အခန်း (၂၁၆၁-၂၁၆၅)
Vol. 87 Ch. 2161-2165
အပိုင်း (၂၁၆၁)
မကြာမီ သွေးမွန်းစတားသားရဲသည် တောင်နှယ် ပုံထပ်နေသော ရွှေရောင်ဒင်္ဂါးပြားများ အောက်သို့ ရောက်သွားခဲ့လေသည်။
ထိုအချင်းအရာကို မြင်သည့်အခါ ခုန်းချီ နောက်ဘာဆက်လုပ်မလဲ ဆိုသည်ကို ကြိုသိနေသည့်အလား ရန်ကိုင်သည် အလျင်အမြန် နောက်သို့ ဆုတ်လိုက်သည်။
သူထင်ထားသကဲ့သို့ပင် သူဆုတ်ပြီးသွားသည်နှင့် တစ်ပြိုင်နက် ခုန်းချီက ရုတ်တရက် အော်ဟစ်လိုက်လေသည်။ “သေလိုက်စမ်း…”
သူ့စကားသံဆုံးသွားသည်နှင့် တဝီဝီမြည်သံတို့ ထွက်ပေါ်လာခဲ့သည်။ မရေမတွက်နိုင်သော ရွှေရောင်ဒင်္ဂါးပြားများသည် အလွန်ကိုမှထက်ရှသော ဓါးသွားအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားပြီး သွေးမွန်းစတားသားရဲ၏ ခန္ဓာကိုယ်အား စတင် ဖြတ်တောက်တော့လေသည်။
ခဏအကြာတွင် ရွှေရောင်အလင်းတန်းတို့ ပျောက်ကွယ်သွားပြီး မရေမတွက်နိုင်သော ဒင်္ဂါးပြားများသည် တစ်ခုနှင့်တစ်ခု ပြန်စုကာ နောက်ဆုံးတွင် ဒင်္ဂါးပြားအဖြစ်သို့ ပြန်လည်ပြောင်းလဲ သွားခဲ့ပြီး ခုန်းချီဆီ ပျံသန်းသွားခဲ့လေ၏။
သွေးမွန်းစတားသားရဲမှာမူ အပိုင်းပိုင်း အစစ ဖြစ်အောင် ဖြတ်တောက် ထားခံရတော့လေသည်။ ယခုဆိုလျှင် ၎င်း၏ ခန္ဓာကိုယ် အစိတ်အပိုင်းအများစုမှာ ခန်းမအနှံ့ ပြန့်ကျဲနေသော သွေးအိုင်များအဖြစ်သို့ ပြောင်းလဲနေခဲ့လေ၏။ ခန်းမတစ်ခုလုံးသည်လည်း ရွံရှာအော့အန်ချင်စရာ အနံ့တို့ဖြင့် ပြည့်နှက်လာခဲ့လေသည်။
“ဟမ့်… ဘာမှလဲ မဟုတ်ပါလား…” ခုန်းချီသည် ဆရာကြီးစတိုင်ဖြင့် မြေပြင်ပေါ်သို့ ဆင်းလိုက်ရင်း အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ သူ၏ ဖြူဖတ်ဖြူလျော် မျက်နှာကြောင့်သာ မဟုတ်လျှင် သူ့ပုံစံမှာ တကယ်ကို ဆရာကြီးပုံစံမျိုးပင် ဖြစ်လေသည်။
အစောပိုင်းက တိုက်ကွက်ကို အသုံးပြုရန်အတွက် သူ့ခွန်အား တော်တော်များများကို အသုံးပြုလိုက်ရသည်။
ရန်ကိုင်သည် ပြုံးလျက် တစ်ခုခု ပြောတော့မည့်အပြု မျက်မှောင်ကျုံ့လျက် ခန်းမအနှံ့အား လှည့်ပတ် ကြည့်တော့လေသည်။
“ဘာဖြစ်ပြန်ရတာတုန်း…” ရန်ကိုင်၏ ထူးထူးဆန်းဆန်း အမူအယာကို မြင်သော် ခုန်းချီ မျက်မှောင်ကျုံ့သွားခဲ့သည်။
“ရောင်းရင်းခုန်း… ဒီဝင်ပေါက်ကို ပိတ်ထားတဲ့ အကာအရံက မပျောက်သေးဘူးဆိုတာ မင်း သတိထားမိလား…” ရန်ကိုင်သည် ခန်းမဝင်ပေါက်ဆီသို့ လှမ်းကြည့်ရင်း မေးလိုက်လေသည်။
သူပြောသည်ကို ကြားသည့်အခါမှပဲ ခုန်းချီသည်လည်း ခန်းမအနှံ့ လှည့်ပတ်ကြည့်လိုက်ပြီးနောက် ရေရွတ်လိုက်လေ၏။ “ဟုတ်သားပဲ… ဒါပေမဲ့ ဘာလို့ အဲ့လို ဖြစ်ရတာလဲ”
“ဖြစ်နိုင်ချေ နှစ်ခုရှိတယ်…” ရန်ကိုင်က မှုန်ကုပ်ကုပ် အမူအယာဖြင့် ပြောလိုက်လေ၏။
“ပထမတစ်ခုက ဒီအခန်းပတ်လည်ကို ကာရံထားတဲ့ အကာအရံက သွေးမွန်းစတားသားရဲနဲ့ မဆိုင်ပဲ ဒီအခန်းသက်သက်နဲ့ ဆိုင်တာပဲ… သွေးမွန်းစတားသားရဲ သေသွားရင်တောင် အကာအရံက ပျောက်သွားမှာ မဟုတ်ဘူး…”
“နောက်တစ်ခုကရော…” ခုန်းချီသည် အရူးတစ်ယောက်မဟုတ်။ ထို့ကြောင့် ရန်ကိုင် ဘာပြောချင်နေသလဲဆိုသည်ကို နားလည်လိုက်လေသည်။ သွေးမွန်းစတားသားရဲအား လှမ်းကြည့်လိုက်ပြီးသည့်နောက် ချက်ချင်းပင် လှမ်း၍ အော်ပြောလိုက်လေ၏။
“အဲ့ကောင် မသေသေးတာလား…” သူ့စကားဆုံးသွားသည်နှင့် တစ်ပြိုင်နက် ခန်းမအနှံ့ ပြန့်ကျဲနေသော သွေးအိုင်များသည် ရုတ်ချည်းစတင် တွန့်လိမ်လှုပ်ရှားလာပြီး ခန်းမအလယ်၌ ရှိနေသော သွေးကန်ဆီသို့ တရွေ့ရွေ့ဖြင့် ရွှေ့သွားတော့လေသည်။
“ဒါတောင် အသက်ရှင်နေသေးတာလား…” ခုန်းချီ အလွန်ကိုမှ ထိတ်လန့်သွားခဲ့သည်။ သွေးမွန်းစတားသားရဲသည် သူ၏ အားအကောင်းဆုံးသော တိုက်ကွက်ဖြင့် တိုက်ခိုက်ခံလိုက်ရခြင်း ဖြစ်သည်။
ထို့အပြင် မသေမှာစိုးသည့် အတွက်ကြောင့်ပင် ခုန်းချီသည် သွေးမွန်းစတားသားရဲအား အပိုင်းပိုင်း အစစ ဖြစ်အောင် ခုတ်ထစ်ပစ်ခဲ့လေသည်။
“သွေးကန်က သော့ချက်ပဲ…” ရန်ကိုင်သည် တစ်ခုခုအား နားလည်လိုက်သည့်အလား လှမ်းအော်ပြောလိုက်လေ၏။
သူပြောလိုက်သည့်အချိန်မှာပင် သွေးမွန်းစတားသားရဲ၏ လက်ကျန် သွေးစသွေးနများသည် သွေးကန်ထဲသို့ ရောက်ရှိသွားပြီး စတင် ဆူပွက်လာတော့လေသည်။
“တကယ် ပြဿနာများတဲ့ကောင်ပဲ…” ခုန်းချီသည် အနည်းငယ်ကြောက်လန့်နေသည့် အမူအယာဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကာ အလျင်အမြန် လှမ်းအကြံပေးလိုက်လေ၏။
“တို့နှစ်ယောက် အတူပူးပေါင်းပြီးတော့ ဒီအကာအရံကို ဖျက်ဆီးပစ်လိုက်ရင် ပိုကောင်းမလား…” ခုန်းချီသည် ဤထူးဆန်းပြီး သတ်ဖြတ်ရခက်လွန်းလှသည့် သွေးမွန်းစတားသားရဲဖြင့် ဆက်၍ မတိုက်ခိုက်ချင်တော့ပေ။
ရန်ကိုင်ကမူ ခုန်းချီ၏ စကားကို မကြားသည့်အလား နေရာတွင်သာ ငေးကြောင်ကြောင်ဖြင့် မတ်တပ်ရပ်နေလေ၏။
“မင်း ငါပြောတာကို မကြားဘူးလား…” ခုန်းချီက မျက်မှောင်ကျုံ့လျက် လှမ်းအော်ပြောလိုက်လေသည်။
“အင်း…” နောက်ဆုံးတွင် ရန်ကိုင်က ညစ်ကျယ်ကျယ်ဖြင့် ခေါင်းညိတ်လိုက်လေ၏။ “အဲ့လို လုပ်ဖို့ မလိုတော့ဘူး… ကျုပ်မှာ အကြံတစ်ခုရှိတယ်…”
“ဘာလဲ…” ခုန်းချီက အံ့ဩတကြီး မေးလိုက်သည်။
သို့သော်ငြား ရန်ကိုင်ကမူ ပြန်မဖြေပဲ သွေးကန်ဆီသို့သာ ပျံသန်းသွားလိုက်ပြီး ထူးဆန်းသည့် ပုံစံမျိုး ပြုလုပ်လိုက်လေသည်။ ထို့နောက် သူ့လက်ကို ဆန့်ထုတ်၍ အော်ပြောလိုက်လေ၏။
“မဟာမြစ်ရေ ခမ်းခြောက်ခြင်း ပညာရပ်…”
“ဘာကြီးလဲ…” ရန်ကိုင်၏ စကားကို ကြားပြီးသည့်နောက် ခုန်းချီ၏ မျက်နှာကြီး မဲ့သွားခဲ့လေသည်။ ရန်ကိုင် ဘာတွေ ကြံလို့ ကြံနေမှန်းကို သူမသိတော့ချေ။ သူ့မှတ်ဉာဏ်ထဲတွင် ထိုကဲ့သို့သော သိုင်းပညာရပ်မျိုး လုံးဝမရှိခဲ့ဖူးပေ။ ထို့ကြောင့် ထိုသိုင်းပညာရပ်မှာ ရန်ကိုင် ကိုယ်တိုင်ဖန်တီးထားသည့် သိုင်းပညာရပ် ဟုတ်လျှင်ဟုတ်။ မဟုတ်လျှင် အစုတ်ပလုပ် ပညာရပ်တစ်ခုသာ ဖြစ်နေပေလိမ့်မည်။
သို့သော်ငြား နောက်ဖြစ်ပျက်လာသည့် မြင်ကွင်းကြောင့် ခုန်းချီ မျက်လုံး ပြူးထွက်လုနီးပါး ဖြစ်သွားခဲ့လေသည်။
ကန်ထဲတွင် ဆူပွက်နေသော သွေးများမှာ မမြင်နိုင်သော စွမ်းအားတစ်ခု၏ ဆွဲယူခြင်း ခံလိုက်ရသည့်အလား ရန်ကိုင့်လက်ထဲသို့ စီးဝင်သွားခဲ့လေသည်။ ထိုသို့ စီးဝင်သွားပြီးသည့်နောက် သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့လေ၏။
ထိုသို့ ဖြစ်လာပြီးသည့်နောက်တွင် သွေးကန်ထဲရှိ သွေးများမှာ ပို၍ ပြင်းထန်စွာ ဆူပွက်လာပြီး ဟိန်းဟောက်အော်ဟစ်သံများပင် ထွက်ပေါ်လာခဲ့သည်။ သို့သော်ငြား သွေးမွန်းစတားသားရဲ၏ ခန္ဓာကိုယ်မှာ အပြည့်အဝ ပြန်လည် မဖြစ်ပေါ်သေးသည့်အတွက် ရန်ကိုင်၏ ဆွဲအားကို မည်သို့မျှ မခုခံနိုင်ပဲ ရန်ကိုင့်လက်ထဲသို့သာ ဆုပ်ယူခြင်း ခံလိုက်ရလေသည်။
ရန်ကိုင်၏ လက်ဝါးသည် လက်ရှိအချိန်တွင် အဆုံးမဲ့တွင်းနက်တစ်ခုနှယ် တိုးဝင်လာသမျှ သွေးအားလုံးကို အဆက်မပြတ် စုပ်ယူနေခဲ့လေ၏။
ထိုအဖြစ်အပျက်ကြောင့် ခုန်းချီမှာ အလွန်တရာကိုမှ မင်သက်နေတော့လေသည်။ သူ့စိတ်ထဲလည်း ကုလားဘုရား လှည့်နေသည့်အလား ခံစားနေရသည်။ သူများ အမြင်မှားနေသလားဟု ထင်၍ မျက်လုံးများကို ပွတ်၍ သေချာပြန်စစ်ဆေးကြည့်လိုက်သော်လည်း ထိုသို့သာ ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။
တစ်ချိန်တည်းတွင် ရန်ကိုင်သည် ထူးဆန်းသော ပုံစံဖြင့် ရပ်နေရင်းမှ ကမ္ဘာငယ်လေးအား ခုန်းချီ မမြင်ကွယ်ရာတွင် ဝှက်ထားလျက် ကောင်းကင်စိတ်အာရုံဖြင့် သူ့ကိုယ်ပွားအား ဆက်သွယ်နေခဲ့လေသည်။
“မင်း ဒါကို သန့်စင်နိုင်တာ သေချာလား…”
ကျောက်တုံးကိုယ်ပွားသည် အလျင်အမြန် ပြန်ပြောလိုက်လေ၏။
“ဒီသွေးတွေထဲမှာ စွမ်းအင်တွေ အများကြီးပါတယ်… ဒါ ငါ့အတွက် တော်တော်လေး အသုံးဝင်တာ… ဒီလောကကြီးမှာ ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသ မစုပ်ယူနိုင်ဘူးဆိုတဲ့ အရာ မရှိဘူး… ဒီသွေးကန်လည်း ခြွင်းချက်မဟုတ်ဘူး… ငါတာအိုသခင်အဆင့် ကျင့်ကြံသူနှစ်ဦးကိုတောင် စုပ်ယူလာခဲ့တာ… ဘာလို့ ဒါကို မစုပ်ယူနိုင်ရမှာလဲ”
“မင်းက အဲ့လိုပြောတယ်ဆိုမှတော့လည်း…” ရန်ကိုင်သည် ဘာမှ ထပ်မေးမနေတော့ပေ။ သူ့ကိုယ်ပွားမှ ရုတ်တရက် ပြောလာသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ရန်ကိုင်သည် ဤသွေးကန်ထဲရှိ သွေးများကို စုပ်ယူနေခဲ့လိမ့်မည် မဟုတ်ပေ။ သို့သော်ငြား သတိတော့ ပေးလိုက်သေး၏။
“ဒါပေမဲ့ ဒီထဲက မကောင်းဆိုးဝါး အရှိန်အဝါတွေ မင်းအပေါ် မသက်ရောက်အောင် သေချာ သတိထားဦးနော်…”
“ငါသိတယ်… “
ခုန်းချီသည် အံ့အားသင့်နေရာမှ ထိတ်လန့်၊ ထိတ်လန့်နေရာမှ အံ့အားသင့်ဖြင့် သူမျက်နှာအမူအယာမှာ အမျိုးမျိုးကို ပြောင်းလဲနေတော့သည်။
အချိန်ကြာလာပြီးနောက် သွေးကန်ထဲရှိ သွေးများမှာ အဆက်မပြတ် ဟိန်းဟောက်အော်ဟစ်နေရင်းမှ ရန်ကိုင်၏ ခမ်းခြောက်အောင် စုပ်ယူခြင်း ခံလိုက်ရလေသည်။
သွေးကန်ထဲရှိ သွေးအားလုံး ကုန်ဆုံးသွားပြီးသည့်နောက် ခန်းမတစ်ခုလုံးအား လွှမ်းခြုံထားသော အကာအရံမှာလည်း ပျက်စီးသွားခဲ့လေ၏။
သွေးကန်ထဲရှိ သွေးများကို စုပ်ယူပြီးသွားသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် သူ့ကျင့်စဉ်အား အဆုံးသတ်လိုက်သည့်အလား လက်ကွက်အချို့ကို ဖန်တီးပြလိုက်သည်။
ထို့နောက်တွင် ခုန်းချီဘက်သို့ လှည့်၍ သူ့ဝမ်းဗိုက်ကိုပုတ်ရင်း ဗိုက်ပြည့်သွားသည့်အလား လေချဉ်တစ်ချက် တက်လိုက်လေ၏။
ထိုမြင်ကွင်းကို ကြည့်ရင်း ခုန်းချီမျက်နှာကြီး ပြာနှမ်းသွားခဲ့လေသည်။
“ရောင်းရင်းခုန်း… မင်းနဲ့ ပူးပေါင်းလုပ်ဆောင်ရတာ တကယ်ကို ကောင်းတာပဲကွ… ခုနှစ်ရောင်စင်ကုန်သွယ်ရေး အဖွဲ့အစည်းက လက်ရွေးစင်တစ်ယောက် ဆိုတဲ့အတိုင်းပဲ… မင်းရဲ့ ဒင်္ဂါးကြွေတိုက်ကွက်က တကယ်ကို ငါ့ကို မျက်စိပွင့်နားပွင့် ဖြစ်သွားအောင် လုပ်ပေးလိုက်တာပဲ… ထင်ထားတဲ့အတိုင်းပဲ ရောင်းရင်းခုန်းဆိုတဲ့အတိုင်း ရောင်းရင်းခုန်းရဲ့ ဂုဏ်သတင်းနဲ့ တကယ်ကို ထိုက်တန်တာပဲ”
ထိုအခိုက်သို့ အရောက်တွင် ရန်ကိုင်သည် တစ်ချက်ရပ်၍ ခေါင်းလေးစောင်းကာ ခုန်းချီအား ကြည့်ရင်း ပြောလိုက်လေသည်။ “မင်းမျက်နှာကြီးက ဘာလို့ အဲ့လိုကြီး ဖြစ်နေတာလဲ…”
ခုန်းချီသည် မျက်နှာကြီးမဲ့လျက် ပြန်၍ ပြောလိုက်လေ၏။ “ငါ မေးချင်တာက မင်းခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ဘာမှ မခံစားရဘူးလား…”
“ဘာမှ မခံစားရပါဘူး…” ရန်ကိုင်သည် စကားပြောနေရင်းမှ ခုန်းချီဆီသို့ လျှောက်လာခဲ့လေ၏။
ခုန်းချီသည် နောက်သို့ ဆုတ်သွားပြီး သူ့လက်ကို ရှေ့သို့ ထုတ်တားရင်း “ငါ့နားမလာနဲ့… အဲ့မှာပဲ ရပ်နေပြီး ပြောလို့ရတယ်…”
