ့အတိုင်းပဲ… မျက်နှာသာ လူရုပ်… စိတ်ကတော့ သားရဲစိတ်နဲ့… အခုကြည့်… မင်းသမီးရှေ့မှာသာ လူကောင်းတစ်ယောက်လို ဘာမှ အပြစ်မရှိသယောင်ယောင် လုပ်ပြနေတာ… အခုကြည့်စမ်း ဟိုစုန်းမနဲ့ သွားပြီး ပလူးပလဲ လုပ်နေပြီ…”
ခပ်ဝေးဝေးတွင် ရပ်နေသော ရှောင်ချန်းသည် ထိုအခိုက်အတန့်ကို အမိအရဆုပ်ကိုင်လျက် လန်ရွှင်းနားသို့ ကပ်ရင်း အမိအရ ပြောလိုက်လေသည်။
“ပါးစပ်ကနေ ပြောလည်း ရနေတာကို… ဘာလို့ ဒီလောက်ကပ်လာတာလဲ…” လန်ရွှင်းက ခပ်ဝေးဝေးသို့ ရှောင်သွားလိုက်လေသည်။
“မင်းသမီး မကြားမှာစိုးလို့ပါ…” မင်းသမီးမှ သူ့အား ပလိပ်ရောဂါနှယ် ရှောင်ဖယ်သွားသည်ကို မြင်သော် ရှောင်ချန်း၏ မျက်နှာကြီး ပုပ်သိုးသိုး ဖြစ်သွားခဲ့လေသည်။ တစ်ချိန်တည်းတွင် ရန်ကိုင့်အပေါ်လည်း ပို၍ မုန်းတီးလာခဲ့သည်။
ရန်ကိုင်သည် မင်းသမီးလန်ရွှင်းအား ဤကဲ့သို့ ချည်းကပ်ခဲ့သော်ငြား မင်းသမီးသည် သူ့အား ရှောင်ဖယ်သွားသလို မရှောင်ဖယ်ခဲ့ချေ။ ရှောင်ချန်း၏ စိတ်ထဲ အလွန်ကိုမှ ဒေါသထွက်လာခဲ့လေသည်။
“ငါ နားမပင်းဘူး…” လန်ရွှင်းက အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ရှေ့ဘက်သို့ မယုံသင်္ကာဖြင့် ကြည့်ရင်း “ဘာပဲဖြစ်ဖြစ် ငါအခုသိချင်နေတာတစ်ခုတော့ရှိတယ်… ခုနတုန်းက ပေါ်လာတဲ့ ကြယ်စည်းတံဆိပ်တွေ အကုန်လုံး ဘယ်ရောက်သွားကုန်တာလဲ…”
ဤနေရာတွင် ရှိနေသည် လူအကုန်လုံးသည် ကြယ်စည်းတံဆိပ်များနောက်သို့ လိုက်လာကြခြင်း ဖြစ်သည်။ သို့သော်ငြား ယခုမူ မည်သည့် ကြယ်စည်းတံဆိပ်ကိုမျှ ဤနေရာတွင် မတွေ့ရချေ။ ထို့ကြောင့် လန်ရွှင်း လုံးဝ နားမလည်နိုင်အောင် ဖြစ်သွားခဲ့ရလေသည်။
“ကျုပ်လိုက်မေးကြည့်လိုက်မယ်…” ရှောင်ချန်းက ချက်ချင်း ပြောလိုက်လေ၏။ ပြောပြီးသည့်နောက်တွင် ဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်လေသည်။
ခဏအကြာတွင် သူ့အကြည့်သည် ခပ်ပုပု လူတစ်ဦးဆီတွင် ရပ်တန့်သွားခဲ့လေသည်။ ထိုခပ်ပုပုလူနှင့်တကွ အခြားသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးလည်း ရှိနေခဲ့လေသည်။
သုံးဦးစလုံးမှာ တူညီသော ဝတ်စုံကို ဝတ်ဆင်ထားကြလေရာ တစ်ဂိုဏ်းထဲမှ ဖြစ်ကြောင်း သိသာလှသည်။ သူတို့၏ ကျင့်ကြံခြင်းမှာ မနိမ့်ကျလှ။
ခပ်ပုပုနှင့်လူသည် တာအိုသခင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ကျန်နှစ်ဦးမှာတော့ တာအိုသခင် ဒုတိယအဆင့်များ ဖြစ်ကြလေသည်။
“မင်း ဒီကိုလာဦး…” ရှောင်ချန်းက ခပ်ပုပုနှင့်လူအား လက်ညှိုးထိုး၍ လှမ်းအော်ပြောလိုက်လေသည်။
ပုပုနှင့်လူသည် ဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်ပြီးနောက် သူ့ကိုယ်သူ လက်ညှိုးပြန်ထိုး၍ မယုံသင်္ကာဖြင့် မေးလိုက်လေသည်။
“ငါလား…”
“ဟုတ်တယ်… မင်းပဲ…” ရှောင်ချန်းက စိတ်မရှည်ဟန်ဖြင့် ပြန်ပြောလိုက်လေသည်။
ရှောင်ချန်းမှ သူ့အား လက်ယပ်ခေါ်နေသည်ကို မြင်သော် ခပ်ပုပုနှင့်လူ၏ အမူအယာ ပြောင်းလဲသွားခဲ့လေ၏။ တစ်ချိန်တည်းတွင် သူနှင့်အတူရှိနေသော အမျိုးသားနှင့် အမျိုးသမီးမှာလည်း စတင်၍ စိုးရိမ်လာခဲ့ကြလေသည်။ ရှောင်ချန်း ဘာကြောင့် သူတို့၏ စီနီယာအား လာရန် ခေါ်နေသလဲ ဆိုသည်ကို နားမလည်နိုင်အောင် ဖြစ်နေကြသည်။
ဥတုလေးမျိုးနယ်မြေထဲသို့ ဝင်မလာခင်က သူတို့ဂိုဏ်း၏ အကြီးအကဲများသည် ဥတုလေးမျိုးနယ်မြေထဲသို့ ဝင်လာမည့် လူများ အကြောင်းကို အသေးစိတ် စုံစမ်းခဲ့ကြသည်။
တစ်ချိန်တည်းတွင် အဓိက ဂိုဏ်းကြီးများ၏ လက်ရွေးစင် တပည့်များ နာမည်နှင့် သူတို့၏ ရုပ်ပုံများကိုလည်း သူတို့အား ပြသ ထားခဲ့ကြပေသည်။ ဤနည်းဖြင့် သူတို့ရန်မစသင့်သည့်လူများအား ခပ်ဝေးဝေးမှ ရှောင်ကြဉ်နိုင်ပေလိမ့်မည်။
ထို့အတွက်ကြောင့် ရှောင်ချန်းကို မြင်လိုက်သည်နှင့် သူမည်သူမှန်း သူတို့သုံးဦးစလုံး တန်းသိလိုက်ကြသည်။
ရှောင်ချန်းမှ သူ့အား လာရန် လှမ်းခေါ်နေသည်ကို မြင်သော် ခပ်ပုပုနှင့်လူ နှလုံးခုန် မြန်သွားခဲ့လေသည်။ သူသည် တာအိုသခင် တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သော်ငြား ရှောင်ချန်းနှင့်သာ သွားတိုက်ခိုက်မည်ဆိုပါက တမုဟုတ်ချည်း မည်သို့မည်ပုံ အသက်ပျောက်လို့ ပျောက်မှန်းမသိ ပျောက်သွားရပေလိမ့်မည်။
ဤသည်မှာ သူတို့ကြားရှိ ခွန်အား ကွာခြားချက်ပင် ဖြစ်လေသည်။ သူ့စိတ်ထဲ မသွားချင်သော်ငြား ရှောင်ချန်းမှ လှမ်းခေါ်နေသည် ဖြစ်သည့်အတွက်ကြောင့် သွားလိုက်ရပေသည်။
ရှောင်ချန်းဆီသို့ အရောက်တွင် အားတင်းပြုံးလျက် လက်သီးဆုပ်ကာ ပြောလိုက်လေ၏။
“ကျင်းလီ စီနီယာရှောင်ကို နှုတ်ဆက်ပါတယ်… စီနီယာရှောင် ဘာများ မေးချင်လို့လဲမသိဘူး…” ခပ်ပုပုနှင့်လူသည် ရှောင်ချန်းဆီသို့ ရောက်ရောက်ချင်း အရင်ဦးစွာ ဦးညွှတ်လိုက်သည်။
သူသည် ရှောင်ချန်းထက် အသက်ပိုကြီးသလို သူတို့နှစ်ဦး၏ ကျင့်ကြံခြင်းမှာ အတူတူသာ ဖြစ်သော်ငြား သူ့စိတ်ထဲ ရှောင်ချန်းအား စီနီယာဟု ခေါ်သည်မှာ ပို၍ သက်တောင့်သက်သာ ဖြစ်သလို ခံစားရသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၁၅၃)
ခပ်ပုပုနှင့်လူက သူ့ကိုယ်သူနှိမ့်ချနေသည်ကို မြင်သော် ရှောင်ချန်း၏ အမူအယာ ပြေလျော့သွားခဲ့သည်။ ထို့နောက် ပြုံး၍ မေးလိုက်လေသည်။
“ငါမေးဦးမယ်… မင်းဒီကို ရောက်နေတာ ဘယ်လောက်ကြာပြီလဲ…”
ကျင်းလီက ပြန်ပြောလိုက်သည်။ “ဆရာတို့ထက် စောရုံလေးစောပြီး ရောက်လာတာပါ…”
“ဒါဆို ကောင်းကင်ပေါ်က ကျလာတဲ့ဟာတွေ ဘယ်ကို ရောက်သွားလဲ မင်းတွေ့လိုက်လား…”
“တော်တော်များများကတော့ အဲ့ရွှေရောင်တိမ်တိုက်ထဲ ဝင်ပြီး ပျောက်သွားတာနဲ့တူတယ်…” ကျင်းလီသည် ကောင်းကင်ပေါ်တွင် ဝဲနေသော ရွှေရောင်တိမ်တိုက်ကြီးကို ညွှန်ပြရင်း ပြောလိုက်လေသည်။
“အဲ့ထဲ ရောက်သွားတာလား…” ရှောင်ချန်း မျက်ခုံးပင့်သွားခဲ့လေသည်။
သူ့ကျင့်ကြံခြင်းနှင့် ကောင်းကင်စိတ်အာရုံမှတစ်ဆင့် ရွှေရောင်တိမ်တိုက်ထဲ ပုံမှန်မဟုတ်သည့် စွမ်းအင်လှိုင်းများ ရှိသည်ကို ခံစားမိပေသည်။ မည်ကဲ့သို့သော အရာများ ထိုတိမ်တိုက်ထဲ ရှိနေသလဲ ဆိုသည်ကိုသာ မခန့်မှန်းနိုင်ခြင်း ဖြစ်သည်။
အဖြေရှာမရသည့်အဆုံး ရှောင်ချန်းသည် ရှက်ရှက်ဖြင့် လန်ရွှင်းဘက်သို့ လှည့်၍ ပြောလိုက်လေသည်။ “မင်းသမီး…”
လန်ရွှင်းက မျက်မှောင်ကျုံ့လျက် ပြန်ပြောလိုက်လေ၏။ “ငါတို့ တစ်ချက် စောင့်ကြည့်ကြတာပေါ့…”
ကြယ်စည်းတံဆိပ်များစွာမှာ ရွှေရောင်တိမ်တိုက်ထဲသို့ ကျသွားသော်ငြား အကြောင်းအရင်း သေသေချာချာ မစုံစမ်းပဲ ထိုတိမ်တိုက်ထဲသို့ ပြေးဝင်သွားခြင်းသည် အလွန်ကိုမှ အန္တရာယ်များပေသည်။
ဝူချန်းကဲ့သို့သော လူမျိုးပင်လျှင် ရပ်စောင့်ကြည့်နေသည်ကို ကြည့်လျှင် ထိုတိမ်တိုက်သည် အလွန်ကိုမှ အန္တရာယ်များသည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။
ရှောင်ချန်း မေးခွန်းမေးနေစဉ် အတောအတွင်း ရန်ကိုင်သည် နားစွင့်ကာ သေချာ နားထောင်နေခဲ့လေသည်။ ထို့ကြောင့်သူသည်လည်း ကျင်းလီပြောသည်ကို ကြားလိုက်သည်။
ထိုစကားကို ကြားပြီးသည့်နောက်တွင် ခို့ဝူဘက်သို့ မေးမြန်းသည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ ခို့ဝူသည် ကျင်းလီပြောသည်မှာ မှန်ကန်ကြောင်း ခေါင်းညိတ်ထောက်ခံ ပြလိုက်လေသည်။
