အခန်း (၂၁၅၆-၂၁၆၀)
Vol. 87 Ch. 2156-2160
အပိုင်း (၂၁၅၆)
မီးတောက်များ ပေါက်ကွဲထွက်လာသလို နှင်းများလည်း ကျဆင်းလာခဲ့သည်။ ဖုန်များအားလုံး ရှင်းသွားချိန် အကောင်းအတိုင်း ရှိနေသေးသော ကုန်းဝမ်ရှန်းကို အကုန်လုံး မြင်လိုက်ရလေသည်။ သူ့အား ကာကွယ်ပေးထားသော ရွှေရောင်အကာအကွယ်မှာလည်း အကောင်းအတိုင်းသာ ရှိနေသေးသည်။
ထီမထင်ဟန်ဖြင့် ရပ်နေရင်းမှ ကုန်းဝမ်ရှန်းသည်း ဝူချန်းအား လှောင်ပြောင်လိုက်လေသည် “အစီအရင်က ငါ့ထိန်းချုပ်မှုအောက်ကို လုံးဝ ရောက်နေပြီလို့ ပြောနေတယ်လေ၊ ဒါလေးတောင် နားမလည်ဘူးလား သောက်ရူးရဲ့”
ကုန်းဝမ်ရှန်း၏ စကားကြောင့် ဝူချန်း၏ မျက်နှာကြီး မဲ့သွားခဲ့သည်။
ထိုအဖြစ်အပျက်ကို မြင်ပြီးသည့်နောက်တွင် အချိန်မြစ်ကျောင်းတော်ထဲသို့ မဝင်ရသေးသည့် ကျင့်ကြံသူအားလုံး ထိတ်လန့်အံ့အားသင့်ကုန်ကြလေ၏။ ဝူချန်းကဲ့သို့ မွန်းစတားကောင်မျိုးကို ထိပ်တိုက်ရင်ဆိုင်ရဲသည့် ကုန်းဝမ်ရှန်း၏ သတ္တိအား လေးစားမိသလို ဝူချန်းအား ခွန်အားကိုလည်း အံ့ဩမိကြသည်။ ဝူချန်း၏ တိုက်ခိုက်မှုသည်သာ သူတို့ပေါ်သို့ ရောက်လာမည်ဆိုပါက လူအနည်းငယ်သာ အသက်ရှင်နိုင်ပေလိမ့်မည်။
ဝူချန်းနှင့် ကုန်းဝမ်းရှန်းတို့ တိုက်ခိုက်ကြလျှင် ခံစားကြရမည့်လူမှာ သူတို့သာ ဖြစ်မည်မှန်း လူအုပ်ကြီး နားလည်လိုက်ကြသည်။ ထို့ကြောင့် ချက်ချင်းပဲ သူတို့၏ လှုပ်ရှားမှုပညာရပ် အသီးသီးကိုသုံး၍ အချိန်မြစ်ကျောင်းတော်ထဲသို့ မြန်နိုင်သမျှမြန်မြန် ဝင်နိုင်အောင် ကြိုးစားကြတော့လေသည်။
“ငါမဝင်နိုင်ရင် မင်းတို့လည်း မဝင်ရဘူး” ဝူချန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။ ထို့နောက် တာအိုသခင်အဆင့်မြင့် ဓါးနှစ်ချောင်းကို ထုတ်ယူလိုက်လေသည်။ တစ်ချောင်းသည် မီးနီရောင်တောက်နေပြီး နောက်တစ်ချောင်းမှာ နှင်းဖြူရောင် တောက်နေခဲ့သည်။ ဓါးနှစ်ချောင်းကို ကိုင်ဆွဲလျက် ဝူချန်းသည် အချိန်မြစ် ကျောင်းတော်ထဲသို့ ပြေးသွားကြနေသော လူအုပ်ကြီးဆီသို့ ဓါးချီလှိုင်းများ တစ်လှိုင်းပြီးတစ်လှိုင်း ပစ်လွှတ်လိုက်လေသည်။
“အား... မြန်မြန် ရှောင်ကြ”
“ဝူချန်း... မင်းရူးသွားတာလား”
“သူ.. သူဘယ်လိုလုပ်ပြီး ဒီလိုလုပ်ရတာလဲ”
အကုန်လုံး ကြောက်လန့်တုန်လှုပ်ပြီး အလျင်အမြန် လူခွဲလိုက်ကြလေ၏။
သို့သော်ငြား ဝူချန်းမှာ မပြောမဆိုဘဲ ဗြုန်းစားကြီး တိုက်ခိုက်လိုက်ခြင်း ဖြစ်သလို ကြောက်မခန်းလိလိ မြင့်မားလှသော သူ့ခွန်အားကြောင့် သူ့တိုက်ခိုက်မှုကို လူများစွာ ရှောင်တိမ်းလိုက်နိုင်သည် ဆိုသည့်တိုင် မရှောင်တိမ်းလိုက်နိုင်သည့် လူအချို့လည်း ရှိနေပေသေးသည်။
ဘုန်း...
အချိန်မြစ်ကျောင်းတော်ရှေ့ ဧရာမကျင်းပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်လာခဲ့၏။ ခြေပြတ်လက်ပြတ်များနှင့် အသားစ၊ သွေးစတို့ဟာလည်း နေရာအနှံ့ ပြန့်ကျဲထွက်လာကုန်ကြ၏။ ဝူချန်း၏ တိုက်ခိုက်မှုကြောင့် လူခြောက်ဦး နေရာတွင်ပင် ပွဲချင်းပြီး သေသွားခဲ့ကြပြီး လူအချို့မှာတော့ ဒဏ်ရာရသွားခဲ့ကြရလေသည်။
ရန်ကိုင်သည် အချိန်မှီ ရှောင်တိမ်းလိုက်နိုင်သည့်အတွက် မည်သည့်ဒဏ်ရာမှ ရမသွားခဲ့ချေ။ ပိရန်ယုချင်းနှင့် ခို့ဝူတို့မှာတော့ အနည်းငယ်စီ ဒဏ်ရာ ရသွားကြ၏။ နှစ်ယောက်စလုံးမှာ ဝူချန်း၏ လက်မှ လွတ်လာပြီးသည့်တိုင် ယခုအချိန်အထိ အကြောက်မပြေကြသေးချေ။
ဝူချန်း တိုက်ခိုက်လိုက်သည်ကို မြင်သည့်တိုင် ကုန်းဝမ်ရှန်းသည် အကာအကွယ်၏ စွမ်းအားကိုသုံး၍ အခြားသူများအား ကာကွယ်ပေးခြင်းမျိုး မလုပ်ခဲ့ချေ။ သို့သော်ငြား ဝူချန်း တိုက်ခိုက်လိုက်သည်ကို မြင်ပြီးသည့်နောက် သူ့အစီအစဉ် အောင်မြင်သွားသည့် အလား ညစ်ကျယ်ကျယ် ပြုံးလိုက်လေသည်။
“ဝူချန်း၊ မင်းရူးနေတာလား၊ ငါတို့မင်းကို ဘာရန်စလို့ အခုလိုမျိုး လာတိုက်ခိုက်တာလဲကွ”
“ဟုတ်တယ် ဝူချန်း၊ ကောင်းကင်တိုက်ပွဲဒိုဂျိုလို ဂိုဏ်းကြီးတစ်ဂိုဏ်းမှာ မွေးလာတဲ့ လူတစ်ယောက်က အမှားနဲ့အမှန်ကို သိသင့်တယ်။ မင်းဝင်သွားလို့ မရတာနဲ့ အခြားသူတွေကိုပါ လိုက်ပြဿနာရှာတော့မှာလား”
“ဝူချန်း၊ မင်းလွန်မလာနဲ့နော်၊ မင်းဒေါသထွက်ရင် မင်းကို ဝင်ခွင့်မပေးတဲ့ လူကို သွားထွက်လေ၊ ဘာလို့ မဆီမဆိုင် ငါ့တို့ကို လာတိုက်ခိုက်ရတာလဲ”
သေဘေးမှ ကပ်သီလေး လွတ်လာကြသည့် ကျင့်ကြံသူများသည် မကျေမနပ်ဖြင့် တစ်ယောက်တစ်ပေါက် အော်ပြောကြတော့လေသည်။
“ကောင်းတယ်၊ မင်းတို့နှစ်ယောက် ဝင်လို့မရတော့ဘူး” ကုန်းဝမ်းရှန်သည် ဝူချန်း၏ ဒေါသကို သူ့အပေါ်သို့ ပုံချခိုင်းသည့် ကျင့်ကြံသူနှစ်ဦးအား လက်ညိုးထိုး၍ ပြောလိုက်လေ၏။
ထိုလူနှစ်ယောက်စလုံး ချက်ချင်း မျက်နှာပျက်သွားကြလေသည်။
“ရောင်းရင်းကုန်း၊ ငါအဲ့လို ပြောချင်တာ မဟုတ်ပါဘူးကွာ...ရောင်းရင်းကုန်း၊ ကျေးဇူးပြုပြီး ငါတို့ စကားမှားသွားတာလေးကို သဘောထားကြီးကြီးနဲ့ပဲ ခွင့်လွှတ်ပေးပါကွာ”
“ဟုတ်တယ်၊ ရောင်းရင်းကုန်း၊ မဟုတ်ဘူး... မဟုတ်ဘူး... ဦးလေးကုန်း၊ ကျေးဇူးပြုပြီး ငါတို့ကို ဝင်ခွင့်ပေးပါကွာ”
ထိုလူနှစ်ဦးမှာ ချက်ချင်းပဲ တောင်းပန်ကြတော့လေသည်။
ကုန်းဝမ်ရှန်းကမူ မသိချင်ယောင်သာ ဆောင်နေခဲ့သည်။
“ရောင်းရင်းဝူချန်း...” ဤနေရာသို့ ပထမဆုံး ရောက်လာခဲ့သည့် ကျင်းလီသည် ရုတ်တရက် လက်သီးဆုပ်လျက် အလေးအနက် အမူအရာဖြင့် “ကျုပ်တို့ဂိုဏ်းက ကောင်းကင်တိုက်ပွဲဒိုဂျိုရဲ့ လက်အောက်ခံဂိုဏ်းတစ်ဂိုဏ်းဆိုတော့ အခြားဂိုဏ်းတွေ အထဲဝင်လို့ မရရင်တော့ ကျုပ်တော့ ရတယ်မလား”
ဝူချန်း ပြန်မဖြေခဲ့ချေ။
ကျင်းလီက ခေါင်းညိတ်လျက် “ကျေးဇူးအများကြီးတင်ပါတယ်”
ပြောပြီးသွားသည်နှင့် အချိန်မြစ်ကျောင်းတော်ဆီသို့ ပြေးထွက်သွားလေသည်။ သို့သော် ကျောင်းတော်ထဲသို့ ဝင်ခါနီးမှာပင် ဝူချန်းသည် ရုတ်တရက်ဆိုသလို ကျင်းလီဆီသို့ ဓါးချီလှိုင်းများ ပစ်လွှတ်လိုက်လေသည်။ ထိုဓါးချီလှိုင်းကြောင့် ကျင်းလီ၏ လက်မောင်း ပြတ်ခါနီး ဖြစ်သွားခဲ့ရ၏။
“ရောင်းရင်းဝူချန်း၊ မင်းဘာလုပ်ချင်နေတာလဲ” ကျင်းလီမှာ ဝူချန်း၏ တိုက်ကွက်ကြောင့် ဇောချွေးပျံသွားခဲ့ပြီး စိုးရိမ်တကြီး လှမ်းအော်မေးတော့လေသည်။
ဝူချန်းကမူ လေထဲတွင်ဝဲလျက် အောက်ဘက်ရှိ လူအုပ်ကြီးကို ကြည့်ရင်း ဆုံးဖြတ်ချက် ချထားသည့် လေသံဖြင့် “ငါမဝင်ရရင် ဘယ်သူမှ မဝင်ရဘူးလို့ ပြောထားပြီးသွားပြီလေ”
ပြောပြီးသည်နှင့် သူ့ဓါးကို ဝှေ့ရမ်း၍ ဓါးချီလှိုင်းများကို အောက်ဘက်သို့ ပစ်လွှတ်လိုက်သည်။ သူ့ဓါးချီလှိုင်းသည် အချိန်မြစ်ကျောင်းတော်ဆီသို့ ခိုးကြောင်ခိုးဝှက် သွားနေသော ကျင့်ကြံသူတစ်ဦးအား သွားရောက်ထိမှန်လေ၏။
ထိုကဲ့သို့ တိုက်ခိုက်ပြီးနောက်တွင် ဝူချန်းသည် တည်ငြိမ်စွာရပ်လျက် ထူးမခြားနားဟန်ဖြင့် ပြောလိုက်လေ၏ “ငါ့စကားကို အာခံတဲ့ဘယ်သူမဆို သေရမယ်”
သို့သော်ငြား ထိုစကားကို ပြောပြောပြီးသွားချင်းမှာပင် ဝူချန်း၏ အမူအရာ ရုတ်ချည်း ပြောင်းလဲသွားပြီး အံ့ဩရိပ်တို့ သူ့မျက်နှာထက် ထွက်ပေါ်လာခဲ့လေသည်။
အောက်ဘက်ရှိ ဝင်ပေါက်ရှေ့တွင် ရန်ကိုင် ရပ်နေခဲ့လေသည်။ ဝူချန်း၏ တိုက်ခိုက်မှုမှာ အလွန်ကိုမှ မြန်လွန်းသဖြင့် သူသာ မရပ်လိုက်လျှင် ကျိန်းသေ ထိသွားပေတော့မည်။ ဆုပ်မိဆုပ်ရာဖြင့် ရန်ကိုင်သည် နဂါးအသွင်ပြောင်းကျင့်စဉ်ကိုသုံး၍ သူ့လက်အား ဒြပ်ကြီးငါးပါးအကြွင်းမဲ့ဓါးချီဖြင့် လွှမ်းခြုံလျက် ဓါးချီလှိုင်းတည့်တည့်သို့ ထိုးချလိုက်လေသည်။
အနီရောင်နှင့် အဖြူရောင် ကြက်ခြေခတ် ဓါးချီလှိုင်းသည် ငါးရောင်းခြယ်ဓါးချီနှင့် သွားရောက်ထိပ်တိုက်တွေ့လေသည်။
တိုက်ခိုက်မှုနှစ်ခု ထိပ်တိုက်ဝင်ဆောင့်သည့် အားကိုသုံး၍ ရန်ကိုင်သည် အချိန်မြစ်ကျောင်းတော်ထဲသို့အ လွယ်ဝကူ ဝင်ရောက်သွားနိုင်ခဲ့လေသည်။ သို့သော် အကာအကွယ်ကို ဖြတ်မသွားခင် ကုန်းဝမ်ရှန်းဘက်သို့ လှည့်၍ ကျေးဇူးတင်လိုက်လေ၏ “ကျေးဇူးပဲနော်”
ကုန်းဝမ်ရှန်းသည် ရန်ကိုင် ပျောက်ကွယ်သွားသည့် နေရာဆီသို့ လှမ်းကြည့်၍ ထူးဆန်းသည့် အမူအရာဖြင့် ရေရွတ်လိုက်လေ၏ “ဒီကောင်က.... ထူးဆန်းတာပဲ”
ရန်ကိုင်သည် တာအိုသခင်ပထမအဆင့်သာ ရှိသေးသော်ငြား ဝူချန်း၏ တိုက်ကွက်ကို မည်သည့်ဒဏ်ရာမှ မရဘဲ ခုခံပြသွားခဲ့သည်။ ဝူချန်းသည်လည်း အတော်လေး ထိတ်လန့်သွားခဲ့သည်။
ရန်ကိုင် သူ့ဘက်သို့ လှည့်လိုက်သည်နှင့် တစ်ပြိုင်နက် သူသည် စိန်တုံးပုံစံ ကြယ်စည်းတံဆိပ်ကို ရသွားသူမှန်း ချက်ချင်း သိလိုက်လေသည်။ ယခင်တစ်ခါက ရန်ကိုင်သည် ထူးဆန်းသည့် နည်းလမ်းကိုသုံး၍ သူနှင့်လော့ယွမ်၏ တိုက်ကွက်ကို ရှောင်ပြသွားခဲ့သည်။ ထိုစဉ်က သူသုံးလိုက်သည့် နည်းလမ်းမှာ အလွန်ကိုမှ ထူးဆန်းလှသဖြင့် သူပင်လျှင် ဘာနည်းစနစ်မှန်း မသိလိုက်ရပေ။
ယခုတစ်ကြိမ်တွင်မူ ရန်ကိုင်သည် သူ့တိုက်ကွက်ကို ထိပ်တိုက် ခုခံပြသွားခဲ့သည်။
(ဒီကောင် ကျားသားစားချင်လို့ ဝက်ယောင်ဆောင်နေတာလား) ဝူချန်းစိတ်ထဲ ထိုကဲ့သို့ ချက်ချင်း တွေးမိလိုက်သည်။
သူထိုကဲ့သို့ သတိလွတ်သွားသည့် အချိန်ကို အခွင့်ကောင်းယူ၍ အောက်ဘက်ရှိ ကျင့်ကြံသူများသည် ဝင်ပေါက်ဆီသို့ ပြေးထွက်သွားကြကုန်လေသည်။ ဝူချန်း အသိပြန်ဝင်လာပြီးနောက် တားရန် ကြိုးစားလိုက်သော်ငြား နောက်ကျလွန်းနေခဲ့လေပြီ။
ကုန်းစွန်းမင် မဝင်ခိုင်းသည့် နှစ်ဦးမှလွဲ၍ အခြားလူအားလုံး အချိန်မြစ်ကျောင်းတော်ထဲ ဝင်သွားသည်ကို ရပ်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
“ဝူချန်း၊ ဝူချန်း...” ကုန်းဝူရှန်းသည် လှောင်ပြုံးပြုံးရင်း အော်ရယ်မောလျက် ဝူချန်းအား လှမ်းစလိုက်လေသည် “အခု အကုန်လုံးသွားပြီဆိုတော့ မင်းဘာလုပ်မှာလဲ”
ဝူချန်းသည် ဘာမှပြန်မပြောဘဲ ကုန်းဝမ်ရှန်းကိုသာ အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်နေခဲ့လေသည်။
“အကြည့်နဲ့ သတ်ချင်နေတာလား” ကုန်းဝမ်ရှန်းက ညစ်ကျယ်ကျယ်ပြုံးလျက် “ဒါက ငါ့ကို ခြိမ်းခြောက်တဲ့ အကျိုးဆက်ပဲ။ လူငယ်တွေ သွေးဆူလွယ်တာ ပုံမှန်ပဲ။ ဒါပေမယ့် မောက်မာလွန်းလာမယ်ဆိုရင်တော့....” ကုန်းဝမ်ရှန်းသည် အကြီးအကဲမှ ကလေး တစ်ဦးအား ဆူပူနေသည့် ပုံစံမျိုး လုပ်၍ ဆက်ပြောရန် ပြင်လိုက်သော်ငြား သူ့စကား မဆုံးသေးခင်မှာပင် ဝူချန်း လှည့်ထွက်သွားသည်ကို တွေ့လိုက်ရလေသည်။
“အနာပေါ် ဆားထပ်လောင်းမယ်ဆိုမှပဲ... ဒီကောင်က ဆုံးအောင်တောင် နားမထောင်ဘူး။ ဒီတစ်ချက်တော့ ဒီကောင့်ကို ချီးကျူးရမယ်။ ငါသာဆိုရင် ဒီလို အခွင့်အရေးကြီးကို ဒီလောက်လွယ်လွယ်နဲ့ လက်လွှတ်နိုင်မှာ မဟုတ်ဘူး... ကြည့်ရတာ ဆက်နေလို့လည်း ဘာမှ မထူးတော့ဘူးနဲ့တူတယ်” ကုန်းဝမ်ရှန်းသည် သူ့ဘာသာ အော်ရယ်မောရင်း အချိန်မြစ်ကျောင်းတော်ထဲသို့ ဝင်သွားလေသည်။
ကုန်းဝမ်ရှန်း ပြောသကဲ့သို့ပင် ဝူချန်းအဖို့ ဤနေရာတွင် ဆက်နေ၍လည်း ဘာမှ ထူးလိမ့်မည် မဟုတ်ချေ။ ကုန်းဝမ်ရှန်းက သူ့အား ဝင်ခွင့်ပေးလိမ့်မည်မှ မဟုတ်လေဘဲ။ ထို့ကြောင့် ဤနေရာတွင်နေပြီး တစ်ဖက်လူ၏ လှောင်ပြောင်ပြောဆိုခြင်းကို ခံနေခြင်းထက် အခြားနေရာသို့သွားကာ အခွင့်အလမ်းများကို ရှာဖွေခြင်းသည် ပို၍ အကျိုးရှိပေသည်။
သူတို့ကြား၌ ရန်ငြိုးရန်စမှတော့ ရှိသွားခဲ့လေပြီ။ နောက်တစ်ကြိမ် ထပ်တွေ့ကြလျှင် ဝူချန်းအနေဖြင့် ကုန်းဝမ်ရှန်းအား မည်သို့မှ အလွယ်တကူ လွှတ်ပေးလိမ့်မည် မဟုတ်ပေ။
“ဦးလေးကုန်... မသွားပါနဲ့ဦး”
“ရောင်းရင်းကုန်း.. ကျုပ်တို့ကို ဒီအတိုင်း မထားခဲ့နဲ့ဦးလေ”
ကုန်းဝမ်ရှန်းမှ ဝင်ခွင့်မပေးသည့် ကျင့်ကြံသူနှစ်ဦးမှာ အပြင်ဘက်တွင်ရပ်ရင်း အလျင်စလို လှမ်းအော်ဟစ်နေခဲ့သည်။ သို့သော် ကုန်းဝမ်ရှန်းကမူ ထွက်သွားခဲ့လေပြီ။ ထို့ကြောင့် ခဏမျှ စောင့်နေပြီးသည့်နောက်တွင် စိတ်ဓါတ်ကျကျဖြင့် ပြန်ထွက်သွားရုံသာ တတ်နိုင်ခဲ့လေသည်။
...