ယခင်က ခုန်းချီသည် ရန်ကိုင့်အပေါ် သတိထားသလို သူ့အား အလွန်ကိုမှ အမြင်မကြည်ဘူးဆိုပါက ယခု ခုန်းချီ၏ ရန်ကိုင်အပေါ် သဘောထားမှာ လုံးဝကို ရွံရှာစက်ဆုပ်မှုသာ ဖြစ်လေတော့သည်။ သူ့အမြင်အရ ရန်ကိုင်သည် အလွန်ကိုမှ ရွံရှာစက်ဆုပ်စရာကောင်းသည့် လောက်ကောင်တစ်ကောင်နှင့်ပင် တူနေပေသေးသည်။
“ရောင်းရင်းခုန်းကို ကြည့်ရတာ ရှင်းလင်းပြတ်သားတဲ့ ဆက်ဆံရေးတွေကို ကြိုက်တဲ့ပုံပဲ…” ရန်ကိုင်က ညစ်ကျယ်ကျယ် ပြုံးလျက် အဓိပ္ပာယ်ပါပါ ပြောလိုက်လေသည်။
“အခုကိစ္စက အဲ့ဒါနဲ့ ဘာမှမဆိုင်ဘူး…” ခုန်းချီသည် သူ့ဝမ်းဗိုက်ထဲ မအီမသာ ဖြစ်နေသည်ကို တင်းခံရင်း ပြန်ပြောလိုက်ပြီးသည့်နောက် သူ့ပါးစပ်ကို ချက်ချင်း ပိတ်ထားလိုက်လေ၏။
“အင်း… ဒါနဲ့ ကျုပ် ရောင်းရင်းခုန်းကို နောက်တစ်ခု ထပ်ပြောစရာ ရှိသေးတယ်… ကျုပ် ပေးလိုက်တဲ့အသီးကိုလေ ပြန်ရောက်သွားလို့ရှိရင် ဟိုက ပညာရှင်တွေနဲ့ သေချာစစ်ဆေးပြီးမှ စားဖို့ လုပ်နော်… ဒီတိုင်း တိုက်ရိုက်ကြီး သွားမစားနဲ့နော်…” ရန်ကိုင်က သတိပေးလိုက်သည်။
တကယ်တော့ အချိန်မြစ်အသီးနှစ်လုံးမှာ ပုံစံတူသော်လည်း သူတို့၏ အကျိုးအာနိသင်မှာ လုံးဝကို ဆန့်ကျင်ဘက်သာ ဖြစ်လေသည်။
ရန်ကိုင် ခုန်းချီအား ပေးလိုက်သည့် အသီးနှင့် ပတ်သက်၍ အနည်းငယ် ပြဿနာရှိနေခဲ့သည်။ ခုန်းချီသာ ထိုကိစ္စကြောင့် ဒုက္ခရောက်သွားမည်ဆိုပါက ရန်ကိုင့်၏ တာဝန်လည်း မကင်းပေ။
“ငါ့ကို လာပြီးသတိပေးနေစရာ မလိုဘူး…” ခုန်းချီသည် မျက်မှောင်ကျုံ့လျက် ပြန်ပြောလိုက်သည်။
“အဲ့ဒါဆိုလည်း ပြီးတာပဲ…” ရန်ကိုင်က ညစ်ကျယ်ကျယ် ပြုံးလျက် ပြန်ပြောလိုက်သည်။ “အခု ဒီကကိစ္စ ပြီးသွားပြီဆိုတော့ ရောင်းရင်းခုန်းနဲ့ ကျုပ် ဘာလို့ အတူ တူ…”
ဆုံးအောင် မပြောနိုင်သေးခင်မှာပင် ခုန်းချီက လက်သီးဆုပ်လျက် ပြောလိုက်လေသည်။ “နှုတ်ဆက်ပါတယ်…”
ပြောပြီးသည့်နှင့် ခုန်းချီသည် အခန်းထဲမှ ချက်ချင်း ထွက်သွားတော့လေ၏။ ရန်ကိုင့်အား နှုတ်ဆက်စကားကို ယဉ်ယဉ်ကျေးကျေးပင် ပြောမနေခဲ့ပေ။ သူ့စိတ်ထဲ ရန်ကိုင်နှင့် နောက်တစ်ကြိမ် ပြန်မတွေ့ရပါစေနဲ့ ဟုသာ ဆုတောင်းနေတော့သည်။
“ဘာတွေ ဘယ်လောက် အလျင်လိုနေတာလဲ…” ရန်ကိုင်သည် ခုန်းချီထွက်သွားသည့်ဘက်သို့ ကြည့်ရင်း ရေရွတ်လိုက်လေသည်။ ထိုနေရာတွင် ခဏမျှ ရပ်၍ စဉ်းစားနေပြီးသည့်နောက် ခုန်းချီသွားသည့်နောက်သို့သာ လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။
သူရွေးလိုက်သည့်လမ်းမှာ ခုန်းချီသွားသည့်လမ်းနှင့် တစ်လမ်းတည်း ဖြစ်နေသော်ငြား ယခုမှ နောက်ပြန်လှည့်လျှင် နောက်ကျလွန်းနေခဲ့လေပြီ။
အခြားသော ကျင့်ကြံသူများသည် ပုံရိပ်ယောင် အစီအရင်ထဲမှ လွတ်ကာ အခြားသော လမ်းခွဆုံများထဲသို့ ဝင်သွားနေပြီးလောက်ပြီ။
ယခုအချိန်မှ ရန်ကိုင်က နောက်ပြန်ဆုတ်၍ အခြားလမ်းကြောင်းတစ်ခုကို ရွေးချယ်မည်ဆိုလျှင်ပင် အခြားလူတစ်ဦးဦး ဦးနေပြီးသားဖြစ်သော လမ်းကြောင်းကိုသာ ရွေးရပေလိမ့်မည်။ ထိုသို့ လုပ်ခြင်းသည် အချိန်ကုန်ရုံသာ အဖက်တင်ပေလိမ့်မည်။
ညလင်းကျောက်များ ထွန်းထားသော လမ်းကြောင်းတစ်လျှောက် လျှောက်လာရင်းမှ အကာအရံအချို့နှင့် အစီအရင်အချို့ကို ရန်ကိုင် မြင်တွေ့လိုက်ရသည်။ သို့သော် ထိုအကာအရံ အစီအရင်အားလုံးမှာ ခုန်းချီ၏ လက်ချက်ကြောင့် ပျက်စီးနေခဲ့လေပြ။
ထို့အတွက်ကြောင့် ရန်ကိုင်မှာ မည်သည့် ပြဿနာဖြင့်မှ မကြုံရပဲ အေးအေးဆေးဆေး သွားနေနိုင်ခဲ့လေ၏။ နာရီဝက်ကြာအောင် လျှောက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် ရှေ့သို့ ကြည့်ရင်း ရုတ်တရက် ပြုံးလျက် ပြောလိုက်လေ၏။
“ရောင်းရင်းခုန်း… မင်း ငါ့ကို စောင့်နေတာလား… ဘာလဲ ဘာပြဿနာကြုံနေရပြန်ပြီလဲ…”
“ဘာပြဿနာမှ မကြုံဘူး…” ရန်ကိုင် ရောက်လာသည်ကို မြင်သော် ခုန်းချီစိတ်ထဲ အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ ချက်ချင်းပဲ အလျင်စလို နောက်သို့ ဆုတ်ရင်း မေးလိုက်လေသည်။
“ဒီမှာ လမ်းခွဆုံတစ်ခုရှိတယ်… မင်း ဘယ်လမ်းသွားချင်သလဲ…”
ထိုစကားကိုကြားသဖြင့် လှည့်ကြည့်လိုက်ရာ ခုန်းချီပြောသကဲ့သို့ပင် လမ်းခွဆုံတစ်ခုရှိနေကြောင်း တွေ့လိုက်ရလေသည်။ သို့သော်ငြား ဤလမ်းခွဆုံတွင် လမ်းနှစ်ခုသာ ရှိနေခဲ့၏။
ဤနေရာတွင် ခုန်းချီ ဘာကြောင့်သူ့အား ရပ်စောင့်နေလဲ ဆိုသည်ကိုလည်း ရန်ကိုင် ချက်ချင်း နားလည်သွားခဲ့လေသည်။ ဤကောင်သည် သူနှင့် တစ်လမ်းတည်း မသွားလိုခြင်း ဖြစ်သည်။ ထို့ကြောင့် ဤနေရာတွင် သူ့ကို ကြို၍ ရပ်စောင့်နေခြင်း ဖြစ်လေသည်။
“ရောင်းရင်းခုန်း ဘယ်လမ်းသွားချင်လဲ…” ရန်ကိုင်က ပြုံးလျက် မေးလိုက်သည်။
ခုန်းချီက မျက်မှောင်ကျုံ့လျက် ပြန်ပြောလိုက်သည်။ “မင်း မသွားတဲ့လမ်းပဲ…”
“အဲ့လိုလား… ကျုပ်တော့ အဲ့လိုမထင်ဘူးနော်… ကျုပ်တော့ ရောင်းရင်းခုန်းနဲ့ ကျုပ် အတူ”
“အဲ့အကြောင်းကို ထပ်မပြောနဲ့…” ခုန်းချီက အလျင်စလို ဖြတ်ပြောလိုက်၏။ သူ့မျက်နှာအမူအယာမှာ တည်ကြည်လေးနက်သွားခဲ့ပြီး ဆက်၍ ပြောလိုက်လေသည်။ “မြန်မြန်ရွေး…”
“ဒါဆို ဒီလမ်းသွားမယ်…” ရန်ကိုင်သည် လမ်းကြောင်းတစ်ခုအား ညွှန်ပြလိုက်လေသည်။ သူ့စကားဆုံးသွားသည်နှင့် တစ်ပြိုင်နက် ခုန်းချီသည် ရန်ကိုင်မရွေးသည့် အခြားလမ်းထဲသို့ ချက်ချင်း ပြေးဝင်သွားလေ၏။
“ဒီကောင်က တကယ်ကို စိတ်ဝင်စားစရာပဲ…” ရန်ကိုင်သည် ခုန်းချီ ပျောက်ကွယ်သွားရာဘက်သို့ လိုက်ကြည့်ရင်းမှ ရေရွတ်လိုက်လေသည်။ ထို့နောက် အခြားလမ်းခွဆုံဘက်သို့ ထွက်သွားလေ၏။
တကယ်တော့ ခုန်းချီ မပြောလျှင်ပင် ရန်ကိုင်သည် အခြားလမ်းကြောင်းတစ်ခုကို ရွေးမိမည်သာ။ အခြားသူတစ်ဦးနှင့် အတူသွားသည်မှာ ကောင်းသော်ငြား အကျိုးအမြတ်များ ရမည်ဆိုပါက ဝေစုခွဲရပေဦးမည်။ ထိုသို့လုပ်ရသည်ကို ရန်ကိုင် သိပ်မကြိုက်ပေ။
လမ်းတစ်လျှောက်တွင် အစီအရင်တချို့နှင့် ကြုံတွေ့ခဲ့ရသော်ငြား ရန်ကိုင်သည် ထိုအစီအရင်အားလုံးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့၏။
တစ်ခုသောအချိန်သို့ အရောက်တွင် သူ့ရှေ့တည့်တည့်ဆီမှ အလင်းရောင်များ ရုတ်တရက် ဖြာထွက်လာသည်ကို ရန်ကိုင် တွေ့လိုက်ရသည်။ လှမ်းကြည့်လိုက်ရာ ရှေ့တည့်တည့်တွင် အလင်းရောင်ဖြာထွက်နေသော တံခါးပေါက်တစ်ပေါက် ရှိနေကြောင်းတွေ့လိုက်ရလေ၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၁၆၂)
အလင်းရောင်ကို မြင်လိုက်သော် ရန်ကိုင်လည်း အရှိန်တင်လိုက်လေသည်။ ခဏအကြာတွင် ရန်ကိုင်သည် တံခါးပေါက်ကို ဖြတ်ကျော်လာခဲ့သည်။
တံခါးပေါက်ကို ဖြတ်ကျော်လာပြီးသည့်နောက်တွင် မျက်စိတစ်ဆုံး ရှည်လျားလှသော အဖြူရောင် ကျောက်စိမ်းသားဖြင့် ထုလုပ်ထားသည့် လှေကားတစ်စင်းကို ရန်ကိုင် မြင်လိုက်ရလေ၏။ သူ၏ ကောင်းကင်စိတ်အာရုံသည်ပင်လျှင် ထိုလှေကား၏ အဆုံးကို အာရုံမခံနိုင်ခဲ့ပေ။
လှေကား၏ အောက်ခြေတွင်မူ ကျောက်စိုင်ကျောက်သားများဖြင့် ထုလုပ်ထားသော ဆိုင်းဘုတ်ကဲ့သို့သော အရာတစ်ခု ရှိနေခဲ့လေသည်။
ရန်ကိုင်လည်း ထိုဆိုင်းဘုတ်အား လှမ်းကြည့်ပြီး ရေရွတ်လိုက်လေ၏။ “အချိန်လှေကား…”
ဤအဖြူရောင်ကျောက်စိမ်းလှေကား နောက်ကွယ်တွင် မည်ကဲ့သို့သော နက်နဲဆန်းကြယ်မှုများ ရှိနေသလဲ ဆိုသည်ကို မသိရသေးသဖြင့် ရန်ကိုင်လည်း မဆင်မခြင် မလှုပ်ရှားရဲခဲ့ပေ။
ကံကောင်းစွာဖြင့် ဤနေရာတွင် အခြား မည်သူမျှ ရှိမနေခဲ့။ ထို့အတွက်ကြောင့် ခဏမျှ စဉ်းစားပြီးသည့်နောက်တွင် ဟွာချင်းစီကို ခေါ်ထုတ်လိုက်လေသည်။
ဟွာချင်းစီသည် ဥတုလေးမျိုးနယ်မြေထဲသို့ ဝင်ရန် ပြင်ဆင်ထားသည် ကြယ်ဝိဉာဉ်နန်းတော်၏ တပည့်တစ်ဦး ဖြစ်သည်။ ထို့အတွက်ကြောင့် အချိန်မြစ်ကျောင်းတော်အကြောင်းကို သူ့ထက် အများကြီး ပိုသိရပေမည်။
အလင်းတစ်ချက်နှင့်အတူ ဟွာချင်းစီပေါ်လာခဲ့သည်။ ဟွာချင်းစီသည် ငေးကြောင်ကြောင်ဖြင့် သူမ၏ ဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်နေလေသည်။
“ဒါက အချိန်မြစ်ကျောင်းတော်ပဲ…” ရန်ကိုင်က ပြောလိုက်သည်။
“ဟမ်…” ဟွာချင်းစီသည် အံ့ဩတကြီး အာမေဋိတ်သံ ပြုပြီးသည့်နောက် ချက်ချင်း ပြန်အော်ပြောလိုက်လေ၏။ “နင် တကယ်ကြီး အချိန်မြစ်ကျောင်းတော်ကို ရှာတွေ့သွားတာလား…”
“ဟုတ်တယ်… ဒါပေမဲ့ ရှာတွေ့တာထက် တိုက်ဆိုင်တာလို့ ပြောရမယ်… ဒီအချိန်မြစ်ကျောင်းတော် ဘာလို့ ပေါ်လာလို့ ပေါ်လာမှန်းကိုတောင် ငါသေချာသိသေးတာမဟုတ်ဘူး…” ရန်ကိုင်က ပြောလိုက်သည်။ “ဘာပဲဖြစ်ဖြစ် အဲ့ဒါကို အရင် ကြည့်ကြည့်လိုက်ဦး”
ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့ရှေ့တည့်တည့်တွင် ရှိနေသော ကျောက်စိမ်းဖြူလှေကားနှင့် ဆိုင်းဘုတ်အား ညွှန်ပြလိုက်လေသည်။
ဆိုင်းဘုတ်ဆီသို့ လှမ်းကြည့်လိုက်ပြီးသည့်နောက် ဟွာချင်းစီ၏ ခန္ဓာကိုယ် တဆတ်ဆတ် တုန်ရီလာခဲ့လေ၏။ “အချိန်လှေကားလား…”
“နင်တကယ် သိနေတာပဲ…” ဟွာချင်းစီ၏ အမူအယာကို မြင်ပြီးသည့်နောက်တွင် သူမသည် အချိန်လှေကားအကြောင်း သိနေလိမ့်ရမည်မှန်း ရန်ကိုင် ချက်ချင်း နားလည်သွားခဲ့သည်။ ထို့ကြောင့်ပင် ချက်ချင်း ပြန်၍ မေးလိုက်လေသည်။
“အဲ့ဒါ ဘာကြီးလဲ ငါ့ကို မြန်မြန် ပြောပြဦး…”
ဟွာချင်းစီသည် အသက်ပြင်းပြင်း ရှူသွင်းလျက် စိတ်ကို တည်ငြိမ်အောင် ထားရင်း အလျင်အမြန် ရှင်းပြလိုက်လေသည်။
“ဒီအချိန်လှေကားထစ်ထဲမှာ အချိန်မြစ်မဟာဧကရာဇ်ရဲ့ အချိန်စွမ်းအားကို နားလည်သဘောပေါက်မှုတွေ ကိန်းအောင်းနေတယ်… ဒီလှေကားကိုသာ အောင်အောင်မြင်မြင် တက်နိုင်မယ် ဆိုလို့ရှိရင် အဲ့ အချိန်စွမ်းအားကို ခံစားနိုင်လိမ့်မယ်… ဒါက ငါတို့လိုကျင့်ကြံသူတွေအတွက် အခွင့်အလမ်းတစ်ခုပဲ…”
ပြောနေရင်း သူမ၏ မျက်လုံးထဲ စိတ်အားထက်သန်မှုတို့ဖြင့် ပြည့်နှက်လာခဲ့လေသည်။
“မတက်နိုင်ဘူး ဆိုရင်ရော…” ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့သည်။
ရန်ကိုင်၏ စကားကြောင့် ဟွာချင်းစီ ကြောင်သွားခဲ့သည်။ သို့သော်ငြား ခဏမျှ စဉ်းစားပြီးသည့်နောက် ပြန်၍ ပြောလိုက်လေ၏။ “အဲ့ဒါတော့ ငါလည်း မသိဘူး… ဒါပေမဲ့ အကျိုးဆက်ကတော့ သေးမှာတော့ မဟုတ်ဘူး…”
ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ ဟွာချင်းစီလည်း အချိန်လှေကားအကြောင်း မသိသေးပုံပင်။ သို့သော်ငြား သူ့ထက်တော့ ပိုသိပေသေးသည်။
ရန်ကိုင် တုံ့ဆိုင်းနေသည်ကိုမြင်သော် ဟွာချင်းစီသည် နှုတ်ခမ်းလေးကို ကွေးလျက် ပြောလိုက်လေ၏။ “နင် သွားမယ် မသွားဘူးဆိုတာတော့ နင့်ဘာသာနင် ဆုံးဖြတ်… ငါကတော့ စမ်းကြည့်ချင်တယ်…”
ရန်ကိုင်သည် ဟွာချင်းစီကို ကြည့်၍ ပြုံးကာ ပြန်ပြောလိုက်လေသည်။ “ဒီလိုအခွင့်အရေးကြီး ငါတို့ ရှေ့တည့်တည့်မှာ ရောက်နေတာကို ဘာဖြစ်လို့ လက်လွှတ်လိုက်ရမှာလဲ… အင်း ရို့ရှီကိုပါ ခေါ်လိုက်ရင်ကောင်းမယ်…”
ပြောပြီးသည့်နောက်တွင် ကျန်းရို့ရှီကိုပါ ခေါ်ထုတ်လိုက်လေသည်။ အချိန်လှေကားအကြောင်းကို ကျန်းရို့ရှီအား ရှင်းပြပြီးသည့်နောက်တွင် ရန်ကိုင်သည် သူမအား အလေးအနက် အမူအယာဖြင့် စိုက်ကြည့်လျက် သတိပေးလိုက်လေသည်။