အကုန်လုံး ရပ်စောင့်နေကြစဉ် အတောအတွင်း အခြားသူများ ရောက်ရှိလို့ လာခဲ့ကြသည်။ ထိုလူအများစုသည် အစောကြီးတည်းက ဤနေရာတွင် ရှိနေကြသူများ ဖြစ်ကြပြီး ကြယ်စည်းတံဆိပ်များ ကြွေကျသည့် မြင်ကွင်းကြောင့် ဤနေရာသို့ ပြေးလာကြခြင်း ဖြစ်ပေသည်။
အစကမူ လူအနည်းငယ်လောက်သာ ရှိသော်ငြား အချိန်တိုအတွင်း လူအရေအတွက်မှာ အလွန်တရာကိုမှ များပြားလာခဲ့လေသည်။
လူပေါင်းများစွာ စုဝေးလာကြသည့်နောက် ကျင့်ကြံသူများမှာ တစ်ဦးကိုတစ်ဦး သတိချပ်လာကြသဖြင့် ဤနေရာတစ်ဝိုက်ရှိ အခြေအနေမှာ ရုတ်ချည်းဆိုသလို တင်းမာလာခဲ့သည်။
သို့သော်ငြား ထိုအခြေအနေမှာ ကြာရှည်မခံခဲ့ပေ။ လက်ဖက်ရည်တစ်ခွက်စာ ကြာပြီးသည်နောက်တွင် ကောင်းကင်ထက်တွင်ဝဲနေသော ရွှေရောင်တိမ်တိုက်ဆီမှ တဝီဝီမြည်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုအသံသည် နားပင်းမတတ် မိုးခြိမ်းသံတမျှ ကျယ်လောင်လှသဖြင့် ကျင့်ကြံသူပေါင်းများစွာတို့သည် ထိုတိမ်တိုက်ဆီသို့ လှမ်းကြည့်မိလိုက်ကြသည်။
အကုန်လုံး၏ စိုးရိမ်တကြီး အကြည့်အောက်တွင် ရွှေရောင်တိမ်တိုက်ဆီမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာခဲ့ကြလေသည်။
မကြာမီ ဝိုးတဝါးတား ဧရာမအရိပ်ကြီးတစ်ခုသည် ရွှေရောင်အလင်းတန်းများကြားမှ တဖြည်းဖြည်း ထွက်ပေါ်လာခဲ့လေ၏။ ထိုအရိပ်ကြီး ပေါ်လာသည်နှင့်အမျှ ကောင်းကင်ထက်တွင် ဝဲနေသော ရွှေရောင်တိမ်တိုက်ကြီးမှာလည်း တဖြည်းဖြည်း တွန့်လိမ် ပျောက်ကွယ်သွားတော့လေသည်။
မကြာမီ ထိုအရိပ်ကြီး၏ အနားသတ် အားလုံးရှေ့တွင် ထင်ရှားစွာ ထွက်ပေါ်လာခဲ့လေ၏။
“ဒါက …”
“အဲ့တာ နန်းတော်ကြီးလား…”
“ဘယ်လိုလုပ်ပြီး ဒီနေရာမှာ နန်းတော်ကြီး ရှိနေရတာလဲ… အဲ့လိုနန်းတော်ကြီးကရော ဘယ်လိုလုပ်ပြီး လေထဲကနေ ဗြုန်းစားကြီး ပေါ်လာရတာလဲ…”
“ဟား…ဟား…ဟား… ငါအဲ့ဒါ ဘာလဲသိပြီကွ… အဲ့ဒါ အချိန်မြစ်နန်းတော်ပဲ… အရူးကောင်တွေ ဒါ ဒဏ္ဍာရီလာ အချိန်မြစ် နန်းတော်မှန်းတောင် မင်းတို့ မသိကြဘူးလားကွ…”
“အချိန်မြစ်နန်းတော်… ဘာကြီးလဲ…”
ဤနေရာတွင် ရှိနေသည့် လူအားလုံးထဲတွင် လူတိုင်းသည် အချိန်မြစ်နန်းတော်အကြောင်း သိထားကြသည်မဟုတ်။ အချို့သော မိသားစုငယ်လေးများ၊ ဂိုဏ်းငယ်လေးများမှ လာကြသည့် ကျင့်ကြံသူများသည် အချိန်မြစ်နန်းတော်အကြောင်း တစ်ခါမှ မကြားဖူးကြချေ။
အားကောင်းသော နောက်ခံကို ပိုင်ဆိုင်ထားသည့် အင်အားစုများမှ လာသည့် ကျင့်ကြံသူများသာ ထိုလျှို့ဝှက်ချက်အကြောင်းကို သိထားကြသည်။
ရှောင်ပိုင်ယီနှင့် မုယုံရှောင်ရှောင်တို့သည် ဤနေရာသို့ တမင်သက်သက် လာကာ အချိန်မြစ်နန်းတော်ကို လာရှာသည်ဟုပင် ရန်ကိုင် သံသယဝင်မိသည်။
ဝူချန်း၊ လန်ရွှမ်းနှင့် အခြားသော လူငယ်မျိုးဆက် ခေါင်းဆောင်အချို့မှာလည်း ဤနေရာသို့ ရောက်နေကြလေ၏။ သူတို့သာ အချိန်မြစ်နန်းတော်အကြောင်းကို သိမထားခဲ့လျှင် ဘာကြောင့်များ ဤနေရာသို့ လူစုံတက်စုံ ရောက်ရှိနေကြရမည်နည်း။
သူတို့အားလုံး လူစုံတက်စုံရောက်ရှိနေကြခြင်းသည် အလွန်ကိုမှ တိုက်ဆိုင်လွန်းလှသည်။ ထို့ကြောင့် ဤအရာသည် တိုက်ဆိုင်မှု သက်သက်တစ်ခု မဟုတ်တော့ချေ။
ရွှေရောင်တိမ်တိုက်ထဲမှ ထွက်လာသည့် နန်းတော်သည် ဒဏ္ဍာရီလာ အချိန်မြစ်နန်းတော် ဟုတ်မဟုတ်ဆိုသည်ကို မည်သူမျှ မသိကြသော်ငြား ထိုအရာသည် အချိန်မြစ်နန်းတော်ဖြစ်သည်မှာ သေချာသလောက် ရှိပေသည်။
အကြောင်းမှာ ဟွာချင်းစီပေးထားသည့် မြေပုံထဲ မှတ်သားထားသည့် နေရာသည် ဤအနီးအနားတစ်ဝိုက်တွင် ဖြစ်နေသောကြောင့်ပင် ဖြစ်လေသည်။
သို့သော်ငြား အချိန်မြစ်နန်းတော်သည် ဟင်းလင်းပြင်ထဲ ပုန်းအောင်းနေပြီး ဤကဲ့သို့သော ထူးဆန်းသည့် နည်းမျိုးဖြင့် ပေါ်လာလိမ့်မည်ဟု ရန်ကိုင် တစ်ခါမှ ထင်မှတ်ထားခဲ့ခြင်း မရှိပေ။
အချိန်မြစ်နန်းတော်၏ ခမ်းနားဆန်းကြယ်စွာ ပေါ်လာသည့် ပုံစံကြောင့် ပြိုင်ဘက်များစွာဖြင့် သူတို့ ရင်ဆိုင်ရပေတော့မည်။
ထိုကဲ့သို့သော အတွေးများ သူ့ခေါင်းထဲ ဖြတ်ပြေးနေစဉ် တစ်ယောက်ယောက်မှ သူ့အား စိုက်ကြည့်နေသည်ကို သတိပြုမိလိုက်သည်။
ထို့ကြောင့် ပိရန်ယုချင်းဘက်သို့ လှည့်၍ မေးလိုက်လေသည်။ “ငါ့မျက်နှာမှာ ပန်းတွေပွင့်နေလို့လား…”
ပိရန်ယုချင်းက အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေသည်။ “ဒီအချိန်မြစ်နန်းတော်အကြောင်းကို နင်သိထားတယ်မလား…”
ထိုစကားကိုကြားသည့်အခါ ရန်ကိုင် ယဲ့ယဲ့လေး ပြုံးလိုက်လေသည်။
ပိရန်ယုချင်းက ထပ်ပြောလိုက်လေသည်။ “ငါ့ကိုလည်း ပြောပြဦး… ပြောပြလိုက်လို့ နင့်အသား ပဲ့ပါသွားတာမှ မဟုတ်တာ…”
“ဟုတ်တယ်… ငါ့အသား ပဲ့ပါသွားတာတော့ မဟုတ်ဘူး… ဒါပေမဲ့… ငါ ဘာလို့ နင့်ကို ပြောပြရမှာလဲ…” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် ပြန်ပြောလိုက်လေသည်။
ပိရန်ယုချင်းသည် မကျေမနပ်ဖြင့် နှုတ်ခမ်းလေးဆူလျက် ပြန်ပြောလိုက်လေ၏။ "ဘာလဲ… နင်က နည်းနည်းလေးပိုပြီး အားကောင်းလာတာနဲ့ လူကို မခန့်လေးစားတွေ လုပ်တော့တာပေါ့… ဘာလဲ နင် ဘာကို စိုက်ကြည့်နေတာလဲ…”
ပြောနေစဉ်အတောအတွင်း ပိရန်ယုချင်းသည် ရန်ကိုင်ကို စူးရဲစွာ စိုက်ကြည့်ရင်း သူမ၏ ရင်ဘတ်အား လက်ဖြင့် ချက်ချင်းကာလျက် ဆက်ပြောလိုက်လေသည်။
“နင် မဟုတ်တရုတ်တွေ လျှောက်တွေးနေတာ မဟုတ်ဘူးမလား…”
“ကျုပ်ဆီက တစ်ခုခုလိုချင်ရင် ခင်ဗျားဘက်ကလည်း တစ်ခုခု ပြန်ပေးရမယ်လေ…” ရန်ကိုင်က ပိရန်ယုချင်းအား စိုက်ကြည့်ရင်း ပြန်ပြောလိုက်သည်။
ပိရန်ယုချင်းမှာ ဒေါသထွက်ထွက်ဖြင့် အံကြိတ်ရုံသာ တတ်နိုင်တော့လေ၏။ ထိုအချင်းအရာကို မြင်သည့်အခါ ခို့ဝူက ပြုံးလျက် ပြောလိုက်လေ၏။
“ဂျူနီယာညီလေးရန်… အဆင်ပြေမယ်ဆိုရင် ငါတို့ကို အချိန်မြစ်နန်းတော်အကြောင်း ပြောပြပေးလို့ရမလား… ကာကွယ်သူပိရန်နဲ့ ငါက အဲ့အကြောင်း တစ်ကယ်မသိလို့ပါကွာ…”
ရန်ကိုင်က မျက်မှောင်ကျုံ့၍ ပြောလိုက်လေသည်။ “စီနီယာအစ်ကိုခို့က ယဉ်ယဉ်ကျေးကျေးနဲ့ မေးတာဆိုတော့ ကျုပ်ကလည်း ပြောပြပေးရမှာပေါ့… ဒါပေမဲ့ ကျုပ်အရင် ပြောထား လိုက်မယ်နော်… ကျုပ်သိတာတွေ ပြောပြပြီးသွားပြီဆိုရင် ကျုပ်တို့ကြားမှာ ဘာအကြွေးမှ မရှိတော့ဘူး… ဘာမှလည်း မပတ်သက်တော့ဘူး…”
“နင် ဘာလို့ ငါတို့ကို ဒီလောက်တောင် သတိထားနေရတာလဲ…” ပိရန်ယုချင်းက ဒေါသတကြီးဖြင့် အော်မေးလေသည်။
ရန်ကိုင်နှင့် စတွေ့လိုက်သည့်အချိန်မှစ၍ ရန်ကိုင်သည် သူမနှင့် ခို့ဝူကို အဆက်မပြတ် သတိထားနေသည်ကို ပိရန်ယုချင်း သတိထားမိခဲ့သည်။ ရန်ကိုင့်အား ကြည့်ရသည်မှာ သူတို့ဆီမှ ဝေးနိုင်သမျှ ဝေးဝေးသို့ သွားချင်နေသည့် ပုံစံမျိုးပင်။
“ငါ ရှင်းပြရင်တောင် နင် နားလည်မှာ မဟုတ်ပါဘူး…” ရန်ကိုင်သည် ပိရန်ယုချင်းအား အလေးအနက် အမူအယာဖြင့် စိုက်ကြည့်၍ ပြန်ပြောလိုက်သည်။
“အချိန်မြစ်နန်းတော်အကြောင်းကိုတော့ ငါလည်း အများကြီး သိထားတာတော့ မဟုတ်ဘူး… ကောလဟာလတွေ ပြောကြတာတော့ အဲ့ဒါက အချိန်မြစ်မဟာဧကရာဇ် နေခဲ့တဲ့ နေရာတဲ့… ပြီးတော့ ငါတို့ အခုရောက်နေတဲ့ ဥတုလေးမျိုးနယ်မြေကလည်း အချိန်မြစ်မဟာဧကရာဇ် ကိုယ်တိုင်ကပဲ ဖန်တီးခဲ့တာ…”