“ဘာကြီးလဲ” အချိန်မြစ်ကျောင်းတော်ထဲသို့ ဝင်လာလိုက်သည်နှင့် တစ်ပြိုင်နက် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရန်ကိုင် ကြောင်သွားခဲ့လေသည်။
ဤနေရာတွင် မီတာပေါင်း ထောင်ပေါင်းများစွာ ကျယ်ဝန်းသော ခန်းမကြီးတစ်ခု ရှိနေခဲ့သည်။ ခန်းမထဲတွင် သူ့ထက်စောစွာ ဝင်လာသော ရှောင်ချန်း၊ လန်ရွှင်း၊ လော့ယွမ်၊ ရှောင်ပိုင်ရီနှင့် အခြားသူများ ရှိနေခဲ့ကြသည်။ လက်ရှိတွင် သူတို့အား မရေမတွက်နိုင်လောက်အောင် များပြားသော ရုပ်သေးရုပ်များက ဝန်းရံထားခဲ့သည်။
ရုပ်သေးရုပ်များကို ရန်ကိုင် ကြုံခဲ့ဖူးပေသည်။ အရိပ်ကြယ်တွင်လည်း ရုပ်သေးရုပ်များကို အထူးဖန်တီးကြသည့် မိသားစုတစ်ခုရှိပေသည်။ အရိပ်ကြယ်တွင်ပင် ရှိလေရာ ကြယ်တာရာအစုအဝေးတွင် ဘာကြောင့်များ မရှိရမည်နည်း။ ရန်ကိုင်ကသာ ကြယ်တာရာအစုအဝေးထဲရှိ ရုပ်သေးရုပ်များနှင့် တစ်ခါမှ မကြုံဖူးခြင်းသာ။ ယခု အချိန်မြစ်ကျောင်းတော်ထဲသို့ ရောက်လာပြီးနောက်တွင် မရေမတွက်နိုင်သော ရုပ်သေးရုပ်များနှင့် ကြုံလိုက်ရလေသည်။
လက်ရှိ ကြည့်ရသလောက် ခန်းမထဲရှိ ရုပ်သေးရုပ်များကို သုံးမျိုး ခွဲနိုင်ပေသည်။ တစ်မျိုးမှာ လူသားပုံစံ ရုပ်သေးရုပ်များ ဖြစ်ကြပြီး ကျင့်ကြံသူများကဲ့သို့ အမျိုးမျိုးသော လက်နက်များကို ကိုင်ဆွဲထားကြသည်။ ဒုတိယတစ်မျိုးမှာ သားရဲပုံစံ ရုပ်သေးရုပ်များ ဖြစ်ကြသည်။ ထိုရုပ်သေးရုပ်များမှာတော့ အစစ်အမှန် မွန်းစတားသားရဲများကဲ့သို့ ပြုမူတိုက်ခိုက်ကြသည်။ တတိယတစ်မျိုးမှာတော့ လူလည်းမဟုတ်၊ မွန်းစတားသားရဲလည်း မဟုတ်သည့် ရုပ်သေးရုပ်များ ဖြစ်ကြသည်။ ထိုရုပ်သေးရုပ်များမှာ အရေအတွက် အနည်းဆုံး ဖြစ်ကြသလို အားအကောင်းဆုံးလည်း ဖြစ်ကြပေသည်။
ခန်းမထဲရှိ ရုပ်သေးရုပ် အရေအတွက်မှာ ရာနှင့်ချီကာ ရုပ်သေးရုပ် တစ်ခုချင်းစီးတိုင်းဟာလည်း တာအိုသခင်အဆင့် အရှိန်အဝါကို ထုတ်လွှတ်နေကြ၏။ ဂိုဏ်းကြီးများ၏ လက်ရွေးစင်တပည့်များပင်လျှင် ထိုရုပ်သေးရုပ်များနှင့်အတွေ့၍ တိုက်စစ်အသားပေး၍ မတိုက်ခိုက်နိုင်ကြတော့ဘဲ အသည်းအသန်သာ ခုခံနေကြရ၏။
“ဒီလောက် ပြဿနာများမယ်မှန်းသိခဲ့ရင် အပြင်မှာ ခပ်ကြာကြာလေး စောင့်နေလိုက်ပါတယ်” ရန်ကိုင်က မကျေမနပ်ဖြင့် ရေရွတ်လိုက်လေသည်။ အချိန်မြစ်ကျောင်းတော်ထဲရှိ အဖိုးတန် အခွင့်အလမ်းများကို အခြားသူများ ယူသွားမည် စိုးသည့်အတွက်ကြောင့် အမြန်ပြေးဝင်လာခဲ့သော်ငြား လက်ရှိ သူ့ရှေ့ရှိ မြင်ကွင်းကို မြင်ပြီးနောက် အပြင်ဘက်တွင် စောင့်နေခြင်းကသာ ပိုကောင်းကြောင်း နားလည်သွားခဲ့လေသည်။ လက်ရှိ အခြေအနေအရ ရုပ်သေးရုပ်အားလုံးကို ထိုလူများ ရှင်းပစ်နိုင်ရန်အတွက် အချိန်အတော်လေး လိုလောက်ပေသည်။
“ဂျူနီယာမောင်လေး၇န် သတိထားဦးနော်။ ဒီရုပ်သေးရုပ်တွေက ရင်ဆိုင်ဖို့ မလွယ်ဘူး” မုရုန်ရှောင်ရှောင်က ရုတ်တရက် လှမ်းအော်ဟစ်သတိပေးလိုက်လေသည်။
“အခုလို သတိပေးတဲ့အတွက် ကျေးဇူးတင်ပေမယ့်... ငါ့နာမည်ကို အော်မပြောဘဲ သတိပေးနိုင်ရင် ပိုပြီး ကျေးဇဓးတင်မိမှာ” ရန်ကိုင်က မဲ့ပြုံးပြုံးရင် ရေရွတ်လိုက်၏။ မုရုန်ရှောင်ရှောင်မှ လှမ်းအော်ပြောပြီးသည်နှင့် တစ်ပြိုင်နက် သူမအနားတွင် ရှိနေသော ရုပ်သေးရုပ်တစ်ရုပ်သည် ရန်ကိုင်ဘက်သို့ လှည့်ကြည့်လာခဲ့လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၁၅၇)
ဤရုပ်သေးရုပ်မှာ လက်တိုတို ခြေထောက်ရှည်ရှည် ဖွတ်တစ်ကောင် တွားလျားမသွားပဲ မတ်တပ်ရပ်နေသည့် ပုံစံမျိုး ပေါက်နေခဲ့သည်။
ရန်ကိုင့်ဘက်သို့ လှည့်ကြည့်လာပြီးသည့်နောက်တွင် ရုပ်သေးရုပ်သည် ၎င်း၏ ပါးစပ်ကျယ်ကြီးကို ဟလျက် အနီရောင်အလင်းတန်းတစ်ခုကို မှုတ်ထုတ်လိုက်လေသည်။
“သာမန်ကာလျှံကာ တိုက်ခိုက်မှုတစ်ခုတောင် တာအိုသခင်အဆင့်တစ်ယောက်ရဲ့ တိုက်ကွက်တစ်ကွက်နဲ့ ညီနေတာလား… ဒီရုပ်သေးရုပ်တွေက လုံးဝကို သာမန်မဟုတ်ဘူးပဲ”
စွမ်းအင်လှိုင်းထဲတွင် ပါဝင်နေသော ပြင်းအားကို ခံစားမိလိုက်သော် ရန်ကိုင့်၏ အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့ပြီး ချက်ချင်းပဲ ရှောင်တိမ်းလိုက်လေသည်။
“ဝှစ်…”
အလင်းတန်းသည် ရန်ကိုင့်အား ပွတ်ကာသီကာလေး လွဲချော်သွားခဲ့ပြီး သူ့နောက်တွင် ရှိနေသော ကျင့်ကြံသူတစ်ဦးအား သွားရောက်ထိမှန်လေသည်။
ထိုကျင့်ကြံသူမှာ ကံကောင်းသည်ဟု ပြောရမည်။ ဤနေရာသို့ ဝင်လာကတည်းက အကာအကွယ်မှော်ရတနာတစ်ခုကို ဝတ်ဆင်ထားခဲ့လေသည်။ ဤကဲ့သို့ ဝတ်ဆင်ထားရခြင်းမှာ ဝူချန်း၏ တိုက်ကွက်ကြောင့် အသက်သေမည်ကို စိုးသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။
သို့သော်ငြား ဤအကာအကွယ်မှော်ရတနာသည် တိုက်တိုက်ဆိုင်ဆိုင်ကိုပင် သူ့အား ရုပ်သေးရုပ်၏ တိုက်ခိုက်မှုမှ ကာကွယ်ပေးသွားခဲ့သည်။
“ဘုန်း…”
ထိုကျင့်ကြံသူမှာ အနောက်သို့ ဒယိမ်းဒယိုင် ဆုတ်သွားခဲ့ရလေသည်။ သူ့ကိုယ်ပေါ်တွင် ဝတ်ဆင်ထားသော အကာအကွယ်မှော်ရတနာမှာလည်း တလက်လက် တောက်ပလာခဲ့လေ၏။ ခဏအကြာ၌ ထိုသူက အလန့်တကြား ထအော်လေသည်။
“ဘာကြီးလဲ…”
ထိုအချိန်တွင် ကျင့်ကြံသူပေါင်းများစွာသည် ဝင်ပေါက်မှတစ်ဆင့် အထဲသို့ ပြေးဝင်လာကြလေ၏။ နောက်ဆုံးမှ ရောက်လာသော ကုန်းဝမ်ရှန်းပင်လျှင် ရောက်လာခဲ့လေသည်။
ယခင်က အချိန်မြစ်ကျောင်းတော်အပြင်ဘက်တွင် စုဝေးနေခဲ့သော လူများအနက် ကုန်းဝမ်ရှန်းမှ ဝင်ခွင့်မပြုခဲ့သည့် ကျင့်ကြံသူနှစ်ဦးနှင့် ဝူချန်းမှလွဲ၍ ကျန်သည့်လူ အကုန်လုံး ဤထဲသို့ ရောက်နေပြီဟု ပြော၍ရသည်။
ကျင့်ကြံသူများ တစ်ဦးပြီးတစ်ဦး ရောက်လာသော် ရှောင်ချန်းနှင့် အခြားသူများအား ဝိုင်းဝန်းတိုက်ခိုက်နေခဲ့ကြသော ရုပ်သေးရုပ်များသည် လူခွဲကာ အသစ်ရောက်လာသည့် လူများအား ဝင်ရောက်တိုက်ခိုက်ကြလေသည်။
ထို့အတွက်ကြောင့် ရှောင်ချန်းနှင့် အခြားသူများ ခံစားနေရသည့် ဖိအားမှာလည်း သိသိသာသာကို လျော့ကျသွားခဲ့လေ၏။ ထိုအတွက်ကြောင့်ပင်လျှင် သူတို့အဖွဲ့သည် ချက်ချင်းပဲ တန်ပြန် တိုက်ခိုက်ကြတော့လေသည်။
သူတို့၏ တိုက်ခိုက်မှုများကြောင့် ရုပ်သေးရုပ်များမှာ တစ်စဆီ ကွဲကြေကာ ပျက်စီးသွားကုန်ကြသည်။ ရုပ်သေးရုပ်များ ပျက်စီးသွားပြီးသည့်နောက်တွင် အားကောင်းလှသည့် စွမ်းအင်အရှိန်အဝါကို ထုတ်လွှတ်နေသော လက်သီးဆုပ်အရွယ် သလင်းကျောက်တစ်တုံး ကျခန်ခဲ့လေသည်။
“စိတ်ဝိဉာဉ်စွမ်းအင် အမြုတေလား…”
တစ်စုံတစ်ဦးသည် ထိုသလင်းကျောက်အား လောဘတကြီး စိုက်ကြည့်ရင်း အလန့်တကြား ဆိုလိုက်လေသည်။
ထိုသလင်းကျောက် မည်သည့်အရာ ဖြစ်သလဲ ဆိုသည်ကို နားလည်လိုက်သည်နှင့် ရန်ကိုင်လည်း စိတ်လှုပ်ရှားလာခဲ့သည်။
စိတ်ဝိဉာဉ်စွမ်းအင်အမြုတေသည် ရုပ်သေးရုပ်တစ်ရုပ်၏ အဓိကထောက်တိုင် ဖြစ်ပေသည်။ထိုစိတ်ဝိဉာဉ်စွမ်းအင်အမြုတေသာ မရှိလျှင် ရုပ်သေးရုပ် မည်မျှပင် ကောင်းမွန်နေစေကာမူ လှုပ်ရှားနိုင်လိမ့်မည် မဟုတ်ချေ။
စိတ်ဝိဉာဉ်စွမ်းအင်အမြုတေအား ထည့်သွင်းပြီးမှသာ ရုပ်သေးရုပ်တစ်ရုပ်သည် သူ့ဘာသာ အလိုလို လှုပ်ရှားလာနိုင်ခြင်းဖြစ်သည်။
သို့သော်ငြား စိတ်ဝိဉာဉ်စွမ်းအင်အမြုတေမှာ အလွန်ကိုမှ သန့်စင်ရန် ခက်ခဲလှသည်။ စိတ်ဝိဉာဉ်စွမ်းအင်အမြုတေကို ဖန်တီးရန်အတွက် အဆင့်မြင့် ပန်းပဲပညာရှင်တစ်ဦးနှင့်တကွ ရုပ်သေးပညာရှင်တစ်ဦးကို လိုအပ်ပေသည်။
ထို့အတွက်ကြောင့် ထိုအမြုတေများ၏ တန်ဖိုးမှာ အလွန်ကိုမှ မြင့်မားလှသည်ဟု ပြော၍ရသည်။ အထူးသဖြင့် ယနေ့ခေတ်တွင် ရှာတွေ့ရန် မဖြစ်နိုင်တော့သော အဆင့်မြင့် စိတ်ဝိဉာဉ်စွမ်းအင်အမြုတေများပင်။
ဤနေရာတွင် ရုပ်သေးရုပ်ပေါင်း ရာနှင့်ချီကာ ရှိနေခဲ့လေသည်။ ထိုရုပ်သေးရုပ် တစ်ရုပ်ချင်းစီသည် တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် ညီမျှသော ခွန်အားကို ပိုင်ဆိုင်ထားကြသည်။
ရုပ်သေးရုပ်ရာပေါင်းများစွာ ရှိသည်ဆိုသည်မှာ စိတ်ဝိဉာဉ်စွမ်းအင်အမြုတေ ရာပေါင်းများစွာရှိသည်ဟု ဆိုလိုက်ခြင်းပင်။
သူတို့သည်သာ ထိုစိတ်ဝိဉာဉ်စွမ်းအင်အမြုတေများကို ပြန်ယူသွားပြီ ရုပ်သေးပညာရှင်တစ်ဦးကို ရှာကာ ရုပ်သေးရုပ်များ ဖန်တီးခိုင်းမည်ဆိုပါက တာအိုသခင်အဆင့် ရုပ်သေးရုပ် စစ်တပ်တစ်တပ်ကို ဖန်တီးနိုင်ပေလိမ့်မည်။
ရှောင်ချန်း၊ ခုန်းချီ၊ ရှောင်ပိုင်ယီကဲ့သို့သော ထိပ်တန်းအင်အားစုများတွင် မွေးဖွားလာသည့် ကျင့်ကြံသူများမှာ ထိုစိတ်ဝိဉာဉ်စွမ်းအင်အမြုတေများကို ဂရုစိုက်နေလိမ့်မည် မဟုတ်သော်ငြား ဂိုဏ်းငယ်လေးများနှင့် မိသားစုငယ်လေးများတွင် မွေးဖွားလာသူများမှာတော့ မတူကြတော့ပေ။
အင်အားစုငယ်လေးများအဖို့ တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးကို ပျိုးထောင်ရန်မှာ အတော်လေးကိုမှ ခက်ခဲလှသည်။
သို့သော်ငြား သူတို့တွင်သာ ထိုကဲ့သို့သော စိတ်ဝိဉာဉ်စွမ်းအင်အမြုတေများ ရှိနေမည်ဆိုပါက တာအိုသခင်အဆင့် ပညာရှင်များကို အလွယ်တကူ ဖန်တီးနိုင်ပေလိမ့်မည်။
ထိုကဲ့သို့သော မက်လုံးနှင့် ရင်ဆိုင်ရသော် ကျင့်ကြံသူများကြား ပြိုင်ဆိုင်မှုမှာ အလွန်ကိုမှ ပြင်းထန်လာခဲ့လေသည်။ သူတို့၏ ဂိုဏ်းနှင့် ကိုယ်ကိုယ်တိုင်သည် ရုပ်သေးရုပ်ကို မလိုအပ်လျှင်ပင် ထိုအရာများကို ရောင်းချခြင်းဖြင့် အရင်းအမြစ် မြောက်များစွာကို ရှာဖွေနိုင်ပေသည်။
ထို့အတွက်ကြောင့် ခန်းမထဲသို့ စစဝင်လာချင်းတွင် တုန်လှုပ်နေခဲ့ကြသော်ငြား အကြောင်းစုံကို သိသွားပြီးသည့်နောက်တွင် ကျင့်ကြံသူများမှာ ပို၍ စိတ်အား ထက်သန်လာကာ သူတို့၏ မှော်ရတနာအသီးသီးကို ထုတ်၍ ရုပ်သေးရုပ်များအား ကြမ်းကြုတ်စွာ တိုက်ခိုက်ကြတော့လေသည်။
ရုပ်သေးရုပ် အရေအတွက်မှာ အလွန်ကိုမှ များပြားလှသော်ငြား သူတို့၏ ခွန်အားမှာ အလွန်မြင့်မားခြင်း မရှိချေ။ ထို့အပြင် သူတို့အား ထိန်းချုပ်ညွှန်ကြားပေးမည့် မည်သူမျှ ရှိမနေသဖြင့် သူတို့၏ ခွန်အား အပြည့်အဝကို ထုတ်မသုံးနိုင်ကြ။ ထို့အတွက်ကြောင့်ပင်လျှင် တိုက်ပွဲ၏ ရေချိန်မှာ တခဏအတွင်း ပြောင်းလဲသွားရတော့လေသည်။
ရောက်လာကြသည့် ကျင့်ကြံသူများမှာလည်း သူတို့၏ ခွန်အားကို ထိန်ချန်ထားမနေခဲ့ကြပေ။ အားနည်းသည့် ကျင့်ကြံသူများမှာ သုံးယောက်တစ်ဖွဲ့၊ ငါးယောက်တစ်ဖွဲ့ ဖွဲ့၍ သူတို့၏ ပစ်မှတ်များကို ဝိုင်းဝန်းတိုက်ခိုက်ကြပြီး မိမိ၏ ခွန်အားအပေါ် ယုံကြည်ချက်ရှိသူများမှာတော့ တစ်ကိုယ်တည်းသာ တိုက်ခိုက်ကြလေသည်။
တခဏအတွင်းမှာပင် ရုပ်သေးရုပ် အရေအတွက်သည် တစ်ဝက်တိတိ လျော့ကျသွားခဲ့သည်။ သို့တိုင် သေဆုံးသွားခဲ့သည့် မည်သည့်ကျင့်ကြံသူ တစ်ဦးတစ်လေမျှ ရှိမနေခဲ့ပေ။ အချို့သည်သာ ဒဏ်ရာ ရသွားခဲ့ကြရ၏။
ရန်ကိုင်သည်လည်း ရုပ်သေးရုပ်အချို့ကို ဖျက်ဆီးကာ စိတ်ဝိဉာဉ်စွမ်းအင် အမြုတေအချို့ကို ရယူနိုင်ခဲ့ပေသည်။