“တက်မယ် မတက်မယ်ကို နင့်ဘာသာနင် ဆုံးဖြတ်… လှေကားကို တက်တာ မအောင်မြင်လို့ ဘယ်လို အကျိုးဆက်တွေ ရင်ဆိုင်ရမလဲ ဆိုတာကိုတော့ ငါလည်းမသိဘူး… ဒါပေမဲ့ အကျိုးဆက်ကတော့ ပေါ့သေးသေးတော့ မဟုတ်ဘူး… နင် တက်လို့ မအောင်မြင်ဘူးဆိုရင်တော့ စိတ်မပူနဲ့ ငါနင့်ကို ကမ္ဘာငယ်လေးထဲ ချက်ချင်း ပြန်ခေါ်ထည့်ပေးမယ်…”
“ရို့ရှီ စမ်းကြည့်ချင်တယ်…”
သို့သော်ငြား ရန်ကိုင်၏ ရှင်းပြချက်ကို ကြားပြီးသည့်နောက်တွင် ကျန်းရို့ရှီသည် တစ်ချက်ကလေးပင် တုံ့ဆိုင်းမနေခဲ့ပဲ ချက်ချင်း သဘောတူလိုက်လေသည်။
ဟွာချင်းစီက ပြုံးလျက် ဝင်ပြောလိုက်လေသည်။ “ကောင်မလေးက အသက်သာ မကြီးတာ… အားကောင်းလာချင်တဲ့ စိတ်က တကယ်ကို ထက်သန်တာပဲ… အဲ့လိုဆိုမှတော့ ငါတို့ အတူတူ တက်ကြတာပေါ့…”
ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီးသည့်နောက် ပြန်၍ ပြောလိုက်လေသည်။ “ဒါနဲ့ ငါနဲ့ အဝေးကြီးမှာ မနေနဲ့နော်… မဟုတ်ရင် တစ်ခုခု ဖြစ်လာလို့ ရှိရင် ငါနင့်ကို ကမ္ဘာငယ်လေးထဲ ပြန်ထည့်ပေးဖို့ အချိန်ရှိမှာ မဟုတ်ဘူး…”
ကျန်းရို့ရှီသည် ထပ်ခါသလဲလဲ ခေါင်းညိတ်ပြလိုက်သည်။ စိတ်လှုပ်ရှားမှုကြောင့် သူမ၏ မျက်နှာကလေးသည်ပင် အနည်းငယ် နီမြန်းလာခဲ့လေသည်။
ထိုအချင်းအရာကို မြင်သည့်အခါ ဟွာချင်းစီက ပြုံးလျက် ပြောလိုက်လေသည်။ “အဲ့ဒါဆိုရင် နင် အစ်မကြီးနောက်ကနေ အနီးကပ်လိုက်လာနော်…”
ရန်ကိုင်သည် ဟွာချင်းစီအား တစ်ချက် ကြည့်လိုက်ပြီးသည့်နောက် ယဲ့ယဲ့လေး ရယ်မောလျက် လှေကားပေါ်သို့ တက်လိုက်လေသည်။
ထိုအချင်းအရာကို မြင်သည့်အခါ ဟွာချင်းစီနှင့် ကျန်းရို့ရှီတို့ နှစ်ဦးစလုံးသည် အလေးအနက်အမူအယာများဖြင့် လှေကားပေါ်သို့ အသီးသီး တက်လိုက်ကြလေသည်။
ရုတ်တရက်ဆိုသလို လှေကားများဆီမှ အဖြူရောင်စွမ်းအင် စီးကြောင်းတစ်ခု ထွက်ပေါ်လာပြီး မြူတိမ်တိုက်များအဖြစ်သို့ ပြောင်းလဲကာ ရန်ကိုင်တို့ သုံးဦးစလုံး၏ ခြေထောက်များကို လွှမ်းခြုံ သွားခဲ့လေသည်။ ထို့အတွက်ကြောင့် သုံးဦးစလုံး သူတို့ကိုယ်သူတို့ တိမ်တိုက်များပေါ်တွင် လမ်းလျှောက်နေသလို ခံစားလာကြရလေ၏။
တစ်ချိန်တည်းတွင် ရန်ကိုင်၏ ခန္ဓာကိုယ် တုန်ခါသွားခဲ့သည်။ ထူးဆန်းသော စွမ်းအင်တစ်ရပ်သည် သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်လာပြီး သူ၏ အရင်းအမြစ်ချီနှင့်တကွ သူ၏ စိတ်စွမ်းအင်အား သန့်စင် ဆေးကြောပေးသွားသည်ကို ခံစားလိုက်ရသည်။
ထိုစွမ်းအားမှာ အတော်လေးကိုမှ ရှင်းပြရခက်လှပေသည်။ သူလှေကားပေါ်သို့ ရောက်သည်မှာ မကြာသေးသော်ငြား သူ့စိတ်ထဲ နှစ်ပေါင်းများစွာ ကုန်လွန်သွားသည်ဟု ခံစားလိုက်ရသည်။ ထို့အတွက်ကြောင့် သူ့ခွန်အားမှာလည်း အလိုလို တိုးတက်လာခဲ့ရလေသည်။
ရန်ကိုင်သာလျှင် ထိုကဲ့သို့ ခံစားနေရသည်မဟုတ်ပဲ ဟွာချင်းစီနှင့် ကျန်းရို့ရှီတို့သည်လည်း အလားတူ ခံစားနေရလေသည်။ ထိုထူးဆန်းပြီး ရှင်းပြရခက်ခဲလှသော ခံစားချက်သည် သုံးဦးစလုံး၏ စိတ်ထဲတွင် ရစ်တွယ်နေကြလေသည်။
ရန်ကိုင်သည် ကျန်းရို့ရှီနှင့် ဟွာချင်းစီတို့အား တစ်ချက် လှမ်းကြည့်လိုက်သည်။ နှစ်ဦးစလုံး အဆင်ပြေနေကြောင်း တွေ့လိုက်ရသည့်အခါ နောက်ထပ် ခြေလှမ်းတစ်လှမ်း ထပ်လှမ်းလိုက်လေသည်။
ယခုတစ်ကြိမ်တွင်တော့ ပို၍ ပြင်းထန်သည့် ခံစားချက်ကို ခံစားလိုက်ရသည်။ ထို့အတွက်ကြောင့် ရန်ကိုင်၏ ဝိဉာဉ်ပင်လျှင် တုန်ခါသွားခဲ့ရလေသည်။ သို့သော်ငြား စိတ်ခံစားချက် အလုံးစုံကို ဖွင့်ထုတ်လျက် ထိုအချိန်စွမ်းအား သူ့ကိုယ်ထဲသို့ စီးဝင်လာသည်ကို လုံးဝ ခွင့်ပြုပေးထားလိုက်လေသည်။
အစပိုင်းတွင် ရန်ကိုင်သည် ဟွာချင်းစီနှင့် ကျန်းရို့ရှီတို့၏ အခြေအနေကို အေးအေးဆေးဆေး စောင့်ကြည့်လေ့လာနိုင်သော်ငြား အပေါ်သို့ ရောက်လာသည်နှင့်အမျှ ရန်ကိုင်သည် တရိပ်ရိပ်တိုးတက်လာနေသော ခွန်အားကို ခံစားရင်း ထိုခံစားချက်ထဲ နစ်မြောသွားခဲ့လေသည်။
မကြာမီ ထိုခံစားချက်ဆီမှ ရုန်းထွက်ဖို့ရာပင် ခက်ခဲလာခဲ့ရလေ၏။
“ဒါက အချိန်စွမ်းအားပေါ့…” ရန်ကိုင်သည် မျက်ခုံးပင့်လျက် လေးစား အားကြသည့် အမူအယာဖြင့် “ဘယ်လောက်တောင် ဆန်းကြယ်တဲ့ စွမ်းအားလဲ… လှေကားပေါ်တက်တာ ခဏလေးပဲ ရှိသေးတယ်ဆိုပေမဲ့ ငါ့စိတ်ထဲ အချိန်တွေ အများကြီး ကုန်လွန်သွားသလိုပဲ… ဒီစွမ်းအားက ငါကျွမ်းကျင်ထားတဲ့ လေဟာနယ်စွမ်းအားထက်တောင် ပိုပြီးဆန်းကြယ်သေးတယ်…”
သူ့စိတ်ထဲ ထိုကဲ့သို့အတွေးများ ဖြတ်ပြေးနေစဉ်မှာပင် ပုံမှန်မဟုတ်သည့် စွမ်းအားတစ်ရပ် သူ့ရှေ့တည့်တည့်ဆီမှ ဖြာထွက်လာသည်ကို ရန်ကိုင် ရုတ်တရက် ခံစားလိုက်ရ၏။
ထို့အတွက်ကြောင့် ရန်ကိုင်လည်း မိန်းမောတွေဝေနေရာမှ ရုတ်တရက် နိုးလာခဲ့ပြီး ရှေ့တည့်တည့်ဆီသို့ လှမ်းကြည့်လိုက်ရာ ကျန်းရို့ရှီသည် သူ့ထက် လှေကားထစ် ခုနှစ်ထစ် ရှစ်ထစ် ပိုမြင့်သော နေရာပင် ရောက်နေကြောင်း တွေ့လိုက်ရလေသည်။
သူမတစ်ကိုယ်လုံး ချွေးသံတရဲရဲ ဖြစ်နေသဖြင့် အဝတ်စများသည် အသားနှင့်ကပ်ကာ သူမ၏ ခန္ဓာကိုယ်အနားသပ်ကို အထင်းသား လှမ်းမြင်နေရလေ၏။
လှေကားပေါ်သို့ တက်နေရင်းမှ စွမ်းအင်လှိုင်းတစ်ခုသည် သူမခန္ဓာကိုယ်ဆီမှ ရုတ်တရက် ပေါက်ကွဲ ထွက်လာခဲ့လေသည်။
“ဘယ်လိုကြီးလဲ…” ထိုမြင်ကွင်းကြောင့် ရန်ကိုင် မျက်လုံးပြူးသွားခဲ့လေ၏။ ကျန်းရို့ရှီ မည်သည့်အချိန်က သူ့အား ကျော်တက်လို့ ကျော်တက်သွားမှန်း ရန်ကိုင် မသိခဲ့ချေ။ သို့သော်ငြား တစ်ထစ် နှစ်ထစ်ပင် ကျော်တက်သွားခြင်း မဟုတ်။ ခုနှစ်ထစ် ရှစ်ထစ်ခန့် ကျော်နေခဲ့ခြင်း ဖြစ်သည်။
သို့သော်ငြား ထိုကိစ္စမှာ ပြဿနာမဟုတ်သေး။ အဓိက ပြဿနာမှာ ကျန်းရို့ရှီသည် လှေကားထစ်တက်နေရင်းမှ တန်ခိုးရှင်ဒုတိယအဆင့်သို့ ချိုးဖြတ်သွားခြင်းပင် ဖြစ်သည်။ သူ့မျက်လုံးဖြင့်သာ ကိုယ်တိုင် တပ်အပ်မမြင်ခဲ့ရလျှင် ဤအရာသည် အမှန်ဖြစ်သည်ဟု ရန်ကိုင် ယုံကြည်နိုင်လိမ့်မည် မဟုတ်ချေ။
တကယ်တော့ ကျန်းရို့ရှီ တန်ခိုးရှင်အဆင့်သို့ ချိုးဖြတ်သွားသည်မှာ ရက်ပိုင်းပင် မရှိတတ်သေးသည် မဟုတ်လေလော။ ဤမျှ အချိန်တိုအတွင်း နောက်တစ်ဆင့် ချိုးဖြတ်ခြင်းသည် အဆင့်သေးတစ်ဆင့် ဖြစ်လျှင်ပင် အလွန်ကိုမှ ထူးဆန်းလှလွန်းနေသည်။
ရန်ကိုင်ကိုယ်တိုင်သည်လည်း အချိန်လှေကားဆီမှ အကျိုးအမြတ်များစွာ ရလိုက်သော်ငြား ကျန်းရို့ရှီရလိုက်သည့် အကျိုးအမြတ်နှင့် ယှဉ်လျှင် နည်းပါးနေပေသေးသည်။
“ဒီကောင်မလေးက တစ်ခုခုတော့ တစ်ခုခုပဲ…” ကျန်းရို့ရှီ တန်ခိုးရှင်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်စဉ်က သူမနောက်တွင် ပေါ်လာသည့် ထူးဆန်းသည့် အမျိုးသမီး ပုံရိပ်ကို ပြန်အမှတ်ရလိုက်သည့်နောက် ရန်ကိုင် ရေရွတ်လိုက်လေသည်။
ဤကဲ့သို့သော မယုံကြည်နိုင်ဖွယ်ရာ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထား၍များ ကျန်းရို့ရှီ၏ အဆင့်တက်မှုသည် ဤမျှ ချောမွေ့မြန်ဆန် နေရသလား ဆိုသည်ကို ရန်ကိုင်နားမလည်နိုင်အောင် ဖြစ်နေခဲ့လေသည်။
ရန်ကိုင်သည် ပါးစပ်ဟလျက် ကျန်းရို့ရှီအား လှမ်းခေါ်ရန် လုပ်လိုက်သည်။ သို့သော်ငြား သူ့အနေဖြင့် စကားတစ်ခွန်းပင် မပြောနိုင်သည်ကို တွေ့ရှိလိုက်ရလေသည်။ သူ့ကောင်းကင်စိတ်အာရုံသည်ပင်လျှင် ခန္ဓာကိုယ်ထဲမှ အပြင်သို့ လုံးဝ မထွက်နိုင်ခဲ့။
နောက်သို့ ပြန်လှည့်ကြည့်လိုက်ရာ ဟွာချင်းစီသည် ချွေးသံတရဲရဲဖြင့် လှေကားထစ်များကို တက်နေကြောင်း တွေ့ရှိလိုက်ရသည်။ လက်ရှိတွင် ဟွာချင်းစီသည် ရန်ကိုင့်နောက်ဘက် လှေကားထစ် ခုနှစ်ထစ် ရှစ်ထစ်ခန့်အကွာတွင် ရှိနေခဲ့ပေသည်။ သူမကိုကြည့်ရသည်မှာ နောက် တစ်ထစ် နှစ်ထစ် ထပ်တက်ဖို့ရာ အတော်လေးကိုမှ ခက်ခဲနေသည့်ပုံပင်။
လက်ရှိအခြေအနေကို ကြည့်ရသလောက် အချိန်လှေကားကို တက်ဖို့ရာ ကျင့်ကြံခြင်းအပေါ် မမူတည်သည့် ပုံပင်။ ကျင့်ကြံခြင်းပေါ်သာ မူတည်ပါက ဟွာချင်းစီသည် ထိပ်ဆုံးသို့ ရောက်နေရမည်ဖြစ်ပြီး ကျန်းရို့ရှီသည် နောက်ဆုံးသို့ ရောက်နေရပေလိမ့်မည်။
ခဏမျှ စဉ်းစားလိုက်ပြီးနောက်တွင် ရန်ကိုင်သည် ဟွာချင်းစီ သူ့အား လိုက်မီလာမည်ကိုသာ စောင့်နေလိုက်ရန် ဆုံးဖြတ်လိုက်သည်။ သူလက်ရှိ ကြည့်ရသလောက် ဟွာချင်းစီသည် နောက်ထပ် အချိန်အကြာကြီး ဆက်၍ တောင့်ခံနိုင်တော့သည့် ပုံမပေါ်။ ထို့ကြောင့် ထိုကဲ့သို့ ဖြစ်လာလျှင် သူ့အနေဖြင့် သူမအား ကမ္ဘာငယ်လေးထဲသို့ ချက်ချင်း ပြန်ပို့ပေးရပေမည်။
ကျန်းရို့ရှီကိုမူ ဟွာချင်းစီကို ကမ္ဘာငယ်လေးထဲသို့ ပြန်ထည့်ပြီးမှသာ သူမနောက်သို့ လိုက်ရန် ဆုံးဖြတ်လိုက်သည်။
အခြေအနေသည် ရန်ကိုင် မျှော်လင့်ထားသကဲ့သို့ပင် ဖြစ်လာခဲ့လေသည်။ မကြာမီတွင် ဟွာချင်းစီသည် လှေကားများဆီမှ ထွက်ပေါ်နေသည့် စွမ်းအင်ကို မတောင့်ခံနိုင်တော့ချေ။
လှေကားထစ်များကို တက်ရင်းမှ ရနေသည့် အကျိုးအမြတ်များသည် ပေးဆပ်မှုအဖြစ်သို့ တမျိုးတဖုံ ပြောင်းလဲလာခဲ့သည်။ အချိန်စွမ်းအား၏ တိုက်စားမှုကြောင့် သူမ၏ အသက်စွမ်းအင်မှာ စတင်၍ လျော့ကျလာရလေတော့သည်။
ထိုအဖြစ်အပျက်ကြောင့် ဟွာချင်းစီ ပျာယာခတ်သွားခဲ့ပြီး ခေါင်းမော့၍ ရန်ကိုင့်အား အကူအညီ လှမ်းတောင်းရန် ပြင်လိုက်သည်။ သို့သော်ငြား သူမအနေဖြင့် အသံတစ်သံပင် မထွက်နိုင်ကြောင်း တွေ့ရှိလိုက်ရလေသည်။
ကံကောင်းစွာဖြင့် ရန်ကိုင်သည် သူမ၏ အခြေအနေ အလုံးစုံကို တောက်လျှောက် အာရုံစိုက်နေခဲ့လေ၏။ ဟွာချင်းစီ အဆင်မပြေတော့မှန်း သိလိုက်သည်နှင့် တစ်ပြိုင်နက် သူမအား ကမ္ဘာငယ်လေးထဲသို့ ချက်ချင်း ပြန်ဆွဲထည့်ပေးလိုက်လေသည်။
ဟွာချင်းစီကို ကမ္ဘာငယ်လေးထဲသို့ ထည့်ပြီးသည့်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် အပေါ်တည့်တည့်သို့ လှမ်းကြည့်လိုက်သည်။ ထိုအချိန်အတောအတွင်း ကျန်းရို့ရှီသည် ရန်ကိုင့်အား လှေကားထစ် ဆယ်ထစ်မက နောက်ကောက် ချထားသွားခဲ့လေသည်။
လှေကားထစ်များဆီမှ ရရှိနေသည့် အကျိုးအမြတ်များကြောင့် ကောင်မလေးအား ထိုခံစားချက်ထဲ နစ်မြောရင်း လှေကားထစ်များအား မရပ်မနားသာ တက်နေတော့လေ၏။
ထိုအချင်းအရာကို မြင်သည့်အခါ ရန်ကိုင်လည်း အနည်းငယ်မျှပင် လျစ်လျူမရှုထားရဲတော့ပဲ အားကြိုးမာန်တက်ဖြင့် လှေကားထစ်များကို တက်တော့လေသည်။
……………
အချိန်မြစ် ကျောင်းတော်ထဲရှိ တစ်နေရာရာတွင်…
မှောင်မိုက်ပြီး အဆုံးမရှိဟန် ထင်ရသော ခန်းမတစ်ခုအတွင်း၌ တိုးလျသည့် အသက်ရှူသံနှင့် အားကောင်းလှသည့် နှလုံးခုန်သံတို့ ထွက်ပေါ်နေခဲ့သည်။
ခန်းမထဲ ရစ်သိုင်းနေသည့် ရှင်းပြမရသည့် ဖိအားကြောင့် သာမန်သက်ရှိတစ်ကောင်ကောင်သာ ဤနေရာထဲသို့ ဝင်လာမည်ဆိုပါက ထိုပြင်းထန်လွန်းလှသည့် ဖိအားကြောင့် ချက်ချင်း မြေပြင်ပေါ်သို့ ပြိုလဲကျသွားပေလိမ့်မည်။ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးပင်လျှင် ထိုအရှိန်အဝါနှင့် ရင်ဆိုင်မိပါက တုန်တုန်ရီရီ ဖြစ်သွားရပေလိမ့်မည်။