“အချိန်မြစ် မဟာဧကရာဇ်…” ထိုစကားကို ကြားသည့်အခါ ပိရန်ယုချင်း၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေ၏။ သူမပုံစံကို ကြည့်ရသလောက် အချိန်မြစ်မဟာဧကရာဇ်အကြောင်းကို ကြားဖူးနေသည့်ပုံပင်။
ရန်ကိုင်သည် ခေါင်းညိတ်ပြလိုက်ပြီးသည့်နောက် သူ့အတွေးများကို ဆက်မပြောခင် သေချာစဉ်းစားလိုက်လေသည်။ ရှင်းရှင်း ပြောရလျှင် သူကိုယ်တိုင်လည်း အချိန်မြစ်နန်းတော်အကြောင်း များများစားစား မသိထားချေ။
အချိန်မြစ်နန်းတော်ထဲတွင် မည်သည့်အရာများ ရှိနေသလဲ ဆိုသည်ကိုလည်း သူမသိ။ ထိုနန်းတော်ထဲတွင် အခွင့်အလမ်းများစွာ ရှိနေနိုင်သလို သေကွင်းသေကွက် ထောင်ချောက်များလည်း ရှိနေနိုင်ပေသေးသည်။
“ဒါဆိုရင် ကြည့်ရတာ ခုနတုန်းက ပေါ်လာတဲ့ ကြယ်စည်းတံဆိပ်တွေက အဲ့အချိန်မြစ်နန်းတော်ထဲကို ရောက်သွားတာနဲ့ တူတယ်…” ပိရန်ယုချင်းက ပြောလိုက်သည်။
“ဖြစ်နိုင်တယ်…” ရန်ကိုင်က ပြုံးလျက် “ဒါပေမဲ့… အဲ့ကြယ်စည်းတံဆိပ်တွေ ပေါ်လာလို့ပဲ အဲ့အချိန်မြစ်နန်းတော် ပေါ်လာတာလည်း ဖြစ်နိုင်တယ်…”
“ဂျူနီယာညီလေးရန် ပြောချင်တာက… ကြယ်စည်းတံဆိပ်တွေက သူ့ဘာသာသူ အခွင့်အရေးသီးသန့် တစ်ခုပေါ့… အဲ့ကြယ်စည်းတံဆိပ်တွေ ကြောင့်သာ မဟုတ်ရင် ဒီအချိန်မြစ်နန်းတော်ကို ငါတို့ ဘယ်တော့မှ ရှာတွေ့ကြမှာ မဟုတ်ဘူးပေါ့…” ခို့ဝူက ပြောလိုက်သည်။
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်လေ၏။ ထို့နောက် သူ့အမူအယာမှာ ပို၍ စိတ်လှုပ်ရှားလာခဲ့လေသည်။ “ဒါပေမဲ့ အခုလိုဆိုရင်တောင် အချိန်မြစ်နန်းတော်မှာ အခွင့်အရေးတွေ အများကြီးရှိနေဦးမှာပဲ… အချိန်မြစ်မဟာဧကရာဇ် နေခဲ့တဲ့ နေရာမှာ ဘယ်လိုလုပ်ပြီး အဖိုးတန်ရတနာတွေ မရှိပဲ နေမှာလဲ ကြယ်စည်းတံဆိပ်တွေကတော့… အဲ့ဒါတွေကလည်း ရတဲ့သူတွေ ယူကြဦးမှာပေါ့…”
သူတို့ အချင်းချင်း စကားပြောနေကြစဉ် ကောင်းကင်ထက်ရှိ ရွှေရောင်တိမ်တိုက်ကြီးမှာ လုံးဝ ပျောက်ကွယ်သွားသည်။ ထိုနေရာတွင် ကြီးကျယ်ခမ်းနားလှသော နန်းတော်ကြီးတစ်ခုက အစားထိုး ဝင်ရောက်လာခဲ့လေသည်။
အတော်လေးကိုမှ ဝေးကွာနေသည့်တိုင် အကုန်လုံး၏ စိတ်ထဲ ဧရာမအရာကြီးတစ်ခုခု တဖြည်းဖြည်းချင်း နိုးထလာနေသည်အား စိုက်ကြည့်နေရသလို ခံစားနေကြရလေသည်။
နောက်ဆုံး အခိုက်အတန့်သို့ အရောက်တွင် နန်းတော်မှာ အပြည့်အဝထွက်ပေါ်လာပြီး ၎င်းအနီးတစ်ဝိုက်ရှိ ဟင်းလင်းပြင်မှာ ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့လေသည်။
“ရွှစ်…”
လေခွင်းသံနှင့်အတူ ပုံရိပ်နှစ်ခု တစ်ပြိုင်တည်း ပြေးထွက်သွားကြသည်။ ထိုပုံရိပ်နှစ်ခုမှာ ဝူချန်းနှင့် လော့ယွမ်သာ ဖြစ်ကြပေသည်။ သူတို့နှစ်ဦးသည် မိမိခွန်အားအပေါ် အပြည့်အဝ ယုံကြည်ချက်ရှိသည့်အတွက် ချက်ချင်း ပြေးထွက်သွားရန် တုံ့ဆိုင်း မနေခဲ့ကြ။
သူတို့နှစ်ဦး စလှုပ်ရှားသည်ကို မြင်သော် အခြားသော ကျင့်ကြံသူများသည်လည်း ငြိမ်မနေကြတော့ပဲ သူတို့၏ လှုပ်ရှားမှု ပညာရပ်အသီးသီးကို ထုတ်သုံးကာ ကောင်းကင်ပေါ်သို့ ပျံတက် သွားကြတော့လေ၏။
ရန်ကိုင်သည်လည်း ထိုလူများထဲ ပါဝင်ပေသည်။ သူပြောသလိုပင် အချိန်မြစ်နန်းတော်ထဲ မည်ကဲ့သို့သော အခွင့်အလမ်းများ ရှိနေသလဲဆိုသည်ကို မည်သူမျှ မသိကြ။ ထို့အပြင် ထိုနန်းတော်ထဲတွင် သူတို့ ရယူရန် လိုအပ်နေသော ကြယ်စည်းတံဆိပ်များစွာလည်း ရှိနေပေသေးသည်။
မြေပြင်ပေါ်က ကြည့်နေစဉ်က သိပ်မသိသာခဲ့သော်ငြား တဖြည်းဖြည်း နီးကပ်လာပြီးနောက် အချိန်မြစ်နန်းတော် မည်မျှ ကြီးမားမှန်းကို သူတို့ မြင်တွေ့လာခဲ့ရသည်။
အကုန်လုံးသည် အရှိန်ကုန်တင်ကာ ပျံသန်းနေကြသော်ငြား အချိန်မြစ်နန်းတော်၏ ဝင်ပေါက်ဆီသို့ ရောက်ရန် ဆယ့်ငါးမိနစ်ခန့် အချိန်ယူလိုက်ရလေသည်။
အချိန်မြစ်ကျောင်းတော် ဘေးပတ်လည်တစ်ဝိုက်တွင် ရွှေရောင် အလင်းအကာအရံတစ်ခု ရှိနေခဲ့သည်။ ဝင်ပေါက်ဟု ထင်မှတ်ရသော နေရာတွင်တော့ အချိန်မြစ်ဟူသော ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားခဲ့လေသည်။
ထိုစကားလုံးသုံးလုံးမှာ အလွန်ကိုမှ ဟိတ်ဟန်ကြီးမားလှသလို ဆန်းလဲဆန်းကြယ်လှသည်။ စာလုံးများကို အချိန်ခဏကြာအောင် စိုက်ကြည့်မိသူတိုင်း ခေါင်းမူးလာရလေသည်။
ရန်ကိုင်သည်လည်း ထိုစကားလုံးသုံးလုံးကို ခဏကြာအောင် စိုက်ကြည့်နေပြီးသည့်နောက် ချက်ချင်းပဲ သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ ခေါင်းခါလိုက်လေ၏။
ကံမကောင်း အကြောင်းမလှသည့်လူမှာတော့ ထိုစကားလုံးသုံးလုံးကို ကြည့်ရင်း အချိန်မီ သူ့အကြည့်ကို ပြန်မရုတ်သိမ်းနိုင်ခဲ့ပေ။ ထိုသူသည် ဘယ်ကမှန်းမသိသော ဂိုဏ်းတစ်ခုမှ ဖြစ်ကာ တာအိုသခင် ဒုတိယအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားခဲ့သည်။
သူသည် အခြားသူများကဲ့သို့ပင် နန်းတော်ဆီသို့ ပျံသန်းလာပြီးသည့်နောက် ဝင်ပေါက်ပေါ်တွင် ရှိနေသော ဆိုင်းဘုတ်ပေါ်ရှိ အချိန်မြစ်ဟူသော စကားလုံးသုံးလုံးကို စိုက်ကြည့်မိသွားခဲ့သည်။ သို့တိုင် သူ့အကြည့်ကို အချိန်မီ ပြန်မရုတ်သိမ်းနိုင်ခဲ့ပေ။
ရုတ်တရက်ဆိုသလို ထိုသူ၏ မဲနက်နေသော ဆံပင်များမှာ ရုတ်ချည်း အဖြူရောင်သန်းလာခဲ့သည်။ ခဏအကြာတွင် အဖြူရောင်သန်းနေသော ဆံပင်များမှာ သူ့ခေါင်းပေါ်မှ ကျွတ်ထွက်ကုန်ကာ တစ်ခေါင်းလုံး ခေါင်းတုံးပြောင် ဖြစ်သွားခဲ့သည်။
တစ်ချိန်တည်းတွင် တောင့်တင်းကြံ့ခိုင်သော သူ့ခန္ဓာကိုယ်မှာ အလွန်ကိုမှ အသက်ကြီးရင့်လာသည့်အလား အသက်ဆယ်ရှိုက်စာအတွင်း သူ့တစ်ကိုယ်လုံး ပါးရေတွန့်နေသည့် အဘိုးအိုကြီး တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
အချိန်မြစ်ဟူသော စကားလုံးသုံးလုံးကို စိုက်ကြည့်နေသည့်အချိန်မှာ တစ်ခဏတာမျှသာ ဖြစ်သော်ငြား ထိုလူအတွက်မူ အနှစ်တစ်ထောင်လောက်ပင် ကြာညောင်းသွားသည့်အလား။
ထိတ်လန့်စရာ အကောင်းဆုံးမှာ ထိုလူသည် သူ့ခန္ဓာကိုယ် ထိုကဲ့သို့ ဖြစ်သွားသည်ကိုပင် သတိမမူမိခြင်းပင်။ အချိန်မြစ်ဟူသော စကားလုံးသုံးလုံးကိုသာ မမှိတ်မသုန် စိုက်ကြည့်နေခဲ့လေ၏။
ထိုလူမှာ အလွန်တရာကိုမှ သတိလက်လွတ်ဖြစ်နေလေရာ သူ့ခန္ဓာကိုယ် အဘိုးအိုကြီးတစ်ဦး၏ ပုံစံအဖြစ်သို့ ပြောင်းလဲသွားသည်ကိုပင် သတိမပြုမိပဲ ပြုံးပင် ပြုံးနေခဲ့လေသည်။
ခဏအကြာတွင် ထိုလူ့ကိုယ်ထဲရှိ အသက်စွမ်းအင်အားလုံး ပျောက်ကွယ်သွားခဲ့ပြီး ကောင်းကင်ပေါ်မှ ပြုတ်ကျသွားခဲ့လေ၏။ တစ်ခဏအကြာ၌ အောက်ဘက်ဆီမှ ဘုတ်ဟူသော အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။
ထိုအချင်းအရာကို မြင်ပြီးသည့်နောက် အကုန်လုံး၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့သည်။ ထိုလူကို ဥပမာယူ၍ မည်သူမျှ အချိန်မြစ်ဟူသော စကားလုံးများ ထိုးထွင်းထားသည့် ဆိုင်းဘုတ်အား သွားရောက် မစိုက်ကြည့်ကြတော့ချေ။
ထိုစကားလုံးများထဲ အချိန်မြစ်မဟာဧကရာဇ်၏ ဆန်းကြယ်သော စွမ်းအင်များ ကိန်းအောင်းနေသည့်အလား ထိုစကားလုံးများကို စိုက်ကြည့်လိုက်သည့် မည်သည့်တာအိုသခင်အဆင့် ကျင့်ကြံသူမဆို သူတို့၏ အကြည့်ကို ပြန်ရုတ်သိမ်းနိုင်တော့လိမ့်မည် မဟုတ်ချေ။
“ဘုန်း… ဘုန်း… ဘုန်း…”