အချိန်ကြာလာသည်နှင့်အမျှ ရုပ်သေးရုပ် အရေအတွက်မှာ ပိုပို၍ နည်းပါးလာခဲ့လေ၏။
ရုတ်တရက်ဆိုသလို လူအုပ်ကြားထဲရှိ တစ်နေရာမှ မျက်စိကျိန်းမတက် အလင်းတန်းတို့ ပေါက်ကွဲထွက်လာခဲ့လေသည်။ အကုန်လုံး၏ အာရုံသည် ထိုအလင်းတန်းဆီသို့ ရောက်သွားခဲ့လေ၏။
ကြယ်ပုံစံအလင်းတန်းတစ်ခုသည် လေထဲတွင် တခဏကြာမျှ မှိတ်တုတ်မှိတ်တုတ်ဖြင့် ဝဲနေပြီးသည့်နောက် ရုတ်တရက်ဆိုသလို အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလျက် အမျိုးသားကျင့်ကြံသူတစ်ဦး၏ လက်မောင်းဆီသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။
ထိုကျင့်ကြံသူမှာ မည်သည့်အရာများ ဖြစ်လို့ ဖြစ်နေမှန်းမသိပဲ သူ့လက်မောင်း နာကျင်လာသည်ကိုသာ ခံစားမိသဖြင့် အလန့်တကြား ထအော်လေသည်။
“ဒါ ငါးထောင့်ကြယ်စည်းတံဆိပ်…”
လန်ရွှင်း၏ မျက်ဝန်းလေးများ တဖျတ်ဖျတ် တောက်ပလာခဲ့လေ၏။
“ဒီရုပ်သေးရုပ်တွေမှာ တကယ်ကြီး ကြယ်စည်းတံဆိပ်တွေ ရှိနေတာလား…” ရှောင်ချန်းသည် လက်ကျန်ရုပ်သေးရုပ်များအား ဝေ့ကြည့်လိုက်လေသည်။
ရှောင်ချန်းအနေဖြင့် ရုပ်သေးရုပ်များစွာကို ဖျက်ဆီးပြီးသွားခဲ့ပြီ ဖြစ်သော်ငြား မည်သည့် ရုပ်သေးရုပ်တွင်မှ ကြယ်စည်းတံဆိပ် ရှိမနေခဲ့ပေ။ ထို့အတွက်ကြောင့် သူ့စိတ်ထဲ အနည်းငယ်တော့ မသက်မသာ ဖြစ်မိသွား၏။
“အော်… ဒါက ကြယ်စည်းတံဆိပ်လား…”
လန်ရွှင်း၏ စကားကို ကြားပြီးသည့်နောက် ထိုအမျိုးသား ကျင့်ကြံသူမှာ တခဏတာမျှ မင်သက်သွားခဲ့လေသည်။ သို့သော်ငြား မကြာခင်တွင် ပျော်ရွှင်စွာ ပြုံး၍ အော်ပြောလိုက်လေ၏။
“ငါတကယ်ကြီး ကြယ်စည်းတံဆိပ်တစ်ခုကို ရလိုက်တာလား… ဟား ဟား ဟား… ကြည့်ရတာ ငါ့ကို ကောင်းကင်က ဂရုစိုက်နေတယ်နဲ့ တူတယ်…” ကျင့်ကြံသူမှာ အလွန်ကိုမှ ပျော်သွားကာ အားပါးတရ ထရယ်တော့လေသည်။
သို့သော်ငြား ထိုအဖြစ်အပျက် ပြီးသည့်နောက်တွင် အကုန်လုံး၏ ရုပ်သေးရုပ်များအား သတ်ဖြတ်ချင်စိတ်မှာ သိသိသာသာကို မြင့်တက်လာခဲ့လေသည်။ ထို့အတွက်ကြောင့် သူတို့၏ တိုက်ခိုက်မှုများမှာလည်း ပိုမို၍ ပြင်းထန်လာခဲ့လေ၏။
ခန်းမ၏ ထောင့်တစ်နေရာတွင် အမျိုးသားနှင့် အမျိုးသမီးတစ်ဦးသည် ကျားသစ်ပုံစံနှင့်တူသော ရုပ်သေးရုပ်တစ်ရုပ်အား တိုက်ခိုက်နေကြလေသည်။ ထိုရုပ်သေးရုပ်မှာ အစစ်အမှန်ကျားသစ်တစ်ကောင်နှင့် လုံးဝမကွာချေ။ ထို့အပြင် ၎င်း၏ လှုပ်ရှားမှုများမှာ အလွန်ကိုမှ ချောမွေ့ပြေပြစ်လှသည်။
သို့ရာတွင် ကံမကောင်းစွာဖြင့် ထိုရုပ်သေးရုပ်သည် အနီးကပ်သာ တိုက်ခိုက်နိုင်ပေသည်။ ထို့အတွက်ကြောင့် ထိုလူနှစ်ဦး၏ ကျင့်ကြံခြင်းမှာ အရမ်းကြီး မြင့်မားနေခြင်း မရှိသည့်တိုင် သူတို့အနေဖြင့် ဤရုပ်သေးရုပ်အား အနိုင်ယူကောင်း ယူနိုင်ပေသည်။
သူတို့ စိုးရိမ်နေသည်မှာ ဤရုပ်သေးရုပ်၏ ခွန်အားကြောင့် မဟုတ်။ ရုပ်သေးရုပ်နဖူးတွင် ရှိနေသော သုံးမြှောင့်ပုံစံ အမှတ်အသားတစ်ခုကြောင့်သာ ဖြစ်လေသည်။ ထိုအမှတ်အသားမှာ အရမ်းကြီး သိသာထင်ရှားနေခြင်း မရှိပေ။ ဤရုပ်သေးရုပ်နှင့် တိုက်ခိုက်စဉ်က သူတို့လည်း ဤအမှတ်အသားကို သတိပြုမိခဲ့သည်။
သို့သော် အရမ်းကြီး ဂရုစိုက်မနေခဲ့။
သို့ရာတွင် အစောပိုင်းက အဖြစ်အပျက်ပြီးသည့်နောက် ထိုအမှတ်အသားမှာ ကြယ်စည်းတံဆိပ်မှန်း သူတို့နှစ်ဦးစလုံး သိလိုက်ကြသည်။
ထိုစီနီယာအစ်ကိုနှင့် ဂျူနီယာညီမတို့ စုံတွဲမှာ ဂိုဏ်းကြီးတစ်ဂိုဏ်းမှ လာခြင်း မဟုတ်ချေ။ သူတို့၏ ခွန်အားမှာလည်း အလွန်မြင့်မားခြင်း မရှိ။
ထို့အတွက်ကြောင့် သူတို့သာ ဤရုပ်သေးရုပ်ကို သတ်ပြစ်လိုက်မည် ဆိုပါက ကြယ်စည်းတံဆိပ်ပေါ်လာပြီး လူအများ၏ အာရုံစိုက်ခြင်း ခံရမည်ကို စိုးရိမ်နေခြင်းသာ ဖြစ်ပေသည်။
ငါးထောင့်ပုံစံ ကြယ်စည်းတံဆိပ်အား ရလိုက်သည့်လူမှာ အလွန်ကိုမှ ဝမ်းသာအားရ ဖြစ်နေသော်ငြား ဤခန်းမထဲရှိ ရုပ်သေးရုပ်များသာ ကုန်သွားမည်ဆိုပါက ထိုလူသည် အနှေးနှင့် အမြန်ဆိုသလို လူအများ၏ ပစ်မှတ် ဖြစ်လာရပေတော့မည်။
ထိုသို့ တွေးမိလိုက်ပြီးသည့်နောက်တွင် စီနီယာအစ်ကိုနှင့် ဂျူနီယာညီမစုံတွဲသည် အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။ နှစ်ဦးသား ခေါင်းညိတ်လိုက်ကြပြီးသည့်နောက် တစ်ဖက်ရုပ်သေးရုပ်အား ချက်ချင်း အနိုင်မတိုက်တော့ပဲ ထိုအစား ရုပ်သေးရုပ်ကိုသာ ကျောင်းတော်အတွင်းပိုင်းထဲသို့ မျှားခေါ်သွားကြလေသည်။
သို့မှသာ သူတို့အနေဖြင့် ကြယ်စည်းတံဆိပ်အား မည်သူမျှ မမြင်အောင် ယူနိုင်ပေလိမ့်မည်။ ခန်းမတစ်ခုလုံးမှာ ပရမ်းပတာ ဖြစ်နေသဖြင့် သူတို့နှစ်ဦး၏ လုပ်ရပ်မှာ အနည်းငယ် သံသယဝင်စရာ ကောင်းသော်ငြား မည်သူမျှ သူတို့အား ဂရုစိုက်မနေခဲ့ပေ။
သူတို့နှစ်ဦးမှာ အားနည်းသည့်အတွက်ကြောင့် ရုပ်သေးရုပ်လက်မှ ထွက်ပြေးနေသည်ဟုသာ အခြားသူများ ထင်ကြပေလိမ့်မည်။ သူတို့နှစ်ဦး၏ အကြံအစည်မှာ အတော်လေးကိုမှ ကောင်းမွန်ပေသည်။
ကံမကောင်းစွာဖြင့် လူအုပ်ကြီး မမြင်နိုင်လောက်သည့် နေရာသို့ ရောက်လာသည့် အခါတွင် ပုံရိပ်တစ်ခုသည် ကောင်းကင်ပေါ်မှ ရုတ်တရက် ပြုတ်ကျလာပြီး သူ့လက်သီးဖြင့် အားပါးတရ ထိုးချလိုက်လေသည်။
နှစ်ဦးစလုံး မျက်နှာပျက်သွားခဲ့သော်ငြား သူတို့အနေဖြင့် ပြန်လည်တုံ့ပြန်ရန် နောက်ကျလွန်းနေခဲ့လေပြီ။ ကျားသစ်ရုပ်သေးရုပ်မှာ တမုဟုတ်ချည်း ဆိုသလို တစ်စစီဖြစ်သွားခဲ့ပြီး ၎င်း၏နဖူးထက်တွင် ရှိနေသော သုံးမြှောင့်ပုံစံ အမှတ်အသားမှာလည်း ရုပ်သေးရုပ်အား ဖျက်ဆီးလိုက်သည့် လူဆီသို့ ရောက်သွားခဲ့လေသည်။
“သုံးမြှောင့်ပုံစံ ကြယ်စည်းတံဆိပ်ပဲလား…” ထိုလူသည် သူ့လက်ခုံကိုကြည့်ရင်း မကျေမနပ်ဖြင့် ရေရွတ်လိုက်လေ၏။ ထို့နောက် အခြားရုပ်သေးရုပ်တစ်ခုအား သွားရောက် တိုက်ခိုက်တော့လေသည်။
ထိုအချင်းအရာကို မြင်သော် စီနီယာအစ်ကို ဂျူနီယာညီမ စုံတွဲမှ အမျိုးသမီးသည် နှုတ်ခမ်းလေးကိုကိုက်ရင်း တစ်ခုခုပြောရန် ပြင်လိုက်လေသည်။
သို့သော်ငြား သူမ၏ စီနီယာအစ်ကိုမှာ တမုဟုတ်ချည်း အပြောင်းလဲကြီး ပြောင်းလဲသွားပြီး ချက်ချင်းပဲ သူမအား အလျင်စလို ပြန်ဆွဲခေါ်ထား၍ ဖြည်းဖြည်းချင်း ခေါင်းခါရင်း လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။
“အဲ့ဒါ လော့ယွမ်ပဲ… ငါတို့ သူ့ကို သွားရန်စလို့ မဖြစ်ဘူး…”
“ဒါပေမဲ့ အဲ့ကြယ်စည်းတံဆိပ်က…” အမျိုးသမီးမှာတော့ လက်မလျှော့ချင်သေးပေ။
ထိုလူက ကူကယ်ရာမဲ့စွာ ပြုံးလျက် “ငါတို့ မမြင်လိုက်ဘူးလို့ပဲ သဘောထားလိုက်ပေါ့…”
“အမှန်တကယ်ဆို အဲ့ဒါက ကျွန်မတို့ဟာပဲ…” အမျိုးသမီးက မကျေမနပ်ဖြင့် နှုတ်ခမ်းစူလိုက်လေသည်။
လော့ယွမ်သာ သူတို့ဆီသို့ ရုတ်တရက်ကြီး ပြေးဝင်လာပြီး သူတို့၏ သားကောင်ကို ခိုးယူသွားမည်မှန်း ကြိုသိခဲ့မည်ဆိုပါက ဤကျားသစ်ရုပ်သေးရုပ်အား အခြားတစ်နေရာသို့ မျှားခေါ်လာမည့်အစား တစ်ခါတည်းသာ ဖျက်ဆီးလိုက်ပေမည်။
လော့ယွမ်နှင့် အကျိုးသင့်အကြောင်းသင့် စကားသွားပြောနေ၍ ရမည်မဟုတ်မှန်း ထိုလူ ကောင်းကောင်း သိထားသည်။ လော့ယွမ်နှင့် အကျိုးသင့်အကြောင်းသင့် စကားပြောလိုလျှင် စကားဖြင့် ပြောရမည်မဟုတ်ဘဲ လက်သီးဖြင့်သာ ပြောရပေလိမ့်မည်။
ခန်းမထဲရှိ ရုပ်သေးရုပ်အားလုံးကို ဖျက်ဆီးပစ်လိုက်ရန် တစ်နာရီခန့် အချိန်ယူလိုက်ရသည်။ ထိုရုပ်သေးရုပ်များကြောင့် တောင်ဘက်နယ်မြေထဲရှိ အဓိကအင်အားစုများမှ ကျင့်ကြံသူအချို့ ဒဏ်ရာ ရသွားခဲ့ကြရလေ၏။
သို့သော်ငြား သူတို့ရလိုက်သည့် စိတ်ဝိဉာဉ်စွမ်းအင် အမြုတေများနှင့်တကွ ပေါ်လာသည့် ကြယ်စည်းတံဆိပ်သုံးခုသည် သူတို့ ပေးဆပ်လိုက်ရသည်ထက် ပို၍ တန်ဖိုးရှိပေသည်။
ငါးထောင့်နှင့် သုံးထောင့်ပုံစံ ကြယ်စည်းတံဆိပ်အပြင် အခြားသော စိန်တုံးပုံစံ ကြယ်စည်းတံဆိပ်တစ်ခုလည်း ပေါ်လာခဲ့ပေသည်။ ထိုနောက်ဆုံးကြယ်စည်းတံဆိပ်ကို နေမင်းပြာကျောင်းတော်မှ မုရုန်ရှောင်ရှောင်မှ ရရှိသွားခဲ့လေသည်။ ထို့အတွက်ကြောင့် ကောင်မလေးမှာ အလွန်ကိုမှ ဝမ်းသာအားရ ဖြစ်နေတော့လေသည်။
ယခု ရုပ်သေးရုပ်များ ရှင်းလင်းသွားသည့် အခါမှသာ အကုန်လုံးအနေဖြင့် ခန်းမအား သေသေချာချာ စစ်ဆေးကြည့်နိုင်တော့သည်။
လက်ရှိအချိန်တွင် ရုပ်သေးရုပ်များ၏ အစိတ်အပိုင်းများဖြင့် မွစာကြဲနေသော ခန်းမကြီး၏ တစ်နေရာတွင် ဝင်ပေါက်ဟုထင်မှတ်ရသော လမ်းကြောင်းတစ်ခု ရှိနေခဲ့လေသည်။
ထိုဝင်ပေါက်အား စောင့်ကြပ်နေသော မည်သည့် ရုပ်သေးရုပ်မျှ မရှိသလို မည်သည့် အစီအရင်မှလည်း မရှိနေခဲ့ပေ။ ထိုသို့ဖြစ်သည့်တိုင် မည်သူမျှ ထိုဝင်ပေါက်ဆီသို့ မဆင်မခြင် မချည်းကပ်သွားရဲခဲ့ကြ။
အကုန်လုံးသည် တင်ပလင်ခွေထိုင်ကာ သူတို့ကိုယ်သူတို့ အားပြန်ဖြည့်ကြသည်။
ခုနှစ်ရောင်စင်ကုန်သွယ်ရေး အဖွဲ့အစည်းမှ ခုန်းချီသည် ကုန်းဝမ်ရှန်းဆီသို့ လျှောက်သွားလိုက်ပြီး မေးလိုက်လေသည်။ “ရောင်းရင်းကုန်း… အခြေအနေ ဘယ်လိုရှိလဲ…”
ကုန်းဝမ်ရှန်းသည် ခုန်းချီအား မျက်လုံးမှေးစင်းကာ စိုက်ကြည့်၍ ပြောလိုက်လေသည်။ “ရောင်းရင်းခုန်း… မင်းက ငါတို့ အရင်တစ်ကြိမ် တွေ့တုန်းကထက် ပိုပိုပြီး အရေထူလာတာပဲ… ပိုပြီးတော့လည်း အရှက်ပိုမဲ့လာတယ်… ငါကိုယ်တိုင်မှ ဒီနေရာကို တစ်ခါမှ မရောက်ဖူးတာ… မင်းငါ့ကို လာမေးနေလို့ ငါဘာသိမှာလဲ”
ခုန်းချီက အဓိပ္ပာယ်ပါပါ ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ပိုတတ်နိုင်တဲ့လူတွေက ပိုပြီး တာဝန်ကြီးတယ်လေ ရောင်းရင်းကုန်းရဲ့… ရောင်းရင်းကုန်းက အစီအရင်တွေကို ဒီလောက်ကျွမ်းကျင်တာ… အဲ့မှာသာ အန္တရာယ်တစ်ခုခု ရှိမှန်း သိလို့ရှိရင် ရောင်းရင်းကုန်းပဲ အရင်ဆုံး သတိပြုမိမှာပေါ့…”
“အခု မင်းငါ့ကို အရှက်မရှိ လာမြှောက်နေပြန်ပြီ…” ကုန်းဝမ်ရှန်းက နှာခေါင်းရှုံ့လျက် မတ်တပ်ရပ်လိုက်ပြီးသည့်နောက် လမ်းလျှောက်သွားရင်း ရေရွတ်လိုက်လေ၏။ “ကောင်းပြီလေ… အဲ့လိုဆိုမှတော့ ငါတစ်ချက် ကြည့်ပေးရမှာပေါ့…”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၁၅၈)
ကုန်းဝမ်ရှန်းသည် သူ့ဘာသာ ရေရွတ်ရင်း ဝင်ပေါက်ဆီသို့ လမ်းလျှောက်သွားလေသည်။
ခုန်းချီမှာမူ မင်သက်နေခဲ့လေ၏။ သူ၏ မူလရည်ရွယ်ချက်မှာ ကုန်းဝမ်ရှန်းအား ထိုနေရာဆီသို့ သွားပြီး ထိုနေရာ၌ အစီအရင်တစ်မျိုးမျိုး ရှိမရှိ စစ်ဆေးကြည့်ခိုင်းရန် ဖြစ်သော်ငြား ကုန်းဝမ်ရှန်းသည် သူ၏ ပြောစကားကို ဤမျှ အလွယ်တကူ သဘောတူလိုက်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ အနည်းငယ်လေးမျှပင် မကန့်ကွက်ခဲ့။
ဤပုံစံသည် ကုန်းဝမ်ရှန်း၏ ပုံစံနှင့် ကိုက်ညီမနေခဲ့ပေ။
ခဏမျှ စဉ်းစားနေပြီးသည့်နောက်တွင် ခုန်းချီ၏ အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့ပြီး ကုန်းဝမ်ရှန်းနောက်သို့ အမီလိုက်ရင်း ပြောလိုက်လေသည်။