တစ်ခုသော အခိုက်အတန့်သို့ အရောက်တွင် ရှည်ရှည်သွယ်သွယ် အနီရောင်အလင်းတန်းနှစ်ခု အမှောင်ထုထဲ ရုတ်တရက် ထွန်းလက် လာခဲ့လေသည်။ အသက်ရှူထုတ်သံကြီးနှင့်အတူ ထိုအလင်းတန်းနှစ်ခုမှာ ဧရာမ မျက်လုံးကြီးနှစ်လုံးအဖြစ်သို့ ရုတ်ချည်း ပြူးကျယ်လာခဲ့လေသည်။
ထိုမျက်လုံးအစုံမှာ သားရဲတစ်ကောင်၏ မျက်လုံးများသာ ဖြစ်လေသည်။ မျက်လုံးများထဲ အနီရောင်နှင့် ရွှေရောင်တို့ ရောယှက်နေခဲ့ပြီး ထိုမျက်လုံးများဆီမှ ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်တို့ ဖြာထွက်နေခဲ့လေ၏။
“အိုး… ချာတိတ်လေးအချို့ အချိန်မြစ်ကျောင်းတော်ကို ရှာတွေ့သွားတာလား…” အမှောင်ထုထဲ ဝိုးတဝါးတား အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။
တစ်ချိန်တည်းတွင် မှောင်မိုက်နေသည့် ခန်းမထဲ မျက်စိကျိန်းမတတ် ထွန်းလင်းလှသော မီးတောက်တို့ ပေါက်ကွဲထွက်လာခဲ့လေ၏။ ထိုမီးတောက်များမှာ ဤထူးဆန်းသည့် သားရဲဆီမှ လာခြင်းသာ ဖြစ်လေသည်။
မြေပြင်ပေါ်တွင် လှဲလျောင်းနေသည့်တိုင် သားရဲ၏ အရွယ်အစားမှာ သုံးထပ်တိုက်အရွယ်ခန့် ရှိနေခဲ့သည်။ သားရဲပုံစံမှာ နွားနှင့်ကျား နှစ်ကောင်ကို ရောထားသလို ဖြစ်နေခဲ့လေသည်။ သူ့ခန္ဓာကိုယ်အနှံ့ အနီရောင်မီးတောက်များ တောက်လောက်နေပြီး ကျောဘက်တွင်လည်း ဧရာမ အတောင်ပံကြီး နှစ်ခု ရှိနေခဲ့လေသည်။
တစ်ချိန်တည်းတွင် အနီရောင်အကြေးခွံများသည် ၎င်း၏ ခန္ဓာကိုယ်အား အပြည့်အဝ လွှမ်းခြုံထားခဲ့လေသည်။
“ကြည့်ရတာ ငါ့တာဝန်က ပြီးတော့မယ်နဲ့ တူတယ်… ဟား ဟား ဟား…. နှစ်တွေ ဒီလောက်ကြာသွားပြီးတဲ့ နောက်မှာတော့ နောက်ဆုံးတော့ ငါလွတ်လပ်တော့မယ်ကွ…”
ထိုအော်သံကြောင့် ခန်းမတစ်ခုလုံး တုန်ခါသွားခဲ့လေ၏။ သားရဲကြီးသည် နိုးလာသည်နှင့် တစ်ပြိုင်နက် ဘေးပတ်ဝန်းကျင်အား စတင် လှည့်ပတ်ကြည့်ရှုတော့လေသည်။ ၎င်း၏ အကြည့်သည် ဟင်းလင်းပြင်ကို ထိုးဖောက်သွားသည့်အလား အချိန်မြစ်ကျောင်းတော်အနှံ့ ရောက်ရှိသွားခဲ့လေ၏။
ထိုသို့ ကြည့်ပြီးသည့်နောက်တွင် သားရဲက ရေရွတ်လိုက်လေသည်။ “ကဲ… ဘယ်လို ပါရမီရှင်လေးတွေ ပေါ်လာသလဲ ကြည့်ရတာပေါ့…”
၎င်း၏ ခွန်အားကြောင့် သားရဲသည် အချိန်မြစ်ကျောင်းတော်ထဲတွင် ရှိနေသော ကျင့်ကြံသူအားလုံးကို မြင်နေရပေလိမ့်မည်။ ထိုသို့ ကြည့်နေရင်းမှ သားရဲက မှတ်ချက် ပေးလိုက်လေသည်။
“အမ်း… ဒီကောင့်ရဲ့ အရည်အချင်းက မဆိုးဘူး… ဟမ့်… ဒါပေမဲ့ ငါသတ်မှတ်ထားတဲ့ စံ ကိုတော့ မမီသေးဘူး…”
“ဝိုး… ဒီကောင်မလေးကလည်း မဆိုးဘူးပဲ… သူ့ခန္ဓာကိုယ်က တော်တော်လေး ကောင်းသား… ကျင့်ကြံခြင်းကတော့ သိပ်မမြင့်ဘူးပေါ့… ဒါပေမဲ့ သူ့မှာ ဧကရာဇ်မှော်ရတနာတစ်ခုရှိတယ်… ကြည့်ရတာ ဒီကောင်မလေးက မဟာဧကရာဇ်တစ်ဦးဦးရဲ့ မျိုးဆက်တစ်ယောက်နဲ့ တူတယ်…”
“ဒီကောင်မလေးက ကြည့်ရတာသာ ဘာမှ အရမ်းကြီးမဟုတ်ဘူးဆိုပေမဲ့ ငါ့စံကိုတော့ မီတော့မီတယ်… ပြီးတော့ မဟာဧကရာဇ်ဆိုတဲ့ ကောင်တွေကလည်း ရင်ဆိုင်ဖို့ ကောင်းတဲ့ ကောင်တွေမဟုတ်ဘူး…”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၁၆၃)
အချိန်မြစ်ကျောင်းတော်ထဲသို့ ရောက်လာပြီးနောက်တွင် ရွေးချယ်သည့် လမ်းကြောင်းများမှာ မတူကြသည့်အတွက် ကြုံတွေ့ရသည့် အခွင့်အလမ်းများမှာလည်း မတူညီကြပေ။
သို့သော်ငြား လက်ရှိအချိန်တွင် ကျင့်ကြံသူတိုင်းသည် ရှင်းပြမရသော ကြောက်မက်ဖွယ်ကောင်းသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ကြရသည်။ မျက်ဝန်းတစ်စုံမှ သူတို့အား အမှောင်ထုနောက်ကွယ်မှနေ၍ စိုက်ကြည့်နေသလို ခံစားလိုက်ကြရသည်။ ထိုခံစားချက်ကို ခံစားမိလိုက်သည့်နောက် အကုန်လုံး ကျောရိုးတစ်လျှောက် စိမ့်တက်သွားကုန်ကြလေ၏။
ကံကောင်းစွာဖြင့် ထိုခံစားချက်မှာ တစ်ခဏလောက်သာ သူတို့စိတ်ထဲ ပေါ်လာပြီးနောက် အလျင်အမြန် ပြန်ပျောက်ကွယ်သွားခဲ့လေသည်။ ထို့ကြောင့် သူတို့ စိတ်အထင်သာ ဖြစ်လိမ့်မည်ဟု အကုန်လုံး တွေးလိုက်ကြလေ၏။
အဆုံးမဲ့အောင် ကျယ်ဝန်းလှသော ခန်းမထဲ၌ ရှိနေသည့် သားရဲကြီးမှာတော့ အချိန်မြစ်ကျောင်းတော်အနှံ့ လှည့်ပတ်ကြည့်ရင်း မှတ်ချက်ပေးနေခဲ့လေသည်။ ကျင့်ကြံသူအများစုမှာတော့ သူ့စံသတ်မှတ်ချက်အရ အမှိုက်သာသာသာ ဖြစ်ကြသည်။ သို့သော်ငြား အချိန်လှေကားဆီသို့ အရောက်တွင် သားရဲကြီး အံ့အားသင့်သွားခဲ့လေ၏ “ဘယ်လိုတောင်လဲဟ... တစ်ခု၊ နှစ်ခု၊ သုံးခု၊ လေးခု၊ ငါးခု... ဧကရာဇ်အဆင့် မှော်ရတနာ ငါးခုတောင်။ ဒီတာအိုသခင်ပထမအဆင့် ကောင်လေးမှာ ဘယ်လိုလုပ်ပြီး ဧကရာဇ်အဆင့် မှော်ရတနာ ငါးခုတောင် ရှိနေတာလဲ။ ဒီကောင်က ဘယ်ကလာတာများလဲ”
ဤသားရဲကြီးသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် အသက်ရှင်လာခဲ့သည့် သက်ရှိတစ်ဦး ဖြစ်ကာ အဖြစ်အပျက်မျိုးစုံကိုလည်း ကြုံလာခဲ့သူတစ်ဦး ဖြစ်သည်။ သို့သော်လည်း ရန်ကိုင် တစ်ယောက်တည်းတွင် ဧကရာဇ်အဆင့် မှော်ရတနာ ငါးခုရှိနေမှန်း သိလိုက်ရပြီးနောက် မအံ့ဩဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရလေသည်။
ဧကရာဇ်အဆင့် ပညာရှင်များတွင်ပင်လျှင် ဧကရာဇ်အဆင့်မှော်ရတနာများစွာ မရှိကြချေ။
ရန်ကိုင်တါင် ရှိနေသည့် မှော်ရတနာငါးခုမှာ သုတ်သင်ခြင်းမိုးကြိုးဓါတ်လုံး၊ အင်းဆက်လက်ကောက်၊ ဝိဥာဉ်ခွဲဆေးဘားဓါး၊ ကမ္ဘာငယ်လေးနှင့် အန္တဓါးတို့ ဖြစ်ကြပေသည်။ အချိန်မြစ်ကျောင်းတော်ထဲတွင် ရှိနေသော မည်သူမှ သူတို့ ပိုင်ဆိုင်သည့် အရာများကို သားရဲမမြင်အောင် မဖုံးကွယ်ထားနိုင်ချေ။
“ဒီကောင်က မဟာဧကရာဇ်တစ်ယောက်ရဲ့ မျိုးဆက်လား” သားရဲကြီး ခန့်မှန်းကြည့်လိုက်သည်။ မဟာဧကရာဇ်တစ်ဦး၏ မျိုးဆက်သာ မဟုတ်လျှင် ဘာကြောင့်များ ဧကရာဇ်အဆင့် မှော်ရတနာ ငါးခုကို တာအိုသခင်ပထမ အဆင့်လေးဖြင့် ပိုင်ဆိုင်ထားနိုင်မည်နည်း။
လန်ရွှင်ကဲ့သို့သော အဆင့်အတန်း မြင့်မားသည့် လူတွင်ပင်လျှင် သူမ၏အဖေ လမင်းမဟာဧကရာဇ်မှ ပေးထားသည့် ဧကရာဇ်မှော်ရတနာတစ်ခုသာ ရှိလေသည်။
“ထားလိုက်တော့... ဒီကောင့် အရည်အချင်းက အားလုံးထဲမှာ အကောင်းဆုံး ဆိုပေမယ့် ဒီကောင့်ရုပ်ကို ကြည့်ကတည်းက ပြဿနာမီးထွန်းရှာမယ်ရုပ်... ဒီကောင်နဲ့ သွားမပက်သက်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်” ထိုသို့ ရေရွတ်ပြီးနောက်တွင် သားရဲကြီးသည် ရန်ကိုင်ဆီမှ အကြည့်လွှဲဖယ်၍ ကျန်းရို့ရှီအား လှမ်းကြည့်လိုက်၏။
“အန်၊ ဒီကောင်မလေးက... ဘယ်လိုလုပ်ပြီး တန်ခိုးရှင်ဒုတိယအဆင့်ပဲ ရှိသေးတာလဲ” သားရဲကြီးက သင်္ကာမကင်းလေသံဖြင့် ရေရွတ်လိုက်လေ၏ “အဲ့လောက် ကျင့်ကြံခြင်းလေးနဲ့ ဒီထဲ ဝင်လာလို့ရတာလား... ကြည့်ရတာ ငါအိပ်နေတုန်း ကိစ္စတွေ အများကြီး ဖြစ်သွားတယ်နဲ့တူတယ်...”
ထိုသို့ ရေရွတ်နေရင်းမှာ သားရဲကြီးသည် ရုတ်တရက် မျက်လုံးကြီးပြူးလျက် အလန့်တကြား ဆိုလိုက်ပြန်လေ၏ “နေပါဦး၊ မဟုတ်သေးပါဘူး... ဒီကောင်မလေးက... မဟုတ်လောက်ပါဘူးနော်...”
သားရဲကြီးသည် တစ်ခုခုကို ရှာတွေ့သွားသည့်အလား ၎င်း၏ မောက်မာဝံ့ကြွားသည့် လေသံထဲ ထိတ်လန့်တုန်လှုပ်မှုတို့ ပြည့်နက်လာခဲ့လေသည်။ ၎င်း၏ ဧကရာမ မျက်လုံးကြီး နှစ်လုံးထဲပင်လျှင် ကြောက်ရွံ့မှုတို့ အထင်းသား ထွက်ပေါ်လာ၏။
ချွေးသီးလုံးများသည်လည်း ၎င်း၏ ခေါင်းထက် ဝေ့သီလာခဲ့လေသည်။
ထိုအခိုက်အတန့်တွင် ကျန်းရို့ရှီသည်လည်း သူမ၏ အကန့်အသတ်သို့ ရောက်သွားသည့်ပုံပင်။ အချိန်လှေကား၏ အဆုံးသတ်မှာ သူမနှင့် သိပ်မဝေးတော့သော်ငြား သူမအဖို့ ခြေတစ်လှမ်းထပ်လှမ်းဖို့ရာပင် အလွန်ကိုမှ ခဲယဉ်းနေခဲ့သည်။ သို့သော်ငြား ခေါင်းမာမာဖြင့် အပေါ်သို့ ထပ်တက်ရန် ကြိုးစားနေသေး၏။
ရုတ်တရက် အချိန်လှေကားစီမှ အချိန်စွမ်းအင်တို့ တရဟော စီးထွက်လာပြီး ကျန်းရို့ရှီ၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်ကာ သူမ၏ အသက်စွမ်းအင်ကို ဝါးမြိုရန် ကြိုးစားတော့လေသည်။
ရန်ကိုင်သည် သူမနောက် ခုနှစ်ထစ်၊ ရှစ်ထစ်ခန့်အကွာတွင် ရှိနေခဲ့၏။ ကျန်းရို့ရှီ၏ အနက်ရောင်ဆံပင်များ လျင်မြန်စွာ အဖြူရောင် ပြောင်းနေသည်ကိုမြင်သော် ရန်ကိုင် ထိတ်လန့်သွားခဲ့ပြီး သူမနာသို့ မြန်မြန် သွား၇န် ကြိုးစားလိုက်လေသည်။
သို့ရာတွင် အချိန်လှေကား၏ လှေကားထစ်များကို တက်ရန် အလွန်ကိုမှ ခက်ခဲလှသည့် အတွက် ခုနှစ်ထစ်၊ ရှစ်ထစ်ခန့်ကို တက်နိုင်ရန်အတွက် ရန်ကိုင်အနေဖြင့် အတော်လေး အချိန်ယူရပေလိမ့်မည်။ ချက်ချင်းဆိုသလို ရန်ကိုင် အလွန်ကိုမှ စိတ်ပူလာခဲ့၏။
ခန်းမထဲတွင် ရှိနေသည့် သားရဲကြီးမှာပင် ရန်ကိုင်ထက်ပင် ဖင်ဂနာမငြိမ် ဖြစ်နေခဲ့လေပြီ။ ဤကျောင်းတော်၏ ကာကွယ်သူတစ်ဦး ဖြစ်သည့်အလျက် ကျန်းရို့ရှီ ဘာဖြစ်နေသလဲ ဆိုသည်ကို အထင်းသား မြင်နေရလေသည်။
စစချင်းတွင်တော့ ကျန်းရို့ရှီ သေပြီအထင်နှင့် ပျော်နေမိသေး၏။ သို့သော်ငြား သူမသာ သေမင်းခံတွင်းဝနားသို့ ရောက်သွားပါက နိုးထလာမည့် သူမ၏ သွေးမျိုးဆက်ကို စဉ်းစားမိလိုက်သော် သားရဲကြီး အလွန်ကိုမှ ကြောက်လန့်သွားခဲ့သည်။
ထို့ကြောင့် ချက်ချင်းပဲ ထိုင်ရာမှထ၍ ၎င်း၏ ဧရာမ လက်သည်းကြီးကို ဝှေ့ရမ်းလိုက်၏။ လက်သည်းကြီးသည် ဟင်းလင်းပြင်ကို ထိုးဖောက်၍ ကျန်းရို့ရှီအား အချိန်လှေကားမှ ဆွဲယူလိုက်လေသည်။
ထိုသို့ ဆွဲယူရင်းမှလည်း ရေရွတ်လိုက်သေး၏ “အို၊ ရက်စက်လိုက်တဲ့ ကံကြမ္မာရယ်... ငါလုပ်တာ မှန်အောင် စောင်မပေးပါကွာ”
ပြောပြီးသည့်နောက် ၎င်း၏ လက်သည်းကို ဖြည်းဖြည်းချင်းဖွင့်၍ ငေးကြောင်ကြောင် ဖြစ်နေသော ကျန်းရို့ရှီကို သူ့ရှေ့တည့်တည့်တွင် ချလိုက်လေသည်။
ကျန်းရို့ရှီသည် ဘာတွေဖြစ်သွားလို့ ဖြစ်သွားမှန်း မသိသေးချေ။ အစောပိုင်းက သူမစိတ်ထဲ နှစ်ပေါင်းများစွာ ကုန်ဆုံးသွားသလို ခံစားလိုက်ရပြီး သူမ၏ အသက်စွမ်းအင်မှာ လျင်မြန်စွာ ယုတ်လျော့လာခဲ့ရသည်။ ထိတ်ထိတ်လန့်လန့်ဖြင့် ရန်ကိုင်ဆီသို့ လှမ်းအကူအညီ တောင်းချင်သော်ငြား သူမ၏ ခန္ဓာကိုယ်ကိုပင် မလှုပ်နိုင်ခဲ့ပေ။
သူမ သေရတော့မှာပါလားဟု တွေးနေစဉ်မှာပင် ကောင်းကင်ပေါ်၌ ဧကရာမလက်သည်းကြီး တစ်ခု ထွက်ပေါ်လာပြီး သူမ၏ သေမင်းခံတွင်းမှ ဆွဲခေါ်ပေးသွားခဲ့သည်။ မော့ကြည့်လိုက်ရာ သူမရှေ့ရှိ သားရဲကြီးသည် သူမအား စိုက်ကြည့်နေကြောင်း တွေ့လိုက်ရသည်။
သာမန်လူသာဆိုလျှင် ဤကဲ့သို့ သားရဲကြီးတစ်ကောင်ကို မြင်လိုက်ပါက ကြောက်ကြောက်လန့်လန့်ဖြင့် ထွက်ပြေးမိလိမ့်မည် ဖြစ်သော်ငြား ကျန်းရို့ရှီကမူ ကြောက်မနေခဲ့ပေ။