ထိုအခိုက်အတန့်တွင် ပထမဦးဆုံး ပြေးထွက်လာခဲ့ကြသော ဝူချန်းနှင့် လော့ယွမ်တို့ အဓိကခန်းမရှေ့သို့ တစ်ပြိုင်တည်း ရောက်ရှိလာခဲ့ကြသည်။ သို့သော်ငြား နန်းတော်ပတ်လည်တွင် ရှိနေသော ရွှေရောင် အကာအကွယ်ကြောင် သူတို့ ရှေ့ဆက် မသွားနိုင်တော့ချေ။
သူတို့နှစ်ဦးသည် အမျိုးမျိုးသော နည်းလမ်းများကို သုံး၍ ထိုအကာအရံကို ဖောက်ထွက်ရန် ကြိုးစားကြည့်သော်ငြား မည်သို့မျှ မချိုးဖြတ်နိုင်ကြောင်း တွေ့ရှိလိုက်ရသည်။
နှစ်ဦးစလုံးသည် သူတို့တတ်မြောက်ထားသည့် တိုက်ခိုက်မှုနည်းလမ်း အသွယ်သွယ်ကို သုံးလျက် ရွှေရောင်အကာအကွယ်အား တိုက်ခိုက်လိုက်ကြသော်ငြား အံ့အားသင့်ဖွယ်ကောင်းစွာပင် သူတို့၏ တိုက်ခိုက်မှုအားလုံးမှာ ပြန်ကန်ထွက်လာသဖြင့် ဝူချန်းနှင့် လော့ယွမ်တို့နှစ်ဦးစလုံး အလျင်အမြန် နောက်သို့ ပြန်ဆုတ်လိုက်ကြရလေသည်။
ပြန်ကန်ထွက်လာသော တိုက်ခိုက်မှုများကြောင့် နှစ်ဦးစလုံး ဒဏ်ရာအချို့ပင် ရသွားခဲ့ကြသေး၏။
“မင်းတို့ ဒီလောက် မြန်မြန်လာတော့ရော ဘာဖြစ်လဲ… အခုတော့ ပိတ်နေတာပဲ မဟုတ်ဘူးလား…” သူတို့နောက်မှ ရောက်လာသော ရှောင်ချန်းသည် ဝူချန်းနှင့် လော့ယွမ်တို့၏ အဖြစ်ကို မြင်သော် အော်ရယ်မောတော့လေ၏။
ဝူချန်းသည် ရှောင်ချန်းအား ဒေါသတကြီး စိုက်ကြည့်ရင်း နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်၏။ “မင်းမှာ အရည်အချင်းရှိရင် ငါ့ကို ရယ်ပဲ ရယ်မနေနဲ့… မင်းကိုယ်တိုင် လာဝင်ပြလိုက်လေ…”
ထိုစကားကိုကြားသော် ရှောင်ချန်းက ယဲ့ယဲ့လေးပြုံးလျက် ခေါင်းခါရင်း ပြန်ပြောလိုက်လေသည်။ “ရောင်းရင်းဝူချန်းတောင် မဝင်နိုင်တာကို ဒီရှောင်ကရော ဘယ်လိုလုပ်ပြီး ဝင်နိုင်မှာလဲ… ငါ့ခွန်အားကို အလဟသတ် ဖြုန်းတီးမပစ်ချင်ဘူး…”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၁၅၄)
“အဲ့ဒါဆိုရင် မင်းပါးစပ်ကို ပိတ်ထားလိုက်…” ဝူချန်းက ပြန်ပြောလိုက်သည်။
ရှောင်ချန်းသည် တောင်ဘက်နယ်မြေ၏ အရှင်သခင်ဖြစ်သော ကြယ်ဝိဉာဉ်နန်းတော်မှ လက်ရွေးစင်တစ်ဦး ဖြစ်သည့်တိုင် ဝူချန်းကမူ သူ့အား လုံးဝမကြောက်ချေ။
ဝူချန်းအတွက်မူ လူနှစ်မျိုးနှစ်စားသာ ရှိသည်။ သူ့ထက်ပိုအားကောင်းသည့်လူနှင့် အားနည်းသည့်လူပင်။ အားကောင်းသည့် လူသည် သူ၏ လေးစားမှုကို ရမည်ဖြစ်ကာ သူ၏ တိုက်ခိုက်လိုစိတ်ကို နှိုးဆွပေးနိုင်သည်။
အားနည်းသည့် လူများမှာမူ သူ၏ အထင်သေးမှုနှင့်သာ ထိုက်တန်ပေသည်။ သူတို့မည်သူပင် ဖြစ်နေစေကာမူ ဝူချန်းကမူ အနည်းငယ်မျှ လေးစားနေလိမ့်မည်မဟုတ်။
လူရှေ့သူရှေ့တွင် ဝူချန်း၏ အထင်အမြင်တသေးဖြင့် ပြောဆိုခြင်း ခံလိုက်ရသော် ရှောင်ချန်းမှာ အနည်းငယ်မျှပင် သည်းမခံနိုင်ပဲ မှုန်ကုပ်ကုပ် အမူအယာဖြင့် ပြန်ပြောလိုက်လေ၏။
“ငါ့မှာ အရေးကြီးကိစ္စတစ်ခု ရှိနေလို့ပေါ့ကွာ… မဟုတ်ရင် မင်းရဲ့ခွေးအသက်ကို ယူပစ်လိုက်တာကြာပြီ…”
သူပြောနေသည့် အရေးကြီးကိစ္စမှာ မင်းသမီးလန်ရွှမ်းအား ကာကွယ်ပေးရမည့် တာဝန်သာ ဖြစ်လေသည်။
ဝူချန်းကမူ လှောင်ပြုံးတစ်ချက်သာ ပြုံးလိုက်ပြီး မည်သည့်စကားမျှ ပြန်မပြောခဲ့ပေ။
သူတို့နှစ်ဦး စကားပြောနေစဉ် အတောအတွင်း ကျင့်ကြံသူပေါင်းများစွာ ကျောင်းတော်ရှေ့သို့ ရောက်လာခဲ့ကြသည်။ အကုန်လုံးသည် လွတ်သည့် နေရာတစ်ခုကိုရှာကာ သူတို့ရှေ့ရှိ ကြီးကျယ်ခမ်းနားလှသော အဆောက်အဦးအား အံ့ဩတကြီး ငေးမောကြည့်ရှု နေလိုက်ကြလေ၏။
“ရောင်းရင်းတို့… မင်းတို့ ဘယ်လိုထင်လဲ…” လူတစ်ဦးသည် အကြောက်အလန့်မရှိပဲ ဝူချန်းနှင့် အခြားသူများရှေ့ ထွက်လာကာ အားလုံးအား ဝေ့ကြည့်၍ မေးလိုက်လေသည်။
“ငါတို့ ဒီရွှေရောင်အကာအကွယ်ကို ဘယ်လိုဖျက်ဆီးကြမလဲ…”
ထိုလူသည် ခန့်ညားတည်ကြည်သော အသွင်အပြင်ကို ပိုင်ဆိုင်ထားသည်။ သူ့အသက်မှာ အသက်၃၀ခန့် ရှိမည် ထင်ရကာ အနက်ရောင်အဝတ်အစားများကို ဝတ်စားထားလေသည်။ ထို့အပြင် သူ၏ ကျင့်ကြံခြင်းမှာလည်း ရှောင်ချန်းတို့ကဲ့သို့ပင် တာအိုသခင် တတိယအဆင့် ဖြစ်နေခဲ့သည်။
“ခုန်းချီ… မင်းလည်း ဒီရောက်နေတာလား…” ရှောင်ချန်းသည် သူ့ရှေ့ရှိလူအား မျက်လုံးမှေးစင်းကာ စိုက်ကြည့်၍ မေးလိုက်လေသည်။
ခုန်းချီဟူသော လူငယ်လေးက ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေ၏။ “ငါဘာလို့ ဒီကို မရောက်နိုင်ရမှာလဲ… ငါတို့ ခုနှစ်ရောင်စင်ကုန်သွယ်ရေး အဖွဲ့အစည်းက ဝင်ခွင့်နေရာတွေ အများကြီး ရထားတာ… မင်းမေးခွန်းက တော်တော်လေး ထူးဆန်းနေတယ်နော်…”
သူပြောသည်ကို ကြားပြီးနောက် ထိုလူငယ်လေးသည် ခုနှစ်ရောင်စဉ်ကုန်သွယ်ရေး အဖွဲ့အစည်း၏ တက်သစ်စ ကြယ်ပွင့်တစ်ဦး ဖြစ်မည်မှန်း ရန်ကိုင် ချက်ချင်း နားလိုက်လေသည်။
ခုနှစ်ရောင်စဉ်ကုန်သွယ်ရေး အဖွဲ့အစည်းနှင့် ခရမ်းကြယ်စင်ကုန်သွယ်ရေး အဖွဲ့အစည်းတို့မှာ စီးပွားရေးကိုသာ ဦးတည် လုပ်ကိုင်ကြသော်ငြား ထိုအင်အားစုနှစ်ခု၏ ခွန်အားမှာ အခြားသော ထိပ်တန်းအဆင့်အင်အားစုများ၏ ခွန်အားအောက် နိမ့်ကျခြင်း မရှိချေ။
“ဒီခုန်းကြည့်ရသလောက်တော့ ဒီရွှေရောင်အကာအကွယ်က အားကောင်းတဲ့ အစီအရင်တစ်ခုပဲ… မင်းတို့ထဲမှာ အစီအရင်ပညာကို ကျွမ်းကျင်တဲ့သူ တစ်ယောက်ယောက်များ မရှိကြဘူးလား…” ခုန်းချီကမေးလိုက်သည်။
“တကယ့်စွမ်းအားရှေ့မှောက်မှာ အကာအကွယ်တွေ လှည့်ကွက်တွေဆိုတာ ဘာမှ အသုံးမဝင်ဘူး… ရွှေရောင်အကာအကွယ်ကြောင့် သွားလို့မရဘူးဆိုရင် ဖျက်ဆီးပစ်လိုက်ရုံပေါ့…” ရုတ်တရက် လူအုပ်ကြီးထဲမှ အေးစက်စက် နှာခေါင်းရှုံ့သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။
ထို့အသံနှင့်အတူ လော့ယွမ် ရှေ့သို့ ထွက်လာခဲ့လေ၏။ မြေပြင်အား ကန်ကျောက်၍ လေပေါ်သို့ ခုန်တက်ကာ သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ တစ်ချိန်တည်းတွင် သူ့လက်ထဲ၌ ပုဆိန်ကြီးတစ်လက် ပေါ်လာခဲ့လေသည်။ ပုဆိန်ထဲသို့ အရင်းအမြစ်ချီကို အရူးအမူးထည့်သွင်းလျက် နိယာမစွမ်းအားများကို ပုဆိန်အသွားတွင် စုစည်းလိုက်လေ၏။
ထို့အတွက်ကြောင့် အနီးအနားရှိ မိုးမြေစွမ်းအင်များ ကသောင်းကနင်း ဖြစ်လာကာ ကြောက်မက်ဖွယ်ရာ ဖိအားတစ်ရပ် ဖြာထွက်လာခဲ့လေသည်။ ထိုဖိအားအောက်တွင် ကျင့်ကြံသူပေါင်းများစွာတို့၏ မျက်နှာများ ဖြူလျော်သွားခဲ့သည်။
ဝူချန်းကဲ့သို့သော အားကောင်းသည့် ကျင့်ကြံသူတစ်ဦးပင်လျှင် လော့ယွမ်၏ တိုက်ကွက်မှ ဖြာထွက်လာသော ဖိအားကို ခံစားမိလိုက်သည့်နောက် သူ့အမူအရာ အနည်းငယ် လေးနက်တည်ကြည်သွားခဲ့သည်။
“လမ်းစဉ်ရှစ်သွယ်ဂိုဏ်းက တကယ်ကြီး မွန်းစတားတစ်ကောင်ကို မွေးထုတ်ပေးလိုက်တာပဲ…” လန်ရွှင်းသည် ထိုအချင်းအရာကိုကြည့်ရင်း မှတ်ချက်ပေးလိုက်လေသည်။
မှိန်ဖျော့ဖျော့ အလင်းအရောင်အဝါတစ်ခုသည် သူမခန္ဓာကိုယ်ပတ်လည်တွင် ဝန်းရံလျက် လော့ယွမ်၏ တိုက်ကွက်မှ ဖြာထွက်နေသော ဖိအားကို ကာကွယ်ပေးနေခဲ့သည်။
ယခုအချိန်မတိုင်ခင်အထိ လန်ရွှင်းစိတ်ထဲ အနည်းငယ်တော့ သံသယ ဖြစ်မိပေသေးသည်။ အလယ်အလတ်အဆင့် ပြည့်မီရုံလေးသာရှိသော ဂိုဏ်းငယ်လေးတစ်ဂိုဏ်းသည် မည်ကဲ့သို့များ ထိုကဲ့သို့သော ပါရမီရှင်တစ်ဦးကို မွေးထုတ်ပေးနိုင်ရသနည်း။
ကြယ်ဝိဉာဉ်နန်းတော်ကဲ့သို့သော အင်အားစုကြီးတွင်ပင် ထိုကဲ့သို့သော ပါရမီရှင်များမှာ ရှားပါးလှပေသည်။
(သူ ဝူချန်းကို မကြောက်မရွံ့နဲ့ သွားစိန်ခေါ်ရဲတာ မထူးဆန်းတော့ပါဘူးလေ… ဒီခွန်အားနဲ့ သူဘာကို ကြောက်နေစရာ လိုဦးမှာလဲ…)