“ရောင်းရင်းကုန်းကို ဘယ်လိုလုပ်ပြီး တစ်ယောက်တည်း စွန့်စားခိုင်းလို့ ဖြစ်ပါ့မလဲ… ဒီခုန်းကလည်း ရောင်းရင်းခုန်းနဲ့ အတူတူ လိုက်ပေးရတာပေါ့…”
“မင်းသေချာလား…” ကုန်းဝမ်ရှန်းသည် ခုန်းချီဘက်သို့ လှည့်ကြည့်လာ၍ မေးလိုက်လေသည်။
“အမ်…” ခုန်းချီ စိုးရိမ်သွားခဲ့သည်။
ကုန်းဝမ်ရှန်း၏ အမူအယာမှာ အလွန်ကိုမှ ဖတ်ရခက်လှသည်။ သူတကယ်ပြောနေသလား သူ့စိတ်ထဲ လှည့်ကွက်တစ်ခုခုများ စဉ်းစားနေသလား အလွန်ကိုမှ ခန့်မှန်းရခက်လှ၏။
မည်သို့ဖြေရမည်မှန်း မသိတော့သည့် အဆုံးတွင် အံကြိတ်၍သာ ခေါင်းညိတ်လိုက်လေသည်။ “သေချာတယ်…”
“ကောင်းပြီလေ…” ကုန်းဝမ်ရှန်းက ပုခုံးတွန့်၍ ရှေ့ဆက်သွားရင်း ပြောလိုက်သည်။ “ငါ့နောက် အနီးကပ်လိုက်ခဲ့…”
ထိုစကားကို ကြားသော် ခုန်းချီ ပျော်သွားခဲ့သည်။ သူဖြေလိုက်သည့် အဖြေမှာ လုံးဝကို မှန်ကန်သွားမှန်းလည်း သိလိုက်လေသည်။ သို့သော်ငြား အမူအယာကိုမူ တည်ငြိမ်အောင်ထားရင်း ပြောလိုက်လေ၏။
“ရောင်းရင်းကုန်းလည်း သတိထားဦးနော်…”
စကားတပြောပြောနှင့် လမ်းလျှောက်လာလိုက်လေရာ မကြာမီတွင် ဝင်ပေါက်ရှေ့သို့ ရောက်လာလေသည်။
အကုန်လုံးမှာတော့ သူတို့နှစ်ဦးကိုသာ စောင့်ကြည့်နေကြသည်။ လက်ရှိအချိန်၌ ခန်းမထဲတွင် တင်ပလင်ခွေထိုင်ကာ အားပြန်ဖြည့်နေသော ကျင့်ကြံသူအားလုံးတို့သည် ကုန်းဝမ်ရှန်း၏ လှုပ်ရှားမှုများကို သေချာ ဂရုတစိုက် စောင့်ကြည့်နေကြလေသည်။
ကုန်းဝမ်ရှန်းမှ ရွှေရောင်အကာအကွယ်အား မည်ကဲ့သို့ ချိုးဖြတ်ပြသွားသလဲ ဆိုသည်ကို အကုန်လုံး မြင်တွေ့ခဲ့ရသည်။ ထို့ကြောင့် ဝင်ပေါက်တွင်သာ အစီအရင်တစ်မျိုးမျိုး ရှိနေပါက ထိုအစီအရင်ကိုလည်း ကုန်းဝမ်ရှန်းမှ ရှာတွေ့နိုင်မည်ဟု ယုံကြည်နေကြပေသည်။
ထို့အတွက်ကြောင့် ကုန်းဝမ်ရှန်း ဘာဆက်လုပ်မလဲ ဆိုသည်ကို အကုန်လုံး သေချာစောင့်ကြည့်နေကြသည်။
ကုန်ဝမ်ရှန်းသည် ဝင်ပေါက်တွင် ရပ်လျက် ခဏမျှကြာအောင် လေ့လာကြည့်လိုက်လေသည်။ သူ့အမူအယာများ အဆက်မပြတ် ပြောင်းလဲနေခဲ့သဖြင့် အကုန်လုံးမှာ သူဘာတွေးနေသလဲဆိုသည်ကို သေချာမသိနိုင်အောင် ဖြစ်နေခဲ့သည်။
အချိန်အတော်ကြာသွားပြီးသည့် နောက်မှသာ ရေရွတ်လိုက်လေသည်။
“ငါထင်ထားတဲ့ အတိုင်းပဲ… ဒီဝင်ပေါက်က ရိုးရိုးဝင်ပေါက် တစ်ခုပဲ… ဘာအန္တရာယ်မှ မရှိဘူး”
ပြောပြီးသည်နှင့် ဝင်ပေါက်ထဲသို့ ဝင်သွားလိုက်လေသည်။ ခုန်းချီသည်လည်း သူ့နောက်သို့ အလျင်စလို လိုက်သွားလိုက်လေ၏။
ခုန်းချီနှင့် ကုန်းဝမ်ရှန်းတို့သည် ဤသို့ဖြင့် အားလုံး၏ မြင်ကွင်းမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့လေသည်။
“ဟမ့်…”
ထိုမြင်ကွင်းကို ကြည့်ရင်း ရှောင်ချန်းမှာတော့ နှာခေါင်းသာ ရှုံ့လိုက်လေ၏။
ကုန်းဝမ်ရှန်း၏ အမူအယာ ပြောင်းလဲသွားသည်ကို မြင်သည့်အခါ သူတစ်ခုခုအား ရှာတွေ့သွားပြီဟု ထင်မိခဲ့သည်။ သို့သော်ငြား အဆုံးတွင် ထိုဝင်ပေါက်သည် သာမန်ဝင်ပေါက်တစ်ခုသာ ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ကုန်ဝမ်ရှန်းမှ သူ့အား လှည့်စားသွားသည်ဟု ရှောင်ချန်း ခံစားလိုက်ရသည်။
ထိုအချိန်တွင် လန်ရွှင်းက ပြုံးလျက် ပြောလိုက်လေသည်။ “ရောင်းရင်းကုန်းက သူ့အစီအရင်ပညာကို အရမ်းဂုဏ်ယူတဲ့ လူတစ်ယောက်ပဲ…”
“ဒါနဲ့ မင်းတို့တွေ သတိထားမိကြသေးလား…” ရှောင်ပိုင်ယီက သူတို့နှစ်ဦးနားသို့ ရုတ်တရက် ရောက်ချလာပြီး အလေးအနက် အမူအယာဖြင့် ပြောလိုက်လေသည်။ “ဝူချန်း ဒီမှာ မရှိဘူးဆိုတာကိုလေ…”
ရှောင်ချန်းက မျက်မှောင်ကျုံ့လျက် “မင်း ဘာပြောချင်တာလဲ… ဝူချန်း ဒီမှာ ရှိရှိ မရှိရှိ ဘာဖြစ်လို့လဲ…”
ရှောင်ပိုင်ယီသည် ရှောင်ချန်းအား တစ်ချက်မျှ ကြည့်လိုက်ပြီးသည့်နောက် လန်ရွှင်းဘက်သို့ အကြည့်လှည့်လိုက်လေ၏။
“မင်းအကြည့်က ဘာလဲ… ငါ့ကို အထင်သေးနေတာလား…” ရှောင်ချန်း ချက်ချင်း မပျော်မရွှင် ဖြစ်သွားခဲ့လေသည်။
လန်ရွှင်း မျက်မှောင်ကျုံ့သွားခဲ့လေ၏။ ခဏမျှ စဉ်းစားနေပြီးသည့်နောက်တွင် ခဏမျှ စဉ်းစားနေပြီးသည့်နောက်တွင် ရေရွတ်လိုက်လေ၏။ “ရောင်းရင်းရှောင်ပိုင် ပြောချင်တာက… ဝူချန်း ဒီထဲကို ဝင်မလာနိုင်တာ ကုန်းဝမ်ရှန်းရဲ့ စနက်ကြောင့်ပဲလို့လား…”
ရှောင်ပိုင်ယီက အလေးအနက်အမူအယာဖြင့် ခေါင်းညိတ်လျက် “ဟုတ်တယ်… ကုန်းဝမ်ရှန်းက အစီအရင်ကို ဖျက်ဆီးလိုက်တာတင် မဟုတ်ဘူး… အဲ့အစီအရင်တစ်ခုလုံးကိုပါ ထိန်းချုပ်ပစ်လိုက်တာ…
“ဒါကြောင့်ပဲ အကုန်လုံး ဝင်လာလို့ ရပေမဲ့ ဝူချန်းက ဝင်မလာနိုင်ခဲ့တာ… အစီအရင်ကို ထိန်းချုပ်မှတော့ ကုန်းဝမ်ရှန်းက ဝင်ခွင့်မပေးရင် ဝူချန်းက ဘယ်လိုမှ ဝင်လာနိုင်တော့မှာ မဟုတ်ဘူး…”
ထိုနားသို့ အရောက်တွင် ရှောင်ပိုင်ယီက သက်ပြင်းချလျက် လန်ရွှင်းအား ကြည့်ရင်း ပြောလိုက်လေသည်။ “မင်းသမီး… ကျုပ်က နေမင်းပြာကျောင်းတော်က ရှောင်ပိုင်ယီပါ… ရောင်းရင်းရှောင်ပိုင်မဟုတ်ပါဘူး…”
“ရှင် ဘယ်သူလဲ ကျွန်မသိတယ်…” လန်ရွှင်းက ပြုံးလျက် “ဒါပေမဲ့ ရှင်နဲ့ ရှောင်ချန်းက မျိုးရိုးနာမည် အတူတူပဲလေ… ဒီတော့ ရှင့်ကို ရောင်းရင်းရှောင်လို့ ခေါ်လို့ မဖြစ်ဘူး… ရန်ကိုင် ရှင့်ကို ရှောင်ပိုင်လို့ခေါ်နေတာတွေ့တော့ ရှင့်ကို ရောင်းရင်းရှောင်ပိုင်လို့ ခေါ်တာ ကောင်းမယ်လို့ တွေးလိုက်လို့ အဲ့လိုမျိုး ခေါ်လိုက်တာ… ဘာဖြစ်လို့လဲ… အဲ့နာမည်ကို မကြိုက်လို့လား…”
“မကြိုက်ဘူး…” ရှောင်ပိုင်ယီသည် ချက်ချင်းပဲ ပြန်လည် ငြင်းဆိုလိုက်လေသည်။ ထို့နောက် အေးစက်စက် အမူအယာဖြင့် ရေရွတ်လိုက်လေ၏။ “ဒီနေရာက ထွက်သွားပြီးလို့ရှိရင် အဲ့ ခွေးသူတောင်းစားရဲ့ ပါးစပ်ကို ဆုတ်ဖြဲပစ်ဦးမယ်…”
“ကျုပ်တို့ ဆက်ပြီး နှောင့်နှေးနေဦးမယ်ဆိုရင် အကုန်လုံး သွားကုန်ကြတော့မယ်နော်… ကျုပ်တို့ မြန်မြန် သွားမှရမယ်…” ထိုနှစ်ဦး၏ စကားဝိုင်းထဲ ဝင်ပါရန် ခက်ခဲလှသဖြင့် ရှောင်ချန်းမှာ ခေါင်းစဉ်ကိုသာ အတင်းအကြပ် ပြောင်းလိုက်ရတော့လေသည်။
လန်ရွှင်းလည်း လှည့်ပတ်ကြည့်လိုက်ရာ ခန်းမထဲရှိ ကျင့်ကြံသူအများစုမှာ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရလေသည်။ လူအနည်းငယ်သာ ကျန်ရစ်တော့လေသည်။ ထို့ကြောင့် ခေါင်းညိတ်လျက် ပြန်ပြောလိုက်လေ၏။
“ဒါဆို သွားကြတာပေါ့…”
ရှောင်ပိုင်ယီသည် မုရုန်ရှောင်ရှောင်အား လှမ်းအချက်ပြလိုက်သည်။
မုရုန်ရှောင်ရှောင်သည် ခေါင်းညိတ်လျက် နှစ်ဦးစလုံး လှုပ်ရှားမှု ပညာရပ် အသီးသီးကို သုံးကာ ဝင်ပေါက်ဆီသို့ ပြေးထွက်သွားကြလေသည်။
“အား… ငါ ထောင်ချောက်ထဲ ကျသွားပြီ…”
ဝင်ပေါက်ထဲသို့ ဝင်ပြီးသွားသည်နှင့် ရန်ကိုင် ထအော်တော့လေသည်။ အကြောင်းမှာ သူ့ရှေ့ရှိ မြင်ကွင်းအဖုံဖုံမှာ အလုံးစုံ ပြောင်းလဲသွားသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။
မူလက တည်ရှိနေသော ခန်းမကြီး၏ နေရာတွင် ဗလာကျင်းနေသော မြက်ခင်းပြင်ကြီးက အစားထိုး ဝင်ရောက်လာခဲ့သည်။ မြက်ခင်းပြင်ထဲ မည်သည့် အန္တရာယ်ကိုမျှ ရန်ကိုင် မခံစားမိ။ မျက်စိတစ်ဆုံး မြက်ခင်းပြင်ကြီးကိုသာ မြင်နေရသည်။
အပြာရောင်ကောင်းကင်ကြီးနှင့် တိမ်စိုက်တိမ်တိုက်များမှာလည်း အထက်အာကာယံပေါ်တွင် တည်ရှိနေကြလေသည်။ ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးသည် အချိန်မြစ်ကျောင်းတော်ထဲတွင် ရှိနေသည့် ပတ်ဝန်းကျင်မျိုး မဟုတ်ချေ။
“ပုံရိပ်ယောင်အစီအရင်လား…”
ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့သည်။ ဆက်မသွားတော့ပဲ နေရာတွင်သာ ရပ်နေခဲ့လေသည်။ ဤကဲ့သို့ ဖြစ်သွားသည့် အတွက်ကြောင့်လည်း အရမ်းကြီး အံ့အားသင့်မနေခဲ့။ အစကတည်းက ဤကဲ့သို့ ဖြစ်မည်မှန်း သူထင်ပြီးသားပင်။
ထိုကဲ့သို့ ထင်ရသည့်အကြောင်းမှာ ဤဝင်ပေါက်ထဲသို့ ပထမဆုံး ဝင်သည့်လူမှာ ကုန်းဝမ်ရှန်း ဖြစ်နေသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။
ကုန်းဝမ်ရှန်း လုပ်သွားသည့်ပုံကို ကြည့်ရသလောက် ကုန်းဝမ်ရှန်းသည် ထင်ရသလောက် ပြောရဆိုရ လွယ်ကူသည့် လူစားမျိုး မဟုတ်ချေ။ ထို့အပြင် အကျင့်စရိုက်ကောင်းသည့် လူတစ်ဦးလည်း မဟုတ်။
ဝူချန်းမှ သူ့အား ခြိမ်းခြောက်စကား ပြောခဲ့သည့်အတွက် ကုန်းဝမ်ရှန်းသည် ဝူချန်းအား အချိန်မြစ်ကျောင်းတော်ထဲသို့ ဝင်မလာနိုင်အောင် လုပ်ပစ်ခဲ့သည်။ ထို့အပြင် အခြားသူများ ဝင်လာသည်ကို ဝူချန်းအား ထိုင်ကြည့်နေခိုင်းခဲ့လေသည်။
ကုန်းဝမ်ရှန်းသည် အနည်းငယ်သော မကျေနပ်ချက်လေးအတွက်ပင် လက်စားပြန်ချေသည့် လူစားမျိုးဖြစ်၏။
ခုန်းချီသည် ကုန်းဝမ်ရှန်းအား ဝင်ပေါက်ကို သွားစစ်ဆေးရန် ပြောခဲ့သည်။ ကုန်းဝမ်ရှန်းသည် အနည်းငယ်မျှပင် ငြင်းဆန်မနေပဲ ချက်ချင်းသဘောတူခဲ့လေသည်။ သူ၏ လုပ်ရပ်နှင့် ပတ်သက်၍ ရန်ကိုင် အနည်းငယ် သံသယ ဝင်ခဲ့သည်။
ကုန်းဝမ်ရှန်းသည် အများအကျိုးအတွက် သယ်ပိုးဆောင်ရွက်လိုသည့် စေတနာ သဒ္ဒါတရား ပြည့်ဝသော လူတစ်ဦး မဟုတ်ချေ။ ဤသည်မှာလည်း လူ့စရိုက်သာ ဖြစ်လေသည်။
သူထင်ထားခဲ့သည့်အတိုင်းပင် ဤဝင်ပေါက်သည် ကုန်းဝမ်ရှန်းပြောခဲ့သည့် ဝင်ပေါက်နှင့် လုံးဝကို ခြားနားနေခဲ့သည်။ ကုန်းဝမ်ရှန်းကမူ ဤဝင်ပေါက်သည် သာမန်ဝင်ပေါက်တစ်ခုဟုသာ ပြောခဲ့သော်ငြား အမှန်တွင် ဤဝင်ပေါက်၏ နောက်ကွယ်၌ အံ့အားသင့်ဖွယ်ရာ ကမ္ဘာကြီးတစ်ခုက အကုန်လုံးအား စောင့်ကြိုနေခဲ့လေသည်။
တစ်ခုတည်းသော မေးစရာရှိတော့သည်မှာ ဤပုံရိပ်ယောင် အစီအရင်သည် အချိန်မြစ်ကျောင်းတော်ထဲတွင် ယခင်ကတည်းက တည်ရှိနေသော အစီအရင်တစ်ခုလား။ ထိုသို့ မဟုတ်ဘဲ ကုန်းဝမ်ရှန်းမှ ခင်းကျင်းခဲ့သည့် အစီအရင်တစ်ခုလား ဆိုသည်ပင်။
ကုန်းဝမ်ရှန်းမှ ခင်းကျင်းခဲ့သည့် အစီအရင်တစ်ခုသာ ဆိုပါက အရမ်းကြီး ပြဿနာမရှိပေ။ ကုန်းဝမ်ရှန်းသည် အစီအရင်ပညာတွင် ကျွမ်းကျင်သည်ဆိုသည့်တိုင် ဤကဲ့သို့သော အစီအရင်မျိုးကို အချိန်တိုအတွင်း ခင်းကျင်းရန် မဖြစ်နိုင်။
ကုန်းဝမ်ရှန်းအနေဖြင့် အခြားသူများ သူ့နောက်သို့ မြန်မြန်လိုက်မလာနိုင်စေရန်အတွက် အစီအရင်ပြားတစ်ချပ်ကို ဤနေရာတွင် ချထားခဲ့ခြင်းလည်း ဖြစ်လောက်၏။ ထိုသို့သာဆိုလျှင် ဤပုံရိပ်ယောင်အစီအရင်ကို လျင်မြန်စွာ ဖျက်ဆီးနိုင်ပေသည်။
ကုန်းဝမ်ရှန်းသည် ဤအစီအရင်ကို ခင်းကျင်းရန်အတွက် အရမ်းကြီး အားစိုက်ထုတ်ခဲ့သည်မှ မဟုတ်လေပဲ။
သို့သော်ငြား ဤအစီအရင်သည် အချိန်မြစ်ကျောင်းတော်ထဲတွင် ယခင်ကတည်းက တည်ရှိနေခြင်းသာ ဆိုပါက အနည်းငယ်တော့ ပြဿနာများပေသည်။
ကုန်းဝမ်ရှန်းပင်လျှင် ဤအစီအရင်တည်ရှိနေသည့် အကြောင်းကို လုံးဝရှာမတွေ့ခဲ့ပဲ အထဲသို့ ယုံကြည်ချက် ရှိရှိဖြင့် လမ်းလျှောက် ဝင်သွားခဲ့သည်။