ကျန်းရို့ရှီ မကြောက်တတ်သည်မဟုတ်၊ ကြောက်တတ်၏။ သူမ၏ ကျင့်ကြံခြင်းမှာလည်း မမြင့်သေးရာ ဤကဲ့သို့သော သားရဲကြီးကို မြင်ပြီးနောက် ကြောက်ကြောက်ဖြင့် သတိလစ်မေ့မျောသွားလျှင်ပင် မထူးဆန်း။
သို့ရာတွင် ဘာကြောင့်မှန်းမသိ၊ သူမစိတ်ထဲ ဤသားရဲကြီးကို မြင်ပြီးနောက် အနည်းငယ်မျှပင် ကြောက်စိတ်မဝင်မိချေ။ ထို့အစား ဤသားရဲကြီးကသာ သူမကို ကြောက်သင့်သည်ဟု ခံစားနေရသည်။ ဘာကြောင့် ဤကဲ့သို့ ခံစားနေရသလဲ ဟူသည်ကိုတော့ ကျန်းရို့ရှီနားမလည်။
ကျန်းရို့ရှီသည် နှုတ်ခမ်းလေးကိုစေ့လျက် သားရဲကြီး၏ မျက်လုံးတည့်တည့်ကို စိုက်ကြည့်သွားခဲ့လေသည်။
အကြည့်ချင်း ဆုံးသွားသည့်အခိုက် သားရဲကြီး၏စိတ်ထဲ ကြောက်စိတ်တို့ တဖွားဖွား ထွက်ပေါ်လာခဲ့သည်။
“ရှင်... ရှင်ဘာလို့ ကျွန်မကို ကြောက်တဲ့ပုံ ပေါ်နေတာလဲ” ကျန်းရို့ရှီက ရုတ်တရက် မေးလိုက်သည်။
သူမ ထိုကဲ့သို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် သားရဲကြီးသည် ကြောက်ကြောက်လန့်လန့်ဖြင့် နောက်သို့ ခြေနှစ်လှမ်း ဆုတ်သွားပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ပြောလိုက်လေ၏ “ဟဲဟဲ... ငါ... ငါဘာလို့ နင့်ကို ကြောက်ရမှာလဲ”
ကျန်းရို့ရှီမှတော့ ဘာမှပြန်မပြောဘဲ သားရဲကြီးကိုသာ လက်ယပ်ခေါ်လိုက်၏။
ထိုအခြင်းအရာကို မြင်သည့်အခါ သားရဲကြီးသည် နာနာခံခံဖြင့် ကျန်းရို့ရှီသို့ နှုတ်ဆက်သွားလိုက် ခေါင်းငုံ့ပေးလိုက်လေသည်။ ကြောက်ရွံ့ထိတ်လန့်မှုတို့မှာတော့ သူ၏ ခရမ်းရောင်မျက်လုံးများထဲ အထင်းသား ထွက်ပေါ်နေလေ၏။
“ရှင်ကျွန်မကို ကယ်လိုက်တာလား” ကျန်းရို့ရှီက မေးလိုက်သည်။
သားရဲကြီးသည် ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်၏ “ဟုတ်တယ်”
“ကျေးဇူးပဲ” ကျန်းရို့ရှီက ပြုံးလျက် ပြန်ပြောလိုက်၏။ ထို့နောက် သားရဲကြီးကို ပွတ်ပေးချင်သည့်အလား သူမလက်ကို ဆန့်ထုတ်လိုက်လေသည်။ သို့သော် ခဏမျှ တုန့်ဆိုင်းနေပြီးနောက် မေးလိုက်လေ၏ “ကျွန်မရှင့်ကို ထိခိုက်အောင် လုပ်မှာတော့ မဟုတ်ပါဘူးနော်၊ ဟုတ်တယ်မလား”
သူမ ဘာကြောင့် ဤမေးခွန်းအား မေးလိုက်သလဲ ဆိုသည်ကို မသိသော်ငြား သူမသာ သားရဲကြီးကို ထိလိုက်ပါ သားရဲကြီး တစ်ခုခု ဖြစ်သွားလိမ့်မည် သူမ၏ မသိစိတ်က ပြောနေခဲ့သည်။
“အခုနင်ဆိုရင်တော့... ဘာမှမဖြစ်ဘူး” သားရဲကြီးက ပြန်ပြောလိုက်သည်။
ထိုစကားကို ကြားသည့်အခါ ကျန်းရို့ရှီသည် သားရဲကြီး၏ ခေါင်းကို ပွတ်ပေးလိုက်၏။
ဘာကြောင့်မှန်းတော့မသိ သားရဲကြီး၏ ခန္ဓာကိုယ်ပေါ်တွင် လောင်ကျွမ်းနေသော မီးတောက်များသည် သူမအား မည်သည့်ဒဏ်ရာမှ မဖြစ်စေခဲ့ပေ။
(ရှက်ဖို့ကောင်းလိုက်တာ... ကလေးမလေး တစ်ယောက်က ငါ့ခေါင်း လာပုတ်နေတာကို ဘယ်လိုလုပ်ပြီးတော့မှာ ငြိမ်ခံနေရတာလဲ... ) သားရဲကြီးသည် စိတ်မသက်မသာဖြင့် တွေးလိုက်လေသည်။
“ရှင့်နာမည် ဘယ်လိုခေါ်လဲ” ကျန်းရို့ရှီက ရုတ်တရက် မေးလိုက်သည်။
“ချုန်းချီ”
“ထူးဆန်းတဲ့နာမည်ပဲ” ကျန်းရို့ရှီက ပြုံးလိုက်သည်။ ထို့နောက် နားမလည်နိုင်ဟန်ဖြင့် ထပ်မေးလိုက်လေသည် “ရှင့်နာမည်ကို အခုမှ ပထမဆုံး ကြားဖူးတားကို ဘာလို့ အရင်က ကြားဖူးနေသလို ခံစားနေရတာလဲ။ အဲ့ဒါ ဘာလို့လဲ ရှင်သိလား”
“မသိဘူး” ချုန်းချီသည် ခေါင်းကို အဆက်မပြတ်ကို ခါတော့၏။ ဤအကြောင်းကို သူမ တစ်သက်လုံး မသိသွားလျှင် အကောင်ဆုံးသာ ဖြစ်သည်ဟုလည်း တွေးလိုက်၏။ (ငါဘယ်လိုလုပ်ပြီး သွားပြောပြလို့ ဖြစ်ပါ့မလဲ။ ပြောလိုက်ရင် ငါ့သေတွင်း ငါတူးသလို ဖြစ်သွားမှာပေါ့)
“အင်း...” ကျန်းရို့ရှီသည် သူမလက်ကို ပြန်ရုတ်၍ ခေါင်းညိတ်ရင်း ထပ်ပြောလိုက်လေသည် “ကျွန်မ အသက်ကို ကယ်ပေးလို့ ကျေးဇူးပါပဲ။ ဒါပေမယ့် အခု ကျွန်မကို ပြန်ပို့ပေးလို့ရမလား။ ကျွန်မ ရုတ်တရက် ပျောက်သွားတာဆိုတော့ ဆရာ စိတ်ပူနေလောက်ပြီ”
“ဆရာ” ထိုစကားကို ကြားသည့်အခါ ချုန်းချီက မယုံသင်္ကာလေသံဖြင့် ပြန်မေးလိုက်လေသည် “နင့်နောက်ကနေ လိုက်တက်လာနေတဲ့ ကောင်လေးကို ပြောတာလား”
“ဟုတ်တယ်။ ရှင်သူ့ကို မြင်နိုင်တာလား” ကျန်းရို့ရှီက ခေါင်းညိတ်ပြလိုက်၏။
ချုန်းချီက ဂုဏ်ယူဝံ့ကြွားစွာဖြင့် “ဒီကျောင်းတော်ထဲမှာ ငါမမြင်နိုင်တာ ဘာမှမရှိဘူး... ခုဏတုန်းကလည်း နင်ဒုက္ခရောက်နေတာတွေ့လို့ ဒီကို လှမ်းခေါ်လိုက်တာ”
ပြောပြီးသည့်နောက်တွင် ခေါင်းခါ၍ ထပ်ပြောလိုက်လေသည် “လောကကြီးက တကယ်ကို ဆန်းကြယ်ပါလား... နင်လို အားကောင်းတဲ့ လူတစ်ယောက်တောင် အခြားလူတွေရဲ့ အကာအကွယ်ကို လိုတာပဲ...”
ချုန်းချီသည် ထိုစကားကို လေသံတိုးတိုးဖြင့် ပြောလိုက်သော်ငြား ကျန်းရို့ရှီကမူ သူ့စကားကို သေချာကြားလိုက်ရပေသည်။
ထိုအခါတွင် ကျန်းရို့ရှီက ကမန်းကတန်း လက်ဝှေ့ရမ်းလျက် “ရှင်ဘာတွေ ပြောနေတာလဲ... ကျွန်မက ဘယ်လိုလုပ်ပြီး ဆရာလို အားကောင်းရမှာလဲ”
ချုန်းချု သူမ စိတ်ကျေနပ်အောင် မဟုတ်တရုတ် လျှောက်ပြောနေခြင်းဟုသာ ကျန်းရို့ရှီ တွေးလိုက်လေသည်။
“တစ်နေ့ကျရင် နင်အားကောင်းလာလိမ့်မယ်” ချုန်းချီက မျက်နှာတည်ဖြင့် ပြောလိုက်သည်။
“အင်း၊ အဲ့လိုဖြစ်လာအောင် ရို့ရှီကြိုးစားမှာ” ကျန်းရို့ရှီက စိတ်အားထက်သန်စွာဖြင့် ပြန်ပြောလိုက်လေသည်။
“ကဲ... ရေစက်ဆုံလို့ လာတွေ့ရတာဆိုတော့ ငါနင့်ကို လက်ဆောင်တစ်ခု ပေးရတာပေါ့” ချုန်းချီသည် ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး သူ့လက်သည်းကို ဝှေ့ရမ်းလိုက်၏။
ထို့နောက်တွင် သူ့လက်ထဲ၌ ဧကရာဇ်အရှိန်အဝါကို ထုတ်လွှတ်နေသော ပန်းရောင်ဝတ်ရုံတစ်ခု ပေါ်လာခဲ့လေသည်။
“အခုအချိန်မှာ နင့်ခွန်အားက အတော်လေးကို နိမ့်နေသေးတယ်။ ဒါကြောင့် ဒီပန်းရောင်တိမ်တိုက်ဖီးနစ်ဝတ်ရုံကို ဝတ်ထားလိုက်တာ အကောင်းဆုံးပဲ။ ဒါနဲ့ဆိုရင် သာမန်လူတွေ နင့်ကို ထိခိုက်အောင် လုပ်နိုင်တော့မှာ မဟုတ်ဘူး” ချုန်းချီသည် အလွန်ကိုမှ အားကောင်းပေသည်။ ထို့ကြောင့် သူပြောနေသည့် သာမန်လူများသည် ဧကရာဇ်အဆင့်အောက် ကျင့်ကြံသူများသာ ဖြစ်ကြပေသည်။
“အဲ့လက်ဆောင်ကြီးကို ကျွန်မ လက်ခံလို့မဖြစ်ဘူး” ကျန်းရို့ရှီမှာ ထိုပန်းရောင်ဝတ်ရုံကို အတော်လေး ကြိုက်မိသော်ငြား သူမ၏ စရိုက်သည် ထိုမျှအဖိုးတန်သည့် ပစ္စည်းတစ်ခုကို အလွယ်တကူ လက်မခံနိုင်အောင် လုပ်နေ၏။ ထို့ကြောင့်ပင် အလျင်အမြန် လက်ဝှေ့ရမ်းကာ ငြင်းလိုက်လေသည်။
“ငြင်းမနေနဲ့။ ဒါက နင့်ရဲ့ အခွင့်အရေးပဲ။ ကိုယ်ကြုံတွေ့ရတဲ့ အခွင့်အရေးတွေက ကိုယ့်ခွန်အားရဲ့ တစ်စိတ်တစ်ပိုင်းပဲ” ချုန်းချီက ပြောလိုက်လေသည်။ သူ့စိတ်ထဲတွင်တော့ ထိုကဲ့သို့ တွေးမနေခဲ့ချေ။
(ခေါင်းမပါတဲ့ သောက်ရူးတစ်ကောင်ကောင် နင့်ကို သွားရန်စပြီး နင့်သွေးမျိုးဆက်ကို စောပြီး နိုးလာအောင် လုပ်မှာစိုးလို့ အခုလိုမျိုး ကြိုတင် ကာကွယ်ထားရတာ... ငါကြိုပြီး စီစဉ်ထားမှဖြစ်မယ်။ ကြည့်ရတာ ငါဒီကနေ လွတ်လို့ရှိရင် နဂါးကျွန်းဆီသွားပြီး အဲ့က ဖွတ်ြီးတွေကို ဒီကိစ္စနဲ့ သွားခြိမ်းခြောက်အကြပ်ကိုင်ရမယ်နဲ့တူတယ်... ဒီကိစ္စက ငါတစ်ယောက်တည်းနဲ့ ပက်သက်နေတာမှမဟုတ်တာ... ဟဲဟဲ...)
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၁၆၄)
အချိန်လှေကားပေါ်တွင် ရှိနေသော ရန်ကိုင်သည် အလွန်ကိုမှ စိုးရိမ်ပူပန်နေခဲ့သည်။ ကျန်းရို့ရှီ ဘာကြောင့် ရုတ်တရက် ပျောက်ကွယ်သွားရသလဲ ဆိုသည်ကို နားမလည်နိုင် ဖြစ်နေသလို သူမအတွက်လည်း အလွန်ကိုမှ စိတ်ပူမိပေသည်။ ဤမိန်းကလေး မည်သို့သော အန္တရာယ်နှင့် ကြုံလိုက်၍များ သူ့ရှေ့မှ ရုတ်တရက် ပျောက်ကွယ်သွားရသနည်း။
တစ်ချိန်တည်းတွင် သူ့ကိုယ်သူလည်း ပြန်၍ အပြစ်တင်နေမိသည်။ သူသာ ကျန်းရို့ရှီအား ဤအချိန်လှေကားကို မတက်ခိုင်းစေခဲ့ပါက သူမသည်လည်း ဤသို့သော အန္တရာယ်မျိုးနှင့် ကြုံခဲ့ရလိမ့်မည် မဟုတ်ချေ။
သူ့ရင်ထဲ အလွန်ကိုမှ ပူပန်နေစဉ်မှာပင် ရုတ်တရက် သူ့ရှေ့တည့်တည့်၌ အလင်းတစ်ချက် လက်သွားခဲ့လေသည်။ ရန်ကိုင် ထိတ်လန့်သွားခဲ့ပြီး မော့ကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ကြောင်သွားခဲ့လေ၏။
ကျန်းရို့ရှီသည် အကောင်းအတိုင်း သူ့ရှေ့တွင် ရပ်နေခဲ့လေသည်။ မူလက အဖြူရောင်သန်းသွားခဲ့သော သူမ၏ ဆံပင်များမှာ အနက်ရောင် ပြန်လည်ပြောင်းနေခဲ့လေ၏။
“ပုံရိပ်ယောင်လား…” ရန်ကိုင် အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေခဲ့သည်။ ကျန်းရို့ရှီသည် သူရှေ့တည့်တည့်တွင်ပင် ထူးဆန်းစွာ ပျောက်ကွယ်သွားသည်ကို မြင်တွေ့ခဲ့ရသလို အချိန်စွမ်းအားကြောင့် သူမ၏ ဆံပင်များ မီးခိုးရောင်ပြောင်းလဲသွားပြီး အသက်စွမ်းအင်များ စုပ်ယူခံလိုက်ရသည်ကိုလည်း သေချာ မြင်တွေ့ခဲ့ရသည်။
ယခု ကျန်းရို့ရှီသည် ထူးဆန်းစွာပင် သူ့ရှေ့၌ ပြန်ပေါ်လာပြီး အကောင်းအတိုင်း ပြန်ဖြစ်နေခဲ့လေသည်။ အကုန်လုံးမှာ အလွန်ကိုမှ မယုံကြည်နိုင်စရာ ကောင်းနေခဲ့၏။
ရန်ကိုင်လည်း ချက်ချင်းပဲ အရှိန်တင်ကာ အပေါ်သို့ ရောက်အောင် အမြန်တက်တော့လေသည်။
အမွှေးတိုင်တစ်ချောင်းစာ ကြာပြီးသည့်နောက်တွင် လှေကားထစ်ထိပ်ပေါ်သို့ ရောက်လာခဲ့လေ၏။ အပေါ်သို့ ရောက်လာပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်တစ်ဝိုက် ရစ်သိုင်းနေသော အချိန်စွမ်းအင်မှာ လုံးဝကို ပျောက်ကွယ်သွားခဲ့သည်။
ပြန်ငုံ့ကြည့်လိုက်သည့်အခါ မူလက အလွန်ကိုမှ ဆန်းကြယ်ခဲ့သော အချိန်လှေကားများမှာ သာမန်လှေကားတစ်ခုနှယ် ဖြစ်နေလေတော့၏။
“ဘာတွေ ဖြစ်သွားတာလဲ…” ရန်ကိုင်သည် အမောတကော အသက်ရှူရင်း အလျင်အမြန် မေးလိုက်လေသည်။
“ရို့ရှီ မဆင်မခြင် လုပ်မိသွားတာ…” ကျန်းရို့ရှီက လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်လေ၏။ “အချိန်လှေကားကနေ စွမ်းအားတွေ တောက်လျှောက် ရနေတာဆိုတော့ ရို့ရှီလည်း အဲ့ထဲမှာ ပျော်သွားပြီး ဆရာ ပြောထားတဲ့စကားတွေကို လုံးဝ မေ့သွားတယ်… ရို့ရှီ အသိပြန်ဝင်လာတဲ့ အချိန်မှာတော့ အရမ်းကို နောက်ကျလွန်းသွားပြီ…”
“ဒါဆို နင် ဘယ်လိုလုပ်ပြီး…”
“အားကောင်းတဲ့ မွန်းစတားသားရဲတစ်ကောင်က ရို့ရှီကို ကယ်ခဲ့တာ…” ရန်ကိုင် သူမအပေါ် ဒေါသထွက်လာမည်ကို စိုးရွံ့သည့် အတွက်ကြောင့် ကျန်းရို့ရှီသည် သူမ၏ စကားလုံးများကို သေချာ ရွေးချယ်၍ ပြောလိုက်လေသည်။
“အားကောင်းတဲ့ မွန်းစတားသားရဲတစ်ကောင်…” ရန်ကိုင် ကြောင်သွားခဲ့လေသည်။ “ဒီအချိန်ကျောင်းတော်ထဲမှာ မွန်းစတားသားရဲတစ်ကောင် ရှိနေတာလား… ဘယ်လိုမွန်းစတားသားရဲလဲ…”
ကျန်းရို့ရှီ ပြောသည့်စကားကို ကြားပြီးသည့်နောက် ရန်ကိုင် အလွန်ကိုမှ ထိတ်လန့်သွားခဲ့လေသည်။
အချိန်မြစ်ကျောင်းတော် ဤလောကကြီးတွင် ပေါ်မလာခဲ့သည်မှာ နှစ်ပေါင်းသောင်းနှင့် ချီနေခဲ့ပြီ။ ယခုတစ်ကြိမ်သည်ပင်လျှင် အမျိုးမျိုးသော တိုက်ဆိုင်မှုများကြောင့် ပေါ်လာခဲ့ရခြင်း ဖြစ်သည်။