ရုတ်တရက် ပုဆိန်အား ကိုင်ထားသော လော့ယွမ်၏ လက်မောင်းနှစ်ဖက်သည် ရုတ်ချည်း ဖောင်းကား ထွက်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် ပုဆိန်အသွားမှ ဖြာထွက်နေသော စွမ်းအင်အရောင်အဝါမှာလည်း ပို၍ သိပ်သည်းလာခဲ့လေ၏။
ထိုကဲ့သို့သော စွမ်းအင်တိုးတက်သည့်နှုန်းသည် ငါးကြိမ်ငါးခါမျှ ဖြစ်သွားခဲ့လေသည်။ ထိုသို့ ဖြစ်လာခဲ့ပြီးနောက် လော့ယွမ်၏ အနီးတစ်ဝိုက်ရှိ ဟင်းလင်းပြင်မှာ ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအင်များကြောင့် စတင် အက်ကွဲလာခဲ့လေသည်။
လော့ယွမ်၏ အနီးအနားတွင် ရပ်နေသော ဝူချန်းနှင့် အခြားသူများမှာလည်း ခြေခိုင်ခိုင်ပင် မရပ်နိုင်ကြတော့ချေ။ အားနည်းသည့် ကျင့်ကြံသူများမှာမူ မျက်နှာများ သွေးစုတ်ဖြူလျော်ကုန်ကြပြီး ခပ်ဝေးဝေးသို့ ပြန်ဆုတ်သွားကြရလေ၏။
လော့ယွမ်၏ ထိုတိုက်ကွက်သာ သူတို့အား လာထိလျှင် မည်ကဲ့သို့ ဖြစ်လာမလဲဟု အကုန်လုံးစိတ်ထဲ တွေးမိလိုက်ကြလေသည်။
ရန်ကိုင်သည်လည်း ထိုတိုက်ကွက်ကို မြင်ပြီးနောက် အံ့အားသင့်သွားခဲ့လေ၏။ သို့သော်ငြား ထိုကဲ့သို့သော တိုက်ကွက်မျိုးအား တကယ့်တိုက်ပွဲတွင် သုံး၍မရမှန်း သူကောင်းကောင်းသိသည်။
တိုက်ကွက်ကို ထုတ်ဖော်ရန်အတွက် စွမ်းအင်များကို စုဝေးရန် လိုအပ်ကာ အချိန်တော်တော် ယူရလေသည်။ မည်သည့်ရန်သူမှ လော့ယွမ်အား ထိုမျှ စွမ်းအင်စုဆောင်းရန် အချိန်ပေးနေလိမ့်မည်မဟုတ်။
ထို့အပြင် ထိုကဲ့သို့သော အားကောင်းလှသည့် တိုက်ကွက်မျိုးကို ထုတ်ဖော်ရန်အတွက် လော့ယွမ်အနေဖြင့် အတော်လေးကိုမှ စွမ်းအင်သုံးစွဲရန် လိုအပ်ပေသည်။ ထို့အပြင် တစ်ချက်မှ အာရုံမပျံ့လွင့်သွားရန်လည်း လိုအပ်ပေသေး၏။
“သွားလိုက်စမ်း…” ရုတ်တရက် လော့ယွမ်သည် ဟိန်းဟောက်အော်ဟစ်၍ သူ့တိုက်ပွဲပုဆိန်အား ခုတ်ချလိုက်လေသည်။
ကမ္ဘာလောကတစ်ခုလုံးအား ဖျက်ဆီးပစ်နိုင်မည်ဟု ထင်မှတ်ရလောက်အောင် အားကောင်းလှသော စွမ်းအင်အလင်းတန်းတစ်ခုသည် ရွှေရောင်အကာအရံတည့်တည့်သို့ တိုးဝင်သွားခဲ့လေ၏။
ထိုအခိုက်အတန့်တွင် အကုန်လုံးသည် အသက်ပင်မရှူနိုင်ကြတော့ပဲ ထိုမြင်ကွင်းအား ငြိမ်သက်စွာ စိုက်ကြည့်နေကြလေသည်။
“ဘုန်း…”
ပုဆိန်အလင်းတန်းနှင့် ရွှေရောင်အကာအကွယ်တို့ ထိခတ်သွားသည့် နေရာတစ်ခုလုံး အလင်းတန်းတို့ တဖျတ်ဖျတ် တောက်ပလာခဲ့လေ၏။ အကာအကွယ်မှာ အနည်းငယ် ချိုင့်ဝင်သွားခဲ့သော်ငြား ပျက်တော့ မပျက်စီးသွားခဲ့ပေ။
ချက်ချင်းဆိုသလို ချိုင်ဝင့်နေသော ရွှေရောင်အကာအကွယ်သည် ချက်ချင်း ပြန်ဖောင်းတက်လာခဲ့လေ၏။ အလားတူစွာပင် လော့ယွမ်မှ ပစ်လွှတ်လိုက်သော ပုဆိန်အလင်းတန်းသည်လည်း လာသည့်နှုန်းထက် ပိုမိုမြန်ဆန်သောနှုန်းဖြင့် ပြန်ကန်ထွက်လာခဲ့ရာ လော့ယွမ်မှာ အချိန်မီ မရှောင်တိမ်းနိုင်ခဲ့သဖြင့် သူ့ဆံပင်များစွာပင် ပြတ်တောက်သွားခဲ့ရလေသည်။
လော့ယွမ်သည် ရုတ်တရက် သူ့ပါးအား သွားကိုင်ကြည့်လေ၏။ ထိုနေရာတွင် သွေးစီးကြောင်းတစ်ခု ရှိနေခဲ့လေသည်။
“ကြည့်ရတာ ဒီအကာအကွယ်ကို အကြမ်းနည်းနဲ့ ဖျက်ဆီးလို့ မရဘူးနဲ့တူတယ်…” ခုန်းချီက ပြောလိုက်သည်။ “ဧကရာဇ်အထွတ်အထိပ်အဆင့် ပညာရှင်တစ်ယောက်က ဖန်တီးထားတဲ့ အကာအကွယ်ဆိုတော့လည်း အဲ့လောက်တော့ ရှိရမှာပေါ့…”
ခုန်းချီသည် လော့ယွမ်အား သွားရောက် မလှောင်ပြောင်ခဲ့ပေ။ လော့ယွမ်၏ လုပ်ရပ်သည် မဆင်မခြင် နိုင်သော်ငြား သူ့လုပ်ရပ်ကမူ အကုန်လုံးအား ဤအကာအကွယ်ကို အကြမ်းနည်းဖြင့် ဖျက်ဆီး၍ မရကြောင်း သိသွားစေခဲ့သည်။
“မင်းသမီး…” ရှောင်ချန်းသည် ရုတ်တရက် လန်ရွှင်းဘက်သို့ လှည့်၍ အော်မေးလိုက်လေ၏။
လန်ရွှင်းကခေါင်းခါလျက် “ဘာမှအသုံးဝင်တာတွေ မတွေ့ရသေးတော့ သိပ်တော့ မသေချာဘူး…”
ရှောင်ချန်းက ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ “မင်းသမီး အေးအေးဆေးဆေးသာ ကြည့်နေ…”
လန်ရွှင်းကမူ ဘာမျှ ပြန်မပြောခဲ့ပေ။ ရွှေရောင်အကာအကွယ်ကိုသာ သေချာစိုက်ကြည့်နေခဲ့လေ၏။ သူမပုံစံကို ကြည့်ရသလောက် အစီအရင်အကြောင်း အနည်းအပါး သိထားပြီး အစီအရင်၏ ဟာကွက်ကို ရှာနေသည့် ပုံပင်။
ထိုစဉ် ခုန်းချီသည် လူအုပ်ကြီးအား ရုတ်တရက် ဝေ့ကြည့်လိုက်လေ၏။ “ရောင်းရင်းတို့ မင်းတို့ထဲမှာ အစီအရင်အကြောင်း နည်းနည်းပါးပါး သိထားပြီး ဒီအကာအကွယ်ကို လာစစ်ဆေးပေးနိုင်တဲ့လူများ မရှိကြဘူးလား…”
“မင်းတို့အကုန်လုံးလည်း သိနေကြပြီပဲ… ဒီနေရာက ဒဏ္ဍာရီလာ အချိန်မြစ်ကျောင်းတော်ပဲ… ငါတို့သာ ဒီအစီအရင်ကို ကျော်ဖြတ်နိုင်မယ်ဆိုရင် အချိန်မြစ်ကျောင်းတော်ထဲသွားပြီး အဖိုးတန်ရတနာတွေ သွားရှာလို့ရတယ်… ဒါကြောင့် အစီအရင်ကို ကျွမ်းကျင်တဲ့ လူတစ်ယောက်ယောက်များ ရှိလို့ရှိရင် ကျေးဇူးပြုပြီး ပုန်းမနေပဲ ရှေ့ထွက်ပြီး လာကူညီပေးကြပါလို့”
သို့သော်ငြား လူအယောက်သုံးဆယ်ကျော် ရှိသည့်တိုင် မည်သူ့မျှ ရှေ့ထွက်မလာခဲ့ပေ။ အစီအရင်တာအိုသည် ဆေးတာအိုကဲ့သို့ပင် ကျယ်ပြန့်ပြီးနက်နဲ၏။ ကျွမ်းကျင်ရန်လည်း အလွန်ကိုမှ ခက်ခဲလှပေသည်။
ဤနေရာတွင် ရှိနေသူတိုင်းသည် တာအိုသခင်အဆင့် ပညာရှင်များ ဖြစ်ကြသဖြင့် အစီအရင်များအကြောင်း အနည်းအကျဉ်းတော့ သိထားကြသည်။ သို့သော်ငြား မည်သူကများ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးမှ ခင်းကျင်းထားသည့် အစီအရင်ကို ဖျက်ဆီးနိုင်မည်ဟု ယုံကြည်ချက်ရှိပါမည်နည်း။
တစ်ခဏတာမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ခုန်းချီသည် ယဲ့ယဲ့လေးပြုံးလျက် လူအုပ်ကြီးထဲရှိ တစ်နေရာသို့ စိုက်ကြည့်ကာ အော်ပြောလိုက်လေသည်။ “ရောင်းရင်းကုန်း… မင်းဘာလို့ ထွက်လာပြီး စမ်းမကြည့်တာလဲကွ…”
ထိုစကားကို ကြားသည့်အခိုက် အကုန်လုံးသည် ခုန်းချီကြည့်နေသည့်ဘက်သို့ လှမ်းကြည့်လိုက်ရာ လူတစ်ဦးသည် စိတ်ဓာတ်ကျကျဖြင့် ခုန်းချီအား စူးရဲစွာ စိုက်ကြည့်နေကြောင်း တွေ့လိုက်ကြလေသည်။
“မျိုးရိုးနာမည် ကုန်း ဆိုတော့ ဖြစ်နိုင်တာက…”
“ကောင်းကင်မြစ်တောင်ကြားက ကုန်းမိသားစုကပဲ ဖြစ်ရမယ်… ဟုတ်တယ်…”
“ကြည့်ရတာ ဒီအစီအရင်ကို ဖျက်ဆီးနိုင်ဖို့ မျှော်လင့်ချက် ရှိသွားပြီနဲ့တူတယ်…”
လူပေါင်းများစွာသည် မျိုးရိုးနာမည် ကုန်း ဆိုသည့်လူအကြောင်း စတင်၍ တီးတိုးပြောဆိုကြလေ၏။
“သူက ဘယ်သူလဲ…” ရန်ကိုင်က လေသံတိုးတိုးဖြင့် မေးလိုက်လေသည်။ “သူ့နာမည်ကို ကြားလိုက်တာနဲ့ အစီအရင်ကို ဖျက်ဆီးနိုင်တော့မယ်လို့ ဘာလို့ အကုန်လုံး ပြောနေကြတာလဲ…”
ပိရန်ယုချင်းက ပြုံးလျက် ပြန်မေးလိုက်လေ၏။ “နင် ငါ့ကို လာမေးနေတာလား…”
ပိရန်ယုချင်းသည် အခွင့်အရေးရသည်နှင့် ချက်ကောင်းကို ဆုပ်ကိုင်ထားကာ ရန်ကိုင့်အား ခြိမ်းခြောက်အကြပ်ကိုင်ရန် ပြင်ဆင်တော့လေသည်။
“နင့်ဘာသာ လုပ်ချင်သလိုသာလုပ်…” ရန်ကိုင်က နှာခေါင်းသာ ရှုံ့လိုက်သည်။
ပိရန်ယုချင်းက မျက်လုံးမှေးစင်းလျက် ပြန်ပြောလိုက်လေ၏။ “ကောင်လေး… ငါအခုမှပဲ သိတယ် သိလား… နင်က တကယ် မုန်းဖို့ကောင်းတဲ့ ကောင်ပဲ…”
“ဟမ့်… အဲ့ဒါက ကိုယ် ဘယ်သူ့နဲ့ စကားပြောနေလဲ ဆိုတဲ့အပေါ်လည်း မူတည်နေသေးတယ်လေ…”