ကုန်းဝမ်ရှန်းကဲ့သို့သေ လူတစ်ဦးကိုပင် လှည့်စားနိုင်သည်ကိုကြည့်လျှင် ဤပုံရိပ်ယောင်အစီအရင်သည် လုံးဝကို မရိုးရှင်းနိုင်ပေ။
အဆိုးဆုံး ဖြစ်လာမည်ဆိုပါက ဤပုံရိပ်ယောင်အစီအရင်သည် အထဲသို့ ဝင်လာသူတိုင်းအား တစ်သက်လုံး ပြန်မထွက်သွားနိုင်အောင် ချိတ်ပိတ်ထားနိုင်သည်အထိ အားကောင်းသော အစီအရင်တစ်ခု ဖြစ်နေပေလိမ့်မည်။
ထိုကဲ့သို့ တွေးမိလိုက်သည့်နောက်တွင် ရန်ကိုင်သည် အသက်ကို ပြင်းပြင်းရှူသွင်းလျက် စိတ်ကို တည်ငြိမ်အောင် လုပ်ရင်း ရေရွတ်လိုက်လေသည်။
“ဒီအစီအရင်က ဟိုကောင်ခင်းသွားတဲ့ အစီအရင် ဖြစ်ပါစေလို့ပဲ ဆုတောင်းရတော့မယ်…”
ပြောပြီးသည့်နောက်တွင် ဖြည်းဖြည်းချင်း မျက်လုံးပိတ်လိုက်လေသည်။ ထို့နောက် ပြန်ဖွင့်လိုက်လေ၏။ သူ့ဘယ်ဘက်မျက်လုံးတစ်ခုလုံး ရုတ်ချည်း ရွှေရောင် တောက်လာခဲ့သည်။
ရန်ကိုင်သည် သူ့ပတ်ဝန်းကျင်အား ဖြည်းဖြည်းချင်း လှည့်ပတ်ကြည့်သည်။ ခဏမျှ လှည့်ပတ်ကြည့်ပြီးသည့်နောက် စိတ်သက်သာရာ ရသွားသည့်ဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်သလို ဝမ်းသာအားရလည်း ဖြစ်သွားခဲ့လေသည်။
ဤအစီအရင်သည် အချိန်မြစ်ကျောင်းတော်ထဲတွင် ရှိနေသည့် အစီအရင်မဟုတ်ဘဲ ကုန်းဝမ်ရှန်းမှ ခင်းကျင်းခဲ့သည့် အစီအရင်တစ်ခုသာ ဖြစ်ကြောင်းကို ရန်ကိုင်ချက်ချင်း နားလည်သွားခဲ့လေသည်။
အကြောင်းမှာ သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကို ထုတ်သုံးလိုက်ပြီးနောက် အစီအရင်၏ ဟာကွက်အချို့ကို လျင်မြန်စွာ ရှာတွေ့သွားနိုင်သည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။
ခဏမျှ စဉ်းစားနေပြီးသည့်နောက်တွင် ရန်ကိုင်သည် ဤအစီအရင်အား အတင်းအကျပ် ဖျက်ဆီးမပစ်ပဲ ၎င်း၏ ဟာကွက်နေရာဆီသို့သာ လမ်းလျှောက်သွားလိုက်လေသည်။
တစ်ချိန်တည်းတွင် ထိုပုံရိပ်ယောင်အစီအရင်ထဲ၌ လန်ရွှင်းသည် ပုလဲလုံးလေးတစ်လုံးကို ကိုင်လျက် ရှိနေခဲ့လေသည်။ ထိုပုလဲလုံးမှာ ဖြာထွက်နေသည့် မှိန်ဖျဖျ အလင်းရောင်ကြောင့် ပုံရိပ်ယောင်များသည့် သူမအပေါ်သို့ သက်ရောက်နိုင်ခြင်း မရှိပဲ လန်ရွှင်းမှာ အစစ်အမှန်ပတ်ဝန်းကျင်ကို အတိုင်းသား မြင်နေရလေသည်။
ရှောင်ချန်းသည် သူမနောက်မှ လိုက်လာရင်း အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်။ “မင်းသမီး ဘာလို့ ဒီလောက်တောင် အလုပ်ရှုပ်ခံနေရတာလဲ… ဒါ ဘာမဟုတ်တဲ့ ပုံရိပ်ယောင် အစီအရင်လေး တစ်ခုပဲကို… ကျုပ်တစ်ခါတည်း ဖျက်ဆီးပစ်လိုက်လို့ရတယ်”
လန်ရွှင်းက ပြုံးလျက် ပြန်ပြောလိုက်သည်။ “အခြားတစ်ယောက်က ကြိုးစားအားထုတ်ထားတာကို ကို့ဘက်က လေးစားပေးဖို့ လိုတယ်လေ… ကုန်းဝမ်ရှန်းက အခြားသူတွေ သူ့နောက်ကို မြန်မြန်လိုက်မလာအောင် ဒီနေရာမှာ အစီအရင်ပြားတစ်ခုကို ခင်းကျင်းပစ်ဖို့ နည်းနည်းလေးမှ ဝန်မလေးခဲ့ဘူး…”
“ငါတို့သာ ဒီအစီအရင်ကို ဖျက်ဆီးပစ်လိုက်မယ် ဆိုလို့ရှိရင် အခြားသူတွေလည်း ငါတို့လိုပဲ မြန်မြန်သွားနိုင်မှာ မဟုတ်ဘူးလား… အဲ့ခါကြ သူတို့ပဲ အကျိုးအမြတ်ရပြီး ငါတို့က ဘာမှ မရတော့ဘူးလေ… ငါက အကုန်လုံးအတွက် လိုက်လုပ်ပေးရအောင် အဲ့သလောက် စေတနာသဒ္ဒါတရား မထက်သန်နေဘူး…”
“မင်းသမီး… ခင်ဗျား…” ရှောင်ချန်းမှာမူ လန်ရွှင်း၏ ကျောပြင်အား အံ့ဩတကြီး ငေးကြည့်နေခဲ့မိလေ၏။
အပြင်လောကကြီးတွင် ခဏမျှ ကျင်လည်ပြီးသည့်နောက်တွင် စိတ်ထားဖြူစင်လှသော သူတို့၏ မင်းသမီးလေးသည် ဤကဲ့သို့သော ဉာဏ်နီဉာဏ်နက်များကို သုံးတတ်လာနိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူ့စိတ်ထဲ အလွန်ကိုမှ ဝမ်းနည်းမိသွားလေ၏။
အခြားတစ်ဖက်တွင် ရှောင်ပိုင်ယီနှင့် မုရုန်ရှောင်ရှောင်တို့သည် သူတို့၏ မျက်လုံးအသီးသီးကို ပိတ်လျက် မျက်ကန်းများအလား ပုံရိပ်ယောင်အစီအရင်ထဲ စမ်းတဝါးဝါးဖြင့် သွားလာနေခဲ့လေသည်။
သူတို့ ဦးတည်ရာမဲ့ သွားနေသည်ဟု ထင်ရသော်ငြား တကယ့်တကယ်တွင် နှစ်ဦးစလုံးသည် ဖြည်းဖြည်းချင်း ရှေ့တည့်တည့်သို့ သွားနေကြခြင်း ဖြစ်လေသည်။ သူတို့နှစ်ဦး မည်သို့များ ဤကဲ့သို့ သွားနိုင်ကြသလဲဆိုသည်ကိုမူ မည်သူမျှ မသိကြချေ။
“ပုံရိပ်ယောင်အစီအရင်လား… မဟုတ်တရုတ်တွေ… အစစ်အမှန် စွမ်းအားရှေ့မှောက်မှာ ဘာမှ အရေးမပါဘူးကွ…” လော့ယွမ်သည် ခွန်အားသည်သာ အထွတ်အထိပ်ဖြစ်သည်ဟု အမြဲတမ်းယုံကြည်နေသူဖြစ်သည်။
ထို့ကြောင့် ပုံရိပ်ယောင်အစီအရင်ထဲသို့ ကျသွားခဲ့သည့်တိုင် အနည်းငယ်လေးမှ ထိတ်လန့်သွားခြင်း မရှိပဲ အရင်းမြစ်ချီကို လှည့်ပတ်၍ ပတ်ဝန်းကျင်အား စတင် ဖျက်ဆီးပစ်တော့လေသည်။
သို့သော်ငြား သာမန်တာအိုသခင်အဆင့် ကျင့်ကြံသူများကို သတ်ပြစ်နိုင်လောက်အောင် အားကောင်းလှသော သူ၏ တိုက်ခိုက်မှုများသည် ဘေးပတ်ဝန်းကျင်အား လှိုင်းတွန့်တစ်ခုကိုပင် ဖြစ်မသွားစေခဲ့ပေ။
ဤပုံရိပ်ယောင်အစီအရင်မှာ ကုန်းဝမ်ရှန်းမှ အစီအရင်ပြားတစ်ခုကို သုံး၍ အလျင်စလို ဖန်တီးခဲ့ခြင်း ဖြစ်သော်ငြား ဤအစီအရင်သည် အကြမ်းနည်းဖြင့် ဖျက်ဆီးရန် မည်သို့များ ဤမျှ လွယ်ကူမည်နည်း။
ကုန်းမိသားစုသည် အစီအရင်ကြောင့် နာမည်ကျော်ကြားသည့် မိသားစုတစ်ခုဖြစ်သည်။ ကုန်းဝမ်ရှန်းသည် ဤအစီအရင်ကို ခင်းကျင်းစဉ်က လော့ယွမ်နှင့် သူကဲ့သို့ အားကောင်းကြသော အခြားသူများ၏ ခွန်အားကို ထည့်စဉ်းစားခဲ့ပေသည်။
ထိုသို့ဖြစ်လေရာ သူတို့အနေဖြင့် ဤအစီအရင်အား အကြမ်းနည်းဖြင့် မည်သို့မျှ အလွယ်တကူ ဖျက်ဆီးပြစ်နိုင်လိမ့်မည် မဟုတ်ချေ။
ပုံရိပ်ယောင်အစီအရင်ထဲသို့ ရောက်သွားပြီးသည့်နောက် အစီအရင်အား အနည်းအကျဉ်း နားလည်သည့်လူမှာ အစီအရင်၏ အဓိကအမှတ်များကို ရှာဖွေရန် ကြိုးစားကြသော်ငြား နားမလည်သည့် လူများမှာတော့ အကြမ်းနည်းကိုသာ သုံးကြလေသည်။
ရန်ကိုင်နှင့် လန်ရွှင်းကဲ့သို့သော လူများမှာမူ သူတို့၏ ထူးခြားသော စွမ်းရည်နှင့် မှော်ရတနာများ၏ အကူအညီကိုသုံး၍ အစီအရင်၏ အားနည်းချက်ကို ရှာကာ ထိုထဲမှ လျင်မြန်စွာ ထွက်လာနိုင်ခဲ့ကြသည်။
လက်ဖက်ရည်ခွက်တစ်ဝက်စာခန့် မကြာသေးခင်မှာပင် ရန်ကိုင်သည် ပုံရိပ်ယောင်အစီအရင်ထဲမှ ထွက်လာနိုင်ခဲ့လေသည်။ သူ့ရှေ့ရှိ မြင်ကွင်းအဖုံဖုံမှာ ရုတ်ချည်း တွန့်လိမ်လာပြီး ပြောင်းလဲသွားခဲ့လေ၏။
အပြာရောင်မိုးကောင်းကင်၊ အဖြူရောင်တိမ်တိုက်နှင့် အစိမ်းရောင်မြက်ခင်းပြင်ကြီးတို့မှာ ရုတ်ချည်းပျောက်ကွယ်သွားပြီး ထိုအရာများ၏နေရာတွင် မှောင်မိုက်နေသည့် လမ်းကြောင်းတစ်ခုက အစားထိုး ဝင်ရောက်လာခဲ့လေ၏။
ရန်ကိုင်သည် သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးအား ချက်ချင်း ပြန်ရုတ်သိမ်းလိုက်ပြီး လမ်းကြောင်း၏ အဆုံးဆီသို့ အလျင်အမြန် ပြေးထွက်သွားခဲ့လေသည်။
တစ်ခုသော နေရာသို့ အရောက်တွင် ရန်ကိုင် မျက်ခုံးပင့်သွားခဲ့ပြီး ချက်ချင်း ရပ်တန့်လိုက်လေသည်။
“ဘာလို့ လမ်းကြောင်းတွေ အများကြီးရှိနေရတာလဲ…”
ရန်ကိုင်၏ ရှေ့တည့်တည့်တွင် လမ်းခွဆုံများစွာ ရှိနေခဲ့လေသည်။ ထို့အပြင် လမ်းခွဆုံတစ်ခုချင်းစီတိုင်းသည် မှောင်မိုက်နေသဖြင့် အထဲတွင် မည်သို့သော အရာများ ရှိနေမှန်း မည်သူမျှ မပြောနိုင်ကြပေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၁၅၉)
လမ်းခွဆုံများစွာအနက် အချို့မှာ အန္တရာယ်ကင်းပြီး အချို့မှာတော့ အန္တရာယ်များကြပေလိမ့်မည်။
သို့သော်ငြား ရန်ကိုင်တွင် မည်သည့်လမ်းခွဆုံသည် အန္တရာယ်ကင်းသည့် လမ်းခွဆုံ ဖြစ်သလဲဆိုသည်ကို ပြောနိုင်သည့် နည်းလမ်း ရှိမနေသဖြင့် ကြုံရာလမ်းခွဆုံတစ်ခုကိုသာ ရွေးလိုက်လေသည်။
တစ်ချိန်တည်းတွင် သူပျောက်ကွယ်သွားပြီးသည့်နောက် လန်ရွှင်းနှင့် ရှောင်ချန်းတို့သည်လည်း ပုံရိပ်ယောင်အစီအရင်ထဲမှ လွတ်မြောက်လာခဲ့ကြသည်။
လွတ်မြောက်လာပြီးပြီးချင်းမှာပင် ပျောက်ကွယ်သွားသည့် ရန်ကိုင်၏ ကျောပြင်အား လှမ်းမြင်လိုက်ရလေသည်။
“ဟမ်…” လန်ရွှင်းက အံ့အားသင့်နေသည့် အမူအယာဖြင့် ငါတို့ထက် ပိုမြန်တဲ့ လူတစ်ယောက် ရှိနေသေးတာလား…”
“ဘယ်လို…”
ရှောင်ချန်းမှာ လန်ရွှင်းထက် ခြေတစ်လှမ်းနောက်ကျနေသဖြင့် သူတို့ထက် ပိုစောသည့်လူတစ်ဦး ရှိနေကြောင်းကို မမြင်တွေ့လိုက်ရပေ။
“ဘာမှမဟုတ်ဘူး…” လန်ရွှင်းသည် ခေါင်းခါလိုက်ပြီးသည့်နောက် လှည့်ကြည့်လိုက်ရာ သူတို့ရှိနေသည့်နေရာနှင့် လမ်းခွဆုံရှိနေသည့်နေရာသည် ခြေဆယ်လှမ်းလောက်သာ ဝေးကွာကြောင်း တွေ့လိုက်ရလေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးမှာ မှောင်မိုက်နေပြီး လူသူအရိပ်အယောင်လည်း လုံးဝမတွေ့ရချေ။
ပုံရိပ်ယောင်အစီအရင် မည်မျှ အားကောင်းကြောင်းကို သူမသိသည်။ ထို့အတွက်ကြောင့် အစီအရင်ထဲတွင် ပိတ်မိနေသည့်လူများ လျင်မြန်စွာ ထွက်လာနိုင်မည်ကို စိုးရိမ်စရာ မလိုခဲ့ပေ။ ရှောင်ချန်းဘက်သို့လှည့်၍ ပြောလိုက်လေ၏။
“သွားကြရအောင်…”
ခဏအကြာတွင် လမ်းခွဆုံရှိနေသည့် နေရာဆီသို့ လန်ရွှင်းတို့အဖွဲ့ ရောက်လာခဲ့သည်။ လန်ရွှင်းသည် ရန်ကိုင်ဝင်သွားခဲ့သည့် အပေါက်နှင့် မတူသည့် အခြားတစ်ပေါက်ကို ရွေးချယ်သွားခဲ့လေသည်။
လမ်းသွယ်များမှာ မှောင်မိုက်နေသော်ငြား လုံးဝကြီး မှောင်မိုက်နေခြင်းတော့ မဟုတ်ပေ။ နံရံပေါ်တွင် တပ်ဆင်ထားသော ညလင်းကျောက်များကြောင့် ဝိုးတဝါးတား အလင်းရောင်ကို မြင်နေရပေသေး၏။
လမ်းကြောင်းထဲသို့ ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ သူ့ပတ်ပတ်လည် မီတာ၂၀ ဝန်းကျင်ကို အဆက်မပြတ် စစ်ဆေးနေခဲ့လေသည်။ သို့မှသာ အန္တရာယ်တစ်ခုခု ကြုံလာလျှင် အချိန်မီတုံ့ပြန် နိုင်ပေလိမ့်မည်။
ခပ်လှမ်းလှမ်းပင် မလျှောက်ရသေးခင်မှာပင် ရန်ကိုင်၏ အမူအယာ စတင် ထူးဆန်းလာတော့သည်။ ချက်ချင်းပဲ နားစွင့်ကြည့်လိုက်ရာ တိုက်ခိုက်သံများကို ကြားလိုက်ရလေသည်။ တစ်ချိန်တည်းတွင် သွေးဆာသည့် အရှိန်အဝါတစ်ခုကိုပါ ခံစားလိုက်ရလေသည်။
ထိတ်လန့်သွားခဲ့ပြီးနောက် ကောင်းကင်စိတ်အာရုံကို အလျင်အမြန် ပြန်ရုတ်သိမ်းလျက် သူ့အရှိန်အဝါကို အပြည့်အဝ လွှမ်းခြုံကာ ဖြည်းဖြည်းချင်း လျှောက်သွားတော့လေသည်။
မကြာမီတွင် ရန်ကိုင်သည် ဗလာကျင်းနေသာ ခန်းမကြီးတစ်ခု၏ အပြင်ဘက်သို့ ရောက်လာခဲ့လေ၏။
ခန်းမထဲရှိ အခြေအနေမှာတော့ တစ်ချက်ကြည့်လိုက်ရုံဖြင့် တန်းမြင်နိုင်ပေသည်။ ဤခန်းမ၏ အလယ်ဗဟိုတွင် မီတာအနည်းငယ်ခန့် ကျယ်သည့် ကန်ငယ်လေးတစ်ကန်မှ လွဲ၍ အခြားမည်သည့် ထူးဆန်းသည့်အရာမှ ရှိမနေခဲ့ပေ။ လောလောဆယ်၌ ထိုကန်ငယ်လေးသည် လုံးဝကို ဗလာကျင်းနေခဲ့လေသည်။
ခန်းမ၏ ဘယ်ဘက်ခြမ်းတွင်မူ သစ်သီးနှစ်လုံးတင်ထားသော စားပွဲခုံရှည်ကြီးတစ်ခု ရှိနေခဲ့လေသည်။ ထိုအသီးများ ဤနေရာတွင် ရှိနေသည်မှာ မည်မျှ ကြာပြီလဲ ဆိုသည်ကို မည်သူမျှ မပြောနိုင်ကြပေ။