ဤမျှ ကြာသွားသည့်နောက်တွင် အချိန်မြစ်ကျောင်းတော်ထဲ အသက်ရှင်နေသည့် မည်သည့်သက်ရှိမျှ မရှိတော့ဘူးဟု ရန်ကိုင်ထင်ခဲ့သည်။
သို့ရာတွင် ကျန်းရို့ရှီ၏ ပြောစကားအရ ဤအထဲ၌ အလွန်တရာကိုမှ အားကောင်းလှသော မွန်းစတားသားရဲတစ်ကောင် ရှိနေသည့်ပုံပင်။
ထိုမွန်းစတားသားရဲသည် မည်မျှ အားကောင်းသလဲဆိုလျှင် ကျန်းရို့ရှီအား အချိန်လှေကားဆီမှ အလွယ်တကူ ကယ်ဆယ်နိုင်သည် အထိပင် အားကောင်းလှသည်။
“အရမ်းကြီးတော့လည်း မသေချာဘူး…” ကျန်းရို့ရှီသည် ခဏမျှ စဉ်းစားပြီးသည့်နောက် မသေချာမရေရာသည့် လေသံဖြင့် ပြန်ပြောလိုက်လေသည်။
မွန်းစတားသားရဲကြီးအား မည်ကဲ့သို့ ရှင်းပြရမလဲ ဆိုသည်နှင့် ပတ်သက်၍ မသိတော့သဖြင့် ပြုံး၍သာ ပြောလိုက်လေ၏။ “ဒါပေမဲ့ အဲ့မွန်းစတားသားရဲက သူ့ကိုယ်သူ ချုန်းချီလို့ခေါ်တာပဲ…”
“ဘယ်လို…” ရန်ကိုင် မျက်လုံးပြူးသွားခဲ့ပြီး ချွေးအေးတို့ သူ့နဖူးထက် ဝေ့သီလာခဲ့လေသည်။ တံတွေးတစ်လုပ်ကို မျိုချရင်း ပြန်မေးလိုက်လေ၏။ “ချုန်းချီလား…”
“ဟုတ်တယ်… သူ့ကိုယ်သူတော့ အဲ့လို ခေါ်တာပဲ…” ကျန်းရို့ရှီက ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည်။ ပြောပြီးသည့်နောက်တွင် ရန်ကိုင်ဘက်သို့ ခေါင်းစောင်းလျက် ပြန်မေးလိုက်လေ၏။
“ဆရာ ဘာဖြစ်တာလဲ… ဆရာ့မျက်နှာက ဘာဖြစ်လို့ အဲ့လောက်တောင် ဖြူသွားတာလဲ… ဆရာ တစ်ခုခုများ အဆင်မပြေလို့လား… ပြီးတော့ ဆရာ ချွေးတွေ အရမ်းထွက်နေတယ်”
ထိုသို့ ပြောပြီးသည့်နောက်တွင် လက်ကိုင်ပုဝါတစ်ခုကို ထုတ်ယူ၍ ခြေဖျားထောက်ကာ ရန်ကိုင့်၏ နဖူးထက်မှ ချွေးအေးများကို သုတ်ပေးလိုက်လေသည်။
“ဟူး…” ရန်ကိုင့်မှာ ဘာပြန်ပြောလို့ ပြောရမှန်းပင် မသိတော့ချေ။
“ဆရာ အဆင်ပြေရဲ့လား…” ကျန်းရို့ရှီက မေးလိုက်လေသည်။
“အင်း… အဆင်ပြေပါတယ်…” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်ပြီးသည့်နောက်တွင် ကျန်းရို့ရှီအား စိုက်ကြည့်၍ မေးလိုက်လေသည်။ “သူ့ကိုယ်သူ ချုန်းချီလို့ခေါ်တာ သေချာလား…”
“ဟုတ်တယ်… သူပြောတာပဲ…”
“သူနင့်ကို တစ်ခုခု လုပ်သေးလား…”
ကျန်းရို့ရှီက ခေါင်းခါ၍ ပြန်ပြောလိုက်သည်။ “ဘာမှ မလုပ်ဘူး…” ပြောပြီးသည့်နောက်တွင် ပျော်ရွှင်စွာ ပြုံးလျက် ထပ်ပြောလိုက်လေ၏။ “တစ်ခုခုတောင် ပေးလိုက်သေးတယ်…”
“ဘာပေးလိုက်တာလဲ…”
ကျန်းရို့ရှီက ပြုံးလျက် သူမ၏ သူတော်စင်ချီကို သိပ်သည်းလိုက်လေသည်။ မကြာမီ သူမ၏ ခန္ဓာကိုယ်ဆီမှ အလင်းရောင်များ ဖြာထွက်လာတော့လေ၏။
ရန်ကိုင်လည်း မျက်လုံးမှေးစင်းလျက် စိုက်ကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရင်တုန်သွားခဲ့လေသည်။
လက်ရှိတွင် ကျန်းရို့ရှီသည် ကိုယ်ကျပ် အကာအကွယ် အင်္ကျီတစ်ခုကို ဝတ်ဆင်ထားခဲ့လေသည်။ ထိုအင်္ကျီ၏ ပုံစံမှာ ရိုးရိုးရှင်းရှင်းသာ ဖြစ်သော်ငြား ၎င်းဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါမှာတော့ ရန်ကိုင်ကို ရင်တုန်အောင် လုပ်နေခဲ့လေ၏။
“ဧကရာဇ်အရှိန်အဝါပဲ… ဧကရာဇ်အဆင့် မှော်ရတနာလား… တကယ်ကြီး အကာအကွယ် ဧကရာဇ်အဆင့် မှော်ရတနာလား… ဒီမှာဘာတွေဖြစ်နေတာလဲ…”
ကျန်းရို့ရှီသည် အချိန်လှေကားများဆီမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ သူမ ပြန်ရောက်လာသည့်အခါ ချုန်းချီဟုခေါ်သော မွန်းစတားသားရဲတစ်ကောင်နှင့် တွေ့ခဲ့သည်ဟု ပြောလေ၏။
ဤမွန်းစတားသားရဲသည် သူမအား ကောင်းမွန်စွာ ဆက်ဆံရုံမက အကာအကွယ် ဧကရာဇ်အဆင့် မှော်ရတနာတစ်ခုကိုပင် လက်ဆောင်ပေးခဲ့သေးသည်။
ရန်ကိုင်လုံးဝ နားမလည်နိုင်တော့ချေ။ ဧကရာဇ်အဆင့် မှော်ရတနာကို အသက်သွင်းလိုက်ပြီးသည့်နောက်တွင် ကျန်းရို့ရှီက ရန်ကိုင့်အား ကြောက်ကြောက်လန့်လန့်ဖြင့် မေးလိုက်လေသည်။ “ဒါလှလား ဆရာ…”
ရန်ကိုင်က ခြောက်ကပ်ကပ် ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “အင်း… အရမ်းလှတယ်…”
(ဧကရာဇ်အဆင့် မှော်ရတနာတစ်ခုကို ဘယ်လိုလုပ်ပြီး လှလားဆိုပြီး မေးရက်ရတာလဲ ကျန်းရို့ရှီရယ်…) ရန်ကိုင် စိတ်ထဲမှ ရေရွတ်နေလေ၏။
ရန်ကိုင်တွင် ဧကရာဇ်အဆင့် မှော်ရတနာ ငါးခု ရှိသော်ငြား ထိုငါးခုစလုံးသည် အကာအကွယ်မှော်ရတနာများ မဟုတ်ကြချေ။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် အကာအကွယ် ဧကရာဇ်အဆင့် မှော်ရတနာ မည်မျှ ရှားပါးကြောင်းကို မြင်တွေ့နိုင်၏။
“ချုန်းချီက ဒါကို ပန်းနုရောင်တိမ်တိုက် ဖီးနစ်ဝတ်ရုံလို့ ခေါ်တယ်…” ကျန်းရို့ရှီက ရှင်းပြလိုက်လေသည်။ “ရို့ရှီကတော့ ပန်းရောင်ကို မကြိုက်ဘူး… ဒါပေမဲ့ ဆရာက လှတယ်ဆိုမှတော့…”
“အမ်း… သူနင့်ကို စေတနာနဲ့ ပေးလိုက်တာနဲ့တူတယ်…” ရန်ကိုင်က သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ရင်း “နောက်တစ်ကြိမ် သူနဲ့ ပြန်တွေ့လို့ရှိရင် သေချာ ကျေးဇူးတင်လိုက်ဦးနော်…”
“ရို့ရှီ မှတ်ထားပါ့မယ်…” ကျန်းရို့ရှီက တလေးတစားနှင့် ခေါင်းညိတ်လိုက်လေသည်။
“အင်း… အဲ့ဒါကို ပြန်သိမ်းထားလိုက်တော့… လူရှေ့သူရှေ့မှာ လိုက်ထုတ်မပြနဲ့…မဟုတ်ရင် ပြဿနာတွေ တက်လာလိမ့်မယ်…”
“ဟုတ်ကဲ့…” ကျန်းရို့ရှီက ခေါင်းညိတ်လိုက်ပြီးနောက် ကောင်းကင်စိတ်အာရုံကို ထိန်းချုပ်၍ ပန်းနုရောင်တိမ်တိုက် ဖီးနစ်ဝတ်ရုံကို ပြန်လည် သိမ်းဆည်းလိုက်လေသည်။
“ဒါနဲ့ ရို့ရှီ… အဲ့ ချုန်းချီ နင့်ကို တစ်ခုခု ပြောသေးလား…” ရန်ကိုင်က သတိထား၍ မေးလိုက်လေသည်။
ကျန်းရို့ရှီသည် ခဏမျှ စဉ်းစားပြီးသည့်နောက် ပြန်ပြောလိုက်လေ၏။ “သူပြောသွားတာကတော့ ဆရာသာ နောက်ဆုံးအခန်းကို ဝင်ခွင့်ရခဲ့မယ်ဆိုရင် အဲ့ထဲက အသုံးမဝင်ဆုံးလို့ ထင်ရတဲ့ ပစ္စည်းကိုပဲ ရွေးပါတဲ့…”
“အသုံးမဝင်ဆုံးလို့ ထင်ရတဲ့ ပစ္စည်းကို ရွေးရမယ်…” ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့၏။ “သူ ဘာပြောချင်တာလဲ…”
ကျန်းရို့ရှီက ခေါင်းခါလျက် “အဲ့ဒါတော့ ရို့ရှီလည်း မသိဘူး… အဲ့ဒါ ပြောပြီးသွားတာနဲ့ ရို့ရှီကို ပြန်ပို့လိုက်တာ…”
အချိန်အတော်ကြာအောင် အတူရှိလာပြီးသည့်နောက် ကျန်းရို့ရှီ၏ ရိုးသားသည့် စိတ်ထားကို ရန်ကိုင် ကောင်းကောင်း နားလည်သည်။ ဒီကောင်မလေးသည် သူ့ဆီမှတစ်ခုခုကို ဖုံးကွယ်ထားလိမ့်မည် မဟုတ်မှန်း သိနေခဲ့လေသည်။ သူ့အား လိမ်လည်ဖို့ရာ ဆိုလျှင် ပို၍ပင် မဖြစ်နိုင်သေး။
ထို့ကြောင့် ရန်ကိုင်သည် ခေါင်းစဉ်ပြောင်းကာ ချုန်းချီအကြောင်းကိုသာ မေးတော့လေ၏။ သို့ရာတွင် မည်သည့်အကြောင်းအရာမျှ များများစားစား မသိခဲ့ရပေ။
ဤကိစ္စကြောင့် ရန်ကိုင်မှာ အလွန်တရာကိုမှ ထိတ်လန့်သွားခဲ့ရသည်။ ဤသည်မှာ ကျန်းရို့ရှီ၏ ကံတရား ဖြစ်သည်ဟုသာ ပြောရပေတော့မည်။ သူမသာ ကံမကောင်းခဲ့လျှင် တန်ခိုးရှင်ဒုတိယအဆင့်လေးဖြင့် ချုန်းချီကဲ့သို့သော ရက်စက် ကြမ်းကြုတ်သည့် သားရဲတစ်ကောင်ကို မြင်ပြီးသည့်နောက် မည်ကဲ့သို့များ အကောင်းအတိုင်း ပြန်ရောက်လာနိုင်ပါမည်နည်း။
ထိုမျှသာလျှင် မဟုတ်သေးဘဲ ချုန်းချီသည် သူမအား အကာအကွယ် ဧကရာဇ်အဆင့် မှော်ရတနာတစ်ခုကိုပင် လက်ဆောင်ပေးခဲ့သေးသည်။
ခဏကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် ကျန်းရို့ရှီအား ကမ္ဘာငယ်လေးထဲသို့ ပြန်ပို့လိုက်ပြီးသည့်နောက် အချိန်လှေကားပေါ်တွင် တစ်ယောက်တည်း တင်ပလင်ခွေ ထိုင်နေလိုက်လေသည်။
အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးသည့်နောက် မတ်တပ်ရပ်လိုက်၏။
အချိန်လှေကားပေါ်တွင် တံခါးပေါက်တစ်ပေါက် ရှိနေခဲ့လေသည်။ ရန်ကိုင်သည် အစောကြီးကတည်းက ထိုတံခါးပေါက်ကို တွေ့ထားခြင်း ဖြစ်သည်။ သူ့အနေဖြင့် ဤနေရာမှ ထွက်သွားလိုလျှင် ထိုတံခါးပေါက်မှသာ ထွက်သွားနိုင်မှန်းကိုလည်း သိထားပေသည်။
ထို့အတွက်ကြောင့် ရန်ကိုင်သည် တံခါးပေါက်ဆီသို့ လျှောက်သွားပြီး ဖြည်းဖြည်းချင်း တံခါးပေါက်ကို ဖွင့်လိုက်သည်။ တံခါးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် မျက်စိကျိန်းမတတ် အလင်းတန်းတို့ ဖြာထွက်လာသဖြင့် ရန်ကိုင်မှာ မျက်လုံးကို အတင်း မှေးစင်းလိုက်ရသည်။
ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ တံခါးနောက်ကွယ်တွင် မည်သည့် အန္တရာယ် ရှိမရှိ အတည်ပြုပြီးသည့်နောက်မှသာ တံခါးပေါက်ထဲသို့ ဝင်လိုက်လေသည်။
တံခါးပေါက်အား ဖြတ်ဝင်လာသည်နှင့် တစ်ပြိုင်နက် မိုင်ထောင်ပေါင်းများစွာကို ခြေတစ်လှမ်းတည်းဖြင့် ဖြတ်ကျော်လိုက်သလို ခံစားလိုက်ရသည်။
ချက်ချင်းဆိုသလို အသက်စွမ်းအင် အရှိန်အဝါတစ်ခုကို သူ့အနီးအနား တစ်ဝိုက်ဆီမှ ခံစားလိုက်ရလေသည်။ ထိုအရှိန်အဝါနှင့် ပတ်သက်၍ ရန်ကိုင် အတော်လေးကို ရင်းနှီးနေခဲ့သည်။ ထို့အပြင် ထိုအရှိန်အဝါဆီမှ ရန်လိုစိတ်တို့လည်း ဖြာထွက်နေခဲ့လေသည်။
ရန်ကိုင် ကြောင်သွားခဲ့ပြီး မျက်ခုံးပင့်ကာ သူ့ရှေ့ရှိ အခြေအနေကို စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် မထိတ်လန့်ပဲ မနေနိုင်အောင် ဖြစ်သွားခဲ့လေသည်။
သူရောက်နေသည့် နေရာမှာ အချင်း မီတာတစ်ထောင်ခန့် ရှည်သော စက်ဝိုင်းပုံစင်မြင့်တစ်ခု ဖြစ်လေသည်။ စက်ဝိုင်းပုံ၏ ဘေးပတ်ပတ်လည်တွင်တော့ ဘာဆိုဘာမျှ မရှိနေပဲ ချောက်နက်ကြီးတစ်ခုသာ ရှိနေခဲ့လေ၏။
ထိုချောက်နက်ကြီးဆီမှ ချောက်ခြားဖွယ်ရာ ကောင်းသော တိုးလျလျ အော်သံများကိုလည်း တောက်လျှောက် ကြားနေခဲ့ရလေသည်။
သို့သော်ငြား ဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်ပြီးသည့်နောက် အစောပိုင်းက သူဝင်လာခဲ့သည့် တံခါးပေါက်ကို မည်သည့်နေရာတွင်မှ မတွေ့ရတော့ကြောင်း တွေ့ရှိလိုက်ရသည်။
ဤစင်မြင့်ပေါ်တွင် လူတစ်ဦးသည် ဓါးတစ်ချောင်းကို ကိုင်၍ ငြိမ်သက်စွာ ရပ်စောင့်နေခဲ့လေသည်။ ရန်ကိုင်ပေါ်လာသည့်အခါ ထိုလူ၏ မျက်လုံးများ ပွင့်လာခဲ့ပြီး သူ့အား တိုက်ခိုက်လိုစိတ် အပြည့်ဖြင့် စိုက်ကြည့်လာခဲ့လေ၏။ အကြည့်ချင်းဆုံသွားသည့်အခိုက် နှစ်ဦးစလုံး အံ့အားသင့်သွား ကုန်ကြလေသည်။
ရန်ကိုင်က ညစ်ကျယ်ကျယ် ပြုံးလျက် လက်ဝှေ့ယမ်း ပြလိုက်လေသည်။ “ရောင်းရင်းရှောင်ပိုင်… မင်းလဲ ရောက်နေတာလား… ဘယ်လိုတောင် တိုက်ဆိုင်တာလဲဟ”
ဤစင်မြင့်ပေါ်တွင် ရှိနေသည့် လူမှာ နေမင်းပြာကျောင်းတော်မှ ရှောင်ပိုင်ယီမှ လွဲ၍ အခြား မဟုတ်ကြောင်း တွေ့ရှိလိုက်ရသည်။ သို့သော်ငြား ရှောင်ပိုင်ယီနှင့် အမြဲ အတူတူ တပူးပူးတတွဲတွဲ တွေ့နေရလေ့ရှိသော် မုရုန်ရှောင်ရှောင်ကိုမူ မည်သည့်နေရာတွင်မျှ မတွေ့ရချေ။
လှမ်းအော်ခေါ်ပြီးသည့်နောက်တွင် ရန်ကိုင်သည် ပတ်ဝန်းကျင်ကို စစ်ဆေးရင်း ရှောင်ပိုင်ယီဆီသို့ လျှောက်သွားလိုက်လေ၏။ သို့သော်ငြား ဤစင်မြင့်ကြီးသည် လုံးဝကို တသီးတခြား ဖြစ်နေသလို ဖြစ်နေသည့်အတွက်ကြောင့် ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့ရသည်။