ထိုစဉ် ခို့ဝူက ဖြတ်ပြောလိုက်လေ၏။ “ကုန်းမိသားစုက တောင်ဘက်နယ်မြေထဲမှာ တော်တော်လေး နာမည်ကျော်ကြားတဲ့ မိသားစုတစ်ခုပဲ… သူတို့ခွန်အားကြောင့် နာမည်ကျော်တာတော့ မဟုတ်ဘူး… အစီအရင်ကြောင့်ပဲ… အဲ့ ကုန်းမိသားစုက လာတဲ့လူတွေကို ဘယ်သူ့ကိုမှ အထင်သေးလို့မရဘူး… အထူးသဖြင့် သူတို့ရဲ့ ဘိုးဘေး ဧကရာဇ်အဆင့် အစီအရင် ပညာရှင်ပဲ… အစီအရင်တွေနဲ့ ပတ်သက်လာလို့ ရှိရင် ကုန်းမိသားစုရဲ့ ဘိုးဘေးက တောင်ဘက်နယ်မြေတစ်ခုလုံးမှာ ထိပ်တန်းသုံးယောက်ထဲ ဝင်တယ်… ဒီလူကတော့ ငါမှတ်မိသလောက်ဆိုရင် အခု ကုန်းမိသားစုရဲ့ သခင်လေး ကုန်းဝမ်ရှန်းပဲ…”
“ငါ နားလည်ပြီ…” ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။
ခို့ဝူပြောသည်မှာ မှန်ပေသည်။ လူအုပ်ကြီးမှ စိုက်ကြည့်နေသောသူမှာ ကုန်းမိသားစု၏ သခင်လေးဖြစ်သော ကုန်းဝမ်ရှန်းသာ ဖြစ်လေသည်။ ကုန်းဝမ်ရှန်း၏ ကျင့်ကြံခြင်းမှာ တာအိုသခင် ဒုတိယအဆင့်သာ ရှိသေးသော်ငြား အစီအရင်ပညာတွင်မူ ဤနေရာတွင် ရှိနေသည့် လူအားလုံးထက် ပိုမိုသာလွန်ပေသည်။
ကုန်းမိသားစုသည် အစီအရင်ပညာရပ်အား မျိုးရိုးစဉ်ဆက် လေ့လာသင်ကြားခဲ့ကြသူများ ဖြစ်ကြပေသည်။
လက်ရှိတွင် ကုန်းဝမ်ရှန်း၏ မျက်နှာသည် သံပုရာသီး ကိုက်ထားရသည့်နှယ် မှုန်ကုပ်နေခဲ့သည်။ လူအုပ်ကြီးထဲမှ ထွက်လာပြီးသည့်နောက် သူ့ဘာသာသူ ရေရွတ်လိုက်လေ၏။
“ငါ့လခွမ်း… ကို့ဘာသာကို အေးအေးဆေးဆေးနေပြီး ပျော်မလား စဉ်းစားမိပါတယ်… ဒီစိတ်ရှုပ်စရာကောင်းတဲ့ ပြဿနာနဲ့မှ လာတိုးတယ်… ငါငြင်းလိုက်ရင်လည်း အကုန်လုံးက ငါ့ကို ဒေါသထွက်ကြဦးမယ်… ပြီးတော့ ဒီနေရာက လူတွေက ငါဘယ်သူလဲဆိုတာကို ဂရုစိုက်နေကြမှာ မဟုတ်ဘူး… စိတ်ညစ်ဖို့ ကောင်းလိုက်တာကွာ… ခုန်းချီ… ခွေးသူတောင်းစားကောင်… တစ်နေ့နေ့ကြမှ အဲ့ကောင်ကို သူ့ချေး သူပြန်မျိုခိုင်းပြီး ကိုယ့်ကိုယ်ကို သတ်သေအောင် လုပ်ပစ်ဦးမယ်…”
ဘေးနားတွင် ရပ်နေသော ခုန်းချီသည် မျက်နှာကြီးမဲ့လျက် ပြန်ပြောလိုက်လေသည်။ “ရောင်းရင်းကုန်း… မင်းတွေးမယ်ဆိုရင်လည်း စိတ်ထဲမှာပဲ တွေးလေကွာ… အခု မင်းပြောနေတာကို အကုန်လုံး ကြားရတယ်ကွ…”
ထိုစကားကို ကြားပြီးသည့်နောက် ကုန်းဝမ်းရှန်၏ မျက်နှာသည် ပို၍ပင် မဲ့သွားခဲ့၏။ နှာခေါင်းရှုံ့လျက် ခုန်းချီဆီသို့ လျှောက်လာရင်း ပြောလိုက်လေသည်။ “မင်းကြားအောင်ပဲ ငါပြောနေတာလေ… ဘာဖြစ်လဲ…”
ခုန်းချီမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားခဲ့လေ၏။ သို့သော်ငြား လက်ရှိအခြေအနေကြောင့် လက်ဝှေ့ယမ်း၍သာ ပြုံးပြလိုက်လေ၏။ “ရောင်းရင်းကုန်းကလည်းကွာ… ငါ့ကို ခွင့်လွှတ်ပေးစမ်းပါ… အခုအခြေအနေမျိုးမှာ ဘယ်သူမှ အစီအရင်ပညာမှာ ကျွမ်းကျင်နေတာမှ မဟုတ်တာ… ပြီးတော့… ငါတို့မှာ မျှော်လင့်ချက်ဆိုလို့ မင်းပဲ ရှိတော့တဲ့ဟာကို…”
ကုန်းဝမ်ရှန်းက နှာခေါင်းရှုံ့လျက် “မင်း ငါနဲ့သိလာတာ ကြာနေပြီ… ဒီတော့ မင်းငါ့စိတ်ကို ကောင်းကောင်းသိသင့်တယ်…”
ခုန်းချီက ခေါင်းညိတ်လျက် “သိတယ်လေ သိတယ်… မင်း ဒီလိုစိတ်ရှုပ်စရာကောင်းတဲ့ ပြဿနာတွေကို အမုန်းဆုံးဆိုတာ ငါသိတယ်…”
“ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးက ခင်းကျင်းထားတဲ့ အကာအကွယ်ကို ဖျက်ဆီးဖို့ဆိုတာ ဒီလောကကြီးမှာ စိတ်ရှုပ်စရာ အကောင်းဆုံး ပြဿနာပဲ…” ကုန်းဝမ်ရှန်းက သုန်သုန်မှုန်မှုန်ဖြင့် ပြောလိုက်သည်။ ထို့နောက် ရွှေရောင်အကာအကွယ်ဆီသို့ လျှောက်သွားပြီး ခဏမျှ စစ်ဆေးကြည့်လိုက်လေသည်။
စစ်ဆေးကြည့်ပြီးသည့်နောက်တွင် လူအုပ်ကြီးဘက်သို့ လှည့်၍ အော်ပြောလိုက်လေ၏။ “ကဲ… ဒီအကာအကွယ်ကို ငါမဖျက်ဆီးနိုင်တာတော့ မဟုတ်ဘူး… ဒါပေမဲ့ ငါဖျက်ဆီးနိုင်လို့ရှိရင် ဘာအကျိုးအမြတ်တွေ ရမှာလဲ…”
“အကျိုးအမြတ်…” ခုန်းချီ မျက်မှောင်ကျုံ့သွားခဲ့လေသည်။ သူ့အနေဖြင့် မည်ကဲ့သို့ ပြန်ပြောလို့ပြောရမှန်းလည်းမသိ ဖြစ်သွားခဲ့လေသည်။
“မင်းကို အသက်ရှင်ခွင့် ပေးမယ်လေ… အဲ့ဒါဆိုရင်ရော ဘယ်လိုလဲ…” ဝူချန်းက ရုတ်တရက် ဖြတ်ပြောလိုက်သည်။
ကုန်းဝမ်ရှန်းသည် ဝူချန်းဘက်သို့ ချက်ချင်းလှည့်၍ လှောင်ပြုံးပြုံးကာ စိုက်ကြည့်ရင်း မေးလိုက်လေသည်။ “အိုး… မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား…”
ဝူချန်းက နှာခေါင်းရှုံ့လျက် “မင်း ဒီအကာအကွယ်ကို ဖျက်ဆီးနိုင်မယ်ဆိုရင် မင်း အသက်ရှင်ခွင့်ရမယ်… မဟုတ်ဘူးဆိုရင်တော့ ဒီနေရာက မင်းသင်္ချိုင်း ဖြစ်ပြီသာမှတ်”
“စိတ်ဝင်စားစရာပဲ…” ဝူချန်းနှင့် ရင်ဆိုင်တွေ့နေရသော်ငြား ကုန်းဝမ်ရှန်းမှာမူ အနည်းငယ်မျှပင် ကြောက်လန့်နေခြင်း မရှိပေ။ ဝူချန်းကိုပင် ထီမထင်ဟန်ဖြင့် ပြန်၍ စိုက်ကြည့်နေလိုက်သေး၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၁၅၅)
ဘေးနားတွင် ရှိနေသော ခုန်းချီမှာမူ ဝူချန်း၏ စကားကြောင့် ထိတ်လန့်သွားခဲ့လေသည်။ သူ ကုန်းဝမ်ရှန်းနှင့် သိလာခဲ့သည်မှာ တစ်နှစ် နှစ်နှစ် မကတော့ချေ။ ထို့ကြောင့် ကုန်းဝမ်ရှန်း၏ စိတ်နေစိတ်ထားကို ကောင်းကောင်းသိသည်။
ကုန်းဝမ်ရှန်းသည် သူ့အား ခြိမ်းခြောက်ကာ အကျပ်ကိုင်သည့် မည်သူကိုမဆို အလွန်မုန်းတီးသူ ဖြစ်လေသည်။ ပုံမှန် ပြေရာပြေကြောင်း စကားပြောလျှင် အဆင်ပြေလိမ့်မည် ဖြစ်သော်ငြား ခြိမ်းခြောက်၍ လာရောက်ပြောဆိုမည် ဆိုလျှင်တော့ လုံးဝကို သည်းခံလိမ့်မည် မဟုတ်ချေ။
ယခု ဝူချန်းသည် ကုန်းဝမ်ရှန်းအား ကျိန်းသေကို ခြိမ်းခြောက်စကား ပြောလိုက်သည်။ ထို့ကြောင့် ကုန်းဝမ်ရှန်း အစီအရင်အား ဖြေမပေးပဲ ဤအတိုင်း ထွက်သွားတော့မည် ဟူ၍ပင် ခုန်းချီ ထင်မိသွားလေသည်။
ကုန်းဝမ်ရှန်းသာ ဤအတိုင်း ထွက်သွားမည်ဆိုလျှင် ဤရွှေရောင်အကာအကွယ်အား ဖျက်ဆီးပေးမည့်သူ မည်သူမျှ ရှိတော့လိမ့်မည် မဟုတ်ချေ။
ထိုအချက်ကို စဉ်းစားမိလိုက်သော် ဝူချန်း ဒေါသထွက်ထွက် မထွက်ထွက်ကို ဂရုမစိုက်နိုင်တော့ပဲ ခုန်းချီသည် ချက်ချင်းပဲ အော်ပြောတော့လေ၏။
“ဝူချန်း… မင်း ကျင့်ကြံလွန်းအားကြီးလို့ ရူးသွားတာလား… ရောင်းရင်းကုန်းက အကာအကွယ်ကို မဖျက်ဆီးပေးဘူးလို့ မပြောဘူးလေ… မင်း ဘာလို့ အခုလို သူ့ကို လာပြောနေရတာလဲ…”
ဝူချန်းသည် ခုန်းချီအား အေးစက်စက် အမူအယာဖြင့် စိုက်ကြည့်၍ နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်သည်။ “မင်းက ဘာကောင်လဲ… မင်း ဘာထင်ထင် ငါဘာလို့ ဂရုစိုက်ရမှာလဲ…”
ခုန်းချီမှာ ဒေါသထွက်သွားပြီး ချက်ချင်း ပြန်အော်ပြောတော့လေ၏။ “ဒီမှာ ရှိတဲ့ လူတွေ အကုန်လုံးကို မင်းခြိမ်းခြောက်တိုင်း ကြောက်မဲ့ အရူးတွေလို့ မှတ်နေတာလား…”
သူသည် ဝူချန်း၊ ရှရှန်းတို့ကဲ့သို့ ကျော်ကြားခြင်း မရှိသော်ငြား ခုန်းချီသည် ခုနှစ်ရောင်စင်ကုန်သွယ်ရေး အဖွဲ့အစည်း၏ တက်သစ်စ ကြယ်ပွင့်တစ်ပွင့် ဖြစ်နေဆဲ။ ထို့အတွက်ကြောင့် တစ်ဖက်လူမှ သူ့အား အထင်အမြင်တသေးဖြင့် လာပြောနေသည်ကို မြင်သော် ခုန်းချီအနေဖြင့် မည်သို့များ သည်းခံနိုင်ပါမည်နည်း။
“ထင်တော့ရော ဘာဖြစ်လဲ…” ဝူချန်းက မောက်မာဝံ့ကြွားစွာ ပြုံးလျက် “မင်းကို ငါနဲ့ အဆင့်တူလို့ အထင်ခံစေချင်ရင် ငါနဲ့ ယှဉ်နိုင်တဲ့ ခွန်အားကို ပိုင်ဆိုင်ထားဖို့ လိုတယ်… အဲ့လိုမှ မဟုတ်ဘူးဆိုရင် ငါနဲ့တန်းမတူဘဲ လာမတုနဲ့...”