သို့သော်ငြား အချိန် အလွန်ကြာညောင်းသွားသည့်တိုင် အသီးများမှာ လတ်လတ်ဆတ်ဆတ်သာ ရှိနေသေးပြီး သင်းပျံ့သည့် ရနံ့ကို ထုတ်လွှတ်နေသေး၏။ ထိုအသီးများမှာ အရမ်းကြီး မကြီးလှ။ လက်သီးဆုပ်တစ်ဆုပ်စာလောက်သာ ရှိသည်။ အသီးပုံစံမှာတော့ မက်မွန်းသီးနှင့် ဆင်တူပေသည်။
“အဲ့အသီးတွေက အချိန်မြစ်အသီးတွေလား…” စားပွဲပေါ်တွင် ရှိနေသည့် အသီးနှစ်လုံးသည် မည်သည့်အသီး ဖြစ်သလဲ ဆိုသည်ကို မှတ်မိသွားပြီးသည့်နောက် ရန်ကိုင့်၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပလာခဲ့လေသည်။
ရန်ကိုင်သည် မဟာဆေးဧကရာဇ်၏ တတိယမြောက်တပည့်ဖြစ်သော ကုန်းစွန်းမူ၏ အမွေအနှစ်ကို ရရှိခဲ့လေသည်။
ကုန်းစွန်းမူ ချန်ရစ်ပေးထားခဲ့သည့် ကျောက်စိမ်းပြားထဲတွင် ကြယ်တာယာအစုအဝေးထဲ၌ ရှိနေသော မရေမတွက်နိုင်သည့် ဆေးပင်များ၊ အသီးများနှင့်တကွ ထိုအဖိုးတန်ဆေးပင်များ အသီးများကို မည်ကဲ့သို့ သိုလှောင်ရမည် သန့်စင်ရမည်ဆိုသည့် အကြောင်းကိုပါ ထည့်သွင်းရေးသားထားသည်။
ရန်ကိုင်သည် ကျောက်စိမ်းပြားထဲရှိ အကြောင်းအရာအားလုံးကို မှတ်သား ထားပြီးသွားပြီဖြစ်သဖြင့် ထိုအသီးနှစ်လုံးကို မမှတ်မိစရာအကြောင်း မရှိပေ။
“ဒီတော့ အချိန်မြစ်အသီးတွေက အချိန်မြစ်ကျောင်းတော်ရဲ့ အသီးတွေပေါ့…”ရန်ကိုင်က ရုတ်တရက် နားလည်သွားခဲ့လေသည်။
အချိန်မြစ်အသီးများအကြောင်းကို သူသိသော်ငြား ထိုအချိန်မြစ်အသီးများသည် အချိန်မြစ်ကျောင်းတော်မှ လာမှန်းကိုတော့ မသိခဲ့ပေ။ ယခုမှ ဤနေရာ၌ အချိန်မြစ်အသီးများကို မြင်တွေ့ခဲ့ရပြီးနောက် ချက်ချင်းနားလည်သွားခဲ့ရလေသည်။
အချိန်မြစ်အသီးများမှာ ကျင့်ကြံသူတစ်ဦး၏ ကျင့်ကြံခြင်းကို မည်သို့မျှ တိုးတက်မလာစေနိုင်ပေ။ သို့သော်ငြား ထိုသို့ဖြစ်သည့်တိုင် အချိန်မြစ်အသီးများမှာတော့ အလွန်တရာကိုမှ အဖိုးတန်နေဆဲ။
ကုန်စွန်းမူ ချန်ရစ်ခဲ့သော ကျောက်စိမ်းပြားထဲ၌ ရေးသားထားသည်မှာ အချိန်မြစ်အသီးများသည် တစ်ခါသီးလျှင် နှစ်လုံးအတူတူ သီးလေ့ရှိကြသည်။ ထိုနှစ်လုံး၏ အကျိုးအာနိသင်မှာ ဆန့်ကျင်ဘက်သာ ဖြစ်လေသည်။
အသီးတစ်လုံးသည် အဖိုးအိုကြီးတစ်ဦးအား အချိန်တိုအတွင်း လူငယ်လေးတစ်ဦးဖြစ်အောင် လုပ်ပေးနိုင်သည်ဆိုပါက အခြားတစ်လုံးမှာတော့ လူငယ်လေးတစ်ဦးကို တခဏအတွင်း အဖိုးအိုကြီးတစ်ဦးဖြစ်အောင် လုပ်နိုင်စွမ်းရှိပေသည်။
မည်သည့်အလုံးသည် မည်သည့်အာနိသင်ရှိသလဲ ဆိုသည်ကို မခွဲခြားနိုင်ပါက မည်သူမျှ ထိုအသီးကို သွားမစားရဲကြပေ။ ထို့ကြောင့် အချိန်မြစ်အသီးနှစ်လုံးအနက် တစ်လုံးသည်သာ လူတိုင်းအတွက် အသုံးဝင်သည်ဟု ပြော၍ ရသည်။
သို့တိုင် ထိုအချိန်မြစ်အသီးများကို အရူးအမူးလိုချင်သည့် မရေမတွက်နိုင်သည့် ကျင့်ကြံသူများမှာတော့ ရှိနေကြဆဲပင်။ အထူးသဖြင့် အမျိုးသမီးကျင့်ကြံသူများပင်။ မည်သည့် အမျိုးသမီးကများ ထာဝရငယ်ရွယ်နေမည့် ဘဝကို မပိုင်ဆိုင်ချင်ပဲ နေမည်နည်း။
လူတစ်ဦး၏ ကျင့်ကြံခြင်း မည်မျှပင် မြင့်မားနေစေကာမူ၊ သူတို့၏ အလှများမှာလည်း မည်မျှပင် ချောမောလှပနေစေကာမူ ရက်စက်ကြမ်းကြုတ်သော အချိန်ဓါးသွားသည် သူတို့၏ အလှတရားများကို တဖြည်းဖြည်း ခွာယူသွားပေလိမ့်မည်။
သို့သော်ငြား အချိန်မြစ်အသီးသည် သူတို့၏ အသက်စွမ်းအင်ကို တမုဟုတ်ချည်း ပြန်လည်ဖြည့်တင်းပေးနိုင်သည်။ အဖွားအိုကြီးဖြစ်နေသော မိန်းကလေးတစ်ဦးသည် တမုဟုတ်ချည်းဆိုသလို ငယ်ရွယ်ချောမောလှပသည့် မိန်းကလေးတစ်ဦး ပြန်ဖြစ်လာနိုင်၏။
သို့သော်ငြား အချိန်မြစ်အသီးသည် အမျိုးသမီးများအတွက်သာ အသုံးဝင်သည် မဟုတ်ချေ။ ကျင့်ကြံခြင်း၏ အဆုံးနားသို့ ရောက်နေပြီး နောက်တစ်ဆင့်သို့ ချိုးဖြတ်နိုင်သည့် နည်းလမ်းများ ရှာမတွေ့သေးသည့်သူများအဖို့ အချိန်မြစ်အသီးသည် သူတို့အတွက်မူ အခွင့်အလမ်းတစ်ခု ဖြစ်ပေသည်။
ထို့အတွက်ကြောင့် အချိန်မြစ်အသီးသည် လူအချို့အတွက် ဧကရာဇ်အဆင့် မှော်ရတနာတစ်ခုထက်ပင် ပို၍ အဖိုးတန်လှပေသည်။
အချိန်မြစ်အသီးမှန်း သိလိုက်သည့်နောက် ရန်ကိုင်ချက်ချင်းပဲ စိတ်အား တက်ကြွလာတော့လေ၏။ ဤအသီးသာ အခြားလူတစ်ယောက်၏ လက်ထဲသို့ ရောက်သွားမည်ဆိုပါက ထူးခြားမှုသိပ်ရှိလိမ့်မည် မဟုတ်သော်ငြား ရန်ကိုင့်လက်ထဲတွင်မူ အဖိုးတန်အသီးများ ဖြစ်လာနိုင်ပေသည်။
အကြောင်းမှာ ရန်ကိုင်သည် အချိန်မြစ်အသီးအား အဓိက ဆေးအမယ်အဖြစ်သုံး၍ အချိန်မြစ်ဆေးလုံးများကို ဖော်စပ်နိုင်သည့် ဆေးပညာရှင်တစ်ဦး ဖြစ်နေသည့်အတွက်ကြောင့်ပင်။
ထိုဆေးလုံးမှာ ယနေ့ခေတ်တွင် ပျောက်ကွယ်သွားပြီ ဖြစ်ပြီး ရောင်းချမည်ဆိုပါက အရင်းအမြစ်မြောက်များစွာ ရရှိနိုင်မည့် ဆေးလုံးတစ်မျိုး ဖြစ်နိုင်လေသည်။
ရန်ကိုင်သည် သူ့လောဘကို တတ်နိုင်သမျှ ချုပ်တည်းရင်း ခန်းမထဲရှိ အခြေအနေအား တစ်ချက်စစ်ဆေးကြည့်လိုက်သည်။
ခန်းမထဲ၌ လူတစ်ဦးနှင့် သတ္တဝါတစ်ကောင် တိုက်ခိုက်နေကြလေသည်။ ထိုနှစ်ဦးတိုက်ခိုက်ရာမှ ထွက်ပေါ်လာသည့်အသံမှာ ရန်ကိုင်ကြားလိုက်သည့် အသံပင်ဖြစ်လေသည်။
တိုက်ခိုက်နေသည့် ကျင့်ကြံသူမှာ ခုနှစ်ရောင်စင်ကုန်သွယ်ရေးအဖွဲ့အစည်းမှ ခုန်းချီဖြစ်ပြီး သူ့ပြိုင်ဘက်မှာတော့ စေးစေးပျစ်ပျစ်သွေးများဖြင့် ဖွဲ့စည်းထားသော သွေးနီရောင်မွန်းစတားတစ်ကောင်ပင် ဖြစ်လေသည်။
သွေးနီရောင်မွန်းစတားသည် အပေါ်ပိုင်း လူသားခန္ဓာကိုယ်၊ ခေါင်းဝိုင်းဝိုင်း၊ လက်နှစ်ချောင်းနှင့် ထူးခြားသည့် အောက်ခြေကို ပိုင်ဆိုင်ထားခဲ့သည်။ ၎င်း၏ အောက်ပိုင်းသည် ပုံမှန်အားဖြင့် မြင်တွေ့လေ့ရှိရသော တစ္ဆေသရဲများ၏ အောက်ပိုင်းကဲ့သို့ မည်သည့် ခြေထောက်မျှ ရှိမနေခဲ့ပေ။
ခုန်းချီသည် အလေးအနက်အမူအယာဖြင့် သွေးမွန်းစတားသားရဲ၏ တိုက်ခိုက်မှုများကို အဆတ်မပြတ် ရှောင်တိမ်းရင်းမှ တစ်ချက်တစ်ချက်ဆိုသလို တန်ပြန်တိုက်ခိုက်နေခဲ့လေသည်။
ကြည့်ရသလောက် ခုန်းချီသည် အတော်လေးကိုမှ သတိကြီးသည့် လူတစ်ဦးဖြစ်သည်။ အားကောင်းသည့် ရန်သူတစ်ဦးနှင့် ရင်ဆိုင်ကြုံတွေ့သွားပြီးသည့်နောက် မဆင်မခြင် မလှုပ်ရှားပဲ တစ်ဖက်လူ၏ ဟာကွက်ကို အရင်စတင် ရှာဖွေနေသည်။
ရန်ကိုင် ရောက်မလာခင်ကတည်းက ခုန်းချီသည် ဤသွေးမွန်းစတားသားရဲအား တိုက်ခိုက်နေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် တစ်ဖက်လူ၏ တိုက်ကွက်များနှင့် နည်းလမ်းများကို အကြမ်းဖျင်း သိသွားပြီဖြစ်ကာ အကြမ်းစားတိုက်ကွက်တစ်ကွက်ဖြင့် ဤမွန်းစတားသားရဲကို အဆုံးသတ်ရန် ကြံစည်နေခြင်းပင် ဖြစ်လေသည်။
“ငါရွေးလိုက်တဲ့လမ်းက ဒီကောင်နဲ့မှ တစ်လမ်းထဲ ဖြစ်နေရတယ်လို့ကွာ…” ရန်ကိုင်သည် အမှောင်ထဲတွင် ပုန်းနေရင်း မျက်မှောင်ကျုံ့ကာ ရေရွတ်လိုက်လေသည်။
လမ်းကြောင်းများစွာ ရှိသည့်အနက် သူရွေးလိုက်သည့် လမ်းသည် အခြားလူတစ်ဦး ရွေးထားပြီးသည့်လမ်း ဖြစ်နေခဲ့သည်။
သို့သော်ငြား သူ့ရှေ့ ရောက်နေသည့်လူမှာ ခုန်းချီဖြစ်နေသည်မှာ ကံကောင်းသွားခဲ့သည်။ ထို့ကြောင့်သာမဟုတ်လျှင် ယခုအချိန်၌ သွေးမွန်းစတားသားရဲနှင့် တိုက်ခိုက်နေရသည့်လူမှာ ရန်ကိုင်သာ ဖြစ်ပေလိမ့်မည်။
တိုက်ပွဲအား ခဏမျှ ကြည့်နေပြီးသည့်နောက် ရန်ကိုင်၏ အကြည့်သည် စားပွဲပေါ်တွင် ရှိနေသော အချိန်မြစ်အသီးနှစ်လုံးဆီသို့ ပြန်ရောက်လာခဲ့သည်။ တစ်ချိန်တည်းတွင် ညစ်ကျယ်ကျယ် ဉာဏ်နီဉာဏ်နက်တစ်ခု သူ့စိတ်ထဲ ပေါ်လာခဲ့လေသည်။
“ဒီကောင် သွေးမွန်းစတားသားရဲကို အချိန်ဆွဲထားတုန်း ငါ အဲ့အချိန်အတွင်း အဲ့အသီးနှစ်လုံးကို သွားယူလိုက်ရင် ကောင်းမလား… အရမ်းကြီးတော့ မလွန်လောက်ပါဘူးလေ ဟုတ်တယ်မလား…”
သူနှင့် ခုန်းချီသည် ရင်းနှီးသူများ မဟုတ်ကြ။ ထို့ကြောင့် သူတို့နှစ်ဦးကြား မည်သည့်ကျေးဇူးတရား မည်သည့်ရန်ငြိုးရန်စများမှ မရှိပေ။ ထို့ကြောင့် ရန်ကိုင်လည်း ထိုအကြံကို အကောင်အထည်ဖော်ရန် အနည်းငယ်မျှပင် ဝန်လေးနေခြင်း မရှိခဲ့ပေ။
ထိုကဲ့သို့ စဉ်းစားနေပြီးသည့်နောက်တွင် ဗလာနတ္ထိပညာရပ်ကို အသက်သွင်းလျက် သူ၏ အရှိန်အဝါကို အပြည့်အဝဖုံးကွယ်ကာ ဖြည်းဖြည်းချင်း ခိုးကြောင်ခိုးဝှက်နှင့် ရှေ့သို့ တိုးသွားလေ၏။
ဗလာနတ္ထိပညာရပ်ကို အသက်သွင်းပြီးသည့်နောက်တွင် ရန်ကိုင်သည် ဟင်းလင်းပြင်နှင့် ပေါင်းစပ်သွားခဲ့သည်။ တစ်ချိန်တည်းတွင် သူ့အရှိန်အဝါမှာလည်း ဤလောကကြီးမှ လုံးဝကို ပျောက်ကွယ်သွားခဲ့လေ၏။
ဟင်းလင်းပြင်ကိုပင် ထိုးဖောက်နိုင်လောက်အောင် အားကောင်းလှသော ကောင်းကင်စိတ်အာရုံကို ပိုင်ဆိုင်ထားခြင်း မရှိပါက ရန်ကိုင့်အား ရှာတွေ့နိုင်လိမ့်မည်မဟုတ်ချေ။
နည်းစနစ်၏ တစ်ခုတည်းသော အားနည်းချက်မှာ သူ့ပုံရိပ်ကို ဝေးဝါးသွားစေခြင်းပင်။ ထို့အတွက်ကြောင့် ကောင်းကင်စိတ်အာရုံဖြင့် မမြင်နိုင်သော်လည်း တစ်ဖက်လူ၏ ရှေ့တည့်တည့်သို့ ဤပညာရပ်ကိုသုံး၍ သွားရပ်နေမည်ဆိုပါက သူ့အား မြင်နိုင်ပေလိမ့်မည်။
ခန်းမမှာ အရမ်းကြီး မကျယ်လှ။ ရန်ကိုင်သာ ခပ်မြန်မြန် လှုပ်ရှားလိုက်လျှင် တစ်ဖက်လူနှစ်ဦးစလုံး သူ့အား သတိပြုမိသွားကြပေလိမ့်မည်။ သို့သော်လည်း ရန်ကိုင်သည် ထိုကဲ့သို့ မဆင်မခြင် လုပ်တတ်သည့် လူစားမျိုး မဟုတ်ချေ။ တစ်ဖက်တွင် တိုက်ခိုက်နေသည့် လူနှစ်ဦးစလုံး မမြင်နိုင်သည့် နေရာများကို ရွေး၍သွားလေ၏။
တစ်ဖက်လူ၏ ကောင်းကင်စိတ်အာရုံဖြင် ရှာတွေ့သွားမည်ကို စိုးရိမ်နေစရာ မလိုသည့်အတွက် ရန်ကိုင်သည် စိတ်လွတ်ကိုယ်လွတ်ဖြင့် သွားနေခဲ့လေသည်။
မျက်တောင်တစ်ခတ်အတွင်း စားပွဲခုံဆီသို့ ရောက်လာပြီးသည့်နောက် အချိန်မြစ်အသီးနှစ်လုံးကို လှမ်းယူလိုက်သည်။ သို့သော်ငြား ကံမကောင်းစွာဖြင့် ထိုအချိန်မြစ်အသီးနှစ်လုံးဘေးတွင် အကာအရံတစ်ခု ရှိနေခဲ့လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ အသီးနှစ်လုံးကို ချက်ချင်း လှမ်းမယူလိုက်နိုင်ပေ။
“ငါ့လခွမ်း…” သူရှိနေမှန်း တစ်ဖက်လူနှစ်ဦးစလုံး သိသွားပြီမှန်း သဘောပေါက်လိုက်သည့်နောက် ရန်ကိုင်ကျိန်ဆဲတော့လေ၏။
သူထင်ထားသကဲ့သို့ပင် စားပွဲခုံပေါ်ရှိ အကာအရံ တဖျတ်ဖျတ် လက်သွားပြီးနောက် တိုက်ခိုက်နေသည့် ခုန်းချီနှင့် သွေးမွန်းစတားသားရဲနှစ်ဦးစလုံး ရန်ကိုင့်ဘက်သို့ လှည့်ကြည့်လာကြလေသည်။
ခုန်းချီမှာမူ သူသွေးမွန်းစတားသားရဲနှင့် တိုက်ခိုက်နေစဉ်အတွင်း တစ်စုံတစ်ဦးသည် ခန်းမထဲသို့ ခိုးကြောင်ခိုးဝှက် ဝင်လာပြီး ဤအဖိုးတန်အသီးနှစ်လုံးကို လာလုယူလိမ့်မည်ဟု မထင်ထားခဲ့သဖြင့် ရန်ကိုင့်အား မင်သက်နေသည့် အမူအယာဖြင့် စိုက်ကြည့်နေလိုက်လေ၏။
တစ်ချိန်တည်းတွင် မစပဲ မနေနိုင်အောင်လည်း ဖြစ်သွားခဲ့လေသည်။ “ရောင်းရင်း… မင်းကျင့်ကြံခြင်းက မြင့်သာ မမြင့်တာ သတ္တိကတော့ မသေးဘူးပဲ”