သူ့စိတ်ထဲ နားမလည်နိုင် ဖြစ်နေစဉ်မှာပင် တဝီဝီ မြည်သံနှင့်အတူ အလင်းတန်းတစ်ခု သူ့ဆီသို့ ပျံသန်းလာနေကြောင်းကို တွေ့ရှိလိုက်ရ၏။
ရန်ကိုင်လည်း သူ့ခြေလှမ်းများကို ရုတ်ချည်း ရပ်တန့်လိုက်လေသည်။ ထိုဓါးအလင်းတန်းသည် သူ့ခြေထောက်ရှေ့တည့်တည့်တွင် မျဉ်းကြောင်းတစ်ခုကို ဖြတ်ဆွဲ သွားခဲ့လေ၏။
ရန်ကိုင်က ရှောင်ပိုင်ယီအား မော့ကြည့်ရင်း မျက်မှောင်ကျုံ့ကာ မေးလိုက်လေသည်။ “ရောင်းရင်းရှောင်ပိုင်… မင်း ဘာသဘောလဲ…”
“တိုက်ခိုက်ဖို့လေ…” ရှောင်ပိုင်ယီသည် ရန်ကိုင့်အား ဓါးဖြင့် ချိန်ရွယ်ရင်း ပြောလိုက်လေသည်။
ရန်ကိုင် မျက်မှောင်ကျုံ့သွားပြီးသည့်နောက် ပြန်ပြောလိုက်လေသည်။ “ဘာလို့ တိုက်ခိုက်ရမှာလဲ… တိုက်ခိုက်ချင်တယ်ဆိုရင်တောင် ဥတုလေးမျိုးနယ်မြေက ထွက်သွားပြီးတဲ့ထိ စောင့်လို့ရတယ်လေ… ဒီမှာ တိုက်ခိုက်တာက မင်းရောငါရောအတွက် အကျိုးမရှိဘူးနော်”
ရှောင်ပိုင်ယီက ဖြည်းဖြည်းချင်း ခေါင်းခါလျက် အေးစက်စက် အမူအယာဖြင့် အလျင်အမြန် ပြောလိုက်လေ၏။ “ငါတို့ ဒီကို ရောက်နေလို့ပဲ တိုက်ခိုက်ရမှာ…”
ထိုစကားကို ကြားသည့်အခါ ရန်ကိုင်သည် တစ်ခုခုကို နားလည်သွားပြီး ချက်ချင်း မှုန်ကုပ်ကုပ် အမူအယာဖြင့် ပြန်မေးလိုက်လေသည်။ “ရောင်းရင်းရှောင်ပိုင် ပြောချင်တာက ငါတို့ထဲက တစ်ယောက်ပဲ ဒီနေရာက ထွက်သွားလို့ရမယ်လို့ ပြောချင်တာလား…”
ရှောင်ပိုင်ယီက ခေါင်းညိတ်ပြလိုက်ပြီး “ကြည့်ရတာ မင်းက ငါထင်သလောက် မထုံဘူးပဲ… ဒီစင်မြင့်က စမ်းသပ်ချက်တစ်ခုပဲ… အနိုင်ရတဲ့ လူပဲ ဒီနေရာကနေ ရှေ့ဆက်သွားခွင့် ရှိမှာ…”
ရှောင်ပိုင်ယီ ပြောသည့် အခါမှပင် စင်မြင့်ပေါ်တွင် သန့်စင်သော စွမ်းအင်များဖြင့် သိပ်သည်းထားသော စကားလုံးများ ရှိနေကြောင်း တွေ့လိုက်ရလေသည်။
ထိုစကားလုံးများသည် စင်မြင့်ပေါ်တည့်တည့်တွင် အသာအယာ ဝဲနေခဲ့လေ၏။ စကားလုံးများမှာမူကား “အောင်နိုင်သူတို့အတွက်လမ်း” ဟူ၍ပင်။
ရန်ကိုင် ချက်ချင်း နားလည်သွားခဲ့တော့သည်။ ရှောင်ပိုင်ယီ ဤနေရာတွင် ရပ်စောင့်နေရသည်မှာ အခြားမဟုတ်။ သူ့ပြိုင်ဘက်ကို စောင့်နေခြင်းပင်။ ယခု သူ့ပြိုင်ဘက်သည် ရန်ကိုင် ဖြစ်လာခဲ့လေသည်။ ထိုသို့ တွေးလိုက်ပြီးသည့်နောက်တွင် ရန်ကိုင်၏ အမူအယာ ရုတ်ချည်းလေးနက်သွားခဲ့ပြီး တည်ကြည်လေးနက်သည့် မျက်နှာထားဖြင့် ပြန်ပြောလိုက်လေ၏။
“ကြည့်ရတာ ငါတို့ တိုက်ခိုက်ရတော့မယ်နဲ့ တူတယ်…”
“ဟုတ်တယ်…”
“နိုင်တဲ့သူက ရှေ့ဆက်သွားလို့ရမယ်ဆိုရင် ရှုံးတဲ့သူကရော ဘာဖြစ်မယ်လို့ ထင်လဲ…” ရန်ကိုင် က ပြန်မေးလိုက်သည်။
ရှောင်ပိုင်ယီက ခေါင်းခါ၍ “ငါလည်း မသိဘူး… ပုံမှန်ဆိုရင်တော့ ရှုံးတဲ့လူက သေရမှာပဲ…” ထိုသို့ ပြောပြီးသည့်နောက်တွင် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။ “ဘာလို့လဲ မင်းကြောက်လို့လား…”
ရန်ကိုင်က ခါးသက်စွာပြုံးလျက် ခေါင်းခါ၍ “မဟုတ်ဘူး ရောင်းရင်းရှောင်ပိုင်ရဲ့… ငါမင်းကို မသတ်ချင်လို့… တကယ်တော့ မင်းနဲ့ငါကြားမှာ ဘာရန်ငြိုးရန်စမှ ရှိတာမဟုတ်ဘူး… မင်းငါ့ကို ကြည့်လို့မရဘူးဆိုပေမဲ့ အရမ်းကြီးဆိုးရွားတာတွေ လုပ်ခဲ့တာလည်း မဟုတ်ဘူး”
“ပြီးတော့ ငါတို့အားလုံးက ဥတုလေးမျိုးနယ်မြေထဲကို အတူတူဝင်လာခဲ့တာ… ငါသာ ဒီနေရာမှာ မင်းကိုသတ်လိုက်မယ်ဆိုလို့ရှိရင် အပြင်ပြန်ရောက်တဲ့အခါ အကြီးအကဲကောင်းနဲ့ အခြားသူတွေကို ဘယ်လိုရှင်းပြရတော့မှာလဲ…”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၁၆၅)
“မင်းက ငါ့ကိုသတ်မှာ…” ရှောင်ပိုင်ယီက လှောင်ပြုံးပြုံးလျက် “အရှက်မရှိ အကြွားမသန်ပါနဲ့ကွာ…”
“ရောင်းရင်းရှောင်ပိုင်…” ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ကြည့်ရတာ အခုအခြေအနေက စိတ်ငြိမ်ငြိမ်ထားပြီးတော့ ဒီနေရာက ထွက်လို့ရမဲ့ နည်းလမ်းကိုရှာတာ အကောင်းဆုံး ဖြစ်လိမ့်မယ်နော်…”
“မလိုဘူး… မင်းမလာခင်ကတည်းက ငါဒီနေရာကို လိုက်ပတ်ရှာကြည့်ပြီးသွားပြီ… ဘာနည်းလမ်းမှ မရှိဘူး… ဒီနေရာက ထွက်သွားဖို့ဆိုရင် မင်းနဲ့ငါ တိုက်ခိုက်မှပဲ ရလိမ့်မယ်…”ရန်ကိုင် သေချာဆုံးအောင် မပြောနိုင်သေးခင်မှာပင် ရှောင်ပိုင်ယီက အေးစက်စက်အမူအယာဖြင့် ဖြတ်ပြောလိုက်လေသည်။
“ရှင်းရှင်းပြောရလို့ရှိရင် မင်းခွန်အားနဲ့ ရွှယ့်ယီကို အနိုင်ယူပြီး သူ့နေရာကို လုယူနိုင်တယ်ဆိုတာ တကယ် အံ့အားသင့်ဖို့ကောင်းတယ်…ဒီတော့ မင်းမှာ ဥတုလေးမျိုးနယ်မြေထဲ ဝင်ခွင့်ရဖို့ အရည်အချင်းရှိတယ်ဆိုတာတော့ အမှန်ပဲ…”
“ဒါပေမဲ့ ငါက သူ့စီနီယာအစ်ကိုလေ… သူ့နေရာ အလုခံရပြီး သူအနိုင်ကျင့်ခံနေရတာကို ဘယ်လိုလုပ်ပြီး ဒီတိုင်း ရပ်ကြည့်နေနိုင်မှာလဲ… ဒီတော့ အဲ့နေ့က ကိစ္စအတွက် ငါမင်းကို လက်စားပြန်ချေရလိမ့်မယ်…”
“ဒါပေမဲ့ မင်းစိတ်မပူပါနဲ့… ငါတို့ ခွန်အား ကွာခြားချက်ကို ထောက်ထားပြီးတော့ ငါ့ခွန်အား အကုန်လုံးကို သုံးမှာ မဟုတ်ဘူး… ခြောက်ဆယ်ရာခိုင်နှုန်းပဲ… အဲ့လောက်ကိုပဲ သုံးပြီးတိုက်ခိုက်မယ်… ဖြစ်နိုင်လို့ရှိရင် ငါမင်းကိုသတ်မှာမဟုတ်ဘူး…”
ပြောပြီးသည်နှင့် တစ်ပြိုင်နက် ရှောင်ပိုင်ယီသည် ရန်ကိုင့်တည့်တည့်ဆီသို့ သူ့ဓါးချက်ဖြင့် ဝှေ့ယမ်းချလိုက်လေသည်။ မျက်စိကျိန်းမတတ် အလင်းတန်းနှင့်အတူ အေးစက်စက် ဓါးချီတစ်လှိုင်း ရန်ကိုင့်ဆီသို့ တိုးဝင်လာခဲ့လေသည်။
ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ကြည့်ရတာ တိုက်ပွဲက ရှောင်လွှဲလို့ မရတော့ဘူးနဲ့တူတယ်…အဲ့လိုဆိုမှတော့ ရောင်းရင်းရှောင်ပိုင် နောက်ဖြစ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်…”
ပြောပြီးသည့်နောက်တွင် ရန်ကိုင်တည့်တည့်အား ဓါးချီလှိုင်းမှ လာရောက် ထိမှန်သွားခဲ့လေသည်။ သို့သော် ထူးဆန်းစွာပင် မည်သည့်သွေးမှ ထွက်မလာခဲ့သလို ရန်ကိုင်သည်လည်း ယခင်ကကဲ့သို့ပင် ပြုံးသာ ပြုံးနေခဲ့လေ၏။
ရှောင်ပိုင်ယီ၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး အရင်းအမြစ်ချီကို အရူးအမူးလှည့်ပတ်၍ သူ့ခန္ဓာကိုယ် ပတ်ပတ်လည်တွင် နှင်းမုန်တိုင်းတစ်ခုကို ဖန်တီးပစ်လိုက်လေသည်။
တစ်ချိန်တည်းတွင် သူ့ဓါးကို မြှောက်လျက် ဓါးချီအလင်းတန်းကြီးတစ်ခုကို ဖန်တီးကာ အားပါးတရ ခုတ်ချလိုက်လေ၏။ သူခုတ်ချရာဘက်တွင် ရန်ကိုင်သည် ထူးဆန်းစွာ ပြန်ပေါ်လာခဲ့လေသည်။ သို့သော်လည်း ချက်ချင်းဆိုသလို နောက်တစ်ကြိမ် ထပ်မံ ပျောက်ကွယ်သွားခဲ့လေသည်။
“ဘုန်း…”
ဓါးချီလှိုင်းသည် မည်သည့်အရာကိုမှ ထိမှန်သွားခြင်းမရှိခဲ့။ ရှောင်ပိုင်ယီသည် ကျီးကန်း အစားစားသည့်နှယ် တောင်ကြည့်မြောက်ကြည့်လုပ်ရင်း ရန်ကိုင်ကို အာရုံခံနေခဲ့လေသည်။
“ငါထင်ထားတဲ့ အတိုင်းပဲ… မင်းက တော်တော်လေး ထူးဆန်းတာပဲ… မင်း ရွှယ့်ယီကို အနိုင်ယူတာ မထူးဆန်းတော့ပါဘူး…” ရှောင်ပိုင်ယီက အလျင်အမြန် ပြောလိုက်လေသည်။
ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလျက် “ရောင်းရင်းရှောင်ပိုင်… မင်းအခုသုံးလိုက်တာ မင်းရဲ့ ခွန်အား ခြောက်ဆယ်ရာခိုင်နှုန်းလား…အဲ့လိုဆိုရင်တော့ ငါ မင်းခွန်အား အကုန်လုံးကို သုံးဖို့အကြံပေးချင်တယ်… မဟုတ်ဘူးဆိုရင်တော့…”
“စိတ်မပူပါနဲ့… အခုမှ သုံးဆယ်ရာခိုင်နှုန်းပဲ ရှိသေးတယ်…” ရှောင်ပိုင်ယီက ပြန်ပြောလိုက်လေသည်။
“သုံးဆယ်ရာခိုင်နှုန်း…”ရန်ကိုင်က ရေရွတ်လိုက်ပြီးနောက် ခေါင်းညိတ်လျက် လေးစားသည့် လေသံဖြင့် “နေမင်းပြာကျောင်းတော်ရဲ့ လက်ရွေးစင်တစ်ယောက် ဆိုတဲ့အတိုင်းပဲ… ရောင်းရင်းရှောင်ပိုင်က ကျုပ်တွေ့ခဲ့ဖူးတဲ့ တာအိုသခင်အဆင့် ကျင့်ကြံသူတွေနဲ့ လုံးဝကို မတူတာပဲ…”
“မင်း အခု အရှုံးပေးလိုက်လို့လဲ နောက်မကျသေးဘူးနော်…” ရှောင်ပိုင်ယီသည် အသက်ကို ဖြည်းဖြည်းချင်းရှူသွင်းလျက် သူ့ဓါးအား နောက်တစ်ကြိမ် မြှောက်လိုက်လေ၏။
ဓါးထိပ်တွင် အလင်းတန်းများ စုဝေးလာပြီးသည့်နောက်တွင် ရန်ကိုင့်ရင်ဘတ် တည့်တည့်သို့ ထိုးချလိုက်လေသည်။ ရှောင်ပိုင်ယီ၏ ဓါးချက်နှင့်အတူ အနီးအနားတစ်ဝိုက်တွင် ရှိနေသော ရေခဲနိယာမစွမ်းအားတို့မှာလည်း အသက်ဝင်လာခဲ့လေ၏။
ထို့အတွက်ကြောင့် စင်မြင့်ကြမ်းပြင်သည် ရုတ်ချည်းဆိုသလို ရေခဲစများဖြင့် ဖုံးလွှမ်းသွားတော့လေသည်။ တစ်ချိန်တည်းတွင်လည်း အရိုးခိုက်မတတ် အေးစက်လှသော အအေးဓာတ်တို့သည်လည်း လေထုထဲသို့ ပျံ့နှံ့လာခဲ့လေ၏။
“ရေခဲနိယာမစွမ်းအားလား…” သူ့ခန္ဓာကိုယ်အား နှေးကွေးအောင် လုပ်လာသော စွမ်းအားကို ခံစားမိလိုက်သော် ရန်ကိုင်က မှတ်ချက်ပေးလိုက်လေ၏။
သူ့အနီးအနား ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာ ရုတ်ချည်းဆိုသလို အေးခဲသွားသဖြင့် ရန်ကိုင်သည်လည်း ထိုအချုပ်အနှောင်မှ လွတ်မြောက်စေရန် ဓာတ်ကြီးငါးပါး အကြွင်းမဲ့ ဓါးချီကို အသက်သွင်းရတော့လေသည်။
တစ်ချိန်တည်းတွင် အနန္တဓါးကို ဆင့်ခေါ်လိုက်လေ၏။ ဓါးချက်ကို ဝှေ့ယမ်းလိုက်ရင်းမှ ရန်ကိုင်က အော်ပြောလိုက်လေ၏။
“အနန္တဓါးချက်…”
ထောင်ပေါင်းများစွာသော ဓါးချီလှိုင်းတို့သည် ရေတံခွန်နှယ် ကောင်းကင်ပေါ်မှ ကျဆင်းလာပြီး ရှောင်ပိုင်ယီ၏ တိုက်ကွက်ကို တားဆီးသွားခဲ့လေသည်။
“ဒီဧကရာဇ်အဆင့် မှော်ရတနာပဲလား…” ရှောင်ပိုင်ယီသည် အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လျက် နောက်သို့ဆုတ်ရန်ပင် မကြိုးစားခဲ့ပဲ သူ့ဆီ တိုးဝင်လာနေသော တိုက်ကွက်အား ထိပ်တိုက် ရင်ဆိုင်တွေ့လိုက်လေသည်။
ရှောင်ပိုင်ယီ၏ ဓါးချက်ကြောင့် အနန္တဓါးမှ ထွက်ပေါ်လာသော ဓါးချီအလင်းတန်းတို့မှာ ပျက်စီးကုန်ပြီး နောက်ကွယ်တွင် ရှိနေသော ရန်ကိုင် ပေါ်လာခဲ့လေသည်။
ရှောင်ပိုင်ယီ၏ ပုံရိပ် ရုတ်တရက် ပြန်ပေါ်လာပြီးသည့်နောက် အရင်းအမြစ်ချီကို အရူးအမူးလှည့်ပတ်လျက် ရန်ကိုင့်တည့်တည့်အား သူ့ဓါးဖြင့် ခုတ်ချလိုက်လေသည်။
ရန်ကိုင်လည်း ညစ်ကျယ်ကျယ်ပြုံးလျက် ရှောင်ပိုင်ယီ၏ ဓါးချက်ကို သူ့ဓါးဖြင့် ခုခံလိုက်လေသည်။ “ကလန်…” ဟူသော မြည်သံနှင့်အတူ အလွန်ပြင်းထန်လှသည့် စွမ်းအင်လှိုင်းတို့ အဘက်ဘက်သို့ ဖြာထွက်လာခဲ့လေ၏။
ရှောင်ပိုင်ယီ၏ ပုံရိပ် တစ်ခဏတာမျှ တောင့်တောင့်ကြီး ဖြစ်သွားခဲ့လေသည်။ သို့သော်ငြား ဧကရာဇ်မှော်ရတနာ၏ ထိန်းချုပ်မှုအောက်မှ အလျင်အမြန် ပြန်ရုန်းထွက်ကာ နောက်သို့ ပြန်ဆုတ်လိုက်သည်။
ထိုသို့ ဆုတ်ပြီးသည့်နောက်တွင် ပြန်၍အော်ပြော လိုက်လေသည်။ “ဧကရာဇ် မှော်ရတနာက အားကောင်းတာ မှန်ပေမဲ့ မင်း အဲ့ မှော်ရတနာရဲ့ စွမ်းအားကို ဘယ်လောက်များများ ထုတ်သုံးနိုင်မှာမို့လို့လဲ… ရွှယ့်ယီ ရှုံးသွားတယ်ဆိုတာ သူမဆင်မခြင် လုပ်ခဲ့လို့ပဲ…”
ရန်ကိုင်ကမူ ယဲ့ယဲ့လေးပြုံးရင်း ရှောင်ပိုင်ယီ၏ တိုက်ခိုက်မှုများကို တားဆီးရင်းမှ ပြန်ပြောလိုက်လေသည်။ “ရောင်းရင်းရှောင်ပိုင်ကို ကြည့်ရတာ ဒီဓါးနဲ့ပတ်သက်ပြီး ထင်မြင်ချက်တွေ အများကြီးရှိတဲ့ ပုံပဲနော်…”