ထိုစဉ် ရှောင်ချန်းက ဖြတ်ပြောလိုက်လေသည်။ “ရောင်းရင်းဝူချန်းကို ကြည့်ရတာ ဒီမှာ ရှိနေတဲ့ ဘယ်သူ့ကိုမှ မျက်လုံးထဲ မထည့်တဲ့ပုံပဲနော်… ဟင်း ဟင်း…”
ထိုစကားထွက်လာသည်နှင့် လော့ယွမ် မျက်မှောင်ကျုံ့သွားခဲ့ပြီး အစောပိုင်းက ရွှေရောင်အကာအကွယ်ကို တိုက်ခိုက်ရင်းမှ လွင့်ထွက်သွားခဲ့သော သူ့ပုဆိန်အား ပြန်ဆွဲယူလိုက်လေသည်။
ဝူချန်းသည် သောင်းကျန်းတတ်သည့် လူစားတစ်မျိုး ဖြစ်သော်ငြား အရူးတော့မဟုတ်။ ရှောင်ချန်း၏စကားကို ကြားလိုက်သည်နှင့် တစ်ဖက်လူသည် သူ့အား လူအများ၏ ဘုံရန်သူဖြစ်အောင် လုပ်နေမှန်း ချက်ချင်း နားလည်လိုက်သည်။ ထို့အတွက်ကြောင့် လှောင်ပြုံးပြုံးလျက် ပြန်အော်ပြောလိုက်လေ၏။
“ရောင်းရင်းရှောင်… မင်းမှာ ပြောစရာတစ်ခုခုရှိလို့လား…”
“မရှိပါဘူး…” ရှောင်ချန်းက ယဲ့ယဲ့လေးပြုံးလျက် “ရောင်းရင်းဝူက ဧကရာဇ်အဆင့်အောက်မှာ အားအကောင်းဆုံးလူပဲဟာကို… ဒီရှောင်က ဘယ်လိုလုပ်ပြီး အကြံပေးရဲမှာလဲ…”
ထိုစကားထွက်လာသည့်နောက်တွင် လူပေါင်းများစွာသည် ဝူချန်းအား ပို၍ အမြင်မကြည် ဖြစ်လာကြလေသည်။ ဘေးနားတွင် ငြိမ်သက်စွာ ရပ်နေသော ရှောင်ပိုင်ယီပင်လျှင် တိုက်ခိုက်ချင်စိတ်တို့ဖြင့် လောင်မြိုက်လာခဲ့လေ၏။
“မင်းတို့ စကားများနေတာတွေ တော်လိုက်တော့… ရောင်းရင်းကုန်း အစီအရင်ကို ဖျက်ဆီးနေတာ သွားနှောင့်ယှက်မနေတော့နဲ့…” လန်ရွှင်းက ရုတ်တရက် အော်ပြောလိုက်လေသည်။
ထိုစကား ကြားလိုက်သည့်အခိုက် အကုန်လုံး အစီအရင်ဘက်သို့ လှည့်ကြည့်လိုက်ကြလေသည်။ လန်ရွှင်း ပြောသကဲ့သို့ပင် ကုန်းဝမ်ရှန်းသည် ဆောင့်ကြောင့်ထိုင်လျက် အစီအရင်အား သေချာစူးစမ်းလေ့လာ ကြည့်နေကြောင်း တွေ့လိုက်ရလေသည်။
“ကို့အဆင့်တော့ ကိုသိသေးသားပဲ…” ဝူချန်းသည် အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ သူခြိမ်းခြောက်လိုက်သည့်အတွက်ကြောင့် ကုန်းဝမ်ရှန်း ကြောက်သွားသည်ဟု ထင်နေခြင်းပင် ဖြစ်လေသည်။
သူသာလျှင်မဟုတ် ဤနေရာတွင်ရှိသည့် လူတိုင်းလိုလို ထိုကဲ့သို့ တွေးနေကြခြင်းဖြစ်သည်။
တကယ်တော့ ဝူချန်း မခြိမ်းခြောက်ခင်က ကုန်းဝမ်ရှန်းသည် သူ့အား မည်သည့်အကျိုးအမြတ် ပေးမလဲဟု အားလုံးအား ပြောခဲ့ဖူးသည် မဟုတ်ပေလော။ ဝူချန်းမှ ခြိမ်းခြောက်လိုက်သည့် အခါမှသာ မည်သည့်စကားမျှ မပြောတော့ပဲ အစီအရင်အား နာနာခံခံဖြင့် သွားရောက် ဖျက်ဆီးပေးနေခြင်း ဖြစ်သည်။
ချက်ချင်းဆိုသလို လူပေါင်းများစွာသည် ကုန်းဝမ်ရှန်းအား အထင်အမြင်တသေးဖြင့် ကြည့်လိုက်ကြလေသည်။ သူသည် အစီအရင်ပညာတွင် အားလုံးထက် ထူးချွန်နေသည့်တိုင် အကုန်လုံးမှာတော့ ကုန်းဝမ်ရှန်းအား အထင်သေးနေကြလေ၏။
သို့သော်ငြား အများနှင့်မတူ ကုန်းဝမ်ရှန်းအား အထင်မသေးသည့်သူတစ်ဦးတော့ ရှိပေသည်။ ထိုသူမှာ အခြားမဟုတ်။ ခုန်းချီသာဖြစ်သည်။ ယခုအချိန်တွင် ခုန်းချီနဖူးထက် ချွေးစေးများ တတောက်တောက် စီးကျနေခဲ့လေ၏။ တစ်ချိန်တည်းတွင်လည်း သူ့ဘာသူ ရေရွတ်နေသေး၏။
“တစ်ခုခုတော့ မဟုတ်တော့ဘူး… ရောင်းရင်းကုန်းက ဘယ်တော့မှ အခုလိုမျိုး ခြိမ်းခြောက် အကျပ်ကိုင်ပြီး ခိုင်းတာကို လုပ်မဲ့လူစားမျိုးမဟုတ်ဘူး… ဒါပေမဲ့ ဝူချန်းက ခြိမ်းခြောက်လိုက်တာနဲ့ သူချက်ချင်းကို နာခံသွားတာပဲ… သူ ဘာတွေကြံနေတာလဲ… မဟုတ်သေးဘူး… အခုလိုကြီးတောင် ပြုံးနေသေးတယ်ဆိုတော့ သူတစ်ခုခုကို ကြံစည်နေတာ ကျိန်းသေတယ်…”
ကြည့်လေ ကြည့်လေ ကုန်းဝမ်ရှန်းတစ်ခုခုကြံနေသည်ဟု ခုန်းချီ ပိုထင်လာလေသည်။ ထို့ကြောင့် သူ့စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရလိုက်လေသည်။
မကြာမီတွင် အစီအရင်အား လေ့လာနေသော ကုန်းဝမ်ရှန်းသည် အဖြေအား ရှာတွေ့လိုက်သည့်အလား သူ၏ သိုလှောင်လက်စွပ်ထဲမှ လက်တစ်ဝါးအရွယ်ခန့်စာ ရှိသော မှော်ရတနာတစ်ခုကို ထုတ်ယူလိုက်လေသည်။
ထိုမှော်ရတနာပေါ်တွင် မရေမတွက်နိုင်သော ဆန်းကြယ်သည့် အင်းကွက်များနှင့် ရုန်းအမှတ်အက္ခရာများ ရှိနေခဲ့သည်။
“ကုန်းမိသားစုရဲ့ ဝင်္ကပါအင်းကွက်လား…” ထိုမှော်ရတနာကို မြင်လိုက်သည့်အခိုက် လန်ရွှင်း၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားခဲ့သည်။
သို့သော်ငြား သေသေချာချာ အနီးကပ် စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ထိုမှော်ရတနာသည် သူမထင်နေသည့် ရတနာအင်းကွက်အစစ်အမှန် မဟုတ်ပဲ တုပထားသည့် အရာတစ်ခုသာ ဖြစ်ကြောင်း တွေ့လိုက်ရလေသည်။
ကုန်းဝမ်ရှန်းသည် အမျိုးမျိုးသော လက်ကွက်များ ဖန်တီး၍ သူ၏အရင်းအမြစ်ချီကို ချပ်ပြားထဲသို့ ထည့်သွင်းလိုက်သည်။ ထိုသို့ ထည့်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် ချပ်ပြားဆီမှ အလင်းတန်းအချို့ ထွက်ပေါ်လာပြီး အကာအရံထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။
အကုန်လုံးမှာမူ ကုန်းဝမ်ရှန်း လုပ်နေသည်ကိုသာ ငြိမ်သက်စွာဖြင့် စောင့်ကြည့်နေကြလေ၏။ ကုန်းဝမ်ရှန်းမှ အရင်းအမြစ်ချီများကို ထည့်သွင်းနေသည်နှင့်အမျှ ပို၍ များပြားသော အလင်းတန်းများသည် ချပ်ပြားထဲမှ ထွက်၍ အကာအရံထဲသို့ တိုးဝင်သွားကုန်ကြလေသည်။
ခဏအကြာတွင် ကုန်းဝမ်ရှန်း၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပလာပြီး လေသံတိုးတိုးဖြင့် အော်ပြောလိုက်လေ၏။ “ငါတွေ့သွားပြီကွ… ထင်ထားတဲ့အတိုင်းပဲကိုး...”
ထိုသို့ပြောပြီးသည့်နောက်တွင် သူ၏မှော်ရတနာကို ပြန်သိမ်းကာ သိုလှောင်လက်စွပ်ထဲမှ အခြားသော ပစ္စည်းအချို့ကို ထုတ်ယူလိုက်လေသည်။
ထို့နောက် ဟိုမှ သည်သို့ ပျံသန်း၍ အကာအရံပတ်လည်တွင် သူ၏ ပစ္စည်းများကို အစီအစဉ်တကျ နေရာချတော့လေ၏။
အချိန်ကြာလာသည်နှင့်အမျှ ကုန်ဝမ်ရှန်း၏ အမူအယာမှာ ပိုပို၍ လေးနက်တည်ကြည်လာခဲ့လေသည်။ အစောပိုင်းက သူအသေအချာ ခင်းကျင်းထားခဲ့သော အစီအရင် အလံတိုင်များမှာလည်း မည်သူမျှ မသိသည့် ဟင်းလင်းပြင်ထဲသို့ တိုးဝင် ပျောက်ကွယ်သွားကုန်ကြလေ၏။
သူ့ပစ္စည်းများကို အမွေးတိုင်တစ်တိုင်စာခန့် တောက်လျှောက် နေရာခင်းကျင်းနေပြီးသည့် နောက်မှသာ ကုန်းဝမ်ရှန်း ရပ်တန့်လိုက်သည်။
နဖူးထက်ရှိ ချွေးများကို သုတ်ပြီးသည့်နောက် စောင့်နေသည့် လူအုပ်ကြီးဘက်သို့ လှည့်၍ ပြောလိုက်လေ၏။ “ကောင်းသွားပြီ…”
အကောင်းအတိုင်း ရှိနေသေးသော ရွှေရောင်အကာအကွယ်ကို ကြည့်ရင်း လူအုပ်ကြီးတစ်ခုလုံး နားမလည်နိုင် ဖြစ်သွားခဲ့ကြသည်။
ကုန်းဝမ်ရှန်းက ညစ်ကျယ်ကျယ် ပြုံးလျက် ပြောလိုက်လေ၏။ “ငါပြီးသွားပြီလေ… ဒီတော့ ကောင်းသွားပြီပေါ့…” ကုန်းဝမ်ရှန်း၏ လေသံမှာ ယုံကြည်ချက်တို့ဖြင့် ပြည့်နေခဲ့လေသည်။
ပြောပြီးသည့်နောက်တွင် လက်ခုပ်နှစ်ဖက် တီးလိုက်လေသည်။ ချက်ချင်းဆိုသလို ဟင်းလင်းပြင်ထဲမှ မရေမတွက်နိုင်သော အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ရွှေရောင်အကာအကွယ်ထဲသို့ စိမ့်ဝင်သွားခဲ့ကြလေသည်။ ခဏအကြာတွင် ရွှေရောင်အကာအကွယ်၏ မျက်နှာပြင်ထက် အပေါက်လေးတစ်ပေါက် ဖြစ်ပေါ်လာခဲ့လေ၏။
“ပွင့်လိုက်စမ်း…”
ကုန်းဝမ်ရှန်းမှ အော်ဟစ်လိုက်ပြီးနောက် သူ့လက်နှစ်ဖက်အား ဖြည်းဖြည်းချင်း ဘေးသို့ ဆွဲတွန်းလိုက်သည်။ သူ့လက်လှုပ်ရှားမှုနှင့်အတူ အက်ရာမှာလည်း တဖြည်းဖြည်း ပိုပို၍ ကျယ်ပြန့်ကြီးမား လာခဲ့လေသည်။
“တကယ်ကို ရသွားတာပဲ…”