“ရောင်းရင်းက ကြင်နာလွန်းနေတာပဲ…” ရန်ကိုင်က ခပ်ပြတ်ပြတ် ပြန်ပြောလိုက်ပြီးသည့်နောက် အရင်းအမြစ်ချီကို လှည့်ပတ်၍ စားပွဲပေါ်ရှိ အသီးများအား ကာရံထားသော အလင်းအကာအရံကို ထိုးချလိုက်လေသည်။
ခိုးကြောင်ခိုးဝှက် ခိုး၍ မရမှဖြင့် ပေါ်ပေါ်တင်တင်သာ ခိုးရပေတော့မည်။
နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိလာခဲ့သော စားပွဲခုံပေါ်ရှိ အစီအရင်မှာ ရန်ကိုင်၏လက်သီးတစ်ချက်နှင့် ပျက်စီးသွားခဲ့လေသည်။
အကာအရံ ပျက်စီးသွားသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် အသီးနှစ်လုံးကို ယူကာ သိုလှောင်လက်စွပ်ထဲသို့ ပစ်ထည့်လိုက်လေ၏။
“မင်း…” ခုန်းချီမှာ ရန်ကိုင့်၏ လုပ်ရပ်ကို မြင်ပြီးနောက် ဒေါသူပုန် ထသွားခဲ့လေသည်။
ခန်းမထဲသို့ ရောက်လာပြီးသည့်နောက်တွင် ခုန်းချီသည် စားပွဲခုံပေါ်၌ ရှိနေသော အချိန်မြစ် အသီးနှစ်လုံးကို ရှာတွေ့သွားခဲ့သည်။ သို့သော်ငြား ထိုအသီးနှစ်လုံးကို မယူရသေးခင်မှာပင် ခန်းမအလယ်၌ ရှိနေသော သွေးကန်သည် ရုတ်တရက်ပွက်လာပြီး ကန်ထဲရှိသွေးအားလုံးမှာ ဧရာမ သွေးမွန်းစတားတစ်ကောင် အဖြစ်သို့ ဖွဲ့စည်းသွားခဲ့လေသည်။
ထို့အတွက်ကြောင့် ခုန်းချီမှာ စားပွဲပေါ်ရှိ အသီးနှစ်လုံးကို အာရုံမစိုက်နိုင်သေးပဲ သွေးမွန်းစတားသားရဲအား မည်ကဲ့သို့ အနိုင်ယူနိုင်မလဲ ဆိုသည်ကိုသာ စတင် စဉ်းစားရတော့လေ၏။
သို့သော်ငြား သူနှင့် သွေးမွန်းစတားသားရဲတို့ တိုက်ခိုက်နေစဉ်အတောအတွင်း ရန်ကိုင်သည် ရုတ်တရက်ပေါ်လာပြီး သူရ ရမည့် အသီးနှစ်လုံးကို တစ်ယောက်ထဲ မောင်ပိုင်စီးသွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။
“ဝေါင်း…”
ရန်ကိုင်မှ အချိန်မြစ်အသီးနှစ်လုံးကို ယူလိုက်သည်နှင့် တစ်ပြိုင်နက် ယခင်ကတည်းက ဒေါသထွက် ကြမ်းကြုတ်နေသော သွေးမွန်းစတားသားရဲမှာ ရုတ်ချည်း ဒေါသတကြီး ဟိန်းဟောက်လျက် ရန်ကိုင့်ဆီသို့ ပြေးဝင်လာကာ သွေးနီရောင်လက်သီးဖြင့် ထိုးချလိုက်လေသည်။
“ဒီတိုက်ကွက်…”
ရန်ကိုင်ဆီသို့ တိုးဝင်သွားသော လက်သီးချက်ကို ကြည့်ရင်း ခုန်းချီသည် မျက်လုံးမှေးစင်းသွားခဲ့လေသည်။ သွေးမွန်းစတားသားရဲနှင့် တိုက်ခိုက်နေသည်မှာ ကြာပြီ ဖြစ်သည့်အတွက်ကြောင့် မွန်းစတားသားရဲ၏ ခွန်အားကို သိလောက်ပြီဟု ထင်ခဲ့မိသည်။ သို့သော်ငြား ယခုမှသာ သူ့အထင်မှားနေမှန်း သိလိုက်ရလေသည်။
ရန်ကိုင့်ဆီသို့ ပြေးထိုးလိုက်သည့် သွေးမွန်းစတားသားရဲ၏ လက်သီးချက်ကို မြင်ပြီးသည့်နောက် ဤသွေးမွန်းစတားသားရဲသည် သူထင်ထားသလောက် ရင်ဆိုင်ရလွယ်ကူသည့် ပြိုင်ဘက်တစ်ယောက်မဟုတ်မှန်း နားလည်သွားခဲ့သည်။
ရန်ကိုင့်ဆီသို့ လှမ်းကြည့်ရင်း ခုန်းချီသည် လှောင်ပြုံးပြုံးလျက် ရေရွတ်လိုက်လေသည်။ “တာအိုသခင် ပထမအဆင့်လား… တစ်ခါတည်း အသတ်ခံရမှာ…”
ခုန်းချီ ခန့်မှန်းရသလောက်ဆိုရင် သူပင်လျှင် ထိုလက်သီးချက်ကို အလွယ်တကူ မခုခံနိုင်ပေ။ ထိုသို့ ဖြစ်လေရာ တာအိုသခင် ပထမအဆင့်သာ ရှိသေးသော ကျင့်ကြံသူတစ်ဦးသည် ထိုလက်သီးချက်အား မည်ကဲ့သို့များ ခုခံနိုင်ပါမည်နည်း။ လက်သီးချက်နှင့် အတွေ့တွင် ချက်ချင်းဆိုသလို တန်းသေသွားရပေလိမ့်မည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၁၆၀)
“ဘုန်း…”
ရန်ကိုင် ရပ်နေခဲ့သည့် နေရာဆီမှ စွမ်းအင်လှိုင်းတို့နှင့်အတူ ပေါက်ကွဲသံအကျယ်ကြီး ထွက်ပေါ်လာခဲ့လေသည်။
“သေချင်နေတဲ့ကောင်…” ခုန်းချီသည် ထိုမြင်ကွင်းအား အေးစက်စက် အမူအယာဖြင့် စိုက်ကြည့်နေပြီးနောက် ရေရွတ်လိုက်လေသည်။
ထို့နောက်တွင် ရန်ကိုင် သေသွားပြီးသည့်နောက် ကျကျန်ခဲ့မည်ဖြစ်သော သူ၏ သိုလှောင်လက်စွပ်အား လိုက်ရှာကြည့်တော့လေသည်။ သို့သော်ငြား ဘာကိုမှ ရှာမတွေ့ခဲ့ပေ။
“ဒီကောင့် သိုလှောင်လက်စွပ်ပါ တစ်ခါတည်း ဖျက်ဆီးခံလိုက်ရတာလား…” ခုန်းချီ၏ မျက်နှာ အနည်းငယ် ဖြူလျော်သွားခဲ့သည်။
သွေးမွန်းစတားသားရဲမှ ထုတ်ပြသွားသည့် ခွန်အားကြောင့်တော့မဟုတ်။ ရန်ကိုင်၏ သိုလှောင်လက်စွပ် ဖျက်ဆီးခံလိုက်ရပြီဟု ထင်သွားသည့် အတွက်ကြောင့်ပင် ဖြစ်သည်။
ရန်ကိုင်၏ သိုလှောင်လက်စွပ်ထဲ မည်ကဲ့သို့သော ရတနာများ ရှိနေပါစေ စားပွဲခုံပေါ်မှ ရထားသော အသီးနှစ်လုံးကပင် အလွန်ကိုမှ အဖိုးတန်လှသည်။
ရန်ကိုင်၏ သိုလှောင်လက်စွပ်ပါ သွေးမွန်းစတားသားရဲ၏ တိုက်ကွက်ကြောင့် ပျက်စီးသွားသည်ဆိုပါက သိုလှောင်လက်စွပ်ထဲတွင် ရှိနေသည့် အရာအားလုံး ဟင်းလင်းပြင်ထဲသို့ တိုးဝင် ပျောက်ကွယ်သွားပေလိမ့်မည်။
ခုန်းချီ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေစဉ်မှာပင် သွေးမွန်းစတားသားရဲသည် ရုတ်တရက် အော်ဟစ် ဟိန်းဟောက်လိုက်လေသည်။
တစ်ချိန်တည်းတွင် သွေးနီရောင်အလင်းတန်းတို့သည် ၎င်း၏ ခန္ဓာကိုယ်ဆီမှ ဖြာထွက်လာပြီး ခန်းမတစ်ခုလုံး အနှံ့ ပြန့်နှံ့သွားခဲ့လေ၏။
“ဘာဖြစ်ပြန်တာလဲ…” ခုန်းချီသည် သွေးနီရောင်အလင်းတန်းကို ရှောင်ရှားရန်အတွက် လေပေါ်သို့ အမြန်ခုန်တက်လိုက်လေ၏။
တစ်ချိန်တည်းတွင် သွေးနီရောင်အလင်းတန်းမှာ ခန်းမတစ်ခုလုံး အနှံ့ ပြန့်နှံ့သွားခဲ့ပြီး ခန်းမ ပတ်ပတ်လည်တွင် အကာအရံတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။
ထိုအကာအရံ ဖြစ်ပေါ်ပြီးပြီးချင်းမှာပင် ခန်းမ၏ ဝင်ပေါက်နေရာကို ကာရံထားသော သွေးနီရောင်အလင်းအကာအရံမှာ အနည်းငယ် ချိုင့်ဝင်သွားခဲ့လေ၏။ ထိုသို့ ချိုင့်ဝင်သွားသည်နှင့် တစ်ပြိုင်နက် ပုံရိပ်တစ်ခုသည် ထိုနေရာတွင် ဆန်းကြယ်စွာ ပေါ်လာခဲ့လေသည်။
“ဒီကောင်က ဒါမျိုးတောင် လုပ်နိုင်တာလား…” ရန်ကိုင် ထိတ်လန့်သွားခဲ့ပြီးသည့်နောက် ထိုသွေးနီရောင်အလင်းအကာအရံအား လက်သီးဖြင့် ထိုးကြည့်လိုက်လေသည်။
ကံမကောင်းစွာဖြင့် အကာအရံမှာ ပါးလှသည့်တိုင် အလွန်ကိုမှ မာကျောလှသည်။ ရန်ကိုင်၏ လက်သီးချက်သည် အကာအရံပေါ်တွင် ချိုင့်ရာတစ်ခုကိုသာ ဖြစ်စေခဲ့ပြီး မည်သည့်ဒဏ်ရာမျှ မဖြစ်စေခဲ့ပေ။ သို့သော်ငြား ထိုချိုင့်ရာမှာလည်း အလျင်အမြန် ပြန်ကောင်းလာခဲ့လေ၏။
“မင်း…”
လေထဲတွင် ဝဲနေသော ခုန်းချီသည် ရန်ကိုင့်အား လက်ညှိုးထိုးရင်း တစ္ဆေသရဲတစ်ကောင်ကို မြင်လိုက်ရသည့် လေသံဖြင့် အော်မေးလိုက်လေသည်။ “မင်းမသေဘူးလား…”
တာအိုသခင် ပထမအဆင့်သာ ရှိသေးသော ကျင့်ကြံသူတစ်ဦးသည် သွေးမွန်းစတားသားရဲ၏ တိုက်ကွက်အောက်မှ မည်သည့်ဒဏ်ရာမျှ မရဘဲ အသက်ရှင်လျက် လွတ်မြောက်နိုင်ခဲ့သည့်အပြင် ပရမ်းပတာ ဖြစ်နေသည်ကို အခွင့်ကောင်းယူလျက် ထွက်ပြေးရန်ပင် ကြိုးစားနိုင်ခဲ့သည်။
သွေးမွန်းစတားသားရဲမှာ သတိကြီးသည့်အတွက်ကြောင့် ဖြစ်သလို ၎င်းတွင် ခန်းမတစ်ခုလုံးအား ချိတ်ပိတ်ပစ်နိုင်သော နည်းလမ်းတစ်ခု ရှိနေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ထိုကောင်လေး လွတ်သွားလောက်ပေမည်။
ထိုသို့ ဖြစ်သည့်အခါ ဒေါသထွက်နေသော သွေးမွန်းစတားသားရဲသည် ၎င်း၏ ဒေါသကို ခုန်းချီပေါ်တွင် ပုံချပေလိမ့်မည်။
တစ်နည်းဆိုရသော် ရန်ကိုင်သည် ခန်းမထဲတွင် ရှိနေသမျှ အကျိုးအမြတ်အားလုံးကို ယူသွားပြီး သူချန်ထားခဲ့သည့် အရှုပ်ထုပ်ကို ခုန်းချီကသာ ရှင်းရပေတော့မည်။
“ခွေးကောင်လေး… မင်းတော်တော် ရက်စက်တာပဲ… မင်း လူရော ဟုတ်သေးရဲ့လား…” မည်သည့်အရာများ ဖြစ်ပျက်သွားသလဲ ဆိုသည်ကို နားလည်သွားပြီးသည့်နောက်တွင် ခုန်းချီသည် ရန်ကိုင့်အား ဒေါသတကြီး အော်ဟစ်ကျိန်ဆဲတော့လေသည်။
သူ့စိတ်ထဲ သွေးမွန်းစတားသားရဲနှင့် အတူပူးပေါင်း၍ ရန်ကိုင့်အား စိစိညက်ညက်ကြေအောင် ထုထောင်းပစ်ချင်စိတ်များပင် ဖြစ်ပေါ်လာခဲ့သည်။
“ဟဲ ဟဲ… မင်္ဂလာပါနော် ရောင်းရင်းခုန်း… ဘယ်လိုတွေနေလဲဗျ…” ရန်ကိုင်သည် ကသိကအောက် အမူအယာဖြင့် ခုန်းချီအား မိတ်ဆက်လိုက်လေသည်။
တကယ့်တကယ်ကိုပင် ရန်ကိုင်သည် သေချင်ယောင်ဆောင်လျက် ဤခန်းမထဲမှ ထွက်ပြေးကာ သွေးမွန်းစတားသားရဲကို ခုန်းချီနှင့် ရင်ဆိုင်ရန်အတွက် ထားခဲ့လိုခြင်း ဖြစ်သည်။ ကံမကောင်းစွာဖြင့် ဝင်ပေါက်မှာ ပိတ်ခံလိုက်ရသည့်အတွက် သူ့အစီအစဉ်မှာ အလုပ်မဖြစ်တော့ချေ။
“မင်းကြီးတော် မင်္ဂလာပါလား…” ခုန်းချီက နှာခေါင်းရှုံ့လျက် ပြန်အော်ပြောလိုက်လေ၏။ “မင်းလိုကောင်က သေမှ အေးမဲ့ကောင်…”
သူသည် ရန်ကိုင်နှင့် တစ်ကြိမ်တစ်ခါမှပင် မတွေ့ခဲ့ဖူးပေ။ သို့သော်ငြား ရန်ကိုင့်အား မြင်မြင်ချင်းမှာပင် ခုန်းချီသည် တစ်ဖက်လူအား အလွန်ကိုမှ ရွံရှာ စက်ဆုပ်သွားခဲ့သည်။
ရန်ကိုင်သည် အလွန်ကိုမှ ဉာဏ်နီဉာဏ်နက်များကာ ကောက်ကျစ်စဉ်းလဲသည့် ဝေးဝေးမှ ရှောင်သင့်သော မြွေဟောက်တစ်ကောင်သာ ဖြစ်လေသည်။ ထို့ကြောင့် တစ်ဖက်လူအား အနည်းငယ်မျှပင် ယဉ်ယဉ်ကျေးကျေး ပြောမနေခဲ့ပေ။
ရန်ကိုင်ကမူ ခုန်းချီ၏ အော်ဟစ်ကျိန်ဆဲ စကားကို စိတ်ထဲထားမနေခဲ့ပဲ ပြုံး၍သာ ပြန်ပြောလိုက်လေ၏။
“ရောင်းရင်းခုန်း ဒီလောက်ကြီးလည်း စိတ်ပျက်မနေပါနဲ့ဦး… ဆိုရိုးစကား ရှိတယ်လေ… အိမ်မှာနေတဲ့အခါ မိဘကို မှီခိုရတယ်တဲ့… ဒါပေမဲ့ အပြင်ရောက်တဲ့ အခါကြရင်တော့ မိတ်ဆွေသူငယ်ချင်းတွေအပေါ် ပြန်အားကိုးရပြန်တယ်တဲ့… ”
“ဘယ်သူက မင်းမိတ်ဆွေလဲ…” ခုန်းချီက ချက်ချင်းပဲ ပြန်အော်ပြောလေ၏။
ရန်ကိုင်၏ အမူအယာ ရုတ်ချည်း လေးနက်သွားခဲ့ပြီး မူလရပ်နေရာမှ ပျောက်ကွယ်သွားခဲ့သည်။ တစ်ချိန်တည်းတွင် သွေးမွန်းစတားသားရဲ၏ တိုက်ကွက်သည် သူ့ဆီတည့်တည့်သို့ ရောက်လာခဲ့လေသည်။
ရန်ကိုင်မှ စားပွဲပေါ်တွင် တင်ထားသော အသီးနှစ်လုံးကို ယူလိုက်သည့် အချိန်မှစ၍ သွေးမွန်းစတားသားရဲသည် ရန်ကိုင့်အား သူ့အဖေကို သတ်သွားသည့် လူတစ်ဦးနှယ် အရူးအမူး လိုက်လံတိုက်ခိုက် နေတော့သည်။ ခုန်းချီကိုပင် လုံးဝ ဂရုစိုက်မနေတော့ချေ။
သွေးမွန်းစတားသားရဲမှာ အားကောင်းသော်ငြား ရန်ကိုင်သည် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသည်။ ထို့ကြောင့် သွေးမွန်းစတားသားရဲ၏ လက်မှ ထွက်ပြေးရန်အတွက် ကိစ္စမရှိပေ။
သို့သော်ငြား ရန်ကိုင့်စိတ်ထဲ အဆက်မပြတ် သတိထားနေရသည်မှာ သွေးမွန်းစတားသားရဲ၏ ခန္ဓာကိုယ်မှ ဖြာထွက်နေသော ထူးဆန်းသည့် သွေးချီပင် ဖြစ်လေသည်။
ထိုသွေးချီသည် အလွန်ကိုမှ တိုက်စားနိုင်စွမ်း ပြင်းထန်လှပြီး သူ၏ အရင်းအမြစ်ချီကို အဆက်မပြတ် တိုက်စားပစ်နေလေ၏။
သွေးမွန်းစတားသားရဲ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းရင်းမှ ရန်ကိုင်က လှမ်းအော်ပြောလိုက်လေ၏။ “ရောင်းရင်းခုန်း… မင်းဒီသွေးမွန်းစတားသားရဲကို ငါ့ကို ကူပြီး မသတ်ပေးဘူးလား…”
ခုန်းချီသည် လက်ပိုက်ရင်း ရန်ကိုင့်အား ဇိမ်ပြေနပြေ အမူအယာဖြင့် ကြည့်လျက် လှောင်ပြုံးပြုံးကာ ပြောလိုက်လေသည်။ “ငါဘာလို့ မင်းကို ကူညီပေးရမှာလဲ… မင်း သေတာရှင်တာ ငါနဲ့ ဘာဆိုင်လို့လဲ…”