သူတို့နှစ်ဦးစလုံးမှာ စကားပြောနေကြသော်ငြား သူတို့၏ တိုက်ခိုက်မှုများမှာမူ ရပ်တန့်သွားခဲ့ခြင်း မရှိချေ။ သတ္တုချင်း ထိခတ်သံတို့မှာ စင်မြင့်ပေါ်တွင် တရစပ် ထွက်ပေါ်နေခဲ့လေ၏။
“ဟမ့်… မှော်ရတနာ အားကိုးပြီး တိုက်ခိုက်နေတာ ဘာအထင်ကြီးစရာ ရှိလို့လဲ…”
“ရောင်းရင်းရှောင်ပိုင်က အဲ့လိုပြောတယ်ဆိုမှတော့ ကျုပ်ကလည်း ဓါးကို ပြောင်းပေးရတော့တာပေါ့…” ရန်ကိုင်၏ စကားဆုံးသွားသည်နှင့် သူ့လက်ထဲရှိ အနန္တဓါးမှာ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့ပြီး တာအိုသခင် အလယ်အလတ်အဆင့် ဓါးတစ်ချောင်းက အစားထိုး ဝင်ရောက်လာခဲ့လေသည်။
ရှောင်ပိုင်ယီ မျက်မှောင်ကျုံ့သွားခဲ့ပြီးနောက် ရန်ကိုင်နှင့် ဆက်မတိုက်ခိုက်တော့ပဲ နောက်သို့ ဆုတ်၍ အေးစက်စက် လေသံဖြင့် ပြောလိုက်လေ၏။ “တိုက်ခိုက်နေရင်းနဲ့ ဓါးကို ပြောင်းလိုက်တယ်ဆိုတော့ မင်းပြောချင်နေတာက…”
“ဘာမှ မဟုတ်ပါဘူး…” ရန်ကိုင်က ခေါင်းခါလိုက်ရင်း ရှောင်ပိုင်ယီကို စိုက်ကြည့်၍ “ရောင်းရင်းရှောင်ပိုင်နဲ့ တိုက်ခိုက်ပြီးသွားလို့ ရောင်းရင်းရှောင်ပိုင် ရှုံးသွားတာ ဧကရာဇ်အဆင့် မှော်ရတနာကြောင့်လို့ အကြောင်းပြချက်ပေးတာ မလိုချင်လို့ပဲ…”
“မင်းငါ့ကို အထင်သေးနေတာလား…” ရန်ကိုင်၏ စကားကြောင့် ရှောင်ပိုင်ယီမှာ ဒေါသူပုန်ထ သွားခဲ့၏။ သူ၏ ဝတ်ရုံဟာလည်း လေမတိုက်ပဲဖြင့်ပင်လျှင် အလိုလို လွင့်ပျံ လာခဲ့လေသည်။
လေထဲသို့ တဖြည်းဖြည်း ဝဲတက်ပြီးနောက် အေးစက်စက် လေသံဖြင့် “မင်း အခုချက်ချင်း ပြန်ပြောင်းလိုက်မယ်ဆိုရင် ငါဘာမှ မပြောလိုက်ဘူးလို့ သဘောထားပေးမယ်… အဲ့လိုမှ မဟုတ်ဘူးဆိုရင်တော့ မင်းနောင်တရဖို့ နောက်ကျသွားလွန်း လိမ့်မယ်နော်”
ပြောပြီးသည့်နောက်တွင် သူ့ဓါးအား ကောင်းကင်ပေါ်သို့ ညွှန်ပြလိုက်လေ၏။ ရုတ်ချည်းဆိုသလို နှင်းမုန်တိုင်း တစ်ခုသည် သူ့ပတ်ပတ်လည်တွင် ပေါ်လာခဲ့လေသည်။ နှင်းမုန်တိုင်း၏ စွမ်းအားမှာ အချိန်နှင့်အမျှ ပိုပို၍ အားကောင်းလာခဲ့လေ၏။
နှင်းမုန်တိုင်းကို ဆင့်ခေါ်ပြီးသည့်နောက်တွင် ရှောင်ပိုင်ယီက လှမ်းအော်ပြောလိုက်လေသည်။ “ဒါ ငါ့ခွန်အားရဲ့ ခြောက်ဆယ် ရာခိုင်နှုန်းပဲ… မင်း ဒါကို မတားနိုင်ဘူးဆိုရင် ကျိန်းသေ သေလိမ့်မယ်… ဒါကြောင့် အချိန်ရှိတုန်းလေး အရှုံးပေးရင် အရှုံးပေးလိုက်တော့”
သတိပေးပြီးသည့်နောက်တွင် ချက်ချင်း လှမ်းအော်ပြောလိုက်လေ၏။ “မုန်တိုင်း ဖျက်ဆီးခြင်း တိုက်ကွက်…”
နှင်းမုန်တိုင်းကြီးသည် ရေခဲနဂါးတစ်ကောင် အဖြစ်သို့ ရုတ်ချည်း သိပ်သည်းသွားခဲ့ပြီး ရန်ကိုင် ရပ်နေရာဆီသို့ ရပ်တန့်မရသော အရှိန်အဟုန်ဖြင့် တိုးဝင်သွားခဲ့လေသည်။
ရန်ကိုင့်၏ ပေါ့ပေါ့ပါးပါး အမူအယာသည်လည်း နောက်ဆုံးတွင် လေးနက်တည်ကြည် လာခဲ့သည်။ ထိုရေခဲနဂါးထဲတွင် ကိန်းအောင်းနေသော အဖျက်စွမ်းအားကို ခံစားမိလိုက်သော် မနေနိုင်ပဲ မှတ်ချက်ပေးမိလိုက်လေသည်။
“နေမင်းပြာကျောင်းတော်ရဲ့ ဒုတိယအားအကောင်းဆုံး တပည့် ဆိုတဲ့ အတိုင်းပဲ… ရောင်းရင်းရှောင်ပိုင်က တကယ်ကို အဲ့ဂုဏ်သတင်းနဲ့ ထိုက်တန်တာပဲ… ဒါတောင် ရောင်းရင်းရှောင်ပိုင် ခွန်အားရဲ့ ခြောက်ဆယ်ရာခိုင်နှုန်းဆိုတော့ ခွန်အားအပြည့်သာ ဆိုရင် ပိုပြီး အံ့အားသင့်ဖို့ကောင်းမှာပဲ…”
ထိုကဲ့သို့ ချီးကျူးနေသော်ငြား ရန်ကိုင်ကမူ ဤအတိုင်း ရပ်မနေခဲ့ပေ။ သူ့ဓါးကိုမြှောက်လျက် ရေရွတ်လိုက်လေ၏။
“ဓါးတာအို သုံးထောင်… အလျင်မီးလျှံ ဓါးချက်”
ထိုသို့ ရေရွတ်ပြီးသည့်နောက်တွင် ရန်ကိုင်၏ ဓါးသည် ရုတ်ချည်း နီရဲတောက်လာခဲ့လေသည်။ ထို့နောက် ရှေ့တည့်တည့်သို့ ထိုးချလိုက်လေ၏။
ရန်ကိုင်၏ ဓားချက်နှင့်အတူ လျို့ယန်၏ မီးငှက်နှင့်ဆင်တူသော မီးငှက်တစ်ကောင် ထွက်ပေါ်လာပြီး စူးရှစွာ အော်မြည်လျက် ရေခဲနဂါးဆီသို့ လျင်မြန်စွာ တိုးဝင်သွားလေ၏။
“ဘုန်း… ဘုန်း… ဘုန်…”
မီးငှက်နှင့် အတွေ့တွင် ရေခဲနဂါးမှာ အငွေ့ပျံသွားခဲ့ပြီး မီးငှက်ကိုယ်တိုင်သည်လည်း ပျောက်ကွယ်သွားခဲ့လေ၏။
ရှောင်ပိုင်ယီမှာလည်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရလေသည်။ ထို့နောက် လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။ “ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…”
ရန်ကိုင့်အား လေးနက်တည်ကြည်သည့် အမူအယာဖြင့် စိုက်ကြည့်ရင်း မေးလိုက်လေသည်။ “မင်းနဲ့ ကောင်းကင်တိုက်ပွဲဒိုဂျိုက စီနီယာချန်ဝမ်ဟောင်နဲ့ ဘယ်လိုပတ်သက်တာလဲ…”
နေမင်းပြာကျောင်းတော်၏ လက်ရွေးစင်တပည့်တစ်ဦး ဖြစ်သည့်အလျောက် ချန်ဝမ်ဟောင်ကို ရှောင်ပိုင်ယီ သိပေသည်။ ဓါးသုံးထောင်တာအိုသည် ချန်ဝမ်ဟောင်ကိုယ်တိုင် ဖန်တီးထားသည့် ဓါးပညာရပ်တစ်ခု ဖြစ်သည်။
သို့သော်ငြား ထိုဓါးပညာရပ်ကို ရန်ကိုင်မှ ထုတ်သုံးပြနေခဲ့သည်။ ရန်ကိုင် သုံးသွားသည့် နည်းလမ်းမှာ ချန်ဝမ်ဟောင်သုံးသည့်နည်းလမ်းနှင့် အနည်းငယ် ကွာခြားသော်ငြား စွမ်းအားမှာတော့ မေးခွန်းထုတ်စရာ မလိုပေ။
“ဘာမှ မပတ်သက်ပါဘူး…” ရန်ကိုင်က သူ့လက်ထဲရှိ ဓါးကို လက်ဖြင့်တောက်ရင်း ပြန်ပြောလိုက်လေ၏။ “သူနဲ့ တစ်ကြိမ် တိုက်ခိုက်ဖူးတယ်လေ… အဲ့တုန်းက သူ ဒီပညာရပ်ကို ထုတ်သုံးသွားတာတွေ့ပြီး သူသုံးသွားတဲ့အတိုင်း ပြန်အသုံးချကြည့်လိုက်တာ…”
ရန်ကိုင်သည် အမှန်ကို ပြောနေခြင်းပင် သူ့အား နတ်ဆိုးစိတ်ဝိဉာဉ်မှ ဝင်ပူးသွားစဉ်က ရန်ကိုင်သည် ချန်ဝမ်ဟောင်နှင့် တိုက်ခိုက်ခဲ့လေသည်။
တကယ်ဆိုလျှင် ချန်ဝမ်ဟောင် တစ်ဦးတည်းနှင့်သာ မဟုတ်ဘဲ ကောင်းရွှယ်ထင်းနှင့် ကုန်းမင်တို့ဖြင့်လည်း တိုက်ခိုက်ခဲ့သေး၏။
ထိုဧကရာဇ်သုံးဦးလုံးသည် သူတို့၏ အကောင်းဆုံးသော ပညာရပ်များကို ထုတ်၍ တိုက်ခိုက်ခဲ့သည်။ သူတို့၏ တိုက်ကွက်များသည် ရန်ကိုင့်စိတ်ထဲ မျက်ဝါးထင်ထင် ထွက်ပေါ်နေဆဲ။ ထိုတိုက်ကွက်များကို ပြန်မြင်ယောင်ကြည့်ရင်းမှ ထိုတိုက်ကွက်များနှင့် ပတ်သက်၍ နားလည်မှုအချို့ကိုလည်း ရရှိလိုက်လေသည်။
သို့သော်ငြား သူတို့နှစ်ဦး၏ ထိုးထွင်းနားလည်မှု ကွာခြားခြင်းကြောင့် ရန်ကိုင်ထုတ်သုံးသွားသည့် ဓါးတာအိုသုံးထောင်သည် ချန်ဝမ်ဟောင် သုံးသွားသည့် ပညာရပ်နှင့် လုံးဝကို ကွာခြားနေတော့သည်။
ဤတိုက်ကွက်ကို ထုတ်သုံးရန်အတွက် ရန်ကိုင်သည် ဓါတ်ကြီးငါးပါး အကြွင်းမဲ့ဓါးချီမှ ဓါးချီနှင့်တကွ လျို့ယန်၏ ပုံစံကို အုတ်မြစ်အဖြစ် အသုံးချခဲ့သည်။
ချန်ဝမ်ဟောင်သုံးသွားသည့် ဓါးတာအိုသုံးထောင်မှာမူ ဤတိုက်ကွက်ကို ထုတ်သုံးနိုင်ရန်အတွက် ကိုးကားချက်တစ်ခု အဖြစ်သာ တည်ရှိခဲ့ပေသည်။
ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး၏ ဓါးပညာရပ်ကို နားလည်နိုင်ရန် မည်သို့များ လွယ်ကူပါမည်နည်း။ အခြားသော ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးသည်သာ ဤဓါးပညာရပ်ကို ဖြည်းဖြည်းချင်း နားလည်ရင်းမှ ထုတ်သုံးလာနိုင်ပေလိမ့်မည်။
သို့သော် ဤမျှလောက်ဖြင့်ပင်လျှင် လက်ရှိအခြေအနေကို ဖြေရှင်းရန်အတွက် လုံလောက်ပေသည်။
ရှောင်ပိုင်ယီသည် ဓါးတာအိုသုံးထောင်ကို ကြားသာ ကြားဖူးပြီး တစ်ခါမှ ကိုယ်တိုင် မမြင်တွေ့ခဲ့ရပေ။ ထိုသို့ ဖြစ်လေရာ ရန်ကိုင်ထုတ်သုံးသွားသည့် ပညာရပ်သည် တကယ်အစစ် ဟုတ်မဟုတ် သူမည်သို့များ ခွဲခြားနိုင်ပါမည်နည်း။
“တော်လောက်ပြီ…” ရှောင်ပိုင်ယီက ဒေါသတကြီး ထအော်လေသည်။ “မင်း ကြွားမယ်ဆိုရင်လည်း ကြွား… ဒီလောက်ထိ အရှက်မရှိလောက်အောင်တော့ မကြွားနဲ့… မင်းပြောတာကို ဘယ်သူယုံမှာလဲ… မင်းနဲ့ စီနီယာချန် ဘယ်လိုပဲ ပတ်သက်ပတ်သက် ဒီနေ့ မင်းကို ဘယ်လိုမှ ကယ်နိုင်မှာမဟုတ်ဘူး”
ပြောပြီးသည့်နောက်တွင် ရှောင်ပိုင်ယီ၏ အရှိန်အဝါမှာ ရုတ်ချည်း မြင့်တက်လာခဲ့သည်။ သူ့ခွန်အား ခြောက်ဆယ်ရာခိုင်နှုန်းဖြင့် ရန်ကိုင့်အား အနိုင်မယူနိုင်မှန်း သိလိုက်သော် ခွန်အားအပြည့်ကို ထုတ်သုံးရန် ကြိုးစားတော့လေသည်။
“ရွှစ် ရွှစ် ရွှစ်…”
ရှောင်ပိုင်ယီ၏ ခန္ဓာကိုယ်ဆီမှ လျှပ်ပန်းလျှပ်နွယ်တို့ ဖြာထွက်လာခဲ့လေ၏။ မကြာမီတွင် တိုက်ပွဲကွင်းပြင် စင်မြင့်တစ်ခုလုံးသည် ကြောက်မက်ဖွယ်ရာ မိုးကြိုးမုန်တိုင်း တစ်ခုအဖြစ်သို့ ပြောင်းလဲ သွားတော့လေသည်။
“ရေခဲနိယာမစွမ်းအားကို နားလည်ပြီးတာတောင် မိုးကြိုးကျင့်စဉ်ကို သုံးနိုင်သေးတာလား…” ရန်ကိုင် အလွန်ကိုမှ အံ့အားသင့်သွားတော့သည်။ “ရောင်းရင်းရှောင်ပိုင်က တကယ်ကို ပါရမီပါတာပဲ… ကြည့်ရတာ အနှေးနဲ့အမြန်ဆိုသလို ရောင်းရင်းရှောင်ပိုင်က ကြယ်တာယာအစုအဝေးရဲ့ အရှင်သခင်တစ်ဦး ဖြစ်လာတော့မဲ့ပုံပဲ…”
“လာဖားယားနေလို့ အပိုပဲ… ရှောင်ပိုင် ရှောင်ပိုင်… အဲ့နာမည်ကြီးကို ခေါ်ရတာ အဲ့လောက်တောင် ပျော်နေတာလား…မြေဓါး… မိုးကြိုးကြွေဆင်းခြင်း”
ရှောင်ပိုင်ယီ၏ ဓါးထိပ်တွင် လျှပ်ပန်းလျှပ်နွယ်တို့ စုဝေးလာပြီးသည့်နောက် သူ့ဓါးအား ခုတ်ချလိုက်လေသည်။ အလွန်ကိုမှ အားကောင်းလှသော လျှပ်စီးဓားချက်တို့သည် ရန်ကိုင်ရပ်နေရာဆီသို့ တိုးဝင်သွားလေ၏။
ရန်ကိုင် ရင်တုန်သွားခဲ့ပြီး ချက်ချင်းပဲ ပြန်အော်ပြောလိုက်သည်။ “အဲ့လိုကိုး… အဲ့လိုခေါ်လို့ ရောင်းရင်းရှောင်ပိုင်က ဒီလောက်တောင် ဒေါသထွက်နေတာလား…”
သူ့စကားဆုံးသွားသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်ရှိနေသည့် နေရာတစ်ခုလုံးအား လျှပ်ပန်းလျှပ်နွယ်များမှာ လွှမ်းခြုံသွားခဲ့လေသည်။
ရှောင်ပိုင်ယီသည် မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း မျက်မှောင်ကျုံ့လျက် အောက်ကို စိုက်ကြည့်ကာ အော်ပြောလိုက်လေ၏။ “မှတ်ထား… ငါ့နာမည်က ရှောင်ပိုင်ယီပဲ…”
“ကျုပ်ထင်တာက ရောင်းရင်းရှောင်ပိုင်ကို ရောင်းရင်းရှောင်ပိုင်လို့ ခေါ်တာက ပိုပြီးတော့ အဆင်ပြေမယ်ထင်လို့… ရောင်းရင်းရှောင် ဘာဖြစ်လို့ ဒီလောက်တောင် ဒေါသထွက်ရတာလဲ…ဒီလောက်ကြီးထိတော့ ဒေါသထွက်စရာ မလိုဘူးမလား…” အောက်ဘက်ဆီမှ ရန်ကိုင်၏ အသံ ထွက်ပေါ်လာခဲ့လေသည်။
သူ့အောက်ဘက်ရှိ အခြေအနေကိုကြည့်ရင်း ရှောင်ပိုင်ယီ မျက်လုံးပြူးသွားခဲ့သည်။
လက်ရှိရန်ကိုင်၏ အသွင်အပြင်မှာ လုံးဝကို ပြောင်းလဲနေတော့လေသည်။ လျှပ်စီးပင်လယ်ထဲ ရှိနေသော ရန်ကိုင့်တစ်ကိုယ်လုံးအား ငါးရောင်ခြယ်အလင်းတို့မှ ဖုံးအုပ်ထားခဲ့ပြီး သူ၏ လက်မောင်းနှစ်ဖက်မှာလည်း ရွှေရောင်အကြေးခွံများဖြင့် ဖုံးလွှမ်းနေသော နဂါးလက်သည်းများအဖြစ်သို့ ပြောင်းလဲနေခဲ့လေ၏။
ထိုမျှသာလျှင် မဟုတ်သေးပဲ အဝတ်အစားဖြင့် လွှမ်းခြုံထားခြင်း မရှိသော သူ့ခန္ဓာကိုယ် အစိတ်အပိုင်းများပေါ်တွင်ပင်လျှင် ခြောက်ခြားဖွယ်ရာ အရှိန်အဝါကို ထုတ်လွှတ်နေသည့် ရွှေရောင်အကြေးခွံများ ရှိနေခဲ့လေသည်။