ကျင့်ကြံသူများစွာ ထိတ်လန့်သွားခဲ့ကြလေသည်။ ဤအကာအကွယ်သည် အချိန်မြစ်မဟာဧကရာဇ်မှ ခင်းကျင်းထားသော အကာအကွယ်တစ်ခုဖြစ်သည်။ ဤအကာအကွယ်ကို ခင်းကျင်းထားခဲ့သည်မှာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာသွားခဲ့ပြီ ဖြစ်သော်ငြား ဤအရာသည် သာမန်ကျင့်ကြံသူတစ်ဦး ဖျက်ဆီးနိုင်သည့် အရာမျိုး မဟုတ်ချေ။
ယခုမူ ကုန်ဝမ်ရှန်းသည် ဤအကာအကွယ်ပေါ်တွင် အပေါက်တစ်ပေါက်ဖြစ်အောင် လုပ်နိုင်ခဲ့လေ၏။
“ကုန်းမိသားစုကဆိုတဲ့ အတိုင်းပါလား…” လန်ရွှင်းက ချီးကျူးလိုက်လေသည်။ အစီအရင်နှင့် ပတ်သက်လာလျှင် ကုန်းဝမ်ရှန်းသည် သူမထက် အဆများစွာ တော်သည်ကိုတော့ ကျိန်းသေ ဝန်ခံရပေလိမ့်မည်။
ယခုအချိန်ထိတိုင် သူမအနေဖြင့် အစီအရင်၏ အားနည်းချက်တစ်ခုကိုပင် ရှာမတွေ့သေးသော်ငြား ကုန်းဝမ်ရှန်းကမူ အားနည်းချက်တစ်ခုကို ရှာတွေ့သွားသည့်အပြင် အစီအရင်ပေါ်တွင် အပေါက်တစ်ပေါက် ဖြစ်အောင်ပင် လုပ်ပြီးသွားခဲ့လေပြီ။
“ကျေးဇူးအများကြီးတင်ပါတယ် ရောင်းရင်းကုန်း… အခုလို ကူညီပေးတဲ့အတွက် နောက်ပိုင်းကျရင် ငါမင်းကို တစ်ခွက်ဝယ်တိုက်ပါမယ်…” ခုန်းချီက ရယ်ရယ်မောမောဖြင့် အော်ပြောလိုက်ပြီးသည့်နောက် ဝင်ပေါက်ထဲသို့ တိုးဝင်ပျောက်ကွယ် သွားခဲ့လေသည်။
သူ့စိတ်ထဲ ပြဿနာတစ်ခုခု ဖြစ်တော့မည်ဟု ခံစားနေရသည်။ သို့သော်ငြား မည်သည့်ပြဿနာပင် ဖြစ်လာစေကာမူ အရင်ဆုံးဝင်သွားခြင်းသည် အကောင်းဆုံးပင် ဖြစ်လေသည်။
ခုန်းချီမှ ဝင်သွားလိုက်သည်နှင့် တစ်ပြိုင်နက် အခြားသော လူများသည်လည်း ဝင်ပေါက်ဆီသို့ စုပြုံကာ ပြေးဝင်သွားကြလေ၏။
ဝူချန်း၊ လော့ယွမ်၊ ရှောင်ချန်း၊ လန်ရွှင်းနှင့် ရှောင်ပိုင်ယီ၊ မုရုန်ရှောင်ရှောင်တို့သည် သူတို့၏ အရင်းအမြစ်ချီကို လှည့်ပတ်၍ ကိုယ့်ကိုယ်ကို ကာကွယ်လိုက်ကြသည်။
ထိုသို့လုပ်ခြင်းမှာ ဘေးနားရှိ ကျင့်ကြံသူများ၏ အန္တရာယ်မှ ကာကွယ်ရန် ဖြစ်သလို ရွှေရောင်အကာအကွယ်ထဲသို့ ဝင်ရောက်ပြီးသည့်နောက် ကြုံလာရမည့် အန္တရာယ်များကို ကြိုတင်ကာကွယ်ထားရန် အတွက်လည်း ဖြစ်ပေသည်။
သူတို့အားလုံး ဝင်သွားကြချိန် မည်သူမျှ သူတို့နှင့်ပြိုင်၍ အထဲသို့ ဝင်မသွားရဲကြပေ။ ဝူချန်း၏ ဒေါသကြီးတတ်သည့် စရိုက်နှင့်ဆိုပါက သူတို့သာ သူ့အား အမှတ်မထင် ဒေါသထွက်အောင် လုပ်မိမည်ဆိုပါက နေရာတွင်ပင် ပွဲချင်းပြီး သေသွားရပေလိမ့်မည်။
“ရွှစ်… ရွှစ်… ရွှစ်…”
လေတိုးသံများနှင့်အတူ တစ်ယောက်ပြီး တစ်ယောက် ရွှေရောင်အကာအကွယ်ထဲသို့ တိုးဝင်ပျောက်ကွယ် သွားကုန်ကြလေ၏။
သို့သော်ငြား တစ်ခုသော အခိုက်အတန့်သို့ အရောက်တွင် ကုန်းဝမ်ရှန်းသည် ဝူချန်းအား မမှိတ်မသုန် စိုက်ကြည့်၍ ညစ်ကျယ်ကျယ် ပြုံးလိုက်လေသည်။
မကောင်းသည့်ခံစားချက်တို့ ရလာသည့်အခိုက် ဝူချန်း မျက်မှောင်ကျုံ့သွားခဲ့လေ၏။ သို့သော်ငြား ထိုကိစ္စနှင့် ပတ်သက်၍ များများစားစား စဉ်းစားမနေပဲ အချိန်မြစ်ကျောင်းတော်ထဲသို့ ဝင်၍ ကြယ်စည်းတံဆိပ်များနှင့် ထိုထဲတွင် ရှိနေမည်ဖြစ်သော အဖိုးတန်ရတနာများကို ရအောင်ယူနိုင်မည့် အရေးတွင်သာ အာရုံစိုက်ထားခဲ့လေသည်။
သို့သော်ငြား ရွှေရောင်အကာအကွယ်ထဲသို့ သူဝင်ခါနီးတွင် အံ့အားသင့်ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာခဲ့လေ၏။ ဝူချန်းမှ ဝင်ပေါက်နားသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် မမြင်နိုင်သော စွမ်းအားတစ်ရပ်သည် သူ့အား နောက်သို့ ပြန်တွန်းထုတ်လိုက်လေသည်။ ထိုတွန်းအားကြောင့် ဝူချန်းမှာ မီတာပေါင်းများစွာသို့ ပြန်ဆုတ်သွားခဲ့ရလေ၏။
ဝူချန်း၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ကုန်းဝမ်ရှန်းအား မှုန်ကုပ်ကုပ် အမူအယာဖြင့် လှမ်းကြည့်လိုက်လေ၏။
ကုန်းဝမ်ရှန်းသည် ဝူချန်းအား စိုက်ကြည့်ရင်း ကောင်းကင်ပေါ်သို့ လက်ညှိုးထိုး၍ ခေါင်းတခါခါဖြင့် “ဒီမှာရှိနေတဲ့ လူတွေ အကုန်လုံး ဝင်လို့ရတယ်… ဒါပေမဲ့ မင်းတော့မရဘူး…”
“ငါထင်တဲ့ အတိုင်းပဲ…” ဝူချန်းက အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ ကုန်းဝမ်ရှန်းမှ သူ့အား လက်စားပြန်ချေနေသည်ကို သူ့အနေဖြင့် မသိပဲ ဘယ်နေမည်နည်း။
ဝူချန်းသည် ကုန်းဝမ်ရှန်းအား အကာအကွယ်အား မဖျက်ဆီးပေးပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ထားခဲ့သည်။ သို့သော်ငြား ထိုစဉ်က ကုန်းဝမ်ရှန်းသည် ဝူချန်းအား မည်သည့်စကားမျှ ပြန်မပြောခဲ့ပေ။
ယခုကြည့်ရသလောက် ကုန်းဝမ်ရှန်းသည် ထိုစဉ်ကတည်းက တစ်ခုခုအား အကြံချနေသည့်ပုံပင်။ သူ၏ လက်စားချေသည့် နည်းလမ်းသည် အမှန်တကယ်ကို ကောင်းလွန်းပေသည်။
အကုန်လုံးမှာ အချိန်မြစ်ကျောင်းတော်ထဲသို့ ဝင်ခွင့်ရသော်ငြား ဝူချန်းတစ်ယောက်သည်သာ ဝင်ခွင့်မရပေ။ ဝူချန်းအနေဖြင့် ဒေါသမထွက်ပဲ ဘယ်နေနိုင်မည်နည်း။
“ဒီကောင်က တကယ် ကောက်ကျစ်တာပဲကွ…” ရန်ကိုင်သည် ကုန်းဝမ်ရှန်းအား တပြုံးပြုံးဖြင့် လှမ်းကြည့်လိုက်လေသည်။
ထိုစဉ်က ကုန်းဝမ်ရှန်းသည် ဝူချန်းအား ကြောက်သည့်အတွက် ရွှေရောင်အကာအကွယ်ကို ဖျက်ဆီးပေးခဲ့သည်ဟု သူသည်လည်း ထင်ခဲ့သည်။ သို့သော်ငြား ယခုမှ ထိုကဲ့သို့ မဟုတ်မှန်း နားလည်သွားခဲ့လေသည်။ ကုန်းဝမ်ရှန်းသည် သူ့အစီအစဉ်နှင့်သူ အစီအရင်အား ဖျက်ဆီးပေးခဲ့ခြင်း ဖြစ်လေသည်။
ထိုသို့ဖြစ်သည့်တိုင် ရန်ကိုင်မှာမူ သူ့အရှိန်အား မနှေးခဲ့ပေ။ တကယ်တော့ အချိန်မြစ်ကျောင်းတော်ထဲသို့ မြန်မြန်ဝင်နိုင်လေ ပိုကောင်းလေပင် မဟုတ်ပေလော။ ဝူချန်းနှင့် ကုန်းဝမ်ရှန်းတို့၏ ပြဿနာသည် သူနှင့် ဘာမျှမဆိုင်ပေ။
“မင်း ငါ့ကို တားလို့ရမယ်လို့ ထင်လား…” ဝူချန်းသည် ကုန်းဝမ်ရှန်းအား အေးစက်စက် အမူအယာဖြင့် စိုက်ကြည့်လိုက်လေသည်။
ကုန်းဝမ်ရှန်းက ပြုံးလျက် ပြန်ပြောလိုက်သည်။ “ဒီအစီအရင်က ငါ့ထိန်းချုပ်မှုအောက်မှာ လုံးဝရောက်နေပြီ… ငါခွင့်ပြုတဲ့လူပဲ ဝင်ခွင့်ရမှာ… ငါ ဘာဖြစ်လို့ မင်းကို မတားနိုင်ရမှာလဲ…”
“ကောင်းပြီလေ… အဲ့လိုဆိုမှတော့ ငါမင်းကိုသတ်ပြစ်ရတာပေါ့…”
ထိုသို့ ပြောပြီးသည့်နောက်တွင် ဝူချန်းသည် သူ့လက်နှစ်ဖက်ကို မြှောက်၍ ကွဲပြားသော စွမ်းအင်နှစ်မျိုးကို သူ့လက်ဝါးပေါ်တွင် သိပ်သည်းလိုက်လေ၏။ တစ်ခုမှာ အနီရောင်တောက်ပြီး တစ်ခုမှာ နှင်းဖြူရောင်တောက်နေလေသည်။
စွမ်းအင်နှစ်မျိုး သိပ်သည်းသွားသည့်အခါ စွမ်းအင်နှစ်ခုမှာ အပြန်အလှန် တွန်းကန်ရမည့်အစား အတူတကွ ပေါင်းစည်း သွားခဲ့ကြပြီး အနီရောင်နှင့် အဖြူရောင် ရောယှက်နေသော ဧရာမစွမ်းအင်လုံးတစ်လုံး ဖြစ်ပေါ်လာခဲ့လေသည်။
ဝူချန်းသည် ထိုစွမ်းအင်လုံးကို လက်ဖြင့် သေချာ ထိန်းချုပ်၍ ကုန်းဝမ်ရှန်း ရပ်နေသည့် နေရာဆီသို့ လှမ်းပစ်လိုက်လေ၏။
ကုန်းဝမ်ရှန်းမှာမူ ဝူချန်း၏ တိုက်ခိုက်မှုအား အနည်းငယ်မျှပင် ရှောင်တိမ်းခြင်း မပြုပဲ မူလရပ်နေသည့် နေရာတွင်သာ လှောင်ပြုံးပြုံးလျက် ရပ်နေခဲ့လေသည်။
ထိုစွမ်းအင်ဘောလုံးမှ ဖြာထွက်နေသည့် ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းများကြောင့် အစီအရင်အပေါက်ထဲသို့ ပြေးဝင်ရန်ကြံနေကြသော ရန်ကိုင်နှင့် အခြားသူများ အလျင်စလို ပြန်ဆုတ်လိုက်ကြရလေ၏။
စွမ်းအင်ဘောလုံး သူ့နားသို့ ရောက်ခါနီးတွင် ကုန်းဝမ်ရှန်းသည် သူ့လက်အား အသာအယာ ဝှေ့ယမ်းလိုက်လေသည်။
ရွှေရောင်အလင်းတန်းတစ်ခု သူနှင့် အလင်းဘောလုံးကြား ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ချက်ချင်းဆိုသလို နားကွဲမတက် ပေါက်ကွဲသံ အကျယ်ကြီး ထွက်ပေါ်လာခဲ့လေသည်။