“ရောင်းရင်းခုန်း အထင်မှားနေပြီနဲ့တူတယ်…” ရန်ကိုင်သည် ခေါင်းခါရင်းမှ သွေးမွန်းစတားသားရဲ၏ တိုက်ကွက်ကို ရှောင်တိမ်းရင်း ပြောလိုက်လေသည်။
“ဒီခန်းမတစ်ခုလုံး ချိတ်ပိတ်ထားခံရတယ်ဆိုတာကို ရောင်းရင်းခုန်း သိသင့်တယ်နော်… ဒီသွေးမွန်းစတား အသက်ရှင်နေသရွေ့ အဲ့ချိတ်စည်းက အသက်ဝင်နေမှာ… ဒီကောင်သေမှပဲ ကျုပ်တို့ ဒီထဲက ထွက်သွားနိုင်မှာ… မဟုတ်ရင် ဒီမှာပဲ တစ်သက်လုံး ပိတ်မိနေတော့မှာ…”
ခုန်းချီက ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “သူမင်းကို သတ်ပြီးတဲ့ထိ ငါစောင့်လို့ရတယ်လေ…”
ရန်ကိုင်က လှောင်ပြုံး ပြုံးလျက် “ဒါဆိုရင် ကျုပ် ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်… ရောင်းရင်းခုန်း… ခင်ဗျား အားကောင်းတာမှန်ပေမဲ့ ခင်ဗျားတစ်ယောက်တည်းနဲ့ ဒီကောင့်ကို သတ်ဖို့က လွယ်မှာတော့ မဟုတ်ဘူးနော်…”
ခုန်ချီက ရန်ကိုင်က ပြောသည်ကို ဝန်မခံလိုသည့်အလား မျက်နှာကြီး မဲ့သွားခဲ့လေသည်။ သို့သော်လည်း ရန်ကိုင်ပြောသည်မှာ အမှန်ပင် ဖြစ်လေသည်။
ရန်ကိုင် ရောက်မလာခင်က ဤသွေးမွန်းစတားသားရဲကို သူတစ်ယောက်တည်း အနိုင်ယူနိုင်မည်ဟု ခုန်းချီ ယုံကြည်ချက်ရှိပေသည်။ သို့သော်ငြား လက်ရှိသွေးမွန်းစတားသားရဲ ထုတ်ပြနေသည့် ခွန်အားကို မြင်ပြီးသည့်နောက် သူ့ယုံကြည်ချက်အပေါ် အနည်းငယ် သံသယ ရှိလာခဲ့သည်။
ခုန်းချီအနေဖြင့် သူ၏ ဝှက်ဖဲများကို ထုတ်သုံးမည်ဆိုလျှင်ပင် ဤသွေးမွန်းစတားသားရဲကို သူ့ဘာသာ တစ်ယောက်ထဲ သတ်ပစ်နိုင်ရန်အတွက် ကြီးမားသည့် တန်ဖိုးတစ်ခုကိုတော့ ပြန်ပေးဆပ်ရပေလိမ့်မည်။
ထို့အပြင် ဤနေရာ၌ အခြားသော အန္တရာယ်များ ရှိနေသေးသလား မရှိတော့ဘူးလား ဆိုသည်ကို မည်သူမျှ မသိချေ။ ထို့ကြောင့် ခုန်းချီအနေဖြင့် ဖြစ်သာဖြစ်နိုင်လျှင် သူ့ခွန်အား အကုန်အစင်ကို အသုံးမပြုချင်ပေ။
ထိုအချင်းအရာကို နားလည်လိုက်သော် ခုန်းချီသည် ရန်ကိုင့်အား စိုက်ကြည့်ရင်း မျက်မှောင်ကျုံ့လျက် ပြောလိုက်လေ၏။ “ရောင်းရင်းက တကယ့်ကို သာမန်မဟုတ်ဘူးပဲ…”
ယခုမှပဲ ရန်ကိုင်သည် သွေးမွန်းစတားသားရဲနှင့် ရင်ဆိုင်နေရသော်ငြား သူနှင့် ဇိမ်ပြေနပြေ စကားပြောနေနိုင်သေးကြောင်းကို တွေ့ရှိလိုက်ရသည်။ ဤသည်မှာ တာအိုသခင် ပထမအဆင့် ကျင့်ကြံသူတစ်ဦး လုပ်နိုင်သည့် အရာမျိုး မဟုတ်ပေ။
အစောပိုင်းက ရန်ကိုင် ထုတ်သုံးသွားသည့် နည်းလမ်းများကို ပြန်စဉ်းစားမိလိုက်သော် ရန်ကိုင့်အနေဖြင့် တာအိုသခင် ပထမအဆင့် ကျင့်ကြံခြင်းလေးဖြင့် ဤကဲ့သို့သော ပုံမှန်မဟုတ်သည့် ခွန်အားမျိုး ပိုင်ဆိုင်ထားရလေအောင် မည်သည့်ဂိုဏ်းမှ လာသလဲဟု စဉ်းစားမိသွားခဲ့သည်။
“ရောင်းရင်းခုန်းက အရမ်းအထင်ကြီးလွန်းနေတာပဲ… ဒီရန်ရဲ့ ကိုယ်ဖော့ပညာရပ်က နည်းနည်းလေး ကောင်းနေရုံလေးပါ…” ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် လေထဲတွင် ဝဲလျက် သွေးမွန်းစတားသားရဲ၏ တိုက်ခိုက်မှု သူ့ဆီသို့ ရောက်လာမည့် အချိန်ကို စောင့်နေလိုက်သည်။
ရောက်လာသည့်အခါ နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားပြီး အခြားတစ်နေရာတွင် ပြန်ပေါ်လာခဲ့လေသည်။
“ကိုယ်ဖော့ပညာရပ်…” ခုန်းချီသည် ထိုကဲ့သို့ ရေရွတ်လိုက်ပြီးနောက်တွင် လှမ်းအော်ပြောလိုက်လေ၏။ “ငါ ကူညီပေးလို့ မရတာတော့ မဟုတ်ဘူး… ဒါပေမဲ့ အသီးနှစ်လုံးကို မင်းတစ်ယောက်တည်းကပဲ…”
“ရောင်းရင်းခုန်း တစ်လုံးယူလို့ရတယ်…” ရန်ကိုင်သည် ခုန်းချီဘာပြောမလဲ ဆိုသည်ကို ကြိုသိနေသည့်အလား ချက်ချင်း ပြန်ပြောလိုက်လေ၏။
ပြောပြီးသွားသည်နှင့် အစောပိုင်းက စားပွဲခုံပေါ်မှ ကောက်ယူခဲ့သော အသီးတစ်လုံးကို ခုန်းချီဆီသို့ လှမ်းပစ်ပေးလိုက်လေသည်။
“ဒီလိုနဲ့ ပြီးသွားတာလား…” ရန်ကိုင့်၏ လုပ်ရပ်ကြောင့် ခုန်းချီ အနည်းငယ် စိတ်ရှုပ်သွားခဲ့လေသည်။
“ရောင်းရင်းခုန်းနဲ့ ကျုပ်က ဒီကောင့်ကို အတူပူးပေါင်းပြီး သတ်မှာဆိုတော့ ရတဲ့ အကျိုးအမြတ်တွေကိုလည်း တစ်ယောက်တစ်ဝက် ဝေစုခွဲရမှာပေါ့… အဲ့လိုဆိုရင်တော့ ပြဿနာမရှိတော့ဘူးလေ ဟုတ်တယ်မလား…” ရန်ကိုင်က လှမ်းအော်ပြောလိုက်လေသည်။
ခုန်းချီသည် သူ့လက်ထဲရှိ အသီးသည် ရန်ကိုင် စားပွဲခုံပေါ်မှ ယူသွားသည့် အသီး ဟုတ်မဟုတ် အသေအချာ စစ်ဆေးကြည့်လေ၏။ သေချာအောင် အတည်ပြုပြီးသည့်နောက်တွင် ထိုအသီးကို သိုလှောင်လက်စွပ်ထဲသို့ ထည့်၍ ထူးမခြားနားဟန်ဖြင့် ပြောလိုက်လေ၏။
“မင်းကိုယ်တိုင်က မျက်စိဆံပင်မွေးစူးစရာ ဆိုပေမဲ့ အခုလိုမျိုး ညီတူမျှတူ လုပ်ပေးတယ်ဆိုမှတော့ ဒီခုန်းကလည်း ဝင်ကူညီပေးရတော့တာပေါ့…”
ရန်ကိုင်ကပြုံးလျက် “ရောင်းရင်းခုန်းက ကောင်းကောင်းနားလည်တာပဲ…”
“ဟမ်… မင်း အဲ့ကောင်ကို အချိန်ဆွဲထားဦး… ဒီတိုက်ကွက်ကို ထုတ်သုံးဖို့ နည်းနည်းလေး အချိန်ယူရဦးမယ်…” ပြောပြီးသည်နှင့် ခုန်းချီဆီမှ အရင်းအမြစ်ချီလှိုင်းများ ဖြာထွက်လာခဲ့လေသည်။
တစ်ချိန်တည်းတွင် သူ့လက်ထဲ၌ ရွှေရောင်ဒင်္ဂါးပြားတစ်ပြား ပေါ်လာခဲ့လေ၏။ ထို့နောက်တွင် အရင်းအမြစ်ချီအားလုံးကို ဒင်္ဂါးပြားထဲသို့ အရူးအမူး ထည့်သွင်းတော့လေ၏။
ခုန်းချီ မည်သည့်နည်းလမ်းအား ထုတ်သုံးမလဲဆိုသည်ကိုတော့ ရန်ကိုင်မသိပေ။ သို့သော်ငြား ကြည့်ရသလောက် ခုန်းချီထုတ်သုံးမည့် နည်းလမ်းသည် ဤဒင်္ဂါးပြားကို အားကိုးရမည့် ပုံပင်။ ထိုမျှသာ မဟုတ်သေးဘဲ အချိန်လည်း ယူရမည့် ပုံပေါက်၏။
ထို့ကြောင့် ရန်ကိုင်သည် သွေးမွန်းစတားသားရဲအား အချိန်ဆွဲပေးထားလိုက်လေသည်။
ခုန်းချီ ဤကဲ့သို့ လုပ်ရခြင်းမှာ သူ၏ ယုံကြည်ချက်ကြောင့် ပင်ဖြစ်လေသည်။ ရန်ကိုင်သည် တာအိုသခင် ပထမအဆင့်ပင် ဖြစ်လင့်ကစား အလွန်ကိုမှ ထူးခြားနေသော်ငြား သူသည် ခုန်းချီထက် ပိုအားကောင်းသည်ဟု ခုန်းချီမယုံကြည်ပေ။
ရန်ကိုင့်အနေဖြင့် သွေးမွန်းစတားသားရဲအား ဤမျှ ကြာကြာ ထိန်းထားနိုင်ရခြင်းမှာ သူ၏ ကိုယ်ဖော့ပညာရပ်ကြောင့်သာ ဖြစ်သည်။ ခွန်အားသက်သက် ဆိုလျှင်တော့ သူ့ကိုကျော်နိုင်လိမ့်မည် မဟုတ်ဟု ခုန်းချီယုံကြည်နေခဲ့သည်။
ထို့အတွက်ကြောင့်ပင်လျှင် သွေးမွန်းစတားသားရဲအား တိုက်ခိုက်မည့်တာဝန်ကို သူ ယူလိုက်ခြင်းပင် ဖြစ်လေသည်။
ရန်ကိုင်သည်လည်း သူ့အား စိတ်မပျက်စေခဲ့ပေ။ သွေးမွန်းစတားသားရဲအား ခန်းမအနှံ့ နေရာစုံ ပတ်ခေါ်သွားနေခဲ့လေ၏။
သို့သော်ငြား ခုန်းချီဆီမှ ထွက်ပေါ်လာသည့် စွမ်းအင်လှိုင်းများမှာတော့ အချိန်နဲ့အမျှ ပို ပို ပြင်းထန်လာခဲ့လေသည်။ ထို့အတွက်ကြောင့် သွေးမွန်းစတားသားရဲမှာလည်း ပို၍ ဂနာမငြိမ် ဖြစ်လာခဲ့သည်။
တစ်ခုသော အချိန်သို့ အရောက်တွင် သွေးမွန်းစတားသားရဲသည် ရန်ကိုင့်နောက်သို့ ဆက်လိုက်မနေတော့ဘဲ ခုန်းချီဆီသို့သာ ပြန်လှည့်၍ တိုက်ခိုက်တော့လေသည်။
မာန်သွင်း၍ ဟိန်းဟောက်အော်ဟစ်လိုက်လေရာ ၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီးသည် သွေးနီရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ခုန်းချီတည့်တည့်ဆီသို့ ပြေးဝင်သွားလေ၏။
ခုန်းချီမှာလည်း မျက်လုံးမှေးစင်းသွားခဲ့ပြီး သူ့တိုက်ကွက်အား ဆက်၍ပင် ထုတ်ဖော်မနေတော့ပဲ ရှောင်တိမ်းရန် ကြိုးစားလိုက်လေသည်။
ထိုအချိန်မှာပင်လျှင် ရန်ကိုင်သည် ခုန်းချီရှေ့တည့်တည်၌ ရုတ်တရက် ပေါ်လာပြီး သူ့လက်အား ယှက်ဖြာလျက် ရွှေရောင်သွေးမျှင်များစွာကို ဆင့်ခေါ်လိုက်သည်။ အခန်းတစ်ခန်းလုံး ရွှေရောင်အလင်းတန်းများဖြင့် ပြည့်နှက်သွားခဲ့ပြီး မရေမတွက်နိုင်သော ရွှေရောင်သွေးမျှင်များသည် အတူတကွ ယှက်ဖြာလျက် ဧရာမရွှေရောင်ဒိုင်းကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
“ဘုန်း…”
သွေးနီရောင်အလင်းတန်းသည် ရွှေရောင်ဒိုင်းကြီးကို သွားဝင်စောင့်လေ၏။ သွေးမွန်းစတားသားရဲ၏ ဧရာမခန္ဓာကိုယ်ကြီးသည် ချက်ချင်း နောက်သို့ ပြန်ကန် ထွက်လာခဲ့လေသည်။
တစ်ချိန်တည်းမှာပင် အလွန်ကိုမှ အားကောင်းဟန်ထင်ရသော ရွှေရောင်ဒိုင်းကာမှာလည်း ရွှေရောင်သွေးမျှင်များအဖြစ်သို့ ပြန်လည် ပြောင်းလဲသွားလေ၏။
ရွှေရောင်သွေးမျှင်များကို ပြန်ရုတ်သိမ်းလိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် လှမ်း၍ အော်ပြောလိုက်လေ၏။ “ရောင်းရင်းခုန်း မင်းလုပ်မယ်ဆို မြန်မြန် လုပ်တော့နော်… ငါ နောက်တစ်ကြိမ် ထပ် တားနိုင်တော့မှာ မဟုတ်ဘူး…”
“ငါ ပြီးပြီ… ငါအဆင်သင့် ဖြစ်နေတာ မင်းကံကောင်းသွားတယ်…” ခုန်းချီက ပြုံးလျက် ပြန်ပြောလိုက်သည်။ ထို့နောက် သူ့အမူအယာမှာ ရုတ်ချည်း လေးနက်လာခဲ့ပြီးနောက် ရွှေရောင်ဒင်္ဂါးပြားကို ကောင်းကင်ပေါ်သို့ ပစ်တင်လျက် ရေရွတ်လိုက်လေ၏။
“ဒင်္ဂါးကြွေ တိုက်ကွက်…”
“ရွှစ် ရွှစ် ရွှစ် ရွှစ်…”
ခုန်းချီပစ်တင်လိုက်သော ရွှေရောင်ဒင်္ဂါးပြားသည် တစ်ပြားမှ နှစ်ပြား၊ နှစ်ပြားမှ လေးပြား၊ လေးပြားမှ ရှစ်ပြား စသဖြင့် တစ်ပြားပြီးတစ်ပြား ကွဲထွက်သွားခဲ့လေသည်။ မျက်တောင်တစ်ခတ်အတွင်း ခန်းမတစ်ခုလုံး ရွှေရောင်ဒင်္ဂါးပြားများဖြင့် ပြည့်နှက်သွားခဲ့လေ၏။
လေထဲတွင် လည်ပတ်နေသော ရွှေရောင်ဒင်္ဂါးပြားများအနက် အချို့မှာ အရွယ်အစား တဖြည်းဖြည်းကြီးမားလာပြီး အချို့မှာတော့ တဖြည်းဖြည်း သေးငယ်သွားကြလေသည်။
ခုန်းချီ၏ ကောင်းကင်စိတ်အာရုံ ထိန်းချုပ်မှုအောက်တွင် ထိုမရေမတွက်နိုင်သော ဒင်္ဂါးပြားအားလုံးသည် သွေးနီရောင် မွန်းစတားသားရဲဆီသို့ တိုးဝင်သွားကြလေ၏။
သွေးမွန်းစတားသားရဲမှာလည်း ထိုတိုက်ကွက်ဆီမှ အန္တရာယ်ကို ခံစားမိလိုက်သည့်အလား အလျင်အမြန် နောက်ပြန်ဆုတ်လိုက်လေ၏။ သို့သော်ငြား သွေးမွန်းစတားသားရဲ မည်မျှ မြန်ဆန်အောင် ပြေးနေစေကာမူ ရွှေရောင်ဒင်္ဂါးပြားလက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။
မျက်တောင်တစ်ခတ်အတွင်း သွေးနီရောင်မွန်းစတား၏ ခန္ဓာကိုယ်ပေါ်သို့ ဒင်္ဂါးပြားတစ်ပြား သွားရောက်ထိမှန်လေ၏။ ထိုဒင်္ဂါးပြားဆီမှ ထွက်ပေါ်နေသည့် ဖိနှိပ်စွမ်းအင်ကြောင် သွေးမွန်းစတားသားရဲမှာ ယခင်ကကဲ့သို့ မြန်မြန်ဆန်ဆန် မလှုပ်ရှားနိုင်တော့ချေ။
တစ်ပြားထိမိသည်နှင့် တစ်ပြိုင်နက် နောက်တစ်ပြားက ထပ်မံလာထိပြန်၏။ ထို့နောက် တတိယတစ်ပြား ထပ်မံထိပြန်လေသည်။ ဤသို့ဖြင့် သွေးမွန်းစတားသားရဲ၏ လှုပ်ရှားမှုများမှာ ပိုပို၍ နှေးကွေးလာရတော့လေသည်။
ဒင်္ဂါးများ ပိုမို ကျရောက်လာသည်နှင့်အမျှ သွေးမွန်းစတားသားရဲမှာ လျင်မြန်စွာ ဖိနှိပ်ခံလိုက်ရပြီး များမကြာမီတွင် ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံး မရေမတွက်နိုင်သော ရွှေရောင်ဒင်္ဂါးပြားများဖြင့် ဖုံးအုပ်ခံသွားရတော့လေသည်။